အပိုင်း (၄၆၈)
Vol. 32 Ch. 468
“တခြားလောက ဟုတ်လား” ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဖြူလျော်သွားခဲ့၏။ သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားပြီး သူ့ဆီသို့ ရောက်ရှိလာသည့် လှိုင်းကြီး၏ ဖိအားဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသကဲ့သို့ပင်။ စောဏတုန်းက ဖြစ်တည်ခဲ့သည့် သူ၏ စိတ်လှုပ်ရှားမှုများသည် ပိုမိုကာ ပြင်းထန်လာခဲ့၏။
ကောင်းကင်မူလလောကကြီးထဲမှ မဟုတ်သည့် လူတစ်ယောက်။ ထိုလူသည် ကောင်းကင်တာအိုနှင့် ပေါင်းစပ်ခဲ့ပြီး ဖြစ်၏။ ဤအရာသည် ကောင်းချီးလား သို့မဟုတ် ကျိန်စာလား။ မည်သူမှ သေသေချာချာ ပြောပြနိုင်လိမ့်မည် မဟုတ်ချေ။ ရှေ့တံခါးမှ ဝံပုလွေများ ဝင်ရောက်လာသည့် အချိန်တွင် နောက်တံခါးမှ ကျားရဲများ ဝင်ရောက် လာသကဲ့သို့ သူ့အား ခံစားမိစေသည်။
“အဲလောက်ကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ် အရင်တုန်းက ပြောခဲ့ပြီးသားလေ။ ဒီလူက ကောင်းကင်မူလ လောကကြီးရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပေးနိုင်မယ့်သူပဲ။ ပုံမှန်အားဖြင့် သူက လုပ်စရာရှိတာ သူ့ဘာသာ လုပ်ပါလိမ့်မယ်။”
လီယွင်သည် အသာရယ်မောကာဖြင့် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကောင်းကင်မူလလောကကြီး တည်ရှိခြင်း၊ မတည်ရှိခြင်းက သူ့အပေါ်မှာ မူတည်နေတယ်လေ။ ဒါပေမဲ့ ကောင်းကင်တာအိုနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်ပြီးတဲ့နောက်မှာ သူက ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်မလား။ ကောင်းကင်တာအိုက သူ့ကို ထိန်းချုပ်သွားမလား ဆိုတာကလည်း ရှိသေးတယ်”
ချီလင်းသည် ကောင်းကင်တာအို၏ ရုပ်သေးတစ်ယောက် ဖြစ်လာသည် ဆိုပါက ၎င်း၏ သိစိတ်အားလုံး ဆုံးရှုံး သွားမည်ဖြစ်ပြီး လက်ကျန်ဘဝတစ်ခုလုံး အသုံးချခံအဖြစ် ဖြစ်သွားပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်တာအိုနှင့် အောင်အောင်မြင်မြင် ပေါင်းစပ်သွားနိုင်ပြီး ကောင်းကင်တာအိုကို ပြန်လည် ထိန်းချုပ်နိုင်သည်ဆိုပါက ..... အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကိစ္စများကို သေသေချာချာ မသိချေ။ ခန့်မှန်း၍ ရနိုင်သည့် အရာ မဟုတ်သောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် စနစ်သည် ကောင်းကင်တာအိုနှင့် စဦးပေါင်းစပ်ပြီးသည့်နောက် ချီလင်း၏ အခြေအနေကို သာလျှင် ထောက်ပံ့ပေးခဲ့သောကြောင့်ပင်။ ထပ်မံကာ သိရှိချင်သည်ဆိုပါက သူ့အနေနှင့် စနစ်ကို မေးမြန်းရန် လိုအပ်၏။ ခံစားချက် ခုနှစ်မျိုးနှင့် အလိုဆန္ဒ ခြောက်မျိုး မရှိတော့ဘူး ဆိုလျှင်တောင်မှ လူတစ်ယောက်၏ အတွင်းစိတ်ဆန္ဒက တည်ရှိနေနိုင်သေးသည် မဟုတ်ပါလား။
၎င်းတည်ရှိသည် ဟူသော အခြေခံ စိတ်ဆန္ဒကိုသာ ပိုင်ဆိုင်ထားသည်ဆိုပါက ကောင်းကင်မူလလောကကြီး ဖျက်ဆီးခံရမှုကို ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ်လောကဆီမှ သက်ရှိ သတ္တဝါများ လာရောက် ဖျက်ဆီးမည်ကို မည်သို့မှ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ ပြန်လည်ကာ တိုက်ခိုက်မှာ သေချာ၏။
“စီနီယာရဲ့ စွမ်းအင်အရဆိုရင် စီနီယာက နောက်ဆုံးရလဒ်ကို သိရှိပြီး ဖြစ်လိမ့်မယ်။ ဟုတ်တယ်မလား” ယန်ရှိုသည် မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်သည်။
“ခင်ဗျား ဘယ်လိုထင်လို့လဲ”
လီယွင်က ပြန်လည်ကာ မေးမြန်းလိုက်၏။ စနစ်ဆီမှ စုံစမ်းစစ်ဆေးရန် ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်အမှတ်များ ကုန်ကျမည်ဖြစ်၏။ လက်ရှိအချိန် သူ့၌ အပိုသုံးဖြုန်းရန်အတွက် ကောင်းကင် လျှို့ဝှက်အမှတ်များ မရှိချေ။ ထို့ကြောင့် ထိုအရာများကို မဖြုန်းတီးချင်ပေ။
“စီနီယာ”
ယန်ရှိုက တိတ်ဆိတ်ငြိမ်သက်သွား၏။ စီနီယာ၏ စကားအရဆိုလျှင် စီနီယာအနေနှင့် ပိုက်ဆံပေးသည် ဆိုပါက ကျိန်းသေပေါက် ပြောပြမှာဖြစ်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် သာမန် သတင်းအချက်အလက်များကို တတ်နိုင်သည် ဆိုသော်လည်း ကောင်းကင်တာအိုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းသည့် အချိန်မှာတော့ လုံးဝတတ်နိုင်လိမ့်မည် မဟုတ်ချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို ရောင်းချမည်ဆိုလျှင်တောင်မှ တတ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူက သိရှိ၏။
“စီနီယာ … ကောင်းကင်မူလလောကထဲမှာ သက်ရှိသတ္တဝါတွေ အများကြီး ရှိတယ်လေ။ တကယ့်ကို အထင်ကရ စစ်ပွဲကြီးသာ ဖြစ်ပွားလာမယ်ဆိုရင် ကြီးမားတဲ့ ကပ်ဘေးကြီးက ရှောင်လို့ရမှာ မဟုတ်ဘူး။ တခြားလောကမှာ ရှိတဲ့ လူတစ်ယောက်အပေါ်ကို မျှော်လင့်ချက်တွေ ပုံအပ်ထားဖို့ဆိုတာ သင့်တော်တဲ့ကိစ္စ မဟုတ်ပါဘူး။ တခြားနည်းလမ်း ရှိသေးလား။ ဥပမာအားဖြင့် ကျုပ်ရဲ့ အားအင်အဆင့်ကို ပိုပြီးတိုးတက်အောင် ခဏတာ ပြုလုပ်တာမျိုး။ ပြောရမယ်ဆိုရင် ဖန်းဟန်ကို ပြုလုပ်ခဲ့တဲ့ နည်းလမ်းမျိုးပေါ့” ယန်ရှိုသည် ခဏလောက် စဉ်းစားကာဖြင့် ပြောဆိုလိုက်သည်။
ချီလင်းသည် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်သည်ဆိုသော်လည်း အရေးအကြောင်း အခြေအနေမျိုးတွင် သူ၏ ကိုယ်ပိုင်အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်၏။ အနည်းဆုံး အနေနှင့် အသက်ရှင်သန်နိုင်ရန် အခွင့်အရေး ပိုများပေလိမ့်မည်။
“မသင့်တော်တာ ဟုတ်လား”
လီယွင်က အသာရယ်မောလိုက်မိ၏။ ချီလင်း ကောင်းကင်တာအိုနှင့် ပေါင်းစပ်သွားခြင်းသည် မသင့်တော်သည့် အကြောင်းအရာဟုသာ ဆုံးဖြတ်ခဲ့ပါက သင့်တော်သည့် ကိစ္စဟူ၍ ရှိတော့မည်ပင် သူမထင်ချေ။
“ခင်ဗျားက ဘယ်လိုလူမျိုးလဲ ယန်ရှို။ ကောင်းကင်မူလလောကကြီးက အစစ်အမှန် အန္တရာယ်ထဲ ကျရောက်နေတယ်ဆိုတာ ကျုပ်သိတယ်။ တကယ်တမ်း ဖြစ်လာပြီဆိုရင် ခင်ဗျားက အရင်ဆုံး ပြေးမှာ မဟုတ်ဘူးလား။ ခင်ဗျားကို ဖန်းဟန်လို လုပ်ဖို့ဆိုတာ အရမ်းကို လွယ်တယ်။ အင်မော်တယ်လက်နက်တစ်ခုနဲ့အတူ ကျုပ် ခင်ဗျားကို သုံးရက်အတွင်း အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အားအင်တွေ ပိုင်ဆိုင်အောင် ပြုလုပ်ပေးလို့ရတယ်”
“အမ်”
ယန်ရှို၏ မျက်နှာရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့၏။ သူသည် ခြောက်ကပ်ကပ်နှင့် ရယ်မောလိုက်၏။ သုံးရက်အတွင်း အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အားအင်များ ပိုင်ဆိုင်ရန်အတွက် အင်မော်တယ် လက်နက် တစ်ခုကို ပေးအပ်ရမည်ဆိုသည်မှာ တကယ့်ကို မယုံကြည်နိုင်စရာပင်။ သူ့မှာ တကယ်တမ်း အင်မော်တယ်လက်နက်သာ ရှိမည်ဆိုပါက မိသားစု၏ ရတနာအဖြစ် သတ်မှတ်မှာဖြစ်၏။ ထိုအရာကို ကျိန်းသေပေါက် လဲလှယ်လိမ့်မည် မဟုတ်ချေ။ အားအင်အဆင့် တိုးဖို့ မပြောနှင့်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ဆယ်ကြိမ်တိုင်တိုင် ရယူရမည် ဆိုလျှင်တောင်မှ သူ ထိုအရာကို ပေးအပ်လိမ့်မည် မဟုတ်ချေ။
“စီနီယာကတော့ နောက်နေပြန်ပြီ”
ယန်ရှိုသည် တီးတိုးပြောလိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အဝင်ဆီသို့ အသာလျှောက်ထွက်သွားသည်။ ကောင်းကင်၏ အပြင်ဆီသို့ လှမ်းကြည့်ပြီးသည့်နောက် သူသည် အရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းတက်လိုက်၏။ သို့ပေမဲ့ လီယွင်၏ စကားကို ကြားရချိန်မှာတော့ နောက်သို့ ပြန်ရုတ်လိုက်ရသည်။
“ကောင်းကင်မူလလောကကြီးက တကယ့်ကို ကြီးမားတဲ့ အန္တရာယ်တွေ ရောက်နေပြီ။ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းက အခြေအနေကို စီမံခန့်ခွဲနိုင်မယ်လို့ ထင်နေတာလား” လီယွင်က အသာပြောလိုက်၏။
“စီနီယာပြောတာ အမှန်ပါပဲ။ ကျုပ် ပြန်ချင်တယ်။ ဒါပေမဲ့ ရုတ်တရက် ဆိုသလိုပဲ မြေအင်မော်တယ်လောကကြီးရဲ့ ကျူးကျော်မှုက ကြောက်စရာကောင်းတယ်ဆိုတာ တွေးမိခဲ့တယ်။ တော်ဝင်သဲကန္တာရမြို့ကို ကာကွယ်ပေးမယ့် လူ တစ်ယောက်မှ မရှိဘူး။ အန္တရာယ်ကြုံလာပြီဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ ကျုပ်ဂိုဏ်းကို အရင် ဂိုဏ်းချုပ်ဟောင်းဆီ လက်လွှဲပြီးတော့ တော်ဝင်သဲကန္တာရမြို့မှာပဲ နေတော့မယ်။ ပြီးတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ထောက်ပံ့နိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားရမယ်။ စီနီယာ ညွှန်ကြားချင်တာ တစ်ခုခု ရှိတယ်ဆိုရင် ပြောသာပြောပါ။ ကျုပ် အကုန်လုံး လုပ်ပေးပါ့မယ်”
ယန်ရှို၏ စကားလုံးများသည် လမ်းမှန်ဂိုဏ်းသား တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးနှင့် တူညီလွန်းလှ၏။ သို့ပေမဲ့ သူ၏ စကားစုတစ်ခုချင်းစီတိုင်းတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေ၏။ ဤအရာသည် မလိမ့်တပတ် လုပ်ခြင်းပင်။
တကယ့်တိုက်ပွဲ ဖြစ်တည်လာသည့် အချိန်တွင် တော်ဝင်သဲကန္တာရမြို့ထက် လုံခြုံသည့် တည်နေရာဟူ၍ ကောင်းကင်မူလလောကကြီးထဲ၌ မရှိချေ။ တခြားသော တစ်စုံတစ်ယောက် အနေနှင့် မြို့ထဲသို့ ခြေချလိုက်သည် နှင့် တပြိုင်နက် ပြဿနာတက်မှာဖြစ်၏။ ကောင်းကင်မူလလောကကြီး တစ်ခုလုံး ပျက်စီးသွားသည် ဆိုလျှင်တောင်မှ တော်ဝင်သဲကန္တာရမြို့သည် ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။
“ဟား ဟား ဟား ဟား”
လီယွင်က ရယ်မောလိုက်သည်။ သူသည် ယန်ရှို၏ အတွေးများကို ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ထိုအရာကို မထုတ်ဖော်ခဲ့ချေ။ ထိုအစား ခပ်မဆိတ်သာ နေထိုင်လိုက်၏။
လက်ရှိအချိန်တွင် ရှုပ်ထွေးလှသည့် အခြေအနေများ ဖြစ်ပေါ်လျက် ရှိနေပြီး ရွက်သင်္ဘောများသည်လည်း ရွက်လွင့်လာ၏။ များပြားလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာ တစ်ခုလုံးသို့ ပျံ့နှံ့လျက် ရှိနေ၏။ ကြမ်းတမ်းလွန်းလှသည့် သားရဲရိုင်းများသည် စစ်ရထားလုံးများကို ဆွဲကာ လေဟာနယ်ထဲ ဖြတ်သန်းလာခဲ့၏။ မြင်ကွင်းသည် ကြည့်ရှုလိုက်ရုံနှင့်တင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
တောင်ထွတ်တစ်ခု၏ အထက်တွင်တော့ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဘေးချင်းယှဉ်ကာ ရပ်လျက်ရှိနေ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်လာခဲ့သည့် အော်ရာများသည် သမုဒ္ဒရာကြီး၏ ရေလှိုင်းများကဲ့သို့ပင် တိုက်စားလျက် ရှိနေ၏။
“ကျုပ်တို့ ကောင်းကင်မူလလောကကြီးဆီကို ချဉ်းကပ်လာခဲ့ပြီ”
အရှေ့ဆုံးတွင် ရှိနေသော ခရမ်းရွှေရောင်သရဖူကို ဝတ်ဆင်ထားခဲ့သည့်လူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ပြီး အသာလှမ်း ပြောလိုက်၏။ ၎င်းကို ကြည့်ရှုရသည်မှာ ဓားအိမ်ထဲတွင် ရှိနေသည့် ဓားတစ်စင်းကဲ့သို့ပင် အရာအားလုံးကို ထွက်ကာ ခုတ်ပိုင်းတော့မည် ဟန်ပန် အမူအရာမျိုး ရှိသည်။
“ဒီအတောအတွင်းမှာ ကောင်းကင်မူလလောကကြီးထဲမှာ ရှိနေတဲ့ ကင်းထောက်တွေရဲ့ သတင်းအချက်လက် တွေကို ရသေးလား။ ဘယ်သူတွေက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီ လူတွေ စေလွှတ်ကြသေးလဲ” ထိုသူက မေးမြန်းလိုက်၏။
ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ကျူးကျော်မှုဆီမှ ရရှိခဲ့သော သင်ခန်းစာများကို သုံးသပ်ပြီးသည့်နောက် ၎င်းတို့သည် လောကကြီးကို ဖြတ်သန်း တိုက်ခိုက်သည့် နေရာတွင် သေသေချာချာ ပြင်ဆင်လာခဲ့ကြ၏။ အရေးအကြောင်း အခြေအနေမျိုးတွင် အစစ်အမှန် အင်မော်တယ်များ ထွက်ပေါ်လာတတ်သောကြောင့် ၎င်းတို့သည် အလျင်စလို ဆင်ကန်းတောတိုး မဝင်ရောက်ခဲ့ချေ။
နောက်ဆုံးအကြိမ် ခရမ်းရောင်နက်နဲလောကကြီးကို ကျူးကျော်တိုက်ခိုက်ပြီးသည့်နောက် ရခဲ့သည့် သင်ခန်းစာများကို မှီငြမ်းပြီးသည့်နောက် သူတို့သည် ကျိန်းသေပေါက် မောက်မာလှသည့် အရာများကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ပထမတန်း နိရယလောကကြီး တစ်ခုလုံးသည် ဒုတိယတန်းစား အင်အားစုအဖြစ် ပြောင်းလဲသွားခဲ့၏။ နိရယအင်ပါယာသာ ပြန်မလာဘူးဆိုပါက နိရယလောကကြီးသည် ၎င်း၏ မူလအောင်မြင်မှုများကို ပြန်လည် ရရှိအောင် မည်သို့မှ ကြိုးစား၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ နိရယအင်ပါယာသည် ပြင်းထန်လှသည့် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်ခြင်း မရှိဘဲ သေဆုံးကောင်း ၊ သေဆုံးသွားနိုင်၏။ ထိုသို့ဆိုပါက ကြီးမားသည့် ဆုံးရှုံးမှုပင် ဖြစ်သည်။
“အကြီးအကဲကို သတင်းပို့ပါတယ်။ လွန်ခဲ့တဲ့ လဝက်အတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ရွှေကျီးကန်း ကလန်၊ ရီကလန်၊ နဂါးကလန်၊ လင်းကလန်၊ တိုင်ချူးနတ်နယ်မြေ၊ ခရမ်းရောင်နတ်နယ်မြေ စတဲ့ နယ်မြေ အသီးသီးက လူတွေလာပြီး လည်ပတ်ခဲ့ကြတယ်။ စုစုပေါင်း ခုနှစ်ဆယ့်သုံးယောက်။ တစ်ယောက်ချင်းစီတိုင်းက ရေတွက်လို့ မရနိုင်တဲ့ ပမာဏနဲ့ ငွေကြေးတွေကို အသုံးပြုပြီးတော့ သတင်းအချက်အလက်တွေကို ဝယ်ယူသွားခဲ့ တယ်လို့ ထင်တယ်”
“ဪ”
ထိုသူ၏ အမူအရာသည် မပြောင်းလဲသလို တည်ငြိမ်နေ၏။ ထိုသူက ထူးမခြားနားသလို ပြောလိုက်၏။ “ဒီလူတွေကြားထဲမှာ အင်ပါယာ ဘယ်နှစ်ယောက်များ ပေါ်ပေါက်ခဲ့ဖူးလဲ။ သူတို့ ဘိုးဘေးတွေ အသက်ရှင်နေနိုင် သေးလား။ မဖြစ်နိုင်လောက်ဘူး ထင်တယ်”
“ဒါက”
၎င်း၏ အနောက်တွင် ရှိနေသည့် အဘိုးအိုသည် နှောင့်နှေးသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ ထိုသူက ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီအင်အားစုတွေကြားထဲမှာ တချို့က အင်ပါယာအဆင့် ကျင့်ကြံသူတွေကို မွေးထုတ်ပေးနိုင်စွမ်း ရှိနေတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဆိုတော့ တချို့သော အင်ပါယာတွေက အခု အချိန်မှာ သေဆုံးပျောက်ကွယ်သွားပြီလို့ ကျုပ်တို့ တွက်ချက်ထားပါတယ်”