ဂိုဏ်းချုပ်၏ ဆင့်ခေါ်မှု
Vol. 166 Ch. 2483
ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ ဟာကွက်မရှိခဲ့သော အကြံအစည်မှာ ဤကဲ့သို့ ကြီးမားသော နားလည်မှုလွဲစရာတစ်ခု ပေါ်ထွက်လာလိမ့်မည်ဟု သူက တစ်ခါမှ စဥ်းစားမကြည့်မိခဲ့ပေ။
တစ်ဘက်လူက တခြားတစ်ယောက်ယောက်သာဆိုလျှင် အဲဒါက အဆင်ပြေပေလိမ့်မည်။
သူက ရှင်းပြဖို့ပင် အရေးလုပ်နေမည် မဟုတ်ပေ။
သို့သော်လည်း သူ့ရှေ့မှလူက မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါး စာအုပ်အင်မော်တယ်ဖြစ်နေ၏။ ဒါ့အပြင် သူမသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးလည်းဖြစ်လေသည်။
ပို၍အရေးကြီးသည်မှာ ဤကိစ္စမှာ သူက တကယ်ပင်မှားခဲ့သူဖြစ်၏။ ဤစကားက ပျံ့နှံ့သွားမည်ဆိုလျှင် သူ၏ နာမည်ဂုဏ်သတင်းအတွက် ကောင်းလိမ့်မည် မဟုတ်ပေ။
ဓားအင်မော်တယ်ယွဲ့ဟွား၏ ပျက်ယွင်းနေသောအမူအရာကို တွေ့မြင်သောအခါ ရှောင်လီက ရှေ့သို့အလောတကြီးထွက်ပြီး ကိစ္စများကို အဆင်ပြေချောမွေ့စေရန် ကြိုးစားလိုက်၏။
“အဲဒါ... အဓိကကတော့ ထောင်ယောင်က ဆူဇီမိုရဲ့ဘေးမှာရှိနေလို့ပဲ... အဲဒါကြောင့် ဒီလိုမျိုး နားလည်မှုလွဲစရာဖြစ်လာတာ”
“အခုလိုမေးရတဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပါ နတ်မိမယ်ယွင်ကျူး... ခင်ဗျားရဲ့တာအိုကလေးငယ်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဘာလို့ရောက်နေတာလဲ”
ရှောင်လီက စဥ်းစားရခက်နေဆဲဖြစ်၏။
“နင်တို့တက္ကသိုလ်က ဆူဇီမိုမှာ ဗီဇကွဲအင်မော်တယ်မက်မွန်ပင်တစ်ပင်ရှိတယ်လို့ ငါကြားထားတယ်... အဲဒါကြောင့် အဲဒီဗီဇကွဲအက်မော်တယ်မက်မွန်ပျိုးပင်ရဲ့ အကူအညီနဲ့ကျင့်ကြံဖို့ ထောင်ယောင်ကို ငါကလွှတ်ထားတာပဲ... အဲဒါပြဿနာရှိလို့လား”
ယွင်ကျူးက မှင်သေသေအမူအရာဖြင့်ရှိနေပြီး အကြောင်းပြချက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။
“ပြဿနာ..ပြဿနာ မရှိပါဘူး”
ရှောင်လီက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးပြလိုက်၏။
ယွင်ကျုးက သူမ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး လှောင်ရယ်လိုက်၏။
“ငါနားမလည်နိုင်ဘူး... ငါ့ရဲ့တာအိုကလေးငယ်က အနိမ့်တမ်းကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... သူက ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူးဘူး... သူ့ကိုတိုက်ခိုက်ဖို့အတွက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဒီလိုမျိုး အင်အားတစ်ရပ်ကို စုဖွဲ့ပြီး ပကတိအင်မော်တယ်တစ်ဦးကိုတောင် ဘာလို့ဖိတ်ခေါ်ခဲ့ရတာလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက ရင်ထဲမှာနင့်ခနဲဖြစ်သွား၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က စာအုပ်အင်မော်တယ်ယွင်ကျူး၏ တာအိုကလေးငယ်တစ်ယောက်ကို အနိုင်ကျင့်ခဲ့သည်ဟူသော ဤစကားက ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါက ပြစ်တင်ရှုံ့ချမှုပေါင်းများစွာကို ရရှိလာပေလိမ့်မည်။
ဓားအင်မော်တယ်ယွဲ့ဟွားက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒါက... တက္ကသိုလ်နဲ့တော့ ဘာမှမဆိုင်ပါဘူး”
“အို... ဟုတ်လား”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ့စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် ယွင်ကျူးက သူ့ကိုဖြတ်ပြောကာ မေးလိုက်၏။
“ဒါဆိုရင် အဲဒါက ရှင့်ရဲ့အကြံအစည်လား”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက ပျက်ယွင်းသွား၏။
ခဏမျှငြိမ်သက်နေပြီးနောက် သူက တစ်ဘက်သို့လှည့်ပြီး သူ၏ လက်ဖဝါးကိုမြှောက်ကာ ရှောင်လီကို ရက်ရက်စက်စက်ဖြတ်ရိုက်ချလိုက်၏။
“ရှောင်လီ... ဂိုဏ်းသားရောင်းရင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရမယ်လို့ မင်းကိုငါဘယ်နှစ်ခါပြောရမလဲ”
ဓားအင်မော်တယ်ယွဲ့ဟွားက အော်ငေါက်လိုက်၏။
“နောက်ဆိုရင် သက်သေအထောက်အထားမရှိဘဲ ဒီလို အဓိပ္ပါယ်မရှိ ပေါက်တက်ကရတွေ လျှောက်မပြောနဲ့”
ထိုရိုက်ချက်သည် ရုတ်တရက်ဆန်စွာ ကျရောက်လာခဲ့ပြီး ရှောင်လီက အငိုက်မိကာ တနင့်တပိုးခံစားလိုက်ရ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ရှောင်လီကို စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ဒီအမှားကို မင်းကျူးလွန်ခဲ့တာပဲ... အဲဒါကြောင့် ဒီလိုမျိုး လှောင်ရယ်စရာ ကိစ္စတစ်ခုဖြစ်လာတာ... မင်းဘာသာမင်း အဲဒါကို ဖြေရှင်းတော့”
ရှောင်လီက ဒေါသထွက်သွားပြီး သူ၏ အဆုတ်က ပေါက်ကွဲထွက်တော့မတတ်ဖြစ်၏။
အစကနေ ယခုအချိန်ထိ ထိုအရာသည် ဓားအင်မော််ယွဲ့ဟွား၏ အကြံအစည်ဖြစ်လေသည်။ ယခု... သူတစ်ယောက်တည်းကသာ အဲဒါအတွက် အပြစ်တင်ခံနေရ၏။
ဒါ့အပြင် စောစောက တာအိုကလေးငယ်ကို တိုက်ခိုက်ခဲ့သည့်သူက ဓားအင်မော်တယ်ယွဲ့ဟွားဖြစ်သည်မှာ သိသာလေသည်။ အဲဒါက သူနှင့် ဘယ်လိုပတ်သက်သွားရတာလဲ။
သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွား၏ အေးစက်၍ခြိမ်းခြောက်လိုသောအကြည့်ကို တွေ့မြင်သောအခါ ရှောင်လီက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး သူ၏ အမျက်ဒေါသက ချက်ချင်းပင် လျင်မြန်စွာ ပျောက်ကွယ်သွား၏။
သူ၏ ခေါင်းကိုငုံ့ရင်း ရှောင်လီက ယွင်ကျုး၏ ရှေ့သို့ ရောက်ရှိလာကာ ဦးညွှတ်လိုက်၏။
“တာအိုရောင်းရင်းယွင်ကျူး... ကျုပ်တောင်းပန်ပါတယ် ဒီတစ်ခေါက် ဖြစ်ခဲ့တာက ကျုပ်ရဲ့အမှားပါပဲ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ တာအိုရောင်းရင်ယွင်ကျူး”
ယွင်ကျူးက လှောင်ရယ်လိုက်၏။ သူမက ဤကိစ္စကို ဆက်လက်၍ အစဆွဲထုတ်ဖို့ စိတ်ကူးမရှိတော့ပေ။
မည်သို့ပင်ဆိုစေ ဤနေရာက ကောင်းကင်နှင့်မြေပြီးတက္ကသိုလ်ဖြစ်ပြီး သူမက အရမ်းကာရော စိုးမိုးဗိုလ်ကျလို့ မရနိုင်ပေ။ သူမက သူမ၏ အကန့်အသတ်ကို သိရှိထားရမည်ဖြစ်၏။
သူမက လက်မလျှော့ဘဲ ဆက်လက်၍ စိုးမိုးခြယ်လှယ်မည်ဆိုလျှင် ကိစ္စများမှာ တန်ပြန်ရိုက်ခတ်မှုရှိလာနိုင်သည်။
ထိုစဥ်မှာပင် လေထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။
လူအိုကြီးတစ်ယောက်က မကောင်းဆိုးဝါးဆန်ဆန်အကြည့်တစ်ခုနှင့်အတူ ပေါ်ထွက်လာ၏။ သူက သူစိမ်းများကို သူ့ထံသို့ချဥ်းကပ်မလာစေရန် တားဆီးပေးထားသည့်အော်ရာတစ်ခုကို ဖြာထုတ်ထားပြီး အဲဒါက တုန်လှုပ်စရာကောင်းနေ၏။
အင်မော်တယ်ဘုရင်ပညာရှင်များကသာ လေဟာနယ်ကို ဆုတ်ဖြဲနိုင်လေသည်။
တက္ကသိုလ်၏ အကြီးအကဲ-၂က စည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူထားပြီး သွေးအေးရက်စက်မှုအရှိဆုံးဖြစ်၏။
“မင်္ဂလာပါအကြီးအကဲ-၂”
ဓားအင်မော်တယ်ယွဲ့ဟွားနှင့် တက္ကသိုလ်မှ အခြားတပည့်ဂိုဏ်းသားများက ထိုသူကိုတွေ့မြင်သောအခါ ဦးညွှတ်လိုက်ပြ၏။
ယွင်ကျူး၏ အမူအရာကလည်း တည်တံ့သွားပြီး သူမသည် တက္ကသိုလ်၏ အကြီးအကဲ-၂ ထံ လက်နှစ်ဖက်ယှက်ပြလိုက်၏။
“မင်္ဂလာပါစီနီယာ”
အကြီးအကဲက-၂ ညင်သာစွာခေါင်းညိတ် ပြလိုက်၏။
သူ၏ အကြည့်က ရှောင်လီ၊ ဓားအင်မော်ယွဲ့ဟွားနှင့် အခြားသူများထံ ရွေ့လျားရောက်ရှိသွားပြီး သူက အေးစက်စွာပြောလိုက်၏။
“ဂိုဏ်းချုပ်က ဒီနေ့ဖြစ်ပျက်နေတဲ့ကိစ္စကို သိရှိပြီးသွားပြီ သူက ငါနဲ့ စကားတချို့မှာလိုက်တယ်”
“ပထမတစ်ခု ဖန့်ချင်းယွင်က အပြင်လူတွေနဲ့ပူးပေါင်းပြီး ဂိုဏ်းသားရောင်းရင်းအချင်းချင်း ပျက်စီးထိခိုက်စေခဲ့တယ် သူက သေသင့်သေထိုက်တယ်”
“ဒုတိယတစ်ခု... ရှောင်လီက သူ့ရဲ့ဂိုဏ်းသားရောင်းရင်းတွေကို စွပ်စွဲပုတ်ခတ်ပြောဆိုခဲ့တယ်... လာမယ့်နှစ်တစ်သောင်းအတွင်း.. သူက တက္ကသိုလ်က ဘာကျင့်ကြံရေးအရင်းအမြစ်ကိုမှ ရမှာမဟုတ်တော့ဘူး... သူက တက္ကသိုလ်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေကိုလည်း ဖတ်ရှုခွင့်မရဘူး... သူက တက္ကသိုလ်ရဲ့အပြင်ဘက်ကိုလည်း ခြေချခွင့်မရှိဘူး”
ရှောင်လီက ကန့်ကွက်ရဲခြင်းမရှိဘဲ သူ၏ ခေါင်းကိုသာငုံ့ထားပြီး နားထောင်နေ၏။
“တတိယတစ်ခု... ယွဲ့ဟွားက သံဝေဂရဆင်ခြင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံရလိမ့်မယ်... ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင်ထိ သူ့ကိုတံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွင့်မပေးဘူး”
ထိုစကားကိုကြားသောအခါ တပည့်ဂိုဏ်းသားများစွာက သက်ပြင်းချပြီး တွေဝေရှုပ်ထွေးသော အကြည့်များနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွားကို ကြည့်လိုက်ကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်၏ စကားကို ယနေ့ကိစ္စ၏ နိဂုံးချုပ်အဖြစ် သတ်မှတ်နိုင်၏။
ဖန့်ချင်းယွင်က သေဆုံးခဲ့ရုံသာမက သူ၏ နာမည်ဂိုဏ်းသတင်းက ပျက်စီးသွားခဲ့သည်။
တက္ကသိုလ်က ရှောင်လီကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မည်သူကမှ အံ့အားသင့်ခြင်းမရှိပေ။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ အမွေခံတပည့်တစ်ယောက်... တက္ကသိုလ်၏ နံပါတ်တစ်ပကတိအင်မော်တယ် ဓားအင်မော်တယ်ယွဲ့ဟွားကလည်း အပြစ်ပေးခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
အဲဒါက ပြင်းပြင်းထန်ထန်မဟုတ်သော်လည်း ယွဲ့ဟွားက လူတိုင်း၏ ရှေ့မှာ မျက်နှာပျက်ရလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုကို အမူအရာကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်ပြီးနောက် မည်သည့်စကားမှမဆိုဘဲ လှည့်ထွက်သွား၏။
ထိုအကြည့်မှာ စိတ်ခံစားချက်များစွာပါဝင်နေ၏။
အဲဒီမှာ မုန်းတီးမှု၊ ခြိမ်းခြောက်မှု၊ သတိပေးမှုနှင့် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားသည် ဤကဲ့သို့ ကြီးမားစွာ မျက်နှာပျက်ခဲ့ရပြီးနောက် ဤကိစ္စကို သေချာပေါက်လွှတ်ချမည် မဟုတ်ကြောင်း ဆူဇီမိုက သိထား၏။
အခွင့်အရေးတစ်ခုခုရှိလာမည်ဆိုလျှင် ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ကိုနောက်တစ်ဖန် သေချာပေါက်တိုက်ခိုက်ဦးမည်ဖြစ်သည်။
သို့သော်လည်း ဆူဇီမိုက ကြောက်လန့်ခြင်းမရှိပေ။
သူ၏ လက်ရှိခွန်အားက ဓားအင်မော်တယ်ယွဲ့ဟွားထက် တကယ်ပင်နိမ့်ကျနေ၏။
သို့သော်လည်း သူ့မှာကြီးထွားဖို့အချိန်ရသည်နှင့် သူ၏ ကျင့်ကြံမှုအလျင်အဟုန်အရ သူသည် သိပ်မကြာခင် ဓားအင်မော်တယ်ယွဲ့ဟွားကို ကျော်တက်သွားနိုင်လေသည်။
ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ကို လာမရှာဘူးဆိုလျှင်တောင် သူက ထိုသူကို သွားရောက်လက်စားချေရမည်ဖြစ်သည်။
နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက သူသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ လက်ထဲမှာ သေလုမတတ်ဖြစ်ခဲ့ရ၏။ သူက အဲဒါကို မေ့ဖျောက်ပစ်လိမ့်မည် မဟုတ်ပေ။
အကြီးအကဲ-၂ က ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး သူ၏ ဘေးပတ်လည်ရှိ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများကို ကြည့်ကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒီနေ့ကိစ္စကို ဘယ်သူကမှ ပြန်မဖြန့်ရဘူး... အထူးသဖြင့် ဖန့်ချင်းယွင်အကြောင်းပဲ”
“အတွင်းရေးကိစ္စဆိုတာ အတွင်းမှာပဲထားရမယ်... ညစ်ညမ်းတဲ့ကိစ္စတွေကို အပြင်မှာထုတ်ဖော်ပြောဆိုတာ မလုပ်ရဘူး”
အကြီးအကဲချန် က အလောတကြီးထပ်ပြောလိုက်၏။
ဖန့်ချင်းယွင်သည် အစကတက္ကသိုလ်မှာ အတွင်းဂိုဏ်း၏ နံပါတ်တစ်ဖြစ်ပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ဝင်ခဲ့၏။ နောက်ဆုံးမှာတော့ သူသည် အပြင်လူများနှင့်ပူးပေါင်းပြီး ဂိုဏ်းသားရောင်းရင်းအချင်းချင်းပျက်စီထိခိုက်အောင်လုပ်ခဲ့၏။ အဲဒါသည် မကြာသေးခင်နှစ်များအတွင်း တက္ကသိုလ်မှာ အကြီးမားဆုံး ကျော်မကောင်းကြားမကောင်းကိစ္စဖြစ်လေသည်။
ဤသတင်းက ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါကတက္ကသိုလ်၏ နာမည်ဂုဏ်သတင်းအပေါ် တကယ်ပင် သက်ရောက်မှုရှိလာပေလိမ့်မည်။
ယွင်ကျူးက လှောင်ပြုံးပြုံးပြီး အကြီးအကဲ-၂ ၏ စကားကို သဘောတူထောက်ခံခြင်းမရှိပေ။
ဤမျှများပြားသောလူများက အဲဒါကို တွေ့မြင်သွားခဲ့ပြီး ထိုကိစ္စကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလပေါင်းစုံက ပျံ့နှံ့သွားပေလိမ့်မည်။
အကြီးအကဲ-၂က ဆူဇီမိုကိုကြည့်ပြီး သူ၏ အမူအရာက အနည်းငယ်ပျော့ပျောင်းသွား၏။
“ဆူဇီမို... ဒီကိစ္စကို ဖြေရှင်းပြီးရင် ကောင်းကင်မြေကြီးနန်းတော်ကို သွားလိုက်... ဂိုဏ်းချုပ်က မင်းကို တွေ့ချင်နေတယ်”
“ဂိုဏ်းချုပ်က ကျုပ်ကို တွေ့ချင်တာလား”
ဆူဇီမိုက အံအားသင့်သွားပြီး မေးလိုက်၏။
“အကြီးအကဲ၂ ဂိုဏ်းချုပ်က ကျုပ်ကို ဘာလို့ဆင့်ခေါ်တာလဲ သိလို့ရမလား”
“ငါမပြောတတ်ဘူး... ကောင်းကင်မြေကြီးနန်းတော်ကိုသွားပြီး မင်းဘာသာမင်းမေးလိုက်တော့”
အကြီးအကဲ-၂က ထိုသို့ပြောပြီး လှည့်ထွက်သွား၏။
“ငါလည်းသွားတော့မယ်”
ယွင်ကျူးက ဆူဇီမိုကို တစ်ချက်ကြည့်၍ ထောင်ယောင်၏ လက်ကိုကိုင်ဆွဲပြီး သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်၏။
“မင်းသမီးယွင်ကျူး... ဂရုစိုက်ပါ ကျုပ်ခင်ဗျားကိုလိုက်ပို့ပေးမယ်”
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး ယွင်ကျူး၊ ထောင်ယောင်နှင့်အတူ ထွက်ခွာကာ သိပ်မကြာခင် လူတိုင်း၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွား၏။
တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး ရေရွတ်ပြောဆိုလိုက်၏။
“ဖန့်ချင်းယွင်က ဗျူဟာခင်းတာနဲ့ အစီအစဥ်ချတဲ့နေရာမှာ သူ့ကိုယ်သူပြိုင်ဘက်ကင်းတယ်လို့ ဂုဏ်မောက်နေခဲ့တာ ဒါပေမဲ့... သူက စီနီယာအစ်ကိုဆူရဲ့ နည်းလမ်းတွေနဲ့ယှဥ်ရင် အများကြီးနိမ့်ကျနေတုန်းပဲ”
“အမှန်ပဲ... လက်တစ်ဖက်ကိုဝေ့ယမ်းရုံနဲ့ ကိစ္စတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့နေရာမှာ စီနီယာအစ်ကိုဆူက အကောင်းဆုံးဥပမာပဲ”
သူက တက္ကသိုလ်အတွင်းဂိုဏ်းရဲ့နံပါတ်တစ်ကို သတ်ဖြတ်ပြီး ဓားအင်မော့တယ်ယွဲ့ဟွားကို အရှက်ရအောင်လုပ်ခဲ့တယ်... ဒါတောင် သူက ပြဿနာကနေ လွတ်လွတ်ကျွတ်ကျွတ်ရုန်းထွက်နိုင်တယ်... ဒီလိုမျိုးနည်းလမ်းတွေက တကယ့်ကိုထူးခြားအံ့အခန်းပဲ”
“သူက စာအုပ်အင်မော်တယ်ယွင်ကျူးနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ ငါသိချင်မိတယ်”
ဆူဇီမိုနှင့် အခြားသူများက ထွက်ခွာသွားခြင်းနှင့်အတူ လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြ၏။ သို့သော်လည်း ယနေ့ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုမှုများက တက္ကသိုလ်မှာ အတန်ကြာသည့်အထိ ဆက်ရှိနေပေလိမ့်မည်။
တက္ကသိုလ်၏ လျှို့ဝှက်စံအိမ်ထဲမှာ လူအိုကြီးရွှမ်၏ အကြည့်က လေဟာနယ်ကို ထိုးဖောက်၍ ဖြစ်စဥ်တစ်ခုလုံးကို တွေ့မြင်နေပုံရ၏။
သူ၏ မျက်လုံးထဲတွင် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုပေါ်ထွက်လာ၏။ အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သူက သူ၏ မျက်လုံးများကို နောက်တစ်ဖန်မှိတ်လိုက်လေသည်။