← Chapters

အဆူရာတိုက်ပွဲမြေ

Vol. 166 Ch. 2488

အဆူရာတိုက်ပွဲမြေ

Vol. 166 Ch. 2488

“ညီကိုရှဲ့... ခင်ဗျားစိတ်ထဲမှာ တစ်ခုခုရှိလို့လား”

ဆူဇီမိုက မေးလိုက်၏။

ရှဲ့ချင်းချန်က ခါးသီးစွာ ရယ်မောလိုက်၏။

“ညီကိုဆူ... ခင်ဗျားက တော်တော်ထက်ရှတာပဲ... ကျုပ်အဲဒါကို ခင်ဗျားဆီကနေ ဖုံးကွယ်ထားလို့မရဘူးပဲ... ဟုတ်တယ် ကျုပ်ခင်ဗျားကိုလာရှာတာ တစ်ခုခုကို တကယ်ပဲ အကူအညီတောင်းချင်လို့”

“အဲဒါ စန်းယွင်တောင်ရှေ့မှာတုန်းက ခင်ဗျားပြောချင်ခဲ့တဲ့ဟာမလား”

ဆူဇီမိုက အံအားသင့်သွားခြင်းမရှိဘဲ ပြုံးပြလိုက်၏။

ထိုအချိန်တုန်းက စန်းယွင်တောင်၏ အောက်ခြေမှာ နောက်ပိုင်းကိစ္စတစ်ခုခုရှိလာမည်ဆိုလျှင် သူ့ကိုလာရှာနိုင်ကြောင်း သူက ရှဲ့ချင်းချန်ကို ကတိပေးထားခဲ့၏။

ရှဲ့ချင်းချန်က စိတ်ယိမ်းယိုင်သွားသော်လည်း တွေဝေတုံ့ဆိုင်းနေခဲ့၏။

တစ်နှစ်ကြာပြီးနောက် ရှဲ့ချင်းချန်သည် နောက်တစ်ဖန်အလည်ရောက်ရှိလာ၏။ ဆူဇီမိုထင်တာမမှားဘူးဆိုလျှင် အဲဒါသည် ထိုစဥ်တုန်းက သူမပြောခဲ့သောကိစ္စ ဖြစ်ပေလိမ့်မည်။

“ဟုတ်တယ်”

ရှဲ့ချင်းချန်က ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ပထမတစ်ချက်... အဲဒီအချိန်တုန်းက ကျုပ်မပြောခဲ့ဘူးဆိုတာ ကျုပ်က အဲဒီကိစ္စမှာ ဝင်ပါရမလား မဆုံးဖြတ်ရသေးလို့ပဲ... ဒုတိယအချက် အဲဒီကိစ္စက အရမ်းကိုအန္တရာယ်များတယ်...အဲဒီမှာ ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရည်ခွန်အားအတွက် လိုအပ်ချက်တစ်ခုရှိတယ်”

“ညီကိုဆူ... အဲဒီအချိန်တုန်းက ခင်ဗျားက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို မဝင်ရောက်ရသေးတဲ့ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ”

“ကျုပ်က ခင်ဗျားရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ပတ်သက်ပြီး များများစားစားသိမထားတဲ့အတွက် ကျုပ်ကခင်ဗျားကိုဖိတ်ခေါ်ခဲ့မယ်ဆိုရင်တောင် ခင်ဗျားက အကူအညီသိပ်ပေးနိုင်မှာ မဟုတ်လောက်ဘူးလို့ တွေးခဲ့မိတယ်... အဲဒါက ခင်ဗျားအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့မှာကို ကျုပ်တွေးမိခဲ့တယ်”

ထိုနေရာအရောက်တွင်... ရှဲ့ချင်းချန်က ပြုံးပြလိုက်၏။

“နောက်ပိုင်း ပကတိမိုးကြိုးမြို့တော်က တိုက်ပွဲက ဂမ္ဘီရမိုးကောင်းကင်တစ်ခုလုံးမှာ ပျံ့နှံ့လာခဲ့တယ်... အဲဒီအချိန်ကျမှပဲ ခင်ဗျားရဲ့အစွမ်းအစတွေကို ကျုပ်သိရတော့တယ် ညီကိုဆူ”

“အဲဒါဘာလဲ... ညီကိုရှဲ့ ကျုပ်ကိုပြောစမ်းပါ”

ဆူဇီမိုက ပြောလိုက်၏။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ညီကိုဆူ... စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်က ရှဲ့ထျန်ဟုန်အကြောင်း ခင်ဗျားသိမှာပေါ့... သူက လွန်ခဲ့တဲ့နှစ်နှစ်ထောင်တုန်းက အပြင်ဘက်မှာ သေသွားခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့အလောင်းကို ရှာမရခဲ့ဘူး”

ဆူဇီမိုက စိတ်ထဲကနေရေရွတ်လိုက်၏။

'ရှဲ့ထျန်ဟုန်ကို အထီးကျန်သိုင်းသခင်က ရိုက်သတ်လိုက်တာလေ... သူ့ရဲ့အလောင်းက အဝီစိမှာဆိုတော့ ဘယ်သူကရှာတွေ့မှာလဲ'

ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။

“ရှဲ့ထျန်ဟုန်က ဘာပဲပြောပြော စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားတစ်ပါးဖြစ်ခဲ့တယ်... သူ့ရဲ့အလောင်းကို ဒီနှစ်တွေအားလုံးထဲမှာ ရှာမတွေ့တဲ့အတွက်ကြောင့် သူ့ရဲ့ယခင်ရာထူးက အမြဲတမ်းလစ်လပ်နေခဲ့တယ်”

“နောက်ဆုံးမှာတော့ အဖေက အဲဒါကို လုံးလုံးစိတ်လျှော့လိုက်ပြီး မင်းသား မင်းသမီးတွေကြားကနေ စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားအသစ်ကိုရွေးဖို့ ဆုံးဖြတ်ခဲ့တယ်”

စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်၏ အုပ်ချုပ်မှုအောက်မှာ ရှေးဟောင်းမြို့ပေါင်းတစ်ထောင်ကျော်နှင့် ပိုင်နက်နယ်မြေ ကီလိုမီတာ သန်းပေါင်းများစွာရှိလေသည်။

စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်၏ မင်းသားတစ်ပါးသည် မြင့်မားသော ဩဇာအာဏာနှင့် မြင့်မြတ်သောအဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး သာမန်မင်းသားများထက် များစွာသာလွန်လေသည်။

ယခု... ဤရာထူးက လစ်လပ်နေပြီး ယန်ယန်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မျိုးဆက်များကြား တိုက်ပွဲတစ်ခုကို ဖြစ်လာစေပေလိမ့်မည်။

ရှဲ့ချင်းချန်က အသက်တစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကျုပ်က ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘူး... ကျုပ်အဲဒါကို ကြိုးစားကြည့်ချင်တယ်”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

ယခင်က ရှဲ့ချင်းချန်သည် ရာထူးမရှိသော မင်းသားတစ်ပါးသာဖြစ်ခဲ့ပြီး တော်ဝင်မင်းဆက်၏ နောက်ဆုံးမှာ ရပ်တည်ခဲ့၏။ သူသည် များစွာအရေးပါအရာရောက်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း ထို့ကြောင့်ပင် သူ၏ အခြေအနေက အတော်လေးတည်ငြိမ်အေးချမ်းနေခဲ့ခြင်းဖြစ်သည်။

သူသည် ဤကဲ့သို့သော တိုက်ပွဲတစ်ခုမှာ ဝင်ပါမည်ဆိုလျှင် သူ၏ အနာဂတ်က မရေမတွက်နိုင်သော အခက်အခဲများနှင့် ပုန်းလျှိုးနေသော ပဋိပက္ခများဖြင့် ပြည့်နှက်လာပေလိမ့်မည်။

ယန်ယန်းအင်မော်တယ်နိုင်ငံကဲ့သို့ နေရာတစ်ခုမှာ တော်ဝင်မိသားစုတွင် မျိုးဆက်များစွာရှိလေသည်။ မင်းသားနှင့်မင်းသမီးများစွာကြားမှာ တစ်ယောက်ယောက်က ထင်ရှားပေါ်လွင်လာဖို့ အင်မတန်ခဲယဥ်းလေသည်။

“ခင်ဗျားဆုံးဖြတ်ပြီးသွားပြီလား”

ဆူဇီမိုက ရှဲ့ချင်းချန်ကိုကြည့်ပြီး တည်တံ့စွာမေးလိုက်၏။

ရှဲ့ချင်းချန်က ခေါင်းညိတ်၍ သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။

“ကျုပ်က ပိုင်နက်နယ်မြေတစ်ခုကိုအုပ်စိုးပြီး ဩဇာအာဏာနဲ့အဆင့်အတန်းကိုပိုင်ဆိုင်တဲ့ မင်းသားတစ်ပါးဖြစ်ချင်တယ်... အဲဒါမှပဲ... ကျုပ်အမေရဲ့နာမည်ကို သန့်စင်ရှင်းလင်းပေးနိုင်မယ်”

ရှဲ့ချင်းချန်၏ မိခင်သည် ကောင်းမွန်သောနောက်ခံတစ်ခု​ကနေလာခြင်း မဟုတ်သည်ကို ဆူဇီမိုသည် မင်းသမီးသက်တံနီထံမှ အမှတ်တမဲ့ကြားခဲ့ဖူးလေသည်။

ထို့ကြောင့် မင်းသားနှင့် မင်းသမီးများစွာကြားမှာ သူ၏ အဆင့်အတန်းက သိပ်ပြီးမြင့်မားခြင်းမရှိပေ။

“ကောင်းပြီလေ ကျုပ်ခင်ဗျားကို ကူညီပေးမယ်”

ရှဲ့ချင်းချန်က ဆုံးဖြတ်ချက်ချပြီးသွားပြီကို တွေ့မြင်သောအခါ ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလက်ခံလိုက်၏။

“စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားတစ်ပါးဖြစ်လာဖို့ လိုအပ်တာတွေက ဘာတွေလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“အဖေက ပကတိအင်မော်တယ်နယ်ပယ်ထိ ကျင့်ကြံထားတဲ့ မင်းသားတွေကို ဒီလိုမျိုးကြီးမားတဲ့ ပိုင်နက်နယ်မြေတစ်ခုကို ထိန်းချုပ်ခွင့်ပေးမှာမဟုတ်ဘူး... အဲဒါက သူတို့ကိုစိတ်အာရုံပျံ့လွင့်စေပြီး သူတို့ရဲ ကျင့်ကြံမှုအပေါ် သက်ရောက်မှုရှိလာလိမ့်မယ်”

“ပြောရမယ်ဆိုရင် သူတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိနေသရွေ့ စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားရာထူးအတွက် ယှဥ်ပြိုင်တိုက်ခိုက်ဖို့ အဆင့်မီလိမ့်မယ်... ဒါပေမဲ့ သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်က သိပ်ပြီးနိမ့်ကျနေလို့လည်း မရဘူး... အဆင့်-၁ ဒါမှမဟုတ် အဆင့်-၂ ကောင်းကင်အင်မော်တယ်တွေက အဲဒါအတွက် ယှဥ်ပြိုင်ဖို့သေချာပေါက်အခွင့်အရေးမရှိဘူး”

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အနည်းငယ်လှုပ်ရှားစေပြီး ရှဲချင်းချန်က အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်ကို သိရှိလိုက်ရ၏။

ရှဲ့ချင်းချန်က သူ့ကိုယ်သူအပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“ငါက... အဆင့်မီရုံပဲရှိတယ်”

ဆူဇီမိုက မေးလိုက်၏။

“ဒီတစ်ခေါက် စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ရဲ့မင်းသားကို သူတို့က ဘယ်လိုရွေးချယ်မှာလဲ”

“ဒီတစ်ခေါက် အဖေက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုမှာ စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို ထားထားတယ်”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ဒီယှဥ်ပြိုင်တိုက်ခိုက်မှုမှာ ပါဝင်မဲ့လူတိုင်းက အဲဒိစိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို လုယူဖို့အတွက် အပျက်အစီးနယ်မြေဆီကို ကောင်းကင်အင်မော်တယ်တစ်ရာစီ ခေါ်ဆောင်သွားနိုင်မယ်”

“ကျုပ်တို့တွေက ဘယ်ကောင်းကင်အင်မော်တယ်တစ်ရာကိုမဆိုရွေးချယ်နိုင်တယ်... သူတို့တွေက ယန်ယန်းအင်မော်တယ်နိုင်ငံက မဟုတ်လဲရတယ်”

“အဲလိုလား”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

“ဒီလိုဆိုရင် ကောင်းကင်အင်မော်တယ်တစ်ရာကြားမှာ ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်တွေလည်း သေချာပေါက်ပါလာမှာပဲ”

“အသေအချာပေါ့”

ရှဲ့ချင်းချန်က ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်သိရသလောက်ဆိုရင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲဝင်တဲ့လူတချို့က တခြားမင်းသားတွေကို ကူညီဖို့ တံခါးပိတ်ကျင့်ကြံရာကနေထွက်လာ​ကြလိမ့်မယ်”

ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

ဘုရင်ယန်ယန်း၏ ဤစီစဥ်မှုမှာ နောက်ထပ်အဓိပ္ပါယ်တစ်ခု ရှိနေသည်မှာ သိသာလေသည်။

သူတန်ဖိုးထားသည်မှာ သူ့မျိုးဆက်များ၏ ကိုယ်ပိုင်ခွန်အားသာမက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သူတို့၏ ပေါင်းသင်းဆက်ဆံရေး၊ အချိတ်အဆက်နှင့် လွှမ်းမိုးနိုင်မှုတို့ကိုပါ ထည့်တွက်ထားလေသည်။

ရှဲ့ချင်းရှန်က ပြောလိုက်၏။

“ကျုပ်သိရသလောက်ဆိုရင် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပြီးသွားပြီ... ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ထဲ ဝင်ရောက်နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေနေကြတယ်”

“ဒီတစ်ခေါက် ရှေးဟောင်းအပျက်အစီးနယ်မြေက အကောင်းဆုံးအခွင့်အလမ်းဖြစ်လာလိမ့်မယ်”

“အဲဒီရှေးဟောင်းအပျက်အစီးနယ်မြေက ချိပ်စည်းအတွက်တိုက်ပွဲမှာ ကောင်းကင်အင်မော်တယ်ပညာရှင်တွေက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကိုဝင်ရောက်ဖို့ ဒါမှမဟုတ် သူတို့ရဲ့လက်ရှိအဆင့်ရပ်တည်ချက်တွေကို မြှင့်တင်ဖို့ အကောင်းဆုံးအခွင့်အလမ်းကို ရရှိလာလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး ရုတ်တရက်မေးလိုက်၏။

“ယွင်ထင်ကော အဲဒီကိုလာမှာလား”

“ကျုပ်တော့မထင်ဘူး”

ရှဲ့ချင်းချန်က ခါးသီးစွာရယ်မောကာ ပြုံးပြလိုက်၏။

“တစ်ယောက်ယောက်က မင်းသားယွင်ထင်ကို ဖိတ်ခေါ်လာနိုင်မည်ဆိုလျှင် အစိမ်းတိမ်စိုင်ချိပ်စည်းအတွက် ဒီတိုက်ပွဲရဲ့ရလဒ်ကို သံသယရှိစရာလိုမှာ မဟုတ်လောက်တော့ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ယခုအချိန်မှု သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်။

သူက ယွင်ထင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူအနိုင်ရဖို့အခွင့်အရေးက သိပ်ပြီးမရှိပေ။

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“ဒါနဲ့... စောစောက ခင်ဗျားပြောတဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေက ဘယ်နေရာမှာလဲ”

“အဲဒါက ရှေးဟောင်းတိုက်ပွဲမြေတစ်ခုရဲ့ အပိုင်းအစတစ်ခုပဲ”

ရှဲ့ချင်းချန်က ရှင်းပြလိုက်၏။

“ရှေးဟောင်းခေတ်တုန်းက မကြုံစဖူး ထူးခြားအံ့မခန်း တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့ ကောလာဟလရှိတယ်... တိုက်ပွဲနယ်မြေက အရမ်းကိုကြီးမားကျယ်ပြန့်ပြီး လောကက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတယ်”

“ဒီရှေးဟောင်းအပျက်အစီးနယ်မြေက အဲဒီကွဲထွက်သွားတဲ့ အပိုင်းအစတွေထဲကတစ်ခုပဲ... အဲဒါကို အဆူရာတိုက်ပွဲမြေလို့ခေါ်တယ်”

“အဆူရာတိုက်ပွဲမြေလား”

ဆူဇီမိုက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

ရှဲ့ချင်းချန်က ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။

“အဲဒါက သေးငယ်တဲ့အပိုင်းအစတစ်ခုဆိုပေမယ့် အထဲမှာ လောကတစ်ခုရှိတယ်... နောက်ပြီး အဲဒီတိုက်ပွဲနယ်မြေမှာ ကျင့်ကြံသူတွေနဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို သိသိသာသာဖိနှိမ်ထားတဲ့ ထူးဆန်းတဲ့သွေးချီတစ်ခုရှိတယ်”

“အို... “

ဆူဇီမိုက အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဘယ်လိုသွေးချီကများ ဒီလိုမျိုးသက်ရောက်မှုကိုဖြစ်စေတာလဲ”

“အဲဒါတော့ ကျုပ်လည်းမပြောတတ်ဘူး”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“ကျုပ်ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် အဲဒီသွေးချီက သားရဲတောကောင်တွေရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကိုလည်း ချိပ်ပိတ်ထားနိုင်တယ်”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ရှဲ့ချင်းချန်ပြောသည့်အတိုင်းဆိုလျှင် အဆူရာတိုက်ပွဲနယ်မြေမှာ သူ၏ ဝှက်ဖဲများစွာကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။

ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။

“အဲဒါကို အဆူရာတိုက်ပွဲနယ်မြေလို့ ခေါ်တာကတော့ အဲဒီတိုက်ပွဲနယ်မြေမှာ လူသားတစ်ပိုင်း နတ်တစ်ပိုင်းနဲ့ အရမ်းကို စွမ်းအားကြီးမားတဲ့ အဆူရာမျိုးနွယ်သက်ရှိတွေ အများကြီးရှိနေလို့ပဲ”

အဆူရာမျိုးနွယ်...။

ထိုမျိုးနွယ်သည် နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့ထက် မနိမ့်ကျသော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားသည့် အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်တစ်စုဖြစ်၏။ မဟာထျဲဝေတောင်ပေါ်ရှိ အဆူရာကျောင်းတော်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် အဆူရာတစ်ကောင်ကို ဖိနှိမ်ခဲ့ဖူးလေသည်။

All Chapters