အခန်း (၉၈၁-၉၈၅)
Vol. 66 Ch. 981-985
အခန်း ၉၈၁ လက်မှမထပ်ရသေးတာ
ထန်ကျီယွီ သူမစိတ်ခံစားချက်ကို ဖုံးကွယ်ထားလျှင်တောင် ကုနင်းကတော့ အာရုံခံမိနေစဲပင်။
တခြားသောမိန်းကလေးတွေ သူမလူကို လိုချင်စိတ်ပြင်းပြနေသည်မျိုးအား မြင်ရသည်ကို သူမလုံးဝမနှစ်သက်သော်လည်း ထန်ကျီယွီက အခုထိ လက်တွေ့တစ်ခုခုလုပ်မလာသေးတာကြောင့် သူမဘက်ကလဲ တုံ့ပြန်စရာမလိုသေးပေ။
ထန်ကျီယွီ၏မိခင်ကလဲ သူမသမီးကို ဘယ်လိုမကောင်းသည့်နည်းလမ်းသုံး,သုံး အားပေးထားခံနေမည်ဖြစ်သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူမအနိုင်ရနိုင်ချေမရှိပေ။
သို့သော်လည်း ဘယ်လောက်ပင် ဖြစ်နိုင်ချေမရှိပါစေ ထန်ကျီယွီကတော့ အရင်ဆုံးကြိုးစားကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားပြီဖြစ်သည်။
ကျန်းယွီထုန်တို့သားအမိသည်လဲ လင်ရှောင်းထင်ကို သတိထားမိကြသည်။ ကျန်းယွီထုန်သည်လဲ ငေးကြည့်မိသွားပေမည့် ရုပ်ရည်အရသာဖြစ်သည်။ သူမချစ်တာကတော့ ထန်ကျားယန်ပင်။ ထန်ကျားယန်အပေါ် သူမ၏ချစ်ခြင်းမေတ္တာသည် လက်ခံဖို့မဖြစ်နိုင်အကျင့်ပျက်ပြားမှုတစ်ခုဖြစ်သော်လည်း ဖြူစင်ပေသည်။
“အဲ့ကောင်လေးအရမ်းချောတာပဲ! သေချာပေါက် ချမ်းသာတဲ့အသိုင်းအဝိုင်းကဆက်ခံသူပဲဖြစ်မယ်။ ယွီထုန်၊ သူ့ကိုအပိုင်ချုပ်နိုင်ဖို့ တစ်ခုခုလုပ်စမ်း။” ကျန်းယွီထုန်၏အမေက ပြောလေသည်။
“အမေကလဲ၊ သူ့မှာချစ်သူရှိပြီးသားကို။” ကျန်းယွီထုန် ဆင်ခြေပေးလိုက်သည်။ သူမတကယ်ကြိုက်သည့်ယောက်ျားသာဖြစ်လျှင် ထိုလူမှာ ချစ်သူရှိ,ရှိ မရှိရှိဂရုစိုက်နေမည်မဟုတ်ပေ။
သူမ ထန်ကျားယန်ကို အချိန်ကြာရှည်စွာ ချစ်မြတ်နိုးခဲ့သလိုပေါ့၊ ထန်ကျားယန်မှာ ချစ်သူရှိနေပြီမှန်း သူမသိသွားတာတောင် လက်မလျှော့ခဲ့ပေ။
ထန်ကျားယန်နှင့်တွေ့တိုင်း အာရုံစိုက်ခံရအောင် နည်းမျိုးစုံသုံးနေခဲ့သော်လည်း အချိန်တိုင်း လျစ်လျူရှုမှုကိုသာ ပြန်ရခဲ့သည်။ သူမသာ ထန်ကျားယန်၏ချစ်သူကောင်မလေးက ဘယ်သူမှန်းသိခဲ့ပါက ထိုကောင်မလေးကို ထန်ကျားယန်အနားက ထွက်သွားဖို့ရန် ဖိအားမပေးဘဲနေမည်မဟုတ်ပေ။
……
“အဲ့တော့ဘာဖြစ်လဲ? လက်ထပ်ရသေးတာမှမဟုတ်တာ။ သူ့နှလုံးသာကို ရယူဖို့အခွင့်အရေးရှိသေးတာပဲ!” ကျန်းယွီထုန်၏အမေက ဘာဖြစ်ဖြစ် ဂရုစိုက်မနေပေ။
ကျန်းယွီထုန်ကတော့ နှုတ်ဆိတ်နေလိုက်သည်။ သူမမိခင်သည် တကယ်ဆုံးဖြတ်ချက်ချလိုက်ပါက သူမကိုနာခံလာအောင် အမျိုးမျိုးဖိအားပေးမည်မှန်း သိနေသည်။
ထန်ကျားယန်အပေါ်ထားသည့် သူမအချစ်လိုပဲ၊ သူမအမေက ထန်ကျားယန်နှင့်ဝေးဝေးနေဖို့ပြောထားပေမည့် ထိုတစ်ချိန်တည်းကပဲ သူမအမေစကားကို မနာခံသည့်အချိန်ဖြစ်သည်။ တကယ်ချစ်ရသည့်လူအတွက်ဆိုလျှင် တခြားလူကတားတိုင်း လိုက်နာနိုင်တော့မည်မဟုတ်ပေ။
………
ကုနင်းရောက်လာသည်နှင့် သူမနှင့်သိသည့်စီးပွားရေးလုပ်ငန်းရှင်များက သူမကိုလာနှုတ်ဆက်ကြကာ အများစုကတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ သတင်းထုတ်ပြန်ပွဲတုန်းက တွေ့ထားသူများပင်ဖြစ်သည်။
ကုနင်းရောက်လာပြီမှန်း ကြားသည်နှင့် ဖန်းကျီရွေ့တို့အဖွဲ့လဲ ရောက်လာကြပေမည့် ကုနင်းအနားတွင် လူပေါင်းများစွာဝန်းရံနှင့်ပြီဖြစ်တာကြောင့် သူတို့အနားမကပ်နိုင်ခဲ့ပေ။
ထိုအချိန်မှာပဲ တုယွီကျန်းက သူတို့နားကပ်လာပြန်သည်။ “ငါအခုပဲ သခင်လေးထန်နဲ့တွေ့လို့ ပွဲထဲကို ဖိတ်စာမပါဘဲ လျှိုဝင်တဲ့လူတွေရှိတယ်လို့ မတော်တဆပြောလိုက်မိသွားတယ်။ ဒါနဲ့ သခင်လေးထန်က အဲ့လူတွေကိုရှာဖို့ ငါ့ကိုပြောလိုက်တယ်။”
တုယွီကျန်းသည် သူ့ဘာသာစကားပြောနေဟန်ပေါ်သော်လည်း တကယ်တမ်း ကောင်းရုန်ခမ်းတို့ကြားအောင် တမင်ပြောနေတာဖြစ်သည်။
ဖန်းကျီရွေ့တို့အဖွဲ့မှာတော့ တုယွီကျန်း၏စကားများကိုကြားကာ မျက်လုံးသာလှန်လိုက်မိပြီး အပြိုင်အဆိုင်ငြင်းခုံမနေတော့ပေ။
ထန်မိသားစုက သူတို့ကိုနှင်ထုတ်မည်ဆိုလျှင်တောင် သူတို့ကိုကုနင်းဖိတ်ထားတာဖြစ်ကြောင်း ပြောနိုင်သေးသည်။ အခု ကုနင်းပါရောက်နေပြီဆိုမှတော့ သူတို့ပြဿနာတက်စရာအကြောင်းမရှိတော့ပေ။
ကံမကောင်းစွာဘဲ ကောင်းရုန်ခမ်းနှင့်တုယွီကျန်းတို့ ထိပ်တိုက်မတွေ့ရသေးခင်မှာပဲ ကျိုးကျန်းရွေ့ ပြဿနာတက်တော့သည်။
“ဟေး… ဒါ ကျိုးကျန်းယွေ့မဟုတ်လား? မင်းအစ်ကိုပြောတာတော့ မင်းတို့မိသားစုအဖိတ်မခံရဘူးဆို? မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ?” လူချမ်းသာသုံးဦး အနားသို့လျှောက်လာကာ စကားပြောလိုက်သူကတော့ ကျိုးကွမ်းမင်၏သူငယ်ချင်းဖြစ်သည်။ ကျိုးကျန်းမင်က သူ့ကိုလဲ ပွဲတက်နိုင်ဖို့ အကူအညီတောင်းခဲ့ဖူးသည်။
တုယွီကျန်းက ချက်ချင်းပင် ထိုစကားဝိုင်းထဲဝင်ပါလာသည်။ “သခင်လေးခန် သူတို့အဖိတ်မခံထားရဘူး။ သခင်လေးဖန်းရယ် သခင်လေးဟူရယ်နဲ့အတူပါလာတာ။ ပွဲကို ဧည့်သည်တစ်ယောက်က လူတစ်ယောက်ပဲခေါ်လာခွင့်ရှိပေမယ့် ဒီနှစ်ယောက်ကတော့ သူတို့နဲ့အတူသုံးယောက်တောင်ခေါ်လာတယ်လေ။ ငါ သခင်လေးထန်ကိုလဲပြောပြီးပြီ၊ သူကလဲ ဖြေရှင်းပေးမယ်လို့ပြောသွားတယ်။”
“အို… တခြားလူတွေနဲ့အတူဝင်လာတာပေါ့? ဒါက သိပ်မကောင်းဘူးနော်။” သခင်လေးခန်ဆိုသူက အထင်သေးဟန်ဖြင့်ပြောလိုက်သည်။
သခင်လေးခန်၏နာမည်အပြည့်အစုံမှာ ခန်ရှန်းဖေးဖြစ်ကာ Bမြို့မှ နောက်ထပ်အလွန်ချမ်းသာသည့်မိသားစုဖြစ်သော ခန်မိသားစု၏အကြီးဆုံးသားဖြစ်သည်။
ထန်ရှောင်ရှောင်ကို လုပ်ကြံခဲ့သည့် ခန်ယန်ဟန်ကတော့ ခန်ရှန်းဖေး၏ဒုတိယဦးလေးပင်။
ကျိုးကွမ်းယွေ့ကတော့ ခပ်ဟဟသာရယ်မောလိုက်သည်။ “ငါတို့ဒီကိုလျှိုဝင်လာတယ်ဆိုပြီး ဘာလို့ဒီလောက်တောင် သေချာနေကြတာလဲ? သခင်လေးထန်က မဖိတ်ထားတဲ့ဧည့်သည်တွေကို နှင်ထုတ်မယ်လို့မင်းပြောတုန်းက ငါတို့အားလုံး မကြောက်သွားတာကို သတိမထားမိဘူးလား?”
ထိုစကားကြောင့် တုယွီကျန်း ရုတ်တရက်ကြောင်သွားသည်။
ကျိုးကွမ်းယွေ့သည် အလွန်ယုံကြည်ချက်ရှိနေပုံပေါက်တာကြောင့် သူ့အထင်ပဲမှားသွားသလားဟု မတွေးမိဘဲမနေတော့ပေ။
“ပြောပါဦး၊ မင်းတို့ကို ဘယ်သူဖိတ်ထားတာမို့လို့လဲ?” ခန်ရှန်းဖေးက မေးလေသည်။
“ငါတို့ကို ဘယ်သူဖိတ်ဖိတ် သခင်လေးခန်နဲ့ဆိုင်တယ်လို့ မထင်ဘူးနော်။”
“အရူးတွေ!” တုယွီကျန်းကတော့ ကျိုးကွမ်းယွေ့တို့ကို ဖိတ်ထားသူရှိမည်ဟု မယုံကြည်နိုင်ပေ။
ကျိုးကွမ်းယွေ့တို့က ရှင်းရှင်းလင်းလင်းမဖြေခဲ့တာကြောင့် တုယွီကျန်းသည် သူတို့မဖြေရဲတာကြောင့်ဟု ထင်နေသော်လည်း ခန်ရှန်းဖေးကကတော့ သူ့လိုငတုံးဟုတ်မနေပေ။ ကျိုးကွမ်းယွေ့၏စကားတွေကို သူယုံနေသည်။ ယနေ့မင်္ဂလာပွဲသည် ထန်မိသားစု၏မင်္ဂလာပွဲဖြစ်ကာ ဘယ်သူကမှ ခိုးဝင်ရဲမည်မဟုတ်ပေ။
သူတို့မပြောပြချင်မှတော့ ခန်ရှန်းဖေးလဲ ဆက်မေးမနေတော့ပေ။
ထိုအချိန်မှာပဲ ထန်ကျားခိုင်က သူတို့ရှိရာသို့ လျှောက်လာကာ တုယွီကျန်းကတော့ ဇာတ်လမ်းတစ်ပုဒ်ကြည့်ရတော့မည်ဟု တွေးနေသည်။ ထန်ကျားခိုင်က မဖိတ်ထားသည့်လူများကိုနှင်ထုတ်ဖို့အတွက် လာခြင်းဟု သူယုံကြည်နေတာပင်။
သို့ပေမည့် ခန်ရှန်းဖေးသည်တော့ အံ့ဩနေခဲ့သည်။ ထန်ကျားခိုင်က ကျိုးကွမ်းယွေ့တို့ကို ဖိတ်ထားသူများဖြစ်နေမလားဟု တွေးမိနေခြင်းပင်။
ထန်ကျားခိုင်နှင့်သူတို့အခြေအနေက အလွန်ကွာဟလွန်းတာကြောင့် တကယ်သာဆိုလျှင် အရမ်းအံ့ဩစရာကောင်းကာ ခန်ရှန်းဖေးမှာ မနာလိုဖြစ်လာတော့သည်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့မိသားစုအကျိုးအမြတ်ရရှိစေရန် အာဏာရှိသည့် ကြွယ်ဝသည့်လူများနှင့် ရင်းနှီးမှုရှိထားကြလိုသည်ချည်းသာ။
“သခင်လေးထန်!”
ထန်ကျားခိုင် အနားရောက်လာသည်နှင့် အားလုံးလေးစားသမှုနှုတ်ဆက်လေသည်။
ထန်ကျားခိုင်က အားလုံးကို ပြန်နှုတ်ဆက်လိုက်ပြီးနောက် ဖန်းကျီရွေ့တို့ဘက်သို့ လှည့်သွားသည်။ “နင်းနင်းက အလုပ်ရှုပ်နေလို့ မင်းတို့ကို သူ့အစားဧည့်ခံပေးထားဖို့ပြောထားတယ်။ လာ၊ ငါ့သူငယ်ချင်းတွေနဲ့တွေ့ဖို့သွားရအောင်။”
***
အခန်း ၉၈၂ မင်္ဂလာပွဲစတင်ပြီ
ကုနင်းက သူတို့ကိုဖိတ်ထာမှတော့ ထန်ကျားခိုင်ကလဲ ဖော်ဖော်ရွေရွေကြိုဆိုပေးကာ သူ့သူငယ်ချင်းများနှင့်ပါ မိတ်ဆက်ပေးဖို့ဆန္ဒရှိပေသည်။
သို့ပေမည့် တုယွီကျန်းတို့သည်တော့ အံ့ဩမှင်တက်နေကြစဲပင်။
ဘာပြောလိုက်တာ? ထန်ကျားခိုင်က ဖန်းကျီရွေ့တို့ကို သူ့သူငယ်ချင်းတွေနဲ့ပါတွေ့ပေးဖို့ ခေါ်နေတာလား?
“ကျေးဇူးတင်ပါတယ်၊ သခင်လေးထန်။” ဖန်းကျီရွေ့တို့ပြန်ပြောလိုက်ကာ ထန်ကျားခိုင်နောက်ကနေ လိုက်သွားခဲ့သည်။ သူတို့လှည့်မသွားခင် တုယွီကျန်းကိုလဲ စိန်ခေါ်သလိုကြည့်သွားကြသေးသည်။
တုယွီကျန်းမှာတော့ ရုတ်တရက်အခြေအနေကြောင့် မယုံကြည်နိုင်ဖြစ်နေသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ဖန်းကျီရွေ့တို့သည် ထန်ကျားခိုင်နှင့်ပင် မိတ်ဖွဲ့နိုင်သည်ဟူသည့် အမှန်တရားကို လက်မခံနိုင်ဖြစ်လို့နေသည်။ တပြိုင်တည်းမှာပဲ ဖန်းကျီရွေ့တို့ကို မနာလိုဖြစ်လာတော့သည်။ ထန်ကျားခိုင်၏သူငယ်ချင်းများသည်လဲ အဆင့်အတန်းမြင့်သည့်အသိုင်းအဝိုင်းများမှပင်ဖြစ်သည်။ သူတို့သာ ထိုလူများနှင့်သိကျွမ်းခွင့်ရမည်ဆိုလျှင်ပင် အရမ်းကောင်းနေပြီဖြစ်ကာ ဖန်းကျီရွေ့တို့ကတော့ ထန်ကျားခိုင်နှင့် ရင်းနှီးနေပုံတောင်ပေါက်နေသေးသည်။
“နင်းနင်းဆိုတာ ဘယ်သူလဲ?” ခန်ရှန်းဖေး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖန်းကျီရွေ့တို့ကို ဖိတ်ထားသည်က နင်းနင်းဆိုသူဖြစ်ကြောင်း သိသာနေကာ နင်းနင်းကြောင့်ပဲ ထန်ကျားခိုင်ကတောင် ကိုယ်တိုင်လာခေါ်ပေးနေလေသည်။
ထန်ကျားခိုင်ကိုတောင် အကူအညီတောင်းနိုင်မှတော့ နင်းနင်းဆိုသူမှာ သာမာန်တော့မဖြစ်နိုင်ပေ။
“ထန်ကျားခိုင်ရဲ့သူငယ်ချင်းဖြစ်မှာတော့။” တစ်ယောက်က မရေမရာအဖြေပေးလိုက်သည်။
သူတို့အားလုံး နင်းနင်းက ကုနင်းမှန်းမသိကြပေ။
ခန်ရှန်းဖေးကတော့ ချက်ချင်းပင် ကျိုးကွမ်းမင်အားဖုန်းဆက်လိုက်ကာ နင်းနင်းဆိုသူသည် ကုနင်းဆိုသည့် နာမည်ကြီးအရည်အချင်းရှိမိန်းကလေးဖြစ်မှန်း သိလိုက်ရသည်။ ထိုမိန်းကလေးသည် ဖန်းကျီရွေ့၏ဘော့စ်ပင်ဖြစ်နေသေးသည်။
သူလဲ ကုနင်းအကြောင်းတော်တော်များများကြားဖူးထားကာ အထူးသဖြင့် သူ့ဒုတိယဦးလေးနှင့်သူမပြဿနာဖြစ်သည့်အကြောင်းပင်။ သူ့ဒုတိယဦးလေးသည် ကုနင်းကြောင့် တော်တော်လေးဒုက္ခတွေ့သွားခဲ့သည်။
ကုနင်း၏အရည်အချင်းအပေါ် ခန်ရှန်းဖေးလေးစားမိသော်လည်း သူ့မိသားစုကို အရှက်ရအောင်လုပ်ခဲ့သည့်အတွက်ကိုတော့ သူမကိုသဘောမကျပေ။ သို့သော်လည်း သူမနှင့်လဲ ပြဿနာမတက်လိုပေ။
သို့ပေမည့် ကျိုးကွမ်းမင်ကတော့ ခန်ရှန်းဖေးထံမှ ကျိုးကွမ်းယွေ့အကြောင်းကြားကာ သူဘာမှမလုပ်နိုင်၍ ပိုတောင်ဒေါသထွက်နေတော့သည်။
……..
ဖန်းကျီရွေ့တို့အဖွဲ့ကို ထန်ကျားခိုင်က သူ့သူငယ်ချင်းများနှင့်စကားပြောရန်ခေါ်သွားကာ အားလုံးအဆင်ပြေပြေရှိကြသည်။ ချောင်ဝမ်ရှင်းသည်လဲ ရှင်းပိုင်ကို သူမသူငယ်ချင်းများနှင့်စကားပြောဖို့ခေါ်သွားခဲ့သော်လည်း ကောင်းချန်ယန်နှင့် ကျန်းကျီကျန့်တို့မှာ ဝမ်းနည်းနေကြတာကြောင့် ပျော်ရွှင်ဖွယ်စကားဝိုင်းတစ်ခုတော့မဖြစ်ခဲ့ပေ။
သူတို့နှစ်ယောက်လုံးသည် ဟိုးအရင်ကတည်းက ချောင်ဝမ်ရှင်းကို သဘောကျခဲ့ကြာကြောင့် အခုလို တခြားယောက်ျားတစ်ယောက်နှင့် သူမပျော်ရွှင်နေပုံအားမြင်ရသည်က သူတို့ကိုနာကျင်စေခဲ့သည်။
ဟောင်ကတော်တို့အဖွဲ့သည်လဲ ကုချင်တို့နှင့်အတူရှိနေကြကာ သူတို့ချည်းသပ်သပ်နေရခက်နေမည်စိုး၍ ထန်ယွင်ရုန်ကပါ လာနေပေးသည်။
ယန်ကျီချင်၊ ယုကျီ၊ မန်နေဂျာတင်းတို့သည်လဲ တစ်ဖွဲ့သပ်သပ်နေကာ စကားပြောနေကြသည်။ ယုကျီသည် Charm၏ဒီဇိုင်နာဖြစ်တာကြောင့် ယနေ့ပွဲသို့လာရောက်သည့် ဂုဏ်သရေရှိအမျိုးသမီးများနှင့် သူမချုပ်လုပ်သောဂါဝန်များအကြောင်း ပြောနေရသည်။
ယနေ့ပွဲသို့တက်ရောက်သည့် အချို့သောအမျိုးသမီးများပင် Charmမှပွဲတက်ဂါဝန်များကိုဝတ်ဆင်ထားကြကာ အားလုံးနှစ်သက်သဘောကျနေကြသည်။
ယနေ့ပွဲတွင် Kameiအလှပြင်ဆိုင်မှ ဗီအိုင်ပီအဖွဲ့ဝင်တချို့လဲရှိနေတာကြောင့် သူတို့အားလုံး မန်နေဂျာတင်းနှင့်စကားလာပြောကြပြန်သည်။
ဒါကြောင့် ယန်ကျီချင်တစ်ယောက်သာ တစ်ကိုယ်တည်းဘေးမှာ လျစ်လျူရှုခံထားရခြင်းဖြစ်သည်။ သူ့ကိုယ်သူ အပိုလူလို့တောင်မှတွေးလာမိသည်။ ယုကျီသည် ပုံမှန်အချိန်များတွင်လဲ သူ့ထက်အလုပ်ပိုများတာကြောင့် သူတို့ချင်းသီးသန့်တွေ့ဆုံနိုင်ဖို့က မလွယ်ကူခဲ့ပေ။
“ဟေး ကျီချင်။ မင်းဘာလို့ မိန်းကလေးအဖွဲ့နားနေ,နေတာလဲ? ယောက်ျားလေးတွေဘက်လဲ လာစမ်းပါဦးလား?” ယန်ကျီချင်၏သူငယ်ချင်းတစ်ယောက်က လျှောက်လာကာ ယန်ကျီချင်တစ်ယောက်တည်း ဘေးထွက်ရပ်နေရ၍ ရယ်နေလေသည်။
“မင်းမှာ ချစ်သူကောင်မလေးမှမရှိတာ ဘယ်နားလည်နိုင်ပါ့မလဲ။” ယန်ကျီချင်၏စကားက သူ့သူငယ်ချင်းလူလွတ်လေးကို ထိရှနာကျင်သွားစေခဲ့သည်။
ထိုလူကလဲ ချက်ချင်းပင် သူ့ရင်ဘက်ကို လက်ဖြင့်အုပ်ကာ နာကျင်သွားဟန်ဆောင်ပြလေသည်။ “ငါ့ကိုအဲ့လောက်မရက်စက်ပါနဲ့လား။”
“အဲ့လိုဖြစ်သွားလား? ဒါဆို မင်းလဲချစ်သူတစ်ယောက်ရှာလိုက်ပေါ့? အခုအရွယ်က လျှောက်ပတ်ကစားနေရမယ့်အရွယ်မဟုတ်တော့ဘူး။” ယန်ကျီချင် မျက်လုံးသာလှန်လိုက်မိတော့သည်။
“ငါလဲ ချစ်သူတစ်ယောက်လောက်ရှိချင်တာပေါ့၊ ဒါပေမယ့် ဘယ်နားသွားရှာရမှာလဲ?” ထိုလူက စိတ်ဓါတ်ကျဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ကျောက်မုံမုံကြောင့် မင်းမလှုပ်နိုင်တာ နားလည်ပါတယ်။ သူ့ကိုစွန့်လွှတ်လိုက်ပါတော့လား? သူကွာရှင်းထားတာကို မင်းစိတ်ထဲမထားဘူးဆိုပေမယ့် မင်းမိသားစုတော့မပါဘူးလေ။ မင်းမိဘတွေသာ ဆုမွန်ကောင်းမတောင်းပေးဘူးဆို မင်းတို့အိမ်ထောင်ရေးက ပျော်ရွှင်မှုရဖို့ခက်လိမ့်မယ်။ မင်းလုပ်နိုင်ပါသေးတယ်။ မင်းတံတားကိုဖြတ်ပြီးပြန်လာခဲ့ရုံလေးပဲ (နောက်ပြန်လှည့်ဖို့မှီသေးတယ်)။”
ထိုစကားကြောင့် ယန်ကျီချင်၏သူငယ်ချင်း တကယ်ကိုဝမ်းနည်းသွားပုံရသည်။ သူ့မှာ သတ္တိရော စိတ်ဆုံးဖြတ်ချက်ပါ မခိုင်မှာမှန်း သူလဲသိပေသည်။ သူကျောက်မုံ့မုံ့ကိုချစ်သော်လည်း သူ့မိသားစုခွင့်ပြုချက်ကိုရဖို့က ခက်ခဲလှသည်။
သူ့အဖေကတော့ မတားသော်လည်း သူ့အမေကတော့ သူ့ကိုချမ်းသာသည့်မိန်းကလေးတစ်ယောက်နှင့်ပင် လက်ထပ်ဖို့တိုက်တွန်းနေသည်။ ဒါ့အပြင် လက်ရှိသူ့အမေ၏ကျန်းမာရေးကလဲ မကောင်းတာကြောင့် သူမကိုဒေါသထွက်အောင်လဲမလုပ်ရဲပေ။
………
ညနေ၅:၂၀ဖြစ်ဖို့ မိနစ်အနည်းငယ်သာလိုတော့တာကြောင့် ခန်းမထဲတွင် ဧည့်သည်များစုံနေပေပြီ။
ထန်မိသားစု၏မိတ်ဆွေအသိုင်းအဝိုင်းအရ ထန်မိသားစုနှင့်အရမ်းရင်းနှီးသည့် အရမ်းချမ်းသာသည့် အရမ်းအာဏာရှိသည့်လူများစွာရှိတာကြောင့် ဧည့်သည်အရေအတွက်များပြားလှသည်။
၅နာရီ၂၀မိနစ်မှာတော့ အခမ်းအနားမှူးက မင်္ဂလာပွဲစတင်ရန် စင်ပေါ်သို့တက်သွားခဲ့သည်။
အဖွင့်စကားပြောပြီးချိန်မှာတော့ သတို့သားဘက်မှစကားပြောရမည့်အလှည့်ပင်။
“အရင်ဆုံး ဒီနေ့ကျွန်တော့်မင်္ဂလာပွဲကို ကြွရောက်လာကြတဲ့ဂုဏ်သရေရှိဧည့်သည်တော်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်နောက်ဆုံးတော့ လက်ထပ်ခဲ့ပါပြီ၊ အခုထက်ပိုပြီးစိတ်လှုပ်ရှားမယ့်အခြေအနေတောင်မရှိလောက်တော့ပါဘူး။ ကျွန်တော်ရုတ်တရက်ကြီးလက်ထပ်သွားတဲ့အတွက် အားလုံးလဲ နားမလည်နိုင်ဖြစ်နေကြမှာပေါ့။ လွန်ခဲ့တဲ့၁၉နှစ်က ကျွန်တော်ကားတိုက်မှုဖြစ်ခဲ့တာက လျှို့ဝှက်ချစ်တစ်ခုတော့မဟုတ်ပါဘူး။ ကံကောင်းစွာဘဲ အဲ့ဒီတုန်းက ကုမန့်လို့ခေါ်တဲ့ကြင်နာတတ်တဲ့မိန်းကလေးတစ်ယောက်က ကျွန်တော့်ဘဝကိုကယ်တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အတိတ်မေ့နေခဲ့တယ်။ နောက်တော့ ကျွန်တော်တို့ချစ်မိသွားကြပြီး တစ်နှစ်လောက်အတူတူနေခဲ့ပါတယ်။”
***
အခန်း ၉၈၃ သတို့သမီးကအရမ်းငယ်သလိုထင်ရတယ်
“ကျွန်တော်တို့အိမ်လေးတစ်လုံးဝယ်ပြီးရင် လက်ထပ်ကြမယ်လို့စီစဉ်ထားကြပေမယ့် မမျှော်လင့်ပဲ ကျွန်တော်က နောက်ထပ်ကားမတော်တဆမှုတစ်ခုထပ်ဖြစ်သွားခဲ့တယ်။ ကျွန်တော်ပြန်သတိရလာတဲ့အချိန်မှာတော့ သူမနဲ့အတူရှိခဲ့တဲ့တစ်နှစ်တာအချိန်က မှတ်ဉာဏ်ကောင်းတွေအပါအဝင် သူမကိုပါမေ့သွားခဲ့တယ်။ ကျွန်တော့်ရဲ့မူလနောက်ခံကိုပြန်မှတ်မိခဲ့တာကြောင့် ထန်အိမ်တော်ကိုပြန်လာပြီး ကျွန်တော့်နောက်ကျောဓါးနဲ့ထိုးခဲ့တဲ့လူတွေကို ပြန်ဖမ်းခဲ့တယ်။”
လူများစွာက ထိုကိစ္စများအကြောင်း သိထားကြတာကြောင့် မအံ့ဩသွားကြပေ။
ထိုအစား ယနေ့ရဲ့သတို့သမီးသည် လွန်ခဲ့သည့်၁၉နှစ်က ထန်ယွင်ဖန်း၏ဘဝကိုကယ်တင်ပေးခဲ့သည့်မိန်းကလေးဖြစ်မှန်းကိုသာ မသိခဲ့ကြတာပင်။
မမျှော်လင့်ထားစွာဘဲ ထန်ယွင်ဖန်းသည် သူ့လက်တွဲဖော်အပေါ် အလွန်သစ္စာစောင့်သိခဲ့လေသည်။
လူတိုင်းမှာ သူ့သစ္စာတရားအပေါ် လေးစားသဘောကျမိသွားကြတော့သည်။
ထန်ယွင်ဖန်းကဆက်ပြီးတော့၊ “မတော်တဆမှုဖြစ်ပြီး သူမကိုဆုံးရှုံးခဲ့ရတာတောင် ကျွန်တော့်အချစ်ကရှိထားခဲ့ပြီးဖြစ်တာကြောင့် ပြီးခဲ့တဲ့၁၈နှစ်တာကာလလုံး ကျွန်တော်လက်မထပ်ခဲ့ဘူး။ သူမကလွဲပြီး တခြားအမျိုးသမီးတစ်ယောက်ကို လက်မခံနိုင်တာကြောင့်ပါပဲ။ ကံကောင်းစွာနဲ့ သိပ်မကြာခင်ကပဲ သူမနဲ့ပြန်တွေ့ခဲ့ရတယ်။ သူမက လွန်ခဲ့တဲ့၁၉နှစ်ကကျွန်တော်ချစ်ခဲ့မိတဲ့မိန်းကလေးမှန်းသိလိုက်ရသလို သူကလဲ ကျွန်တော့်ကြောင့်နဲ့တစ်လျှောက်လုံး တစ်ကိုယ်တည်းနေခဲ့တယ်ဆိုတာကိုလဲ သိခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံး သူမကိုချစ်မြတ်နိုးပြီး ကာကွယ်ပေးပါ့မယ်လို့ကတိပေးပါတယ်။”
ထန်ယွင်ဖန်း၏စကားဆုံးသွားသည်နှင့် ခန်းမတစ်ခုလုံးအားပေးဂုဏ်ပြုသံများဖြင့် ဆူညံသွားတော့သည်။ အမျိုးသမီးတော်တော်များများဆိုလျှင် ငိုမိတော့မလိုပင်ဖြစ်သွားကြသည်။ သို့သော်လည်း မျက်ရည်ကြောင့် သူမတို့မိတ်ကပ်တွေပျက်သွားမည်စိုးတာကြောင့် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းချုပ်ထားကြပေသည်။
ထန်ယွင်ဖန်းနှင့်ကုမန့်တို့ကြားမှဆက်ဆံရေးမှာ လွန်စွာရှုပ်ထွေးခဲ့သည်။ ဒီလိုမျိုးနှစ်ဦးသားနှစ်နှစ်ကာကာချစ်မိခဲ့ကြတာကလဲ ကံတရားပင်။
“အခု သတို့သမီးကိုကြိုဆိုလိုက်ကြရအောင်!” အခမ်းအနားမှူးက ကြေညာလိုကသည်နှင့် မီးအားလုံးက စင်ရှေ့မှတံခါးဆီသို့ ကျရောက်သွားတော့သည်။ သီချင်းသံလဲထွက်ပေါ်လာကာ လှပသည့်အဖြူရောင်မင်္ဂလာဂါဝန်နှင့်ကုမန့်က အားလုံး၏မျက်စိရှေ့မှောက်သို့ ပေါ်ထွက်လာတော့သည်။
ပုံမှန်ဆို သတို့သမီးသည့် သူမဖခင်၏လက်မောင်းကိုချိတ်ကာ မင်္ဂလာခန်းမထဲဝင်ရောက်ရမည်ဖြစ်သာ်လည်း ကုမန့်၏အဖေသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်တာကြောင့် သူမအစ်ကိုဖြစ်သည့် ကုချင်းယန်ကပဲ သူမဘေးတွင်ရပ်နေခဲ့ရသည်။
ကောင်ငယ်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦးကလဲ ကုမန့်၏ရှည်လျားသည့်မင်္ဂလာဂါဝန်ကိုကိုင်ပေးထားကြသည်။
အပေါ်မှနေပြီး နှင်းဆီပွင့်ချပ်များကိုလဲကြဲချနေတာကြောင့် မြင်ကွင်းမှာအသက်ရှူမှားလောက်အောင်လှပနေကာ ခန်းမထဲမှအမျိုးသမီးတိုင်းသည်လဲ မှင်သက်နေကြသည်။
လက်မထပ်ရသေးသည့်အမျိုးသမီးများက သူတို့၏အနာဂါတ်မင်္ဂလာပွဲအတွက် စိတ်ကူးယဉ်နေကြကာ ဒီလိုမျိုးချိုမြိန်သည့်မင်္ဂလာပွဲမျိုးကျင်းပနိုင်ဖို့ မျှော်လင့်နေလေသည်။
ချိုမြိန်သည့်မင်္ဂလာပွဲမျိုးမကျင်းပခဲ့ရသည့်လက်ထပ်ပြီးသားအမျိုးသမီးများကတော့ အရမ်းကိုနောင်တရကာကြေကွဲလို့နေသည်။
သို့သော်လည်း တချို့ကတော့ အချင်းချင်းချစ်နေကြသ၍ ပကာသနတွေကအရေးမပါလှဟု ယုံကြည်ထားကြသည်။
……..
ကုမန့်မှာ အလွန်စိတ်လှုပ်ရှားနေကာ ခန်းမထဲမှချိုမြိန်လှသည့်အနေအထားကိုလဲ အာရုံမထားနိုင်ခဲ့ပေ။ သူမသည် ကုချင်းယန်ဦးဆောင်သည့်အတိုင်းအလိုက်သင့်သာ လျှောက်လှမ်းနေလေသည်။
ကုချင်းယန်သည်လဲ အလွန်စိတ်လှုပ်ရှားပူပန်နေတာကြောင့် သူ့စိတ်ကိုသူထိန်းချုပ်ရန်ကိုယ့်ကိုယ်ကိုယ်အတင်းသတိပေးနေရသည်။
ကုမန့် မင်္ဂလာဝတ်စုံဖြင့် သူ့ဆီသို့လျှောက်လှမ်းလာသည်ကိုကြည့်ရင်း ထန်ယွင်ဖန်း ပျော်ရွှင်ဝမ်းသာလို့နေသည်။ နောက်ဆုံးတော့ သူတို့လက်ထပ်နိုင်ပြီပဲ!
ထန်ယွင်ဖန်းရော ကုမန့်ပါ ငယ်ရွယ်ကြတော့သည့်အသက်အရွယ်မဟုတ်ကြတော့သော်လည်း ထန်ယွင်ဖန်းမှာ သူချစ်ရသည့်လူအပေါ် လိုချင်တပ်မက်စိတ်ရှိနေတုန်းပင်။ လက်ထပ်ပြီးသွားပြီဆိုလျှင် သူ့စိတ်ကြိုက် သူမကိုအပိုင်သိမ်းနိုင်တော့မည်။ ဒီလိုအချိန်မျိုးအတွက် သူ၁၉နှစ်တောင်စောင့်ဆိုင်းခဲ့ရသည်သာ။
ပြီးခဲ့သည့်၁၈နှစ်အတွင်း သူ့စိတ်ဆန္ဒကိုထွက်ပေါက်မပေးခဲ့၍ သူ့မိသားစုနှင့်သူငယ်ချင်းများဆိုလျှင် သူ့ကိုလိင်တူစိတ်ဝင်စားသူဟုတောင် ယုံကြည်နေကြသည်။
အခုတော့ အားလုံးပြောင်းလဲသွားပေပြီ။ ကုမန့်နှင့်ပြန်လည်တွေ့ဆုံကတည်းက သူမကိုသိမ်းပိုက်ဖို့ရန် မအောင့်မအီးနိုင်ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကုမန့် သူ့အပေါ်အဆိုးမမြင်သွားစေရန်အတွက် လက်မထပ်ရသေးခင်အထိ သူ့စိတ်ကိုထိန်းချုပ်ထားခဲ့ရသည်။
………
ဧည့်သည်အများစုသည် အခုမှသာ ကုမန့်၏မျက်နှာကိုမြင်ဖူးကြကာ အံ့ဩနေကြလေသည်။
သတို့သမီးသည် ထန်ယွင်ဖန်း လွန်ခဲ့သည့်၁၉နှစ်ကချစ်ခဲ့သည့် အမျိုးသမီးဟုပင် သူတို့မယုံကြည်နိုင်ကြပေ။
အရမ်းငယ်နေသလိုပဲ!
တခြားလူများအမြင်မှာတော့ ကုမန့်သည်အလွန်ဆုံးမှာအသက်၃၀လောက်သာရှိမည်ဟုပင်။
ထိုအရွယ်မျိုးက အခုခေတ်တွင် လက်ထပ်ဖို့သင့်တော်သည့်အရွယ်မျိုးဖြစ်သည်။
ယခုခေတ်အမျိုးသမီးများသည် ငယ်ငယ်ရွယ်ရွယ်နှင့်လက်မထပ်ကြဘဲ အသက်၃၀အရွယ်သတို့သမီးဆိုလျှင်တောင် ငယ်သေးသည်ဟုသတ်မှတ်ကြသည်။
“ဘုရားရေ၊ သတို့သမီးကအရမ်းငယ်သလိုထင်ရတယ်!”
“ငါ့အထင် သူ့အသက်က ၃၀လောက်ပဲရှိဦးမလားလို့။”
“သူ့အသားအရေကို ဘယ်လိုများထိန်းသိမ်းလဲသိချင်လိုက်တာ။”
ကိုယ့်ရုပ်ရည်အသွင်အပြင်ကို ဂရုမစိုက်သည့်အမျိုးသမီးဟူ၍မရှိပေ။ ဒါကြောင့် အမျိုးသမီးများ အထူးသဖြင့်အသက်အရွယ်ရနေပြီဖြစ်သည့်အမျိုးသမီးများသည် ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေကြောင့် သူတို့ကိုသူတို့ခင်ပွန်းများစွန့်ပစ်သွားမည်ကို စိုးရိမ်မိကြသည်။
ယောက်ျားတိုင်းသည် လှပကာ ငယ်ရွယ်ဖြတ်လတ်သည့်မိန်းကလေးများကို ကြိုက်နှစ်သက်ကြကာ အနည်းစုသည်သာ သူတို့ဇနီးများကို သစ္စာရှိရှိပေါင်းသင်းကြသည်။
အထူးသဖြင့် ချမ်းသာသည့်မိသားစုများတွင် အများစုမှာ မယားငယ်တစ်ယောက် နှစ်ယောက်လောက်ရှိကြသည်က လျှို့ဝှက်ချက်တစ်ခုတောင် ဟုတ်မနေတော့ပေ။ တချို့ဇနီးသည်များကတော့ သိကိုမသိကြကာ တချို့ကတော့ အားလုံးသိထားတာတောင် မသိသလို ဟန်ဆောင်နေကြသည်။ ဇနီးသည်များအနေနှင့် သူတို့အပေါ် သူတို့ခင်ပွန်းများသစ္စာမရှိကြောင်းသိရသည်က ဝမ်းနည်းနာကျင်စရာကောင်းလှသော်လည်း သူတို့လုပ်နိုင်တာဘာမှရှိမနေပေ။
သူတို့မှာအလုပ်အကိုင်မရှိသလို ကိုယ်တိုင်လဲရှင်သန်နေထိုင်နိုင်ခြင်းမရှိပေ။ ဒါကြောင့် ခင်ပွန်းနှင့်ကွာရှင်းကာ ဇိမ်ကျခြင်းအလျဉ်းမရှိသည့်သာမာန်ဘဝတွင် နေထိုင်ဖို့ မဖြစ်နိုင်ပေ။
တချိန်တည်းမှာပဲ လှပသည့်မိန်းမငယ်အတော်များများသည်တော့ လုပ်ကိုင်စားသောက်ဖို့ပျင်းရိကာ ငွေအတွက်သူတို့ခန္ဓာကိုယ်ကိုသာရောင်းစားကြသည်။
***
အခန်း ၉၈၄ ဘာတံဆိပ်လဲ?
ဒါကြောင့်ပဲ ချမ်းသာသည့်ခင်ပွန်းကိုလက်ထပ်ထားကြသည့် အသက်အရွယ်ရနေပြီဖြစ်သည့်အမျိုးသမီးများသည် ကွာရှင်းလိုခြင်းမရှိကြပေ။ ဇိမ်ကျကျနေရသည့်ဘဝကို သူတို့အသားကျနေခဲ့ပြီဖြစ်ကာ သူတို့ခင်ပွန်းက မျှော်လင့်လို့မရတော့လျှင် သားသမီးတွေအပေါ်သာ မျှော်လင့်ချက်ပုံအောထားရပြီး မိသားစုကိုဆက်လက်ထိန်းသိမ်းကြသည်။
တခါတလေ အလှပြင်ဆိုင်များသို့သွားကြသော်လည်း ထိရောက်မှုသိသိသာသာမရှိပေ။ သို့သော်လည်း သူတို့သွင်ပြင်ကိုထိန်းသိမ်းရန်အတွက် နောင်တတရားမရှိ ငွေမြောက်မြားစွာကိုအသုံးပြုနေကြစဲပင်။
“သူ့အသားအရေကကောင်းနေတာလို့မထင်ပါဘူး။ မိတ်ကပ်သားကောင်းနေတာလောက်ပဲဖြစ်မယ်!” ကျန်းယွီထုန်၏မိခင်က မနာလိုစိတ်သိသာစွာဖြင့်ပြောလိုက်သည်။
သူမသည် သူမနှင့်သက်တူရွယ်တူတစ်ယောက်ယောက်က သူမထက်ချမ်းသာနေတာမျိုး သူမထက်လှပနေတာမျိုးကို သည်းခံနိုင်သူမဟုတ်ပေ။ ဒါ့အပြင် လှပသည့်မိန်းမငယ်လေးများအပေါ်လဲ သူမ၏ထင်မြင်ချက်ကဆိုးဝါးလှသည်။
ကုမန့် အခုလိုထန်မိသားစုထဲလက်ထပ်ဝင်နိုင်သည့်အပေါ် သူမမနာလိုဖြစ်နေသည်။ အခုဆို သူမနှင့်ကုမန့်သည် အတိုင်းအတာတစ်ခုအရ ဆွေမျိုးတော်စပ်သွားပေပြီ။
“အသားအရေမကောင်းထားရင် မိတ်ကပ်လဲအသုံးမဝင်ဘူး။ သူက ပုံမှန်ကိုကလှတာလို့ပဲထင်တယ်။” ကျန်းကျားမင်၏အမေကလဲပြောလိုက်သည်။
ကျန်းမိသားစုထဲတွင် ကျန်းကျားမင်နှင့်ကျန်းယွီထုန်သာ မတည့်ကြတာမဟုတ်ဘဲ သူမတို့မိခင်တွေသည်လဲ အချင်းချင်းမနှစ်သက်ကြပေ။
ကျန်းကျားမင်၏မိခင်သည် ကျန်းယွီထုန်၏မိခင်လို မလှသော်လည်း ကျန်းကျားမင်ကတော့ ကျန်းယွီထုန်ထက် ပိုလှကာ ပိုအောင်မြင်တာကြောင့် ကျန်းယွီထုန်၏အမေကလဲ ကျန်းကျားမင်၏မိခင်ရဲ့ အရေးအကြောင်းရှိနေသည့်မျက်နှာအပေါ် ထေ့ငေါ့တတ်ကာ ကျန်းကျားမင်း၏မိခင်ကလဲ ကျန်းကျားမင်း၏အောင်မြင်မှုများကို ကြွားဝါတတ်သည်။
ရလဒ်အနေနဲ့ကတော့ ဘယ်သူမှအနိုင်မရနိုင်ပေ။
“နင်…” ကျန်းယွီထုန်၏မိခင် ဒေါသထွက်လို့သွားသည်။ “အိုး၊ ဟုတ်တာပေါ့။ တစ်စုံတစ်တယောက်က အသက်ကြီးလွန်းလို့ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖုံးထားနိုင်စွမ်းတောင်မရှိတော့ဘူးဆိုတော့ သူ့အတွက် မိတ်ကပ်ကအသုံးမဝင်တဲ့အရာဖြစ်သွားပြီပေါ့။”
ကျန်းကျားမင်၏မိခင် အလွန်ဒေါသထွက်ကာ ပြန်ခံပြောတော့သည်။ “နင်က ငါ့ထက်ငါးနှစ်လေးပဲငယ်တာ နင့်မျက်နှာမှာလဲ မကြာခင်အရေးအကြောင်းတွေထွက်လာတော့မှာပဲ!”
“အဲ့တော့ ဘာဖြစ်လဲ? အနည်းဆုံးတော့ အခုချိန် ငါ့မျက်နှာမှာ ဘာအရေးအကြောင်းမှမရှိသေးဘူးလေ။” ကျန်းယွီထုန်၏မိခင်က ဂရုမစိုက်သလိုပြောလိုက်ပေမည့် တကယ်တမ်းဒေါသထွက်နေခဲ့သည်။
ယခုမင်္ဂလာပွဲက ထန်မိသားစု၏မင်္ဂလာပွဲဖြစ်တာကြောင့် ကျန်းကျားမင်၏မိခင် ဘာမှဆက်မပြောတော့ပေ။ ဒီနေရာမှာ သူမပြဿနာမဖြစ်ချင်သေးပေ။
ကျန်းယွီထုန်၏မိခင်နှင့်ယှဉ်လျှင် ကျန်းကျားမင်၏မိခင်တွင် ပိုမိုကောင်းမွန်သည့်စရိုက်လက္ခဏာရှိသည်။
…….
ခန်းမ၏တခြားတစ်ဖက်မှာတော့ ဂုဏ်သရေရှိအမျိုးသမီးတစ်စုသည် အသားအရေထိန်းအလှကုန်များအကြောင်းပြောဆိုဆွေးနွေးလို့နေသည်။
“သတို့သမီး သူ့အသားအရေကိုဘယ်လိုထိန်းလဲတော့မသိဘူး။ ဒါပေမယ့် တကယ်ကိုထိရောက်မှုအရမ်းကောင်းတဲ့အလှကုန်တံဆိပ်တစ်ခုကိုတော့ ငါသိတယ်။”
“တကယ်လား? ဘာတံဆိပ်လဲ?”
“မြန်မြန်လေးပြောကြည့်စမ်းပါ!”
ဤကဲ့သို့သတင်းကောင်းမျိုးကို မသိချင်သည့်အမျိုးသမီးဟူ၍မရှိပေ။
“ခိုကျီလို့ခေါ်တယ်။ မြို့တော်က ကိုလိန်းကုမ္ပဏီကနေထုတ်တာ။ အခုထိ အရမ်းနာမည်မကြီးသေးဘူးဆိုပေမယ့် တော်တော်တော့ကျော်ကြားနေပြီ။ အင်တာနက်ပေါ်မှာ သူ့သတင်းတွေအများကြီးပဲ။ အများစုကတော့ အဲ့တံဆိပ်က အရမ်းဘေးကင်းပြီးထိရောက်မှုလဲရှိတယ်လို့ပြောကြတယ်။”
“ခိုကျီလား? ဘယ်မှာဝယ်လို့ရလဲ?”
“ဈေးဝယ်စင်တာအကြီးကြီးတွေက ခိုကျီကောင်တာမှာရှာကြည့်လို့ရတယ်။ ငါကတော့ Kameiလို့ခေါ်တဲ့အလှပြင်ဆိုင်တစ်ဆိုင်ကနေ ဝယ်ခဲ့တာ။ Kameiရဲ့အဖွဲ့ဝင်တွေက အရမ်းများတယ်၊ နင်တို့ သူတို့ဆီကဝန်ဆောင်မှုကောင်းကောင်းရချင်ရင် နှစ်ရက် သုံးရက်လောက်ကြိုချိန်းရမယ်။ ဟိုကိုကြည့်လိုက်၊ ခရမ်းရောင်ဂါဝန်နဲ့မတ်တပ်ရပ်နေတဲ့အမျိုးသမီးက Kameiရဲ့မန်နေဂျာပဲ။”
တကယ်တော့ အခုဆို Kameiအလှပြင်ဆိုင်နှင့် ခိုကျီတွင် အမာခံပရိသတ်များစွာရှိနေပြီဖြစ်သည်။
အရည်အသွေးမြင့်သည့် ဘရန်းကောင်းတစ်ခုအတွက် ကျော်ကြားမှုရရှိဖို့အရမ်းလွယ်ကူကာ ဝယ်သူများကိုယ်တိုင်ကပင် ကြော်ငြာသူများဖြစ်လာကြသည်။
ဘယ်သူကမှ တီဗီတွေ အင်တာနက်တွေပေါ်က အတုအယောင်ကြော်ငြာများကို မလိုချင်ကြပေ။
“အိုး၊ Kameiရဲ့မန်နေဂျာက ဘယ်လိုလုပ်အဖိတ်ခံရတာလဲ?”
Kamei၏စီးပွားရေးသည် ထန်မိသားစုနှင့်ဘယ်လိုမှမယှဉ်နိုင်တာကြောင့် အမျိုးသမီးများအံ့ဩနေကြသည်။
တကယ်တော့ ယနေ့ပွဲကိုဖိတ်ကြားထားသူတိုင်းသည် အလွန်ချမ်းသာသည့် အာဏာရှိသည့်လူများပင်မဟုတ်ပေ။ တချို့ဆို ထန်ဟွမ်လုပ်ငန်းစု၏ ရာထူးကြီးဝန်ထမ်းများပင်ပါသေးသည်။
ထန်ဟွမ်သည် အလွန်အောင်မြင်သည့်ကုမ္ပဏီတစ်ခုဖြစ်သော်လည်း တခြားဧည့်သည်များ၏အမြင်မှာတော့ ရာထူးကြီးဝန်ထမ်းများသည် သာမာန်လူမျှသာဖြစ်သည်။ ဒါကြောင့် Kamei၏မန်နေဂျာလဲ အဖိတ်ခံရသည်ကိုကြားကာ အမျိုးသမီးများအံ့ဩမိကြပေမည့် လုံးဝမဖြစ်နိုင်သည့်အရာဟုတော့ မထင်ကြပေ။
“Kameiအလှပြင်ဆိုင်ကို ထန်ဟွမ်ကပဲပိုင်တာများလား?”
Kameiသည် လုပ်ငန်းကြီးတစ်ခုမဟုတ်သော်လည်း အဆင့်မြင့်ပစ္စည်းများနှင့် ဝန်ဆောင်မှုပေးနေသည့်ဆိုင်ဖြစ်နေတုန်းပင်။ ထန်ဟွမ်၏အကူအညီနှင့်အထောက်အပံ့သာရှိနေလျှင် Kameiသည် အနာဂါတ်တွင် ထိုနယ်ပယ်၏ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာနိုင်စွမ်းရှိသည်။
“ငါ့တော့မထင်ဘူး။ Kameiရဲ့မန်နေဂျာ ဒါမှမဟုတ် ဘော့စ်ကပဲ ထန်မိသားစုနှင့်ရင်းနှီးမှုတစ်ခုခုရှိတာဖြစ်လောက်မယ်။”
“ဘာပဲဖြစ်ဖြစ်ပါ၊ ငါမနက်ဖြန်သွားဝယ်ကြရမယ်။ တကယ်သာထိရောက်မှုရှိရင် ငါလဲ အဖွဲ့ဝင်လုပ်ရမယ်။”
***
အခန်း ၉၈၅ သတို့သမီးထံ အချစ်ကိုဖွင့်ဟဝန်ခံခြင်း
“ငါလဲအတူလိုက်မယ်!”
အမျိုးသမီးများစွာမှာ စိတ်အားထက်သန်စွာဖြင့် ခိုကျီကိုစမ်းသုံးချင်နေကြသည်။
“ငါ့သူငယ်ချင်းတွေအများကြီးကိုလဲ ဒီအကြောင်းပြောပြဖူးလို့ နင်တို့လဲတစ်ခေါက်လောက်စမ်းကြည့်ပြီးတာနဲ့ လုံးဝကြိုက်သွားမှာအာမခံတယ်။ သူတို့တွေဆိုလဲ အရမ်းကြိုက်နေကြပြီ။”
ခိုကျီသည် ချမ်းသာသည့်အမျိုးသမီးများကြားတွင် အမှန်ကိုနာမည်ကြီးလာခဲ့ပြီဖြစ်သည်။
……..
စင်ပေါ်တွင်တော့ ကုမန့်သည် ထန်ယွင်ဖန်းရှေ့တွင်ရပ်နေကာ အခမ်းအနားမှူးက ကုချင်းယန်ကို ဧည့်သည်များနှင့်စကားပြောဖို့အတွက် မိုက်ခရိုဖုန်းကိုပေးလိုက်သည်။
ဒါက အခမ်းအနား၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်တာကြောင့် ကုချင်းယန်လဲကြိုတင်ပြင်ဆင်ထားခဲ့သည်။
သူက မိုက်ခရိုဖုန်းကိုယူလိုက်ပြီး ထန်ယွင်ဖန်းကိုစကားစပြောသည်။ “ယွင်ဖန်း၊ ငါတို့အဖေ ကွယ်လွန်သွားတာတော်တော်ကြာပြီဆိုတော့ ကုမန့်ရဲ့အစ်ကိုဖြစ်တဲ့ငါကပဲ ငါတို့အဖေကိုယ်စား ဒီမှာရှိနေရတယ်။ ပြီးခဲ့တဲ့၁၉နှစ်အတွင်း ရှောင်မန့်နဲ့နင်းနင်းတို့ အရမ်းခက်ခဲခဲ့ပြီးပြီ။ ရှောင်မန့်က အမေကောင်းတစ်ယောက်ဖြစ်လို့ အခက်အခဲတွေအတွက် တစ်ခါမှမညည်းညူခဲ့ဘူး။ ငါလဲ သူတို့ကိုမကူညီခဲ့တဲ့အတွက် အဖြစ်ရှိသလိုခံစားရပါတယ်။ ဒါပေမယ့် သူတို့ကတော့ ငါ့ကိုအများကြီးအကူအညီပေးခဲ့တယ်။”
အမေကောင်းတစ်ယောက်?
ကုချင်းယန်၏စကားက လူအုပ်ကြီးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။
သတို့သမီးမှာ သမီးတစ်ယောက်ရှိနေတာလား?
ထန်ယွင်ဖန်းပြောသွားတာ သတို့သမီးက သူ့အတွက်နဲ့တစ်ကိုယ်တည်းနေခဲ့တာဆိုတော့ အဲ့ကလေးက သူတို့သမီးလား?
“ဥက္ကဌထန်မှာ သမီးရှိတာလား?”
“သတို့သမီးက ၁၈နှစ်လုံး သူ့ကြောင့်တစ်ကိုယ်တည်းနေခဲ့တယ်လို့ပြောသွားတယ်လေ။ ဒီတော့ အဲ့ကလေးက ဥက္ကဌထန်ရဲ့သမီးပဲဖြစ်မယ်။”
“ငါတော့ မထင်ဘူးနော်။ မိန်းမတစ်ယောက်က ဘယ်လိုလုပ် ၁၈နှစ်လုံးတစ်ကိုယ်တည်းနေနိုင်မှာတဲ့လဲ!”
“ဟုတ်တယ်။ ကောင်မလေးက သတို့သမီးနဲ့တခြားယောက်ျားတစ်ယောက်ရထားတဲ့ ကလေးပဲဖြစ်မယ်။”
“ဒီလိုသာဆို ဥက္ကဌထန်က သတို့သမီးကိုချစ်လွန်းလို့ တခြားလူရဲ့ကလေးကိုတောင် လက်ခံပေးနိုင်တာပေါ့။”
“အဲ့လိုပဲဖြစ်မယ်!”
သူတို့အားလုံး အသံတိုးတိုးဖြင့်ဆွေးနွေးနေတာကြောင့် တခြားလူများက သူတို့စကားကိုမကြားကြပေ။ သို့ပေမည့် ကုနင်းကတော့ သူတို့အနားတွင်ရပ်နေခဲ့တာကြောင့် သေချာကြားနေရလေသည်။
ထိုလူများ ကုမန့်အကြောင်းပြောဆိုနေသည်အားကြားပြီး ကုနင်းစိတ်မကြည်တော့ပေ။
လင်ရှောင်းထင်သည်လဲ အကြားစွမ်းရည်ကောင်းပေမည့် ကုနင်းလို ကျောက်စိမ်းမျက်ဝန်းမရှိတာကြောင့် ထိုအမျိုးသမီးတွေပြောနေသည်ကို သေချာတော့မကြားရပေ။ ကုနင်း၏အမူအရာပြောင်းလဲသွားသည်ကိုသာ သူသတိထားမိကာ ချက်ချင်းပင် သူမလက်ကိုဆုပ်ကိုင်ပေးလိုက်သည်။ “ဘာဖြစ်လို့လဲ?”
ကုနင်း ခေါင်းကိုသာယမ်းကာ ဘာမှမပြောခဲ့ပေ။
ထိုအမျိုးသမီးတွေ ကုမန့်အကြောင်း မဟုတ်တာပြောနေသည်ကို သူမသဘောမကျသော်လည်း အမျိုးသမီးအနည်းစုသည်သာ တစ်ကိုယ်တည်းအထီးကျန်ဆန်စွာနှင့် သူမချစ်ရသည်ကိုသစ္စာရှိရှိ စောင့်ဆိုင်းနေနိုင်သည့်အရည်အချင်းရှိတာက အမှန်ဖြစ်ကြောင်းကိုတော့ လက်ခံမိသည်။
ဘာပဲဖြစ်ဖြစ် အမှန်တရားက မကြာခင်ပေါ်ထွက်လာမှာပဲကို။
……..
“ယွင်ဖန်း၊ မင်း ရှောင်မန့်နဲ့နင်းနင်းကို ကောင်းကောင်းဆက်ဆံမယ်မှန်းသိပတယ်။ ဒါကြောင့် ငါအများကြီးပြောစရာမရှိဘူး။ ဒါပေမယ့် နင်းနင်းရဲ့အကျင့်ကိုတော့ မင်းသိထားသင့်တယ်။ မင်းသာ ရှောင်မန့်ကိုဆိုးဆိုးရွားရွားဆက်ဆံရဲရင် နင်းနင်းက ရှောင်မန့်ကို မင်းဆီကခေါ်ထုတ်သွားလိမ့်မယ်။” ကုချင်းယန် ထိုစကားဖြင့်အဆုံးသတ်လိုက်သည်။ ဒါက ကုနင်း သူ့ကိုပြောခိုင်းထားသည့်အချက်ပင်။
ကုမန့်ကို ထန်ယွင်ဖန်း ဆိုးဆိုးရွားရွားဆက်ဆံမည်မဟုတ်မှန်း ကုနင်းသိသော်လည်း ပြောစရာရှိတာတော့ပြောဖို့လိုသေးသည်။
ထိုစကားကြောင့် ထန်ယွင်ဖန်း စိတ်လှုပ်ရှားပူပန်သွားရသည်။ စင်အောက်မှ ကုနင်းကိုတစ်ချက်လှမ်းကြည့်လိုက်ချိန် ကုနင်းက သူ့ကိုတည့်တည့်ကြည့်နေကာ ရယ်ချင်နေပုံပေါ်တာကြောင့် သူ့စိတ်ဆိုးသွားတော့သည်။ သူ့သမီးက တကယ်ကိုအဆိုးလေးပဲ!
ကုနင်း သူမစကားအတိုင်းအတည်လုပ်မည်မှန်း သူသိနေသော်လည်း သူမကို သူမစကားအားအကောင်အထည်ဖော်ခွင့်ပြုမည်မဟုတ်ပေ။
“မန့်ကို ကျွန်တော့်ဆီကခေါ်ထုတ်သွားဖို့ နင်းနင်းကိုအခွင့်အရေးပေးမှာမဟုတ်ဘူး။ နင်းနင်းကိုယ်တိုင်လဲ ကျွန်တော်တို့မိသားစုနဲ့ သူမအဖေအရင်းဆီက ခွဲထွက်သွားချင်စိတ်မရှိစေရဘူးလို့ ကျွန်တော်ကတိပေးတယ်!” ထန်ယွင်ဖန်းက ယုံကြည်ချက်အပြည့်ဖြင့်ပြန်ပြောလိုက်သည်။
ကုနင်းကတော့ ပျော်ရွှင်စွာရယ်မောနေလေတော့သည်။
ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းမှန်းသိလိုက်ရသည်နှင့် အားလုံးထပ်ပြီးအံ့ဩသွားကြပြန်သည်။
ဒီလောက်နှစ်တွေအများကြီး ကုမန့်တစ်ယောက်တည်းနှင့် သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ ခက်ခဲလိမ့်မည်ဟုလဲ ယုံကြည်နေကြသည်။ ဒါ့အပြင် ကုနင်းသည် ထူးချွန်ထက်မြက်လွန်းစွာ ကြီးပြင်းလာခဲ့လေသည်။
ယခင်ခေတ်ကာလတွင် ကလေးတစ်ယောက်ကို လက်မထပ်ဘဲပျိုးထောင်ခြင်းက လက်မခံကြသည့်ကိစ္စမျိုးဖြစ်တာကြောင့် ကုမန့်၏စိတ်ကတော်တော်လေးခိုင်မာတာကြောင့်သာဖြစ်မည်။
လူတော်တော်များများလဲ ကုမန့်က တကယ်ကိုအမေကောင်းတစ်ယောက်မှန်း လက်ခံသွားကြလေသည်။
“ကြားရတာဝမ်းသာပါတယ်။” ကုချင်းယန် ပြန်ပြောလိုက်ပြီးနောက် မိုက်ကို အခမ်းအနားမှူးထံပေးကာ စင်ပေါ်မှဆင်းသွားတော့သည်။
“လက်စွပ်ယူလာပေးပါ။” အခမ်းအနားမှူးကပြောလိုက်သည်။
ချက်ချင်းပင် ကုနင်းက လက်စွပ်ဘူးကိုကိုင်ကာ စင်ပေါ်သို့တက်လာခဲ့သည်။
သူမကိုမြင်လိုက်သည်နှင့် သူမ၏ဆွဲဆောင်မှုကောင်းလွန်းသည့်အသွင်အပြင်ကြောင့် လူတိုင်းအာရုံစိုက်မိသွားကြတော့သည်။
“ဘုရားရေ! ကုနင်းက သူတို့သမီးပေါ့?”
ရုတ်တရက်ဆိုသလို နင်းနင်းက ကုနင်းဖြစ်နိုင်မှန်း လူတိုင်းသတိထားမိသွားကြတော့သည်။
ကုနင်းက အခုတော့ မိတ်ကပ်လိမ်းထားတာကြောင့် ထန်ယွင်ဖန်းနှင့်အရမ်းမတူနေတော့ပေ။
“မဖြစ်နိုင်တာ!” လူတချို့ကတော့မယုံကြည်နိုင်ကြသေးပေ။
သူတို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ထန်ယွင်ဖန်း၊ ကုမန့်နှင့် ကုနင်းတို့သည် တစ်မိသားစုတည်းဖြစ်သည်က အမှန်တရားသာ။
ကုနင်းက ထန်ယွင်ဖန်းရှေ့တွင်ရပ်လိုက်ကာ ကုမန့်သည်တော့ သူမသမီးကို အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ကြည့်နေလေသည်။
“အခု လူကြီးမင်းထန်က လက်စွပ်နဲ့အတူ သတို့သမီးကို ချစ်ခွင့်ပန်ပေးပါ။”
အခမ်းအနားမှူးကစကားကိုကြားသည်နှင့် ထန်ယွင်ဖန်းက လက်စွပ်ကိုယူလိုက်ကာ ကုမန့်ကိုပြောလိုက်သည်။ “မန့်၊ မင်းအပေါ် ကိုယ်အများကြီးအကြွေးတင်နေမိပြီ။ အပြည့်အဝပြန်ပေးဆပ်ဖို့ကလဲ မဖြစ်နိုင်မှန်းသိပါတယ်။ ဒါကောင့် မင်းရယ် ကိုယ်တို့သမီးရယ်ကို စောင့်ရှောက်ဖို့အခွင့်အရေးတစ်ကြိမ်လောက်ပေး,ပေးပါ။ ကိုယ်မင်းကိုချစ်တယ် မန့်။ ကိုယ့်ကိုလက်ထပ်နိုင်မလား?”
ထို့နောက် ထန်ယွင်ဖန်းက ကုမန့်ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
အရင်ကလဲ ကုမန့်ကိုလက်ထပ်ခွင့်တောင်းထားပြီးသားဖြစ်ပေမည့် သူတို့မင်္ဂလာပွဲမှာလဲ ထပ်လုပ်ချင်မိသေးတာကြောင့်ပင်။
***