အခန်း (၉၇၁-၉၇၅)
Vol. 65 Ch. 971-975
အခန်း ၉၇၁ ချောင်ဝမ်ရှင်း၏ချစ်သူကောင်လေး
“အဲ့လူရဲ့တိုက်ခိုက်ရည်က တကယ်ကိုကောင်းတယ်ဆိုပေမယ့် ကျွန်မထိန်းချုပ်နိုင်တဲ့အခြေအနေအောက်မှာရှိနေတုန်းပါ။ နောက်ကျ သူထွက်ပြေးသွားပြီး ကျွန်မလဲ ရဲတွေမခေါ်ခင် ကောင်မလေးကိုစောင့်နေပေးခဲ့တယ်။ နောက်တော့ ရဲတွေရောက်လာတာပဲ။” ကုနင်းဆက်ရှင်းပြလိုက်သည်။
“သူတို့တွေ မင်းကိုအခက်တွေ့အောင်လုပ်ကြသေးလား?” လင်ရှောင်းထင်ကတော့ ကုနင်း၏လုံခြုံရေးကိုသာ အလေးထားနေတုန်းပင်။
“မလုပ်ပါဘူး။ ဖုန်းစဆက်ကတည်းက ကျွန်မဘယ်သူဆိုတာ ပြောထားတယ်။ သူတို့လဲ လုံခြုံရေးကင်မရာကဗီဒီယိုတွေပြန်စစ်လို့ရတာပဲ။ သူတို့ကျွန်မအကူအညီလိုရင် ဆက်သွယ်နိုင်အောင် နာမည်ကဒ်လဲပေးထားလိုက်တယ်။”
ရဲတွေအနေနဲ့ လုံခြုံရေးဗီဒီယိုများကို ပြန်စစ်လိုက်ရုံဖြင့် အမှန်တရားကိုအလွယ်တကူရှာတွေ့နိုင်မှာကြောင့် ကုနင်းအပြစ်ကင်းကြောင်းလဲ သူတို့သိပေလိမ့်မည်။
နတ်ဆိုးကျင့်ကြံရေးမှလူက သူမကိုအလွယ်တကူမေ့ပျောက်ပစ်မှာမဟုတ်မှန်း ကုနင်းနားလည်သလို ထိုလူ အခုထိ Bမြို့မှာရှိနေသေးနိုင်ချေလဲအလွန်မြင့်သည်။ သို့သော်လည်း သူမသာ မှော်စွမ်းအားကိုမထုတ်လွှတ်သ၍ ထိုလူအနေနှင့် သူမကိုမှတ်မိသွားဖို့ခက်ပေမည်။
ထိုအချိန်တုန်းက သူမအနက်ရောင်ခြုံထည်နှင့်နှာခေါင်းစည်းကိုတပ်ထားသလို အသံကိုလဲပြောင်းပြောခဲ့သည်။ အခုချိန် သူမထိုလူရှေ့မှာသွားရပ်ပြနေရင်တောင် သူမကိုမှတ်မိလိမ့်ဦးမည်မဟုတ်ပေ။
ဒါ့အပြင် ထိုလူမှာ သူမ၏နောက်ကြောင်းအစစ်အမှန်ကိုရှာဖွေနိုင်မည့်အရည်အချင်းရှိမည်ဟုလဲ မထင်မိပေ။ ထိုလူကို သူမလုံးဝမကြောက်သော်လည်း သူမမိသားစုများကိုပါ ပြဿနာထဲဆွဲထည့်မိသွားမည်ကိုတော့ စိုးရိမ်မိသည်။
ကောင်မလေးကတော့ သူမအသက်ကို ကုနင်းတစ်ကြိမ်ကယ်ပေးခဲ့ပြီးပေမယ့် တချိန်လုံးလိုက်ကယ်ပေးနိုင်မည်တော့မဟုတ်ပေ။
ဒါကြောင့် ကောင်မလေး၏မိသားစုက သူမကိုသေချာကာကွယ်ပေးနိုင်နေဖို့ပဲ ကုနင်းဆုတောင်းပေးနိုင်တော့သည်။
“ရှောင်းထင်၊ တစ်နေ့နေ့မှာ အဲ့ဒီနတ်ဆိုးကျင့်ကြံရေးကလူနဲ့ ကျွန်မတို့ထိပ်တိုက်ရင်ဆိုင်ရနိုင်ချေရှိတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ရှင်သေချာဂရုစိုက်နေရမယ်နော်။” လင်ရှောင်းထင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် ကုနင်းသတိပေးလိုက်သည်။ လင်ရှောင်းထင်လဲ အနှေးနဲ့အမြန် နတ်ဆိုးကျင့်ကြံရေးမှလူနဲ့ရင်ဆိုင်ရနိုင်ချေရှိသည်ဟု ကုနင်းခံစားမိသည်။ လင်ရှောင်းထင်သည်လဲ ထိုလူကိုအလဲထိုးနိုင်သည့်အရည်အချင်းရှိပေမည့် တစ်ဖက်က နတ်ဆိုးကျင့်ကြံရေးမှဘယ်နှယောက်ကိုတောင် ရင်ဆိုင်လိုက်ရမလဲဆိုတာကိုတော့ မသိနိုင်သေးပေ။
နတ်ဆိုးကျင့်ကြံရေးအဖွဲ့သားအများကြီးနှင့်သာ သူတို့ထိပ်တိုက်တွေ့ရလျှင် အနိုင်တိုက်ခိုက်နိုင်ဖို့ အတော်ခက်လှမည်။ အထူးသဖြင့် ထိုလူများကြောင့် လင်ရှောင်းထင်ထိခိုက်နိုင်သည်ဟူသည့် ကြိုတင်ခန့်မှန်းချက်မျိုး ကုနင်းမြင်ထားသည်။
သူမ၏ခံစားနိုင်စွမ်းမှာအမြဲတမ်းမှန်ကန်နေခဲ့တာကြောင့် သူတို့အနေနဲ့ ပိုလို့သတိထားနေသင့်သည်။
“ကောင်းပါပြီ။”
လင်ရှောင်းထင်လဲ ထိုလူတွေက အန္တရာယ်များမှန်း နားလည်သည်။
ကုနင်း၏ကြိုတင်ခန့်မှန်းချက်များမှာ အမြဲမှန်ကန်တတ်မှန်းလဲ သိနေတာကြောင့် သတိလက်လွတ်မနေနိုင်တော့ပေ။
တကယ်တမ်း ကုနင်းနှင့်သာမတွေ့ဆုံခဲ့ရလျှင် ကောင်းကောင်းမွန်မွန်သေဆုံးခြင်းမျိုးဖြစ်နေသ၍ သေသေရှင်ရှင် သိပ်ဂရုစိုက်မနေခဲ့ပေ။ သို့သော်လည်း ကုနင်းက သူ့ချစ်သူကောင်မလေးဖြစ်လာချိန်မှာတော့ သူမကိုချန်မထားခဲ့လို၍ သူ့စိတ်ကလဲ ပြောင်းလဲသွားတော့သည်။
ထိုအကြောင်းတွေးလိုက်မိသည်နှင့် ကုနင်း၏လက်ကိုပိုလို့သာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိတော့သည်။
……..
ညနေသုံးနာရီလောက်မှာတော့ အားလုံး ထန်အိမ်တော်သို့ပြန်လာခဲ့ကြသည်။ ချောင်ဝမ်ရှင်းသည်လဲ ရှင်းပိုင်ကိုကြိုခဲ့ပြီးကာ ခေါ်လာခဲ့ပေပြီ။
ဤတစ်ခေါက်မှာတော့ ရှင်းပိုင်သည် ချောင်ဝမ်ရှင်း၏ချစ်သူကောင်လေးအဖြစ် တရားဝင်ရောက်လာခြင်းဖြစ်သည်။
အရင်ကလဲ ထန်ယွင်ရုန်၊ ချောင်ယွေ့ဟွာနှင့် ကျန်းလီဟွာတို့ကို တွေ့ဖူးခဲ့ပေမည့် တခြားထန်မိသားစုဝင်များနှင့်တွေ့ရမည်ကတော့ ပထမဆုံးအကြိမ်ပင်။
ကံကောင်းစွာဖြင့် သူ့အနာဂါတ်ယောက္ခမလောင်းများဖြစ်သည့် ထန်ယွင်ရုန်နှင့် ချောင်ယွေ့ဟွာကိုတွေ့ တွေ့ဖူးပြီးသားဖြစ်တာကြောင့် အရမ်းစိုးရိမ်စိတ်ရှိမနေတော့ပေ။ ချောင်ဝမ်ရှင်း၏တခြားသောမိသားစုဝင်များနှင့်ပါ တွေ့ချင်လိုသည့်ဆန္ဒသာရှိတော့သည်။
……
ထန်ယွင်ဖန်းနှင့်တခြားလူများမှာ အိမ်ခန်းမထဲမှာပဲ ဧည့်သည်များနှင့်အတူ လက်ဖက်ရည်သောက်ရင်းစကားပြောနေကြသည်။
ခြံဝန်းထဲမှာတော့ ထန်ယွင်ရုန်က သူမနှင့်သက်တူရွယ်တူအမျိုးသမီတစ်ဦးနှင့် စကားပြောနေကာ ထိုအမျိုးသမီး၏ဘေးမှာတော့ အသက်နှစ်ဆယ်ဝန်းကျင်မိန်းမငယ်လေးတစ်ဦးရှိနေသည်။ သူမသည် လှပကာ ပညာတက်အမျိုးသမီးလေးတစ်ဦးနှယ်ပြုံးရယ်လို့နေလေသည်။
ကုနင်းက သူမသူငယ်ချင်းများကို အိမ်ထဲတွင်နားနေဖို့ခေါ်ဆောင်သွားကာ ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည်တော့ ထန်ယွင်ရုန်နှင့်တွေ့ဖို့ထွက်သွားသည်။
ထန်ယွင်ရုန်သည် ရှင်းပိုင်ကို သူမ၏သားမက်လောင်းအဖြစ်အသိအမှတ်ပြုထားပြီးဖြစ်တာကြောင့် သူ့ကိုမြင်သည်နှင့် ဝမ်းသာသည့်အရိပ်အယောင်များဖြတ်ပြေးသွားသည်။
ရှင်းပိုင်၏မိသားစုသည် မချမ်းသာသလို အာဏာရှိကြသည်လဲ မဟုတ်ပေမည့် သူကတော့ ငယ်ငယ်ရွယ်ရွယ်နှင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေကာ အလွန်ထူးချွန်လှပြီး အနာဂါတ်ကလဲတောက်ပလို့နေသည်။
ချောင်မိသားစုသည် စစ်တပ်မိသားစုဖြစ်တာကြောင့် စစ်အရာရှိများအပေါ် ပိုလို့အလေးပေးကြသည်။ အထူးသဖြင့် ရှင်းပိုင်ဆိုလျှင် အစကတည်းကထင်မြင်ချက်ကောင်းများရှိပြီးသားပင်။
“ဟိုင်း၊ ရှင်းပိုင်!” ထန်ယွင်ရုန်က ပြုံးရယ်ကာ ရှင်းပိုင်ကိုနှုတ်ဆက်လိုက်သည်။
ထန်ယွင်ရုန်၏ဘေးမှာရပ်နေသည့်အမျိုးသမီးနှစ်ဦးမှာ ရှင်းပိုင် သူတို့နားလျှောက်လာသည်ကို မြင်ကာ မှင်သက်မိသွားကြသည်။ အထူးသဖြင့် မိန်းမငယ်လေးပင်။
ရှင်းပိုင်ကိုမြင်လိုက်သည်နှင့် သူမနှလုံးသားကခုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမတော့မြင်မြင်ချင်းချစ်မိသွားပြီမှန်းလဲ သိလိုက်သည်။
ရှင်းပိုင်က ချောင်ဝမ်ရှင်းနှင့်အတူလာနေတာပင်။ သူက ချောင်ဝမ်ရှင်းရဲ့ချစ်သူများလား?
မိန်းကလေးမှာ ဝမ်းနည်းလို့သွားသည်။ သူမမှာလဲ ချစ်သူကောင်လေးတစ်ယောက် ရှိထားပြီးဖြစ်ပေမည့် သူမချစ်သူသည် ရှင်းပိုင်နှင့်ယှဉ်လျှင် ဆီနှင့်ရေလိုပင်။ ဒါ့အပြင် သူမက အခုထိလက်ထပ်ရသေးတာမဟုတ်တာကြောင့် သူမအချစ်ဆုံးလူကိုရွေးချယ်လို့ရနိုင်တုန်းပင်။
“မင်္ဂလာပါ၊ ချောင်ကတော်။”
“ဟိုင်း၊ အမေ၊ အန်တီ၊ ဝမ်းကွဲကျီယွီ!” ချောင်ဝမ်ရှင်းကလဲ ပြုံးကာနှုတ်ဆက်လိုက်သည်နှင့် အာလုံးကလဲ ချောင်ဝမ်ရှင်းကိုယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်ကြသည်။
သူတို့အကြည့်တွေကတော့ ရှင်းပိုင်ဆီမှာပင်။ ထို့နောက် ချောင်ဝမ်ရှင်း၏အဒေါ်က ထန်ယွင်ရုန်ကိုမေးလိုက်သည်။ “ဒီလူချောလေးကဘယ်သူလဲ?”
“သူက ဝမ်ရှင်းရဲ့ချစ်သူ၊ ရှင်းပိုင်တဲ့။” ထန်ယွင်ရုန်မှာ ဂုဏ်ယူစွာပင်ပြန်ဖြေလေသည်။
“တွေ့ရတာဝမ်းသာပါတယ်။”
“တွေ့ရတာဝမ်းသာပါတယ်ကွယ်။” ချောင်ဝမ်ရှင်း၏အဒေါ်က ပြန်ပြုံးပြလိုက်သည်။ “ဒါနဲ့ လူကြီးမင်းရှင်းရဲ့အလုပ်အကိုင်ကဘာလဲ သိလို့ရမလား?”
“ကျွန်တော်က စစ်သားပါ။”
***
အခန်း ၉၇၂ ထန်ကျီယွီ
ရှင်းပိုင်၏အဖြေကိုကြားလိုက်သည်နှင့် ချောင်ဝမ်ရှင်းအဒေါ်၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူမခံစာချက်အစစ်အမှန်ကိုတော့ ပေါ်တင်မပြပေမယ့် သူမမျက်လုံးထဲမှာတော့ အထင်သေးသည့်အရိပ်အယောင်များဖြတ်လို့သွားသည်။ ဘေးနားမှမိန်းကလေး ထန်ကျီယွီသည်လဲ ချက်ချင်းဆိုသလို ရှင်းပိုင်ကို စိတ်ဝင်စားမှုပျောက်ဆုံးသွားတော့သည်။
ချောင်ဝမ်ရှင်း၏အဆင့်အတန်းအရ သူမချစ်သူကလဲ သေချာပေါက် ချမ်းသာရင်ချမ်းသာ မဟုတ်လဲ အာဏာရှိသည့်ဘက်မှဖြစ်လိမ့်မည်ဟု တွေးထားခဲ့ကြတာဖြစ်သော်လည်း တကယ်တမ်း ရှင်းပိုင်က ဆင်းဆင်းရဲရဲစစ်သားတစ်ယောက်သာဖြစ်နေခဲ့သည်။ သူတို့အမြင်မှာတော့ သာမာန်စစ်သားဆိုလျှင် ဆင်းရဲကြသည်သာ။
ရှင်းပိုင်သည် အလွန်ငယ်လွန်းနေတာကြောင့်လဲ သူ့ရာထူးက သိပ်မမြင့်လောက်ဟု ယုံကြည်နေကြခြင်းလဲဖြစ်သည်။
ချောင်ဝမ်ရှင်းသည် သူမကိုယ်တိုင်က အလွန်ချမ်းသာသည့်မိသားစုမှမွေးလာခဲ့သော်လည်း သူမချစ်သူကတော့ ဒီအတိုင်းဆင်းရဲသားစစ်သားလေးတဲ့လား!
ထန်ကျီယွီ၏မိသားစုသည် ချောင်မိသားစုလိုမချမ်းသာသော်လည်း ထန်ကျီယွီ၏ချစ်သူကောင်လေးကတော့ ချမ်းသာသည့်ဒုတိယမျိုးဆက်အမွေဆက်ခံသူဖြစ်သည်။
လူတွေက ထိုသို့ချမ်းသာသည့်မိသားစုထဲလက်ထပ်ဝင်ရောက်နိုင်မှသာ လေးစားကြသည်သာ။
ရှင်းပိုင်သည် တကယ်ကိုခန့်ညားကာ ဆွဲဆောင်မှုရှိပေမည့် ထန်ကျီယွီသည်လဲ လူတစ်ယောက်၏ရုပ်ရည်ထက် ကြွယ်ဝမှုကိုပိုအလေးပေးသူဖြစ်နေသည်။
……
ထန်ယွင်ရုန်အပါအဝင် ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည်လဲ သူတို့အမူအရာကိုသတိပြုမိကြသည်။။
ရှင်းပိုင်ကတော့ စိတ်ထဲမထားပေမည့် ထန်ယွင်ရုန်နှင့်ချောင်ဝမ်ရှင်းသည်တော့ ဒေါသထွက်သွားကြသည်။ သူတို့ဘယ်လောက်ပဲ ဆွေမျိုးတွေဆိုဆို အချင်းချင်းနှိုင်းယှဉ်မှုများကတော့ ရှိနေတုန်းပင်။
ထန်ယွင်ရုန်က အပြုံးလေးဖြင့်သာ မေးခွန်းထုတ်လိုက်သည်။ “မင်းတို့တွေ ရှင်းပိုင်ကို သာမာန်စစ်သားလေးလို့တွေးနေကြတာလား?”
ထန်ယွင်ရုန် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ အဆင့်အတန်းမြင့်သည့်အမျိုးသမီးတစ်ဦးအနေဖြင့် ကိုယ်ခံစားချက်အစစ်အမှန်ကို လုံးဝမပေါ်ထွက်စေပေ။
“အိုး၊ ရှင်းပိုင်က ဘယ်လိုရာထူးမျိုးမို့လဲ?” ထန်ကျီယွီ၏မိခင် သိချင်သွားတော့သည်။
ထန်ကျီယွီသည်လဲ သိချင်စိတ်ဖြစ်သွားသည်။ ရှင်းပိုင်၏အသက်အရဆိုလျှင် အလွန်ဆုံးမှ ဒုတိယဗိုလ်လေးအဆင့်လောက်သာရှိဦးမည်ဟု သူမတွေးထားခဲ့တာပင်။
ဒုတိယဗိုလ်ကလေးဆိုတာကလဲ အရာရှိတစ်ဦးအဆင့်ဖြစ်ပေမည့် ချောင်ဝမ်ရှင်း၏မိသားစုနောက်ခံနှင့်ယှဉ်လျှင်တော့ ဘာမျှမဟုတ်သေးပေ။
ဒီလိုနဲ့ ထန်ယွင်ရုန်က အဖြေပေးလာခဲ့သည်။ “သူက ဒုဗိုလ်မှူးလေ။ ဝမ်ရှင်းအဖေထက် တစ်ဆင့်ပဲနိမ့်တယ်။ ဝမ်ရှင်းရဲ့အဖေက သူ့ထက်အသက်အများကြီးပိုကြီးတာဆိုတော့ ရှင်းပိုင်က ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုရာထူးမျိုးရတယ်ဆိုတာ အရမ်းထူးချွန်နေလို့ပဲ! ဝမ်ရှင်းရဲ့အဖေ ဒုဗိုလ်လေးဖြစ်တုန်းကဆို အသက်၃၅နှစ်တောင်ရှိနေပြီး ရှင်းပိုင်ကတော့ အခုမှ၂၆နှစ်ပဲရှိသေးတယ်။ ငါ့အထင်တော့ ရှင်းပိုင်က ဝမ်ရှင်းတို့အဖေကို ကျော်တက်ဖို့ သိပ်မလိုတော့ဘူး!”
ရှင်းပိုင်ဘက်မှရပ်တည်ပေးရန်အလို့ငှာ ထန်ယွင်ရုန်သည် သူမခင်ပွန်းကိုအနည်းငယ်နှိမ့်ချပေးလိုက်ရသည်။ ချောင်ယွေ့ဟွာသာ သူမစကားများကိုကြားလျှင် အတော်ကြာ ဝမ်းနည်းသွားပေတော့မည်။
သို့သော်လည်း ထန်ယွင်ရုန်၏စကားများမှာ အမှန်တရားပင်။ ရှင်းပိုင်၏အနာဂါတ်က အမှန်ကိုတောက်ပလို့နေသည်။ ဒါ့အပြင် ရှင်းပိုင်သည် မီးတောက်နီအဖွဲ့တွင်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ရိုးရိုးစစ်တပ်ဘက်မှာသာ သူဝင်ချင်ပါက ရာထူးမြင့်မြင့်တစ်နေရာရနိုင်သည်။
သူ့လစာကသိပ်မမြင့်သော်လည်း သူ့မှာအာဏာရှိနေသည်။ အာဏာသည် ငွေထက်ပိုသက်ရောက်နိုင်စွမ်းရှိသည်။
ချောင်ဝမ်ရှင်းသည်တော့ သူမအမေ၏ရှင်းပိုင်အပေါ် ကာကွယ်ပေးမှုကိုကြည့်ကာ ရယ်ချင်နေပြီး ထန်ကျီယွီနှင့်သူမမိခင်တို့၏အမူအရာကြောင့် ပိုလို့တောင်ရယ်ချင်လာသည်။
သို့ပေမည့် ရှင်းပိုင်ကတော့ အနည်းငယ်ရှက်ရွံ့လို့နေသလို ထန်ယွင်ရုန် သူ့ဘက်မှရပ်တည်ကာကွယ်ပေးနေတာကြောင့်လဲ ရင်ထဲထိလို့သွားသည်။
“ဘာ? ဒုဗိုလ်မှူးလား?” ထန်ကျီယွီရော သူမမိခင်ပါ အလွန်အံ့ဩသွားကြသည်။ ရှင်းပိုင် ဒီလောက်ငယ်ငယ်လေးနဲ့ ဒုဗိုလ်မှူးအဆင့်အထိရောက်နေမည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
အမှန်သာဆိုရင် ရှင်းပိုင်၏မြင့်မားသည့်အောင်မြင်မှုများစွာ ဆွတ်ခူးခဲ့ပြီးလောက်ပေပြီ။
“ဟုတ်တယ်လေ။”
ထန်ကျီယွီသည် ရှင်းပိုင်ကိုထပ်ပြီးစိတ်ဝင်စားသွားခဲ့ပြန်သည်။ ရှင်းပိုင်သာ ဒုဗိုလ်မှူးဆိုလျှင် သူ့မှာအာဏာရှိတာပေါ့! သူမသာ သူ့ကိုလက်ထပ်နိုင်လျှင် တခြားချမ်းသာသည့်မိသားစုထဲ လက်ထပ်ဝင်နိုင်သည့်မိန်းကလေးတွေထက် ပိုပြီးအဆင့်မြင့်သည့်နေရာကိုရောက်ပေလိမ့်မည်။
ဒါကတော့ ထန်ကျီယွီ၏အတွေး သို့မဟုတ် စိတ်ကူးယဉ်အိပ်မက်သာဖြစ်သည်။
ထန်ကျီယွီ၏အတွေးများကို ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်တို့က သတိမထားခဲ့မိကြသော်လည်း ထိုထဲတွင် ထန်ယွင်ရုန်တော့မပါဝင်ပေ။ ထန်ယွင်ရုန်မှာ အတော်လေးစိတ်အခြေအနေမကောင်းတော့ကာ၊ “ဝမ်ရှင်း၊ သမီးအဖေ ခန်းမထဲမှာရှိတယ်။ သမီးအဖေကို ရှင်းပိုင်နှုတ်ဆက်လို့ရအောင် ခေါ်သွားလိုက်ပါလား?”
“ဟုတ်ကဲ့ပါ။”ချောင်ဝမ်ရှင်းမှာ ဘာထူးခြားတာကိုမှသတိမထားမိဘဲ သဘောတူလိုက်သည်။
နောက်တော့ ထန်ယွင်ရုန်သည်လဲ ထန်ကျီယွီတို့သားအမိနှင့်ခွဲထွက်လာခဲ့သည်။
ထန်ကျီယွီနှင့်သူမအမေတို့နှစ်ယောက်တည်း ကျန်ခဲ့သည်နှင့် ရှင်းပိုင်အကြောင်း စတင်ဆွေးနွေးတော့သည်။ “သူ့ကို သာမာန်စစ်သားလေးလို့ထင်ထားတာ၊ ဂျူနီယာအရာရှိတောင်ဖြစ်နေပြီ!”
“အမေ၊ သမီးသာ ရှင်းပိုင်ရဲ့ချစ်သူဖြစ်လာရင် ဘယ်လိုလဲ?”
ထန်ကျီယွီ၏အမေးကြောင့် သူမအမေမှာ ခဏတာကြောင်အသွားသော်လည်း မကြာခင်မှာပင် မျက်လုံးများကအရောင်တောက်လာတော့သည်။ “သေချာပေါက်ကောင်းတာပေါ့၊ ဒါပေမယ့် ရှင်းပိုင်က ချောင်ဝမ်ရှင်းရဲ့ချစ်သူလေ။”
ထန်ကျီယွီ၏အမေသည် သူမသမီးအတွေးကို ကိုယ်ကျင့်သိက္ခာမရှိဟု မတွေးမိဘဲ သူမကတောင် ပံ့ပိုးပေးနေလေသည်။
“သူတို့လက်မထပ်ရသေးသ၍ ဒီအခွင့်အရေးကောင်းကို သမီးဆုပ်ကိုင်နိုင်တာပဲ။ နည်းနည်းပါးပါး ညစ်လိုက်လို့လဲ မကောင်းတာမှမဟုတ်တာ။”
“ဒါဆို လက်ရှိသမီးချစ်သူကရော?”
“သူ့က ခေါက်ထားလိုက်ပါ။ ရှင်းပိုင်ကိုမရနိုင်ရင် သူ့ကိုသမီးချစ်သူအဖြစ် ဆက်ထား,ထားလို့ရတယ်။” ထန်ကျီယွီက သူမ၏လက်ရှိချစ်သူကို အရံအစီအစဉ်အဖြစ်ထားလိုက်သည်။
ရှင်းပိုင်ကိုမတွေ့ခင်ကဆိုလျှင် သူမ၏လက်ရှိချစ်သူကို မချစ်သော်လည်း လက်ခံပေးထားခဲ့ပေမည့် ရှင်းပိုင်ကိုမြင်ပြီးချိန်မှာတော့ သူမစိတ်ကလုံးဝပြောင်းလဲလို့သွားတော့သည်။ သူမ၏လက်ရှိချစ်သူက ချမ်းသာသည်မှန်သော်လည်း ချောမောခြင်းတော့မရှိပေ။
ရှင်းပိုင်ကတော့ ထိုလူနှင့်ဆန့်ကျင်စွာပဲ လွန်စွာချောမောကာ ဆွဲဆောင်မှုရှိသည့်အပြင် အာဏာလဲရှိသေးသည်။
သူမ၏လက်ရှိချစ်သူကို လက်ခံထားသည်ဆိုတာကလဲ သူ့ငွေတစ်ခုတည်းအတွက်ကြောင့်သာဖြစ်သည်။
***
အခန်း ၉၇၃ ထန်ကျီယွီ၏အကြံအစည်
တကယ်တော့ ထန်ကျီယွီ အရံအစီအစဉ်အထားတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေ။ သူမမိသားစုသည် အရမ်းမချမ်းသာသော်လည်း Bမြို့၏အချမ်းသာဆုံးမိသားစုဖြစ်သည့် ထန်မိသားစုနှင့်ဆွေမျိုးတော်စပ်နေတာကြောင့် သူမတို့မြို့မှာဆို သူမတို့မိသားစုသည် အတော်အတန်လွှမ်းမိုးမှုရှိသည်။
ထန်ကျီယွီတို့မိသားစုသည် Bမြို့နားမှတတိယတန်းစားမြို့တစ်မြို့တွင် နေကြသူများပင်။
သူမသည်လဲ ချောမောခန့်ညားသည့် ငယ်ရွယ်သောလူချမ်းသာလေးများစွာကို သိထားသည်။ ထိုလူများကိုမြင်သည်နှင့် ချက်ချင်းချဉ်းကပ်ဖို့ ကြိုးစားခဲ့သော်လည်း ထိုလူတွေကတော့ သူမကိုအပျော်ကစားသွားရင်ကစားသွား မဟုတ်လို့ကတော့ တခါတည်းလျစ်လျူရှုလိုက်ကြသည်ချည်းသာ။
သူမက လက်ထပ်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး ကစားခံဖို့မဟုတ်ပေ။ လက်ထပ်ခြင်းကသာလျှင် သူမပိုင်ဆိုင်ချင်သည့်အရာဖြစ်သည်။
“အမေ၊ သမီးဟိုနားဒီနားလျှောက်ရင် ဘာလုပ်နိုင်မလဲကြည့်လိုက်ဦးမယ်။”
“ဟုတ်တာပေါ့၊ သွား…သွား။” ထန်ကျီယွီ သူမအမေကိုပြောပြီးသည်နှင့် နောက်ဘက်ခြံဝန်းထဲသို့ တစ်ယောက်တည်းထွက်သွားခဲ့သည်။
အနောက်ဘက်ခြံဝန်းထဲတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့သည် အေးအေးဆေးဆေးလက်ဖက်ရည်သောက်နေကြကာ ဟောင်ရန်တို့အဖွဲ့ကိုတော့ ကောင်းယိနှင့်ချောင်ယတို့က သိုင်းပညာသင်ပေးနေခဲ့သည်။
သူတို့၏သိုင်းပညာသင်ပေးနေသည့်မြင်ကွင်းသည် ဧည့်သည်တော်တော်များများကို ဆွဲဆောင်သွားကာ ကောင်းယိနှင့်ချောင်ယတို့၏ အရည်အချင်းအပေါ် ချီးကျူးနေမှုများကလဲ ဆက်တိုက်ပေါ်ထွက်နေသည်။
ထိုသို့ဆူညံကာ အားပေးသံများကြောင့် ထန်ကျီယွီသည်လဲ အသံလာရာသို့ရောက်လာခဲ့သည်။
သူမအနောက်ဘက်ခြံဝန်းထဲသို့ဝင်,ဝင်လာခြင်းမှာပဲ တမူထားခြားကာ ခန့်ညားလွန်းလှသည့်အသွင်အပြင်ကို ချက်ချင်းသတိပြုမိသွားလေသည်။
ထိုလူကတော့ လင်ရှောင်းထင်ဖြစ်ကြောင်း ပြောနေရန်ပင်မလိုလောက်ပေ။
လင်ရှောင်းထင်ကို ထန်ကျီယွီမြင်လိုက်သည်နှင့် အစောလေးကမှ မြင်မြင်ချင်းချစ်မိသွားပါပြီဆိုသည့် ရှင်းပိုင်ကို လုံးဝမေ့ပျောက်သွားတော့သည်။
ဘုရားရေ! ဒီတစ်ယောက်က ရှင်းပိုင်ထက်အဆပေါင်းအများကြီး ပိုချောတာပဲ!
ထန်ကျီယွီမှာ လင်ရှောင်းထင်ထံမှ အကြည့်မလွှဲနိုင်တော့ပေ။ ထိုလူသာ သူမချစ်သူဖြစ်လာပါက မိန်းကလေးတိုင်း သူမကိုအလွန်အမင်းအားကျမနာလိုဖြစ်နေကြမည်ဟုလဲ ယုံကြည်နေသည်။ ထိုလူက သာမာန်လူသာဖြစ်နေလျှင်တောင် သူမလက်ထပ်ချင်မိတုန်းပင်။
သို့သော်လည်း ထန်မိသားစုမှမင်္ဂလာပွဲကိုတောင် အဖိတ်ခံရမှတော့ သေချာပေါက် သာမာန်လူတော့မဖြစ်နိုင်တော့ပေ။
ကုနင်းရော လင်ရှောင်းထင်ပါ ထန်ကျီယွီ၏အကြည့်များကို သတိပြုမိကြပေမည့် လူပေါင်းများစွာ အထူးသဖြင့် အမျိုးသမီးများသည် သူတို့ဘက်သာ အရမ်းအာရုံရောက်နေကြတာကြောင့် ထူးထွေကာ ဂရုစိုက်မနေတော့ပေ။ သူတို့က အရမ်းဆွဲဆောင်မှုရှိလွန်းအားကြီးနေမှတော့ လူတွေဆီက အာရုံစိုက်ခံရခြင်းက ရှောင်လွှဲလို့ရနိုင်သည့်အရာမဟုတ်ပေ။
အချိန်ကြာလာသည်နှင့် ထန်ကျီယွီ၏အကြည့်က လင်ရှောင်းထင်ထံမှ နည်းနည်းလေးပင် မဖယ်ခွာသွားမှန်း ကုနင်းခံစားမိလာရတာကြောင့် ဒီတစ်ယောက်ကတော့ ကျန်လူများနှင့်မတူကြောင်း သိလိုက်သည်။
ဒါကြောင့် သူမ ထန်ကျီယွီရှိရာဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ထန်ကျီယွီက လင်ရှောင်းထင်ကိုသာ အထူးအာရုံထားနေကြောင်း တွေ့လိုက်ရသည်။
သူဘာတွေတွေးနေတာလဲ?
ငါ့လူကို ခိုးဖို့တွေးနေတာလား?
ထိုသို့တွေးမိသွားသည်နှင့် ကုနင်း စိတ်မကြည်နေတော့ပေ။ ထန်ကျီယွီသည် ထန်မိသားစု၏ဆွေမျိုးဖြစ်နေသည်ဆိုလျှင်တောင် သူမလူကိုလာထိဖို့ကြိုးစားလျှင်တော့ ဘာကိုမှထောက်ထားနေမှာမဟုတ်ဘဲ သင်ခန်းစာပေးသင့်ရင်ပေးပစ်မှာပင်။
“နင်းနင်း၊ ဘာဖြစ်လို့လဲ?” ကုနင်း စိတ်မကြည်တော့မှန်း လင်ရှောင်းထင် ခံစားမိလိုက်သည်နှင့် စိတ်ပူသွားခဲ့သည်။
“ဘာမှမဖြစ်ပါဘူး။”
……
ညနေလေးနာရီထိုးခါနီးတွင်တော့ အားလုံးဟိုတယ်သို့သွားရတော့မည်ဖြစ်၍ ဟောင်ရန်တို့ကို သိုင်းဆက်မလေ့ကျင့်တော့ရန် ကုနင်းပြောလိုက်သည်။
အနားရှိလူအုပ်ကြီးက လူစုခွဲသွားကြသော်လည်း သူတို့နှင့်ဆန့်ကျင်စွာပဲ ထန်ကျီယွီကတော့ ထိုအချိန်မှ ကုနင်းတို့နားလျှောက်လာသည်။
အနားသို့ရောက်ခါမှပင် ကုနင်း၏တမူထားခြားသည့်အလှတရားကို ထန်ကျီယွီ သတိထားမိသွားကာ မနာလိုဖြစ်သွားပေမည့် ချက်ချင်းဆိုသလို ကုနင်းဘယ်သူမှန်းလဲ မှတ်မိလို့သွားသည်။
ကုနင်းသည် ဤရက်များအတွင်း အင်တာနက်ပေါ်တွင်နာမည်ကြီးနေသည့် ကုနတ်ဘုရားမဖြစ်ကြောင်း သူမသိလိုက်ပေမည့် ကုနင်းက ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်သည်ကိုတော့ မသိခဲ့ပေ။
ထန်ယွင်ဖန်းနှင့် ကုနင်း၏သွေးသားဆက်နွယ်မှုကို အခုထိ တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးတာကြောင့် ကုနင်း၏ရုပ်ရည်က ဘယ်လောက်ပဲ ထန်ယွင်ဖန်းနှင့်ဆင်တူနေတာတောင် သူစိမ်းတွေက သိပ်အာရုံမထားခဲ့ကြပေ။ ကမ္ဘာပေါ်မှာ ဘာမှမတော်စပ်ပါဘဲ ရုပ်ဆင်တူသည့်လူပေါင်းများစွာရှိနေတာပဲလေ။
ဒါ့အပြင် ထန်ကျီယွီသည် ထန်ယွင်ဖန်းနှင့်သိပ်မတွေ့ဖူးပေ။
ဒါကြောင့် ကုနင်းကိုပထမဆုံးအကြိမ်တွေ့ရုံနှင့် ထန်ယွင်ဖန်းနှင့်ဆင်တူကြောင်း သတိမပြုမိသည်က ပုံမှန်ပင်ဖြစ်သည်။
ထန်ကျီယွီသည် လင်ရှောင်းထင်နားကပ်နိုင်ဖို့ရန်အတွက် ကုနင်းကို သာမာန်ကာလျှံကာ အမေးအမြန်းလုပ်လိုက်သည်။ “ဟိုင်း၊ မင်းက မိန်းကလေးကုလား?”
ထန်ကျီယွီသည် သိမ်မွေ့မြင့်မြတ်သည့်ဟန်ပန်ပြုမူနေသော်လည်း ကုနင်းနှင့်စကားပြောနေသည့်တလျှောက် သူမအကြည့်ကတော့ လင်ရှောင်းထံပေါ်မှာပင်။ လင်ရှောင်းထင် သူမဘက်ကိုပြန်ကြည့်လာဖို့လဲ မျှော်လင့်နေခဲ့သည်။ သို့သော်လည်း လင်ရှောင်းထင်က သူမဘက်ကို မျက်စောင်းပင်လှည့်မထိုးလာတာကြောင့် စိတ်ပျက်လို့သွားရလေသည်။
ဒါက သူတို့ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကာ လင်ရှောင်းထင်ကလဲ သူမကိုမသိတာကြောင့် သူမကိုအာရုံမစိုက်သည်က ပုံမှန်ပင်။ ထန်ကျီယွီသည် ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှုမရှိဟု ဝန်မခံချင်တာကြောင့် ကိုယ့်စိတ်ကိုယ်ဖြေသိမ့်နေလေသည်။
ထန်ကျီယွီသည် လှပသည့်မိန်းကလေးတစ်ယောက်ပင်ဖြစ်သော်လည်း ကုနင်းကတော့ သူမထက်အဆများစွာပိုလှနေသည်။
ခြံဝန်းထဲမှာ လူပေါင်းများစွာရှိနေတာကြောင့် လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူကောင်လေးမှန်း သူမ,မသိခဲ့ပေ။ တကယ်လို့များ သိနေခဲ့လျှင်တော့ လင်ရှောင်းထင်ကို မြူစွယ်ဖို့စိတ်မကူးလောက်ပေ။
ကုနင်းအကြောင်း သတင်းများစွာကို သူမဖတ်ဖူးထားတာကြောင့် ကုနင်းသည် သူမရန်သွားစလို့ရသည့်လူမျိုးမဟုတ်မှန်း သိထားသည်။
ကုနင်းတွင် အင်အားကြီးအဆက်အသွယ်များစွာရှိနေရုံသာမက ကိုယ်ပိုင်အကျိုးအမြတ်ရသည့်ကုမ္ပဏီများစွာလဲ ပိုင်ဆိုင်ထားသေးသည်။ တကယ်တော့ ကုနင်းတစ်ယောက်နှင့်ပင် ထန်ကျီယွီတို့တစ်မိသားစုလုံးထက် ချမ်းသာပေသည်။
“ဟုတ်တယ်၊ ကျွန်မက ကုနင်းပါ၊ မင်းကရော?” ထန်ကျီယွီ ရောက်လာခြင်းက ကောင်းသောလာခြင်းမဟုတ်ကြောင်း ကုနင်းသိသော်လည်း ချက်ချင်းကြီးထုတ်ဖော်ပစ်၍မရပေ။ ဒါကြောင့် ကုနင်းလဲ ယဉ်ယဉ်ကျေးကျေးသာ ပြန်လည်နှုတ်ဆက်ခဲ့သည်။
“ကျွန်မက ထန်ကျီယွီပါ၊ ထန်မိသားစုရဲ့ ဆွေမျိုး။” ထန်ကျီယွီ အပြုံးလေးဖြင့်ပြန်ဖြေလေသည်။ ကုနင်း၏အရှိန်အဝါက မြင့်မားကြောင်း သူမသိနေတာကြောင့် မောက်မာဝံ့ကြွားသည့်ပုံမျိုးမပြရဲပေ။ ဒါ့အပြင် လင်ရှောင်းထင် သူမအပေါ် အမြင်ကောင်းကျန်ရှိသွားဖို့ရန်လဲ လိုသေးသည်။
သူမကိုယ်သူမမိတ်ဆက်နေရင်း လင်ရှောင်းထင်၏တုံ့ပြန်မှုကို အကဲခတ်လိုက်သော်လည်း တစ်ဖက်က သူမကိုဆက်ပြီးလျစ်လျူရှုထားစဲပင်။
ထန်ကျီယွီမှာ ပိုလို့စိတ်ပျက်လာမိသော်လည်း ဧည့်သည်အများစုသည် ထန်မိသားစု၏ဆွေမျိုးတွေသာဖြစ်တာကြောင့် လင်ရှောင်းထင်က သူမအပေါ်ထူးထွေကာ အထင်ကြီးသွားခြင်းမဟုတ်ဟု သူမကိုယ်သူမဖြေသိမ့်လိုက်ပြန်သည်။
***
အခန်း ၉၇၄ စိတ်ပြောင်းသွားပြီ
“မိန်းကလေးကုအကြောင်း အင်တာနက်ပေါ်ကနေ သတင်းတွေအများကြီးဖတ်ဖူးတယ်။ ရှင့်ကိုလေးစားနေမိတာကြာပြီ!” ထန်ကျီယွီက ကုနင်း၏ပရိသတ်တစ်ဦးလိုဟန်ဆောင်ပြလေသည်။
“ကျေးဇူးပါပဲ။ အာ… ကျွန်မတို့ဟိုတယ်ကိုသွားဖို့အချိန်ရောက်နေပြီ။ ခွင့်ပြုပါဦးနော်။”
“အိုး၊ ဟုတ်တာပေါ့။”
ထန်ကျီယွီမှာ လင်ရှောင်းထင်အနားမှမခွာချင်သော်လည်း သူတို့ထွက်သွားတာကို တားမြစ်နိုင်စွမ်းလည်းမရှိပေ။ လင်ရှောင်းထင်ရှေ့တွင် သူမအပြုအမူကိုထိန်းသိမ်းထားရမည်။ ဘာပဲဖြစ်ဖြစ် ခဏနေလဲ သူတို့ပြန်တွေ့ကြရဦးမှာပဲကို။
“ဘော့စ်၊ အဲ့မိန်းမ ရှောင်းထင်ကို စိတ်ဝင်စားနေတာလားလို့? သူ့ကိုပဲ ဆက်တိုက်ကြည့်နေသလိုပဲ။” ဟောင်ရန်က ကုနင်းကိုပြောပြလိုက်သည်။ သူသည်လဲ ထန်ကျီယွီ၏မူမမှန်မှုကို သတိထားမိခဲ့သည်။
ထိုစကားကြောင့် လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားရသည်။ သူ ထန်ကျီယွီကို အာရုံမထားခဲ့သော်လည်း သူမ သူ့ကိုစိတ်ဝင်စားနေကြောင်းသိလိုက်ရချိန်မှာတော့ မနှစ်သက်သည့်စိတ်ကဝင်လာခဲ့သည်။ ဒါ့အပြင် ထိုကိစ္စကြောင့် ကုနင်းမပျော်မရွှင်ဖြစ်သွားမည်ကိုလဲ စိုးရိမ်၍ သူ့ကိုတခြားမိန်းကလေးတွေ သဘောကျခြင်းအား မနှစ်သက်ပေ။
ယခုလိုခတ်ကြီးတွင် လင်ရှောင်းထင်လို့ သစ္စာရှိသည့်ယောက်ျားများက ရှာမှရှားသွားပေပြီ!
“အွန်း၊ နင့်အထင်မှန်တယ်။” ကုနင်းခေါင်းညိတ်ပြလိုက်သည်။
“ရှောင်းထင်ကိုများ မှန်းရဲတယ်ပေါ့!” ချူးဖေ့ဟန်က အထင်သေးစွာနှာခေါင်းရှုံ့လိုက်သည်။ “သူသာ နင်တို့ကြားဝင်နှောင့်ယှက်ရဲရင် ငါတို့ သူ့ကိုသင်ခန်းစာပေးပစ်မယ်!”
“ဟုတ်တယ်၊ သူရဲ့ဉာဏ်မမှီတဲ့အတွေးတွေအတွက် နောင်တရသွားအောင် လုပ်ပစ်မယ်!”
ကုနင်း၏သူငယ်ချင်းတွေအားလုံးက သူမအစားဒေါသထွက်ပေးနေကြတာကြောင့် ကုနင်းစိတ်ထဲပျော်ရွှင်လာသလို ရယ်လဲရယ်ချင်လာခဲ့သည်။
“ဟုတ်ပါပြီ။ သူငါတို့ကြားဝင်နှောက်ရဲတယ်ဆိုရင် အရင်ဆုံး သူ့မှာအလိုအရည်အချင်းရှိဖို့လိုသေးတယ်။” ကုနင်းပြောလိုက်ပြီးနောက် လင်ရှောင်းထင်ဘက်ကို စောင်းကြည့်လိုက်ကာ၊ “ပြီးတော့ ဖောက်ပြန်ဖို့အတွေးရှိတဲ့ယောက်ျားတစ်ယောက်ကို နင်တို့ဘယ်တော့မှ ပြန်ဆွဲမထားနဲ့။”
ကုနင်းသဘောကတော့ လင်ရှောင်းထင်သာ သူမအနားမှထွက်သွားလိုသည့်ဆန္ဒရှိထားလျှင် ထန်ကျီယွီက သူ့ကိုအလွယ်လေးဆွဲဆောင်သွားနိုင်မည်ဟုပင်။
ကုနင်းသည် သူမကိုသစ္စာမရှိသည့်ယောက်ျားတစ်ယောက်ကို ချစ်နေမည့်လူမဟုတ်ပေ။
တကယ်တော့ လင်ရှောင်းထင် သူမတစ်ယောက်တည်းကိုသာ ချစ်မှန်းသိတာကြောင့် ယခုလိုစနောက်ပြောလိုက်ခြင်းသာဖြစ်သည်။
သို့ပေမည့် လင်ရှောင်းထင်ကတော့ မကျေမနပ်ဖြစ်သွားကာ ချက်ချင်းပြန်တုံ့ပြန်လာသည်။ “နင်းနင်း၊ ဘယ်လိုပြောလိုက်တာလဲ! ကိုယ်မင်းကိုဘယ်လောက်တောင်ချစ်မှန်း မင်းမသိဘူးလား!”
“ကျွန်မလဲမပြောချင်ပါဘူး၊ ဒါပေမယ့် ရှင့်စိတ်ထဲမှာဘယ်လိုရှိနေမှန်း ကျွန်မဘယ်သိနိုင်မလဲ?”
“ကိုယ့်နှလုံးသားကို တိုက်ရိုက်မြင်တွေ့ချင်နေတာလား?” ကုနင်းနောက်နေမှန်းသိတာကြောင့် ဤအခွင့်အရေးကိုအမိအရယူကာ လင်ရှောင်းထင်ကလဲ ပြန်ပြီးကလူမြူဆွယ်လေသည်။
“ရှင့်နှလုံးသာကိုပြကြည့်လေ!”
“ကိုယ်တို့နှစ်ယောက်တည်းရှိတဲ့အချိန်ကျမှ ပြပေးမယ်။” လင်ရှောင်းထင်က ကုနင်း နားအနားကပ်ကာ ညှို့ဓါတ်အပြည့်နှင့်ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ကုနင်းရှက်သွေးဖြာသွားတော့သည်။ အရမ်းကိုရှက်ဖို့ကောင်းလွန်း၍ ဟောင်ရန်တို့များကြားသွားမလားစိုးရိမ်ကာ အခြေအနေမကြည့်မိဘဲမနေနိုင်ပေ။
လင်ရှောင်းထင်က ကုနင်း၏နား, နားကပ်ပြောတာကြောင့် ဟောင်ရန်တို့ကမကြားခဲ့သော်လည်း ကောင်းယိနှင့်ချောင်ယတို့ကတော့ ရယ်ချင်နေကြသည်။ သူတို့သည်လဲ ချစ်သူစုံတွဲတွေဖြစ်တာကြောင့် လင်ရှောင်းထင်ဘာကိုဆိုလိုမှန်း နားလည်ကြလေသည်။
ဟောင်ရန်တို့ကတော့ လင်ရှောင်းထင်ဘာပြောလိုက်မှန်း သိချင်နေကြပေမည့် မေးလဲမမေးရဲကြပေ။
…….
ထန်ကျီယွီသည်လဲ သူမအမေနားပြန်ရောက်သွားခဲ့သည်။ လင်ရှောင်းထင်၏ရုပ်ရည်သွင်ပြင်ကြောင် သူမစိတ်အခြေအနေကောင်းနေသော်လည်း လင်ရှောင်းထင်နှင့်စကားပြောခွင့်မရခဲ့၍ ဝမ်းနည်းနေမိပြန်သည်။
ထန်ကျီယွီ၏ဝမ်းနည်းနေသည့်အမူအရာကြောင့် သူမအမေစိုးရိမ်သွားခဲ့သည်။ “သမီးလေး၊ အကြံကောင်းမရခဲ့ဘူးလား? ဖြည်းဖြည်းပေါ့၊ အမေတို့မှာ အချိန်တွေရှိပါသေးတယ်။”
ထန်ကျီယွီ၏အမေက ရှင်းပိုင်ကြောင့် သူမသမီးဝမ်းနည်းနေသည်ဟု ထင်သွားခြင်းပင်။ သူမသည်လဲ ထန်ကျီယွီကို ရှင်းပိုင်၏ချစ်သူကောင်မလေးဖြစ်သွားစေချင်ပေမည့် ဒါက အချိန်တိုအတွင်းအောင်မြင်သွားနိုင်သည်အထိ မလွယ်ကူပေ။
“မဟုတ်ပါဘူး။” ထန်ကျီယွီ ချက်ချင်းခေါင်းခါလိုက်ကာ ရုတ်တရက်ဆိုသလို စိတ်များလှုပ်ရှားလာတော့သည်။ “အမေ၊ သမီးအခုပဲ ရှင်းပိုင်ထက်ပိုကြည့်ကောင်းတဲ့ယောက်ျားတစ်ယောက်ကို တွေ့ခဲ့တယ်။ သူ့ကိုမြင်မြင်ချင်း သမီးရင်တွေတဒုတ်ဒုတ်ခုန်သွားတာပဲ။ သမီးစိတ်ပြောင်းသွားပြီ၊ ရှင်းပိုင်ကို စိတ်မဝင်စားတော့ဘူး။”
“ဘာ?” ထန်ကျီယွီ၏မိခင်မှာ အလွန်အံ့ဩသွားခဲ့သည်။ ထန်ကျီယွီ ဒီလောက်မြန်မြန်စိတ်ပြောင်းသွားလိမ့်မည်ဟု သူမ,မမျှော်လင့်ထားခဲ့ပေ။
ထိုလူက ရှင်းပိုင်ထက်ပိုကြည့်ကောင်းတယ်ဆိုမှတော့ သူမသမီးစိတ်ပြောင်းသွားတာကို နားလည်ပေးလို့တော့ရပေသည်။
လူတိုင်းက ပိုကောင်းသည့်ရွေးချယ်မှုကိုသာ လိုချင်ကြသည်ချည်းဖြစ်တာကြောင့် သူမအမေကလဲ အမှားတစ်ခုဟုမထင်ခဲ့ပေ။ ထိုအစား ဘယ်လိုခန့်ညားသည့်လူကများ ထန်ကျီယွီကို မှင်သက်သွားစေနိုင်တာလဲကို သူမသိချင်လာမိသည်။
“သူ့နာမည်ကိုသိလား?”
“မသိဘူး။” ထန်ကျီယွီ ပြန်ဝမ်းနည်းသွားသည်။ “နောက်မှ သူ့ကိုမေးဖို့နည်းလမ်းရှာလိုက်ပါ့မယ်။”
အစောတုန်းက လင်ရှောင်းထင်ကိုစကားပြောချင်ခဲ့ပေမည့် ကုနင်းက သူတို့သွားရတော့မည်ဟု ပြောလာတာကြောင့် လက်လျှော့ခဲ့ရသည်။
“ကောင်းပြီ၊ ကိုယ့်ပုံရိပ်ကိုတော့ ကိုယ်ထိန်းဦး။ သူ သမီးအပေါ် အဆိုးမမြင်သွားစေနဲ့။”
“သမီးနားလည်ပါတယ်။”
ထန်ကျီယွီ၏အမေက ခဏတာစဉ်းစားကြည့်ပြီးနောက် ပြောလာခဲ့သည်။ “သူ ဒီနေ့ဘယ်လိုပုံဝတ်စားလာလဲ အမေ့ကိုပြောကြည့်ရင်ရော? အမေ သူ့အကြောင်းနည်းနည်းပါးပါးသွား စုံစမ်းကြည့်မယ်လေ။”
***
အခန်း ၉၇၅ သာမာန်မဟုတ်ဘူး
“အဲ့လိုလဲ ရတာပဲ။” ထန်ကျီယွီက ချက်ချင်းပင် သူမအမေစကားကို သဘောတူလိုက်သည်။ “သူက အနက်ရောင်ဝတ်စုံဝတ်ထားတာ၊ အရပ်က ၁.၈မီတာလောက်၊ ဆယ်ကျော်သက်အဖွဲ့နဲ့အတူနေ,နေတာ။ သမီးအထင် သူက ဒီနေ့လူတွေထဲ အချောဆုံးပဲ။ အိုး… ပြီးတော့ သူ့နားမှာ ကုနင်းလဲရှိတယ်။”
ပြောရင်းဖြင့် ထန်ကျီယွီက သူမဖုန်းကိုထုတ်နေသည်။ သူမအမေကတော့ ကုနင်းအကြောင်းမကြားဖူးတာကြောင့် မေးလာခဲ့သည်။ “ကုနင်းက ဘယ်သူတုန်း?”
“ခဏလေး။” ထန်ကျီယွီကပြောရင်း အင်တာနက်ပေါ်မှ ကုနင်း၏ဓါတ်ပုံကိုရှာနေသည်။ “တွေ့လား? ဒါကုနင်းပဲ။ သူက ထန်မိသားစုနဲ့ ရင်းနှီးတယ်။”
ကုနင်း၏ဓါတ်ပုံကိုမြင်လိုက်ရချိန်တွင် သူမပုံစံက ရင်းနှီးနေသလိုရှိသည်ဟု ထန်ကျီယွီ၏အမေတွေးလိုက်မိကာ ထန်ယွင်ဖန်းကိုပင် အမှတ်ရသွားသည်။
ထန်ကျီယွီ၏မိခင်သည် ငယ်ငယ်တုန်းက ထန်ယွင်ဖန်းနှင့်တွေ့ဖူးခဲ့တာကြောင့် ထန်ယွင်ဖန်း၏ငယ်ရုပ်ကို စိတ်ထဲစွဲနေခဲ့သည်။ သို့သော်လည်း ထန်ယွင်ဖန်းသည် တစ်ခါမှလက်ထပ်ဖူးခဲ့ခြင်းမရှိမှန်းလဲ သိထားတာကြောင့် ကုနင်းနှင့်ထန်ယွင်ဖန်းကို မဆက်စပ်မိခဲ့ပေ။ သူတို့ချင်း အနည်းငယ်မျှရုပ်ဆင်နေခြင်းသာဖြစ်မည်ဟု တွေးခဲ့သည်။
“သူတို့က အတွဲတွေလား?” ကုနင်း အရမ်းလှနေတာကိုမြင်ပြီး ထန်ကျီယွီ၏အမေက ရုတ်တရက်မေးလိုက်သည်။
ချောင်ဝမ်ရှင်းသည် ထန်ကျီယွီထက်အများကြီးပိုလှမနေသော်လည်း ကုနင်းနှင့်ထန်ကျီယွီတို့သာ ရုပ်ရည်ချင်းယှဉ်ကြည့်လျှင် ကွာဟချက်ကကြီးမားလွန်းသည်။
“သမီးတော့မထင်ဘူး။ ကုနင်း၏အခုမှ၁၈နှစ်ပဲရှိသေးတာ၊ အခုထိအထက်တန်းတက်နေတုန်းပဲ။”
တကယ်တော့ ထန်ကျီယွီသာ ကုနင်းအကြောင်းသတင်းမှန်သမျှဖတ်ထားခဲ့လျှင် ကုနင်းမှာချစ်သူကောင်လေးရှိကြောင်း သိနေပေလိမ့်မည်။
အင်တာနက်ပေါ်မှ သတင်းတစ်ပုဒ်တွင် ကုနင်းနှင့်လင်ရှောင်းထင်တို့၏ချိုမြိန်သော အချစ်အကြောင်းကိုဖော်ပြထားပေသည်။
ထန်ကျီယွီသည် ကုနင်းနှင့်လင်ရှောင်းထင်တို့ ချစ်သူတွေဖြစ်လောက်သည်ဟူသည့် အချက်ကိုမတွေးချင်ရုံသာဖြစ်သည်။
အခုချိန်မှာ သူမ ကုနင်းကိုရန်မစချင်သေးပေ။ သို့သော်လည်း ကုနင်းကိုရန်မစချင်ရင်တောင်မှ သူမသာ မြူစွယ်ဖို့နည်းလမ်းကောင်းရှိထားလျှင် လင်ရှောင်းထင်က သူမအတွက် ကုနင်းကိုလမ်းခွဲလိမ့်မည်ဟု ယုံကြည်နေသည်။
တကယ်တော့ သူမကိုယ်သူမအလွန်အထင်ကြီးနေခြင်းသာဖြစ်လေသည်။
ထန်ကျီယွီ၏မိခင်ကလဲ ကုနင်းကအခုမှ၁၈နှစ်အရွယ်အထက်တန်းကျောင်းသူမှန်း သိရသည်နှင့် ကုနင်းနှင့်လင်ရှောင်းထင်တို့တွဲနေစရာအကြောင်းမရှိဟု တွေးမိသွားသည်။
“ကောင်းပြီ၊ အမေ ဒီလူအကြောင်းစုံစမ်းကြည့်လိုက်မယ်။” သူမကပြောပြီးသည်နှင့် ထန်ကျီယွီအနားမှ ထွက်သွားတော့သည်။
ထန်ကျီယွီလဲ သူမအမေ လင်ရှောင်းထင်အကြောင်း အသုံးဝင်သည့်အချက်အလက်တစ်ခုခုရှာတွေ့နိုင်ဖို့မျှော်လင့်နေကာ ထိုသတင်းက လင်ရှောင်းထင်အခုထိ စင်ဂယ်ဖြစ်နေတာသာဆိုလျှင် ပိုတောင်ကောင်းပေမည်။
…….
ထန်မိသားစုအိမ်တော်သည် အလွန်ကြီးသော်လည်း ယနေ့လာရောက်သည်လူကလဲ အလွန်များတာကြောင့် ဧည့်ခန်းတစ်ခန်းလုံး အပြည့်ပင်။ ကုနင်းက ဟောင်ရန်တို့ကို အပြင်တွင်ခဏစောင့်နေခဲ့ဖို့ပြောကာ သူမကတော့ လင်ရှောင်းထင်နှင့်အိမ်ထဲသို့ဝင်သွားသည်။
ဧည့်ခန်းထဲမှာတော့ အသက်ညီသည့်လူအချင်းချင်းဝိုင်းဖွဲ့ကာ စကားပြောလို့နေသည်။
ဧည့်ခန်း၏ထောင့်တစ်နေရာတွင်တော့ ထန်ဟိုင်ဖုန်းနှင့်အတူ သခင်ကြီးလေ့နှင့်ကျောက်ယီရူအပါအဝင် သူမိတ်ဆွေကြီးများ စကားပြောနေကြသည်။ ထိုလူများသည် ထန်ဟိုင်ဖုန်း၏အချစ်ဆုံးသူငယ်ချင်းများဖြစ်တာကြောင့် မနက်ခင်းအစောပိုင်းကတည်းက ရောက်ရှိနေကြတာဖြစ်သည်။
ကျန်သည့်သခင်ကြီးသုံးယောက်ကိုတော့ ကုနင်းမသိပေမည့် ထိုထဲမှတစ်ယောက်ကတော့ ကုနင်း၏နာမည်ကိုကြားဖူးနေသည်။
ထိုလူကတော့ ချောင်ဝမ်ရှင်း၏အဖိုး သခင်ကြီးချောင်ပင်ဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ လျှောက်လာကြသည်ကိုမြင်သည်နှင့် ထန်ဟိုင်ဖုန်းက သူ့လက်ကိုဝှေ့ယမ်းကာ သူတို့ကိုခေါ်လိုက်သည်။ “နင်းနင်း၊ ရှောင်းထင်၊ ဒီကိုလာခဲ့ကြ!”
ထန်ဟိုင်ဖုန်းနားမှတခြားလူတွေကလဲ သူမတို့ကိုဝိုင်းကြည့်လာကြသည်။ ကုနင်းနှင့်လင်ရှောင်းထင်ကိုမြင်သည်နှင့် သူတို့နှစ်ဦး၏ရုပ်ရည်သွင်ပြင်ကြောင့် အားလုံးမှင်သက်လို့သွားကြလေသည်။
“ဟိုင်း၊ ဖိုးဖိုး။” ကုနင်းပြုံးကာနှုတ်ဆက်လိုက်သည်။
“ဒီကောင်မလေးက ထန်ယွင်ဖန်း ငယ်ငယ်တုန်းကနဲ့တော်တော်တူတာပဲ။ ဘယ်သူများလဲ?” သခင်ကြီးတစ်ယောက်ကို ကုနင်းကိုခဏတာလေ့လာကြည့်နေလေသည်။
သူသည်လဲ ထန်ဟိုင်ဖုန်း၏သူငယ်ချင်းဟောင်းကြီးဖြစ်တာကြောင့် ထန်ယွင်ဖန်း၏ငယ်ရုပ်ကိုမှတ်မိနေခဲ့သည်။
“ငါလဲ အဲ့လိုတွေးနေတာ။” နောက်ထပ်သခင်ကြီးတစ်ယောက်ကလဲ ပြောလိုက်သည်။
အားလုံးက ကုနင်း ထန်ဟိုင်ဖုန်းကို ‘ဖိုးဖိုး’ဟုခေါ်သည်အား တွေးမိကြပေမည့် ထန်ယွင်ဖန်းကတော့ တစ်ခါမှလက်မထပ်ဖူးတာကြောင့် ကုနင်းနှင့် ထန်ယွင်ဖန်းဆက်စပ်မှုရှိမည်ဟု မတွေးမိကြပေ။ ဒါ့အပြင် ကုနင်းက အရမ်းငယ်သေးပုံရတာကြောင့်လဲ ထန်ဟိုင်ဖုန်းကို အဖိုးဟုခေါ်သည်က ပုံမှန်သာဖြစ်သည်။ လူငယ်တွေက လူကြီးတွေကိုလေးစားမှုပြဖို့ ဒီလိုမျိုးနည်းကိုသုံးကြသည်ပဲ။
“ဟ-ဟ၊ သူက ယွင်ဖန်းရဲ့ သမီးအရင်းလေ၊ ဒီတော့ ဆင်ကြမှာပေါ့။” ထန်ဟိုင်ဖုန်းက ဂုဏ်ယူနေဟန်ဖြင့်ပြောလိုက်သည်။
“ဘာပြောတယ်?” ထန်ဟိုင်ဖုန်း၏သူငယ်ချင်းကြီးများကတော့ အလွန်အံ့ဩသွားလေသည်။
“သူက ယွင်ဖန်းရဲ့သမီးအရင်း? လောင်ထန် မင်းငါတို့ကိုတည့်ကြီး လာလှည့်နေတာလား?”
“ဘာလို့ ဒါမျိုးအရင်ကတစ်ခါမှမကြားဖူးတာလဲ?”
အားလုံးက ထိုအမှန်တရားကိုလက်ခံနိုင်ဖို့ အလွန်အံ့ဩနေမိကြသည်။
“မင်းတို့ကိုလှည့်နေတာမဟုတ်ဘူး။” ထန်ဟိုင်ဖုန်းပြောရင်း သက်ပြင်းချမိတော့သည်။ “အားလုံး လွန်ခဲ့တဲ့၁၉နှစ် ယွင်ဖန်းပျောက်သွားတုန်းကဖြစ်ခဲ့တာပဲ။ နင်းနင်းရဲ့အမေက သူ့အသက်ကိုကယ်ခဲ့ပြီး နောက်တော့ သူတို့ချင်းချစ်ကြိုက်သွားကြတယ်။ ကံမကောင်းစွာဘဲ ယွင်ဖန်းက နောက်ထပ်မတော်တဆမှုတစ်ခုထပ်ဖြစ်ပြီး သူတို့ကိုထားသွားခဲ့မိတယ်လေ။ ငါတို့လဲ သိပ်ကြာသေးခင်ကမှ နင်းနင်းနဲ့သူ့အမေတို့ဘာတွေရင်ဆိုင်ခဲ့ရလဲ သိရတာ။”
ထိုအကြောင်းပြောရင်း ထန်ဟိုင်ဖုန်းသည် ကံကောင်းသည်ဟု ခံစားရသလို စိတ်လှုပ်ရှားလာခဲ့သည်။ ဘယ်သူကမှ ကုနင်းလို ထက်မြက်သည့်မြေးမျိုးမလိုချင်ဘဲ နေပါ့မလဲ။ ပြီးတော့ သူမက ထန်ယွင်ဖန်းရဲ့သွေးရင်းသမီးလဲဖြစ်နေသေးတယ်။
ထန်ဟိုင်ဖုန်းသည် ထိုလျှို့ဝှက်ချက်ကို သူ့မိတ်ဆွေကြီးများအား ဖွင့်ပြောပြလိုက်တော့သည်။ ဒါ့အပြင် သခင်ကြီးလေ့နှင့်ကျောက်ယီရူတို့တောင် သိထားကြပြီးသားမဟုတ်လား။
ထန်ဟိုင်ဖုန်း၏မိတ်ဆွေကြီးများကတော့ အံ့ဩနေမိကြတုန်းပင်။
“ဒီကောင်မလေးက မျိုးရိုးကိုကောင်းကောင်းဆက်ခံထားတာပဲ! ဒါကြောင့် ဒီလောက်လှနေတာ။”
“ဟုတ်ပါ့၊ ဟုတ်ပါ့!”
သခင်ကြီးလေ့ကတော့ လင်ရှောင်းထင်ကို သတိထားမိသွားခဲ့သည်။ “ဒီလူငယ်လေးရပ်နေတဲ့ပုံက မတ်နေတာပဲ၊ ကြည့်လိုက်တာနဲ့ ရိုးသားတဲ့လူဖြောင့်လေးမှန်းသိသာတယ်။ ငါ့ခန့်မှန်းချက်သာမှန်မယ်ဆို စစ်သားတစ်ယောက်ပဲဖြစ်ရမယ်၊ စစ်သားတောင် သာမာန်စစ်သားမဟုတ်ဘူး၊ မှန်တယ်မလား?”
သခင်ကြီးလေ့သည် တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် စစ်သားတစ်ယောက်အရှိန်အဝါကို ရင်းနှီးမှုရှိနေသည်။
“မှန်ပါတယ်။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
“ဟ-ဟ၊ ဒီလူငယ်လေးက လုံးဝသာမာန်မဟုတ်ဘူး။ ငါတောင် သူဘယ်သူလဲ ပြောပြပေးဖို့ အဆင်ပြေရဲ့လားမသိဘူး။” ထန်ဟိုင်ဖုန်းက ဝင်ပြောလာသည်။