အခန်း (၁၂၂၂-၁၂၂၄)
Vol. 82 Ch. 1222-1224
အခန်း(၁၂၂၂)
"လူသားဧကရာဇ် ကျန်းဝူရတဲ့လား"
ဤကဲ့သို့သော ဘွဲ့တစ်ခုသည် သာမန်လူများနှင့် လုံးဝမထိုက်တန်ပေ။
သေချာသောအချက်မှာ ဤဘွဲ့သည် ရှန်းဝူတိုက်ကြီး၏ ဂုဏ်ထူးဆောင် ဘွဲ့တစ်ခု လုံးဝမဟုတ်ချေ။
ရှန်းဝူတိုက်ကြီးတွင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူကို ဧကရာဇ်အဆင့် ကျင့်ကြံသူဟု ခေါ်ဆိုနိုင်သော်လည်း မည်သူကမှ လူသားဧကရာဇ်အဖြစ် ဘွဲ့ခံရဲမည် မဟုတ်ပေ။
လူသားဧကရာဇ် ဆိုသည်မှာ လူသားမျိုးနွယ်၏ ဧကရာဇ်ကို ဆိုလိုခြင်း ဖြစ်နိုင်သည် မဟုတ်ပါလော။
နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူမပြောနှင့်၊ အင်ပါယာအဆင့်ကျင့်ကြံသူပင် ဤကဲ့သို့ ဘွဲ့မျိုးကို ခံယူနိုင်မည် မဟုတ်ပေ။
လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်က ရှန်းဝူတိုက်ကြီး၏ အင်ပါယာ အားလုံးထဲတွင် နံပါတ်တစ် ဖြစ်သည့် အင်ပါယာဟောင်ထျန်း တစ်ဦးတည်းသာလျှင် လူသားဧကရာဇ်ဘွဲ့ကို ခံယူရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
"ငါ့မိဘတွေက သွေးဝိညာဥ်မျိုးနွယ်စုနဲ့ ဂြိုဟ်တစ်ခုတည်းကနေ လာတာများလား သူတို့က ရှန်းဝူတိုက်ကြီးကို မတော်တဆရောက်လာလို့ အဘိုးက ကယ်တင်ခဲ့တာရော ဖြစ်နိုင်မလား"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
သူ ရွှေနဂါးမြို့တော်ကို ရောက်ခါစတွင် ကျောက်ယာသည် စကြာဝဠာအကြောင်းနှင့် ပတ်သက်၍ များစွာ ရှင်းပြခဲ့သည်ကို အမှတ်ရမိလိုက်သည်။
စကြာဝဠာထဲရှိ အဆင့်နိမ့်ဂြိုဟ်များတွင် စွမ်းအားနည်းသည့် ဂြိုဟ်များလည်း ရှိကြသည်။
တချို့ဂြိုဟ်များဆိုလျှင် နတ်ဘုရားနယ်မြေကို ဝင်ရောက်ခွင့်ပင် မရှိခဲ့ပေ။
ထိုဂြိုဟ်များမှ ကျင့်ကြံသူများသည် အင်ပါယာအဆင့်ကို ရောက်ရှိခဲ့လျှင်ပင် နတ်ဘုရားနယ်မြေကို ဝင်ရောက်နိုင်ခြင်း မရှိချေ။
ထိုနောက်ပိုင်းတွင် အဆင့်နိမ့် ဂြိုဟ်ပေါင်းများစွာသည် အလယ်အလတ်ဂြိုဟ်များနှင့် ပူးပေါင်းခဲ့ကြပြီး ဂြိုဟ်နှစ်ခုကြား သွားလာရန် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ခဲ့ကြသည်။
ဤနည်းလမ်းဖြင့် အဆင့်နိမ့်ဂြိုဟ်များမှ အင်ပါယာများသည် အလယ်အလတ်ဂြိုဟ်များမှ တဆင့် နတ်ဘုရားနယ်မြေကို ဝင်ရောက်နိုင်မည် မဟုတ်ပါလား။
ဤအချက်အလက်ပေါ် မူတည်၍ ရှန်းဝူတိုက်ကြီးနှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့ ရှိသည့် ဂြိုဟ်ကို ချိတ်ဆက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ ဇစ်မြစ်ကို သိနိုင်ပေသည်။
ဤကိစ္စအားလုံးသည် သူ၏ မိဘများနှင့် သက်ဆိုင်နေသည်ဟု ကျန်းချန်တွင် ခံစားချက် ရှိနေခဲ့သည်။
ထိုသို့ စဥ်းစားမိလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလို ကျန်းခိုင်ကို ပြောလိုက်သည်။
"ဦးလေးခိုင်.. စန်းရှန်းမြို့ကနေ ပြောင်းလာတုန်းက အဖေ့စာကြည့်ခန်းက စာအုပ်တွေကို ယူလာခဲ့သေးလား"
"စိတ်မပူပါနဲ့ ငါအကုန်ယူလာခဲ့တယ်.. သခင်လေးအဖေက စာကြည့်ခန်းမှာပဲ.. သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးခဲ့တယ် ကျွန်တော် အင်ပါယာ မြို့တော်ကို ပြောင်းရွှေ့လာတဲ့ အချိန်မှာ သခင်လေးအဖေရဲ့ စာကြည့်ခန်းက စာအုပ်တွေ အကုန်လုံးကို ယူလာခဲ့ပါတယ်.. သခင်လေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
ကျန်းခိုင်က ပြောရင်း ကျန်းချန်ကို ခြံဝန်းအတွင်းပိုင်း ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် ကျန်းခိုင်၏ ဦးဆောင်မှုအောက်တွင် စာကြည့်ခန်းတစ်ခုသို့ ရောက်လာခဲ့သည်။
"ဒီနေရာမှာ သခင်လေးအဖေရဲ့ စာကြည့်ခန်းအတိုင်း ကျွန်တော် ပြင်ဆင်ထားတယ်"
ကျန်းခိုင်သည် စာကြည့်တိုက်ကို ကျန်းချန်ဖခင်၏ စာကြည့်ခန်းအတိုင်း အသေးစိတ် ပြင်ဆင်ထားခဲ့သည်။
ထို့ကြောင့် ကျန်းချန် မှတ်ဉာဏ်ထဲမှ စာကြည့်ခန်းနှင့် အတိအကျပင် တူညီနေခဲ့သည်။
ကျန်းချန်က စာကြည့်ခန်းထဲမှ ပစ္စည်းများကို တစ်ခုချင်းစီ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် မည်သည့် ထူးဆန်းမှုကိုမှ မတွေ့ခဲ့ရပေ။
ခဏအကြာတွင် ကျန်းချန်သည် သူ၏ အရှေ့ရှိ စာအုပ်စင် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုအခါ အားနည်းသော စွမ်းအင်အရှိန်အဝါ တစ်ခုကို သူ၏ မသိစိတ်ကနေ ခံစားမိလိုက်၏။
ထိုစွမ်းအင် အရှိန်အဝါသည် သူ၏ သွေးနှင့် ဆက်စပ်မှုရှိနေသည်ဟု သူခံစားခဲ့ရသည်။
ကျန်းချန်က စာအုပ်စင်ရှေ့သို့ လျှပ်တပြက် ရောက်ရှိလာခဲ့ပြီး စာအုပ်စင်ကို စတင် ရှာဖွေခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်၏ အကြည့်သည် စာအုပ်စင်၏ အလယ်ဗဟိုသို့ ကျရောက်သွားခဲ့ပြီး ရိုးရှင်းသော စာအုပ်ငယ် တစ်အုပ်ကို စာအုပ်စင်ကနေ ထုတ်ယူလိုက်သည်။
ထိုစာအုပ်ငယ်သည် လက်တစ်ဝါးစာ အရွယ်အစားရှိပြီး ဝါကြန့်ကြန့်ပင် ဖြစ်နေခဲ့သည်။
ထိုစာအုပ်က နှစ်ပေါင်းထောင်ချီ သို့မဟုတ် သောင်းချီသောသမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသော စာအုပ်တစ်အုပ်ကဲ့သို့ ဖြစ်နေခဲ့သည်။
စာအုပ်က အလွန်ထူးခြားပြီး ရေနှင့်မီးပင် မနှောင့်ယှက်နိုင်သကဲ့သို့ပင်။
နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သည်ကို မသိရသော်လည်း ယခုအချိန်ထိ မပျက်စီးသေးဘဲ အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့၏။
ကျန်းချန်က စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သောအခါ စာအုပ်ထဲတွင် မည်သည့်စာမှမပါရှိဘဲ လုံးဝ အလွတ် ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
"ဒီစာအုပ်အလွတ်က ဘာများလဲ.. ဘာလို့ ငါနဲ့ သွေးချင်း ဆက်စပ်မှု ရှိနေတယ်လို့ ခံစားစေရတာလဲ"
ကျန်းချန် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။
သူက စာအုပ်ငယ်ကို အလျင်အမြန် လှန်လှောကြည့်လိုက်သောအခါ နောက်ဆုံးစာမျက်နှာသို့ အရောက်တွင် စာအုပ်ထဲ၌ ညှပ်ထားသော မှတ်စုတစ်စောင်ကို တွေ့ရှိခဲ့ရသည်။
ထိုမှတ်စုကို ဖွင့်ကြည့်လိုက်သောအခါ စာကြောင်းတစ်ကြောင်းသည် ကျန်းချန်၏ မြင်ကွင်းထဲသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့၏။
ကျန်းဝူရ၏ မှတ်စု။
ဟောင်ထျန်းပြက္ခဒိန် ၁၂၀၀၁။
ဝူရွှမ်ကို ကယ်တင်ပြီးနောက်တွင် အတိတ်သည် ဖြတ်သန်းသွားသောတိမ်များကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။
ဟောင်ထျန်းပြက္ခဒိန် ၁၂၀၀၅။
ကျွန်ုပ်၏သား ကျန်းချန်ကို ထိုနှစ်တွင်မွေးဖွားခဲ့ပြီး ဝူရွှမ်က ကျွန်ုပ်တို့လူမျိုးကို ကာကွယ်ရန် ပြန်သွားချင်ကြောင်း ပြောခဲ့သည်။
ဒါပေမဲ့ ကျွန်တော် သဘောမတူခဲ့ပါ။
ဟောင်ထျန်းပြက္ခဒိန် ၁၂၀၁၉။
အဆုံးသတ်တွင် ဝူရွှမ်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး ကျွန်တော် ဘယ်သူလဲဆိုတာကို အမှတ်ရမိသည်။
ကျွန်ုပ်သည် ရွှယ်လင်တိုက်၏ ခေါင်းဆောင်ဖြစ်သည့် လူသားဧကရာဇ် ကျန်းဝူရ ဖြစ်သည်။
ဟောင်ထျန်းပြက္ခဒိန် ၁၂၀၂၀။
သွေးဝိညာဥ်မျိုးနွယ်စု အမြစ်မပြတ်သရွေ့ လူသားမျိုးနွယ်သည် မငြိမ်မသက် ဆက်ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ကျွန်တော်ပြန်ပြီး လူသားမျိုးနွယ် အတွက် တိုက်ခိုက်ရမည်။
ဤအရာက ကျွန်ုပ်၏ လူသား ဧကရာဇ် စည်းတံဆိပ် ဖြစ်သည်။
ကျွန်ုပ်၏ သွေးသားမှသာ ဤအရာကို ထိုးထွင်းသိမြင်နိုင်မည်ဖြစ်သည်။
မှတ်စုထဲမှ စာများကိုဖတ်ရင်း ကျန်းချန်၏ ရင်ထဲတွင် မုန်တိုင်းထန်သွားခဲ့သည်။
ထိုမှတ်စုထဲမှ သတင်းအနည်းငယ်ကို ဖတ်ရင်း ကျန်းချန်သည် ကိစ္စအတော်များများကို နားလည်သွားခဲ့သည်။
ရှန်းဝူကောင်းကင် အစီအရင်မှ ဖမ်းယူထားသော ပုံရိပ်နှစ်ခုသည် သူ၏ မိခင်ကျိဝူရွှမ်နှင့် သူ၏ဖခင် ကျန်းဝူရတို့ ဖြစ်ကြသည်။
၎င်းတို့က ရွှယ်လင်တိုက်၏ လူသားခေါင်းဆောင်များ ဖြစ်ပြီး ရှန်းဝူတိုက်ကို မတော်တဆ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပုံရသည်။
ရွှယ်လင်တိုက်တွင် လူသားမျိုးနွယ်စု အပြင် သွေးဝိညာဥ်မျိုးနွယ်စုလည်း ရှိပုံရသည်။
သူ၏မိဘများက ရွှယ်လင်တိုက်သို့ ပြန်သွားသည်မှာ သွေးဝိညာဥ် မျိုးနွယ်စုကို တိုက်ခိုက်ရန် ဖြစ်နိုင်၏။
ရှန်းဝူတိုက်နှင့်ရွှယ်လင်တိုက်တို့ကြားရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ရှန်းဝူတိုက်မှ လူသားမျိုးနွယ်စုနှင့် ရွှယ်လင်တိုက်မှ လူသားမျိုးနွယ်စုတို့ ကြားတွင် တည်ဆောက်ထားခြင်း ဖြစ်နိုင်သည်။
နောက်ပိုင်းတွင် ရွှယ်လင်တိုက်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို သွေးဝိညာဥ်မျိုးနွယ်စုက သိမ်းပိုက်လိုက်ပုံ ရသည်။
သွေးဝိညာဥ် မျိုးနွယ်စုသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ တဆင့် ဝင်ရောက်ကာ ရှန်းဝူတိုက်ကို ကျူးကျော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်။
"ရွှယ်လင်တိုက်ကို သွားရဦးမယ်ထင်တယ်"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး သူ၏ နှုတ်ကနေ တီးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း ရွှယ်လင်တိုက်ကို မသွားမီ သူ့အနေဖြင့် ကျုံးကျိုးကုန်းမြေသို့ အရင်ဆုံး ပြန်ရပေမည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက်တွင် သူ၏ ရှေ့ရှိ စာအုပ်ငယ်ကို သိုလှောင်လက်စွပ်ထဲတွင် တစ်ခါထဲ ထည့်သိမ်းလိုက်၏။
ဤစာအုပ်ငယ်သည် သူ၏ဖခင် ချန်ထားရစ်ခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ် ဖြစ်သော်လည်း အပေါ်ယံ ကြည့်လျှင်မူ စာအုပ်လွတ် တစ်ခုလို ဖြစ်နေခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းချန်သည် ထိုစာအုပ်ကို မည်ကဲ့သို့ ဖွင့်ရမလဲ မသိခဲ့ပေ။
ထို့ကြောင့် သိုလှောင်လက်စွပ်ထဲတွင်သာ ဦးစွာ ထည့်သိမ်းထားလိုက်၏။
သူ၏ဖခင်နှင့် ပတ်သက်သည့်ကိစ္စများကို သိခဲ့ရသလို မြောက်ပိုင်းတောရိုင်းဒေသ၏ ကိစ္စများကိုလည်း ဖြေရှင်းပြီးပြီ ဖြစ်ရာ ကျန်းချန်သည် မြောက်ပိုင်းတောရိုင်း ဒေသတွင် ဆက်မနေရန် ဆုံးဖြတ်လိုက်သည်။
သူက ရွှယ်မင်ကျောင်းဆောင်ထဲမှ ကျင့်ကြံခြင်း အရင်းအမြစ်များစွာကို ထုတ်ယူကာ ကျန်းမိသားစုတွင် ထားရှိပေးခဲ့သည်။
ကျန်းမိသားစုကို အကာအကွယ်ပေးရန် အတွက် ကျန်းချန်သည် နိုးထလာသည့် မီးလျှံသားရဲကိုပါ ကျန်းမိသားစုတွင် ထားရစ်ခဲ့သည်။
ဤတစ်ကြိမ်တွင် နိုးထလာပြီးနောက်တွင် မီးလျှံသားရဲသည် သတ္တမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ၎င်း၏ ခွန်အားသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်တော့ပေ။
မြောက်ပိုင်းတောရိုင်းဒေသကို မီးလျှံသားရဲ စောင့်ရှောက်နေပြီ ဖြစ်၍ သူက စိတ်ချလက်ချ ဖြစ်သွားခဲ့သည်။
ထို့အပြင် မီးလျှံသားရဲတွင် သူနှင့် စိတ်ဝိညာဥ်ချင်း ဆက်သွယ်ချက် ရှိ၍ မြောက်ပိုင်းတောရိုင်း ဒေသတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် သူ့အနေဖြင့် ချက်ချင်းဆိုသလို သိရှိနိုင်မည် ဖြစ်၏။
အရာအားလုံးကို စီစဥ်ပြီးနောက်တွင် ကျန်းချန်သည် သူ့ဆရာ ရှောင်တုလီ တည်ဆောက်ထားခဲ့သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိရာသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
သို့ရာတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က ပျက်စီးနေဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
"တစ်နှစ်တောင်ကျော်ပြီ ဆရာက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုတောင် ပြန်မပြင်ရသေးဘူး ဆိုတော့ ကျုံးကျိုးကုန်းမြေမှာ ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်နေမလဲ မသိဘူး"
ကျန်းချန်၏ မျက်နှာတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးမပြုနိုင်သေးသည် ဖြစ်ရာ အဆုံးမဲ့ပင်လယ်ကို ဖြတ်ကျော်ပြီး ကျုံးကျိုးကုန်းမြေ ဆီသို့ သွားရန်သာ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထို့နောက်တွင် ကျန်းချန်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး အဆုံးမဲ့ပင်လယ်ရှိရာ ဘက်သို့ ဦးတည်လိုက်သည်။
အခန်း(၁၂၂၂) ပြီး၏။
အခန်း(၁၂၂၃)
အဆုံးမဲ့ပင်လယ်၏အထက်တွင် ဧရာမ လင်းယုန်နက် တစ်ကောင်သည် ၁၅ပေမျှ ရှည်လျားသော အတောင်ပံများကို ခတ်ကာ ပျံသန်းနေခဲ့သည်။
ထိုဧရာမ လင်းယုန်နက်၏ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ထိုအနက်ရောင် ဝတ်ဆင်ထားသော လူငယ်သည် တခြားသူ မဟုတ်ပေ။
အဆုံးမဲ့ပင်လယ်ကို ဖြတ်ကျော်ကာ ကျုံးကျိုးကုန်းမြေသို့ သွားမည့် ကျန်းချန်ပင် ဖြစ်သည်။
ယခု သူစီးနှင်းနေသည့် ဧရာမ လင်းယုန်ငှက်သည် ဆဋ္ဌမအဆင့် သားရဲဖြစ်ပြီး အဆုံးမဲ့ ပင်လယ်ထဲကို ဝင်ရောက်ပြီးနောက်တွင် ယဥ်ပါးအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်းတောရိုင်းဒေသနှင့် ကျုံးကျိုးကုန်းမြေ ကြားရှိ အဆုံးမဲ့ပင်လယ်၏ ဧရိယာသည် မိုင်ပေါင်း သန်းရာနှင့်ချီ ဝေးကွာသည်။
အဆုံးမဲ့ပင်လယ်ကို လေထဲကနေ ပျံသန်း၍ ဖြတ်ကျော်မည်ဆိုလျှင် ကျန်းချန်၏ နတ်ဝိညာဥ်ဘုရင်နယ်ပယ် သတ္တမအဆင့် ခွန်အားဖြင့်ပင် အတော်လေး ခြေကုန်လက်ပန်း ကျသွားမည် ဖြစ်သည်။
ထို့အပြင် အချိန်ကို ဖြုန်းတီးရာလည်း ရောက်ပေလိမ့်မည်။
ဤလင်းယုန်နက်၏ ပျံသန်းမှု အရှိန်အဟုန်သည် သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူထက် မနိမ့်ကျပေ။
ဆိုရလျှင် လင်းယုန်နက်သည် အလွန်ကောင်းမွန်သည့် အစီးအနင်း သားရဲတစ်ကောင် ဖြစ်သည်။
လင်းယုန်နက်ကို ရရှိချိန်မှစ၍ ကျန်းချန်၏ ကျုံးကျိုးကုန်းမြေသို့ သွားရောက်သော ခရီးသည် သံသယဖြစ်ဖွယ်ရာ မရှိ လွယ်ကူသွားခဲ့သည်။
ထို့အပြင် သူက လင်းယုန်နက်၏ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် ကျင့်ကြံ၍လည်း ရခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ ဤတစ်ခေါက် ကျုံးကျိုးကုန်းမြေသို့ရောက်လျှင် ကျန်းချန် ရင်ဆိုင်ရမည့် ရန်သူများသည် သူတော်စင်မြို့တော် ငါးမြို့မှ ခွန်အားကြီးမားသော ကျင့်ကြံသူများ ဖြစ်ကြသည်။
သူ၏ လက်ရှိခွန်အားဖြင့် အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင် နတ်သန္ဓေအင်ပါယာ အဆင့်ကို သတ်ဖြတ်နိုင်သည့် ခွန်အားမျိုး ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကျုံးကျိုးကုန်းမြေတွင် ရှိသည့် မြို့တော် ငါးမြို့သည် နက်ရှိုင်းသော နောက်ခံများ ရှိကြပြီး ထိုမြို့များရှိ နတ်သန္ဓေ အင်ပါယာများသည် အလွန်တရာပင် အစွမ်းထက်ကြသည်။
သူ၏ ခွန်အားက မြို့တော်ငါးမြို့ကို တစ်ယောက်တည်းရင်ဆိုင်ရန် မလုံလောက်သေးပေ။
သူ၏ခွန်အားကို တိုးတက်အောင် လုပ်ရန်အတွက် ကျင့်ကြံခြင်း အပြင် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်ကို သန့်စင်ရန် အတွက်ပါ အချိန်အနည်းငယ် ယူခဲ့သည်။
တစ်ခါတရံ အချိန်တွင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ယူကာ လေ့လာခဲ့၏။
တစ်လကျော် ကြာပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်သတ္တုတွင်းနှင့် ရွှယ်မင်ကျောင်းဆောင်ထဲမှ ရတနာ အများအပြားကို အားကိုး၍ ကျင့်ကြံခြင်း အတွေ့အကြုံ ရမှတ်များကို အသည်းအသန် ရှာဖွေခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိညာဥ်ဘုရင် နဝမအဆင့်အထိ မြှင့်တင်ခဲ့သည်။
ထို့အပြင် ရွှယ်မင်ကျောင်းဆောင်ကိုလည်း အတော်လေးသန့်စင် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
သူ၏ဖခင် ချန်ထားရစ်ခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ်ကို ဖွင့်လှစ်ရန် အတွက် ကျန်းချန်သည် အစွမ်းကုန် ကြိုးစားခဲ့လျှင်ပင် မည်သည့် နည်းလမ်းမှ ရှာမတွေ့ခဲ့ပေ။
"ဒီစည်းတံဆိပ်ကို ဘယ်လိုဖွင့်ရမလဲ ဆိုတာ တကယ်ပဲ မသိတော့ဘူး"
ကျန်းချန်က သူ၏ လက်ထဲရှိ စာအုပ်ငယ်ကိုကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
ဤလူသားဧကရာဇ် စည်းတံဆိပ်သည် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေထက် ပို၍ အစွမ်းထက်သည့် ကိုယ်ခံပညာတစ်ခု သေချာပေါက် ဖြစ်နိုင်၏။
ဖြစ်နိုင်လျှင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေသို့ မရောက်မီ လူသားဧကရာဇ် စည်းတံဆိပ်ကို အောင်မြင်စွာ ကျွမ်းကျင်နိုင်ရန် မျှော်လင့်နေခဲ့သည်။
ထိုအချိန်သို့ ရောက်လျှင် လူသားဧကရာဇ် စည်းတံဆိပ်သည် မြို့တော်ငါးမြို့ကို ဆန့်ကျင် တိုက်ခိုက်ရာတွင် သူ၏ အကြီးမားဆုံးဝှက်ဖဲ ဖြစ်လာနိုင်ပေသည်။
"အဖေ့ရဲ့မှတ်ချက်အရ ဆိုရင် သူ့ရဲ့သွေးမျိုးဆက် ဖြစ်တဲ့ ငါက လူသားဧကရာဇ် စည်းတံဆိပ်ကို ဖွင့်နိုင်သင့်တယ်.. ကြည့်ရတာ ငါ့ရဲ့ခွန်အား မလုံလောက်လို့များလား"
ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် စဥ်းစားမိလိုက်သည်။
ဤလူသားဧကရာဇ် စည်းတံဆိပ်သည် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ရောက်မှသာ ဖွင့်လှစ်၍ရခြင်း ဖြစ်နိုင်၏။
ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်အချို့သည်လည်း ပြီးပြည့်စုံသော မဟာအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူက ကျွန်းတစ်ခုကို အမြန်ဆုံးရှာဖွေပြီး ရက်အနည်းငယ်ကျင့်ကြံကာ နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်လိုက်လျှင် လူသားဧကရာဇ် စည်းတံဆိပ်ကို ဖွင့်ကောင်းဖွင့်နိုင်မည်ဟု တွေးမိခဲ့သည်။
နှစ်ရက်အကြာတွင် ရှေးဟောင်း သစ်ပင်များ ဖုံးလွှမ်းနေသော ကြီးမားသည့် ကျွန်းတစ်ကျွန်းသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
ကျန်းချန်က လင်းယုန်နက်ကို အောက်ဘက်ရှိ ကျွန်းဆီသို့ ဆင်းသက်ရန် အမိန့်ပေးခဲ့၏။
သို့သော် လင်းယုန်နက်က ကျွန်းနှင့် ၁၀မီတာအကွာရှိ လေထုတွင် ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရင့်ရောင် စွမ်းအင် ဆယ်ခုကျော်သည် အောက်ဘက်ရှိ သစ်တောထဲကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာပြီး လင်းယုန်နက် ဆီသို့ ဦးတည်လာခဲ့သည်။
လင်းယုန်နက်က ရုတ်တရက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ ကြီးမားသော ခြေသည်းဖြင့် သူ့ထံသို့ ဦးတည်လာသည့် အစိမ်းရင့်ရောင် စွမ်းအင် ဆယ်ခုကျော်ကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် လင်းယုန်နက်သည် ကျန်းချန်ကို တင်ဆောင်ရင်း အောက်ဘက်ရှိ ကျွန်းပေါ်သို့ ဆင်းသက်လိုက်၏။
ထိုအချိန်မှာပင် အေးစက်စက် ဒေါသသံ တစ်သံသည် ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"လူသား.. ငါတို့ အမှောင်မြွေ မျိုးနွယ်စုရဲ့နယ်မြေထဲကို ကျူးကျော်ရဲတယ်.. သေချင်နေပြီလား"
ကျန်းချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အလွန်ထူးဆန်းသော ပုံသဏ္ဌာန် တစ်ခုကို တွေ့လိုက်ရသည်။
တိကျစွာ ပြောရလျှင် ထိုပုံသဏ္ဌာန်ကို လူဟုပင် ခေါ်၍ မရပေ။
၎င်း၏ မျက်လုံးက အစိမ်းရောင် တောက်ပနေပြီး ဦးခေါင်းနှင့်ခန္ဓာကိုယ် အပေါ်ပိုင်းကမူ လူသားများနှင့် တူညီသည်။
"လူသားဦးခေါင်းနဲ့ မြွေခန္ဓာကိုယ်ပါလား.. ဒါက လူတစ်ဝက်မြွေတစ်ဝက် သတ္တဝါပဲ"
ကျန်းချန်က ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်လိုက်ရာ သူ၏ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ပုံသဏ္ဌာန်မျိုး ဆယ်ခုကျော် ရှိနေခဲ့ပြီး အားလုံးသည် သူ့ကို အစိမ်းရောင် မျက်ဝန်းများဖြင့် စူးစိုက်၍ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ဤလူတစ်ဝက် မြွေတစ်ဝက် သတ္တဝါသည် ခွန်အား သိပ်မကြီးပေ။
အများစုသည် ပဉ္စမအဆင့်သားရဲများ၏ ခွန်အားလောက်သာ ရှိကြသည်။
၎င်းတို့ထဲမှ အစွမ်းထက်ဆုံး သူများသည်ပင် ဆဋ္ဌမအဆင့်သာ ရှိ၏။
"ငါက ဒီနေရာကနေ ဖြတ်သွားရုံပါပဲ.. ဒီနေရာမှာ အနားယူဖို့အတွက် ရက်အနည်းငယ်လောက် ငါ့ကို ခွင့်ပြုပေးပါ"
ကျန်းချန်က မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါများကို တအံ့တသြ ကြည့်ရင်း ပြောလိုက်သည်။
ဤကျွန်းတွင် မြွေတစ်ဝက် လူတစ်ဝက် သတ္တဝါများ ထွက်ပေါ်လာလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ခဲ့ပေ။
"ဟမ့် လူသားတွေက အရမ်းကောက်ကျစ်ကြတယ်.. ငါတို့တွေ မင်းကို မယုံဘူး.. အခြေအနေကို နားလည်တယ်ဆိုရင် ငါတို့ကျွန်းကနေ ချက်ချင်း ထွက်သွားစမ်း.. မဟုတ်ရင် မင်းကိုသတ်ပစ်မယ်"
ခေါင်းဆောင်ဖြစ်သည့် မြွေတစ်ဝက် လူတစ်ဝက် သတ္တဝါထံမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သူက အစိမ်းရောင် မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့၏။
"မင်းရဲ့ အရည်အချင်းက ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး မင်းတို့ကို အကြံတစ်ခုပေးမယ်.. ငါ့ကို ဒုက္ခလာမပေးတာ အကောင်းဆုံးပဲ.. ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ"
ကျန်းချန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။
သူ ဤနေရာကို ဆင်းသက်လာသည်မှာ အေးအေးဆေးဆေး ကျင့်ကြံပြီး နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်ရန် ဖြစ်သည်။
ဤမြွေတစ်ဝက် လူတစ်ဝက် သတ္တဝါများက သိတတ်နေလျှင် အကောင်းဆုံး ဖြစ်၏။
ထိုသို့မဟုတ်ဘဲ သူ၏ကိစ္စကို နှောင့်ယှက်မည်ဆိုလျှင် သူ့ကိုရိုင်းစိုင်းရဲသည့် အတွက် သူ၏ ဆုံးမမှုကို ခံရလိမ့်မည် ဖြစ်သည်။
"သတ်.."
ခေါင်းဆောင်ဖြစ်သည့် မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါက ဒေါသတကြီး ကြုံးဝါးလိုက်သည်နှင့် နောက်လိုက် ဖြစ်သည့် မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါ ဆယ်ယောက်ကျော်သည် ကျန်းချန်ကို ဝန်းရံ တိုက်ခိုက်လိုက်သည်။
"သေချင်နေပြီလား ထွက်သွားစမ်း"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် ကျန်းချန်ကို ဗဟိုပြုကာ ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းအား၏ တိုက်ခိုက်မှုအောက်တွင် မြွေတစ်ဝက် လူတစ်ဝက် သတ္တဝါ ဆယ်ဦးကျော်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာအနည်းငယ် အကွာအထိ လွင့်စင်သွားပြီးနောက် သေဆုံးသွားခဲ့၏။
"မင်း.. မင်း"
ကျန်းချန်က သူ၏ ငယ်သား ဆယ်ဦးကျော်ကို သတ်ဖြတ်လိုက်သည်ကို ခေါင်းဆောင်ဖြစ်သူ မြင်လျှင် ရုတ်တရက် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။
"လူသား.. မင်းက ငါတို့အမှောင်မြွေ မျိုးနွယ်စုဝင်တွေကို သတ်ဖြတ်ရဲတယ်.. ငါတို့ အမှောင်မြွေ မျိုးနွယ်စုက မင်းရဲ့ခန္ဓာကိုယ်ကို သေချာပေါက် ချေမှုန်းပစ်မယ်"
စကားဆုံးသည်နှင့် ခေါင်းဆောင်ဖြစ်သူက ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ထူးဆန်းသော မြွေတွန်သံ တစ်သံကို ထုတ် လွှတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် တွန်သံများသည် ကျွန်းတစ်ခုလုံးတွင် ဆက်တိုက် ဆိုသလို အရပ်မျက်နှာ အမျိုးမျိုးမှ ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် သစ်တောထဲတွင် လေတိုးသံများကို ခံစားလိုက်ရသည်။
တစ်ခဏအတွင်း မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါ ရာပေါင်းများစွာသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့၏။
ထို့အပြင် ရောက်ရှိလာသော မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါများထဲတွင် အစွမ်းထက်သော မြွေတစ်ဝက် လူတစ်ဝက် သတ္တဝါများလည်း ရောက်ရှိလာခဲ့ကြသည်။
ထိုအစွမ်းထက်သော မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါအချို့၏ အရှိန်အဝါကို အကဲခတ်လိုက်ရာ ဆဋ္ဌမအဆင့်အထွတ်အထိပ်ကို ရောက်ရှိနေမှန်း ကျန်းချန် သိရှိခဲ့သည်။
ထိုမြွေတစ်ဝက်လူတစ်ဝက် သတ္တဝါများသည် အရပ်မျက်နှာအမျိုးမျိုးကနေ စုဝေးလာခဲ့ပြီး ကျန်းချန်ကို ဗဟိုပြု၍ ဝိုင်းရံတိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် အေးစက်သော လေသံတစ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ငါတို့အမှောင်မြွေ မျိုးနွယ်စုကို ဘယ်သူလာပြီး ရိုင်းစိုင်းရဲတာလဲ"
အေးစက်စက် ကြုံးဝါးလိုက်သောအသံက ကျွန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
ထိုအခိုက်မှာပင် အစိမ်းရင့်ရောင် ပုံရိပ်တစ်ခုသည် လေထုထဲကနေ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ရှေ့တွင် ပေါ်လာခဲ့သည်။
အခန်း(၁၂၂၃)ပြီး၏။
အခန်း(၁၂၂၄)
ကျန်းချန်၏ အရှေ့တွင် ပေါ်လာသည်မှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ထူးဆန်းသော အသားအရေ ရှိပြီး မျက်လုံးများသည် အဆိပ်ပြင်းသည့်မြွေကဲ့သို့ အေးစက်နေခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှလည်း အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"လူသားအသွင် လုံးဝ ပြောင်းလဲသွားတဲ့ သတ္တမအဆင့် သားရဲပါလား"
ကျန်းချန်၏ မျက်လုံးက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏အရှေ့မှ သတ္တမအဆင့် သားရဲသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် အမှောင်မြွေ မျိုးနွယ်စု၏ မြွေဘုရင် ဖြစ်နိုင်လောက်သည်။
သို့သော်လည်း ဤအမှောင်မြွေဘုရင်ကို ကြည့်ရသည်မှာ ပြင်းထန်သော ဒဏ်ရာကို ရရှိထားခဲ့ပုံ ရ၏။
ကျန်းချန်ကို ပို၍ အံ့အားသင့်စေသည်မှာ အမှောင်မြွေဘုရင်ဆီကနေ ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိခဲ့၍ ဖြစ်သည်။
သို့သော်လည်း ထိုအရှိန်အဝါသည် အားနည်းလွန်းနေ၏။
အမှောင်မြွေဘုရင်က ဒဏ်ရာအပြင်းအထန် ရရှိထားသည်ကို တမင်တကာ ဖုံးကွယ်ထားသောကြောင့် ထိုအရှိန်အဝါကိုပါ ဖုံးကွယ်သလို ဖြစ်သွား၍ ကျန်းချန်သည် တစ်ခဏ အတွင်း ထိုအရှိန်အဝါကို မည်သူမည်ဝါ၏ အရှိန်အဝါမှန်း ခွဲခြား၍မရရခဲ့ပေ။
"လူသား.. မင်းဘာလို့ ဒီဘုရင်ရဲ့ နယ်မြေမှာ ဒီဘုရင်ရဲ့လူတွေကို သတ်ဖြတ်ရတာလဲ"
အမှောင်မြွေဘုရင်က အေးစက်စက် မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏အမူအရာက အတော်လေး သတိထားနေပုံရ၏။
သူ၏ရှေ့မှ လူငယ်သည် နက်နဲသောအရှိန်အဝါ ရှိပြီး အလွန်အမင်း အန္တရာယ်ရှိသည်ဟု သူ၏ မသိစိတ်ကနေ ခံစားမိခဲ့သည်။
သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအပြင်းအထန် မရရှိဘဲ သူ၏အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ထို လူငယ်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
"ငါသူတို့ကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး.. ဒါပေမဲ့ သူတို့က ငါ့ကိုပြဿနာ လာရှာမှတော့ ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ"
ထိုစကားကိုကြားလျှင် အမှောင်မြွေဘုရင်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ထို့နောက်တွင် သူက မေးခွန်းထုတ်လိုက်၏။
"ဒီကျွန်းကို ဆင်းသက်လာတာ ဘာကိစ္စအတွက်နဲ့လဲ ဆိုတာ သိလို့ရမလား"
အမှောင်မြွေဘုရင်သည် ကျန်းချန်နှင့် ဆက်ဆံရာတွင် အလျှော့ပေးရန်သာ ရွေးချယ်ခဲ့သည်။
ကျန်းချန်က အတင်းအကျပ် ဖိအားမပေးသရွေ့ သူက ကျန်းချန်၏ရန်သူ မဖြစ်ချင်ခဲ့ပေ။
"သိပ်ပြီး အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူး...ကိစ္စသေးသေးမွှားမွှား နှစ်ခု အတွက်ပါပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ပထမအချက်ကတော့ မင်းရဲ့ကျွန်းမှာ ငါ ရက်အနည်းငယ် နားချင်တယ်.. ရက်အနည်းငယ် အနားယူပြီးတာနဲ့ ငါထွက်သွားပါ့မယ်"
"မင်းဆန္ဒရှိသလောက် နေနိုင်ပါတယ် ဒုတိယ အချက်ကရော"
အမှောင်မြွေဘုရင်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် ထပ်မံမေးခွန်းထုတ်လိုက်သည်။
"ဒုတိယအချက်ကလည်း တကယ်တော့ အရမ်းရိုးရှင်းပါတယ် မင်းရဲ့ခန္ဓာကိုယ်မှာ ငါနဲ့အရမ်းရင်းနှီးတဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်.. မင်းရဲ့ခန္ဓာကိုယ် အစစ်ကိုပြပါ.. အဲဒီအရှိန်အဝါကိုဖိနှိပ်မထားပါနဲ့.. ငါ့ကို အာရုံခံစားခွင့်ပေးပါ"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
ကျန်းချန်၏စကားကို ကြားလျှင် အမှောင်မြွေဘုရင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒီဘုရင်က သဘောမတူဘူး ဆိုရင်ရော"
အမှောင်မြွေဘုရင်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်နေခဲ့၏။
ကြည့်ရသည်မှာ သူ့ရှေ့မှ ကောင်လေးသည် လွန်ခဲ့သည့် လအနည်းငယ်က လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့် တစ်ဖွဲ့တည်း ဖြစ်လောက်သည်။
ထိုအမျိုးသမီးသည် လွန်ခဲ့သည့် လအနည်းငယ်က သူ့ကိုလက်ဝါးရိုက်ချက်ဖြင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့၏။
ထို့ကြောင့် အမျိုးသမီး၏ အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်ပြီး သူ့အနေဖြင့် ယခုအချိန်ထိ အပြည့်အဝ ပြန်လည် ကောင်းမွန်ခြင်း မရှိသေးပေ။
ထိုကောင်လေး ခံစားမိသည်က ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အရှိန်အဝါဖြစ်ဖို့ အလားအလာ အရမ်းများ၏။
"မင်းသဘောမတူဘူး ဆိုရင်တော့ မင်းသဘောမတူမချင်း ငါမင်းကို ရိုက်နှက်မယ်"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက ပြင်းထန်သော လက်သီးချက်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်၏။
လက်သီးစွမ်းအားသည် လေထုကို ထိုးခွင်းကာ အမှောင်မြွေဘုရင်ဆီသို့ ဦးတည်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် အမှောင်မြွေဘုရင်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး အစိမ်းရောင်အကာအကွယ်ကို ဖန်တီးကာ ကျန်းချန်၏ လက်သီးချက်ကို ခုခံရန် အလျင်အမြန် ပြုလုပ်လိုက်သည်။
သို့သော် ဤအမှောင်မြွေဘုရင်၏ ခွန်အားသည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် တတိယအဆင့်မျှသာ ရှိသည်။
သို့ဖြစ်ရာ ကျန်းချန် ကဲ့သို့ နတ်ဝိညာဥ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ၏ ခွန်အားသည် သာမန် ရိုက်ချက် ဖြစ်နေလျှင်ပင် အမှောင်မြွေဘုရင် အတွက် ခုခံရန် လုံးဝ မလုံလောက်ပေ။
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် အမှောင်မြွေဘုရင်၏ ပါးစပ်ကနေ သွေးများ အန်ထွက်လာခဲ့ပြီး ကျန်းချန်၏ လက်သီးချက်ဖြင့် ခန္ဓာကိုယ် တစ်ခုလုံးသည် လွင့်စင်သွားခဲ့သည်။
အမှောင်မြွေဘုရင်က သူ၏ ဟန်ချက်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးခင်မှာပင် မီတာ၁၀၀တွင် ရှိနေသော ကျန်းချန်၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း သူ၏ ခေါင်းအထက်တွင် ပေါ်လာပြီး သူ၏ ခေါင်းကို ခြေထောက်ဖြင့် ဆောင့်နင်းချရန် ပြင်လိုက်သည်။
"အရှင် အသက်ချမ်းသာပေးပါ.. အရှင်တောင်းဆိုတာတွေကို ကျွန်တော် သဘောတူပါတယ်"
အမှောင်မြွေဘုရင်က ဝိညာဥ် လွင့်ပြယ်သွားမတတ် အကြောက်လန့်ကြီး ကြောက်လန့်ကာ ထိတ်လန့်သောအမူအရာဖြင့် အလျင်အမြန် တောင်းပန်လိုက်သည်။
ထိုကောင်လေး၏ လက်သီးတစ်ချက်သည် သူ့ကို သတိလစ်လုနီးပါးပင် ဖြစ်စေခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် ခွန်အားအရာတွင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးထက် လုံးဝမနိမ့်ကျပေ။
"စောစောစီးစီး သဘောတူလိုက်ရင် ပြီးနေတဲ့ဟာကို ဘာလို့ အရိုက်နှက်ခံရသေးတာလဲ"
ကျန်းချန်က အမှောင်မြွေဘုရင်ကို ခနဲ့လိုက်ပြီးနောက်တွင် အမှောင်မြွေဘုရင်၏ ဦးခေါင်းပေါ်သို့ နင်းထားသော သူ၏ခြေထောက်မှ စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီ.. ငါ့အချိန်ကို မဖြုန်းနဲ့.. မင်းမသေချင်ဘူးဆိုရင် မင်းဆီက အရှိန်အဝါကို မြန်မြန်ပြသစမ်း"
ဤအချိန်တွင် အမှောင်မြွေဘုရင်သည် အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆမလုပ်ရဲတော့ပေ။
သူက ချက်ချင်းဆိုသလို မူရင်းခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ရာ မီတာ၁၀၀ရှည်လျားသော ဧရာမမြွေကြီး တစ်ကောင်သည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ဧရာမမြွေကြီးသည် အနက်နှင့်အစိမ်းရောင် ပေါင်းစပ်ထားသော အရောင် ဖြစ်ပြီး ၎င်း၏ ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင် အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
ကျန်းချန်က အကဲခတ်ကြည့်နေရင်း ချက်ချင်းဆိုသလို ဧရာမမြွေကြီး၏ ကျောပေါ်ရှိ တစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် ရေခဲလက်ဝါးရိုက်ချက် နှင့် ထိမှန်ထားပုံရသည့် လက်ဝါးရာ တစ်ခု ရှိနေခဲ့သည်။
ထိုလက်ဝါးရာ ထံကနေ ကျန်းချန်သည် သူနှင့် အလွန်ရင်းနှီးသည့် အရှိန်အဝါ တစ်ခုကို ခံစားမိခဲ့သည်။
"ဒါ..ဒါက လနတ်ကြမ္မာ ခန္ဓာကိုယ်ရဲ့ အရှိန်အဝါပဲ"
ကျန်းချန်က အံ့သြ ထိတ်လန့်သွားခဲ့သည်။
သူက ဤအရှိန်အဝါနှင့် ရင်းနှီးသည်ဟု ခံစားမိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အကြောင်းရင်းမှာ ထိုရေခဲလက်ဝါးရာထဲတွင် လနတ်ကြမ္မာခန္ဓာကိုယ်၏ သွေးအရှိန်အဝါ ရှိနေသောကြောင့်ပင်။
ကျန်းချန်၏ မျက်နှာထက်တွင် ရုတ်တရက် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ မြောက်ပိုင်းတောရိုင်း ဒေသသို့ ပြန်ရောက်စဥ်တွင် မုန့်ချင်းရွှယ်ကို သွေးနတ်ဆိုးနန်းတော်မှ လူများသည် ဖမ်းခေါ်သွားခဲ့သည်။
နောက်ပိုင်းတွင် သွေးနတ်ဆိုး နန်းတော်ကို သူရှင်းပစ်လိုက်သောအခါ မုန့်ချင်းရွှယ်ကို သွေးကြာပန်း သူတော်စင် ဆိုသူက ကယ်တင်ခဲ့ပြီး မြောက်ပိုင်းတောရိုင်းဒေသတွင် ထိုနှစ်ဦး၏ အရှိန်အဝါက လုံးဝ ရှိမနေတော့မှန်း သိခဲ့ရသည်။
"ကြည့်ရတာ သွေးကြာပန်း သူတော်စင်က ချင်းရွှယ်ကို ကယ်တင်ပြီးတဲ့ နောက်မှာ အဆုံးမဲ့ပင်လယ်ကို တိုက်ရိုက် ဝင်ရောက်သွားခဲ့တာများလား"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် အမှောင်မြွေဘုရင်ကို မေးခွန်းထုတ်လိုက်သည်။
"အမှောင်မြွေဘုရင် မင်းကို ဘယ်သူ နာကျင်အောင် လုပ်ခဲ့တာလဲ"
"အရမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး တစ်ယောက်ပါ.. လွန်ခဲ့တဲ့ လအနည်းငယ်က အဆုံးမဲ့ပင်လယ်ထဲကနေ လူသားအမျိုးသမီး နှစ်ယောက် ကျွန်တော်တို့ မြွေကျွန်းကနေ ဖြတ်သန်းသွားခဲ့ဖူးတယ်.. ဒီလူသားအမျိုးသမီး နှစ်ယောက်ထံကနေ ထူးခြားတဲ့ သွေးစွမ်းအင်တွေကို ခံစားမိခဲ့လို့ ကျွန်တော်က သူတို့ကို တားမြစ်ချင်ခဲ့တယ်.. အဲဒီအချိန်မှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာပြီး ကျွန်တော့်ကို အပြင်းအထန် ရိုက်နှက်ခဲ့တယ်"
ကျန်းချန်ကို ထိုအချိန်က အဖြစ်အပျက်များအား ဖောက်သည်ချနေသော်လည်း အမှောင်မြွေဘုရင်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ အနည်းငယ် ကျန်ရှိနေသေးသည်။
"သူတို့ ဘယ်ကိုသွားလဲ ဆိုတာ မင်းသိလား"
ကျန်းချန်က မျက်လုံးများတောက်ပစွာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ငါမသိဘူး လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက ငါ့ကိုအပြင်းအထန် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှ အဲဒီ အမျိုးသမီးနှစ်ယောက်ကို ကယ်တင်သွားခဲ့တယ်.. သူမက သူတို့နှစ်ယောက်ထဲက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို အတော်လေး သဘောကျနေပုံပဲ.. သူမက အဖြူရောင်ဝတ်ဆင်ထားတဲ့ ကောင်မလေးကို သူမနဲ့ အထူးခန္ဓာကိုယ်ချင်း ဆင်တူတယ်လို့ ပြောပြီး လစန္ဒာသူတော်စင် နယ်မြေဆီကို သူမနဲ့အတူ လေ့ကျင့်ဖို့အတွက် ခေါ်ဆောင်သွားခဲ့တယ်"
အမှောင်မြွေဘုရင်က သူသိထားသမျှ အရာအားလုံးကို မခြွင်းမချန် ပြောပြလိုက်သည်။
"သေချာတယ်.. အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ကောင်မလေးက ချင်းရွှယ်ပဲ"
အမှောင်မြွေဘုရင်၏ စကားများကိုကြားလျှင် ကျန်းချန်သည် ဤနေရာကနေ ဖြတ်သန်းသွားသည့် လူသားအမျိုးသမီး နှစ်ယောက်မှာ မုန့်ချင်းရွှယ်နှင့် သွေးကြာပန်းသူတော်စင် ဖြစ်လောက်သည်ဟု ခန့်မှန်းမိခဲ့သည်။
ထို့အပြင် မုန့်ချင်းရွှယ်တို့ နှစ်ယောက်ကို ကယ်တင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် မုန့်ချင်းရွှယ်၏ အထူးခန္ဓာကိုယ်ကို သိသိသာသာ သဘောကျနေပုံရ၏။
ဤရှန်းဝူတိုက်ကြီးတွင် မုန့်ချင်းရွှယ် အပြင် ဒုတိယမြောက် လနတ်ကြမ္မာ ခန္ဓာကိုယ်ပိုင်ရှင် ရှိနေလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
"ဒီမြွေကျွန်းမှာ ချင်းရွှယ်ရဲ့ သတင်းကို ရရှိလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး"
အဆုံးသတ်တွင် ကျန်းချန်၏ မျက်နှာထက်၌ ရှားပါးသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ခေါက် မြွေကျွန်းပေါ် ဆင်းသက်ခဲ့ခြင်းသည် အမှန်တကယ်ပင် သူ့အတွက် ကြီးမားသော အံ့အားသင့်စရာ တစ်ခုကို ပေးစွမ်းခဲ့သည်။
အခန်း(၁၂၂၄)ပြီး၏။