← Chapters

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း (၁၂၁၉-၁၂၂၁)

Vol. 82 Ch. 1219-1221

အခန်း(၁၂၁၉)

ကျိုးယိုက လေထုထဲကို လှမ်းကြည့်လိုက်သည်။

သူ၏ အမူအရာက အနည်းငယ် မနှစ်မြို့သော အမူအရာ ဖြစ်နေခဲ့၏။

တစ်ခဏအတွင်းမှာပင် ကျိုးယိုသည် ရွှယ်မင်ကျောင်း ဆောင်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ကျောင်းဆောင်ထဲသို့ ထည့်သွင်းခံလိုက်ရသည်။

ကျိုးယိုသာ အထွတ်အထိပ် အခြေနေတွင် ရှိနေလျှင် အင်ပါယာတစ်ပိုင်း ရတနာကို ကြောက်ရွံ့နေစရာ မလိုအပ်ပေ။

သို့သော်လည်း လက်ရှိအခြေအနေတွင် သူသည် အထွတ်အထိပ် ကာလ၏ ခွန်အား ဆယ်ပုံတစ်ပုံမျှကိုပင် အသုံးမပြုနိုင်သေးပေ။

သို့ဖြစ်ရာ အင်ပါယာတစ်ပိုင်း ရတနာကို ဖျက်ဆီးရန် ဆိုသည်မှာ သူ့အတွက် အလွန်ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်သည်။

"ကျိုးယို မင်းရဲ့ခန္ဓာကိုယ်က ကျောင်းဆောင်ထဲမှာ ရှိနေသရွေ့ ဒီကမ္ဘာမှာ မင်းကို ဘယ်သူမှ မကူညီနိုင်တော့ဘူး.. မင်းရဲ့လက်ရှိအခြေအနေက ရှန်းဝူကောင်းကင် အစီအရင်ကနေ ထွက်ပြေးလာတဲ့ ဝိညာဉ်အမျှင်တန်း တစ်ခုပဲ.. ငါဒီနေ့ မင်းရဲ့ဝိညာဉ်ကို အရင်ဖျက်ဆီးမယ်.. ပြီးမှပဲ ရှန်းဝူကောင်းကင် အစီအရင်ကို ပြုပြင်ပြီး မင်းရဲ့ ခန္ဓာကိုယ်ကို ဖိနှိပ်မယ်"

ကျန်းချန်၏ မျက်လုံးတွင် အေးစက်သော အလင်းရောင် တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကျိုးယို၏ ခွန်အားက ကောင်းကင်ကို တုန်လှုပ်စေသည်အထိ အစွမ်းထက်လျှင်ပင် သူ ခန္ဓာကိုယ် အပိုင်စီးထားသော သွေးရောင် ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် အထွတ်အထိပ် အဆင့်သာ ရှိသည်။

ရွှယ်မင်ကျောင်းဆောင်သည် အင်ပါယာတစ်ပိုင်း ရတနာဖြစ်ပြီး ရွှယ်ယဲ့ ကဲ့သို့ အစွမ်းထက်​သော ဝိညာဉ်တစ်ခုကိုပင် မွေးဖွားခဲ့သောရတနာ ဖြစ်သည်။

ယခုအခါတွင် ရွှယ်ယဲ့သည် နတ်သန္ဓေ အင်ပါယာနှင့် ယှဉ်နိုင်သော ခွန်အားရှိနေခဲ့ချေပြီ။

ထို့အပြင် ဤရွှယ်မင်ကျောင်းဆောင် ထဲတွင် ရွှယ်ယဲ့သည် အရာအားလုံးကို ထိန်းချုပ်ထားသည့် တကယ့် အရှင်သခင် တယောက် ဖြစ်၏။

"ကျိုးယို.. မင်း ရွှယ်မင်ကျောင်းဆောင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး.. ဟားဟား.. ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ အင်ပါယာတစ်ပိုင်း မှော်ရတနာကို ကိုင်တွယ်ဖို့က နည်းနည်းတော့ ခက်ခဲတာအမှန်ပဲ.. ဒါပေမဲ့ မင်းလို နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့်ပဲ ရှိသေးတဲ့ ကောင်လေးတယောက်က အင်ပါယာ တစ်ပိုင်း မှော်ရတနာကို တကယ်ပဲ အသုံးပြုနိုင်ပါ့မလား.. မင်းသိထားရမှာက ငါမင်းကို သတ်လိုက်တာနဲ့ ဒီထဲကနေ ထွက်သွားနိုင်တယ် ဆိုတာပဲ"

ကျိုးယို၏ မျက်လုံးတွင် သွေးရောင်အလင်းက ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ကျိုးယိုက ပုံရိပ်ရောင် သွေးလက်သည်းကို ဖော်ထုတ်လိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"ဟမ့်.. ငါ့နယ်မြေမှာ ရမ်းကားချင်ရင် ငါသဘောတူမတူ အရင်မေးရမယ်"

ထိုအချိန်မှာပင် နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်၌ မိုးခြိမ်းသံနှင့်လေပြင်းများ ဖြစ်ပေါ်လာခဲ့ပြီး မိုးကြိုးလျှပ်စီး တစ်ခုသည် အောက်ဘက်သို့ ကျဆင်းလာကာ ကျိုးယို၏ ပုံရိပ်ယောင် သွေးလက်သည်းကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ပုံရိပ် တစ်ခုသည် လေထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။

"ရတနာဝိညာဉ်ပါလား "

ကျိုးယို၏ သွေးရောင်မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။

အင်ပါယာတစ်ပိုင်း မှော်ရတနာ၏ ဝိညာဉ်သည် နတ်သန္ဓေအင်ပါယာ အဆင့်နှင့်ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေသည်ကို မြင်လျှင် ကျိုးယိုသည် ရုတ်ခြည်းဆိုသလို မျက်နှာပျက်သွားခဲ့သည်။

သူ၏ရှေ့ရှိ အင်ပါယာတစ်ပိုင်း မှော်ရတနာ ဝိညာဉ်သည် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခုကဲ့သို့ပင်။

အင်ပါယာအဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ မှော်ရတနာဝိညာဉ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

"အင်ပါယာတစ်ပိုင်း မှော်ရတနာက မမျှော်လင့်ဘဲ ရတနာဝိညာဉ်ကိုပါ မွေးထုတ်နိုင်ခဲ့တာပဲ.. ရတနာဝိညာဉ်.. မင်းက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တယောက်ပဲ.. မင်းလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကောင်လေး တစ်ယောက်နောက်ကို လိုက်နေရင် အနာဂတ် ဘာမှရှိမှာမဟုတ်ဘူး.. မင်းငါ့ကိုသာ သစ္စာခံလိုက်.. ငါ့ရဲ့ ခန္ဓာကိုယ် ဖိနှိပ်မှုကနေ လွတ်မြောက်လာတာနဲ့ ငါမင်းကို တကယ့်အင်ပါယာအဆင့် လက်နက်အဖြစ် သေချာပေါက် မြှင့်တင်ပေးမယ်"

ကျိုးယိုက လေထဲရှိ ဝိညာဉ်ပုံရိပ်ကို စူးစိုက်ကြည့်ပြီးနောက်တွင် အလွန် ဆွဲဆောင်မှု ရှိ​သော ကမ်းလှမ်းချက် တစ်ခုကို ကမ်းလှမ်းလိုက်သည်။

"မင်းရဲ့ကမ်းလှမ်းချက်က မဆိုးပါဘူး.. မင်းသာ ငါ့ကို စောစောစီးစီး တွေ့ခဲ့မယ်ဆိုရင် ငါသဘောတူနိုင်သေးတယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ မင်းနောက်ကျသွားခဲ့ပြီ"

ရွှယ်ယဲ့က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

သူက ကျန်းချန်နှင့် ဝိညာဉ်စာချုပ်ကို ချုပ်ဆိုထားခဲ့ပြီးပြီ ဖြစ်ရာ ကျိုးယို၏ မရေမရာ ကတိစကားသည် သူ့ကို အဘယ်ကဲ့သို့ သွေးဆောင်နိုင်ပါအံနည်း။

ဆိုရလျှင် ကျိုးယိုက သူ့ကို အင်ပါယာလက်နက် အဖြစ် အဆင့် မြှင့်တင်ပေးခဲ့လျှင်ပင် သူ့အနေဖြင့် ကျိုးယို၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည် ဖြစ်၏။

ရွှယ်ယဲ့၏ တစ်သက်တာ ရည်မှန်းချက်မှာ ရွှယ်မင်ကျောင်းဆောင်၏ နှောင်ကြိုးကနေ လွတ်မြောက်ပြီး ဝ်ိညာဉ် ဧကရာဇ်အဖြစ် လွတ်လပ်စွာ ရှင်သန်န်ိုင်ရန် ဖြစ်သည်။

"ငါက မင်းကို အခွင့်ရေးပေးနေတာ မင်းအတွက် ဂုဏ်ယူစရာပဲ.. မင်းက ဝိုင်ကောင်းကို မသောက်ချင်ဘူးကိုး"

ရွှယ်ယဲ့ ငြင်းပယ်လိုက်သည်ကို မြင်လျှင် ကျိုးယို၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

သူက သွေးဝိညာဉ်မျိုးနွယ်စု၏ တပ်မှုးချုပ် ဖြစ်ပြီး အင်ပါယာအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။

ရှန်းဝူတိုက်ကြီး၏ မဟာအင်ပါယာ ဖြစ်သော ဟောင်ထျန်းနှင့်ပင် ယှဉ်နိုင်သည့် ပုဂ္ဂိုလ်တစ်ပါး ဆိုလည်း မမှားပေ။

သူအထွတ်အထိပ် ကာလတွင် ရှိစဉ်ကဆိုလျှင် သာမန် အင်ပါယာ ရတနာတစ်ပါးကိုပင် သူ၏ မျက်လုံးထဲတွင် မထည့်ခဲ့ပေ။

ယခုအခါတွင်မူ ပါမွှားလောက်သာ အဆင့်ရှ်ိသည့် အင်ပါယာတစ်ပိုင်း ရတနာသည် သူ့ကို မျက်နှာသာမပေးခဲ့ပေ။

"မင်းရဲ့ အခွင့်ရေးပေးတာကို ဘာလို့ ငါက ဂုဏ်ယူနေရမှာလဲ.. မင်းရဲ့လက်ရှိ အခြေအနေနဲ့များ လူတကာကို ကြောက်လှန့်အောင် ခြောက်ဖြဲရဲသေးတယ်.. ငါတကယ် ကြောက်နေမယ်များ ထင်နေလား.. တခြားနေရာမှာ ဆိုရင်တော့ ငါမင်းကို မယှဉ်နိုင်ဘူး.. ဒါပေမဲ့ ရွှယ်မင် ကျောင်းဆောင်ထဲမှာတော့ ငါကအရှင်သခင်ပဲ"

ရွှယ်ယဲ့က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ နက်ရှိုင်းသော စွမ်းအင်လေးခုသည် အရပ်လေးမျက်နှာကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ရွှယ်မင် အချုပ်အနှောင်"

ရွှယ်ယဲ့၏ ကြုံးဝါးသံနှင့် အတူ နက်ရှိုင်းသော စွမ်းအင်လေးခုသည် ချက်ချင်းဆိုသလို ဧရာမ သံကြိုးကွင်းဆက် လေးခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျိုးယိုကို တင်းကြပ်စွာ ချုပ်နှောင်လိုက်သည်။

ကျိုးယိုကို ချုပ်နှောင်ပြီးသည်နှင့် ရွှယ်ယဲ့သည် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ကောင်းကင်ပေါ်ရှိ မိုးကြိုးအလင်းသည် မိုးကြိုးလျှပ်စီးတူ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျိုးယို ဆီသို့ ဦးတည်၍ ကျဆင်းလာခဲ့သည်။

"ငရဲကိုးပါး သွေးနတ်ဆိုးသိုင်း"

ကျိုးယိုက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် သွေးဝိညာဉ် စွမ်းအား တစ်ခုသည် ကောင်းကင်ပေါ်သို့ မြင့်တက်လာခဲ့ပြီး ကျိုးယိုကို ချုပ်နှောင်ထားသည့် ချိန်းကြိုးများကို ချက်ချင်း ဆိုသလို တိုက်ခိုက်လိုက်သည်။

ကျိုးယို ဤတစ်ကြိမ် အသုံးပြုခဲ့သော စွမ်းအားသည် သူခန္ဓာကိုယ် အပိုင်စီးထားသော သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခံနိုင်ရည် ကန့်သတ်ချက်ကို ကျော်လွန်သွားသည်မှာ ထင်ရှား၏။

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ဝတ်စုံက ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ပြီး ခန္ဓာကိုယ်တွင် အက်ကြောင်းများ ဖြစ်ပေါ်ကာ ထိုအက်ကြောင်းကနေ သွေးများပင် စိမ့်ထွက်လာခဲ့သည်။

ခဏအတွင်းမှာပင် သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးများက ဖုံးလွှမ်းသွားခဲ့၏။

ထိုအခိုက်အတန့်တွင် ကျိုးယိုသည် ငရဲကိုးပါး သွေးနတ်ဆိုးသိုင်းကျင့်စဉ် အစွမ်းဖြင့် ကွင်းဆက် ချိန်းကြိုးကနေ လွတ်မြောက်သွားခဲ့သည်။

သူ၏ လက်ရှိအခြေနေက ကောင်းကင်ပေါ်ကနေ ကျဆင်းလာသည့် မိုးကြိုးတူကို မတားဆီးနိုင်ကြောင်း သိရှိ၍ သူ၏ ဝိညာဉ်ကို သွေးအလင်းအဖြစ် တိုက်ရိုက် ပြောင်းလဲကာ သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်ကနေ ပြန်ထွက်လာခဲ့သည်။

"ဝုန်း.."

ထိုအချိန်မှာပင် ကျိုးယို စွန့်ပစ်သွားသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည့် သွေးရောင်ဝတ်စုံဝတ် လူငယ်သည်

ကောင်း​ကင်ပေါ်ကနေ ကျဆင်းလာသော မိုးကြိုးတူ

ထိမှန်ကာ ချက်ချင်းဆိုသလို သွေးအမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

"အမှုန်အမွှားအဆင့်ပဲ ရှိတဲ့ အင်ပါယာ တစ်ပိုင်း ရတနာရဲ့ ဝိညာဉ်က ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတယ်.. ငါ ဖိနှိပ်မှုကနေ လွတ်မြောက်တာနဲ့ ကမ္ဘာအနှံ့ လိုက်ရှာပြီး မင်းကို သေချာပေါက် ဖျက်ဆီးပစ်မယ်"

သွေးရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည်ကို မြင်လျှင် လေထဲကနေ ထွက်ပြေးနေသော ကျိုးယိုသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ဒါဆိုရင်လည်း မင်းရဲ့ခန္ဓာကိုယ် ဖိနှိပ်မှုကနေ လွတ်မြောက်တဲ့ အထိ ငါစောင့်နေမယ်"

ရွှယ်ယဲ့က လက်တစ်ဖက်ကို မြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် ပတ်၀န်းကျင် လေထုသည် တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်းသည် ဤကမ္ဘာကြီးကို လွှမ်းခြုံသွားခဲ့ကာ ကျိုးယို၏ ဝိညာဉ်ကို ဘာမှမကျန်တော့သည့်အထိ အမှုန့်ချေပစ်လိုက်သည်။

"နောက်တစ်ခါဆိုရင် ဒီလိုမျိုး ပုဂ္ဂိုလ်တွေကို ပြဿနာသွားမရှာပါနဲ့.. ငါ၀င်မပါချင်ဘူး.. ဒါ့အပြင် အချိန်ပိုယူပြီးရွှယ်မင်ကျောင်းဆောင်ကို အမြန်ဆုံး သန့်စင်ဖို့လည်း မမေ့နဲ့ဦး"

ကျိုးယိုကို သတ်ပစ်ပြီးနောက်တွင် ရွှယ်ယဲ့သည် ကျန်းချန်ကို သတိပေးလိုက်သည်။

ထို့နောက်တွင် ရွှယ်ယဲ့၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့၏။

"ဒီရွှယ်မင်ကျောင်းဆောင်ကို လုံး၀ ထိန်းချုပ်နိုင်ဖို့ အတွက် အချိန်အနည်းငယ်တော့ ယူရဦးမယ် ထင်တယ်"

ရွှယ်ယဲ့ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်နေရင်း ကျန်းချန်သည် သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတ်ိုး ရေရွတ်လိုက်သည်။

မူလက ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်ကို သိုလှောင်လက်စွပ် ကဲ့သို့ သိုလှောင်နိုင်သော အရာတခုသာ ဖြစ်သည်ဟု ထင်ခဲ့သည် ။

သို့သော်လည်း အင်ပါယာတစ်ပိုင်း မှော်ရတနာသည် အင်ပါယာတစ်ပိုင်း မှော်ရတနာသာ ဖြစ်၏။

ရွှယ်မင်ကျောင်းဆောင်သည် တိုက်ခိုက်ရေးလက်နက် မဟုတ်သော်လည်း အလွန် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။

သူသာ ရွှယ်မင်ကျောင်းဆောင်ကို လုံး၀ ထိန်းချုပ်နိုင်လျှင် ရွှယ်ယဲ့ ကဲ့သို့ ရွှယ်မင်ကျောင်းဆောင်၏ စွမ်းအားကို အသုံးချပြီး နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။

အခန်း(၁၂၁၉)ပြီး၏။

အခန်း(၁၂၂၀)

ကျန်းချန်က ရွှယ်ယဲ့နှင့် ရွှယ်မင်ကျောင်းဆောင်၏ စွမ်းအားကို အသုံးပြုကာ ကျိုးယို၏ ဝိညာဥ်ကို သတ်ဖြတ်ပြီးနောက်တွင် အလျင်စလို ထွက်မသွားခဲ့ပေ။

သူက ရွှယ်မင်ကျောင်းဆောင် ထဲတွင် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သည်အထိ ခဏမျှ ကျင့်ကြံခဲ့သည်။

ထို့နောက်တွင် ရွှယ်မင်ကျောင်းဆောင်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ရောင်စုံနတ်အလင်း လွှမ်းခြုံထားသော ယဇ်ပုလ္လင် ရှေ့တွင် တစ်ဖန် ပြန်ပေါ်လာခဲ့ကာ ရှန်းဝူကောင်းကင် အစီအရင်၏ ချို့ယွင်းချက်ကို ပြုပြင်ရန် စတင်လိုက်သည်။

ကျန်းချန်က ယဇ်ပုလ္လင်၏ ရှေ့တွင် ထိုင်ချလိုက်ပြီး လက်ဟန်များဖြင့် လျှို့ဝှက်နက်နဲသော အစီအရင် သင်္ကေတများကို ထုတ်ဖော်ကာ ရောင်စုံနတ်အလင်း ဆီသို့ ဆက်တိုက် ပစ်ခတ်လိုက်သည်။

သုံးရက်နှင့် သုံးညလုံးလုံး ကျန်းချန်သည် အစီအရင် သင်္ကေတ ထောင်ပေါင်းများစွာကို ဖန်တီးကာ ရောင်စုံနတ်အလင်း ဆီသို့ ပစ်ခတ်ခဲ့သည်။

အစီအရင် သင်္ကေတများသည် ရောင်စုံနတ်အလင်းထဲသို့ ဝင်ရောက်သွားသည်နှင့် အမျှ ယဇ်ပုလ္လင်ပေါ်ရှိ ရောင်စုံနတ်အလင်းသည် ပို၍ပင် တဖြည်းဖြည်း တောက်ပလာခဲ့သည်။

အဆုံးသတ်တွင် တောက်ပသော ရောင်စုံနတ်အလင်းသည် ယဇ်ပုလ္လင်အောက်ရှိ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် အလင်းတန်းကို လုံးဝ ဖိနှိပ်ပစ်လိုက်သည်။

ထို့နောက်တွင် ယစ်ပုလ္လင် တစ်ခုလုံး၌ သွေးအလင်းများ တစ်စက်မှ မမြင်တွေ့ရတော့ချေ။

"ဒါက ပြီးပြည့်စုံတဲ့ ရှန်းဝူကောင်းကင် အစီအရင်ပဲ.. တကယ်ကို အံ့သြစရာကောင်းတယ်"

ဤမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် ပင်ပန်းနေသော မျက်နှာထက်၌ အဆုံးသတ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု‌ ပေါ်လာခဲ့သည်။

ရှန်းဝူကောင်းကင် အစီအရင်သည် အမှန်တကယ်ပင် နတ်အဆင့် အစီအရင်တစ်ခု ဖြစ်သည်။

သူက ရှန်းဝူကောင်းကင် အစီအရင်ကို ပြီးပြည့်စုံသော အဆင့်အထိ တတ်မြောက်ထားသော်လည်း အစီအရင်၏ ချို့ယွင်းချက်ကို ပြုပြင်ရန် သုံးရက်မျှ အပြည့်အဝ အချိန်ယူခဲ့ရသည်။

"အစီအရင်ကို ပြုပြင်ပြီးပြီ ဆိုတော့ မတော်တဆမှု မရှိသရွေ့ အချိန်တိုအတွင်းတော့ ပြဿနာမရှိနိုင်ဘူးထင်တယ်.. ဒီနေရာကို ရှန်းဝူကောင်းကင် အစီအရင်နဲ့ ဖိနှိပ်ထားတာက ရေရှည်ဖြေရှင်းနည်း တစ်ခုတော့ မဟုတ်ဘူး.. နောင်အခါ အခွင့်အရေးရခဲ့ရင် ကျိုးယိုကို ဖယ်ရှားပြီး တစ်ခြားဂြိုဟ်နဲ့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုဖျက်ဆီးဖို့ နည်းလမ်းရှာဖွေရမယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ကျိုးယိုသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အင်ပါယာဟောင်ထျန်းနှင့်ပင် နှိုင်းယှဥ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

နှစ်ပေါင်းထောင်ချီ ဖိနှိပ်ခံရပြီးနောက်မှာပင် သူ၏ခွန်အားသည် အစွမ်းထက်နေဆဲ ဖြစ်၏။

ရှန်းဝူတိုက်ကြီး၏ မူလစွမ်းအားဖြင့် လက်ရှိအချိန်တွင် ကျိုးယိုကို ဖယ်ရှားရန် ဆိုသည်မှာ လက်တွေ့မကျပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် စဥ်းစားမနေတော့ပေ။

သူက ခဏမျှ အနားယူပြီးနောက်တွင် အင်ပါယာ မြှုပ်နှံခြင်းချောက်ထဲကနေ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ယဇ်ပုလ္လင်ပေါ်ရှိ ရောင်စုံနတ်အလင်းတွင် ပုံရိပ်တစ်ခု ဝိုးတဝါး ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အလွန်တရာပင် အံ့အားသင့်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏အကြည့်သည် ထိုပုံရိပ်ပေါ်သို့ ကျရောက်သွားခဲ့၏။

ထိုပုံရိပ်ထဲတွင် ချောမောလှပသော အမျိုးသမီး တစ်ဦးသည် ကောင်းကင်ကနေ ဆင်းသက်လာပြီး ယဇ်ပုလ္လင် ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို ကျန်းချန် မြင်လိုက်ရသည်။

ထို့နောက်တွင် သူမသည် ရောင်စုံနတ်အလင်းကို အတားအဆီးမရှိ ဖြတ်သန်းသွားပြီး ကျန်းချန်၏ မျက်စိအောက်ကနေ ပျောက်ကွယ်သွားခဲ့၏။

"ဒါက ရှန်းဝူကောင်းကင် အစီအရင်ကနေ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တစ်ခု ဖြစ်နိုင်တယ်.. အစီအရင်က ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအချို့ကို မှတ်တမ်းတင်ထားတဲ့ပုံပဲ"

ရောင်စုံနတ်အလင်းထဲမှ ပုံရိပ်ကို အသေအချာ စိုက်ကြည့်ရင်း ကျန်းချန်သည် စိတ်လှုပ်ရှားလာခဲ့သည်။

"ကြည့်ရတာ တစ်ယောက်ယောက်က အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ရောက်ဖူးနေတာပဲ.. အဲဒီနောက်မှာ ရှန်းဝူကောင်းကင် အစီအရင်ရဲ့ တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်ထဲကို ဝင်ရောက်ပြီး အခြားဂြိုဟ်ကို ကူးပြောင်းသွားပုံရတယ်"

ထိုအမျိုးသမီးက အင်ပါယာ မြှုပ်နှံခြင်းချောက်ကို မည်သည့်အချိန်က ရောက်လာမှန်း ကျန်းချန် အတိအကျ မပြောနိုင်ခဲ့ပေ။

သို့သော်လည်း ထိုအမျိုးသမီး ဝင်ရောက်သွားသော အချိန်တွင် ရှန်းဝူကောင်းကင် အစီအရင်ဖြင့် ဖုံးအုပ်ထားသော ယဇ်ပုလ္လင်၌ သွေးအလင်း လုံးဝ ထွက်မနေခဲ့ပေ။

ယင်းက လျှို့ဝှက်ဆန်းကြယ် အမျိုးသမီး ဤနေရာသို့ ရောက်လာချိန်တွင် ရှန်းဝူကောင်းကင် အစီအရင်က မပျက်စီးသေးဟု အဓိပ္ပါယ်ရနေ၏။

သိထားရမည်မှာ ရှန်းဝူကောင်းကင် အစီအရင်သည် နတ်အဆင့် အစီအရင်တစ်ခု ဖြစ်သည်။

ဤတစ်ခေါက်တွင် ရှန်းဝူကောင်းကင် အစီအရင်သည် ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သော်လည်း နတ်သန္ဓေအင်ပါယာ အဆင့်အောက်ရှိ လူများသာ ဝင်ထွက်နိုင်ခဲ့သည်။

မပျက်စီးသေးသော ရှန်းဝူကောင်းကင် အစီအရင်ဆိုလျှင် ပုရွက်ဆိတ် တစ်ကောင်ပင် ဝင်ထွက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ပုံရိပ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီးသည် ပြီးပြည့်စုံသော ရှန်းဝူကောင်းကင် အစီအရင်ကို အဆီးအတား မရှိ ဖြတ်သန်းသွားခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် သူကဲ့သို့ပင် ရှန်းဝူကောင်းကင် အစီအရင်ကို လုံးဝ နားလည်နေပါသလော။

ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက မည်သူနည်း။

သူမက အဘယ်ကြောင့် ရှန်းဝူကောင်းကင် အစီအရင်ကို နားလည်နေပါသနည်း။

သူမက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဝင်ရောက်ကာ အခြားဂြိုဟ် တစ်ခုထဲသို့ အဘယ်ကြောင့် ကူးပြောင်းသွားခြင်း ဖြစ်နိုင်ပါသနည်း။

ကျန်းချန် အတွေးနက်နေစဥ်မှာပင် ရောင်စုံ နတ်အလင်းထဲရှိ ပုံရိပ်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ပုံရိပ်ထဲတွင် နောက်ထပ် ဝိုးတဝါး နောက်ကျော ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

ထိုအမျိုးသားက အရပ်ခပ်မြင့်မြင့် ရှိပြီး လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ ယဇ်ပုလ္လင်၏ ရှေ့တွင် ရပ်နေခဲ့သည်။

ထို့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နက်မှောင်သော ကျောက်တုံးတစ်တုံးကို ထုတ်ကာ ရှန်းဝူကောင်းကင်အစီအရင်ကို ရိုက်ချလိုက်ရာ ရှန်းဝူကောင်းကင်အစီအရင်တွင် ရုတ်တရက် ချို့ယွင်းချက်တစ်ခု ဖြစ်သွားခဲ့သည်ကို ကျန်းချန် မြင်လိုက်ရသည်။

နောက်ထပ် တစ်ခဏတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယဇ်ပုလ္လင်ထဲသို့ ဝင်ရောက်သွားပြီး ခြေရာလက်ရာပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ကြည့်ရတာ ရှန်းဝူကောင်းကင် အစီအရင်ကို ချို့ယွင်းချက်ဖြစ်အောင် တစ်စုံတစ်ယောက်က ကျောက်တုံးနဲ့ ရိုက်ချိုးခဲ့တဲ့ပုံပဲ"

ကျန်းချန်က အလွန်အမင်း အံ့သြထိတ်လန့်သွားခဲ့သည်။

သူက ရောင်စုံနတ်အလင်းထဲမှ မှိန်ဖျော့ဖျော့ ပုံရိပ်ကို အသေအချာ စူးစိုက်၍ ကြည့်နေခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ကျောပုံရိပ်သည် သူ၏ မှတ်ဥာဏ်ထဲမှ ပုံရိပ်တစ်ခုနှင့် တဖြည်းဖြည်း ဆင်တူလာသည်ဟု သူ ခံစားလိုက်ရသည်။

"အဖေလား"

ပုံရိပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ဖခင် ကျန်းဝူရ နှင့် အနည်းငယ် ဆင်တူနေသည်ဟု သူ့စိတ်ထဲကနေ ခံစားမိခဲ့သည်။

ဤအချိန်တွင် ကျန်းချန်၏ စိတ်ထဲ၌ သူကိုယ်တိုင်ပင် မယုံကြည်နိုင်သည့် အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က သူ့ဖခင် ကျန်းဝူရသည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက် ဆီသို့ အမှန်တကယ် ရောက်ခဲ့ဖူးသည်။

သို့သော်လည်း သူဖခင်သည် စန်းရှန်မြို့မှ သေးငယ်သော မိသားစုလေး ဖြစ်သည့် ကျန်းမိသားစု၏ ခေါင်းဆောင်သာ ဖြစ်သည်။

ထို့အပြင် သူ့ဖခင်၏ ကျင့်ကြံခြင်းအဆင့်သည် ချီကာကွယ်ရေး နဝမ အဆင့်သာ ရှိ၏။

ထို့ကြောင့် သူ့ဖခင် ဤနေရာသို့ ရောက်လာခဲ့သည်မှာ ထူးခြားသော ကိစ္စတစ်ခုခုကြောင့်ဟု ကျန်းချန် ခံစားမိခဲ့သည်။

ထို့အပြင် သူ့ဖခင် ဤနေရာသို့ ရောက်လာလျှင်ပင် သူ့ဖခင်၏ လက်ထဲ၌ နက်မှောင်‌သော ကျောက်တုံးက ရှိမည် မဟုတ်ပေ။

ရှန်းဝူကောင်းကင် အစီအရင်ကိုပင် ချိုးဖျက်နိုင်သည့် ဤကျောက်တုံးသည် မည်မျှပင် ကြောက်စရာကောင်းလိုက်သည့် ဖြစ်တည်မှုနည်း။

သူ၏ဖခင်တွင် ဤကဲ့သို့ နတ်အဆင့် အစီအရင်ကို ဆန့်ကျင်နိုင်သော ပစ္စည်းမျိုး အဘယ်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

အချိန်ကာလကို ရေတွက်ကြည့်မည် ဆိုလျှင် လီချင်းရွှယ်တို့ သွေးဝိညာဥ် မျိုးနွယ်စုသည် လွန်ခဲ့သော တစ်နှစ်ကျော်က ဤနေရာ၌ ပေါ်မလာသေးပေ။

ထို့အတူ မြောက်ပိုင်းတောရိုင်း ဒေသ၏ အသက်စွမ်းအင်များသည်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်က သိသိသာသာ ပြောင်းလဲခြင်း မရှိသေးချေ။

ရှန်းဝူကောင်းကင် အစီအရင်တွင် ချို့ယွင်းချက်တစ်ခု ရှိလျှင် မူလစွမ်းအင်များသည် ၂နှစ် သို့မဟုတ် ၃နှစ်ကြာ ဆုံးရှုံးခဲ့ပြီးမှသာ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်၏။

ထိုသို့ တွက်ချက်မှုအရ ရှန်းဝူကောင်းကင် အစီအရင် ချို့ယွင်းချက် ဖြစ်ပေါ်ခဲ့သည့် အချိန်သည် သူ့ဖခင်ကျန်းဝူရ အင်ပါယာ မြှုပ်နှံခြင်းချောက် ထဲသို့ ရောက်လာသည့် အချိန်နှင့် တစ်စိတ်တစ်ပိုင်း ကိုက်ညီနေခဲ့သည်။

ဤသို့ဆိုလျှင် ပုံရိပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အမှန်တကယ်ပင် သူ၏ဖခင်ကျန်းဝူရ ဖြစ်နေပါသလော။

ကျန်းချန်သည် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပြီး စကားလုံးဖြင့် ဖော်ပြ၍ မရလောက်အောင်ပင် အံ့သြ ထိတ်လန့်နေခဲ့သည်။

သူမှတ်မိသလောက် သူ့ဖခင် ကျန်းဝူရသည် စကားနည်းသောသူ ဖြစ်ပြီး စန်းရှန်မြို့၏ အရှင်သခင် အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။

သို့သော်လည်း မဟာရှားနိုင်ငံနှင့် မြောက်ပိုင်းတောရိုင်း ဒေသများတွင်မူ သူ့ဖခင်ကဲ့သို့ ချီကာကွယ်‌ရေးအဆင့် ကျင့်ကြံသူသည် သာမန် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်၏။

ထိုကဲ့သို့ သာမန် ကျင့်ကြံသူတစ်ဦးသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူပင် ရှင်သန်ရန် ခက်ခဲသော အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို အဘယ်ကဲ့သို့ ဖြတ်သန်းနိုင်ပါမည်နည်း။

ထို့အပြင် ရှန်းဝူကောင်းကင် အစီအရင်ကို ချိုးဖျက်နိုင်သည့် နက်မှောင်သော ကျောက်တုံးကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။

ရှန်းဝူကောင်းကင် အစီအရင်ကနေ အခြားကမ္ဘာသို့ အဘယ်အကြောင်းကြောင်းကြောင့် ကူးပြောင်းသွားခဲ့ပါသနည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

ပုံရိပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားသာ သူ၏ ဖခင်ကျန်းဝူရ အမှန်တကယ် ဖြစ်နေခဲ့သည်ဆိုလျှင် သူ၏ ဖခင်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်မှာ သေချာသလောက်ပင်။

"ကျန်းမိသားစုကို ပြန်သွားရတော့မယ် ထင်တယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ရောင်စုံနတ်အလင်းထဲမှ ပုံရိပ်များသည် သူ၏ စိတ်ကူးကို လုံးဝ ကျော်လွန်နေခဲ့သည်။

သူ့အနေဖြင့် ကျန်းမိသားစုကို ပြန်ရောက်လျှင် သဲလွန်စ အချို့ကို ရှာဖွေတွေ့ရှိနိုင်သည် မဟုတ်ပါလော။

ထိုကဲ့သို့သော အတွေးများ ဝင်ရောက်လာပြီးနောက်တွင် ကျန်းချန်သည် ရှန်းဝူကောင်းကင် အစီအရင်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် သူသည် အင်ပါယာမြှုပ်နှံခြင်းချောက်ထဲကနေ အထက်သို့ ပျံသန်းသွားခဲ့သည်။

အခန်း(၁၂၂၀)ပြီး၏။

အခန်း(၁၂၂၁)

အင်ပါယာမြှုပ်နှံခြင်းချောက်၏ အပြင်ဘက်တွင် ရှန်းပိုင်ကျန့်တို့ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးဦးသည် ခံတပ်ပေါ်တွင် ရပ်နေခဲ့ကြသည်။

သူတို့က အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြ၏။

"ရက်ပေါင်း ၂၀တောင်ကျော်ပြီ.. အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲမှာ မိတ်ဆွေလေးကျန်းချန် အဆင်ပြေရဲ့လားမသိဘူး"

လုံလီက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် စိုးရိမ်သောအမူအရာ ဖြစ်ပေါ်နေခဲ့၏။

ကျန်သုံးဦးသည်လည်း သူကဲ့သို့ပင် စိုးရိမ်နေခဲ့သည်။

အင်ပါယာမြှုပ်နှံခြင်း ချောက်နက်သည် မြောက်ပိုင်း တောရိုင်းဒေသရှိ အန္တရာယ်အရှိဆုံး တားမြစ်နေရာတစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းကပင် အင်ပါယာမြှုပ်နှံခြင်းချောက် ထဲသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများသည် တစ်ဦးမှ ပြန်ထွက်လာခြင်း မရှိခဲ့ပေ။

ကျန်းချန်၏ ခွန်အားက ရုန့်ရင်းနေလျှင်ပင် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲသို့ ဝင်ရောက်ခြင်းသည် အလွန်အမင်းစွန့်စားရာ ကျနေခဲ့၏။

"စိတ်မပူပါနဲ့.. အရင်က အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ဝင်ရောက်ခဲ့တဲ့လူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်မှာ ရှိမနေခဲ့ဘူး.. ဒီသွေးကျင့်ကြံသူတွေက နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူတွေ ဖြစ်တယ်.. သူတို့ အသက်ရှင်နေပုံကို ထောက်ရင် ဒီအင်ပါယာမြှုပ်နှံခြင်းချောက်နက်က နတ်ဝိညာဥ်ဘုရင် ကျင့်ကြံသူတွေအတွက် အန္တရာယ်မရှိဘူးဆိုတာ သက်သေပြနေတာပဲ.. ကျန်းချန်ကို ရက်အနည်းငယ်လောက် ထပ်စောင့်ကြည့်ကြတာပေါ့.. အကယ်၍ ပြန်မလာသေးရင်တော့ ငါကိုယ်တိုင် ချောက်နက်ထဲ ဆင်းကြည့်မယ်"

ရှန်းပိုင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

သူ၏ စကားကို ကြားလျှင် လူတိုင်းသည် တိတ်ဆိတ်နေခဲ့ကြသည်။

ကျန်းချန်လိုလူပင် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကနေ ထွက်မလာနိုင်လျှင် သူတို့လေးယောက် အတူတူ ဝင်ရောက်လျှင် သေချာပေါက် ပြန်လာနိုင်မည် မဟုတ်ပေ။

သူတို့အားလုံးက အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲသို့ ဝင်ရောက်သွားသော ကျန်းချန်ကို စိုးရိမ်နေကြသော အချိန်မှာပင် အနက်ရောင်အရိပ် တစ်ခုသည် လေထုကို ဖြတ်သန်းကာ သူတို့ ရှိရာသို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။

"ကျန်းချန်ပဲ"

ပျံသန်းလာသော အနက်ရောင်အရိပ်ကို မြင်လျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးဦး၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"အားလုံးပဲ စိတ်ချလို့ရပြီ.. အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲက ပြဿနာကို ကျွန်တော်ဖြေရှင်းပြီးပြီ"

ကျန်းချန်က ခံတပ်ပေါ်တွင် မတ်တပ်ရပ်နေသော နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

သူ၏အသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက်ပင် ရောက်ရှိလာခဲ့၏။

"နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီပေ့ါ"

ကျန်းချန်၏ စကားကိုကြားလျှင် သူတို့ လေးဦးလုံးသည် ယခုမှသာ သက်ပြင်း ချနိုင်ခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်က မြောက်ပိုင်းတောရိုင်းဒေသ၏ အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ကနေ သွေးကျင့်ကြံသူများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်ကတည်းကပင် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် ထိုနေရာတွင် ခံတပ်တစ်ခုတည်ဆောက်ကာ အချိန်ပြည့် စောင့်ကြပ်ခဲ့ရသည်။

ယခုအခါတွင် ထိုကိစ္စအားလုံးကို ကျန်းချန်က လုံးဝ ဖြေရှင်းလိုက်ပြီ ဖြစ်ရာ သူတို့၏ ခဲဆွဲထားသလို လေးလံနေသောနှလုံးသားများသည် ပေ့ါပါးသွားခဲ့ပြီ ဖြစ်၏။

မြောက်ပိုင်း တောရိုင်းဒေသ၏ အန္တရာယ်များ ပပျောက်သွားပြီ ဖြစ်၍ ရှန်းပိုင်ကျန့်နှင့် တခြားသူများသည် ပျော်ရွှင်နေခဲ့ကြသည်မှာ သဘာဝပင်။

သူတို့က ခံတပ်ထဲမှာပင် ကျန်းချန်အတွက် ဂုဏ်ပြုပွဲ တစ်ပွဲကို ကျင်းပပေးခဲ့ကြသည်။

ထိုဂုဏ်ပြုပွဲတွင် ကျန်းချန်သည် လူတိုင်းကို အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲမှ အခြေအနေနှင့်ပတ်သက်၍ အကြမ်းဖျင်း ပြောပြခဲ့သည်။

ထို့အပြင် လုံလီနှင့်လည်း လုံမိသားစု အမွေအနှစ်နယ်မြေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ၏။

ပွဲပြီးဆုံးပြီးနောက်တွင် ကျန်းချန်သည် သူ၏ ဖခင်နှင့် ပတ်သက်သည့် ကိစ္စများကို စုံစမ်းရန်အတွက် ခံတပ်တွင် အချိန်ကြာကြာ မနေတော့ဘဲ လူတိုင်းကို နှုတ်ဆက်ကာ မဟာရှားနိုင်ငံ ဆီသို့ ထွက်ခွာလာခဲ့သည်။

နောက်ထပ် နှစ်ရက်အကြာတွင် ကျန်းချန်သည် မဟာရှားနိုင်ငံ၏ ကျန်းမိသားစု ဆီသို့ ပြန်‌လည် ရောက်ရှိလာခဲ့ပြီး ခရီးရောက်မဆိုက်ပင် ကျန်းခိုင်ကို ခေါ်တွေ့လိုက်သည်။

သူ လူမှန်းသိတတ်စ အရွယ်ကတည်းကပင် ကျန်းခိုင်သည် သူ့ဖခင်ကျန်းဝူရ၏ အယုံကြည်ရဆုံး နောက်လိုက် လူယုံတော်တစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ကျန်းခိုင်က သူ့ဖခင်နှင့် ပတ်သက်၍ တခြားသူများထက် ပိုမိုသိလိမ့်မည်ဟု သူမှန်းဆခဲ့သည်။

ကျန်းချန်က ကျန်းမိသားစုသို့ ပြန်ရောက်သည်နှင့် သူ့ကိုအလောတကြီး ခေါ်တွေ့သောကြောင့် ကျန်းခိုင်၏ မျက်နှာထက်တွင် နားမလည်နိုင်သော အမူအရာ ဖြစ်နေခဲ့သည်။

သူက သိချင်စောစိတ်ဖြင့် မေးလိုက်သည်။

"သခင်လေး ကျွန်တော့်ကို ရှာနေတာ ကိစ္စရှိလို့လား"

ကျန်းချန်က ယခုအခါတွင် ကျန်းမိသားစု၏ ခေါင်းဆောင်ဖြစ်နေပြီ ဖြစ်သော်လည်း သူနှင့် နှစ်ယောက်တည်း ရှိနေသည့်အခါမျိုးတွင် ကျန်းခိုင်သည် ကျန်းချန်ကို သခင်လေးဟု ခေါ်ဝေါ်နေဆဲပင် ဖြစ်သည်။

ကျန်းချန်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားစပြောလိုက်သည်။

"ဦးလေးခိုင်.. ဦးလေးက ကျွန်တော့်အဖေနဲ့ အတူ နှစ်ပေါင်းများစွာ အတူရှိလာခဲ့တာ မဟုတ်လား"

"ဟုတ်တယ်လေ.. သခင်လေးရဲ့ အဖေနဲ့ နှစ်ပေါင်း၂၀ကျော်တောင် အတူရှိခဲ့တယ်.. အဲဒီတုန်းက သခင်လေးတောင် မမွေးရသေးဘူး"

ကျန်းခိုင်က ကျန်းဝူရကို လွမ်းဆွတ်သော စိတ်ခံစားချက်ဖြင့် ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို အနည်းငယ် အံ့သြသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဒါနဲ့ သခင်လေးက ဘာလို့ ဒီအကြောင်းကို ရုတ်တရက် ကျွန်တော့်ကို မေးရတာလဲ"

"မကြာသေးခင်က ကျွန်တော် အင်ပါယာမြှုပ်နှံခြင်းချောက်နက်ထဲကို သွားခဲ့တယ်.. အဲဒီမှာ ကျွန်တော့်အဖေရဲ့ သဲလွန်စတချို့ကို တွေ့ရှိခဲ့ရတယ်"

ကျန်းချန်က ကျန်းခိုင်ကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော့်အဖေက ကျန်းမိသားစုရဲ့ ခေါင်းဆောင်ဆိုတဲ့ ဖြစ်တည်မှုလောက် မရိုးရှင်းဘူးထင်တယ်.. ဟုတ်တယ်မလား ဦးလေးခိုင်"

ထိုစကားကိုကြားလျှင် ကျန်းခိုင်သည် အံ့သြတုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။

"သခင်လေးက သခင်လေးရဲ့ အဖေအကြောင်းကို သိသွားပြီလား"

ကျန်းချန်က‌ ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ကျွန်တော်သိရင် ဦးလေးခိုင်ကိုတောင် လာမေးမှာ မဟုတ်ဘူး.. ကျွန်တော့်အဖေရဲ့ အကြောင်းကို ကျွန်တော့်ရဲ့ နားလည်မှုက တကယ်တမ်း ပြောရရင် ဘာမှမရှိသလောက်ပါပဲ"

"ကျန်းမိသားစု အနေနဲ့ သခင်လေးရဲ့ အဖေ အကြောင်းကို နားလည်မှုက နှစ်၂၀ကျော်လောက်ပဲ ရှိတယ်လို့ ပြောလို့ရတယ်"

ကျန်းခိုင်က လေးနက်သော အမူအရာဖြင့် စကားကို တစ်လုံးချင်း ပြောလိုက်သည်။

"တကယ်တော့ သခင်လေးရဲ့ အဖေနဲ့အမေက ကျန်းမိသားစုက မဟုတ်ပါဘူး.. သူတို့ကို မိသားစုခေါင်းဆောင်က လွန်ခဲ့တဲ့နှစ်၂၀ကျော်က ကျန်းမိသားစုဆီ ခေါ်လာခဲ့တာပါ"

"ဘယ်လို.."

ထိုစကားကို ကြားလျှင် ကျန်းချန်သည် အံ့သြထိတ်လန့်သွားခဲ့သည်။

"ဦးလေးခိုင် ဆိုလိုတာက ကျွန်တော့်မိဘတွေကို အဘိုးက လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က ကျန်းမိသားစုဆီ ခေါ်လာခဲ့တဲ့ သဘောပေါ့.. အဘိုးက ကျွန်တော့် မိဘတွေကို ဘယ်နေရာကနေ ခေါ်လာခဲ့လဲ ဦးလေးခိုင်"

"ဘယ်နေရာကနေ ခေါ်လာသလဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး.. အားလုံးက သခင်လေးရဲ့ အဖေကို ကျန်းဝူရ လို့ခေါ်ပြီး သခင်လေးရဲ့အမေကို ကျိဝူရွှမ်လို့ ခေါ်တယ် ဆိုတာပဲ သိကြတယ်.. သခင်လေးရဲ့ အဖေနဲ့အမေ ကျန်းမိသားစုကို ရောက်ပြီး မကြာခင်မှာပဲ သခင်လေးရဲ့ အဘိုးက ကွယ်လွန်သွားခဲ့တယ်.. သူ မကွယ်လွန်ခင်မှာ မိသားစုရဲ့ အမြင်အမျိုးမျိုးကို ဆန့်ကျင်ပြီး သခင်လေးရဲ့ အဖေကို မိသားစု ခေါင်းဆောင်ရာထူး ပေးခဲ့တယ်.. အဲဒီအချိန်က သခင်လေးရဲ့အဘိုးက ကျန်းမိသားစုကို သခင်လေးရဲ့အဖေ တာဝန်ယူရင် အကူအညီပေးဖို့အတွက် ကျွန်တော့်ကို တောင်းဆိုခဲ့သေးတယ်"

ကျန်းခိုင်က ဖုံးကွယ်မထားဘဲ သူသိထားသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

"ကျွန်တော့်အမေ ကျိဝူရွှမ်က ဘယ်မှာလဲ.. ဘာလို့ ကျွန်တော်တစ်ခါမှ မမြင်ဖူးရတာလဲ"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဘာရယ်ကြောင့်မှန်းမသိ.. ထိုနာမည်ကို ကြားသောအခိုက်တွင် ရောင်စုံနတ်အလင်း၏ ပုံရိပ်ထဲကနေ သူမြင်တွေ့ခဲ့ရသည့် အမျိုးသမီးသည် သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ပထမဆုံး ပုံရိပ်ဖြစ်သည့် ရှန်းဝူကောင်းကင် အစီအရင်ထဲကို ဝင်ရောက်သွားခဲ့သည်မှာ သူ၏အမေ ဖြစ်နိုင်ပါသလော။

ထို့အပြင် နောက်ထပ် ပုံရိပ်ဖြစ်သည့် လူလတ်ပိုင်းအရွယ်အမျိုးသားသည် အမှန်တကယ်ပင် သူ၏ ဖခင်ကျန်းဝူရလော။

သူတို့က မည်သူတွေနည်း။

အဘယ်ကြောင့် သွေးဝိညာဥ်မျိုးနွယ်စု ရှိသည့် ဂြိုဟ်ပေါ်ကို တည်နေရာ ရွှေ့ပြောင်းသွားကြပါသနည်း။

"သခင်လေးရဲ့မိခင်က သခင်လေးကို မွေးပြီး မကြာခင်မှာပဲ ကျန်းမိသားစုကနေ အကြောင်းအရင်း သေသေချာချာ မသိရဘဲ ပျောက်ကွယ်သွားခဲ့တယ်.. သခင်လေးရဲ့ အမေ ဘယ်ကိုသွားလိုက်လဲ ဆိုတာကတော့ သခင်လေးရဲ့အဖေပဲ သိလိမ့်မယ်.. သခင်လေးရဲ့အမေ မထွက်သွားခင် နှစ်တွေမှာ သခင်လေးရဲ့ အဖေ မျက်နှာမှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေ မကြာခဏ ပေါ်နေတတ်တယ်.. နောက်ပိုင်းမှာတော့ သခင်လေးရဲ့အဖေ မျက်နှာမှာ စိတ်ရှုပ်ထွေးတဲ့ အမူအရာတွေကို မတွေ့ရတော့ဘူး.. ဒါပေမဲ့ သခင်လေးရဲ့အဖေက ကျောက်တုံးနက် တစ်တုံးကို မကြာခဏ ထုတ်ထုတ်ကြည့်တတ်တာတော့ သတိထားမိတယ်"

ကျန်းချန်က အတွေးနက်နေစဥ်မှာပင် ကျန်းခိုင်၏ အသံသည် ကျန်းချန်၏ နားထဲကို ထပ်မံ ဝင်ရောက်လာခဲ့သည်။

"ကျောက်တုံးနက်လား"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရောင်စုံနတ်အလင်း ပုံရိပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျောက်တုံးနက် တစ်တုံးကို အသုံးပြုကာ နတ်အဆင့် အစီအရင်ဖြစ်သည့် ရှန်းဝူကောင်းကင် အစီအရင်ကို ချို့ယွင်းချက် ဖြစ်အောင် ပြုလုပ်ခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် နတ်အလင်းပုံရိပ်ထဲတွင်‌ ပေါ်လာသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ဖခင် ကျန်းဝူရ ဖြစ်နိုင်ရန် အလားအလာ အလွန်များသည်ဟု ခန့်မှန်းမိခဲ့သည်။

သူ၏ ဖခင်သည် အင်ပါယာမြှုပ်နှံခြင်း ချောက်နက်ထဲကို ဝင်ရောက်စဥ်တွင် ချောက်နက်ထဲရှိ ကြယ်တာရာမြို့ကို ရောက်ရှိခဲ့ရုံသာမက ထိုနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ တခြားဂြိုလ်တစ်ခုကို ကူးပြောင်းသွားခဲ့ပုံရ၏။

သူ့ဖခင်ထက် အရင် အခြားဂြိုဟ်သို့ သွား‌ရောက်ခဲ့သောအမျိုးသမီးသည်လည်း သူ၏ မိခင် ကျိဝူရွှမ် ဖြစ်နိုင်ရန် အလားအလာ အလွန်များနေခဲ့သည်။

"သခင်လေးအနေနဲ့ သခင်လေးအဖေရဲ့ ဝိသေသ လက္ခဏာကို သိချင်ရင်တော့ ကျွန်တော် စကားတစ်ခွန်းကို ပြောပြချင်တယ်.. အဲဒါက သခင်လေးအတွက် အသုံးဝင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

ကျန်းခိုင်က တစ်စုံတစ်ရာကို သတိရသွားပြီးနောက်တွင် ရုတ်တရက် ကျန်းချန်ကို ပြောလိုက်သည်။

"အဲဒီစကားက ငါကျန်းဝူရက လူသားဧကရာဇ်ပဲ"

ကျန်းခိုင်က‌ လေးနက်စွာ ပြောလိုက်သည်။

"ဒီစကားကို သခင်လေးအဖေက အိပ်မက်ထဲမှာ ယောင်ပြီး ပြောနေတာ ကျွန်တော် မတော်တဆ ကြားခဲ့ရတယ်"

"လူသားဧကရာဇ် ကျန်းဝူရတဲ့လား.. ဘယ်လောက်တောင်မြင့်မြတ်ပြီး သြဇာရှိလိုက်တဲ့ နာမည်လဲ"

ဤလူသားဧကရာဇ်ကျန်းဝူရ ဟူသော ဘွဲ့နာမည်သည် သူ့ဖခင် ကျန်းဝူရ၏ စစ်မှန်သော ဝိသေသလက္ခဏာ ဖြစ်နေပါသလော။

အခန်း(၁၂၂၁)ပြီး၏။

All Chapters