← Chapters

နန်းတော်ရှေ့မှာ ရန်စခြင်း

Vol. 166 Ch. 2490

နန်းတော်ရှေ့မှာ ရန်စခြင်း

Vol. 166 Ch. 2490

ယန်ယန်းအင်မော်တယ်နိုင်ငံ…

နန်းတော်ရှေ့မှာ ကျင့်ကြံသူဆယ်ယောက်ကျော်က မတ်တတ်ရပ်နေကြပြီး သူတို့အားလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ကြလေသည်။

“မင်းသားချင်းချန်… ကျုပ်တို့က ဒီကို ရောက်နေကြပြီ… ကျုပ်တို့က တခြားဘယ်သူ့ကို စောင့်နေရတာလဲ”

လူအုပ်ကြားထဲမှ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က မေးမြန်းလာ၏။

“မလောကြပါနဲ့… အချိန်ကျရင် မင်းတို့တွေ သိကြပါလိမ့်မယ်”

ရှဲ့ချင်းချန်က ညင်သာစွာပြုံးပြီး အပိုစကားများ ပြောမနေပေ။

နောက်ထပ် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ခပ်တိုးတိုးပြောလိုက်၏။

“မင်းသားချင်းချန်… ဒီတစ်ခေါက်မှာ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက လူတချို့လည်း ပါလာမယ်လို့ ကျုပ်ကြားတယ်… ကျုပ်တို့တွေက သူတို့ကို အနိုင်ရဖို့ အခွင့်အရေးမရှိလောက်ဘူး”

“ငါတို့တွေက သာမန်ကာလျှံကာ ဝင်ပါရုံပဲလေ… အဆူရာတိုက်ပွဲမြေမှာ ရတနာတွေအများကြီးရှိတယ်လို့ ငါကြားထားတယ်… ငါတို့က ငါတို့ရဲ့ကံကို စမ်းကြည့်ကြတာပေါ့… ဘယ်ပြောရမလဲ… ငါတို့က အမွေအနှစ်တချို့ကို ရချင်ရနေမှာ”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။

“တာအိုရောင်းရင်းယွီယင်က မကြာသေးခင်ကမှ လျှို့ဝှက်အတတ်အမွေအနှစ်တစ်ခုကို ရထားပြီး သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာတယ်လို့ပြောတယ်… ဒီတစ်ခေါက် အဆူရာတိုက်ပွဲမြေရဲ့အကူအညီနဲ့ဆို သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်လာဖို့ အခွင့်အရေးရှိတယ်”

ကျင့်ကြံသူတချို့က လူအုပ်ကြားထဲမှ ငယ်ရွယ်သောလူငယ်ကို တစ်ချိန်တည်းမှာ လှည့်ကြည့်လိုက်ကြ၏။

လူငယ်အမျိုးသား၏ မျက်လုံးထဲတွင် အူမြူးအားရသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ညင်သာစွာ ပြုံးပြလိုက်၏။

“အဲဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ… အခုချိန်ထိတော့ မသေချာသေးပါဘူး”

ရှဲ့ချင်းချန်သည် လူတိုင်းက ချိပ်စည်းကို လုယူဖို့ သူ့အတွက် မျှော်လင့်ချက်မရှိကြောင်း ပြောလာသောအခါ သူက ပြုံးလိုက်၏။

“အားလုံးပဲ ဘာမှအားမငယ်ကြနဲ့… ငါတို့တွေမှာ လူအများကြီးမရှိပေမဲ့ ငါဖိတ်ခေါ်ထားတဲ့ ပညာရှင်နဲ့ဆိုရင် ငါတို့တွေက သေချာပေါက် အားနည်းတော့မှာ မဟုတ်ဘူး”

“ဘယ်ပညာရှင်လဲ… သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်ကလား”

လူတိုင်း၏ မျက်လုံးက ဝင်းလက်သွား၏။

ရှဲ့ချင်းချန်က မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာပြုံးနေ၏။

သိပ်မကြာခင် ခပ်လှမ်းလှမ်းကနေ အစိမ်းရောင်ဝတ် စာပေသမားတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏချင်းမှာပင် ရောက်ရှိလာပြီး ရှဲ့ချင်းချန်ကို လက်နှစ်ဖက်ယှက်ပြကာ နှုတ်ဆက်လိုက်၏။

“သူက...”

ကျင့်ကြံသူအချို့က တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။

နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ တက်ရောက်ခဲ့ကြသော ကျင့်ကြံသူများထဲမှ တစ်ယောက်က သူ့ကိုမှတ်မိသွားပြီး ခပ်တိုးတိုးပြောလိုက်၏။

“သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုပဲ”

“အဲဒါ သူကိုး”

လူတိုင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအကြည့်တစ်ခုစီ ဖျတ်ခနဲပေါ်ထွက်လာ၏။

လူများစွာသည် ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးခဲ့သော်လည်း သူ၏ အမည်ကို ကြားဖူးထားကြ၏။

ပကတိမိုးကြိုးမြို့တော်မှ တိုက်ပွဲ၏ ရိုက်ခတ်မှုက အတော်လေးကြီးမားခဲ့လေသည်။

ဒါ့အပြင် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ထားခဲ့သည်မှာ တစ်နှစ်ကျော်ကြာသွားခဲ့ပြီဖြစ်၏။ ဆူဇီမိုမှာ တိုက်ပွဲမှတ်တမ်းနှစ်ခုသာ ရှိသော်လည်း သူ၏ အဆင့်ရပ်တည်ချက်က အတော်လေးမြင့်မားပြီး အလွယ်တကူ မှတ်မိသိရှိနိုင်လေသည်။

ယွီယင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ အခြားတစ်ယောက်ယောက်သာဆိုလျှင် သူက မည်သည့်စကားမှ ဆိုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ပြီးခဲ့သည့်တစ်နှစ်မှာ ဆူဇီမိုနှင့်ပတ်သက်သည့် ကောလာဟလများက နေရာတိုင်းမှာ ပျံ့နှံ့နေခဲ့၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ အဆင့်သတ်မှတ်ချက်သည် အတော်လေး ချဲ့ကားပြောဆိုထားခြင်းဖြစ်သည်ဟု လူများစွာက ပြောနေကြ၏။

ဒါ့အပြင် ပြီးခဲ့သည့်တစ်နှစ်မှာ ဆူဇီမိုသည် စိန်ခေါ်သူများအားလုံးကို ရှောင်လွှဲခဲ့၏။ အဲဒါက ထိုကောလာဟလများကို ထပ်မံ၍ အတည်ပြုပေးနေ၏။

“ငါ သူ့ကို မိတ်ဆက်ပေးမယ်”

ရှဲ့ချင်းချန်က ပြောလိုက်၏။

“လူတိုင်းပဲ သူ့နာမည်ကို အရင်က ကြားဖူးကြမယ်ထင်ပါတယ်… သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၄ ဝင်တဲ့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုပဲ”

ပြီးခဲ့သည့်တစ်နှစ်မှာ ဆူဇီမိုသည် စိန်ခေါ်သူများအားလုံးကို ရှောင်လွှဲခဲ့၏။ ရလဒ်အနေဖြင့် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ အကဲဖြတ်တန်ဖိုးကလည်း လျော့ကျသွားခဲ့၏။ သူက အဆင့် ၁၇ ကနေ အဆင့် ၂၄ သို့ ရောက်ရှိသွားလေသည်။

ယွီယင်ကလွဲလျှင် အခြားသော ကျင့်ကြံသူများက သူတို့၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

ကောလာဟလများက မည်သို့ပင်ဆိုစေ ဆူဇီမိုသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်တစ်ဦးဖြစ်နေဆဲပင်။ သူတို့သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို ထိတွေ့ခွင့်ပင် မရနိုင်ပေ။

“ဒါက ယွီယင်ပဲ… သူကလဲ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်ဝင်လောက်အောင် သန်မာတယ်”

ရှဲ့ချင်းချန်က သူ့နောက်ဘက်မှ ကောင်းကင်အင်မော်တယ်များကို ဆူဇီမိုနှင့် တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးလိုက်၏။

ဆူဇီမိုက နှုတ်ဆက်သည့်အနေဖြင့် သူ၏ လက်နှစ်ဖက်ကိုယှက်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမို… ကျုပ် ပြီးခဲ့တဲ့နှစ်တွေထဲမှာ ခင်ဗျားအကြောင်း အများကြီးကြားခဲ့ဖူးတယ်”

ယွီယင်က ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားက ပြီးခဲ့တဲ့တစ်နှစ်မှာ ဘယ်စိန်ခေါ်မှုကိုမှ လက်မခံရဲခဲ့ဘူးလို့ ကျုပ်ကြားထားတယ်… ခင်ဗျားက အခု အဆူရာတိုက်ပွဲမြေကို ဝင်ရောက်ဖို့ ရောက်လာတယ်ဆိုတော့ ကျုပ်က တကယ်ပဲ အံ့ဩသွားတာ”

ယွီယင်သည် သူ၏ မျက်နှာပေါ်မှ အပြုံးတစ်ခုနှင့်အတူ ချိုသာစွာ ပြောဆိုနေသော်လည်း သူ၏ စကားများက လှောင်ပြောင်ထေ့ငေါ့မှုဖြင့် ပြည့်နှက်နေ၏။

ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ထိုလူကို လှည့်ပင်မကြည့်ပေ။

မည်သို့ပင်ဆိုစေ ထိုသူသည် ရှဲ့ချင်းချန်၏ဘက်မှာ ရပ်တည်နေသော တစ်စုံတစ်ယောက်ဖြစ်၏။ သူက အဲဒါကို အရေးလုပ်မနေနိုင်ပေ။

“ယွီယင်..”

ရှဲ့ချင်းချန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ညင်သာစွာ သတိပေးလိုက်၏။

ယွီယင်က သူ၏ ပခုံးကို ညင်သာစွာတွန့်ပြပြီး မည်သည့်စကားမှ ထပ်မံမပြောတော့ပေ။

အစကတော့ သူသည် ဤလူအုပ်ကြားထဲမှာ အမြင့်မားဆုံး အဆင့်အတန်းရှိခဲ့၏။

ယခု ဆူဇီမိုက သူ့နေရာကို အစားထိုးလာပြီး သူက မကျေမနပ်ဖြစ်လာခဲ့လေသည်။

“ဟေ့ဟေး...”

ထိုစဉ်မှာပင် မလှမ်းမကမ်းကနေ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

“အဲဒါ ညီချင်းချန် မဟုတ်လား… ဘာလို့လဲ မင်းကလည်း အဆူရာတိုက်ပွဲမြေကို ဝင်ရောက်မလို့လား”

ရှဲ့ချင်းချန်က ထိုအသံကို ကြားသောအခါ လှည့်ကြည့်ခြင်းမရှိဘဲ ဝင်ရောက်လာသူကို သိရှိလိုက်ပြီဖြစ်၏။

ကျင့်ကြံသူတစ်အုပ်စုက ပျံသန်းလာပြီး သူတို့က အရေအတွက် ၁၀၁ ယောက် အတိအကျဖြစ်၏။ သူတို့၏ ခေါင်းဆောင်က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ယောက်ဖြစ်၏။ သူက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားယီချိုး၊ အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လေသည်။

“ဟားဟားဟား”

တစ်ခဏချင်းမှာပင် မင်းသားယီချိုးက သူ့လက်အောက်မှ ကောင်းကင်အင်မော်တယ်ပညာရှင်တစ်အုပ်စုနှင့်အတူ ရောက်ရှိလာခဲ့၏။ သူက ရှဲ့ချင်းချန်ဘက်မှ ကျင့်ကြံသူ ၁၈ယောက်ကို တွေ့မြင်သောအခါ ပြောင်ပြောင်တင်းတင်း ရယ်မောလိုက်လေသည်။

“ငါ့ရဲ့ချစ်လှစွာသော ညီလေး… မင်းက ဒီလောက်လူနည်းနည်းလေးခေါ်ပြီး ချိပ်စည်းကို လုယူဖို့ အဆူရာတိုက်ပွဲမြေကို ဝင်ရောက်ချင်သေးတာလား”

မင်းသားယီချိုးက ရယ်မောလိုက်လေသည်။

“ငါ့အထင်တော့ မင်းက အိမ်ကို မြန်မြန်ပြန်သင့်တယ်… မင်းခေါ်လာတဲ့ ဒီလောက်လူနည်းနည်းလေးနဲ့ဆို စိတ်ဝိညာဉ်တိမ်စိုင်ချိပ်စည်းကို မမြင်ရခင်မှာတင် မင်းတို့က အထဲမှာ အကုန်သေသွားရလိမ့်မယ်”

“အို… ငါလခွမ်းတဲ့မှပဲ”

မင်းသားယီချိုး၏ အကြည့်က ဆူဇီမိုအပေါ်သို့ ဆင်းသက်ရောက်ရှိသွားသောအခါ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး ဟန်အမူအရာပိုသော ပုံစံဖြင့် ပြောလိုက်၏။

“ဘယ်လိုလဲဟ… မင်းက ကောင်းကင်အင်မော်တယ် ဒီလောက်နည်းနည်းလေးကို ခေါ်ထားပြီး သူတို့ထဲမှာ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်တောင် ပါလာသေးတယ်။ သူက အရေအတွက်ကို ထပ်ဖြည့်ဖို့ ဒီကိုရောက်လာတာလား”

“ဟားဟားဟား”

မင်းသားယီချိုး၏ နောက်ဘက်ရှိ လူအုပ်ကြားထဲမှ အော်ဟစ်ရယ်မောသံများက ထွက်ပေါ်လာ၏။

မင်းသားယီချိုး၏ နောက်ဘက်မှာ ကောင်းကင်အင်မော်တယ်များကြားမှာ အားအနည်းဆုံးသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်များဖြစ်ပြီး ကျန်သူများအားလုံးက အဆင့်-၉ ကောင်းကင်အင်မော်တယ်များ ဖြစ်ကြလေသည်။

လူတိုင်း၏ ထင်မြင်ချက်အရ အဆင့်-၆ ကောင်းကင်အင်မော်တယ်လောက်ကို မပြောနှင့်…. အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ပင် ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ ဝင်ပါဖို့ အဆင့်မမီပေ။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

သို့သော်လည်း ရှဲ့ချင်းချန်နှင့် အခြားသူများ၏ အမူအရာများက ပျက်ယွင်းသွားကြ၏။ သူတို့က လှောင်ပြောင်သရော်၍ အထင်သေးခံရသည့်အတွက် မကျေမနပ်ဖြစ်နေကြသည်။

သို့သော်လည်း တစ်ဖက်အဖွဲ့မှာ အရေအတွက် အားသာချက်ရှိနေပြီး သူတို့က မည်သည့်စကားမှ မဆိုရဲပေ။

ယွီယင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုပေမဲ့ သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၄ ဝင်တဲ့ ပြိုင်စံရှားပညာရှင်ပဲ… သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုလေ”

ဆူဇီမိုဟူသော နာမည်ကို ကြားချိန်မှာ တစ်ဖက်မှ လှောင်ပြောင်ရယ်မောသံများက တဖြည်းဖြည်းစဲသွား၏။

ကျင့်ကြံသူများစွာက အံ့အားသင့်မှုနှင့် သတိထားမှုနှင့်အတူ ဆူဇီမိုကို ကြည့်လာကြ၏။

မင်းသားယီချိုး၏ ဘေးမှာရှိသော အေးစက်စက်မျက်နှာနှင့် အမျိုးသားကသာ သူ၏ ခေါင်းကို ရုတ်တရက်မော့လိုက်၏။ သူ၏ မျက်လုံးထဲကနေ အေးစက်စက်အလင်းနှစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး အဲဒီမှာ ရန်လိုစိတ်ကို ဖုံးကွယ်မထားပေ။

“အဲဒါ သူပဲ”

ထိုလူ၏ နောက်ခံကို မှတ်မိသိရှိသွားပြီး ယွီယင်က ရင်တစ်ချက်ထိတ်သွား၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့် ၆၇.. အင်မော်တယ်ပျံဂိုဏ်း၏ ဓားအင်မော်တယ် ဖီဟန်…။

ဓားအင်မော်တယ်ဖီဟန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဲဒါကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာပဲ… ဆူဇီမိုမှာ တိုက်ပွဲမှတ်တမ်းနှစ်ခုပဲ ရှိတယ်… သူ့ရဲ့အဆင့်ရပ်တည်ချက်က အဲ့လောက်ထိ မြင့်မားနေတယ်ဆိုတာ သူ့ရဲ့ထွက်ပြေးခြင်းနည်းစနစ်တွေကြောင့်ပဲ”

လူအုပ်ကြားထဲမှ လှောင်ပြောင်ရယ်မောသံတချို့ ထွက်ပေါ်လာ၏။ သို့သော်လည်း သူတို့က အတော်လေး ချုပ်တည်းထားလေသည်။

မည်သို့ပင်ဆိုစေ ပကတိမိုးကြိုးမြို့တော်မှတိုက်ပွဲသည် ကျင့်ကြံသူအများစုအတွက် အလွန်တရာစွမ်းအားကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေဆဲပင်။

မင်းသားယီချိုးက ရည်ရွယ်ချက်ရှိရှိ မေးလိုက်၏။

“တာအိုရောင်းရင်းဖီဟန်… သူက ခင်ဗျားကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

“ကျုပ်တို့တွေက အသက်လုပြီး ထွက်ပြေးရမယ့်နေရာမှာဆိုရင် ကျုပ်က ရှုံးနိမ့်ကြောင်း တကယ်ပဲ ဝန်ခံရလိမ့်မယ်”

ဓားအင်မော်တယ်ဖီဟန်က ပြောလိုက်၏။

“ဒါပေမဲ့ ကျုပ်တို့တွေက ပုံမှန်အတိုင်း အသေအကြေ တိုက်ခိုက်ကြမယ်ဆိုရင် သူက ကျုပ်ဆီက ဓားချက်ဆယ်ချက်ကိုတောင်မှ ခံနိုင်ရည်မရှိလောက်ဘူး”

မင်းသားယီချိုးက လက်ခုပ်တီးပြီး ကျယ်လောင်စွာပြောလိုက်၏။

“ညီချင်းချန် ဒီလိုလုပ်လေ… အဆူရာတိုက်ပွဲမြေကို မဝင်ရောက်ခင် ငါတို့က သူတို့နှစ်ယောက်ကို လက်ရည်စမ်းခိုင်းကြည့်ကြရင် မကောင်းဘူးလား”

ရှဲ့ချင်းချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ရင်ထဲရှိ အမျက်ဒေါသကို ဖိနှိပ်လိုက်၏။

“ကျုပ်တို့တွေ အဆူရာတိုက်ပွဲမြေကို ဝင်ရောက်ပြီးရင် တိုက်ခိုက်ဖို့ အခွင့်အရေးရလာမှာပါ”

“ဟားဟား”

မင်းသားယီချိုးက ရယ်မောလိုက်၏။

“မင်းမှာ သတ္တိမရှိဘူးဆိုတာ ငါသိသားပဲ… မင်းရဲ့အမေက အောက်ဘုံလောကကနေ တက်လှမ်းလာတဲ့ နိမ့်ကျသက်ရှိပဲ… မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အဖေ့ရဲ့မျိုးဆက်သွေးတစ်ဝက် စီးဆင်းနေတယ်ဆိုရင်တောင် မင်းအမေရဲ့အရိုးထဲက နိမ့်ကျသက်ရှိတွေရဲ့ သတ္တိကြောင်မှုကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။”

All Chapters