← Chapters

အပိုင်း (၄၆၇)

Vol. 32 Ch. 467

အပိုင်း (၄၆၇)

Vol. 32 Ch. 467

“ဒီလူ” ယန်ရှိုသည် မတ်တပ်ရပ်နေရာမှ အသာရွေ့ကာဖြင့် လမ်းဖယ်လိုက်၏။ ချီလင်း ကြောက်စရာ ကောင်းလွန်းသည်ဟု သူ က ခံစားမိသည်။ ချီလင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ ပျောက်ကွယ်သွားပြီးမှ သာလျှင် ယန်ရှိုသည် ပြန်လည်ကာ သတိဝင်လာခဲ့၏။

“စီနီယာ”

ယန်ရှိုက မေးမြန်းလိုက်သည် “စီနီယာချီလင်းက ဘယ်လိုဖြစ်ပြီး ထူးဆန်းသွားရတာလဲ”

“ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားတဲ့ လူတစ်ယောက်က သာမန်လူတွေနဲ့ ခြားနားသွားတယ်ဆိုတာ သဘာဝပဲ” လီယွင်က မှတ်ချက်ပြုလိုက်၏။

“ဒါဆို စီနီယာ ဆိုလိုတာက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်ရဲ့ အားအင် အဆင့်က ကြီးကြီးမားမား တိုးတက်သွားသလို သူ့ရဲ့ ကိုယ်နှုတ်အမူအရာတွေ အကုန်လုံးကလည်း ပြောင်းလဲ သွားခဲ့တာလား” ယန်ရှိုသည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။

မူလအားဖြင့် ချီလင်းသည် ပြောရဆိုရ လွယ်ကူလှသည့် လူတစ်ယောက် မဟုတ်ချေ။ တစ်ဖက်လူကို သူချီးကျူး လိုက်သည်နှင့်တပြိုင်နက် သူ့ကို တစ်ခါတည်း သတ်ဖြတ်ချင်သည့်စိတ်များ ထုတ်ဖော်ပြသခဲ့သည့် လူမျိုးပင်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တည့်တိုးဆန်လှပြီး ပွင့်လင်းသည့် စိတ်နေသဘောထားများကို ပိုင်ဆိုင်သွားသည့်ပုံပင်။ မည်သည့် ဒေါသတရားမှရှိသည့်ပုံ မပေါ်တော့ချေ။ အားအင်အဆင့် တိုးတက်သွားခဲ့သလို အမူအရာနှင့် အရှိန်အဝါများကလည်း တိုးတက်သွားခဲ့၏။

သို့ပေမဲ့ ချီလင်း ထွက်ခွာသွားပြီးသည့်နောက် ချီလင်း၏ အကြည့်များအကြောင်း ယန်ရှိုက တွေးမိသည့် အချိန်မှာတော့ နည်းနည်း ထူးဆန်းသလို ခံစားနေမိ၏။ တစ်ဖက်လူ၏ မျက်လုံးများသည် ထူးမခြားနားလှချေ။ မည်သည့် စိတ်ဆန္ဒမှ မရှိသလို မည်သည့် စိတ်ခံစားချက်မှလည်း ပေါ်ပေါက်မနေခဲ့ချေ။ ထိုအရာသည် တည်ငြိမ်လျက် ရှိနေသည့် ရေပြင်ကျယ်ကြီး တစ်ခုကဲ့သို့ပင်။ ချီလင်းသည် ယခင်တုန်းကလို အချိန်မရွေး ရိရွဲကာ ပျက်စီးသွားနိုင်သည့် သစ်သားအိုကြီး တစ်ခုကဲ့သို့ မဟုတ်တော့ချေ။

ချီလင်းသည် အရာအားလုံးကို ကိုယ်စားပြုလျက် ရှိနေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းချုပ်ဖြစ်သော သူ့ကို မဆိုနှင့် သူတို့၏ ဘိုးဘေးကြီးပင်လျှင် ချီလင်း၏အောက်၌ ဝံ့ကြွားရပေလိမ့်မည်။ ချီလင်းသည် အစပိုင်းတုန်းက သူ့အား ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင် သတ်မှတ်ခဲ့၏။ ယခု ကြည့်ရသည်မှာ လေကဲ့သို့ပင် သတ်မှတ် သွားသည့်ပုံပေါ်သည်။ ပုရွက်ဆိတ်ကမှ အကောင်အထည် ရှိနေသေးသည်။

ဤကဲ့သို့သော ပြောင်းလဲမှုသည် ယန်ရှိုကို ဇဝေဇဝါ ဖြစ်စေခဲ့၏။ လက်ရှိအချိန်မှာတော့ ချီလင်း ဘာတွေ ဖြစ်နေသည်ကို သူက သေသေချာချာ မသိရှိတော့ပေ။

“အင်း… ဒီလို ပြောင်းလဲမှုတွေဆိုတာက‌ ရှောင်လွှဲလို့ မရဘူးလေ”

လီယွင်က အသာပြောလိုက်၏။ “တစ်စုံတစ်ခုကို အရယူဖို့အတွက် အရင်ဆုံး ပေးရတယ်လေ။ အပေးအယူပဲ ရှိတယ်။ ပေးပြီးမှ ယူလို့ရတယ်။ ဒီနိယာမကို ခင်ဗျား နားလည်တယ် မဟုတ်လား”

“နားလည်ပါတယ် စီနီယာ”

ယန်ရှိုသည် ဇဝေဇဝါဖြင့် ဖြစ်မိနေ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ ကိုယ်ကျင့်အမူအရာ ပြောင်းလဲသွားခြင်း ဆိုသည်မှာ ခြားနားလို့ နေခဲ့၏။ ချီလင်း၏ အခြေအနေသည် တကယ့်ကို ခြားနားနေ၏။ အချိန်တိုအတွင်းမှာ မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

သန်းနှင့်ချီသည့် သမိုင်းမှတ်တမ်းများကို ပြန်လည်ကာ ကြည့်ရှုလိုက်မည်ဆိုလျှင် ထိုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပေါ်လာသည်ကို မတွေ့ကြုံခဲ့ဖူးချေ။ သို့ပေမဲ့ စီနီယာနန်းဆောင်သခင်ကို သူက ယုံကြည်မှုရှိ၏။ စီနီယာ နန်းဆောင်သခင်သည် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

“ကိုယ်ပိုင်ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးရဲ့ ကောင်းကင်တာအိုဆိုတာ ခင်ဗျား မြင်ဖူးလား” လီယွင်သည် ယန်ရှို၏ သံသယများကို မြင်ရ၏။ ထို့ကြောင့်ပင်လျှင် စိတ်မရှည်သလို မေးမြန်းလိုက်မိ၏။

“အင်း.. ဟုတ်တော့လည်း ဟုတ်တယ်” ယန်ရှိုသည် ကြောင်အအဖြင့် ခေါင်းညိတ်လိုက်မိ၏။ ကောင်းကင်တာအို သည်သာ ပုဂ္ဂလိက ခံစားချက်များ တည်ရှိနေသည်ဆိုပါက‌ ကောင်းကင်တာအိုဖြစ်လိမ့်မည် မဟုတ်ချေ။ သက်ရှိသတ္တဝါတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်တာအိုသည် ပုဂ္ဂလိက ကြိုက်နှစ်သက်ခြင်း၊ မကြိုက်နှစ်သက်ခြင်း တည်ရှိနေသည် ဆိုပါက တခြားသောသူများကို မျက်နှာသာ ပေးတော့မည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် လောကကြီးတစ်ခုလုံးသည်လည်း ရှုပ်ထွေးသွားပေလိမ့်မည်။

“စီနီယာ ဆိုလိုတာ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ခံစားချက်ခုနှစ်မျိုးနဲ့ အလိုဆန္ဒခြောက်မျိုးတို့ကို စွန့်လွှတ်ရမှာပေါ့” ယန်ရှိုသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်၏။ ထို့ကြောင့် မေးမြန်းလိုက်မိသည်။

“အမှန်ပဲ” လီယွင်က ခေါင်းညိတ်လိုက်၏။

“စီနီယာချီလင်းကို ပိုင်ဆိုင်တဲ့အရာအားလုံး ပေးအပ်ရမယ်လို့ ပြောခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ” ယန်ရှိုသည် အနည်းငယ် နားလည်သွားမိ၏။ ခံစားချက်များကို ဆုံးရှုံးခဲ့သည်ဖြစ်သောကြောင့် ထာဝရမြို့ကို ဆုံးရှုံးခြင်း ဆိုသည်မှာ ဘာမှ မဟုတ်ချေ။

“ဒါနဲ့ စီနီယာ.. ချီလင်းရဲ့ အားအင်အဆင့်က အခု ဘယ်လောက်လဲ”

လိုရင်းကို ပြောရမည်ဆိုလျှင် ယန်ရှို အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အဘယ်ကြောင့် လာရသည်ဆိုသည့်အကြောင်းကို မမေ့လျော့ခဲ့ချေ။ ထို့အပြင် အပြင်လောကကြီးထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုး ဖြစ်တည်နေသည် မဟုတ်ပါလား။

ကောင်းကင်မူလလောကကြီးဘက်မှ တစ်စုံတစ်ယောက်က ရပ်တည်ပေးခြင်း မရှိဘူးဆိုပါက ကောင်းကင်မူလ လောကကြီးသည် အဆုံးသတ်ဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ ချီလင်း၏ အားအင်အဆင့်သည့် ကြီးကြီးမားမား တိုးတက်သွားခဲ့သည် ဖြစ်သောကြောင့် ကောင်းကင်မူလလောကကြီး၏ ဝှက်ဖဲတစ်ခုအဖြစ် သုံးသပ်၍ ရနေပြီ ဖြစ်သည်။ ချီလင်းသည်သာ ကူညီချင်စိတ် ရှိသည်ဆိုပါက မြေအင်မော်တယ်လောကကြီးအသည် ကျိန်းသေပေါက် ဒုက္ခများပေလိမ့်မည်။

“ချီလင်းလား”

လီယွင်သည် ခဏလောက် စဉ်းစားကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “သူက ကောင်းကင် တာအိုရဲ့အောက်မှာရှိတဲ့ နံပါတ်တစ်လို့ ပြောရမယ်”

ချီလင်း၏ လက်ရှိ အားအင်အဆင့်သည် ကျိန်းသေပေါက် အင်မော်တယ် အများအပြား ဝိုင်းဝန်းတိုက်ခိုက်ရမည့် အခြေအနေမျိုးကို ရောက်နေ၏။ ၎င်းသည်သာ ကောင်းကင်တာအို၏ နိယာမများနှင့် အဆုံးစွန်ထိ ပေါင်းစပ်ခဲ့မည်ဆိုပါက အစစ်အမှန် အင်မော်တယ်များ ဝိုင်းတိုက်လျှင်တောင် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီး၏ တည်နေရာထဲတွင် တိုက်ခိုက်မည်ဆိုပါက ၎င်းသည် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချီလင်းသည် ကောင်းကင်မူလလောကကြီး၏ စိတ်ဆန္ဒကို ကိုယ်စားပြုသူ ဖြစ်နေသောကြောင့်ပင်

“ကောင်းကင်တာအိုရဲ့အောက်က နံပါတ်တစ်” ယန်ရှိုသည် စိတ်လှုပ်ရှားသလို ဖြစ်လာ၏။ သူသည် လက်များကို ပွတ်သပ်ပြီးသည့်နောက် စိတ်အားတက်ကြွလာမိ၏။ ချီလင်းသည် အစောကြီးကတည်းက ခန့်မှန်း၍မရအောင် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု သူက သတ်မှတ်မိ၏။ သို့ပေမဲ့ ဤကဲ့သို့သော အဆင့်မျိုးကို ရောက်ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ချီလင်းသာ ရှိသည်ဆိုပါက အရာအားလုံးသည် တည်ငြိမ်သွားလိမ့်မည်ဟု ယန်ရှိုက ယုံကြည်ထားမိ၏။ ပြင်ပမှ တခြား ပေါင်းစပ်ထားခဲ့သည့် အန္တရာယ်များ မရှိသည်ဆိုပါက ကျိန်းသေပေါက် လုံခြုံသည့် အခြေအနေတစ်ခု ဖန်တီးနိုင်မှာ သေချာ၏။ ထို့ကြောင့် သူသည် လီယွင်ဆီသို့ အသာချဉ်းကပ်ကာ တီးတိုး မေးမြန်းလိုက်၏။

“စီနီယာ.. ကျုပ်ရော ကောင်းကင်တာအိုနဲ့ ပေါင်းစပ်နိုင်တယ်လို့ ထင်လား။ ခရမ်းရောင်နက်နဲလောကရဲ့ ကောင်းကင်တာအိုလိုမျိုးပေါ့။ ကြည့်ရတာ နည်းနည်းတော့ အံဝင်ခွင်ကျ ရှိသလိုပဲ။ ကျုပ်လည်း အရာအားလုံးကို ပေးဆပ်ဖို့ စိတ်ဆန္ဒရှိပါတယ်”

“ခင်ဗျားလား”

လီယွင်သည် ယန်ရှိုကို လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက် အကြည့်ကို ပြန်လည်ရုတ်သိမ်းကာ ရယ်မောလိုက်၏။ “ခင်ဗျားက ဘာတွေကို ပေးဆပ်ဖို့ တွေးနေတာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ချီလင်းနဲ့ တူညီတယ်လို့ ထင်နေတာလား”

“ဒါက”

ယန်ရှိုသည် အနည်းငယ် ကြောင်တောင်တောင် ခံစားနေမိ၏။ သူ့အနေနှင့် ရွေးချယ်ခွင့် မရှိဘဲ ဝန်ခံလိုက်ရသည်။ “ဂျူနီယာက ချီလင်းနဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူးဆိုပေမဲ့ ဒီဂျူနီယာက စီနီယာအပေါ်မှာထားတဲ့ လေးစားမှုနဲ့ ချီးကျူးမှုတွေကတော့ အဆုံးမဲ့ မြစ်ကြီးတစ်စင်းလိုပဲ …………..”

“မြှောက်ပင့်စရာ မလိုပါဘူး”

လီယွင်သည် လက်ကို အသာမြှောက်ပြီးသည့်နောက် ယန်ရှိုပြောဆိုနေသည့် စကားများကို တားဆီးလိုက်၏။ ပြီးနောက် သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ခြင်းဆိုတာ ခင်ဗျားထင်သလိုမျိုး လွယ်ကူတဲ့ အကြောင်းအရာ မဟုတ်ဘူး။ ခံစားချက် ခုနှစ်မျိုးနဲ့ အလိုဆန္ဒ ခြောက်မျိုး ဆိုတာ လွယ်လွယ်ကူကူနဲ့ ပေးအပ်လိုက်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ ခင်ဗျားသာ ဂရုမစိုက်ဘူးဆိုရင် ကောင်းကင်တာအိုနဲ့ ပေါင်းစပ်မှုက ကျရှုံးသွားနိုင်တယ်”

“ဒါမှမဟုတ် ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်လည်း ဖြစ်သွားနိုင်တယ်။ ဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့ တိကျ ခိုင်မာတဲ့ စိတ်ဆန္ဒကို ပိုင်ဆိုင်ဖို့လိုတယ်။ ဒါတွေသာ အကုန်လုံး လိုအပ်နေတယ်ဆိုရင် အောင်မြင်မှု မရနိုင်ဘူး”

ထိုကဲ့သို့သော စိတ်ဆန္ဒများ၏ လိုအပ်မှုဆိုသည်မှာ ယန်ရှိုအတွက်တော့ မဖြစ်နိုင်သည့် အကြောင်းအရာမျိုးပင် ဖြစ်လေ၏။ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသူ တစ်ယောက်အနေနှင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် များပြားလှသည့် ဖြတ်လမ်းများကို လိုက်ခဲ့၏။ စီနီယာအစ်ကိုကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် အတွင်းစိတ် မိစ္ဆာဆိုးကို ရင်ဆိုင်ခဲ့ရသည့် လူတစ်ယောက်အနေဖြင့် ကောင်းကင်တာအိုနှင့် မည်ကဲ့သို့ ပေါင်းစပ်မည်နည်း။

“ဪ ဒီလိုကိုး”

ယန်ရှိုသည် ရုတ်တရက် နားလည်သွားမိ၏။ သူသည် ခြောက်ကပ်ကပ် ရယ်မောပြီးသည့်နောက် သူ၏ အတွေးများကို ဖြတ်တောက်လိုက်၏။ စကားလမ်းကြောင်းကို ပြောင်းပြီးသည့်နောက် သူက မေးမြန်းလိုက်၏။ “စီနီယာ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ တကယ်တမ်း ခံစားချက် ခုနှစ်မျိုးနဲ့ အလိုဆန္ဒ ခြောက်မျိုးကို ဆုံးရှုံးခဲ့ရတာပေါ့။ ဒါဆိုရင် ချီလင်းက ကောင်းကင်မူလလောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေရဲ့ အသက်ရှင်ခြင်း၊ သေခြင်းကို လျစ်လျှူရှုနိုင်တယ် မဟုတ်ဘူးလား”

ကောင်းကင်မူလလောကကြီးထဲတွင် ရှိသည့် တချို့သော ကျင့်ကြံခြင်းများသည် ခံစားချက် ခုနှစ်မျိုးနှင့် အလိုဆန္ဒ ခြောက်မျိုးကို စွန့်ပစ်ရခြင်းများရှိသည်။ ထိုကဲ့သို့သော နည်းစနစ်များကို ကျင့်ကြံခဲ့သည့် ကျင့်ကြံသူများသည် တခြားသောသူများနှင့် ခြားနားကြပြီး ၎င်းတို့ ဉာဏ်အလင်း ရရှိရန်အတွက် ဆွေမျိုးများကို သတ်ဖြတ်ရန်လိုပါက သတ်ဖြတ်ခဲ့ကြ၏။ တခြားသော လူများ၏ အသက်ကို မည်သို့မှ ဂရုစိုက်ကြသည့် လူများ မဟုတ်ကြချေ။

“အင်း.. ဒီမေးခွန်းက တကယ့်ကို ကောင်းတယ်”

လီယွင်က အသာရယ်မောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ဆီမှာ ခင်ဗျားကို ပေးဖို့အတွက် သတင်းအချက်အလက် အလကားတစ်ခု ရှိတယ်။ ထာဝရမြို့ - အချက်အလက်အားဖြင့် ကောင်းကင်မူလလောကကြီးက မပိုင်ဆိုင်ဘူး။ ဒါက တခြားလောကကနေ ရောက်ရှိလာတဲ့ အရာပဲ”

All Chapters