မူမမှန်ခြင်း
Vol. 166 Ch. 2484
ဆူဇီမို၊ ယွင်ကျူးနှင့် ထောင်ယောင်တို့က တက္ကသိုလ်၏ ကောင်းကင်ထက်ကနေ ဖြတ်ကျော်လာခဲ့ကြ၏။ ခဏနေပြီးနောက် တခြားမည်သူမှ မရှိတော့သည်ကို သူတို့တွေ့မြင်သောအခါ သူတို့၏ အလျင်အဟုန်ကို ဖြည်းဖြည်းချင်း လျှော့ချလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်... မင်းသမီး”
ဤတစ်ခေါက်မှာ ယွင်ကျူး၏ ပေါ်ထွက်လာမှုသည် သူ၏ အကျပ်အတည်းကို ဖြေရှင်းပေးခဲ့ရုံသာမက သူမ၏ တံဆိပ်ပြားက ထောင်ယောင်၏ အသက်ကိုပါ နှစ်ကြိမ်ကယ်တင်ပေးခဲ့၏။
ရပါတယ်”
ယွင်ကျူးက သူမ၏ ခေါင်းကို ညင်သာစွာခါပြီး ပြုံး၍ ပြောလိုက်၏။
“ဒါပေမဲ့ သဏ္ဌာန်လုပ်သရုပ်တူရအောင်.. ငါက ထောင်ယောင်ကို ရက်အနည်းငယ်လောက် ခေါ်သွားရမယ်... နောက်ပိုင်းကျမှ သူ့ကို နင့်ဆီ ငါပြန်ပို့ပေးလိုက်မယ်”
“ကောင်းပါပြီ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“တစ်ယောက်ယောက်က ထောင်ယောင်ရဲ့သရုပ်သကန်ကို ပြဿနာရှာလိမ့်မယ်လို့ ခင်ဗျားဘယ်လိုခန့်မှန်းမိတာလဲ... ခင်ဗျားက သူ့ကိုတံဆိပ်ပြားတစ်ခုတောင်ကြိုတင်ပေးထားသေးတယ်”
“ဟုတ်တယ်မင်းသမီး... ခင်ဗျားတော်တော်ဉာဏ်ကောင်းတာပဲ”
ထောင်ယောင်ကလည်း ဘေးကနေ ချီးကျူးပြောဆိုလိုက်၏။
“ငါက... ဉာဏ်ကောင်းတာမဟုတ်ဘူး... ငါက နင်တို့တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်မှ မဟုတ်တာ”
ယွင်ကျူးက ပြုံး၍ ဆူဇီမိုကို လေးနက်စွာကြည့်ကာ ပြောလိုက်၏။
“အရင်တုန်းက ထောင်ယောင်ကို ငါက ပုဂ္ဂိုလ်ရေးတံဆိပ်ပြားပေးခဲ့တာ ငါ့ရဲ့လျှပ်တပြက်ပေါ်လာတဲ့အတွေးကြောင့်ပဲ... ဒါပေမဲ့ အဓိကအကြောင်းအရင်းကတော့ ငါ့အသက်ကိုကယ်ခဲ့တဲ့အတွက် နင့်ကိုပြန်ပေးဆပ်ဖို့နဲ့ တစ်ချိန်တည်းမှာ ဒဏ္ဍာရီလာမိစ္ဆာအထီးကျန်သိုင်းသခင်ကို မျက်နှာလုပ်ချင်လို့ပဲ”
“ဒါပေမဲ့ ဒီတံဆိပ်ပြားက နောက်ပိုင်းအသုံးဝင်လာလိမ့်မယ်လို့တော့ ငါလည်း တကယ်ထင်မထားခဲ့ဘူး”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်.. ဒီတစ်ခေါက် ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
သူတို့သုံးယောက်က တစ်လမ်းလုံး စကားပြောဆိုလာခဲ့ပြီး သူတို့သည် တက္ကသိုလ်၏ ပို့ဆောင်ရေးဝင်္ကပါရှိရာခန်းမသို့ ရောက်ရှိလာကြ၏။
“ကဲ.. ရပြီ”
ယွင်ကျူးက ပြောလိုက်၏။
“ပြန်သွားတော့... တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က နင့်ကိုခေါ်ထားတယ်... ငါ့ကိုလိုက်ပို့နေစရာ မလိုတော့ဘူး”
“ကောင်းပါပြီ”
ဆူဇီမိုက နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက်ကိုယှက်ပြပြီး ကောင်းကင်မြေကြီးနန်းတော်ရှိရာ တက္ကသိုလ်၏ အမွေခံကုန်းမြေဘက်သို့ ထွက်ခွာသွားလေသည်။
ယွင်ကျူးက ထောင်ယောင်၏ လက်ကို ကိုင်ဆွဲပြီး ပို့ဆောင်ရေးဝင်္ကပါသို့ ဝင်ရောက်လိုက်၏။ သူတို့သည် ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ ပြန်ရောက်လာပြီး စာကြည့်တိုက်ရှိရာသို့ ပြန်လာကြလေသည်။
ဝင်ပေါက်ဝမှာ အစေခံမိန်းကလေးတစ်ဦးက ရှေ့သို့တက်လှမ်းလာပြီး ပြောလိုက်၏။
“မင်းသမီး... ရှင်နောက်ဆုံးတော့ ပြန်လာပြီပဲ... သခင်လေးယွင်ထင်က ရှင့်ကို နေရာအနှံ့လိုက်ရှာနေတာ... ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်ခဲ့တဲ့ပုံပဲ သူကအခု အပေါ်ထပ်မှာရှိတယ်”
“သူက ဘာများဖြစ်နိုင်မှာလဲ... သူက အဲလောက်ထိ ဇာချဲ့နေစရာ မလိုပါဘူး”
ယွင်ကျူးသည် သူမ၏ မောင်အကြောင်းကို ကောင်းကောင်းသိထားလေသည်။ တည်ငြိမ်သောအမူအရာနှင့်အတူ သူမက သာမန်ကာလျှံကာပြောပြီး အပေါ်ထပ်ကို တက်သွား၏။
“သူက... သူ့ရဲ့ကျင့်ကြံမှုမှာ အဆင့်ချိုးဖျက်ပြီး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာတာနေမယ်... သူက ငါ့ကို ကြွားလုံးထုတ်မလို့ လိုက်ရှာနေတာဖြစ်ရမယ်”
တစ်ခဏချင်းမှာပင် ယွင်ကျူးက ထောင်ယောင်နှင့်အတူ စာကြည့်တိုက်၏ အပေါ်ထပ်သို့ ရောက်ရှိလာခဲ့၏။
ယွင်ထင်သည် ယွင်ကျူးဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူကမတ်တတ်ထရပ်ပြီး သူမအနားသို့ ချဥ်းကပ်လာ၏။ သူက ရင်ဘတ်ကိုပုတ်ပြပြီး ဝင့်ကြွားစွာပြောလိုက်၏။
“အစ်မ... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲကိုရောက်ဖို့ နှစ်တစ်ထောင်လိုသေးတယ်... ဒါပေမဲ့ ကျုပ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့ပြီ”
ထောင်ယောင်က ဘေးကနေကြိတ်၍ရယ်နေ၏။
“ဟမ်...”
ထောင်ယောင်ကို မှတ်မိသွားပြီး ယွင်ထင်က သူ၏ မျက်နှာကိုမော့ကာ မျက်မှောင်ကြုတ်လိုက်၏။
“ဘာလို့မင်းပဲ ထပ်ဖြစ်နေတာလဲ... မင်းက ဆူဇီမိုရဲ့ဘေးနားမှာနေရမယ့်အစား ဘာလို့ငါ့အစ်မဘေးကို အမြဲတမ်းလာနေတာလဲ”
“သူ့ကိုငါခေါ်လာတာ... အဲဒါနင့်အလုပ်မဟုတ်ဘူး”
ယွင်ကျူးက ယွင်ထင်ကို တွန်းဖယ်ကာ ပြောလိုက်၏။ သူမက ထောင်ယောင်၏ လက်ကိုကိုင်ဆွဲပြီး သူမ၏ စာကြည့်ခန်းသို့ ပြန်လည်ရောက်ရှိလာ၏။
ယွင်ထင်က တည်တံ့သောအမူအရာဖြင့် နောက်ကနေအလောတကြီးလိုက်ပါလာ၏။ သူက ထောင်ယောင်ကို စိုက်ကြည့်ပြီး ခပ်ဆတ်ဆတ်မေးလိုက်၏။
“မင်းစောစောက ဘာလို့ငါ့ကိုရယ်နေတာလဲ... မင်းငါ့ကိုလှောင်နေတာလား... မင်းသခင်ရဲ့ ကျင့်ကြံမှုက ငါ့ထက်ပိုပြီးမြန်နေလို့လား”
“သူက မမြန်ပါဘူး”
ထောင်ယောင်က ခေါင်းခါပြလိုက်သော်လည်း ကြောက်လန့်ခြင်းမရှိပေ။
“သခင်လေးက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ ရှိပါသေးတယ်”
“အားနည်းတယ်”
ယွင်ထင်က နှုတ်ခမ်းကိုမဲ့ပြီး အထင်သေးစွာ လှောင်ရယ်လိုက်၏။
ယွင်ကျူးက ယွင်ထင်ကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်၏။
“မောင်လေး... သူ့ကိုအထင်မသေးနဲ့ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေနဲ့ သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၇ ဝင်လာခဲ့ပြီ”
“အဲတော့ ဘာဖြစ်လဲ”
ယွင်ထင်ကလည်း ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ပြင်ဆင်ချက်ကို တွေ့မြင်ထားခဲ့ပြီး အံ့အားသင့်သွားခြင်း မရှိပေ။
“ကျုပ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံခဲ့ပြီးပြီ... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အသစ်မွမ်းမံပြင်ဆင်လိုက်တာနဲ့ ကျုပ်က ချင်ကူရဲ့နေရာကို အစားထိုးပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရရှိလာလိမ့်မယ်”
ယွင်ကျူးက ပြောလိုက်၏။
“နှစ်တစ်ထောင်အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်တယ်... နောက်ပြီး နင်က အခုနေ ဆူဇီမိုနဲ့ တိုက်ခိုက်မယ်ဆိုရင်တောင်မှ ရလဒ်ကို ကြိုတင်ခန့်မှန်းလို့မရနိုင်သေးဘူး”
“အစ်မ..”
ယွင်ထင်က မကျေမနပ်အော်ပြောလိုက်၏။
“ခင်ဗျားဘာလို့ကျုပ်ကို အမြဲတမ်းထိုးနှက်ပြီး ဆူဇီမိုကို မြှောက်ပင့်နေရတာလဲ... မသိရင် ခင်ဗျားနဲ့ ဆူဇီမိုက မောင်နှမအရင်းဖြစ်တဲ့အတိုင်းပဲ”
“ဟမ့်...”
ယွင်ကျူးက လှောင်ရယ်လိုက်၏။
“ငါကနင့်ကိုထိုးနှက်တယ်တဲ့လား... ငါက နင့်ကိုတကယ်တမ်း စိတ်ထိခိုက်စေမယ့်စကားကိုတောင် မပြောရသေးဘူး”
သူ့ဘဝမှာ အသန်မာဆုံးပြိုင်ဘက်အဖြစ် ရှုမြင်ထားသည့်သူက တစ်ဘက်လူ၏ ကိုယ်ပွားတစ်ခုမျှသာဖြစ်သည်ကို ယွင်ထင်သိမည်ဆိုလျှင် သူ့ဘဝမှာ စိတ်ဒဏ်ရာတစ်ခုရသွားနိုင်လေသည်။
ယွင်ကျူးက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မေးလိုက်၏။
“ဒါနဲ့... ပကတိမိုးကြိုးမြို့တော်က ဖျက်ဆီးခံရပြီး ယွမ်ကျောက သေသွားတယ်... မဟာကျင်းအင်မော်တယ်နိုင်ငံက ဘယ်လိုတုံ့ပြန်လာလဲ”
“သူတို့ဆီက တုံ့ပြန်မှုများများစားစားရှိမလာဘူး”
ယွင်ထင်က ပခုံးတွန့်ပြလိုက်၏။
ယွင်ကျူးက လေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
“မင်းသမီး... တစ်ခုခုမှားယွင်းနေလို့လား”
ထောင်ယောင်က ယွင်ကျုး၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ ညင်သာစွာမေးလိုက်၏။
ယွင်ကျူးက လေးနက်စွာပြောလိုက်၏။
“နင့်ရဲ့သခင်လေးက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသားတစ်ပါးနဲ့ ကောင်းကင်အင်မော်တယ်ရာချီကို သတ်ဖြတ်ပြီး မြို့တစ်မြို့ကို မီးလောင်တိုက်သွင်းခဲ့တယ်... အဲဒါက သူတို့ကို စစ်ကြေညာလိုက်တာနဲ့ တူညီသလောက်နီးပါးပဲ”
“တစ်ဘက်အဖွဲ့က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရဲ့စွမ်းအားကို စိုးရိမ်ပူပန်နေမယ်ဆိုရင်တောင် တစ်ယောက်ယောက်ကတော့ ရှေ့ကိုထွက်လာပြီး ပြောလိမ့်မယ်... သူတို့တွေက ဒီလောက်ထိ တည်ငြိမ်မနေသင့်ဘူး... အဲဒါက နဲနဲတော့ထူးခြားတယ်”
ယွင်ထင်က သာမန်ကာလျှံကာပြောလိုက်၏။
“ယွမ်ကျောက သူ့ရဲ့အခွင့်အာဏာကို ဆုံးရှုံးထားခဲ့ရတာကြာပြီ... သူကသေသွားမယ်ဆိုရင်လည်း သေသွားတယ်ပေါ့... သူ့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ”
ယွင်ကျူးက ပြောလိုက်၏။
“ယွမ်ကျောရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲနိမ့်ကျသွားပါစေ... မဟာကျင်းတော်ဝင်မိသားစုရဲ့ မျိုးဆက်သွေးက သူ့ခန္ဓာကိုယ်ထဲမှာ စီဆင်းနေခဲ့တယ်... သူ့ကို အပြင်လူတွေက အလွယ်တကူသတ်ဖြတ်လို့ ဘယ်ရပါ့မလဲ”
ယွင်ထင်က ရယ်မောပြောဆိုလိုက်၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံက ပိုပြီးတော့ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတစ်ရပ်အတွက် ပြင်ဆင်နေတာဖြစ်ချင်ဖြစ်မှာပေါ့... ရိုက်ချက်တစ်ချက်တည်းနဲ့ တစ်ခါတည်းလက်စဖျောက်သတ်ဖြတ်ဖို့.. အဲဒါက မုန်တိုင်းမလာခင် တည်ငြိမ်နေတာနဲ့ တူသလိုပဲ”
“အဲလိုဆိုရင်...”
ယွင်ကျူးက အလေးအနက်စဥ်းစားတွေးတောသွား၏။
ခဏနေပြီးနောက် ယွင်ကျူးက ခေါင်းမော့ကြည့်လိုက်ပြီး ယွင်ထင်က ထိုနေရာမှာ ရှိနေသေးသည်ကို တွေ့မြင်လိုက်ရ၏။ သူမက လက်ကာပြပြီး ပြောလိုက်၏။
“ပြန်သွားပြီးတော့.. ကျင့်ကြံတော့.. နှစ်တစ်ထောင်ကျန်သေးတယ် ခိုကပ်မနေနဲ့”
ယွင်ထင်က ဆွံ့အသွားလေသည်။
သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံနိုင်ခဲ့သောအခါ သူပထမဆုံးပြုလုပ်သည့်အရာမှာ သူမထံမှ အားပေးစကားတချို့ရရှိဖို့ ယွင်ကျူးကို လိုက်လံရှာဖွေခဲ့ခြင်းဖြစ်၏။ နောက်ဆုံးမှာတော့ သူက အဖတ်မတန်သလို ဥပေက္ခာပြုခံရလေသည်။
သူသည် မြင့်မားသောစိတ်ဝိညာဥ်နှင့်ရောက်ရှိလာခဲ့သော်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားရ၏။
“သူက ငါ့အစ်မအရင်းပါ... သူက ဘာလို့အပြင်လူတွေအတွက်ပဲ ရပ်တည်ပေးနေတာလဲ... ဟမ့်... “
ယွင်ထင်က မကျေမနပ်ရေရွတ်ပြောဆိုရင်း စာကြည့်တိုက်ထဲကနေ ထွက်ခွာသွား၏။
သိပ်မကြာခင် သူက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို တွေးမိသွားပုံရကာ သူ၏ မျက်လုံးက ပြူးကျယ်သွား၏။
“အဲဒါက ... ဟိုဟာများ... အာ အဲလိုတော့ မဖြစ်လောက်ပါဘူး”
ယွင်ထင်က တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သူ၏ လက်သီးနှစ်ဖက်ကို စိတ်လွတ်လက်လွတ်ဆုပ်ထားမိလိုက်၏။
ကောင်းကင်းနှင့်မြေကြီးတက္ကသိုလ်မှာ..။
ဆူဇီမိုသည် တက္ကသိုလ်၏ မြေပုံကိုကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်မှုအရှိဆုံးနေရာ ကောင်းကင်မြေကြီးနန်းတော်ကို ရောက်ရှိလာ၏။
ကောင်းကင်မြေကြီးနန်းတော်သည် တက္ကသိုလ်၏ အနက်ပိုင်းထဲမှာ တည်ရှိလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ ခွင့်ပြုချက်မရှိဘဲ တစ်ယောက်ယောက်က ဤနေရာသို့ ရောက်ရှိလာမည်ဆိုလျှင်တောင် သူတို့သည် ကောင်းကင်မြေကြီးနန်းတော်ကို တွေ့မြင်နိုင်မည်မဟုတ်ဟူသော ဆိုရိုးစကားတစ်ခုက တက္ကသိုလ်မှာ အမြဲတမ်းရှိခဲ့၏။
ဆူဇီမိုသည် မလှမ်းမကမ်းမှာရှိသော နန်းတော်ကိုကြည့်ပြီး သူ၏ မျက်လုံးက အနည်းငယ်မှေးကျဥ်းသွား၏။
တက္ကသိုလ်ရှိအခြားသောခန်းမများနှင့် အဆောက်အအုံများနှင့် နှိုင်းယှဥ်လျှင် ကောင်းကင်မြေကြီးနန်းတော်က အတော်လေးရိုးရှင်းနေ၏။ သို့သော်လည်း နန်းတော်က ရှေ့တည့်တည့်မှာရှိနေပြီး အဲဒါသည် ဘေးပတ်ဝန်းကျင်၊ တိုက်ခတ်နေသောလေနှင့် ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်စိုင်များနှင့်အတူ ဖော်မပြတတ်သော လျှို့ဝှက်ဆန်းကြယ်သည့် အော်ရာတစ်ခုကို ဖြစ်ပေါ်နေစေသည့်အလားပင်။
နန်းတော်သည် အစီအရင်ဝင်္ကပါ သို့မဟုတ် အဟန့်အတားတစ်ခုနှင့်ဆင်တူသော လျှို့ဝှက်နေရာလွတ်တစ်ခုထဲမှာ ရှိနေပုံရ၏။ သို့သော်လည်း ထိုနှစ်ခုစလုံးက သေချာပေါက် မဟုတ်ပေ။
ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်စိုင်များက ရုတ်တရက်ဆင်းသက်လာပြီး နန်းတော်၏ ဝင်ပေါက်ဝသို့ ဦးတည်နေသော တိမ်စိုင်တံထားတစ်ခုကို ဖြစ်ပေါ်လာစေ၏။
“ဇီမို... ဝင်လာခဲ့လေ”
ဂိုဏ်းချုပ်၏ အသံက နွေးထွေး၍ သဘောကောင်းသောပုံစံဖြင့် ထွက်ပေါ်လာ၏။
ဆူဇီမိုက ရှေ့တည့်တည့်မှာရှိသော ကောင်းကင်မြေကြီးနန်းတော်ကိုကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ တိမ်စိုင်တံတားပေါ်သို့ တက်လှမ်းလိုက်လေသည်။