တိတ်တဆိတ် သတ်ဖြတ်ခြင်း
Vol. 48 Ch. 717
ဟင်းလင်းပြင် သတ္တဝါသုံးကေင်၏ အမြင်အာရုံက အဟန့်အတား ဖြစ်နေသော်လည်း မြူခိုးများက စစ်သည်တော်များ အပေါ်၌ သက်ရောက်မှု များများစားစား မရှိပေ။ စစ်သည်တော်များက အာရုံငါးပါး အလွန်အမင်း စူးရှပြီး ဘေးပတ်ဝန်းကျင်၌ ဆူညံမှုများ ရှိလျှင်တောင်မှ ပစ်မှတ်ကို လျင်မြန်စွာ ခြေရာခံနိုင်လေသည်။
လက်ရှိတွင် သူတို့သည် သူတို့၏ အာရုံစူးစိုက်မှုက အပြည့်အဝ နိုးကြားနေပြီး မူလစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် စစ်သည်တော်တစ်ယောက်က မတိုက်ခိုက်မချင်း သူတို့ ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။
“ဝှီး”
A+ အဆင့် သတ္တဝါ၏ မျက်လုံးတွင် ဒေါသ အရိပ်အယောင်များ ဖြတ်ပြေးနေပြီး ကိုယ်ကိုကိုင်း၍ ရှေ့သို့ တိုးလေသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသော်လည်း ၎င်း၏ တိုက်ခိုက်မှုက လေကိုသာ ထိမိလေသည်။
A+ အဆင့် သတ္တဝါများသည် အေအဆင့်ထက် ပို၍ အဆင့်မြင့်မားပြီး သူတို့၏ ခွန်အားက မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်နီးပါး ရှိသည်။ သူတို့၏ အတွင်းအား အစိတ်အပိုင်းတစ်ခုက မူလချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲပြီး ဖြစ်သည်။
မကြာခင်မှာပင် အခြား အေအဆင့် သတ္တဝါ နှစ်ကောင်က တစ်စုံတစ်ခုကို ရှာတွေ့သွားပုံရပြီး မတူညီသော အရပ်မျက်နှာများသို့ ပြေးဝင်သွားသည်။
ဟင်းလင်းပြင် သတ္တဝါသုံးကောင်က ချက်ချင်း လူစုကွဲသွားလေသည်။ သူတို့သည် အနီးမဝေးသာ ကွာသည်ဟု ထင်ရသော်လည်း သူတို့သည် အစီအရင်အတွင်း၌ အလွန် ဝေးကွာနေသည်ဟု ထင်မှတ်ရသည်။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် အေအဆင့် သတ္တဝါနှင့် နှစ်မီတာပင် မဝေးတော့သည့် အကွာအဝေးအတွင်း၌ ရှိနေသည်။ သူသည် အရေးမစိုက်သည့် အမူအရာ ရှိနေပြီး နှစ်မီတာအား ဘေးကင်းသော အကွာအဝေးဟု သတ်မှတ်ထားသည်။ ထို့ထက်ပို၍ နီးကပ်သွားလျင် ဟင်းလင်းပြင် သတ္တဝါသည် သူ့ကို မမြင်ရသော်ငြားလည်း အာရုံခံမိသွားပေလိမ့်မည်။
ရဲ့လင်းချန်သည် လက်နှစ်ဖက်လုံးဖြင့် လှံကို ဝှေ့ယမ်းလိုက်ကာ လှံထိပ်၌ အဖြူရောင် မြူခိုး ဖြစ်ပေါ်လာပြီးနောက် အေအဆင့် သတ္တဝါ၏ ဦးခေါင်းတည့်တည့်သို့ ထိုးခွင်းသွားလေသည်။
နှစ်မီတာအကွာအဝေးက ချက်ချင်း ရောက်သွားသော်လည်း အေအဆင့် သတ္တဝါသည် သတိအနေအထားဖြင့် ဘယ်ဘက်သို့ လျင်မြန်စွာ ခေါင်းကို ယိမ်းလိုက်သည်။ ရဲ့လင်းချန်သည် မည်သည့် အခွင့်အရေးကိုမှ လက်လွှတ်ခံမည် မဟုတ်သောကြောင့် လှံကို ပြန်ဆုတ်၍ ထိုသတ္တဝါ၏ လည်မျိုကို ထိုးရန် ရည်ရွယ်လိုက်သည်။
သတ္တဝါက ချက်ချင်း ခေါင်းကို ငုံ့လိုက်ပြီး အကူအညီတောင်းသကဲ့သို့ အော်ဟစ်လေသည်။ ၎င်းလက်ထဲမှ ဓားသည် လှံနှင့် ထိပ်တိုက် တွေသွားပြီးနောက် ၎င်းကိုယ်တိုင် နောက်သို့ ဆုတ်သွားရသည်။
အရိပ်တစ်ခုက မြူခိုးထဲမှ တိတ်တဆိတ် ၎င်း၏ အနောက်သို့ ရောက်လာသည်။ ဘာအသံမှ မထွက်ဘဲ သူက ထိုသတ္တဝါအား ဓားဖြင့် ခုတ်ချလိုက်လေသည်။
“ဒုတ်”
ထိုသတ္တဝါသည် အရေးအကြီးဆုံး အခြေအနေ၌ အန္တရာယ်ကို ရှောင်လိုက်နိုင်သော်လည်း ခါးကို သုံးလက်မ ဝင်သွားသည်။ ချင်ပိုင်ချွမ်းက အထွတ်အထိပ် အတွင်းအားအဆင့်၌သာ ရှိသေးသည်က ကံဆိုးလှသည်။ ထိခိုက်မှုက အကန့်အသတ်နှင့်သာ ဖြစ်နေသည်။ အကယ်၍ ချင်ပိုင်ချွမ်းက မူလစိတ်ဝိညာဉ်အဆင့် စစ်သည်တော်သာ ဆိုပါက ဓားချက်က သတ္တဝါကို သေစေနိုင်လောက်သည်။
“ကကူ”
သတ္တဝါက အော်ဟစ်ပြီး လက်ကိုမြှောက်၍ အနောက်မှ ချင်ပိုင်ချွမ်းကို ထိုးလေသည်။ သို့သော် သူ့လက်သီးက လေကိုသာ ထိုးမိလေသည်။
ရုတ်ရုတ်သဲသဲ အခြေအနေက ကျန် ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါနှစ်ကောင်၏ အာရုံကို ဖမ်းစားသွားသည်။ သို့သော် လင်းထျန်းရှုံးနှင့် ဝံပုလွေပြာ၏ နည်းပြချုပ်တို့သည် မအားမလပ် ဖြစ်နေသဖြင့် ချက်ချင်း မပံ့ပိုးနိုင်ပေ။ မကြာခင်မှာပင် A+ အဆင့် သတ္တဝါက ရောက်လာပြီး သူ၏ အပေါင်းအပါနှင့် ပူးပေါင်းတိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ရဲ့လင်းချန်က လှံဖြင့် ထိုးနှက်လိုက်သည်။
“ကကူ”
A+ အဆင့် သတ္တဝါ၏ မျက်လုံးများက နီရဲလာပြီး ၎င်း၏ ကြမ်းကြုတ်မှုက အဆုံးစွန်ထိ ရောက်ရှိသွားလေသည်။ ၎င်းလက်ထဲမှ လက်နက်သည် ဝံပုလွေ၏ သွားများ ပါရှိသော တင်းပုတ်တစ်လက် ဖြစ်သည်။ ၎င်းက လှံကို ရှောင်တိမ်းခြင်း မပြုဘဲ ရဲ့လင်းချန်၏ လှံကို ထုနှက်လိုက်သည်။
“ဒုန်း”
ရဲ့လင်းချန် လှံကို ပြန်ရုတ်လိုက်ပြီးနောက် အခြေအနေက ပြန်လည်၍ တည်ငြိမ်သွားလေသည်။
ရဲ့လင်းချန်သည် သူ၏ ခန္ဓာကိုယ်တွင်းမှ ဝရုန်းသုန်းကား ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်လိုက်ပြီး အစီအရင်အတွင်း၌ ရှိနေသည့် သုံးယောက်ကို လေးနက်စွာ ကြည့်လိုက်သည်။
အခြေအနေက အန္တရာယ်များစ ပြုလာသည်။
အစီအရင်က မြေကြီးကို များများစားစား ဖုံးကွယ်မထားနိုင်ဘဲ စစ်သည်တော်များကြားမှ တိုက်ခိုက်မှုများက စိတ်ဝိညာဉ် စွမ်းအင် အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းက ရှောင်လွှဲ၍ မရနိုင်ပေ။ အကယ်၍ သူတို့သာ ဟင်းလင်းပြင် နယ်မြေ သတ္တဝါတစ်ကောင်ကို ချက်ချင်း မသတ်နိုင်ခဲ့ပါက ကျန်နှစ်ကောင်က ချက်ချင်း ပြေးလာပြီး ကာကွယ်ပေးပေလိမ့်မည်။ ယင်းက စစ်သည်တော်များအား ပြင်းထန်သော တိုက်ခိုက်မှု ပြုလုပ်ရန် ဟန့်တားနေပြီး ခွန်အားကို အပြည့်သုံးမိပါက သူတို့နေရာကို ဖော်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများက နည်းလွန်းပြီး ပြင်ဆင်ချိန်ကလည်း မလုံလောက်ပေ။ ဤသို့သော ထောင်ချောက် အစီအရင်မျိုး ဖန်တီးနိုင်ခြင်းကပင် ကံကောင်းနေပြီဟု သူတို့ သတ်မှတ်ရပေမည်။ သို့သော် သူတို့သည် မရဏ အစီအရင်နှင့် အလွန် ကွာဝေးနေသေးသည်။
ရဲ့လင်းချန်၏ မျက်လုံးများ အနည်းငယ် လှုပ်ခတသွားပြီး သူ၏ လက်ရှိ အရည်အချင်းက လိုအပ်ချက်များ ရှိနေသေးသည်ကို သတိပြုမိသွားသည်။ အကယ်၍ အစွမ်းထက်သော စိတ်ငြိမ်ဆေးကို အစီအရင်အတွင်း ပေါင်းထည့်နိုင်ပါက အခြေအနေများကို လွယ်ကူစွာ ဖြေရှင်းနိုင်ပေလိမ့်မည်။ သူ၏ ဗဟုသုတက ပြိုင်ဘက်ကင်း သော်လည်း သူ၏ ဗဟုသုတအား လက်တွေ့ကျကျ အသုံးဝင်အောင် ပေါင်းစပ်နိုင်ရန် လိုအပ်ပေသည်။
သူသည် A+ အဆင့် သတ္တဝါကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်သတ္တဝါနှစ်ကောင်ကို ကြည့်လိုက်သည်။
A+ အဆင့် သတ္တဝါသည် မူလ စိတ်ဝိညာဉ် ချီစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ကာ ၎င်း၏ တိုက်ခိုက်မှု စွမ်းအားက အပြောင်းအလဲတစ်ခုအထိ ရောက်နေပြီ ဖြစ်သည်။ ရဲ့လင်းချန်သည် ၎င်းနှင့် ထိပ်တိုက် အားကုန် တိုက်ခိုက်ရန် အခက်တွေ့နေသည်။ ပထမ ဦးစားပေးမှာ အားနည်းသူများကို အရင်သတ်၍ ထိုအကောင်ကို နောက်ဆုံးမှ ရင်ဆိုင်ရန် ဖြစ်သည်။
သူသည် ချင်ပိုင်ချွမ်းနှင့် ကျန်နှစ်ယောက်ကို အချက်ပြလိုက်ပြီး သူတို့က အခြေအနေကို ချက်ချင်း သဘောပေါက် သွားသည်။ ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးက အေအဆင့် သတ္တဝါ နှစ်ကောင်ထံသို့ ဖြည်းဖြည်းချင်း ကပ်သွားပြီး ဝံပုလွေပြာ၏ နည်းပြချုပ်က A+ အဆင့် သတ္တဝါကို အာရုံစိုက်ထားသည်။
လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့သည် ခန္ဓာကိုယ်၌ ဒဏ်ရာရထားသော်လည်း သူတို့၏ ခွန်အားက ပျောက်ဆုံး မသွားသေးပေ။ ဝံပုလွေပြာ၏ နည်းပြချုပ်မှာမှု သူ၏ ကျိုးနေသော ဘယ်ဘက်လက်မောင်းကြောင့် အနည်းငယ် အလေးမသာ ဖြစ်နေသည်။ ထို့ကြောင့် A+ အဆင့် သတ္တဝါ၏ အာရုံကို လှည့်ဖြားထားပြီး ရဲ့လင်းချန်နှင့် အခြားသူများကို တိုက်ခိုက်ရန် သင့်တော်သော အခြေအနေများ ပံ့ပိုးပေးသည်က သူ့အတွက် အသင့်တော်ဆုံးပင်။
တကယ်တမ်းတွင် A+ အဆင့် သတ္တဝါ၏ အာရုံကို ဆွဲထားသည်က အန္တရာယ် ပိုများပြီး နည်းနည်းလေး မှားသွားသည်နှင့် သေသွားနိုင်ပေသည်။
ရဲ့လင်းချန် အသာ ခေါင်းညိတ်လိုက်သည်နှင့် ဝံပုလွေပြာ၏ နည်းပြချုပ်က ရှေ့တိုးသွားပြီး A+ အဆင့် သတ္တဝါကို ထိုးလိုက်သည်။ သတ္တဝါ သုံးကောင်လုံး၏ အာရုံက သူ့ထံ ပြိုင်တူ ကျရောက်လာပြီး ဝံပုလွေပြာ၏ နည်းပြချုပ်ကို ဝိုင်းတိုက်ကြလေသည်။ သို့သော် အေအဆင့် သတ္တဝါနှစ်ကောင်က ချက်ချင်း တားဆီးခံလိုက်ရသည်။
လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့ တစ်ယောက်ချင်းစီက ထိုအေအဆင့် သတ္တဝါ တစ်ကောင်ကို ထိန်းထားကြသည်။ သူတို့သည် အစီအရင်ကို အားထား၍ ထိုသတ္တဝါများနှင့် ယှဉ်နိုင်လုနီးပါး တိုက်ခိုက်နိုင်ကြသည်။ တစ်ဖက်တွင်မူ ရဲ့လင်းချန်က ကျန်တစ်ကောင်ကို တစ်ကိုယ်တည်း တိုက်ခိုက်နေသည်။ သူသည် မည်သည့် လှံသိုင်းကိုမှ မသင်ယူဖူးသဖြင့် ကာယအားကိုသာ သုံး၍ တိုက်ပွဲကို မြန်မြန် အဆုံးသတ်နိုင်ရန်သာ မျှော်လင့်နေရသည်။
အေအဆင့် သတ္တဝါသည် ရဲ့လင်းချန်ကို အနည်းငယ် ကြောက်လန့်နေသော်လည်း ဆောက်တည်ရာမရ သည်အထိတော့ မဟုတ်ပေ။ ၎င်းက တိုက်ခိုက်လိုက်၊ နောက်ဆုတ်လိုက်နှင့် ၎င်း၏ အပေါင်းအပါများ လာကယ်သည်ကို စောင့်နေ၏။
ရဲ့လင်းချန်၏ အကြည့်က လျှပ်စီးတမျှ စူးရှလျင်မြန်သည်။ တိုက်ခိုက်မှုတိုင်းက အေအဆင့် သတ္တဝါကို နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်၏။ ၎င်း၏ လက်မှ အရေပြားသည် တိုက်ခိုက်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး ရဲ့လင်းချန်က တစ်နည်းမဟုတ် တစ်နည်းဖြင့် ထိပ်တိုက် တိုက်ခိုက်နေလေသည်။
ထိုသို့သောအချိန်၌ အေအဆင့် သတ္တဝါသည် ဒေါသူပုန်ထနေလေပြီ။ လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့သည် ငါးများသဖွယ် ချောမွေ့စွာ လှုပ်ရှားနေပြီး တစ်ကြိမ် တိုက်ခိုက်ပြီးနောက် မြူခိုးကို အမှီပြု၍ နောက်ဆုတ် သွားကြသည်။ သူတို့၏ တိုက်ခိုက်မှုက မည်သည့် ခြိမ်းခြောက်မှုမှ မရှိသော်လည်း ဒေါသဖြစ်စရာ ကောင်းလှသည်။ ၎င်းသည် လူသား နှစ်ယောက်ကို တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း သတ်နိုင်ပြီဟု ထင်ခဲ့သော်လည်း ပြန်တိုက်ချိန်၌ လေကိုသာ ထိုးမိလေသည်။ ဆက်တိုက် ကျရှုံးခြင်းက ၎င်းအား သွေးရူးသွေးတန်း ဖြစ်စေသည်။
*လူသားတွေက ကောက်ကျစ်လွန်းတယ်*
ထို့နောက် ၎င်းသည် ဘေးကို ကြည့်လိုက်မိပြီးနောက် ၎င်းဘေး၌ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်း ထွက်ပေါ်နေသည်ကို ခံစားမိသည်။ တစ်ခဏကြာသော် ၎င်းသည် မြူခိုးထဲ၌ တိုက်ခိုက်နေသော အရိပ်နှစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။
“ကကူ”
အရိပ်တစ်ခုက လှံကို ကိုင်ထားပြီး ခပ်လှမ်းလှမ်းမှ နောက်အရိပ်တစ်ခုကို ဖိအားပေးနေပြီးနောက် အော်သံကို ကြားလိုက်ရသည်။
*ဒီအသံက …*
အေအဆင့် သတ္တဝါ၏ မျက်လုံးများ လင်းလက်သွားပြီး လှံကိုင်ထားသော အရိပ်ကို ၎င်း၏ အပေါင်းအပါဟု ခံစားလိုက်ရသည်။ ထို့နောက် ၎င်းက စဉ်းစားမနေဘဲ သူ့ထံ တွန်းပို့ခံနေရသည့် အရိပ်ကို ချက်ချင်း ဓားဖြင့် ခုတ်ပိုင်း လိုက်လေသည်။
“ရွှစ်”
ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားလေပြီ။
သို့သော် သူ မပျော်နိုင်ခင်မှာပင် လှံကို ကိုင်ထားသည့် အပေါင်းအပါက သူ့ဘက်လှည့်၍ ချက်ချင်း လှံဖြင့် ထိုးလာ၏။
“ဝှစ်”
၎င်း မတုံ့ပြန်နိုင်ခင်မှာပင် ဓားကို ကိုင်ထားသည့်လက်က ချက်ချင်း ပြတ်သွားလေသည်။
“မိုကစုရိုဒီလာ”
ထိုအေအဆင့် သတ္တဝါသည် အခြေအနေကို အခုထိ သဘောမပေါက်သေးပုံ ရသည်။ ၎င်း၏ အလျင်လိုနေသော အသံက ၎င်း၏ အပေါင်းအပါကို တစ်ခုခု ရှင်းပြနေသလိုပင်။
“ငတုံးကောင်”
ရဲ့လင်းချန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ချီးကျူးမိသွားသည်။ သူသည် သူ၏ အသံတုကို သုံး၍ အေအဆင့် သတ္တဝါ၏ အသံကို တုပခဲ့သည်။ ရလဒ်က အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှသည်။ အကယ်၍ သူသာ ဟင်းလင်းပြင်နယ်မြေ၏ ဘာသာစကားကို ကျွမ်းကျင်ခဲ့ပါက ဤအစီအရင်နှင့် ပေါင်းလိုက်လျင် လျှို့ဝှက်သတ်ဖြတ်သူ ဖြစ်သွားနိုင်လောက်သည်။
အေအဆင့် သတ္တဝါသည် ရဲ့လင်းချန်၏ အသံကို ကြားသောအခါ အံ့ဩသွားပြီး ချက်ချင်း အဖြစ်အပျက်ကို သဘောပေါက်သွားသည်။ ၎င်းသည် အော်ဟစ်ကာ ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်ချေ။