← Chapters

အခန်း (၉၇၆-၉၈၀)

Vol. 66 Ch. 976-980

အခန်း (၉၇၆-၉၈၀)

Vol. 66 Ch. 976-980

အခန်း ၉၇၆ အင်အားပေါင်းစည်း

“ဟိုး?” ထန်ဟိုင်ဖုန်း၏စကားကြောင့် သခင်ကြီးများအားလုံး သိချင်စိတ်ဝင်သွားသော်လည်း ထိုသို့သောအကြောင်းအရာမျိုးကို သူတို့မမေးမြန်းသင့်မှန်းလဲ သိကြသည်။

သို့ပေမည့် သခင်ကြီးလေ့ကတော့ လင်ရှောင်းထင်ကိုမေးလိုက်တုန်းပင်။ “မင်းတပ်ထဲမှာ ဘယ်အဆင့်ရှိလဲဆိုတာ ငါတို့ကိုပြောပြလို့ရလား?”

သခင်ကြီးလေ့သည် လင်ရှောင်းထင်၏နောက်ခံမိသားစုအကြောင်းတစ်ခုမှမမေးပါဘဲ တပ်ထဲမှသူ့ရာထူးကိုသာမေးခဲ့သည်။ သခင်ကြီးလေ့ဆိုသူသည် တစ်ပါးသူ၏နောက်ခံမိသားစုအကြောင်း စိတ်ဝင်စားတတ်သူမဟုတ်ပေ။ သို့ပေမည့် သူကိုယ်တိုင်ကလဲ စစ်မှုထမ်းဖူးသူဖြစ်တာကြောင့် လင်ရှောင်းထင်၏ရာထူးအကြောင်းကိုတော့ သိချင်နေသည်။

“ကျွန်တော်က အထူးတပ်ဖွဲ့တစ်ခုမှာ ဗိုလ်ချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတာပါ။”

“ဘာ? ဗိုလ်ချုပ်အဆင့်လား?”

လင်ရှောင်းထင်၏အဖြေကြောင့် လူအိုကြီးများအလွန်အံ့ဩသွားကြတော့သည်။ လင်ရှောင်းထင်ကြည့်ရတာ ငယ်ငယ်လေးပဲရှိသေးတာကို ဗိုလ်ချုပ်တောင်ဖြစ်နေပြီတဲ့လား!

သခင်ကြီးလေ့သည်တော့ တစ်စုံတစ်ခုကိုအမှတ်ရသွားခဲ့သည်။ ဒီလိုမျိုးငယ်ငယ်ရွယ်ရွယ်နှင့် ဗိုလ်ချုပ်ဖြစ်လာသူတစ်ယောက်အကြောင်း သူကြားဖူးထားပေသည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ?” သခင်ကြီးလေ့က သူ့အထင်မှန်နေလား အတည်ပြုဖို့ရန်မေးလိုက်သည်။

“လင်ရှောင်းထင်ပါ။”

သခင်ကြီးလေ့၏အထင်မှန်နေပေသည်။

လင်ရှောင်းထင်သည် အထူးစစ်သားခေါင်းဆောင်ဖြစ်ခဲ့ဖူးသည့် သခင်ကြီးလင်၏မြေးပဲဖြစ်ရမည်။ သခင်ကြီးလင်၏မြေးသည် ကြီးကျယ်သည့်အောင်မြင်မှုများနှင့် သမိုင်းတစ်လျှောက် အငယ်ဆုံးဗိုလ်ချုပ်တစ်ယောက်ဖြစ်ကြောင်း သူသိထားသည်။

“မင်းအဖိုးရောဘယ်လိုနေလဲ? ကျန်းမာရေးကောင်းရဲ့လား?” သခင်ကြီးလေ့က မှတ်မိသွားသည့် အနည်းငယ်စိတ်လှုပ်ရှားသွားကာ ပူပန်မှုဖြင့်မေးလိုက်သည်။

သခင်ကြီးလေ့နှင့်သခင်ကြီးလင်တို့သည်လဲ မိတ်ဆွေဟောင်းများဖြစ်ကြသည်။ အရင်ကဆို နှစ်ယောက်အတူတူရန်သူများကို တိုက်ခိုက်ခဲ့ကြကာ နောက်ပိုင်း တခါတလေတော့ ဖုန်းခေါ်ဖြစ်ကြသည်။

ကျန်သခင်ကြီးများကတော့ စစ်မှုမထမ်းဖူးကြတာကြောင့် လင်ဝေ့ဟွာ၏နာမည်ကိုကြားဖူးကြပေမည့် သူ့အကြောင်းအနည်းအကျဉ်းသာသိကြသည်။

လင်ရှောင်းထင်ကို ဒီလိုမေးခွန်းမျိုးမေးလာကတည်းက သခင်ကြီးလေ့နှင့်လင်ဝေ့ဟွာတို့ ရင်းနှီးမှုရှိကြောင်း ပေါ်လွင်လှသည်။

“အဖိုးရဲ့ ကျန်းမာရေးက ကောင်းပါသေးတယ်။ စိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။” လင်ရှောင်းထင်က လေးလေးစားစားပင်ပြန်ဖြေလိုက်သည်။ သခင်ကြီးလေ့သည် သူဘယ်သူလဲသိတာနဲ့ သူ့နာမည်နှင့်ရာထူးကိုတောင်မေးလာမှတော့ သခင်ကြီးလင်နှင့်ပါ သိကျွမ်းနေသည်ကို မအံ့ဩမိတော့ပေ။ ဒါ့အပြင် သခင်ကြီးလေ့သည်လဲ တပ်ထဲတွင်တာဝန်ထမ်းဆောင်ဖူးသူတစ်ယောက်ဖြစ်လောက်မည်ဟု လင်ရှောင်းထင်တွေးမိသည်။

“ကောင်းတယ်! ကြားရတာဝမ်းသာစရာပဲ!”

သခင်ကြီးလေ့ အမှန်တကယ်ကိုဝမ်းသာသွားခဲ့သည်။ စစ်ပွဲကာလသည် လွန်စွာခက်ခဲကြမ်းတမ်းခဲ့ကာ အခုချိန်ထိ ကျန်းကျန်းမာမာ အသက်ရှင်နေသေးသည့် စစ်သားဟောင်းဆိုလို့ သိပ်များများစားစားမကျန်ရှိတော့ပေ။

သူကတော့ ရောဂါပေါင်းများစွာခံစားကျော်ဖြတ်ခဲ့ရတာတောင် အခုထိတော့ အသက်ရှင်နေသေးသည်။

“မင်းတို့ကို မိတ်ဆက်ပေးဦးမယ်။ ဒီဘက်က သခင်ကြီးချောင်၊ ဝမ်ရှင်းရဲ့အဖိုးပဲ။ မင်းတို့တွေ သူ့ကိုအဖိုးချောင်လို့ခေါ်လို့ရတယ်။” စကားစပြတ်သည်နှင့် ထန်ဟိုင်ဖုန်းက စတင်မိတ်ဆက်ပေးလာသည်။

မိတ်ဆက်ပေးလိုက်သည်နှင့် ချောင်မိသားစု၏အခြေခံအချက်အလက်တချို့ကို ကုနင်းနှင့်လင်ရှောင်းထင်တို့ အမှတ်ရလို့သွားသည်။

ချောင်မိသားစုသည် အစဉ်အဆက်စစ်တပ်အသိုင်းအဝိုင်းဖြစ်သည်။ သခင်ကြီးချောင်သည် စစ်မှုထမ်းစဉ်က ဒုဗိုလ်ချုပ်အထိဖြစ်ခဲ့ကာ Bမြို့စစ်စခန်း၏ခေါင်းဆောင်လဲဖြစ်သည်။

အငြိမ်းစားယူခဲ့တာတော့ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း အခုထိ သူ့ရဲ့ရာထူးအရ အဆင့်အတန်းမြင့်မြင့်နှင့် ဂုဏ်သရေရှိစွာနေနိုင်နေတုန်းပင်။

နောက်တော့ ထန်ဟိုင်ဖုန်းက ကျန်သည့်သူ့မိတ်ဆွေကြီးနှစ်ဦးနှင့်လဲ မိတ်ဆက်ပေးလေသည်။

“ဒါနဲ့ မင်းတို့နှစ်ယောက်ဆက်ဆံရေးကဘာလဲ?” ရုတ်တရက် သခင်ကြီးတစ်ယောက်ကမေးလို့လာသည်။

“ရှောင်းထင်က နင်းနင်းရဲ့ချစ်သူကောင်လေးလေ။” ထန်ဟိုင်ဖုန်းက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြန်ဖြေလေသည်။ ထန်ဟိုင်ဖုန်း၏ အနာဂါတ်မြေးသမက်လေးအပေါ် သဘောကျနေမှုက ထုတ်ပြောစရာမလိုအောင် သိသာနေတော့သည်။

လင်ရှောင်းထင်သည် ချမ်းသာကာအင်အားကြီးသည့်မိသားစုမှဖြစ်ရုံသာမက ကိုယ်တိုင်ကလဲ ထူးချွန်သူတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် ကုနင်းကိုလဲ အရမ်းချစ်ကာ ဂရုစိုက်သေးသည်။

လင်ရှောင်းထင်သာ ကုနင်းကိုစိတ်ရင်းဖြင့် ကောင်းကောင်းမွန်မွန်ဆက်ဆံသ၍ ထန်မိသားစုကလဲ သူ့ကိုလက်ခံပေးမည်ဖြစ်သည်။ ဘယ်သူ့ကိုမှ ကုနင်းကိုထိခိုက်အောင်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

ထန်ဟိုင်ဖုန်း၏မိတ်ဆွေကြီးများမှာ ထပ်ပြီးအံ့ဩမိသွားကြပြန်သည်။

လင်ရှောင်းထင်ကသာ ကုနင်းရဲ့ချစ်သူကောင်လေးဆို သူတို့နှစ်ယောက်သာ လက်ထပ်ခဲ့ပါက ထန်မိသားစုနဲ့လင်မိသားစုတို့အင်အားပေါင်းစည်းမိသွားတော့မှာပေါ့။

ဒီလိုသာဆို ထန်မိသားစု၏နေရာကို လင်မိသားစု၏နေရာပါ ပိုလို့တည်ငြိမ်ခိုင်မြဲပေတော့မည်။

ဒါကြောင့် ဒီလူငယ်လေးနှစ်ယောက် အဆုံးမှာပေါင်းဖက်ဖြစ်ကြမလားကို သူတို့အရမ်းသိချင်နေမိတော့သည်။

………

ထန်ကျီယွီ၏မိခင်သည် ဧည့်ခန်းထဲသို့ရောက်လာခဲ့ကာ တစ်ချက်လောက်ဝေ့ကြည့်လိုက်သည်နှင့် ချက်ချင်းပင် လင်ရှောင်းထင်ကိုမြင်သွားခဲ့သည်။

လင်ရှောင်းထင်သည် အမှန်တကယ်ကိုပဲ ရှင်းပိုင်ထက်ပိုပြီးဆွဲဆောင်မှုရှိကြောင်း သူမလဲလက်ခံမိသည်။ ထန်ကျီယွီ ဒီလောက်မြန်မြန်စိတ်ပြောင်းသွားတာ အံ့ဩစရာတော့မရှိပေ။

ထန်ကျီယွီ၏မိခင်မှာ ရုတ်တရက်တုံ့ဆိုင်းလို့သွားခဲ့သည်။ အကြောင်းကတော့ ထန်ဟိုင်ဖုန်းက တခြားသခင်ကြီးများနှင့်စကားပြောနေတာကြောင့် သူတို့ကိုသွားနှောင့်ယှက်ဖို့ မသင့်တော်လှပေ။

“နင်းနင်းနဲ့ရှောင်းထင်တို့က တကယ်ကိုလိုက်ဖက်တာပဲ!”

ထိုအချိန်မှာပဲ သူမဘေးမှအမျိုးသမီးသံတစ်သံကို ထန်ကျီယွီ၏မိခင်ကြားလိုက်ရသည်။ ထိုအမျိုးသမီးကိုလှည့်ကြည့်လိုက်ချိန်တွင် သူမနှင့်ခပ်လှမ်းလှမ်း၌ ၁၃နှစ်အရွယ်ကလေးသုံးယောက်နှင့်မတ်တပ်ရပ်နေသည့် အမျိုးသမီးနှစ်ဦးကိုတွေ့လိုက်ရသည်။ သူတို့အားလုံးက ကုနင်းကိုကြည့်နေကြတာဖြစ်သည်။

ထန်ကျီယွီ၏မိခင်မှာ ငေးကြောင်သွားတော့သည်။

နင်းနင်းဆိုတာ ကုနင်းကိုပြောတာလား?

ဒါဆို လူငယ်လေးရဲ့နာမည်က ရှောင်းထင်ပေါ့?

သူတို့က အတွဲတွေလား?

မေးခွန်းပေါင်းများစွာ ခေါင်းထဲဖြတ်ပြေးသွားပြီးနောက်မှာတော့ ထန်ကျီယွီ၏မိခင်က ထိုစကားပြောနေသည့်အမျိုးသမီးနှစ်ယောက်နားသွားကာ ယဉ်ယဉ်ကျေးကျေးပင်မေးလိုက်သည်။ “မင်္ဂလာပါ၊ ရှင်တို့အခုပြောနေတာ ဟိုးနားက ကောင်မလေးနဲ့ကောင်လေးအကြောင်းလား? သူတို့နာမည်တွေကိုပြောပြလို့ရမလား? သူတို့အတူထိုင်နေတာ အရမ်းမျက်စိပသာဒဖြစ်လွန်းလို့ပါ။”

တကယ်တော့ ထိုအမျိုးသမီးနှစ်ယောက်သည် ကုချင်နှင့်ဝမ်ယွီလန်တို့ဖြစ်ကာ ကလေးသုံးယောက်ကတော့ ကုချင်းရှီ၊ ကုယင်ယင်နှင့် ကျန်းရှင်းရွှယ်တို့ပင်ဖြစ်လေသည်။

ကုချင်က ပြုံးလိုက်ကာ၊ “ကောင်မလေးက ကျွန်မတူမလေ။ လူငယ်လေးကတော့ သူ့ရဲ့ခင်ပွန်းလောင်း!”

ထန်ကျီယွီ၏မိခင်မှာ အမှန်တကယ်ကိုထိတ်လန့်သွားတော့သည်။ ဒါဆို လင်ရှောင်းထင်က စင်ဂယ်မဟုတ်ဘူးပဲ!

“ဟုတ်ပြီ၊ အားလုံးပဲ ဟိုတယ်ကိုသွားလိုက်ကြရအောင်!”

ထိုအချိန်မှာပဲ ထန်ယွင်ဟန်က အားလုံးကိုပြောလာတာကြောင့် လူတိုင်းထလာကြတော့သည်။

“ရှောင်းထင်၊ အမေ့ကိုသွားတွေ့ကြရအောင်။” ကုနင်းက လင်ရှောင်းထင်ကိုခေါ်ကာ အပေါ်ထပ်သို့တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ ကုချင်နှင့်ဝမ်ယွီလန်သည်လဲ ကုမန့်နှင့်တွေ့ဖို့ရန် အပေါ်ထပ်သို့လိုက်တက်လာကြသည်။

ထန်ကျီယွီ၏မိခင်မှာတော့ တစ်ခုခုထပ်မေးချင်သေးသော်လည်း အခွင့်အရေးမရတော့တာကြောင့် သူမသမီးကိုပြန်ရှာဖို့သာလုပ်တော့သည်။

***

အခန်း ၉၇၇ ကြိုးစားကြည့်မယ်

“အမေ၊ ဘယ်လိုလဲ? တစ်ခုခုသိခဲ့ရလား?” ထန်ကျီယွီသည် ဝင်ပေါက်နားမှာပင်ရှိနေတာကြောင့် သူမအမေထွက်လာသည်ကို မြင်သည်နှင့် အလျင်စလိုမေးမြန်းလိုက်သည်။

ထန်ကျီယွီ၏မိခင်က သူမကို ဘယ်သူမှမရှိသည့်ဘက်သို့ ဆွဲခေါ်သွားခဲ့သည်။ “အဲ့လူငယ်လေးနာမည်က ရှောင်းထင်လို့ကြားခဲ့တယ်။ နာမည်အပြည့်အစုံကိုတော့ မသိခဲ့ရဘူး။”

ထန်ကျီယွီ၏မိခင်သည် သေချာအတိအကျမသိခဲ့ရသော်လည်း ထန်ကျီယွီကတော့ ထိုမျှသိရရုံဖြင့်ကို ပျော်ရွှင်လို့နေသည်။

သူမအရမ်းပျော်နေသည်ကိုမြင်တော့ သူမမိခင်မှာ သူမကိုထိတ်လန့်သွားစေမည့် အမှန်တရားအား ပြောပြလိုက်ဖို့အတွက် စိတ်မကောင်းဖြစ်လာရသည်။ “အမ်…ကျီယွီ အဲ့လူငယ်က ကုနင်းရဲ့ချစ်သူလို့ပြောတယ်။ သူတို့ချင်းလက်ထပ်နိုင်ချေတောင်ရှိကြတဲ့ပုံပဲ။”

“ဘယ်လို?” ထန်ကျီယွီမှာ အမှန်ကိုထိတ်လန့်သွားခဲ့သည်။ အစောကတည်းက ထိုသို့ဖြစ်နိုင်ချေမျိုးသူမတွေးထားပြီးဖြစ်ပေမည့် တကယ်တမ်းအမှန်တရားဖြစ်နေချိန်တွင် လက်မခံနိုင်ခဲ့ပေ။

သို့သော်လည်း ထန်ကျီယွီ ဤမျှနှင့်တော့ လက်မလျှော့လိုပေ။ လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူဖြစ်နေလျှင်တောင်မှ သူမမှာကြိုးစားခွင့်ရှိနေသေးကာ သူမ၏ကြိုးစားမှုအောင်မြင်သွားဖို့လဲ မျှော်လင့်နေသည်။

“ဘာပဲဖြစ်ဖြစ်၊ သမီးကတော့ ကြိုးစားကြည့်ဦးမှာပဲ!” ထန်ကျီယွီ စိတ်ဆုံးဖြတ်ချလိုက်တော့သည်။

“တော်လိုက်တဲ့ကလေး၊ အမေပံ့ပိုးပေးနေမယ်!” ထန်ကျီယွီ၏မိခင်သည် ကုနင်းအကြောင်းသိပ်မသိထားတာကြောင့် သူမသမီးဘက်မှအားပေးအားမြှောက်ပြုပေးနေသည်။ သူမသာ ကုနင်း၏လုပ်ဆောင်ချက်များအကြောင်း ကြားဖူးထားပါက သူမသမီး ကုနင်းကိုသွားရှုပ်မည်အား ခွင့်ပြုပေးထားမည်မဟုတ်ပေ။

ထန်မိသားစု၏ဆွေမျိုးများ မိတ်ဆွေများအားလုံး ကိုယ်ပိုင်ကားများဖြင့် ထွက်ခွာနေကြပြီဖြစ်သော်လည်း ထန်ကျီယွီသည်တော့ လင်ရှောင်းထင်နှင့် နောက်တစ်ခေါက်လောက်ထပ်တွေ့နိုင်ဖို့ မျှော်လင့်ရင်း နဂိုနေရာမှာရပ်စောင့်နေခဲ့သည်။

သို့သော်လည်း လင်ရှောင်းထင်ထွက်မလာခင်မှာပဲ ထန်ကျီယွီ၏ဖခင်ထွက်လာကာ သူတို့ကိုပြောလာသည်။ “သွားကြရအောင်။”

ဖခင်ဖြစ်သူက သွားဖို့ပြောနေမှတော့ ထန်ကျီယွီလဲ ဆက်နေဖို့မဖြစ်နိုင်တော့သလို တခြားမိန်းကလေးတစ်ဦး၏ချစ်သူကောင်လေးအား လုယူဖို့ကြိုးစားနေသည့်အကြောင်းကိုလဲ သူမအဖေအားမပြောရဲခဲ့ပေ။

ထန်ကျီယွီကတော့ သူမအတွေးတွေများယွင်းနေသည်ဟု မထင်မိသော်လည်း သူမအဖေကတော့ ဒီလိုအတွေးမျိုးကို လက်သင့်ခံပေးနေမည့်သူမဟုတ်ပေ။

ဒါကြောင့် ထန်ကျီယွီလဲ သူမမိသားစုနှင့်အတူ ဟိုတယ်သို့ထွက်လာခဲ့ရတော့သည်။

…….

ထန်မိသားစုဝင်များသည်တော့ ဧည့်သည်များအားလုံးနီးပါးထွက်ခွာပြီးကြချိန်မှသာ စတင်ထွက်ခွာခဲ့ကြသည်။ ညစာစားပွဲသည် ညနေ၅:၂၀မှ တရားဝင်စတင်မည်ဖြစ်သည်။

အခုမှ ၄နာရီထိုးခါနီးသာရှိသေးသော်လည်း ထန်မိသားစုအိမ်တော်သည် မြို့ဆင်ခြေဖုံးအနီးတွင်တည်ရှိခြင်းဖြစ်တာကြောင့် ဟိုတယ်သို့ကားနှင့်သွားချိန် နာရီဝက်နီးပါးပေးရပေသည်။ ဒါကြောင့် သူတို့ဟိုတယ်သို့ရောက်ပြီး သိပ်မကြာခင်မှာပဲ ညစာစားပွဲစတင်ပေလိမ့်မည်။

ကုနင်းတို့သူငယ်ချင်းအဖွဲ့ကတော့ ဟိုတယ်သို့ ကိုယ့်ဘာသာထွက်ခွာကြသည်။

ကုနင်းတို့ထက်အရင် ဖန်းကျီရွေ့တို့အဖွဲ့သည် ဟွမ်းဒင်ဟိုတယ်သို့ကြိုရောက်လာခဲ့လေသည်။

သူတို့မှာဖိတ်စာမရှိသော်လည်း ကုနင်းက သူတို့အတွက် ထိုင်ခုံနေရာများစီစဉ်ပေးထားဖို့ရန် ချွမ်မင်ခိုင်ကိုပြောထားပြီးဖြစ်သည်။

သူတို့ခန်းမထဲဝင်လာချိန်မှာတော့ လူအများကြီးမရောက်ကြသေးတာကြောင့် သူတို့လဲ အတူတူစုထိုင်ရင်းစကားပြောနေလိုက်ကြသည်။

ပွဲခန်းမသည် အလွန်ကျယ်ဝန်းကာ ဤခန်းမသည် လူအများအနားယူဖို့ ယာယီမဏ္ဍပ်များနှင့် ပိုင်းခြားထားသည့်အကန့်ငယ်များပါရှိသည့် ဟွမ်းဒင်ဟိုတယ်၏အကြီးမားဆုံးခန်းမလဲဖြစ်သည်။

……

ယနေ့မင်္ဂလာညစာစားပွဲသည် ဘူဖေးပုံစံဖြစ်သည်။ ခမ်းနားကြီးကျယ်သည့်ပွဲမျိုးဖြစ်တာကြောင့် ပွဲသို့လာသည့်လူတိုင်း အနောက်တိုင်းဝတ်စုံအပြည့်အစုံနှင့် ပွဲတက်ဂါဝန်များဝတ်ဆင်ကြရသည်။

ဖန်းကျီရွေ့တို့အဖွဲ့သည်လဲ ရှားရှားပါးပါး ဝတ်စုံပြည့်ဝတ်ဆင်ထားကြသည်။

တကယ်တော့ ကျိုးကွမ်းယွေ့နှင့် ဟူဟောက်မှလွဲ၍ ကျန်လူငယ်လေးများသည် အတင်းအကျပ်ဝတ်ခိုင်းသည့်အချိန်မှလွဲ၍ ဤကဲ့သို့ဝတ်စုံပြည့်မျိုးဝတ်ဆင်ခဲကြသည်။ ဤကဲ့သို့ဝတ်စုံပြည့်မျိုးသည် နေရထိုင်ရအလွန်မသက်မသာရှိလှတာကြောင့် မဝတ်ချင်ကြခြင်းပင်။

သို့သော်လည်း ယနေ့မင်္ဂလာညစာစားပွဲတွင်တော့ သူတို့အားလုံးဝတ်စုံပြည့် ဝတ်ဆင်ခဲ့ကြရသည်။

ထိုသို့ဝတ်စုံပြည့်ဝတ်ဆင်လိုက်သည်နှင့် သူတို့၏နဂိုပုံစံနှင့်လုံးဝကွဲပြားလို့သွားကြသည်။ သူတို့သာ တိတ်ဆိတ်ငြိမ်သက်သာနေ,နေချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များနှယ်ထင်မှတ်ရပေမည့် နည်းနည်းလေးလှုပ်ရှားလိုက်သည်နှင့် သူတို့၏မူလပုံစံကို မကွယ်ဝှက်ထားနိုင်ကြတော့ပေ။

ဘာပဲဖြစ်ဖြစ် အရင်ထက်ပိုပြီးကြည့်ကောင်းနေကြတာတော့အမှန်ပင်။

ဖန်းကျီရွေ့နှင့်ဟူဟောက်တို့မိသားစုသည်သာ ထန်မိသားစု၏ဖိတ်ကြားချက်ကိုရရှိခဲ့ပြီး ကျန်လူများကတော့ ကုနင်းမှတိုက်ရိုက်ဖိတ်ကြားထားခြင်းဖြစ်သည်။

ဟူဟောက်၏မိသားစုသည် နိုင်ငံရေးလောကမှဖြစ်ကာ ထန်ယွင်ဟန်နှင့်တစ်ဖွဲ့တည်းပင်ဖြစ်သည်။

“ဒီမင်္ဂလာပွဲက ငါတက်ဖူးသမျှထဲမှာ အခမ်းနားဆုံးပဲ!”

ကွမ်ပင်း၏စကားကြောင့် ဖန်းကျီရွေ့ကတော့ မျက်လုံးသာလှန်မိတော့သည်။ “ဒါပေါ့၊ ထန်မိသားစုဆိုတာ Bမြို့ရဲ့အချမ်းသာဆုံးမိသားစုပဲကို!”

“သူတို့တွေ အရမ်းအာရုံမခံချင်ကြဘူးလို့ထင်မိတယ်၊ မဟုတ်ရင် ဒီထက်တောင်ပိုပြီး ခမ်းနားကြီးကျယ်နိုင်တယ်။” ကျိုးကွမ်းရွေ့ကလဲပြောလာခဲ့သည်။

ကျိုးကွမ်းရွေ့လိုအတွေးမျိုးက တက်ရောက်သူများအတွက် အမြင်ကောင်းများကျန်ရစ်စေသည်။

လူအတော်များများသည် ချမ်းသာသည့်လူများကို မုန်းတီးကြသည်။ လူချမ်းသာများ သူတို့၏ကြွယ်ဝမှုများကို ထုတ်ဖော်ကြွားဝါနေလျှင် ထိုလူများက သူတို့ကို အပြစ်တင်ကာ ဝိုင်းဝန်းတိုက်ခိုက်တတ်ကြသလို လူချမ်းသာများသာ သိုသိုသိပ်သိပ်နေပါက ချီးမွမ်းကြပေမည်။ ဒါက လူသားများ၏သဘာဝပင်။

အချိန်ကြာလာသည်နှင့်အမျှ ခန်းမထဲသို့ဧည့်သည်များတစ်ယောက်ပြီးတစ်ယောက် ပိုဝင်လာကြသည်။

“အဲ့ဒါ ကောင်းရုန်ခမ်းမလား? ကောင်းမိသားစုလဲ အဖိတ်ခံထားရတာလား?” ထိုအချိန်တွင်ပဲ အမျိုးသားသံတစ်သံပေါ်ထွက်လာသည်။

မဏ္ဍပ်ငယ်များကို မှန်သားများဖြင့် ကာရံလို့ထားကာ တံခါးကိုတော့ ခန်းဆီးကြိုးထုံးများတပ်ဆင်ထားတာကြောင့် တဖက်နှင့်တစ်ဖက်ဖောက်ထွင်းမြင်၍ရသည်။

ထိုအမျိုးသားသံကိုကြားလိုက်သည်နှင့် ဖန်းကျီရွေ့တို့အဖွဲ့သည် ထိုလူမည်သူဖြစ်ကြောင်း သိကြပြီးဖြစ်၍ စိတ်ရှုပ်သွားကြသည်။

ထိုလူသည် ကောင်းရုန်ခမ်း၏အစ်ကိုဝမ်းကွဲ တုယွီကျန်းဖြစ်သည်။ တုမိသားစုသည် ဖန်းမိသားစုနှင့်ပိုင်ဆိုင်မှုညီမျှသည့် Bမြို့မှ သာမာန်အဆင့်အလွန်ချမ်းသာသည့်မိသားစုမျိုးဖြစ်သည်။

တုယွီကျန်းသည် ကောင်းရုန်ခမ်း၏အစ်ကိုဝမ်းကွဲဖြစ်သော်လည်း တုမိသားစုနှင့်ကောင်းမိသားစုကြားတွင် ရှည်ကြာသည့်ရန်ငြှိုးများရှိကြတာကြောင့် အချင်းချင်းအသိအမှတ်မပြုကြပေ။

ဒါကတော့ ဇာတ်လမ်းဟောင်းတစ်ပုဒ်ပင်။ ကောင်းရုန်ခမ်း၏မိခင် ငယ်ရွယ်စဉ်က တုမိသားစုသည် တုမိသားစု၏အဆင့်အတန်းကိုမြှင့်တင်ဖို့ရန်အတွက် သူမကို သူတို့မိသားစုထက်ချမ်းသာသည့် မိသားစုတစ်ခုနှင့်လက်ဆက်ပေးချင်ခဲ့ကြသည်။

သို့သော်လည်း ကောင်းရုန်ခမ်း၏မိခင်သည် ကောင်းရုန်ခမ်း၏ဖခင်နှင့် နက်နက်ရှိုင်းရှိုင်းချစ်ကြိုက်သွားခဲ့ကာ မိသားစု၏စီစဉ်မှုကိုငြင်းဆန်ခဲ့သည်။

ထိုစဉ်တုန်းက ကောင်းရုန်ခမ်း၏ဖခင်သည် သာမာန်လူတစ်ယောက်သာဖြစ်တာကြောင့် တုမိသားစုသည် သူ့ကိုအထင်အမြင်သေးခဲ့ကြသည်။ ကောင်းရုန်ခမ်း၏ဖခင်ကို မခွဲနိုင်သည့် မိခင်ဖြစ်သူကလဲ သူ့အဖေနှင့်အတူထွက်သွားခဲ့ကာ နှစ်အတော်ကြာသည်အထိ Bမြို့သို့ပြန်မလာခဲ့ကြသည်။

နောက်ပိုင်း ကောင်းရုန်ခမ်း၏ဖခင်သည် အလုပ်ကြိုးစားခဲ့ကာ အခုဆို ယွမ်သန်းတစ်ရာကျော်ပိုင်ဆိုင်မှုရှိလို့နေပြီး ကောင်းရုန်ခမ်း၏မိခင်ကိုလဲ ပုံမှန်အတိုင်းချစ်ခင်မြတ်နိုးနေစဲပင်။

တကယ်တော့ ကောင်းရုန်ခမ်းအဖေ၏အရည်အချင်းနှင့်ဆိုလျှင် ဒီထက်ပိုပြီးအောင်မြင်မှုရနေနိုင်သော်လည်း တုမိသားစုသည် အမြဲတမ်းသူ့တက်လမ်းကို ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့သည်။

***

အခန်း ၉၇၈ ထန်ကျားယန်တို့ညီအစ်ကို

ကောင်းရုန်ခမ်းနှင့်ဖန်းကျီရွေ့တို့ သူငယ်ချင်းကောင်းများဖြစ်လာကြသည်က နှစ်အနည်းငယ်ရှိပြီဖြစ်ကာ တုမိသားစုသည်လဲ ဖန်းမိသားစု၏အရှိန်အဝါကြောင့် ကောင်းမိသားစု၏စီးပွားရေးကို ဆက်လက်နှောင့်ယှက်ခြင်းမပြုကြတော့ပေ။

လွန်ခဲ့သည့်နှစ်အနည်းငယ်ကနေစကာ ကောင်းမိသားစုစီးပွားရေးသည် ပိုမိုအကျိုးအမြတ်ရရှိလာပြီး အခုဆိုယွမ်သန်း၄၀၀ကျော်ပိုင်ဆိုင်နေပြီဖြစ်သည်။

ဒါကြောင့် ကောင်းမိသားစုသည် အရမ်းချမ်းသာသွားခဲ့ပြီဖြစ်သော်လည်း တုမိသားစုကိုတော့ မယှဉ်နိုင်သေးပေ။

တုမိသားစုစီးပွားရေးသည် မျိုးရိုးစဉ်ဆက်တိုးတက်လာခြင်းဖြစ်ကာ ကောင်းမိသားစုစီးပွားရေးသည်တော့ ကောင်းရုန်ခမ်း၏ဖခင်တစ်ဦးတည်း တည်ထောင်ထားခြင်းဖြစ်သည်။

ဒါကြောင့်ပဲ ကောင်းရုန်ခမ်းကိုမြင်လိုက်သည်နှင့် တုယွီကျန်းသည် လှောင်ပြောင်ဖို့စိတ်အားထက်သန်နေတော့သည်။

သက်တူရွယ်တူလူငယ်သုံးယောက်သည် အပြင်ဘက်တွင်ရပ်နေကြကာ ဦးဆောင်လာသူကတော့ တုယွီကျန်းပင်။

“ငါဆိုတော့ကော၊ ဘာဖြစ်လဲ?” ကောင်းရုန်ခမ်းပြန်မေးလိုက်သည်။

“မင်းဒီကို သခင်လေးဖန်းနဲ့အတူလာတာမဟုတ်လား? သခင်လေးဖန်း မင်းဒီလိုမဖိတ်ကြားထားတဲ့ဧည့်သည်တွေအများကြီးခေါ်လာလို့ ထန်မိသားစုမကျေမနပ်ဖြစ်သွားမှာ မကြောက်ဘူးလား?” တုယွီကျန်းက ဖန်းကျီရွေ့ဘက်ကို ပြောင်းကြည့်လိုက်သည်။

တုယွီကျန်းသည် ကောင်းရုန်ခမ်းကို နှစ်ပေါင်းများစွာဆန့်ကျင်တိုက်ခိုက်ခဲ့တာကြောင့် ကောင်းရုန်ခမ်း၏ အဆက်အသွယ်များအပါအဝင် အားလုံးကို သေချာသိထားသည်။ ဒါကြောင့်ပဲ ထိုအဖွဲ့ထဲတွင် ဖန်းကျီရွေ့နှင့်ဟူဟောက်၏မိသားစုတို့မှလွဲ၍ ကျန်လူများကို ဖိတ်ကြားထားခြင်းမရှိကြောင်းကိုလဲ သူသိလို့နေသည်။

“သူတို့က ငါနဲ့လိုက်လာတာမဟုတ်ဘူး။ ငါ့ကိုဆွဲမထည့်နဲ့။” ဖန်းကျီရွေ့ကပြောလိုက်ကာ ဟူဟောက်ကလဲ ထောက်ခံသည်။ နှစ်ယောက်လုံးက သူတို့ရန်ပွဲတွင် မပါဝင်လိုကြသည့်ပုံပင်။

“မင်းတို့ပြောတိုင်းယုံမယ်များထင်နေလား?” တုယွီကျန်း ခဏတာကြောင်သွားပြီးနောက် နှာခေါင်းရှုံကာရယ်လိုက်သည်။

“မင်းဘာမင်း ယုံချင်ယုံ၊ မယုံချင်နေပေါ့!”

ဖန်းကျီရွေ့ သူ့ကိုကြောက်နေမှာမဟုတ်မှန်း တုယွီကျန်းသိတာကြောင့် ကောင်းရုန်ခမ်းဘက်ကိုသာ ပြန်လှည့်သွားတော့သည်။

“ကောင်းရုန်ခမ်း၊ မင်းကိုဖိတ်ထားတာ မဟုတ်ရင် မြန်မြန်ထွက်သွားသင့်တယ်နော်။ မဟုတ်လို့ (ဖိတ်ထားတာမဟုတ်မှန်း)ဖော်ထုတ်ခံလိုက်ရမှ မင်းမိသားစုပါ အရှက်ကွဲနေလိမ့်မယ်။” တုကျီကျန်းသည် ကောင်းရုန်ခမ်းကိုဆက်မရှိနေစေလိုတော့ပေ။

“သတိပေးလို့ကျေးဇူးပဲ၊ ဒါပေမယ့် ငါထွက်သွားမှာမဟုတ်ဘူး။”

ကောင်းရုန်ခမ်း၏တုံ့ပြန်မှုကြောင့် တုယွီကျန်းဒေါသထွက်သွားတော့သည်။

တကယ်တော့ ကောင်းရုန်ခမ်းသည် သူ့ထက်ပိုထက်မြက်တာကြောင့် ကောင်းရုန်ခမ်းကိုလှောင်ပြောင်ဖို့လုပ်တိုင်း သူမအောင်မြင်ခဲ့ပေ။ ဒါ့အပြင် ကောင်းရုန်ခမ်းသည် သူ့ကိုအရေးပင်မစိုက်တာကြောင့် သူတစ်ခုခုပြောလိုက်ရုံဖြင့် ကောင်းရုန်ခမ်း၏စိတ်အခြေအနေအပေါ် သက်ရောက်မှုလဲမရှိပေ။

“အဲ့လိုဆိုလဲ ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့!” တုယွီကျန်းသည် ကောင်းရုန်ခမ်းနှင့်ဆက်ပြီး အချေအတင်မပြောတော့ပေမည့် ကောင်းရုန်ခမ်းအကြောင်း ဖော်ထုတ်ပစ်ဖို့တော့ တွေးထားသည်။

တုယွီကျန်းသည် တကယ်တော့ အနည်းငယ်တုံးအလှပေသည်။ ကောင်းရုန်ခမ်း ဒီလိုမျိုးခမ်းမထဲကို ဝင်တိုင်တယ်ဆိုမှတော့ ထန်မိသားစု၏ခွင့်ပြုချက်ရှိနေလို့ပေါ့။ ထန်မိသားစု၏ခွင့်ပြုချက် ဒါမှမဟုတ် ဖိတ်စာသာရှိမနေလျှင် ဘယ်သူ့ကိုမှ ဤနေရာသို့ဝင်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။

“တုယွီကျန်း ငတုံးလုပ်ရပ်တွေလုပ်တော့မှာလားပဲ?” ကျိုးကွမ်းယွေ့ပြောလိုက်သည်။

တုယွီကျန်း၏စကားကိုကြားသည်နှင့် သူတစ်ခုခုသွားလုပ်တော့မည်မှန်း အားလုံးခံစားမိကြသည်။

သူတို့အမြင်မှာတော့ တုယွီကျန်းသည် အမြဲတမ်းငတုံးလုပ်ရပ်မျိုးတွေသာ လုပ်တတ်သူတစ်ယောက်ပင်။

“သူလုပ်ချင်တာလုပ်ပါစေ။ နောက်ဆုံး ပုံမှန်လို သူ့အရှက်ပဲသူပြန်ခွဲမိမှာ။”

သူတို့အားလုံး ကုနင်း၏ဖိတ်ကြားချက်ကြောင့် ရောက်နေကြခြင်းဖြစ်၍ ဘယ်သူကမှ သူတို့ကိုနှင်ထုတ်ရဲမည်မဟုတ်ပေ။

………

၄နာရီခွဲမှာတော့ ကုနင်းတို့အဖွဲ့ဟိုတယ်သို့ရောက်ရှိခဲ့ကြသည်။ ထိုအချိန်တွင် ခန်းမထဲ၌ လူတော်တော်များများရောက်ရှိနေကြပြီဖြစ်သော်လည်း အဆင့်အတန်းမြင့်လွန်းသူများကတော့ မရောက်ရှိသေးကြပေ။ ထိုသို့အဆင့်အတန်းအမြင့်ဆုံးမှလူများသည် ပွဲမစခင် နောက်ဆုံးအချိန်လေးမှပေါ်လာတတ်ကြသည်က ပုံမှန်သာဖြစ်သည်။

စောစောလာကြသူများကတော့ သူတို့အနားမှ ပိုလွှမ်းမိုးနိုင်စွမ်းရှိသူများထံ ချဉ်းကပ်ဖို့ရန်သာဖြစ်သည်။

ကုမန့်တို့အဖွဲ့သည်တော့ ဟိုတယ်သို့ရောက်သည်နှင့် နားနေခန်းသို့ဝင်သွားကြကာ ညစာစားပွဲစချိန်မှသာ ပြန်လာကြမည်ဖြစ်သည်။ ကုနင်းတို့သူငယ်ချင်းအဖွဲ့သည်တော့ ပွဲတက်ဝတ်စုံများလဲလှယ်ဖို့ သူတို့အခန်းများဆီပြန်သွားကြသည်။

ကောင်းယိနှင့်ချောင်ယသည်တော့ သက်တော်စောင့်များဖြစ်တာကြောင့် အနောက်တိုင်းဝတ်စုံပြည့်ကိုဝတ်ဆင်ကြသည်။

ကုနင်းက သူငယ်ချင်းများအတွက် Charmမှဂါဝန်များကို ယုကျီအားကြိုတင်ပြင်ဆင်ခိုင်းထားပြီးဖြစ်သည်။

ယနေ့အတွက် လင်ရှောင်းထင်၏ဝတ်စုံသည် အနက်ရောင်ခေတ်နောက်ပြန်ပုံစံမျိုးဖြစ်သည်။ ကုနင်းကတော့ အရင်တစ်ခေါက်ဝတ်ခဲ့သည့် အဖြူနှင့်အပြာစပ်ထားသည့်ဂါဝန်မျိုးနှင့်အနည်းငယ်ဆင်တူသည့်ပုံစံသာဖြစ်ပြီး ဤတစ်ခေါက်ကတော့ ဂါဝန်တစ်ထည်လုံးအဖြူရောင်ဖြစ်ကာ လက်မှာအထပ်လေးများပါဝင်သည်။

သူမဂါဝန်၏အစွန်းနားတွင် ရွှေချည်ဖြင့် ဖီးနစ်များပျံသန်းနေဟန်ထိုးထားပြီး ပိုလို့တောင် တင့်တယ်လှပသွားစေသည်။

သူတို့နှစ်ဦးအတူယှဉ်တွဲရပ်လိုက်ချိန်မှာတော့ အလွန်လိုက်ဖက်ညီကာ ဆွဲဆောင်နိုင်လွန်းသည့်စုံတွဲမှန်းသိသာသွားတော့သည်။

ကုနင်းသည် Charmကို ကြော်ငြာသည့်အနေနှင့် သူမ၏မိန်းကလေးသူငယ်ချင်းအားလုံးကိုလဲ Charmမှဂါဝန်များသာဝတ်ဆင်စေသည်။

ထို့နောက်မှာတော့ သူတို့တစ်ဖွဲ့လုံး ခန်းမရှိရာအောက်ထပ်သို့ဆင်းလာခဲ့ကြသည်။

ထိုအချိန်တွင် ဧည့်သည်အများစုကရောက်ရှိလို့နေပြီဖြစ်ကာ ခန်းမထဲတွင် အဖွဲ့ငယ်များအဖြစ်စုဝေးစကားပြောနေကြသည်။

ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့သည် ကုနင်းထက်စောက ခန်းမထဲသို့ရောက်ရှိနေကြသည်။ ချောမောခန့်ညားသည့်လူငယ်လေးနှစ်ဦးပေါ်လာသည်နှင့် မိန်းကလေးများစွာမှာ မှင်သက်ငေးမောသွားကြသလို ထိုနှစ်ဦး၏အာရုံစိုက်ခံရဖို့လဲ ကြိုးစားလာကြသည်။

ယနေ့ပွဲသို့လာရောက်သည့်မိန်းကလေးအားလုံးသည် ချမ်းသာကာ အာဏာရှိသည့်မိသားစုများမှပင်ဖြစ်သော်လည်း ထန်မိသားစုနှင့်တော့ ဘယ်လိုမှယှဉ်နိုင်သေးသည်မဟုတ်တာကြောင့် ထန်မိသားစုဝင်တစ်ယောက်ဖြစ်လာနိုင်ဖို့ မျှော်လင့်နေကြသည်။

ထန်ကျားယန်တို့ညီအစ်ကိုနှစ်ဦး၏ချောမောခန့်ညားသည့်သွင်ပြင်ကြောင့် ထိုမိန်းကလေးများ၏မိဘများသည်လဲ သူတို့သမီးများကို ထန်ကျားယန်တို့ညီအစ်ကို၏ချစ်သူကောင်မလေးဖြစ်လာစေဖို့ အားပေးအားမြှောက်ပြုကြသည်။

သို့သော် ထန်ကျားယန်ရော ထန်ကျားခိုင်ပါ ထိုမိန်းကလေးများအပေါ် အာရုံမထားပေ။

ထန်ကျားယန်သည် သူအရမ်းချစ်ရသည့်ချစ်သူကောင်မလေးရှိထားပြီးပြီဖြစ်ကာ ထန်ကျားခိုင်သည်တော့ အခုထိ ချစ်သူရည်းစားထားဖို့စိတ်မကူးသေးပေ။

သူတို့နှစ်ဦး၏ဂရုမထားပုံများကိုမြင်ပြီး မိန်းကလေးများမှာ လွန်စွာစိတ်ပျက်အားလျော့သွားကြတော့သည်။

***

အခန်း ၉၇၉ ကျန်းယွီထုန်နှင့် ကျန်းကျားမင်

မိန်းကလေးတွေဘယ်လောက်ပဲဆွဲဆောင်နေကြပါစေ သူတို့အပေါ် အထင်အမြင်ဆိုးသွားမည်စိုး၍ ကဲကဲသဲသဲမပြုမူကြပေ။

“ဟိုင်း၊ ကျားယန်!”

ထိုအချိန်မှာပဲ အသက်၂၀ ဝန်းကျင်ရှိသည့် ပန်းနုရောင်ဂါဝန်ကားကားလေးကိုဝတ်ဆင်ထားသော လှပသည့်မိန်းကလေးတစ်ဦးက ထန်ကျားယန်ဆီသို့လျှောက်လာကာ ထန်ကျားခိုင်ကိုတော့ လုံးဝလျစ်လျူရှုထားလေသည်။

ထန်ကျားခိုင်ကလဲ ထိုအတွက်စိတ်ထဲထားမနေပေ။

သို့ပေမည့် ထန်ကျားယန်သည်တော့ စိတ်ညစ်သွားပုံရကာ ထိုမိန်းကလေးကို မနှစ်သက်ကြောင်း သိသာလှသည်။

သို့သော်လည်း မိန်းကလေးကို ယဉ်ကျေးစွာပြန်နှုတ်ဆက်ခဲ့သေးသည်။ “ဟိုင်း၊ ယွီထုန်။”

ကျန်းယွီထုန်သည် ကျန်းလီဟွာ၏အစ်ကိုဖြစ်သူ၏သမီးဖြစ်ကာ ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့၏ ဝမ်းကွဲညီမလဲဖြစ်သည်။ သို့သော်လည်း ထန်ကျားယန်ရော ထန်ကျားခိုင်ပါ သူမကိုသဘောမကျဘဲ ထန်ကျားယန်ကတော့ ပိုတောင်ဆိုးသည်။

ကျန်းယွီထုန်သည် ထန်ကျားယန်ကို သဘောကျနေကာ သူ့ချစ်သူပင်ဖြစ်ချင်နေသော်လည်း ထန်ကျားယန်ကတော့ သူမ၏သဘောထားကို သဘောမကျပေ။ ဒါ့အပြင် သူတို့သည် ဝမ်းကွဲမောင်နှမများဖြစ်ကာ ချစ်သူများဖြစ်လာဖို့ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။

သူတို့မိသားစုတွေကလဲ ထိုသို့အဖြစ်မျိုး ဖြစ်ခွင့်ပြုကြမည်မဟုတ်ပေ။

“ကျားယန်၊ မတွေ့ရတာဘယ်လောက်တောင်ကြာပြီလဲ!” ကျန်းယွီထုန်က သုံးနှစ်သမီးလေးလို ပြောဆိုပြုမူနေသည်။

“အမ်.. ယွီထုန်၊ ငါတို့လုပ်စရာတွေရှိသေးလို့ သွားရဦးမယ်။ မင်းဘာသာအေးဆေးနေခဲ့နော်!” ထန်ကျားယန်ကပြောပြီးသည်နှင့် ချက်ချင်းထွက်သွားဖို့လုပ်တော့သည်။

“နင်တို့ဘယ်သွားမလို့လဲ? ငါပါလိုက်မယ်လေ!” ကျန်းယွီထုန်ကလဲ ထန်ကျားယန်ကို မလွှတ်ပေးပေ။ သူနှင့်မတွေ့ရတာအတော်ကြာနေပြီဖြစ်တာကြောင့် အရမ်းလွမ်းနေခဲ့ရသည်မဟုတ်လား။

“ငါတို့နဲ့အတူပတ်လိုက်နေဖို့က မသင့်တော်ဘူး။ မင်းကမိန်းကလေး၊ ငါတို့ကယောက်ျားလေးတွေ။”

ထန်ကျားယန်သည် ရင့်ကျက်တည်ငြိမ်သည့်လူငယ်တစ်ယောက်ဖြစ်တာကြောင့် အမှန်အတိုင်းပြောဖို့အထိစိတ်မမာသော်လည်း ထန်ကျားခိုင်ကတော့ သူ့အစ်ကိုနှင့်မတူစွာ တည့်ပြောတတ်သူဖြစ်သည်။ ဒါကြောင့် ထန်ကျားခိုင်ကပဲ ကျန်းယွီထုန်ကို ဝင်တားလိုက်သည်။

ကျန်းယွီထုန်မှာ ထန်ကျားခိုင်က သူမကိုအပြစ်တင်သလိုပြောလာတာကြောင့် ထန်ကျားယန်ကိုငေးကြည့်ရင်း ငိုတော့မလိုဖြစ်နေကာ ထန်ကျားယန်သူမဘက်မှကူပြောပေးဖို့လဲ မျှော်လင့်နေသည်။

သို့သော် သူမမျှော်လင့်ချက်အတိုင်းဖြစ်မလာခဲ့ပေ။ “ကျားခိုင်ပြောတာမှန်တယ်။ မင်းကမိန်းကလေးလေ၊ ငါတို့နောက်တစ်ချိန်လုံးပတ်လိုက်နေဖို့မသင့်ဘူး။ ငါတို့လဲ ငါတို့ဧည့်သည်တွေနဲ့စကားသွားပြောရဦးမယ်။” ထန်ကျားယန်ပြောလိုက်သည်။

ကျန်းယွီထုန်သည် နှုတ်ခမ်းကိုကိုက်ထားကာ ဒေါသထွက်နေပုံရပေမည့် လှည့်မထွက်သွားသလို လှုပ်လဲမလှုပ်ခဲ့ပေ။

ဒါကြောင့် ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့ကပဲ သူမကိုလျစ်လျူရှုကာ ချက်ချင်းထွက်သွားခဲ့ကြသည်။

ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့ထွက်သွားသည်နှင့် သူမအနားသို့နောက်ထပ် အသက်နှစ်ဆယ်ကျော်မိန်းမလှလေးတစ်ယောက် ရောက်လာခဲ့သည်။ “အိုး၊ ငါ့ရဲ့ချစ်စရာညီမဝမ်းကွဲလေးဘာဖြစ်နေတာလဲ? နင့်ကြည့်ရတာ အရမ်းသနားဖို့ကောင်းတာပဲ!”

ကျန်းယွီထုန်ကို ထေ့ငေါ့နေသည့်မိန်းကလေးသည်လဲ ထန်ကျားယန်၏ဝမ်းကွဲဖြစ်ကာ သူမကတော့ ထန်ကျားယန်ထက်ပိုကြီးသည်။

ကျန်းမိသားစုတွင် သားသမီးသုံးယောက်ရှိသည်။ အကြီးဆုံးသားသည် ကျန်းကျားမင်၏ဖခင်ဖြစ်ကာ ဒုတိယသားသည်တော့ ကျန်းယွီထုန်၏ဖခင်ဖြစ်ပြီး ကျန်းလီဟွာသည်တော့ အငယ်ဆုံးသမီးပင်။

ကျန်းကျားမင်သည် ကျန်းယွီထုန်၏မူလစရိုက်နှင့်တခြားစီဖြစ်သော ကြင်နာတတ်ကာ အားနည်းနူးညံ့သလို ဟန်ဆောင်မှုမျိုးကို သဘောမကျခဲ့ပေ။ သူတို့ကလေးဘဝကတည်းက ကျန်းယွီထုန်သည် သူမအမှားများအတွက် တခါတလေ ကျန်းကျားမင်အပေါ် အပြစ်လွှဲချတတ်သည်။

ကျန်းကျားမင်ကလဲ တခါတရံပြန်လည်တုံ့ပြန်တတ်တာကြောင့် ထိုအချိန်မှစကာ သူတို့ချင်းမတည့်ကြခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့စကားများတိုင်း ကျန်းယွီထုန်ကသာ ရှုံးမြဲဖြစ်တာကြောင့် တဖြည်းဖြည်း ကျန်းကျားမင်နှင့်ဝေးဝေးနေတတ်ဖို့ သင်ယူနိုင်ခဲ့သည်။ သို့သော်လည်း ကျန်းကျားမင်အပေါ် နိုင်ကွက်ရသည်နှင့် ချက်ချင်းမဆိုင်းအခွင့်အရေးယူတိုက်ခိုက်တတ်စဲပင်။

ဒါကြောင့်ပဲ ကျန်းကျန်းမင်ကလဲ ကျန်းယွီထုန်ကို မုန်းတီးကာ အထူးသဖြင့် ကျန်းယွီထုန်က ထန်ကျားယန်ကိုသဘောကျနေကြောင်း သိလိုက်ရချိန်တွင် ပိုလို့တောင်မုန်းမိသည်။ ကျန်းယွီထုန်က သူမတို့ဝမ်းကွဲအပေါ် သဘောကျနေခြင်းသည် သူမအတွက်တော့ မနှစ်မြို့ဖွယ်ကောင်းလှသည်။

“နင့်ကိစ္စမဟုတ်ဘူး!” ကျန်းယွီထုန်က ဆက်ဟန်ဆောင်မနေတော့ဘဲ ချက်ချင်းဒေါသကိုပေါက်ကွဲတော့သည်။

“စိတ်မကောင်းလိုက်တာ၊ ငါက နင့်ရဲ့ဝမ်းကွဲအစ်မတစ်ယောက်အနေနဲ့ ဂရုစိုက်ပေးတာလေ။ ဘာလို့အလကားနေ ငါ့အပေါ်ဒေါသပုံချနေရတာလဲ? ငါဘာမှားလို့လဲ?” ကျန်းကျားမင်ပုံစံက ဝမ်းနည်းသလိုဖြစ်နေသော်လည်း တကယ်တမ်း ကျန်းယွီထုန်၏ရှုံးနိမ့်မှုအပေါ် ဝမ်းသာနေခြင်းဖြစ်သည်။

“အပျက်မ၊ ငါနဲ့ဝေးဝေးနေစမ်း!” ကျန်းယွီထုန်ဒေါသထွက်ကာ ကြမ်းကြမ်းတမ်းတမ်းပြောလိုက်မိတော့သည်။

သူမအသံကသိပ်မကျယ်လှသလို ခန်းမထဲတွင် သံစဉ်တစ်ချို့လဲဖွင့်ထားတာကြောင့် လူအများကြီးမကြားခဲ့ပေ။ သူတို့အနားမှ လူတချို့သာကြားသွားကာ ကျန်းယွီထုန်၏ကြမ်းတမ်းသည့်နှုတ်ထွက်စကားကြောင့် မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လာကြသည်။

ဒီလိုမျိုးလူကြားထဲ ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုခြင်းက အရမ်းကိုရိုင်းစိုင်းလှသည်။

သူမကိုလူတွေကြည့်လာကြသည်နှင့် ကျန်းယွီထုန် ပိုလို့တောင်ဒေါသထွက်လာတော့သည်။ လူအများ၏သနားစာနာမှုကိုရရှိအောင် ကျန်းကျားမင်ကို အပြစ်လွှဲချကာ သူမကတော့ အပြစ်ကင်းစင်သူလေးအဖြစ်ဟန်ဆောင်ဖို့ စဉ်းစားလိုက်တော့သည်။

သို့သော်လည်း သူတို့တစ်ယောက်နှင့်တစ်ယောက် အချင်းများကြသည်က နှစ်ပေါင်းများစွာကြာညောင်းနေပြီဖြစ်တာကြောင့် ကျန်းကျားမင်ကလဲ ကျန်းယွီထုန်၏လှည့်ကွက်များအကြောင်း ကောင်းကောင်းသိလို့နေပေပြီ။ ဒါကြောင့် ကျန်းယွီထုန်ဘာမှမပြောနိုင်ခင်မှာပဲ ကျန်းကျားမင်က စပြောလိုက်သည်။ “ဟုတ်ပါပြီ။ နင်မကြားချင်လဲ ဆက်မပြောတော့ပါဘူး။ ဒါပေမယ့် တစ်နေကုန် ကောင်လေးတွေနောက်ပတ်လိုက်နေမှာမျိုးကိုတော့ ခွင့်မပြုထားနိုင်ဘူး။ သူတို့က ဝမ်းကွဲတွေဆိုရင်တောင် ယောက်ျားလေးတွေပဲ။ နင်သူတို့နားတစ်ချိန်လုံးလိုက်ကပ်နေဖို့ မသင့်တော်ဘူး။ တခြားလူတွေ နင်တို့ဆက်ဆံရေးကိုအထင်လွဲသွားကြရင်ဘယ်လိုလုပ်မလဲ?”

ထိုစကားကြောင့် တခြားလူများသည် ကျန်းယွီထုန်ကို အထင်သေးစွာကြည့်လာကြသည်။ ကျန်းယွီထုန်က သူမ၏ဝမ်းကွဲအစ်မက ကောင်လေးတွေနောက်ကို ပတ်မလိုက်ဖို့ပြောတာကြောင့် ဒေါသထွက်နေခြင်းဟု ထင်သွားကြသည်။

“နင်…” ကျန်းယွီထုန် အလွန်ဒေါသထွက်နေတော့သည်။

“ထားပါ၊ ငါလဲ ငါ့သူငယ်ချင်းတွေကိုသွားတွေ့ရတော့မယ်။ နင်လဲ မိန်းကလေးသူငယ်ချင်းတစ်ယောက်လောက်အတူရှာပြီးနေလေ မဟုတ်လဲ မိဘတွေအနားပြန်သွားနေတော့။” ကျန်းကျားမင်ပြောပြီးသည်နှင့် ကျန်းယွီထုန်ကိုစကားပြောခွင့်ပင်မပေးဘဲ လှည့်ထွက်သွားတော့သည်။

ကျန်းယွီထုန်သည်တော့ ကျန်းကျားမင်၏နောက်ကျောကိုဆိုက်ကြည့်ကာ တစ်စစီဆွဲဖြဲချင်နေတော့သည်။

ထိုအချိန်တွင်ပဲ ကျန်းယွီထုန်၏အမေကရောက်လာကာ သူမကိုခေါ်လိုက်သည်။ “ယွီထုန်!”

ကျန်းယွီထုန် သူမအမေကိုမြင်သည်နှင့် စိတ်ပြန်ထိန်းလိုက်ရသည်။ သူမသည် အဖေကိုမကြောက်သော်လည်း အမေကိုတော့ကြောက်ကာ ယခုလို စိတ်ဆိုးနေပုံပေါ်နေချိန်မျိုးတွင် ပိုတောင်ကြောက်သေးသည်။

***

အခန်း ၉၈၀ ထန်ကျားယန်နဲ့ဝေးဝေးနေ

ကျန်းယွီထုန်၏မိခင်သည် အနည်းငယ်ဆရာကြီးလုပ်တတ်ကာ သူမအဖေပင်လျှင် သူမအမေကိုကြောက်ရသည်။

“အမေ၊” ကျန်းယွီထုန် ချက်ချင်းဆိုသလို လေးစားမှုအပြည့်ဖြင့် ခေါ်ဆိုလိုက်သည်။

သူမအမေကတော့ ဘယ်သူမှမရှိသည့်ဘေးဘက်သို့ သူမကိုဆွဲခေါ်သွားလေသည်။ “နင်ဘာတွေလုပ်နေတာလဲ? ကျန်းကျားမင်နဲ့ထပ်ပြီး စကားမများတော့ဖို့ ငါမပြောထားဘူးလား?”

ကျန်းယွီထုန်သည် ကျန်းကျားမင်၏ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သူမအမေက သိထားတာကြောင့် ကျန်းယွီထုန်ကိုသာ ကျန်းကျားမင်နှင့်ထပ်ပြီးပြဿနာမတက်ရန် ပြောထားသည်။ မဟုတ်လျှင် ကျန်းယွီထုန်သာ အရှက်ရပေလိမ့်မည်။

“သူအရင် သမီးကိုလှောင်နေတာလေ။”

“နင်သာ မသင့်တော်တာတစ်ခုခုမဟုတ်ထားရင် သူလှောင်နိုင်ပါ့မလား!” ကျန်းယွီထုန်၏အမေက ဖြတ်ပြောလိုက်သည်။ သူမပြောပုံအရ ကျန်းကျားမင်ကိုကာကွယ်ပေးနေပုံပေါ်သော်လည်း တကယ်တမ်း သူမသမီးအကြောင်း သေချာသိနေတာကြောင့်သာဖြစ်သည်။

ကျန်းယွီထုန်မှာ လန့်သွားကာဘာမှမပြောနိုင်တော့ပေ။

“နင့်ကိုထန်ကျားယန်နဲ့ဝေးဝေးနေဖို့ပြောနေတာ အကြိမ်ပေါင်းလဲမနည်းတော့ဘူး။ ဘာလို့ငါ့စကားတစ်ခါလေးတောင် နားမထောင်ရတာလဲ? နင်တို့ကဝမ်းကွဲမောင်နှမတွေလေ။ သူ့ကိုလက်ထပ်လို့မရဘူး။ ဒီလိုပွဲမျိုးကိုအခွင့်ကောင်းယူပြီး တခြားအမွေဆက်ခံသူတွေကိုဆွဲဆောင်ပါတော့လား?”

“ကျန်းကျားမင်ကိုပဲကြည့်။ အခုဆို သခင်လေးလုရဲ့ချစ်သူဖြစ်နေပြီ။ ပြီးတော့ ချောင်ဝမ်ရှင်းဆိုလျှင် ဒုဗိုလ်မှူးချစ်သူရထားပြီလို့ ငါအခုပဲကြားခဲ့တယ်။ ချောင်ဝမ်ရှင်းရဲ့ကောင်လေးက အရမ်းမချမ်းသာဘူးဆိုပေမယ့် သူ့လက်ထဲမှာအာဏာတော့ရှိသေးတုန်းပဲ! သူက အခုမှ၂၆နှစ်ပဲရှိသေးတာဆိုတော့ သူ့အနာဂါတ်က လုံးဝတောက်ပနေတာ။”

ကျန်းမိသားစုသည်လဲ အလွန်ချမ်းသာသည့်မိသားစုပင်ဖြစ်ပေမည့် အလွန်ချမ်းသာသည့်မိသားစုများထိပ်တန်းစာရင်းမှာတော့မဝင်ပေ။

အတိတ်တုန်းကတော့ ကျန်းမိသားစုသည် ထန်မိသားစုထက် သိပ်မနိ့ပေ။ ကျန်းလီဟွာနှင့်ထန်ယွင်ဟန်တို့၏မင်္ဂလာပွဲသည်လဲ အဆင့်အတန်းညီမျှသည့်မိသားစုနှစ်စုကြားမှ မင်္ဂလာပွဲမျိုးဖြစ်ခဲ့ပေမည့် အခုတော့ လုံးဝကွာခြားသွားခဲ့ပေပြီ။ ထန်မိသားစုသည် ယွမ်ဘီလီယံရာပေါင်းများစွာနှင့် Bမြို့၏အချမ်းသာဆုံးဖြစ်လို့သွားပေပြီ။

ဆန့်ကျင်ဘက်အနေနှင့် ကျန်းမိသားစုသည်တော့ ထန်မိသားစုနှင့်ရင်းနှီးမှုရှိနေတာတောင်မှ သိပ်ပြီးမတိုးတက်လာခဲ့ပေ။

ကျန်းလီဟွာ၏အစ်ကိုနှစ်ယောက်လုံးသည် စီးပွားရေးဘက်တွင် ပါရမီမပါလှတာကြောင့် ကျန်းမိသားစုသည် အောင်မြင်မှုများစွာမရရှိခဲ့ပေ။

ကျန်းယွီထုန်၏မိခင်သည် သူမမိသားစုကို တခြားသောမိသားစုများနှင့်နှိုင်းယှဉ်ရသည်အား နှစ်သက်သူဖြစ်သည်။ ချောင်ဝမ်ရှင်းနှင့်အဆက်အသွယ်သိပ်မရှိလှတာတောင်မှ သူမသမီးကို ချောင်ဝမ်ရှင်းနှင့်နှိုင်းယှဉ်နေတုန်းပင်။

ဒါ့အပြင် ကျန်းယွီထုန်၏မိခင်သည် ဘဝင်မြင့်ကာ သူမသမီးကို သူမတို့မိသားစုထက် ချမ်းသာသည့်မိသားစုနှင့်သာလက်ထပ်ခွင့်ပေးမှာဖြစ်သည်။

“ဘာ? ဒုဗိုလ်မှူးတောင်လား?”

ကျန်းကျားမင်၏ချစ်သူအကြောင်းကိုတော့ သူမကြားထားပြီးဖြစ်ပေမည့် ချောင်ဝမ်ရှင်း၏ချစ်သူကောင်လေး၏ရာထူးကြောင့်တော့ သူမအံ့ဩမိသွားသည်။

သို့သော်လည်း သူတို့ဘယ်လိုချစ်သူတွေပဲရ,ရ သူမနှင့်မဆိုင်တာကြောင့် မနာလိုမဖြစ်မိပေ။ သူမထန်ကျားယန်ကိုချစ်တာက နောက်ခံမိသားစုနှင့်ဘာမှမဆိုင်ပဲ ထန်ကျားယန်တစ်ဦးတည်းနှင့်သာသက်ဆိုင်သည်။

ကျန်းကျားမင်တွင် နောက်ခံကောင်းသည့်ချစ်သူကောင်လေးရှိသော်လည်း သူမ,မနာလိုမဖြစ်မိပေ။

“ဟုတ်တယ်၊ အဲ့ကောင်လေးက အရမ်းလဲချောသေးတယ်!” ကျန်းယွီထုန်၏မိခင်ကတော့ အတော်လေးမနာလိုဖြစ်နေသည့်အသံပင်။ သူမသမီးလဲ ချောင်ဝမ်ရှင်း၏ချစ်သူလိုမျိုး ကောင်လေးတစ်ယောက်ရသွားစေလိုသည်။

သူမသမီးသာ အဆင့်မြင့်အရာရှိတစ်ဦးနှင့်လက်ထပ်နိုင်လျှင် သူမသမီး၏အဆင့်အတန်းသည် ကျန်းကျားမင်ထက်ပိုမြင့်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပဲ ခန်းမထဲမှလူအများစု၏ချီးမွမ်းသံများထွက်ပေါ်လာကာ အားလုံးတံခါးဘက်သို့လှည့်ကြည့်ကုန်ကြသည်။

ထိုအချိန်တွင် လူငယ်တစ်စုကဝင်လာခဲ့ကာ တစ်ဖွဲ့လုံးကြည့်ကောင်းကြပြီး အထူးသဖြင့်အရှေ့မှဦးဆောင်လာသည့်စုံတွဲကတော့ ကြည့်အကောင်းဆုံးပင်။

“ဘုရားရေ! အဲ့လူအရမ်းချောတာပဲ!”

“ဒီလောက်ချောတဲ့လူမျိုးငါတစ်ခါမှမတွေ့ဖူးဘူး!”

“အမယ်လေး! အသက်ရှူတောင်ရပ်တော့မလိုပဲ!”

“ကောင်မလေးကလဲ အရမ်းလှတယ်!”

“ဟုတ်ပ၊ ဟုတ်ပ!”

……..

တကယ်တော့ ဟောင်ရန်တို့သည်လဲ ဆွဲဆောင်မှုရှိလွန်းသူများဖြစ်ပေမည့် ကုနင်းနှင့်လင်ရှောင်းထင်တို့၏အရိပ်အောက်မှာ မထင်မရှားဖြစ်သွားရသည်။

သူတို့ကလဲ စိတ်ထဲမထားကြဘဲ ကုနင်းနှင့်လင်ရှောင်းထင်တို့အတွက်ပင် လွန်စွာဂုဏ်ယူနေကြသေးသည်။

သူတို့အားလုံး ကုနင်းကိုလေးစားကြကာ အိုင်ဒေါအဖြစ်ပင်သတ်မှတ်ထားကြသည်။ လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူဖြစ်တာကြောင့် သူ့ကိုလဲလေးစားကြသည်။ ဒါ့အပြင် လင်ရှောင်းထင်သည် သမိုင်းတွင် အငယ်ဆုံးဗိုလ်ချုပ်ဖြစ်တာကြောင့် သူ့ပရိသတ်များပင်ဖြစ်နေကြသေးသည်!

“သူတို့ဂါဝန်တွေကိုကြည့်ဦး! အရမ်းလှတာပဲ!”

“အဲ့ပုံစံလေးတွေကြိုက်လိုက်တာ!”

“အိုး၊ သူတို့ဝတ်ထားတာ Charmကဂါဝန်တွေမလား။ ငါအရင်နေ့တုန်းက Charmအရောင်းဆိုင်မှာ ငါ့ဂါဝန်သွားရွေးရင်းတွေ့ခဲ့တယ်။”

“အဲ့မိန်းကလေးကြည့်ရတာ ရင်းနှီးနေတယ်လို့မထင်မိဘူးလား?”

“ဘယ်သူနဲ့တူလို့လဲ?”

“သူက Charmရဲ့ဘော့စ် ကုနင်းပဲ!”

“တကယ်ပဲ ကုနင်းလား?”

“ဟုတ်တယ်၊ ဟုတ်တယ်! ဓါတ်ပုံတွေထဲမှာထက်တောင် ပိုလှသေးတယ်!”

“နှစ်ယောက်သား အရမ်းလိုက်ဖက်တာပဲ။”

“သူတို့က ချစ်သူတွေလား?”

“ဟုတ်တယ်၊ ငါအင်တာနက်ပေါ်က သတင်းတစ်ပုဒ်ဖတ်ဖူးတယ်။ အဲ့ထဲမှာတော့ အဲ့လူက ကုနင်းရဲ့ကောင်လေးလို့ပြောထားတယ်။”

“တကယ်ကိုလိုက်ဖက်တာပဲ။”

……..

နေ့တိုင်းလိုလို အင်တာနက်အသုံးများသူများသည် လူငယ်များသာဖြစ်တာကြောင့် ကုနင်းအကြောင်းပြောနေကြသူများမှာလဲ လူငယ်များသာဖြစ်သည်။

ထန်ကျီယွီတို့သားအမိလဲ လင်ရှောင်းထင်ကို သတိထားမိကြကာ ထန်ကျီယွီမှာ လင်ရှောင်းထင်အနားချဉ်းကပ်ချင်နေတော့သည်။

ထန်ကျီယွီတင်မကဘ တခြားသောမိန်းကလေးများသည်လဲ တစ်ပုံစံတည်းတွေးနေကြလေသည်။

ကုနင်းကို ထန်ကျီယွီကြည့်မိသွားချိန်မှာ မနာလိုစိတ်များလှိုက်တက်လာသော်လည်း အမူအရာကိုတော့ထုတ်မပြပေ။

All Chapters