အပိုင်း (၄၇၁)
Vol. 32 Ch. 471
ဘုန်း …။
ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။ တလက်လက် တောက်ပနေသည့် သွေးအလင်းတန်းများသည် တည်နေရာတစ်ခုလုံးဆီသို့ ပြန့်နှံ့သွားခဲ့၏။ ကြီးမားလှသည့် မိုးကောင်းကင်လှံကြီး သည် ကောင်းကင်အထက်ဆီမှ ကျဆင်းလာခဲ့ပြီးနောက် မြေပြင်တွင် ရှိသမျှ လူအားလုံးတို့ကို ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်နေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်အားတစ်ခုသည် တည်နေရာတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။
တရွှီးရွှီးအသံများသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ထိုးခွင်းနေ၏။ ထိုအရာသည် ကြည့်ရှုနေသူများကိုပင် တုန်ယင်သွားစေခဲ့၏။ နာကျင်ဖွယ် အော်ဟစ်သံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ချင်ကလန်၏ စစ်သည် တစ်ဝက်ကျော်လောက်သည် သုတ်သင်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့ အားနည်းသောကြောင့် ခံလိုက်ရခြင်း မဟုတ်ချေ။ ၎င်းနှင့်ပတ်သက်သည့် အားနည်းချက်အားလုံး ထင်ပေါ်သွားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
၎င်းတို့သည် အစီအရင်ကို ဖန်တီးပြီးနောက် များပြားလှသည့် အင်ပါယာများ၏ တိုက်ခိုက်ချက်ကို ရဲရဲဝံ့ဝံ့နှင့် ခုခံနိုင်သည် ဆိုလျှင်တောင်မှ အားနည်းချက်ကို သိရှိသွားသော အင်ပါယာတစ်ယောက်က တိုက်ခိုက်ပါက အစီအရင်ဆိုသည်မှာ စက္ကူတစ်ရွက်ကဲ့သို့ပင် အသုံးမဝင်ခဲ့ချေ။ ပထမဆုံးသော တော်ဝင်အစီအရင်ကြီးသည် ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ပြီးနောက် ဒုတိယ၊ တတိယ တစ်ခုပြီးတစ်ခုသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။
"သေချင်နေတာပဲ" ချင်ကန်က အော်ဟစ်လိုက်၏။ ၎င်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် ရီကလန် ဘိုးဘေးကြီး၏ ရှေ့ဆီသို့ ရောက်ရှိသွားခဲ့၏။ ၎င်းသည် ကြီးမားလှသည့် သားရဲရိုင်းကြီးကဲ့သို့ ဖြစ်တည်သွားခဲ့ပြီး အင်ပါယာနှစ်ယောက်ကို တစ်ပြိုင်နှက် တိုက်ခိုက်နိုင်သော ပြင်းထန်လှသည့် လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။ ၎င်းလက်သီးချက်သည် အလွန်ပင် အားကောင်းသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါစေ၏။ စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့ပြီး သွေးများပင် ဆူဝေလာခဲ့သည်။
"ကျုပ် စောင့်နေတာ ကြာပြီ"
ရီကလန် ဘိုးဘေးသည် မျက်လုံးများကို မှေးကျဉ်းလိုက်၏။ သူသည် သူ၏ ကြီးမားလှသည့် လှံကြီးကို ဆွဲယူပြီးသည့်နောက် လက်သီးချက်ကို ထိပ်တိုက်ပင် ရင်ဆိုင်လိုက်၏။
လေထုထဲတွင် ထိတွေ့သည့်အသံ ထွက်ပေါ်လာခဲ့ပြီး အောက်တွင်ရှိနေသည့် သက်ရှိသတ္တဝါများသည် သွေးများပင် အန်ထွက်လာခဲ့ကြ၏။ ဤတိုက်ခိုက်မှုသည် အမှန်ပင် ကြောက်မကဖွယ်ရာ ကောင်းလှ၏။ အင်ပါယာများ တိုက်ခိုက်သည့် အချိန်တွင် မည်သူမှနီးနီးကပ်ကပ် မနေရဲကြချေ။ ၎င်းတို့သည် လျင်လျင်မြန်မြန်ပဲ နောက်သို့ ဆုတ်ခွာလိုက်ကြသည်။
ဘုန်း ….။
နေုက်ထပ် ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့၏။ အင်ပါယာများသည် ပြင်းပြင်းထန်ထန်ပဲ တိုက်ခိုက်နေကြ၏။ ချင်ကန်သည် အင်ပါယာနှစ်ယောက်နှင့် တစ်ယောက်တည်း တိုက်ခိုက်နေရသောကြောင့် အောက်စည်းသို့ ရောက်ရှိနေ၏။
အခြားတစ်ဘက်
ချင်ကန်နှင့် ကောင်းကင်မူလလောကမှ အင်ပါယာနှစ်ယောက်တို့ တိုက်ခိုက်လျက်ရှိနေသည့် နေရာနှင့် မိုင်သန်းနှင့်ချီ အကွာအဝေးမှာတော့ ကြီးမားသည့် တိုက်ပွဲကြီး တစ်ခု ဖြစ်တည်နေ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ထိုဖြစ်ပွားနေသည့် တိုက်ပွဲသည် ခဏတာ ငြိမ်သက်သွားသည်။
ရွက်သင်္ဘောကြီးအပေါ်တွင်တော့ လွင့်မျောတိမ်တောင်၏ ကွာစီအင်ပါယာအဆင့်တွင် ရှိနေသော အကြီးအကဲ သည် ၎င်း၏ ကောင်းကင်ဘုံဒိုင်းကြီးကို ဆွဲကာ မြောက်ထား၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင်တော့ လက်သည်းရာကြီး ငါးခုက ထင်ထင်ရှားရှား ပေါ်ပေါက်နေသည်။ ဒဏ်ရာဆီမှ သွေးများ ဆက်တိုက်ဆိုသလို ကျဆင်းနေခဲ့၏။ ဒဏ်ရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး စုတ်ပြတ်လုမတတ်ပင်။ သူ၏ အတွင်းကလီစာများသည်လည်း ထိခိုက်ထား၏။ များပြားလှသည့် ဒဏ်ရာများသည် သူ၏ အသက်စွမ်းအင်ကို ကုန်ခမ်းစေခဲ့၏။
"မုန်းစရာပဲ"
လွင့်မျောတိမ်တောင်၏ အကြီးအကဲသည် ဒေါသအကြီးအကျယ် ထွက်နေမိသည်။ ၎င်းသည် အဝေးတစ်နေရာတွင် ရှိနေသော ကောင်းကင်မူလလောကကြီးကို လှမ်းကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ကောင်းကင်မူလလောကကြီးက ဒီလောက်လက်တံရှည်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတို့ကို ခြုံခို တိုက်ခိုက်ဖို့အတွက် ကွာစီအင်ပါယာနှစ်ယောက်ကိုတောင် စေလွှတ်လိုက်တာပဲ။ တကယ့်ကို ကြိုးစားထားတ ပုံပဲ"
သူ၏ ဘေးတစ်ဖက်တွင်တော့ အခြားသော ကွာစီအင်ပါယာတစ်ယောက်က မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်းသည်လည်း ဆိုးရွားလှသည့် ဒဏ်ရာများ ပိုင်ဆိုင်ထား၏။ သို့ပေမဲ့ အခြေအနေသည် တစ်ဖက်လူထက်တော့ အနည်းငယ် သာ၏။ သူသည် လက်ရှိ တိုက်ပွဲပြီးနောက် ဒဏ်ရာများကို ကောင်းကောင်းမွန်မွန်နှင့် ဖိနှိပ်ထားနိုင်၏။
"ကွာစီအင်ပါယာတစ်ယောက်က သူ့ကိုယ်သူ ဖောက်ခွဲခဲ့တယ်။ တခြားတစ်ယောက်က လွတ်မြောက်သွားခဲ့တယ်။ ကျုပ်တို့ကို ခြုံခိုတိုက်ခိုက်တဲ့အတွက် ပေးရတဲ့ တန်ကြေးပဲ။ လွင့်မျောတိမ်တောင် နဲ့ ရင်ဆိုင်မယ်ဆိုရင် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို သိတယ်ဆိုရင်တောင်မှ ဘာလုပ်နိုင်မှာလဲ"
တခြားသော ကွာစီအင်ပါယာ၏ အသံသည် မထူးခြားနားသလိုပင်။ ၎င်း၏ အသံသည် အေးစက်လျက် ရှိနေသည်။ မျက်လုံးကို ဖွင့်လိုက်ပြီးသည့်နောက် ကွာစီအင်ပါယာ လွတ်မြောက်သွားရာ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
"ကောင်းကင်မူလလောကကြီးဆီ ကျုပ်တို့ ရောက်တဲ့အချိန်မှာ သူတို့က ဒီနေ့ပြုလုပ်ခဲ့တဲ့ အကြောင်းအရာ အကုန်လုံးက ဘာမှမဟုတ်ဘူး ဆိုတာ သိသွားလိမ့်မယ်။ ပြီးတော့ ကောင်းကင်မူလလောကကြီးထဲမှာ ကျုပ်တို့ လွင့်မျောတိမ်တောင်ရဲ့ တော်ဝင်အင်ပါယာရန်မို ရှိနေတယ်လေ။ သူတို့ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ"
လွင့်မျောတိမ်တောင်သည် ဤတစ်ကြိမ်၌ ကွာစီအင်ပါယာနှစ်ယောက်ကိုသာ စေလွတ်ခဲ့၏။ အကြောင်းအရာမှာ တော်ဝင်အင်ပါယာရန်မို ကောင်းကင်မူလလောကကြီးထဲသို့ ရောက်နှင့်နေသောကြောင့်ပင်။ ၎င်းတို့သည်သာ ပူးပေါင်းနိုင်ပါက ကျိန်းသေပါက် ကောင်းကင်မူလလောကကြီး၏ နေရာတော်တော်များများကို သိမ်းပိုက်နိုင်မှာ သေချာ၏။
"ပြောရမယ်ဆိုရင် ကောင်းကင်မူလလောကရဲ့ လူတွေက ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီက သတင်းအချက်အလက်တွေကို ဝယ်ယူခဲ့ပုံပဲ။ အခုတိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင် ချင်ကလန်က လူတွေလည်း ခြုံခိုတိုက်ခိုက်ခံရတာ ဖြစ်ရမယ်။ "
လွင့်မျောတိမ်တောင်၏လမ်းကြောင်းကို ချင်ကလန်မှ လူများက သိရှိ၏။ သဘာဝအားဖြင့် လွင့်မျောတိမ်တောင်ကလည်း ချင်ကလန်၏လမ်းကြောင်းကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် လေထုထဲတွင် ဖြစ်တည်လာသည့် ကြောက်မက်ဖွယ်ရာ လှိုင်းများကို လွယ်လွယ်ကူကူဖြင့် အာရုံခံမိခဲ့ခြင်း ဖြစ်၏။ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ခြုံခိုတိုက်ခိုက်နေသည့် လူများထဲတွင် တော်ဝင်အင်ပါယာအဆင့်များလည်း ပါဝင်နိုင်၏။ ထို့ကြောင့် တော်ဝင်အင်ပါယာတစ်ယောက် သေဆုံးသည့် သတင်းကို ကြားရကောင်း၊ ကြားရနိုင်သည်။
"ကောင်းကင်မူလလောကကြီးရဲ့ အားအင်အဆင့်က ခရမ်းရောင် နက်နဲလောကကြီးလောက် မကောင်းဘူးဆိုပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေတော့ သူတို့ဆီမှာ ပြန်ပြီးတိုက်ခိုက်ဖို့ အခြေအနေတွေ တည်ရှိနေသေးတယ်။ ဒီတစ်ကြိမ် ခြုံခိုတိုက်ခိုက်ပွဲက တိုက်ပွဲကြီး မဖြစ်ပေါ်လာခင်မှာ အင်အားစု တော်တော်များများကို အားအင်လျော့ကျစေလိမ့်မယ်”
ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည့် ကွာစီအင်ပါယာသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူသည် လွင့်မျောတိမ်တောင်၏ ကြီးမားလှသည့် စစ်တပ်ကြီးကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ ရင်ဘတ်အား ခဲနှင့်ဖိထားသလိုပင် ခံစားနေမိ၏။
အစောပိုင်းတုန်းက လွင့်မျောတိမ်တောင်သည် ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်ပြီး အားလုံးသောသူတို့ကို တိုက်ခိုက်သတ်ဖြတ်နိုင်ကြောင်း ထုတ်ဖော်ပြသခဲ့၏။ သို့ပေမဲ့လက်ရှိအချိန်မှာတော့ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရ၏။
ကောင်းကင်မူလလောကကြီး၏ ကွာစီအင်ပါယာနှစ်ယောက်သည် အင်ပါရီယန်လက်နက်များ ကိုင်ဆောင်ကာဖြင့် သူတို့အား ခြုံခို အလစ်ငိုက်ဖမ်းကာ ဆိုးဆိုးရွားရွား တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်ကို ပြန်လည်တွေးကြည့်ပြီးနောက် လွင့်မျောတိမ်တောင်၏ ကွာစီအင်ပါယာနှစ်ယောက်သည် ကြောက်လန့်မှုများကို ပြန်လည် ခံစားလိုက်မိကြသည်။
ပြိုင်ဖက်သည် သေသေချာချာ ပြင်ဆင်လာရုံသာမက အသက်ကိုပေး၍ တိုက်ခိုက်ရန်ပါ ဆုံးဖြတ်လာခြင်းဖြစ်၏။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆုံးရလာဒ်သည် ပြောင်းလဲ၍ မရနိုင်တော့ချေ။ သူတို့၌ ပြန်လည်တိုက်ခိုက်ရန် စွမ်းဆောင်ရည်ဟူ၍ မရှိတော့ချေ။ လက်ရှိဖြစ်တည်ခဲ့သော ကွာစီအင်ပါယာ၏ ဒဏ်ရာသည် နောင်နှစ်ပေါင်းထောင်ကျော်အောင် ပြန်လည် ကုစားရတော့မှာ သေချာသည်။ ထိုသို့ဆိုလျှင် တောင်မှ အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အာမခံချက် မရှိချေ။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အရာအားလုံးကို တွက်ချက်နိုင်တယ်။ ကောင်းကင်မူလလောကရဲ့ လူတွေ တိုက်ခိုက်ပုံကို ကြည့်ရတာ ကျုပ်တို့ ဖြတ်သန်းရောက်ရှိလာမယ့်နေရာကို သေချာသိနေကြတာပဲ။”
ကွာစီအင်ပါယာ သည် တီးတိုးပြောလိုက်၏။ ပြောပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် ကြောက်လန့်မှုက ပိုမိုတိုးလာ၏။ ကောင်းကင်မူလလောကကြီးသည် အားနည်းလွန်းလှသည်။ သို့ပေမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရသည့်ချိန်၌ သူတို့၏စွမ်းအင်နှင့် လုပ်နိုင်စွမ်းအားများသည် အလုံးစုံ လိုအပ်နေသလိုပင်။ ကောင်းကင်မူလလောကကြီးသည်သာ မြေအင်မော်တယ်လောကနှင့် နှိုင်းယှဉ်၍ရနိုင်သည့် အခြေအနေမျိုးတွင် တည်ရှိနေပါက သူတို့၏ အသက်များသည် ကြက်ကလေး၊ ငှက်ကလေးများလောက်ပင် တန်ဖိုးရှိလိမ့်မည် မထင်ချေ။
"အဲတော့ဘာဖြစ်လဲ"
ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည့် ကွာစီအင်ပါယာ၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ထွန်းတောက်လာခဲ့၏။
"အားအင်အဆင့် ကွာခြားတယ်ဆိုတာ ဒီလိုမျိုး ကလိန်ကကျစ်နဲ့ တိုက်ခိုက်လို့ ဖြစ်တာပဲ။ ခြုံခိုတိုက်ခိုက်မှုဆိုတာ သတ္တိရှိတဲ့ လူတွေရဲ့ အလုပ်မဟုတ်ဘူး။ ဒီကိစ္စကို မှတ်ထားရမယ်။ ကျုပ်တို့ ကောင်းကင်မူလလောကထဲကို ဝင်ပြီးသွားရင် ဒီသွေးကြွေးကို ကျိန်းသေပေါက် ပြန်ဆပ်ရမယ်။ လွင့်မျောတိမ်တောင် ဝင်လာတဲ့လမ်းကို ဘယ်သူ တားဆီးရဲလဲ"
"အမှန်ပဲ"
နောက်ထပ် ကွာစီအင်ပါယာတစ်ယောက်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် အသာပြောလိုက်သည်။ "ကျုပ်အတွေးကလည်း ခင်ဗျားလိုပဲ။ ဒီတော့ ရှေ့ကို ဆက်လျှောက်ကြရအောင်။ ကျုပ်တို့လွင့်မျောတိမ်တောင်က ဒီခြုံခိုတိုက်ခိုက်မှုတွေကို အရင်ဆုံးကျော်ဖြတ်နိုင်တဲ့လူတွေ ဖြစ်ရမယ်။ ကောင်းကင်မူလလောကကြီးထဲကို အရင်ဆုံး ဝင်နိုင်တဲ့ လူတွေက ကျုပ်တို့ပဲ ဖြစ်ရမယ်။ "
"ကောင်းပြီ" တခြားသော ကွာစီအင်ပါယာက ထောက်ခံလိုက်သည်။ သူသည် နတ်ဘုရားစည်းသင်္ကေတစ်ခုကို ထုတ်ဖော်ပြီးနောက် လွင့်မျောတိမ်တောင်မှ စစ်သည်များနှင့်အတူ မြန်မြန်ဆန်ဆန်ပဲ အစီအရင်တစ်ခုကို စတင်ကာ ပုံဖော်တော့၏။ ပြီးနောက် သူတို့သည် ကောင်းကင်မူလလောကကြီးဆီသို့ လှမ်းတက်လိုက်ကြ၏။