အခြေအနေများ
Vol. 48 Ch. 720
ရဲ့လင်းချန်သည် အပြန်ခရီး၌ စိတ်ဓာတ်ကျလျက် ရှိသည်။ လူတိုင်း ငြိမ်သက်နေပြီး တစ်ချို့က သူတို့၏ ဒဏ်ရာရနေသော ရဲဘော်ရဲဘက်များကို ထမ်းပိုးထားပြီး အခြားသူများက သူတို့၏ ဒဏ်ရာများကို စည်းနှောင် နေကြသည်။
ချန်ချီက ထိုအခြင်းအရာကို မြင်ပြီး မသိမသာ သက်ပြင်းချလေသည်။
“ဒါနဲ့ပါဆိုရင် ဟင်းလင်းပြင်နယ်မြေက ခြောက်ကြိမ်မြောက် အဓိကရုဏ်း ဖြစ်တာပဲ၊ အခြေအနေက ငါတို့ ပထမ ထင်ထားတာထက် ကျော်လွန်နေတယ်၊ ငါတို့ ပြင်ဆင်ထားတဲ့ လူအင်အားက လုံလောက်သင့်ပင်မယ့် ငါတို့ ထင်ထားထက် အများကြီး ပိုဆိုးနေတယ်၊ A+ အဆင့် သတ္တဝါ သုံးကောင်တောင် ပေါ်လာသေးတယ်၊ ငါတို့ လူတိုင်းကို စတေးရမယ်ဆိုရင်တောင်မှ ဆက်ပြီး ခုခံနေမှရမယ်”
ရဲ့လင်းချန် အားမရှိစွာ မေးလိုက်သည်။
“တိုက်ခိုက်တာက ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာလား၊ ကျွန်တော်တို့ သုံးလို့ရတဲ့ လက်နက်တွေ မရှိဘူးလား”
“ရှိတယ်၊ အဏုမြူဗုံးထက် ပိုဖျက်အားပြင်းတဲ့ အစွမ်းရှိတဲ့ ဘယ်အရာမဆိုက ဝင်ပေါက်ကို ပိတ်ဆို့နိုင်တယ်”
ချန်ချီက ပြန်ပြောလာသည်။
“ဒါပေမဲ့ အဲ့ဒါက မြို့တော်တစ်ခုလုံးကို စတေးရလိမ့်မယ်၊ ဒီတံခါးက ပေါက်ကွဲသွားရင်တောင်မှ အခြားမှာ ထက်ပေါ်လာပြီး နောင်အနာဂတ်မှာ ထပ်ထွက်ကြဦးမှာပဲ၊ ငါတို့ ဒီနည်းလမ်းကို သုံးမယ်ဆိုရင် ပေးဆပ်ရမယ့် တန်ကြေးက များပြီး ရလဒ်က အရမ်း နည်းတယ်”
“ဘာလို့ ဟင်းလင်းပြင်နယ်မြေက သတ္တဝါတွေက သူတို့တွေ့တဲ့ လူတိုင်းကို သတ်နေရတာလဲ၊ အစကရော အဲ့လိုပဲလား”
ရဲ့လင်းချန်က မေးလိုက်သည်။ ချန်ချီက ခါးသီးစွာ ပြုံးလိုက်မိသည်။
“အစကတည်းက အဲ့လိုပဲ၊ ဒီသတ္တဝါတွေက လူသားတွေအပေါ်မှာ ကြီးမားတဲ့ အမုန်းတရား ရှိပုံရတယ်၊ ငါတို့နဲ့ ဆွေးနွေးညှိုနှိုင်းချင်တဲ့ စိတ်ကူး တစ်စက်ကလေးမှ မပြဘူး၊ ဘာလို့လဲဆိုတာကိုတော့ ဘယ်သူမှ မသိဘူး၊ သူတို့က လူမျိုး မတူလို့ ဖြစ်မယ်ထင်တယ်”
“လက်ထောက် ဒါရိုက်တာချန်၊ ဘာလို့ ဒါရိုက်တာ ရှန်းက တိုက်ပွဲထဲ ဝင်မပါတာလဲ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ရှန်းကော်ချန်သည် အထွတ်အထိပ် မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော် ဖြစ်သည်။ သူသာ ရှိလျှင် သူသည် စစ်မြေပြင်၌ အသန်မာဆုံးသူ ဖြစ်မည်ဖြစ်ပြီး A+ အဆင့် သတ္တဝါများကို အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။ သူ၏ ခွန်အား တစ်ခုတည်းနှင့်ပင် အခြေအနေကို ပြောင်းပြန်လှန်၍ ရနိုင်ပါသော်လည်း အဘယ်ကြောင့် သူက သိုင်းပညာစံအိမ်ထဲ၌ နေခဲ့ရပါသနည်း။
“သူ မလုပ်ချင်လို့ မဟုတ်ဘူး၊ သူ လုပ်လို့မရလို့”
ချန်ချီက သက်ပြင်းချ၍ ပြောလိုက်သည်။
“တကယ်တော့ ငရဲတံခါးက ကျယ်ပြန့်လာနေတာ၊ ဒါပေမဲ့ အဲ့ဒါကို အပြည့်အဝ ပွင့်လာမယ့် အခြေအနေကနေ တားဆီးထားတဲ့ ကန့်သက်ချက်အချို့ ရှိနေတဲ့ပုံပဲ၊ အစက တံခါးကနေ ထွက်လာတဲ့ သတ္တဝါအားလုံးက စီအဆင့် သတ္တဝါတွေပဲ၊ အရေအတွက်ကလဲ အကန့်အသတ်နဲ့ပဲ၊ ခြောက်ကြိမ် အဓိကရုဏ်း ဖြစ်ပြီးတော့ လက်ရှိ အခြေအနေကို ရောက်သွားတာပဲ”
“ဒါက ကောင်းကင်ဘုံရဲ့ ဥပဒေသက ငါတို့ကို ပေးထားတဲ့ အကာအကွယ်တစ်မျိုး ဖြစ်မယ်လို့ ငါတို့ ခံစားရတယ်၊ အားနည်းတဲ့ ငါတို့ကို ကာထားပေးပြီး ငါတို့ဘာသာ နည်းနည်းချင်းစီ တိုးတက်လာဖို့ အချိန်ပေးနေတာ ဖြစ်မယ်”
“ပြင်ပ လွှမ်းမိုးမှုသာ မရှိဘူးဆိုရင် ငရဲတံခါးက သူ့အရှိန်နဲ့သူ ကျယ်ပြန့်လာမှာ၊ ဒါပေမဲ့ ငရဲတံခါး အပြင်က အင်အားစုက အကန့်အသတ်ထက် မြင့်သွားရင် ညီမျှမှုက ကျိုးပျက်သွားပြီး ငရဲတံခါးကလည်း စောပြီး ကျယ်ပြန့်လာလိမ့်မယ်”
ထိုအခါ ရဲ့လင်းချန်က ပြောလိုက်သည်။
“တကယ်လို့ ဒါရိုက်တာရှန်းသာ ဒီမှာ ပေါ်လာရင် ဒါရိုက်တာရှန်းလို အထွတ်အထိပ် မူလစိတ်ဝိညာဉ်အဆင့် သတ္တဝါတွေ ထွက်လာလိမ့်မယ်လို့ ခင်ဗျား ပြောချင်တာလား”
“မှန်တယ်”
ချန်ချီက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“ဟင်းလင်းပြင်နယ်မြေထဲမှာ သန်မာတဲ့ သတ္တဝါတွေ ဘယ်လောက် များများ ရှိနေမလဲ ဆိုတာကို ငါတို့ မသိဘူး၊ ဒါပေမဲ့ သူတို့မှာ အထွတ်အထိပ် မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော်တွေ မရှိတာတော့ မဖြစ်နိုင်ဘူး၊ ကမ္ဘာဂြိုဟ်ပေါ်က ငါတို့ လုပ်ငန်းစဉ်က အများကြီး နောက်ကောက်ကျန်နေခဲ့ပြီးတော့ ငါတို့က ဟင်းလင်းပြင် နယ်မြေက အဲ့ဒီ သန်မာတဲ့သူတွေကို လုံးဝ မယှဉ်နိုင်ဘူး”
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။
အခြေအနေက သူ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေ၏။ ဟင်းလင်းပြင်နယ်မြေ၏ အင်အားက သူတို့အား အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားနေစေသည်။ ရေခဲစိုင်၏ ထိပ်ဖျားကပင် ခုခံရ အလွန် ခက်ခဲနေလျှင် ရေခဲစိုင်ဆိုပါက မည်မျှ ကြီးမားနေမလဲ မသိနိုင်ပါ။
“ဒါဆို … ကျွန်တော်တို့ အရင်က ဟင်းလင်းပြင်နယ်မြေထဲကို ဝင်ဖူးလား”
ရဲ့လင်းချန် ဆက်မေးလိုက်သည်။
“ငါတို့ ဝင်ဖူးတာပေါ့၊ အလဲအလှယ်ခန်းမမှာ လဲလို့ရတဲ့ ဆေးရည်နဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေက ဟင်းလင်းပြင်နယ်မြေက ရတာလေ”
ချန်ချီက ရှင်းပြသည်။
“ဒီအဓိကရုဏ်း ခြောက်ခုကလွဲရင် ဘယ်ဟင်းလင်းပြင် သတ္တဝါမှ ဝင်ပေါက်ကို စောင့်ကြပ်မနေဘူး၊ အဲ့တော့ လူသားတွေက ဟင်းလင်းပြင်နယ်မြေထဲ ခိုးဝင်လို့ရတယ်၊ အန္တရာယ်ကတော့ အရမ်း များတာပေါ့၊ ဆယ်ယောက်မှ တစ်ယောက်ပဲ အသက်ရှင်နိုင်တယ်”
မြေပုံနှင့် အကူအညီမရှိသဖြင့် ဟင်းလင်းပြင်နယ်မြေ သတ္တဝါက လူကို တွေ့ပါက ပြန်ခုခံရန် အင်အား အလုံအလောက် မရှိသဖြင့် သေရမည်ပင်။
သို့သော် ချန်ချီက ဆက်ပြောသည်။
“ဒါပေမဲ့ အန္တရာယ် ကြီးရင်တောင်မှ ဆုကြေးကလဲ များတယ်၊ ဟင်းလင်းပြင် နယ်မြေထဲက ရတနာတွေက တကယ် အံ့ဩဖို့ကောင်းတယ်၊ ရတနာတွေက နေရာတိုင်းနီးပါးမှာ ရှိတာ၊ အထူးသဖြင့် အဲ့ဒီ စိတ်ဝိညာဉ် ကျောက်တုံးတွေပဲ၊ စိတ်ဝိညာဉ် ကျောက်မိုင်းတွင်းတွေပဲ၊ အဲ့ဒီအရာတွေက ငါတို့ လက်လှမ်းမီဖို့ ဝေးနေသေးတာက နှမြောစရာပဲ”
*စိတ်ဝိညာဉ် ကျောက်မိုင်းတွင်းတွေလား …*
ရဲ့လင်းချန် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
စိတ်ဝိညာဉ် ကျောက်တုံးများ၏ အခန်းကဏ္ဍကို သူ ကောင်းကောင်း နားလည်ပါသည်။ ၎င်းတို့သည် ကျင့်ကြံခြင်း အတွက် အထောက်အပံ့ ပစ္စည်းတစ်ခု ဖြစ်သည်။ စိတ်ဝိညာဉ် ကျောက်မိုင်းတွင်း ပေါ်လာသည်ဆိုခြင်းက အံ့ဩဖွယ်ရာ ကိစ္စရပ်ပင်။ ရဲ့လင်းချန်သည် ရုတ်တရက် သူ့ကိုယ်သူ အလွန် ဆင်းရဲသည့်သူဟုပင် ခံစားလိုက် ရသည်။
စစ်သည်တော်ဌာနက မည်သည့် ပစ္စည်းကောင်းမျိုးကိုမှ မပံ့ပိုးပေးနိုင်သည်က အံ့ဩစရာ မဟုတ်တော့ပေ။ သူတို့က အမှန်တကယ် ဆင်းရဲနေခဲ့သည်။ သူခိုးများ ဖမ်းမိခြင်းက အဘယ်သို့သော ကြွယ်ဝမှုမျိုးကို ပေးနိုင် မည်နည်း။ ယင်းက စစ်သည်တော်တစ်ယောက်၏ ကျင်ကြံခြင်းကို ပံ့ပိုးပေးရန်ပင် မလုံလောက်ပါ။
ရဲ့လင်းချန် သက်ပြင်းချလိုက်မိသည်။ အဆုံးသတ်တွင် ကမ္ဘာဂြိုဟ်သည် အင်အားနည်းပြီး လူ့အသက်များဖြင့် ပေးဆပ်နေရသည်။ ၎င်းက ခက်ခဲလွန်းလှသည်။
ဟင်းလင်းပြင်နယ်မြေသည် ထူးခြားဆန်းကြယ်ပြီး နားလည်ရခက်သည်။ ငရဲတံခါး ပွင့်လာခြင်းအား ကန့်သတ်ထားခြင်းသာ မရှိလျှင် ကမ္ဘာဂြိုဟ် ဝါးမျိုခံနေရသည်မှာ ကြာနေလောက်ပြီ ဖြစ်သည်။
“ခင်ဗျား လူတွေကို မြန်မြန် သိုင်းပညာ လေ့ကျင့်ခိုင်းမှ ရမယ်”
ရဲ့လင်းချန် ပြောလိုက်သည်။
“ဟင်းလင်းပြင်နယ်မြေက သတ္တဝါတွေက အနည်းဆုံး စီအဆင့် ရှိတယ်၊ သာမန်လူတွေက အားနည်းလွန်းတယ်၊ လူတိုင်း သိုင်းပညာကို အတူတူ သင်ယူမယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို ခုခံတိုက်ခိုက်နိုင်မယ့် အခွင့်အရေး ရှိနိုင်တယ်”
လက်ရှိတွင် ဟင်းလင်းပြင်နယ်မြေ ပေါ်ထွက်လာခြင်းကြောင့် ကမ္ဘာပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်က တိုးလာခဲ့သဖြင့် သိုင်းပညာ ကျင့်ကြံရန် လွယ်ကူနေလေပြီ။
ချန်ချီက ခါးသက်သက် ပြုံး၍ ခေါင်းခါလေသည်။
“ဒီဖြစ်နိုင်ချေကို ငါတို့ အရင်က စဉ်းစားခဲ့ဖူးတယ်၊ ငါတို့ သိုင်းပညာကို စပြီး ကြော်ငြာခဲ့တယ်၊ ဒါပေမဲ့ … မင်း တစ်နိုင်ငံလုံးကို စသင်စေချင်တယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်အတွင်း မပြီးနိုင်ဘူး”
သိုင်းပညာက ခေတ်သစ် လူမှုအသိုင်းအဝိုင်း၌ ပြန်ပေါ်လာသည်မှာ နှစ်အနည်းငယ် ရှိနေပြီး လူတော်တော် များများက ကျင့်ကြံနေကြသည်ကို ရဲ့လင်းချန် သိပါသည်။ အကျိုးသက်ရောက်မှုက ရှိသော်လည်း အကန့်အသတ်နှင့် ဖြစ်နေသည်။
“ကမ္ဘာပေါ်က လူတွေက သိုင်းပညာကို မလေ့ကျင့်ကြဘူး၊ ဘာလို့လဲဆိုတော့ သူတို့ အလျင်လိုတာကို မသိကြဘူး”
ရဲ့လင်းချန်သည် နှာခေါင်းကိုပွတ်၍ ရေရွတ်လိုက်သည်။
“ငရဲတံခါး ရှိနေတာနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ ကြေညာချက် ထုတ်နိုင်မယ့် နည်းလမ်း တစ်ခုခု မရှိဘူးလား”
ချင်ပိုင်ချွမ်းက ခေါင်းခါ၍ ပြောလာသည်။
“မိတ်ဆွေလေးရဲ့၊ မင်းက ရိုးအလွန်းတယ်၊ အခု ငါတို့က ငြိမ်းချမ်းတဲ့ ကာလမှာ ရှိနေတာ၊ ငါတို့ဂြိုဟ်ပေါ်က ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး လူတွေက သိသွားခဲ့ရင် ရုတ်ရုတ်သဲသဲ ဖြစ်လာလိမ့်မယ်၊ အဲ့လိုဆိုရင် ပြဿနာက ပြည်တွင်းရော ပြည်ပမှာပါ ပိုပြီး ဆိုးလာလိမ့်မယ်”
လင်းထျန်းရှုံးက ထပ်ပြောလိုက်သည်။
“တစ်နိုင်ငံလုး သိုင်းပညာ စသင်ရင်တောင်မှ အန္တရာယ်များမှာကို မင်း သိတာနဲ့ မင်းမိသားစုဝင်ကို မင်း စစ်မြေပြင်ကို လွှတ်ချင်စိတ် ရှိနိုင်မလား၊ သိုင်းပညာ သင်ချင်တဲ့လူတိုင်းက တိုက်ခိုက်ဖို့ ဆန္ဒ ရှိမှာလား၊ ဆင်းရဲသားတွေက ဆက်ပြီး စာသင်နေပြီးတော့ လူချမ်းသာတွေက သိုင်းပညာကို သင်ကြတယ်ဆိုတဲ့ စကားကိုလဲ မမေ့နဲ့ဦး၊ ငါတို့မှာ အရင်းအမြစ် ပြတ်လပ်နေတဲ့အချိန်မှာ သိုင်းပညာရှင်တွေ အများကြီးရဲ့ ပညာရေးကို ငါတို့ ဘယ်လို ထောက်ပံ့မလဲ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ဤသို့သော အခြေအနေမျိုး၌ သိမ်မွေ့သော နည်းလမ်းများဖြင့်သာ ပြောင်းလဲမှုကို လုပ်နိုင်မည့်ပုံပင်။
သို့သော်ငြားလည်း … ရလဒ်များက နှေးလွန်းနေသေးသည်။
ငရဲတံခါးက ယခင်ကထက် ပိုမြန်သော နှုန်းဖြင့် ပိုပိုပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာနေကာ လူသားတို့ဘက်က နှေးနေခဲ့ပါက သေချာပေါက် သေခြင်းတရားသာ ရှိလာပေလိမ့်မည်။
“သိုင်းပညာအတွက် ပြည်နယ်ရဲ့ ပံ့ပိုးမှုက နည်းလွန်းသေးတယ်”
ရဲ့လင်းချန်၏ စိတ်ထဲ၌ တန်ပြန်ရေး အစီအမံများကို ဆက်တိုက် စဉ်းစားနေသည်။
“ကျွန်တော်တို့ တရုတ်နိုင်ငံက လူဦးရေ များပြီးတော့ လူတော်တော်များများက သိုင်းပညာမှာ ထူးချွန်တယ်၊ တစ်နှစ်ပတ်လုံး သိုင်းပညာ ပါရမီရှင် ဘယ်လောက်များများ ဖုံးကွယ်ခံနေရလဲ မသိဘူး၊ ဒီပါရမီရှင်တွေကို ကျွန်တော်တို့ ဆက်ပြီး ဖုံးကွယ်ခံခိုင်းထားလို့ မရဘူး၊ လူတွေထဲက ပါရမီရှင်တွေကို စစ်ထုတ်မှပဲ သိုင်းပညာက အမြင့်ကို ရောက်နိုင်မှာ”
ရဲ့လင်းချန် တုန်းမြောင်မြောင်ကို စဉ်းစားမိသွားသည်။ သူမ၏ ခန္ဓာကိုယ်တွင် သစ်သားဝိညာဉ် ခန္ဓာကိုယ်၏ အရိပ်အယောင်များ ရှိနေပြီး သူမသာ သိုင်းပညာ လေ့ကျင့်ပါက သာမန်လူအများစုထက် ပိုသာလောက်သည်။ သူမ သိုင်းပညာကို ထိတွေ့နိုင်သည့် အခွင့်အရေး တစ်ခါမှ မရခဲ့သည်က နှမြောစရာပင်။
ပါရမီရှင်တစ်ယောက် ဖုံးကွယ်ခံနေရသည်က ကမ္ဘာဂြိုဟ်၏ အနာဂတ်ကို ဖျက်ဆီးလိုက်သလိုပင်။
“ကြီးကြပ်သူရဲ့၊ မင်းမှာ အကြံတစ်ခုခု ရှိသလား”
ချန်ချီက မေးလာသည်။
ရဲ့လင်းချန် သူ့မေးစေ့ကို သူ ပွတ်နေသည်။ သူ့တွင် စိတ်ကူးများ ရှိပြီး ၎င်းတို့ကို အကောင်အထည် ဖော်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် စစ်သည်တော်များကို လေ့ကျင့်ပေးနိုင်သည့် ကျွန်းတစ်ကျွန်း ရှိသောကြောင့်ပင်။ ထို့အပြင် ဟင်းလင်းပြင်နယ်မြေကို ခုခံရန် အသုံးပြုနိုင်မည့် ခေတ်သစ် နည်းပညာကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်အောင် လုပ်နိုင်သည်။ ထို့အပြင် အစီအရင်များ၊ ဆေးဝါးများနှင့် လုပ်ငန်းစဉ်များကို အစဉ်လိုက် လုပ်နိုင်ချေ ရှိသည်။ သို့သော် အသေးစိတ် အချက်အလက်များကို စဉ်းစားရန် လိုနေသေးသည်။
စာစဉ် ၄၈ ပြီးပါပြီ။