အခန်း (၉၆၁-၉၆၅)
Vol. 65 Ch. 961-965
အခန်း ၉၆၁ မင်းကိုစောင့်နေစဲပါ
ရဲတွေသာ ကုနင်းကိုအနက်ရောင်ခြုံထည်ကြီးနှင့်တွေ့လိုက်ရပါက လူတွေပုံမှန်ဝတ်နေကျပုံစံမျိုးမဟုတ်ကြောင့် ကြောင်တောင်တောင်ဖြစ်သွားပေမည်။
ကုနင်း သူမကိုယ်သူမပြန်လည်ပြင်ဆင်ပြီးသည်နှင့် လင်ရှောင်းထင်ထံဖုန်းခေါ်လိုက်သည်။
ကုနင်းဆီမှဖုန်းဝင်လာသည်နှင့် ချက်ချင်းဆိုသလို လင်ရှောင်းထင် ပြန်ဖြေလာတာကြောင့် ကုနင်း၏ဖုန်းကိုစောင့်နေပုံရသည်။ တကယ်လဲ လင်ရှောင်းထင်မှာ ကုနင်းကိုအရမ်းဖုန်းဆက်ချင်နေပမေည့် သူမအလုပ်ရှုပ်နေသည်ကို ဝင်ရှုပ်မိသလိုဖြစ်သွားမည်စိုးတာကြောင့် မခေါ်ဖြစ်ခြင်းပင်။
“နင်းနင်း၊ အလုပ်ပြီးသွားပြီလား?”
“အွန်း၊ ပြီးခါနီးပြီ၊ နည်းနည်းလောက်ဆက်နေဖို့တော့လိုသေးတယ်။ ကျွန်မပြန်ရောက်မှ အားလုံးပြောပြတော့မယ်။ ရှင်အခုဘယ်မှာလဲ?”
“ကိုယ် ရှန်းရှစ်ဟိုတယ်က အရင်အခန်းမှာပဲ။”
“ဟုတ်ပြီ၊ ခဏနေမှလာခဲ့တော့မယ်။ ဒါနဲ့ ညစာရောစားပြီးသွားပြီလား?”
“မစားရသေးဘူး။” လင်ရှောင်းထင်ပြန်ဖြေလိုက်သံက အနည်းငယ် စိတ်ထိခိုက်နေပုံတောင်ပေါက်နေသည်။
ကုနင်းလဲ လင်ရှောင်းထင်နှင့်သူမသူငယ်ချင်းများကို ညစာအတူစားကြမယ်လို့ ကတိပေးထားခဲ့သော်လည်း အခုတော့ သူတို့အားလုံးကို လေဆိပ်မှာ ပစ်ထားခဲ့မိတာကြောင့် ကုနင်းစိတ်မကောင်းဖြစ်သွားမိသည်။ “ဗိုက်ဆာနေရင် တစ်ခုခုသွားစားထားနှင့်လိုက်လေ။ ကျွန်မ နောက်ထပ်အနည်းဆုံးတစ်နာရီလောက်မှ ဟိုတယ်ကိုပြန်ရောက်လောက်မယ်။”
သူမအခုရောက်နေသည်က ဆင်ခြေဖုံးနေရာတစ်ခုဖြစ်တာကြောင့် ရဲများရောက်လာဖို့ မိနစ်၂၀လောက်လိုပေမည်။ Bမြို့သည် မြို့ကြီးတစ်မြို့ဖြစ်တာကြောင့် သူမအနေနဲ့လမ်းပေါ်မှာပဲ အချိန်တော်တော်ကုန်သွားနိုင်သည်။
“မဆာသေးဘူး။ မင်းလာတော့မှပဲ အဆာပြေတစ်ခုခုသွားစားကြရအောင်!” လင်ရှောင်းထင်မှာ ပျော်ရွှင်သွားသော လူငယ်လေးတစ်ဦးလိုပြန်ဖြေလေသည်။ ဘယ်လောက်ပဲကြာကြာ ကုနင်းသာဆိုလျှင် စောင့်ချင်စိတ်အပြည့်ပင်။
“ဟုတ်ပြီလေ။” ကုနင်း လင်ရှောင်းထင်နှင့် ခဏတာစကားဆက်ပြောပြီးနောက် ဖုန်းချလိုက်ကာ ချောင်ယဆီဆက်သွယ်လိုက်သည်။
ထိုအချိန်တွင် ချောင်ယနှင့်ကျန်လူများသည် ညအဆာပြေမုန့်များစားနေကြချိန်ဖြစ်သည်။
ကုနင်းက နောက်တစ်နာရီကျော်လောက်ဆို သူမဟိုတယ်သို့ပြန်ရောက်မည်ဖြစ်၍ ဟိုတယ်ရောက်မှပဲ ချူးဖေ့ဟန်တို့နှင့်တွေ့တော့မည်ဖြစ်ကြောင်း ချောင်ယကိုတစ်ဆင့်ပြောခိုင်းလိုက်သည်။
……
“ဘော့စ်လား? သူအားသွားပြီလား?”
ချောင်ယက ကုနင်းနှင့်ဖုန်းပြောနေမှန်းသိလိုက်သည်နှင့် ချူးဖေ့ဟန်တို့အားလုံး လှည့်ကြည့်လာကြသည်။ ဖုန်းချပြီးသွားသည်နှင့် ဟောင်ရန်က ထိုမေးခွန်းကိုမေးလိုက်ခြင်းပင်။
“ဟုတ်တယ်၊ နောက်တစ်နာရီလောက်ဆို သူဟိုတယ်ရောက်မှာဆိုတော့ မင်းတို့အဲ့တော့မှတွေ့ကြတော့။”
ကုနင်းက အခုထိအလုပ်များနေတုန်းဆိုမှတော့ အားလုံးလဲ သူမစကားကိုနားထောင်ပေးကြသည်။
…….
နောက်တော့ ကုနင်းက ကုမန့်ကိုဖုန်းဆက်လိုက်ပြန်ကာ သူမအပြန်နောက်ကျမည့်အကြောင်း ပြောပြသည်။
ကုမန့်သည် အလွန်လိုက်လျောပေးတတ်သည့်မိခင်ဖြစ်ကာ ကုနင်းကိုဘာလုပ်ပါဆိုပြီး ဘယ်တုန်းကမှတွန်းအားမပေးခဲ့သော်လည်း အခုက ကုမန့်၏မင်္ဂလာပွဲဖြစ်ကာ ထန်မိသားစုကလဲ နောက်နေ့မနက် ၈နာရီမှာ လာကြိုမည်ဖြစ်တာကြောင့် ကုနင်း ဒီညတော့ အပြင်မှာအိပ်လို့မဖြစ်ပေ။
တစ်ယောက်ချင်းစီကို ဖုန်းဆက်အကြောင်းကြားပြီး ငါးမိနစ်လောက်နေသည်နှင့် ရဲကားသံများကိုကြားလာရသည်။ ကုနင်းလဲ ချက်ချင်းထွက်လာကာ စိတ်စွမ်းအင်အာကာပြင်ထဲမှ ဓါတ်မီးတစ်လက်ကို ထုတ်လိုက်သည်။
ရဲကားများစွာက ဗီလာရှေ့တွင် ရပ်တန့်သွားကာ ရဲတစ်ဖွဲ့ထွက်လာခဲ့သည်။
“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။ ငါက ပြည်သူ့လုံခြုံရေးဌာနရဲ့ ဒုဒါရိုက်တာ ခယ့်မင်ဇယ်ပါ။” ခယ့်မင်ဇယ်က ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လာသည်။ ကုနင်း၏ယခင်စွမ်းဆောင်မှုများအရ သူမကိုလေးလေးစားစားမဆက်ဆံနိုင်စရာအကြောင်းမရှိပေ။
“တွေ့ရတာဝမ်းသာပါတယ်၊ ဒါရိုက်တာခယ့်။” ကုနင်းသည်လဲ လေးစားမှုရော ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရှိနှင့်ပါ ပြန်လည်နှုတ်ဆက်လိုက်သည်။
ခယ့်မင်ဇယ်သည်လဲ ကုနင်း၏အပြုအမူကို သဘောကျသွားသည်။ ဒီမိန်းမငယ်လေးသည် သူမနှင့်သက်တူရွယ်တူများကြားတွယ် အထူးချွန်ဆုံးဖြစ်လောက်မည်ဟုပင် ယုံကြည်မိပေသည်။
ခယ့်မင်ဇယ်နောက်မှာရပ်နေကြသည့် ရဲဝန်ထမ်းအားလုံးသည်လဲ ကုနင်းကိုလေးစားသဘောကျသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ နောက်ဆုံးတော့ ဒီအံ့ဖွယ်မိန်းကလေးကို ကိုယ်တိုင်မြင်နေရပြီပေါ့။
“မိန်းကလေးကု၊ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးက ဘယ်မှာပါလဲ?” ခယ့်မင်ဇယ်နဲ့အတူပါလာသည့် စုံတွဲတစ်တွဲက စိုးရိမ်ပူပန်စွာဖြင့်မေးလာသည်။ သူတို့နှစ်ယောက်စိတ်ထဲတွင် ပျောက်ဆုံးနေသည့်သမီးဖြစ်သူအကြောင်းများဖြင့်သာပြည့်နေပြီး စိုးရိမ်စိတ်များနေတာကြောင့် ကုနင်းကိုနှုတ်ဆက်ချိန်ပင်မရပေ။
ပြန်ပေးဆွဲခံရသည့်မိန်းကလေးကို သူတို့မတွေ့ရသေးသော်လည်း သူတို့သမီးဖြစ်နိုင်ချေများလွန်းနေသည်။
“ဧည့်ခန်းထဲမှာပါ၊ အထဲဝင်ကြတာပေါ့။” ကုနင်းပြောပြီးသည်နှင့် ဗီလာထဲသို့ အားလုံးကိုခေါ်ဆောင်ပေးသွားသည်။
ထိုင်ခုံပေါ်ထိုင်နေသည့်မိန်းကလေးကို ဇနီးမောင်နှံနှစ်ယောက်မြင်သည်နှင့် အမြန်ပြေးသွားကြကာ ကောင်မလေးနာမည်ကိုခေါ်ကြသည်။ “နွမ်နွမ်? နွမ်နွမ်?”
သို့သော်လည်း သူတို့ဘယ်လောက်ပဲ ကောင်မလေးနာမည်ကိုခေါ်နေပါစေ ကောင်မလေးက နိုးမလာခဲ့ပေ။ ကုနင်းလဲ ချက်ချင်းရှင်းပြပေးခဲ့သည်။ “စိတ်ပူစရာမရှိပါဘူး။ သူအဆင်ပြေတယ်၊ ဆေးအရှိန်မပြယ်သေးလို့ သတိမရသေးတာပါ။ နောက်နာရီပိုင်းလောက်ဆို နိုးလာပါလိမ့်မယ်။”
ကောင်မလေး ချက်ချင်းနိုးလာပါက အရမ်းကြောက်သွားမည် စိုးတာကြောင့် ကုနင်း မှော်စွမ်းအားသုံးကာ မနှိုးပေးခြင်းဖြစ်သည်။ တကယ်လို့ သူမနိုးလာချိန်တွင် မိဘနှစ်ပါးကိုသာ မြင်ရပါက အနည်းငယ်တော့ စိတ်တည်ငြိမ်နေပေမည်။
ကုနင်း၏စကားကိုကြားကာမှ ကောင်မလေး၏မိဘများလဲ စိတ်အေးသွားကြသည်။ သူမအဖေက ချက်ချင်းဆိုသလို သူမကိုပွေ့ချီလိုက်ကာ ကုနင်းကိုကျေးဇူးတင်လိုက်ပါ။ “မိန်းကလေးကု၊ ငါတို့သမီးရဲ့ဘဝကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။”
“ဖြစ်သင့်တာပါ။ ဒါကလဲ တိုက်ဆိုင်မှုတစ်ခုပါပဲ။ သူ့ကို အရင်ဆုံးဆေးရုံပို့ပေးသင့်တယ်။”
ကောင်မလေးက အဆင်ပြေနေသော်လည်း ဆရာဝန်ကိုယ်တိုင် အတည်မပြုပေးမချင်း မိဘတွေကစိုးရိမ်နေရဦးပေမည်။
ကုနင်းက မတော်တဆ ဝင်ပါမိသွားတာဖြစ်သော်လည်း ကောင်မလေးအသက်ကိုကယ်ခဲ့သည်ကတော့ အမှန်တရားပင်ဖြစ်တာကြောင့် ကောင်မလေး၏မိဘများက မထွက်သွားခင်အထိ ကုနင်းကိုထပ်ခါထပ်ခါကျေးဇူးတင်နေကြသည်။
ပြန်ထွက်လာချိန်မှာတော့ ကောင်မလေး၏အဖေက ခယ့်မင်ဇယ်ကို စပြောလိုက်သေးသည်။ “ဒါရိုက်တာခယ့်၊ ကျေးဇူးပြုပြီး ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပေးပါ။”
“နယ်မြေခေါင်းဆောင်ကျန်း၊ ဒါက ကျွန်တော့်တာဝန်ပါပဲ။ အဖြစ်မှန်ကို သေချာပေါက် ရှာဖွေပေးမှာပါ။”
ဇနီးမောင်နှံနှစ်ယောက်ထွက်သွားပြီးနောက် ခယ့်မင်ဇယ်က ကုနင်းကိုမေးလာသည်။ “မိန်းကလေးကု၊ အမှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပြောပြပေးလို့ရမလား?”
အားလုံးက ကုနင်းကိုယုံကြည်တာကြောင့် သူမသည် ပြစ်မှုကျူးလွန်သူမဟုတ်ဘဲ တကယ်ကို အသက်ကယ်တင်ပေးသူမှန်း သိကြသည်။
***
အခန်း ၉၆၂ ယောင်ဖေးအာ
ကုနင်း၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် ခယ့်မင်ဇယ် လေးနက်သွားသည်။
တကယ်လို့ ထိုလူလတ်ပိုင်းသည် ပုံမှန်လူကုန်ကူးသူတစ်ယောက်ဆိုပါက ယခုလိုလွတ်သွားသည်နှင့် သူလက်လျှော့လိုက်တော့မှာဖြစ်သည်။ သို့သော် ထိုလူသာ နယ်မြေခေါင်းဆောင်ကျန်း၏ရန်သူဆိုပါက ထပ်ပြီးအန္တရာယ်ပြုလာနိုင်သေးသည်။
ယခုအမှုက မလွယ်ကူလှဟု ခယ့်မင်ဇယ်ခံစားလာရသည်။
“ကျေးဇူးတင်ပါတယ်၊ မိန်းကလေးကု။”
“ရပါတယ်။ အမ်… ကျွန်မအခုသွားမှရတော့မယ်။” ကုနင်းပြောရင်းဖြင့် သူမ၏နာမည်ကဒ်ကို ထုတ်ပေးလိုက်သည်။ “ဒါ ကျွန်မရဲ့နာမည်ကဒ်ပါ။ အကူအညီလိုရင် အချိန်မရွေးဆက်သွယ်လို့ရပါတယ်။”
“ကျေးဇူးပါပဲ။” ခယ့်မင်ဇယ်က ကုနင်း၏နာမည်ကဒ်ကို လက်ခံလိုက်ကာ သူမနှင့်အတူ အပြင်ထွက်လာလိုက်သည်။ ရဲများလဲ ထွက်ခွာကြလေသည်။
“မိန်းကလေးကု၊ မင်းကို လမ်းမပေါ်ရောက်တဲ့အထိ လိုက်ပို့ပေးလို့ရမလား။ လမ်းမနဲ့ဒီက အရမ်းဝေးလွန်းတယ်။” ခယ့်မင်ဇယ်က ကမ်းလှမ်းလိုက်သည်။
ဗီလာသည် အလွန်ကြီးမားတာကြောင့် လမ်းလျှောက်ထွက်မည်ဆို အချိန်များစွာကုန်ပေမည်။
“ဒီလိုဆို ကျေးဇူးတင်တာပေါ့!” ကုနင်းလက်ခံလိုက်ကာ ခယ့်မင်ဇယ်၏ကားထဲသို့ဝင်လိုက်သည်။ ခယ့်မင်ဇယ်နှင့်ကျန်ရဲဝန်ထမ်းများသည်တော့ ကုနင်းနှင့်အတူကားတစ်စီးတည်းစီးခွင့်ရ၍ စိတ်လှုပ်ရှားလို့နေကြသည်။
“မိန်းကလေးကု၊ မင်းငယ်ငယ်လေးကတည်းက သိုင်းပညာသင်ယူထားတာလား?”
ကုနင်း ကားထဲရောက်ပြီးသည်နှင့် ရဲဝန်ထမ်းတစ်ယောက်က မနေနိုင်စွာမေးလာသည်။
“ဟုတ်ပါတယ်၊ ကျွန်မမှာ သိုင်းပညာအရမ်းထူးချွန်တဲ့ဆရာတစ်ယောက်ရှိတယ်လေ။ အခုတော့ ဆုံးပါးသွားပါပြီ။”
“အဲ့လိုလား၊ စိတ်မကောင်းပါဘူး။”
ကုနင်းကို ထိုမေးခွန်းထုတ်မေးလိုက်မိသည့်အတွက် ရဲဝန်ထမ်းမှာ စိတ်မကောင်းဖြစ်မိသွားရသည်။
“မိန်းကလေးကု၊ ကျွန်တော်ကြားထားတာတော့ မင်းက ကျောက်အလောင်းအစားလုပ်တာလဲ တော်တယ်တဲ့။ အဲ့ဒါကိုလဲ မင်းရဲ့ဆရာပဲ သင်ပေးထားတာလား?” နောက်ထပ် ရဲဝန်ထမ်းတစ်ယောက်က မေးလိုက်သည်။
“ဟုတ်ပါတယ်။”
ခဏကြာပြီးနောက် လမ်းမကြီးပေါ်သို့ရောက်လာကြ၍ ကုနင်းလဲ ရဲကားထဲမှထွက်လိုက်သည်။
ထို့နောက်မှာတော့ သူမကားဆီပြန်ကာ ရှန်းရှစ်ဟိုတယ်သို့ ဦးတည်လိုက်သည်။
သူမအရှိန်မြှင့်မောင်းလာခဲ့တာကြောင့် မိနစ်၂၀အတွင်း ဟိုတယ်နားသို့ရောက်လာခဲ့သည်။ အခုချိန်က အရမ်းလဲနောက်ကျနေပြီဖြစ်တာကြောင့် ကားလမ်းမပိတ်နေတာကြောင့်လဲ ယခုလိုအမြန်မောင်းလာနိုင်ခြင်းပင်။
ကုနင်း ဟိုတယ်နားရောက်ခါနီးကတည်းက လင်ရှောင်းထင်ကို ဖုန်းဆက်ထားတာကြောင့် လင်ရှောင်းထင်က ဟိုတယ်အပြင်ဘက်တွင် ထွက်စောင့်နှင့်နေပေပြီ။
အချိန်အားဖြင့် ည၁၁နာရီထိုးခါနီးပြီဖြစ်သော်လည်း ဟိုတယ်ထဲဝင်ထွက်သွားလာနေသည့် လူများစွာရှိနေတုန်းပင်။ အများစုသည်တော့ ညဘက်မုန့်ထွက်စားတတ်ကြသည့် လူငယ်လူရွယ်များပင်ဖြစ်သည်။
လင်ရှောင်းထင်၏ထင်ပေါ်လှသည့်ရုပ်ရည်သွင်ပြင်သည် သူသွားရာလမ်းတစ်လျှောက်မှ အမျိုးသမီးများစွာကို ဆွဲဆောင်လို့နေသည်။ သို့သော်လည်း လင်ရှောင်းထင်တွင် ပုံမှန်ဝန်းရံနေသည့် အေးစက်ပြင်းထန်သည့်အရှိန်အဝါကြောင့် ဘယ်သူကမှ သူ့နားမကပ်ရဲကြပေ။
ထိုအချိန်တွင်ပဲ အရက်မူးနေသည့်အမျိုးသမီးတစ်ဦးကတော့ မူးယစ်ရီဝေနေသည့်အရှိန်အောက်မှာ လင်ရှောင်းထင်၏အေးစက်စက်အရှိန်ဝါကို လျစ်လျူရှုကာ ချဉ်းကပ်ဖို့ကြိုးစားလာခဲ့သည်။
“ဟိုတစ်ယောက်ကိုကြည့်စမ်း!”
ကားထဲမှထွက်လာသည့်အမျိုးသမီးနှစ်ဦးသည် လင်ရှောင်းထင်ကို သတိပြုမိသွားသည်နှင့် သူတို့များလုံးများက လင်းလက်သွားသည်။
“ဟေ့၊ ကိုလူချောလေး၊ ဒီနေရာမှာဘာလုပ်နေတာလဲ? ကျွန်မကိုစောင့်နေတာလား?” မူးနေသည့်အမျိုးသမီးက ပြောရင်းဆိုရင်း လင်ရှောင်းထင်နားသို့ လျှောက်သွားသည်။
ဒီလောက်ဆွဲဆောင်မှုရှိသည့်ယောက်ျားတစ်ယောက်နှင့်သာ သူမမအိပ်နိုင်ခဲ့လျှင် ဘယ်လောက်တောင်နှမြောဖို့ကောင်းလိုက်မလဲ။ ထိုအမျိုးသမီးသည် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတတ်သူဖြစ်တာကြောင့် သူမ၏ဆွဲဆောင်မှုကို ဘယ်ယောက်ျားလေးကမှ ငြင်းဆန်နိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။
နောက်အမျိုးသမီးသည်တော့ မူးမနေတာကြောင့် လင်ရှောင်းထင်သည် သူ့အနားတခြားလူချဉ်းကပ်သည်အား သဘောမကျသည့်လူဖြစ်ကြောင်း နားလည်နိုင်စွမ်းရှိနေသေးသည်။
“ဖေးအာ!” မူးနေသည့်အမျိုးသမီး ပြဿနာတက်သွားမည်စိုး၍ သူမဝင်တားလိုက်သည်။
လင်ရှောင်းထင်ပုံစံအရ ကြည့်ရတာ သာမာန်လူနှင့်တူမနေပေ။
“ငါ့ကိုလွှတ်စမ်းပါ!” မူးနေသည့်အမျိုးသမီးကတော့ အတင်းရုန်းကန်ထွက်သွားသည်။
ချက်ချင်းပင် သူမက လင်ရှောင်းထင်အနားသို့ ဆက်လျှောက်သွားခဲ့သည်။ သို့သော်လည်း လင်ရှောင်းထင်မှာ ကုနင်း၏ကားဝင်လာသည်ကို မြင်လိုက်တာကြောင့် ရုတ်တရက်ထွက်သွားခဲ့သည်။
“ဟေး!!” မူးနေသည့်အမျိုးသမီးမှာ သူမရောက်ခါနီးမှ တစ်ဖက်လူက ထွက်သွားတာကြောင့် ရှက်သွားတော့သည်။
“ဖေးအာ၊ တော်လိုက်တော့!” မူးနေသည့်အမျိုးသမီး၏သူငယ်ချင်းသည် လင်ရှောင်းထင်က အကန့်အသတ်ထုတ်Lamborghiniကားဆီသို့ လျှောက်သွားသည်ကိုမြင်လိုက်ရတာကြောင့် ထိတ်လန့်သွားကာ သူမသူငယ်ချင်းကိုထပ်တားလိုက်သည်။
အကန့်အသတ်ထုတ်Lamborghiniကားစီးနိုင်သည့်လူမျိုးက သူမတို့ယှဉ်နိုင်သည့်လူမျိုးမဟုတ်ပေ။
မူးနေသည့်အမျိုးသမီး၏သူငယ်ချင်းသည် ချက်ချင်းပင် လင်ရှောင်းထင်က သူမတို့သွားရှုပ်၍ရသည့်လူမျိုးမဟုတ်ကြောင်း နားလည်သွားသည်။
ထိုကားက လင်ရှောင်းထင်၏ကားမဟုတ်ရင်တောင် သူသည်လဲ အလွန်ချမ်းသာသည့်လူမျိုးထဲမှဖြစ်ပေလိမ့်မည်။
အကန့်အသတ်ထုတ်Lamborghiniကားကပင် လူတစ်ယောက်၏အဆင့်အတန်းကိုပြသလို့နေပေပြီ။ အင်အားကြီးအဆက်အသွယ်မရှိသည့် သာမာန်လူချမ်းသာတစ်ယောက်အဖို့ ငွေရှိလျှင်တောင် ထိုကားမျိုးကိုဝယ်နိုင်မည်မဟုတ်ပေ။
“ငါ့လမ်းကိုလာမပိတ်စမ်းပါနဲ့! ငါ့ဆွဲဆောင်မှုကို ဘယ်ယောက်ျားမှ မတွန်းလှန်နိုင်ဘူး၊ ငါ-ငါမယုံဘူး….” မူးနေသည့်အမျိုးသမီးသည် အစကတည်းက စိတ်မကြည်နေတာကြောင့် လင်ရှောင်းထင်က သူမကိုလျစ်လျူရှုသွားချိန်တွင် ပိုလို့စိတ်တိုလာတော့သည်။
သူမသူငယ်ချင်းကတော့ ရှိသမျှအားအကုန်ထုတ်ကာ သူမကိုဟိုတယ်ထဲဆွဲခေါ်သွားခဲ့သည်။
သူမ၏ဆွဲဆောင်မှုကို ယောက်ျားများစွာက မတွန်းလှန်နိုင်တာ အမှန်တရားပင်ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းက သူမသည် အလွန်ဆွဲဆောင်မှုရှိကာ လှပနေခြင်းကြောင့်မဟုတ်ပေ။ ယောင်ဖေးအာသည် တကယ်ကိုလှသည့်မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ယောက်ျားတွေ သူမနှင့်အိပ်သည်ဆိုခြင်းက အများအားဖြင့် သူမကအလွယ်ရတာကြောင့်ဖြစ်သည်။
ဒါ့အပြင် ယောင်ဖေးအာလို မိန်းကလေးမျိုးသည် ဘဝကိုပရမ်းပတာနေ,နေကျဖြစ်ကာ အိပ်ရာပေါ်မှအရည်အချင်းကလဲ ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်တာကြောင့် သူမနှင့်အိပ်လို့ရနိုင်မည့်အခွင့်အရေးကို ဘယ်ယောက်ျားမှ လက်လွှတ်မခံကြခြင်းဖြစ်သည်။
သို့သော် သူမသည် ယောက်ျားလေးများကြားတွင် အလွန်နာမည်ကြီးနေပုံပေါ်သည်ဆိုလျှင်တောင် သူမလို အမြဲကလပ်တက်နေသည့်မိန်းကလေးမျိုးကို ယောက်ျားတိုင်းကတော့ ရွေးချယ်ကြမည်မဟုတ်ပေ။ သူမနားအမြဲရှိတတ်သည့်ယောက်ျားလေးအားလုံးသည် လူရှုပ်လူပွေများသာဖြစ်သည်။
***
အခန်း ၉၆၃ မိန်းကလေးအဖြစ်ပြောင်းလိုက်
“ဘယ်မှာသွားစားကြမလဲ?” လင်ရှောင်းထင် ကားပေါ်ရောက်သည်နှင့် ကုနင်းကိုမေးလိုက်သည်။
“ဟွမ်းဒင်ဟိုတယ်ကိုသွားရအောင်။ ဟောင်ရန်တို့တတွေနဲ့ အရင်တွေ့ပြီးမှ အရသာရှိတာလေးတွေ သွားစားကြတာပေါ့။”
“ဟုတ်ပြီလေ။” လင်ရှောင်းထင် ကားစက်နှိုးကာ ဟွမ်းဒင်ဟိုတယ်သို့ ဦးတည်လိုက်သည်။
ရှန်းရှစ်ဟိုတယ်နှင့်ဟွမ်းဒင်ဟိုတယ်နှစ်ခုစလုံးသည် ကြယ်ငါးပွင့်အဆင့် နိုင်ငံတကာအဆင့်မှီဟိုတယ်ကြီးများဖြစ်တာကြောင့် နှစ်ခုလုံးက မြို့ထဲမှ အကောင်းဆုံးနေရာများတွင် တည်ရှိကြသည်။ ဒါ့အပြင် ဟိုတယ်နှစ်ခုလုံးကလဲ သိပ်မဝေးကြပေ။ နှစ်မိနစ်လောက် မောင်းလိုက်သည်နှင့်ကို ဟွမ်းဒင်ဟိုတယ်သို့ ရောက်သွားကြသည်။
ကုနင်းက သူမခနပဲသွားပြီးပြန်လာမည်ဖြစ်၍ လင်ရှောင်းထင်ကို ကားထဲစောင့်နေခိုင်းခဲ့သည်။ သူမနှင့်အတူ လင်ရှောင်းထင်ပါတွဲပါလာလျှင် သူမသူငယ်ချင်းများ နေရခက်သွားမည်ကို စိုးရိမ်၍လဲပါသည်။
ဟောင်ရန်တို့ယောက်ျားလေးအဖွဲ့သည် လင်ရှောင်းထင်ကို ကြောက်ကြသည်။ လင်ရှောင်းထင်သာ ရှိနေလျှင် သူတို့တွေစကားတစ်ခွန်းတောင်ဟရဲကြတော့မည်မဟုတ်ပေ။
ဟောင်ရန်တို့အဖွဲ့သည် အခန်းတစ်ခန်းထဲတွင်စုကာ ကုနင်းအလာကိုစောင့်နေကြသည်။ တကယ်တော့ ကုနင်းနှင့် ထွေထွေထူးထူးကိစ္စပြောဆိုစရာရှိမနေသော်လည်း သူမနှင့်မတွေ့ရတာကြာ၍ တွေ့ချင်နေကြရုံသာဖြစ်သည်။
“ဟိုင်း ဘော့စ်၊ မတွေ့ရတာဘယ်လောက်တောင်ကြာပြီလဲ! လာပါ၊ ဖက်ပါရစေဦး!” ကုနင်းကို မြင်သည်နှင့် ချူးဖေ့ဟန်က ချက်ချင်းခုန်ဝင်သွားသည်။
“ငါလဲ ဖက်မယ်!” စုအန်းယာသည်လဲ လက်များဖွင့်ဟကာ ကုနင်းဆီပြေးသွားခဲ့သည်။
ကုနင်းမှာ ရယ်ချင်နေကာ ပျော်လဲပျော်ရွှင်နေသည်။
ယွီမီရှီသည်တော့ အနည်းငယ်ရှက်တတ်သူဖြစ်တာကြောင့် ကုနင်း သူမအနားမရောက်လာခင်အထိ မထခဲ့ပေ။
“ငါတော့ နင်တို့မိန်းကလေးတွေကို အရမ်းမနာလိုဖြစ်တာပဲ။ မင်းတို့ကျတော့ စိတ်ကြိုက်ဖက်နေကြလို့ရတယ်။” ချင်ကျီရွှမ်းကပြောလိုက်သည်။
“ဒါများ နင့်ကိုယ်နင် ဘာလို့မိန်းကလေးမပြောလိုက်လဲ?”
“ဟုတ်သားပဲ၊ ပြောင်းလိုက်တော့!” ချူးဖေ့ဟန် နောက်လိုက်သည့်စကားကို လူတိုင်းက ဝိုင်းထောက်ခံကြတော့သည်။
“မင်းတို့တွေ!!” ချင်ကျီရွှမ်းက စိတ်ဆိုးချင်ယောင်ဆောင်ပြလိုက်တာကြောင့် အားလုံးရယ်မောကြတော့သည်။
“နင်သာ မိန်းကလေးအဖြစ်ပြောင်းလိုက်ရင်၊ ကြိုက်တဲ့မိန်းကလေး ဖက်လို့ရပြီပဲ။ ငါပြောတာမှားသွားလို့လား။” ချူးဖေ့ဟန် ထပ်ပြောလိုက်သည်။
ချင်ကျီရွှမ်းသည်တော့ သူ့မျက်လုံးကိုသာလှိမ့်လိုက်ကာ ဘာမှပြန်ပြောမနေတော့ပေ။
“အို၊ ဒါနဲ့ ဟောင်ရန်ရော?” ကုနင်းမေးလိုက်သည်။
ထိုအခါ မုခယ်က၊ “သူ့အမေနဲ့တွေ့ဖို့သွားတယ်။”
ဟောင်ကတော်သည်လဲ ဟောင်ရန် Bမြို့ကိုလာမည်မှန်း သိထားကာ သူမနှင့်အတူ တခါတည်းလိုက်ခဲ့ဖို့ပြောသော်လည်း ဟောင်ရန်က သူ့သူငယ်ချင်းများနှင့်သူ့သူငယ်ချင်းများနှင့်သာ လာမည်ဆိုကာ အတင်းငြင်းခဲ့သည်။
“ငါပြန်လာပြီ!” ပြောရင်းဆိုရင်းနှင့်ပင် အပြင်ဘက်မှနေပြီး ဟောင်ရန်၏အသံက အရင်ဝင်လာခဲ့ကာ နောက်တစ်စက္ကန့်မှာပဲ အခန်းထဲသို့အပြေးအလွှားရောက်လာခဲ့သည်။ “ဟေ့၊ ဘော့စ်!”
“မင်းအမေက Bမြို့ကိုရောက်တဲ့ ခဏလေးအတွင်း သူ့ဖူးစာရှင်ကိုရှာတွေ့သွားတာ အရမ်းမမြန်လွန်းဘူးလား?” ဟောင်ရန်က ကုနင်းကိုတွေ့သည်နှင့် အံ့ဩတကြီးမေးလိုက်သည်။
တကယ်တော့ ကုနင်းဆီမှ မင်္ဂလာပွဲသတင်းကြားကတည်းက သူတို့သိချင်စိတ်တွေ တောက်လောင်နေခဲ့ကြတာပင်။
“အမ်၊ သူ့အချစ်ကိုရှာတွေ့သွားတာက နားလည်ပေးလို့ရပါတယ်၊ ဒါပေမယ့် နင့်ပထွေးက နင့်အပေါ် ကောင်းကောင်းဆက်ဆံပါ့မလား? သူ့မှာ ကလေးတွေရောရှိလား?” ကုနင်းဘာမှပြန်မဖြေနိုင်ခင်မှာပဲ ချူးဖေ့ဟန်ကလဲ မေးလာပြန်သည်။
အားလုံးက ကုမန့်လက်ထပ်မည့်သူမှာ သူမတို့အသက်အရွယ်ရဆိုလျှင် သေချာပေါက် လက်ထပ်ဖူးထားသူဖြစ်မည်ဟု တွေးထားခဲ့ကြခြင်းပင်။ ကြင်နာတတ်သည့် မိထွေး သို့မဟုတ် ပထွေးတစ်ယောက်ကို တွေ့ဆုံနိုင်ဖို့ဆိုတာက ရှားပါးလှသည့်တိုက်ဆိုင်မှုဖြစ်တာကြောင့် ကုနင်းအတွက် စိုးရိမ်ပေးနေကြခြင်းဖြစ်သည်။ ကိုယ့်ဘက်က သတိရှိထားလို့ မှားသွားသည်မှမရှိဘဲ။
“ပြီးတော့ မင်းပထွေးရဲ့ စီးပွားရေးအခြေအနေကရော? မင်းအမေကို ငွေကြောင့်နဲ့လက်ထပ်တာများဖြစ်နေမလား?” ချင်ကျီရွှမ်းကပါ မေးလာသည်။ သူက အဆိုးတွေချည်းတွေးနေတာမဟုတ်ဘဲ တကယ့်လက်တွေ့ဘဝတွင် ဖြစ်လာနိုင်ချေရှိကာ အဖြစ်အများဆုံးအခြေအနေအတွက် မေးမြန်းခြင်းဖြစ်သည်။
ကုနင်းသည်လဲ သူမသူငယ်ချင်းတွေ သူမကိုဂရုစိုက်တာကြောင့် မေးမြန်းနေခြင်းဖြစ်မှန်းသိတာကြောင့် သူတို့မေးခွန်းတွေက အနည်းငယ်ခက်ထန်နေသော်လည်း သူမစိတ်မဆိုးမိပေ။
“အဲ့အတွက် စိတ်မပူပါနဲ့။ ငါ့အဖေက ငါ့အပေါ်အရမ်းကောင်းတယ်၊ ပြီးတော့ သူက အရမ်းချမ်းသာတဲ့မိသားစုက။ အထူးသဖြင့် သူက ငါ့ပထွေးမဟုတ်ဘူး ငါ့အဖေအရင်းပဲ။ လွန်ခဲ့တဲ့၁၉နှစ်က ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့တာကြောင့် သူ့မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့တာ။” ကုနင်းပြုံးကာ ရှင်းပြလိုက်သည်။
“ဘာ? သူက နင့်အဖေအရင်းလား?” အားလုံး လွန်စွာအံ့ဩသွားကြတော့သည်။
“သူဘယ်လောက်တောင်ချမ်းသာလဲ?”
“အမ်၊ ငါ့ထက်အများကြီးချမ်းသာတယ်။ ငါ ဘယ်လိုမှမယှဉ်နိုင်ဘူး။ ပြီးတော့ အဖေက ကောင်းတဲ့အရာတွေဆို ငါတို့သားအမိနဲ့ အမြဲဝေမျှပေးတယ်။”
“ဟုတ်ပြီ၊ အရမ်းလဲနောက်ကျနေပြီဆိုတော့ ငါသွားတော့မယ်။ ကောင်းကောင်းအိပ်ကြ။ မနက်ဖြန် ၇နာရီလောက် ချောင်ယလာကြိုလိမ့်မယ်။” ကုနင်း အချိန်ကိုကြည့်ကာပြောလိုက်သည်။
မင်္ဂလာဧည့်ခံပွဲက ဤဟိုတယ်မှာပဲ ကျင်းပမည်ဖြစ်တာကြောင့် မနက်ဖြန် သူတို့ကို သူမနှင့်အတူခေါ်လာသင့်သည်။
“မနက်ဖြန်မှတွေ့ကြတာပေါ့!”
အားလုံးမှာ ကုနင်းကိုမေးချင်သည့်မေးခွန်းများစွာရှိနေကြသေးသော်လည်း ကုမန့်မင်္ဂလာပွဲအတွက် ကုနင်းအလုပ်ရှုပ်နေမည်မှန်း သိကြသည်။
ထို့နောက် ကုနင်းထွက်သွားခဲ့သည်။ သူမအခန်းထဲတွင် ဆယ်မိနစ်ကျော်မျှသာ နေသွားခဲ့ပေသည်။
သူမကားထဲပြန်ရောက်သည်နှင့် လင်ရှောင်းထင်က ညဈေးတန်းဘက်သို့ခေါ်သွားပေးသည်။
“မုန့်စားပြီးရင် ဟွားဖုတောင်ကုန်းကိုပြန်ပို့ပေးနော်။ ရှင်ကတော့ ဟိုတယ်ပြန်လိုက်။ မနက်ဖြန်မနက်၇နာရီလောက်မှ ကျွန်မအိမ်ကိုလာခဲ့။”
ဟွားဖုတောင်ကုန်းမှ သူမအိမ်တွင် လင်ရှောင်းထင်နေဖို့ရာ အခန်းမရှိတော့တာကြောင့် ကုနင်း သူ့ကိုခေါ်ထားလို့မရပေ။
“ဟုတ်ပါပြီ။” လင်ရှောင်းထင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
***
အခန်း ၉၆၄ ဟိုတယ်သွားကြရအောင်
လင်ရှောင်းထင် ခဏတာအတွေးထဲနစ်သွားပြီးနောက်မှာတော့၊ “အမ်၊ ကိုယ်တို့ ညအဆာပြေသွားစားမယ့်အစီအစဉ်ကို ဖျက်လိုက်ရင်မကောင်းဘူးလား?”
ကုနင်း ကြောင်သွားကာ နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ “ဘာလို့လဲ? ရှင်ဗိုက်မဆာဘူးလား?”
“မဆာဘူး။” လင်ရှောင်းထင် နှုတ်ခမ်းကိုစေ့လိုက်သည်။
တကယ်တော့ သူဆာနေခဲ့ကာ စားသောက်စရာကိုတော့မဟုတ်ပေ။ ဒီည သူတို့ညအဆာပြေသွားစားမည်ဆိုလျှင် နှစ်ယောက်တည်းနေဖို့ အချိန်သိပ်မရှိနိုင်တော့ပေ။ အရေးအကြီးဆုံးကတော့ သူBမြို့တွင် အကြာကြီးမနေနိုင်ဘဲ သန်ဘက်ခါမှာပဲ လစဉ်လေ့ကျင့်ရေးအတွက် တပ်ထဲကိုပြန်သွားရပေမည်။
တာဝန်ထမ်းဆောင်စရာမရှိခဲ့လျှင် လစဉ်လေ့ကျင့်ရေးကိုတော့ ဝင်ရမည်ဖြစ်သည်။ စည်းမျဉ်းကစည်းမျဉ်းပဲဖြစ်ကာ လိုက်နာမှဖြစ်မည်။ ဒါ့အပြင် သူကိုယ်တိုင်ကသာ ထိုစည်းမျဉ်းများကို ချမှတ်ခဲ့သူလဲဖြစ်နေသေးသည်။
“သွားရအောင်ပါ၊ တစ်ခုခုတော့စားမှဖြစ်မှာပေါ့။” ကုနင်းသည်တော့ လင်ရှောင်းထင်၏ကျန်းမာရေးအတွက် စိုးရိမ်နေသည်။
“ညဘက်အစာစားရင် ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်မှာမဟုတ်ဘူး။ ခန္ဓာကိုယ်ကိုမထိန်းနိုင်ရင် တာဝန်ထမ်းဆောင်တဲ့အခါ မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ဘဲ ဖြစ်လိမ့်မယ်။” လင်ရှောင်းထင်သည် လေးနက်လှသည့်အမူအရာဖြင့်ပြောလိုက်သော်လည်း ကုနင်းကတော့ သူလိမ်နေမှန်းသိပေသည်။ သူတို့နှစ်ယောက် အရင်တုန်းကတည်းက အကြိမ်ပေါင်းများစွာ ညဘက်မုန့်ထွက်စားလေ့ရှိခဲ့ကာ အခုလိုပြောဖူးသည်ကတော့ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
“မစားချင်ဘူးဆိုတော့ ဘာလုပ်ချင်တာလဲ?” ကုနင်းပြန်မေးလိုက်သည်။
“မင်းကိုယ်ဟွားဖုတောင်ကုန်းဆီပြန်မပို့ပေးခင် သီးသန့်အချိန်လေးရအောင် ဟိုတယ်ပဲသွားကြရင်ကော?”
ထိုစကားကိုကြားကာမှ လင်ရှောင်းထင် ဘာတွေတွေးနေမှန်း ကုနင်းသဘောပေါက်သွားတော့သည်။
လင်ရှောင်းထင်တောင်းဆိုလာမှတော့ ကုနင်းလဲ သဘောမတူဘဲမနေပေ။ သို့သော်လည်း သူမပြောမှဖြစ်မည့်အရာကိုတော့ ပြောလိုက်စဲပင်။ “ဒါဆို မနက်ဖြန်အိပ်ရာကနိုးရင် မနက်စာကိုသေချာစားရမယ်နော်။”
“စားလိုက်ပါမယ်။” လင်ရှောင်းထင် ကျေနပ်ပြုံး,ပြုံးလိုက်ကာ ရှန်းရှစ်ဟိုတယ်သို့ ပြန်လှည့်လာတော့သည်။
…….
ခယ့်မင်ဇယ်နှင့် သူ့အဖွဲ့ဝင်များသည် ရဲစခန်းသို့ပြန်ရောက်သည်နှင့် လုံခြုံရေးဗီဒီယိုများကို စစ်ဆေးခဲ့ကြရာ အားလုံးက သူတို့ကို ကုနင်းပြောထားသည်နှင့် ကိုက်ညီနေသည်။
ကုနင်းနှင့်အဖော်နှစ်ယောက်သည် သူမသူငယ်ချင်းများကိုကြိုဖို့ရန် လေဆိပ်သို့သွားခဲ့ကြသည်။ ဆယ်မိနစ်ကျော်မျှစောင့်နေပြီးနောက်မှာတော့ ကုနင်း၏အကြည့်က သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ထံရောက်သွားကာ ထိုလူ့နောက်သို့လိုက်သွားတော့သည်။ ထိုလူနောက်မှ ဗီလာသို့ရောက်သည်အထိ
ခဏအကြာမှာတော့ ကုနင်းဆီမှအကူအညီတောင်းသည့် ဖုန်းခေါ်ဆိုချက်ကို သူတို့လက်ခံခဲ့ရသည်ပင်။
သို့သော်လည်း သက်လတ်ပိုင်းအရွယ် ထိုလူသည်တော့ ကားထဲမှထွက်ပြီးသည်နှင့် အငွေ့ပျံသလို ပျောက်သွားခဲ့သည်။
ထိုသက်လတ်ပိုင်းလူ၏ရုပ်ရည်နှင့် ကားလိုင်စင်နံပါတ်ပြားကိုတော့ သူတို့တွေ့ထားတာကြောင့် အမှုကြောင်းကို ဆက်စုံစမ်းလို့ရနိုင်သေးသည်။ လက်ရှိမှာတော့ ထိုလူ၏ကားက သူတို့အတွက် ပစ်မှတ်ဖြစ်သွားသည်။
သို့သော်လည်း ထိုသက်လတ်ပိုင်းလူက ကားကို အွန်လိုင်းကားအငှားအေဂျင်စီတစ်ခုကနေငှားထားခြင်းဖြစ်ကြောင်း သူတို့စုံစမ်းတွေ့ရှိလိုက်ရသည်။ ဒါကြောင့် ကားပိုင်ဆိုင်သူနှင့် မဆိုင်တော့ပေ။
သို့ပေမည့် ကားငှားရာတွင် ငှားသူ၏အိုင်ဒီနှင့်ဖုန်းနံပါတ်တော့ ပေးဖို့လိုတာကြောင့် ခယ့်မင်ဇယ်က ကားအငှားအေဂျင်စီမှ သက်လတ်ပိုင်းလူကြီး၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းခဲ့သည်။
ထိုလူ၏ဖုန်းနံပါတ်ကို သူတို့ရခဲ့သော်လည်း ဖုန်းခေါ်လိုက်ချိန်မှာတော့ တစ်ဖက်မှပြန်လည်ဖြေကြားသူမရှိခဲ့ပေ။
ဒါကြောင့် ခယ့်မင်ဇယ်လဲ ထိုလူ၏အိုင်ဒီနံပါတ်ကို ရိုက်ထည့်ကာ ထိုလူသွားလာသမျှ လေယာဉ်၊ ရထားအပါအဝင် နေထိုင်ရာ ဟိုတယ်များကိုပါ ရှာဖွေတော့သည်။ ထိုလူသာ သူ့အိုင်ဒီကိုထုတ်သုံးခဲ့သ၍ ရဲများဘက်က သူလုပ်သမျှအားလုံးကို ခြေရာခံနိုင်ပေမည်။
……
နတ်ဆိုးကျင့်ကြံရေးမှလူသည် ဗီလာမှလွတ်မြောက်လာသော်လည်း ကုနင်းကို လက်မလျှော့ချင်သေးတာကြောင့် Bမြို့မှချက်ချင်းထွက်မသွားခဲ့ပေ။ ကုနင်းတွင်ရှိနေသည့် မှော်စွမ်းအားက သူ့အမြင်မှာတော့ လွန်စွာအသုံးဝင်လှသည်။
နတ်ဆိုးကျင့်ကြံရေးသမားများသည် ကမ္ဘာမြေလောကတွင် အချိန်အကြာကြီး နေလေ့မရှိတာကြောင့် ထိုလူသည်လဲ သူ့ကိုရဲတွေရှာဖွေနေကြမှန်း မသိခဲ့ပေ။
သူက ဟိုတယ်တစ်ခုသို့ဝင်ကာ အခန်းတစ်ခန်းငှားလိုက်သော်လည်း ရဲတွေဘက်က သူ့ကိုအလိုရှိစာရင်းထဲထည့်ထားပြီးနှင့်နေပြီ။
ဟိုတယ်ဧည့်ကြိုက သူ့အိုင်ဒီကိုစစ်လိုက်ချိန်မှာပဲ လွတ်မြောက်နေသည့်အပြစ်သားမှန်း သိသွားခဲ့သည်။
သူမအလွန်ကြောက်သွားသော်လည်း ကိုယ့်စိတ်ကိုငြိမ်အောင်ထိန်းကာ စာရင်းသွင်းသည့်စနစ်က အမှားတချို့ရှိနေ၍ သူမမန်နေဂျာကို အကူအညီတောင်းရဦးမည်ဖြစ်ကြောင်း အလိမ်အညာအကြောင်းပြချက်တစ်ခုပေးခဲ့သည်။
နတ်ဆိုးကျင့်ကြံရေးသမားသည်လဲ သိပ်တွေးမနေဘဲ သဘောတူခဲ့သည်။
မိနစ်ပိုင်းအကြာမှာပဲ ဟိုတယ်မန်နေဂျာက အစောင့်ငါးယောက်နှင့်အတူ သူ့ကိုဖမ်းဖို့ရောက်လာတော့သည်။
ထိုလူတွေ သူ့ကိုဘာကြောင့်ရုတ်တရက်ကြီး ဖမ်းဖို့ကြံနေကြမှန်း နားမလည်ဖြစ်သွားသော်လည်း သူဒီနေရာမှာ ဆက်နေလို့မရတော့မှန်းတော့ သိလိုက်သည်။
အစောင့်ငါးယောက်၏တိုက်ရည်ခိုက်ရည်လောက်က သူ့အတွက် သိပ်ပင်လှုပ်ရှားစရာမလိုလိုက်ဘဲ လျှပ်စီးတမျှအမြန်နှုန်းနှင့် အမှောက်သိပ်ခဲ့လိုက်သည်။ သို့သော်လည်း ထိုလူများကို ဒဏ်ရာကြီးကြီးမားမားမရစေခဲ့ပေ။
ဟိုတယ်ထဲမှ ကျန်လူများသည်တော့ လွန်စွာကြောက်လန့်သွားကာ အော်ဟစ်ထွက်ပြေးကြတော့သည်။
လူအများ၏တုံ့ပြန်ပုံအရ သူ့ကိုဘာကြောင့် ဖမ်းချင်နေကြမှန်း ထိုလူအနည်းနှင့်အများသဘောပေါက်သွားတော့သည်။ ကုနင်း သူ့ကိုရှာနေတာပဲဖြစ်လောက်မည်။ ဒါကြောင့် သူလဲ အိုင်ဒီကဒ်ကိုချန်ထားရစ်ကာ ဟိုတယ်မှအမြန်ထွက်လာခဲ့တော့သည်။
သူ့မှာ အိုင်ဒီကဒ်တွေအများကြီးရှိကာ ဒီတစ်ခုကလဲ သူ့ဟာဟုတ်မနေပေ။
ကျင့်ကြံသူများသည် သာမာန်လူများနေထိုင်သည့်ကမ္ဘာနှင့် တစ်ခုတည်းတွင် မနေကြတာကြောင့် သူတို့မှာ အိုင်ဒီကဒ်အစစ်အမှန်ဟူ၍မရှိပေ။
သူတို့မှာ သာမာန်လူသားလောက၌ လုပ်စရာတစ်ခုခုရှိနေလျှင် အိုင်ဒီကဒ်အတုတစ်ခုကိုသာ သုံးလိုက်သည်။ တစ်ခါတစ်လေ အထက်ပိုင်းအရာရှိများ၏အကူအညီကိုကူကာ အိုင်ဒီကဒ်လုပ်သလို လူသေများ၏အိုင်ဒီကဒ်ကိုပဲ သုံးလိုက်တာလဲရှိသည်။
နတ်ဆိုးကျင့်ကြံရေးသမားများသည် သွေးအေးရက်စက်သူများဖြစ်တာကြောင့် အများအားဖြင့် တစ်ယောက်ကိုသတ်ကာ အိုင်ဒီကဒ်ကို ခိုးယူလေ့ရှိကြသည်။ သူသည်လဲ ထိုနည်းလမ်းဖြင့် သူ့မှာရှိနေသည့်အိုင်ဒီနှစ်ကဒ်ကို ရလာခြင်းပင်။
သူ့မှာနောက်ထပ်အိုင်ဒီကဒ်တစ်ကဒ်ရှိနေသေးသော်လည်း ဘယ်ဟိုတယ်ကိုမှမသွားရဲတော့ပေ။ ဒါကြောင့် စားစရာအနည်းအကျဉ်းဝယ်ကာ စွန့်ပစ်ဂိုဒေါင်တစ်ခုဆီသို့သာ သွားလိုက်သည်။ အရင်ကလဲ သင်္ချိုင်းမှာတောင် အိပ်ခဲ့ဖူးတာကြောင့် စွန့်ပစ်ဂိုဒေါင်လောက်က သူ့အတွက် ကိစ္စမရှိပေ။
ထိုလူသည် ကုနင်း၏မှော်စွမ်းအားကို အလွယ်တကူစုပ်ယူ၍တော့မရမှန်း နားလည်နေသော်လည်း တခြားသောနတ်ဆိုးကျင့်ကြံရေးသမားများကို သတင်းမျှဝေလိုသည့်စိတ်ကူးတော့မရှိပေ။
နတ်ဆိုးကျင့်ကြံရေးသမားအားလုံးသည် တစ်ကိုယ်ကောင်းဆန်ကာ ကိုယ်အတွက်ကိုယ်သူကြည့်တတ်သူများဖြစ်ပြီး ကောင်းတာလေးများရလျှင် တခြားလူများနှင့်ခွဲဝေလိုသည့်ရည်ရွယ်ချက်မရှိကြပေ။ ထိုအရာကိုရရှိဖို့ ဘယ်လောက်ပဲခက်ပါစေ သူတို့ကတော့ တစ်ကိုယ်တည်းရယူကြမြဲသာ။
***
အခန်း ၉၆၅ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်
ကုနင်းနှင့် လင်ရှောင်းထင်တို့ ဟိုတယ်သို့ရောက်ပြီး နာရီဝက်အကြာတွင်တော့ နှစ်ဦးသား၏လိုအင်ဆန္ဒများပြည့်ဝသွားခဲ့ကြသည်။ ကုနင်းရေမိုးချိုးပြီးချိန်တွင် ည၁၂နာရီပင်ခွဲခါနီးနေပြီမှန်း သိလိုက်ရ၍ လင်ရှောင်းထင်က သူမကိုဟွားဖုတောင်ကုန်းသို့ ပြန်ပို့ပေးခဲ့သည်။ လင်ရှောင်းထင်မှာ ကုနင်းနှင့်မခွဲနိုင်သော်လည်း ကုနင်းက အိမ်မပြန်၍မဖြစ်ပေ။
“နင်းနင်း၊ မင်းအမေအတွက် မင်္ဂလာလက်ဖွဲ့ကို ဘာပေးရမှန်းမသိလို့ စိတ်လည်ဆွဲပဲဝယ်ထားတယ်။ အဆင်ရောပြေရဲ့လား?” လင်ရှောင်းထင်သည် ယခင်က မင်္ဂလာလက်ဖွဲ့တစ်ခါမှမပို့ဖူးတာကြောင့် လက်ဖွဲ့ပစ္စည်းအကြောင်းနှင့် ပတ်သတ်၍ သိပ်မသိပေ။
ကုနင်းကို လက်ဆောင်တွေအများကြီးပေးခဲ့တာကတော့ သူမအကြိုက်ကို သိနေခြင်းကြောင့်ဖြစ်သည်။ ဒါကြောင့် စိန်လည်ဆွဲသည်သာ မင်္ဂလာလက်ဖွဲ့အတွက် အသင့်တော်ဆုံးဟု မြင်မိသည်။
“ရတာပေါ့၊ ဘာပစ္စည်းပဲဖြစ်ဖြစ်ပါ ရှင့်ရဲ့ဆုမွန်ကောင်းက အရေးအကြီးဆုံးပဲ။”
လင်ရှောင်းထင်ပေးမည့် ပစ္စည်းဆိုမှတော့ သေချာပေါက် အလွန်တန်ဖိုးကြီးသည့်ပစ္စည်းဖြစ်မည်မှန်း ကုနင်းသိသော်လည်း ဒါကပဲ လင်ရှောင်းထင်၏စေတနာဖြစ်တာကြောင့် ဈေးအကြောင်း မပြောနေတော့ပေ။
“တော်သေးတာပေါ့။” ဒီတော့မှ လင်ရှောင်းထင် စိတ်အေးသွားသည်။
ဟွားဖုတောင်ကုန်းသို့ပြန်ရောက်ချိန်တွင် လင်ရှောင်းထင်မှာ ကုနင်း အိမ်ထဲသို့ဝင်သွားပြီး သူလုံးဝမမြင်ရတော့သည့်အချိန်မှသာ ပြန်ထွက်လာခဲ့သည်။
……..
မနက်တစ်နာရီပင်ထိုးခါနီးနေပြီဖြစ်ကာ အားလုံးအိပ်မောကျနေပြီဖြစ်သော်လည်း ကုမန့်သည်တော့ မီးဖိုခန်းထဲမှရေတစ်ခွက်ကိုင်ကာ ထွက်လို့လာသည်။
“မေမေ၊ အရမ်းနောက်ကျနေပြီလေ၊ ဘာလို့မအိပ်သေးတာလဲ?” ကုနင်းမေးလိုက်သည်။ ကုမန့် အလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်လောက်မှန်းကိုတော့ ခန့်မှန်းမိသည်။
“နည်းနည်းရေဆာလာလို့ပါ။ သွားအိပ်တော့လေ၊ အရမ်းနောက်ကျနေပြီ။” ကုမန့်က အမှန်အတိုင်းတော့မပြောခဲ့ပေ။
ကုနင်းပြုံးလိုက်ကာ ကုမန့်အနားသို့သွားလိုက်ပြီး၊ “အမေ မနက်ဖြန်မင်္ဂလာပွဲအတွက် အရမ်းစိတ်လှုပ်ရှားနေလောက်ပေမယ့် ကောင်းကောင်းအနားယူသင့်တယ်လေ။ မနက်ဖြန် မနက်၆နာရီကတည်းက မိတ်ကပ်စပြင်ရမှာ။ ဒီညကောင်းကောင်းမအိပ်ထားလို့ မနက်ဖြန်မှ ပင်ပန်းနေရင်ဘယ်လိုလုပ်မလဲ? အမေက သတို့သမီးလေ ဒီတော့ မနက်ဖြန် အမေကသာ အလှဆုံးအမျိုးသမီးဖြစ်နေရမှာ။”
တကယ်တော့ ကုနင်း၏မှော်စွမ်းအားဖြင့်သာဆိုလျှင် ကုမန့်ဒီနေ့တစ်ညလုံးမအိပ်လျှင်တောင် မနက်ဖြန် အားအင်အပြည့်ဖြင့် လန်းဆန်းနေမှာဖြစ်သည်။ သို့သော်လည်း ကုမန့်သာ အိပ်မပျော်ပါက ညတာရှည်ကာ ပိုလို့စိတ်ပင်ပန်းသွားနိုင်သည်။
ကုနင်း၏စကားကြောင့် ကုမန့်ရယ်ချင်သွားသည်။ “ဒါပေါ့၊ သမီးပြောတာမှန်ပါတယ်၊ ဒါပေမယ့် အမေစိတ်လှုပ်ရှားလွန်းလို့ အိပ်လို့မရဘူး။”
“ဒီလောက်ကတော့ သမီး နှိပ်ပေးလိုက်ရင် အမေမြန်မြန်အိပ်ပျော်သွားမှာပါ။”
ကုမန့်သဘောတူကာ ကုနင်းနှင့်အတူ အပေါ်ထပ်သို့တက်သွားခဲ့သည်။
ကုနင်းက ကုမန့်၏ခေါင်းကိုနှိပ်နယ်ပေးရင်း မှော်စွမ်းအားကိုပါ တိတ်တဆိတ်ထည့်သွင်းပေးနေတာကြောင့် သိပ်မကြာလိုက်ပါဘဲ ကုမန့်အိပ်ချင်လာကာ အိပ်မောကျသွားတော့သည်။
ကုမန့် အိပ်ပျော်သွားသည်ကို အတည်ပြုပြီးကာမှ ကုနင်းလဲ သူမအခန်းသို့ပြန်သွားခဲ့သည်။
……
နောက်တစ်နေ့မနက်၆နာရီတွင် ကုနင်းနိုးလာခဲ့ကာ ကျန်လူများလဲ နိုးလာကြသည်။
မိတ်ကပ်ဆရာက ၆:၁၀တွင် ရောက်လာကာ ရောက်သည်နှင့် ကုမန့်ကို မိတ်ကပ်စပြင်ပေးတော့သည်။
မနက်၇နာရီတွင်တော့ အဖြူရောင်လက်ဆောင်အိတ်တစ်အိတ်နှင့်အတူ လင်ရှောင်းထင်လဲ ရောက်လာခဲ့သည်။ ထိုအိတ်ထဲမှာတော့ မနေ့ညက သူပြောထားသည့် ကုမန့်အတွက် မင်္ဂလာလက်ဖွဲ့ပါဝင်ပေသည်။
ကုချင်မှလွဲ၍ ကျန်သည့် ကုနင်း၏ဆွေမျိုးများမှာ လင်ရှောင်းထင်ကို မမြင်ဖူးကြသေးတာကြောင့် သူ့ရုပ်ရည်ကြောင့် အားလုံးငေးမောသွားမိကြသော်လည်း ဘယ်သူမှန်းတော့ မသိကြဘဲ ထန်မိသားစုမှတစ်ယောက်ယောက်ဖြစ်မည်ဟုတောင် တွေးခဲ့ကြသည်။
“ဟိုင်း၊ ရှောင်းထင်၊ ဝင်ခဲ့… ဝင်ခဲ့!” လင်ရှောင်းထင်ကို မြင်လိုက်သည်နှင့် ကုချင်က နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ အန်တီချင်။”
“လာ… ထိုင်ဦး။ မင်းအတွက် လက်ဖက်ရည်ယူပေးမယ်။”
“ကျေးဇူးတင်ပါတယ်။”
“ကျေးဇူးတင်နေဖို့မလိုပါဘူး။ မိသားစုဝင်တွေပဲကို။” ကုချင်ကပြောပြီးသည်နှင့် မီးဖိုခန်းထဲဝင်သွားတော့သည်။
ကျန်ခဲ့သည့်လူများမှာတော့ အံ့ဩလို့နေကြပေသည်။
ထိုအချိန်တွင်ပဲ ကုနင်းသည်လဲ လင်ရှောင်းထင်ရောက်နေသည်ကို သတိထားမိသွားကာ အနားသို့ရောက်လာခဲ့သည်။ သူမက ချက်ချင်းပင် လင်ရှောင်းထင်လက်ကိုဆွဲကာ သူမဆွေမျိုးများနှင့်မိတ်ဆက်ပေးလိုက်သည်။ “မိတ်ဆက်ပေးရဦးမယ်၊ ဒါ သမီးရဲ့ချစ်သူကောင်လေး လင်ရှောင်းထင်လေ။”
အားလုံးမှာ ပိုလို့တောင် အံ့အားသင့်သွားကြတော့သည်။
ဘာပြောလိုက်တာ? ချစ်သူကောင်လေးတဲ့လား?
ကုနင်းမှာ ချစ်သူကောင်လေးရှိနေပြီလား?
သူတို့ဘာမှမပြောနိုင်သေးခင်မှာပဲ ကုနင်းက လင်ရှောင်းထင်ကိုလဲ သူတို့နဲ့မိတ်ဆက်ပေးခဲ့ပြန်သည်။ “ဒါက ကျွန်မဦးလေး ချင်းယန်၊ အန်ကယ် ရှု နဲ့ အန်တီယွီလန်။”
“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။” လင်ရှောင်းထင်က အားလုံးကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်တာကြောင့် အားလုံးလဲ ဘာမှမပြောနိုင်တော့ဘဲ တပြိုင်တည်း မတ်တပ်ထကာ ပြန်နှုတ်ဆက်ကြရတော့သည်။
ကုနင်း ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ချစ်သူရှိနေလဲဆိုသည်ကို သိချင်နေကြသေးသော်လည်း အခုက မေးရမည့်အချိန်မဟုတ်သေးမှန်းလဲ နားလည်ကြသည်။
ထို့အပြင် ကုနင်းက သူမချစ်သူကောင်လေးကို အိမ်ကိုတောင် ဖိတ်ထားကာ ကုချင်ကလဲ သူနှင့်ရင်းနှီးနေမှတော့ ကုမန့်လဲ သေချာပေါက် သိထားပြီးဖြစ်လောက်သည်။ အားလုံးက သူတို့ဆက်ဆံရေးကိုလက်ခံထားမှတော့ သူတို့အနေနဲ့ သဘောမတူစရာအကြောင်းမရှိတော့ပေ။
ကုနင်းသည် အလွန်ငယ်သေးသော်လည်း ရင့်ကျက်ကာ လွတ်လပ်သည့်အမျိုးသမီးတစ်ဦးနှယ် ပြုမူနေထိုင်သူဖြစ်တာကြောင့် သူမဘာလုပ်နေလဲ သူမဘာသာနားလည်ပေလိမ့်မည်။