အားကုန် တိုက်ခိုက်ခြင်း
Vol. 48 Ch. 718
“ကကူ”
ထိုအေအဆင့် သတ္တဝါ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။ ၎င်း၏ အကြည့်တွင် အမုန်းတရားများ ပြည့်နှက်နေပြီး မျက်လုံးများက ကျွတ်ထွက်လုနီးပါး ဖြစ်နေ၏။ အကယ်၍ ဒေါသကသာ တိုက်ပွဲ သက်ရောက်မှုကို တိုးမြှင့်နိုင်ပါက ထိုသတ္တဝါသည် တိုက်ပွဲတင်ခွန်အား၌ အထွက်အထိပ်သို့ ရောက်သွားလောက်သည်။
လက်နက်နှင့်အတူ လက်မောင်းတစ်ဖက်ကို ဆုံးရှုံးသွားသော်လည်း ၎င်းက ကျန်လက်တစ်ဖက်နှင့် တိုက်ခိုက် နေသည်။ ရဲ့လင်းချန်ကို သတ်၍ မရနိုင်မှန်း ကောင်းကောင်း သိသွားပြီးနောက် ၎င်း၏ အကြည့်က လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းထံ ရောက်သွားသည်။ နောက်ဖြစ်လာမည့် အကျိုးဆက်ကို တွေးမနေဘဲ ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် ထုတ်လေတော့သည်။
“ကဆမိုဒီလူ”
၎င်း၏ မျက်လုံးများက စွေးစွေးနီနေပြီး ကျယ်လောင်စွာ အော်ဟစ်၍ တိုက်ခိုက်လာသည်။
ရဲ့လင်းချန်၏ အမူအရာက အနည်းငယ် မည်းမှောင်သွားပြီး သူ၏ တိုက်ခိုက်မှုများက ပို၍ ကြမ်းတမ်းလာသည်။ ထိုသတ္တဝါက ဘာပြောလိုက်မှန်း သူ မသိသော်လည်း ၎င်းက အခြား A+ အဆင့် သတ္တဝါနှင့် ဆက်သွယ် ပြောဆိုနေသည်ကို သူ ခံစားမိသည်။ ထိုသတ္တဝါ၏ ပါးစပ်ကို ရဲ့လင်းချန် ပိတ်ကို ပိတ်ရပေတော့မည်။
ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ မျက်ခုံးများ လှုပ်သွားပြီး ကြက်သီး တဖြန်းဖြန်း ထလာသည်။ ကြီးမားသော အန္တရာယ်ကို သူ့နှလုံးသား၏ နက်ရှိုင်းသော တစ်နေရာမှ ခံစားမိလာသည်။
အနောက်ဘက် အဝေးတစ်နေရာ၌ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များက အလွန်အမင်း မငြိမ်မသက် ဖြစ်လာပြီး အားကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
*ဒါ A+ အဆင့် သတ္တဝါပဲ*
*အဲ့ကောင်က ဘာလုပ်ချင်တာလဲ*
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားရသည်။
တကယ်တမ်းတွင် အဖြေက ရှင်းလွန်းလှသည်။ ၎င်းသည် အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း ဖြစ်သည်။ တနည်းပြောရလျင် အစွမ်းကုန် တိုက်ခိုက်ရန် ဖြစ်လေသည်။
*ရက်စက်လွန်းတာပဲ*
ရဲ့လင်းချန် လွတ်မြောက်နိုင်သော်လည်း လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့က မဖြစ်နိုင်ပေ။ သူတို့သည် ထို A+ အဆင့် သတ္တဝါနှင့် အတူတူ သေဆုံးသွားနိုင်ချေ များသည်။
သို့သော် …. အရိပ်တစ်ခုက မြူခိုးထဲမှ ပြေးထွက်လာပြီးနောက် A+ အဆင့် သတ္တဝါကို ဖက်ထားကာ ပတ်ဝန်းကျင်မှ မြင့်တက်လာနေသော စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်း၍ တင်းကြပ်စွာ ချုပ်နှောင်လိုက်သည်။
၎င်း၏ စွမ်းအင် နှောင့်ယှက်ခံလိုက်ရပြီး တစ်ခဏကြာသော် ပြင်းထန်သော အရိုးကျိုးသံများကို ကြားလိုက်ရသည်။
“ရောင်းရင်းယု”
ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့ ဆောက်တည်ရာမရ ပြိုင်တူ အော်ဟစ်လိုက်မိကြသည်။
ရဲ့လင်းချန် လှမ်းမကြည့်ရဲပါ။ သူသည် အေအဆင့် သတ္တဝါကို နီရဲနေသော မျက်လုံးဖြင့် စိုက်ကြည့်၍ ၎င်း၏ ခေါင်းတည့်တည့်ကို လှံဖြင့် ထိုးစိုက်လိုက်သည်။
“ဝုန်း”
ထိုသတ္တဝါ၏ ဦးခေါင်း ပေါက်ကွဲသွားသည်။
ထို့နောက်တွင်မူ ရဲ့လင်းချန်သည် အချိန်ဆွဲမနေဘဲ လှံကို ပြန်နုတ်၍ A+ အဆင့် သတ္တဝါ၏ ဦးခေါင်းတည့်တည့်ကို လှံဖြင့် ထိုးလိုက်သည်။
လှံက ဝံပုလွေသွား တင်းပုတ်ဖြင့် ရိုက်ခတ်သွားပြီး ရဲ့လင်းချန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင် သွားသော်လည်း နောက်ဆုတ်မသွားပေ။ လှံက လေထဲ၌ တစ်ပတ်ယိမ်းသွားပြီး နောက်တစ်ကြိမ် ထပ်မံ၍ ထိုးစိုက်လေသည်။
နှစ်ယောက်လုံး၏ လက်နက်တွင် စိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ဖုံးအုပ်နေပြီး ၎င်းတို့၏ တိုက်ခိုက်မှုတိုင်း၌ မူလစိတ်ဝိညာဉ် ချီစွမ်းအင်တို့ ပြည့်နှက်နေ၏။ ထိုသို့သော တိုက်ပွဲမျိုးသည် ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့ ဝင်ပါနိုင်သည့် တိုက်ပွဲ မဟုတ်သဖြင့် သူတို့သည် ဘေးထွက်နေ၍ စိုးရိမ်တကြီး ကြည့်နေရန်သာ တတ်နိုင် လေတော့သည်။
၎င်းသည် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီး ကျန်အနှောင့်အယှက်များက အရေးမကြီးတော့ပေ။
သူတို့သည် အနည်းငယ် စိုးရိမ်ပူပန်နေပုံရပြီး တိုက်ပွဲအား ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည်။
*တိုက်ပွဲက ဖြစ်နေတုန်းလား*
ရဲ့လင်းချန်သည် အမ သတ္တဝါနှင့် အေအဆင့် သတ္တဝါတစ်ကောင်ကို သတ်ခဲ့ပြီး A+ အဆင့် သတ္တဝါနှင့် အေအဆင့် သတ္တဝါ နှစ်ကောင်ကို အာရုံပြောင်း၍ ခေါ်သွားခဲ့သည်။ ဟင်းလင်းပြင် သတ္တဝါများ၏ အင်အားက သိသိသာသာ နည်းသွားသော်လည်း သူတို့သည် တိုက်ပွဲ၌ မနားရသေးပေ။
“ဒေါင်”
ထိုစဉ် ရဲ့လင်းချန်က လက်ထဲက လှံကို လွှတ်ချ၍ သူ၏ ပြင်းထန်သော အရဟာ လက်သီးစွမ်းအင်ကို ထုတ်ဖော် လိုက်သည်။ ကျားဟိန်းသံကဲ့သို့ အားကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး A+ သတ္တဝါထံသို့ တိုးဝင်သွားသည်။
A+ သတ္တဝါက လက်ထဲမှ တင်းပုတ်ကို မြှောက်၍ ခုခံလိုက်သော်လည်း ရဲ့လင်းချန်က မှန်းထားပြီးသား ဖြစ်သည်။ သူက ဘယ်လက်ကို ဆန့်ထုတ်၍ သိမ်းငှက်လက်သည်းသဖွယ် A+ သတ္တဝါ၏ လက်ကို ချုပ်ထားလိုက်သည်။ သူ၏ ညာလက်မှ စိတ်ဝိညာဉ်စွမ်းအင်က အပြင်းအထန် စီးဆင်းနေပြီး နှလုံးဖျက် လက်ဝါးဖြင့် ၎င်း၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။
ရဲ့လင်းချန်သည် လှံသိုင်းကို ကျွမ်းကျင်ခြင်း မရှိပေ။ သူသည် သူ့ထက် အင်အားနည်းသူများကို အရူးလုပ်နိုင် လောက်သော်လည်း အန္တရာယ်များသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ ယင်းက သူ၏ လှုပ်ရှားမှုများကို အကန့်အသတ် ဖြစ်သွားစေသည်။
ရဲ့လင်းချန် သိတာမှန်သမျှက လက်သီးနှင့် ခြေသိုင်းတို့ ဖြစ်သည်။
“ရွှစ်”
A+ သတ္တဝါ၏ သွေးများက ချက်ချင်း အငွေ့ပြန်သွားပြီး ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အရှိန်အဝါက အပြင်းထန် ထွက်ပေါ်လာသည်။ ၎င်းကလည်း လက်သီးကိုဝင့်လာပြီး သွေးမြူခိုးများ ရစ်ပတ်လာပြီး ရဲ့လင်းချန်အား ခက်ထန်သော အမူအရာနှင့် တိုက်ခိုက်လေသည်။
လက်သီးချင်း ထိုးမိသွားသည့်အခါ ပေါက်ကွဲသံ ဖြစ်ပေါ်လာသည်။ ပြင်းထန်သော တွန်းကန်အားက သူတို့၏ အရိုးများ၌ အက်ရာအချို့ ဖြစ်သွားစေသည်။
လူတစ်ယောက်သည် မည်မျှ ကျင့်ကြံပါစေ အသွေးအသား၏ တင်းမာမှုမှ မလွတ်မြောက်နိုင်ပေ။ နှစ်ဦးလုံးက သန်မာသဖြင့် လက်သီးခြင်း ထိုးမိရာမှ တန်ပြန်ထွက်လာသော စွမ်းအင်ကြောင့် သူတို့၏ လက်မောင်းများ မပျက်စီးသွားသည်က ကံကောင်းလှသည်။
သို့သော် ရဲ့လင်းချန်က သက်ရောက်မှုကို များများစားစား မခံစားမိပေ။ သူက လက်သီးကို ပြန်ဝင့်၍ အရဟာ လက်သီးစွမ်းအင်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။ တောင်တစ်လုံးနှင့် ညီမျှသော အင်အားတစ်ခု ကျဆင်း လာလေသည်။
“ကကူ”
A+ အဆင့် သတ္တဝါသည်လည်း ရူးမတတ် ဖြစ်နေလေသည်။ ထိုအခိုက်တွင် ၎င်း၏ အခြားလက်တစ်ဖက်က ရဲ့လင်းချန်၏ ဖမ်းချုပ်ခြင်း ခံထားရပြိး နှစ်ယောက်ကြားမှ အကွာအဝေးက အလွန်အမင်း နီးကပ်လှသည်။ သူသည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ပြင်ဆင်ထားခြင်း မရှိသဖြင့် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်း၍ ပြန်လည် ထိုးနှက်လေသည်။
“ဝုန်း”
သူတို့၏ လက်သီးချင်း ထပ်မံထိုးနှက်သွားပြီး ပို၍ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ ရဲ့လင်းချန်၏ လက်မောင်း အရေပြားက စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာသည်။ A+ အဆင့် သတ္တဝါက အခြေအနေ ပိုဆိုးပြီး သူ့လက်မောင်းမှ အရေပြားနှင့် အရိုးများ ပြတ်တောက်သွားပြီး သွေးများ အဆက်မပြတ် ပန်းထွက်လာသည်။
၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်က ရဲ့လင်းချန်ထက် ပိုအားကောင်းသော်လည်း ရဲ့လင်းချန်သည် ရှစ်ဆ ပြင်းထန် သားရဲလေ့ကျင့်ခန်းကြောင့် ကိုယ်ကာယခွန်အားက ၎င်းထက် ပိုမို သာလွန်လေသည်။ ထို့အပြင် ရဲ့လင်းချန်သည် သာမန် သိုင်းပညာ လေ့ကျင့်သူ တစ်ယောက် မဟုတ်ဘဲ သူ့ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်လည်း ရှိပေသည်။ စိတ်ဝိညာဉ်စွမ်းအင်က သိုင်းပညာလောက် ဖျက်အား မပြင်းသော်လည်း သူမတူသော သက်ရောက်မှုများစွာရှိပြီး ၎င်းတို့ထဲမှ တစ်ခုသည် ကုသခြင်း ဖြစ်သည်။
ထို့ကြောင့် ရဲ့လင်းချန်၏ ဒဏ်ရာက ထင်သလောက် မဆိုးရွားပေ။
ရဲ့လင်းချန်သည် တတိယအကြိမ် လက်သီးကို ဝင့်လိုက်သော်လည်း A+ အဆင့် သတ္တဝါသည် ယခင်ကလောက် မတိုက်ခိုက်နိုင်တော့ပေ။ ၎င်းက လက်ကိုမြှောက်၍ ရဲ့လင်းချန်၏ လက်ကို ဖမ်းချုပ်ထားသည်။ သို့သော် ထိုအပြုအမူက ချုပ်ထားသကဲ့သို့ ဖြစ်သွားပြီး မည်သို့သေ စွမ်းအင်ကိုမှ မထုတ်နိုင် ဖြစ်သွားစေသည်။
နှစ်ယောက်လုံး အချုပ်အနှောင် မိသွားပြီး လှုပ်ရှားမှုများက အကန့်အသတ်နှင့် ဖြစ်သွားလေသည်။
ရဲ့လင်းချန်သည် သူ့ခြေထောက်နားမှ ဝံပုလွေပြာ၏ နည်းပြချုပ် အလောင်းကို မြင်ပြီး မျက်လုံးများ နီရဲသွားသည်။ သူက A+ အဆင့် သတ္တဝါကို ညစ်ကျယ်ကျယ် ပြုံး၍ ကြည့်ကာ ထိုသတ္တဝါအား ခေါင်းဖြင့် တိုက်လိုက်သည်။
“ဒုန်း”
ရဲ့လင်းချန်၏ နဖူးက နီရဲသွားရုံမျှသာ ရှိသော်လည်း A+ အဆင့် သတ္တဝါ၏ နဖူးက ကွဲသွားပြီး သွေးများ စီးကျလာသည်။
ရဲ့လင်းချန်သည် ခွင့်မလွှတ်တတ်သော လူစားမျိုး ဖြစ်သည်။ သူသည် သုံးကြိမ်ဆက်တိုက် ခေါင်းဖြင့် တိုက်နေသဖြင့် A+ အဆင့် သတ္တဝါ၏ ချုပ်နှောင်မှုက ပြေလျော့လာပြီး ၎င်းက ခေါင်းမူးလာလေသည်။
ထိုစဉ် ရဲ့လင်းချန်၏ ညာလက်က တွန့်ခါသွားပြီး ထိုသတ္တဝါ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ အားကောင်းသော လက်သီးက ၎င်း၏ ခန္ဓာကိုယ်ထဲ နစ်ဝင်သွားပြီး ကိုယ်တွင်းအင်္ဂါကို ရက်စက်စွာ ဖျက်ဆီးသွားပြီး ၎င်း၏ ခန္ဓာကိုယ်က လေထဲ လွင့်သွားလေသည်။ ရဲ့လင်းချန်က မြေကြီးကို ခြေထောက်ဖြင့် ဆောင့်၍ လွှားခနဲ ခုန်လိုက်ပြီးမှ လေထဲမှ ထိုသတ္တဝါ၏ ခန္ဓာကိုယ်ကို ထိုးနှက်လေသည်။
“သံတောင်ခွင်းလက်သီး”
“ဒုန်း”
ထိုသတ္တဝါသည် အမြစ်မရှိသော ဘဲစာပင်ကဲ့သို့ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများ ကျိုးကြေ သွားလေသည်။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က အငွေ့ပျံသွားပြီး လေထဲ၌ ပျောက်ကွယ်သွားလေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ သတ္တဝါ နှစ်ကောင်လုံး၏ အဖြစ်အပျက်က တူလှပြီး အလောင်းများက ပျောက်ကွယ်သွားကြသည်။
*ဒါက …*
တိုက်ပွဲတွင်း၌ သူသည် ၎င်းကို သတိထားမိသော်လည်း ထိုအချိန်က များများစားစား မတွေးမိပေ။ ထိုဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများ၏ အလောင်းက ကမ္ဘာမြေပေါ်၌ သေဆုံးပြီးနောက် အငွေ့ပျံလိမ့်မည်ဟု သူ ထင်မထားမိချေ။
*ဒါရဲ့ နောက်ကွယ်က အဓိပ္ပာယ်က ဘာလဲ*
ရဲ့လင်းချန်သည် ဝံပုလွေပြာ၏ နည်းပြချုပ်ကို ပြန်ကြည့်လိုက်မိသည်။ သူနှင့် ရင်းနှီးသော တစ်စုံတစ်ယောက်၏ သေဆုံးမှုကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး ယင်းက အလွန် ဆိုးရွားသော သေဆုံးမှု ဖြစ်နေခဲ့သည်။
လူစိမ်းတစ်ယောက်၏ သေဆုံးမှုကို မြင်တွေ့ရခြင်းနှင့် သူ သိသော တစ်စုံတစ်ယောက်၏ သေဆုံးမှုကို မြင်တွေ့ရခြင်းက လုံးဝ ကွဲပြားသည်။ သေခြင်းတရားက သူနှင့် အလွန် နီးကပ်နေခြင်းက ဒါ ပထမဆုံးအကြိမ်ပင်။
နောက်ဆုံးတွင် … လူတို့သည် သေဆုံးရမှာ ဖြစ်သည်။
“မိတ်ဆွေလေးရဲ့၊ တိုက်ပွဲမှ ကျဆုံးတာက ငါတို့လို လူအိုကြီးတွေအတွက် အကောင်းဆုံးနဲ့ ဂုဏ်သိက္ခာ အရှိဆုံး ဘဝပန်းတိုင်ပဲ”
လင်းထျန်းရှုံးက ရဲ့လင်းချန်၏ ပခုံးကိုပုတ်၍ ပြောလိုက်သည်။
ချင်ပိုင်ချွမ်းက ဆောင့်ကြောင့်ထိုင်ချ၍ ပြောသည်။
“ရောင်းရင်းယု၊ မင်း ငါနဲ့ ရောင်းရင်းလင်းရဲ့ အသက်ကို ကယ်ခဲ့တယ်၊ ငါတို့ မြေကြီးထဲ ရောက်တဲ့အချိန်ကျရင် ငါတို့ နှစ်ယောက်လုံး မင်းကို တစ်ခွက် တိုက်ပါ့မယ်”
…