← Chapters

အခန်း (၁၂၂၅-၁၂၂၇)

Vol. 82 Ch. 1225-1227

အခန်း (၁၂၂၅-၁၂၂၇)

Vol. 82 Ch. 1225-1227

အခန်း(၁၂၂၅)

"ရပြီ မင်းလူတွေကို ခေါ်သွားပြီး ငါ့ရှေ့ကနေ ထွက်သွားလိုက်တော့.. ငါ့ကိုထပ်ပြီး လာမနှောင့်ယှက်ဖို့ အားလုံးကို မှာထားလိုက်"

မုန့်ချင်းရွှယ်၏ သတင်း အချက်အလက်များကို မတော်တဆသိရှိလိုက်ပြီးနောက်တွင် ကျန်းချန်၏ စိတ်သည် ကြည်လင်နေခဲ့သည်။

သူက အမှောင်မြွေဘုရင်ကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အမှောင်မြွေဘုရင်ကို ထွက်သွားခွင့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းချန်ထံမှ လွတ်ငြိမ်းချမ်းသာခွင့် ရသည်နှင့် တစ်ပြိုင်နက် အမှောင်မြွေဘုရင်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အမှောင်မြွေဘုရင် ထွက်ခွာသွားသည်နှင့်အမျှ မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါများသည်လည်း ပတ်ဝန်းကျင်ကနေ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။

ကျန်းချန်က ၎င်းတို့ကို လျစ်လျူရှုထားလိုက်ပြီး လင်းယုန်နက်ကို စီးကာ ကျွန်းကိုလှည့်လည်၍ ကျင့်ကြံရန် အတွက် နေရာကောင်းကို ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရင်း ကျန်းချန်သည် ကျွန်းပေါ်တွင် နှစ်မီတာ၊သုံးမီတာခန့် အချင်းရှိသည့် သစ်ပင်ကြီးတစ်ပင်ကို တွေ့ရှိခဲ့သည်။

ထိုသစ်ပင်တွင် ဘူးသီးနှင့်ဆင်တူသည့် အသီးများ သီးနေပြီး ထိုအသီးကနေ နတ်ဆိုး အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

"ဒီကျွန်းပေါ်က သားရဲတွေ ဘာလို့ မြွေတစ်ဝက် လူတစ်ဝက်ဖြစ်လာရသလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး.. လတ်စသတ်တော့ ဒီကျွန်းမှာ အသွင်ပြောင်းသစ်သီး ရှိနေတာကိုး"

သူ့ရှေ့မှ သစ်သီးကို ကြည့်ရင်း ကျန်းချန်က နားလည်သွားခဲ့သည်။

အသွင်ပြောင်းသစ်သီးသည် သတ္တမအဆင့် အသွင်ပြောင်းဆေးလုံးကို သန့်စင်ရာတွင် အဓိက လိုအပ်သည့် ဆေးဝါးတစ်မျိုး ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် သားရဲ အများစုသည် သတ္တမအဆင့်ကို ရောက်မှသာ အသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။

သို့သော် သတ္တမအဆင့် အသွင်ပြောင်းဆေးလုံးကမူ သတ္တမအဆင့်အောက်မှ သားရဲများကို အသွင်ပြောင်း စွမ်းရည်အား ကြိုတင် ပိုင်ဆိုင်နေစေမည် ဖြစ်၏။

ဤ မြွေကျွန်းမှ မြွေသားရဲများသည် အသွင်ပြောင်း နတ်ဆိုးသစ်သီးများကို စားသုံးခဲ့ကြသော်လည်း အသွင်ပြောင်းသစ်သီးသည် ၎င်းတို့ကို လုံးဝ အသွင်ပြောင်းလဲရန် မလုံလောက်သဖြင့် လူတစ်ဝက် မြွေတစ်ဝက် သတ္တဝါများ ဖြစ်လာခဲ့ကြခြင်းပင်။

ကျန်းချန်က အသွင်ပြောင်းသစ်သီး အနည်းငယ်ကို သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် အနီးနားရှိ လိုဏ်ဂူတစ်ခုကို ရှာဖွေကာ အကာအကွယ် အစီအရင်တစ်ခုကို လိုဏ်ဂူရှေ့တွင် ဖန်တီးလိုက်ပြီး လင်းယုန်နတ်ကို အစောင့်အဖြစ် ထားရှိခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ရန် စတင်ပြင်ဆင်ခဲ့၏။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကနေ နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်ခြင်းသည် အလွန်တရာ အံ့သြဖွယ်ကောင်းသည့် လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကနေ နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်ရန်အတွက် အခြေအနေ (၂)မျိုးနှင့်ပြည့်စုံရမည် ဖြစ်၏။

ပထမတစ်မျိုးမှာ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။

နောက်တစ်မျိုးမှာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ပြီးပြည့်စုံသည့် မဟာအဆင့် စိတ်ဆန္ဒအထိ နားလည်ထားရမည် ဖြစ်သည်။

ဤအခြေအနေ(၂)ခု ပြည့်မီသရွေ့ နတ်သန္ဓေအင်ပါယာအဆင့်ကို အလွယ်တကူ ထိုးဖောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း သာမန် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများ အတွက် သူတို့၏ တစ်သက်တာလုံး ကျားကုတ်ကျားခဲ ကြိုးစားခဲ့လျှင်ပင် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒအထိ နားလည်နိုင်ရန် မလွယ်ကူပေ။

ထို့ကြောင့် နတ်သန္ဓေအင်ပါယာအဆင့်ကို ထိုးဖောက်ရန်မှာ အများစုအတွက် အလွန်တရာပင် ခက်ခဲသည်။

တချို့ကမူ နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်တွင်လည်း ပြီးပြည့်စုံသော မဟာအဆင့်စိတ်ဆန္ဒအထိ နားလည်ထားခဲ့သည်။

ထိုကဲ့သို့သော သူမျိုးအတွက်မူ နတ်သန္ဓေအင်ပါယာ အဆင့်သို့ ထိုးဖောက်ရန်မှာ ထမင်းစား ရေသောက် သလောက်ပင် ရိုးရှင်းလွယ်ကူ၏။

ကျန်းချန်က ယခုအခါတွင် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို ပြီးပြည့်စုံသည့် မဟာအဆင့်အထိ နားလည်ထားသည် ဖြစ်ရာ ဤကိစ္စကို စိတ်ပူစရာ မလိုအပ်ပေ။

သူ့အနေဖြင့် ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ် အဆင့်ထိ မြှင့်တင်ဖို့သာ လိုအပ်တော့သည်။

ထိုသို့ မြှင့်တင်ပြီးသည်နှင့် နတ်သန္ဓေအင်ပါယာ အဆင့်ကို အလွယ်တကူ ထိုးဖောက်နိုင်မည် ဖြစ်၏။

ထို့အပြင် သူသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို ပြီးပြည့်စုံသော မဟာအဆင့်အထိ နားလည်ထားသောကြောင့် နတ်သန္ဓေအင်ပါယာ အဆင့်သို့ ထိုးဖောက်ပြီးလျှင် နယ်မြေပိုင်နက် သုံးမျိုး၏ စွမ်းအားကို ရရှိလိမ့်မည် ဖြစ်ပြီး သူ၏တိုက်ပွဲဝင်စွမ်းရည်သည် အဆင့်တူ နတ်သန္ဓေအင်ပါယာများထက် ပို၍ အစွမ်းထက်သွားလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် သူ၏ ဝှက်ဖဲများကို အလွယ်တကူ ထုတ်သုံးစရာပင် မလိုအပ်တော့ပေ။

သူ၏ ဝိညာဥ်ကို အထွတ်အထိပ်သို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရန်အတွက် ကျန်းချန်သည် ဤတစ်ကြိမ်တွင် ရွှယ်မင်ကျောင်း‌ဆောင်ထဲမှ ဝိညာဥ်ကျောက်တုံများကို ဆက်လက်အသုံးမပြုတော့ဘဲ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဥ်မြှင့်တင်ခြင်း မြက်များကို ထုတ်ယူခဲ့သည်။

ထို့အပြင် သူက နဂါးမျှော်စင်၏ ပဉ္စမထပ်ကနေ သတ္တမထပ်သို့ သွားရာတွင် ဆုလာဘ်များစွာကို ရရှိခဲ့သည်။

ကျွမ်းလီကောဆီမှ ရရှိသည့် နတ်ခရစ်စတယ်များနှင့် ပေါင်းလိုက်လျှင် ယခုအခါ ကျန်းချန်ထံ၌ နတ်ခရစ်စတယ် သောင်းချီ ရှိနေပြီဖြစ်ရာ အဆင့်ချိုးဖျက်ရန် အတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်ခုကို ကျင့်ကြံရန်အတွက်စုပ်ယူပြီး အတွေ့အကြုံရမှတ်(၈၀၀၀)ကို အဆ၁၀၀ရရှိပါတယ်"

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်ခုကို ကျင့်ကြံရန်အတွက်စုပ်ယူပြီး အတွေ့အကြုံရမှတ်(၈၀၀၀)ကို အဆ၁၀၀ရရှိပါတယ်"

"ဒင်.. သင်က နတ်ခရစ်စတယ် တစ်ခုကို ကျင့်ကြံရန်အတွက်စုပ်ယူပြီး အတွေ့အကြုံရမှတ်(၈၀၀၀)ကို အဆ၁၀၀ရရှိပါတယ်"

"..........."

သုံးရက်အကြာတွင် ကျန်းချန်သည် နတ်ခရစ်စတယ် (၅၀၀၀)ကို သုံးစွဲခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နတ်ဝိညာဥ်ဘုရင် နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"ဒီနေ့ ငါကျန်းချန်.. နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်လာ‌တော့မယ်"

ကျန်းချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ သူ၏ မျက်လုံးကနေ တောက်ပသော အလင်း‌ရောင်များ ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင် အားလုံးသည် အရပ်မျက်နှာ အနှံ့ကနေ စုဝေးလာခဲ့ပြီး ကျန်းချန် ကျင့်ကြံနေသော လိုဏ်ဂူဆီသို့ အရူးအမူး စီးဝင်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးမှ အသက်စွမ်းအင်များ၏ ကောင်းချီးပေးမှု အောက်တွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ခန္ဓာကိုယ်သည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်ထဲရှိ နတ်ပင်လယ် ထဲတွင် ကလေးငယ်တစ်ယောက်နှင့် ဆင်တူသော‌ ရွှေရောင်ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာခဲ့ပြီး နတ်ပင်လယ်နှင့် ပေါင်းစပ်သွားခဲ့သည်။

ထိုသို့ ပေါင်းစပ်ပြီးနောက်တွင် ယခင်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည့် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည် ကျန်းချန် ထံကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် မြွေကျွန်းပေါ်ရှိ မြွေတစ်ဝက်လူတစ်ဝက် သတ္တဝါအားလုံး နီးပါးသည် မြေပြင်ပေါ်တွင် ဝပ်တွားကာ တုန်လှုပ်နေခဲ့ကြသည်။

"ဒါ.. ဒါက နတ်သန္ဓေအင်ပါယာ အဆင့်ရဲ့ စွမ်းအားပဲ"

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလျှင် သူ၏ အသိုက်ထဲ၌ ဒဏ်ရာကို ကုစားနေသော အမှောင်မြွေဘုရင်သည် စိတ်နှလုံး တုန်ယင်သွားခဲ့သည်။

ကံကောင်းစွာဖြင့် လူငယ်လေးသည် သူ့ကို အသက် ချမ်းသာပေးခဲ့သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ဘယ်လို သေသွားမှန်းကိုပင် သိလိုက်မည် မဟုတ်ပေ။

နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒသုံးခုသည်လည်း စစ်မှန်သော နယ်မြေပိုင်နက် စွမ်းအားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဆုံးမဲ့ မီးလျှံများကနေ ဖြစ်ပေါ်လာသော ဓားနယ်မြေကို ကျန်းချန်က ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေဟု အမည်ပေးခဲ့သည်။

ငွေရောင်လေပြင်းကနေ ဖြစ်ပေါ်လာသည့် လေနယ်မြေကိုမူ ကျန်းချန်သည် အစွန်းရောက် သတ်ဖြတ်ခြင်း နယ်မြေဟု အမည်ပေးခဲ့သည်။

မိုးကြိုးလျှပ်စီး ထောင်ပေါင်းများစွာ ဖြစ်ပေါ်လာသော နယ်မြေကိုမူ မိုးကြိုးနယ်မြေဟု အမည်ပေးခဲ့၏။

နယ်မြေပိုင်နက်သုံးခု၏ စွမ်းအားသည် သူ့ကိုအဆင့်တူအတွင်း ပြိုင်ဘက်ကင်း ဖြစ်စေခဲ့သည်။

သူ၏ ဝှက်ဖဲများနှင့်သာ ပေါင်းစပ်လိုက်လျှင် မြို့တော်ငါးခု၏ ထိပ်တန်း နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် ကြောက်ရွံ့ခြင်း မရှိတော့ပေ။

"နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ပြီးပြီ ဆို‌တော့ လူသားဧကရာဇ်စည်းတံဆိပ်ကို ဖွင့်ဖို့ ကြိုးစားကြည့်ရမယ်"

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို စာအုပ်ငယ်ကို ထုတ်ကာ လှန်လိုက်သည်။

ထို့နောက်တွင် သူ၏ လက်ညှိုးကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို စာအုပ်ပေါ်သို့ ချလိုက်သည်။

သူ၏ သွေးအဆီအနှစ်သည် ချက်ချင်းဆိုသလိုပင် စာအုပ်ငယ်၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး တောက်ပသော ရွှေရောင်အလင်းသည် စာအုပ်ငယ်လေးထံမှ ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် ထို‌ရွှေရောင်အလင်းသည် စာအုပ်ငယ်၏ အဖုံးပေါ်တွင် ရွှေရောင်စာလုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

"လူသားဧကရာဇ်စည်းတံဆိပ်"

ခမ်းနားထည်ဝါသော ရွှေရောင်စာလုံးကို ကြည့်ရင်း ကျန်းချန်သည် အပျော်ကြီး ပျော်သွားခဲ့သည်။

သူမှန်းဆထားသည့် အတိုင်းပင်၊ လူသားဧကရာဇ် စည်းတံဆိပ်ကို ဖွင့်လှစ်ရန် အတွက် နတ်သန္ဓေအင်ပါယာ အဆင့်သို့ ရောက်ရန် လိုအပ်ပုံရသည်။

သူက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းဆိုသလို လူသားဧကရာဇ်စည်းတံဆိပ်ကို ဖွင့်လိုက်သည်။

လူသားဧကရာဇ် စည်းတံဆိပ်တွင် စုစုပေါင်း စည်းတံဆိပ်(၃)ခု ပါဝင်သည်။

၎င်းတို့မှာ ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်၊ ကျူးရှန်းစည်းတံဆိပ်နှင့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်တို့ ဖြစ်ကြသည်။

ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်ကို နားလည်အောင်ကြိုးစားခဲ့သော်လည်း ၎င်းသည် အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဥ်ထက်ပင် ဆယ်ဆကျော် ပိုမိုခက်ခဲနေသည်ကို တွေ့ရှိခဲ့သည်။

သူ၏ အဆ၁၀၀စနစ်ဖြင့်ပင် လူသားဧကရာဇ် စည်းတံဆိပ်ကို ၁၀၀၀၀ပုံ ၁ပုံ နားမလည်နိုင်ခဲ့ပေ။

"လူသားဧကရာဇ် စည်းတံဆိပ်ကို ချက်ချင်း နားလည်အောင်လုပ်ဖို့က လက်တွေ့မကျဘူး.. လမ်းခရီးမှာပဲ တတ်နိုင်သလောက် နားလည်အောင် လုပ်သွားရမယ်"

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ်ကို ဤနေရာမှာပင် နားလည်အောင် ကြိုးစားမည့် သူ၏ အစီအစဥ်ကို လက်လျှော့လိုက်တော့သည်။

လိုဏ်ဂူထဲက ထွက်လာခဲ့ပြီးနောက်တွင် ကျန်းချန်သည် လင်းယုန်နက်၏ ကျောပေါ်သို့ ခုန်တက်ကာ ကျုံးကျိုးကုန်းမြေဆီသို့ ဦးတည်၍ ပျံသန်းသွားခဲ့သည်။

အခန်း(၁၂၂၅)ပြီး၏။၊

အခန်း(၁၂၂၆)

ဧရာမနတ်ဆိုးလင်းယုန်နက်သည် အဆုံးမဲ့ပင်လယ်၏ အထက်တွင် ပျံသန်းနေခဲ့သည်။

မကြာသေးခင်ကမှ နတ်သန္ဓေအင်ပါယာ အဆင့်ကို ထိုးဖောက်ထားသော ကျန်းချန်သည် ထိုနတ်ဆိုးလင်းယုန်နက်ကို စီးနင်းကာ အဆုံးမဲ့ ပင်လယ်ပြင်ကို နှစ်လနီးပါး ဖြတ်သန်းလာခဲ့သည်။

ဤနှစ်လအတွင်း ကျန်းချန်သည် အဆုံးမဲ့ပင်လယ်ကို ဖြတ်သန်းရာတွင် အလဟဿ မနေခဲ့ပေ။

တစ်ခါတစ်ရံတွင် သူတို့၏ သွားလမ်းကို ပိတ်ဆို့သည့် သားရဲများကို ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ထိုသားရဲများကို ကျန်းချန်က လက်သီးတစ်ချက်ဖြင့်ပင် လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့၏။

ကျန်းချန်သည် ဤအတော်အတွင်း လူသားဧကရာဇ် စည်းတံဆိပ်ကို လေ့လာခဲ့သည့် အပြင် ရွှယ်မင်ကျောင်းဆောင်ကိုလည်း အားကျိုးမာန်တက် သန့်စင်နေခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို ၃ပုံ၂ပုံ နီးပါး နားလည်လာခဲ့သည်။

ထို့အပြင် အင်ပါယာတစ်ပိုင်း မှော်ရတနာ ဖြစ်သည့် ရွှယ်မင်ကျောင်းဆောင်ကိုလည်း လုံးဝ သန့်စင်နိုင်ခဲ့၏။

"ကောင်လေး မင်းနောက်ဆုံးတော့ ရွှယ်မင်ကျောင်းဆောင်ကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီပဲ.. ငါတို့နှစ်ယောက်ကြားက သဘောတူညီချက်အရ.. ငါနဲ့ ရွှယ်မင်ကျောင်းဆောင်ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ဖယ်ရှားပေးပါဦး"

ရွှယ်မင်ကျောင်းဆောင်ကို သန့်စင်ပြီးစီးသည်နှင့်တစ်ပြိုင်နက် ရွှယ်ယဲ့၏ စိတ်လှုပ်ရှားသော အသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

ရွှယ်ယဲ့သည် ရွှယ်မင်ကျောင်းဆောင်ကနေ မွေးဖွားလာကတည်းကပင် နှစ်ထောင်ပေါင်းများစွာ တစ်ကိုယ်တည်းနေထိုင်ခဲ့ရသည်။

၎င်းက နတ်သန္ဓေအင်ပါယာ အဆင့်နှင့် ယှဥ်နိုင်လောက်သည်အထိ အစွမ်းထက်လာခဲ့သော်လည်း ရွှယ်မင်ကျောင်းဆောင်နှင့် ဆက်နွှယ်မှုကြောင့် ရွှယ်မင်ကျောင်း‌ဆောင်ကနေ ထွက်သွားနိုင်ခြင်း မရှိခဲ့ပေ။

ထိုအချိန်က ရွှယ်ယဲ့သည် ကျန်းချန်ကို ရွှယ်မင်ကျောင်းဆောင်အား ထိန်းချုပ်နိုင်ရန် အတွက် ကူညီပေးခဲ့ပြီး တစ်နေ့နေ့တွင် သူ့အား လွတ်လပ်ခွင့်ပေးရန် ကျန်းချန်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

အဆုံးသတ်တွင် ထိုအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ရွှယ်ယဲ့အနေဖြင့် အဘယ်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါအံ့နည်း။

"ကောင်းပြီ"

ကျန်းချန်က သူ၏ စိတ်ထဲကနေ ပြန်ဖြေလိုက်ပြီး ရွှယ်ယဲ့နှင့်ရွှယ်မင်ကျောင်းဆောင်တို့ ကြားရှိ ဆက်နွှယ်မှုကို ရွှယ်ယဲ့ သူ့ကို သင်ပေးထားသည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ဖယ်ရှားပေးလိုက်သည်။

(၂)နာရီခန့်အကြာတွင် ရွှယ်မင်ကျောင်းဆောင်၏ ထိပ်တွင် တောက်ပစွာ လင်းလက်သွားခဲ့ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျောင်းဆောင်၏ ထိပ်ကနေ ချက်ချင်းဆိုသလို ပျံသန်း၍ ထွက်လာခဲ့သည်။

"ဟားဟား..နောက်ဆုံးတော့ ငါရွှယ်ယဲ့က ရွှယ်မင်ကျောင်းဆောင်ကနေ လွတ်မြောက်လာခဲ့ပြီ"

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ်ဖြစ်သည့် ရွှယ်ယဲ့ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်က ရွှယ်ယဲ့ သင်ပေးထားသည့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ရွှယ်ယဲ့နှင့်ရွှယ်မင်ကျောင်းဆောင်တို့ ကြားရှိ ဆက်နွှယ်မှုကို ဖယ်ရှားလိုက်ပြီ ဖြစ်သည့် အတွက် ရွှယ်ယဲ့သည် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ် မဟုတ်တော့ပေ။

"အခုအချိန်က စပြီး ငါ့ရဲ့နာမည်က လင်းဟွမ်ရွှယ်ယဲ့ပဲ.. ကောင်လေး ကျေးဇူးအများကြီးတင်ပါတယ်.. ပြင်ပကမ္ဘာကို မြင်ချင်လွန်းလို့ ငါ့မစောင့်နိုင်တော့ဘူး.. နောက်မှပဲ ငါတို့တွေ တွေ့ကြတာပေါ့.. ဒီနေရာလွတ် ကျောက်စိမ်းတံဆိပ်ပြားကို ယူထားလိုက်.. အခက်အခဲတွေ့ရင် ချိုးဖျက်လိုက်ပါ.. ငါဘယ်နေရာမှာပဲ ရှိနေပါစေ အာရုံခံစားနိုင်တယ်"

ရွှယ်ယဲ့က ကျန်းချန်ကို အနက်ရောင် ကျောက်စိမ်းပြားတစ်ခု ပစ်ပေးလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို အနက်ရောင် အလင်းစီးကြောင်း အဖြစ်‌ ပြောင်းလဲကာ ကျန်းချန်၏ ရှေ့ကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

"သိပ်မကြာခင် ကျုံးကျိုးကုန်းမြေ တစ်ခွင်မှာ လင်းဟွမ်ရွှယ်ယဲ့ ဆိုတဲ့ နာမည်က တစ်ဟုန်ထိုး ကျော်ကြားလာမှာ အသေအချာပဲ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ရွှယ်ယဲ့သည် ရွှယ်မင်ကျောင်းဆောင်ထဲတွင် နှစ်ပေါင်း (၅၀၀၀) သက်တမ်းရှိခဲ့၍ သူ၏ ခွန်အားသည် အတော်လေး နက်ရှိုင်းသည်။

ရှန်းဝူတိုက် တစ်တိုက်လုံးပင် ရွှယ်ယဲ့နှင့် ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။

ကျန်းချန်က ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ဘဲ လူသားဧကရာဇ် စည်းတံဆိပ်ကို နားလည်အောင် ကြိုးစားရင်း ကျုံးကျိုးကုန်းမြေ ဆီသို့ ဆက်လက်သွားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အဆုံးမဲ့ပင်လယ်၏ အစွန်အဖျားရှိ ကုန်းမြေတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

"နောက်ဆုံးတေ့ာ ရောက်လာခဲ့ပြီ"

သူ၏ရှေ့မှ ကုန်းမြေကိုကြည့်ရင်း ကျန်းချန်၏ မျက်နှာထက်တွင် ပျော်ရွှင်သော အရိပ်အ‌ယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကုန်းမြေသည် သူ၏ မှတ်ဥာဏ်ထဲရှိ နေရာတစ်ခုနှင့် အလွန်ဆင်တူနေ၍ ဖြစ်သည်။

ဆိုရလျှင် ထိုနေရာသည် စန်းလန် အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ကျွန်းသုံးကျွန်း အနက်မှ တစ်ကျွန်းဖြစ်သည့် စန်းဟိုင်ကျွန်း ဖြစ်သောကြောင့်ပင်။

ထိုနေရာကို တစ်ချိန်က မမျှော်လင့်ဘဲ ရောက်လာခဲ့ဖူး၏။

စန်းဟိုင်ကျွန်းသို့‌ ရောက်ရှိလာပြီဖြစ်ရာ ကျန်းချန်သည် ကျုံးကျိုးကုန်းမြေသို့ အလျင်စလို မသွားသေးဘဲ စန်းဟိုင်ကျွန်းပေါ်ရှိ သူ၏ မိတ်ဆွေများဆီသို့ လည်ပတ်ရန် ရည်ရွယ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် ချင်းလွမ်၏ နံပါတ်တစ်မိသားစု ဖြစ်သော လျှိုမိသားစု ဆီသို့ ဦးစွာ သွားရောက်ခဲ့သည်။

စန်းဟိုင်ကျွန်း၊ ချင်းလွမ်မြို့ရှိ လျှိုမိသားစု။

လွန်ခဲ့သည့်သုံးနှစ်က ကျန်းချန် ဤနေရာသို့ ရောက်ရှိလာကတည်းကပင် လျှိုမိသားစု၏ ခွန်အားသည် သိသိသာသာတိုးတက်လာခဲ့ပြီး ချင်းလွမ်မြို့၏ နံပါတ်တစ် မိသားစုအဖြစ် တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သည်။

လျှိုမိသားစုသည် စန်းဟိုင်ကျွန်း တစ်ကျွန်းလုံးမှာပင် ထိပ်တန်း မိသားစုများထဲမှ တစ်ခုဖြစ်သည်။

သို့သော်လည်း စန်းဟိုင်ကျွန်း၏ ထိပ်တန်းအင်အားစု ဖြစ်သော လျှိုမိသားစု၏ လေထုသည် လက်ရှိအချိန်တွင် တင်းမာနေခဲ့သည်။

လျှိုမိသားစု၏ အစည်းအဝေးခန်းမထဲတွင် လျှိုမိသားစုခေါင်း‌ဆောင် လျှိုရွှယ်ဖုန်း၊ မဟာအကြီးအကဲ လျှိုရီကျန်းနှင့် အခြားသော လျှိုမိသားစုမှ စီနီယာ အဖွဲ့ဝင်များသည် စုဝေး၍ ရှိနေခဲ့ကြသည်။

ဤအချိန်တွင် လျှိုမိသားစု၏ စီနီယာအဖွဲ့ဝင် ဆယ်ယောက်ကျော်သည် နှုတ်ဆိတ်နေခဲ့ကြသည်။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေခဲ့ပြီး အက်ကျသံပင် ကြားရလောက်၏။

"အားလုံးပဲ စန်းဟိုင်မြို့က သတင်းနဲ့ ပတ်သက်ပြီး အမြင်လေးတွေကို ဆွေးနွေးပေးပါ"

အချိန်မည်မျှ ကြာသွားမှန်းမသိပေ။

လျှိုရွှယ်ဖုန်းသည် အစည်းအဝေးခန်းမထဲမှ လူများကို ဝေ့ကြည့်လိုက်ပြီး ခန်းမထဲရှိ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ဖြိုခွင်းလိုက်သည်။

"ခေါင်းဆောင်.. စန်းဟိုင်ကျွန်းက စန်းလန်အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲအောက်မှာပဲ အမြဲရှိခဲ့တယ်.. ဒါပေမဲ့ ဒီနှစ်မှာတော့ ရေနဂါးဂိုဏ်းက သံတမန်တစ်ဦး စေလွှတ်ပြီး တပည့်တွေကို လာရောက် စုဆောင်းနေတယ်.. ကြည့်ရတာ စန်းလန်အဖွဲ့အစည်းမှာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားတဲ့ပုံပဲ"

ထိုစကားကို ပြောလိုက်သည့် မဟာအကြီးအကဲ လျှိုရီကျန်း၏ အမူအရာသည် အလွန်ပင် လေးနက်နေခဲ့သည်။

"တစ်စုံတစ်ရာ ဖြစ်ပျက်သွားရင်လား.. သေချာတာ တစ်ခုက စန်းလန်အဖွဲ့အစည်းဖြစ်စေ၊ ရေနဂါးဂိုဏ်းဖြစ်စေ ကျွန်တော်တို့ လျှိုမိသားစုက သွားထိလို့ရတဲ့ အရာ မဟုတ်ဘူး.. လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော‌ ရွေးချယ်မှုက ရေနဂါးဂိုဏ်းဆီ အညံ့ခံဖို့ပဲ ရှိတော့တယ်"

အခြား အကြီးအကဲတစ်ဦးက ခါးသီးစွာဖြင့် ပြောလိုက်သည်။

"အမှန်ပဲ.. ရေနဂါးဂိုဏ်းကို အညံ့မခံရင် ငါတို့ကို ပစ်မှတ်ထားလာနိုင်တယ်.. ငါသိသလောက်တော့ စန်းလန် အဖွဲ့အစည်းနဲ့ ရေနဂါးဂိုဏ်းက မဟာပြိုင်ဘက်တွေပဲ.. အခု စန်းလန်အဖွဲ့အစည်းမှာ အပြောင်းအလဲတွေ ဖြစ်လာပြီဆိုတော့ ရေနဂါးဂိုဏ်းကို ယှဥ်နိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ"

"ဒါ့အပြင် စန်းလန်အဖွဲ့အစည်းမှာ ငါတို့ လျှိုမိသားစုရဲ့တပည့်တွေ ရှိနေတယ်.. ငါတို့ အညံ့မခံခဲ့ရင် ငါတို့ လျှိုမိသားစုတွေရဲ့တပည့်တွေက ရေနဂါးဂိုဏ်းရဲ့ လက်ထဲမှာ မမျှော်လင့်တဲ့အခြေအနေဆိုးတွေကို ကြုံတွေ့လာရနိုင်တယ်.. ဟူး.. ငါတို့ လျှိုမိသားစုလို မိသားစု သေးသေးလေးက ရေနဂါးဂိုဏ်းနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ"

မဟာအကြီးအကဲ လျှိုရီကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။

သူ၏စကားကို လျှိုမိသားစု၏ စီနီယာအဖွဲ့ဝင် အများအပြားကလည်း သဘောတူညီခဲ့ကြသည်။

လျှိုမိသားစုသည် စန်းဟိုင်ကျွန်းတွင် ထိပ်တန်းမိသားစု အဖြစ် သတ်မှတ်ခံထားရသော်လည်း စန်းလန် အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းလို ကြယ်နှစ်ပွင့် အင်အားစုများနှင့်ယှဥ်လျှင် အင်အားအရာ၌ များစွာ ကွာခြားနေခဲ့သည်။

စန်းလန်အဖွဲ့အစည်း နှင့် ရေနဂါးဂိုဏ်းတွင် စန်းဟိုင်ကျွန်းကို မည်သူက အုပ်ချုပ်သည်ဖြစ်စေ၊ သူတို့ လျှိုမိသားစု အနေဖြင့် ငြင်းဆန်ပိုင်ခွင့် မရှိပေ။

"ဘာပဲဖြစ်ဖြစ် စန်းလန် အဖွဲ့အစည်းနဲ့ ရေနဂါးဂိုဏ်းရဲ့ ကြားမှာ ဘယ်လို အခြေအနေမျိုးတွေ ရှိနေလဲ ဆိုတာ ငါတို့တွေ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး.. နောက်သုံးရက်နေရင် ကျင်းပမဲ့ တပည့် စုဆောင်းပွဲကျမှပဲ အခြေအနေကို စနည်းနာကြည့်မယ်"

လျှိုရွှယ်ဖုန်း၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယခုအချိန်တွင် စန်းလန် အဖွဲ့အစည်း၌ အပြောင်းအလဲများ ဖြစ်လာခဲ့ပြီ ဖြစ်ရာ လျှိုလင်ကျူးနှင့် စန်းလန်အဖွဲ့အစည်းတွင် ကျင့်ကြံနေကြသည့် လျှိုမိသားစုမှ တပည့်များသည် အန္တရာယ် ရှိနေသည်မှာ သေချာသလောက် ဖြစ်၏။

"ကျွန်တော် ကျုံးကျိုးကုန်းမြေက ထွက်သွားပြီး မကြာခင်မှာပဲ စန်းလန် အဖွဲ့အစည်းမှာ ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ မထင်ထားမိဘူး.. တကယ်ကို အံ့အားသင့်စရာပဲ.. လျှိုခေါင်းဆောင်.. အခြေအနေကို သိထားသလောက် ကျွန်တော့်ကို ပြောပြပေးပါဦး"

လျှိုရွှယ်ဖုန်းက အဆုံးသတ် ဆုံးဖြတ်ချက်ကို ချလိုက်သောအချိန်မှာပင် ရင်းနှီးသော လေသံတစ်သံသည် ခန်းမထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

အခန်း(၁၁၂၆)ပြီး၏။

အခန်း(၁၂၂၇)

"ဘယ်သူလဲ"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ခန်းမထဲရှိလူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။

ဤနေရာတွင် လျှိုမိသားစု၏ စီနီယာအဖွဲ့ဝင်များစွာ စုဝေးနေကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ ထိုလူ ရောက်ရှိလာခြင်းကို သတိမထားမိခဲ့ကြပေ။

လူတိုင်းက အလျင်အမြန်ပင် အသံထွက်ပေါ်လာရာ ဆီသို့ ကြည့်လိုက်ရာ ခန်းမတံခါးဝတွင် မည်သည့်အချိန်က ရောက်နေသည်ကို မသိရသော ချောမောသော လူငယ်တစ်ဦးကို တွေ့မြင်ခဲ့ရသည်။

"ကျန်း.. ကျန်းချန်လား"

သူတို့ရှေ့ရှိ ရင်းနှီးသောပုံရိပ်ကို မြင်လျှင် ခန်းမထဲရှိ လျှိုမိသားစုမှ စီနီယာ အဖွဲ့ဝင်များစွာတို့သည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"ကျန်းချန်..မင်းဘယ်လိုလုပ်ပြီး စန်းဟိုင်ကျွန်းကို ရောက်လာရတာလဲ"

လျှိုရွှယ်ဖုန်းက သူ၏ ရှေ့ရှိ ကျန်းချန်ကို ကြည့်ရင်း မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော (၃)နှစ်ခန့်က လျှိုလင်ကျုးနှင့် အတူ စန်းဟိုင်အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့သော ကျန်းချန်သည် စန်းဟိုင်ကျွန်းသို့ ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သိထားရမည်မှာ စန်းဟိုင်ကျွန်းနှင့် ကျုံးကျိုးကုန်းမြေတို့အကြားတွင် အတားအဆီးတစ်ခု ရှိပြီး နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် မဟုတ်လျှင် မည်သူမှ ဖြတ်သန်း၍ မရပေ။

သို့ဆိုလျှင် ကျန်းချန်က စန်းဟိုင်ကျွန်းကို တစ်ယောက်တည်း မည်ကဲ့သို့ ပြန်လာခဲ့ပါသနည်း။

ထိုအခိုက်အတန့်တွင် လျှိုရွှယ်ဖုန်းသည် ကျန်းချန်၏ နက်ရှိုင်းသော ကျင့်ကြံခြင်း အဆင့်ကို ခံစားမိပြီး စိတ်နှလုံးတုန်လှုပ်သွားခဲ့သည်။

[ကျန်းချန်က (၃)နှစ်အတွင်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်သွားခဲ့တာများလား]

"ကျွန်တော် ကျုံးကျိုးကုန်းမြေက ထွက်လာခဲ့တာကြာပါပြီ...အခုက ကျုံးကျိုးကုန်းမြေ ဆီကို ပြန်ရင်း လျှိုမိသားစုဆီ ဝင်လည်တာပါ"

ကျန်းချန်က ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် လျှိုရွှယ်ဖုန်းသည် အသက်ရှူမှားမတတ်ပင် အံ့အားသင့်သွားခဲ့သည်။

[ဒီကောင်လေးက တကယ်ပဲ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ရောက်ရှိသွားခဲ့တာကိုး]

"လျှိုခေါင်းဆောင်.. ကျွန်တော် ချင်းလွမ်မြို့ထဲကို ဝင်တာနဲ့ ရေနဂါးဂိုဏ်းက နောက်သုံးရက်ကြာရင် ချင်းလွမ်မြို့က တပည့်တွေကို စစ်ဆေးပြီး တပည့်သစ် စုဆောင်းမယ်လို့ ကြားခဲ့ရတယ် စန်းလန်အဖွဲ့အစည်းမှာ ဘယ်လိုကိစ္စတွေ ဖြစ်နေတာလဲ ဆိုတာ သိထားသလောက် ကျွန်တော့်ကို ပြောပြပါဦး"

ကျန်းချန်က စန်းလန်အဖွဲ့အစည်းနှင့် ပတ်သက်၍ တိုက်ရိုက်မေးလိုက်သည်။

စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့သည် ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းကမ်းရိုးတန်း ဒေသရှိ ကြယ်နှစ်ပွင့်အင်အားစုများ ဖြစ်ကြသည်။

ဂိုဏ်း(၂)ဂိုဏ်းလုံးသည် ခွန်အားချင်း အတူတူနီးပါး ဖြစ်၏။

(၂)ဂိုဏ်းလုံးတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ် တစ်ပါးစီ ဦးဆောင်နေခဲ့ကြသည်။

သာမန်အခြေအနေတွင် ရေနဂါးဂိုဏ်း၏ ခွန်အားသည် စန်းလန် အဖွဲ့အစည်းကို ဖျက်ဆီးရန် မဖြစ်နိုင်သလောက်ပင်။

သူ စန်းလန် အဖွဲ့အစည်းမှ ထွက်သွားပြီး ၂နှစ်၊ ၃နှစ် အတွင်း စန်းဟိုင်ကျွန်းအား ရေနဂါးဂိုဏ်းက အုပ်ချုပ်နေသည်ကို သူတကယ် နားမလည်နိုင်ခဲ့ပေ။

"အခြေအနေ တိတိကျကျကိုတော့ မသိရသေးဘူး.. ဒီတစ်ကြိမ် စန်းဟိုင်ကျွန်းကို တပည့်တွေ စုဆောင်းဖို့အတွက် ရောက်လာတဲ့ သံတမန်က ရေနဂါးဂိုဏ်းက ဖြစ်တယ်လို့ ငါတို့တွေ မကြာသေးခင်ကမှ သတင်းရရှိခဲ့တယ်.. ငါတို့ခန့်မှန်းချက်အရတော့ စန်းလန်အဖွဲ့အစည်းရဲ့ ကံကြမ္မာက အကောင်းဘက်မှာ ရှိမှာ မဟုတ်လောက်တော့ဘူး"

လျှိုရွှယ်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။

"ရေနဂါးဂိုဏ်းက သံတမန်က ဒီနှစ်မှ ရောက်လာတာလား"

ကျန်းချန်က မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဟုတ်ပါတယ်.. မနှစ်က အထိတော့ စန်းလန် အဖွဲ့အစည်းရဲ့ သံတမန်တွေပဲ စန်းဟိုင်ကျွန်းကို လာခဲ့ကြတာပါ"

လျှိုရွှယ်ဖုန်းက ထိုစကားကို ပြောလိုက်ပြီးနောက်တွင် မျက်နှာပေါ်၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်.. လင်ကျူးနဲ့ လျှိုမိသားစုရဲ့ တပည့်အများအပြားက စန်းလန်အဖွဲ့အစည်းဆီမှာ ရှိနေတုန်းပဲ မိတ်ဆွေလေးက ကျုံးကျိုးကုန်းမြေဆီ ပြန်မှာ ဆိုတော့ လင်ကျူး တို့ကို တွေ့ရင်ဂရုစိုက်ပေးမယ်လို့ မျှော်လင့်ပါတယ်.. လျှိုမိသားစုက မိတ်ဆွေလေးကို အမြဲ ကျေးဇူးတင်နေမှာပါ"

စန်းလန်အဖွဲ့အစည်းနှင့် ရေနဂါးဂိုဏ်းတို့ ကြားရှိ စစ်ပွဲတွင် လျှိုမိသားစုသည် ဘာမှမလုပ်နိုင်ခဲ့ပေ။

သူ၏ ရှေ့မှ ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ခြေများ၏။

ထို့ကြောင့် ယခုအခါ သူ၏ မျှော်လင့်ချက်ကို ကျန်းချန်အပေါ်တွင်သာ ထားရှိနိုင်တော့သည်။

"စိတ်မပူပါနဲ့.. လင်ကျူးနဲ့ လျှိုမိသားစုဝင်တွေ အားလုံးက ကျွန်တော့်ရဲ့မိတ်ဆွေကောင်းတွေပါပဲ.. သူတို့ ဒုက္ခရောက်နေရင် ကျွန်တော် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"

ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

"ကျွန်တော် စန်းဟိုင်မြို့ကို အခုသွားမယ်.. ပြီးရင် ရေနဂါးဂိုဏ်းရဲ့သံတမန်နဲ့ တွေ့ပြီး ဘာကိစ္စတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို သေချာသိအောင်လုပ်ရမယ်"

"ငါမင်းနဲ့အတူ လိုက်ခဲ့မယ်"

လျှိုရွှယ်ဖုန်းက အလျင်အမြန် ပြောလိုက်သည်။

"လျှိုခေါင်းဆောင် မလိုက်နဲ့တော့.. လျှိုခေါင်းဆောင်ရဲ့ အရှိန်က အရမ်းနှေးတယ် ကျွန်တော်ပဲ သွားလိုက်ပါမယ်"

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လျှိုရွှယ်ဖုန်းတို့၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က နတ်သန္ဓေအင်ပါယာ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ နာရီဝက်ပင် မကြာလိုက်ဘဲ မိုင်သန်းပေါင်း များစွာကို ဖြတ်ကျော်ကာ ချင်းလွမ်မြို့ကနေ စန်းဟိုင်မြို့ထိ ရောက်ရှိလာခဲ့ပြီး စန်းဟိုင်မြို့၏ မြို့လယ်ရှိ မြို့စား အိမ်တော်၏ ရှေ့တွင် ဆင်းသက်လိုက်သည်။

"ကောင်လေး မင်းဘယ်သူလဲ.. ဒီနေရာက စန်းဟိုင်မြို့ရဲ့မြို့စားအိမ်တော်ပဲ.. မြို့စားရဲ့ခွင့်ပြုချက်မရဘဲ အပြင်လူတွေ ဝင်ခွင့်မရှိဘူး.. အခြေအနေကို သဘောပေါက်ရင် မြန်မြန်ထွက်သွားစမ်း.. မဟုတ်ရင် ငါတို့ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မမြင်နဲ့"

ကျန်းချန်က မြို့စားအိမ်တော်၏ တံခါးဝသို့ ရုတ်တရက်ရောက်လာသည်ကို မြင်လျှင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အစောင့်နှစ်ဦး၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အော်ငေါက်လိုက်ကြသည်။

"မြို့စားအိမ်တော်ရဲ့ အစောင့်တွေက ဖင်ခေါင်းကျယ်လှချည်လား"

ကျန်းချန်က အနက်ရောင်ဝတ်ရုံဝတ် အစောင့်နှစ်ဦးကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းတို့မြို့စားကို ချက်ချင်းထွက်တွေ့ဖို့ အကြောင်းကြားလိုက်စမ်း"

ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အစောင့်နှစ်ဦးထဲမှ တစ်ဦးသည် အေးစက်စက် ပြုံးလိုက်သည်။

"ကောင်လေး မင်းကိုယ်မင်း ဘာထင်နေလဲ.. ငါတို့မြို့စားကို မင်းလို ဘာမဟုတ်တဲ့ကောင်က တွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေလား"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။

သူက အနက်ရောင်ဝတ်စုံဝတ် အစောင့်နှစ်ဦးနှင့် အပြန်အလှန်စကားပြောရန် ပျင်းရိနေခဲ့၏။

သူက ခက်ထန်သော မျက်နှာထားဖြင့် မြို့စားအိမ်တော်ကို ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

"စန်းထျန်းခို့ မသေချင်ရင် ချက်ချင်း ထွက်လာခဲ့စမ်း"

ကျန်းချန်၏ ကြုံးဝါးသံကိုကြားလျှင် အနက်ရောင်ဝတ်ရုံဝတ်အစောင့်နှစ်ဦးသည် ရုတ်တရက် ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

"မြို့စားအိမ်တော်ရှေ့မှာ ရမ်းကားရဲတယ်.. မင်းက သေခြင်းတရားကို ရှာဖွေနေတဲ့ကောင်ပဲ"

ကြုံးဝါသံနှင့်အတူ အစောင့်နှစ်ဦး၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သောအရှိန်အဝါ ထွက်ပေါ်လာခဲ့သည်။

သူတို့က လက်နက်များကို ဝှေ့ယမ်း၍ ကျန်းချန်ကို ဝင်တိုက်ရန် ပြင်လိုက်သည်။

ထိုအခိုက်တွင် ကျန်းချန်သည် အစောင့်နှစ်ဦးကို လုံးဝ လှည့်မကြည့်ဘဲ လက်တစ်ဖက်ကို အသာအယာ လှုပ်ရှားလိုက်ရာ အနက်ရောင်ဝတ်စုံဝတ် အစောင့်နှစ်ဦးသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ၁၀ပေကျော် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

"ငါ့ရဲ့မြို့စားအိမ်တော်မှာ ဘယ်က အရိုင်းအစိုင်း ရမ်းကားနေတာလဲ"

အနက်ရောင်ဝတ်ရုံဝတ် အစောင့်နှစ်ဦး လွင့်စင်သွားသောအချိန်မှာပင် မြို့စားအိမ်တော်ထဲကနေ အင်အားကြီးမားသော အရှိန်အဝါ တစ်ခုသည် ရုတ်တရက် ကောင်းကင်ကို ထိုးတက်လာခဲ့သည်။

နောက်ထပ် တစ်ခဏတွင် မုတ်ဆိတ်မွေးရှိပြီး ခန္ဓာကိုယ်ထွားကျိုင်းသော အမျိုးသားတစ်ဦးသည် မြို့စားအိမ်တော်၏ အထက်တွင် တိုက်ရိုက် ပေါ်ထွက်သွားခဲ့သည်။

ထိုထွားကျိုင်းသော အမျိုးသားသည် ကောင်းကင်ကနေ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏။

ထိုအမျိုးသားက တခြားသူမဟုတ်ပေ။

စန်းဟိုင်မြို့၏ မြို့စားဖြစ်သည့် စန်းထျန်းခို့ ဖြစ်သည်။

"ကျန်း..ကျန်းချန် မင်းဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"

စန်းထျန်းခို့က ကျန်းချန်ကိုမြင်လျှင် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

စန်းဟိုင်ကျွန်း၏ သမိုင်းတွင် ပထမဆုံး ကြယ်တစ်ရာ ဘုရင် ဖြစ်သည့် ကျန်းချန်ကို စန်းထျန်းခို့သည် ထင်ထင်ရှားရှားပင်မှတ်မိနေခဲ့သည်။

အထူးသဖြင့် ဤလူငယ်သည် စန်းလန် အဖွဲ့အစည်းထဲကို ဝင်ပြီးနောက်တွင် စန်းလန် အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင်ကို အနိုင်ယူပြီး စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ်တပည့်ဖြစ်လာခဲ့သည်။

သူသိထားသလောက် ဆိုလျှင် ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းကနေ ထွက်ခွာသွားသည်မှာ ကြာပြီ ဖြစ်၏။

ကျန်းချန်က စန်းဟိုင်မြို့တွင် ပေါ်လာလိမ့်မည်ဟု စန်းထျန်းခို့ လုံးဝ မထင်ထားခဲ့ပေ။

"ငါက ဘာလို့ ဒီမှာမရှိနိုင်ရမှာလဲ"

ကျန်းချန်က စန်းထျန်းခို့ကို ပေါ့ပါးစွာကြည့်လိုက်၍ ပြောလိုက်သည်။

"ရေနဂါးဂိုဏ်းက သံတမန်တစ်ယောက် စန်းဟိုင်ကျွန်းကို ရောက်လာတယ်လို့ ကြားတယ်.. သူ မင်းရဲ့ မြို့စားအိမ်တော်မှာ ရှိနေလား"

"ကျန်းချန်.. မင်းက စန်းလန် အဖွဲ့အစည်းကနေ ထွက်သွားခဲ့တာ ကြာပြီဆိုတော့ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်တော့ဘူး မင်းအနေနဲ့ ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲလို့ ငါအကြံပေးချင်တယ်"

ကျန်းချန်၏ စကားကို ကြားလျှင် စန်းထျန်းခို့၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

သူက ကျန်းချန်ကို အေးစက်စက်ပြောလိုက်သည်။

လက်ရှိအချိန်တွင် သူက စန်းလန်အဖွဲ့အစည်းမှ မဟုတ်တော့ဘဲ ရေနဂါးဂိုဏ်း၏ လူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန်က ငယ်ရွယ်သော ကောင်လေး တစ်ယောက်သာ ဖြစ်၍ သူ့အနေဖြင့် လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။

"စန်းထျန်းခို့.. မင်းက တကယ်ပဲ ရေနဂါးဂိုဏ်းနဲ့ ပူးပေါင်းခဲ့တာကိုး"

ကျန်းချန်၏ မျက်လုံးက အေးစက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"ငါက စန်းလန်အဖွဲ့အစည်းကနေ ထွက်သွားခဲ့တယ် ဆိုပေမဲ့ စန်းလန်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေဆဲပဲ.. မင်းကတော့ စန်းလန် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ရေနဂါးဂိုဏ်းရဲ့ လက်ကိုင်တုတ် ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်.. ဒီနေ့တော့ ငါမင်းရဲ့ ခွေးခေါင်းကိုဖြတ်ပြီး စန်းလန်အဖွဲ့အစည်းအတွက် ဂိုဏ်းတွင်း သန့်ရှင်းရေးလုပ်မယ်"

အခန်း(၁၂၇၇)ပြီး၏။

All Chapters