အခန်း (၁၂၁၀-၁၂၁၂)
Vol. 81 Ch. 1210-1212
အခန်း(၁၂၁၀)
စကားဆုံးသည်နှင့် ကျွမ်းလီကောထံမှ ငွေရောင်မုန်တိုင်းနယ်မြေ တစ်ခုသည် တိုက်ပွဲစင်မြင့် တစ်ခုလုံးကို တစ်ဖန် ပြန်လည် လွှမ်းခြုံလိုက်သည်။
ထို ငွေရောင်မုန်တိုင်းနယ်မြေ သည် ကျွမ်းလီကော အစောပိုင်းက ဖော်ထုတ်ခဲ့သော လေမုန်တိုင်း နယ်မြေထက်ပင် ပိုမို အစွမ်းထက်သည်။
စင်မြင့် ပတ်ပတ်လည်တွင် မျက်စိဖြင့် မြင်နိုင်သော ငွေရောင် အကာအကွယ် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
နတ်သန္ဓေအင်ပါယာ နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် ကျွမ်းလီကော၏ လေမုန်တိုင်း နယ်မြေသည် စစ်မှန်သော နယ်မြေ အဖြစ်သို့ ပြောင်းလဲလာခဲ့သည်မှာ ထင်ရှားသည်။
ယခုအခါတွင် ကျွမ်းလီကောသည် မုန်တိုင်းနယ်မြေကို ထိန်းချုပ်ထားသော နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
သူ၏ မျက်လုံးများသည် ထက်ရှသော ဓားများကဲ့သို့ပင် ကျန်းချန်ကို မထီမဲ့မြင် ကြည့်နေသည်။
သူ့မျက်လုံးထဲတွင် ကျန်းချန်ကို ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်သည်ဟု ထင်နေပုံရ၏။
"ကျန်းချန်.. စစ်မှန်တဲ့ နယ်မြေစွမ်းအား အောက်မှာ သေရတဲ့အတွက် ဂုဏ်ယူလို့ရပြီ"
ကျွမ်းလီကော၏ အမူအရာသည် အလွန်ပင် အေးစက်နေခဲ့သည်။
ထက်ရှသော ငွေရောင်လေဓား ရာပေါင်းများစွာသည် သူ၏ ငွေရောင် မုန်တိုင်းနယ်မြေ အတွင်း ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
"သွားစမ်း"
ကျွမ်းလီကော လက်ညှိုး ညွှန်ပြလိုက်သည်နှင့် ငွေရောင်လေဓား ရာပေါင်းများစွာသည် ကျန်းချန် ဆီသို့ ပြေးထွက်သွားခဲ့သည်။
ဤ ငွေရောင်လေဓား တစ်ခုစီတိုင်းသည် လေထုကိုပင် ဆုတ်ဖြဲနိုင်သော ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ထားရာ တိုက်ပွဲစင်မြင့် တစ်ခုလုံးသည် ဖျက်ဆီးခြင်းဆိုင်ရာ ငရဲဘုံအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
"ဟားဟား ကျွမ်းလီကော.. မင်းက နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို ထိုးဖောက်ပြီး စစ်မှန်တဲ့နယ်မြေ စွမ်းအားကို ထုတ်သုံးနိုင်တာနဲ့ပဲ ငါ့ကို အနိုင်ရသွားပြီလို့ ထင်နေတာလား"
"ဒီနေ့ ငါ ကျန်းချန်က နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်နဲ့ပဲ နတ်သန္ဓေအင်ပါယာကို သတ်ပစ်မယ်"
ကျန်းချန်က မာနတစ်ခွဲသား အမူအရာဖြင့် ရယ်မောလိုက်ပြီး သူ့လက်ထဲရှိ သွေးနဂါးဓားကို ရိုးရိုးရှင်းရှင်းပင် လွှဲရမ်းလိုက်သည်။
"အချိန်နဲ့ အာကာသ ဓားနယ်မြေ.. အသက်ဝင်"
ချက်ချင်းဆိုသလို အပြာရောင် ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် လေထုတွင် ပေါင်းစည်းသွားပြီး အပြာရောင်ဓားနယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒါ... ဒါ စစ်မှန်တဲ့ ဓားနယ်မြေ စွမ်းအားလား"
တိုက်ပွဲစင်မြင့်အောက်ရှိ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်ကာ သူတို့မျက်လုံးများကိုပင် လုံးဝ မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။
"ကျန်းချန်က စစ်မှန်တဲ့ ဓားနယ်မြေစွမ်းအားကို တကယ်ပဲ ထုတ်ဖော်ခဲ့တာလား.. ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"စစ်မှန်တဲ့ နယ်မြေပိုင်နက် စွမ်းအားလား"
"ဒါက နတ်သန္ဓေအင်ပါယာအဆင့်ကို တက်လှမ်းပြီးမှသာ ထုတ်သုံးနိုင်တဲ့ စွမ်းအားပဲ"
"ကျန်းချန်ရဲ့ ကျင့်ကြံခြင်း အဆင့်က နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့်ထက် မပိုဘူး.. ဒီအဆင့်လောက်နဲ့ ဓားနယ်မြေကို နားလည်တာကပဲ တကယ်ကို အံ့သြစရာ ကောင်းလွန်းနေပြီ.. ဒါပေမယ့် အခုက စစ်မှန်တဲ့ ဓားနယ်မြေကိုပါ အသုံးပြုလာတာ ဆိုတော့ ဒီကောင်က တကယ့်ကို မွန်းစတား တစ်ကောင်ပဲ"
"ငါ့တစ်သက် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်နဲ့ စစ်မှန်တဲ့ ဓားနယ်မြေကို ထိန်းချုပ်တာမျိုး လုံးဝ မကြားဖူးဘူး"
"နတ်ဝိညာဉ်နယ်ပယ်ကလည်း ဓားနယ်မြေကို ထိန်းချုပ်နိုင်တယ်လား"
စင်မြင့်ပေါ်မှ အခြေအနေကို မြင်လျှင် ဖန်းတသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
သူ့တစ်သက် စစ်မှန်သော နယ်မြေပိုင်နက် စွမ်းအားကို တတ်မြောက်ထားသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
"ဒါက စစ်မှန်တဲ့ နယ်မြေပိုင်နက် စွမ်းအား မဟုတ်ဘူး.. စစ်မှန်တဲ့ ဓားနယ်မြေပိုင်နက် စွမ်းအားနဲ့ ဆင်တူတဲ့ သိုင်းကျင့်စဥ် တစ်ခုပဲ"
"ဒီသိုင်းပညာက ဓားနယ်မြေ နဲ့ ဆင်တူတဲ့ စွမ်းအားကို ဖြစ်ပေါ်စေတယ်.. ဒါ့အပြင် အချိန်နိယာမရဲ့ စွမ်းအားလည်း တစ်စွန်းတစ်စ ပါဝင်နေတယ်"
"ဒီကျင့်စဥ်ကို ဖန်တီးခဲ့တဲ့သူက အံ့သြစရာကောင်းတယ်.. အဆင့်နိမ့်ဂြိုဟ်မှာ ဒီလိုလူမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး
မီးခိုးရောင်ဝတ် အဘိုးအိုက ကျန်းချန်၏ အချိန်နှင့် အာကာသ ဓားနယ်မြေကို အကဲခတ်ကာ သုံးသပ်လိုက်သည်။
သူ့အမူအရာက အံ့သြ ထိတ်လန့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။
နယ်မြေပိုင်နက် စွမ်းအားသည် နတ်သန္ဓေအင်ပါယာ နယ်ပယ်သို့ ရောက်မှသာ ဖော်ထုတ်နိုင်သော စွမ်းအား ဖြစ်သည်။
နိယာမ၏ စွမ်းအားသည် အင်ပါယာများပင် တစ်စွန်းတစ်စလောက်သာ နားလည်နိုင်သော စွမ်းအားဖြစ်၏။
ယခုအခါတွင် နယ်မြေပိုင်နက် စွမ်းအား နှင့် အချိန် နိယာမကို ပေါင်းစပ်ထားသော သိုင်းပညာကို နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်က အသုံးပြုနေခဲ့သည်။
ယင်းကဲ့သို့ သိုင်းပညာကို နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများပင် ဖန်တီးနိုင်မည် မဟုတ်ပေ။
ဤကောင်လေးက အဆင့်နိမ့်ဂြိုဟ်ကနေ ကောင်းကင်ကိုပင် ဆန့်ကျင်နေတဲ့ ကျင့်စဥ်မျိုး တတ်မြောက်နိုင်ပုံ ထောက်လျှင် ကြီးမားသော အခွင့်အရေး တစ်ခုကို ရရှိခဲ့သည်မှာ သံသယဝင်စရာပင် မလိုပေ။
အပြာရောင်ဓားနယ်မြေ နှင့် ငွေရောင်မုန်တိုင်း နယ်မြေ တို့သည် တိုက်ပွဲစင်မြင့်ပေါ်တွင် တစ်ခုနှင့်တစ်ခု ရောယှက်နေကြပြီးနောက်တွင် မျက်စိစူးလောက်သော အလင်းရောင်များသည် တိုက်ပွဲစင်မြင့်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့ရာ အတွင်းပိုင်း အခြေအနေကို မည်သူမှ မမြင်နိုင်တော့ပေ။
"ဝုန်း.. ဝုန်း.. "
လူတိုင်းသည် စင်မြင့်ဆီကနေ ဆက်တိုက် ထွက်ပေါ်လာသော တုန်လှုပ်ဖွယ် ပေါက်ကွဲသံများကိုသာ ကြားခဲ့ရသည်။
"မင်းပြောကြည့်... ဘယ်သူနိုင်မယ်လို့ထင်လဲ"
စင်အောက်ရှိ ပရိသတ်တစ်ဦးသည် တံတွေးကို မျိုချလိုက်ပြီး ထိတ်လန့်တကြား အမူအရာဖြင့် မေးလိုက်သည်။
"ပြောစရာလိုသေးလို့လား.. သေချာပေါက် ကျွမ်းလီကောပဲပေါ့"
နောက်ထပ် ကျင့်ကြံသူ တစ်ဦးက စဉ်းစားမနေဘဲ တိုက်ရိုက်ပြောလိုက်သည်။
ကိုယ်ခံပညာ လမ်းစဥ်တွင် အဆင့်ကြီး တစ်ဆင့်ကို ထိုးဖောက်လိုက်တိုင်းတွင် ခွန်အားသည် ပြင်းထန်စွာ ပြောင်းလဲသွား၏။
အထူးသဖြင့် ကျွမ်းလီကော ကဲ့သို့ ပါရမီရှင်တစ်ဦးသည် နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို ထိုးဖောက်ပြီးနောက်တွင် သာမန် နတ်သန္ဓေ အင်ပါယာ နယ်ပယ်ထက်ပင် ပိုမို အားကောင်းနေခဲ့၏။
ကျန်းချန်က မည်မျှပင် အစွမ်းထက်နေပါစေ၊ နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံမှုဖြင့် နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာသည့် ကျွမ်းလီကောကို သတ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော မျက်လုံးများ၏ စူးစိုက်ကြည့်မှုအောက်တွင် အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
မည်မျှကြာသွားသည်မသိ။
ဆက်တိုက် ပေါက်ကွဲနေခဲ့သော တိုက်ပွဲစင်မြင့်သည် အဆုံးသတ်တွင် တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
တိုက်ပွဲစင်မြင့်တွင် ပြည့်နှက်နေသည့် စူးရှသော အလင်းရောင်များသည်လည်း ဖြည်းဖြည်းချင်း လွင့်ပြယ်သွားခဲ့၏။
ထိုအခါ လူတိုင်းသည် နီရဲသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ပုံသဏ္ဍာန်တစ်ခုသာ တိုက်ပွဲစင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကျန်းချန် အနိုင်ရသွားတာလား"
ဓားကို ဝင့်ကြွားစွာ ကိုင်ဆွဲထားသည့် ထိုပုံသဏ္ဍာန်ကို ကြည့်ရင်း လူတိုင်းသည် လည်ပင်းညှစ်ခံထားရသကဲ့သို့ အသက်ရှူမဝဖြစ်ကာ မယုံနိုင်အောင် ဖြစ်နေကြသည်။
ချက်ချင်းပင် ပတ်ဝန်းကျင်က တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့ပြီး မည်သူမျှ အသံမထွက်ကြပေ။
ခဏမျှ မှင်တက်ပြီးနောက်တွင် သူတို့၏ အကြည့်က ကျန်းချန်ထံကနေ တခြား တစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။
သူတို့၏ မြင်ကွင်းထဲသို့ ဆံပင်များ ဖြူဆွတ်နေသည့် အိုမင်းသော ရုပ်အလောင်း တစ်ခုသည် ချက်ချင်း ဝင်ရောက်လာခဲ့သည်။
"ဒါ.. ဒါက ကျွမ်းလီကောလား"
လူတိုင်းက အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။
သူတို့က ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို ထိုးဖောက်ခဲ့သော ကျွမ်းလီကောအား ကျန်းချန်းက သတ်နိုင်လိမ့်မည်ဟု မည်သူမှ မစဥ်းစားမိခဲ့ပေ။
ရုပ်အလောင်းပင်လျှင် သက်တမ်းကုန်ဆုံးသွားသော အဖိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေခဲ့၏။
ဓားနယ်မြေ၏ စွမ်းအားက ဤမျှပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
"နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို သတ်ပစ်လိုက်တယ်လား.. ဒိကောင်လေးက ငါ့ကို တကယ် အံ့အားသင့်စေတယ်"
ဖန်းတက စင်မြင့်ပေါ်ရှိ ကျန်းချန်ကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ပြီး ပါးစပ်ကနေ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ကျန်းချန်က ဤမျှလောက်အထိ ပါရမီရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဤကောင်လေး၏ ပါရမီသည် သူမှန်းဆထားသည်ထက်ပင် အဆများစွာ ကျော်လွန်နေခဲ့၏။
"အဘိုးကြီးဖန်းတ.. ဒီကောင်လေးက နဂါးတစ်ကောင်ပဲ.. နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်မှာ ပျံဝဲနေမဲ့ နဂါးပဲ.. သူ့ကို နတ်ဘုရားနယ်မြေဆီ တတ်နိုင်သမျှ စောစောရောက်အောင် လုပ်ရမယ်"
"သူ ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ အထွတ်အထိပ်ရောက်မဲ့ အချိန်ကို ငါမျှော်လင့်နေမယ်"
မီးခိုးရောင်ဝတ် အဘိုးအိုက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ လေးနက်စွာ ပြောလိုက်သည်။
သူက ရွှေနဂါးမြို့တော်တွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အဆင့်နိမ့်ဂြိုဟ်မှ ပါရမီရှင် မရေမတွက်နိုင်အောင် မြင်ခဲ့ရသော်လည်း ကျန်းချန် ကဲ့သို့ အံ့အားသင့်စရာ စိတ်ခံစားမှု ပေးစွမ်းနိုင်သူ မရှိခဲ့ဖူးပေ။
ဖန်းတက စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။
သူက ကျန်းချန်ကို ယခုချက်ချင်း နတ်ဘုရားနယ်မြေသို့ ဝင်စေလိုသော်လည်း ကျန်းချန်က ရှန်းဝူတိုက်တွင် လုပ်ဆောင်စရာများ ကျန်ရှိနေသဖြင့် သူလည်း ဘာမှမတတ်နိုင်ပေ။
"ကျန်းချန်.. ကိစ္စပြီးပြီဆိုတော့ ရှန်းဝူတိုက်ကို ပြန်ပြီး မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပါ.. ပြီးတာနဲ့ နဂါးမျှော်စင်မှာ ငါ့ကို ပြန်လာရှာပါ"
ဖန်းတက ကျန်းချန်ကို ပြောလိုက်သည်။
စင်မြင့်ထက်မှ ကျန်းချန်က ဖန်းတ ရှိရာဘက်သို့ ကြည့်လိုက်ပြီး ဖန်းတကို ခေါင်းညိတ်ပြလိုက်သည်။
မကြာမီမှာပင် ထိတ်လန့်တုန်လှုပ်နေသော မရေမတွက်နိုင်သည့် အကြည့်များအောက်မှာပင် တိုက်ပွဲမှ ရရှိသော ပစ္စည်းများကို သိမ်းယူကာ စင်မြင့်ထက်ကနေ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားခဲ့သည်။
အင်ပါယာအမွေအနှစ် နယ်မြေမှ ထွက်လာသောအခါတွင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေ မှ ထွက်ခွာခဲ့ရ၍ သူ့ဆရာ ရှောင်တုလီ အကြောင်း ဘာမှ မကြားမိခဲ့ပေ။
နဂါးမျှော်စင်တွင် တစ်လကျော် နေထိုင်ပြီးနောက် စနစ်၏ အကူအညီဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့်ကို ထိုးဖောက်ကာ နတ်သန္ဓေအင်ပါယာများကိုပင် သတ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
ယခု သူ ပြန်သွားဖို့ အချိန်တန်ပြီ ဖြစ်၏။
သူ့ဆရာ ရှောင်တုလီ၏ ဆံချည်တစ်မျှင်ကို ထိခိုက်ရဲသူ ရှိခဲ့လျှင်ပင် သူက ရှန်းဝူတိုက်ကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မှာ သေချာသလောက်ပင်။
အခန်း(၁၂၁၀) ပြီး၏
အခန်း(၁၂၁၁)
မြောက်ပိုင်းတောရိုင်းဒေသ၊ ဟေးလုံမြို့၊ လုံမိသားစု အမွေအနှစ်မြေ။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်မှ လုံမိသားစု တပည့်နှစ်ဦးသည် အမွေအနှစ်မြေ ဝင်ပေါက် အပြင်ဘက်တွင် ရှိနေခဲ့ကြသည်။
၎င်းတို့၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာများဖြင့် ပြည့်နှက်နေ၏။
လုံမိသားစု အမွေအနှစ်နယ်မြေ ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။
လုံမိသားစုမှ ပါရမီရှင် တပည့်နှစ်ဦးနဲ့ ကျန်းချန်တို့က အမွေအနှစ် နယ်မြေထဲ ဝင်ရောက်ခဲ့ကြသော်လည်း သုံးရက်အကြာတွင် လုံမိသားစု တပည့်နှစ်ဦးသာ အမွေအနှစ်မြေမှ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာခဲ့သည်။
ထိုနှစ်ဦး၏ ပြောစကားများအရ ကျန်းချန်သည် အမွေအနှစ်မြေ၏ စမ်းသပ်စစ်ဆေးသည့် နေရာသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သော်လည်း ပြန်မထွက်နိုင်သေးပေ။
လူတိုင်းက စမ်းသပ်စစ်ဆေးရေးတွင် ကျန်းချန် ကျဆုံးသွားပြီဟု ထင်ခဲ့ကြသော်လည်း ဥက္ကဌလုံလီသည် တစ်နေ့မဟုတ် တစ်နေ့ အမွေအနှစ်မြေမှ ကျန်းချန် ထွက်လာလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ထို့ကြောင့်ပင် လုံမိသားစုမှ တပည့်နှစ်ဦးကို အမွေအနှစ်မြေ ဝင်ပေါက်တွင် ကျန်းချန် ပေါ်လာသည်အထိ စောင့်ဆိုင်းစေခဲ့ခြင်းပင်။
သို့သော် သူတို့၏ စောင့်ဆိုင်းမှုက တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ကျန်းချန်၏ အရိပ်အယောင်ကိုပင် မမြင်ရသေးပေ။
"တစ်နှစ်တောင်ကျော်လာပြီ.. အမွေအနှစ်မြေက အခုထိ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး.. ကျန်းချန် ပြန်လာနိုင်မယ်လို့ မင်းထင်လား"
ဆံပင်တိုနှင့် လူငယ်တစ်ဦးက အမွေအနှစ်မြေကို စိုက်ကြည့်ရင်း တီးတိုးပြောလိုက်သည်။
"ငါကတော့ ပြန်မလာနိုင်တော့ဘူးလို့ ထင်တယ်"
"အမွေအနှစ်မြေက အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ပြီးပြီ.. ဘယ်သူကမှ သုံးရက်ထက် ပိုနေနိုင်တယ်လို့ မကြားမိဘူး"
"ကျန်းချန်က ကောင်းကင်ကို ဆန့်ကျင်နေတဲ့အထိ ပါရမီရှိနေရင်တောင် အမွေအနှစ်မြေမှာ တစ်နှစ်ကျော်နေဖို့ မဖြစ်နိုင်ဘူးထင်တယ်"
အခြားသော ပိန်ပါးပါး လူငယ်တစ်ဦးက ခါးသီးစွာ ပြုံးရင်း ခေါင်းခါယမ်းလိုက်၏။
သူတို့က ကျန်းချန် နှင့် ပတ်သက်၍ မျှော်လင့်ချက် မထားရှိတော့သည်မှာ ထင်ရှားနေသည်။
ဥက္ကဌ၏ ထပ်ခါတလဲလဲ တိုက်တွန်းမှုသာ မရှိခဲ့လျှင် ဤနေရာတွင် ဆက်နေရန်ပင် သူတို့အနေဖြင့် စိတ်မပါတော့ပေ။
"မင်းတို့ ဘာတွေပြောနေတာလဲ.. ငါက အမွေအနှစ်မြေမှာ တစ်နှစ်ကျော်တောင် ရှိခဲ့တယ် ဟုတ်လား"
ပိန်ပါးပါး လူငယ်၏ စကားသံ အဆုံးသတ်သည်နှင့် သူတို့နားထဲတွင် အနည်းငယ် စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လုံမိသားစု တပည့်နှစ်ဦးက တုန်လှုပ်သွားကြ၏။
၎င်းတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ အမွေအနှစ် နယ်မြေကနေ တိုက်ရိုက် ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
"ကျန်း.. ကျန်းချန်လား"
လုံမိသားစု တပည့်နှစ်ဦးသည် သူတို့ရှေ့မှ အနက်ရောင်ဝတ် လူငယ်ကို မှင်တက်စွာ ကြည့်နေကြပြီး သူတို့မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။
တစ်နှစ်ကျော် ကြာပြီးနောက်တွင် ကျန်းချန်က အမွေအနှစ်နယ်မြေထဲမှ ထွက်လာလိမ့မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
"ဟုတ်တယ်.. ငါပဲ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ငါအမွေအနှစ်မြေကို ဝင်သွားတာ တကယ်ပဲ တစ်နှစ်ကျော်ကြာသွားတာလား"
ကျန်းချန်၏ မှတ်ဉာဏ်တွင် ရွှေနဂါးမြို့တော်သို့ ဝင်ရောက်သည့်အချိန်ကနေ ပြန်လာသော အချိန်အထိ တွက်ကြည့်လျှင် နှစ်လထက် ပိုကြာမည်မဟုတ်ပေ။
သို့သော် ရှန်းဝူတိုက်တွင်မူ တစ်နှစ်ကျော် ကြာသွားခဲ့၏။
ရှန်းဝူတိုက်တွင် အချိန်ကုန်ဆုံးခြင်းသည် ရွှေနဂါးမြို့တော်ထက် များစွာ မြန်နေခြင်း ဖြစ်နိုင်ပါသလော။
"တကယ်ပါ.. ညီနောင်ကျန်းချန် အမွေအနှစ်မြေကို ဝင်ပြီးကတည်းကနေ ရေတွက်ရင် တစ်နှစ်နဲ့ သုံးလ ရှိသွားပါပြီ"
ပိန်ပါးပါး လူငယ်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လျင်မြန်စွာ ပြန်ဖြေခဲ့သည်။
တစ်နှစ်နှင့် သုံးလ ဆိုသည်မှာ ရက်ပေါင်း လေးရာကျော်ဖြစ်၏။
တကယ်တမ်းတွင် သူက ရွှေနဂါးမြို့၌ ရက်ပေါင်း လေးဆယ်၊ ငါးဆယ်ခန့်သာ နေခဲ့ရသည်။
တစ်နည်းအားဖြင့် ရှန်းဝူတိုက်တွင် အချိန်ကုန်ဆုံးနှုန်းသည် ရွှေနဂါးမြို့ထက် ဆယ်ဆနီးပါး ပိုမို မြန်ဆန်နေ၏။
သို့သော်လည်း သူက ဤကိစ္စနှင့် ပတ်သက်၍ အလွန်အကျွံ မစိုးရိမ်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်မှ ကောင်းကင်နှင့် မြေကြီး၏ အားကောင်းသော အသက်စွမ်းအင်ကို ခံစားမိလိုက်ပြီး အံ့သြစွာဖြင့် ပြောလိုက်သည်။
"သိပ်သည်းလိုက်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အသက်စွမ်းအင်ပါလား.. ငါ တစ်နှစ်ကျော် ပျောက်ကွယ်သွားပြီးနောက်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ပြောပြပါဦး"
လုံမိသားစု အမွေအနှစ် နယ်မြေကနေ ထွက်လာသည့်အချိန်မှစ၍ ကျန်းချန်သည် သူ့ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များ ပိုမို သိပ်သည်းလာသည်ကို သတိပြုမိခဲ့သည်။
ယခုအခါ မြောက်ပိုင်းတောရိုင်း ဒေသရှိ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင် ကြွယ်ဝမှုသည် ကျုံးကျိုးကုန်းမြေနှင့် တူညီလုနီးပါး ဖြစ်နေခဲ့၏။
သူရွှေနဂါးမြို့တော်တွင်ရှိစဥ် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှားနေ၏။
"လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မြောက်ပိုင်းတောရိုင်းဒေသမှာ တကယ်ပဲ အပြောင်းအလဲတွေ များစွာ ဖြစ်ခဲ့တယ်"
ပိန်ပါးပါး လူငယ်က ခေါင်းညိတ်လိုက်ပြီး မြောက်ပိုင်းတောရိုင်း ဒေသမှ အခြေအနေကို ကျန်းချန်အား ရှင်းပြခဲ့သည်။
လုံမိသားစု အမွေအနှစ်မြေသို့ ကျန်းချန် ဝင်ရောက်ပြီး မကြာမီမှာပင် မြောက်ပိုင်းတောရိုင်း ဒေသ၏ အသက်စွမ်းအင်သည် ရုတ်တရက် သိပ်သည်းလာခဲ့သည်။
ထိုအချိန်မှစ၍ မြောက်ပိုင်း တောရိုင်းဒေသသည် ကိုယ်ခံပညာ ထွန်းကားမှု၏ အထွတ်အထိပ်ခေတ်သို့ ဝင်ရောက်ခဲ့သည်။
တစ်နှစ်ကျော် အကြာတွင် မြောက်ပိုင်းတောရိုင်းဒေသ၌ အင်အားကြီးမားသော ကျင့်ကြံသူ အရေအတွက်သည် နှစ်ဆခန့် တိုးလာခဲ့ပြီး သိုင်းသခင်နယ်ပယ်ကနေ နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့သော ကျင့်ကြံသူ အချို့ပင် ရှိခဲ့သည်။
ယခုအခါတွင် မြောက်ပိုင်းတောရိုင်း ဒေသကို တာဝန်ယူထားသည့် အထွတ်အထိပ် အကြီးအကဲ သုံးဦးသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
၎င်းတို့၏ သက်ဆိုင်ရာဂိုဏ်းများသည်လည်း စန်းလန်အဖွဲ့အစည်းလို ကြယ်နှစ်ပွင့် အင်အားစုထက် မည်သို့မျှ မနိမ့်ကျတော့ပေ။
"ဥက္ကဌလီ ဘယ်မှာလဲ.. သူ ဟေးလုံမြို့မှာ မရှိဘူးလား"
ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။
သူက လုံလီကို တွေ့ကာ အမွေအနှစ် နယ်မြေထဲမှ အခြေအနေအကြောင်း ပြောပြီး ဟေးလုံမြို့ကနေ ထွက်ခွာချင်ခဲ့သည်။
သို့သော် ဟေးလုံမြို့တွင် လုံလီ၏ အရှိန်အဝါကို သူ မခံစားမိခဲ့ပေ။
နဂါးနက်ကုန်သွယ်ရေး ဌာန တစ်ခုလုံးမှာပင် သိုင်းသခင်နယ်ပယ် အဆင် ကျင့်ကြံသူများ၏ အရှိန်အဝါကို မခံစားမိချေ။
ယခု မြောက်ပိုင်းတောရိုင်း ဒေသ၏ အသက်စွမ်းအင် များစွာ တိုးလာသည်နှင့်အမျှ ဟေးလုံမြို့၏ နောက်ခံကြောင့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ပိုမို များပြားလာသင့်သည်။
ထို့ကြောင့် ဟေးလုံမြို့၏ လက်ရှိအခြေအနေသည် အလွန်ပင် ထူးဆန်းနေသည်မှာ ထင်ရှားနေ၏။
"ဥက္ကဌနဲ့ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ အများစုက အင်ပါယာမြုပ်နှံခြင်းချောက် ရှိတဲ့နေရာကို ထွက်သွားကြတယ်"
ကျန်းချန်ထံမှ သူတို့ဥက္ကဌနှင့် ပတ်သက်သော စကားကို ကြားလျှင် ပိန်ပါးပါး လူငယ်သည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ညီနောင်ကျန်းချန်.. ဥက္ကဌက ညီနောင်ကျန်းချန် ထွက်လာတာနဲ့ အင်ပါယာ မြုပ်နှံခြင်းချောက်ထဲမှာ သူ့ကို လာရှာပါလို့ ငါတို့ကို မှာထားတယ်"
"အင်ပါယာမြုပ်နှံခြင်းချောက်လား"
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
"သူတို့က အဲဒီကို ဘာအတွက် သွားကြတာလဲ"
အင်ပါယာ မြုပ်နှံခြင်း ချောက်နက်သည် အနက်နဲဆုံးနှင့် အန္တရာယ်အများဆုံး နေရာဖြစ်၍ လူအများစုသည် အင်ပါယာမြုပ်နှံခြင်းချောက်နှင့် ဝေးဝေးတွင်သာ နေထိုင်ကြ၏။
ကျန်းချန်က အင်ပါယာမြုပ်နှံခြင်းချောက် နှင့် မစိမ်းပေ။
လင်ယွင်ကျောင်းတော်မှ ထွက်လာသောအခါတွင် ကျန်းချန်သည် သူ့ဖခင်က နေရာတစ်ခုသို့ သွားခဲ့သည်ဟု မဟာအကြီးအကဲ ယန်စန်းမင်ထံကနေ သိရှိခဲ့ရသည်။
ထိုနေရာသည် အင်ပါယာမြုပ်နှံခြင်းချောက် ဖြစ်သည်။
"အင်ပါယာမြုပ်နှံခြင်းချောက်က မြောက်ပိုင်းတောရိုင်းဒေသမှာ အသက်စွမ်းအင် ရုတ်တရက် တိုးတက်လာမှုရဲ့ အရင်းအမြစ်ပဲ"
"လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစပြီး အသက်စွမ်းအင်တွေ တိုးပွားလာသလို အင်ပါယာ မြုပ်နှံခြင်းချောက်ထဲကနေလည်း အစွမ်းထက် သွေးကျင့်ကြံသူ များစွာ ပေါ်ထွက်လာခဲ့တယ်.. သူတို့တွေက မြောက်ပိုင်းတောရိုင်းဒေသရဲ့ နေရာတိုင်းမှာ ထင်တိုင်းကြဲခဲ့တယ်"
"နောက်တော့ ကျွန်တော်တို့ ဟေးလုံမြို့နဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းပူးပေါင်းပြီး အဲဒီသွေးကျင့်ကြံသူတွေကို နှိမ်နင်းလိုက်တယ်.. ဒါ့အပြင် သွေးကျင့်ကြံသူတွေ မြောက်ပိုင်း တောရိုင်းဒေသထဲ မဝင်ရောက်အောင် တားဆီးဖို့အတွက် အင်ပါယာ မြုပ်နှံခြင်းချောက်ရဲ့ အပြင်ဘက်မှာ ခံတပ်တစ်ခု တည်ဆောက်ခဲ့တယ်"
"လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း နှစ်ဖက်စလုံးကြားမှာ တိုက်ပွဲတွေ အများအပြား ဖြစ်ပွားခဲ့ပြီး သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ အများအပြား ကျဆုံးခဲ့ကြတယ်"
ပိန်ပါးပါး လူငယ်က လေးနက်သော မျက်နှာအမူအရာဖြင့် ရှင်းပြလိုက်၏။
အင်ပါယာမြုပ်နှံခြင်းချောက်၏ ကြီးမားသော ပြောင်းလဲမှုသည် မြောက်ပိုင်းတောရိုင်းဒေသတွင် ကိုယ်ခံပညာ တစ်ခတ်ကို မကြုံစဖူး ထွန်းကားစေခဲ့သော်လည်း မြောက်ပိုင်းတောရိုင်း ဒေသအတွက် ဘေးအန္တရာယ်များကိုလည်း ယူဆောင်လာခဲ့သည်။
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာခဲ့၏။
ဤအင်ပါယာမြုပ်နှံခြင်းချောက်ထဲတွင် မည်သည့်အရာများ ရှိနေပါသနည်း။
မြောက်ပိုင်းတောရိုင်းဒေသတွင် ထိုကဲ့သို့ ကမ္ဘာကိုပင် တုန်လှုပ်စေသော အပြောင်းအလဲ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းက အဘယ်နည်း။
ထို့အပြင် အင်ပါယာမြုပ်နှံခြင်းချောက်ထဲမှသွေးကျင့်ကြံသူများသည် မည်သည့် နေရာက ရောက်လာပါသနည်း။
"ကြည့်ရတာ အင်ပါယာမြုပ်နှံခြင်းချောက်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိနေတဲ့ပုံပဲ"
ကျန်းချန်က စိတ်ထဲကနေ တီးတိုး ရေရွတ်လိုက်သည်။
သူ့ဖခင်သည် ထိုနှစ်က အင်ပါယာမြုပ်နှံခြင်း ချောက်နက်ထဲသို့ သွားပြီးနောက်တွင် သတင်းအစအန လုံးဝ မရရှိခဲ့ပေ။
ကျန်းချန်က ယခုတစ်ကြိမ် မြောက်ပိုင်းတောရိုင်း ဒေသသို့ ပြန်လာသောအခါတွင် အင်ပါယာမြုပ်နှံခြင်းချောက်၌ သူ့ဖခင်ကို ရှာဖွေရန် အစီအစဉ် ရှိခဲ့သည်။
ယခုအခါ အင်ပါယာ မြုပ်နှံခြင်းချောက်တွင် ပြင်းထန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ရာ သူ့အနေဖြင့် သွားရောက်ရန် ပိုမို၍ စိတ်အားထက်သန်လာခဲ့သည်။
ကျန်းချန်က စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်တွင် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ပေါ်သို့ ခုန်တက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၂၁၁) ပြီး၏
အခန်း(၁၂၁၂)
မြောက်ပိုင်းတောရိုင်းဒေသ၏ အနောက်ဘက်အစွန်းတွင် တည်ရှိသော အင်ပါယာမြုပ်နှံခြင်းချောက်။
ဤနေရာရှိ မြေမျက်နှာသွင်ပြင်သည် အလွန် ရှုပ်ထွေးကြမ်းတမ်းသည်။
ထို့အပြင် ကြီးမားသော လက်နက်ဖြင့် ခုတ်ဖြတ်ခံထားရသည့်နှယ် ကျယ်ပြန့်သော ချောက်နက်ကြီးတစ်ခုလည်း ရှိနေခဲ့၏။
ဒဏ္ဍာရီအရ ဤ ချောက်နက်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ရှန်းဝူတိုက်၏ ကပ်ဘေးကြီးအတွင်း ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုကြသည်။
အချို့ကမူ ထိုနေရာသည် ရှေးအခါက စစ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်ဟု ဆိုကြသည်။
အချို့ကလည်း အင်ပါယာအဆင့် ကျင့်ကြံသူများ ကျဆုံးခဲ့သော နေရာဖြစ်သည်ဟု ဆိုကြသည်။
ဤနှစ်ပေါင်း တစ်သောင်းတာ ကာလအတွင်း မြောက်ပိုင်းတောရိုင်းဒေသတွင် အင်ပါယာမြုပ်နှံခြင်းချောက်နက်၏ လျှို့ဝှက်ချက်များကို ရှာဖွေလိုသော မရေမတွက်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူများသည် အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
သို့သော် အဆုံးသတ်တွင် အင်ပါယာမြုပ်နှံခြင်းချောက်နက် ထဲသို့ ဝင်ရောက်ခဲ့သူ အားလုံးသည် ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ အင်ပါယာမြုပ်နှံခြင်း ချောက်နက်သည် အန္တရာယ်အများဆုံး တားမြစ် နေရာတစ်ခု ဖြစ်လာခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ တိုင်အောင် မည်သူမျှ အလွယ်တကူ မဝင်ရောက်ရဲတော့ပေ။
ဟေးလုံမြို့သည် အင်ပါယာမြုပ်နှံခြင်းချောက် နှင့် အလှမ်းကွာဝေးသော်လည်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ယခုအခါတွင် နတ်ဝိညာဉ်ဘုရင် သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အမြန်နှုန်းသည်လည်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ရက်တည်းဖြင့် ကျန်းချန်သည် အင်ပါယာမြုပ်နှံခြင်းချောက်နက်၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
ကျန်းချန်က လေထဲတွင် ရပ်တန့်ရင်း အဝေးသို့ စိုက်ကြည့်လိုက်သည်။
သူ မြင်တွေ့ရသည်မှာ သူ့အရှေ့ရှိ မီတာထောင်ချီ အကွာတွင်ရှိနေသည့် အဆုံးမဲ့ မှောင်မိုက်နေသော အက်ကြောင်းကြီး တစ်ခု ဖြစ်သည်။
ထိုအက်ကွဲကြောင်းသည် မြေပြင်မှ ထွက်ပေါ်လာသော နတ်ဆိုးတစ်ကောင်၏ ပါးစပ်ကြီးနှင့် တူပြီး မြင်ရသူကို ထိတ်လန့်စေသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
"ဒီအင်ပါယာမြုပ်နှံခြင်းချောက်နက်က တကယ်ကို ထူးခြားတာပဲ
သူ့ရှေ့မှ ချောက်နက်ကြီးကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
အင်ပါယာ မြုပ်နှံခြင်းချောက်နက်၏ ပုံသဏ္ဌာန်သည် အလွန်ပင် ထူးဆန်းနေ၏။
၎င်းက ဓားဖြင့် တိခနဲ ဖြတ်တောက်ထားသည့် ပုံသဏ္ဌာန် ဖြစ်နေခဲ့သည်။
ကျန်းချန်က အဝေးကနေ ကြည့်လိုက်ရာ ချောက်၏ ပတ်ဝန်းကျင်က မြို့ ပုံသဏ္ဌာန်နှင့် အနည်းငယ် ဆင်တူသည်ကို တွေ့လိုက်ရ၏။
မြို့တစ်မြို့ကို ဓားဖြင့် တစ်ဝက်စီ ပိုင်းဖြတ်ထားသည်ဟုပင် ထင်ရ၏။
မြို့က နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး တစ်ဝက်က ချောက်နက်ထဲသို့ ကျဆင်းသွားသလိုပင်။
ကျန်းချန်က အင်ပါယာမြုပ်နှံခြင်း ချောက်နက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ အကြည့်ကို လွှဲကာ အင်ပါယာမြုပ်နှံခြင်းချောက်၏ အပြင်ဘက်ရှိ ဝင်ပေါက်နားတွင် ဆင်းသက်လိုက်သည်။
ထိုနေရာတွင် အနက်ရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ခံတပ်တစ်ခု တည်ရှိနေပြီး အင်ပါယာမြုပ်နှံခြင်းချောက် နက်၏ တစ်ခုတည်းသော လမ်းကြောင်းကို အခိုင်အမာ ပိတ်ဆို့ထားသည်။
ကျန်းချန်က ထိုခံတပ်ကနေ ရင်းနှီးသော အရှိန်အဝါ များစွာကို ခံစားမိခဲ့သည်။
ဟေးလုံမြို့မှ လုံလီနှင့် မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီး သုံးဂိုဏ်းမှ အထွတ်အထဲ အကြီးအကဲ အားလုံးသည် ၎င်းတို့ထဲတွင် ပါဝင်ပုံရသည်။
၎င်းတို့၏ စွမ်းအင်များသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့ပြီး နတ်ဝိညာဉ်ဘုရင် နယ်ပယ်ကိုပင် ထိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။
၎င်းတို့ထဲတွင် နတ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ရှန်းပိုင်ကျန့်သည် အစွမ်းအထက်ဆုံးဖြစ်ပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဤလူများသည် သိုင်းသခင်နယ်ပယ် အဆင့်တွင် နှစ်ပေါင်းများစွာ သောင်တင်နေခဲ့သူများ ဖြစ်၍ အသက်စွမ်းအင် သိပ်သည်းမှု အဆပေါင်းများစွာ တိုးမြင့်လာသည်နှင့် အမျှ ၎င်းတို့သည် ရေထဲမှ ငါးများကဲ့သို့ ဖြစ်လာပြီး ခွန်အားများသည် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
"သူတို့ဆီ အရင်သွားလိုက်ဦးမယ်"
ကျန်းချန်က အနည်းငယ် စဉ်းစားပြီးနောက် သူ့ရှေ့ရှိ ခံတပ်ဆီသို့ ဦးတည်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် အစွမ်းထက်သော သွေးမိစ္ဆာ အရှိန်အဝါ အများအပြားသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့၏။
ကျန်းချန်က အကဲခတ်လိုက်ရာ အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲကနေ သွေးရောင် တောက်ပသော ပုံသဏ္ဍာန် ခုနစ်ခု၊ ရှစ်ခုသည် တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် အနက်ရောင် ခံတပ်ရှေ့သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ဤ သွေးရောင် ပုံသဏ္ဍာန် ခုနစ်ခု၊ ရှစ်ခုတွင် တစ်ခုစီတိုင်း၏ စွမ်းအင်သည် အလွန် အစွမ်းထက်ပြီး နတ်ဝိညာဥ်ဘုရင် အဆင့်တွင် ရှိကြသည်။
"နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ရှစ်ဦးပါလား"
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။
မြောက်ပိုင်း တောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း နှင့် ဟေးလုံမြို့မှ ခွန်အားကြီးမားသော ကျင့်ကြံသူ အများစု ဤနေရာတွင် စုဝေးနေသည်မှာ အံ့သြစရာ မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် မြောက်ပိုင်းတောရိုင်း ဒေသ၏ အသက်စွမ်းအင်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အစွမ်းထက် ကျင့်ကြံသူများစွာကို မွေးဖွားလာခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ကျော်ကသာ ဆိုလျှင် ဤသွေးကျင့်ကြံသူများသည် မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးကို အလွယ်တကူပင် သိမ်းပိုက်နိုင်မည် ဖြစ်၏။
အင်ပါယာ မြုပ်နှံခြင်းချောက်နက်ထဲကနေ သွေးရောင်ပုံရိပ်များ ထွက်ပေါ်လာပြီးနောက်တွင် ခံတပ်အတွင်းမှ ကျီရှ၊ ရှန်းပိုင်ကျန့်၊ရှချိုးယာ၊ လုံလီ တို့လေးဦးသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် အတူ ခံတပ်ထဲမှ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။
နတ်ဓားဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်သည့် ရှန်းပိုင်ကျန့်က ဆန့်ကျင်ဘက်မှ သွေးကျင့်ကြံသူ ခေါင်းဆောင်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။
"လီချင်းရွှယ်.. မြောက်ပိုင်း တောရိုင်းဒေသက မင်းတို့တွေ ရှိသင့်တဲ့နေရာ မဟုတ်ဘူး.. အင်ပါယာ မြုပ်နှံခြင်း ချောက်ထဲကို ပြန်သွားလိုက်ပါ"
"ရှန်းပိုင်ကျန့်.. ငါတို့ကို အမိန့်လာမပေးနဲ့"
"မင်းရဲ့ ခွန်အားလောက်နဲ့ ငါတို့ကို တားဆီးနိုင်မယ်များထင်နေလား"
"မင်း အခု လိမ်လိမ်မာမာ လက်နက်ချမယ်ဆိုရင် အသက်ရှင်ခွင့် ရနိုင်သေးတယ်.. မဟုတ်ရင်တော့ ငါတို့စစ်တပ် ရောက်လာတာနဲ့ မင်းအတွက် သင်္ဂြိုဟ်ဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး"
သွေးရောင်ပုံသဏ္ဍာန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါတို့က တခြားဂြိုဟ်က လူတွေဆီ အညံ့ခံမှာမဟုတ်ဘူး.. စိတ်ကူးယဥ်မနေနဲ့"
ရှန်းပိုင်ကျန့်က နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့.. တိုက်ချင်ရင်တိုက်.. ငါတို့မြောက်ပိုင်းတောရိုင်းဒေသက မင်းတို့ကို ငါတို့ရဲ့ နယ်မြေဆီ ခြေချခွင့် လုံးဝ ပေးမှာမဟုတ်ဘူး"
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက မင်းတို့ ရှန်းဝူတိုက်ရဲ့ အစွမ်းထက် ကျင့်ကြံသူတွေက ငါတို့ မျိုးနွယ်စုကို တားဆီးနိုင်ခဲ့ကြတယ်"
"ဟက်.. ရှန်းဝူတိုက်က အစွမ်းထက်ကျင့်ကြံသူတွေရဲ့ မျိုးဆက်တွေက ဒီလောက်ပဲ အစွမ်းရှိတော့တယ်လား"
လီချင်းရွှယ်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ရှန်းပိုင်ကျန့်.. မင်းက ဒီလောက်တောင် အကောင်းအဆိုးကို နားမလည်မှတော့ မင်းကို အရင်သတ်မယ်.. ပြီးရင် ဒီမြောက်ပိုင်း တောရိုင်းဒေသကို အုပ်စိုးပြီး ငါတို့စစ်တပ် ရောက်လာတဲ့အထိ စောင့်ဆိုင်းမယ်"
ကျန်းချန်က အဝေးကနေ ရှန်းပိုင်ကျန့်နှင့် လီချင်းရွှယ်တို့၏ စကားများကို ကြားလိုက်ရလျှင် စိတ်ထဲတွင် အံ့သြ တုန်လှုပ်သွားခဲ့သည်။
[အင်ပါယာမြုပ်နှံခြင်းချောက်နက်ထဲမှာ ရှိတဲ့ သွေးကျင့်ကြံသူတွေက တခြားဂြိုဟ်က ကျင့်ကြံသူတွေ ဖြစ်နေတာကိုး"
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ရှန်းဝူတိုက်ကြီးတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သော ကပ်ဘေးသည် ဤသွေးကျင့်ကြံသူများနှင့် များစွာ သက်ဆိုင်ပုံရ၏။
ဤအချိန်တွင် ကျန်းချန်သည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ဖြစ်ပွားခဲ့သော ကပ်ဘေးကြီးနှင့် ပတ်သက်၍ အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လီချင်းရွှယ်တို့ မျိုးနွယ်စုသည် ရှန်းဝူတိုက်ကို ကျူးကျော်စစ် ဆင်နွှဲခဲ့ကြ၏။
ရှန်းဝူတိုက်မှ မရေမတွက်နိုင်သော အင်ပါယာအဆင့် ကျင့်ကြံသူများသည် ထိုတိုက်ပွဲတွင် အားလုံး ကျဆုံးခဲ့ကြပြီး မျိုးသုဉ်းသလောက် ဖြစ်သွားခဲ့သည်။
အင်ပါယာမြုပ်နှံခြင်းချောက်နက်သည် ထိုအချိန်က စစ်ပွဲ၏ အဓိက နေရာ ဖြစ်မည်မှာ သေချာ၏။
လီချင်းရွှယ်တို့ ဂြိုဟ်နှင့် ချိတ်ဆက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည်ပင် ထိုနေရာ၌ ရှိနေလောက်သည်။
အင်ပါယာတစ်ပါး၏ သက်တမ်းသည် နှစ်ပေါင်းတစ်သောင်း မရှိ၍ လီချင်းရွှယ်တို့သည် ထိုအချိန်က တိုက်ပွဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သူများတော့ မဖြစ်နိုင်ပေ။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က တိုက်ပွဲပြီးကတည်းကပင် လီချင်းရွှယ်နှင့် အခြားဂြိုဟ်မှ လူများသည် ရှန်းဝူတိုက်တွင် တစ်ခါမှ ပေါ်မလာခဲ့ပေ။
တိုက်ပွဲအပြီးတွင် ရှန်းဝူတိုက်မှ ခွန်အားကြီးမားသော ကျင့်ကြံသူများသည် တခြားဂြိုဟ်မှ လူများ ရောက်ရှိလာမှုကို ပိတ်ဆို့ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခဲ့ကြပေလိမ့်မည်။
ထို့ကြောင့် လီချင်းရွှယ်တို့ ပေါ်ထွက်လာခြင်းသည် ဂြိုဟ်နှစ်ခုကြားရှိ လမ်းကြောင်း ပြန်လည်ပွင့်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေ၏။
ထိုအကြောင်းကို တွေးမိလျှင် ကျန်းချန်က စိုးရိမ်လာခဲ့သည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က တိုက်ပွဲတွင် ရှန်းဝူတိုက်သည် အင်ပါယာအဆင့် ကျင့်ကြံသူ အားလုံး၏ ခွန်အားကို စုစည်းပြီး တခြားဂြိုဟ်မှ ကျူးကျော်မှုကို ပိတ်ဆို့ခဲ့၏။
ယခုအခါ ရှန်းဝူတိုက်တွင် အင်ပါယာအဆင့် ကျင့်ကြံသူ မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်ရာ တခြားဂြိုဟ်မှ ခွန်အားကြီးမားသော ကျင့်ကြံသူများသာ ကျူးကျော် လာခဲ့လျှင် ရှန်းဝူတိုက်အတွက် ကပ်ဘေးကြီး တစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
[လီချင်းရွှယ်တို့ကို သတ်ပြီး အင်ပါယာ မြုပ်နှံခြင်းချောက်ထဲက ဂြိုဟ်နှစ်ခုကြား ချိတ်ဆက်ထားတဲ့ အစီအရင်ကို ဖျက်ဆီးပစ်ရမယ်]
အခန်း(၁၂၁၂) ပြီး၏