← Chapters

အခန်း (၁၂၀၇-၁၂၀၉)

Vol. 81 Ch. 1207-1209

အခန်း (၁၂၀၇-၁၂၀၉)

Vol. 81 Ch. 1207-1209

အခန်း(၁၂၀၇)

အနက်ရောင်ဝတ် တာဝန်ခံသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် ကျန်းချန်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အနက်ရောင်ဝတ် တာဝန်ခံ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲပတ်ဝန်းကျင် တစ်ခုလုံးသည် ထူးဆန်းစွာပင် တိတ်ဆိတ်သွားခဲ့၏။

စင်မြင့်ထက်တွင် ကျန်းချန်သည် လက်ပိုက်၍ ရပ်ကာ စောင့်ဆိုင်းနေခဲ့သည်။

စင်မြင့်အောက်ရှိ လူတိုင်းသည် စင်မြင့်အထက်ရှိ ကျန်းချန်ကို တိတ်တဆိတ် ကြည့်နေခဲ့ကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။

ဆိုရလျှင် ဤအချိန်တွင် တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။

အချိန်မည်မျှ ကြာသွားသည် မသိပေ။

သိပ်မကြာမီမှာပင် အေးစက်စက် မျက်နှာထားရှိသော လူငယ်တစ်ဦးသည် စင်မြင့်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး အေးစက်စက်မျက်နှာထားနှင့် လူငယ်သည် အခြားသူမဟုတ်ပေ။

သတ္တမထပ်၏ စစ်ဘုရင်ဖြစ်သည့် ခံစားချက်မဲ့ သတ်ဖြတ်ခြင်းနတ်ဘုရား ဟူသော အမည်ဖြင့် ကျော်ကြားသော ကျွမ်းလီကောပင် ဖြစ်၏။

ကျွမ်းလီကော ရောက်ရှိလာခြင်းနှင့်အတူ မူလက တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် ပြန်လည်၍ လှုပ်လှုပ်ရှားရှားပင် ဖြစ်လာခဲ့သည်။

"ကျန်းချန်"

စင်မြင့်ပေါ်သို့ ရောက်လာသည်နှင့် ကျွမ်းလီကောသည် သူ၏ အေးစက်စက်မျက်လုံးဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

ထိုခဏမှာပင် အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသော ဝိညာဉ်စိတ်ဆန္ဒသည် ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့၏။

ထိုမြင်ကွင်းကို မြင်လျှင် ကြည့်ရှုနေသော ပရိသတ်အားလုံးသည် အသက်ရှုမှားမတတ်ပင် ဖြစ်သွားကြသည်။

သမိုင်းတစ်လျှောက် နဂါးမျှော်စင်၏ အထပ်များကို အလျင်မြန်ဆုံး ထိုးဖောက်နိုင်သူဟု ကျော်ကြားသော တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန်။

နဂါးမျှော်စင်၏ သတ္တမထပ်စစ်ဘုရင်ဖြစ်ပြီး ခံစားချက်မဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားဟု ကျော်ကြားသော ကျွမ်းလီကော။

ထိုနှစ်ယောက်၏ တိုက်ပွဲသည် နဂါးမျှော်စင်တွင် ထိပ်တန်းတိုက်ပွဲ ဖြစ်လာမည်မှာ သေချာသလောက်ပင် ဖြစ်၏။

"ကျွမ်းလီကော.. မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့"

စကားပြောရင်း ကျန်းချန်ကလည်း သူ၏ မျက်လုံးကနေ ဝိညာဉ်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

ဝိညာဉ်စိတ်ဆန္ဒ နှစ်ခုသည် လေထဲတွင် ချက်ချင်းဆိုသလို ထိပ်တိုက် ဆုံမိသွားခဲ့ကြသည်။

"ဝုန်း"

လေထဲတွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် တိုက်ပွဲစင်မြင့်ပေါ်ရှိ ကျန်းချန်တို့ နှစ်ယောက်စလုံးသည် ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရ၏။

"ကျန်းချန် မင်းက အရည်အချင်းရှိသားပဲ.. သတ္တမထပ်ကို ဒီလောက်မြန်မြန် ရောက်လာနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး"

ကျွမ်းလီကောက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်နေခဲ့သည်။

သူ၏ အေးစက်စက် မျက်လုံးထဲတွင် နက်မှောင်သော အရိပ်တစ်ခုသည် ယှက်သန်းသွားခဲ့သည်။

လွန်ခဲ့သည့် တစ်လခန့်က ကျန်းချန်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်ဖြင့် နဂါးမျှော်စင်၏ ပဉ္စမထပ်သို့ တက်လာခဲ့သည်။

ကျန်းချန်က ထိုအချိန်ကတည်းကပင် အလွန် အစွမ်းထက်သော တိုက်ပွဲဝင် အရည်အချင်းကို ပြသခဲ့ပြီ ဖြစ်သော်လည်း ကျွမ်းလီကောသည် အလေးအနက် မထားခဲ့ပေ။

ကျန်းချန်၏ ဦးခေါင်းကို ရယူရန် နတ်ခရစ်စတယ် ၃၀၀၀ ဖြင့် ကမ်းလှမ်းလိုက်လျှင် ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်မှာပင် ကျန်းချန်ကို မြှုပ်နှံပစ်ရန် လုံလောက်ပြီဟု သူမူလက ထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ပဉ္စမထပ်နှင့် ဆဋ္ဌမထပ်ကို တစ်ထပ်ပြီးတစ်ထပ် ဖြတ်သန်းကာ သတ္တမထပ် ဆီသို့ တစ်ရှိန်ထိုး ရောက်ရှိလာခဲ့သည်။

သူ့ရှေ့မှ လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်တွင်သာ ရှိသေးသော်လည်း ဝိညာဉ်ဆန္ဒချင်း ထိပ်တိုက် ရင်ဆိုင်ရာတွင် သူ၏ နဝမအဆင့် ဝိညာဉ်စွမ်းအားသည် လုံးဝ အသာစီးမရခဲ့ပေ။

ဤအခြေအနေတွင် ကျွမ်းလီကောသည် ကျန်းချန်ကို အထင်မသေးရဲတော့ချေ။

သူ၏ ရှေ့မှ ကောင်လေးသည် နဂါးမျှော်စင်သို့ သူဝင်ရောက်လာပြီးကတည်းက သူရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များထဲတွင် အစွမ်းအထက်ဆုံး ဖြစ်၏။

"ကျွမ်းလီကော အဲဒီနေ့က လေလံပွဲမှာ နဂါးသွေးနတ်ဆိုးသစ်သီးကို လေလံဆွဲလိုက်တာနဲ့ပဲ မင်းက ငါ့ရဲ့ဦးခေါင်းကို နတ်ခရစ်စတယ် ၃၀၀၀ နဲ့ ဆုငွေထုတ်ခဲ့တယ်.. အခုဒီရန်ငြိုးကို ရှင်းလင်းဖို့အချိန်တန်ပြီ.. ဒီနေ့ မင်းနဲ့ငါ အစွမ်းကုန် တိုက်ကြမယ်.. ဒီတိုက်ပွဲက ရလဒ်ကို ဆုံးဖြတ်ရုံအပြင် မင်းနဲ့ငါ့ရဲ့ကြားက သေခြင်းရှင်ခြင်း တိုက်ပွဲပဲ"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထိုခဏတွင် သွေးနဂါးဓားသည် လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ဓားကိုယ်ထည် တစ်ခုလုံးသည် နတ်ဓားတစ်ခု ပမာ အလွန်ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်နေခဲ့သည်။

ကျွမ်းလီကောက ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဆန္ဒများ ပါဝင်နေသည့် စွမ်းအင်များသည် ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့သည်။

"ငါ ကျွမ်းလီကောက နဂါးမျှော်စင်ထဲ ဝင်ရောက်လာပြီးကတည်းက တိုက်ပွဲပေါင်း ရာချီကို တိုက်ခိုက်ခဲ့ပြီး တစ်ခါမှ အရှုံးမရှိခဲ့ဘူး ငါ့ရဲ့နောက်ထပ်တိုက်ပွဲက အဋ္ဌမထပ်မှာရှိတဲ့ ဆယ်ယောက်ထဲက တစ်ယောက်ယောက် ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ မင်းဖြစ်လာလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.. မင်းက ဒီလောက်တောင် သေချင်စိတ်ပြင်းပြနေမှတော့ ငါမင်းကို အရင်သတ်ပြီးမှ အဋ္ဌမထပ်ကို သွားတော့မယ်"

ကျွမ်းလီကော၏ ကြုံးဝါးသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စင်မြင့်တစ်ခုလုံးတွင် အသက်စွမ်းအင်များ ပြင်းထန်စွာ လှုပ်ရှားလာခဲ့ပြီး ကျွမ်းလီကော ဆီသို့ စုစည်းလာခဲ့သည်။

ကျွမ်းလီကောက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဆယ်ပေကျော် အချင်းရှိသော လေပြင်းမုန်တိုင်းသည် သူ၏ လက်ဝါးအထက်တွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။

ထို့အပြင် လေထုကို စုတ်ဖြဲတော့မည့်နှယ် ကြောက်မက်ဖွယ်ကောင်းသော လေဓားများသည် သူ၏ပတ်ဝန်းကျင်တွင် ပြည့်နှက်စွာ ရှိနေခဲ့သည်။

ဤအချိန်တွင် ကျွမ်းလီကော၏ ပုံစံသည် မုန်တိုင်းနတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေခဲ့၏။

"သွားသေလိုက်တော့"

ကျွမ်းလီကောက သူ၏လက်ပေါ်ရှိ လေပြင်းမုန်တိုင်းကို တွန်းလွှတ်လိုက်ရာ ကမ္ဘာကို ဖျက်ဆီးတော့မည့်နှယ် ကျန်းချန်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

လေပြင်းမုန်တိုင်း ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်တွင် မျက်စိဖြင့် မြင်နိုင်သော လေထု အက်ကွဲကြောင်းများပင် ကျန်ရစ်ခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြင်းမုန်တိုင်းသည် ကျန်းချန်၏ ဦးခေါင်းအထက်သို့ ရောက်ရှိလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်းသည် ကျန်းချန်ကို ဝါးမျိုရန် အသင့်ဖြစ်နေခဲ့သည်။

"ကျွမ်းလီကောက သတ္တမထပ်ရဲ့ စစ်ဘုရင် ဖြစ်ထိုက်ပါပေတယ်.. သူ့ရဲ့ခွန်အားက အတော်ကို ကြောက်စရာကောင်းတာပဲ"

ဤမြင်ကွင်းကိုမြင်လျှင် ကြည့်ရှုနေကြသည့် ကျင့်ကြံသူအများအပြားသည် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။

ကျွမ်းလီကောသည် သတ္တမထပ်၏ စစ်ဘုရင်ဘွဲ့ကို လွန်ခဲ့သည့်တစ်နှစ်က ရရှိခဲ့စဥ်ကစ၍ တိုက်ပွဲများကို ရင်ဆိုင်ခြင်း မရှိတော့ပေ။

ယခု တစ်နှစ်ကြာပြီးနောက်တွင် ကျွမ်းလီကောသည် စင်မြင့်ထက်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ကမ္ဘာကိုပင် တုန်လှုပ်စေလောက်သည့် တိုက်ပွဲဝင်စွမ်းရည်ကို ပြသခဲ့သည်။

သာမန် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများကိုပင် ကျွမ်းလီကောသည် အလွယ်တကူ သတ်ဖြတ်နိုင်လောက်သည်။

"ကျွမ်းလီကောက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ.. သူ့မှာ အဋ္ဌမထပ်က လူတွေကို စိန်ခေါ်နိုင်လောက်တဲ့ ခွန်အား ရှိနေခဲ့ပြီ.. ဖန်းတ မင်းသဘောကျတဲ့ ကောင်လေးတော့ ဒုက္ခရောက်တော့မယ်ထင်တယ်"

ဤအချိန်တွင် စင်မြင့်အောက်ဘက်ရှိ ထောင့်တစ်နေရာတွင် မီးခိုးရောင် အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် သူ၏ နံဘေးမှ အနီရောင်ဝတ် အဘိုးအိုကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် အနီရောင်ဝတ် အဘိုးအိုသည် ပဉ္စမထပ်တွင် သူနှင့် တွေ့ဆုံခဲ့သည့် အဂ္ဂိရတ်ခန်းမဆောင်၏ အကြီးအကဲ ဖန်းတ ဖြစ်သည်ကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်၏။

"လောင်မုန့်.. မင်းငါ့ကိုလှောင်ဖို့ ဒီကိုရောက်လာတာတော့ မဟုတ်ပါဘူးနော်"

ဖန်းတက ပြုံး၍ ပြောလိုက်သည်။

"မင်းလည်း ကျန်းချန် အနိုင်ရဖို့ အခွင့်အရေးမရှိဘူးလို့ ထင်လား"

"ကျွမ်းလီကောရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဝိညာဉ်ဘုရင်နယ်ပယ်ရဲ့ နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ ကျန်းချန်ကတော့ နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်ကို အခုမှ ထိုးဖောက်ကာစ ရှိသေးတယ်...နဂါးမျှော်စင်ကို ဝင်ရောက်လာတဲ့ သူတွေအားလုံးက သက်ဆိုင်ရာဂြိုဟ်တွေရဲ့ အထွတ်အထိပ် ပါရမီရှင်တွေချည်းပဲ.. အဆင့်တူ ပါရမီရှင်တွေအနေနဲ့ နယ်ပယ်အဆင့်ငယ် နှစ်ဆင့်ကို ကျော်ဖြတ်ပြီး ပြိုင်ဘက်ကို အနိုင်ယူဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ"

မီးခိုးရောင်ဝတ်အဘိုးအိုက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ငါကတော့ ကျန်းချန် အံ့ဖွယ်ကိစ္စတွေကို လုပ်ပြနိုင်မယ်လို့ ထင်တယ်"

ဖန်းတက နဂါးမျှော်စင်တွင် ကျန်းချန်၏ မှတ်တမ်းကို ပြန်တွေးမိပြီး ပြောလိုက်သည်။

"သူက မင်းပြောသလို တကယ်ပဲ လုပ်နိုင်ခဲ့ရင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှာတောင် သူက ရှားပါးတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်လာလိမ့်မယ် အဲဒီအချိန်ကျရင် မင်းက တကယ်ပဲ အကျိုးအမြတ် အများကြီးရလိမ့်မယ်"

မီးခိုးရောင်ဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။

သို့သော်လည်း သူ၏ စိတ်ထဲတွင်မူ ဤသည်က မဖြစ်နိုင်သလောက်ရှိမှန်း သိနှင့်နေခဲ့၏။

"ဟားဟား.. ကျွမ်းလီကော ဒီနည်းလမ်းလောက်နဲ့တော့ ငါ့ကိုအနိုင်ရမှာ မဟုတ်ဘူး.. မင်းရဲ့ တကယ့် ဝှက်ဖဲတွေကိုသာ ထုတ်လိုက်စမ်းပါ"

ဖန်းတတို့ နှစ်ယောက် စကားပြောဆိုနေသော အချိန်တွင် ကျန်းချန်သည် ကျွမ်းလီကောကို ခနဲ့လိုက်ပြီး အင်မော်တယ်ရွှေခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်သည်။

ထို့နောက်တွင် ရွှေရောင်လက်သီးချက်ဖြင့် သူ့ဆီသို့ ဦးတည်လာသော လေပြင်းမုန်တိုင်းကို ထိုးနှက်လိုက်သည်။

"ဝုန်း"

လေထဲတွင် အင်အားကြီးမားသော စွမ်းအားနှစ်ခုသည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ကျွမ်းလီကော၏ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်းသည် ကျန်းချန်၏ လက်သီးချက်အောက်တွင် တစ်လက်မချင်းစီ ပေါက်ကွဲထွက်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်ပေခန့်မြင့်သော လေဆင်နှာမောင်းသည် ကျန်းချန်၏ လက်သီးချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

လက်သီးချက် တစ်ချက်၏ စွမ်းအားသည်ပင် ဤမျှအထိ အစွမ်းထက်နေခဲ့၏။

အခန်း(၁၂၀၇)ပြီး၏။

အခန်း(၁၂၀၈)

ထိုအချိန်တွင် တိုက်ပွဲကို ကြည့်ရှုနေသည့် ပရိသတ်များအားလုံးသည် အံ့သြတုန်လှုပ်နေခဲ့ကြသည်။

ကျွမ်းလီကော၏ လေပြင်းမုန်တိုင်းသည် ကမ္ဘာကိုဖျက်ဆီးတော့မည့်နှယ် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ကျန်းချန်သည် ရိုးရှင်းသော လက်သီးချက် တစ်ချက်ဖြင့်ပင် ချေမှုန်းပစ်လိုက်သည်။

ထိုသို့သော တိုက်ခိုက်ရေး စွမ်းအားကို အလွန် အစွမ်းထက်သည်ဟုသာ ဖော်ပြနိုင်တော့မည် ဖြစ်၏။

"စိတ်ဝင်စားစရာပဲ.. ဒီကောင်လေးက နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်မှာလည်း သတ္တမအဆင့် နှောင်းပိုင်းကို ရောက်နေခဲ့ပြီ.. ဒါ့အပြင် ရှေးဟောင်းနဂါးမျိုးနွယ်စုက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦး ဖန်တီးခဲ့တဲ့ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကိုလည်း ဒီကလေးက တတ်မြောက်ထားသေးတယ်"

စင်မြင့်ထက်မှ မြင်ကွင်းကို မြင်လျှင် မီးခိုးရောင်ဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူအမှတ်မမှားလျှင် ဤအင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို လွန်ခဲ့သည့်တစ်လက ပြုလုပ်ခဲ့သည့် နဂါးမျှော်စင်လေလံပွဲတွင် ဤကောင်လေးက လေလံဆွဲခဲ့ခြင်း ဖြစ်သည်။

သို့ဆိုလျှင် ဤကောင်လေးသည် တစ်လအတွင်း အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို တတ်မြောက်သွားသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းအဆင့်၏ သတ္တမအဆင့်နှောင်းပိုင်းခွန်အားနှင့် အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဉ်တို့ ပေါင်းစပ်လိုက်လျှင် ကျန်းချန်သည် သူ၏ကျင့်ကြံခြင်းအဆင့်ထက်ပင် များစွာသာလွန်သည့် စွမ်းအားကို ထုတ်ဖော်ရန် လုံလောက်သည်။

ဆိုရလျှင် ရုပ်ပိုင်းဆိုင်ရာ တာအိုကိုပါ ကျင့်ကြံထားသော ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် လုံးဝ မနိမ့်ပေ။

သူ၏ ပြိုင်ဘက်က ကျွမ်းလီကော ဖြစ်နေလျှင်ပင် အလွယ်တကူ အနိုင်ရရန် မဖြစ်နိုင်ချေ။

"မင်းက အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို အချိန်တိုအတွင်း ကျင့်ကြံနိုင်မယ်လို့ ငါအမှန်တကယ် ထင်မထားမိဘူး.. ဒါက ငါ့ကို အနည်းငယ်တော့ အံ့သြစေတယ်"

ကျွမ်းလီကောက ကျန်းချန်ကို အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါက သတ္တမထပ်မှာ ငါ့ကိုစိန်ခေါ်ဖို့အတွက် မင်းရဲ့ဝှက်ဖဲလား"

ထိုစကားကို ကြားလျှင် ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

"ငါ့ရဲ့ဝှက်ဖဲကို မင်းက သိချင်နေတာလား ဘယ်လိုဖြစ်ဖြစ် ဒီနေ့တိုက်ပွဲမှာ မင်း ကျွမ်းလီကောက သေဆုံးရမှာပဲ"

"ဟားဟား.. လွန်ခဲ့တဲ့တစ်လက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ ပုံစံတူစာအုပ်ကို လေလံပွဲကနေတစ်ဆင့် ငါရရှိခဲ့တယ်.. အဲဒီနောက်ပိုင်းမှာ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ ပုံစံတူစာအုပ်ကို လေ့လာပြီး ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပာယ်အပေါ် နားလည်မှုမှာ အဆင့်တစ်ခုကို ရောက်သွားခဲ့ပြီ.. အရင်ကတော့ ဒါက အဋ္ဌမအထပ်က လူတွေအတွက် ငါပြင်ဆင်ထားခဲ့တာပဲ.. ဒီနေ့တော့ မင်းလိုတောသား အမြင်ကျယ်အောင် ငါပြသရသေးတာပေါ့"

ကျွမ်းလီကော၏ မျက်ဝန်းထဲတွင် အေးစက်သော အရှိန်အဝါတစ်ခု ရှိနေခဲ့သည်။

တစ်ခဏအတွင်းမှာပင် အဆုံးမဲ့ လေမုန်တိုင်းများသည် အရပ်မျက်နှာအနှံ့ကနေ စုစည်းလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးသည် အဆုံးမဲ့ မုန်တိုင်းများ ဖုံးလွှမ်းနေသည့် မုန်တိုင်းနယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါ.. ဒါက ပြီးပြည့်စုံတဲ့ မဟာအဆင့်လေစိတ်ဆန္ဒပဲ.. ဒါက နယ်မြေပိုင်နက်စွမ်းအားရဲ့ အခြေခံအဆင့်လည်း ဖြစ်တယ်.. ဒီအတိုင်းဆို ကျွမ်းလီကောရဲ့ တိုက်ပွဲဝင်စွမ်းရည်က အဋ္ဌမထပ်က ပါရမီရှင်တွေထက် လုံးဝ မနိမ့်တော့ဘူး.. ဒါ့အပြင် သူက အချိန်မရွေး နတ်သန္ဓေအင်ပါယာနယ်ပယ်ကို ထိုးဖောက်နိုင်တဲ့ အဆင့်ကို ရောက်ရှိနေခဲ့ပြီ"

မီးခိုးရောင်ဝတ် အဘိုးအို၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

ကျွမ်းလီကောသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အပြင် နယ်မြေပိုင်နက်၏ စွမ်းအားကိုလည်း နားလည်နေခဲ့ပြီ ဖြစ်သည်။

ဤအဆင့်တွင် ကျင့်ကြံသူသည် ခန္ဓာကိုယ်ထဲရှိ နတ်ပင်လယ်ထဲမှ အသက်စွမ်းအင်များကို နတ်သန္ဓေအဖြစ် အချိန်မရွေး စုစည်းနိုင်ပြီ ဖြစ်၏။

ဆိုရလျှင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူဖြစ်လာသည်နှင့် ကျွမ်းလီကောသည် စစ်မှန်သော နယ်မြေပိုင်နက်စွမ်းအားကို ရရှိလာလိမ့်မည် ဖြစ်သည်။

ကျွမ်းလီကောအနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားပြီး အဆင့်မတက်သေးသည့် အကြောင်းရင်းမှာ အဋ္ဌမထပ်မှ ကျင့်ကြံသူများနှင့် အတူတူပင် ဖြစ်သည်။

ယင်းမှာ နဂါးမျှော်စင်၏ နဝမထပ်မှ စမ်းသပ်မှုကို ကျော်ဖြတ်ရန်ပင် ဖြစ်၏။

"ကျွမ်းလီကောက ဒီအဆင့်တောင် ရောက်နေခဲ့ပြီလား"

ဤမြင်ကွင်းကိုမြင်လျှင် ဖန်းတ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။

ယခု ကျွမ်းလီကော ထုတ်ဖော်ထားသော စွမ်းအားသည် နတ်သန္ဓေအင်ပါယာအဆင့်ကို မရောက်သေးသော်လည်း တကယ့်နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူနှင့် သိပ်မကွာခြားတော့ပေ။

ထိုကဲ့သို့ အစွမ်းထက်သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်တွင် အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ် ရှိနေလျှင်ပင် အန္တရာယ်များမည်မှာ သေချာသလောက် ဖြစ်၏။

"သွားစမ်း"

လေမုန်တိုင်း နယ်မြေကို ထုတ်ဖော်ပြီးနောက်တွင် ကျွမ်းလီကောသည် ကျန်းချန်ဆီသို့ ထိုမုန်တိုင်းကို ပို့လွှတ်လိုက်သည်။

"ဖျက်ဆီးစမ်း"

ကျန်းချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရွှေရောင်လက်သီးချက်ဖြင့် မိုးကြိုးမုန်တိုင်းကို ထိုးချလိုက်၏။

"ကျန်းချန်.. တိုက်ပွဲစင်မြင့်တစ်ခုလုံးကို ငါ့ရဲ့ မုန်တိုင်းနယ်မြေက လွှမ်းခြုံသွားခဲ့ပြီ.. ဒီစင်မြင့်ထက်မှာ ငါက အရှင်သခင်ပဲ မင်းရဲ့အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်က ဘယ်လောက်ပဲ သန်မာနေပါစေ.. ဒီနေ့ မင်း မုချ သေရလိမ့်မယ်"

ကျွမ်းလီကောက လှောင်ပြောင်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ငွေရောင်မုန်တိုင်း တစ်ခုသည် ကျန်းချန်ဆီသို့ ထပ်မံ၍ တစ်ဟုန်ထိုး ရောက်ရှိလာခဲ့သည်။

ကျန်းချန်ကလည်း ရွှေရောင်လက်သီးချက်များကို ဆက်တိုက် ထုတ်ဖော်၍ ထိုးနှက်လိုက်၏။

ရွှေရောင်လက်သီးချက်နှင့် မိုးကြိုးမုန်တိုင်းတို့ ထိပ်တိုက်ဆုံတွေ့ပြီးနောက်တွင် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် စင်မြင့်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်း တစ်ခုသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

တိုက်ပွဲစင်မြင့် တစ်ခုလုံးကို ရွှေရောင်နှင့် ငွေရောင် တောက်ပနေသော အလင်းများ ဖုံးလွှမ်းသွားခဲ့ရာ အတွင်းပိုင်းအခြေအနေကို မည်သူမှ မမြင်ရတော့ပေ။

စင်မြင့်အထက်ရှိ အစီအရင်သည်ပင် ဤလေလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ပုံပျက်သွားခဲ့သည်။

နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူဖြစ်သည့် တာဝန်ခံသာ ထိုအစီအရင်ကို အားဖြည့်ပေးခြင်းမရှိခဲ့လျှင် စင်မြင့်တစ်ခုလုံးသည် ဤလေလှိုင်းကြောင့် ကြေမွသွားနိုင်ပေသည်။

စင်မြင့်ထက်ရှိ စွမ်းအားလှိုင်းများသည် အတန်ကြာ တည်ရှိပြီးနောက်တွင် အဆုံးသတ်၌ ဖြည်းဖြည်းချင်း လွင့်ပြယ်စပြုလာခဲ့သည်။

အရာအားလုံး ပျောက်ကွယ်သွားသောအခါတွင် လူတိုင်းသည် စင်မြင့်ထက်မှ အခြေအနေကို အဆုံးသတ်၌ မြင်တွေ့ခဲ့ကြရသည်။

ဤအချိန်တွင် ကျန်းချန်၏ ဆယ်ပေခန့်မြင့်သော ရွှေရောင်ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်က တိုက်ပွဲစင်မြင့်၏ ထောင့်တစ်နေရာတွင် ဖြူဖျော့သောမျက်နှာဖြင့် ရပ်နေခဲ့ပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးများပေကျံနေခဲ့၏။

တစ်ဖက်မှ ကျွမ်းလီကောကမူ အရာအားလုံးကို ထိန်းချုပ်နေသော နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာဖြင့် ရပ်နေဆဲဖြစ်သည်။

အစောပိုင်းက လေလှိုင်းများသည် သူ့ကို လုံးဝ မထိခိုက်သကဲ့သို့ပင်။

နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် ကျန်းချန်က ရှုံးနိမ့်ခဲ့သည်မှာ ထင်ရှားနေခဲ့သည်။

"ဒီ ကျွမ်းလီကော တကယ်ကို သန်မာတာပဲ"

ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။

ကျွမ်းလီကောကဲ့သို့ ပါရမီရှင်တစ်ဦးသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့်ဖြင့် သာမန် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်သည်။

အစောပိုင်းက ကျွမ်းလီကော ထုတ်ဖော်ခဲ့သော စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ ရွှေရောင်ခန္ဓာကိုယ်ကိုပင် တိုက်ရိုက် ချေမှုန်းလိုက်သည်။

"ကျန်းချန်.. အင်မော်တယ် ရွှေခန္ဓာကိုယ်က ဒီလောက်ပဲ အစွမ်းရှိတာလား"

ကျွမ်းလီကောက အထွတ်အထိပ် နတ်ဘုရားတစ်ပါး ကဲ့သို့ ကျန်းချန်ကို မထီမဲ့မြင်ကြည့်ကာ ခနဲ့လိုက်သည်။

"မင်းမှာ တခြားဝှက်ဖဲတွေရှိရင် ထုတ်သုံးလိုက်ပါဦး"

"ဟားဟား.. ကျွမ်းလီကော မင်းက အပျော်စောနေတာပဲ.. ငါ့ရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ချေမှုန်းနိုင်ရုံနဲ့ မင်းကိုမင်း အနိုင်ရပြီလို့ တကယ်ပဲ ထင်နေတာလား.. မင်းရဲ့ ပြီးပြည့်စုံတဲ့မဟာအဆင့် လေစိတ်ဆန္ဒလောက်ကို.. မပြောနဲ့ မင်းက တကယ်ပဲ နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်သွားရင်တောင် ငါ ဒီနေ့ မင်းကိုသတ်နိုင်တယ်"

ထို့နောက်တွင် ကျန်းချန်က လက်ဟန်တချို့ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။

"တိမ်တိုက်ဝါးမျိုနည်းစနစ်"

ကျန်းချန်က တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့်အထိ ချက်ချင်းဆိုသလို မြှင့်တင်လိုက်၏။

ကျန်းချန်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို နဂါးမျှော်စင်သို့ ဝင်ရောက်ကတည်းကနေစ၍ လုံးဝ အသုံးမပြုခဲ့ဘဲ ယခုမှသာ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ကျွမ်းလီကော၏ ခွန်အားက ကြောက်မက်ဖွယ်ရာကောင်းပြီး သူ့အနေဖြင့် အနိုင်ရချင်လျှင် ဝှက်ဖဲများကို ထုတ်သုံးရန် လိုအပ်သည်။

တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်သုံးပြီးနောက်တွင် ကျန်းချန်သည် အတွေးတစ်ချက်ဖြင့်ပင် ပြီးပြည့်စုံသော မဟာအဆင့်ဓားစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ စင်မြင့်တစ်ခုလုံးတွင် ဓားစွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားခဲ့သည်။

"ဓားနယ်မြေအဖြစ် စုစည်းလိုက်စမ်း"

ကျန်းချန်၏ ခက်ထန်သော ကြုံးဝါးသံနှင့်အတူ စင်မြင့်အထက်ရှိ ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ဓားနယ်မြေအဖြစ် ပြောင်းလဲကာ ကျွမ်းလီကော၏ မုန်တိုင်းနယ်မြေနှင့် ရောယှက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းလီကော၏ မုန်တိုင်းနယ်မြေသည် ဓားစွမ်းအင် ထောင်ပေါင်းများစွာ၏ အောက်တွင် ကြေမွသွားခဲ့ပြီး အဆုံးသတ်တွင် မည်သည့်အရာမှ မကျန်ရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျွမ်းလီကော၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

"ဓားနယ်မြေစွမ်းအားပါလား မင်း.. မင်းက တကယ်ပဲ ပြီးပြည့်စုံတဲ့ မဟာအဆင့် ဓားစိတ်ဆန္ဒကို နားလည်နေပြီလား.. ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အခန်း(၁၂၀၈)ပြီး၏။

အခန်း(၁၂၀၉)

ကျန်းချန်က ဓားနယ်မြေကို အမှန်တကယ် နားလည်နေသည်ကို မြင်လျှင် ကျွမ်းလီကောသည် မိုးကြိုးအပစ်ခံရသကဲ့သို့ ဖြစ်သွားခဲ့ပြီး ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သိထားရမည်မှာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်တွင် မဟာအဆင့် စိတ်ဆန္ဒနှင့် ပြီးပြည့်စုံသော မဟာအဆင့်စိတ်ဆန္ဒကြားတွင် ကျော်လွှား၍ မရနိုင်သော အတားအဆီး တစ်ခုရှိသည်။

သူ့အနေဖြင့် မဟာအဆင့် စိတ်ဆန္ဒကို လွန်ခဲ့သည့်နှစ်များကတည်းက နားလည်ခဲ့သော်လည်း ပြီးပြည့်စုံသော မဟာအဆင့်စိတ်ဆန္ဒကိုမူ နားလည်နိုင်ခြင်းမရှိခဲ့ပေ။

သူက လေလံပွဲမှ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကိုသာ မရရှိခဲ့လျှင် ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒကို နားလည်ရန် မဖြစ်နိုင်ပေ။

သို့သော် ကျန်းချန်ကမူ သူကဲ့သို့ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ပင် မလိုဘဲ ထိုအဆင့်ကို နားလည်ထားခဲ့သည်။

စင်မြင့်ပေါ်မှ အခြေအနေကို မြင်ရလျှင် ပရိသတ်အားလုံးသည် မှင်တက်သွားခဲ့ပြီး အံ့အားသင့်ရာကနေ ပြန်လည်နိုးထလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

နဂါးမျှော်စင်၏ သတ္တမထပ်ရှိ နတ်ဝိညာဉ်ဘုရင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် ထိုအဆင့်ကို နားလည်ရန် မည်မျှ ခက်ခဲသည်ကို ကောင်းစွာ သိရှိထားကြသည်။

သူတို့က နဂါးမျှော်စင်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်သော်လည်း သူတို့ထဲမှ အများစုသည် မဟာအဆင့် စိတ်ဆန္ဒမှာပင် ပိတ်ဆို့နေခဲ့ကြသည်။

ကျန်းချန်သည် ကျင့်ကြံခြင်းအဆင့်တွင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်သာ ရှိသော်လည်း ဓားနယ်မြေကိုပင် နားလည်နေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော အရည်အချင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

"တကယ် မထင်ထားမိဘူး.. ဖန်းတ.. ငါ့ရဲ့ ဒီတစ်ခေါက်သုံးသပ်မှုက မှားယွင်းသွားခဲ့ပြီထင်တယ်"

စင်မြင့်အောက်ရှိ ထောင့်တစ်နေရာတွင် မီးခိုးရောင်ဝတ်အဘိုးအိုသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက် ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်သည်။

မကြာမီမှာပင် သူသည် နံဘေးရှိ ဖန်းတကို မနာလိုသောအမူအရာဖြင့် ကြည့်လိုက်သည်။

"အဘိုးကြီးဖန်းတ.. ဒီတစ်ခါတော့ မင်းအနေနဲ့ ရတနာတစ်ပါးကို ရှာတွေ့ခဲ့တာပဲ"

သူနှင့် ကျွမ်းလီကောတို့၏ ကျင့်ကြံခြင်း အဆင့် ကွာဟချက်ကို တိမ်တိုက်ဝါးမျို နည်းစနစ်က ဖာထေးပေးခဲ့သည်။

ထို့အပြင် ကျန်းချန် ဖော်ထုတ်လိုက်သော ဓားနယ်မြေသည် ကျွမ်းလီကော ဖော်ထုတ်လိုက်သော မုန်တိုင်းနယ်မြေထက် အနည်းငယ်ပိုမို မြင့်မားသည်။

ဆိုရလျှင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်အပေါ်တွင် ကျွမ်းလီကောထက် မဆိုစလောက် သာနေခဲ့၏။

ကျန်းချန် ယခု ထုတ်ဖော်ခဲ့သော စွမ်းအားသည် ကျွမ်းလီကော၏ စွမ်းအားနှင့် မကွာခြားတော့ပေ။

"ဒီကောင်လေးက အံ့ဖွယ်ကိစ္စတွေကို ဖန်တီးပြီး ကျွမ်းလီကောကိုတောင် အနိုင်ယူချင် ယူသွားလောက်တယ်.. ဒီကောင်လေးက ဒီအဆင့်ထိ လုပ်ပြနိုင်လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"

ဖန်းတ၏ အိုမင်းသော မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

သူက ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ်တွင် နတ်ဆိုးဆန်သော အရည်အချင်းကိုသာ သိခဲ့သည်။

ထို့ကြောင့် ကျန်းချန်၏ အင်မော်တယ်ရွှေခန္ဓာကိုယ် ချေမှုန်းခံရချိန်တွင် ဖန်းတသည် ကျန်းချန်ကို ကယ်ဆယ်ရန် အသင့်ပြင်ဆင်ထားခဲ့၏။

သို့သော် ကျန်းချန်သည် အဂ္ဂိရတ်ပညာရပ်တွင်သာမက ကိုယ်ခံပညာတွင်ပါ နတ်ဆိုးဆန်သော ပါရမီရှိလိမ့်မည်ဟု မည်သူသိနိုင်ပါမည်နည်း။

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီသည် ဖန်းတကိုပင် အလွန်တရာ အံ့အားသင့်စေခဲ့သည်။

"ကျွမ်းလီကော မင်းရဲ့အရည်အချင်းက ဒီလောက်ပဲလား.. မင်းက ဒီလောက်ပဲ အရည်အချင်းရှိတယ် ဆိုရင်တော့ သွားသေလိုက်တော့.. မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"

ကျန်းချန်က ကျွမ်းလီကောကို အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲရှိ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ မီးလျှံထောင်ပေါင်းများစွာသည် ချက်ချင်းပင် လောင်ကျွမ်းနေသော မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသော ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး ကျွမ်းလီကောကို ခုတ်ချလိုက်သည်။

ယခုအခါတွင် ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အသုံးပြုထားခဲ့ပြီဖြစ်ရာ ကျွမ်းလီကောနှင့် အချိန်ဖြုန်းရန် အစီအစဉ်မရှိတော့ပေ။

သူ့အနေဖြင့် လျှို့ဝှက်နည်းစနစ်၏ အကျိုးသက်ရောက်မှု မကုန်ဆုံးမီ ကျွမ်းလီကောကို သတ်ပစ်ရမည် မဟုတ်ပါလော။

"သွေးနဂါးရဲ့အမုန်းတရား"

ကျွမ်းလီကော၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ သွေးရောင်အလင်းများ တောက်ပလာခဲ့ပြီး ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများသည် သွေးနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့သည်။

"ဝုန်း"

ထိုသွေးနဂါးနှင့် မီးလျှံများ လောင်ကျွမ်းနေသော ဧရာမဓားတို့သည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြပြီး ကျယ်လောင်သော အသံတစ်သံသည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထိုသို့ ထိပ်တိုက်ဆုံရာမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်မုန်တိုင်းကြောင့် ပြိုင်ပွဲစင်မြင့်ကို တာဝန်ယူထားသော အနက်ရောင်ဝတ် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာပင် ဖြစ်ပေါ်လာခဲ့သည်။

"ဟားဟား.. နောက်တစ်ကွက်ကို ထပ်မြည်းလိုက်ဦး ကမ္ဘာဖျက်ဆီး နဂါးမီးလျှံ"

ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုခဏတွင် ပေတစ်ရာခန့် ရှည်လျားသော ရွှေနဂါးတစ်ကောင်သည် ကောင်းကင်ကနေ ပျံသန်းလာခဲ့ပြီး ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော ရွှေရောင်မီးလျှံတစ်ခုကို ကျွမ်းလီကောဆီသို့ မှုတ်ထုတ်လိုက်သည်။

ထိုရွှေရောင်မီးလျှံက လေထုကို ဖြတ်သန်း၍ ကျွမ်းလီကော၏ ဦးခေါင်းထက်သို့ ရောက်ရှိလာခဲ့သည်။

သူ၏အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာသော ရွှေရောင်မီးလျှံကို မြင်လျှင် ကျွမ်းလီကော၏ မျက်နှာအမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။

"ငွေရောင်သံချပ်ကာဝတ်စုံ အသက်ဝင်"

ကျွမ်းလီကောက အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်နားတွင်ကပ်၍ လက်ဟန်များကို ပြုလုပ်လိုက်ရာ ငွေရောင်သံချပ်ဝတ် တစ်စုံသည် သူ၏ခန္ဓာကိုယ်တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့ပြီး သူ့ကို အပြည့်အဝ ကာကွယ်ထားလိုက်သည်။

ထိုသို့ ငွေရောင်သံချပ်ဝတ်စုံက ကျွမ်းလီကော၏ ခန္ဓာကိုယ်တွင် ပေါ်လာသောအခိုက်မှာပင် ကျွမ်းလီကော၏ဦးခေါင်းထက်ရှိ ရွှေရောင်မီးလျှံသည် ကျွမ်းလီကော၏ ခန္ဓာကိုယ်ကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။

"ဝုန်း"

ပြင်းထန်သော စွမ်းအင်ရိုက်ခတ်မှုသည် တိုက်ပွဲစင်မြင့် တစ်ခုလုံးကိုပင် ထပ်မံ၍ ပဲ့တင်ထပ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျွမ်းလီကော၏ ပုံရိပ်သည် ရွှေရောင်မီးလျှံထဲကနေ တိုက်ရိုက်လွင့်စင်သွားခဲ့ပြီး တိုက်ပွဲစင်မြင့်၏ အစွန်းနားသို့ ပြုတ်ကျသွားခဲ့သည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုအချိန်တွင် ကျွမ်းလီကော၏ ဆံပင်ရှည်များသည် တစ်ပင်မှ မရှိတော့ပေ။

သူ၏နှုတ်ခမ်းထောင့်တွင်လည်း သွေးများဖြင့် ပေကျန်နေခဲ့၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်သံချပ်ဝတ်စုံသည်လည်း ရွှေရောင်မီးလျှံကြောင့် ဖျက်ဆီးခံလိုက်ရပြီး ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်းများကို ကာကွယ်ထားသည့် သံချပ် အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။

ဆိုရလျှင် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း တော်တော်များများသည် ရွှေရောင်မီးလျှံကြောင့် လောင်ကျွမ်းသွားခဲ့ရ၏။

သေချာသောအချက်မှာ ကျွမ်းလီကောသာ ငွေရောင်သံချပ်ဝတ်စုံဖြင့် မကာကွယ်ခဲ့လျှင် ယခုအချိန်၌ တစ်ကိုယ်လုံးလောင်ကျွမ်းကာ ပြာဖြစ်သွားလောက်ပေပြီ။

"ကျွမ်းလီကောက ဒီလိုပဲ ရှုံးနိမ့်သွားပြီလား"

စင်မြင့်အောက်ရှိ လူတိုင်းသည် ကျွမ်းလီကော၏ စုတ်ပြတ်သတ်နေသော အသွင်အပြင်ကို ကြည့်ကာ ထိတ်လန့်တကြားဖြစ်နေခဲ့ကြသည်။

သတ္တမထပ်တွင် ဂုဏ်အရှိန်အဝါ ထွန်းတောက်ခဲ့သော စစ်ဘုရင်ဖြစ်ပြီး ရှုံးပွဲလုံးဝမရှိခဲ့သော ခံစားချက်မဲ့သတ်ဖြတ်ခြင်းနတ်ဘုရား ကျွမ်းလီကောသည် ကျန်းချန်၏ လက်ထဲတွင် ဤသို့နှယ် ရှုံးနိမ့်ခဲ့ရသည်။

"ဒီကောင်လေးက တကယ်ကို တုနှိုင်းမဲ့စစ်ဘုရင်ပဲ..

"အဟုတ်ပဲ ဒီကောင်လေးက တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့နဲ့ လုံးဝ ထိုက်တန်တယ်"

-------------------

"ကျန်းချန် ဒီနေ့ တိုက်ပွဲမှာ မင်းအနိုင်ရသွားပြီ ငါတို့ကြားက ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်"

ကျွမ်းလီကောက သူ၏ အသက်စွမ်းအင်များ မတည်ငြိမ် }ဖြစ်နေသော ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ချောင်းများ ဆက်တိုက်ဆိုးနေခဲ့သည်။

သို့ရာတွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင်မူ ခြိမ်းခြောက်သော အရိပ်အယောင်တချို့ ပါဝင်နေခဲ့၏။

"ကျန်းချန် မင်းက အစွမ်းထက်ပေမဲ့ တိုက်ပွဲကို ဒီမှာမရပ်ဘဲ ငါ့ကိုသတ်ဖြတ်ဖို့ အတင်းအကြပ်လုပ်မယ် ဆိုရင်တော့ ကြီးမားတဲ့ အဖိုးအခကို မင်းပေးဆပ်ရလိမ့်မယ်"

"ကျွမ်းလီကော ဒီနေ့တိုက်ပွဲက ရလဒ်ကို ဆုံးဖြတ်ရုံသာမကပဲ သေခြင်းရှင်ခြင်းတိုက်ပွဲလို့ ငါ အစောကတည်းက ပြောခဲ့ပြီးပြီ"

"ကျန်းချန် မင်းငါ့ကို အတင်းအကြပ် ဖိအားပေးနေတာလား.. ကောင်းပြီလေ ဒီလိုဆိုမှတော့ နဂါးမျှော်စင်ရဲ့ နဝမထပ်ကို တက်လှမ်းမဲ့ အခွင့်အရေး အဆုံးရှုံးခံပြီး မင်းကို ဒီနေရာမှာ သတ်ပစ်မယ်.. နတ်သန္ဓေခွန်အား စုစည်းလိုက်စမ်း"

ကျွမ်းလီကောက ဒေါသတကြီး ကြုံးဝါးလိုက်ရာ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျွမ်းလီကော၏ ခန္ဓာကိုယ်ကနေ အားကောင်းသော အသက်စွမ်းအင် မုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဆီသို့ တိုက်ရိုက် ထိုးတက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်မီးလျှံ လောင်ကျွမ်းသွားသော ကျွမ်းလီကော၏ ဦးခေါင်းထက်၌ နက်မှောင်ထူထပ်သော ဆံပင်များသည် လျင်မြန်စွာပင် ပြန်လည် ပေါက်လာခဲ့သည်။

ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မီးလျှံဖြင့် လောင်ကျွမ်းသွားသောနေရာများသည်လည်း ချက်ချင်းဆိုသလိုပင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။

စုတ်ပြတ်သွားသော ငွေရောင်သံချပ်ကာဝတ်စုံသည်လည်း မျက်စိကျိန်းလောက်စရာ တောက်ပနေသော ငွေရောင်သံချပ်ဝတ်စုံအဖြစ် ပြန်လည် ဖွဲ့စည်းသွားခဲ့သည်။

ကျန်းချန်က သူ့ကို အသေသတ်ရန် ဆုံးဖြတ်ထားသည်ကို မြင်လျှင် ကျွမ်းလီကောသည် သူ၏ နောက်ဆုံးဝှက်ဖဲကို ရွေးချယ်ရန် တွန့်ဆုတ်မနေတော့ဘဲ နတ်သန္ဓေအင်ပါယာ အဆင့်သို့ ထိုးဖောက်လိုက်တော့သည်။

"ကျွမ်းလီကောက နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး ကောင်လေးတော့ ဒုက္ခရောက်တော့မယ်ထင်တယ်"

မီးခိုးရောင်ဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသော အခြေအနေတွင် ကျွမ်းလီကောသည် ရွေးချယ်စရာမရှိဘဲ နဂါးမျှော်စင်၏ နဝမထပ်ကို တက်လှမ်းခွင့်အား အဆုံးရှုံးခံကာ နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်ခဲ့သည်။

နတ်သန္ဓေအင်ပါယာ အဆင့် ဖြစ်လာသည့် ကျွမ်းလီကောကို ကျန်းချန်းက မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

ဖန်းတက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ခွန်အားကို လျင်မြန်စွာ စုစည်းထားလိုက်ကာ စင်မြင့်ပေါ်ရှိ အခြေအနေကို မျက်တောင်မခတ်တမ်း အကဲခတ်ကြည့်နေခဲ့သည်။

မည်သည့်အကြောင်းပဲရှိရှိ သူ့အနေဖြင့် ကျန်းချန်၏ အသက်ကို ကယ်တင်ရပေမည်။

ကျန်းချန်က အရှုံးပေးလိုက်သည်နှင့် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို ကယ်တင်မည် ဖြစ်၏။

နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်ပြီးနောက်တွင်ကျွမ်းလီကောသည် ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

ထို့နောက်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော သူ၏ ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

"ကျန်းချန် မင်းက ငါ့ကို နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်ဖို့ အတင်းအကြပ် ဖိအားပေးခဲ့တယ်.. မင်းကြောင့် ငါ့ရဲ့ နဝမထပ်ကို တက်လှမ်းမဲ့ အစီအစဉ်က ပျက်စီးသွားခဲ့ပြီ...ငါဒီနေ့မင်းကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပစ်မယ်.. ဒီလိုမှပဲ ငါ့ရင်ထဲက ဒေါသတွေက ပြေပျောက်လိမ့်မယ်"

အခန်း(၁၂၀၉)ပြီး၏။

All Chapters