ဒုစရိုက်သမားကို အပြစ်ပေးခြင်း
Vol. 166 Ch. 2479
မြေပြင်အထက် လေထဲမှာ ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ အခြားတစ်ဖက်မှာ အခြေအနေ၏ ဆင့်ကဲပြောင်းလဲမှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်လာခဲ့ပြီဖြစ်သည်။
ရှောင်လီက အနည်းငယ် သွားဖြဲကာ ပြောလိုက်၏။
“ဆူဇီမိုမှာ အစွမ်းအစတချို့ရှိတာပဲ… သူက အရိပ်မဲ့ဓားချက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်ဆိုတော့..”
ရှောင်လီပင်လျှင် အရိပ်မဲ့ဓားနှင့် ရင်ဆိုင်ရချိန်မှာ ရှင်သန်နိုင်မည်ဟု ယုံကြည်မှုရှိလိမ့်မည် မဟုတ်ပေ။
ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“အဲဒါက ကြက်ကန်းဆန်အိုးတိုးတာပါ… ကြွယ်ဝူယင်းက သူ့ကို အထင်သေးခဲ့မိတာဖြစ်ရမယ်… သူသာ သူ့ရဲ့ခွန်အားအပြည့်အဝနဲ့ တိုက်ခိုက်မယ်ဆိုရင် အဲဒီကောင်လေးက ဘယ်လိုလုပ်ရှင်သန်နိုင်ပါ့မလဲ”
“အဲ့လို… အဲ့လိုပဲဖြစ်မှာပါ”
ရှောင်လီက အလောတကြီး ထောက်ခံလိုက်၏။
တကယ်တော့ ကြွယ်ဝူယင်းလို ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူ၏ ပြိုင်ဘက်က ဘယ်လောက်ပင် အားနည်းသည်ဖြစ်စေ သို့မဟုတ် ဘယ်လောက်ပင် သာမန်သည်ဖြစ်စေ… သူက သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ပေလိမ့်မည်။
ကြွယ်ဝူယင်းသည် သူ၏ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်ခဲ့ရုံသာမက သူသည် ကြီးမားသော ပျက်စီးထိခိုက်မှုနှင့်ပင် ကြုံတွေ့ခဲ့ရသည်ကို ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ရှောင်လီက မသိကြပေ။
ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ကြွယ်ဝူယင်းသည် ဘဝသက်တမ်း နှစ်ခြောက်သောင်းကို ဆုံးရှုံးခဲ့ရ၏။
ထိုအချိန်တုန်းက ဆူဇီမိုနှင့် ကြွယ်ဝူယင်းသာ အဲဒါကို အာရုံခံမိခဲ့ကြ၏။
ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ ပကတိအင်မော်တယ်များသည် ဤအကြောင်းကို သိရှိမည်ဆိုလျှင် ဆူဇီမို၏ အဆင့်သတ်မှတ်ချက်က ပို၍ပင် မြင့်တက်သွားပေလိမ့်မည်။ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်နိုင်ပေလိမ့်မည်။
“စီနီယာအစ်ကို… ဟိုမှာကြည့်ဦး… အတွင်းဂိုဏ်းစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက် ရောက်လာပြီ”
ရှောင်လီ၏ အမူအရာက ပြောင်းလဲသွားပြီး သူက အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
“ယန်လောရှုလည်း ရောက်လာပြီ”
“လာလေ… ငါတို့လည်း သွားကြည့်ကြတာပေါ့”
ယွဲ့ဟွားက အေးဆေးတည်ငြိမ်စွာဖြင့် ရှေ့ကို လျှောက်လှမ်းသွား၏။
“ဘာတွေဖြစ်နေကြတာလဲ”
အတွင်းဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ အကြီးအကဲချန်က ဆင်းသက်ရောက်ရှိလာပြီး တွေ့ရသောမြင်ကွင်းမှာ သူ့၏ အမူအရာက သုန်မှုန်တည်တံ့သွား၏။
မင်းကျာနှင့် ကောယွမ်သည် အကြီးအကဲချန် ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူတို့က ရှေ့သို့ အလောတကြီးတက်ပြီး ဖြစ်စဉ်တစ်လျှောက်လုံးကို တစ်ခုပြီးတစ်ခု ပြန်ပြောပြလိုက်၏။
“ဆူဇီမို… သူ့ကို မြန်မြန်လွှတ်ပေးလိုက်”
အကြီးအကဲချန်က တင်းမာစွာ ပြောလိုက်၏။
“တက္ကသိုလ်မှာ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်တာကို ခွင့်မပြုထားဘူး… မင်းက ဖန့်ချင်းယွင်ကို တိုက်ခိုက်ပြီးတော့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီးသွားပြီ… နောက်ပြီး မင်းက ရက်စက်ကြမ်းတမ်းပြီးတော့ သူ့ကို ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရအောင် လုပ်ထားတယ်.. မြန်မြန်ဒူးထောက်ပြီး မင်းရဲ့ပြစ်မှုတွေကို ဝန်ခံလိုက်”
တက္ကသိုလ်မှ တခြားသော တပည့်ဂိုဏ်းသားများက နှုတ်ဆိတ်နေကြ၏။
အရင်စတင်တိုက်ခိုက်ခဲ့သူက တကယ်ပင် ဆူဇီမိုဖြစ်သည်ဆိုတာကို လူတိုင်းက သိရှိထားကြ၏။ အဲဒါက ငြင်းဆန်၍ မရနိုင်ပေ။
ဆူဇီမိုသည် ဂိုဏ်းစည်းမျဉ်းစည်းကမ်းအရ အပြစ်ပေးခံရမည်ဆိုလျှင် သူက သူ၏ ကျင့်ကြံမှုကို သေချာပေါက် ဆုံးရှုံးရပေတော့မည်။
မင်းသမီးသက်တံနီနှင့် လျှိုဖျင်က စိုးရိမ်ကြောင့်ကြနေသော်လည်း သူတို့က ဖြေရှင်းစရာနည်းလမ်းတစ်ခုခုကို မရှာနိုင်ကြပေ။
ဆူဇီမိုတစ်ယောက်တည်းကသာ တည်ငြိမ်သော အမူအရာရှိနေ၏။ သူက စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူက ဖန့်ချင်းယွင်ကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘဲ မှင်သေသေဖြင့်ပြောလိုက်၏။
“အကြီးအကဲချန်… ခင်ဗျားရောက်လာတာ အချိန်မှန်ပဲ… ကျုပ်က ဂိုဏ်းသားအချင်းချင်း ထိခိုက်အောင်လုပ်နေတာ မဟုတ်ဘူး။ ကျုပ်က တက္ကသိုလ်အတွက် မကောင်းမှုဒုစရိုက်ကောင်ကို အပြစ်ပေးနေတာပဲ”
“အဓိပ္ပာယ်မရှိတာ”
မင်းကျာက အော်ဟစ်ပြောဆိုလိုက်၏။
“လူတိုင်းက စောင့်ကြည့်နေကြတာ… အဲဒါကို ဂိုဏ်းသားရောင်းရင်းတွေ အကုန်လုံးက တွေ့မြင်ခဲ့ရတယ်… နောက်ပြီး အကြီးအကဲချန်က ဒီကိုရောက်လာပြီ… သူကလည်း အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရတာပဲ… မင်းက ဘယ်လိုတောင် လီဆယ်ပြောရဲတာလဲ”
“ဆူဇီမို… မင်းက စီနီယာအကိုဖန့်ကို ချောင်းမြောင်းတိုက်ခိုက်ပြီး ထိခိုက်စေခဲ့ရုံတင်မကဘူး… မင်းက သူ့ကို ဒုစရိုက်သမားဆိုပြီး စော်ကားပုတ်ခတ်ပြောဆိုနေသေးတယ်”
ကောယွမ်ကလည်း လှောင်ရယ်ကာ ပြောလိုက်၏။
“မင်းက တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့သူပဲ… မင်းက သူ့ကို သတ်ဖို့ကြိုးစားရုံတင်မကဘူး.. သူ့ကိုပါ မတရားအမှုဆင်ဖို့ ကြိုးစားနေသေးတယ်”
“အရင်ဆုံးတိုက်ခိုက်ခဲ့တဲ့သူက စီနီယာအကိုဆူဆိုတာ တကယ်ပါပဲ”
“ဒါပေမဲ့ စီနီယာအကိုဖန့်က တာအိုကလေးငယ်ကို ပြဿနာရှာခဲ့လို့ ဖြစ်လာတာပဲ… စီနီယာအစ်ကိုဆူက အမျက်ဒေါသနဲ့ သူ့စိတ်ကိုသူ မထိန်းနိုင်ခဲ့ဘူး”
“အဲ့တော့ ဘာဖြစ်လဲ… ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး စီနီယာအကိုဖန့်ကို အရင်ဆုံးတိုက်ခိုက်ခဲ့တဲ့သူက စီနီယာအစ်ကိုဆူပဲ”
လူအုပ်ကြားထဲမှာ ကျင့်ကြံသူများစွာက တစ်ယောက်တစ်ပေါက်ပြောဆိုလာကြ၏။
အကြီးအကဲချန်က ခဏမျှနားထောင်ပြီးနောက် နားလည်သဘောပေါက်သွား၏။ တည်တံ့သော အမူအရာဖြင့် သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆူဇီမို… မင်း သူ့ကို လွှတ်မပေးဘူးဆိုရင် မင်းကို ငါကိုယ်တိုင် ဖိနှိမ်ရတဲ့အတွက် အပြစ်မတင်နဲ့”
အတွင်းဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ၏ ကျင့်ကြံမှုက ပကတိဧကနယ်ပယ်မှာ ရှိလေသည်။
ဆူဇီမိုသည် ပကတိအင်မော်တယ်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။
အကြီးအကဲချန်သည် ဂိုဏ်းချုပ်၏ အမည်ခံတပည့်ဟူသော ဆူဇီမို၏ အဆင့်အတန်းကို စိုးရိမ်ပူပန်နေခြင်းကြောင့် မဟုတ်လျှင် သူက တိုက်ခိုက်ပြီးနေလောက်လေပြီ။
“အကြီးအကဲချန်… ဂျူနီယာညီဆူပြောတာ မှန်တယ်”
ထိုစဉ်မှာပင် ယန်လောရှုက လျှောက်လှမ်းလာခဲ့၏။
“ဖန့်ချင်းယွင်ကို ဒုစရိုက်သမားလို့ပြောတာ အပိုလုပ်ပြောနေတာ မဟုတ်ဘူး… ဂျူနီယာညီဆူရဲ့ ဒီတစ်ခေါက်တိုက်ခိုက်မှုက ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို ပြင်းပြင်းထန်ထန်ချိုးဖောက်တယ်လို့ မဆိုနိုင်ဘူး”
အမွေခံတပည့်တစ်ယောက် ပေါ်ထွက်လာပြီလား။
အကြီးအကဲချန်က မျက်မှောင်ကြုတ်လိုက်၏။
ဤကိစ္စသည် သူဖြေရှင်းနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပုံရ၏။
သို့သော်လည်း သူက လေးနက်သောအသံဖြင့် မေးလိုက်ဆဲဖြစ်၏။
“ယန်လောရှု… မင်းစကားက ဘာအဓိပ္ပာယ်လဲ”
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ကျုပ်က အပြင်ဘက်မှာ ခရီးသွားခဲ့တယ်… ဒါပေမဲ့ ကျုပ်က ဒဏ်ရာအပြင်းအထန်ရပြီး သေလုမတတ်ဖြစ်ခဲ့ရတယ်… အဲဒီအကြောင်းကို အားလုံးပဲ သိကြမယ်ထင်တယ်”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်တုန်းက ယန်လောရှုသည် ထိုကပ်ဘေးကနေ ရှင်သန်နိုင်တော့မည်မဟုတ်ဟုပင် လူတိုင်းက တွေးထင်ခဲ့ကြ၏။ မထင်မှတ်ထားစွာပင် ဆူဇီမိုသည် အသောကသစ်သီးကို တစ်နေရာကနေ ရှာတွေ့လာခဲ့၏။ ယန်လောရှုသည် ကံကြမ္မာဆိုးကြားကနေ အကျိုးအမြတ်ကို ရရှိပြီး ပကတိဧကနယ်ပယ်သို့ပင် ချိုးဖျက်တက်လှမ်းနိုင်ခဲ့လေသည်။
ထိုစကားကို ကြားသောအခါ ဖန့်ချင်းယွင်၏ တစ်ဖက်တည်းကျန်သောမျက်လုံးက ထိတ်ထိတ်ပျာပျာဖြစ်လာခဲ့လေပြီ။
ယန်လောရှုက ပြောလိုက်၏။
“အဲဒီအချိန်တုန်းက ဖန်းကလန်က ဖန်းယီရယ်… မင်းသားယွမ်ကျောနဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက အာဏာပါးကွက်သားအစောင့်တပ်သားတွေရယ်… အင်မော်တယ်ပျံဂိုဏ်းက ကောင်းကင်အင်မော်တယ်ကွေ့ယွမ်ရယ်… ယန်ယန်းအင်မော်တယ်နိုင်ငံက ရှဲ့ထျန်ဖုန်ရယ်နဲ့ သူတို့ရဲ့အဖွဲ့အစည်းလေးခုက တခြားပညာရှင်တွေအများကြီးက ကျုပ်ကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်”
“ကျုပ်ရဲ့တည်နေရာကို သတင်းပေးပြီး နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့သူက ဖန့်ချင်းယွင်ပဲ”
သူ၏ စကားလုံးများက လူအုပ်ကြားထဲမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေ၏။
ယန်လောရှုပြောသည့်အရာက အမှန်ဆိုလျှင် ဖန့်ချင်းယွင်ကို ဒုစရိုက်သမားဟု ပြောသည်မှာ ပေါ့လျော့ရာပင် ကျနေပေလိမ့်မည်။
ဂိုဏ်းသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း…။
အဲဒါသည် တက္ကသိုလ်မှာ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်ခြင်းထက် အဆများစွာ ပိုမိုဆိုးဝါးပြီး သေသည့်တိုင်အောင် အပြစ်ပေးခံရမည့် ပြစ်မှုတစ်ခုဖြစ်လေသည်။
“ဟဲဟဲ”
ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာ၏။
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ရှောင်လီက ရောက်ရှိလာခဲ့ပြီဖြစ်၏။
နောက်ထပ်အမွေခံနှစ်ယောက်က ပေါ်ထွက်လာကြလေပြီ။
အကြီးအကဲချန်က စတင်၍ ခေါင်းကိုက်လာပြီဖြစ်၏။
သူသည် အတွင်းဂိုဏ်းစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်ဖြစ်ပြီး အတွင်းဂိုဏ်းတပည့်များထက်သာ သာလွန်လေ၏။ သူ့မှာ အမွေခံတပည့်များကို ထိန်းချုပ်နိုင်သော အခွင့်အာဏာမရှိပေ။
ရှောင်လီက အသံမြှင့်၍ ပြောလိုက်၏။
“ဂျူနီယာညီယန်က ဘာသက်သေအထောက်အထားမှ မရှိဘဲ ပေါက်တတ်ကရ လျှောက်ပြောနေတာပဲ… ဂိုဏ်းသားအချင်းချင်း အခုလိုမျိုး စွပ်စွဲပုတ်ခတ်ပြောဆိုတာကတော့ ကလေးဆန်ရာကျလွန်းမနေဘူးလား”
“မင်းပြောပုံအရဆိုရင် မင်းက အဖွဲ့အစည်းလေးခုရဲ့ ပူးပေါင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်… ဖန့်ချင်းယွင်က အဲဒီကိစ္စကို နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုရင် သူက မင်းကို ဘာလို့အသက်ရှင်လျက် ပြန်လွှတ်ပေးမှာလဲ”
ယန်လောရှုက ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ ဖန့်ချင်းယွင်ရဲ့ အစစ်အမှန်ရည်ရွယ်ချက်က ဂျူနီယာညီဆူကို ကိုင်တွယ်ချင်တာမို့လို့ပဲ… ဂျူနီယာညီဆူက ဂိုဏ်းချုပ်ရဲ့အမည်ခံတပည့်ပဲ… ဂျူနီယာညီဆူက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကနေ ထွက်ခွာပြီးမှပဲ သူတို့က သူ့ကို တိုက်ခိုက်ရဲမှာမို့လို့ပဲ”
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားအများစုသည် တုန်လှုပ်သွားပြီး အသည်းသန်ဆွေးနွေးပြောဆိုလာကြ၏။ သူတို့သည် အချိန်တိုအတွင်းမှာ ဤမျှအထိ တုန်လှုပ်စရာကောင်းသော သတင်းကို လက်မခံနိုင်ကြသေးပေ။
လူအုပ်ကြားထဲမှာ ယန်ပင်းယင်တစ်ယောက်တည်းကသာ ထိုစကားလုံးများမှာ အံ့အားသင့်သွားခြင်းမရှိဘဲ သူမ၏ ခေါင်းကို ငုံ့ထား၏။
ဖန့်ချင်းယွင်က သူ၏ အကြံအစည်ကို ထုတ်ဖော်ပြောဆိုခဲ့စဉ် သူက အတော်လေး အူမြူးအားရနေခဲ့၏။ ထိုအချိန်တုန်းက သူမနှင့် ထန်ပန်က အနားမှာ ရှိနေခဲ့၏။
သို့သော်လည်း ထန်ပန်က ယခုအချိန်မှာ သေဆုံးသွားပြီဖြစ်၏။
ဖြောင်း… ဖြောင်း… ဖြောင်း…
ဓားအင်မော်တယ်ယွဲ့ဟွားက လက်ခုပ်တီးကာ ပြောလိုက်၏။
“ဂျူနီယာညီယန်… မင်းက ဒီဇာတ်လမ်းကို ကောင်းကောင်းဖန်တီးထားတာပဲ… မင်း အတော်လေးကြိုးစားအားထုတ်ခဲ့ရမှာပဲ ဟုတ်တယ်မလား”
ယန်လောရှုက ဓားအင်မော်တယ်ယွဲ့ဟွားကို အကြောက်အလန့်ကင်းမဲ့စွာကြည့်ပြီး ပြောလိုက်၏။
“ကျုပ်က ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီး လိမ်ညာမှာ မဟုတ်ဘူး”
တကယ်တမ်းမှာ ထိုစကားကို တခြားတစ်ယောက်ယောက် ပြောမည်ဆိုလျှင် တက္ကသိုလ်မှ လူတိုင်းက သံသယဝင်ကြပေလိမ့်မည်။
သို့သော်လည်း ထိုစကားကို ပြောသည့်သူက ယန်လောရှုဖြစ်နေသည့်အခါ တက္ကသိုလ်မှ လူအများစုက အဲဒါကို ယုံကြည်ကြလေသည်။
ယန်လောရှုက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားသည်ဆိုတာ လူတိုင်းသိရှိထား၏။ သူက ဤကိစ္စနှင့်ပတ်သက်၍ လိမ်ညာပြောဆိုမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုက ပျက်စီးသွားပေလိမ့်မည်။
“တကယ်… တကယ်တော့…”
ထိုစဉ်မှာပင် လူအုပ်ကြားထဲကနေ အားအင်ချိနဲ့သော အသံတစ်သံက ထွက်ပေါ်လာ၏။
“စီနီယာအကိုယန် ပြောတာတွေက အမှန်ပါပဲ”
ထိုအသံက အားနည်းနေသော်လည်း အဲဒါက အကြည့်များစွာကို ဆွဲဆောင်သွား၏။
ထိုစကားကို ပြောလိုက်သောလူက ယန်ပင်းယင်ဖြစ်လေသည်။
ထိုစကားကို ပြောလိုက်စဉ် သူမ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေ၏။
သူမသည် ကြီးမားသည့် ဖိအားအောက်မှာ ကျရောက်နေပြီး အဲဒါကို ပြောဖို့အတွက် သတ္တိများစွာကို ဖျစ်ညှစ်ထုတ်ခဲ့ရပေမည်။
ယန်ပင်းယင်သည် တစ်ခါက ဖန့်ချင်းယွင်နောက်သို့ လိုက်ပါခဲ့ဖူးသည်ကို ကျင့်ကြံသူများစွာက သိရှိထား၏။
သူမ၏ စကားလုံးများက အတော်လေး တာသွားလေသည်။
ဖန့်ချင်းယွင်က ဤကဲ့သို့သောကိစ္စများကို တကယ်ပြုလုပ်ခဲ့သည်ဆိုလျှင် ဆူဇီမိုသည် သူ့ကိုတိုက်ခိုက်ခြင်းဖြင့် ဂိုဏ်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရာမကျရုံသာမက သူသည် ဤကြောင်သူတော်ကို ချေမှုန်းသုတ်သင်ပေးခြင်းဖြင့် တက္ကသိုလ်အတွက် ကြီးမားစွာ အကျိုးဆောင်ရာပင် ရောက်ပေလိမ့်မည်။