ဂုဏ်သိက္ခာရှိသော သေဆုံးမှု
Vol. 48 Ch. 719
“အဟွတ် အဟွတ်”
ချင်ပိုင်ချွမ်းသည် ချောင်းအနည်းငယ် ဆိုးလာပြီး သွေးအန်လာသည်။ သူ၏ သွေးထဲတွင် မသန့်စင်မှုအချို့ ပါနေပြီး ကိုယ်တွင်းအင်္ဂါ အနည်းငယ် ထိခိုက်သွားပုံရသည်။
လင်းထျန်းရှုံး၏ ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာ၏။ သူ၏ ဘယ်ဘက်လက်သည် ယခုထိ တုန်နေဆဲ ဖြစ်ကာ သူ၏ လက်မှ သွေးကြောများ ပျက်စီးသွားပြီး ထိုလက်မောင်းက သုံးမရတော့ဟု သတ်မှတ်ရပေမည်။
သူတို့သည် အတွင်းအားအဆင့်သာ ရှိသေးသော်လည်း အေအဆင့် သတ္တဝါများနှင့် ရင်ဆိုင်ခဲ့ရသည်။ ခြေလှမ်း အနည်းငယ်မျှ မှားလိုက်သည်နှင့် သူတို့၏ အသက်ကို ဆုံးရှုံးနိုင်၏။ သူတို့၏ ရန်သူက စိတ်ဝိညာဉ်စွမ်းအင်ကို ခုခံရန်အတွက်သာ အသုံးပြုပြီး ရပ်ကာ သူတို့ကို တိုက်ခိုက်ခွင့် ပေးလျှင်တောင်မှ အားကောင်းသော ခံစစ်စွမ်းအင်က မခံနိုင်ဖွယ်ဖြစ်ကာ သူတို့သည် ၎င်းမှ အသက်ရှင်နိုင်လျှင်ပင် ကံကောင်းနေပြီ ဖြစ်သည်။
ခွန်အားခြင်း ကွာဟချက်က ကြီးမားလွန်းလှသည်။
သာမန်လူတစ်ယောက်က လေ၊ ရေ တိုက်စားထားသည့် ကျောက်တုံးကြီးများကို ထိုးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ကာ တွန်းကန်အားက ကောင်းလေလေ၊ နာကျင်မှုက ပြင်းလေလေပင်။
“သွားရအောင်၊ စစ်မြေပြင်ကို သွားကြစို့”
ချင်ပိုင်ချွမ်းက တိုက်ပွဲဖြစ်ရာအရပ်သို့ လှမ်းကြည့်၍ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်.
ရဲ့လင်းချန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဖြစ်ပေ။ သူသည် သူတို့အနောက်မှ စစ်မြေပြင်သို့ လိုက်သွားသည်။ ယခုအချိန်တွင် ဤလူအိုကြီးတို့၏ လက်ရှိ အခြေအနေအရ မည်သည့် အတွင်းအားသုံး စစ်သည်တော်မဆိုက သူတို့ကို ရှင်းနိုင်နေပေသည်။
“အထူး လေ့ကျင့်ရေးစခန်း လေးခုရဲ့ နည်းပြချုပ်တွေထဲမှာ ငါတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ်”
ချင်ပိုင်ချွမ်းသည် ဝံပုလွေပြာ၏ နည်းပြချုပ်အလောင်းကို လှည့်ကြည့်ပြီး ဝမ်းနည်းကြေကွဲသွားသည်။
ရဲ့လင်းချန်သည် ပြောစရာစကား မရှိ ဖြစ်နေ၏။ သူသည် အထူးလေ့ကျင့်ရေး စခန်းများ၏ နည်းပြချုပ် လေးယောက်လုံးနှင့် ရင်းနှီးလေသည်။ သူတို့ထဲမှ သုံးယောက်က မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ကာ သူသာ အပြေး ရောက်မလာခဲ့ပါက ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးပါ သေဆုံးသွားနိုင်လောက်သည်။
သူတို့ သုံးယောက် စစ်မြေပြင်သို့ ပြန်ရောက်သောအခါ တိုက်ပွဲက ပြီးခါစသာ ရှိသွားလေသည်။ လူတော်တော် များများက မြေကြီးပေါ် လဲနေ၏။
ထိုအခါမှသာ ရဲ့လင်းချန် ငရဲတံခါးကို အာရုံစိုက်၍ လေ့လာကြည့်မိသည်။
ငရဲတံခါးဟူသော အရာသည် တံခါးတစ်ချပ် မဟုတ်ဘဲ အနက်ရောင် နေရာလပ်နှင့်တူသော အက်ကြောင်းများ ဝိုင်းနေသည့် ဟင်းလင်းပြင်ထဲမှ ဝဲတစ်ခု ဖြစ်သည်။ ၎င်းဘေးနားမှ အရှိန်အဝါသည် မြူခိုင်းတစ်ခုအဖြစ် ဖွဲ့စည်းနေပြီး ဝဲသည်လည်း အချင်း ဆယ်ပေဝန်းကျင်မျှ ရှိကာ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
ထိုဝဲ၏ အနောက်၌ အခြားကမ္ဘာတစ်ခု ရှိလေသည်။
“ကြီးကြပ်သူရဲ့၊ အဘိုးကြီးချင်နဲ့ အခြားသူတွေက ငါနဲ့ ရှိနေတဲ့အချိန်တွေမှာ မင်းကို ချီးကျူးကြတယ်၊ သူတို့ရဲ့ အမြင်က တကယ် ကောင်းတာပဲ၊ ငါက လက်ထောက် ဒါရိုက်တာ ချန်ချီပါ”
ချန်ချီက ရဲ့လင်းချန်ဘေး၌ လာရပ်သည်။
“ဒီတစ်ခေါက် လာခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ချင်ပိုင်ချွမ်းနှင့် လင်းထျန်းရှုံးတို့သည် စစ်မြေပြင်ကို တိတ်ဆိတ်စွာ ကြည့်၍ ငြိမ်သက်နေသည်။
ကျနေသည် သွေးရောင်နှင့်တူနေပြီး အလင်းရောင်က လောင်းတောင်နှင့် သွေးပင်လယ်တို့၏ အနိဋ္ဌာရုံ မြင်ကွင်းကို ထင်ဟပ်နေစေသည်။
ရဲ့လင်းချန်သည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး မေးလိုက်သည်။
“လက်ထောက် ဒါရိုက်တာချန်၊ ကျွန်တော်တို့ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေက ဘယ်လိုရှိလဲ၊ ပြီးတော့ … သူတို့ အလောင်းတွေကို …”
ချန်ချီ၏ အမူအရာက မည်းမှောင်သွားပြီး ရေရွတ်လာသည်။
“မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော် သုံးယောက် သေသွားပြီးတော့ စိတ်ဝိညာဉ် ကျွမ်းကျင်အဆင့် တစ်ရာကျော် သေသွားခဲ့တယ်၊ အတွင်းအားအဆင့် စစ်သည်တော် နှစ်ရာကျော် သေသွားပြီးတော့ သာမန် စစ်သည်တော် တစ်တပ်လုံး သုတ်သင်ခံလိုက်ရတယ်၊ ဒါပေမဲ့ ငါတို့ A+ အဆင့် သတ္တဝါ နှစ်ကောင်၊ အေအဆင့် သတ္တဝါ ခုနစ်ကောင်နဲ့ ဘီအဆင့်နဲ့ စီအဆင့် သတ္တဝါ နှစ်ထောင်ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်”
ထိုဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများ၏ ခွန်အားသည် အတွင်းအား စစ်သည်တော်အဆင့်မှ စကြသည်။ ထိုသို့ ကြီးမားသော ခွန်အား ကွာဟချက် ရှိသော်လည်း စစ်သည်တော်များသည် အနိုင်ရရုံသာမက မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် နှစ်ယောက်ကိုပင် သတ်နိုင်ခဲ့သဖြင့် သူတို့အတွက် ကြီးမားသော အနိုင်ရရှိမှုပင်။
အရေအတွက်သာ နည်းမနေခဲ့လျှင် သူတို့သည် ထိုသတ္တဝါတပ်ကို သေချာပေါက် ရှင်းလင်းနိုင်ပေလိမ့်မည်။
စစ်မြေပြင်သို့ ဝင်ရောက်ခွင့်ရသော စစ်သည်တော်များသည် သတ္တဝါများနှင့် အဆင့်ချင်း ယှဉ်နိုင်သော တိုက်ပွဲဝင် ခွန်အားရှိသည့် ထူးချွန်သူများ ဖြစ်သည်။ လူသားများ ဟင်းလင်းပြင်နယ်မြေ၏ အန္တရာယ်မှ အသက်ရှင်၍ ကောင်းကောင်း နေနိုင်သည့် အကြောင်းရင်းမှာ ထိုထူးချွန်သူများ လက်ဆင့်ကမ်းလာသည့် အရှုံးမပေးသော စိတ်ဓာတ်ကြောင့်ပင်။
သို့သော် တရုတ်နိုင်ငံ၏ စိတ်ဝိညာဉ်က ပြောင်းလဲသွားလေပြီ။ စစ်သည်တော်ဌာနက ရဲ့လင်းချန်ကို ဝင်ပါ၍ ငပျော့ကောင်များကို ဖိနှိပ်ရန် ဖိအားပေးခဲ့သည်က မဆန်းတော့ပေ။
ရဲ့လင်းချန်သည်လည်း အနိုင်ရရှိသော်လည်း အလွန် ပျော်ရွှင်နေခြင်း မရှိပေ။ သူ၏ မျက်လုံးများက အနည်းငယ် ဗလာ ဖြစ်နေပြီး သူ ခံစားနေရသည့် တစ်ခုတည်းသော ခံစားချက်မှာ ဝမ်းနည်းမှုပင်။ မြေကြီးကို စွေးစွေးနီအောင် အရောင်ထင်စေခဲ့သည့် သွေးများက သူ့စိတ်ထဲ၌ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေခဲ့သည်။
ထိုစစ်သည်တော်များသည် မနေ့က ရယ်မော၍ အချင်းချင်း ပျော်ရွှင်စွာ စကားပြောနေကြသည်။ အလောင်းပုံ များထဲမှ အချို့သော စစ်သည်တော်များသည် ဆန်းကြယ်ကျွန်းပေါ် ရောက်ခဲ့ဖူးသူများ ဖြစ်သည်ကို ရဲ့လင်းချန် သတိပြုမိသွားသည်။
*စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက အခု တကယ် နာမည်ကြီးနေပြီဆိုတာ မင်းတို့ သိလိုက်ရဲ့လား၊ ကြည့်ရှုသူတွေရဲ့ မှတ်ချက်တွေကို မင်းတို့ မဖတ်ချင်ကြဘူးလားကွာ*
“ဒါက စစ်ပွဲပဲ၊ သေခြင်းတရားက ရှောင်တိမ်းလို့မရနိုင်ဘူး”
ချင်ပိုင်ချွမ်းက လင်းထျန်းရှုံး၏ ဒဏ်ရာကို ပတ်တီးစည်းပေးပြီး သက်ပြင်းချလိုက်သည။
“တိုက်ပွဲမှာ ကျဆုံးသွားတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေစရာ မလိုဘူး”
“ဟုတ်တယ်၊ ဒါ သူတို့ရဲ့ ရွေးချယ်မှုပဲ၊ မင်း မသေခင် သတ္တဝါတစ်ကောင်လောက် ပိုသတ်လိုက်နိုင်တာကိုက အနိုင်ပဲ၊ မင်း ရန်သူကို မသတ်ရဲရင် မင်းအတွက် တစ်ခုတည်းသော ရွေးချယ်မှုက အတူတူ သေတာကို ထိုင်စောင့်ရုံပဲ၊ ငါ မသေသေးပင်မယ့် ငါ သေခဲ့ရင်လဲ နောင်တရမှာ မဟုတ်ဘူး၊ ငါ ဒီတိုက်ပွဲမှာ ဘီအဆင့် သတ္တဝါ နှစ်ကောင်ကို သတ်နိုင်ခဲ့တယ်”
လင်းထျန်းရှုံးက ပြောလာသည်။
သူတို့အားလုံးသည် လက်ရှိအချိန်၌ ရဲ့လင်းချန်၏ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြသည်။
ချန်ချီက တည်ငြိမ်စွာ ပြောသည်။
“သူတို့ရဲ့ အလောင်းကို ဒီအနီးအနားမှာပဲ မြှုပ်နှံမယ္၊ တစ်နေ့ ငါတို့ ဟင်းလင်းပြင်နယ်မြေထဲ ထိုးဖောက် ဝင်ရောက်နိုင်တာကို သူတို့ မြင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ငါ သေသွားခဲ့ရင် ငါ့ကိုလဲ ဒီမှာပဲ မြှုပ်မှာ၊ ဟင်းလင်းပြင် နယ်မြေထဲမှာ ငါ့ကို မြှုပ်နှံနိုင်မယ်လို့ ငါ မျှော်လင့်တယ်”
“ဟုတ်တယ်၊ ယောက်ျား ပီပီသသနဲ့ ဟင်းလင်းပြင်နယ်မြေထဲ ဝင်မယ်၊ သေဖို အဆင့်သင် ဖြစ်နေတယ်ဆိုရင်တောင်မှ ဟင်းလင်းပြင်နယ်မြေကို တိုက်ခိုက်ပြီး သေရတာက ပိုကောင်းတယ်”
မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော်တစ်ယောက်က အနားသို့ လျှောက်လာပြီး ပြောလာသည်။
လူတိုင်း တိတ်ဆိတ်နေပြီး ငရဲတံခါးကို စိုက်ကြည့်နေကြသည်။
“ငါတို့ အခုတော့ ရှင်သန်နိုင်ခဲ့ပြီ၊ လူတိုင်းရဲ့ တာဝန် ပြီးဆုံးသွားပြီ၊ စစ်သည်တော်ဌာနက မင်းတို့ကို နစ်နာကြေး ပေးမှာပါ၊ ဒါပေမဲ့ … ငါတို့ရဲ့ အရင်းအမြစ်တွေက အခု အရမ်း အကန့်အသတ်နဲ့ ဖြစ်နေတော့ ငါတို့ကို ခွင့်လွှတ် ပေးကြပါ”
ချန်ချီက အပြစ်ရှိစိတ်နှင့် ပြောလိုက်သည်။
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို ပြောပြသည်။
“ဟင်းလင်းပြင် သတ္တဝါတွေက သူတို့ တိုက်ခိုက်လာတဲ့အချိန်မှာ သူတို့နဲ့အတူ အဖိုးတန်တဲ့အရာတွေကို သယ်မလာဘူး၊ လက်နက်တွေကတော့ အဖိုးတန်တဲ့ဟာမျိုးကို အေအဆင့်နဲ့ အထက် သတ္တဝါတွေပဲ သုံးတယ်၊ အဲ့ဒါကြောင့် ငါတို့အတွက် လုယက်လို့ရတာက နည်းတယ်၊ စစ်မြေပြင်ကလည်း ငါတို့ရဲ့ ကမ္ဘာပဲ၊ ငါတို့ နိုင်တယ်ဆိုရင်တောင်မှ သူတို့ကို တားဆီးနိုင်ရုံလောက်ပဲ တတ်နိုင်တယ်၊ ငါတို့ ဟင်းလင်းပြင်နယ်မြေက ရတာ ဘာမှ မရှိဘူး၊ အရင်းအမြစ်တွေကို ပြောရမယ်ဆိုရင် ငါတို့ တော်တော်ကြီးကို ပြတ်လပ်နေတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး မင်း အရမ်းကြီး မကျေမနပ် ဖြစ်မနေဖို့ ငါတို့ မျှော်လင့်ပါတယ်”
လင်းထျန်းရှုံးက ရဲ့လင်းချန်ကို ကြိုပြောထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန်သည် မိမိအတွက် ဘာမှ မရလျှင် ပိုပြီး အားစိုက်ချင်သည့်လူမျိုး မဟုတ်မှန်း သူ သိနေသောကြောင့်ပင်။
ရဲ့လင်းချန်က အနေရခက်စွာ ချောင်းဟန့်လိုက်သည်။
“အဘိုးလင်း၊ ခင်ဗျား ကျွန်တော့်ကို ဘာထင်နေတာလဲဗျာ၊ ကမ္ဘာကြီးကို စောင့်ရှောက်ရတာကလည်း ကျွန်တော့် တာဝန်ပါ၊ ဒီပေးဆပ်မှုနဲ့ ခင်ဗျားရဲ့ ဒဏ်ရာက …”
ဤအဖြစ်အပျက်၌ သူသည် အမသတ္တဝါ၏ ဒူးလေး၊ လှံ၊ တင်းပုတ်နှင့် ဓားကြီး နှစ်လက်တို့ကို ရရှိခဲ့သည်။ ယင်းက ကြီးမားသော ရရှိမှုပင်။
ဤလက်နက်များးသည် ဟင်းလင်းပြင်နယ်မြေမှ ထူးခြားသော အရာဝတ္ထုများနှင့် ပြုလုပ်ထားမှန်း သိသာလှသည်။ ၎င်းတို့က အကြမ်းခံရုံသာမက စိတ်ဝိညာဉ်စွမ်းအင်နှင့်လည်း ပေါင်းစပ်နိုင်ကာ ၎င်းတို့က တစ်မူထူးခြားသော အရာများ ဖြစ်စေလေသည်။
“ဒီစတေးခံသွားတဲ့ စစ်သားတွေရဲ့ မိသားစုတွေကို နစ်နာကြေး ပေးမှာ၊ အဲ့ဒီထဲမှာ သူတို့ရဲ့ ရမှတ်တန်ဖိုးကို ငွေအဖြစ် ပြောင်းပြီး ထည့်ပေးမှာ၊ စစ်သည်တော်ဌာနက ငါတို့အတွက် ဆေးကုသမှု ပေးမှာ၊ ပြီးတော့ ငါတို့ဒဏ်ရာက ဘယ်လောက် ပြင်းထန်ပါစေ ဆေးက အမြဲ ရှိနေမှာ”
ချင်ပိုင်ချွမ်းက ပြောသည်။
“ဒီရလာတဲ့ လက်နက်တွေကတော့ မင်းအပိုင်ပေါ့ကွာ”
“အဘိုးလင်း၊ အဘိုးချင်၊ ခင်ဗျားတို့လဲ နောက်ဆုံး တိုက်ပွဲမှာ အများကြီး ကြိုးစားခဲ့တာပါ၊ နည်းပြချုပ်ယုကလည်း အများကြီး ကူညီခဲ့တယ်၊ ကျွန်တော် ဒီတင်းပုတ်ကို ယူလိုက်မယ်၊ ဒီဓားနှစ်လက်က ခင်ဗျားတို့အပိုင်ပါ”
ရဲ့လင်းချန်က ပြောလိုက်သည်။
ချင်ပိုင်ချွမ်းက ချက်ချင်း ခေါင်းခါလေသည်။
“သူတို့ကို ထောင်ချောက်ဆင်ပြီး သတ်တာကို မင်း တာဝန်ယူပေးခဲ့တာလေ၊ ငါတို့ ကြိုးစားခဲ့တာက ဘာမှ မဟုတ်ဘူး၊ မင်း ဒါတွေကို သိမ်းထားလို့ရတယ်”
“အဘိုးချင်၊ ခင်ဗျား မယူချင်ဘူးဆိုရင်တောင်မှ အဘိုးယုနဲ့ အဘိုးလင်းကို ပေးတာ ပိုကောင်းပါတယ်၊ အဘိုးလင်းရဲ့ လက်မောင်းက မြန်မြန် ဆေးကုသဖို့ လိုနေပြီးတော့ အဘိုးယုက တိုက်ပွဲမှာ ကျခဲ့တာ၊ သူတို့က ပိုက်ဆံအလိုဆုံး ဖြစ်မှာပါ”
“မင်းက သိတတ်သားပဲ၊ ကောင်လေး”
အဘိုးချင်က ပြုံးပြီး မှတ်ချက်ပြုပြီးနောက် တစ်ခဏမျှ ငြိမ်နေသည်။ ချန်ချီကလဲ ပြုံး၍ ပြောလာသည်။
“မင်း ဒီရလာတာတွေကို ရမှတ်ခန်းမမှာ အမှတ်နဲ့ သွားလဲလို့ရတယ်၊ လက်နက်တန်ဖိုးနဲ့ ညီမျှတဲ့ အမှတ်ကို မင်း ရမှာပါ”
“ကောင်းပြီလေ၊ သိုင်းပညာစံအိမ်ကို ပြန်ကြတာပေါ့”
စစ်မြေပြင်၌ ဒဏ်ရာ အနည်းငယ် ရရှိသော စစ်သည်တော်များက တံတိုင်းအနောက်၌ ကျန်ခဲ့ပြီး ကျန်လူများက အချင်းချင်း ဖေးမထမ်းပိုး၍ ပြန်လာကြသည်။