← Chapters

အပိုင်း (၄၆၆)

Vol. 32 Ch. 466

အပိုင်း (၄၆၆)

Vol. 32 Ch. 466

“ဘာကြီး”

ချီလင်းသည် တုန်လှုပ်သွားမိ၏။ သူ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူ၏လက်ချောင်းများတွင် ရှိနေသည့် သိုလှောင်လက်စွပ်များသည် ကျွတ်ကာဖြင့် အပြင်ဘက်သို့ လွင့်စင်သွား၏။

ပြီးနောက် ထာဝရ ဟူသည့် စာတမ်းအပြင် များပြားလှသည့် တောင်တန်းများ၊ မြစ်ချောင်းများ၊ ရေကန်များ၊ ငှက်များ၊ သားရဲရိုင်းများ၊ ပိုးမွှားများ၊ ငါးများ စသည့် ပုံပန်းသွင်ပြင်များကို ရေးထိုးထားခဲ့သည့် ကြေးရောင်စည်းတစ်ခုသည် ၎င်း၏ နဖူးစပ်ဆီမှ ပျံသန်းကာ ထွက်ခွာလာသည်။

ဤတော်၀င်စည်းကြီးသည် ထာ၀ရမြို့၏ မြို့တော်၀န်ဆိုသည့်အရာပင် ဖြစ်လေ၏။ ဤ စည်းကို ဆုံးရှုံးသွားခြင်းမှာ ချီလင်းတစ်ယောက် ထာဝရမြို့ကို ဆုံးရှုံးသွားသည် ဆိုသော အဓိပ္ပာယ်ပင် ဖြစ်၏။ သူသည် ထာဝရမြို့တော်၀န် မဟုတ်တော့ချေ။

“စီနီယာ” ချီလင်းသည် လုံး၀ကြောက်ရွံ့သွားခဲ့၏။

ထာ၀ရမြို့ဆိုသည်မှာ သာမန်မဟုတ်ချေ။ သူကိုယ်တိုင် သေသေချာချာတည်ဆောက်ထားခဲ့သည့် အင်အားစု တစ်ခုဖြစ်ပြီး သူ၏ ဦးဆောင်မှုနှင့် အတူ ကပ်ဘေးပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး ယနေအချိန်ထိ ကျန်ရစ်ခဲ့သော မြို့တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် မည်သည့် ခံစားချက်မှ မရှိဟု ပြောလျှင် မည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ထာဝရမြို့ကို ဆုံးရှုံးလိုက်ရခြင်းသည် သူ၏ နှလုံးသွေး မြေကျခြင်းပင် ဖြစ်သည်။

“ခင်ဗျားအနေနဲ့ အရာအားလုံးကို ကျော်ဖြတ်သွားချင်တယ်ဆိုရင် အရာအားလုံးကိုလည်း ပေးဆပ်ရမယ်လေ။ ဒါ ခင်ဗျား ပေးရမဲ့တန်ကြေးပဲ။” လီယွင်သည် တီးတိုးပြောဆိုလိုက်၏။ သူ၏ အသံသည် ထူးမခြားနားသကဲ့သို့ ပင် မည်သည့်ခံစားချက်မှမရှိဘဲ အေးစက်လျက် ရှိနေ၏။ ထိုစကားသံသည် ကြားရသည့်လူအပေါင်းတို့၏ ရိုးတွင်းခြင်ဆီများကိုပင ်အေးခဲသွားစေနိုင်၏။

ချီလင်းသည် အံကိုကြိတ်လိုက်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးတွင် မမျှော်လင့်ထားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ ထာ၀ရမြို့အား အခြားသော တစ်စုံတစ်ယောက်ကို ပေးအပ်လိုက်ရသည် ဆိုပါက သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်ချိုးဖျက်ပြီးနောက် ထိုလူဆီမှ ပြန်လည်ကာ လုယူရန် ယုံကြည်ချက် ရှိသေး၏။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင်ကို ပေးအပ်လိုက်ခြင်း ဆိုသည်မှာ အလုံးစုံပေးအပ်လိုက်ခြင်း ဖြစ်၏။ မြို့ကို စီနီယာနန်းဆောင်သခင်အား ပေးအပ်လိုက်ရပြီ ဖြစ်ကြောင်း သူ နားလည်လက်ခံရပေမည်။ ပြန်လည် လုယူရန်လည်း မဖြစ်နိုင်ချေ။

အင်မော်တယ်လက်နက်များ၊ သူ၏ လွှမ်းမိုးနိုင်မှုများ၊ သူ၏စိတ်ထဲတွင်ရှိနေသည့် နည်းစနစ်များ အားလုံးတို့ကိုပင်လျှင် လီယွင်က ယူဆောင်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ချီလင်း ပိုင်ဆိုင်သည့် အရာအားလုံးတို့ သည် လီယွင်၏ လက်ထဲသို့ရောက်ရှိ သွားခဲ့သည်ဟု ပြောဆိုရပေလိမ့်မည်။

“ပြီးတော့ ဒါခင်ဗျားရဲ့ကံကြမ္မာပဲ “

လီယွင်ကပါးစပ်ကိုအသာဟကာ ပြောဆိုလိုက်သည်။ “စနစ် ချီလင်းရဲ့ နတ်ဘုရားဝိညာဉ်ကို ဒီလောကကြီးနဲ့ပေါင်းစပ်လိုက်”

[ဒင်….

ကောင်းကင်လျှို့ဝှက်အမှတ် ဆယ့်ရှစ်သန်းကို နှုတ်ယူလိုက်၏။ ချီလင်း၏ နတ်ဘုရားဝိညာဉ်ကို ဤ လောကကြီး နှင့် အပြည့်အ၀ ပေါင်းစပ်လိုက်ပါပြီ]

ထိုစကားစု ထွက်ပေါ်လာပြီးနောက် ရွှေရောင်အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ရွှေရောင် အလင်းတန်း များသည် ကောင်းကင်ယံဆီမှ တောင်ပံကြီးများကဲ့သို့ပင် ဖြစ်တည်လာခဲ့ပြီး မိုင်သန်းနှင့် ချီသည့် အကွာအဝေး ကိုလွှမ်းခြုံသွား၏။ ကျယ်ပြောလှသည့် နေရာကြီးထဲတွင် ကောင်းကင်တာအို၏ တေးသံသာများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းဘက်မှာတော့ ချီလင်း၏ ရောင်စဉ်ရောင်ဝါ အလင်းတန်းများသည် တာအို၏ ချိန်းကြိုးများကဲ့သို့ ဖြစ်တည်ကာ လေဟာနယ်ပတ်၀န်းကျင်တစ်ခုလုံးကို ထိုးခွင်းသွားခဲ့၏။

သူသည် ကောင်းကင်ယံဆီမှ ဆင်းသက်လာခဲ့သည့် နတ်ဘုရင်တစ်ပါး ကဲ့သို့ပင်။ သူ၏ အော်ရာသီးသန့် နှင့်ပင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် မည်သို့မျှခုခံနိုင်ခြင်း မရှိသလို တုန်ရင်နေသည်။

“ရွှမ်းရွှမ်းရွှမ်း”

အရာအားလုံးသည် အချိန်မရွေး ပျက်စီးသွားမည့် အခြေနေမျိုးဖြစ်သလို အရာအားလုံးသည် အသစ်ပြန်လည် ဖြစ်ပေါ်နိုင်သည့် အရှိန်အဝါမျိုးလည်း ဖြစ်တည်နေ၏။ တကယ့်ကို ဆန်းကြယ်ပြီး အံ့အားသင့်စရာ ကောင်းလှ၏။

“ဒါ …. ဒါက “

ယန်ရှိုသည် အနောက်ဆီသို့တစ်လှမ်းချင်း ဆုတ်လိုက်၏။ သူ၏ ဘဝတစ်သက်တာလုံးတွင် ဤကဲ့သို့ မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ချေ။ ချီလင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသည့် အချိန်၌ ကောင်းကင်မူလ လောကကြီးတစ်ခုလုံး နှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ပင်။

၄င်းသည် ပြိုင်စံရှားလှပါသည်ဆိုသော အစစ်အမှန်အင်မော်တယ်များနှင့်ရင်ဆိုင်ရသည်ထက် ပိုမိုကာ ကြောက်ဖို့ ကောင်းလှ၏။ စီနီယာနန်းဆောင်ပြောဆိုခဲ့သည့် စကားလုံးအဓိပ္ပာယ်သည် ဘာကို ရည်ညွှန်းသနည်း။ ကောင်းကင်တာအိုသည် ဘာမှမဟုတ်ဟု သုံးသပ်၍ ရနေပြီလား။ ကောင်းကင်တာအိုသည် တစ်စုံတစ်ယောက်နှင့် ပေါင်းစပ်၍ရသည်ဟု ပြောဆိုခဲ့၏။ လက်ရှိ ထိုခြေလှမ်းသို့ တက်လှမ်းနိုင်သည် ဆိုပါက လောကကြီးတစ်ခုလုံး၌ ပြိုင်ဘက်ကင်းလူတစ်ယောက်အဖြစ် ဖြစ်တည်လာနိုင်သည်မဟုတ်ပါလား။

ယန်ရှိုသည ်ချီလင်းနှင့် စီနီယာတို့ ပြောဆိုသည့် စကားလုံးတစ်ခုစီတိုင်းကို ကြားရှိပြီးဖြစ်၏။ လက်ရှိအခြေနေမှာ တော့ သူသည် ထိုအရာကိုတားဆီးရန် မဖြစ်နိုင်ချေ။ ထို့အတူ သူလည်း ထိုကဲ့သို့ ပြုလုပ်ရန် တွေးတောနေမိ၏။ ဥပမာအားဖြင့် ခရမ်းရောင်နက်နဲ လောကကြီး၏ ကောင်းကင်တာအို ၊ သူသည်သာ ထိုအရာနှင့် ပေါင်းစပ်နိုင် မည်ဆိုပါက လောကကြီးတစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပေမည်။

ထိုအချိန်ဆိုလျှင် တခြားသော ကြောက်မက်ဖွယ်ရာကောင်းသည့် လောကများ ရောက်ရှိလာမည်ဆိုလျှင်တောင်မှ သူ ကြောက်လန့်ရမည် မဟုတ်ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ ရေတွက်၍မရအောင် များပြားသော တာအို၏ သင်္ကေတများသည် ပင့်ကူမျှင်များကဲ့သို့ပင်လိမ်ယှက်လျက်ရှိနေ၏။ တည်နေရာတစ်ခုလုံးကိုလည်း ဖုံးလွှမ်းနေ ခဲ့၏။

သို့ပေမဲ့ ထိုအခြေအနေသည် ကြာကြာမခံခဲ့ချေ။ လီယွင် လက်ကို အသာယမ်းခါလိုက်ချိန်မှာတော့ ချက်ချင်းပဲ ထိုအရာများက ပျောက်ကွယ်သွားခဲ့သည်။

ယန်ရှိုသည် မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်မိ၏။ ဖြစ်စဉ်သည် တိုတောင်းလွန်းလှချေ၏။ သူ့အနေနှင့် နားလည်ရန် ကြိုးစားဖို့ အချိန်ပင် မရှိခဲ့ချေ။ နည်းနည်းလေးသာ ကြာမြင့်မည်ဆိုပါက သူသည် သူတော်စင် အလယ်အလတ်အဆင့်သို့ပင် ချိုးဖျက်သွားနိုင်၏။

“ထတော့” လီယွင်က အသာအော်ဟစ်လိုက်၏။

ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ မနီးမဝေးတွင် ရှိနေသည့် ချီလင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်အတွင်းဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ စိမ့်ထွက်လာခဲ့၏။ ထိုအော်ရာများ အားလုံးသည် လောကကြီး တစ်ခုလုံးကို ဖျက်ဆီးလုနီးပါးပင်။ ၎င်း၏ ခြေထောက်အောက်တွင် တာအို၏ သင်္ကေတများ ပေါ်ပေါက်လာပြီး တာအို၏ တေးသံသာများလည်း ပဲ့တင်ထပ် ထင်ပေါ်လာသည်။

ကြည့်ရသည်မှာ ထာဝရဖြစ်တည်ခြင်းကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် အင်မော်တယ်ဘုရင် တစ်ပါးကဲ့သို့ပင်။ မတ်တပ်ရပ်နေရုံနှင့်ပင် ၎င်းဆီမှ ထွက်ပေါ်နေသည့် အင်မော်တယ်၏ စိတ်ဆန္ဒများသည် ခေတ်အဆက်ဆက် ဆီမှ ထိုးထွင်းကာ ရောက်ရှိလာသကဲ့သို့ပင်။ ၎င်း၏အရှေ့၌ တာအိုပင်လျှင် အညံ့ခံရပေမည်။ ကောင်းကင်နှင့် မြေပြင်၏ နိယာမများ သည် ၎င်း၏ စိတ်ဆန္ဒအတိုင်း လိုက်နာရပေလိမ့်မည်။

“ဒီလူ”

ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ချီလင်းကို အသာလှမ်းကြည့်ပြီးသည့်နောက် ချက်ချင်းပဲ အကြည့်ကို ဖယ်ရှားလိုက်၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ယခင်ချီလင်းနှင့် ကွာခြားလျက် ရှိနေသည်ကို သူက သတိပြုမိ၏။ ယခင်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် တော်တော်ကြီး ပြောင်းလဲသွားခဲ့၏။ သို့ပေမဲ့ ဘာမှန်း သေသေချာချာ မသိနိုင်ချေ။ ယခင်ကထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းလှသည် ဆိုသည်မှာတော့ သေချာလှ၏။

ယခင် ချီလင်းသည် အားကောင်းလှသည်ဆိုသော်လည်း လက်ရှိ ချီလင်းမှာတော့ သက်ရှိသတ္တဝါများ အားလုံးထက် ပိုမိုကာ ထူးဆန်းလှသည့် အော်ရာမျိုးကို ပေးစွမ်းနေ၏။ ခေါင်းအစ၊ ခြေအဆုံး မည်သည့် အသက်ဓာတ်မှ မရှိသလို ဟန်ပန်အမူအရာမျိုးလည်း ထွက်ပေါ်နေခဲ့သည်။ ယခင်ကကဲ့သို့ ဆိုးရွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ မထွက်ပေါ်တော့ချေ။ သို့ပေမဲ့ ချီလင်းသည် ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် နတ်ဘုရား အသိဝိညာဉ်တော့ ပါမလာခဲ့ပုံပေါ်၏။ ခံစားချက်ကင်းမဲ့လျက် ရှိနေပြီး မည်သည့် အတွေး၊ မည်သည့် ခံစားချက်မှ မရှိသကဲ့သို့ပင်။

“ဂါရဝပြုပါတယ် စီနီယာ” ချီလင်းက ဦးညွတ်လိုက်၏။ သူ၏ အသံသည် ရေခဲကဲ့သို့ပင် အေးစက်လျက် ရှိနေပြီး မည်သည့် ခံစားချက်မှ မရှိလှချေ။

“အခု ဘယ်လို ခံစားရလဲ” လီယွင်သည် ထိုင်ခုံဆီသို့ အသာလျှောက်သွားပြီးသည့်နောက် ထိုင်ချလိုက်လေ၏။ ရေနွေးခွက်ကို ကောက်ယူကာ ငုံလိုက်၏။

“အသက်ဓာတ်တွေ ယုတ်လျော့နေတဲ့ အန္တရာယ် လုံးဝ မရှိတော့ပါဘူး” ချီလင်းက ပြောဆိုလိုက်၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် တကယ်ပင် တည်ငြိမ်လျက် ရှိနေပြီး အခြေခံ စိတ်ခံစားချက် တစ်ခုတစ်လေမှ မရှိတော့ပုံပေါ်သည်။

“ခင်ဗျား ကြည့်ရတာ တကယ့်ကို ကောင်းမွန်တဲ့ အစပြုမှုပဲ” လီယွင်သည် ရေနွေးခွက်ကို အသာချကာ ပြောလိုက် ၏။

ကောင်းကင်တာအိုနှင့် ပေါင်းစပ်ခြင်း ဆိုသည်မှာ တစ်ညအတွင်း ပြုလုပ်၍ ရသည့်အရာမျိုး မဟုတ်ချေ။ ချီလင်း သည် ကောင်းကင်တာအိုနှင့် ပေါင်းစပ်သည့် စဦးအဆင့်သာလျှင် ရှိနေသေး၏။ သို့ပေမဲ့ ထိုသို့ ဖြစ်နေသေးသည် ဆိုလျှင်တောင်မှ ကောင်းကင်တာအို၏ ပြောရေးဆိုခွင့်ကို ရနေပြီဖြစ်၏။ ၎င်း၏ ဂုဏ်သိက္ခာသည် ကောင်းကင်မူလ လောကကြီး ဖျက်ဆီးမခံရသ၍ ကျိန်းသေပေါက် အသက်အန္တရာယ် စိုးရိမ်စရာ ရှိတော့မည် မဟုတ်ချေ။

“ခင်ဗျား ရည်ရွယ်ရာကို ရခဲ့ပြီ။ ဘာမှ မရှိဘူးဆိုရင် အခု ထွက်သွားလို့ရပြီ” လီယွင်သည် အသာလက်ကို ယမ်းခါ လိုက်သည်။

“ကောင်းပါပြီ” ချီလင်းသည် ဦးညွတ်ပြီးသည့်နောက် လှည့်ကာ ထွက်ခွာသွားခဲ့၏။ ထွက်ခွာသွားသည့် အချိန်မှာပဲ ယန်ရှိုကို စူးစူးစိုက်စိုက်နှင့် ကြည့်လိုက်၏။

ထိုအကြည့်သည် လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက် ယန်ရှိုဆီသို့ ရောက်ရှိလာခဲ့၏။ ယန်ရှိုသည် တကယ်ပင် ရုတ်တရက် ကြောင်အသွားမိ၏။ သူသိရသည်မှာ တစ်ဖက်လူသည် စောဏတုန်းကနှင့် အလုံးစုံ ခြားနားသွားခဲ့ပြီ ဖြစ်ကြောင်းပင်။

All Chapters