← Chapters

အပိုင်း (၄၇၃)

Vol. 32 Ch. 473

အပိုင်း (၄၇၃)

Vol. 32 Ch. 473

“ဒါနဲ့” လွင့်မျောတိမ်တောင်၏ သခင်သည် ထွက်ခွာသွားသည့် အကြီးအကဲကို လှမ်းကာ ပြောလိုက်၏။

“တောင်သခင်... ဘာတွေ အမိန့်ပေးစရာ ကျန်ပါသေးလဲ” ထိုအကြီးအကဲက ရုတ်တရက် ရပ်တန့်လိုက်၏။ ဇဝေဇဝါဖြင့် ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည်။

“အခု လွင့်မျောတိမ်တောင်က ကောင်းကင်မူလလောကကြီးထဲမှာ အခြေချနိုင်ခဲ့ပြီ။ ကျုပ်တို့အနေနဲ့ ကောင်းကင် မူလလောကကြီးရဲ့ ကိစ္စရပ်တွေကို စပြီး ကိုင်တွယ်သင့်ပြီလို့ထင်တယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ရဲ့ စိတ်နေစိတ်ထားက ဘာမှန်း သေသေချာချာ မသိသေးဘူး” လွင့်မျောတိမ်တောင်၏ သခင်သည် အသာ ပြောဆိုလိုက်၏။

အတိတ်တုန်းက သူ့အနေနှင့် ကောင်းကင်မူလလောကကြီးကို အပိုင်သိမ်းပြီးသည့်နောက် အရင်းအမြစ်များ အားလုံးကို ရယူရန် ကြိုးစားပေလိမ့်မည်။ ထိုမှတဆင့် တခြားသော တည်နေရာများရှိ အရင်းအမြစ်များကို လိုက်လံ လုယူရန် စဉ်းစားထား၏။ ထိုသို့ဆိုလျှင် သူသည် အရင်းအမြစ်ပေါင်း များစွာကို ဆက်တိုက်ဆိုသလိုပဲ ရရှိမှာဖြစ်ပြီး ကောင်းကင်မူလလောကကြီးရှိ သက်ရှိများ အားလုံးကိုလည်း ဖိနှိပ်နိုင်ပေလိမ့်မည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ခြားနားသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် နောက်ထပ် မည်သည့် လောကကြီးတစ်ခုနှင့် မည်သည့်အချိန်တွင် ပေါင်းစပ်မည်ဖြစ်ကြောင်း သူ သေသေချာချာ မသိရှိချေ။ ထို့ကြောင့် ဘာတစ်ခုမှ မသေချာသည့်အချိန်တွင်တောင်မှ ကောင်းကင်မူလလောကကြီး ဆိုသည်မှာ တန်ဖိုးကြီးသည့် အရာတစ်ခု ဖြစ်လာခဲ့၏။

လက်ရှိ ကောင်းကင်မူလလောကကြီးသည် ခရမ်းရောင်နတ်နဲလောကကြီး၊ ရှုပ်ထွေးကြယ်ပင်လယ်နှင့် သွေးနတ်ဆိုးလောကကြီး ပတ်ပတ်လည် ကြားထဲတွင် တည်ရှိနေ၏။ တခြားသောလောကတစ်ခုခုနှင့် ပေါင်းစပ် ခဲ့သည်ဆိုပါက ကောင်းကင်မူလလောကကြီးသည် ပထမဆုံး ထိတွေ့ရမည့် လောကမျိုး မဟုတ်ခဲ့ချေ။ ၎င်းတို့ဂိုဏ်းကိုသာ ကောင်းကင်မူလလောကကြီးဆီသို့ ရွေ့လျားနိုင်မည်ဆိုပါက ကျိန်းသေပေါက် ထိုနေရာတွင် အမှီအခိုကင်းကင်းနှင့် တည်တည်ငြိမ်ငြိမ် တည်ဆောက်နိုင်စွမ်း ရှိပေလိမ့်မည်။

လွင့်မျောတိမ်တောင်၏ သခင်သည် တခြားသော ဂိုဏ်းဂဏများသည်လည်း ထိုကဲ့သို့သော အကျိုးအမြတ်များကို မမြင်ဘဲ နေလိမ့်မည်မဟုတ်ဟု တွေးတောမိ၏။ သူသည်တောင် ထိုကဲ့သို့ တွေးတောနေသည်ဆိုမှတော့ တခြားသော သူများကလည်း ထိုကဲ့သို့ တွေးတောကြမှာ သေချာသည်။

ယခု ကောင်းကင်မူလလောကထဲသို့ ၎င်းတို့က ဦးဆောင်ကာ ဝင်ရောက်ခဲ့သည်ဆိုမှတော့ ကောင်းမွန်လှသည့် တည်နေရာတစ်ခုကို အဘယ်ကြောင့် မရှာဖွေရမည်နည်း။ အနည်းငယ် နှောင့်နှေးသွားမည်ဆိုပါက အခွင့်အရေးကို လွှဲချော်သွားပေလိမ့်မည်။

“တောင်သခင် ဆိုလိုတာက လွင့်မျောတိမ်တောင် တစ်ခုလုံးကို ကောင်းကင်မူလလောကကြီးဆီ ရွေ့လျားဖို့လား”

ထိုအကြီးအကဲသည် သူတို့ တောင်သခင်၏ အတွေးကို ချက်ချင်းပဲ နားလည်လိုက်မိ၏။ ထို့ကြောင့် အသာပြောလိုက်၏။ “ဒီအချိန်မှာ တည်နေရာရွေ့ပြောင်းတယ်ဆိုတာ အဆင်ခြင်မဲ့သလို ဖြစ်မနေဘူးလား”

လွင့်မျောတိမ်တောင်သည် တတိယတန်းစား အဖွဲ့အစည်းတစ်ခု မဟုတ်ချေ။ ဤနေရာတွင် များပြားလှသည့် စီးပွားရေးလုပ်ငန်းများ တည်ရှိနေ၏။ ထို့ကြောင့် သူတို့ ရွေ့မည်ဆိုလျှင်တောင်မှ သေသေချာချာ ရွေ့နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လက်ရှိအခြေအနေမှာတော့ မြေအင်မော်တယ်လောကကြီးသည် ပထဝီ အနေအထားအရ တကယ်ပင် နေထိုင်၍ ကောင်းမွန်လှသည့် တည်နေရာတစ်ခုလည်း ဖြစ်လို့နေသည်။

“ခင်ဗျား ပြောတာကို ကျုပ်နားလည်တယ်”

လွင့်မျောတိမ်တောင်၏ သခင်က ခေါင်းညိတ်လိုက်၏။ သူက လေးလေးနက်နက် ပြောလိုက်၏။ “လွင့်မျောတိမ်တောင်က ထာဝရ ရွေ့ပြောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုပြီး ပြုလုပ်ဖို့ လိုအပ်တယ်။ တချို့ လွင့်မျောတိမ်တောင်ရဲ့ တပည့်တွေကို ကျုပ်အမိန့်အတိုင်း ခေါ်ဆောင်သွားတော့။ ပြီးတော့ ရတနာခန်းထဲမှာရှိတဲ့ ရတနာတွေ အကုန်လုံးကို စည်းခတ်ထားဖို့ အမိန့်ပေးလိုက်။ မှတ်ထားအုံး။ လွင့်မျောတိမ်တောင် က တည်နေရာရွေ့ပြောင်းဖို့ စီစဉ်နေတဲ့ အကြောင်းကို နောက်ဆုံးအချိန်ကျမှ ထုတ်ဖော် ပြောကြားကြမယ်”

ဤသတင်းသည်သာ အပြင်ဘက်သို့ ပေါက်ကြားသွားသည်ဆိုပါက တချို့သော လူများသည် ထူးဆန်းသည့် အတွေးမျိုး မရှိနိုင်ဟု သူ အာမ မခံနိုင်ချေ။ သူတို့ ထွက်ခွာသွားသည်နှင့် တစ်စုံတစ်ယောက်သည် သူတို့၏ တည်နေရာ ဌာနေကို ချက်ချင်းပဲ လာရောက်သိမ်းပိုက်မှာ စိုးရ၏။ ထိုသို့ဆိုလျှင် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

“ကျုပ် နားလည်ပါပြီ”

အကြီးအကဲသည် ခေါင်းကို အသာညွတ်ကာဖြင့် ပြောလိုက်သည်။ “ဒါဆိုလည်း သွားပြီး ကိစ္စဝိစ္စတွေကို လုပ်လိုက်ပါအုံးမယ်”

ထိုအကြီးအကဲ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် လွင့်မျောတိမ်တောင်သခင်သည် ခေါင်းကို အသာမော့လိုက်၏။ သူသည် ကောင်းကင်မူလလောကကြီး တည်နေရာဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် လက်တစ်ဖက်ကိုမြှောက်ကာ မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်၏။ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းလျက် ရှိနေပြီး မျက်လုံးထဲမှ အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေ၏။

ဤတစ်ကြိမ် လွင့်မျောတိမ်တောင် ကောင်းကင်မူလလောကကြီးထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာ အစဦး ကိစ္စရပ် သာလျှင်ဖြစ်၏။ ၎င်းတို့အနေနှင့် တည်နေရာ အသစ်တစ်ခုကို ရွေ့ပြောင်း အခြေချနိုင်သည်သာမက ဖန်းဟန်ကိုလည်း ရှာဖွေနိုင်စွမ်း ရှိပေလိမ့်မည်။ ဖန်းဟန်သည် တကယ့်ကို ရွေ့လျားနေသည့် ရတနာသိုက်ကြီး တစ်ခု ဖြစ်၏။ ထိုနှစ်ခုကို ပေါင်းစပ်၍ ရယူနိုင်သည်ဆိုပါက လွင့်မျောတိမ်တောင်သည် မခန့်မှန်းနိုင်သည့် အောင်မြင်မှုမျိုးကို ရရှိမှာ သေချာသည်။

ဂိုဏ်း၏ ဂိတ်တံခါးကြီးကို ရွေ့ပြောင်းပြီးသည့်နောက် အချိန်အတိုင်းအတာတိုအတွင်း ဆိုးရွားလှသည့် အကြောင်းအရာ တချို့ကို ရင်ဆိုင်ရမည် ဆိုသည်မှာ သဘာဝပင် ဖြစ်၏။ သို့ပေမဲ့ နှစ်ပေါင်းများစွာအတွင်း ပိုမို တိုးတက်သည့် အခြေအနေမျိုးကို ရောက်ရှိသွားမည်ဖြစ်ကြောင်း လှမ်းမျှော်ကာ သိရှိပြီးသည့်နောက် သူသည် ဤအရာမှာ တကယ့်ကို ဉာဏ်ကောင်းသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း နားလည်လိုက်မိ၏။

နှစ်သန်းနှင့်ချီသော အကွာအဝေးတွင် ၎င်းသည် တကယ့်ကို အရေးကြီးသည့် ဂုဏ်ထူးဂုဏ်ဝါကို ပိုင်ဆိုင်သည့် လွင့်မျောတိမ်တောင် ဘိုးဘေးကြီး ဖြစ်လာနိုင်၏။ သူသည် လွင့်မျောတိမ်တောင်တစ်ခုလုံးအား ကောင်းကင်မူလလောကကြီး ထဲတွင် အခြေချတည်ထောင်ခဲ့သည့် တည်ထောင်ဘိုးဘေးကြီး တစ်ယောက် ဖြစ်လာနိုင်သည်။

ဟုတ်ပေသည်။ တခြားသော ဖြစ်နိုင်ချေများလည်း အများကြီး ရှိနေသေး၏။ သန်းနှင့်ချီသော နှစ်များအတွင်း သူသည် အသက်ရှင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပိုမိုကာလေ့ကျင့်ပြီးနောက် ယခုထက် ပိုမိုကာ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကိုလည်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်၏။

အဖြစ်အပျက်အားလုံးကို တွေးတောပြီးသည့်နောက် လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများသည် မျှော်လင့်ချက် အလင်းတန်းများဖြင့် တလက်လက် တောက်ပလာခဲ့သည်။ ၎င်းသည် အဝေးတစ်နေရာတွင် ရှိနေသည့် လှပသည့် အနာဂတ်ကို တွေးတောရင်း ပျော်ရွှင်နေမိသည်။

“မကြာခင်မှာ ကျုပ်ရဲ့နာမည်က အသင်္ချေ များပြားတဲ့ လောကအသီးသီးဆီ ပျံ့နှံ့စေရမယ်” ထိုအသံသည် လွင့်မျောတိမ်တောင်သခင်၏ အဓိကဟောခန်းထဲမှ ထွက်ပေါ်လာခဲ့၏ ။

ထိုအချိန် လွင့်မျောတိမ်တောင်၏ မိုင်တစ်သောင်း ပတ်ဝန်းကျင် အဝေးတွင် လူသုံးယောက်တို့သည် ခိုးကြောင်ခိုးဝှက်နှင့် အလုပ်များလျက် ရှိနေ၏။ သူတို့သည် ရန်မို၏ လက်ထဲမှ လွတ်မြောက်ခဲ့ပြီးသည့်နောက် အစီအရင် တစ်ခုပြီး တစ်ခုကို ဖန်တီးခဲ့၏။ ယန်ရှိုသည် မျက်မှောင်ကုတ်ကာဖြင့် အသာ တွေးတောလိုက်မိသည်။

“အင်း.. မိုင်သန်းနဲ့ချီတဲ့ အကွာအဝေးကို ဖုံးလွမ်းဖို့။ ဒါက အင်ပါယာအဆင့် အစီအရင် လေးခုဆိုရင် လုံလောက်ပြီ”

“စီနီယာ... ဒါ နည်းနည်း မလွန်လွန်းဘူးလား”

သူသည် ရှေးမီးအိမ်ကြီးကို ကိုင်ဆောင်ကာဖြင့် မြေအင်မော်တယ်လောကကြီးဆီသို့ ငြိမ်ငြိမ်သက်သက်ဖြင့် ရောက်ရှိလာခဲ့၏။ ပြီးနောက် လွင့်မျောတိမ်တောင်အား အံ့အားသင့်ဖွယ် တိုက်ခိုက်ရန် စီစဉ်ခဲ့၏။ ၎င်းအနေဖြင့် တခြားသောသူများ၏ ကြွက်သားများ၊ အရိုးများ၊ ခန္ဓာကိုယ်များ ပျက်စီးအောင် မဖျက်ဆီးနိုင်ဘူးဆိုလျှင်တောင်မှ ၎င်းတို့၏ အသက်ဓာတ်များကို ထိခိုက်အောင် ကျိန်းသေပေါက် ပြုလုပ်နိုင်၏။ သူနှင့် အဒေါ်လန်တို့သည် လူနှစ်ယောက်တည်းသာ ရှိ၏။ ထို့ကြောင့် အချိန်မရွေး ထွက်ခွာသွားနိုင်၏။

လွင့်မျောတိမ်တောင်

တခြားသော တစ်ဖက်သည် အမှန်ပင် ကျယ်ပြောလှသည့် တည်နေရာကြီး တစ်ခုဖြစ်ပြီး ထိုအထဲတွင် လူပေါင်း များစွာတို့ တည်ရှိနေသောကြောင့် လွယ်လွယ်ကူကူနှင့် ထွက်ပြေးနိုင်ဖို့ ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။ အစစ်အမှန် အင်မော်တယ်အဆင့် ကြီးမားလှသည့် အစီအရင်ကြီးတစ်ခု ရှိနေသည် ဆိုလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။

တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် အဆင်ပြေနိုင်၏။ များပြားလှသည့် တိုက်ခိုက်မှုများကို ခံယူရသည့်အချိန်တွင် လွင့်မျော တိမ်တောင်ကို သူတစ်ယောက်တည်းနှင့်တင် ချိုးဖြတ်ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ ထိုတင်မကသေးပေ။ မုန့်ရှင်းကျီ ပါလာခဲ့သောကြောင့် အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

မုန့်ရှင်းကျီ၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့ သုံးယောက်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ မြေအင်မော်တယ် လောကဆီသို့ ရောက်ရှိလာ၏။ သို့ပေမဲ့ မုန့်ရှင်းကျီသည် ချက်ချင်း ပြုမူဆောင်ရွက်ရန် ငြင်းဆိုခဲ့၏။ ထိုအစား တိတ်တဆိတ် ကြိတ်ကာဖြင့် အစီအရင်ကို ဖန်တီးခဲ့သည်။

အစီအရင်ကို ဖန်တီးခြင်းဆိုသည်မှာ ကောင်းမွန်လှသည့် အရာပင်ဖြစ်၏။ သို့ပေမဲ့ အစီအရင် ဖန်တီးထားသည့် တည်နေရာကြီးသည် မယုံကြည်နိုင်စွာပင် ကြီးမားလွန်းပြီး လွင့်မျောတိမ်တောင်၏အဝေး မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို ဖြန့်ကျက်ထားခဲ့၏။ ရလဒ်အနေနှင့် ဖြစ်စဉ်သည် အချိန်အနည်းငယ် ယူရ၏။ ထို့ကြောင့် သူတို့အနေနှင့် ဘာမှ ထပ်မံ မပြုလုပ်ရသေးချေ။

“မင်း အရာအားလုံးကို နားမလည်သေးဘူးလား”

အလုပ်များလျက် ရှိနေတုန်းမှာပဲ မုန့်ရှင်းကျီသည် ခေါင်းကို အသာလှည့်ကာဖြင့် ဖန်းဟန်ကို အထင်အမြင်သေးသလို ကြည့်လိုက်၏။ “မင်းရဲ့ နည်းလမ်းက လွင့်မျောတိမ်တောင် တစ်ခုလုံးကို ဖျက်ဆီး လွယ်တယ်။ ဒါပေမဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကြာမှ ပြီးမယ့် ကိစ္စမျိုးပဲလေ။ အဲဒီ နှစ်ပေါင်းတစ်ထောင်လောက် အတွင်း အရာအားလုံး ဖြစ်သွားနိုင်တယ်။ စီနီယာနန်းဆောင်သခင် ရောင်းချလိုက်တဲ့ သတင်းအချက်အလက်တွေ က မင်းအတွက် သီးသန့်ရောင်းချလိုက်တာ မဟုတ်ဘူးလား”

လွင့်မျောတိမ်တောင်၌ အစစ်အမှန် အင်မော်တယ် ဘိုးဘေး တစ်ယောက် တည်ရှိနေ၏။ ၎င်းတို့၏ တောင်ကာကွယ်ခြင်း အစီအရင်သည် ဟာသတစ်ခု မဟုတ်ချေ။ အပြင်မှ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ တိုက်ခိုက်ချက် တစ်ချက်၊ နှစ်ချက်လောက်နှင့် ပျက်စီးသွားနိုင်လိမ့်မည် မဟုတ်ချေ။ ဖန်းဟန်၏ ပထမဦးဆုံး တိုက်ခိုက်ချက်ကို ၎င်းတို့က ခုခံနိုင်သည် ဆိုပါက ကျိန်းသေပေါက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သည်။

ထိုသို့ဆိုလျှင် မည်သူ တိုက်ခိုက်သည်ကို မသိရှိဘူး ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာ စုံစမ်းမည် မဟုတ်ပါလား။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို မေးမြန်းမည်ဆိုလျှင် အစစ်အမှန်တရား ပေါ်ပေါက်သွားပေလိမ့်မည်။ လွင့်မျောတိမ်တောင် အနေနှင့် ၎င်းတို့အား ဒုတိယအကြိမ်မြောက် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ငွေကြေးအရင်းအမြစ် တော်တော်များများကို အသုံးပြုကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သူတို့၏ လမ်းကြောင်းများကို ပြန်လည်ကာ ဝယ်ယူပေလိမ့်မည်။

“ပြီးတော့... မင်းတို့ ဖန်းကလန်က လွင့်မျောတိမ်တောင်ရဲ့ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရတယ်။ ဒီတော့ အခွင့်အရေးကို အရယူပြီးတော့ အတိုးကော၊ အရင်းပါ ပေါင်းပြီး မဆပ်ချင်ဘူးလား” မုန့်ရှင်းကျီက ပြောဆိုလိုက်၏။

မူလအားဖြင့် ဤကိစ္စသည် သူနှင့် ဘာမှ မဆိုင်လှချေ။ သို့ပေမဲ့ လွင့်မျောတိမ်တောင်သည် ကောင်းကင်မူလ လောကကြီးထဲသို့ ဝင်ရောက်လာပြီ ဖြစ်သောကြောင့် သူသည် ငြိမ်ငြိမ်သက်သက် ထိုင်မနေနိုင်တော့ချေ။ ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်ခဲ့ကြသော သက်ရှိသတ္တဝါပေါင်း များစွာတို့အား တရားမျှတမှုကို ဆောင်ကြဉ်းပေးရပေလိမ့်မည်။

မြေအင်မော်တယ်လောက တစ်ခုလုံးကို သူ့အနေနှင့် ရန်မပြုနိုင်ချေ။ သို့ပေမဲ့ ဖန်းဟန်၏ နာမည်ကို အသုံးပြုပြီး လွင့်မျောတိမ်တောင်ကို ဖျက်ဆီးဖို့ ဆိုသည်မှာတော့ ဖြစ်နိုင်သည့် အကြောင်းအရာဖြစ်၏။ ထို့အပြင် တစ်စုံတစ်ခု မှားယွင်းသွားမည်ဆိုပါက အရှေ့၌ တည်ရှိနေသူသည် ဖန်းဟန်ပင် ဖြစ်လေ၏။ သူ မဟုတ်ပေ။

All Chapters