အခန်း (၁၂၀၁-၁၂၀၃)
Vol. 81 Ch. 1201-1203
အခန်း(၁၂၀၁)
"ကောင်လေး မင်းကိုယ်မင်း အဂ္ဂိရတ်ပညာရပ်မှာ ပြိုင်ဘက်ကင်းလို့များ ထင်နေတာလား"
ကူယွိက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"လေနဲ့ပဲ စကေးလ်ပြမနေနဲ့.. သတ္တိရှိရင် မင်းငါနဲ့ အလောင်းအစားလုပ်ရဲလား"
သူက နတ်ဘုရားနယ်မြေရှိ ရှေးဟောင်းနဂါးမျိုးနွယ်မှ အဂ္ဂိရတ်ပါရမီရှင် တစ်ဦး ဖြစ်ပြီး မျိုးနွယ်စုထဲတွင် အမှားအယွင်းတစ်ခု လုပ်မိခဲ့၍ ရွှေနဂါးမြို့ကို ပို့ခံခဲ့ရခြင်း ဖြစ်သည်။
သူ၏ အဂ္ဂိရတ် ပါရမီသည် နဂါးမျိုးနွယ်စုမှာပင် ထိပ်တန်းအဆင့် ရှိပြီး ရွယ်တူထဲတွင် သူ့ကို မည်သူမျှ အထင်မသေးရဲပေ။
ယခုအခါတွင်မူ အဆင့်နိမ့်ဂြိုဟ်မှ ကောင်လေးတစ်ယောက်သည် သူကို ဤမျှအထိ အထင်သေးနေခဲ့ရာ မာနကြီးသည့် ကူယွိသည် အဘယ်ကဲ့သို့ စိတ်မဆိုးဘဲ နေပါအံ့နည်း။
"ကောင်းပြီလေ.. အလောင်းအစားဆိုမှတော့ လောင်းကြေးလေး ထပ်ထည့်လိုက်ရင် ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာပေါ့ မဟုတ်ဘူးလား"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ပဟေဠိဆန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ငါ ဒီရက်ပိုင်းမှာ နတ်ခရစ်စတယ် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်.. ဒါကြောင့် နတ်ခရစ်စတယ် သုံးထောင်ကို လောင်းကြေးအဖြစ် သတ်မှတ်မယ်.. ဘယ်လိုသဘောရလဲ"
"နတ်ခရစ်စတယ် သုံးထောင်လား"
ကူယွိက မထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။
"မင်းက နတ်ခရစ်စတယ် သုံးထောင် လောင်းကြေးထပ်ရအောင် မင်းမှာ နတ်ခရစ်စတယ် သုံးထောင် ရှိလို့လား"
နတ်ခရစ်စတယ် သုံးထောင်သည် သူ့လို သတ္တမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် စာဖွဲ့လောက်သော ပမာဏ မဟုတ်သော်လည်း နဂါးမျှော်စင်မှ ကျင့်ကြံသူများအတွက်ကမူ အလွန်တရာ များပြားလှသော ပမာဏဖြစ်သည်။
နဂါးမျှော်စင် ထိပ်ဆုံးရှိ ပါရမီရှင်များမှ လွဲလျှင် နတ်ခရစ်စတယ် သုံးထောင်ကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်သူသည် လက်ချိုးရေတွက်၍ပင် ရ၏။
"ငါ့လက်ထဲမှာ နတ်ခရစ်စတယ် သုံးထောင် မရှိပေမဲ့ နတ်ခရစ်စတယ်သုံးထောင်လောက် တန်ဖိုးရှိတဲ့ အရာတစ်ခု ရှိပါတယ်"
"သတ္တမထပ်ရဲ့ စစ်ဘုရင် ကျွမ်းလီကောက ငါ့ရဲ့ ခေါင်းကို နတ်ခရစ်စတယ် သုံးထောင်နဲ့ ဆုလာဘ်ထုတ်ပြန်ထားတယ်.. မင်း အနိုင်ရလို့ရှိရင် ငါ့ရဲ့ ခေါင်းကိုယူပြီး ဆုလာဘ် သွားထုတ်လိုက်ရုံပဲ"
ကျန်းချန်က အရေးမပါသည့် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒါဆို မင်းက နဂါးမျှော်စင်ရဲ့ ပဉ္စမထပ်ထိ ဆယ်ရက်အတွင်း အလျင်မြန်ဆုံး ဖြတ်ကျော်လာခဲ့တဲ့ တုနှိုင်းမဲ့ စစ်ဘုရင် ကျန်းချန်လား"
ကူယွိ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
မကြာခင်မှာပင် သူ၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့၏။
"မင်းက မင်းရဲ့ဦးခေါင်းကို အတင်းအကြပ် ဆက်သနေမှတော့ မင်းရဲ့ ခေါင်းကို ယူရတော့မှာပေါ့"
ဤလူငယ်သည် ပဉ္စမထပ်ကို အချိန်တိုအတွင်း တက်လှမ်းခဲ့ပြီး နဂါးမျှော်စင်၏ စံချိန်မှတ်တမ်းကို ချိုးဖျက်ခဲ့သည်။
ယင်းက လူငယ်လေး၏ ကိုယ်ခံပညာပါရမီ မည်မျှထူးချွန်သည်ကို သက်သေပြနေပေသည်။
သို့သော်လည်း ဤကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် ကိုယ်ခံပညာပါရမီ ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ကူယွိ အမှန်တကယ် မယုံကြည်ခဲ့ပေ။
"ကောင်လေး.. မင်းကူယွိနဲ့ အလောင်းအစားလုပ်ချင်တာ သေချာရဲ့လား"
အနီရောင်ဝတ် အဘိုးအိုက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
အဆင့်နိမ့်ဂြိုဟ်မှ အသက်နှစ်ဆယ် အရွယ် ကောင်လေး တစ်ယောက်သည် သတ္တမအဆင့် အဂ္ဂိရတ်သခင် ကူယွိနှင့် အဂ္ဂိရတ် ပညာရပ် ယှဉ်ပြိုင်ပြီး အသက်ကိုပါ လောင်းကြေးထပ်နေခဲ့သည်။
ဤကောင်လေးသည် ယဉ်ယဉ်လေး ရူးသွပ်နေပါသလော"
"ကျန်းချန်.. ကူယွိက စိတ်ဓာတ်သေးသိမ်တဲ့သူ ဆိုပေမဲ့ အဂ္ဂိရတ်ပညာရပ်မှာတော့ တကယ်တော်တဲ့ အဂ္ဂိရတ်သခင်တစ်ယောက်ပဲ.. ရှင် သူနဲ့ အလောင်းအစား မလုပ်ရင် ကောင်းမယ်လို့ ထင်တယ်"
ထိုအချိန်တွင် သူ့နံဘေးရှိ ချောမောလှပသော တာဝန်ခံ အမျိုးသမီးသည် ကျန်းချန်ကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့.. သူ ကျွန်တော့်ကို ဘယ်လိုမှ အနိုင်ရမှာ မဟုတ်ဘူး.. ကျွန်တော်က အဂ္ဂိရတ်ပြိုင်ပွဲတွေမှာ အခုချိန်ထိ ဘယ်သူ့ကိုမှ မရှုံးနိမ့်ဖူးဘူး"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
ထို့နောက် သူက အနီရောင်ဝတ် အဘိုးအို ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"အကြီးအကဲ ဒီပြိုင်ပွဲကို ကြီးကြပ်ပေးပါဦး"
"ကောင်းပြီ "
ကျန်းချန်က ကူယွိနဲ့ ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် အနီရောင်ဝတ် အဘိုးအိုသည် ဘာမှ ထပ်မပြောတော့ပေ။
အဘိုးအိုက သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးမီးဖိုနှစ်ခုသည် ကူယွိနဲ့ ကျန်းချန်၏ ရှေ့သို့ အသီးသီး ကျဆင်းလာခဲ့သည်။
ထို့နောက်တွင် အနီရောင်ဝတ် အဘိုးအိုသည် လက်ဖဝါးများကို လှုပ်ရှားလိုက်ပြီး တူညီသော ဆေးဝါးပစ္စည်း ဆယ်စုံစီကို ကျန်းချန်နှင့် ကူယွိတို့၏ ရှေ့တွင် စနစ်တကျ စီတန်းပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် အနီရောင်ဝတ် အဘိုးအို၏ လေးနက်သော အသံသည် သူတို့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"မင်းတို့နှစ်ယောက် သန့်စင်ရမဲ့ ဆေးလုံးက ဆဋ္ဌမအဆင့် အထွတ်အထိပ်ဆေးလုံး ဖြစ်တဲ့ ဝိညာဉ်သန့်စင်ကောင်းကင်ဆေးလုံးပဲ.. အခု မင်းတို့ရဲ့ရှေ့မှာ ဝိညာဉ်သန့်စင်ကောင်းကင်ဆေးလုံး အတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်း ဆယ်စုံစီရှိတယ်.. မင်းတို့က ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံး ဆယ်လုံးစီကို ပြီးစီးအောင် သန့်စင်ရမယ်.. အမြန်နှုန်းနဲ့ အောင်မြင်မှုနှုန်းကို အခြေခံပြီး ရလဒ်ကို ဆုံးဖြတ်မယ်.. ဘာပြောစရာ ရှိသေးလဲ"
ကျန်းချန်နဲ့ ကူယွိတို့ နှစ်ဦးစလုံးက ခေါင်းခါပြလိုက်ပြီး အနီရောင်ဝတ် အဘိုးအို၏ အဆိုကို သဘောတူကြောင်း ပြသခဲ့ကြသည်။
အနီရောင်ဝတ် အဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ စလို့ရပြီ"
အနီရောင်ဝတ် အဘိုးအို၏ စကားဆုံးသည်နှင့် ကျန်းချန်နှင့် ကူယွိတို့သည် ဆေးမီးဖိုကို အပူပေးရန်အတွက် လက်ဟန်များကို စတင်ပြုလုပ်ခဲ့ကြသည်။
"ဒီကောင်လေးရဲ့ လှုပ်ရှားမှုတွေက အရမ်းကို သွက်လက်ပြီး ရေစီးလို ချောမွေ့တယ်.. ဒီကောင်လေးရဲ့ အဂ္ဂိရတ် အခြေခံက ကူယွိထက် လုံးဝ မညံ့ဘူးပဲ"
ကျန်းချန်၏ အရည်အချင်းတချို့ကို မြင်လျှင် အနီရောင်ဝတ် အဘိုးအို၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။
ဤကောင်လေးသည် မာနကြီးသော်လည်း မာနကြီးနိုင်လောက်သည့် အရည်အချင်းများကို အမှန်တကယ် ပိုင်ဆိုင်ထားခဲ့သည်။
နှစ်ဦးစလုံး၏ လှုပ်ရှားမှုများသည် အလွန်ပင် မြန်ဆန်ကြသည်။
မိနစ်အနည်းငယ် အတွင်းမှာပင် နှစ်ဦးစလုံးသည် ဆေးဝါးပစ္စည်းများကို ဆေးမီးဖိုထဲသို့ ထည့်ရန် အဆင်သင့်ဖြစ်နေခဲ့ကြသည်။
ကူယွိက ဆေးဝါးတစ်မျိုးပြီး တစ်မျိုးကို ဆေးမီးဖိုထဲသို့ စနစ်တကျ ထည့်လိုက်သည်။
တစ်ဖက်မှ ကျန်းချန်၏ လှုပ်ရှားမှုများကမူ အနီရောင်ဝတ် အဘိုးအိုကို အံ့အားသင့်စေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ဝိညာဉ်သန့်စင် ဆေးလုံးကို ထုတ်လုပ်ရန် အသုံးပြုသည့် ဆေးဝါးပစ္စည်း အားလုံးကို ဆေးမီးဖိုထဲသို့ တစ်ခါတည်း ထည့်လိုက်သောကြောင့်ပင်။
"ဒါ.. ဒါက ဟန်ယွင်နည်းစနစ် မဟုတ်လား"
အနီရောင်ဝတ် အဘိုးအို၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။
အဆင့်နိမ့်ဂြိုဟ်မှ ကောင်လေးသည် ဤမျှအထိ အဂ္ဂိရတ်ပညာရပ်ကို ကျွမ်းကျင်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
ဟန်ယွင်နည်းစနစ်၏ အကြီးမားဆုံး အကျိုးသက်ရောက်မှုမှာ ဒြပ်စင်များကို ပေါင်းစည်းခြင်း ဖြစ်သည်။
ထိုနည်းစနစ်က ပစ္စည်းအားလုံးကို တစ်ပြိုင်နက်တည်း အရည်ကျိုကာ အဂ္ဂိရတ်လုပ်ဆောင်သည့် အမြန်နှုန်းကို များစွာ တိုးမြှင့်ပေးနိုင်၏။
သို့သော်လည်း ဤအဂ္ဂိရတ်ပညာရပ်သည် အလွန်ပင် အဆင့်မြင့်သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေမှာပင် ဟန်ယွင်နည်းစနစ်ကို ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်သည် အလွန်တရာ ရှားပါးသည်။
ဤကောင်လေးသာ ဟန်ယွင်နည်းစနစ်ကို အမှန်တကယ် ကျွမ်းကျင်နေမည်ဆိုလျှင် ကူယွိသည် ကျန်းချန်၏ ပြိုင်ဘက် ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ်တော့ပေ။
တကယ်လည်း အနီရောင်ဝတ် အဘိုးအို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့၏။
ကျန်းချန်က ဆေးဝါးပစ္စည်းအားလုံးကို တစ်ပြိုင်နက်တည်း ဆေးမီးဖိုထဲထည့်ကာ အရည်ကျိုလိုက်ခြင်းသည် သန့်စင်သည့် အဆင့်အတွက် အချိန်များစွာကို သက်သာစေခဲ့သည်။
နာရီဝက် မပြည့်မီမှာပင် ကျန်းချန်သည် ပထမဆုံး ဆေးလုံးဖြစ်သည့် ဝိညာဉ်သန့်စင် ကောင်းကင် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
တစ်ဖက်မှ ကူယွိကမူ ဆေးဝါးပစ္စည်းများကို ထည့်ပြီးကာစသာ ရှိနေသေး၏။
ထိုအချိန်မှာပင် ကူယွိသည် သင်းပျံ့သော ဆေးလုံးရနံ့ကို ရုတ်တရက် ရရှိလိုက်ရာ ကျန်းချန် ဘက်သို့ ကြည့်လိုက်သည်။
ကူယွိက ကျန်းချန် သန့်စင်ပြီးဆုံးသွားသည့် ပထမဆုံးဆေးလုံးကို မြင်လျှင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဒါ.. ဒါ မဖြစ်နိုင်ဘူး.. မင်း.. မင်းက ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သန့်စင်နိုင်မှာလဲ"
ကျန်းချန်က ညင်သာစွာပြုံး၍ ပြန်ဖြေလိုက်သည်။
"မင်းတောင် မယုံနိုင်ဘူးဆိုတော့ ငါ ဆေးလုံးသန့်စင်တာ အရမ်းကို မြန်သွားတဲ့ပုံပဲ"
"ကျန်းချန် မင်းသိပ်ပြီး မာန်တက်မနေနဲ့ဦး.. အဂ္ဂိရတ်ပညာရပ်မှာ အရေးကြီးဆုံးက ဆေးလုံးသန့်စင် အောင်မြင်မှုနှုန်းပဲ.. ဒါကြောင့် မင်း ဘယ်လောက်ပဲ မြန်မြန် အဆုံးသတ်မှာ ငါ့ကို ဘယ်လိုမှ အနိုင်ရမှာမဟုတ်ဘူး"
ကူယွိ၏ မျက်နှာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
သူက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်ကာ ဆေးလုံးသန့်စင်သည့် လုပ်ငန်းစဉ်ထဲသို့ သူ၏ စိတ်ကို မြှုပ်နှံလိုက်တော့သည်။
"ငါ ကျန်းချန်နဲ့ ဆေးလုံးသန့်စင် အောင်မြင်တဲ့နှုန်းကို ယှဉ်ချင်တယ်လား"
ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။
သာမန်ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးသာဆိုလျှင် သတ္တမအဆင့် အဂ္ဂိရတ်သခင်ဖြစ်သည့် ကူယွိနှင့် ယှဉ်လျှင် ဆဋ္ဌမအဆင့် ဆေးဝါးသန့်စင်သည့် နေရာ၌ သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်တွင်မူ အဆတစ်ရာစနစ် ရှိနေခဲ့၏။
သူ အဂ္ဂိရတ်လုပ်ဆောင်တိုင်းတွင် သူ၏စနစ်သည် သူ၏ အောင်မြင်မှု နှုန်းထားကို အဆတစ်ရာအထိ အလိုအလျောက် မြှင့်တင်ပေးနေခဲ့သည်။
ထို့ကြောင့်လည်း ကျန်းချန်သည် အဂ္ဂိရတ်လမ်းစဉ်နှင့် စတင်ထိတွေ့စဉ်ကတည်းကပင် ယနေ့အထိ မည်သည့်ဆေးလုံးကို သန့်စင်သည်ဖြစ်စေ ဘယ်သောအခါမှ မအောင်မြင်ခဲ့ခြင်းမျိုး မရှိခဲ့ခြင်း ဖြစ်သည်။
ကူယွိက သူ့ကို ဆေးဝါးအောင်မြင်မှုနှုန်းဖြင့် အနိုင်ယူဖို့ တွေးနေသည်ဟုမြင်လျှင် သူက တကယ့် ဆေးဝါး အောင်မြင်မှုနှုန်းကို ပြသကာ ကူယွိကို စိတ်ပျက်အားငယ်စေမည် ဖြစ်သည်။
အခန်း(၁၂၀၁) ပြီး၏။
အခန်း(၁၂၀၂)
ဆေးမီးဖိုမှ ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို ထုတ်ယူပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ဒုတိယမြောက် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို သန့်စင်ရန် စတင်ခဲ့သည်။
ဤတစ်ခေါက်တွင်လည်း ကျန်းချန်သည် ဆေးဝါးပစ္စည်းများအားလုံးကို ဆေးမီးဖိုထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်သည်။
နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် သူ၏ ဒုတိယမြောက် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီးစီးခဲ့သည်။
တစ်ဖက်မှ ကူယွိကမူ ပထမဆုံး ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို သန့်စင်ပြီးသွားခဲ့ပြီး ဒုတိယမြောက် ဆေးလုံးကို စတင် သန့်စင်နေဆဲသာ ရှိသေးသည်။
"လခွမ်း.. ဒီကောင်လေးရဲ့ ဆေးသန့်စင် အောင်မြင်မှုနှုန်းက ဘာလို့ ဒီလောက်တောင် မြင့်မားနေရတာလဲ"
ကျန်းချန်က ဒုတိယမြောက် ဆေးလုံးကို အလွယ်တကူ သန့်စင်ပြီးစီးသွားသည်ကို မြင်လျှင် ကူယွိ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ကျန်းချန်က ဆေးဝါးပစ္စည်းများကို တစ်ခါတည်း အရည်ကြိုနိုင်သည့် ဟန်ယွင်နည်းစနစ်ကို ကျွမ်းကျင်၍ အဂ္ဂိရတ်အမြန်နှုန်းတွင် သူ့ထက် ပိုမိုမြန်ဆန်သည်ကို ကူယွိ အသိအမှတ်ပြုခဲ့သည်။
သို့ရာတွင် ထိုကောင်လေးသည် အဂ္ဂိရတ် အောင်မြင်မှုနှုန်းတွင်ပါ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေခဲ့သည်။
ဆိုရလျှင် နှစ်ကြိမ်ဆက်တိုက် ဆေးဝါးသန့်စင်ရာတွင် မည်သည့်အမှားအယွင်းမှ မရှိခဲ့ပေ။
ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးသည် ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံး ဖြစ်သည်။
ယေဘုယျအားဖြင့် ဆဋ္ဌမအဆင့် အထွတ်အထိပ် အဂ္ဂိရတ်သခင်သည် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို သန့်စင်ရာတွင် အောင်မြင်မှုနှုန်းထားသည် ၃၀% ဝန်းကျင်သာ ရှိ၏။
သူ့လို သတ္တမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်၏ ဆေးဝါးသန့်စင် အောင်မြင်မှုနှုန်းထားသည်ပင် ၆၀% ဝန်းကျင်သာ ရှိသည်။
"ဒီကောင် နောက်ထပ် ဆေးလုံးတွေကို သန့်စင်အောင်မြင်လိမ့်မယ်လို့ ငါ မယုံဘူး"
ကူယွိက တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို နှစ်ကြိမ်ဆက်တိုက် အောင်မြင်အောင် သန့်စင်နိုင်ခြင်းမှာ ကံအလွန်ကောင်းနေခြင်း ဖြစ်နိုင်သည်ဟု ကူယွိ ထင်နေခဲ့သည်။
သို့သော် ထိုကောင်လေးသည် သုံးကြိမ်ဆက်တိုက် အောင်မြင်ခဲ့လျှင်မူ မယုံကြည်နိုင်စရာ ရလဒ်ကို ဖြစ်ပေါ်စေလိမ့်မည်။
ဆိုရလျှင် သူကိုယ်တိုင်ပင် သုံးကြိမ်ဆက်တိုက် အောင်မြင်စွာ သန့်စင်နိုင်လိမ့်မည်ဟု အာမခံနိုင်စွမ်းမရှိပေ။
နောက်ထပ်တစ်ခဏတွင် ကူယွိကို စိတ်ဓာတ်ကျစေမည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
နာရီဝက်ခန့်အကြာမှာပင် ကျန်းချန်သည် တတိယမြောက် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြန်သည်။
ဤသို့ဖြင့် စတုတ္ထမြောက်ဆေးလုံး၊ ပဉ္စမမြောက်ဆေးလုံး..
နာရီဝက်တိုင်းတွင် ကျန်းချန်သည် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးတစ်လုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ဆေးသန့်စင်သည့် လုပ်ငန်းစဉ် တစ်ခုလုံးတွင် ကျန်းချန်သည် မည်သည့်အခက်အခဲကိုမှ မကြုံတွေ့ခဲ့ရပေ။
ဤအခြေအနေသည် နဝမမြောက် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို သန့်စင်နေသည့် အချိန်ထိ ဆက်လက် တည်ရှိခဲ့ပြီး မည်သည့် အပြောင်းအလဲမှ မရှိခဲ့ချေ။
သို့သော်လည်း ကူယွိကမူ ကျန်းချန်၏ အောင်မြင်မှုများကြောင့် စိတ်ခံစားချက် အတက်အကျ ဖြစ်နေခဲ့၍ စတုတ္ထမြောက်နှင့် ပဉ္စမဆေးလုံးများကို သန့်စင်နေချိန်အတွင်း မတော်တဆမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ဆေးလုံးသန့်စင်မှု ကျရှုံးခဲ့ရသည်။
ကူယွိ၏ ဆက်တိုက် ကျဆုံးမှုများကြောင့် ဤအဂ္ဂိရတ်ပြိုင်ပွဲသည် ဆက်လက် ကျင်းပစရာပင် မလိုတော့ချေ။
ကျန်းချန်၏ အဂ္ဂိရတ် အမြန်နှုန်းအရ ကျန်းချန်သည် နောက်ဆုံးတစ်လုံးသာ သန့်စင်ရန် ကျန်ရှိတော့သည်။
ကူယွိကမူ စတုတ္ထမြောက်ဆေးလုံးကို စတင် သန့်စင်နေဆဲသာ ရှိသေးသည်။
ဆိုရလျှင် ကျန်းချန်၏ အမြန်နှုန်းသည် ကူယွိထက် များစွာပို၍ မြန်ဆန်နေခဲ့၏။
ဆေးလုံးအောင်မြင်မှုနှုန်း အရ ကြည့်လျှင်လည်း ကျန်းချန်သည် ကိုးကြိမ်ဆက်တိုက် အောင်မြင်မှုကို ရရှိခဲ့ပြီး အဂ္ဂိရတ်အောင်မြင်မှု နှုန်းထားသည် ကြောက်မက်ဖွယ်ရာရလဒ်ဖြစ်သည့် ၁၀၀% ကိုပင် ရောက်ရှိခဲ့သည်။
ကျန်းချန်က နောက်ဆုံးဆေးလုံးကို မသန့်စင်ဘဲ ကူယွိက ကျန်ရှိနေသည့် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင်ပင် ဆေးလုံးအောင်မြင်မှုနှုန်းထား၌ ကူယွိသည် ကျန်းချန်နှင့် မည်သို့မှ ယှဉ်၍မရပေ။
"တကယ်ကို ပါရမီထူးချွန်လွန်းတဲ့ ကောင်လေးပဲ"
အနီရောင်ဝတ် အဘိုးအိုက ထိုမြင်ကွင်းကိုကြည့်ကာ မှင်တက်နေခဲ့သည်။
သူ၏ အိုမင်းသော မျက်လုံးထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ပြိုင်ပွဲမစမီက အနီရောင်ဝတ် အဘိုးအိုသည် ကျန်းချန် အနိုင်ရနိုင်သည်ဟု ထင်ခဲ့သော်လည်း ဤမျှအထိ အလွယ်တကူ အနိုင်ရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ကျန်းချန်ဟူသော ကောင်လေးသည် ကူယွိလို လူကိုပင် အမှိုက်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ထိုလူငယ်လေးက ဟန်ယွင် နည်းစနစ်ကို တတ်ကျွမ်းပြီး ဆေးလုံးကို သန့်စင်ရာတွင် ၁၀၀% အောင်မြင်မှုနှုန်းကိုပင် ရရှိထားခဲ့သည်။
အဂ္ဂိရတ်အောင်မြင်မှု နှုန်းထားကလည်း တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး ကူယွိ မပြောနှင့်၊ သတ္တမအဆင့် အထွတ်အထိပ် အဂ္ဂိရတ်သခင်များပင် ကျန်းချန်နှင့် ယှဉ်လျှင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတွေးမိခဲ့သည်။
အနီရောင်ဝတ် အဘိုးအိုတွင် ယခုအခါ၌ ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ယင်းမှာ အဋ္ဌမအဆင့် အဂ္ဂိရတ်သခင်များပင် ကျန်းချန်ကဲ့သို့ ဆောင်ရွက်နိုင်မည်မဟုတ်ဟူသော ခံစားချက်ပင် ဖြစ်၏။
ကျန်းချန်၏ အရိုးအဆစ်အရ အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသည်ကို သူ အတည်ပြုနိုင်ခဲ့သည်။
ထိုသို့မဟုတ်လျှင် အနီရောင်ဝတ် အဘိုးအိုသည် ကျန်းချန်ကို နှစ်ပေါင်းများစွာ ဇာတ်မြုပ်နေသည့် မွန်းစတာအို တစ်ယောက်ဟု သံသယဝင်မိလောက်၏။
အနီရောင်ဝတ် အဘိုးအို အံ့အားသင့်နေချိန်တွင် ကျန်းချန်သည် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံး၏ နောက်ဆုံးအပိုင်းဖြစ်သည့် ဆေးလုံးသိပ်သည်းခြင်း အဆင့်ကို စတင်ပြုလုပ်နေခဲ့သည်။
သိပ်မကြာမီမှာပင် ဒသမမြောက် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို ကျန်းချန်သည် သန့်စင်ပြီးစီးခဲ့သည်။
သူက ဆေးဝါးပစ္စည်း ဆယ်စုံကို အသုံးပြု၍ ဝိညာဉ်သန့်စင်ကောင်းကင်ဆေးလုံး ဆယ်လုံးကို သန့်စင်ခဲ့ပြီး ဆေးလုံးတစ်လုံးစီ အတွက် သန့်စင်ချိန်သည် နာရီဝက်ပင် မကျော်လွန်ခဲ့ပေ။
ဤကဲ့သို့သော ရလဒ်သည် လုံးဝ ပြီးပြည့်စုံသည်ဟုပင် ဆိုနိုင်၏။
"ဒါ.. ဒါ အမှန်မဟုတ်နိုင်ဘူး.. ဒီကောင်လေးက ဘယ်လိုလုပ်ပြီး အဂ္ဂိရတ်ပညာရပ်မှာ ဒီအဆင့်ထိ ရောက်နိုင်မှာလဲ"
အခြားတစ်ဖက်တွင်မူ ကူယွိသည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
သူ့လို ဂုဏ်သရေရှိ သတ္တမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို အဆင့်နိမ့်ဂြိုဟ်မှ ကောင်လေးတစ်ဦးသည် နင်းချေသွားခဲ့ပြီ မဟုတ်ပါလော။
"ငါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမိတာပဲ.. ဒီနေ့မှာပဲ ငါက ဘယ်လောက်တောင် အမှိုက်ဖြစ်နေတာလဲ ဆိုတာ သိရတော့တယ်"
ကူယွိက သူ့ဘာသာသူ တစ်ကိုယ်တည်း လှောင်ပြောင်ရေရွတ်လိုက်သည်။
ဤအချိန်တွင် ကူယွိ၏ မျက်လုံးများ၌ စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ စွမ်းဆောင်ရည်ကြောင့် ကူယွိသည် သူ၏ အဂ္ဂိရတ်စကေးလ်ကိုပင် အနည်းငယ် သံသယဝင်လာခဲ့သည်။
"အကြီးအကဲ ရလဒ်ကို ကြေညာလို့ရပါပြီ"
ဒသမမြောက်ဆေးလုံးကို သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် မတ်တပ်ရပ်ကာ အကြောဆန့်လိုက်သည်။
ထို့နောက်တွင် သူ၏ ပျင်းရိလေးတွဲသော အသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"ကောင်လေး.. မင်း ကူယွိကို အနိုင်ရသွားပါပြီ"
အနီရောင်ဝတ် အဘိုးအိုက ခါးသီးစွာပြုံး၍ ပြိုင်ပွဲ၏ ရလဒ်ကို ကြေညာလိုက်သည်။
ထို့နောက်တွင် အဘိုးအိုသည် အောင့်အီး မနေနိုင်တော့ဘဲ စိတ်ဝင်တစား အမူအရာဖြင့် မေးလိုက်သည်။
"ကောင်လေး.. မင်းက ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဆိုတာ တကယ်ပဲလား"
ကျန်းချန်က ညင်သာစွာပြုံး၍ ပြန်ဖြေလိုက်သည်။
"အမှန်ပါပဲ အကြီးအကဲ"
ထိုစကားကို ကြားလျှင် အနီရောင်ဝတ် အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် အလင်းရောင်တစ်ခု ယှက်သန်းသွားခဲ့သည်။
သူ့အနေဖြင့် ဤကောင်လေးကို နတ်ဘုရားနယ်မြေသို့ အရခေါ်ဆောင်ရပေမည်။
ဆိုရလျှင် ဤကောင်လေးသည် သူ့ဘဝတစ်လျှောက်လုံး မြင်ဖူးခဲ့သမျှ ထဲတွင် အထူးချွန်ဆုံး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်မှာ သေချာသလောက် ဖြစ်၏။
နတ်ဘုရားနယ်မြေတွင်ရှိသည့် အဂ္ဂိရတ် ပါရမီရှင်များပင် ဆဋ္ဌမအဆင့်တွင်ရှိစဉ် ဤကဲ့သို့ ကမ္ဘာကိုပင် ဆန့်ကျင်နိုင်သည့် ရလဒ်မျိုးကို မည်သူမှ မဖော်ဆောင်နိုင်ခဲ့ပေ။
ဤပါရမီဖြင့်သာ ဆိုလျှင် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီး အနည်းငယ်မျှ လေ့ကျင့်လိုက်ရုံဖြင့် နဝမအဆင့် အဂ္ဂိရတ်သခင်ပင် ဖြစ်လာနိုင်ပေသည်။
နဝမအဆင့် အထက်ရှိ နတ်ဆေးလုံး ဆရာသခင်အဆင့်ပင် မဖြစ်နိုင်ဟု ဆို၍မရပေ။
"ကူယွိ မင်းရှုံးနိမ့်သွားတဲ့အတွက် လောင်ကြေးအတိုင်း နတ်ခရစ်စတယ် (၃၀၀၀) ကို ထုတ်ပေးလိုက်ပါ"
အနီရောင်ဝတ် အဘိုးအိုက ရလဒ်ကို ကြေညာလိုက်သည်နှင့် ကျန်းချန်က ကူယွိကို ပြုံးရွှင်စွာ ပြောလိုက်သည်။
ကူယွိက နတ်ခရစ်စတယ် (၃၀၀၀) ကို ထုတ်ယူပြီး ကျန်းချန်ကို ပစ်ပေးလိုက်သည်။
ထို့နောက်တွင် စကားတစ်ခွန်းမှ မပြောတော့ဘဲ အဂ္ဂိရတ်ခန်းမဆောင်ထဲကနေ လှည့်ထွက်သွားခဲ့သည်။
နတ်ခရစ်စတယ် (၃၀၀၀) ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် ထွက်ခွာသွားသော ကူယွိကို လျစ်လျူရှုလိုက်ပြီး အနီရောင်ဝတ် အဘိုးအိုကို ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ ကျွန်တော် အခု သန့်စင်ထားတဲ့ ဝိညာဉ်သန့်စင်ကောင်းကင်ဆေးလုံး ဆယ်လုံးကို မစ်ရှင်ထဲမှာ ထည့်ပေးလို့ရတယ် မဟုတ်လား"
"ရတာပေါ့ ကောင်လေး.. မင်း သန့်စင်ထားတဲ့ ဝိညာဉ်သန့်စင်ကောင်းကင်ဆေးလုံး ဆယ်လုံး အတွက် နတ်ခရစ်စတယ် (၁၅၀၀)ကို ရရှိလိမ့်မယ်.. ကျူးချင်နှင့်အတူ ဝန်ဆောင်ရေးဌာနမှာ သွားရောက်ထုတ်ယူလိုက်ပါ"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကျန်းချန်က ကျေးဇူးတင်စကား ပြောပြီးနောက်တွင် ကျူးချင်နှင့်အတူ ဆုလာဘ်ကို သွားယူရန်အတွက် ဝန်ဆောင်ရေးဌာနသို့ ပြန်ရန် ပြင်လိုက်သည်။
"ကောင်လေး ခဏနေပါဦး"
ထိုအချိန်တွင် အနီရောင်ဝတ် အဘိုးအိုသည် ကျန်းချန်ကို ဟန့်တားလိုက်သည်။
ကျန်းချန်က ခြေလှမ်းကို ရပ်လိုက်ပြီး စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် အဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲ ဘာကိစ္စ ရှိသေးလို့လဲ"
"ကျန်းချန် မင်းရဲ့ အဂ္ဂိရတ်ပါရမီက ငါမြင်တွေ့ဖူးသမျှ သူတွေထဲမှာ အကောင်းဆုံးပဲ.. မင်းကို ရှေးဟောင်းနဂါးမျိုးနွယ်စုထဲ ဝင်ခွင့်ရအောင် ငါ ထောက်ခံပေးမယ် မင်းက နတ်ဘုရားနယ်မြေမှာ နေထိုင်ဖို့ လုံးဝ အရည်အချင်းပြည့်မီတယ်"
အနီရောင်ဝတ် အဘိုးအိုက လေးနက်သော မျက်နှာ အမူအရာဖြင့် ပြောလိုက်သည်။
"အကြီးအကဲက ဒီကိစ္စအတွက် ကျွန်တော့်ကို ဟန့်တားလိုက်တာလား"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အနီရောင်ဝတ် အဘိုးအိုကို ငြင်းဆိုလိုက်သည်။
"စိတ်မကောင်းပါဘူး အကြီးအကဲ.. ကျွန်တော် အကြီးအကဲကို စိတ်ပျက်စေမိမှာ စိုးရိမ်မိတယ်.. နတ်ဘုရားနယ်မြေကို ဝင်ရောက်ဖို့ အစီအစဉ် ကျွန်တော့်ဆီမှာ မရှိသေးပါဘူး"
အခန်း(၁၂၀၂)ပြီး၏။
အခန်း(၁၂၀၃)
"ဘာ.."
ကျန်းချန်၏ စကားကို ကြားလျှင် အနီရောင်ဝတ် အဘိုးအိုသည် သူ၏ နားများကို မယုံနိုင်လောက်သည်အထိ အံ့အားသင့်သွားခဲ့သည်။
"ဒီကောင်လေး ငြင်းပယ်လိုက်တာလား"
သိထားရမည်မှာ နဂါးမျှော်စင်သည် ရှေးဟောင်း နဂါးမျိုးနွယ်စုမှ ဖွင့်လှစ်ထားသည့် စမ်းသပ်နေရာတစ်ခုသာ ဖြစ်သည်။
အဆင့်နိမ့်ဂြိုဟ်များမှ ပါရမီရှင် မြောက်များစွာသည် နတ်ဘုရားနယ်မြေကို ဝင်ရောက်ခွင့်ရရန် အတွက် နဂါးမျှော်စင်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
နတ်ဘုရားနယ်မြေသည် စကြာဝဠာ၏ ပင်မဂြိုဟ်(ဝါ) အမြင့်ဆုံး နယ်မြေ ဖြစ်ပြီး စကြာဝဠာထဲရှိ ကျင့်ကြံသူတိုင်း အတွက် စိတ်ကူးအိပ်မက်ထဲမှ နေရာလည်း ဖြစ်သည်။
နတ်ဘုရားနယ်မြေကို တိုက်ရိုက် ဝင်ရောက်ခွင့်ဆိုသည်မှာ နဂါးမျှော်စင် အဋ္ဌမထပ်ရှိ ပါရမီရှင်များကိုပင် မနာလိုဖြစ်စေရန် လုံလောက်သည်။
သို့သော် ယခုအခါတွင် သူက ကျန်းချန်ကို နတ်ဘုရားနယ်မြေဆီ တိုက်ရိုက် ဝင်ရောက်ခွင့်ပေးခဲ့သော်လည်း ကျန်းချန်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
"ကျန်းချန်.. ဆရာဖန်းတက ရှင့်ကို နတ်ဘုရားနယ်မြေဆီ တိုက်ရိုက် ဝင်ရောက်ခွင့်ရဖို့ ထောက်ခံပေးမလို့လေ.. ဒါက ရှင့်တစ်သက်မှာ တစ်ခါပဲ ကြုံရမဲ့ အခွင့်အလမ်းပဲ.. ရှင်သဘောတူလိုက်ဖို့ ကျွန်မ ရှင့်ကို တိုက်တွန်းချင်တယ်"
ကျူးချင်က အနည်းငယ် မှင်တက်နေပြီးမှ ကျန်းချန်ကို တိုက်တွန်းလိုက်သည်။
နဂါးမျှော်စင်ကို ရောက်လာသော ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေကို ဝင်ရောက်ခွင့်ရရန်အတွက် ရောက်လာကြခြင်း မဟုတ်ပါလော။
ယခု ဤအခွင့်အရေးသည် ကျန်းချန်၏ရှေ့တွင် ရှိနေသော်လည်း ကျန်းချန်သည် ငြင်းပယ်ပစ်ခဲ့သည်။
နတ်ဘုရားနယ်မြေကို မဝင်ရောက်ချင်လျှင် အဘယ်ကြောင့် ရွှေနဂါးမြို့တော်ကို ရောက်လာပြီး နဂါးမျှော်စင်၏ စံချိန်များကို အားပါးတရ ချိုးဖျက်နေမှန်း သူမ အမှန်တကယ် နားမလည်နိုင်တော့ပေ။
"ဒီအခွင့်အရေးက တကယ်ပဲ ရခဲတဲ့ အခွင့်အရေးလား.. အမှန်အတိုင်းပြောရရင် ကောင်းကင်ဘုံရွှေနဂါး စာအုပ်နဲ့ ပါရမီစမ်းသပ်စဉ်ကလည်း စံချိန်မှတ်တမ်းကို မတော်တဆ ချိုးဖျက်မိခဲ့တဲ့ အတွက် တာဝန်ခံ အကြီးအကဲက ကျွန်တော့်ကို နတ်ဘုရားနယ်မြေဆီ တိုက်ရိုက်သွားဖို့ ထောက်ခံချက် ပေးချင်ခဲ့ပေမဲ့ ကျွန်တော် ငြင်းဆန်ခဲ့တယ်"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ကျူးချင် "........"
အနီရောင်ဝတ် အဘိုးအို ".........."
ကျန်းချန်၏ စကားကို ကြားလျှင် သူတို့နှစ်ဦးစလုံးသည် လုံးဝကို စကားမပြောနိုင်တော့ဘဲ စွန့်အသွားခဲ့သည်။
နတ်ဘုရားနယ်မြေသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရခြင်းသည် အခြားသော ကျင့်ကြံသူများအတွက် အိပ်မက်တစ်ခုသာ ဖြစ်နိုင်သော်လည်း ကျန်းချန် အတွက်မူ ထမင်းစားရေသောက်သလို ရိုးရှင်းနေခဲ့သည်။
"ကျန်းချန်.. သေချာပြန်စဉ်းစားကြည့်ပါဦး မင်းရဲ့ ပါရမီနဲ့ဆိုရင် အဆင့်နိမ့်ဂြိုဟ်မှာ နေထိုင်တာက နှမြောစရာပဲ.. နတ်ဘုရားနယ်မြေလို နေရာမှာပဲ မင်းရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်မဲ့ အခွင့်အရေးတွေ ရှိတယ်"
အနီရောင်ဝတ် အဘိုးအိုက ကျန်းချန်ကို ဆက်လက် ဆွဲဆောင်နေခဲ့သည်။
သူက ရွှေနဂါးမြို့တော်တွင် ဆယ်စုနှစ် နှစ်ခုနီးပါး နေထိုင်ခဲ့သည်။
ဆိုရလျှင် ကျန်းချန်သည် နတ်ဘုရားနယ်မြေသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိရန်အတွက် သူ ထောက်ခံပေးချင်သည့် ပထမဆုံးလူလည်း ဖြစ်သည်။
သို့သော်လည်း ထိုလူငယ်က ပြတ်ပြတ်သားသားပင် ငြင်းဆန်နေခဲ့ရာ သူ့အနေဖြင့် စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။
"ကျွန်တော်က ရှန်းဝူကုန်းမြေမှာ လုပ်စရာကိစ္စတွေ ကျန်သေးတဲ့အတွက် နတ်ဘုရားနယ်မြေကို ချက်ချင်းသွားဖို့ အစီအစဉ်မရှိသေးလို့ပါ...ကျွန်တော် နဂါးမျှော်စင်ရဲ့ နဝမထပ်ကို ရောက်တဲ့အခါကျရင် အဆင့်နိမ့်ဂြိုဟ်ကို ခဏပြန်ရဦးမယ်.. အဲဒီမှာ ကိစ္စတချို့ကို ဆောင်ရွက်ပြီးမှဘဲ နတ်ဘုရားနယ်မြေကို ဝင်ရောက်မှာပါ"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အစီအစဉ်ကို ပြောပြလိုက်သည်။
"မင်းအနေနဲ့ နဂါးမျှော်စင်ရဲ့ နဝမထပ်ထိ တက်လှမ်းနေစရာ မလိုအပ်ပါဘူး မင်းသာ ငါ့ကို နတ်ဘုရားနယ်မြေဆီသွားဖို့ သဘောတူမယ်ဆိုရင် ရှန်းဝူတိုက်ကြီးဆီ ပြန်ပြီး မင်းရဲ့ကိစ္စတွေကို ရှင်းလင်းအောင်လုပ်ဖို့အတွက် ငါ မင်းကို အချိန်သုံးနှစ်ပေးမယ် သုံးနှစ်ကြာရင်တော့ မင်း ငါ့ဆီ ပြန်လာခဲ့ရမယ်"
အနီရောင်ဝတ် အဘိုးအိုက အရေးပါသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ ပြတ်သားစွာ ပြောလိုက်သည်။
ကျန်းချန်ဟူသော လူငယ်သည် သိုင်းပါရမီတွင်ဖြစ်စေ၊ အဂ္ဂိရတ်ပါရမီတွင်ဖြစ်စေ ထူးချွန်လွန်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ရှေးဟောင်း နဂါးမျိုးနွယ်စုမှာပင် ထိုသို့သော ပါရမီရှင်သည် အလွန်တရာ ရှားပါးသည်။
ကျန်းချန်ကို နတ်ဘုရား နယ်မြေထဲသို့ ဝင်ရောက်ရန် ထောက်ခံပေးခြင်းဖြင့် ကျန်းချန် အောင်မြင်လာသောအခါတွင် သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများကို သေချာပေါက် ရရှိလာမည်ဖြစ်သည်။
"ဒီလိုဆိုရင်တော့ ကျွန်တော် သဘောမတူစရာ မရှိပါဘူး"
ဤတစ်ခေါက်တွင်မူ ကျန်းချန်သည် ဖန်းတ၏ အဆိုကို မငြင်းဆိုတော့ပေ။
သူ့အနေဖြင့် နဂါးမျှော်စင်၏ နဝမထပ်ကို တက်လှမ်းရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့်ကို ရယူရင်း ရှန်းဝူတိုက်ကြီးကို ပြန်လာနိုင်ရန် ဖြစ်သည်။
ယခုအခါတွင် ဖန်းတက သူ့ကို နတ်ဘုရားနယ်မြေသို့ တိုက်ရိုက်သွားရန် အခွင့်အလမ်းကို ပေးရုံသာမက ရှန်းဝူတိုက်ကြီးသို့ပြန်ပြီး ကိစ္စများကို ဖြေရှင်းရန် သုံးနှစ် အချိန်ပေးခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် ငြင်းဆန်စရာ မရှိတော့ပေ။
"ကောင်းပြီ.. မင်း ဒီနှစ်ရက်အတွင်းတော့ အဂ္ဂိရတ်ခန်းမမှာပဲ နေပြီး ငါ့ရဲ့သတင်းကို စောင့်နေပါ"
စကားဆုံးသည်နှင့် ဖန်းတသည် ကျန်းချန်၏ ရှေ့ကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။
ဖန်းတ ထွက်ခွာသွားသည်နှင့် ကျန်းချန်သည် ကျူးချင်၏ စီစဉ်မှုအောက်တွင် အဂ္ဂိရတ် ခန်းမဆောင်၌ နေထိုင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်က အလဟဿ မနေခဲ့ဘဲ အဂ္ဂိရတ်မစ်ရှင် အများအပြားကို လက်ခံကာ ဆေးလုံးများကို စတင်သန့်စင်ခဲ့သည်။
"ဒင်.. သင်က ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံးကို သန့်စင်ပြီး အတွေ့အကြုံရမှတ် (၁၂၂၂၂) မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံးကို သန့်စင်ပြီး အတွေ့အကြုံရမှတ် (၁၂၂၂၂) မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
"........"
"ဒင်.. သင်က သတ္တမအဆင့် အဂ္ဂိရတ်သခင် အဖြစ်ကို အောင်မြင်စွာ တိုးမြှင့်သွားခဲ့ပါပြီ"
ဤနှစ်ရက်အတွင်း ကျန်းချန်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ်ဆေးလုံး စုစုပေါင်း (၃၀) ကို သန့်စင်ခဲ့ပြီး အဂ္ဂိရတ်သခင် အဆင့်တွင်လည်း သတ္တမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
သတ္တမအဆင့် အဂ္ဂိရတ်သခင် အဖြစ်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် တတိယနေ့တွင် သတ္တမအဆင့် အစောပိုင်း ဆေးလုံးများကို စတင်သန့်စင်ခဲ့ပြီး နေ့တစ်ပိုင်းအချိန်ဖြင့် ဆေးလုံး (၈) လုံးကို တိုက်ရိုက် သန့်စင်ခဲ့သည်။
တတိယနေ့၏ ညနေပိုင်းတွင်မူ သုံးရက်ကြာ ပျောက်ကွယ်သွားခဲ့သော ဖန်းတသည် အဆုံးသတ်၌ ကျန်းချန်၏ ရှေ့၌ ပြန်ပေါ်လာခဲ့သည်။
"ကောင်လေး ဒီတံဆိပ်ပြားကို ယူထားလိုက်"
ဖန်းတက ကျန်းချန်၏ ရှေ့တွင် ပြန်ပေါ်လာသည်နှင့် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။
ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့ပြီး ပြန်မေးလိုက်၏။
"အကြီးအကဲ ဒါက.."
"ဒါက မင်းအတွက် အထူးပြုလုပ်ထားတဲ့ နေရာလွတ်ရွှေ့ပြောင်းခြင်း ကျောက်စိမ်းတံဆိပ်ပြားပဲ မင်းဘယ်နေရာကို ရောက်နေသည်ဖြစ်စေ ဒီကျောက်စိမ်းတံဆိပ်ပြားကို ချေဖျက်လိုက်ရုံနဲ့ မင်းက နဂါးမျှော်စင်ဆီကို ပြန်လည် ရောက်ရှိလာနိုင်တယ်.. အကယ်၍ မင်းအနေနဲ့ အသက်အန္တရာယ်တွေ ကြုံတွေ့ခဲ့ရင် ဒါကို အသက်ကယ် ရတနာအဖြစ်လည်း အသုံးပြုလို့ ရတယ်"
ဖန်းတက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။
"ဒီကျောက်စိမ်းတံဆိပ်ပြားက တော်တော်လေး အသုံးဝင်ပါလား"
ကျန်းချန်က သူ၏လက်ထဲမှ ကျောက်စိမ်း တံဆိပ်ပြားကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ရုတ်တရက် ပေါ်လာခဲ့၏။
"ရှန်းဝူတိုက်ကို ပြန်ပြီး မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ပြီးစီးအောင်လုပ်လိုက်.. ငါ မင်းကို နဂါးမျှော်စင်မှာ စောင့်နေမယ်"
ကျန်းချန်ကို သုံးနှစ် အချိန်ပေးသည်က ပြဿနာမရှိသော်လည်း ဖန်းတသည် ကျန်းချန်ကို နတ်ဘုရားနယ်မြေသို့ အမြန်ဆုံး ဝင်ရောက်စေချင်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ကျန်းချန် အပေါ်တွင် များစွာ ရင်းနှီးထားခဲ့၍ ကျန်းချန်က သူ့အတွက် အမြတ်အစွန်း ပြန်ရှာပေးမည်ကို မျှော်လင့်နေ၍ ဖြစ်သည်။
"စိတ်ချပါ ကျွန်တော် ပြန်လာခဲ့ပါ့မယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဒါနဲ့ အကြီးအကဲ ကျွန်တော် ဆောင်ရွက်ထားတဲ့ မစ်ရှင်ဆုလာဘ်တွေကို ရှင်းပေးပါဦး"
ထိုစကားကို ကြားလျှင် ဖန်းတသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျန်းချန်၏ နံဘေးရှိ ကျောက်ပြားပေါ်တွင် စီတန်း၍ ထားရှိထားသော ဆေးလုံးများကို တွေ့လိုက်ရသည်။
ထိုဆေးလုံးများကို မြင်လျှင် ဖန်းတသည် လုံးဝကို မှင်တက်သွားခဲ့၏။
သူက သုံးရက်သာ ဤနေရာမှ ထွက်သွားသော်လည်း ဤကောင်လေးသည် အလဟဿ မနေဘဲ ဆေးလုံးများစွာကို သန့်စင်နေခဲ့သည်။
ဖန်းတက ဆေးလုံး၏ အဆင့်အတန်းများကို စစ်ဆေးကြည့်လိုက်ရာ ထိုဆေးလုံးများ၏ အဆင့်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ်ဆေးလုံးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အထူးသဖြင့် ကျောက်စိမ်းပုလင်းထဲမှာ ဆေးလုံး အနည်းငယ်ကနေ ဖန်းတသည် သတ္တမအဆင့် ဆေးလုံး၏ အရှိန်အဝါကို ခံစားမိလိုက်သည်။
"မင်း.. မင်း သတ္တမအဆင့် ဆေးလုံးကို သန့်စင်နိုင်နေပြီလား"
ဖန်းတက ရုတ်တရက် အံ့အားသင့်စွာ မေးခွန်းထုတ်လိုက်သည်။
လွန်ခဲ့သည့် သုံးရက်က ဤကောင်လေးသည် ကူယွိနှင့်ယှဉ်ပြိုင်စဉ်တွင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ဟု ပြောဆိုခဲ့သည်။
သို့ဆိုလျှင် သုံးရက်အကြာတွင် သတ္တမအဆင့် ဆေးလုံးကို မည်ကဲ့သို့ သန့်စင်နိုင်ခဲ့ပါသနည်း။
"အမှန်ပါပဲ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျွန်တော်က ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် အဖြစ်ပဲ ရှိသေးတာပါ.. ဒါပေမဲ့ ဒီသုံးရက်အတွင်းမှာ သတ္တမအဆင့် ဆေးလုံးကို မတော်တဆ သန့်စင်အောင်မြင်ခဲ့တယ်.. ဒါကြောင့် သတ္တမအဆင့် ဆေးလုံးအနည်းငယ်ကို သန့်စင်ထားခဲ့တာပဲ"
ကျန်းချန်က အမှန်အတိုင်းပင် ရှင်းပြလိုက်သည်။
".........."
သူ၏ စကားကို ကြားလျှင် ဖန်းတသည် ရုတ်တရက် မှင်တက်သွားခဲ့ပြီး မည်သည့် စကားမှ မပြောနိုင်တော့ဘဲ နေရာမှာပင် အချိန်အတော်ကြာ ငူငူကြီး ရပ်နေခဲ့သည်။
အခန်း(၁၂၀၃)ပြီး၏။