အခန်း (၉၈၆-၉၉၀)
Vol. 66 Ch. 986-990
အခန်း ၉၈၆ ကုနင်းအကြောင်း
ကုမန့်သည် ပျော်ရွှင်မျက်ရည်များကြားမှာ ထပ်တလဲလဲခေါင်းညိတ်လက်ခံလိုက်ကာ ထန်ယွင်ဖန်းသည်လဲ ပြုံးရွှင်စွာဖြင့် သူမလက်တွင် လက်စွပ်ကိုဝတ်ဆင်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပဲ ဂုဏ်ပြုလက်ခုပ်သံများဆူညံသွားတော့သည်။
ထို့နောက် ကုမန့်ကလဲ ထန်ယွင်ဖန်းကို လက်စွပ်ပြန်ဝတ်ပေးခဲ့သည်။
ကုနင်းသည်လဲ ယနေ့အခမ်းအနားအတွက် အရေးပါသူဖြစ်တာကြောင့် ချက်ချင်းကြီး စင်အောက်သို့ပြန်ဆင်းမသွားခဲ့ပေ။
ထန်ယွင်ဖန်းက မိုက်ကိုတစ်ဖန်ပြန်ကိုင်လိုက်ကာ ခန်းမထဲမှဧည့်သည်များထံပြောလာခဲ့သည်။ “ဒီနေ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့မင်္ဂလာပွဲနေ့တင်မကဘူး ကျွန်တော့်သမီးနင်းနင်း ကျွန်တော်တို့မိသားစုထဲ တရားဝင်ပြန်ဝင်ရောက်လာတဲ့နေ့လဲဖြစ်ပါတယ်။”
ပြောရင်းဖြင့် ထန်ယွင်ဖန်းက ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ကုနင်းကိုကြည့်လိုက်သည်။
သို့ပေမည့် စင်အောက်မှလူများကတော့ အံ့ဩတုန်လှုပ်သွားကြသည်။ ဘယ်သူမှမတွေးခဲ့ဖူးတာမဟုတ်ပေမယ့် ကိုယ့်အတွေးကိုမယုံထားကြတာကြောင့် တကယ်တမ်း အမှန်ဖြစ်ကြောင်းအတည်ပြုပေးလိုက်ချိန်မှာ မအံ့ဩမိဘဲမနေတော့ပေ။
ထိုသတင်းကိုကြားပြီး ကျန်းယွီထုန်၏အမေ၊ ထန်ကျီယွီနှင့် ထန်ကျီယွီ၏မိခင်တို့ အံ့ဩကာကြောင်အသွားကြတော့သည်။
တကယ်ပဲ ကုနင်းသာ ထန်ယွင်ဖန်းရဲ့သမီးအရင်းဆို ကုနင်းဆီမှလင်ရှောင်းထင်ကို လုယူမည့်အကြံကိုလက်လျှော့ရမည်သာ။ ထန်ယွင်ဖန်းသာ သူတို့အကြံကိုသိသွားခဲ့လျှင် သေချာပေါက်အပြစ်ပေးခံရပေလိမ့်မည်။ ထန်ယွင်ဖန်းဆိုသူက အားနည်းသူမှမဟုတ်နေဘဲ!
ခန်ရှန်းဖေးသည်လဲ ကျိုးကွမ်းယွေ့ကိုတစ်ချက်ကြည့်မိကာ မနာလိုစိတ်ကိုထိန်းချုပ်မရတော့ပေ။
ကြည့်ရတာတော့ ကျိုးကွမ်းမင်နဲ့ကျိုးကွမ်းယွေ့တို့ရဲ့ပြိုင်ပွဲမှာ ကျိုးကွမ်းမင်တော့ လုံးဝရှုံးနိမ့်တော့မယ့်ပုံပဲ။
“အမေ၊ ဒါက…” ထန်ကျီယွီမှာ မယုံနိုင်စွာအံ့အားသင့်နေကာ ထိုခန့်ညားသည့်လူငယ်ကို လက်မလွှတ်ချင်ဖြစ်နေသည်။
“ကျီယွီ၊ သမီးအကြံကိုလက်လျှော့လိုက်တာကောင်းမယ်။ ထန်ယွင်ဖန်းက အမေတို့သွားရှုပ်လို့ရတဲ့လူမဟုတ်ဘူး။” ထန်ကျီယွီ၏အမေက ကြောက်ရွံ့မှုကြားမှသတိပေးလိုက်သည။
ကျန်းယွီထုန်ကတော့ အစကတည်းက လင်ရှောင်းထင်ကိုလုယူဖို့စိတ်ကူးရှိသူမဟုတ်တာကြောင့် ဘာမှမခံစားရသော်လည်း သူမအမေကတော့ အတော်လေးစိတ်ပျက်သွားလေသည်။ သို့သော်လည်း အမှန်တရားကိုတော့ လက်ခံလိုက်ကြစဲပင်။
“မန့်၊ ကိုယ့်ကို အခုလို လှပပြီးထက်မြက်တဲ့သမီးလေးတစ်ယောက်ပေးတဲ့အတွက် ကျေးဇူးပါ။ သူက အသက်ငယ်ငယ်လေးနဲ့ကို အောင်မြင်မှုတွေအများကြီးရနေပြီ။ အဖေဖြစ်တဲ့ကိုယ့်ထက်တောင်ထူးချွန်နေပေမယ့် ကိုယ်ကတော့ ဒီလိုသမီးလေးမျိုးရှိတဲ့အတွက် အရမ်းဂုဏ်ယူမိတယ်။ သူက ကိုယ်တို့အကူအညီလုံးဝမယူဘဲ JadeBeauty၊ Charm၊ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေအများကြီး တည်ထောင်နိုင်ခဲ့တယ်။”
ထန်ယွင်ဖန်းက ကုနင်းသည် ထန်မိသားစုကိုမှီခိုကာ သူမ၏စီးပွားရေးအင်ပါယာကို တည်ထောင်ခဲ့ခြင်းဟု လူတွေထင်သွားတာမျိုးမဖြစ်စေချင်ပေ။
ကုနင်းကတော့ ထိုအကြောင်းနှင့်ပတ်သတ်ပြီး ဂရုစိုက်သူမဟုတ်သော်လည်း ထန်ယွင်ဖန်း၏ကာကွယ်ပေးမှုကြောင့် ရင်ထဲခံစားသွားရသည်။
ကုနင်းသည် ထန်မိသားစုနှင့်ဆက်နွယ်မှုရှိကြောင်း ပေါ်ထွက်သွားသည်နှင့် သူမ၏စွမ်းဆောင်ရည်များဆိုသည်က ထန်မိသားစု၏အကူအညီကြောင့်ဖြစ်ကြောင်း တွေးလာမည့်လူများသေချာပေါက်ရှိလာမည်ဖြစ်သည်။ ကုနင်းနှင့်ယှဉ်လျှင် ထန်မိသားစု၏လွှမ်းမိုးနိုင်စွမ်းသည် သိသိသာသာကို ပိုမိုအားကောင်းကာ လူတွေကလဲ ကုနင်းထက် ထန်မိသားစုအကြောင်းကိုသာ ပိုကြားဖူးကြပေသည်။
ကုနင်းအလွန်ငယ်သေးတာကိုပါထပ်ပေါင်းလိုက်လျှင် သူမကိုယ်ပိုင်ကြိုးစားမှုဖြင့် အောင်မြင်လာခြင်းဟု ယုံကြည်ဖို့ခက်လှသည်။
ဒါကြောင့်လဲ ထန်ယွင်ဖန်းအနေနှင့် ကုနင်းသည်အမှီအခိုကင်းသည့်မိန်းကလေးဖြစ်ကြောင်း သေချာကြေညာပေးဖို့လိုအပ်နေသည်။ တကယ်တော့ ကုနင်းသာ သူမနှင့်သက်တူရွယ်တူများကြားတွင် ထူးချွန်သူဖြစ်မလာခဲ့လျှင် ထန်မိသားစုကလဲ သူမကိုအာရုံထားမိမည်မဟုတ်ပေ။
ထိုသို့ပြောရခြင်းက ရက်စက်ရာကျသော်လည်း အမှန်တရားသာဖြစ်သည်။
ထန်ယွင်ဖန်းကဆက်ပြောလာသည်။ “တကယ်တော့ ထန်မိသားစုထက်တောင်မှ နင်းနင်းမှာပိုများတဲ့အဆက်အသွယ်တွေရှိနေသေးတယ်။”
ထိုစကားကြောင့် လူအများထပ်ပြီးအံ့ဩသွားကြသော်လည်း မကြာလိုက်ပါဘဲ ကုနင်း သူမ၏စီးပွားရေးအင်ပါယာတည်ဆောက်ရာတွင် သူမ၏အဆက်အသွယ်ပေါင်းများစွာရရှိထားခဲ့ကြောင်း သတိရသွားကြသည်။
ရှန်းရှစ်၊ ကျင်းလင်နှင့် ထန်ဟွမ်လို ယွမ်ဘီလီယံရာကျော်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းစုကြီးများတင်မကဘဲ နိုင်ငံအတွင်းရှိ အကြီးဆုံးဂိုဏ်းနှစ်ဂိုဏ်းပိုင်ဆိုင်သော အမြတ်အစွန်းများစွာဝင်သည့် လုပ်ငန်းစုကြီးနှစ်ခုလဲရှိသေးသည်။
ကုနင်းသည် ကီရင်းဂိုဏ်းနှင့်ချင်ဂိုဏ်းတို့မှပိုင်သော လုပ်ငန်းစုကြီးနှစ်ခုနှင့်လဲ ဆက်ဆံရေးကောင်းကြောင်း လူအများကြားဖူးထားကြသည်။ တကယ်တမ်း သူတို့မသိလိုက်သည်က ကုနင်းသည် ဂိုဏ်းခေါင်းဆောင်နှစ်ဦးနှင့်ရင်းနှီးနေတာကိုပင်။
……
ထိုအချိန်မှာပဲ ထန်ဟိုင်ဖုန်းကလဲ စင်ပေါ်သို့လျှောက်လာခဲ့သည်။ “ငါ့မှာလဲ အားလုံးကိုဝေမျှစရာသတင်းတစ်ခုရှိတယ်။ ပြီးခဲ့တဲ့နှစ်သစ်ကူးချိန်တုန်းက ငါထန်မြို့ကိုသွားလည်ဖူးတယ်။ ဒါပေမယ့် လေဆိပ်ကထွက်ထွက်ချင်းပဲ ရုတ်တရက်ကြီးနှလုံးထဖောက်ခဲ့တယ်။ ကံကောင်းလို့ နင်းနင်းကလဲ လေဆိပ်မှာရှိနေပြီး ငါ့အသက်ကိုကယ်ပေးခဲ့တာ။ အဲ့ဒီအချိန်မှာပဲ သူက ယွင်ဖန်းနဲ့အရမ်းဆင်နေမှန်း ငါသတိထားမိသွားတယ်…”
ဆက်လက်ပြီး ထန်ယွင်ဖန်းက သူနှင့်ကုနင်းတို့ဘယ်လိုသိခဲ့ပုံ ဘာတွေဖြစ်ခဲ့ပုံများကို ပြောပြခဲ့သည်။
ပြောရရင်တော့ ကုနင်းသည် ထန်မိသားစုဝင်များနှင့်မတွေ့ရသေးခင်ကတည်းက အောင်မြင်စပြုနေပြီဖြစ်ကြောင်းပင်။ ဒါကပဲ သူမ၏စီးပွားရေးအင်ပါယာကို သူမကိုယ်ပိုင်အရည်အချင်းဖြင့် တည်ထောင်ခဲ့ကြောင်း သက်သေပြနေခဲ့သည်။
***
အခန်း ၉၈၇ ထန်မိသားစု၏အမွေကိုငြင်းပယ်ခြင်း
“နင်းနင်းက အခုမှငါတို့မိသားစုဆီပြန်ရောက်လာပြီး ငါတို့ဘက်က သူ့အပေါ်၁၉နှစ်တာပျက်ကွက်ခဲ့တယ်ဆိုပေမယ့် သူက ငါတို့မိသားစုရဲ့အရေးပါတဲ့မိသားစုဝင်ဖြစ်နေတုန်းပဲ။ ဒါကြောင့် သူကလဲ တခြားမြေးတွေလို ငါတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို တန်းတူအမွေဆက်ခံခွင့်ရှိတယ်!” ထန်ဟိုင်ဖုန်းက ထိုစကားဖြင့်အဆုံးသတ်လိုက်သည်။ နောက်ဆုံးစကားကတော့ သူအဓိကပြောချင်နေသည့်အကြောင်းအရာပင်။
ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းဆိုလျှင်တောင် ထန်မိသားစုဝင်များနှင့်အတူကြီးပြင်းလာသူမဟုတ်တာကြောင့် သူမသည် မိသားစုတွင်အရေးပါသူတစ်ယောက်မဖြစ်လာနိုင်ဟု လူအများထင်ထားကြသည်။
ဒါကြောင့် ထန်ဟိုင်ဖုန်း၏စကားကိုကြားပြီးသည်နှင့် အားလုံးအလွန်အံ့ဩမိကြသည်။ အထူးသဖြင့် ကုနင်းသည် ထန်မိသားစုထဲတွင် အဆင့်မြင့်မြင့်ရှိနေခြင်းပင်။
ကုမန့်သည်လဲ အံ့ဩမိရသည်။
သူမ ထန်မိသားစုထဲလက်ထပ်ဝင်ရောက်ခဲ့ကာ ကုနင်းသည်လဲ ထန်ယွင်ဖန်းသမီးအရင်းဖြစ်သော်လည်း ကုနင်းကို ထန်မိသားစု၏အမွေဆက်ခံခွင့်ပေးဖို့ စိတ်ကူးရှိမနေပေ။ တကယ်တော့ လူအများက သူမတို့ကို ငွေကြောင့်နှင့်ထန်မိသားစုဆီပြန်လာခြင်းဟု ထင်သွားနိုင်တာကြောင့် ကုနင်းကို ထန်မိသားစုအမွေမဆက်ခံစေလိုခြင်းဖြစ်သည်။
ထိုအချိန်မှာပဲ လူများစွာက ထန်မိသားစုဝင်များကိုလှည့်ကြည့်လာကြကာ အထူးသဖြင့် လက်ရှိအမွေဆက်ခံသူများဖြစ်သည့် ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့ကိုပင်။
ထန်ယွင်ဖန်းတွင် သားသမီးမရှိခဲ့တာကြောင့် အနာဂါတ်တွင် ထန်ညီအစ်ကိုကသာ ထန်မိသားစုအမွေကိုဆက်ခံဖို့ဖြစ်ခဲ့သည်။
ထန်ဟွမ်ကို ထန်ယွင်ဖန်းကိုယ်တိုင် တိုးတက်ကြီးပွားအောင်လုပ်ခဲ့သလို တခြားထန်မိသားစုဝင်များတွင်လဲ ရှယ်ယာများစွာရှိထားပြီးဖြစ်ပေမယ့် ဦးဆောင်သူကတော့ ထန်မိသားစုဝင်သာဖြစ်သင့်နေတုန်းပင်။
သို့သော်လည်း အခုတော့ ကုနင်းပေါ်လာခဲ့သလို ထန်ဟိုင်ဖုန်းကပါ သူမသည်လဲ အမွေဆက်ခံခွင့်ရှိသူဟု ကြေညာလိုက်တာကြောင့် သူမတွင်လဲ ထန်မိသားစု၏ပိုင်ဆိုင်မှုများကို ခွဲဝေယူပိုင်ခွင့်ရှိသွားပြီဟု ဆိုလိုသည်။
ကုနင်း၏ယခင်အောင်မြင်မှုများနှင့်သာဆိုလျှင် သူမသည်သာ ထန်ဟွမ်၏ဆက်ခံသူအဖြစ်အရွေးခံရနိုင်ချေများလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထန်ညီအစ်ကိုသည်တော့ သူတို့အခွင့်အရေးကိုဆုံးရှုံးသွားနိုင်သည်။
ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့တော့ ကုနင်းကိုမနာလိုစိတ်ဖြစ်နေကြမည်ဟု လူအများတွေးနေကြစဉ်တွင် ထိုညီအစ်ကိုနှစ်ဦးကတော့ မနာလိုသည့်အမူအရာမျိုးလုံးဝရှိမနေပေ။ ထိုအစား သူတို့က သူတို့အဖိုး၏ဆုံးဖြတ်ချက်အပေါ် ကျေနပ်လို့နေသည်။
ယနေ့လို ထန်မိသားစု၏အဆင့်အတန်းမြင့်မားလာခြင်းက ထန်ယွင်ဖန်းကြောင့်ဖြစ်သလို သူကသာ ထန်ဟွမ်ကိုအောင်မြင်လာအောင် တစ်ကိုယ်တည်းဦးဆောင်ခဲ့သူဖြစ်မှန်း ညီအစ်ကိုနှစ်ဦးလုံးသိကြသည်။ ဒါ့အပြင် ထန်ယွင်ဖန်းနှင့်ထန်ယွင်ဟန်တို့သည် တစ်ဦးနှင့်တစ်ဦးပံ့ပိုးပေးနေကြသည့် ညီအစ်ကိုကောင်းများဖြစ်ကာ သူတို့ကြားတွင် ပဋိပက္ခမှမရှိခဲ့ပေ။
သို့သော် ဘေးလူများကတော့ ထိုသို့မတွေးကြပေ။ သူတို့အားလုံးက ထန်ကျားခိုင်နှင့်ထန်ကျားယန်တို့ ဘာမှမဖြစ်သလိုဟန်ဆောင်နေသည်ဟုသာ ယုံကြည်နေလေသည်။
ထန်မိသားစု၏ကြွယ်ဝမှုသည် ယွမ်ဘီလီယံရာပေါင်းများစွာရှိသည်မဟုတ်လား! ကုနင်းသည် ထန်ဟွမ်၏ဆက်ခံသူမဖြစ်ခဲ့လျှင်တောင်မှ အနည်းဆုံးထန်မိသားစု၏ပိုင်ဆိုင်မှုများထဲမှ ယွမ်ဘီလီယံသုံးဆယ်နီးပါးရနိုင်သေးသည်။
ဒါကတင်မယုံနိုင်စရာပမာဏဖြစ်ပေပြီ!
Bမြို့တွင် လူချမ်းသာပေါင်းများစွာရှိနေသည်ဆိုလျှင်တောင် သာမာန်လူချမ်းသာနှင့် စူပါလူချမ်းသာကြားမှကွာဟချက်မှာ လွန်စွာကြီးမားလှသည်။ ဒါ့အပြင် Bမြို့တွင် သာမာန်လူများလဲ များစွာရှိနေတုန်းပင်။ ယနေ့ပွဲသို့တက်ရောက်သူများကတော့ လူချမ်းသာများထက်မှလူချမ်းသာများသာဖြစ်သည်။
ကုနင်းကတော့ ထန်ဟိုင်ဖုန်း၏ဆုံးဖြတ်ချက်နှင့်ပတ်သတ်ပြီး မအံ့ဩသွားဘဲ ထိုအတွက်ကြိုတင်ပြင်ဆင်မှုပင်လုပ်ထားပြီးဖြစ်သည်။
“အဖိုးရဲ့ ချစ်ခင်မှုနဲ့ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သမီးလဲ အခု ဒီနေရာ အားလုံးရဲ့ရှေ့မှာပဲ တရားဝင်ကြေညာချက်တစ်ခုထုတ်ချင်ပါတယ်။ ကျွန်မ ထန်မိသားစုရဲ့ အမွေဆက်ခံခွင့်ကို လက်လျှော့ပါတယ်။”
ကုနင်း၏စကားဆုံးသည်နှင့် လူတိုင်းကြောင်အသွားကာ မယုံကြည်နိုင်ဖြစ်နေကြသည်။
“မဖြစ်နိုင်တာ! ထန်မိသားစုရဲ့အမွေဆက်ခံနိုင်ခွင့်ကို ငြင်းတယ်တဲ့လား?”
“ယုံစရာမကောင်းလိုက်တာ။”
“အနည်းဆုံးတော့ ယွမ်ဘီလီယံသုံးဆယ်ရနိုင်သေးတာပဲ!”
“ငွေကိုမကြိုက်လို့များလား?”
“အပြင်လူတွေရှေ့မို့ ဟန်ပြလုပ်နေတာပါကွာ။”
လူအများက ကုနင်း၏စကားများနှင့်ပတ်သတ်လို့ ဆွေးနွေးပြောဆိုနေကြတော့သည်။
သို့ပေမည့် ထန်မိသားစုဝင်များသည်တော့ ကုနင်း၏စကားကိုယုံကြည်ကြသည်။ ကုနင်းသည်လဲ ငွေမရှိသည့်လူမဟုတ်မှန်း သူတို့သိထားကြတာပဲ။ ဒါ့အပြင် သူတို့ဘက်ကလဲ ကုနင်းကိုချစ်ခင်ကြောင်းပြလိုတာကြောင့် ကုနင်းကိုအမွေဆက်ခံခွင့်ပေးချင်ကြတုန်းပင်။ သူမယူချင်မယူချင်ကတော့ သူမဆုံးဖြတ်ချက်အတိုင်းသာ။
ကုနင်းသည် လောဘကြီးသူမဟုတ်မှန်း ထန်မိသားစုဝင်များသိထားပြီးကြတာတောင်မှ အခုလို အမွေများကိုငြင်းပယ်လိုက်သည်ကို အံ့ဩနေမိကြသေးသည်။
သို့ပေမည့် ကုမန့်သည်တော့ စိတ်အေးသွားလေသည်။ သူမသည်လဲ ကုနင်းကို လက်မခံလိုက်စေချင်ပေ။
လင်ရှောင်းထင်၊ ကောင်းယိနှင့် ချောင်ယတို့သာ ပုံမှန်အတိုင်းအေးဆေးနေကြခြင်းဖြစ်သည်။
တကယ်တော့ ကုနင်း၏ကုမ္ပဏီများသည် တခြားလူများသိထားသည်ထက်ပင် အမြတ်အစွန်းများစွာရသေးသည်။ သူမကလဲ ဘယ်အရာကိုမဆို သူမကိုယ်တိုင်ကြိုးစားမှုဖြင့် ရရှိပိုင်ဆိုင်လိုသူဖြစ်နေသေးသည်။
ကုနင်းသည် လင်ရှောင်းထင်ကို ကျွမ်းကျင်ရှေ့နေတစ်ယောက်ရှာပေးဖို့ အကူအညီတောင်းထားတာကြောင့် ယနေ့ကုနင်းလုပ်မည့်အစီအစဉ်ကို လင်ရှောင်းထင်သိထားပြီးဖြစ်သည်။ ကုနင်းအတွက် ရှန်းရှစ်မှအမှုဆောင်ရှေ့နေကိုပင် ခေါ်ထားသေးသည်။
ကုနင်း ထန်မိသားစုပိုင်ဆိုင်မှုကိုငြင်းပယ်သည့်အပေါ် လင်ရှောင်းထင်လဲထောက်ခံပေသည်။
တကယ်တော့ လင်ရှောင်းထင်မှာလဲ ထန်မိသားစုနှင့်ရင်းနှီးငွေပမာဏတူညီသည့် လုပ်ငန်းစုတစ်ခုရှိထားပြီးဖြစ်ကာ ကုနင်းသာလိုချင်လျှင် သူ့ပိုင်ဆိုင်မှုများကိုပေးလိုက်ဖို့ ဆန္ဒရှိသည်။ ဒါကြောင့် ကုနင်းအနေနှင့် ထန်မိသားစုစီးပွားရေးကိုယူဖို့မလိုအပ်ပေ။ လင်ရှောင်းထင်တစ်ယောက်တည်းနှင့်တောင် သူမအလိုကိုဖြည့်ဆည်းပေးနိုင်သည်။
ဟောင်ရန်တို့အဖွဲ့သည်လဲ အစပိုင်းမှာအံ့ဩမိသွားကြပေမည့် သိပ်မကြာလိုက်ပါဘဲ ကုနင်းသည်သာမာန်မိန်းကလေးမဟုတ်မှန်း အမှတ်ရသွားကြသည်။ သူမကိုယ်တိုင်ကိုက အရမ်းချမ်းသာနေပြီပဲကို! ဒါတင်မကဘူး။ သူမသည် အခုထိအရမ်းငယ်သေးကာ သူမရှေ့ဆက်အနာဂါတ်က လုံးဝတောက်ပနေဦးမည်။
“တော်တော်များများက ကျွန်မစကားကိုမယုံလောက်မှန်းသိပါတယ်။ ဒါကြောင့် အစောကတည်းက ရှေ့နေတစ်ယောက်ငှားပြီး စာချုပ်ပြင်ဆင်ထားပြီးပါပြီ။ အခုပဲ တစ်ခါတည်းလက်မှတ်ထိုးလိုက်လို့ရပါတယ်။”
***
အခန်း ၉၈၈ အသားတင်ကြွယ်ဝမှု ၁၀ဘီလီယံယွမ်
ကုနင်းသည် ထန်မိသားစု၏ပိုင်ဆိုင်မှုများကို ရယူဖို့ရန် အမှန်တကယ်ကိုရည်ရွယ်ချက်မရှိထားခဲ့ပေ။ သူမက သူမလိုချင်တာမှန်သမျှကို သူမကိုယ်ပိုင်အားဖြင့်သာ တိုက်ခိုက်ရယူလိုသူဖြစ်သည်။ ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်သည်နှင့်အညီသူမလဲ တန်ဖိုးရှိပစ္စည်းများစွာရရှိဦးမှာပင်။ ထိုအရာများအလွန်ဈေးကြီးမနေသ၍ သူမလက်ခံပေးပေမည်။
စင်အောက်မှလူများသည်တော့ ကုနင်းစကားကိုကြားသည်နှင့် လွန်စွာအံ့ဩထိတ်လန့်သွားကြတော့သည်။ သူမက စာချုပ်နဲ့ရှေ့နေတောင်တစ်ခါတည်း ပြင်လာခဲ့တယ်တဲ့လား။
ဘယ်သူမှ သူမကိုထပ်ပြီးအပြစ်မတင်ရဲတော့ပေ။ တကယ်တော့ သူတို့အများစုသည် ကုနင်းကိုမနာလိုဖြစ်နေကြရုံသာပင်။ ဒီလိုမျိုးများပြားလှသည့်ကြွယ်ဝမှုတွေကို သူတို့သာဆိုလျှင်လက်လွှတ်ဖို့မဖြစ်နိုင်ပေ။
ပုံမှန်အားဖြင့် ညီအစ်ကိုမောင်နှမရင်းများအချင်းချင်း အမွေပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုက်တိုက်ခိုက်နေတတ်ကြသည်။ သို့သော်လည်း ထန်မိသားစုဝင်များကတော့ မတူညီပေ။
ထန်မိသားစုသည် ငွေထက်မိသားစုချစ်ခြင်းမေတ္တာကိုပိုတန်ဖိုးထားသူများဖြစ်ကြသည်။ တကယ်လို့များ ကုနင်းက ထန်ဟွမ်ကိုလိုချင်သည်ဆိုလျှင်တောင် သူမမှာသာ လုပ်ငန်းကိုကောင်းမွန်စွာဦးဆောင်နိုင်သည့်အရည်အချင်းရှိနေသ၍ သူတို့အားလုံးသဘောမတူဘဲနေကြမည်မဟုတ်ပေ။ ဒါ့အပြင် ကုနင်းသာဆိုလျှင် လုပ်နိုင်စွမ်းရှိမည်ဟု ယုံကြသေးသည်။
ထန်မိသားစုဝင်များသည်လဲ ကုနင်း၏ဆုံးဖြတ်ချက်ကြောင့် အလွန်အံ့အားသင့်နေမိကြသည်။ သူတို့ဘာလုပ်မည်ကို ကုနင်းကိုတစ်ခါမှထုတ်မပြောခဲ့ဖူးသော်လည်း ကုနင်းကတော့ သူတို့စိတ်ကိုနားလည်ကာ ကြိုတင်ပြင်ဆင်မှုများပင်လုပ်ထားသေးသည်။
ကုနင်းက သူမထန်မိသားစုထဲအနှေးနဲ့အမြန်ဝင်ရတော့မည်မှန်းသိတာကြောင့် သူမအနာဂါတ်အတွက် ပြည့်ပြည့်စုံစုံကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်သည်။
“နင်းနင်း၊ မြေးလေးအဲ့လိုလုပ်ဖို့မလိုပါဘူး။” ထန်ဟိုင်ဖုန်းကပြောလာသည်။
ကုနင်းသည် ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်ကြောင်းကိုတော့ သူသိနေသည်။ ကုနင်းသာ ဆုံးဖြတ်ချက်တစ်ခုချပြီးသွားပါက ဘယ်အရာကမှ သူမစိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မည်မဟုတ်ပေ။
ထန်ဟိုင်ဖုန်းမှာ သူ့မြေးမလေးအတွက် ဂုဏ်ယူမသလို အနည်းငယ်လည်း ဝမ်းနည်းနေမိသည်။
“ဖိုးဖိုး၊ ဖိုးဖိုးက သမီးအကြောင်းကို တခြားလူတွေထက်ပိုသိတာပဲ။ သမီးမှာ သမီးဘာသာငွေအများကြီးရှာနိုင်တဲ့အရည်အချင်းရှိမှန်း သိနေသားပဲကို။ ပြီးတော့ သမီးရဲ့စီးပွားရေးအင်ပါယာကို သမီးကိုယ့်အားကိုယ်ကိုးပြီးပဲ တည်ထောင်ချင်တယ်။” ကုနင်း၏ဆုံးဖြတ်ချက်ကပြတ်သားလှသည်။
တခြားသောထန်မိသားစုဝင်များထက် ကုနင်း၏စီးပွားရေးအကြောင်း ထန်ဟိုင်ဖုန်းက ပိုသိထားသည်မှာအမှန်ပင်။ ကုနင်း၏နာမည်အောက်တွင် JadeBeautyလက်ဝတ်ရတနာ၊ Charmနှင့် ဖုန့်ဟွာဖျော်ဖြေရေးတင်မကဘဲ တခြားကုမ္ပဏီများစွာရှိနေတုန်းပင်။
ကုနင်းသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှင့် ကိုလိန်းဆေးဝါးကိုလဲ ပိုင်သေးသည်။
သူမပိုင်ဆိုင်သည့် ကုမ္ပဏီများထဲတွင် အမြတ်အများဆုံးရသည်ကတော့ ထန်မြို့ရှိ Colorfulကျောက်စိမ်းထုတ်လုပ်ရေးဖြစ်ကာ ထိုလုပ်ငန်းအကြောင်းကိုတော့ သိထားသူအလွန်နည်းပါးလှသည်။
သူမသည် ထန်မြို့ရှိ အကြီးမားဆုံးကျောက်ရိုင်းတင်ပို့သူများထဲမှတစ်ဦးဖြစ်သည့် ဝမ်မိသားစုကိုဖြုတ်ချခဲ့ကာ နေရာယူနိုင်ခဲ့သည်။ Colorfulကျောက်စိမ်းတင်ပို့လုပ်ငန်းတစ်ခုတည်းကတင် အသားတင်၁၀ဘီလီယံယွမ်လောက်ရှိသည်။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည်လဲ အခုဆိုအလွန်ကျော်ကြားနေပြီဖြစ်ကာ အနည်းဆုံးအသားတင်၂ဘီလီယံယွမ်မျှရှိနေလောက်ပေပြီ။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင်ဆိုလဲ ရှေးဟောင်းပစ္စည်းအစစ်များစွာရှိနေကာ ပစ္စည်းတစ်ခုချင်းကပင် ယွမ်သန်းပေါင်းများစွာတန်သည်။ ဒါ့အပြင် ကုနင်း၏ကျောက်စိမ်းများဝန်းထဲတွင်လဲ နောက်ထပ်ရှေးဟောင်းပစ္စည်းအစစ်များစွာရှိနေသေးသည်။
ကိုလိန်းနှင့်ခိုကျီသည်လဲ တဖြည်းဖြည်းအောင်မြင်လာပြီဖြစ်သည်။
တစ်လအတွင်းမှာပဲ ကိုလိန်းသည် ဆေးဝါးလောကတွင် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ကာ အနာဂါတ်မှာဆိုလျှင် ယခုထက်ပိုမြင့်တက်လာဖို့ပင်ရှိသည်။
ခိုကျီဆိုလျှင်လဲ အမျိုးသမီးများကြားတွင် အတော်လေးနာမည်ကြီးနေပြီဖြစ်ကာ အမျိုးသမီးများထံမှငွေရဖို့ကပိုလွယ်တာကြောင့် ခိုကျီ၏အမြတ်သည်အလွန်များပြားလှသည်။
…..
ကုနင်း ကိုလိန်းကိုလွှဲပြောင်းမယူခင်က ၎င်း၏ရင်းနှီးမြှုပ်နှံမှုမှာ ယွမ်သန်းဒါဇင်ကျော်မျှသာဖြစ်သော်လည်း အခုဆို ကုမ္ပဏီကပိုမိုကြီးမားလာကာ ယွမ်သန်းရာကျော်ဖြစ်သွားပေပြီ။
စီးပွားရေးသမားအများစုသည် ကိုလိန်းတွင်ရင်းနှီးမြှုပ်နှံနေလိုသော်လည်း ကုနင်းက သူတို့အဆိုကိုငြင်းပယ်ခဲ့ကာ ပူးပေါင်းလုပ်ဆောင်မှုများကိုသာ လက်ခံပေးမည်ဖြစ်သည်။ ဒါ့အပြင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံကိုလဲ သူမ၏ထိန်းချုပ်မှုအောက်တွင်ပဲ သေချာထိန်းသိမ်းထားမှာဖြစ်သည်။
နဉ်ချန်ခိုင်က တာဝန်ခံဖြစ်ကာ မှော်စွမ်းအင်အကြောင်း ဘယ်သူမှရှာဖွေသိရှိနိုင်မည်မဟုတ်ပေ။
စီးပွားရေးသမားအများစုသည် ထိုသို့တင်းကြပ်သည့်အခြေအနေများကြောင့် စိတ်တိုကြသော်လည်း သူတို့လုပ်နိုင်တာဘာမှရှိမနေပေ။
…….
Charmနှင့်ဖုန့်ဟွာသည် လုပ်ငန်းကြီးများမဖြစ်သေးပေမည့် လျင်မြန်စွာတိုးတက်နေခဲ့သည်။
ဒါကြောင့် ကုနင်းသည် သူမဘာသာငွေများစွာဝင်အောင်ရှာနိုင်မည်ဟု ယုံကြည်ချက်ရှိနေခြင်းပင်။ သူမမှာ ကျောက်စိမ်းမျက်ဝန်းလဲရှိနေသေးသည်။ သူမလိုအသက်အရွယ်တွင် ဘယ်သူကမှသူမလောက်အောင်မြင်မှုရကြမည်မဟုတ်ပေ!
ထန်ဟိုင်ဖုန်းသာ ကုနင်း၏တခြားစီးပွားရေးတွေအကြောင်းပါ သိရှိခဲ့ပါက ယခုထက်ပိုလို့တောင်အံ့ဩမိနေပေလိမ့်မည်။
သို့ပေမည့် ခန်းမထဲမှာလူများသည်တော့ သိချင်စိတ်သာပိုများလာသည်။ ကုနင်းကိုယ်ကုမ္ပဏီဘယ်နှခုတောင်ရှိလောက်မလဲ။
သို့သော်လည်း ထန်မိသားစုသည်သာ အသေးစိတ်ကိုသိနိုင်ပေလိမ့်မည်။
ဟောင်ရန်တို့အဖွဲ့သည်တော့ ကုနင်းသည် လုပ်ငန်းနယ်ပယ်များစွာတွင်ပါဝင်ထားကြောင်း နားလည်နေပေမည့် ကုနင်းက အသေးစိတ်ကိုတော့ မပြောပြထားပေ။ ဒါကပဲ ကုနင်းက သူမလုပ်ငန်းအလုံးစုံကို ချပြလိုစိတ်မရှိသေးကြောင်း ပေါ်လွင်နေသည်။
“သူဘာကိုပြောချင်တာလဲ?”
“မသိဘူး။ ငါတော့သိချင်လာပြီ။”
“သူ့နာမည်နဲ့ကုမ္ပဏီတွေအများကြီးရှိလောက်သေးတယ်။”
“တကယ့်အံ့ဖွယ်ပဲ။”
“ဟုတ်ပါ့။”
“ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်အရမ်းအောင်မြင်နေတာလဲ မယုံနိုင်စရာပဲ!”
လူများစွာက ကုနင်း၏လုပ်ငန်းများအကြောင်းစတင်ပြောဆိုလာကြသည်။
“ဟမ်း… အဖိုးတို့မိသားစုရဲ့မြေးတစ်ယောက်အနေနဲ့ မြေးက မွေးကတည်းက အဖိုးတို့မိသားစုရဲ့ပိုင်ဆိုင်မှုကို အမွေရပိုင်ခွင့်ရှိထားပြီးသားပဲ။” ထန်ဟိုင်ဖုန်းပြန်ပြောလိုက်သည်။
***
အခန်း ၉၈၉ Kameiအလှပြင်ဆိုင်ပိုင်ရှင်
“သမီးသိပါတယ်၊ ဒါပေမယ့် သမီးဆန္ဒအလျောက် လက်လျော့ချင်တုန်းပဲ။” ကုနင်းကလေးနက်စွာပြန်ဖြေလေသည်။ “ဖိုးဖိုး၊ သမီးတစ်ခုလောက်တောင်းဆိုချင်လို့။ သမီးရဲ့ဒီနာမည်ကို ၁၉နှစ်လောက်သုံးလာတာဆိုတော့ မပြောင်းချင်တော့ဘူး။ လက်ရှိနာမည်အတိုင်းပဲဆက်နေချင်တယ်။” သူမ၏လက်ရှိမျိုးရိုးနာမည်နှင့်အသားကျနေပြီဖြစ်ကာ ထန်မျိုးရိုးကိုသဘောမကျပေ။
“သမီးကို ထန်မိသားစုရဲ့မိသားစုစာရင်းထဲထည့်ပေးဖို့မလိုပါဘူး။ ဒါပေမယ့် အမေ့ကိုတော့ထည့်ပေးပါ။ သမီးဒီလိုလုပ်ရတာ အကြောင်းရှိပေမယ့် အခုတော့မပြောပြနိုင်သေးဘူး။”
ထိုစကားကြောင့် ထန်မိသားစုအပါအဝင် လူတိုင်းအံ့ဩမိရပြန်သည်။
ကုနင်း၏လက်ရှိနာမည်ကို ၁၉နှစ်တောင်သုံးလာခဲ့တာကြောင့် နာမည်မပြောင်းချင်တာကို နားလည်ပေးနိုင်သော်လည်း သူမက ထန်မိသားစု၏မိသားစုစာရင်းထဲတောင် မဝင်ချင်ဘူးတဲ့လား။
ဧည့်သည်တွေဘယ်လောက်ပဲသိချင်စိတ်ပြင်းပြနေပေါစေ အပြင်လူများအနေဖြင့် မေးခွန်းထုတ်ဖို့မဖြစ်နိုင်ပေ။
ထန်မိသားစု၏မိသားစုဝင်များကတော့ ကုနင်းအလိုအတိုင်းသဘောတူကြသည်။ ဘာပဲဖြစ်ဖြစ် သူမသည် ထန်ဟိုင်ဖုန်း၏သမီးအရင်းဖြစ်သည့်အမှန်တရားက ပြောင်းလဲသွားမည်မဟုတ်ပေ။
“ဟုတ်ပါပြီ၊ နင်းနင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ အဖိုးတော့ လက်ခံပေးပါမယ်။” ထန်ဟိုင်ဖုန်း စိတ်ပျက်မှုနှင့်အတူသက်ပြင်းချမိသည်။ သူ့မြေးအရင်းက သူတို့မိသားစုစာရင်းထဲမဝင်ချင်သည်က သူ့ကိုအနည်းနှင့်အများတော့ထိခိုက်နာကျင်စေသည်။
ထို့နောက် ကုနင်းက အသစ်စက်စက်ဇနီးမောင်နှံ၏သမီးအနေဖြင့် မိဘများအတွက် စကားပြောပေးသည်။
“အဖေ၊ သမီးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ ပြီးတော့ မြို့တော်တက္ကသိုလ်က သမီးရည်မှန်းချက်ပဲ။ အခုကစပြီး သမီးအဖေတို့နဲ့အတူနေချိန်သိပ်မရှိတော့ဘူး။ ဒါကြောင့် အမေ့ကိုကောင်းကောင်းစောင့်ရှောက်ပေးပါ။ အမေက သမီးအတွက်အမေကောင်းတစ်ယောက်၊ သမီးအတွက်အခက်အခဲတွေအများကြီး ဖြတ်ကျော်ခဲ့ရတယ်။ အဖေသာ အမေ့ကိုကောင်းကောင်းမဆက်ဆံရင် သမီးအမေ့ကိုခေါ်ထုတ်သွားမှာ။”
“အဲ့လိုအခွင့်အရေးမျိုးရလာမှာမဟုတ်ဘူး!” ထန်ဟိုင်ဖုန်းဘက်ကလဲ အလေးအနက်ကတိပြန်ပေးလေသည်။ သူ ကုမန့်ကိုအလွန်ချစ်ကာ သူမအပေါ်ဆိုးဆိုးရွားရွားဆက်ဆံစရာအကြောင်းမရှိပေ။
ထန်မိသားစုမှယောက်ျားသားအားလုံးသည် သူတို့လက်တွဲဖော်အပေါ် သစ္စာစောင့်သိကြသည်။ ထန်ယွင်ဟန်နှင့်ကျန်းလီဟွာတို့သည်လဲ အခုထိချစ်ခင်စဲဇနီးမောင်နှံဖြစ်နေတုန်းပင်။
“ဟုတ်ပါပြီ၊ အဖေ့ကိုယုံပါတယ်။” ကုနင်းပြုံးလိုက်ပြီးနောက် ကုမန့်ဘက်သို့လှည့်လိုက်သည်။ “အမေ၊ အမေလဲ ကိုယ့်ကိုယ်ကိုယ်ရော အဖေ့ကိုပါ ကောင်းကောင်းဂရုစိုက်ရမယ်။ အဖိုးနဲ့ထန်မိသားစုဝင်အားလုံးနဲ့ သမီးရောက အမေတို့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။”
ထန်ယွင်ဖန်းနှင့်အခြားထန်မိသားစုဝင်များ ကုမန့်အပေါ်ကောင်းနေသ၍ ကုနင်းသည်လဲ အားလုံးအပေါ်ပြန်ကောင်းကာ စောင့်ရှောက်ပေးမည်ဖြစ်သည်။
“အမေ့ကိုစိတ်ပူပါနဲ့။”
နောက်ဆက်ပြီး အသစ်စက်စက်ဇနီးမောင်နှံက ထန်ဟိုင်ဖုန်းကို လက်ဖက်ရည်ဆက်သခဲ့သည်။ ပွဲအခမ်းအနား၏နောက်ဆုံးအပိုင်းအနေဖြင့် ကုမန့်က ထန်ဟိုင်ဖုန်းကို အဖေဟုခေါ်ကာ ထန်ဟိုင်ဖုန်းကလဲ ကံကောင်းဖို့အတွက် သူတို့ကိုစာအိတ်နီများပြန်ပေးခဲ့သည်။
ထို့နောက် ထန်မိသားစုဝင်များက သူတို့ပြင်ဆင်ထားသည့်လက်ဆောင်များကို သတို့သမီးအားပေးကြသည်။
အားလုံးက လက်ဆောင်ကောင်းများပြင်ဆင်ထားခဲ့ကာ ကုနင်းကတော့ သူမအမေအတွက်လက်ဆောင်ကိုနောက်ဆုံးအလှည့်မှပေးခဲ့သည်။
သူမက ကျောက်စိမ်းဘူးကိုထုတ်ကာ ကုမန့်ကိုပေးလိုက်သည်။ “အမေ မင်္ဂလာပွဲအတွက်ဂုဏ်ပြုပါတယ်။ ဒါက ကျောက်ပြာရောင်လက်ဝတ်ရတနာအစုံလိုက်၊ ပြီးတော့…”
ပြောရင်းဖြင့် ကုနင်းက ရှေ့နေဘက်ကိုလှမ်းကြည့်လိုက်သည်။ ရှေ့နေက သူမအနားသို့လျှောက်လာကာ ကုနင်းကု စာအိတ်တစ်အိတ်နှင့်ဘောပင်တစ်ချောင်းပေးလေသည်။ ကုနင်းက ထိုအရာများကို ကုမန့်ထံပြန်ပေးကာ ပြောလိုက်သည်။ “အမေ၊ ဒါက ရှယ်ယာလွှဲပြောင်းခြင်းစာချုပ်ပဲ။ အမေလက်မှတ်ထိုးလိုက်တာနဲ့ Kameiအလှပြင်ဆိုင်ရဲ့ပိုင်ရှင်က အမေဖြစ်သွားပြီ။”
ကုမန့်အတွက် ကျောက်ပြာရောင်လက်ဝတ်ရတနာအား ကုမန့်ပေးသည်ဟုကြားချိန်တွင် လူအများက မအံ့ဩမိကြပေ။ ကုနင်းအရမ်းချမ်းသာတာ သိထားပြီးမဟုတ်လား။ သို့သော်လည်း ကုနင်းက Kameiအလှပြင်ဆိုင်ကို ကုမန့်အားပေးသည်ကိုကြားလိုက်ရချိန်တွင်တော့ အားလုံးအလွန်အံ့ဩမိသွားကြသည်။
ဒါ့အပြင် Kameiအလှပြင်ဆိုင်ကို ကုနင်းပိုင်သည်ဆိုသည့်သတင်းကလဲ သူတို့အတွက်အံ့ဩစရာပင်။
ကြည့်ရတာ ကုနင်း၏နာမည်အောက်တွင် လူတွေလုံးဝမသိသေးသည့်ကုမ္ပဏီတွေအများကြီး တကယ်ရှိနေသေးတာပဲ!
ကုနင်း သူမကိုKameiအလှပြင်ဆိုင်ပေးမည်အား ကုမန့်သိထားပြီးဖြစ်တာကြောင့် ပျော်ပျော်ရွှင်ရွှင်ပင် စာချုပ်တွင်လက်မှတ်ထိုးလိုက်သည်။
စင်အောက်မှလူများအတွက်တော့ နောက်ထပ်စကားများစရာအကြောင်းတစ်ခုရသွားပြန်သည်။
“မဖြစ်နိုင်တာ! Kameiအလှပြင်ဆိုင်ကလဲ ကုနင်းပိုင်တာပဲပေါ့!”
“ဘုရားရေ၊ သူက တကယ်ကိုအရည်အချင်းရှိတဲ့စီးပွားရေးသမားပဲ!”
“ငါတော့ ပြောစရာမဲ့နေပြီ။”
“အခု ထန်ကတော်က Kameiရဲ့ပိုင်ရှင်ဖြစ်သွားပြီဆိုမှတော့ ငါတို့လဲ အဖွဲ့ဝင်လုပ်ပြီး ထန်ကတော်နဲ့ဆက်ဆံရေးကောင်းအောင်လုပ်နိုင်ပြီ။”
“အဲ့အကြံကောင်းသားပဲ!”
“ငါလဲလက်ခံတယ်!”
ချမ်းသာသည့်အသိုင်းအဝိုင်းမှဇနီးမယားများသည် ကုမန့်နှင့်ဆက်ဆံရေးကောင်းနိုင်မည့်အခွင့်အရေးကောင်းကို လက်မလွှတ်ကြပေ။ သူမက အခုပဲထန်မိသားစုဝင်ဖြစ်သွားပြီမဟုတ်လား။
ထန်မိသားစု၏လွှမ်းမိုးနိုင်မှုနှင့်ဆိုလျှင် Kameiသည် ချမ်းသာသည့်ဖောက်သည်များကိုပိုမိုဆွဲဆောင်နိုင်ပေတော့မည်။
အခုဆို ကုမန့်သည် Kamei၏ပိုင်ရှင်ဖြစ်သွားပြီဖြစ်၍ ကုနင်းသည်လဲ ထိုသို့ချမ်းသာသည့်ဇနီးများ၊ အဆင့်အတန်းမြင့်အမျိုးသမီးများကို ဆွဲဆောင်နိုင်စေဖို့ရည်ရွယ်ခဲ့ခြင်းပင်။
ဒါကနှစ်ဦးနှစ်ဖက်အဆင်ပြေစေမည့်နည်းလမ်းပင်။
စာချုပ်တွင်လက်မှတ်ထိုးပြီးနောက် ဧည့်ခံပွဲစတင်ကာ လူတိုင်းပျော်ရွှင်နိုင်ပေပြီ။
ကုမန့်သည် ထန်ကတော်ဖြစ်သွားတာတောင် ပုံမှန်အတိုင်း သိမ်မွေ့ကြင်နာတတ်စဲဖြစ်တာကြောင့် လူတိုင်းအမြင်ကောင်းများရှိသွားစေသည်။
အတော်များများက ကုမန့်သည် ထန်မိသားစုနှင့်လက်ထပ်သွားနိုင်၍ မောက်မာသွားမည်ဟုတွေးထားကြသော်လည်း သူတို့အထင်များလွဲနေခဲ့သည်။
တကယ်လဲ မောက်မာသည့်လူများကို ဘယ်သူကမှမကြိုက်ကြဘဲ အကျိုးအမြတ်ကြောင့်သာ ထိုမောက်မာသူများကိုမြှောက်ပင့်နေကြရတာဖြစ်သည်။
ထန်မိသားစုဝင်များသည် သိုသိုသိပ်သိပ်ပင်နေတတ်ကြကာ တခြားလူမျာအပေါ်လဲ ယဉ်ယဉ်ကျေးကျေးသာပြုမူကြသည်။ သူတို့နှင့်မိတ်ဆွေဖြစ်ဖို့မခက်ခဲလှသော်လည်း သူငယ်ချင်းဖြစ်ဖို့ကတော့ ခက်ခဲလှသည်။
“ထန်ကတော် အသက်ဘယ်လောက်ရှိပြီလဲမေးကြည့်လို့ရမလား?” အဆင့်အတန်းမြင့်အမျိုးသမီးတစ်ဦး နောက်ဆုံးသိချင်စိတ်ကိုမထိန်းနိုင်ဘဲ ကုမန့်ကိုမေးလိုက်သည်။
***
အခန်း ၉၉၀ ဧည့်ခံပွဲတွင်
ကုမန့်မှာ ထန်ကတော်ဆိုသည့်ဂုဏ်ပုဒ်ဖြင့် ကျင့်သားမရသေးတာကြောင့် တခြားသူများခေါ်လာသည်ကိုကြားရချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။
“ဒီနှစ် ၃၉နှစ်ရှိပါပြီ။”
တခြားအမျိုးသမီးများ သူမအသက်ကိုဘာကြောင့်သိချင်နေကြမှန်း ကုမန့်နားလည်သည်။
ကုနင်းတောင် ဒီနှစ်ဆို၁၉နှစ်ရှိပြီဖြစ်၍ ကုမန့်သည်လဲ အသက်၄၀နားရှိလောက်ပြီမှန်း သိနေကြပေမည့် တကယ်တမ်း ၃၉နှစ်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် အံ့ဩနေမိစဲပင်။
“တကယ်လား? ရှင့်ပုံစံက အသက်ထက်တောင်ပိုငယ်နေသလိုပဲ။ အသားအရေကို ဘယ်လိုများထိန်းသိမ်းလဲ?”
“၃၉နှစ်တဲ့လား မယုံနိုင်စရာပဲ!”
ချမ်းသာသည့်အမျိုးသမီးများမှာ မယုံနိုင်ဖြစ်လို့နေသည်။
ကုမန့်၏အရွယ်တင်နေပုံက Kameiအလှပြင်ဆိုင် သို့မဟုတ် ခိုကျီကြောင့်ဖြစ်လောက်မှန်း တွေးထားပြီးဖြစ်ပေမည့် ကုမန့်ကိုယ်တိုင်ပြောလာမည်ကို ကြားချင်နေကြသေးသည်။
ကုမန့်သည်လဲ သူမကိုလူတွေချီးကျူးနေသည်အတွက် ပျော်ရွှင်လို့နေသည်။ သူမပြုံးပြလိုက်ကာ၊ “ကျွန်မ ခိုကျီတစ်မျိုးတည်းသုံးတာပါ။ အဲ့ဒါသုံးပြီးနောက်ပိုင်း ကျွန်မအသားအရေက ပိုပိုပြီးကောင်းလာတယ်။”
ကုမန့် တမင်သက်သက်ခိုကျီအကြောင်းကြော်ငြာဝင်နေသည်မဟုတ်ဘဲ အမှန်တရားအတိုင်းသာဖြစ်သည်။ သို့သော်လည်း စိတ်စွမ်းအင်သလင်းကျောက်ပါတွဲသုံးသည့်အကြောင်းကတော့ ကုနင်းကလျှို့ဝှက်ခိုင်းထား၍ မပြောပြခဲ့ပေ။
ကုနင်းက စိတ်စွမ်းအင်သလင်းကျောက်သည် လူတစ်ယောက်၏အသက်ကိုကယ်တင်ဖို့ရာတွင် သုံးပါက ပိုအဓိပ္ပါယ်ရှိတာကြောင့် လူအများအလှအပကြောင့်နှင့် သူမဆီကစိတ်စွမ်းအင်သလင်းကျောက်လာဝယ်ကြမည်မျိုး မဖြစ်လိုပေ။ သူမမှာအခုဆို မှော်စွမ်းအားများစွာရှိနေပြီဆိုလျှင်တောင် ကုန်မသွားနိုင်ပါဟုတော့ မသေချာပေ။ ဒါကြောင့် အဓိပ္ပါယ်ရှိသည့်နေရာမျိုးတွင်သာ အသုံးပြုလိုသည်။
ခိုကျီတစ်ခုတည်းနှင့်ပင် သူတို့ကိုလှပအောင်ပြုလုပ်ပေးဖို့ လုံလောက်နေပြီဖြစ်သည်။ ခိုကျီသည် မှော်စွမ်းအင်သလင်းကျောက်လောက်တော့ အာနိသင်ထိရောက်မှုအားမကောင်းသော်လည်း အသက်အရွယ်ကြီးရင့်မှုကိုလျော့ကျစေဖို့အတွက်တော့ အံ့ဩစရာကောင်းလောက်အောင် ထိရောက်နေတုန်းပင်။
ခိုကျီအကြောင်းကြားရသည်နှင့် အမျိုးသမီးများမှာ စမ်းကြည့်ချင်နေကြတော့သည်။ သူတို့အသက်ကြီးလာတာကိုလက်မခံနိုင်သော်လည်း ငြင်းပယ်၍ရသည့်အရာတော့ဟုတ်မနေပေ။ ကံကောင်းစွာပဲ အခုက အရေးကြီးသည့်ပွဲကိုရောက်နေခြင်းဖြစ်တာကြောင့် ချက်ချင်းထွက်သွားပြီး အပြေးဝယ်လို့မရပေ။
ပါတီက ည၇နာရီလောက်တွင်ပြီးဆုံးမည်ဖြစ်တာကြောင့် ညတွင်းချင်းပဲ ခိုကျီကိုသွားဝယ်ဖို့စိတ်ကူးထားကာ ကြိုတင်စိတ်လှုပ်ရှားနေတော့သည်။
……..
“ဘော့စ်!” ဟောင်ရန်နှင့်ဖန်းကျီရွေ့တို့အဖွဲ့ ကုနင်းအနားသို့လျှောက်လာရင်းခေါ်လိုက်ကြသည်။
ကုနင်းကို ဘော့စ်ဟုခေါ်နေသည်အား အပြန်အလှန်ကြားလိုက်ပြီးနောက် ဖန်းကျီရွေ့နှင့်ဟောင်ရန်တို့ ကြောင်အသွားလေသည်။
“နင်တို့ကိုမိတ်ဆက်ပေးမယ်။ သူက ဖန်းကျီရွေ့ ငါတို့Bမြို့မှာဆုံကြတာ။ ဒီဘက်ကတော့ သူ့သူငယ်ချင်းတွေ ကွမ်းပင်၊ ကျိုးကွမ်းယွေ့၊ ဟူဟောက်၊ ကျိုးရုန်ခမ်း။”
ထို့နောက် ကုနင်းက ဖန်းကျီရွေ့ဘက်လှည့်လိုက်ကာ၊ “သူတို့ကတော့ ငါ့ကျောင်းကသူငယ်ချင်းကောင်းတွေ။ ဟောင်ရန်၊ မုခယ်၊ ချူးဖေ့ဟန်၊ ချင်ကျီရွှမ်း၊ ယွီမီရှီ၊ စုအန်းယာနဲ့ ကျန်းထန်ပင်းလို့ခေါ်တယ်။”
အားလုံးအချင်းချင်းနှုတ်ဆက်လိုက်ကြကာ တစ်ဖွဲ့လိုက်စကားပြောဖြစ်သွားကြသည်။
………
တုယွီကျန်းသည်တော့ ခပ်လှမ်းလှမ်းတွင်ရပ်လို့နေကာ သူတို့အဖွဲ့ကိုကြည့်ပြီး မနာလိုဖြစ်နေခဲ့သည်။ သူလဲ ကုနင်း၏သူငယ်ချင်းဖြစ်ဖို့မျှော်လင့်နေသည်။
ခဏအကြာမှာတော့ ဖန်းကျီရွေ့၏မိဘများနှင့်သူ့အစ်ကိုတို့ ကုနင်းဆီသို့ရောက်လာခဲ့သည်။
ဖန်းကျီရွေ့၏အစ်ကိုသည် လုံးဝနီးပါးပြန်ကောင်းနေပြီဖြစ်ကာ ကိုယ့်ဘာသာလှုပ်ရှားသွားလာနိုင်နေပြီဖြစ်တာကြောင့် Bမြို့ဆေးပညာနယ်ပယ်ကို ထိတ်လန့်သွားစေခဲ့သည်။
ဆရာဝန်များကို ဆေးဖော်မြူလာအားဖော်ထုတ်ဖို့မဖြစ်နိုင်ကြောင်းပြောထားဖို့ ဖန်းကျီရွေ့ကို ကုင်းပြောထားတာတောင်မှ ဆရာဝန်များ လက်မလျှော့သွားခဲ့ကြပေ။
ဆေးဝါးကျွမ်းကျင်သူများစွာကတော့ ဘာကြောင့်ဒီလောက်ဆေးစွမ်းထက်နေလဲရှာဖွေဖို့ကြိုးစားခဲ့ကြပေမည့် ကျရှုံးခဲ့ရမြဲသာ။
“မိန်းကလေးကု၊ မင်းက သခင်လေးထန်ရဲ့သမီးအရင်းမှန်းသိလိုက်ရတော့ ငါအရမ်းအံ့ဩသွားတာ။” ဖန်းကျီရွေ့၏အဖေကစကားစလာသည်။
“ဘာမှမပြောင်းလဲသွားပါဘူး။ နဂိုကျွန်မပဲဖြစ်နေတုန်းပါ။” ကုနင်းပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ ထန်မိသားစု၏လွှမ်းမိုးနိုင်စွမ်းအကူအညီဖြင့် အကျိုးအမြတ်ယူဖို့စိတ်ကူးရှိမထားပေ။
တကယ်တော့ သူမစီးပွားရေးလုပ်ရာတွင် လူများစွာ၏အာရုံစိုက်မှုမရှိပါက ပိုအဆင်ပြေတာကြောင့် ထိုအကြောင်းလျှို့ဝှက်၍ပင်ထားချင်ခဲ့သည်။ သို့သော်လည်း သူမသာလျှို့ဝှက်ထားပါက ထန်ဟိုင်ဖုန်းနှင့်ထန်ယွင်ဖန်းတို့ စိတ်ပျက်သွားမိကြမည်ဖြစ်တာကြောင့် သူမလဲ မီဒီယာတွင်ဖော်ပြခြင်းမပြုရန်တားမြစ်ချက်တစ်ခုနှင့် သဘောတူခဲ့ရသည်။ လက်ရှိသူမ၏ကျော်ကြားမှုအရဆိုလျှင် မီဒီယာတွင် သူမအကြောင်းပါသွားသည်နှင့် အချိန်တိုအတွင်းအားလုံးသိသွားနိုင်သည်။
ထန်မိသားစုသည် အလွန်ချမ်းသာသည့်မိသားစုဖြစ်တာကြောင့် ထန်မိသားစုမှကျင်းပသည့်ပွဲများတွင် ပုံမှန်အားဖြင့် မီဒီယာများကိုပါ ဖိတ်ထားလေ့ရှိသည်။
ကုနင်းကတော့ သူမနောက်ခံကိုတတ်နိုင်သမျှလူနည်းနည်းသာသိစေလိုသည်။
ကုနင်း အာရုံစိုက်မခံချင်မှန်း ထန်ဟိုင်ဖုန်းနားလည်တာကြောင့် သူ့မြေးအလိုကျအတိုင်းသာ လက်ခံပေးခဲ့လေသည်။
…….
“ဟ-ဟ၊ ဟုတ်တာပေါ့။” ဖန်းကျီရွေ့၏ဖခင်ကတော့ ရယ်မောလိုက်ကာ ကုနင်း၏ယုံကြည်ချက်ခိုင်မာမှုအပေါ် သဘောကျသွားသည်။ “မင်းကိုအစောကတည်းက လာနှုတ်ဆက်မလို့ဘဲ၊ မင်းအရမ်းအလုပ်ရှုပ်နေတာနဲ့မလာတော့တာ။ အခုမှပဲကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်ခွင့်ရတော့တယ်!”
ကုနင်းသည် ဖန်းကျီရွေ့အစ်ကို၏အသက်ကိုကယ်တင်ပေးခဲ့သည်ပဲ။
“မိန်းကလေးကု၊ ငါ့ကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်!” ဖန်းကျီရွေ့၏အစ်ကိုကိုယ်တိုင်က ကျေးဇူးတင်စကားပြောလာသည်။
“ဖန်းကျီရွေ့က ကျွန်မသူငယ်ချင်းပဲကို၊ ရှင့်ကိုကူညီခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ ဒါအရေးကြီးကိစ္စမဟုတ်ပါဘူး။ ဆက်မပြောနေပါနဲ့တော့။”
“ဟုတ်ပါပြီ၊ မိန်းကလေးကု တစ်နေ့နေ့ ငါတို့အကူအညီလိုလာရင် အချိန်မရွေးသာပြောလိုက်ပါ။” ဖန်းကျီရွေ့၏ဖခင်က ပြောလိုက်သည်။ ကုနင်းသည် အနာဂါတ်ရောက်လေ သူ့အကူအညီကိုပိုမလိုတော့လေဖြစ်လောက်မှန်း ဖန်းကျီရွေ့အဖေနားလည်နေပေမည့် ကုနင်းဘက်က သူ့ရပ်တည်ပေးမည်ဆိုသည့်သဘောထားကိုပြသလိုက်သည်။
ကုနင်းပြုံးရွှင်စွာဖြင့် ဖန်းမိသားစုနှင့်စကားပြောနေသည်အား တခြားလူများမြင်ကြတာကြောင့် သူမနှင့်ဖန်းမိသားစု၏ဆက်ဆံရေးကောင်းမွန်မှန်း သိလိုက်ကြသည်။
ယနေ့ပွဲသို့ဖိတ်ကြားခံရသူများသည် ထန်မိသားစုနှင့်ခိုင်မာသည့်ဆက်ဆံရေးမျိုးရှိထားကြသော်လည်း အများစုသည် အကျိုးအမြတ်အတွက်သာဖြစ်ကြသည်။ ဒါကြောင့် ဖန်းမိသားစုသည် ဖန်းကျီရွေ့ကြောင့် ကုနင်းနှင့်ရင်းနှီးကြောင်းသိရချိန်တွင် မနာလိုစိတ်များမဝင်မိဘဲမနေကြပေ။
ဖန်းမိသားစုသည်လဲ ကုနင်းကိုအကြာကြီးဆွဲမထားဘဲ မကြာခင်မှာပဲထွက်သွားကြသည်။