အခန်း (၉၉၁-၉၉၅)
Vol. 67 Ch. 991-995
အခန်း ၉၉၁ ဟန်ဝမ်လင်း
ခဏအကြာမှာတော့ ထန်ယွင်ရုန်နှင့် ထန်ကျီယွီတို့သားအမိအပါအဝင် ထန်မိသားစုမှဆွေမျိုးအချို့လဲ ကုနင်းနှင့်စကားလာပြောကြသည်။ အားလုံးက အမျိုးသမီးများသာဖြစ်သည်။ ထန်ကျီယွီတို့သားအမိမှာ အခုတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို မျက်နှာချင်းဆိုင်ရသည်အား မသက်မသာဖြစ်နေတော့သည်။
ထန်ကျီယွီ လင်ရှောင်းထင်ကို လက်လျှော့သွားပြီမှန်း ကုနင်းသတိထားမိတာကြောင့် ထန်ကျီယွီအပေါ် သဘောမကျသည့်အရိပ်အယောင်မျိုးမပြခဲ့ပေ။ ထန်ကျီယွီတောင် လက်လျှော့ပြီးပြီဆိုမှတော့ သူမအနေနဲ့ရန်သူတစ်ယောက်တိုးအောင်လုပ်စရာမလိုတော့ပေ။
အားလုံး ကုနင်းနှင့်ခဏတာစကားပြောဆိုပြီးနောက် ပြန်ထွက်သွားကြသည်။
နောက်ဆက်ပြီး အဆင့်အတန်းမြင့်မိန်းမငယ်လေးများစွာသည်လဲ ကုနင်းနှင့်စကားပြောဖို့လာကြပြန်သည်။ တချို့တစ်ဝက်လောက်က ကြင်နာတတ်ပေမည့် တချို့ကတော့ လင်ရှောင်းထင်ကို ခိုးကြည့်နေကြတုန်းပင်။
ကုနင်းစိတ်မကြည်သော်လည်း မိန်းကလေးတွေက လင်ရှောင်းထင်ကိုစကားပြောဖို့လမ်းကြောင်းနေခြင်းမရှိတာကြောင့် ဘာမှမပြောနေတော့ပေ။ အားလုံးမှာ လင်ရှောင်းထင်၏ရုပ်ရည်ကြောင့် သဘောကျမိခဲ့သော်လည်း အခုတော့ ကုနင်း၏နောက်ခံမိသားစုအပေါ်ပိုကြောက်သွားပေပြီ။
……
ပါတီတစ်ဝက်လောက်မှာပဲ ထန်ဟိုင်ဖုန်းနှင့်အခြားသခင်ကြီးများမှာ အနားယူဖို့ရန်ပြန်သွားခဲ့ကြသည်။
သူတို့ထွက်သွားပြီး သိပ်မကြာလိုက်ခင်မှာဘဲ ဖိတ်ခေါ်မထားသည့်ဧည့်သည်တစ်ယောက် ခန်းမထဲသို့ဝင်လာခဲ့သည်။ သူမသည် အသက်၃၀ကျော်ရုံလောက်ရှိကာ အလွန်လှပပြီး သူမ၏ပြင်ဆင်ပုံက အဆင့်အတန်းမြင့်မှန်းသိသာလှသည်။
ဒါကြောင့် သူမဝင်လာသည်နှင့် လူတွေမှလှည့်မကြည့်မိဘဲမနေနိုင်ကြပေ။ သို့သော်လည်း ခန်းမထဲတွင် လူပေါင်းရာကျော်ရှိတာကြောင့် သူမဘယ်လိုလုပ်အထဲဝင်လာလဲဆိုသည်ကိုတော့ မသိကြပေ။
ထိုအမျိုးသမီးက ထန်ယွင်ဖန်းရှိရာသို့ တည့်တည့်လျှောက်သွားပေမည့် ထန်ယွင်ဖန်းကတော့ သူမကိုမြင်သည်နှင့်မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ ဒီကိုဘာအတွက်လာတာလဲ?
“ဥက္ကဌထန်၊ ဘာလို့ရှင့်မင်္ဂလာပွဲကို ကျွန်မကိုတောင်မဖိတ်ရတာလဲ? ရင်နာလိုက်တာ!” အမျိုးသမီးက ထန်ယွင်ဖန်းနားရောက်သည်နှင့်ပြောလိုက်သည်။ သူမပြောသည့်အနေအထားအရ သူမနှင့်ထန်ယွင်ဖန်းကြားတွင် လျှို့ဝှက်ဆက်ဆံရေးတစ်ခုရှိနေသလိုပင်။
လူများစွာသည်အစကတည်းက သူမကိုကြည့်နေခဲ့ကြကာ သူမကလဲ ထန်ယွင်ဖန်းကိုပြောရာတွင် အသံကိုထိန်းချုပ်မထားတာကြောင့် ခန်းမထဲမှ ဧည့်သည်ပေါင်းများစွာက သူမနှင့်ထန်ယွင်ဖန်းကို အာရုံစိုက်လာတော့သည်။ ချက်ချင်းဆိုသလိုပဲ ကုမန့်၏အမူအရာကိုပါ အကဲခတ်နေကြသည်။
ကုမန့်ကတော့ ထန်ယွင်ဖန်းကို ယုံကြည်ကာ ချစ်မြတ်နိုးတာကြောင့် နည်းနည်းလေးမှသံသယမဝင်သွားဘဲ တည်ငြိမ်အေးဆေးလို့နေသည်။
သို့ပေမည့် ထန်ယွင်ဖန်းကတော့ ကုမန့်စိတ်ဆိုးသွားမည်ကို စိုးရိမ်သွားကာ သူမဘက်ကိုတစ်ချက်ကြည့်လိုက်သော်လည်း သူမကအေးဆေးတည်ငြိမ်နေတာကြောင့် သူလဲစိတ်အေးသွားရသည်။
ကုနင်းသည်လဲ ထန်ယွင်ဖန်းကိုယုံကြည်ကာ ထိုအမျိုးသမီးက တမင်ပြဿနာရှာဖို့လာခြင်းဖြစ်မှန်းလဲ သတိထားမိသည်။ သို့သော်လည်း ထန်ယွင်ဖန်းကိုယ်တိုင်ဖြေရှင်းသည်က ပိုသင့်တော်တာကြောင့် သူမဝင်မပါခဲ့ပေ။ သို့သော် ထိုအမျိုးသမီးကသာ ကုမန့်ကိုစိတ်ရှုပ်အောင်လုပ်ရဲလာလျှင်တော့ ကုနင်းဘက်က သူမကိုသင်ခန်းစာပေးလိုက်ဖို့အဆင်သင့်ပင်။
“ဟန်မိသားစုနဲ့ထန်မိသားစုရဲ့ ဆက်ဆံရေးအရ ခင်ဗျားကိုဖိတ်သင့်တယ်လို့မထင်ဘူး။” ထန်ယွင်ဖန်းပြန်ပြောလိုက်သည်။
ထိုစကားကြောင့် အမျိုးသမီးသည် လုံးဝဒေါသမထွက်သွားခဲ့ပေ။ “ရှင်ပြောတာလဲမှန်ပါတယ်။ ဟန်မိသားစုနဲ့ထန်မိသားစုဆိုတာ စီးပွားရေးအရ ပဋိပက္ခတွေအများကြီးရှိထားတာကိုး။ ဒါပေမယ့် ကျွန်မတို့ကြားက ဆက်ဆံရေးအပေါ်ပါ မရောထွေးပစ်သင့်ဘူးလေ။”
လူတော်တော်များများသည် ထန်ယွင်ဖန်း၏စကားများမကြားခင်အထိ အမျိုးသမီး၏နောက်ခံအကြောင်း မသိကြတာကြောင့် အားလုံးအံ့ဩသွားကြရသည်။
ဟန်မိသားစုသည် Qမြို့တွင်အချမ်းသာဆုံးမိသားစုဖြစ်သည်။ ထန်မိသားစုလောက်တော့မချမ်းသာသော်လည်း မိသားစုနှစ်စုကြားမှ ကြွယ်ဝမှုနှင့်အာဏာလွှမ်းမိုးနိုင်စွမ်တို့၏ကွာဟချက်မှာ အနည်းအကျဉ်းသာရှိသည်။
မမလေးဟန်ဟု လူသိများသည့် ဟန်ဝမ်လင်းသည် ဟန်မိသားစုထဲမှ စီးပွားရေးလုပ်ငန်းများကိုဦးဆောင်ရာတွင် အရည်အချင်းရှိသူဖြစ်ကာ အခုဆို အသက်၃၄နှစ်ရှိပြီဖြစ်သည်။
ဟန်ဝမ်လင်းသည် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း ဟန်မိသားစု၏မိသားစုအမွေဆက်ခံသူဖြစ်ကာ သူမ၏အရေးပါသည့်အဆင့်အတန်းကြောင့် အခုထိလက်ထပ်ထားခြင်းမရှိသေးပေ။
ဟန်မိသားစုကလဲ သူမမချစ်သည့်ယောက်ျားတစ်ယောက်နှင့် လက်ထပ်ဖို့အတင်းမတိုက်တွန်းပေမည့် သူမကတော့ မချစ်သင့်သည့်ယောက်ျားတစ်ယောက်ကို ချစ်မိသွားခဲ့သည်။ ထိုလူကတော့ ထန်ယွင်ဖန်းပင်။
ထန်ယွင်ဖန်းကို ဟန်ဝမ်လင်းသဘောကျနေသည်က လျှို့ဝှက်ချက်တစ်ခုမဟုတ်သလို သူမကလဲ ထန်ယွင်ဖန်းကို အချိန်အတော်ကြာအောင် ပွင့်ပွင့်လင်းလင်းသဘောကျကြောင်း ပြသနေခဲ့ပေမည့် ထန်ယွင်ဖန်းကတော့ သူမကိုတစ်ကြိမ်မျှအာရုံမထားခဲ့ပေ။
ဒါ့အပြင် ဟန်ဝမ်လင်းနှင့်ထန်ယွင်ဖန်းတို့သည် စီးပွားရေးအရ အကြိမ်ပေါင်းများစွာ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ကြပေမည့် အမြဲတမ်းဆိုသလို ထန်ယွင်ဖန်းကသာ အခက်ပေါင်းများစွာကိုဖြတ်ကျော်ပြီးအနိုင်ရသူဖြစ်ခဲ့သည်။
အစပိုင်းမှာတော့ ဟန်ဝမ်လင်းသည် ထန်ယွင်ဖန်းကို သန်မာသည့်ပြိုင်ဘက်တစ်ယောက်အဖြစ်သာသဘောထားခဲ့ကာ တဖြည်းဖြည်းချင်းမှ ချစ်မိသွားခဲ့ခြင်းဖြစ်သည်။
ဟန်ဝမ်လင်းကို သဘောကျနေသူများစွာရှိပေမည့် သူမကတော့ ထန်ယွင်ဖန်းတစ်ယောက်ကိုသာ ဂရုစိုက်ခဲ့သည်။ သို့ပေမည့် အံ့ဩစရာကောင်းစွာဘဲ ထန်ယွင်ဖန်းက ရုတ်တရက်ကြီးလက်ထပ်သွားတာကြောင့် သူမလက်မခံနိုင်ဖြစ်နေခြင်းပင်။
ထန်ယွင်ဖန်း လက်ထပ်တော့မည့်အကြောင်း ဘယ်သူကမှ သူမကိုမပြောပြခဲ့ပေ။
သူမကလဲ လတ်တလော နိုင်ငံခြားသို့ရောက်နေခဲ့တာကြောင့် ကုမန့်ကို ထန်ယွင်ဖန်းလက်ထပ်ခွင့်တောင်းခဲ့သည့်သတင်းကိုလဲ သူမ,မသိခဲ့ရပေ။
ဒါကြောင့် ယနေ့ ပြန်မပြန်ရောက်ရောက်ချင်း ထန်ယွင်ဖန်း၏မင်္ဂလာပွဲနေ့ဆိုသည့် ထိတ်လန့်စရာသတင်းကိုကြားလိုက်ရချိန်တွင် အချိန်နှောင်းသွားခဲ့ပေပြီ။
သူမBမြို့သို့ရောက်လာချိန်တွင် မင်္ဂလာပွဲမှာမစသေးသော်လည်း သတို့သမီးထက် ထင်သာမြင်သာမဖြစ်ဘဲမနေချင်တာကြောင့် သူမကိုယ်သူမပြင်ဆင်ချယ်သဖို့အချိန်ယူခဲ့ရသေးသည်။
ထန်ယွင်ဖန်းက သူမကိုမချစ်ဘူးဆိုလျှင်တောင်မှ သူ့စိတ်ပြောင်းသွားဖို့ မျှော်လင့်နေမိတုန်းပင်။ ဒါ့အပြင် ထန်ယွင်ဖန်းလက်ထပ်မည့်အမျိုးသမီးက ဘယ်လိုလူမျိုးဆိုတာကိုလဲ သိချင်နေမိသည်။
ကုမန့်ကိုမြင်လိုက်ရချိန်တွင် ကုမန့်သည် အမှန်ကိုဆွဲဆောင်မှုရှိကာ သိမ်မွေ့သူဖြစ်ကြောင်း လက်ခံမိသည်။ ထန်ယွင်ဖန်းက သိမ်မွေ့ကာ ကြင်နာတတ်သည့်အမျိုးသမီးမျိုးကိုမှ သဘောကျတတ်သည့်ပုံပဲ။
“မမလေးဟန်၊ ဒီကိုလာပြီး နားလည်မှုလွဲစရာစကားတွေမပြောပါနဲ့။ မင်းနဲ့ငါ့ကြားမှာ သီးခြားဆက်ဆံရေးမရှိဘူး။ ငါတို့ပျော်ရွှင်မှုကို မျှဝေခံစားချင်လို့ မင်းလာတာဆိုရင် ငါတို့ဘက်ကလဲ လှိုက်လှိုက်လှဲလှဲကြိုဆိုပေးမှာဆိုပေမယ့် ငါတို့ကိုပြဿနာရှာချင်တာဆိုရင် မင်းဒီမှာဆက်နေဖို့မဖြစ်နိုင်လောက်ဘူး။” ထန်ယွင်ဖန်း၏အသံမှာအေးစက်လို့နေတော့သည်။
***
အခန်း ၉၉၂ ဟန်မိသားစုဆက်ခံသူ
“ဥက္ကဌထန် အရမ်းစိတ်မလှုပ်ရှားနေပါနဲ့! ဘာလဲ ရှင့်ရဲ့သတို့သမီးက ကျွန်မတို့ဆက်ဆံရေးအကြောင်း နားလည်မှုလွဲသွားမှာစိုးနေတာလား?” ဟန်ဝမ်လင်း ခပ်ဟဟရယ်လိုက်သည်။ နောက်တော့ နေရခက်နေသည့်ကုမန့်ဘက်သို့ သူမလှည့်ကြည်လိုက်ကာ အထင်သေးသည့်အမူအရာများဖြစ်ပေါ်လာသည်။ “သတို့သမီးက တကယ်ကိုလှတာပဲ၊ ဒါပေမယ့် ဘာလို့သတ္တိနည်းသလိုဖြစ်နေတာလဲ။”
ဟန်ဝမ်လင်းသည် သန်မာကာအောင်မြင်သည့်စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့် သာမာန်လူများအနေနှင့် သူမကိုလုံးဝမယှဉ်နိုင်ပေ။
ကုမန့်သည် သာမာန်အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဟန်ဝမ်လင်းနှင့်ရင်ဆိုင်ရချိန်တွင် ဖိအားကိုမခံစားမိဘဲမနေပေ။
ကုနင်းကတော့ ဟန်ဝမ်လင်းကို စိုက်ကြည့်ရုံသာကြည့်ပြီး ဘာမှဝင်မပြောပေ။
သို့ပေမည့် ထန်ယွင်ဖန်းကတော့ ချက်ချင်းပင် ကုမန့်ကိုသူ့နောက်တွင်ထားကာ ကာကွယ်ပေးလိုက်တာကြောင့် ဟန်ဝမ်လင်း စိတ်ထိခိုက်သွားသည်။
“မမလေးဟန်၊ ငါ့ဇနီးက သာမာန်လူပါ။ မင်းရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ မင်းဒီကိုလာတာ ငါတို့နဲ့အတူအပျော်တွေကိုမျှဝေဖို့မဟုတ်ဘူးဆိုမှတော့ မင်းသွားသင့်ပြီ။”
ထန်ယွင်ဖန်းက ချက်ချင်းပင် ဟန်ဝမ်လင်းကိုနှင်ထုတ်တော့သည်။
တကယ်တော့ ထန်ယွင်ဖန်းသည် ဟန်ဝမ်လင်းကို အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောဆိုနေခြင်းဖြစ်သည်။ တကယ်လို့ ဒီနေ့ကသာ သူ့မင်္ဂလာပွဲနေ့မဟုတ်ပါက ပွဲကြမ်းပြီးပြီဖြစ်သည်။
ထန်ယွင်ဖန်း၏ ကြင်နာကာ နူးညံ့သည့်အသွင်မှာ သူ့မိသားစုအတွက်သာဖြစ်သည်။ တစ်ယောက်ယောက်ကသာ သူ့မိသားစုကိုထိခိုက်အောင်လုပ်ရဲပါက ချက်ချင်းပင် ရန်လိုကာသွေးအေးသည့်အသွင်သို့ ပြောင်းပစ်နိုင်ပေသည်။
ဟန်ဝမ်လင်း စိတ်ထိခိုက်သွားပေမည့် အမူအရာမပျက်ဟန်ဆောင်နေစဲပင်။ “ဥက္ကဌထန် အဲ့လောက်စိတ်မကြီးပါနဲ့။ ကျွန်မ ဒီနေ့လာတာ ရှင့်ကိုရန်စဖို့မဟုတ်ပါဘူး။ ဒီအတိုင်း ရှင်ဘယ်လိုအမျိုးသမီးကိုများ လက်ထပ်တာလဲ သိချင်ရုံပါ။ အခုလဲ ရှင့်ဇနီးက သာမာန်လူတစ်ယောက်ဖြစ်နေလို့ နည်းနည်းအံ့ဩမိသွားရုံပဲ။”
ကုမန့်အပေါ် အထင်သေးသည့်အမူအရာကိုတော့ မကွယ်ဝှက်ထားတုန်းပင်။
ထန်ယွင်ဖန်းသည် ကြင်နာကာ သိမ်မွေ့သည့်မိန်းကလေးမျိုးကို သဘောကျတယ်ဆိုရင်တောင် ဟန်ဝမ်လင်းကတော့ ထိုသို့သောမိန်းကလေးမျိုးကို အထင်သေးကာ သူမကတော့ အတွင်းရောအပြင်ပါ သန်မာသည့်မိန်းကလေးမျိုးပင်။ ဟန်ဝမ်လင်းအမြင်တွင် အားနည်းပျော့ညံ့သည့်မိန်းကလေးများသည် သူတို့ဘဝကို ယောက်ျားတွေအပေါ်မှာသာ မှီခိုင်နိုင်သည်ပင်။
သူမကတော့ ယောက်ျားတွေက ယုံကြည်စရာကောင်းသည်ဟုမထင်သလို အမျိုးသမီးတွေကလဲ ကိုယ့်ဘဝကိုအမှီအခိုကင်းကင်းနေသင့်သည်ဟု ယုံကြည်သည်။
ဟန်ဝမ်လင်းသည်လဲ သူမတက္ကသိုလ်မှာတုန်းက ယောက်ျားတစ်ယောက်ကိုချစ်မိသွားချိန်တွင် သူမကိုသူမ အားနည်းကာသိမ်မွေ့သည့်အမျိုးသမီးတစ်ယောက်ပုံစံဖြစ်အောင် ကြိုးစားနေထိုင်ခဲ့သည်။ ထိုအမျိုးသား၏ ယောက်ျားဂုဏ်ကိုကာကွယ်ပေးရန်အတွက်လဲ သူမ၏နောက်ခံမိသားစုအကြောင်း ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း ထိုလူကတော့ သူမကို သူ့ချစ်သူဖြစ်ဖို့ အရမ်းဆင်းရဲလွန်းသည်ဟု တွေးကာ ချမ်းသာသည့်မိန်းကလေးနောက်ပါသွားခဲ့သည်။
ဒါ့အပြင် သူမနောက်ခံပေါ်သွားချိန်မှာတော့ ထိုလူသည် အရှက်မရှိ သူမဆီသို့ပြန်လာကာ သူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်လာသည်။ သူမအနေနှင့် ထိုလူကို ပြန်လက်ခံပေးစရာအကြောင်းမရှိပေ။
ထိုသို့မကောင်းသောအတွေ့အကြုံက သူမရင်ထဲအမာရွတ်စွဲကျန်ရစ်ခဲ့ကာ ထန်ယွင်ဖန်းနှင့်မတွေ့ဆုံခင်အထိ ဘယ်သူ့ကိုမှမချစ်မိတော့ပေ။
ထန်ယွင်ဖန်းကိုလဲ မြင်မြင်ချင်းချစ်မိသွားခြင်းမဟုတ်ဘဲ အချိန်ကြာမှဖြည်းဖြည်းချင်း ချစ်မိသွားတာဖြစ်သည်။ ထန်ယွင်ဖန်းသည် အလွန်ထူးချွန်သူဖြစ်တာကြောင့် သူမနှင့်ဆိုလျှင် လိုက်ဖက်ညီသည်ဟု တွေးမိခြင်းလဲပါဝင်သည်။
သူမသည် အစကတည်းက စိတ်ဓါတ်မာကြောသူအဖြစ်နေသားကျနေပြီဖြစ်တာကြောင့် ယောက်ျားတစ်ယောက်အတွက် အားနားသလိုဟန်ဆောင်ပြရမည်ကိုလဲ မုန်းသည်။ ဒါကြောင့် သူမသဘောကျသည့်ယောက်ျားကို သူမ၏ကိုယ်ပိုင်ဆွဲဆောင်မှုနှင့်အရည်အချင်းကိုအသုံးပြု၍သာ စိတ်ဝင်စားလာအောင်လုပ်မည်ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ဦးသည် ၅နှစ်နီးပါး စီးပွားရေးပြိုင်ဘက်များဖြစ်ခဲ့ကြပေမည့် ထန်ယွင်ဖန်း သူမကိုအာရုံစိုက်လာအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
……….
“ငါ သူမကိုချစ်နေသ၍ သူမအောင်မြင်တာ မအောင်မြင်တာတွေ ဂရုမစိုက်ဘူး။” ထန်ယွင်ဖန်း ပြတ်သားသည့်အဖြေစကားကြောင့် ကုမန့်ခံစားသွားရသော်လည်း ဟန်ဝမ်လင်းကတော့ ထပ်ပြီးထိခိုက်နာကျင်သွားရပြန်သည်။
ဟန်ဝမ်လင်း၏ထိန်းချုပ်နိုင်စွမ်းများ နောက်ဆုံးတော့ကျိုးပေါက်သွားခဲ့ပေပြီ။ “အရမ်းကောင်းတယ်၊ ထန်ယွင်ဖန်း။ ရှင်ကျွန်မကို ဘာလို့ဒီလောက်တောင် မကြိုက်ရတာလဲ သိချင်တယ်? ရှင့်သတို့သမီးမှာ ကျွန်မထက်သာတာဘာမှမရှိမှန်း ရှင်မသိဘူးလား။ ကျွန်မက ဟန်မိသားစုရဲ့ဆက်ခံသူမှန်း ရှင်သိနေတာပဲ။ ကျွန်မတို့နှစ်ယောက်ကမှ တကယ်ကိုလိုက်ဖက်တဲ့စုံတွဲ!”
ဟန်ဝမ်လင်းသည် သူမလို ထူးချွန်ထက်မြက်သည့်မိန်းမတစ်ယောက်ကို ထန်ယွင်ဖန်း မရွေးချယ်ခဲ့သည့်အမှန်တရားအား လက်မခံနိုင်ဖြစ်နေသည်။
ဘာပြောလိုက်တာ? ဟန်မိသားစုရဲ့ဆက်ခံသူ?
သူတို့အနားတဝိုက်မှလူများမှာ အလွန်အံ့ဩကုန်တော့သည်။ ဟန်မိသားစုအကြောင်း အားလုံးကြားဖူးပေမည့် ထန်ယွင်ဖန်းကို ဟန်ဝမ်လင်းသဘောကျနေသည့်အကြောင်းကိုတော့ သိထားသူသိပ်မများလှပေ။
ထန်ယွင်ဖန်းကို ဟန်ဝမ်လင်းသဘောကျနေသည်ဆိုလျှင်တောင် ထန်ယွင်ဖန်းသည် ချမ်းသာကာ ခန့်ညားသည့်ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် သူမခံစားချက်ကို နားမလည်နိုင်စရာတော့မရှိပေ။ သို့သော်လည်း ယနေ့ဟန်ဝမ်လင်း ရုတ်တရက်ပေါ်လာခဲ့တာကြောင့်တော့ အတော်လေးအံ့အားသင့်မိကြသည်။
“မင်းထူးချွန်နေတာကြောင့်နဲ့ ဘာလို့ငါကမင်းကိုရွေးချယ်ရမှာလဲ?” ထန်ယွင်ဖန်းလဲ စိတ်မရှည်နိုင်တော့ပေ။ “မမလေးဟန်၊ မင်းကိုယ့်ဘာသာ ထွက်သွားတာပိုကောင်းမယ်။ မဟုတ်ရင် မင်းကိုပြန်ပို့ပေးဖို့ သက်တော်စောင့်တွေ့ကိုပြောရမယ်။”
ဟန်ဝမ်လင်းသာ ဆက်ပြီးထွက်သွားဖို့ငြင်းဆန်နေဦးမည်ဆိုလျှင် ထန်ယွင်ဖန်းလဲ ဆက်သည်းခံနေတော့မည်မဟုတ်ပေ။
“ရှင်…” ဟန်ဝမ်လင်း အမှန်ကိုစိတ်နှလုံးကွဲကြေသွားတော့သည်။
ထန်ယွင်ဖန်းဘက်က ကြမ်းလာပြီဖြစ်တာကြောင့် ဟန်ဝမ်လင်းလဲ ဆက်နေဖို့မလိုတော့ပေ။
သူမသည် မာနကြီးသည့်မိန်းမတစ်ယောက်ပင်။ သူမသဘောကျသည့်ယောက်ျားတစ်ယောက်ကို မရနိုင်ရင်တောင် သူမဘဝကို သူမဆက်လက်ရှင်သန်နိုင်သေးသည်။
သူမကိုသဘောကျနေသည့်လူပေါင်းများစွာတာကြောင့် သူမတွင်ရွေးချယ်စရာများလှသည်။
“ကောင်းပြီလေ၊ ကျွန်မထွက်သွားမယ်။ ထန်ယွင်ဖန်း၊ ကျွန်မရှင့်ကိုသဘောကျတာမှန်ပေမယ့် ရှင့်ကိုပဲ မရမနေလိုချင်နေတာတော့မဟုတ်ဘူး။ ကျွန်မနားမှာ အရည်အချင်းရှိတဲ့ယောက်ျားတွေမှအများကြီးပဲ!” ဟန်ဝမ်လင်းပြောပြီးသည်နှင့် ဟန်ပါပါပင် ပြန်လှည့်ထွက်သွားသည်။
သူမပုံစံက ဘာကိုမှဂရုမစိုက်ဟန်ပေါ်သော်လည်း တကယ်သာဂရုမစိုက်ပါက ဤနေရာသို့ပင်ရောက်လာခဲ့မည်မဟုတ်ပေ။
ဟန်ဝမ်လင်းအနားတွင် တကယ်ကိုအရည်အချင်းရှိယောက်ျားမရှားပေမည့် သူမတကယ်ချစ်မိသည့်ယောက်ျားကတော့ တစ်ယောက်တောင်မရှိပေ။
……
ဟန်ဝမ်လင်းသည် အဖိတ်မခံရသော်လည်း အတားအဆီးမခံရဘဲ ခန်းမထဲသို့ဝင်လာနိုင်ခဲ့သည်။
ခန်းမထဲမှဧည့်သည်တစ်ယောက်ယောက်က သူမကိုကူညီပေးတာဖြစ်မှန်း ထန်ယွင်ဖန်းနားလည်ပေမည့် သူမထွက်သွားပြီဆိုမှတော့ သူလဲအလုပ်ရှုပ်ခံကာ စစ်ဆေးမနေတော့ပေ။
***
အခန်း ၉၉၃ သတိပေးစကား
“အားလုံးကို နှောင့်ယှက်မိပြီ၊ ဆက်ပျော်ကြပါ၊ ဒီလိုကိစ္စအသေးအမွှားလေးကြောင့်နဲ့ အားလုံးစိတ်မရှုပ်သွားဖို့မျှော်လင့်ပါတယ်။” ထန်ယွင်ဖန်းက ခန်းမထဲမှဧည့်သည်များကို ပြောလိုက်ရာ အားလုံးကလဲ နားလည်ပေးကြသည်။
ဧည့်သည်အားလုံးက သူတို့စိတ်ထဲမထည့်ကြောင်းပြသည့်သဘောဖြင့် ဝိုင်များသောက်ရင်း ပြောလက်စ,စကားများကိုဆက်ပြောနေကြသည်။
ဟန်ဝမ်လင်းထွက်သွားသည်နှင့် ကုနင်းကပါ သူမနောက်မှလိုက်ထွက်သွားခဲ့သည်။
“နင်းနင်း၊” ထန်ယွင်ဖန်းသည် ကုနင်းကိုတားလိုက်ချင်သော်လည်း လင်ရှောင်းထင်ကဝင်ပြောပေးခဲ့သည်။ “လူကြီးမင်းထန်၊ ထားလိုက်ပါ။ နင်းနင်း သူ့အတိုင်းအတာသူသိပါတယ်။”
ကုနင်း သူမအမေကိုကာကွယ်ပေးဖို့လုပ်မှာဖြစ်ကြောင်း ထန်ယွင်ဖန်းလဲနားလည်တာကြောင့် သူမဘာပြဿနာမှမတက်သွားဖို့သာ မျှော်လင့်ရင်း မတားမြစ်တော့ပေ။
…….
“ခဏလေးနေပါဦး၊ မမလေးဟန်။”
ဟန်ဝမ်လင်း ဟိုတယ်ဝင်ပေါက်နားရောက်ချိန်မှာ သူမအနောက်မှ မိန်းကလေးတစ်ယောက်လှမ်းခေါ်နေသံကို ကြားလိုက်ရသည်။
ဟန်ဝမ်လင်း ချက်ချင်းရပ်ပေးလိုက်ကာ နောက်လှည့်ကြည့်လိုက်ချိန်မှာတော့ သူမရှိရာသို့ လှပငယ်ရွယ်သည့်မိန်းကလေးတစ်ဦးလာနေသည်ကို မြင်ရလေသည်။
မိန်းကလေးပုံစံက ဒေါသထွက်နေပုံမရသော်လည်း ဖော်ရွေနေပုံလဲမရတာကိုတော့ ဟန်ဝမ်လင်းခံစားမိသည်။
“ဘာကိစ္စများရှိလို့လဲ?” ဟန်ဝမ်လင်း ဟန်ပါပါပင်မေးလိုက်သည်။
“ကျွန်မတို့စကားခဏလောက်ပြောလို့ရမလား?”
ဟန်ဝမ်လင်းသည် ဘာပြဿနာမှမရှာဘဲ ထွက်သွားခဲ့တာဖြစ်ပေမည့် ကုနင်းကတော့ နောင်တစ်ချိန်မှာ သူမ ကုမန့်ကိုထိခိုက်စေလာမည်ကို စိုးရိမ်နေသေးသည်။
ဟန်ဝမ်လင်း၏အကျင့်စရိုက်နှင့်ပတ်သတ်ပြီး သူမဘာမှမသိထားတာကြောင့် ဟန်ဝမ်လင်းကို ကုမန့်နှင့်ဝေးဝေးနေရန် သတိပေးတာလောက်တော့ လုပ်ဖို့လိုသည်ဟု တွေးထားခြင်းပင်။
“မင်းကဘယ်သူလဲ? ငါက ဘာလို့မင်းနဲ့စကားပြောရမှာလဲ?” ဟန်ဝမ်လင်းမှာ လောလောဆယ်စိတ်အခြေအနေမကောင်းနေတာကြောင့် အပြောအဆိုက အနည်းငယ်ရိုင်းဟန်ပေါက်နေသည်။
ကုနင်းကတော့ ဟန်ဝမ်လင်း၏အပြောအဆိုနှင့်ပတ်သတ်လို့ စိတ်ထဲမထားဘဲ ပြန်ဖြေပေးခဲ့သည်။ “ကျွန်မနာမည်က ကုနင်းပါ၊ ထန်ယွင်ဖန်းရဲ့ သမီးအရင်းလဲဟုတ်တယ်။ ဒီနေ့က ကျွန်မမိဘတွေရဲ့မင်္ဂလာပွဲနေလေ။”
“ဘာ? မင်းက ထန်ယွင်ဖန်းရဲ့သမီးအရင်း?” ဟန်ဝမ်လင်း အတော်လန့်သွားလေသည်။
ထန်ယွင်ဖန်းမှာ သမီးတစ်ယောက်ရှိနေသည့်သတင်းကို မယုံနိုင်ဖြစ်နေတော့သည်။
ထန်ယွင်ဖန်းသည် တစ်ကြိမ်တစ်ခါမှလက်မထပ်ဖူးဘဲ ဘယ်လိုလုပ်သမီးတစ်ယောက်ရှိနေပါ့မလဲ!
တရားမဝင်ကလေးများလား?
“ဒါဆို ကျွန်မတို့စကားပြောလို့ရပြီလား?” ဟန်ဝမ်လင်း အတွေးများနှင့်မျောလွင့်နေစဉ်မှာပဲ ကုနင်းထပ်မေးလိုက်သည်။
“အိုး… ရတာပေါ့။”
“ကျွန်မတို့က တစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတွေဆိုတော့ ကျွန်မဘက်က နည်းနည်းရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ။ ရှင် ကျွန်မအဖေအပေါ် ဘယ်လိုခံစားချက်ပဲရှိနေပါစေ ကျွန်မအမေကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့။” ကုနင်း ချက်ချင်းပင် သူမရည်ရွယ်ချက်ကိုထုတ်ပြောလိုက်သည်။ သူမစကားပြောနေစဉ်မှာလဲ ဟန်ဝမ်လင်းက သူမစကားတွေကိုအရေးမစိုက်သလိုဖြစ်မနေစေရန် ဖိအားပေးသည့်အနေနှင့် မှော်စွမ်းအားများကိုထုတ်လွှတ်ထားသည်။
ဟန်ဝမ်လင်းသည်လဲ ထူးချွန်ကာ သန်မာသည့်အမျိုးသမီးတစ်ယောက်ဖြစ်ပေမည့် ကုနင်း၏အရှိန်အဝါကြောင့် အံ့ဩနေမိသည်။ ဒီလိုမိန်းမငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင်အားကောင်းနေတယ်တဲ့လား!
ကုနင်းက သူမအမေကိုကာကွယ်ပေးလိုခြင်းဖြစ်မှန်း ဟန်ဝမ်လင်းနားလည်ပေမည့် သူမဘက်က ကုနင်းအမေကို ထိခိုက်အောင်လုပ်ဖို့ နည်းနည်းလေးပင်မတွေးဖူးတာကြောင့် အခုလို ကုနင်း၏သတိပေးစကားက သူမကိုမကျေမနပ်ဖြစ်စေသည်။ “မင်းဘာတွေတွေးနေတာလဲ? ငါက လိုချင်တာရဖို့နဲ့ မကောင်းတဲ့နည်းလမ်းတွေသုံးတတ်တဲ့လူစားမျိုးမဟုတ်ဘူး။”
“ဒီလိုကြားရတာ ဝမ်းသာပါတယ်။” ဟန်ဝမ်လင်း၏စကားများကို ကုနင်းချက်ချင်းမယုံသေးသော်လည်း သူမအမူအရာအရ ကုမန့်ကိုတကယ်ပဲထိခိုက်အောင်လုပ်ဖို့အစီအစဉ်မရှိခဲ့ပုံတော့ရသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းဘက်ကတော့ သူမကို ကုမန့်နှင့်ဝေးဝေးနေဖို့သတိပေးထားပြီးပေပြီ။ အကယ်၍များ အနာဂါတ်မှာ ကုမန့်ကိုထိခိုက်အောင်လုပ်ရဲခဲ့ပါက ကုနင်းဘက်က သူမကိုအလွတ်ပေးမည်မဟုတ်ပေ။
လက်ရှိစကားဝိုင်းက အဆင်မပြေလှပေမည့် နှစ်ဖက်လုံးကတော့ အချင်းချင်း၏အရှိန်အဝါအပေါ် လေးစားမိကြသည်။
“မိန်းကလေးဟန်ရဲ့ လက်ကောက်ဝတ်မှာ အမာရွတ်တစ်ခုရှိနေတာ ကျွန်မသတိထားမိတယ်။” ရုတ်တရက်ဆိုသလို ကုနင်းစကားလမ်းကြောင်းက လွဲသွားခဲ့သည်။
ထိုစကားကြောင့် ဟန်ဝမ်လင်းကြောင်အသွားကာ သတိလက်လွတ်နှင့် သူမလက်ကိုဖုံးကွယ်လိုက်မိသည်။ ကုနင်း သူမလက်ကောက်ဝတ်က အမာရွတ်ကိုမြင်သွားတာကြောင့် အံ့ဩနေမိလေသည်။ လက်ကောက်နှင့်ဆိုလျှင် ထိုအမာရွတ်ကို အသေအချာဖုံးထားနိုင်မည်ဟု သူမတွေးထားခဲ့ခြင်းသာ။
ထိုအမာရွတ်သည် သူမကိုယ်တိုင်ဖြတ်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ငယ်ငယ်စဉ်က ရန်ပွဲတစ်ခုကြောင့်ပင်။ ထိုစဉ်အခါက သူမဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာကြောင့် အမာရွတ်ကျန်ခဲ့ခြင်းဖြစ်သည်။ ထိုအမာရွတ်နှင့်ပတ်သတ်ပြီး သူမစိတ်ထဲမထားသော်လည်း ဖြစ်နိုင်လျှင်တော့ ပျောက်ကင်းသွားချင်သေးသည်။
ကုနင်းကဆက်ပြောလာသည်။ “မမလေးဟန်၊ ဒီအမာရွတ်ကိုဖျောက်ပစ်ချင်တယ်ဆိုရင် ကျွန်မကတော့ ကိုလိန်းတံဆိပ် လိမ်းဆေးကို ထောက်ခံချက်ပေးတယ်။ အဲ့ဒီလိမ်းဆေးမှာ အမာရွတ်အားလုံးကိုသိသိသာသာပျောက်ကင်းသွားစေတဲ့ အာနိသင်ပါတယ်။ ရှင်မယုံလဲ အင်တာနက်ပေါ်ကနေ ကိုလိန်းအကြောင်းရှာကြည့်လိုက်ပါ။”
ကုနင်း စေတနာကောင်းလွန်းနေတာကြောင့်ပြောပြလိုက်တာမဟုတ်ဘဲ ကုမန့်အပေါ်ထားရှိသည့် ဟန်ဝမ်လင်း၏အမုန်းတရားကို အတော်အတန်လျော့ပါးသွားစေဖို့မျှော်လင့်ခြင်းကြောင့်ဖြစ်သည်။
ကုနင်း၏စကားများကြောင့် ဟန်ဝမ်လင်း မျက်လုံးအရောင်များလက်လာတော့သည်။ တကယ်သာအာနိသင်ရှိမည်ဆိုလျှင် သူမစမ်းသုံးကြည့်ဖို့ဝန်မလေးပေ။
“မမလေးဟန်လဲ ရှင့်ကိုချစ်ပြီး ရှင်ကလဲ ကျန်တဲ့ဘဝတစ်လျှောက် အတူကုန်ဆုံးသွားချင်တဲ့ယောက်ျားမျိုးရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။” ကုနင်း စကားကိုအဆုံးသတ်လိုက်ကာ ခန်းမထဲသို့ပြန်ဝင်သွားခဲ့သည်။
ဟန်ဝမ်လင်း၏နှုတ်ခမ်းများတွန့်သွားပေမည့် ဘာမှတော့ပြန်မပြောတော့ပေ။
သူမသည် မိုက်မဲသူမဟုတ်တာကြောင့် ကုနင်းက ကုမန့်အတွက် သူမကိုထိုစကားများပြောခြင်းဖြစ်မှန်းနားလည်တာကြောင့် ကုနင်း၏အပြုအမူအပေါ် မမုန်းတီးမိပေ။
တကယ်တော့ ကုနင်းညွှန်းပေးသည့် လိမ်းဆေးသာအမှန်တကယ်အာနိသင်ရှိပါက ကုနင်းကို ကျေးဇူးပင်တင်မိဦးမည်။ သူမအရင်ကလဲ အမာရွတ်ပျောက်လိမ်းဆေးပေါင်းများစွာကို စမ်းသုံးကြည့်ခဲ့ဖူးပေမည့် တစ်ခုမှအသုံးမဝင်ခဲ့ပေ။
ကုနင်း၏ထောက်ခံချက်အပေါ် လုံးဝယုံကြည်သွားသည်တော့မဟုတ်ပေ။
သူမဟိုတယ်ထဲမှထွက်လာချိန်မှာတော့ ရုတ်တရက်တစ်စုံတစ်ရာကိုတွေးမိသွားခဲ့သည်။
နေပါဦး၊ အဲ့ကောင်မလေးနာမည်က ဘာတဲ့? ကုနင်း!
ရုတ်တရက်ဆိုသလို ထိုနာမည်က အလွန်းရင်းနှီးနေကာ ကုနင်း၏ရုပ်ရည်ကလဲ အတော်အတန်သိနေသလိုခံစားမိသွားပေမည့် ကုနင်းနှင့်အပြင်မှာတစ်ခါမှမတွေ့ဖူးတာကြောင့် မမှတ်မိနိုင်ခဲ့ပေ။
“အိုး၊ သူက ကုနတ်ဘုရားမ မဟုတ်လား?”
***
အခန်း ၉၉၄ ဇာတ်ကားရုံတင်နေပြီ
ထိုအချိန်မှာပဲ စိတ်လှုပ်ရှားနေဟန်ပေါ်သည့်မိန်းကလေးသံတစ်သံက ကုနင်းဘယ်သူမှန်း ဟန်ဝမ်လင်းကို သတိပေးလိုက်လေသည်။
ကုနင်းသည် အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့် အရည်အချင်းရှိသော ကျော်ကြားနေသည့်အိုင်ဒေါဖြစ်သည့် ကုနတ်ဘုရားမပင်။
ဟန်ဝမ်လင်းသည်လဲ ကုနင်းအကြောင်းတော်တော်များများကြားဖူးထားကာ ကုနင်း၏ထူးချွန်ပြောင်မြောက်မှုများအပေါ် သဘောကျခဲ့သည်။
ဟန်ဝမ်လင်းသည်လဲ ငယ်စဉ်တုန်းက သူမရွယ်တူတန်းတူများထဲတွင် အထူးချွန်ဆုံးဖြစ်ခဲ့သည်။ မမျှော်လင့်ထားဘဲ ကုနင်းသည် သူမကိုကျော်လွန်နေခဲ့သည်။ အထူးသဖြင့် ကုနင်းသည် ထန်ယွင်ဖန်း၏သမီးအရင်းလဲဖြစ်နေသေးသည်!
အတွေးများဝင်လာကာ ဟန်ဝမ်လင်း အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း သူမစိတ်ကိုပိုင်းဖြတ်နိုင်အောင် အချိန်တော့ယူရပေဦးမည်။
ထန်ယွင်ဖန်းမှာ ဘယ်လိုလုပ်သမီးအရင်းတစ်ယောက်ရှိနေရလဲအပေါ် သူမသိချင်နေသေးသော်လည်း အတင်းအဖျင်းပြောရင်းဖြင့်တော့ သူမအချိန်တွေကိုမကုန်လိုပေ။
ဒါကြောင့် အချိန်ဆွဲမနေဘဲ သူမတည်းရာဟိုတယ်သို့သာ ပြန်လာခဲ့တော့သည်။
……..
“အဲ့မိန်းကလေးက ကုနတ်ဘုရားမပဲ!”
“အရမ်းလှလိုက်တာ!”
“သူနဲ့ဓါတ်ပုံလေးတောင် တွဲမရိုက်လိုက်ရဘူး၊ နှမြောစရာပဲ!”
…….
ကုနင်း ခန်းမထဲပြန်ဝင်လာသည်နှင့် ချက်ချင်းပင် လင်ရှောင်းထင်က သူမအနားရောက်လာခဲ့သည်။ “ဘယ်လိုဖြစ်သွားလဲ?”
“သူကတော့ လိုချင်တဲ့အရာတစ်ခုအတွက် မကောင်းတဲ့နည်းတွေသုံးတတ်တဲ့လူမျိုး မဟုတ်ဘူးလို့ပြောသွားတယ်။”
“သူက ဟန်မိသားစုရဲ့ဆက်ခံသူဆိုမှတော့ ဟန်မိသားစုအကျိုးအမြတ်ကိုကြည့်ပြီး မိုက်ရူးရဲဆန်ဆန်တွေမလုပ်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ဟန်မိသားစုက ထန်မိသားစုလောက်မှ အာဏာမရှိတာ။” လင်ရှောင်းထင်က ကုနင်းစိတ်သက်သာရာရအောင်ပြောပေးနေသည်။
ကုနင်းလဲ လင်ရှောင်းထင်လိုပင်တွေးမိသည်။
ကုနင်းကိုယ်တိုင် ပြဿနာကိုဖြေရှင်းနိုင်သည်မှန်း လင်ရှောင်းထင်နားလည်တာကြောင့် သူမပြန်ရောက်မှသာ အကြောင်းအရင်းမေးမြန်းခြင်းဖြစ်သည်။
ဟန်ဝမ်လင်းသာ ကုမန့်ကိုထိခိုက်အောင်တစ်ခုခုလုပ်လာခဲ့လျှင်လဲ ထန်ယွင်ဖန်းက သူမကိုတားနိုင်စွမ်းရှိသည်။
……
ဟန်ဝမ်လင်း ကားထဲသို့ရောက်သည်နှင့် ဖုန်းကိုထုတ်ကာ ကိုလိန်းအကြောင်းရှာဖွေကြည့်တော့သည်။ အကောင်းဘက်မှရေးထားသည့်မှတ်ချက်များစွာကိုတွေ့လိုက်ရတာကြောင့် သူမပင်အံ့ဩမိသွားလေသည်။
ဒါကြောင့် သူမလဲစမ်းကြည့်သင့်သည်ဟု တွေးမိသည်။
ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ သူမဒရိုင်ဘာကို ကိုလိန်းမှထုတ်သည့်လိမ်းဆေးဝယ်ဖို့ သွားခိုင်းတော့သည်။
သို့ပေမည့် သူမဆေးပစ္စည်းဆိုင်များစွာကိုသွားခဲ့တာတောင်မှ ကိုလိန်းမှထုတ်သည့်လိမ်းဆေးများအားလုံး ကုန်နေခဲ့တာနဲ့ကြုံရသည်။ ကိုလိန်းသည် အလွန်နာမည်ကြီးနေတာကြောင့် ဆိုင်ပေါ်ပစ္စည်းတင်ပြီးလျှင် သိပ်မကြာလိုက်ဘဲ အားလုံးကုန်သွားသည်ချည်းသာ။
ဆေးဝါးစက်ရုံမှ ကုန်ပစ္စည်းများထပ်မံထုတ်လုပ်ဖို့ အချိန်ယူရဦးမည်ဖြစ်တာကြောင့် ဆေးဘူးကိုရဖို့ဆို သူမနောက်နှစ်ရက်လောက်စောင့်ရပေဦးမည်။
ကိုလိမ်း၏နာမည်ကြီးပုံကိုလက်တွေ့မြင်လိုက်ရတာကြောင့် ဟန်ဝမ်လင်းအံ့ဩသွားရပြန်ကာ ကိုလိန်းနှင့်ပူးပေါင်းလုပ်ဆောင်ဖို့အတွေးဝင်လာတော့သည်။
ကိုလိန်း၏ပိုင်ရှင်မှာ ကုနင်းဖြစ်မှန်း သူမ,မသိထားသလို ကုနင်းက သူမနှင့်ဆိုလျှင်ပူးပေါင်းမလုပ်ဆောင်လောက်မှန်း သူမသိရပါကလဲ အတော်လေးစိတ်ပျက်သွားရပေလိမ့်မည်။
နောက်ဆုံး မြို့မှအကြီးဆုံးဆေးဆိုင်တစ်ဆိုင်သို့ သွားကာမှပင် လိမ်းဆေးကိုရရှိသွားတော့သည်။ သူမလက်ကောက်ဝတ်မှအမာရွတ်အပေါ် ဆေးကိုလိမ်းလိုက်သည်နှင့် အေးမြသည့်ခံစားချက်ဖြစ်ပေါ်လာသည်။
ဒီဆေးနဲ့တော့ အလုပ်ဖြစ်သွားဖို့ကိုလဲ စိတ်ထဲမှမျှော်လင့်နေမိသည်။
………
ထန်ကျားယန် အမျိုးသားသန့်စင်ခန်းထဲမှထွက်လာချိန်မှာတော့ ကျန်းယွီထုန်အဖို့ ချဉ်းကပ်ဖို့အခွင့်အရေးရသွားတော့သည်။
“ဟိုင်း၊ ကျားယန်!”
ထန်ကျားယန် အမျိုးသားသန့်စင်ခန်းသို့ထွက်သွားချိန်တွင် ကျန်းယွီထုန်သည်လဲ အမျိုးသမီးသန့်စင်ခန်းသို့ သွားခဲ့တာကြောင့် ထန်ကျားယန်နှင့်အပြင်တွင်ဆုံခဲ့လျှင် တိုက်ဆိုင်သလိုထင်သွားရစေသည်။
ထန်ကျားယန်ကတော့ တမင်ဆုံအောင်လုပ်မှန်းသိနေပေမည့် ဘာမှမပြောနိုင်ခဲ့ပေ။
“ဟိုင်း၊” ထန်ကျားယန် ပုံမှန်ပဲပြန်နှုတ်ဆက်ကာ ချက်ချင်းထွက်သွားတော့သည်။
သို့ပေမည့် ကျားယွီထုန်ကတော့ သူ့ကိုထွက်သွားခွင့်မပေးဘဲ နောက်မှချက်ချင်းလိုက်သွားခဲ့သည်။ “ကျားယန်၊ နင်Yနိုင်ငံကိုဘယ်တော့ပြန်မှာလဲ?”
“နောက်ရက်ပိုင်းလောက်နေရင်ပေါ့။”
နောက်ရက်ပိုင်းအတွင်း ထန်ကျားယန် Yနိုင်ငံသို့ပြန်တော့မည်မှာ အမှန်ပင်ဖြစ်သည်။ သူ့ပညာရေးကိုပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်သလို သူ့ချစ်သူနှင့်လဲ နှစ်လလောက်ခွဲထားရ၍ အလွန်လွမ်းနေတာကြောင့်လဲပါသည်။
“ဘာလို့ဒီလောက်မြန်မြန်ပြန်တော့မှာလဲ?” ကျန်းယွီထုန် စိတ်လှုပ်ရှားကာ အသံကိုမထိန်းချုပ်နိုင်လိုက်ပေ။ “ကျားယန်၊ နင့်အားလပ်ရက်အတွင်း ငါလာလည်လို့ရလား? ငါYနိုင်ငံကိုတခါမှမရောက်ဖူးလို့။”
ထန်ကျားယန်ကတော့ မျက်မှောင်သာကြုတ်သွားခဲ့သည်။ “မရလောက်ဘူး။ အားလပ်ရက်မှာလဲ ငါအလုပ်ရှုပ်နေမှာ။ ငါဘွဲ့ရဖို့နီးနေပြီလေ ဒီတော့ အလုပ်သင်ဆင်းဖို့ပြင်ဆင်ရဦးမယ်။”
ထန်ကျားယန် ချက်ချင်းငြင်းလိုက်သည်။ ကျန်းယွီထုန်မှာ သူမကိုတမင်ငြင်းမှန်းနားလည်တာကြောင့် ဝမ်းနည်းသွားသော်လည်း ထန်ကျားယန် သူမကိုအမြင်မကြည်မှာစိုးတာကြောင့် အတင်းအကြပ်တော့ထပ်မပြောတော့ပေ။
“ယွီထုန်၊ မင်းမိဘတွေနားပြန်သွားပါလား၊ မဟုတ်လဲ ကျားမင်နဲ့စကားသွားပြောနေပေါ့? ငါက သွားရတော့မှာ။” ထန်ကျားယန် ပြောပြီးသည်နှင့် ကျန်းကျားမင်ကို ချန်ထားခဲ့တော့သည်။
ကျန်းယွီထုန်မှာ အနည်းငယ်ဒေါသထွက်မိကာ အရမ်းလဲစိတ်ပျက်သွားပေမည့် သူမလုပ်နိုင်တာဘာမှမရှိဘဲ ထွက်ခွာသွားသည့်ထန်ကျားယန်ကိုသာ လိုက်ကြည့်နေနိုင်သည်။
………
ဧည့်ခံပွဲပြီးဆုံးသည်နှင့် ဧည့်သည်များပြန်ချိန်ရောက်လာသည်။
“ဘော့စ်၊ မင်း ဒီညအားလား? ငါတို့အတူ ညဘက်ထွက်ကစားကြရင်ကော?” ဖန်းကျီရွေ့က ညဘက်အစီအစဉ်အတွက် ကုနင်းကိုမေးလိုက်သည်။
သူတို့အတူ ညဘက်ထွက်မလည်ဖြစ်သည်က အတော်လေးကြာနေပေပြီ။
“နင်တို့ဘာသာပဲသွားကြပါ၊ ငါက လုပ်စရာလေးရှိသေးတယ်။”
“ဟုတ်ပြီလေ၊ နောက်မှတွေ့ကြတာပေါ့။” ဖန်းကျီရွေ့ပြန်ပြောလိုက်ကာ သူ့သူငယ်ချင်းများနှင့်ထွက်သွားတော့သည်။
“နင်ထန်မိသားစုအိမ်တော်ကိုပြန်မှာလား?” ဤတစ်ခါမှာတော့ ချောင်ဝမ်ရှင်းမေးလာခြင်းပင်။
“မဟုတ်ဘူး၊ ငါတို့ရုပ်ရှင်သွားကြည့်မလို့။ နင်ရောလိုက်မလား?”
ကုနင်းက သူမသူငယ်ချင်းများနှင့်အတူ ရုပ်ရှင်သွားကြည့်ဖို့စီစဉ်ထားခြင်းဖြစ်သည်။
အခုဆို ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’သည် ရုံတင်နေပြီဖြစ်ကာ ကုနင်းလဲ ကိုယ်တိုင်ရုံမှာသွားကြည့်လိုသည်။
လူများစွာက ဇာတ်ကားကိုကြည့်ပြီးကြပြီးဖြစ်ကာ မှတ်ချက်ကောင်းများစွာလဲ ရှိထားသည်။
ဇာတ်ကား၏ပထမဆုံးလက်မှတ်ရောင်းအားက အလွန်များလှသည်မဟုတ်ပေမည့် ရလဒ်ဆိုးသည်လဲမဟုတ်ပေ။ ထိုဇာတ်ကားက လူတွေကို ရုပ်ရှင်ရုံမှာကြည့်လာအောင် တဖြည်းဖြည်းဆွဲဆောင်သွားသည့်ဇာတ်ကားမျိုးဖြစ်ပုံပင်။
‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ကို သွားကြည့်ပြီးကြသူများက ဇာတ်ကားကိုသွားကြည့်ကြရန် ထောက်ခံပေးနေကြတာကြောင့် လူများစွာကိုပိုလို့စိတ်ဝင်စားလာစေခဲ့သည်။
***
အခန်း ၉၉၅ ထန်ကျားခိုင်၏သတိပေးစကား
တချို့လူများဆိုလျှင် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ဇာတ်ကားမှာ ကြောက်စရာကောင်းလွန်း၍ သေးထွက်ကျမတတ်ပင်ဟုပြောကြသေးသည်။ ဒါ့အပြင် ဇာတ်လမ်းဇာတ်ကွက်ကလဲ အလွန်ဆွဲဆောင်မှုရှိကာ ပြည်တွင်းဖြစ်ဇာတ်ကားများတွင် တွေ့ရခဲသည့်ဇာတ်လမ်းသွားမျိုးလဲဖြစ်သည်။ ဇာတ်ကား၏တည်းဖြတ်မှုအပိုင်းကလဲ အရည်အသွေးမြင့်လွန်းကာ အကောင်းဆုံးတည်းဖြတ်ဆုရဖို့တောင် ဖြစ်နိုင်ချေများလှသည်။
ဇာတ်ကားသည် အလွန်ကြောက်စရာကောင်းသော်လည်း ကြည့်ပြီးသားလူများကတော့ ရုပ်ရှင်ရုံမှာ နောက်တစ်ကြိမ်ထပ်ကြည့်ချင်မိတုန်းပဲဟု မှတ်ချက်များပြုကြသည်။
ဇာတ်ကားအကြောင်း အင်တာနက်ပေါ်တွင် နာမည်ကြီးလာသည်နှင့်အမျှ ကိုယ်တိုင်သွားကြည့်ကြသည့်လူများလဲပိုများလာကာ လက်မှတ်များဆက်တိုက်ဆိုသလိုရောင်းထွက်နေသည်။
တချို့ဆိုလျှင် သူတို့ဖုန်းများဖြင့် ဇာတ်လမ်း၏တဆိတ်တဒေသကို ရိုက်ကူးထားကြကာ သူတို့Weiboပေါ်တွင်ပြန်လည်မျှဝေခဲ့တာကြောင့် လူများပိုလို့အာရုံစိုက်လာကြသည်။
ဒါကြောင့်ပဲ ဒီနေ့အတွက်လက်မှတ်အားလုံးမှာ ကြိုတင်ရောင်းထွက်သွားနှင့်ခဲ့ပေသည်။
သို့ပေမည့် ထန်မိသားစုသည် နာမည်ကြီးရုပ်ရှင်ရုံတစ်ရုံကို ပိုင်ဆိုင်ထားတာကြောင့် ကုနင်းက ထန်ယွင်ဖန်းကို အကူအညီတောင်းကာ သူတို့အတွက် ဗီအိုင်ပီရုံမှာ ဇာတ်ကားပြပေးခိုင်းခဲ့သည်။
ဗီအိုင်ပီရုံသည် ဒုတိယမျိုးဆက်လူချမ်းသာများအတွက် ချိန်းတွေ့ခြင်း လက်ထပ်ခွင့်တောင်းခြင်းတို့အတွက်သာ အသုံးပြုလေ့ရှိတာကြောင့် အများအားဖြင့် လစ်လပ်နေသည်။
“ရုပ်ရှင်? ဘာရုပ်ရှင်လဲ?” ချောင်ဝမ်ရှင်းစိတ်ဝင်စားသွားခဲ့သည်။ “ဒီလောက်လူအများကြီးနဲ့ ဘာလို့ရုပ်ရှင်ကြည့်ဖို့သွားနေမှာလဲ?” ချောင်ဝမ်ရှင်း၏အတွေးထဲမှာတော့ ဒီလောက်လူများနေတာ ရုပ်ရှင်ရုံထက် ဘားသွားတာကပိုကောင်းနေသည်။
“ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’လေ။ အခု ရုံတင်နေပြီ။ ငါတို့အရင်သွားကြည့်ပြီးမှ ထွက်လည်လဲရပါတယ်။” ကုနင်းပြန်ဖြေလိုက်သည်။
ဇာတ်ကားသည် မိနစ်၉၀မျှရှည်လျားကာ ဇာတ်ကားပြီးလျှင် ဖန်ရှန်းဈေးဝယ်စင်တာသို့သွားနိုင်သည်။
ဇာတ်ကားပြီးသွားလျှင် အလွန်ဆုံးမှ ည၉နာရီခွဲလောက်သာရှိဦးမည်ဖြစ်တာကြောင့် အတော်စောနေပေဦးမည်။
ဘာပဲဖြစ်ဖြစ် အရင်လဲ ည၁၀နာရီလောက်မှသာ ထွက်လည်နေကျမဟုတ်ပေဘူးလား။
“အိုး… ငါလဲလိုက်မယ်လေ! ဒါ နင့်ကုမ္ပဏီက ပထမဆုံးထုတ်လုပ်တဲ့ဇာတ်ကားမဟုတ်လား။ သေချာပေါက် ငါလဲအားပေးရမှာပေါ့။”
ချောင်ဝမ်ရှင်းလဲ စိတ်ဝင်စားသွားကာ သူမသူငယ်ချင်းများကလဲ အတူလိုက်မည့်အကြောင်းပြောကြသည်။
“ဘာဇာတ်လမ်းအမျိုးအစားလဲ?” ကောင်းချန်ယွင်က မေးလာသည်။
“သည်းထိတ်ရင်ဖို။”
“အရမ်းကြောက်စရာကောင်းလား?” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်နှင့် ကျန်းကျီကျန့်သည်တော့ ကြောက်လန့်ကာ တုန်ရီလာသည်။
ကျူးယွမ်ကျန်းမှာ ကျန်းကျီကျန့်၏အမူအရာကိုမြင်ပြီး မျက်လုံးသာလှန်လိုက်တော့သည်။ “မင်းကွာ၊ ယောက်ျားဖြစ်ပြီးတော့!”
ထိုအခါ အန်းရန်ကပါ။ “နင့်ရဲ့အနာဂါတ်ချစ်သူလေးက သည်းထိတ်ရင်ဖိုကားကြည့်ချင်လို့ နင့်ကိုကာကွယ်ပေးပါလို့မေးလာရင် ဘယ့်နှယ်လုပ်မလဲ?”
အားလုံးက ဝိုင်းရယ်ကြပေမည့် ကျန်းကျီကျန့်ကတော့ မကျေမနပ်နှင့်အလျှော့မပေးပေ။ “ယောက်ျားလေးဆိုတိုင်း သည်းထိတ်ရင်ဖိုကားကို မကြောက်ရတော့ဘူးတဲ့လား? ကမ္ဘာပေါ်မှာ ငါတစ်ယောက်ပဲ သည်းထိတ်ရင်ဖို့ဇာတ်ကားကြောက်တဲ့ယောက်ျားလေးမဟုတ်ဘူး။”
“မင်းပဲ သတ္တိကြောင်နေတာပါကွာ!” ကျူးယွမ်ကျန့်ကတော့ ရယ်နေတုန်းပင်။
တကယ်တော့ သူတို့တွေက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ မသိသေးတာကြောင့်သာ။ သိများသာသိသွားခဲ့လျှင် ကျန်းကျီကျန့်ကိုတောင် ရယ်နိုင်တော့မည်မဟုတ်ပေ။
……
ဧည့်သည်အားလုံးနီးပါး ပြန်ကုန်ချိန်မှာတော့ ကျန်းယွီထုန်တစ်ယောက် ထန်ကျားယန်အနားချဉ်းကပ်လို့လာပြန်သည်။ ထန်ကျားယန်၏သူငယ်ချင်းများသည်လဲ သူတို့ကားများဆီပြန်သွားကြပြီဖြစ်တာကြောင့် သူ့အနားတွင် ထန်ကျားခိုင်တစ်ယောက်သာ ကျန်နေခဲ့သည်။
“ကျားယန်၊ ငါတို့ ရုပ်ရှင်အတူသွားကြည့်ကြရင်မကောင်းဘူးလား? ဒီနေ့သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားရုံတင်နေတယ်လို့ကြားတယ်။” ကျန်းယွီထုန်သည် ၃နှစ်သမီးလေးလို ချစ်စရာကောင်းအောင် ပြုမူပြနေပေမည့် ထန်ကျားယန်အတွက်တော့ အသုံးဝင်မနေပေ။
ကျန်းယွထုန်ကြည့်ချင်နေသည့် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းဆိုသည်ကလဲ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’သာဖြစ်သည်။
“မင်းပဲသွားကြည့်လိုက်ပါ၊ ငါတို့လုပ်စရာတွေရှိသေးတယ်။” ထန်ကျားယန်မှာ စိတ်ရှည်သည်းခံနိုင်စွမ်းများ ကုန်ဆုံးနေပြီဖြစ်ပေမည့် ဒေါသကိုချုပ်ထိန်းကာ ပြန်ဖြေပေးသည်။
သို့ပေမည့် ထန်ကျားခိုင်ကတော့ ဆက်ပြီးယဉ်ကျေးမနေနိုင်တော့ပေ။ “ကျန်းယွီထုန်၊ မင်း ငါ့အစ်ကို လိုက်မကပ်ဘဲမနေနိုင်ဘူးလား? ရုပ်ရှင်ကြည့်ချင်တာများ မင်းသာသာသွားကြည့်ပါလား။ ငါ့အစ်ကိုက စင်ဂယ်မဟုတ်ဘူး ချစ်သူရှိပြီးသား။ ဒီလောက်တော့ နားလည်သင့်တယ်!”
“နင်….”ကျန်းယွီထုန်မှာ အမှန်တရားကြောင့် နာကျင်သွားရကာ ထန်ကျားခိုင်ကိုလဲ ဒေါသထွက်သွားခဲ့သည်။
“ဘာပြောဦးမလို့လဲ? ငါတို့ရှေ့ လာဟန်ဆောင်ပြမနေနဲ့တော့၊ ငါတို့က အရူးတွေလဲမဟုတ်ဘူး။ မင်း ငါ့အစ်ကိုဆက်ပြီး နှောင့်ယှက်ရဲနှောင့်ယှက်ကြည့် မင်းမိသားစုနဲ့တိုက်ရိုက်ရှင်းပစ်မယ်။” ထန်ကျားခိုင် နောက်ဆုံးတော့ ခြိမ်းခြောက်စကားပြောလိုက်တော့သည်။
ကျန်းယွီထုန် ဒေါသထွက်နေသော်လည်း ထန်ကျားခိုင်နှင့်အချေအတင်မပြောရဲပေ။
ထန်ကျားခိုင်သည် ထန်ကျားယန်အပေါ် ကျန်းယွီထုန်၏သဘောထားအကြောင်း သိနေခဲ့ပေမည့် ယခုလိုတစ်ခါမှ သတိပေးစကားမပြောခဲ့ဖူးပေ။ ထိုအစား သူက ကျန်းယွီထုန်ကို ထန်ကျားယန် ထပ်ခါထပ်ခါ ငြင်းပယ်နေသည်ကိုကြည့်ရင်း ပျော်ရွှင်နေခဲ့သေးသည်။ သို့ပေမည့် အခုတော့ ကျန်းယွီထုန်ကို နှင်ထုတ်ဖို့ သူကိုယ်တိုင်ရှေ့ထွက်လာခဲ့သည်။
ထို့နောက်ချက်ချင်းဆိုသလို ထန်ကျားယန်ကိုဆွဲကာ ထွက်သွားတော့သည်။
……..
ထိုအချိန်မှာပဲ ကျန်းယွီထုန်နှင့်သိပ်မဝေးသည့်နေရာတွင်ရပ်နေသည့် ကျန်းကျားမင်က အနားသို့လျှောက်လာခဲ့သည်။ ယနေ့အတွက် ကျန်းယွီထုန်ကို နောက်ထပ်လှောင်ပြောင်နိုင်မည့်အခွင့်အရေးကို လက်လွှတ်လိုက်စရာအကြောင်းမရှိသည့် ပုံစံမျိုးနှင့်ပင်။
ကျန်းကျားမင်သည် ပြဿနာရှာတတ်သူမဟုတ်သော်လည်း သူမရန်သူအဖြစ်သတ်မှတ်ထားသည့် ကျန်းယွီထုန်ကို လှောင်ပြောင်ရသည်ကိုတော့ အလွန်ကြိုက်လေသည်။
“အခုထိနင့်အစ်ကိုဝမ်းကွဲနဲ့ရုပ်ရှင်ကြည့်ချင်နေတုန်းလား? အဲ့အစားနင့်ချစ်သူနဲ့ပဲ သွားကြည့်သင့်တယ်မဟုတ်ဘူးလား?” ကျန်းကျားမင် ခနဲ့ပြောလိုက်သည်။
“ထွက်သွားစမ်း!” ကျန်းယွီထုန်လဲ သူမဒေါသများကို ကျန်းကျားမင်အပေါ် ဖွင့်ထုတ်လိုက်တော့သည်။
ယခုလိုလုပ်တာက အဓိပ္ပါယ်မရှိမှန်း သူမသိနေပေမည့် ကျန်းကျားမင် သူမအနားချဉ်းကပ်လာသည်ကိုမြင်သည်နှင့် စိတ်ကိုမထိန်းနိုင်တော့ပေ။ ထန်ကျားယန်နှင့် တွေ့ဆုံခွင့်ရဖို့က မလွယ်ကူလှတာကြောင့် သူမလဲ တွေ့တုန်းတွေ့ခိုက် အခွင့်အရေးကိုဖမ်းဆုပ်နေရတာဖြစ်သည်။
“ဘာလဲ? နင်မကြားလိုက်ဘူးလား? ကျားခိုင်က နင့်ကို ကျားယန်နဲ့ဝေးဝေးနေဖို့ပြောသွားတယ်လေ။ ကျန်းမိသားစုကို ဒုက္ခမပေးနဲ့၊ ပြီးတော့ နင့်ရဲ့ရူးမိုက်မိုက်အမှားအတွက် ငါနင့်ကိုအပြစ်မပေးရစေနဲ့!”
ကျန်းကျားမင်ကတော့ ထန်ညီအစ်ကိုများနှင့် ပြဿနာမဖြစ်လိုပေ။