အစစ်အမှန်ခန္ဓာ ဖော်ထုတ်ခံရခြင်း
Vol. 166 Ch. 2485
ကောင်းကင်မြေကြီးနန်းတော်ကို အင်မော်တယ်ချီက လွှမ်းခြုံထားပြီး သိပ်သည်းသော မြူခိုးများက လွင့်မျောနေ၏။ ရှေ့မှာ လူတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်ကို ခပ်ရေးရေးတွေ့မြင်ရလေသည်။
ဆူဇီမိုက ကောင်းကင်မြေကြီးနန်းတော်သို့ ဝင်ရောက်လာပြီး နန်းတော်ထဲရှိ အင်မော်တယ်ချီက တဖြည်းဖြည်းပျက်ပြယ်ကာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ဖြောင့်မတ်သော ခန္ဓာကိုယ်က ပေါ်ထွက်လာ၏။
“မင်္ဂလာပါ ဂိုဏ်းချုပ်”
ဆူဇီမိုက မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်လေသည်။ သူ၏ မျက်လုံးများက ကျယ်ပြောသော ကြယ်တာရာကောင်းကင်ကို ရောင်ပြန်ဟပ်ပေးနေပုံရပြီး ထူးဆန်းသော ဂမ္ဘီရအလင်းတစ်ခုအဖြစ် တောက်ပနေကာ သူက ပြုံးပြလိုက်၏။
“ဘာလို့လဲ… အမည်ခံတပည့်တစ်ယောက်အနေနဲ့ မင်းက ငါ့ကို ဆရာလို့တောင် မခေါ်ချင်ဘူးလား”
ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးများနှင့် ဆုံမိသည့်ခဏမှာပင် မမြင်ရသော အင်အားတစ်ရပ်ဖြင့် သူ၏ ရင်ထဲမှာ လှုပ်ခတ်သွား၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့ကို မေးခွန်းထုတ်နေပုံရသော်လည်း သူ၏ လေသံမှာ အပြစ်တင်မှု သို့မဟုတ် မကျေနပ်မှု မပါရှိပေ။
ဆူဇီမိုက မည်သည့်ဖိအားကိုမှလည်း မခံစားရပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက မလုံမလဲခံစားနေရ၏။
“မင်္ဂလာပါ ဆရာ”
ဆူဇီမိုက သူ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး နောက်တစ်ဖန်ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က နွေးထွေးစွာ ပြောလိုက်၏။
“ရပါတယ်… မင်းက ငါ့လက်အောက်ကို မဝင်ရောက်ချင်ဘူးဆိုရင် မင်းက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီးတဲ့နောက် တခြားအင်မော်တယ်ဘုရင်အကြီးအကဲတွေကို ရွေးချယ်လို့ရတယ်… မင်းရဲ့ပါရမီအရည်အချင်းနဲ့ဆို ဘယ်အင်မော်တယ်ဘုရင်အကြီးအကဲကမှ မင်းကို ငြင်းပယ်မှာ မဟုတ်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် တက္ကသိုလ်၏ ဂိုဏ်းချုပ်က ရုတ်တရက်မေးလိုက်၏။
“ဒီနေ့ကိစ္စအတွက် ငါက ယွဲ့ဟွားကို ပြင်းပြင်းထန်ထန် အပြစ်မပေးတဲ့အတွက် မင်းမကျေနပ်ဘူးမလား”
“ကျုပ် မကျေနပ်မဖြစ်ရဲပါဘူး”
ဆူဇီမိုက ရိုးသားစွာ ပြန်ဖြေလိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကိုခါပြီး ရယ်မောပြောဆိုလိုက်၏။
“မင်းရဲ့ပြန်ဖြေစကားက မင်းက တကယ်ပဲ မကျေမနပ်ခံစားနေရတယ်လို့ သွယ်ဝိုက်ဖော်ပြနေတယ်”
ဆူဇီမိုက ဝန်ခံသည့်အနေဖြင့် နှုတ်ဆိတ်နေ၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“ယွဲ့ဟွားက ဘာပဲပြောပြော တက္ကသိုလ်ရဲ့ နံပါတ်တစ် ပကတိအင်မော်တယ်ပဲ… နောက်ပိုင်းမှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ဂမ္ဘီရမိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ သူက တက္ကသိုလ်ကို ကိုယ်စားပြုပေးရဦးမယ်… ငါက သူ့ကို မျက်နှာသာတချို့ပေးမှရမယ်… ဒါပေမဲ့ မပူပါနဲ့… မင်းက ပကတိဧကနယ်ပယ်ကို တက်လှမ်းပြီး အမွေခံတပည့်တစ်ယောက်ဖြစ်လာတာနဲ့ ငါက မင်းနဲ့ မိုချင်ကို တာအိုလက်တွဲဖော်တွေဖြစ်လာဖို့ တတ်နိုင်သမျှ မြန်မြန်စီစဉ်ပေးနိုင်တယ်”
“အမ်…”
ဆူဇီမိုက မှင်တက်သွားပြီး တုန်လှုပ်နေ၏။
သူက ခဏကြာသည်အထိ မတုံ့ပြန်နိုင်ပေ။ ဂိုဏ်းချုပ်သည် သူနှင့် စီနီယာအစ်မမိုချင်အကြောင်း ဘာကြောင့် ရုတ်တရက်ပြောဆိုလာတာလဲ။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“ငါတို့ အင်မော်တယ်ကျင့်ကြံသူတွေအတွက် တာအိုလက်တွဲဖော်တွေဖြစ်လာဖို့ဆိုတာ ကံကြမ္မာရေစက်ကို လိုအပ်တယ်… အဲဒါက ဘဝအဆက်ဆက် အထုံရေစက် စုဆောင်းရပြီး အတင်းအကျပ်ပြုလုပ်လို့မရတဲ့အရာပဲ… ယွဲ့ဟွားက မိုချင်ကို ပိုးပန်းနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့ မိုချင်က ဒီနှစ်တွေအားလုံးထဲမှာ မင်းအပေါ်ကို ခံစားချက်ရှိလာတာ သိသာတယ်… ငါမြင်တာတော့ အဲဒါပဲ”
“မဟုတ်ပါဘူး ဆရာ… ခင်ဗျား နားလည်မှုလွဲနေတာနေမှာ”
ဆူဇီမိုက ရှင်းပြချင်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးပြလိုက်၏။
“မပူပါနဲ့… ဒီကိစ္စမှာ ငါက မင်းဘက်ကနေ ရပ်တည်ပေးမှာပါ”
ဆူဇီမိုသည် ဤကိစ္စအတွက် သူက ရှင်းပြလို့ မရနိုင်လောက်တော့ဘူးဆိုတာကို သူက နားလည်လိုက်၏။ စီနီယာအစ်မမိုချင်သည် တခြားလူများနှင့် ပတ်သက်ဆက်ဆံဖို့နေနေသာ… နှစ်ပေါင်းများစွာကြာအောင် သူမက တံခါးပိတ်ကျင့်ကြံနေတတ်ပြီး အပြင်ဘက်မှာ ပေါ်ထွက်လာခဲလေသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ်များမှာ သူမသည် သူ၏ လိုဏ်ဂူခန်းဝါသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့၏။ ထို့ကြောင့် အပြင်လူများအနေဖြင့် သူနှင့် သူမကို ဆက်စပ်ကြည့်ဖို့က လွယ်ကူလေသည်။
ဒါ့အပြင် စီနီယာအစ်မမိုချင်သည် သူ့ကို ကြိမ်ဖန်များစွာ ကူညီပေးခဲ့၏။ နောက်ဆုံးတစ်ခေါက်မှာ သူမသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်ပညာရှင်များနှင့် ရင်ဆိုင်ဖို့အတွက် စန်းယွင်တောင်သို့ပင် လိုက်ပါလာခဲ့လေသည်။
သူတို့နှစ်ယောက်က သာမန်ဂိုဏ်းသားရောင်းရင်းများဟုသာဆိုလျှင် ဘယ်သူက ယုံကြည်ပါ့မလဲ။
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
သူသည် စီနီယာအစ်မမိုချင်၏ ပန်းချီကားကို လက်ခံခဲ့ပြီဖြစ်၏။ အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူမသည် နောက်ပိုင်း သူ့ကို လာရှာတော့မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံမှု မရှိတော့သည့်အခါ လူတိုင်းက အဲဒါကို တဖြည်းဖြည်းနားလည်သဘောပေါက်လာပေလိမ့်မည်။
သူက ယခုအချိန်မှာ အတင်းရှင်းပြနေမည်ဆိုလျှင်တောင် ပို၍ဆိုးလာဖို့သာ ရှိပေလိမ့်မည်။
“နောက်ပြီး ပကတိမိုးကြိုးမြို့တော်က တိုက်ပွဲကိုလည်း ငါကြားတယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။
“ဘုရင်ကျင်းက ငါ့ဆီကို ရောက်လာခဲ့တယ်… ငါက အခုပဲ သူ့ကို ပြန်ပို့ပေးလိုက်တာ… ဒီကိစ္စက အဆုံးသတ်သွားလိမ့်မယ်”
တက္ကသိုလ်၏ ဂိုဏ်းချုပ်က အဲဒါကို သာမန်ကာလျှံကာ ပြောဆိုလိုက်သော်လည်း ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူသည် ပကတိမိုးကြိုးမြို့တော်မှာ ကြီးမားစွာ ပြဿနာရှာခဲ့ပြီးနောက် မဟာကျင်းအင်မော်တယ်နိုင်ငံက သူ့ကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ဆူဇီမိုက မျှော်လင့်ထားပြီးသားဖြစ်၏။
သို့သော်လည်း ဤကိစ္စအတွက် ဘုရင်ကျင်းကိုယ်တိုင် ပေါ်ထွက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က အဲဒါကို သာမန်ကာလျှံကာ ပြောဆိုခဲ့သော်လည်း ဂိုဏ်းချုပ်၏ ကြားဝင်ဖျန်ဖြေပေးမှုနှင့် ဘုရင်ကျင်းကို တားဆီးပေးခဲ့သောကြောင့် မဟုတ်လျှင် သူက ယခုအချိန်မှာ သေနေလောက်ပြီဆိုတာ ဆူဇီမိုက သိထား၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဘုရင်ကျင်းရောက်ရှိလာပြီးနောက် သူတို့နှစ်ယောက်ကြား ဖြစ်ပျက်ခဲ့သည့်အရာကို အကျယ်တဝင့်ပြောဆိုနေခြင်း မရှိပေ။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် အဲဒါအတွက် တန်ဖိုးတစ်ခုကို ပေးချေခဲ့ရမည်ဖြစ်ကြောင်း စဉ်းစားကြည့်နိုင်၏။ သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာ သို့မဟုတ် တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်စုံတစ်ရာနှင့် လျော်ကြေးပေးပြီး ဤကိစ္စကို အဆုံးသတ်စေဖို့ ဘုရင်ကျင်းနှင့် ညှိနှိုင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံသည် ဤအချိန်အတောအတွင်း မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ အလွန်တရာ ငြိမ်သက်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
“ကျေးဇူးတင်ပါတယ် ဆရာ”
ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်ကို အလေးအနက်ဦးညွှတ်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် များစွာရှင်းပြနေခြင်း မရှိသော်လည်း အဲဒီမှာ ပါဝင်ပတ်သက်ခဲ့သည့် အန္တရာယ်နှင့်ဖိအားကို သူက သိရှိလေသည်။
“ထပါ”
တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် စိတ်သက်သာရာရသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ငါက မင်းကို လက်ခံထားတယ်ဆိုမှတော့ မင်းရဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးရမှာပေါ့”
“ဖန့်ချင်းယွင်က သေသွားပြီ… ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဒီတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် မင်းကိုပဲ အားကိုးရတော့မယ်”
“မပူပါနဲ့ ဆရာ”
ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။
“ကျုပ်ကက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို အရယူဖို့ ဆုံးဖြတ်ထားတယ်”
ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာက အဓိကမဟုတ်ပေ။
အဓိကအချက်မှာ သူနှင့် ယွင်ထင်သည် အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ နောက်ဆုံးတွေ့ဆုံရလိမ့်မည်ဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲတစ်ခုဖြစ်လာဖို့က မလွဲမသွေပင်။
ဆူဇီမိုသည် ယွင်ထင်၏ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ရယူချင်သလို ယွင်ထင်ကလည်း သူ၏ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို ရယူချင်နေ၏။
အမှားအယွင်းတစ်စုံတစ်ရာ မရှိလျှင် အနိုင်ရရှိသော မည်သူမဆို ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိလာပေလိမ့်မည်။
“ပေါ့ပေါ့ဆဆ မလုပ်နဲ့”
တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ငါသိရသလောက်ဆိုရင် ယွင်ထင်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံပြီးသွားပြီ… မင်းနဲ့သူ့ကြားမှာ နယ်ပယ်သုံးခု ကွာဟနေတယ်… မင်းရဲ့ ငရဲဖိနှိမ်မီးဖိုကိုလည်း အထီးကျန်သိုင်းသခင်က လုယူသွားပြီ”
ထိုနေရာရောက်တွင် တက္ကသိုလ်၏ ဂိုဏ်းချုပ်က ခဏမျှရပ်တန့်လိုက်၏။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
သူက ခေါင်းမော့မကြည့်သော်လည်း တစ်စုံတစ်ရာကို ရှာဖွေဖော်ထုတ်ချင်နေသည့်အလား တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်နေသည်ကို သူက အာရုံခံမိနိုင်၏။
ယွင်ကျူးပြောသည်မှာ မှန်လေသည်။ သူတစ်ခါက ပိုင်ဆိုင်ခဲ့သော စတုရန်းကြေးမီးဖိုက ငရဲဖိနှိမ်မီးဖိုဖြစ်သည်ကို သူမက ကောက်ချက်ချနိုင်မည်ဆိုလျှင် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကလည်း အဲဒါကို ခန့်မှန်းမိနိုင်ပေလိမ့်မည်။
သို့သော်လည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် အရာရာတိုင်းကို တွက်ချက်နိုင်ပြီး ကောင်းကင်လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်သည်ဆိုလျှင်တောင် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ မူလဇာစ်မြစ်ကို တွက်ချက်နိုင်မည် မဟုတ်ပေ။
ငရဲဖိနှိမ်မီးဖိုက အထီးကျန်သိုင်းသခင်၏ လက်ထဲမှာ ရောက်ရှိနေသည်ဟု သိရသောအခါ အထီးကျန်သိုင်းသခင်သည် အဲဒါကို သူ့ထံမှ လုယူသွားခြင်းဖြစ်မည်ဟု လူတိုင်းနီးပါးက အလိုလိုတွေးထင်ခဲ့ကြ၏။
အဲဒါက ယုတ္တိအကျဆုံး အဖြေတစ်ခုလည်း ဖြစ်လေသည်။
ယွင်ကျူးသည် သူနှင့် အထီးကျန်သိုင်းသခင်အကြား ပတ်သက်ဆက်နွယ်မှုကို ကောက်ချက်ချနိုင်ခဲ့သည့် အကြောင်းရင်းမှာ အဓိကအားဖြင့် သူက အဝီစိမှာ သဲလွန်စတစ်ခု ထုတ်ဖော်ခဲ့မိသောကြောင့်ဖြစ်၏။
သို့သော်လည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် အဝီစိမှာ ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိပေ။ သူက သိုင်းတာအိုပင်မခန္ဓာ၏ မူလဇာစ်မြစ်ကို မတွက်ချက်နိုင်သည့်အချက်နှင့်အတူ သူ၏ ခန့်မှန်းချက်က မှားယွင်းဖို့သာ ရှိလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ ရပ်တန့်မှုက ခဏမျှသာဖြစ်ပြီး သိသာထင်ရှားမှု မရှိသလောက်နီးပါးပင်။
သူက ဆက်ပြောလိုက်၏။
“မင်းရဲ့ ငရဲဖိနှိမ်မီးဖိုကို အထီးကျန်သိုင်းသခင်က လုယူသွားတယ်… မင်းရဲ့မျိုးဆက်သွေးကိုလည်း အသုံးမပြုလို့မရတဲ့ မင်းရဲ့မူမမှန်ထူးခြားမှုကြောင့် မင်းက ယွင်ထင်ကို နိုင်စရာအကြောင်း မရှိတော့ဘူး”
“ဟမ့်”
ဆူဇီမိုက တုန်လှုပ်သွား၏။
ငရဲဖိနှိမ်မီးဖိုနှင့် အထီးကျန်သိုင်းသခင်အကြောင်း ကြားရချိန်မှာ သူက ဣန္ဒြေဆည်နိုင်ခဲ့သေး၏။
သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ မျိုးဆက်သွေးကို အသုံးမပြုလို့ မရသည့်အကြောင်း ပြောဆိုသောအခါ သူက ရင်တထိတ်ထိတ်ဖြစ်လာ၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က တစ်စုံတစ်ရာကို အရိပ်အမြွက်ပေးနေသည်မှာ သိသာလေသည်။
သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ရှေ့မှာ ဤကဲ့သို့ ကြီးမားသည့် စိတ်ခံစားချက် အတက်အကျများကို ဖုံးကွယ်ထားလို့ မရနိုင်ဘူးဆိုတာ ဆူဇီမိုကလည်း သိရှိလေသည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး မော့ကြည့်လိုက်၏။
မဟာရန်သူတော်တစ်ယောက်နှင့် ရင်ဆိုင်နေရသလိုဖြစ်နေသည့် ဆူဇီမိုကို ကြည့်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“ဘာမှ စိုးရိမ်ထိတ်လန့်မနေနဲ့… မင်းရဲ့ ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေးကို ငါအာရုံခံမိနေခဲ့တာ ကြာခဲ့ပြီ။”