← Chapters

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း (၁၂၂၈-၁၂၃၀)

Vol. 82 Ch. 1228-1230

အခန်း(၁၂၂၈)

"ကျန်းချန် စန်းလန်အဖွဲ့အစည်းဆိုတာက အတိတ်မှာကျန်ခဲ့ပြီ မင်းဘာလို့ခေါင်းမာနေရတာလဲ ငှက်တွေက သစ်ပင်ကောင်းကို ရွေးချယ်ပြီး နားတယ်ဆိုတဲ့ စကားပုံလိုပဲ မင်းသာဆန္ဒရှိရင် ရေနဂါးဂိုဏ်းဆီ ငါနဲ့အတူ ဝင်လို့ရတယ်.. မင်းရဲ့ပါရမီနဲ့သာဆိုရင် ရေနဂါးဂိုဏ်းမှာ သေချာပေါက် ထွန်းတောက်နိုင်လိမ့်မယ်"

စန်းထျန်းခို့က ကျန်းချန်၏စကားကို ဒေါသမထွက်သည့်အပြင် ကျန်းချန်ကိုပါ ဖျောင်းဖျလိုက်သည်။

ကျန်းချန်က နတ်ဆိုးဆန်သောပါရမီရှင်တစ်ဦးဖြစ်သည်။

ကျန်းချန်ကိုသာ ရေနဂါးဂိုဏ်းထဲ ဝင်ရောက်ဖို့ ဖျောင်းဖျနိုင်ခဲ့လျှင် ရေနဂါးဂိုဏ်းတွင် သူ၏ ရာထူးသည် သေချာပေါက်တက်လာလိမ့်မည်ဖြစ်၏။

"ငါကျန်းချန်ရှိနေသရွေ့ စန်းလန်အဖွဲ့အစည်းက အတိတ်မဖြစ်စေရဘူး.. စန်းလန်အဖွဲ့အစည်းကို သစ္စာဖောက်ရဲမှတော့ သွားသေလိုက်တော့"

စကားဆုံးသည်နှင့် ကျန်းချန်က ဘုရင့်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ရာ စန်းထျန်းခို့၏ပတ်ဝန်းကျင်ရှိ မီတာရာပေါင်းများစွာကို လွှမ်းခြုံသွားခဲ့သည်။

"ဘုရင့်စိတ်ဆန္ဒပါလား.. မင်း.. မင်းက နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးသွားပြီလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

စန်းထျန်းခို့၏ မျက်နှာအမူအရာက သိသိသာသာပင် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အ‌ယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပါရမီက အလွန်ပင်နတ်ဆိုးဆန်လွန်းပြီး စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့်ပါရမီရှင်ကိုပင် ကျော်လွန်နေမှန်း သူသိထားသည်။

လွန်ခဲ့သော (၃)နှစ်ခန့်က စန်းဟိုင်မြို့တွင် စန်းလန်းအဖွဲ့အစည်း၏ စစ်ဆေးမှု၌ ပါဝင်ခဲ့သည့် ဤကောင်လေးသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ဆိုသည်မှာ ကြယ်နှစ်ပွင့်အင်အားစုကို တည်ထောင်နိုင်သော အဆင့်အတန်းဖြစ်သည်။

သိထားရမည့်အချက်မှာ စန်းလန်အဖွဲ့အစည်းမှာပင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးတည်းသာ ရှိသည်။

ကျန်းချန်က စန်းထျန်းခို့၏ အံ့အားသင့်တုန်လှုပ်နေသောအမူအရာကို လျစ်လျူရှုလိုက်ပြီး ဘုရင့်စိတ်ဆန္ဒဖြင့် စန်းထျန်းခို့ကို ဖိနှိပ်လိုက်သည်။

"ငါ့ကိုမသတ်ပါနဲ့"

စန်းထျန်းခို့က ထိတ်လန့်အားငယ်စွာဖြင့် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။

သူက သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားအလုံးစုံကို အလျင်အမြန်ဖော်ထုတ်ကာ ဘုရင့်စိတ်ဆန္ဒ၏ ဖိနှိပ်မှုကနေ လွတ်မြောက်ရန်ကြိုးစားခဲ့သည်။

သို့သော် နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ ဝိညာဥ်စိတ်ဆန္ဒသည် ပို၍ပင် အားကောင်းလာခဲ့သည်။

သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ပင် ကျန်းချန်၏ ဝိညာဥ်စိတ်ဆန္ဒကို ခုခံနိုင်စွမ်း မရှိမည်မှာ သေချာ၏။

သို့သော် စန်းထျန်းခို့သည် သိုင်းသခင်နယ်ပယ် နဝမအဆင့်ခွန်အားမျှသာရှိသည်။

သို့ဖြစ်ရာ ကျန်းချန်၏ ဘုရင့်စိတ်ဆန္ဒကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

"ဝုန်း.."

ဘုရင့်စိတ်ဆန္ဒ၏ အစွမ်းထက်သော ဝိညာဥ်စွမ်းအားသည် စန်းထျန်းခို့၏ ခန္ဓာကိုယ်မှ အကာအကွယ်ကို အတားအဆီးမရှိကျော်ဖြတ်ကာ စန်းထျန်းခို့၏ ဝိညာဥ်ကို လေးလံသောတူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် စန်းထျန်းခို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ဝိညာဥ်ပြိုကွဲကာ မျက်လုံးများသည် လုံးဝ မှောင်အတိ ကျသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် စန်းထျန်းခို့၏ အသက်ကင်းမဲ့​သော ခန္ဓာကိုယ်သည် လေထဲကနေ လျင်မြန်စွာ ပြုတ်ကျလာခဲ့သည်။

စန်းထျန်းခို့ကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် မြို့စားအိမ်တော်သို့ ဝင်ရောက်၍ ရေနဂါးဂိုဏ်း၏ တမန်တော်ကို ရှာဖွေရန် ပြင်ဆင်နေစဥ်မှာပင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မြို့စားအိမ်တော်၏ နောက်ဖေးပေါက်ကနေ ထိတ်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်လိုက်ရသည်။

"ထွက်ပြေးလို့ရမယ်များ ထင်နေလား"

ကျန်းချန်က အေးစက်စက်ပြုံးလိုက်ပြီး သူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ရာ ချက်ချင်းဆိုသလို လူလတ်ပိုင်းအရွယ်အမျိုးသား၏ ပတ်ဝန်းကျင်ရှိ မီတာရာပေါင်းများစွာသော နေရာလွတ်သည် ကြီးကျယ်သောစွမ်းအားဖြင့် ပိတ်လှောင်ခံလိုက်ရသည်။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် လေထဲတွင် အေးခဲနေသကဲ့သို့ လုံးဝ လှုပ်ရှား၍ မရတော့ပေ။

သူက အသည်းအသန် ရုန်းကန်လိုက်သော်လည်း လေထဲတွင် အနည်းငယ်မျှပင် ရွေ့လျား၍ မရတော့သည်ကို သိရှိလိုက်ရသည်။

ထိုအခိုက်မှာပင် ကျန်းချန်သည် လေထုကို နင်းလျှောက်ကာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

"မင်းက ရေနဂါးဂိုဏ်းရဲ့တမန်တော်လား"

ကျန်းချန်က ပေါ့ပါးစွာ မေးခွန်းထုတ်လိုက်သည်။

"ငါက ရေနဂါးဂိုဏ်းရဲ့အကြီးအကဲ လန်ဟုန်ယွီပဲ.. မင်းငါ့ကို တစ်ခုခုလုပ်ရဲရင် ငါတို့ရေနဂါးဂိုဏ်းက မင်းကို သေချာပေါက်အလွှတ်ပေးမှာမဟုတ်ဘူး"

အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ့ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည့် ကျန်းချန်ကို ကြည့်ကာ ‌ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ဒါနဲ့ မင်းက ဘယ်သူလဲ"

"ငါက စန်းလန်အဖွဲ့အစည်းရဲ့ တပည့် ကျန်းချန်ပဲ"

ကျန်းချန်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းက ရေနဂါးဂိုဏ်းရဲ့ အကြီးအကဲဆိုတော့ ငါ့နာမည်ကိုကြားဖူးမှာပါ ဟုတ်တယ်မဟုတ်လား"

"ကျန်း..ကျန်းချန်လား"

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ကျန်းချန်ကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းက လွန်ခဲ့တဲ့ ၃နှစ်လောက်က စန်းလန် အဖွဲ့အစည်းမှာ ကျော်ကြားခဲ့တဲ့ ကျန်းချန်လား... ဒါဆို မင်းက မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားတဲ့ ရာဇဝတ်သား ကျန်းချန်ပေါ့"

"ဘာ...မြို့တော်ငါးခုက ငါ့ကို ဖမ်းမိန့်ထုတ်ထားတယ် ဟုတ်လား"

ကျန်းချန်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူ၏ ပုံရိပ်က လင်းခနဲဖြစ်သွားပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့တွင် လျှပ်တပြက် ပေါ်လာကာ ထိုလူလတ်ပိုင်းအရွယ်အမျိုးသား၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

ထို့‌နောက် ကျန်းချန်သည် အေးစက်စက် မေးခွန်းထုတ်လိုက်၏။

"အသက်ရှင်ချင်တယ်ဆိုရင် ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့လည်းဆိုတာ ငါ့ကိုပြောပြစမ်း"

"ငါ့.. ငါ့ကိုမသတ်ပါနဲ့ ငါသိထားသလောက် ပြောပြပါမယ်"

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ်အမျိုးသားသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် သူသိထားသမျှ အရာအာလုံးကို အလျင်အမြန်ပင် ပြောပြခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်လောက်က မြို့တော်ငါးခုသည် ကျံးကျိူးကုန်းမြေတွင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီနှင့် ၎င်း၏ တပည့် ကျန်းချန် တို့ကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်က ကျုံးကျိုးကုန်းမြေတွင် ပျံ့နှံ့လာသောအခါ ရေနဂါးဂိုဏ်း၏ ခေါင်းဆောင် လန်ယွမ်သည် မြို့တော်ငါးမြို့က အလိုရှိနေသည့် ကျန်းချန်မှာ လွန်ခဲ့သော(၃)နှစ်ခန့်က စန်းလန်အဖွဲ့အစည်းတွင် ပေါ်လာခဲ့သည့် ကျန်းချန်မှန်း သိရှိသွားခဲ့သည်။

ထို့နောက်တွင် လန်ယွမ်သည် ကြယ်သုံးပွင့်အင်အားစု ဖြစ်သည့် ရွှယ်ပင်းနန်းတော်ကို လျှို့ဝှက်ဆက်သွယ်ပြီး ရွှယ်ပင်းနန်းတော်မှ အင်အားကြီးမားသော ကျင့်ကြံသူများနှင့်အတူ စန်းလန်အဖွဲ့အစည်းကို တိုက်ခိုက်ခဲ့သည်။

စန်းလန်အဖွဲ့အစည်းသည် ကြယ်နှစ်ပွင့် အင်အားစုမျှသာ အင်အားရှိရာ ရွှယ်ပင်းနန်းတော် ကဲ့သို့ကြယ်သုံးပွင့်အင်အားစုမှ ကျင့်ကြံသူများ၏‌ ရှေ့တွင် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင် ရေနဂါးဂိုဏ်းသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူ၍ စန်းလန်အဖွဲ့အစည်း၏ အရာအားလုံးကို သိမ်းပိုက်လိုက်တော့သည်။

ဖြစ်ပျက်သမျှကို နားလည်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာသည် အလွန်ပင် သုန်မှုန်သွားခဲ့၏။

စန်းလန်အဖွဲ့အစည်းက ဤကဲ့သို့ ဘေးအန္တရာယ်ကို ရင်ဆိုင်ရသည့် အကြောင်းအရင်းသည် သူ့အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

ရွှယ်မင်ကျောင်းဆောင်ထဲမှ အင်ပါယာ လျှို့ဝှက်ချက်နှင့်ပတ်သက်ပြီး မြို့တော်ငါးခုသည် သူ ပျောက်ကွယ်သွားပြီးနောက်တွင် သူ့ကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။

ယခုအခါတွင် သူ့ဆရာ ရှောင်တုလီပါ ဖမ်းဆီးမိန့်ထဲ ပါဝင်ပတ်သက်နေသည့် အပြင် စန်းလန် အဖွဲ့အစည်းသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်က ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။

သူနှင့် ဆက်ဆံ‌ရေးကောင်းများ ရှိသည့် နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည်လည်း မြို့တော်ငါးမြို့၏ ဖမ်းဆီးမိန့်ကြောင့် လွတ်မြောက်နိုင်မည် မဟုတ်ဟု ထင်ရ၏။

"ရေနဂါးဂိုဏ်း.. ရွှယ်ပင်းနန်းတော်.. မင်းတို့တွေက မြို့တော်ငါးမြို့ရဲ့ဖမ်းဆီးမိန့်ကြောင့် စန်းလန် အဖွဲ့အစည်းကို တကယ်ပဲ ဖြိုခွဲရဲတယ်.. ငါမင်းတို့ကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်.. မြို့တော်ငါးခု.. မင်းတို့တွေ ငါ့မိတ်ဆွေတွေနဲ့ ငါ့ဆရာရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်ရဲရင်တောင် ကျုံးကျိုးကုန်းမြေမှာ မင်းတို့ မြို့တော်ငါးခုကို အစအနမကျန်အောင် ချေမှုန်းပစ်မယ်"

ကျန်းချန်၏ မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

ထိုအခါ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိတ်လန့်သော အမူအရာဖြင့် အော်ဟစ်လိုက်သည်။

"မင်း..မင်းငါ့ကို သတ်လို့မဖြစ်ဘူးလေ.. မင်းပဲ ငါ့ကို မသတ်ဘူးလို့ ကတိပေးခဲ့တယ် မဟုတ်လား"

"ငါမင်းကိုမသတ်ပါဘူး.. မင်းရဲ့ သိုင်းစွမ်းအားကို ဖျက်ဆီးလိုက်ရုံပါပဲ.. အသက်ရှင်မရှင်ကတော့ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်"

စကားဆုံးသည်နှင့် ကျန်းချန်သည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လေထဲကနေ လွှတ်ချလိုက်‌တော့သည်။

"မလုပ်ပါနဲ့"

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရုတ်တရက် စိတ်ပျက်အားငယ်သွားခဲ့သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သာမန်လူများနှင့် ဘာမှ မကွာခြားတော့ပေ။

သို့ဖြစ်၍ ဤကဲ့သို့ ပေတစ်ရာအမြင့်ကနေ ပြုတ်ကျသည့် အခြေအနေတွင် သူ၏ တစ်ခုတည်းသော အဆုံးသတ်သည် တစ်ပိုင်းတစ်စစီ ဖြစ်ရန် အလားအလာ အလွန်များ၏။

ကျန်းချန်၏ အမူအရာက အေးစက်စက် ဖြစ်နေခဲ့သည်။

သူက လူလတ်ပိုင်းအရွယ် အမျိုးသား၏ နာကျင်စွာ အော်ဟစ်လိုက်သောအသံကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ထို့နောက်တွင် သူ၏ပုံရိပ်သည် စန်းဟိုင်မြို့၏ အထက်ကောင်းကင်ယံကနေ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။

တစ်နာရီခန့်အကြာတွင် ကျန်းချန်သည် ချင်းလွမ်မြို့ရှိ လျှိုမိသားစု ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"လျှိုခေါင်းဆောင်.. စန်းဟိုင်မြို့စား စန်းထျန်းခို့နဲ့ ရေနဂါးဂိုဏ်းရဲ့သံတမန်ကို ကျွန်တော်သတ်ပစ်လိုက်ပြီ.. နောက်ပိုင်းအခြေအနေတွေကို လျှိုခေါင်းဆောင်ပဲ ကိုင်တွယ်လိုက်တော့.. ကျွန်တော်က စန်းလန်အဖွဲ့အစည်းဆီကို သွားပြီး ရေနဂါးဂိုဏ်းကို ဖျက်ဆီးပစ်မယ်.. ပြီးရင် စန်းလန်အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို ပြန်လည်ရရှိအောင် သေချာပေါက်ကူညီပေးမယ်"

ကျန်းချန်က လျှိုရွှယ်ဖုန်းကို စကားအနည်းငယ် မှာကြားပြီးနောက်တွင် လျှိုရွှယ်ဖုန်း၏ မှင်တက်နေသော အကြည့်အောက်မှာပင် ကျုံးကျိုးကုန်းမြေ ဆီသို့ ဦးတည်၍ သွားခဲ့သည်။

အခန်း(၁၂၂၈)ပြီး၏။

အခန်း(၁၂၂၉)

စန်းလန်တောင်ပေါ်ရှိ တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေသော အသက်စွမ်းအင် မြူခိုးများသည် မှိန်ပျပျ နေရောင်အောက်တွင် မှုန်ဝါးသော အလင်းရောင်များ ထင်ဟပ်နေခဲ့သည်။

‌တောင်ပေါ်တွင် မျှော်စင်များနဲ့ ခန်းမများသည် ခမ်းနားထည်ဝါစွာ တည်ရှိနေခဲ့သည်။

စန်းလန်းတောင်ပေါ်ရှိ အဆောက်အဦးများသည် လွန်ခဲ့သောသုံးနှစ်က အတိုင်းပင် မပြောင်းလဲသေးပေ။

ထို့အပြင် တောင်ပေါ်ရှိ တပည့်များသည် အချင်းချင်းအတူတကွ သွားလာနေကြ၍ တည်ငြိမ်အေးဆေးနေသည်ဟု ဖော်ပြနေသလိုပင်။

သို့သော်လည်း အနီးကပ် ကြည့်ရှုမည်ဆိုလျှင် သဲလွန်စတချို့ကို တွေ့ရှိနိုင်မည် ဖြစ်၏။

စန်းလန်းအဖွဲ့အစည်း၏ ဂိတ်တံခါးရှေ့ရှိ စန်းလန် အဖွဲ့အစည်းဟု ရေးထိုးထားသော ကျောက်တိုင်သည် ယခုအခါတွင် မရှိတော့ပေ။

ထိုနေရာတွင် အသစ်စက်စက် ကျောက်တိုင်ရှိနေခဲ့ပြီး ထိုကျောက်တိုင်ပေါ်တွင် ရေနဂါးဂိုဏ်းခွဲ ဟူသော စာလုံးငါးလုံးသည် အလွန်တောက်ပစွာ ရှိနေခဲ့သည်။

စန်းလန်အဖွဲ့အစည်း၏ ဂိတ်တံခါးဝတွင် တံခါးစောင့် တာဝန်ယူထားသော တပည့်နှစ်ဦး၏ ဝတ်စုံများသည်လည်း ကောင်းကင်ပြာရောင် ဝတ်စုံများအဖြစ် ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

ထို့အပြင် သူတို့ ရင်ဘတ်ရှိ စန်းလန်အဖွဲ့အစည်း၏ တံဆိပ်နေရာတွင် ရေနဂါးဂိုဏ်း၏ တံဆိပ်ကို အစားထိုးထားခဲ့သည်။

"ဟူး.."

ရုတ်တရက် လေပြင်းတိုက်ခိုက်သံသည် ပတ်ဝန်းကျင်ရှိတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

အဝေးရှိကောင်းကင်ကနေ အနီရောင်ပုံရိပ် တစ်ရိပ်သည် လေထုကို ဖြတ်ကျော်ကာ စန်းလန်အဖွဲ့အစည်း ဆီသို့ အလျင်အမြန် ခရီးနှင်လာခဲ့၏။

"ခွင့်ပြုချက်မရှိဘဲ ဂိတ်တံခါးကို ဘယ်သူမှ ဖြတ်ကျော်ခွင့်မရှိဘူး"

တံခါးစောင့်တပည့်နှစ်ဦးက ရောက်လာသူကို ပြင်းထန်စွာ စိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။

"ဟမ့်..ငါကျောက်ယွိလုံ (၂)နှစ်လောက် ပြန်မရောက်တာနဲ့ ဂိတ်တံခါးစောင့်တဲ့ တပည့်တွေတောင် ငါ့ကိုမမှတ်မိတော့လို့ ထင်မထားခဲ့ဘူး"

အနီရောင်ပုံရိပ်က လေထဲကနေ ရုတ်တရက် ဆင်းသက်လာခဲ့သည်။

ထိုအခါတွင် အနည်းငယ် ပင်ပန်းနေပုံရပြီး ချောမောသည့် မျက်နှာကို အားလုံးက မြင်လိုက်ရသည်။

၎င်းက တခြားသူ မဟုတ်ပေ။

စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့်တပည့် ဖြစ်သည့် ကျောက်ယွိလုံပင် ဖြစ်သည်။

လွန်ခဲ့သည့်(၂)နှစ်အကြာခန့်က ကျောက်ယွိလုံသည် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက်တွင် စန်းလန် အဖွဲ့အစည်းကနေ ထွက်ခွာကာ ကိုယ့်ဘာသာကိုယ် ကျင့်ကြံခဲ့သည်။

နောက်ပိုင်းတွင် သူသည် အမွေအနှစ် နယ်မြေ တစ်ခုထဲသို့ မတော်တဆ ရောက်ရှိသွားခဲ့ပြီး အထဲတွင် ပိတ်မိနေခဲ့သည်။

သူက မကြာသေးခင်ကမှသာ ထိုနယ်မြေထဲမှ ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ယွိလုံက စန်းလန် အဖွဲ့အစည်း၏ သြဇာခံနယ်မြေတစ်ခုသို့ ရောက်ရှိသောအခါတွင် စန်းလန် အဖွဲ့အစည်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း သိရှိခဲ့ရသည်။

ကျောက်ယွိလုံက အံ့အားသင့်သွားခဲ့ပြီး စန်းလန်အဖွဲ့အစည်းဆီသို့ အလျင်အမြန်ပင် ပြန်လာခဲ့သည်။

"ကျောက်ယွိလုံဆိုတော့ မင်းက စန်းလန် အဖွဲ့အစည်းကနေ အပြင်ထွက်ပြီး လေ့ကျင့်နေတဲ့ ဘုရင်အဆင့် တပည့် ကျောက်ယွိလုံလား"

တံခါးစောင့်နှစ်ဦးသည် ကျောက်ယွိလုံ ဟူသော အမည်ကိုကြားလျှင် မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျောက်ယွိလုံက အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။

"ငါဘယ်သူလဲ သိပြီဆိုရင် ငါ့ကို ဘာလို့ ဝင်ခွင့်မပေးသေးတာလဲ"

"ဟားဟား ကျောက်ယွိလုံ.. မင်းက လက်ရှိအချိန်မှာ စန်းလန်အဖွဲ့အစည်းရဲ့ အကြွင်းအကျန်တစ်ယောက်ပဲ.. ငါတို့ရှေ့မှာ ဘာတွေ ဟိတ်ဟန်လာထုတ်နေတာလဲ.. ဒီနေရာက ရေနဂါးဂိုဏ်းရဲ့ဂိုဏ်းခွဲ ဖြစ်နေပြီဆိုတာ မင်းမမြင်ဘူးလား .. အခြေအနေကို သဘောပေါက်ရင် စန်းလန်အဖွဲ့အစည်းရဲ့တပည့်တွေလိုမျိုး ရေနဂါးဂိုဏ်းရဲ့ဝတ်စုံတွေကို ဝတ်ပြီး ရေနဂါးဂိုဏ်းကို အညံ့ခံလိုက်.. ဒီလိုမှမဟုတ်ရင် ဒီနေရာက မင်းကို သင်္ဂြိုဟ်မဲ့နေရာ ဖြစ်သွားလိမ့်မယ်"

တံခါးစောင့်နှစ်ဦးထဲမှ တစ်ဦးက ကျောက်ယွိလုံကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်ကာပြောလိုက်သည်။

"သွားသေလိုက်စမ်း"

ကျောက်ယွိလုံက ဒေါသတကြီးကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် တံခါးစောင့် တပည့်နှစ်ဦးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်နှာများဖြူဖျော့စွာဖြင့် ပေအနည်းငယ်အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။

တံခါးစောင့်တပည့်နှစ်ဦးကို သင်ခန်းစာ ပေးပြီးသည်နှင့် ကျောက်ယွိလုံသည် စန်းလန် အဖွဲ့အစည်း၏ ဂိတ်တံခါးထဲသို့ ဝင်တော့မည့်အချိန်မှာပင် စန်းလန်အဖွဲ့အစည်း အတွင်းကနေ အေးစက်စက် ကြိမ်းဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကျောက်ယွိလုံ ဒါက ရေနဂါးဂိုဏ်းရဲ့ဌာနခွဲပဲ.. မင်းရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး"

ကျောက်ယွိလုံက အသံလာရာဆီသို့ မော့ကြည့်လိုက်ရာ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် စန်းလန် အဖွဲ့အစည်းထဲကနေ လေထဲသို့ ပျံသန်းလာသည်ကို တွေ့မြင်ခဲ့ရသည်။

ထိုနန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးသည် အခြားသူ မဟုတ်ပေ။

စန်းလန်အဖွဲ့အစည်း၏ အကြီးအကဲ တစ်ဦးဖြစ်သည့် ရှန်းရွှယ်ကျီပင် ဖြစ်သည်။

"အကြီးအကဲရှန်းရွှယ်ကျီ.. ဒါက စန်းလန်အဖွဲ့အစည်းရဲ့ဌာနချုပ်ပဲ.. ဘယ်အချိန်က စပြီး ရေနဂါးဂိုဏ်းရဲ့ဌာနခွဲ ဖြစ်သွားရတာလဲ"

ကျောက်ယွိလုံက ရှန်းရွှယ်ကျီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"စန်းလန် အဖွဲ့အစည်းရဲ့ခေါင်းဆောင် စန်းဝူဟန်က ကျုံးကျိုးကုန်းမြေမှာရှိတဲ့ မြို့တော်ငါးမြို့ရဲ့ ဖမ်းဆီးမိန့်ကို မနာခံတဲ့အတွက် ချေမှုန်းခံလိုက်ရပြီ.. အခုကမ္ဘာပေါ်မှာ စန်းလန်အဖွဲ့အစည်းဆိုတာ မရှိတော့ဘူး.. ငါရှန်းရွှယ်ကျီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရေနဂါးဂိုဏ်းခွဲပဲ ကျန်ရှိတော့တယ်.. ကျောက်ယွိလုံ.. မင်းက ပါရမီကောင်းတဲ့ အတွက် ငါ့ကို အညံ့ခံမယ်ဆိုရင် ဖြစ်ခဲ့သမျှကို မေ့ပေးပြီး မင်းကို ရေနဂါးဂိုဏ်းရဲ့ အကြီးအကဲ ရာထူးပေးမယ်"

ရှန်းရွှယ်ကျီက အောက်ဘက်ရှိ ကျောက်ယွိလုံကို မထီတရီဟန်ဖြင့် စိုက်ကြည့်ကာ စည်းရုံးလိုက်သည်။

သူမ၏ အသံသည် ပတ်ဝန်းကျင် တစ်ခွင်လုံးကို ပဲ့တင်ထပ်နေခဲ့၏။

"ဟားဟား ရှန်းရွှယ်ကျီ.. မင်းလို စန်းလန် အဖွဲ့အစည်းရဲ့အကြီးအကဲ တစ်ယောက်က ရေနဂါးဂိုဏ်းရဲ့ ခွေးတစ်ကောင်ဖြစ်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ငါကျောက်ယွိလုံက လောဘကြီးပြီး သေမှာကြောက်တဲ့ မင်းနဲ့ ဘယ်လိုလုပ်ပြီး တစ်ဂိုဏ်းတည်း အတူတူနေနိုင်မှာလဲ.. ငါကျောက်ယွိလုံ တစ်ရက် အသက်ရှင်နေသရွေ့ ရေနဂါးဂိုဏ်းကို ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး.. သေရင်တောင် နောင်တမရှိဘဲနဲ့သေဆုံးမယ်"

ကျောက်ယွိလုံက ရယ်မောလိုက်ပြီး သူ၏ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် အရှိန်အဝါကို ဖော်ထုတ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ရှန်းရွှယ်ကျီ၏ အမူအရာသည် ချက်ချင်း ဆိုသလို အေးစက်သွားခဲ့၏။

သူမက ဝိညာဥ်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ပြီး ကျောက်ယွိလုံကို ဖိနှိပ်လိုက်သည်။

"ဘုရင့်စိတ်ဆန္ဒပါလား.. ရှန်းရွှယ်ကျီ မင်းက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်တောင် ရောက်နေပြီကိုး"

ကျောက်ယွိလုံက မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို အမူအရာက အလွန်လေးနက်သွားခဲ့သည်။

ရှန်းရွှယ်ကျီသာ သိုင်းသခင်နယ်ပယ် နဝမအဆင့်တွင် ရှိနေလျှင် သူ့အနေဖြင့် တိုက်ခိုက်ရန် ယုံကြည်မှုရှိသေးသည်။

သို့သော် ယခုအခါတွင် ရှန်းရွှယ်ကျီသည် ခြေလှမ်းတစ်ဝက်နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ သူ့အနေဖြင့် ဒုက္ခလှလှတွေ့ရန် အလားအလာ အလွန်များနေခဲ့၏။

"ကျောက်ယွိလုံ.. မင်းကို အသက်ရှင်ဖို့ အခွင့်အ‌ရေးပေးတာကို မင်းက တန်ဖိုးမထားခဲ့ဘူး.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

ရှန်းရွှယ်ကျီက ကျောက်ယွိလုံကို ရေခဲကဲ့သို့ အေးစက်စက်စိုက်ကြည့်လိုက်ပြီး သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဧရာမ ရေခဲလက်ဝါးတစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျောက်ယွိလုံကို ဖိနှိပ်လိုက်သည်။

ကျောက်ယွိလုံက သက်ပြင်းချလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအင်များကို အကုန်အစင် ဖော်ထုတ်ကာ ခုခံရန်ပြင်ဆင်လိုက်သည်။

ထိုသို့ ကျောက်ယွိလုံက ခွန်အားအပြည့်ဖြင့် ရှန်းရွှယ်ကျီကို သူသေကိုယ်သေ ရင်ဆိုင် တိုက်ခိုက်တော့မည့် အချိန်မှာပင် ကျယ်လောင်သော ကြုံးဝါးသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့သည်။

"ဟမ့်.. ရှန်းရွှယ်ကျီ.. ငါတို့ စန်းလန်အဖွဲ့အစည်းရဲ့ တပည့်ကို သတ်ချင်တိုင်းသတ်လို့ ရမယ် မထင်နဲ့.. အကိုကျောက်ရဲ့ ဆံချည်တစ်မျှင်ကို ဘယ်သူထိရဲလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"

စကားသံဆုံးသည်နှင့် ပတ်ဝန်းကျင်လေထုသည် ခဏမျှ တုန်ယင်သွားခဲ့ပြီး အာကာပြင် အက်ကွဲကြောင်းတစ်ခုသည်ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ပိန်ရှည်ရှည် အနက်ရောင်ပုံရိပ် တစ်ခုသည် ထိုအက်ကွဲကြောင်းထဲက ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့သည်ကို အားလုံးက တွေ့မြင်လိုက်ရသည်။

ထိုအနက်ရောင်ပုံရိပ်က ရှန်းရွှယ်ကျီ၏ ဧရာမ ရေခဲလက်ဝါးကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ညင်သာစွာ လှုပ်ရှားလိုက်သည်။

တစ်ခဏအတွင်းမှာပင် ဧရာမရေခဲလက်ဝါးသည် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့၏။

လေထဲတွင် ရုတ်တရက် ပေါ်လာသော အနက်ရောင် ပုံရိပ်ကို ကြည့်ရင်း ကျောက်ယွိလုံသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ခဏအကြာတွင် သူက အနက်ရောင်ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ မျက်နှာထက်တွင် ရွှင်ပြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"ညီလေးကျန်း မင်းလား"

"အကိုကျောက် မတွေ့တာတောင် ကြာပြီ"

ကျန်းချန်က အောက်ဘက်ရှိ ကျောက်ယွိလုံကို ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

"ညီလေးကျန်း စန်းလန်အဖွဲ့အစည်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီ.. အခုငါတို့ရဲ့ ဌာနချုပ်က ရေနဂါးဂိုဏ်းရဲ့ဌာနခွဲတောင် ဖြစ်နေပြီ.. ညီလေးကျန်း ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်"

စန်းလန်အဖွဲ့အစည်း၏ လက်ရှိအခြေအနေကို သတိရသည်နှင့် ကျောက်ယွိလုံသည် စိုးရိမ်သွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။

"အကိုကျောက် စိတ်ပူစရာမလိုပါဘူး.. ဒီကိစ္စကို ကျွန်တော်သိပြီးသားပါ"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ အောက်ဘက်ရှိ ကျောက်တိုင်ကို ထိုးခွဲလိုက်သည်။

ဤသို့ဖြင့် ရေနဂါးဂိုဏ်း ဌာနခွဲဟု ရေးထွင်းထားသည့် ကျောက်စာတိုင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့၏။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ အေးစက်စက်အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါတို့ စန်းလန်အဖွဲ့အစည်းရဲ့ ဂိတ်တံခါးမှာ ဘယ်အချိန်ကစပြီး ရေနဂါးဂိုဏ်းခွဲ ဆိုတဲ့ ကျောက်စာတိုင်က ရှိနေရတာလဲ.. ဒီနေ့ ငါကျန်းချန် ပြန်လာပြီ.. ရေနဂါးဂိုဏ်းကို ချေမှုန်းပြီး စန်းလန်အဖွဲ့အစည်းရဲ့နာမည်ကို ပြန်လည်အသက်သွင်းမယ်"

အခန်း(၁၂၂၉)ပြီး၏။

အခန်း(၁၂၃၀)

"ဒီနေ့ ငါကျန်းချန် ပြန်လာပြီ.. ရေနဂါးဂိုဏ်းကို ဖျက်ဆီးပြီး စန်းလန်အဖွဲ့အစည်းရဲ့ နာမည်ကို ပြန်လည် အသက်သွင်းမယ်"

ရေခဲကဲ့သို့ အေးစက်စက် အသံသည် စန်းလန်တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး စန်းလန် အဖွဲ့အစည်း၏ တစ်ခွင်လုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

"ညီနောင်ကျန်းချန် ပြန်လာပြီဟေ့.. ညီနောင်ကျန်းချန်ပြန်‌ရောက်လာပြီ"

"ကျန်းချန်က ငါတို့ စန်းလန်အဖွဲ့အစည်းရဲ့ ကိစ္စတွေကို လျစ်လျူမရှုဘူးဆိုတာ ငါသိသားပဲ"

"ဟားဟား ညီနောင်ကျန်းချန် ပြန်ရောက်လာပြီ ဆိုမှတော့ ငါတို့ စန်းလန် အဖွဲ့အစည်းတော့ ဒီအခက်အခဲကနေ ကယ်တင်ခံရပြီ"

"........"

စန်းလန်အဖွဲ့အစည်း အတွင်းရှိ အကြီးအကဲနှင့် တပည့်များသည် ကျန်းချန် ကြုံးဝါးလိုက်သော စကားကိုကြားလျှင် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

ကျန်းချန် ဆိုသည်မှာ တစ်ချိန်က သူတို့ စန်းလန်အဖွဲ့အစည်း၏ ဒဏ္ဍာရီတစ်ပါး ဖြစ်ပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤသုံးနှစ်အတွင်း ကျန်းချန်၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေမည်မှာ သေချာ၏။

ကျန်းချန် ပြန်ရောက်လာခဲ့ပြီဖြစ်ရာ သူတို့ စန်းလန်အဖွဲ့အစည်းကို ဦးဆောင်ပြီး ယခင်ကကဲ့သို့ ဂုဏ်ကျက်သရေမျိုးကို ပြန်လည်ရရှိစေမည်မှာ သေချာသလောက်ပင်။

"ကျန်းချန် မင်းဖြစ်နေတာကိုး.. မင်းကို မြို့တော်ငါးမြို့က ဖမ်းဆီးမိန့်ထုတ်ထားတာတောင် မင်းက စန်းလန်အဖွဲ့အစည်းကို ပြန်လာရဲတယ်.. ဒီနေ့ ငါမင်းကို ဖမ်းပြီး မင်းရဲ့ဦးခေါင်းနဲ့ ဆုလာဘ် သွားထုတ်မယ်"

ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကိုမြင်လျှင် ရှန်းရွှယ်ကျီသည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထို့နောက် သူမ၏ မျက်လုံးထဲတွင် လောဘတက်သည့်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

လွန်ခဲ့သော တစ်နှစ်အကြာက မြို့တော်ငါးခုသည် ကျန်းချန်ကို ကြီးမားသော ဆုလာဘ်ဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ရာ ကျုံးကျိုးကုန်းမြေ တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ကျန်းချန်၏ တည်နေရာကို မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရှာဖွေခဲ့ကြသည်။

ကြယ်သုံးပွင့် အင်အားစုဖြစ်သည့် ရွှယ်ပင်းနန်းတော်ပင် ကျန်းချန်ကို ရူးသွပ်စွာ ရှာဖွေခဲ့၏။

ဖမ်းဆီးမိန့်ကို ထုတ်ပြန်ခဲ့သည့် သူများသည် ကြယ်လေးပွင့်အဆင့် ဖြစ်သည့် သူတော်စင်မြို့တော်ငါးမြို့ ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်ကိုသာ ဖမ်းမိလျှင် မြို့တော်ငါးမြို့၏ ဆုလာဘ်များကို ရယူနိုင်ရုံသာမကဘဲ မြို့တော် ငါးခုနှင့်လည်း ဆက်ဆံရေး တည်ဆောက်နိုင်မည် ဖြစ်၏။

ကျုံးကျိုးကုန်းမြေ တစ်ခုလုံးမှာပင် ဤကဲ့သို့ သွေးဆောင်မှုကို ငြင်းပယ်နိုင်သည့်သူ အလွန်ပင်နည်းပါး၏။

ထို့ကြောင့်ပင် ရွှယ်ပင်းနန်းတော်သည် စန်းလန်အဖွဲ့အစည်းနှင့် ကျန်းချန်တို့ ပတ်သက်သည့် သတင်းကိုရသည်နှင့် စန်းလန် အဖွဲ့အစည်းကို တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးပစ်ခဲ့သည်။

သူတို့၏ ရည်ရွယ်ချက်မှာ ကျန်းချန် ထွက်ပေါ်လာစေရန်အတွက် အတင်းအကျပ် ဖိအားပေးရန် ဖြစ်သည်။

ယခုအခါတွင် ရွှယ်ပင်းနန်းတော်၏ ရည်ရွယ်ချက်သည် အောင်မြင်သွားခဲ့ပြီ ဖြစ်၏။

ကျန်းချန်သည် စန်းလန်အဖွဲ့အစည်း ဖျက်ဆီးခံရသော သတင်းကို သိရှိပြီးနောက်တွင် ရွှယ်ပင်းနန်းတော် ခန့်မှန့်ထားသည့်အတိုင်းပင် စန်းလန်အဖွဲ့အစည်း ဆီသို့ ပြန်လာခဲ့သည်။

"ရှန်းရွှယ်ကျီ.. မင်းက ငါ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျန်းချန်လို့များ ထင်နေလား.. မင်းရဲ့ လက်ရှိခွန်အားလောက်နဲ့ ငါ့ကို အနိုင်ယူဖို့ အရည်အချင်း မပြည့်မီသေးဘူး.. မင်းက စန်းလန်အဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပြီး ရေနဂါးဂိုဏ်းရဲ့ လက်အောက်ခံ ခွေးတစ်ကောင်ဖြစ်ဖို့ ဆန္ဒ ရှိခဲ့တယ်.. ဒါ့အပြင် မင်းက စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တွေကိုလည်းဖိနှိပ်ခဲ့တယ် သွားသေလိုက်တော့"

စကားဆုံးသည်နှင့် ကျန်းချန်က လက်တစ်ဖက်ကို မြှောက်ကာ ရှန်းရွှယ်ကျီကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

"ဒီကောင်လေးမှာ ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းတဲ့စွမ်းအားတွေ ရှိနေရတာလဲ"

မူလက လောဘရိပ်များ ထွက်ပေါ်နေသော ရှန်းရွှယ်ကျီ၏ မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လေဟာနယ်ထဲတွင် ဧရာမ လက်ဝါးတစ်ဖက် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး လေထုကို ထိုးဖောက်ကာ ထိုက်စန်းတောင်ဖြင့် အပေါ်က ဖိချလိုက်သလိုမျိုး ရှန်းရွှယ်ကျီကို ဖိချလိုက်သည်။

"ရွှယ်ယင်ဓား"

ရှန်းရွှယ်ကျီက ကြုံးဝါးလိုက်သည်နှင့် သူမ၏ လက်ထဲမှ ဓားရှည်သည် အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့်ဧရာမ ဓားတစ်စင်း အဖြစ်သို့ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားပြီး ကျန်းချန်၏ ကောင်းကင်ထက်ကနေ ကျဆင်းလာသော ဧရာမ လက်ဝါးရိုက်ချက်ကို ထောက်တိုင်တစ်တိုင်ကဲ့သို့‌ ထောက်ထားလိုက်သည်။

ထိုသို့ ထောက်ကန်ထားလိုက်သဖြင့် ကျန်းချန်၏ ဧရာမလက်ဝါးရိုက်ချက်သည် အောက်ဘက်သို့ ကျဆင်းခြင်းမရှိတော့ပေ။

"သေစမ်း"

ကျန်းချန်က ထီမထင်ဟန်ဖြင့် ကြုံးဝါးလိုက်ပြီး သူ၏ဧရာမလက်ဝါးကို အနည်းငယ် အားစိုက်လိုက်သည်။

"ဝုန်း"

ဧရာမဓားကြီးက ထောက်ကန်ကာ ပိတ်ဆို့ထားခြင်းကို ခံနေရသည့် ကျန်းချန်၏ ဧရာမလက်ဝါးသည် ချက်ချင်းဆိုသလို ပြိုင်ဘက်ကင်းခွန်အားကို သယ်ဆောင်လာခဲ့ပြီး ဧရာမဓားကြီး ထံသို့ စိမ့်ဝင်သွားခဲ့သည်။

ထို့နောက်တွင် ရှန်းရွှယ်ကျီ၏ ဧရာမဓားသည် ကြွပ်ဆတ်သောဖန်ခွက် ကဲ့သို့ တစ်လက်မချင်းစီ ကွဲကြေသွားခဲ့သည်။

ဧရာမဓားကြီး ပျက်စီးပြီးနောက်တွင် ကျန်းချန်၏ ဧရာမလက်ဝါးသည် အောက်ဘက်သို့ ဆက်လက် ကျဆင်းလာခဲ့သည်။

ဧရာမလက်ဝါး၏ နေရာလွတ်ကို ပိတ်ဆို့နိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြောင့် ရှန်းရွှယ်ကျီသည် သူမ ရှိနေသည့်နေရာကနေ တစ်လက်မပင် မရွေ့လျားနိုင်တော့ပေ။

"ငါ့ကိုမသတ်ပါနဲ့.. သခင်ရွှယ်ဖုန်း ကျွန်မကို ကယ်ပါဦး"

ထိုအချိန်တွင် ရှန်းရွှယ်ကျီသည် သူမ၏စိတ်နှလုံးထဲကနေ သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားလိုက်ရပြီး သူမ၏ နှုတ်ကနေ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့ရာတွင် ရှန်းရွှယ်ကျီ၏ အော်ဟစ်သံ အဆုံးသတ်သည်နှင့် ကျန်းချန်၏ ဧရာမလက်ဝါးသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျ‌ဆင်းလာခဲ့ပြီး ပေတစ်ရာအမြင့်ကနေ သူမကို မြေပြင်ထက်သို့ ရိုက်ချလိုက်သည်။

"ဝုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံးသို့ ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

စန်းလန်တောင် တစ်ခုလုံးပင် ငလျင်လှုပ်သကဲ့သို့ လှုပ်ရမ်းသွားခဲ့၏။

ဖုန်မှုန့်များအားလုံး ကွယ်ပျောက်သွားပြီးသည့်နောက်တွင် စန်းလန်အဖွဲ့အစည်း၏ ဂိတ်တံခါးရှေ့ရှိ မြေပြင်ထက်တွင် မီတာရာပေါင်းများစွာ အရွယ်အစားရှိသော လက်ဝါးပုံစံ တစ်ခု ဖြစ်ပေါ်နေသည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုလက်ဝါးရိုက်ချက်ဖြင့် ဖိနှိပ်ခံခဲ့ရသော ရှန်းရွှယ်ကျီ၏ ပုံရိပ်ကိုမူ လုံးဝ မမြင်တွေ့ရပေ။

ဤသည်ကိုကြည့်၍ ကျန်းချန်၏ လက်ဝါးရိုက်ချက်က ရှန်းရွှယ်ကျီကို အစအနပင် မကျန်အောင် ဖျက်ဆီးပစ်လိုက်သည်မှာ ထင်ရှားနေသည်။

"ရှန်းရွှယ်ကျီ သေသွားပြီလား"

စန်းလန်အဖွဲ့အစည်းအတွင်းမှ ကျန်းချန်နှင့် ရှန်းရွှယ်ကျီတို့၏ တိုက်ပွဲကို ကြည့်ရှုရန် အပြင်သို့ထွက်လာခဲ့ကြသော စန်းလန်အဖွဲ့အစည်းမှ တပည့်တချို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်က အလွန် အင်အားကြီးကြောင်း သူတို့သိထားကြသော်လည်း ဤမျှအထိ ခွန်အားကြီးလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

ရှန်းရွှယ်ကျီလို ခြေလှမ်းတစ်ဝက် နတ်ဝိညာဉ်ဘုရင် အဆင့်ကိုပင် တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်မှာ အလွန်ကြောက်စရာကောင်းသည် မဟုတ်ပါလော။

"ညီနောင်ကျန်းချန်က အရမ်းကို သန်မာလွန်းတာပဲ"

ကျောက်ယွိလုံကလည်း ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

သူက အချိန်အတော်ကြာသည် အထိ မှင်တက်နေခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်အကြာက ကျောက်ယွိလုံသည် သိုင်းသခင်နယ်ပယ်အဆင့် ထိုးဖောက်ပြီးနောက်တွင် စန်းလန်အဖွဲ့အစည်းမှထွက်ကာ ကိုယ့်ဘာသာကိုယ် ကျင့်ကြံခဲ့သည်။

ထို့နောက်တွင် သူက အခွင့်အလမ်းများစွာကို ရရှိခဲ့ပြီး (၂)နှစ်အတွင်းမှာပင် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။

ကျောက်ယွိလုံက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို သာမန်ထက် ထူးခြားသည်ဟု ထင်နေခဲ့သည်။

သို့ရာတွင် ကျန်းချန်၏ ကျင့်ကြံခြင်း အမြန်နှုန်းက သူ့ထက်ပင် ပို၍ သာလွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှန်းရွှယ်ကျီသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်နှင့် အတော်လေး နီးစပ်နေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ဤကဲ့သို့ ခွန်အားကြီးသော ကျင့်ကြံသူကိုပင် ကျန်းချန်သည် ပေါ့ပေါ့ပါးပါးပင် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

"ညီနောင်ကျန်းချန်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်မယ်.. ညီနောင်ကျန်းချန်က စန်းလန်အဖွဲ့အစည်းရဲ့ သမိုင်းမှာ ပါရမီ အထူးချွန်ဆုံး နတ်ဆိုးတစ်ယောက်ပဲ"

ကျောက်ယွိလုံက သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေခဲ့သည်။

သူ၏မျက်လုံးထဲတွင် ရွှင်ပြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ယခုအခါတွင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ သူတို့ စန်းလန်အဖွဲ့အစည်းသည် အမှန်တကယ်ပင် ကယ်တင်ခံရနိုင်သည် မဟုတ်ပါလော။

ရှန်းရွှယ်ကျီကို လက်ဝါးရိုက်ချက်ဖြင့် သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် စန်းလန်အဖွဲ့အစည်း၏ နက်ရှိုင်းသော နေရာဆီသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထို့‌နောက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"အထဲက တစ်ယောက်.. ထွက်လာပြီး ကိုယ့်ဘာသာကိုယ် အသေခံမလား ဒါမှမဟုတ် ငါအထဲဝင်လာပြီး မင်းကိုအဆုံးသတ်ပေးရမလား"

ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် စန်းလန်အဖွဲ့အစည်း၏ နက်ရှိုင်းသော နေရာကနေ အေးစက်စက် ရေရွှတ်သံတစ်သံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်..မင်းက မြို့တော်ငါးခုရဲ့ ဖမ်းဆီးမိန့် ထုတ်ပြန်ထားတဲ့လူလို့ မပြောရဘူး.. တကယ်ကို မောက်မာတဲ့ကောင်ပဲ.. ငါတို့က မင်းထွက်ပေါ်လာအောင် စန်းလန်အဖွဲ့အစည်းကို တမင်တကာ ဖြိုခွဲပြီး ထောင်ချောက်ဆင်ထားတာပဲ.. အခုတော့ မင်းက ထောင်ချောက်ထဲကို မင်းဘာသာမင်း ဝင်ရောက်လာခဲ့ပြီ.. အခြေအနေကို နားလည်ရင် အဖမ်းခံလိုက်ပါ"

အေးစက်စက် ရေရွတ်သံနှင့်အတူ စန်းလန် အဖွဲ့အစည်းထဲကနေ ဘုရင့်စိတ်ဆန္ဒ တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"ဒါက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ရဲ့ ဘုရင့်စိတ်ဆန္ဒပါလား"

ကောင်းကင်ပေါ်သို့ ဘုရင့်စိတ်ဆန္ဒ ထိုးတက်လာသည်ကို မြင်လျှင် စန်းလန် အဖွဲ့အစည်းမှ လူပေါင်းများစွာ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့ စန်းလန်အဖွဲ့အစည်းတွင် ကျန်းချန်ကို ဖမ်းဆီးရန်အတွက် နတ်ဝိညာဥ်ဘုရင် တစ်ပါး ရှိနေပါသလော။

အခန်း(၁၂၃၀)ပြီး၏။

All Chapters