← Chapters

ချင်းယွင်၏ သေဆုံးမှု

Vol. 166 Ch. 2480

ချင်းယွင်၏ သေဆုံးမှု

Vol. 166 Ch. 2480

“ဂျူနီယာညီမယန်”

ဖန့်ချင်းယွင်က ယန်ပင်းယင်၏ အသံကို ကြားသောအခါ သူ၏ တစ်ဖက်တည်းသောမျက်လုံးက ထိတ်ထိတ်ပျာပျာဖြစ်လာပြီး အံကိုကြိတ်ကာ ပြောလိုက်၏။

“နင်..နင်ဘာစကားပြောလိုက်တာလဲ”

ယန်ပင်းယင်၏ နှုတ်ခမ်းက တုန်ယင်နေပြီး သူမက ညင်သာစွာ ပြောလိုက်၏။

“စီနီယာအစ်ကိုဖန့်... ကိစ္စတွေက ဒီအ​​ခြေအနေထိ ရောက်လာပြီဆိုမှတော့...”

“ခွေးမ.. နင့်ပါးစပ်ကိုပိတ်ထား”

သူက ကြီးမားသော ရိုက်ချက်တစ်ခုနှင့်ကြုံတွေ့လိုက်ရသည့်အလား ဖန့်ချင်းယွင်က တစောက်ကန်းတစ်ယောက်လို အော်ဟစ်ဆဲဆိုလိုက်၏။

ဆူဇီမိုက အကြီးအကဲချန်နှင့် ဘေးပတ်လည်မှာ တပည့်ဂိုဏ်းသားများကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ခင်ဗျားတို့တွေက သက်သေအထောက်အထားလိုချင်နေတယ်ဆိုမှတော့... ကျုပ်ကအခုပဲ ခင်ဗျားတို့ကို ပေးရတာပေါ့”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ဖန့်ချင်းယွင်၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးလိုက်၏။

လူတိုင်းမတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက ဖန့်ချင်ယွင်အပေါ် ဝိညာဥ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်အသုံးပြုလိုက်၏။

တစ်ချိန်တည်းမှာပင် သူက ဓမ္မတာအိုတစ်ခုကိုထုတ်ဖော်ပြီး လက်ရှိလူတိုင်းတွေ့မြင်စေရန် ဖန့်ချင်းယွင်၏ မှတ်ဉာဏ်များကို ပြသလိုက်၏။

“ဆူဇီမို... မင်း...”

အကြီးအကဲချန်က ထိုသည်ကို တွေ့မြင်သောအခါ သူက တုန်လှုပ်သွားသော်လည်း သူ့အနေဖြင့် ဝင်ရောက်တားဆီးဖို့ နောက်ကျသွားခဲ့ပြီဖြစ်၏။

သူက ယခုအချိန်မှာ တိုက်ခိုက်ပြီး ဆူဇီမိုကို တားဆီးမည်ဆိုလျှင်တောင် ဖန့်ချင်းယွင်၏ အမြုတေစိတ်ဝိညာဥ်ကို ပြန်လည်အဖတ်ဆယ်နိုင်တော့မည်မဟုတ်ပေ။

အခြားသောကျင့်ကြံသူများကလည်း တုန်လှုပ်သွားကြ၏။ ဆူဇီမိုသည် ဤမျှအထိရက်စက်ပြတ်သားပြီး ဖန့်ချင်းယွင်အပေါ် ဝိညာဥ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်​အသုံးပြုလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

ထိုအပြုအမူသည် လူတိုင်း၏ ရှေ့မှောက်မှာ ဖန့်ချင်းယွင်ကို သုတ်သင်လိုက်ခြင်းနှင့်တူလေသည်။

အကြီးအကဲချန်၏ အမူအရာက ပျက်ယွင်းသွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဆူဇီမို... ဖန့်ချင်းယွင်ရဲ့ မှတ်ဉာဏ်ထဲမှာ သက်သေအထောက်အထားတစ်ခုခုရှာမတွေ့ဘူးဆိုရင် မင်းပေးဆပ်ရမယ့်တန်ဖိုးက ဘာလဲဆိုတာမင်းသိလား”

“ကြည့်စမ်း... ဟိုမှာပေါ်လာပြီ”

လူတိုင်းက လေထဲမှာပေါ်ထွက်လာသောမြင်ကွင်းကို လက်ညှိုးထိုးပြပြီး အံ့အားတသင့်ပြောဆိုလိုက်၏။

“ကြည့်ရတာ ငါတို့ဂိုဏ်းသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့ အပြင်လူတွေနဲ့ပူးပေါင်းပြီး နောက်ကွယ်ကနေ အကွက်ချကြံစည်ခဲ့တဲ့သူက တကယ်ပဲ စီနီယာအစ်ကိုဖန့် ဖြစ်နေတဲ့ပုံပဲ”

“အဲဒီမှာ ထန်ပန်လည်းပါတယ်... ဒါပေမဲ့ သူက လွန်ခဲ့တဲ့နှစ်နှစ်ထောင်တုန်းက အပြင်ဘက်မှာ သေဆုံးခဲ့ရတယ်လို့ ငါကြားတယ်... သူ့ရဲ့အလောင်းကိုတောင် ပြန်မရခဲ့ဘူး”

“မင်းတို့သူ့ကို စီနီယာအစ်ကိုဖန့်လို့ ဘယ်လိုတောင်ခေါ်ရဲသေးတာလဲ... ဖန့်ချင်းယွင်က ငါတို့တက္ကသိုလ်ရဲ့ အပြစ်သား သစ္စာဖောက်တစ်ယောက်ပဲ လူတိုင်းက သူ့ကိုအပြစ်ပေးခွင့်ရှိတယ်”

“သူက စီနီယာအစ်ကိုဆူကို ပြဿနာရှာချင်နေတာ မထူးဆန်းတော့ဘူး... လက်စ​သတ်တော့ စီနီယာအစ်ကိုဆူက သူ့ရဲ့လျှို့ဝှက်ချက်ကို သိထားလို့ပဲ... အဲဒါကြောင့် အဲဒီခွေးကောင်က စီနီယာအစ်ကိုဆူကို နှုတ်ပိတ်ချင်နေတာပဲ”

“ကံကောင်းလို့ပေါ့... စီနီယာအစ်ကိုဆူက သတ်ဖြတ်တဲ့နေရာမှာ ပြတ်သားပြီး သူ့ကိုအရင်ဆုံးဖိနှိမ်ခဲ့လို့... မဟုတ်ရင် သူက တက္ကသိုလ်မှာ ဘယ်လောက်ထိ ပြဿနာရှာနေမလဲ ဘယ်သူသိမလဲ”

“အပြစ်မရှိတဲ့ ဂိုဏ်းသားရောင်းရင်းတွေအများကြီးက သူ့ရဲ့လုပ်ကြံတိုက်ခိုက်တာကို ခံရလိမ့်မယ်”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် ဖန့်ချင်းယွင်၏ မှတ်ဉာဏ်များကို တွေ့မြင်သောအခါ နားလည်သဘောပေါက်လာကြ၏။

မင်းကျာ၊ ကောယွမ်နှင့် ဖန့်ချင်းယွင်၏ အခြားသောနောက်လိုက်များကလည်း ထိတ်လန့်တကြားဖြစ်လာကြ၏။

မင်းကျာက ခြောက်ကပ်စွာ ရယ်မောလိုက်၏။

“စီ..စီနီယာအစ်ကိုဖန့်... မဟုတ်ဘူး ငါပြောချင်တာ ဖန့်ချင်းယွင်က ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ..ငါတို့ ထင်မထားခဲ့ဘူး”

“ထွီ...”

ကောယွမ်က ဖန့်ချင်းယွင်ရှိရာဘက်သို့ တံတွေးထွေးပြီး အော်ငေါက်လိုက်၏။

“ငါမင်းနောက်ကို နှစ်ပေါင်းများစွာကြာအောင် လိုက်လာခဲ့မိတာ ငါ့ရဲ့မျက်စိတွေကန်းနေလို့ပဲဖြစ်ရမယ်”

“တကယ်တော့... ဖန့်ချင်းယွင်က သိပ်ပြီးမူမမှန်ဘူးဆိုတာ ငါသတိထားမိနေတာကြာပြ”

“ငါက... ဖန့်ချင်းယွင်ရဲ့အနားမှာနေပြီး အရှက်ရစရာကိစ္စတွေကို တစ်ချိန်လုံးသည်းခံနေခဲ့တယ်ဆိုတာ ငါက... သူ့ရဲ့ပြစ်မှုတွေကနေ သက်သေအထောက်အထားတချို့ကို လိုချင်လို့ပဲ...အခု စီနီယာအစ်ကိုဆူက သူ့အကြောင်းကို ဖော်ထုတ်လိုက်ပြီဆိုတော့...”

စောစောက ဆူဇီမိုကို တိုက်ခိုက်လုနီးပါးဖြစ်ခဲ့သည့် တက္ကသိုလ်တပည့်ဂိုဏ်းသားတချို့သည် သူတို့၏ ရပ်တည်ချက်များကို စာရွက်တစ်ရွက်လှန်လိုက်သည်ထက်ပင် ပိုမိုမြန်ဆန်စွာပြောင်းလဲလိုက်ကြ၏။ သူတို့က ဖန့်ချင်းယွင်ကို ချက်ချင်းပင်ခွာထုတ်ပြီး အော်ဂလီဆန်သောအမူအရာများကို ထုတ်ဖော်ပြသလိုက်ကြ၏။

တက္ကသိုလ်၏ အခြားသောတပည့်များက တွေဝေရှုပ်ထွေးသောအမူအရာများနှင့် ဆူဇီမိုကိုကြည့်ပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်နေကြ၏။

စောစောက ဆူဇီမိုသည် သူ၏ တာအိုကလေးငယ် အရှက်ခွဲခံရသောကြောင့် ဂိုဏ်းစည်းမျဥ်းစည်းကမ်းကို လျစ်လျူရှုပြီး ဖန့်ချင်းယွင်ကို တိုက်ခိုက်ခဲ့သည့် ဆင်ခြင်တုံတရားမရှိသော လူရမ်းကားတစ်ယောက်မျှသာဖြစ်သည်ဟု သူတို့က တွေးထင်ခဲ့ကြ၏။

ထိုအခိုက်အတန့်မှသာ ဆူဇီမိုသည် သူတိုက်ခိုက်ချိန်မှစ၍ အရာအားလုံးကို ကြိုတင်စီစဥ်ထားပြီးသားဖြစ်သည်ဆိုတာကို သူတို့က နားလည်သဘောပေါက်လာကြသည်။

ဖန့်ချင်းယွင်သည် ဤကိစ္စကို နှစ်ပေါင်းများစွာ ကြံစည်နေခဲ့တာဖြစ်ရပေမည်။ သို့သော်လည်း ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှအထိ စီးပိုးခြယ်လှယ်ပြီး သူ့ကို အလွယ်တကူလှဲချကာ သူ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပြီး သူ၏ အသက်ကို နှုတ်ယူတော့မည့်ဆဲဆဲ ဖြစ်လာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

နှစ်နာရီမကြာခင်မှာပင် ဖန့်ချင်းယွင်က တက္ကသိုလ်အတွင်းဂိုဏ်း၏ နံပါတ်တစ်နေရာကနေ ကျဆင်းသွားပြီး အပိုင်းပိုင်းခြေမွှခံလိုက်ရ၏။

ယနေ့မှစ၍ တက္ကသိုလ်၏ အတွင်းဂိုဏ်းက လုံးလုံးလျားလျားပြောင်းလဲသွားပေတော့မည်။

ဝိညာဥ်ရှာဖွေခြင်းအတတ်က ပြီးဆုံးသွားပြီး ဖန့်ချင်းယွင်၏ အမြုတေစိတ်ဝိညာဥ်က အရောင်မှေးမှိန်သွား၏။ သူ၏ အသက်ဓာတ်အားက အားနည်းနေပြီး သူက သိပ်ကြာကြာရှင်သန်နိုင်တော့မည် မဟုတ်ပေ။

သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်မှာ သူသည် သူ၏ ယခင်နောက်လိုက်များက သူ့ကိုလက်ညှိုးထိုး၍ အော်ဟစ်ဆဲဆိုနေသည်ကို တွေ့မြင်လိုက်ရ၏။

မလှမ်းမကမ်းမှာ စီနီယာအစ်ကိုယွဲ့ဟွား၏ မျက်နှာကလည်း အေးစက်နေ၏။

အရာရာတိုင်းက သူ့ကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးပစ်နေ၏။

ဖန့်ချင်းယွင်၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။ လူတိုင်း၏ ရှေ့မှောက်မှာပင် သူ၏ ဝိညာဥ်က ပျက်​ပြယ်ကာ သေဆုံးသွားလေသည်။

ကြီးမားသောရင်ပြင်က တိတ်ဆိတ်ငြိမ်သက်သွား၏။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက စိတ်ထဲကနေ ညည်းတွားရေရွတ်နေကြ၏။

တာအိုအစေခံများကြား ပဋိပက္ခတစ်ခုသည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ဝင်သော အတွင်းဂိုဏ်း၏ နံပါတ်တစ် ဖန့်ချင်းယွင်ကို ဤကဲ့သို့သောအခြေအနေဖြင့် အဆုံးသတ်သွားစေလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ”

အကြီးအကဲချန်က သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး ညင်သာစွာချောင်းဟန့်ကာ ပြောလိုက်၏။

“ကောင်းပြီလေ... ဒီကိစ္စက ပြီးသွားပြီဆိုမှတော့ အားလုံးပဲ လူစုခွဲကြတော့”

“နေဦး”

ထိုစဥ်မှာပင် ဓားအင်မော်တယ်ယွဲ့ဟွားက ရုတ်တရက်ပြောလိုက်၏။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက စိမ်းသက်နေသည်ကို သတိထားမိသောအခါ သူတို့က ရင်တစ်ချက်ထိတ်သွား၏။

ဤကိစ္စက ထပ်မံ၍ ဆင့်ကဲပြောင်းလဲသွားဦးမှာလား။

မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ဖန့်ချင်းယွင်က ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်လိုက်တစ်ယောက်ဖြစ်သည်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စွာပြောလိုက်၏။

“ဖန့်ချင်းယွင်က အပြင်လူတွေနဲ့ပူးပေါင်းပြီး ဂိုဏ်းသားအချင်းချင်း ပျက်စီးထိခိုက်အောင်လုပ်ခဲ့တယ်... သူ့အနေနဲ့ အသတ်ခံရတာ ဖြစ်သင့်ဖြစ်ထိုက်တယ်”

ထိုနေရာအရောက်တွင် သူကခဏမျှရပ်တန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့... ဖန့်ချင်းယွင်က တက္ကသိုလ်ရဲ့ အပြစ်သားတစ်ယောက်ဖြစ်နေတာကြောင့်နဲ့ပဲ... တခြားသူတွေက တက္ကသိုလ်ရဲ့အပြစ်ပေးမှုကနေ ရောယောင်ပြီး ရှောင်လွှဲနိုင်မယ်လို့ မဆိုလိုဘူး”

“စီနီယာအစ်ကိုယွဲ့ဟွား... ခင်ဗျားက တစ်ခုခုကို သွယ်ဝိုက်ပြောချင်နေတဲ့ပုံပဲ... ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ”

“အဲဒါမေးစရာလိုသေးလို့လား... အဲဒါက စီနီယာအစ်ကိုယန်လောရှုပဲဖြစ်မှာပေါ့... သူတို့နှစ်ယောက်က စီနီယာအစ်မမိုချင်ကြောင့် နှစ်ပေါင်းများစွာကြာအောင်အတိုက်အခံဖြစ်လာခဲ့တာ မင်းမသိဘူးလား”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတချို့က တိတ်တဆိတ်ဆွေးနွေးပြောဆိုနေကြ၏။

အကြီးအကဲချန်က မျက်ရည်များကျတော့မည့်ဆဲဆဲဖြစ်ပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်နေ၏။

သူသည် အမွေခံတပည့်များကြား ပဋိပက္ခများကြားမှာ တကယ်ပင် ကြားဝင်စွက်ဖက်နိုင်ခြင်းမရှိပေ။

သူတို့အားလုံးက ပကတိအင်မော်တယ်များဖြစ်သော်လည်း သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေပြီး မည်သည့်အမွေခံတပည့်၏ တိုက်ခိုက်ရည်ခွန်အားမဆို သူ့အထက်မှာရှိလေသည်။

ယန်လောရှုက ဓားအင်မော်တယ်ယွဲ့ဟွားကို တည်​ငြိမ်နေသောအမူအရာဖြင့်ကြည့်လိုက်၏။

“စီနီယာအစ်ကိုယွဲ့ဟွား... မဆိုင်တာတွေ လျှောက်ပြောမနေနဲ့တော့... ခင်ဗျားဘယ်သူ့ကို ပြောချင်နေတာလဲ ခင်ဗျားဘာလို့အဲဒါကို ရှင်းရှင်းလင်းလင်းမပြောတာလဲ”

“ဂျူနီယာညီယန်... သိပ်ပြီးတော့ကြောက်မနေပါနဲ့”

ဓားအင်မော်တယ်ယွဲ့ဟွားက အေးအေးဆေးဆေးဖြင့်ပြုံးပြလိုက်၏။

“ငါက မင်းကိုပြောနေတာမဟုတ်ဘူး... ဆူဇီမိုကိုပဲ”

ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အစကတော့... ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ့ကို ပြဿနာရှာတော့မည်ဟု သူကတွေးထင်ခဲ့၏။

သို့သော်လည်း သူသည် အရှက်ရစရာကိစ္စတစ်ခုခုကို ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဖူးပေ။ ထို့ကြောင့်သူက ဘာကိုမှမကြောက်လန့်ပေ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ ပစ်မှတ်ကိုပြောင်းလဲပြီး ဆူဇီမိုကို ဦးတည်လာလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများကလည်း ဓားအင်မော်တယ်ယွဲ့ဟွားဆိုလိုသည့်အရာကို နားမလည်နိုင်ဘဲ တွေဝေရှုပ်ထွေးနေကြ၏။

ဆူဇီမိုက သူ၏ ခေါင်းကိုအနည်းငယ်မော့ကာ ဓအင်မော်တယ်ယွဲ့ဟွားကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ယွဲ့ဟွား... အပိုတွေလျှောက်ပြောနေစရာမလိုဘူး... ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့... မင်းစိတ်ထဲမှာရှိတာကို အခုပဲပြောလို့ရတယ်”

“ဆူဇီမို... ဒီအ​ခြေအနေမှာတောင် မင်းက ဟန်ဆောင်နေတုန်းပဲလား”

ရှောင်လီက အော်​ငေါက်လိုက်၏။

“မင်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို သစ္စာဖောက်ပြီး မိစ္ဆာမဟာနယ်မြေကို ဝင်ရောက်သွားတာကြာခဲ့ပြီ”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် နေရာတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ဤကဲ့သို့သော ပြစ်မှုတစ်ခုသည် အလွန်တရာပြင်းထန်ပြီး ဖန့်ချင်းယွင်၏ အပြုအမူထက်ပင် သေချာပေါက်ပိုမိုဆိုဝါးလေသည်။

ဂိုဏ်းကိုသစ္စာဖောက်ပြီး မိစ္ဆာမဟာနယ်မြေသို့ဝင်ရောက်ခြင်း..။ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ မည်သည့်အင်မော်တယ်ဂိုဏ်း သို့မဟုတ် မည်သည့်အင်မော်တယ်နိုင်ငံမှာဖြစ်စေ သူတို့သည် ထိုကဲ့သို့သောပုံစံဖြင့် ရှာဖွေဖော်ထုတ်ခံရပါက သူတို့သည် နေရာမှာပင် သတ်ဖြတ်အပြစ်ပေးခြင်းခံရပေလိမ့်မည်။

All Chapters