← Chapters

တိုက်ဆိုင်မှု

Vol. 166 Ch. 2486

တိုက်ဆိုင်မှု

Vol. 166 Ch. 2486

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် ရင်ထဲမှာ ဗလောင်ဆူ၍ သူ၏ စိတ်ထဲမှာ အတွေးပေါင်းများစွာက ပေါ်ထွက်လာ၏။

သို့သော်လည်း နောက်ဆုံးမှာ သူက သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီး တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

“ဂိုဏ်းချုပ်… ခင်ဗျား အဲဒါကို ဘယ်အချိန်တုန်းက ရှာတွေ့သွားတာလဲ”

ဆူဇီမိုက မေးလိုက်၏။

မသိလိုက်မသိဘာသာနှင့် တက္ကသိုလ်ဂိုဏ်းချုပ်ကို သူခေါ်ဝေါ်ပုံက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။ သူသည် ဆူဇီမို၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ အနည်းငယ် စိတ်ပျက်သွားပုံရသည်။

“တက္ကသိုလ်ကို မင်းဝင်ရောက်ပြီးတဲ့နောက် ပထမဆုံး အဆင့်ချိုးဖျက်တက်လှမ်းတဲ့အချိန်မှာပဲ ငါအဲဒါကို အာရုံခံမိခဲ့တယ်”

“ဒါပေမဲ့ မပူပါနဲ့… ငါက မင်းရဲ့ လိုဏ်ဂူခန်းဝါပတ်လည်မှာ အဟန့်အတားတချို့ကို ခင်းကျင်းပေးထားပြီး ဖန်တီးခြင်းကြာပဒုမ္မာရဲ့ အော်ရာကို ဖုံးကွယ်ပေးထားတယ်… ဘယ်သူကမှ အဲဒါကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက နှုတ်ဆိတ်သွား၏။ သူသည် အဲဒါကို သူ၏ မျက်နှာပေါ်မှာ ထုတ်ဖော်ပြသခြင်း မရှိသော်လည်း သူက စိုးရိမ်ပူပန်နေဆဲဖြစ်သည်မှာ သိသာလေ၏။

ဂိုဏ်းချုပ်၏ မျက်လုံးများမှာ အဆုံးမဲ့ဉာဏ်ပညာပါဝင်နေပုံရပြီး သူက ရယ်မောပြောဆိုလိုက်၏။

“ဖန်တီးခြင်းကြာပဒုမ္မာက တက္ကသိုလ်ထဲမှာ အဆက်မပြတ်ကျင့်ကြံနေတာကို ငါက သတိထားမိမှာမဟုတ်ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား”

“အဲ့လိုသာဆိုရင် ငါက ဂိုဏ်းချုပ်နေရာနဲ့ ထိုက်တန်မှာ မဟုတ်တော့ဘူး”

ထိုနေရာအရောက်တွင် ဆူဇီမိုသည် စစချင်းတုန်လှုပ်မှုကနေ တဖြည်းဖြည်းတည်ငြိမ်လာခဲ့ပြီဖြစ်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က သူ့အပေါ်မှာ မကောင်းသော ရည်ရွယ်ချက်များ တကယ်ပင် ရှိနေမည်ဆိုလျှင် အဲဒီမှာ အခွင့်အလမ်းများစွာ ရှိခဲ့လေသည်။

ယခုအချိန်မှာတောင် တက္ကသိုလ်ဂိုဏ်းချုပ်က အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို သိမ်းပိုက်ချင်သည်ဆိုလျှင် သူက တိုက်ရိုက်တိုက်ခိုက်လိုက်ရုံသာဖြစ်၏။ ဆူဇီမိုက အဲဒါကို လုံးဝ ခုခံနိုင်မည်မဟုတ်ပေ။

ဒါ့အပြင် တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့အသက်ကို တစ်ခါက ကယ်တင်ပေးခဲ့ပြီး သူ့အား ပို့ဆောင်ရေးကျောက်စိမ်းအဆောင်တစ်ခုကိုပင် ပေးခဲ့၏။ ဤတစ်ခေါက်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က ဘုရင်ကျင်း၏ သတ်ဖြတ်လိုစိတ်ကနေ သူ့ကို ကူညီကာ ကာကွယ်ပေးခဲ့၏။

ပို၍အရေးကြီးသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က သူ့အပေါ် တကယ်တမ်း မကောင်းသည့်ရည်ရွယ်ချက် ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် ယနေ့ကိစ္စကို ထုတ်ဖော်ပြောဆိုနေစရာလိုမည် မဟုတ်ပေ။

ယခု တက္ကသိုလ်ဂိုဏ်းချုပ်က အဲဒါကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး သူက တစ်စုံတစ်ရာကို ဖုံးကွယ်မထားလိုသည်မှာ သိသာလေသည်။

“ဒီကိစ္စက နည်းနည်း ရုတ်တရက်ဆန်လွန်းတော့ ကျုပ်က ခဏလောက် စိတ်မထိန်းနိုင်ခဲ့ဘူး… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ…”

ဆူဇီမိုက တောင်းပန်လိုက်၏။

“ရပါတယ်”

တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးပြလိုက်၏။

“ငါ မင်းကို ဒီအကြောင်းပြောပြတယ်ဆိုတာကလည်း မင်းကို ပေါ့ပေါ့ပါးပါး နေစေချင်လို့ပဲ… အနည်းဆုံးတော့ မင်းက တက္ကသိုလ်မှာ နေ့စဉ်နဲ့အမျှ စိတ်တင်းကျပ်လေးလံနေစရာ မလိုဘူး”

“တကယ်တော့ အပြင်ဘက်မှာဆိုရင်တော့ မင်းက ဂရုစိုက်နေရဦးမယ်… မင်းရဲ့မျိုးဆက်သွေးကို အလွယ်တကူ ထုတ်ဖော်လို့မရဘူး”

“ဟုတ်ကဲ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ကဲ တော်လောက်ပြီ”

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“သွား… ပြန်ပြီးတော့ ကျင့်ကြံတော့… ဝန်ထုပ်ဝန်ပိုးတွေ ဖိအားတွေကို ခံစားမနေနဲ့”

“ကျုပ် အခုပဲ သွားပါတော့မယ်”

ဆူဇီမိုက ဦးညွှတ်ပြီး လှည့်ထွက်သွား၏။

ကောင်းကင်မြေကြီးနန်းတော်ကနေ ထွက်ခွာလာပြီးနောက် ဆူဇီမိုသည် အတွင်းဂိုဏ်း ရှိရာဘက်သို့ လျှောက်လှမ်းလာခဲ့၏။ ရုတ်တရက် သူ၏ အစိမ်းရောင်ဝတ်ရုံက ချွေးများဖြင့် စိုရွှဲနေပြီကို သူက နားလည်သိရှိလိုက်၏။

ညင်သာသော လေပြေတစ်ချက် တိုက်ခတ်သွားပြီး သူက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

ဆူဇီမိုသည် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဉာဏ်ပညာမှာ ပြိုင်ဘက်ကင်းပြီး သက်ရှိများအားလုံးနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည်ဟု လူတိုင်းက ဆိုကြသည်မှာ မထူးဆန်းတော့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်အောက်မှာ သူသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားလို့မရပုံကို ဆူဇီမိုက နားလည်သိရှိလိုက်၏။

ဆူဇီမိုက သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

ဤနှစ်များမှာ သူသည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသည့်အလား တက္ကသိုလ်မှာ အလွန်တရာ သတိကြီးကြီးထားနေခဲ့ပြီး သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားနေ၏။ သို့သော်လည်း သူက ဖော်ထုတ်ခံထားရသည်မှာ ကြာနေခဲ့ပြီဖြစ်၏။

ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ ပုံရိပ်တစ်ခု ပျံသန်းလာ၏။ တစ်ခဏချင်းမှာပင် ထိုပုံရိပ်က ရောက်ရှိလာ၏။ အဲဒါက ပန်းချီအင်မော်တယ်မိုချင် ဖြစ်လေသည်။

“စီနီယာအစ်မ”

ဆူဇီမိုက နှုတ်ဆက်လိုက်၏။

မိုချင်က ဆူဇီမိုကို အကဲခတ်ကြည့်ပြီး ပြောလိုက်၏။

“စီနီယာအစ်ကိုယွဲ့ဟွားက နင့်ကို တမင်သက်သက် ပြဿနာလာရှာခဲ့တယ်လို့ အခုပဲ ငါကြားခဲ့တယ်… နင်အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်… အဲဒီကိစ္စက ပြီးသွားပါပြီ”

ဆူဇီမိုက သူ၏ ခေါင်းကိုခါပြီး ပြုံးပြလိုက်၏။

“နင် အဆင်ပြေရင် တော်သေးတာပေါ့”

မိုချင်က တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား ဆူဇီမိုကို ကြည့်လိုက်သော်လည်း ရပ်တန့်သွားလေသည်။

ဆူဇီမိုက မေးကြည့်လိုက်၏။

“စီနီယာအစ်မ… ပြောစရာတစ်ခုခု ရှိလို့လား”

“နင် တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်ကို ဟိုပန်းချီကား ပေးပြီးပြီလား”

မိုချင်က ခဏမျှ တွေးတောစဉ်းစားပြီးနောက် မေးလိုက်၏။

ခဏမျှမှင်တက်သွားပြီးနောက် ဆူဇီမိုက ငေးငိုင်ရာကနေ နိုးထလာကာ ပြောလိုက်၏။

“ကျုပ် အဲဒါ သူ့ကို ပေးပြီးပါပြီ”

မိုချင်က မေးလိုက်၏။

“သူဘာပြောလဲ… သူ အဲဒါကို ကြိုက်ရဲ့လား”

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“ကျုပ်က အဲဒီပန်းချီကားကို ပေးပြီးတာနဲ့ ပြန်လာခဲ့တာ… သူ အဲဒါကို ကြည့်ပြီးပြီလား ကျုပ်မသိဘူး”

“အို…”

မိုချင်က တုံ့ပြန်လိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“စီနီယာအစ်မ… တခြားဘာမှမရှိဘူးဆိုရင် ကျုပ်ပြန်နှင့်ပါတော့မယ်”

မိုချင်ကလည်း ခေါင်းညိတ်ပြီး လှည့်ထွက်သွား၏။

သူတို့နှစ်ယောက်က လမ်းခွဲလိုက်ကြ၏။ သိပ်မကြာခင် ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး ရင်တစ်ချက်ထိတ်သွား၏။ ရုတ်တရက် သူက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး နတ်မိမယ်မိုချင်ကို ပြန်လှည့်ခေါ်လိုက်၏။

“တစ်ခုခုပြောစရာရှိလို့လား”

မိုချင်က မေးလိုက်၏။

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်၏။

“ကျုပ် သိချင်နေတဲ့ ကိစ္စတစ်ခုရှိတယ်… အရင်တုန်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ကျုပ်ဝင်ပါတုန်းက ခင်ဗျားက အဲဒီကို ဘယ်လိုလုပ်ပြီး အချိန်မီရောက်လာတာလဲ”

မင်းသားယွမ်ကျော၏ မှတ်ဉာဏ်များထဲရှိ စာကြောင့် သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှ အဖြစ်အပျက်များကို ပြန်လည်စဉ်းစားမိနေပြီး အဲဒီမှာ တိုက်ဆိုင်မှုများစွာ ရှိနေပုံရ၏။

အစကတော့ ရေခဲလိပ်ပြာသည် သူ့ထံမှ တျဲယွဲ့၏ အော်ရာကို အာရုံခံမိသောကြောင့် စီနီယာအစ်မမိုချင်က ရောက်ရှိလာသည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။ အဲဒါသည် အဝီစိမှာတုန်းက အခြေအနေနှင့် တူညီလေသည်။

သို့သော်လည်း တကယ်တမ်းမှာတော့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကျင်းပရာ ရစ်ခွေနဂါးတောင်ကြောရိုးနှင့် အလွန်တရာ ဝေးကွာလေသည်။ ရေခဲလိပ်ပြာသည် သူ့ထံမှ ထိုအော်ရာကို အာရုံခံမိနိုင်စရာ အကြောင်းမရှိပေ။

စီနီယာအစ်မမိုချင်က ထိုအချိန်တုန်းက အနီးအနားမှာ ရှိနေခဲ့သည်ဆိုလျှင်တော့….။

သို့သော်လည်း စီနီယာအစ်မမိုချင်သည် အပြင်ဘက်မှာ သွားလာတတ်လေ့ မရှိပေ။ သူမသည် ရစ်ခွေနဂါးတောင်ကြောရိုး၏ အနီးအနားဝန်းကျင်မှာ ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာနိုင်ပါ့မလဲ။

ဆူဇီမိုက မိုချင်ကို ကြည့်ပြီး အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်၏။

“စီနီယာအစ်မ… တစ်ယောက်ယောက်က ခင်ဗျားကို အဲဒီနေရာကို လာဖို့ ပြောခဲ့တာလား”

“အင်း”

မိုချင်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက သူ၏ ရင်ထဲရှိ ပြင်းထန်သော စိတ်ခံစားချက်အတက်အကျကို ဖိနှိပ်လိုက်၏။ သူ၏ အမူအရာကို မပြောင်းလဲစေဘဲ သူက ဆက်လက်၍ မေးမြန်းလိုက်၏။

“အဲဒီလူက တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်လား”

“ဟင့်အင်း”

မိုချင်က ပြောလိုက်၏။

“သူက အကြီးအကဲ-၈ ပဲ”

ဆူဇီမိုက မှင်တက်သွားပြီး သူ၏ မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်ထွက်လာ၏။

ခဏမျှ ရပ်တန့်ပြီးနောက် သူက ထပ်မံ၍ မေးလိုက်၏။

“အကြီးအကဲ-၈ က ဗေဒင်တွက်ချက်တဲ့နေရာမှာ ကျွမ်းကျင်လား”

“ဟင့်အင်း”

မိုချင်က ခေါင်းခါပြလိုက်၏။

“အကြီးအကဲ-၈ က လက်နက်သန့်စင်တဲ့နေရာမှာ အထူးပြုလေ့ကျင့်ပြီး တက္ကသိုလ်ရဲ့ နတ်ဘုရားလက်နက်တွေအားလုံးကို တာဝန်ယူပေးထားတယ်… သူက ဗေဒင်တွက်ချက်တဲ့နေရာမှာ ဘယ်လိုလုပ် ကျွမ်းကျင်နိုင်ပါ့မလဲ”

“သက်ရှိတွေ အားလုံးကို တွက်ချက်နိုင်တဲ့ ကျင့်ကြံရေးနည်းစနစ်ကို ဂိုဏ်းချုပ်တစ်ယောက်ပဲ ကျင့်ကြံခွင့်ရှိတယ်… တခြားသူတွေက အဆင့်မမီဘူး”

မိုချင်က ခဏမျှပြန်စဉ်းစားပြီး ပြောလိုက်၏။

“အဲဒီအချိန်တုန်းက အကြီးအကဲ-၈ က အပြင်ဘက်ကနေ ပြန်ရောက်လာခါစပဲ… သူက ငါ့ကို တွေ့သွားတယ်… ရစ်ခွေနဂါးတောင်ကြောရိုးက ကိစ္စကို သူက ပြောပြီး ငါဝင်ပါဖို့ အကြံပေးခဲ့တယ်”

“အစကတော့ ငါက အဲဒီကိစ္စမှာ ဝင်ပါဖို့ စိတ်ကူးမရှိခဲ့ဘူး… ဒါပေမဲ့ ဒုံမင်းအင်မော်တယ်မုန့်ယောင်နဲ့ စာအုပ်အင်မော်တယ်တို့ကလည်း အဲဒီမှာ ရောက်ရှိနေပြီး အဲဒီကိစ္စမှာ ဝင်ပါဖို့ ငါက အသင့်လျော်ဆုံးလို့ အကြီးအကဲ-၈က ပြောခဲ့တယ်… အဲဒါကြောင့်ပဲ ငါက ရစ်ခွေနဂါးတောင်ကြောရိုးကို ရောက်လာခဲ့တာ”

“ကျုပ်သိပါပြီ”

ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချ၍ တီးတိုးရေရွတ်လိုက်၏။

“ဒီလိုဆိုရင် ငါအတွေးလွန်နေခဲ့တာပဲ”

စောစောက မေးခွန်းသည် သာမန်သာဖြစ်သည်ဟု ထင်ရသော်လည်း အဲဒါက ဖြစ်စဉ်တစ်ခုလုံး၏ အဓိကသော့ချက်ဖြစ်လေသည်။

ပန်းချီအင်မော်တယ်၏ ပေါ်ထွက်လာမှုသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ တိုက်တွန်းမှုကြောင့်ဆိုလျှင် မင်းသားယွမ်ကျော လက်ခံရရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော စာသည်လည်း တက္ကသိုလ်ဂိုဏ်းချုပ်ထံမှာ လာခြင်းဖြစ်ဖို့များလေသည်။

ယွမ်ကျော၏ လိုက်လံဖမ်းဆီးမှု၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ ပေါ်ထွက်လာမှု၊ အင်မော်တယ်ပျံဂိုဏ်း၊ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနှင့် အင်ပါယာလေဘုရားကျောင်းတို့၏ တုံ့ပြန်မှုများ၊ ယန်လာရှု၏ မဆုတ်မနစ်ရပ်တည်ပေးမှုနှင့် စီနီယာအစ်မမိုချင်၏ ပေါ်ထွက်လာမှု….။

ထိုအလှည့်အပြောင်းများ အားလုံးသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြံအစည်မှ အစိတ်အပိုင်းများ ဖြစ်နေပုံရပေလိမ့်မည်။

တက္ကသိုလ်ဂိုဏ်းချုပ်ကသာ ထိုသို့ပြုလုပ်ဖို့ သေချာပေါက် အစွမ်းအစရှိလိမ့်မည်ဟု ဆူဇီမိုက ယုံကြည်လေသည်။

သို့သော် ယခု မိုချင်၏ ပြန်ဖြေစကားကြောင့် သူ၏ ခန့်မှန်းချက်က မဟုတ်နိုင်လောက်တော့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကို အကွက်ချကြံစည်ချင်သည်ဆိုလျှင် သူက တက္ကသိုလ်၏ အကြီးအကဲတစ်ယောက်ကို ပါဝင်ပတ်သက်ခိုင်းစရာ မလိုပေ။

စီနီယာအစ်မမိုချင်၏ ပေါ်ထွက်လာမှုက တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်ပေမည်။

မင်းသားယွမ်ကျောထံမှစာနှင့် ပတ်သက်ဆက်စပ်နေသော သဲလွန်စများကလည်း နောက်တစ်ဖန် ပျောက်ဆုံးသွားလေသည်။

“နင်က အဲဒါကို ဘာလို့မေးတာလဲ”

မိုချင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး”

ဆူဇီမိုက ပြုံးပြလိုက်၏။

“ကျုပ်က ဒီတိုင်း သမန်ကာလျှံကာ မေးကြည့်တာပါ။”

All Chapters