← Chapters

ချိပ်စည်းအတွက် တိုက်ပွဲ

Vol. 166 Ch. 2489

ချိပ်စည်းအတွက် တိုက်ပွဲ

Vol. 166 Ch. 2489

ကောင်းကင်ဘုံဝံပုလွေသည် အဆူရာမျိုးနွယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်တချို့ သိုင်းတာအိုပင်မခန္ဓာကို တစ်ခါပြောပြခဲ့ဖူး၏။

ကောင်းကင်ဘုံဝံပုလွေပြောပုံအရ အဆူရာမျိုးနွယ်သည် လူသား၊ သားရဲ၊ တစ္ဆေနှင့် နတ်ဘုရားတို့ မဟုတ်ပေ။

သို့သော်လည်း သူတို့သည် မွေးရာပါသန်မာ၍ အရုပ်ဆိုးကြပြီး အလွန်တရာစွမ်းအားကြီးမား၍ ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။

ဒါ့အပြင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များကို ထောက်လှမ်း၍မရနိုင်ဘဲ သူတို့၏ ပုံပန်းသဏ္ဌာန်ပေါ်သာအခြေခံ၍ အကဲဖြတ်နိုင်သည်။

အဆူရာမျိုးနွယ်သည် ပကတိဧကနယ်ပယ်ထိ ကျင့်ကြံပြီးသည့်အခါ သူတို့မှာ ခေါင်းနှစ်လုံးနှင့်လက်လေးဖက် ရှိလာပေလိမ့်မည်။

ခေါင်းသုံးလုံးလက်​ခြောက်ဖက်သည် အဆူရာမျိုးနွယ်၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်လေသည်။ သို့သော်လည်း အလျင်လူများက အဲဒါကို ပြောင်းလဲ၍ ပြန်လည်​ဖန်တီးပြီး လူသားများ ကျင့်ကြံနိုင်သော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲလာစေခဲ့၏။

ဆူဇီမိုက မေးလိုက်၏။

“ဒီတစ်ခေါက် ချိပ်စည်းအတွက်တိုက်ခိုက်ဖို့ ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသားဘယ်လောက်များများက ပြင်ဆင်ထားကြလဲ”

“ကျုပ်အပါအဝင် မင်းသားမင်းသမီး စုစုပေါင်းရှစ်ယောက်ရှိတယ်”

ရှဲ့ချင်းချန်က ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။

“ရိုးရိုးသားသားပြောရရင် ညီကိုဆူ... တော်ဝင်မိသားစုမှာ သူတို့ခုနှစ်ယောက်ရဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းက ကျုပ်ရဲ့အထက်မှာရှိတယ်”

“ခင်ဗျားက လူဘယ်လောက်များများစုစည်းထားလဲ”

ဆူဇီမိုက ထပ်မေးလိုက်၏။

ထိုစကားကို ကြားချိန်မှာ ရှဲ့ချင်းချန်က ခါးသက်စွာပြုံးလိုက်၏။

“၂၀ထက် မပိုဘူး”

ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ အံ့အားသင့်သွားခြင်းမရှိပေ။

ဉာဏ်ရှိသော ငှက်တစ်ကောင်သည် အသိုက်လုပ်ဖို့အတွက် ပိုကောင်းသောသစ်ပင်ကို ရွေးချယ်ကြပေလိမ့်မည်။ ယန်ယန်းအင်မော်တယ်နိုင်ငံမှ ကောင်းကင်အင်မော်တယ်များ၏ မျက်လုံးထဲတွင် ချဲ့ချင်းချန်က သေချာပေါက် အကောင်းဆုံးရွေးချယ်စရာ မဟုတ်ပေ။

သူ့မှာ နောက်ခံ သို့မဟုတ် အလားအလာ ကောင်းကောင်းမရှိပေ။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“အဆူရာမျိုးနွယ်အပြင် အဆူရာရှေးဟောင်းတိုက်ပွဲမြေမှာ ယက္ခနဲ့ စွမ်းအားကြီးမားတဲ့ သားရဲတောကောင်တချို့လည်းရှိကြတယ်”

“ယက္ခလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် အဝီစိမှာ အရင်က ယက္ခဟူသော စကားလုံးကို တွေ့မြင်ခဲ့ဖူးပုံရသည်။

ရှဲ့ချင်းချန်က ရှင်းပြလိုက်၏။

“အဲဒါက ရှေးဟောင်းခေတ်တုန်းက ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့တဲ့ မျိုးနွယ်တစ်စုလို့ပြောကြတယ်... ယက္ခမျိုးနွယ်က သက်ရှိတွေက အရမ်းကိုရုပ်ဆိုးပြီး ဆိုးယုတ်တစ္ဆေတွေနဲ့ တူတယ်... အဲဒါကြောင့် သူတို့ကို ယက္ခတွေလို့ ခေါ်ကြတာပဲ”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။

ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။

“တကယ်တော့... အဲဒီသက်ရှိတွေက သေသွားခဲ့တာကြာခဲ့ပြီ... သူတို့တွေက အဆူရာတိုက်ပွဲမြေက တစ်မူထူးခြားတဲ့သွေးချီကြောင့် ပြန်လည်မွေးဖွားလာကြတာပဲ”

“အဲဒီသက်ရှိတွေမှာ ဆင်ခြင်တုံတရားမရှိဘူး... သူတို့က ဘယ်လိုတိုက်ခိုက်ရမလဲနဲ့ သတ်ဖြတ်ဖို့ပဲ သိကြတယ်”

“နောက်ပြီး အဆူရာတိုက်ပွဲမြေမှာရှိတဲ့ သွေးချီက ကျင့်ကြံသူတွေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်”

သူတို့၏ တာအိုနှလုံးသားက လုံလောက်သန်မာမှုမရှိလျှင် သူတို့တွေက သွေးချီရဲ့ကျူးကျော်ခံရပြီး သူတို့ရဲ့စိတ်တွေက လုံးလုံးလျားလျားလွတ်သွားမယ်... သူတို့က သွေးချီရဲ့ ထိန်းချုပ်ခံရတဲ့ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းသွားလိမ့်မယ်”

“ဒီခရီးစဥ်မှာ အန္တရာယ်တွေအများကြီးရှိနေတာကြောင့် ငါအသုံးချနိုင်တဲ့လူက များများမရှိဘူး”

တကယ်တော့... ရှဲ့ချင်းချန်၏ လက်အောက်မှာ ကောင်းကင်အင်မော်တယ်တစ်ထောင်ကျော်ရှိလေသည်။ သို့သော်လည်း သူတို့ထဲမှ အဆင့်-၈နှင့် အဆင့်-၉ ကောင်းကင်အင်မော်တယ်များက များစွာမရှိပေ။

သူတို့ကြားမှာ လူတချို့သည် အဆူရာတိုက်ပွဲမြေသို့ သူ့နောက်သို့လိုက်ပါရန် အန္တရာယ်ကို စွန့်စားလိုခြင်းရှိကြလိမ့်မည် မဟုတ်ပေ။

အဆူရာကဲ့သို့ ဆင်ခြင်တုံတရားမရှိသော သက်ရှိများအပြင် အဆူရာတိုက်ပွဲမြေမှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်များလည်းပါဝင်လေသည်။

ရှဲ့ချင်းချန်သည် ကောင်းကင်အင်မော်တယ်တစ်ရာအပြည့်ကို မခေါ်ယူနိုင်ခဲ့ပေ။ အခြားသောမင်းသားများနှင့်ယှဥ်လျှင် သူအနိုင်ရဖို့အခွင့်အရေးက မရှိသလောက်ဖြစ်၏။

“ရည်ရွယ်ချက်က ချိပ်စည်းကိုလုယူဖို့ဆိုမှတော့... လူအများကြီးခေါ်သွားလည်း အဲဒါက အသုံးတည့်ချင်မှတည့်လိမ့်မယ်”

ဆူဇီမိုက နှစ်သိမ့်ပေးလိုက်၏။

“ဒီတစ်ခေါက် အဆူရာတိုက်ပွဲမြေက ဘယ်အချိန်မှာ ဖွင့်လှစ်မှာလဲ”

“နောက်သုံးရက်နေရင် ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့မြို့တော်မှာ”

“ကောင်းပြီလေ... သုံးရက်နေရင် ကျုပ်ခင်ဗျားကို လာရှာမယ်”

. . . . .

သုံးရက်ကြာပြီးနောက်...။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အတွင်းဝန်းထဲရှိ ဧည့်ခန်းထဲမှာ ကျင့်ကြံသူများစွာက သူတို့သည် အမျိုးမျိုးသော ဝတ်စားဆင်ယင်မှုများနှင့် မတူညီသောအော်ရာများနှင့်အတူ လူတစ်ထောင်ဝန်းကျင်လောက်ရှိလေသည်။

သူတို့၏ ခါးပေါ်မှ တံဆိပ်ပြားများသည် ဤကျင့်ကြံသူများက မတူညီသောဂိုဏ်းများနှင့် အဖွဲ့အစည်းများကနေ လာသည်ဟု ပြသပေးနေ၏။

သူတို့အားလုံးနီးပါးက အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ကြလေသည်။

အင်မော်တယ်တာအိုကလန်ကြီးများမှ ကျင့်ကြံသူအချို့နှင့် အင်မော်တယ်နိုင်ငံသုံးနိုင်ငံမှ ကောင်းကင်အင်မော်တယ်ပညာရှင်များအပြင် အခြားသော အင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းမှ ပညာရှင်များလည်း ပါဝင်နေ၏။

ထိုကောင်းကင်အဆင့်အဖွဲ့အစည်းများမှ ပညာရှင်များသည် ဧည့်ခန်း၏ ရှေ့မှာ ဝင့်ကြွားစွာဖြင့် ထိုင်နေကြ၏။

“ဆူဇီမိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာသေးဘူးလား”

“ဟီးဟီး... သူကတကယ်ပဲ တံခါးပိတ်ကျင့်ကြံနေတာလို့ မင်းတို့တွေထင်လို့လား... အဲဒါက အကြောင်းပြချက်တစ်ခုပဲ”

“ငါ့အထင်တော့ သူက တိုက်ခိုက်ရမှာကို ကြောက်နေတာပဲ”

ဧည့်ခန်းထဲမှာ ကျင့်ကြံသူများစွာက အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။

ယန်ပင်ယင်းက တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်အုပ်စုကို ဦးဆောင်ပြီး အလယ်မှာထိုင်နေ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူမက ခေါင်းကိုက်လာခဲ့၏။

ပြီးခဲ့သည့်တစ်နှစ်အတွင်း စိန်ခေါ်ဖို့ရောက်ရှိလာသော ကျင့်ကြံသူများ၏ အရေအတွက်က ပို၍တိုးလာနေ၏။

တကယ်ဆို... သူတို့ထဲမှအချို့သည် ဆူဇီမိုပေါ်ထွက်မလာသရွေ့ ထွက်ခွာဖို့ပင် စိတ်ကူးမရှိကြပေ။

“အာလုံးပဲ ငြိမ်ငြိမ်နေကြပါ... ကျွန်မရဲ့အဆင့်သတ်မှတ်ချက်က စီနီယာအစ်ကိုဆူရဲ့အောက်မှာပဲ”

ယန်ပင်းယင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ထုတ်ဖော်ကြေညာလိုက်၏။

“တစ်ယောက်ယောက်က စီနီယာအစ်ကိုဆူကို စိန်ခေါ်ချင်တယ်ဆိုရင် ကျွန်မကို အရင်ဖြတ်ကျော်ရမယ်”

ယန်ပင်းယင်၏ ဘယ်ဘက်မှာရှိသော အမျိုးသားတစ်ယောက်က ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းပင်းယင်... အဲလိုလုပ်စရာမလိုပါဘူး... ငါတို့တွေ စိန်ခေါ်ချင်တဲ့ တစ်ဦးတည်းသောသူက တက္ကသိုလ်က ဆူဇီမိုပဲ”

ထိုအမျိုးသားသည် အင်မော်တယ်ပျံဂိုဏ်းမှဖြစ်ပြီး သူ၏ တာအိုဘွဲ့က ထျန်ကျဲဖြစ်လေသည်။

မဟာကျင်းအင်မော်တယ်နိုင်ငံမှ နောက်ထပ်ကောင်းကင်အင်မော်တယ်တစ်ဦးကလည်း လှောင်ရယ်လိုက်၏။

“ဆူဇီမိုက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသားတစ်ပါးကို လုပ်ကြံသတ်ဖြတ်ရလောက်အောင် အရမ်းကိုရဲတင်းနေခဲ့တာပဲ... အခုကျမှ သူက ပေါ်ထွက်လာဖို့ ဘာလို့အဲ့လောက်ထိ ကြောက်နေရတာလဲ”

“မင်းသားယွင်ထင်က သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်တောင် ရှုမြင်ထားတယ်လို့ပြောတယ်...သူက လုံးဝထိုက်တန်မှုမရှိဘူးလို့ ငါထင်တယ်”

ထိုစကားကို ပြောလိုက်သောသူက ကျိရွှမ်အင်မော်တယ်နိုင်ငံ နတ်မိမယ်ပိုင်ဟွားဖြစ်လေသည်။

ယန်ပင်းယင်က ဘာမှမတတ်နိုင်ဘဲဖြစ်နေ၏။

အခြားသူများသည် ဆူဇီမို၏ ခွန်အားကို သိချင်မှသိပေလိမ့်မည်။ သို့သော်လည်း သူသည် အတွင်းဂိုဏ်း၏ နံပါတ်တစ် ဖန့်ချင်းယွင်ကို ဘယ်လိုဖိနှိမ်ခဲ့သလဲ သူမမျက်စိနှင့်ကိုယ်တိုင်တွေ့မြင်ခဲ့ရ၏။

“အားလုံးပဲ ကျေးဇူးပြုပြီး ပြန်ကြပါ... စီနီယာအစ်ကိုဆူက ရှင်တို့နဲ့မတိုက်ခိုက်ချင်တဲ့အတွက် ပေါ်ထွက်လာမှာ မဟုတ်ဘူး”

ယန်ပင်းယင်က ဖျောင်းဖျလိုက်၏။

ခန်းမထဲရှိလူတိုင်းက လှုပ်ရှားယိမ်းယိုင်သွားခြင်း မရှိပေ။

တက္ကသိုလ်မှတပည့်တစ်ယောက်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“စီနီယာအစ်မယန်... သူတို့ထဲက အတော်များများက စီနီယာအစ်ကိုဆူကို စိန်ခေါ်​ချင်လို့ ဒီကိုရောက်လာတာ မဟုတ်လောက်ဘူး... သူတို့တွေက ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စတွေကြောင့် ရောက်လာကြတာပဲ”

“အဲဒါတင် မကဘူး”

ယန်ပင်းယင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“သူတို့ထဲက လူတချို့က စီနီယာအစ်ကိုဆူရဲ့ ရတနာသူတော်စင်ကျောက်စိမ်း​ကျမ်းကြောင့် ရောက်လာတာဖြစ်လောက်တယ်”

ထိုစဥ်မှာပင် ဝင်ပေါက်ဝကို တာအိုကလေးငယ်နှစ်ယောက်က ဖြတ်လာပြီး အထဲကို တစ်ချက်ကြည့်လိုက်၏။

အစိမ်းရောင်ဝတ်ရုံဝတ် တာအိုကလေးငယ် အံ့အားသင့်စွာဖြင့်မေးလိုက်၏။

“ခင်ဗျားတို့တွေ ခုချိန်ထိ မပြန်ကြသေးဘူးလား”

“အဲဒါသူပဲ”

လူတစ်ယောက်က အစိမ်းရောင်ဝတ်တာအိုကလေးငယ်ကို လက်ညှိုးထိုးပြီးပြောလိုက်၏။

“သူက... ဆူဇီမိုရဲ့ လိုဏ်ဂူခန်းဝါထဲကပဲ”

ကလေးနှစ်ယောက်သည် ထောင်ယောင်နှင့်လျှိုဖျင်ဖြစ်လေသည်။

“ဆူဇီမို ဘယ်မှာလဲ”

အင်မော်တယ်ပျံဂိုဏ်း၏ ကောင်းကင်အင်မော်တယ်ထျန်ကျဲက မတ်တတ်ထရပ်ပြီး တည်တံ့စွာမေးလိုက်၏။

“မင်းတို့နှစ်ယောက်ထွက်လာပြီဆိုမှတော့... ဆူဇီမိုကလည်း တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီဖြစ်ရမယ်... ဟုတ်တယ်မလား”

“အင်း... ဟုတ်တာပေါ့”

လျှိုဖျင်က ဖုံးကွယ်ထားခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

ထိုစကားကိုကြားသောအခါ ဧည့်ခန်းထဲရှိ ကျင့်ကြံသူထက်ဝက်ကျော်က တိုက်ပွဲဝင်စိတ်ဝိညာဥ်နှင့် တောက်ပသောမျက်လုံးများနှင့်အတူ မတ်တတ်ထရပ်လိုက်ကြ၏။

လျှိုဖျင်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်၏။

“ဒါပေမဲ့... ခင်ဗျားတို့တွေနောက်ကျသွားပြီ... စီနီယာအစ်ကိုက အဆူရာတိုက်ပွဲမြေမှာ ဝင်ပါဖို့ ထွက်ခွာသွားပြီ”

“အဆူရာတိုက်ပွဲမြေလား... အဆူရာတိုက်ပွဲမြေကဘာလဲ”

“မကြာသေးခင်တုန်းက ယန်ယန်းအင်မော်တယ်နိုင်ငံက စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်အတွက် မင်းသားအသစ်တစ်ပါးကို ရွေးချယ်တော့မယ်လို့ ပြောတယ်.. ပါဝင်ယှဥ်ပြိုင်မယ့် မင်းသားတွေက အဆူရာတိုက်ပွဲမြေကို ကောင်းကင်အင်မော်တယ်တစ်ရာ ခေါ်သွားနိုင်တယ်လို့ပြောကြတယ်... သူတို့က မင်းသားချိပ်စည်းကို ရယူနိုင်မယ်ဆိုရင် စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားအသစ်ဖြစ်လာမယ်”

“ဒီတစ်ခေါက် အဆူရာတိုက်ပွဲမြေမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တော်တော်များများလည်းပါလာမယ်လို့ပြောတယ်... ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က တတိယ ကျုံးဖေးယွီကိုတောင်မှ မင်းသားယွီယန်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ ဖိတ်ခေါ်ထားတယ်”

“အဲဒါတင်မကဘူး... ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက လူတချို့ကလည်း ပါလာကြလိမ့်မယ်”

“ဆူဇီမိုက အဲဒီမှာတကယ်ပဲ ဝင်ပါရဲမှာလား”

“ဒီတစ်ခေါက်အခြေအနေက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားတယ်... ငါသိရသလောက်ဆိုရင် အဆူရာတိုက်ပွဲမြေမှာ ဖြစ်ပျက်နေတဲ့အရာတွေကို မှတ်တမ်းတင်ပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ကို အချိန်မရွေးမွမ်းမံပြင်ဆင်ဖို့ ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ပကတိအင်မော်တယ်တချို့ကိုတောင် စေလွှတ်ခဲ့တယ်လို့ကြားတယ်”

“ငါတို့က ပြင်ဆင်မွမ်းမံချက်ကို အချိန်နဲ့တပြေးညီဘယ်လိုတွေ့မြင်နိုင်မှာလဲ... ဆူဇီမိုက ဘယ်လောက်ထိလုပ်ပြနိုင်မလဲ ကြည့်ရတာပေါ့... ဘယ်ပြောရမလဲ သူက အထဲကိုဝင်ဝင်ချင်းပဲ ဖိနှိမ်ခံရချင်ခံရမှာ”

“အဲဒါကို မေးစရာလိုသေးလို့လား... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အဲဒါကို သေချာပေါက် တွေ့မြင်နိုင်မှာပေါ့”

ကျင့်ကြံသူများစွာက ယန်ပင်းယင်နှင့် တက္ကသိုလ်မှအခြားသောတပည့်များကို လှည့်ကြည့်လိုက်၏။

ယန်ပင်းယင်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

ထိုကျင့်ကြံသူများမှာ မကောင်းသောရည်ရွယ်ချက်များရှိနေပြီး စီနီယာအစ်ကိုဆူက အရူးလုပ်ခံရမည်ကို တွေ့မြင်လိုနေကြခြင်းဖြစ်၏။

သို့သော်လည်း သူမက သူတို့ကို မောင်းမထုတ်ဘဲ တည်တံ့စွာဖြင့် ပြောလိုက်၏။

“အားလုံးပဲ... အတွင်းဝင်းရဲ့ ရင်ပြင်ကို ရွှေ့လာခဲ့ကြပါ... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို အဲဒီမှာ အချိန်နဲ့တပြေးညီ ပြသပေးပါမယ်”

All Chapters