အခန်း (၁၂၀၄-၁၂၀၆)
Vol. 81 Ch. 1204-1206
အခန်း(၁၂၀၄)
ဤအချိန်တွင် ဖန်းတသည် ဘာပြောရမှန်းပင် အမှန်တကယ် မသိတော့ပေ။
ဤကောင်လေးသည် သုံးရက်အတွင်း သတ္တမအဆင့် အဂ္ဂိရတ်သခင် အဖြစ်ကို ရောက်ရှိသွားခဲ့သည်။
မည်သည့်အချိန်ကစပြီး သတ္တမအဆင့်သည် ထိုးဖောက်ရန် ဤမျှလောက် လွယ်ကူသွားပါသနည်း။
ထိုကောင်လေး၏ ပါရမီသည် လူအများကို သွေးအန်ချင်စရာပင် ကောင်းနေခဲ့သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုကောင်လေးသည် သတ္တမအဆင့် အဂ္ဂိရတ်သခင်အဖြစ် ထိုးဖောက်ပြီး နောက်တစ်ရက်မှာ သတ္တမအဆင့် ဆေးလုံး (၈) လုံးကို သန့်စင်လိုက်ခြင်းပင်။
သိထားရမည်မှာ သတ္တမအဆင့် ဆေးလုံးများကို သန့်စင်ရန်သည် အချိန်များစွာ လိုအပ်၏။
သတ္တမအဆင့်ကို ယခုမှသာ ထိုးဖောက်ကာစ အဂ္ဂိရတ်သခင်အများစုသည် သတ္တမအဆင့်ဆေးလုံး (၁) လုံးကို အနည်းဆုံး နှစ်နာရီကြာမြင့်အောင် သန့်စင်ရသည်။
ထို့အပြင် ဆေးလုံး၏ အောင်မြင်မှုနှုန်းသည် အလွန်တရာ နည်းပါးပြီး သုံးကြိမ် သို့မဟုတ် ငါးကြိမ် သန့်စင်သည့်တိုင် တစ်ကြိမ် အောင်မြင်ရန် မလွယ်ကူပေ။
သို့သော်လည်း ဤကောင်လေးကမူ တစ်ရက်တည်းဖြင့် သတ္တမအဆင့်ဆေးလုံး (၈) လုံးကို သန့်စင်ပစ်လိုက်သည်။
ဤကောင်လေး၏ ပါရမီသည် စိတ်ကူးပင် မယဉ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
သို့သော်လည်း ဖန်းတသည် ဤကောင်လေး၏ ဟန်ယွင်နည်းစနစ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဆေးဝါးအောင်မြင်မှုနှုန်းကို ပြန်လည်တွေးမိခဲ့ရာ အနည်းငယ် စိတ်သက်သာရာ ပြန်လည်ရရှိသွားခဲ့သည်။
"ဒါနဲ့ မင်းကို မေးပါရစေဦး ဒီသတ္တမအဆင့် ဆေးလုံး (၈) လုံးကို သန့်စင်ဖို့အတွက် နောက်ထပ် ပါဝင်ပစ္စည်းတွေ အသုံးပြုခဲ့သေးလား"
အဆုံးသတ်တွင် ဖန်းတသည် မမေးဘဲ မနေနိုင်တော့ပေ။
ကျန်းချန်က ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
"ပုံမှန်အတိုင်း သန့်စင်လိုက်တာပဲလေ ဘာပြဿနာရှိလို့လဲ"
ဖန်းတ "..........."
ဖန်းတသည် ဘယ်သောအခါမှ ကျန်းချန်နှင့် ဆေးလုံးအောင်မြင်မှုနှုန်း အကြောင်းကို ထပ်မပြောတော့ရန် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။
ဤကောင်လေး၏ ဆေးလုံးသန့်စင်ရာတွင် အောင်မြင်မှုနှုန်းသည် အဂ္ဂိရတ်သခင် အားလုံးကို စိတ်ပျက်အားငယ်စေလိမ့်မည် မဟုတ်ပါလော။
"ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးလုံး (၃၀) အတွက် နတ်ခရစ်စတယ် (၄၅၀၀)၊ သတ္တမအဆင့် ဆေးလုံး ၈ လုံးအတွက် နတ်ခရစ်စတယ် (၂၄၀၀) ပေးမယ်"
စကားဆုံးသည်နှင့် ဖန်းတက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ နတ်ခရစ်စတယ် (၇၀၀၀) သည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
"ဒီနတ်ခရစ်စတယ် (၇၀၀၀) ကိုယူပြီးရင် ရှန်းဝူတိုက်ကို အမြန်ပြန်ပြီး ကိစ္စတွေကို ရှင်းလိုက်တော့ ကောင်လေး"
ဖန်းတက ကျန်းချန်ကို ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး ပြောလိုက်သည်။
သူက ဤကောင်လေးနှင့် တစ်ခဏလေးပင် မနေချင်တော့ပေ။
ဤကောင်လေးနှင့်သာ ရှိနေလျှင် သူ့ကိုယ်သူပင် သံသယဝင်လာနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က ပြုံးလိုက်ပြီး နတ်ခရစ်စတယ် (၇၀၀၀) ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
"ကျွန်တော် ချက်ချင်း မပြန်သေးပါဘူး နဂါးမျှော်စင်မှာ ရက်အနည်းငယ်လောက်နေပြီး ဆက်လက် ကျင့်ကြံလိုက်ဦးမယ်.. ပြီးရင် သတ္တမထပ်ကို သွားပြီး ကျွမ်းလီကောကို လက်စားချေရဦးမယ်"
"မင်းက သတ္တမထပ်ကို သွားပြီး ကျွမ်းလီကောနဲ့ တိုက်ခိုက်မလို့လား"
ကျန်းချန်၏စကားကို ကြားလျှင် ဖန်းတသည် ရုတ်တရက် ခေါင်းကိုက်မလိုပင် ဖြစ်သွားခဲ့သည်။
"ကောင်လေး.. လက်စားချေတယ်ဆိုတာ (၁၀) နှစ်လောက် နောက်ကျလည်း ပြဿနာမရှိဘူး မင်းက အခုအချိန်မှာ ကျွမ်းလီကောရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"
ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ကျွမ်းလီကောသည် နဂါးမျှော်စင် သတ္တမထပ်ရှိ စစ်ဘုရင် ဖြစ်သည်။
ကျွမ်းလီကောသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
ထိုထက်ပြောရလျှင် နဂါးမျှော်စင် တစ်ခုလုံးတွင် အဋ္ဌမထပ်မှ နတ်သန္ဓေအင်ပါယာ အဆင့်ကို ခြေတစ်လှမ်းနီးပါး ရောက်ရှိနေသည့် သူများကလွဲလျှင် မည်သူမှ ကျွမ်းလီကော၏ ပြိုင်ဘက် မဖြစ်နိုင်သလောက်ပင်။
ထို့အပြင် ကျွမ်းလီကောသည် အလွန်တရာ ရက်စက်သောသူဖြစ်သည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် သူနှင့် တိုက်ခိုက်ခဲ့သည့် ပြိုင်ဘက်များထဲတွင် မည်သူမှ အသက်မရှင်ခဲ့ပေ။
ဤနှစ်ပေါင်းများစွာ အတွင်း နဂါးမျှော်စင်မှ ထူးချွန်သော ပါရမီရှင်များစွာသည် ကျွမ်းလီကော၏ လက်ထဲတွင် မည်မျှ ကျဆုံးခဲ့မှန်းပင် မသိတော့ပေ။
ထို့ကြောင့် ကျွမ်းလီကောသည် ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်၏။
ဤတစ်ခေါက်တွင် ဖန်းတသည် ကျန်းချန် အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။
သို့ဖြစ်ရာ ကျန်းချန်သာ ကျွမ်းလီကော၏ လက်ထဲတွင် သေဆုံးသွားခဲ့လျှင် သူ ရင်းနှီးထားသမျှ အားလုံးသည် အဆုံးသတ်သွားလိမ့်မည် ဖြစ်၏။
"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်တော်က အခုအချိန်မှာ သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးမှန်း နားလည်ပါတယ်.. ဒါပေမဲ့ ရက်အနည်းငယ်လောက် ကြာရင်တော့ ကျွန်တော် သူ့ကို အနိုင်ယူနိုင်မှာပါ.. ကျွန်တော့်ရဲ့ တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန် ဆိုတဲ့ ဘွဲ့က အလကားရထားတာ မဟုတ်ပါဘူး.. ကျွန်တော် ကျွမ်းလီကောကို ကျိန်းသေ သတ်ပစ်မှာပါ"
ထိုစကားကို ပြောနေသည့် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
"လူတွေက ကျွန်တော့်ကို လေးစားရင် ကျွန်တော်ကလည်း သူတို့ကို ပြန်လေးစားတယ်.. ကျွန်တော် ကျန်းချန်က ပြဿနာရှာတတ်သူ မဟုတ်ပေမဲ့ ပြဿနာ လာရှာတာကိုတော့ ငြိမ်ခံနေမှာ မဟုတ်ဘူး.. ကျွမ်းလီကောက ကျွန်တော့်ရဲ့ဦးခေါင်းကို နတ်ခရစ်စတယ် (၃၀၀၀) နဲ့ စျေးဖြတ်ခဲ့တယ်.. ဒါကြောင့် သတ္တမထပ်ကို တက်ပြီး ကျွမ်းလီကောကို ကြီးမားတဲ့ အဖိုးအခ ကျိန်းသေ ပေးဆပ်စေမယ်"
ကျန်းချန်က သတ္တမထပ်ရှိ စစ်ဘုရင် ကျွမ်းလီကောနှင့် ရင်ဆိုင်ရန် စိတ်အားထက်သန်နေသည်ကို မြင်လျှင် ဖန်းတသည် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။
ကျန်းချန်သည် နဂါးမျှော်စင်ထဲက ကျင့်ကြံသူ တစ်ယောက်ဖြစ်ရာ သတ္တမထပ်ဆီ သွားရောက်ချင်နေသည်ကို သူ့အနေဖြင့် တားဆီးနိုင်စွမ်းမရှိပေ။
လက်ရှိအချိန်တွင် သူတတ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျန်းချန်နှင့် ကျွမ်းလီကောတို့ ယှဉ်ပြိုင်သောအခါတွင် ပြိုင်ပွဲကို သူကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဖြစ်၏။
သို့မှသာ ကျန်းချန် ရှုံးနိမ့်ခဲ့လျှင် အချိန်မီ ကယ်တင်နိုင်မည် မဟုတ်ပါလော။
ဖန်းတနှင့် ခွဲခွာပြီးနောက်တွင် ကျန်းချန်သည် သီးသန့်နေအိမ်ရှိရာသို့ ပြန်ရောက်လာခဲ့ပြီး ရှလျန့်နှင့် ချင်ရှုံးတို့ကို ပြန်ခေါ်လိုက်သည်။
ဤတစ်ခေါက်တွင် ကျန်းချန်သည် ဝန်ဆောင်ရေးဌာနတွင် နတ်ခရစ်စတယ် များစွာကို ရှာဖွေနိုင်ခဲ့သည်။
သူက ကူယွိဆီကနေ နတ်ခရစ်စတယ် (၃၀၀၀) ကို ရရှိခဲ့၏။
ထို့အပြင် ဝိညာဉ်သန့်စင် ကောင်းကင်ဆေးလုံးကို သန့်စင်ခဲ့သည့်အတွက် နတ်ခရစ်စတယ် (၁၅၀၀) ကို ရရှိခဲ့သည်။
နောက်ထပ် သုံးရက်အတွင်း သူ သန့်စင်ခဲ့သည့် ဆေးလုံးများကိုလည်း နတ်ခရစ်စတယ် (၇၀၀၀) နှင့် လဲလှယ်နိုင်ခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် ကျန်းချန်ထံ၌ နတ်ခရစ်စတယ်စုစုပေါင်း (၁၁၀၀၀) ကျော် ရှိနေခဲ့သည်။
နတ်ခရစ်စတယ်များကို လုံလောက်စွာ ရရှိသည်နှင့် ကျန်းချန်သည် သူ၏ စွမ်းအားကို ဘက်ပေါင်းစုံကနေ မြှင့်တင်ရန် ပြင်ဆင်လိုက်တော့သည်။
ပထမဆုံးအနေဖြင့် ကျန်းချန်သည် ရှလျန့်နှင့် ချင်ရှုံးတို့ကို ခေါ်ကာ သူ၏ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက် ဆက်လက် ငှားရမ်းခဲ့သည်။
ရှလျန့်တို့နှစ်ဦးသည် ကျန်းချန်ကို ရက်အနည်းငယ် ကူညီလေ့ကျင့်ပေးပြီးနောက်တွင် ကျန်းချန်ထံကနေ နတ်ခရစ်စတယ်များစွာကို ရရှိခဲ့သည်။
ထိုနတ်ခရစ်စတယ်များဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်မည် ဖြစ်ရာ နှစ်ဦးနှစ်ဘက် အကျိုးရှိသော ကိစ္စရပ်ဖြစ်ခဲ့သည်။
"ဒင်.. သင်က နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် အတွက် အတွေ့အကြုံရမှတ် (၆၂၈၈) မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်အတွက် အတွေ့အကြုံရမှတ် (၆၂၈၈) မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိ ပ်ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်အတွက် အတွေ့အကြုံရမှတ် (၆၂၈၈) မှတ်ကို အဆ ၁၀၀ ရရှိပါတယ်"
"........."
လေးရက်မြောက်ကြာပြီးနောက်တွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် သတ္တမအဆင့် အလယ်အလတ်၏ အထွတ်အထိပ်အဆင့်သို့ပင် အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။
ဆယ်ရက်မျှကြာပြီးနောက်တွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် နောက်ထပ် တစ်ဆင့်ကို ထပ်မံ ထိုးဖောက်သွားခဲ့သည်။
၁၄ ရက်မြောက်ကြာပြီး နတ်ခရစ်စတယ် (၅၆၀၀) ကို အသုံးပြုပြီးသည့်အခါတွင်မူ ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်၌ သတ္တမအဆင့် နှောင်းပိုင်းသို့ ထိုးဖောက်အောင်မြင်သွားခဲ့သည်။
သတ္တမအဆင့်နှောင်းပိုင်းသို့ ထိုးဖောက်အောင်မြင်ပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် တစ်ဆင့်ကို ထိုးဖောက်လိုလျှင် အနည်းဆုံး ရက် ၂၀ ကြာ လိုအပ်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို ဆက်လက် မြှင့်တင်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ နတ်ခရစ်စတယ်များကို စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။
"ဒင်.. သင်က ကျင့်ကြံခြင်းအတွက် နတ်ခရစ်စတယ်တစ်ခုကို စုပ်ယူပြီး အတွေ့အကြုံရမှတ် (၈၀၀၀) ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ကျင့်ကြံခြင်းအတွက် နတ်ခရစ်စတယ်တစ်ခုကို စုပ်ယူပြီး အတွေ့အကြုံရမှတ် (၈၀၀၀) ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ကျင့်ကြံခြင်းအတွက် နတ်ခရစ်စတယ်တစ်ခုကို စုပ်ယူပြီး အတွေ့အကြုံရမှတ် (၈၀၀၀) ကို အဆ ၁၀၀ ရရှိပါတယ်"
"........"
နတ်ခရစ်စတယ် (၈၀၀) ခန့်ကို အရူးအမူး စုပ်ယူပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့်သို့ ထိုးဖောက်သွားခဲ့သည်။
နတ်ခရစ်စတယ် (၂၀၀၀) ကို စုပ်ယူပြီးသည့်အခါတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိလာခဲ့သည်။
နတ်ခရစ်စတယ် (၅၀၀၀) ကို စုပ်ယူအပြီးတွင်မူ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်သို့ပင် အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်၏ လက်ထဲ၌ အဂ္ဂိရတ်ခန်းမကနေ ရရှိခဲ့သည့် နတ်ခရစ်စတယ် (၁၁၀၀၀) ကျော်ထဲတွင် ရာဂဏန်းမျှသာ ကျန်ရှိတော့သည်။
သူက ဤရက်ပိုင်းတွင် နတ်ခရစ်စတယ် (၁၀၀၀၀) ကျော် ကုန်ကျခဲ့သော်လည်း ရလဒ်ကမူ အံ့မခန်းပင် ဖြစ်၏။
ကျန်းချန်က သူ၏ခွန်အားကို အစွမ်းကုန် မြှင့်တင်လိုက်သည်ဟူ၍ပင် ဆို၍ရသည်။
ယခုအခါတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်သည် သတ္တမအဆင့် နှောင်းပိုင်းအဆင့် ဖြစ်ပြီး ကိုယ်ခံပညာကျင့်ကြံခြင်း အဆင့်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့် ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် သူ၏ တိုက်ပွဲဝင်စွမ်းရည် မည်မျှ ကြောက်စရာကောင်းနေပြီလဲ ဆိုသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။
အနည်းဆုံးတော့ နတ်သန္ဓေအင်ပါယာ အဆင့်၏ အောက်တွင် ပြိုင်ဘက်ကင်း အနေအထားသို့ ရောက်လာခဲ့သည်။
နဂါးမျှော်စင် အဋ္ဌမထပ်ရှိ ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် အနိုင်ယူရန် သူ့တွင် လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။
"ငါ့ရဲ့ စွမ်းအားတွေ အလုံအလောက် တိုးတက်လာပြီ ဆိုတော့ နဂါးမျှော်စင်ရဲ့ သတ္တမထပ်ကို သွားပြီး ကျွမ်းလီကောကို အတိုးနဲ့ လက်စားချေဖို့ အချိန်တန်ပြီ"
သူ၏ ခွန်အားများ တိုးတက်လာသည်နှင့် ကျန်းချန်သည် ခေါင်းကိုမော့ကာ နဂါးမျှော်စင်၏ ထိပ်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့၏။
အခန်း(၁၂၀၄)ပြီး၏။
အခန်း(၁၂၀၅)
နဂါးမျှော်စင်၏ ဆဋ္ဌမထပ် တိုက်ပွဲစင်မြင့်ထက်တွင် ဆယ်ပေခန့် မြင့်သော ရွှေရောင် လူ့ဘီလူးကြီး တစ်ကောင်သည် စင်မြင့်၏ အလယ်ဗဟိုပေါ်တွင် ဝင့်ကြွားစွာ ရပ်တည်နေခဲ့သည်။
ထိုရွှေရောင်လူ့ဘီလူးကြီးထံကနေ ဥက္ကာခဲကဲ့သို့ ကြီးမားသော လက်သီးတစ်လုံးသည် ဆန့်ကျင်ဘက်ရှိ နတ်ဝိညာဉ်ဘုရင်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူထံသို့ ရောက်ရှိလာခဲ့သည်။
"ဝုန်း.."
ထိုရွှေရောင်လက်သီးသည် အရာအားလုံးကို ချေမှုန်းဖျက်ဆီးနိုင်သော အစွမ်းဖြင့် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ စွမ်းအင်အားလုံးကို မည်သည့်အရာမှ မကျန်သည်အထိ ချေမှုန်း ဖျက်ဆီးပစ်ခဲ့သည်။
ဆန့်ကျင်ဘက်အရပ်ရှိ နတ်ဝိညာဉ်ဘုရင်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူသည် မည်သည့်ခုခံမှုမှ မပြုလုပ်နိုင်ဘဲ ရွှေရောင်လက်သီးချက် ထိမှန်ကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် စင်မြင့်ထက်ကနေ ပြုတ်ကျသွားခဲ့သည်။
"ငါနဲ့ ဘယ်သူ တိုက်ခိုက်ချင်သေးလဲ"
ပြိုင်ဘက်ကို လက်သီးတစ်လုံးတည်းဖြင့် အနိုင်ယူလိုက်ပြီးနောက်တွင် ရွှေရောင် လူ့ဘီလူးကြီးထံမှ ဝင့်ကြွားသောအသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်လူ့ဘီလူးကြီးက တုနှိုင်းမဲ့ စစ်ဘုရင်တစ်ဦးပမာ စင်မြင့်၏ အလယ်ဗဟိုတွင် ဝင့်ကြွားစွာ ရပ်တည်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
စင်မြင့်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသော ဤရွှေရောင် လူ့ဘီလူးကြီးသည် တခြားသူမဟုတ်ပေ။
နဂါးမျှော်စင်၏ ဆဋ္ဌမထပ်သို့ ယခုလေးတင် ဝင်ရောက်လာသော ကျန်းချန်ပင်ဖြစ်သည်။
ကျန်းချန်သည် နဂါးမျှော်စင်၏ ဆဋ္ဌမထပ်သို့ ဝင်ရောက်ပြီးနောက်တွင် တိုက်ပွဲစင်မြင့်ထက်သို့ တိုက်ရိုက်သွားရောက်ကာ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်သုံး၍ ပြိုင်ဘက်များကို ချေမှုန်းခဲ့သည်။
ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်တွင် သတ္တမအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်ဖော်လိုက်သောအခါတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက ရွှေရောင် တောက်ပနေခဲ့ပြီး တကယ်စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။
ကျန်းချန်သည် သူ၏ ပြိုင်ဘက်များကို လက်သီးတစ်လုံးတည်းဖြင့်ပင် သုံးပွဲ ဆက်တိုက် အနိုင်ယူခဲ့သည်။
ထိုသုံးယောက်ထဲတွင် ၉ ပွဲ ဆက်တိုက် အနိုင်ရရှိသူပင် ပါဝင်၏။
သူ၏ တိုက်ပွဲဝင်စွမ်းရည်က အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး ဆဋ္ဌမထပ်ရှိ စစ်ဘုရင်များပင် ကျန်းချန်ကို တိတ်တဆိတ် ကြည့်ရှုနေရုံသာ တတ်နိုင်ခဲ့သည်။
နဂါးမျှော်စင် ဆဋ္ဌမထပ်ရှိ စစ်ဘုရင်များ တိတ်ဆိတ်နေသည်နှင့်အမျှ ကျန်းချန်သည် ဆဋ္ဌမထပ်ကို ပြိုင်ဘက်မဲ့ အခြေအနေဖြင့် အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပြီး စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ဆဋ္ဌမထပ်တွင် မနေတော့ဘဲ နဂါးမျှော်စင်၏ သတ္တမထပ်သို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
သတ္တမထပ်သည် နဂါးမျှော်စင်၏ ကိုးထပ်လုံးတွင် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။
သတ္တမထပ်မှ စတင်၍ ကျင့်ကြံသူများအတွက် ပို၍ မြင့်မားသော အထပ်များသို့ တက်လှမ်းရန် စည်းမျဉ်းများသည် လုံးဝ ကွဲပြားသွားပြီ ဖြစ်၏။
နဂါးမျှော်စင်သည် စုစုပေါင်း ကိုးထပ်ရှိပြီး နဝမထပ်သည် နတ်ဘုရားနယ်မြေ၏ ဝင်ပေါက်ဖြစ်၍ ထိုအထပ်တွင် ကျင့်ကြံသူများ မရှိပေ။
နဂါးမျှော်စင်၏ အဋ္ဌမထပ်တွင်မူ ကျင့်ကြံသူ ဆယ်ဦး ရှိသည်။
ထိုကျင့်ကြံသူ ဆယ်ဦးသည် နဂါးမျှော်စင်၏ ထိပ်တန်းပါရမီရှင် ဆယ်ဦးဖြစ်ပြီး နဝမထပ်ကို တက်လှမ်းရန် အရည်အချင်းပြည့်မီသူများလည်း ဖြစ်သည်။
အဋ္ဌမထပ်မှ နဝမထပ်သို့ တက်လှမ်းလိုလျှင် စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရသည်။
နတ်သန္ဓေအင်ပါယာ အဆင့်သို့ မထိုးဖောက်ရသေးသော ကျင့်ကြံသူများသာ ထိုစမ်းသပ်မှုကို ကျော်ဖြတ်ခွင့်ရှိသည်ဟု ဆိုကြသည်။
နတ်သန္ဓေအင်ပါယာအဆင့်ကို တက်လှမ်းပြီးသွားလျှင်မူ နဂါးမျှော်စင်ကနေ နှင်ထုတ်ခံရမည် ဖြစ်ပြီး နဝမထပ်၏ စမ်းသပ်မှုကို ကျော်ဖြတ်ခွင့် ဆုံးရှုံးသွားပေမည်။
ထိုသို့ နဂါးမျှော်စင်မှ နှင်ထုတ်ခံရသော ကျင့်ကြံသူများအတွက် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့်ရမည့် တစ်ခုတည်းသော အခွင့်အရေးမှာ ရွှေနဂါးမြို့တော်တွင် ဆယ်နှစ်အတွင်း အင်ပါယာအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီး နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။
သတ္တမထပ်မှ ကျင့်ကြံသူများအတွက်မူ အဋ္ဌမထပ်သို့ ဝင်ရောက်ရန်အတွက် နည်းလမ်း နှစ်ခုသာ ရှိသည်။
တစ်ခုမှာ အဋ္ဌမထပ်မှ တစ်စုံတစ်ဦးသည် နဝမထပ်သို့ တက်လှမ်းကာ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့် ရရှိပြီးနောက်တွင် သတ္တမထပ်မှ ကျင့်ကြံသူကို စစ်ဘုရင်အဖြစ် ရာထူးတိုးပေးလိုက်ခြင်း ဖြစ်သည်။
နောက်ထပ် နည်းလမ်းမှာ သတ္တမအဆင့် စစ်ဘုရင် ဖြစ်လာအောင် ကြိုးစားပြီး အဋ္ဌမထပ်မှ ကျင့်ကြံသူများကို စိန်ခေါ်တိုက်ခိုက်ကာ အနိုင်ယူ၍ ပြိုင်ဘက်၏ နေရာကို အစားထိုးဝင်ရောက်ခြင်း ဖြစ်သည်။
ထို့ကြောင့် နဂါးမျှော်စင်၏ သတ္တမထပ်ကို စမ်းသပ်မှု၏ နောက်ဆုံးမတိုင်မီ အဆင့်ဟုပင် ဆို၍ရ၏။
ဤအဆင့်တွင် ကျင့်ကြံသူဦးရေသည် အလွန်ပင် နည်းပါးပြီး လူနှစ်ရာပင် မပြည့်ပေ။
သတ္တမထပ်သည် လူဦးရေ နည်းပါးသော်လည်း ဤအဆင့်သို့ ရောက်လာနိုင်သူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များဆိုသည်မှာ သံသယဝင်စရာ မရှိပေ။
ဆိုရလျှင် နဂါးမျှော်စင် သတ္တမထပ်ရှိ ကျင့်ကြံသူနှစ်ရာသည် သက်ဆိုင်ရာဂြိုဟ်များ၏ ထူးချွန်သော ပါရမီရှင် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျန်းချန်သည် နဂါးမျှော်စင် သတ္တမထပ်သို့ ဝင်ရောက်ပြီးနောက်တွင် တိုက်ပွဲစင်မြင့် ရှိရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
သူ ရောက်ရှိလာသောအခါတွင် တိုက်ပွဲစင်မြင့်ပေါ်၌ နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့် အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးသည် ရင်ဆိုင် တိုက်ခိုက်နေခဲ့ကြသည်။
ထိုနှစ်ဦးတွင် တစ်ဦးမှာ (၇) ပွဲဆက်တိုက် အနိုင်ရရှိသူ ဖြစ်ပြီး ကျန်တစ်ဦးမှာ (၈) ပွဲဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်သည်။
နှစ်ဦးစလုံးသည် နဂါးမျှော်စင် သတ္တမထပ်ရှိ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြ၏။
သိပ်မကြာခင်မှာပင် ပြိုင်ပွဲ၏အဖြေက ထွက်ပေါ်လာခဲ့ပြီး ဟဲထျန်းချီဟု ခေါ်သော (၇) ပွဲဆက်တိုက် အနိုင်ရရှိသူသည် အဆုံးသတ်တွင် သူ၏ ပြိုင်ဘက်ကို ချေမှုန်း အနိုင်ယူခဲ့ကာ (၈) ပွဲဆက်တိုက် အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။
တိုက်ပွဲပြီးဆုံးသည်နှင့် ကျန်းချန်သည် ဟဲထျန်းချီ စင်မြင့်ပေါ်မှ ဆင်းသည်ကိုပင် မစောင့်ဆိုင်းတော့ဘဲ စင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
သူ ရွှေနဂါးမြို့တော်သို့ ရောက်လာခဲ့သည်မှာ တစ်လ၊ နှစ်လခန့် ရှိပြီ ဖြစ်သည်။
သို့ဖြစ်ရာ ကျန်းချန်သည် အချိန်ဖြုန်းချင်စိတ် မရှိတော့ပေ။
သူ သတ္တမထပ်ရှိ တိုက်ပွဲစင်မြင့်ဆီသို့ ရောက်ရှိလာခြင်းသည် ကျွမ်းလီကော အတွက်သာ ဖြစ်သည်။
ထိုလူကို ရှင်းပြီးသည်နှင့် နဂါးမျှော်စင်ကနေ ထွက်ခွာပြီး ရှန်းဝူတိုက်ကြီးကို ပြန်တော့မည် ဖြစ်၏။
"ကောင်လေး.. မင်း ဒါက ဘာအဓိပ္ပာယ်လဲ.. ငါက စိန်ခေါ်ဦးမယ်လို့ ပြောခဲ့လို့လား"
ကျန်းချန် စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်လျှင် ဟဲထျန်းချီသည် ရုတ်တရက် မရွှင်မပျ ဖြစ်သွားခဲ့သည်။
ဤကောင်လေးက အဘယ်ကြောင့် စင်ပေါ်သို့ အလောတကြီး တက်လာရပါသနည်း။
တိုက်ပွဲပန်းနေသော သူ့ကို အခွင့်ကောင်းယူလိုခြင်း ဖြစ်နိုင်ပါသလော။
ထိုအချိန်တွင် တိုက်ပွဲစင်မြင့်၏ ပတ်ပတ်လည်မှ ကျန်းချန်ကို မှတ်မိသော ကျင့်ကြံသူ အချို့သည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
"ဟေ့.. ဒါက ကျွမ်းလီကော ဆုလာဘ်ထုတ်ထားတဲ့ တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန် မဟုတ်လား"
"ဟုတ်တယ်ဟ.. တကယ် ကျန်းချန်ပဲ"
"သူ သတ္တမထပ်ကို တက်လာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. ကျန်းချန်က စင်ပေါ်ကို ရောက်လာပြီဆိုမှတော့ သိပ်မကြာခင် စိတ်ဝင်စားစရာကောင်းတဲ့ တိုက်ပွဲတွေကို မြင်ရတော့မယ် ထင်တယ်"
".........."
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလျှင် စင်မြင့်ပေါ်ရှိ ဟဲထျန်းချီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"မင်းက ကျန်းချန်လား"
"ရေမရောဘူး ငါက ကျန်းချန်အစစ်ပဲ"
ကျန်းချန်က မထီမဲ့မြင် ပြန်ဖြေလိုက်၏။
"ငါက နောက်တစ်ပွဲ ဆက်တိုက်မယ်လို့ မကြေညာရသေးဘဲ မင်းအနေနဲ့ စင်ပေါ်ကို တက်လာတာက စည်းမျဉ်းနဲ့ နည်းနည်းတော့ သွေဖယ်နေပြီ"
ဟဲထျန်းချီ၏ မျက်နှာသည် အနည်းငယ် မကြည်မလင် ဖြစ်နေခဲ့သည်။
အကယ်၍ သူသာ စွမ်းအင်အပြည့်အဝ အခြေအနေဖြင့် ရှိနေခဲ့မည် ဆိုလျှင် ကျန်းချန်ကို တိုက်ခိုက်ရန် လုံးဝ တွန့်ဆုတ်မနေဘဲ ကျွမ်းလီကော၏ ဆုလာဘ်ဖြစ်သည့် နတ်ခရစ်စတယ် (၃၀၀၀)ကို အရယူမည် ဖြစ်၏။
သို့သော်လည်း အစောပိုင်းက တိုက်ပွဲတွင် ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့ရ၍ သူ၏ အသက်စွမ်းအားသည် ခုနစ်ပုံ၊ ရှစ်ပုံခန့် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။
သူ၏ လက်ရှိအခြေအနေဖြင့် နောက်ထပ် တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
"ငါ စင်ပေါ်ကို တက်လာတာကလည်း မင်းကို စိန်ခေါ်ဖို့ မဟုတ်ပါဘူး.. မင်းသာ ငါနဲ့ ယှဉ်ပြိုင်ချင်တယ် ဆိုရင်တော့ မင်း အနားယူဖို့အတွက် အမွှေးတိုင်တစ်တိုင်စာ အချိန်ကို ငါပေးနိုင်ပါတယ်.. မင်းမတိုက်ချင်ရင်လည်း ထားလိုက်ပါ.. ငါ တခြားသူတွေကိုပဲ စိန်ခေါ်လိုက်မယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
သူ၏ လေသံက ဟဲထျန်းချီကို လုံးဝ ဂရုမစိုက်သလို ဖြစ်နေခဲ့၏။
"ကောင်းပြီလေ ဒါဆို ငါမင်းကို စိန်ခေါ်မယ်"
သူ့ကို လုံးဝ ဂရုမစိုက်သည်ကို မြင်လျှင် ဟဲထျန်းချီသည် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကုန်ဆုံးသွားရင် မင်းနဲ့ငါနဲ့ တွေ့ကြတာပေါ့"
"ငါ မင်းကို စိတ်ရင်းနဲ့ အကြံပေးလိုက်မယ်.. ငါနဲ့ယှဉ်ပြိုင်တာက မင်းအတွက် ဘယ်လိုမှ ရလဒ်ကောင်းနိုင်မှာ မဟုတ်ဘူး.. ငါ ဒီနေ့ သတ္တမထပ်က တိုက်ပွဲစင်မြင့် ဆီကို လာတာက ကျွမ်းလီကော အတွက်ပဲ.. အပြစ်မရှိတဲ့ သူတွေကို ထိခိုက်ချင်စိတ်မရှိဘူး မင်းရဲ့ရှစ်ပွဲဆက်တိုက် အနိုင်ရရှိမှု မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ရပ်တန့်လိုက်ဖို့ ငါအကြံပေးချင်တယ်"
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ဟဲထျန်းချီကို ကြည့်ကာ ပြောလိုက်သည်။
သူ၏ လေးနက်သော စကားသံသည် ဟဲထျန်းချီ၏နားထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"ကျန်းချန် မင်း ငါ့ရှေ့မှာ လေလုံးထွားမနေနဲ့.. ကျွမ်းလီကောက မင်းကို တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့ပေးထားတာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလို့ ထင်မနေနဲ့"
ထိုစကားကို ပြောနေသည့် ဟဲထျန်းချီ၏ မျက်နှာသည် အေးစက်သွားခဲ့သည်။
"သိပ်မကြာခင် ငါ မင်းရဲ့ခေါင်းကို ယူပြီး ကျွမ်းလီကော ဆီမှာ ဆုငွေသွားထုတ်မယ်"
"ကောင်းပြီလေ ဒါဆိုရင် ငါမင်းကို အမွှေးတိုင်တစ်တိုင် ထွန်းစာ ငါ စောင့်ပေးမယ်"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မထီမဲ့မြင်အမူအရာဖြင့် ဝံ့ကြွားစွာ ရပ်နေခဲ့သည်။
"မင်းရဲ့ရွေးချယ်မှု အတွက် နောင်တမရဖို့ ငါ မျှော်လင့်ပါတယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ဟဲထျန်းချီသည် နှာခေါင်းရှုံ့လိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူက စင်မြင့်ပေါ်တွင် ချက်ချင်းဆိုသလို ထိုင်ချလိုက်သည်။
ထို့နောက်တွင် ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး သူ၏ ခွန်အားကို အလျင်အမြန် ပြန်လည်ရရှိရန် ကြိုးစားလိုက်သည်။
အခန်း(၁၂၀၅)ပြီး၏။
အခန်း(၁၂၀၆)
ဟဲထျန်းချီက သူ၏ စွမ်းအားများကို ပြန်လည်ရရှိအောင် လုပ်ဆောင်နေသည့် အခြေအနေတွင် တိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်သည် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။
ဤသို့ဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
စင်မြင့်ထက်တွင် ထိုင်လျက်ရှိသော ဟဲထျန်းချီသည်လည်း မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့၏။
အမွှေးတိုင်တစ်တိုင်စာ အချိန်ကြာပြီးနောက်တွင် ကုသရေးဆေးလုံး၏ အကူအညီဖြင့် ဟဲထျန်းချီသည် သူ၏ အစွမ်းအထက်ဆုံး အခြေအနေသို့ အပြည့်အဝ ပြန်လည် မရောက်ရှိသေးသည့်တိုင် ခွန်အားများသည် အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
သူ၏ရှေ့တွင် ရှိသည့် ကျန်းချန်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်သာ ရှိသည်။
ထို့ကြောင့် ဟဲထျန်းချီသည် သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိမနေလျှင်ပင် ကျန်းချန်ကို အနိုင်ရရန် လုံးဝ ယုံကြည်မှုရှိနေခဲ့၏။
"ကျန်းချန် စလိုက်ရအောင်.. မင်းက ပထမထပ်ကနေ ပဉ္စမထပ်ကို ဆယ်ရက်အတွင်း ရောက်လာခဲ့တယ်လို့ ငါကြားတယ် အခုနှစ်လတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ မင်းက သတ္တမထပ်ကိုတောင် ရောက်လာခဲ့ပြီ.. မျှော်စင်ရဲ့ အထပ်တွေကို တက်လှမ်းတဲ့နှုန်းမှာတော့ သမိုင်းထဲမှာ မင်းက နံပါတ်တစ်ပဲ.. ဒီနေ့တော့ ငါဟဲထျန်းချီက သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး မွန်းစတားရဲ့ ခွန်အားကို ရင်ဆိုင်ကြည့်ရတာပေါ့"
ထိုစကားကို ပြောရင်း ဟဲထျန်းချီသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် နတ်ဝိညာဉ်ဘုရင် နယ်ပယ် နဝမအဆင့်၏ အားကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေလည်း တောက်ပသော ရွှေရောင်အလင်းများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက်တွင် ကျန်းချန်၏ ပုံသဏ္ဌာန်သည် ရုတ်တရက် ဆယ်ဆကျော် မြင့်မားလာခဲ့ပြီး ဆယ်ပေခန့် မြင့်မားသော ရွှေရောင်လူ့ဘီလူးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်၏။
သူက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဟဲထျန်းချီ ထံသို့ ပစ်သွင်းလိုက်သည်။
မျက်စိစူးလောက်သော ရွှေအိုရောင် လက်သီးသည် လေထုကို ထိုးခွင်းကာ ရွှေရောင်နေတစ်စင်း ကဲ့သို့ ကမ္ဘာကို ဖျက်ဆီးမည့် အစွမ်းဖြင့် ဟဲထျန်းချီ ထံသို့ ဦးတည်လာခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအင်ကို ခံစားမိလျှင် ဟဲထျန်းချီ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ အသက်စွမ်းအင်များသည် လှိုင်းလုံးများသဖွယ် ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့သည်။
ထို့နောက်တွင် ဟဲထျန်းချီသည် သူ၏ ညာဘက်လက်ဖြင့် သူ့ရှေ့မှ လေထုကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စင်မြင့်အထက်ရှိ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့ပြီး အားကောင်းသော အရှိန်အဝါများသည် လှိုင်းလုံးများ သဖွယ် စုဝေးလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးကြိုးလျှပ်စီးများကြား၌ ဧရာမ မိုးကြိုးလက်သည်း တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ရွှေရောင်လက်သီးနှင့် မိုးကြိုးလက်သည်းတို့ လေထဲတွင် ထိပ်တိုက် ဆုံမိသည့်အခိုက်တွင် ကောင်းကင်နှင့် မြေကြီးသည် ကွဲအက်သွားသကဲ့သို့ပင် တုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲသံ တစ်သံသည် ထွက်ပေါ်လာခဲ့သည်။
မမြင်နိုင်သော လေလှိုင်းသည် ဖျက်ဆီးခြင်းမုန်တိုင်း ကဲ့သို့ စင်မြင့် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့သည်။
စင်မြင့်ကို အကာအကွယ် ပေးထားသော နတ်သန္ဓေအင်ပါယာ၏ အပြည့်အဝ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် အစီအရင်သည်ပင် ထိုဖျက်ဆီးခြင်းမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပြိုကွဲလုနီးပါး ဖြစ်နေခဲ့၏။
"ဝေါ့"
ဖျက်ဆီးခြင်းမုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ဟဲထျန်းချီသည် ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖျော့ကာ ဆယ်ပေကျော်ခန့် မြေပြင်ကို ပွတ်တိုက်၍ နောက်ဆုတ်သွားခဲ့သည်။
သူ၏ရှေ့မှ ကျန်းချန်ကမူ ကျောက်ဆောင်ကျောက်သား ကဲ့သို့ မူလနေရာတွင် မြဲမြံစွာ ရပ်နေဆဲ ဖြစ်သည်။
"ငါ့လက်သီးကို တားဆီးနိုင်တာ ဘယ်ဆိုးလို့လဲ..နောက်ထပ်တစ်လုံး ထပ်ယူလိုက်"
ကျန်းချန်က ဟဲထျန်းချီကို ခနဲ့၍ ကြည့်လိုက်ပြီး နောက်ထပ်လက်သီး တစ်လုံးကို ပစ်သွင်းလိုက်သည်။
ထိုလက်သီးချက်သည် အပေါ်ယံကြည့်လျှင် ရိုးရှင်းပုံရပြီး သုံးနှစ်ကလေး တစ်ယောက်၏ တိုက်ခိုက်မှုလို ဖြစ်နေခဲ့သည်။
သို့သော်လည်း တကယ်တမ်းတွင် ထိုလက်သီးချက်၏ အရှိန်အဝါသည် ဟဲထျန်းချီ၏ ဝိညာဉ်ကို ပေါက်ကွဲမတတ်ပင် ဖြစ်စေခဲ့သည်။
ဟဲထျန်းချီက အနည်းငယ်မျှပင် မပေါ့ဆရဲတော့ဘဲ သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များကို ချက်ချင်းဆိုသလို အမြင့်ဆုံးအဆင့် အထိ လှုံ့ဆော်လိုက်ပြီး လက်ဟန် ကိုးခုကို ထုတ်ဖော်လိုက်သည်။
"ဂျိန်း.. ဂျိန်း.. ဂျိန်း.."
ငွေရောင်မိုးကြိုးကိုးခုသည် ကောင်းကင်မိုးကြိုး ဆင်းသက်လာသကဲ့သို့ပင် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး ကျန်းချန်ထံသို့ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ရိုးရှင်းပုံရသော လက်သီးချက်သည် ဟဲထျန်းချီ၏ မိုးကြိုးများကို အစအနပင် မကျန်အောင် ချေမှုန်းပစ်လိုက်သည်။
ထိုသို့ ချေမှုန်းပြီးသည့်တိုင် လက်သီးချက်သည် အရှိန်မသေသေးဘဲ ဟဲထျန်းချီ၏ ခန္ဓာကိုယ်ပေါ်မှ အကာအကွယ်အလွှာကိုပင် အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို သယ်ဆောင်လာသော ရွှေရောင်လက်သီးချက်သည် ဟဲထျန်းချီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဝုန်း"
ရွှေရောင်လက်သီးချက်က ဟဲထျန်းချီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်ပြီးနောက်တွင် လက်သီးချက်၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ဟဲထျန်းချီ၏ အဝတ်အစားများသည် တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့သည်။
လက်သီးချက်က ရင်ဘတ်ကိုပင် ကျွံဝင်ခဲ့ပြီး ပုံပျက်ပန်းပျက် ဖြစ်စေခဲ့သည်။
"အား"
ဟဲထျန်းချီက နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲတွင် မီတာထောင်ချီ ပျံသန်းသွားခဲ့ပြီး အဆုံးသတ်၌ တိုက်ပွဲစင်မြင့်၏ နံရံနှင့် အားပြင်းစွာ ရိုက်မိသွားခဲ့သည်။
ထိုရိုက်ခတ်မှုကြောင့် တိုက်ပွဲစင်မြင့် တစ်ခုလုံးသည် အတော်လေး တုန်ခါသွားခဲ့သည်။
ထို့နောက်တွင် ဟဲထျန်းချီ၏ ခန္ဓာကိုယ်သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ပြုတ်ကျလာခဲ့ပြီး အသက်မြော့မြော့သာ ကျန်ရှိတော့၏။
"..........."
ဟဲထျန်းချီ၏ အဖြစ်ဆိုးကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလို တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။
"ဟဲထျန်းချီက ဒီလိုပဲ အရှုံးပေးလိုက်ရပြီလား.. ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာပဲ"
ထိုအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ပုန်းအောင်းနေခဲ့သည်။
ထိုကောင်လေးသည် လက်သီးချက် တစ်ချက်တည်းဖြင့် နတ်ဝိညာဉ်ဘုရင် နယ်ပယ် နဝမအဆင့် ဖြစ်သည့် ဟဲထျန်းချီကို အနိုင်ယူခဲ့သည်။
နဂါးမျှော်စင် သတ္တမထပ်တွင် ဟဲထျန်းချီကို အနိုင်ယူနိုင်သူ များစွာ ရှိသော်လည်း ကျန်းချန်ကဲ့သို့ လက်သီးချက် နှစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သူမှာမူ အနည်းငယ်မျှသာ ရှိသည်။
ဤကောင်လေးသည် အချိန်တိုအတွင်း နဂါးမျှော်စင်၏ သတ္တမထပ်သို့ တက်လှမ်းလာနိုင်သည့် ပထမဆုံးလူ ဖြစ်၏။
ဤကဲ့သို့ အစွမ်းဖြင့် သတ္တမထပ်ကို တက်လှမ်းလာပြီး ခံစားချက်မဲ့သတ်ဖြတ်ခြင်းနတ်ဘုရား ကျွမ်းလီကောကို စိန်ခေါ်ရဲသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ထိုကဲ့သို့သော ခွန်အားသည် ကျွမ်းလီကောနှင့် ယှဉ်လျှင်ပင် အရမ်းကြီး ကွာဟ မနေတော့ချေ။
"ငါ နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ် ငါ ဒီနေ့ စင်မြင့်ပေါ်ကို တက်လာတာက ကျွမ်းလီကောကို လက်စားချေဖို့ပဲ.. အလကားနေရင်း မသေချင်ရင် စင်ပေါ်ကို တက်မလာဖို့ ငါအကြံပေးချင်တယ်"
ဟဲထျန်းချီကို လက်သီးချက် နှစ်ချက်ဖြင့် ဆုံးမလိုက်ပြီးနောက်တွင် ကျန်းချန်၏ ခပ်ထန်သောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူက သူ၏ ရွှေရောင်မျက်လုံးများဖြင့် ပြိုင်ပွဲစင်မြင့်၏ အောက်ခြေကို အနည်းငယ် ဝှေ့ကြည့်လိုက်သည်။
"ကျန်းချန်.. မင်းက အခုမှ တစ်ပွဲပဲ အနိုင်ရသေးတယ်.. တစ်ပွဲလေး အနိုင်ရတာနဲ့ ကျွမ်းလီကောကို စိန်ခေါ်မယ်ဆိုတော့ စည်းမျဉ်းနဲ့ နည်းနည်းလေးတော့ လွဲနေပြီထင်တယ်"
ထိုအချိန်တွင် နံဘေးရှိ အနက်ရောင်ဝတ် တာဝန်ခံသည် အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ကျွန်တော်က နောက်ထပ် တိုက်ပွဲအနည်းငယ်လောက် ထပ်တိုက်ချင်တယ် ဆိုရင်တောင် သူတို့က ကျွန်တော့်ကို စိန်ခေါ်ရဲပါ့မလား"
ကျန်းချန်က စင်မြင့်အောက်မှ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"..........."
ထိုစကားကို ကြားလျှင် အနက်ရောင်ဝတ် တာဝန်ခံသည် ဘာပြောရမှန်းပင် မသိတော့ပေ။
ကျန်းချန်သည် လက်သီးချက် နှစ်ချက်တည်းဖြင့် ဟဲထျန်းချီကို အနိုင်ယူခဲ့ပြီး ပြိုင်ဘက်ကင်း တိုက်ပွဲဝင်စွမ်းရည်ကို ပြသခဲ့သည်။
ဆိုရလျှင် နဂါးမျှော်စင် သတ္တမထပ် တစ်ခုလုံးတွင် ကျန်းချန်ကို အနိုင်တိုက်ခိုက်ရန် မည်သူမှ မစွန့်စားရဲပေ။
ထို့အပြင် ကျန်းချန်သည် ကျွမ်းလီကောနှင့် တိုက်ခိုက်ရန် ရောက်လာသည်ဟု ပြောခဲ့ပြီးသားဖြစ်သည်။
သို့ဖြစ်ရာ ကျန်းချန်နှင့် မိုက်ရူးရဲဆန်စွာ တိုက်ခိုက်ရန် မည်သူမှ ဆန္ဒမရှိတော့ပေ။
မည်သူမှ စိန်မခေါ်ဝံ့လျှင် ကျွမ်းလီကော မပေါ်လာသရွေ့ ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေတော့မည် ဖြစ်သည်။
ယခုအခါတွင် ကျန်းချန်သည် တစ်ပွဲတည်းဖြင့် ပြိုင်ဘက်မဲ့ အခြေအနေကို ဖန်တီးလုနီးပါး ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အခြေအနေသည် နဂါးမျှော်စင်သမိုင်းတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။
"ကျွမ်းလီကောကို တိုက်ပွဲစင်မြင့်ဆီ လာဖို့ အကြောင်းကြားလိုက်.. ကျန်းချန်က သူ့ကို စင်မြင့်ထက်မှာ စောင့်နေတယ်လို့ ထည့်ပြောဖို့လည်း မမေ့နဲ့"
ကျန်းချန်က အနက်ရောင်ဝတ် တာဝန်ခံကို ကြည့်၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက လက်ပိုက်ကာ စင်မြင့်ထက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ကျန်းချန်၏ အမူအရာကို မြင်လျှင် အနက်ရောင်ဝတ် တာဝန်ခံသည် ခေါင်းကိုက်မလိုပင် ဖြစ်သွားခဲ့သည်။
ဤကောင်လေးက တစ်ပွဲသာ တိုက်ခိုက်ရသေးသော်လည်း ပြိုင်ဘက်မဲ့ အခြေအနေကို ရောက်လုနီးပါး ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အခြေအနေတွင် ကျန်းချန်အနေဖြင့် သတ္တမထပ်ရှိ စစ်ဘုရင်ကို စိန်ခေါ်သည်မှာ မလွန်ပေ။
ထို့ကြောင့် သူက လက်ရှိ အခြေအနေအရ ကျွမ်းလီကောကို စင်မြင့်ထက်ဆီ လာရောက်ရန်သာ အကြောင်းကြားပေးဖို့ တတ်နိုင်တော့သည်။
အခန်း(၁၂၀၆))ပြီး၏။