← Chapters

နားလည်မှုလွဲခြင်း

Vol. 166 Ch. 2482

နားလည်မှုလွဲခြင်း

Vol. 166 Ch. 2482

ဤအမျိုးသမီးကို ကြည့်ရသည်မှာ ရင်းနှီးမှုမရှိပေ။ သူမသည် ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမသည် လောက၏ အချောအလှတစ်ဦးဖြစ်ပုံရလေသည်။ သူမထံမှကြော့ရှင်း၍ မြင့်မြတ်ထည်ဝါသောအော်ရာတစ်ခုဖြာထွက်နေ၏။

ညင်သာသောလေပြည်တစ်ချက်တိုက်ခတ်သွား၏။ အမျိုးသမီး၏ အဝတ်စများက တဖျပ်ဖျပ်လွင့်ကာ သူမ၏ သေးသွယ်ကြော့ရှင်းလှပသော ခန္ဓာကိုယ်ကို ပေါ်ထွက်လာစေပြီး လူတိုင်းကို ရင်တထိတ်ထိတ်ဖြစ်သွားစေသည်။

တက္ကသိုလ်မှာ အမျိုးသမီးကျင့်ကြံသူများစွာရှိသော်လည်း သူတို့သည် ဤရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးနှင့်ယှဥ်လျှင် ချက်ချင်းပင် နိမ့်ကျသွားလေသည်။

အတွင်းဂိုဏ်း၏ နံပါတ်တစ်အချောအလှအဖြစ်ကျော်ကြားသော ယန်ပင်ယင်းပင်လျှင် ဤအမျိုးသမီးနှင့်ယှဥ်ရာမှာ မှိန်ဖျော့သွား၏။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဒီလိုမျိုးအမျိုးသမီးတစ်ဦး တကယ်ပဲရှိတာလား”

“အမွေခံကုန်းမြေက စီနီယာအစ်မမိုချင်ကပဲ သူ့ကိုယှဥ်နိုင်တော့မယ်ထင်တယ်”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားမိလာကြ၏။

လူတစ်ယောက်က သက်ပြင်းချကာပြောလိုက်၏။

“မဟာနတ်မိမယ်လေးပါးက အနှိုင်းမဲ့အချောအလှတွေဖြစ်တယ်လို့ လူတိုင်းကပြောကြတယ်... စီနီယာအစ်မမိုချင်ကလွဲရင် ငါတို့တွေက ကျန်တဲ့သုံးယောက်ကို တစ်ခုမှမတွေ့မြင်ဖူးဘူး”

“ဒါပေမဲ့... သူတို့က ဒီတာအိုရောင်းရင်းကိုယှဥ်နိုင်မယ်ဆိုရင် မဟာနတ်မိမယ်သုံးပါးက သူတို့ရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲလိုက်ဖက်ညီတယ်လို့ဆိုရမယ်”

လူတိုင်းက ညည်းတွားရေရွတ်ပြောဆိုနေစဥ် အမျိုးသမီးက လူအုပ်ကြီးကို သတိထားမိသွားပုံရပြီး လျှောက်လှမ်းလာ၏။

တက္ကသိုလ်မှာ တပည့်ဂိုဏ်းသားများစွာရှိနေသော်လည်း ဤအမျိုးသမီးကို မှတ်မိနိုင်သောသူက များစွာမရှိပေ။ ဓားအင်မော်တယ်ယွဲ့ဟွားကတော့ သူမကို မှတ်မိလေသည်။

“စာအုပ်အင်မော်တယ်ယွင်ကျူး”

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“သူက ဒီကိုဘာလာလုပ်တာလဲ”

“စီနီယာအစ်ကိုယွဲ့ဟွား... ခင်ဗျားဘာပြောလိုက်တာလဲ”

ရှောင်လီက ရင်တစ်ချက်ထိတ်သွားပြီး သူကအလောတကြီးမေးမြန်းကာ သူ၏ လေသံက အလိုလိုမြင့်သွား၏။

“စာအုပ်အင်မော်တယ်လား... မဟာနတ်မိမယ်လေးပါးထဲကတစ်ပါးလား”

ဓားအင်မော်တယ်ယွဲ့ဟွား ပြောခဲ့သည့်စကားကို လူများစွာက မကြားခဲ့ရပေ။ သို့သော်လည်း တက္ကသိုလ်မှလူတိုင်းသည် ရှောင်လီ၏ အော်ဟစ်မေးမြန်းသံကို ရှင်းလင်းစွာကြားလိုက်ရ၏။

လူအုပ်ကြီးက ချက်ချင်းပင် ဆူညံပွက်လောက်ရိုက်သွား၏။

ဤရိုးရှင်းသော ဝတ်စုံဝတ်အမျိုးသမီးက မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါးဖြစ်သော စာအုပ်အင်မော်တယ်တဲ့လား။

မဟာနတ်မိမယ်လေးပါးက မည်ကဲ့သို့သောပုဂ္ဂိုလ်များလဲ။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် တခြားသော မဟာနတ်မိမယ်သုံးပါးကို မပြောနှင့် ပန်းချီအင်မော်တယ်မိုချင်ကိုပင် အရင်ကမတွေ့မြင်ဖူးခဲ့ကြပေ။

ယနေ့မှာ လူတိုင်းသည် မဟာနတ်မိမယ်လေးပါးထဲမှ နောက်ထပ်တစ်ပါးဖြစ်သော စာအုပ်အင်မော်တယ်ယွင်ကျူးကို မြင်တွေ့ရပြီဖြစ်သည်။

ဓားအင်မော်တယ်ယွဲ့ဟွားက ရှောင်လီကို လျစ်လျူရှုပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက ယွင်ကျူးထံသို့ လျှောက်လှမ်းသွားပြီး လက်နှစ်ဖက်ကိုယှက်ကာ မေးလိုက်၏။

“လက်စသတ်တော့... နတ်မိမယ်ယွင်ကျူးပဲ... ခင်ဗျားက ကျုပ်ကိုဘာလို့ကြိုတင်သတင်းမပေးတာလဲ ခင်ဗျားလာမယ်သိရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကို လာကြိုမှာပေါ့”

တက္ကသိုလ်မှ လက်ရှိတပည့်ဂိုဏ်းသားများစွာကြားတွင် ဓားအင်မော်တယ်ယွဲ့ဟွားကသာ စာအုပ်အင်မော်တယ်ယွင်ကျူးနှင့် စကားပြောဆိုနိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ယန်လောရှုနှင့် ရှောင်လီသည် ပကတိအင်မော်တယ်များဖြစ်ကြသော်လည်း သူတို့သည် လုံလောက်အောင်ကျော်ကြားမှုမရှိဘဲ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်သီးပကတိအင်မော်တယ်များနှင့် မယှဥ်နိုင်ပေ။

ဒါ့အပြင် သူတို့နှစ်ယောက်သည် စာအုပ်အင်မော်တယ်ယွင်ကျုးကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ဘဲ သူမနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမှ မရှိကြပေ။

ယွင်ကျူးက ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အလ္လာပသလ္လာပပြောဆိုမနေပေ။ သူမက စိုးရိမ်ကြောင့်ကြနေပုံရပြီး လိုရင်းကို တန်းပြောလိုက်၏။

“တာအိုရောင်းရင်းယွဲ့ဟွား ထောင်ယောင်ကို ရှင်မြင်မိသေးလား”

“ထောင်ယောင်...”

ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်ရစ်က လှုပ်သွားပြီး ထိုစကားကိုကြားသောအခါ သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားလိုက်ရ၏။

သို့သော်လည်း သူက အချိန်မီမတုံ့ပြန်နိုင်ဘဲ တည်တံ့စွာဖြင့် ပြောလိုက်၏။

“နတ်မိမယ်ယွင်ကျူး... သိပ်ပြီးတော့စိုးရိမ်မနေပါနဲ့... ခင်ဗျားပြောတဲ့ထောင်ယောင်က ဘယ်သူလဲ... သူကဘယ်လိုပုံစံလဲ”

ယွင်ကျူးက ပြောလိုက်၏။

“သူက ကျွန်မရဲ့တာအိုကလေးငယ်ပဲ... သူက ရှစ်နှစ် ကိုးနှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်... သူ့နာမည်က ထောင်ယောင်”

ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်နှာပေါ်ရှိအပြုံးက အေးခဲတောင့်တင်းသွားပြီး သူ၏ ခေါင်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်လာ၏။

ယွင်ကျူး၏ တာအိုကလေးငယ်ထောင်ယောင်က ဟိုထောင်ယောင်လား။

အဲဒါက တိုက်ဆိုင်မှုတစ်ခု.. ဟုတ်တယ်မလား။

ရင်ပြင်ပေါ်မှ လူအုပ်ကြီးသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွား၏။ မရေမတွက်နိုင်သောအကြည့်များက ဆူဇီမို၏ ဘေးတွင်ရှိသော နုနယ်သော မျက်နှာပေါက်နှင့်ကောင်လေးအပေါ် ဆင်းသက်ရောက်ရှိသွားလေသည်။

“မင်းသမီး... ကျုပ်..ကျုပ်ဒီမှာ”

ထောင်ယောင်က စိုးရွံ့စွာဖြင့် အော်ပြောလိုက်၏။

သူ၏ အသံက အားနည်းနေသော်လည်း ယွင်ကျူးက အဲဒါကိုရှင်းလင်းစွာကြားလိုက်ရ၏။ သူမက အလောတကြီးလှည့်ကြည့်ပြီး ထောင်ယောင်က ဘေးကင်းလုံခြုံသည်ကို တွေ့မြင်သောအခါ စိတ်သက်သာစွာသက်ပြင်းချ၍ ပြုံးရွှင်လာခဲ့၏။

ဓားအင်မော်တယ်ယွဲ့ဟွားက အိုးတိုးအမ်းတမ်းဖြစ်နေပြီး ညင်သာစွာချောင်းဟန့်လိုက်၏။

“နတ်မိမယ်ယွင်ကျူး... နားလည်မှုလွဲစရာတချို့ ဖြစ်သွားတယ်လို့ ကျုပ်ထင်တယ်”

ယွင်ကျူးက ထောင်ယောင်ကို တွေ့မြင်သောအခါ သူမက ဝမ်းသာအားရဖြစ်သွား၏။ သူမသည် ဓားအင်မော်တယ်ယွဲ့ဟွားပြောသည့်စကားကို မကြားရသည့်အလား ထောင်ယောင်၏ ဘေးသို့ လှစ်ခနဲရောက်ရှိလာခဲ့၏။

“နင့်ကိုဘယ်သူအနိုင်ကျင့်တာလဲ ငါ့ကိုပြော”

ယွင်ကျူးက မျက်မှောက်ကြုတ်ကာ မေးလိုက်၏။

သူမ၏ အကြည့်က ထောင်ယောင်၏ ခါးပေါ်မှ ကြေမွနေသောတံဆိပ်ပြားအပေါ် ဆင်းသက်ရောက်ရှိသွား၏။ သူမ၏ အမူအရာက သုန်မှုန်တည်တံ့သွားပြီး အေးစက်စွာပြောလိုက်၏။

“ငါနင့်ကိုပေးထားတဲ့တံဆိပ်ပြားကို ဘယ်သူဖျက်ဆီးလိုက်တာလဲ”

လက်ရှိလူတိုင်းသည် စာအုပ်အင်မော်တယ်ယွင်ကျုး၏ရင်ထဲမှာ အမျက်ဒေါသကို ခံစားမိလာနိုင်၏။

ဒါ့အပြင် ထောင်ယောင်ဟုအမည်ရသော တာအိုကလေးငယ်သည် စာအုပ်အင်မော်တယ်ယွင်ကျူးနှင့် ပိုမိုနီးစပ်ပြီး မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်နှင့် ဘာမှမသက်ဆိုင်သည်ကို လူတိုင်းကပြောနိုင်ကြလေသည်။

တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာသည် အူမြူးအားရနေသော အမူအရာများနှင့်အတူ စိတ်ထဲကနေကြိတ်၍လှောင်ရယ်လိုက်ကြ၏။

လူတိုင်းသည် သနားနေသော မျက်လုံးများနှင့် ဓားအင်မော်တယ်ယွဲ့ဟွားကိုလှည့်ကြည့်ပြီး သူကဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်နေကြ၏။

ယွင်ကျူး၏ မေးခွန်းကိုကြားသောအခါ ထောင်ယောင်၏ နှုတ်ခမ်းက မဲ့သွားပြီး သူ၏ ဝိုင်းစက်စိုစွတ်နေသော မျက်လုံးများကို ပုတ်ခတ်လိုက်၏။ သူက သူ၏ လက်ကိုဆန့်ထုတ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒါသူပေါ့”

ယွင်ကျူးက လှည့်ကြည့်လိုက်၏။

“ကျုပ်မဟုတ်ဘူး... ကျုပ်.. အဲလိုသဘောမဟုတ်ဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက အလောတကြီးရှင်းပြလိုက်၏။

“နတ်မိမယ်ယွင်ကျူး... သူက ခင်ဗျားရဲ့ တာအိုကလေးငယ်ဆိုတာ ကျုပ်တကယ်ပဲမသိခဲ့ဘူး... အဲဒါက နားလည်မှုလွဲသွားတာပါ”

ယွင်ကျူးက ထောင်ယောင်၏ ခါးပေါ်မှ တံဆိပ်ပြားကို ဖြုတ်ယူပြီး အစစ်အမှန်အမြုတေချီကို ထိုးသွင်းလိုက်၏။ တံဆိပ်ပြားက အက်ကွဲကြေမွနေသော်လည်း ၎င်းပေါ်မှာ 'ကျူး' ဟူသောစာလုံးက ခပ်ရေးရေးပေါ်ထွက်လာ၏။

“နားလည်မှုလွဲတာတဲ့လား... သေသေချာချာကြည့်ပါဦး ဒါက ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးတံဆိပ်ပြားပဲ”

ယွင်ကျူးက အေးစက်စွာပြောလိုက်၏။

“ထောင်ယောင်က ကျွန်မရဲ့တာအိုကလေးငယ်မဟုတ်ဘူးဆိုရင် သူက ဘယ်သူ့ရဲ့ တာအိုက​လေးငယ်လဲ”

“မင်းသမီး..”

ထောင်ယောင်က စိတ်ထိခိုက်ခံစားနေရသည့်ပုံပေါ်ပြီး ယွင်ကျူး၏ လက်ကိုညင်သာစွာလှုပ်ခါကာ မျက်ရည်အဝိုင်းသားဖြင့်ပြောလိုက်၏။

“စောစောက အဲဒီလူက ကျုပ်ကို အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ဖြစ်တယ်လို့ပြောခဲ့တယ်... ကျုပ်က မိစ္ဆာမဟာနယ်မြေကလာတာတဲ့.. နိမ့်ကျတဲ့သက်ရှိလို့တောင်မှ သူကကျုပ်ကိုခေါ်ခဲ့တယ်”

“ထောင်ယောင် မငိုနဲ့တော့... အဆင်ပြေသွားပြီ”

ယွင်ကျူးက အလောတကြီးဆောင့်ကြောင့်ထိုင်ချပြီး ထောင်ယောင်၏ နုနယ်သောပါးနှစ်ဖက်ကို သူမ၏ လက်ဖြင့် ဆုပ်ကိုင်ကာ သူ့ကို ညင်သာစွာနှစ်သိမ့်ပေးနေ၏။

ထောင်ယောင်သည် ကမ္မနှင့် သွေးတို့ဖြင့် စွန်းထင်းခြင်းခံမထားရပေ။ သူ၏ အော်ရာက ကြည်လင်သန့်စင်နေပြီး သူ့ကိုတွေ့မြင်ရသောမည်သူမဆို သူ့အပေါ် ကောင်းမွန်သောထင်မြင်ချက်ကို ရရှိလာစေပေလိမ့်မည်။

ဒါ့အပြင် သူကလိမ်မာ၍ ရိုးသားအပြစ်ကင်းစင်သည့်ပုံပေါက်လေသည်။ သူ၏ စိတ်ထိခိုက်ခံစားနေရသောပုံစံက ကျင့်ကြံသူများစွာ၏ စာနာသနားစိတ်ကို ချက်ချင်းပင် နိုးကြားလာစေ၏။

လူတိုင်းသည် ထောင်ယောင်အပေါ် ဓားအင်မော်တယ်ယွဲ့ဟွား၏ စွပ်စွဲပြောဆိုမှုကို အစကတည်းက အယုံအကြည်သိပ်မရှိကြပေ။ ယခု.. ယွင်ကျူးပေါ်ထွက်လာပြီးနောက် အဲဒါက လူတိုင်း၏ အကဲဖြတ်မှုကို ပိုမိုခိုင်မာသွားစေ၏။

လူတိုင်းသည် ထောင်ယောင်၏ သနားစရာကောင်းသော ပုံစံကိုတွေ့မြင်သောအခါ သနားဂရုဏာသက်လာကြ၏။

အကြီးအကဲချန်က စိတ်မကောင်းသောအမူအရာဖြင့် သူ၏ ခေါင်းကိုညင်သာစွာလာပြီး သက်ပြင်းချလိုက်၏။

“အာ.. ဘယ်လောက်တောင်လိမ်မာလိုက်တဲ့ကလေးလဲ... သူက ဒီလောက်ထိ အနိုင်ကျင့်ခံရတယ်ဆိုတော့ တော်တော်စိတ်ထိခိုက်ခံစားသွားရမှာပဲ”

မင်းသမီးသက်တံနီနှင့် လျှိုဖျင်က ပြူးကျယ်နေသော မျက်လုံးများဖြင့် ဘေးမှာမတ်တတ်ရပ်ပြီး မှင်တက်နေကြ၏။

သူတို့နှစ်ယောက်သည် ထောင်းယောင်၏ အစစ်အမှန်နောက်ခံကို မသိရှိကြသော်လည်း သူက ယွင်ကျူး၏ တာအိုကလေးငယ်မဟုတ်ဘူးဆိုတာ သူတို့သိရှိထားလေသည်။

သို့သော်ယခု... သူတို့နှစ်ယောက်က ဤကောင်လေး၏ သရုပ်ဆောင်မှုကို ယုံကြည်မိတော့မတတ်ပေ။

“သူ.. ပြောင်းလဲသွားပြီ... သူပြောင်းလဲသွားပြီပဲ...”

လျှိုဖျင်က ထောင်ယောင်ကိုကြည့်ပြီး တီးတိုးရေရွတ်နေ၏။ သူသည် ထိုသူကို ပထမဆုံးအကြိမ် သိရှိလိုက်ရသည့်အလားပင်။

ဆူဇီမိုကလည်း ဘေးကနေမှင်တက်နေ၏။

ယွင်ကျူးပေါ်ထွက်လာသည်ကို သူတွေ့မြင်သောအခါ သူမ၏ ရည်ရွယ်ချက်ကို သူက ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ ထို့ကြောင့် သူက စိတ်သက်သာရာရ၍ တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သူမ၏ ပြုမူလှုပ်ရှားမှုများကို လွှတ်ပေးထားလေသည်။

သို့သော်လည်း ယွင်ကျူးသည် ထောင်ယောင်နှင့်အတူ ဤကဲ့သို့သောတစ်စုံတစ်ရာကို ပြုလုပ်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ယွင်ကျူးက ပေါ့ပေါ့ပါးပါးနေတတ်ပြီး တစ်ခါတစ်ရံမှာ နောက်ပြောင်ကျီစယ်တတ်လေသည်။

ထောင်ယောင်က ဤကဲ့သို့ပင် နာခံတတ်သောကလေးငယ်တစ်ယောက်ဖြစ်၏။ ယခုသူက သူမနှင့်အတူ ရောပါသရုပ်ဆောင်၍ အတော်လေးပင် အချိတ်အဆက်မိနေသည်ဆိုတော့..။

ယွင်ကျူးက မတ်တတ်ထရပ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို အေးစက်စွာ​စိုက်ကြည့်လိုက်၏။

“ယွဲ့ဟွား... ငါ့ကိုပြောစမ်းပါဦး ငါ့ရဲ့တာအိုကလေးငယ်က ဘယ်တုန်းကများ အထီးကျန်သိုင်းသခင်ရဲ့လူဖြစ်ပြီး မိစ္ဆာမဟာနယ်မြေကို ဝင်ရောက်သွားတာလဲ”

“ကျုပ်...”

ဓားအင်မော်တယ်ယွဲ့ဟွားက နေရာမှာပင် မှင်တက်သွားပြီး အနည်းငယ် ရှက်ရွံ့နေသည့်ပုံပေါ်လေသည်။ ထိတ်ထိတ်ပျာပျာဖြင့် သူက ချွေးပြန်လာခဲ့ပြီဖြစ်၏။

All Chapters