← Chapters

အခန်း (၉၉၆-၁၀၀၀)

Vol. 67 Ch. 996-1000

အခန်း (၉၉၆-၁၀၀၀)

Vol. 67 Ch. 996-1000

အခန်း ၉၉၆ မင်းနဲ့အတူရှိနေပေးမှာပါ

ကျန်းကျားမင်သည် ကျန်းယွီထုန်ကို ဂရုစိုက်ပေးလွန်းသောအစ်မကြီးဖြစ်နေလို့မဟုတ်ဘဲ ကျန်းယွီထုန်ကြောင့် သူမပါပြဿနာထဲဆွဲထည့်မခံလိုခြင်းသာဖြစ်သည်။

ကျန်းယွီထုန်သည်တော့ ဒေါသထွက်လွန်း၍ ပြောစရာစကားများပင်ပျောက်ရှကုန်လေသည်။

………

ထန်ကျားခိုင်နှင့်ထန်ကျားယန်တို့ ကုနင်းတို့အဖွဲ့နားရောက်သွားကာ သူမတို့၏အစီအစဉ်ကြောင်း မေးမြန်းကြသည်။ အားလုံးလူငယ်များဖြစ်တာကြောင့် စောစောစီးစီးအိပ်ရာမဝင်လိုကြပေ။

ကုနင်းက သူမတို့ညဘက်အပြင်ထွက်မလည်ခင် ရုပ်ရှင်အရင်သွားကြည့်မည့်အကြောင်း ပြောပြလေသည်။

“မင်းတို့အားလုံး ဘာလို့ရုပ်ရှင်ကြည့်ကြောင်းပဲပြောနေကြတာလဲ?” ထန်ကျားယန်မှာ ရုပ်ရှင်ကြည့်ဖို့စိတ်မဝင်စားပေ။

ချောင်ဝမ်ရှင်းက သူ့လက်မောင်းကိုရိုက်ချလိုက်ပြီး၊ “အဲ့ကားက နင်းနင်းရဲ့ကုမ္ပဏီက ပထမဆုံးထုတ်လုပ်တဲ့ဇာတ်ကားမို့လို့လေ!”

“အိုး!” ထိုတော့မှ သိပ်မကြာခင်က ကုနင်းဇာတ်ကားတစ်ကားရိုက်နေခဲ့ကြောင်း ထန်ကျားယန် သတိရသွားပေမည့် ယနေ့တွင် ရုံတင်နေပြီဖြစ်ကြောင်းကိုတော့ သူမသိလိုက်ပေ။ အခုသိသွားပြီဆိုမှတော့ ကုနင်းတို့နဲ့အတူလိုက်သွားပေးရမှာပေါ့။

“ဒါဆို ငါတို့လဲအတူလိုက်မယ်!” ထန်ကျားယန် လိုက်ဖို့ပြောလိုက်သည်နှင့် ထန်ကျားခိုင်ကလဲ စိတ်လှုပ်ရှားနေကာ မငြင်းခဲ့ပေ။ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’နှင့်ပတ်သတ်သည့် မှတ်ချက်ကောင်းများကို သူဖတ်ဖူးထားပြီးဖြစ်တာကြောင့် ဇာတ်လမ်းအနေအထားဘယ်လိုနေလဲ သူအရမ်းသိချင်နေခဲ့တာဖြစ်သည်။

ဒါ့အပြင် အခုဆို ကုနင်းသည် သူတို့မိသားစုဝင်လဲဖြစ်နေပြီဖြစ်တာကြောင့် သေချာပေါက် သူမကို ပံ့ပိုးပေးသင့်သည်။

ကုနင်းတို့အဖွဲ့လဲ ရုပ်ရှင်ရုံသို့မသွားခင် အရင်ဦးစွာ ပွဲတက်အဝတ်အစားများကို ပြန်လဲကြသည်။

ရုပ်ရှင်ရုံသို့သွားရာလမ်းတွင် ဟောင်ရန်တို့အဖွဲ့သည် အင်တာနက်ပေါ်မှ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’နှင့်ပတ်သတ်သည့် မှတ်ချက်များကိုဖတ်ရှုနေခဲ့ကာ လူများအကြိုက်တွေ့ကြောင်းသိရ၍ ပျော်ရွှင်နေကြသည်။

“ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’က အရမ်းကြောက်စရာကောင်းတယ်။ ငါ့မှာ သေးထွက်ကျလုနီးနီးပဲ!”

“ငါရောပဲ ငါရောပဲ! ငါဆို နှလုံးရောဂါတောင်ရသွားပြီလားလို့ တွေးမိတယ်!”

“မင်းသာ စိတ်ဓါတ်မခိုင်မာရင် မကြည့်ဖို့ပြောချင်တယ်။”

“အဲ့လောက်တောင်လား?”

“မင်းတို့ ရုပ်ရှင်ရုံထဲမဝင်ခင် သေချာပြင်ဆင်သွားကြ။”

“ငါတော့ အခုထိကြောက်နေမိတုန်း!”

“ငါလဲ ငါ့ချစ်သူနဲ့သွားကြည့်ခဲ့တာ။ ဇာတ်ကားလဲပြီးရော ငါ့မှာကြောက်လွန်းပြီး မတ်တပ်မရပ်နိုင်တော့လို့ အိမ်ကိုသူပြန်ချီခေါ်ပေးခဲ့ရတယ်။”

“ဟ-ဟ-ဟ-ဟ!”

အင်တာနက်အသုံးပြုသူများစွာ၏မှတ်ချက်များမှာ ရယ်စရာကောင်းလှသည်။

“ဒီလိုဇာတ်ကားကောင်းမျိုးထုတ်လုပ်ပေးတဲ့အတွက် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနဲ့ ကုနတ်ဘုရားမကို အရမ်းကျေးဇူးတင်တယ်! ငါဆို ငါအချိန်အကြာကြီးတစ်ဖက်သတ်သဘောကျခဲ့တဲ့ မိန်းကလေးနဲ့အတူသွားကြည့်ခဲ့တာ။ သူ့မှာကြောက်လွန်းလို့ သူ့ဘာသာ ငါ့ရင်ခွင်ထဲဝင်တိုးတယ်လေ။ အခုတော့ ငါတို့တွေ ချစ်သူဖြစ်သွားကြပြီ! ဟ-ဟ။”

“ဂုဏ်ပြုပါတယ်!”

“ငါလဲ အဲ့လိုနည်းလေးသုံးပြီး ချစ်သူကောင်မလေးရချင်လိုက်တာ၊ ဒါပေမယ့် အဲ့ကောင်မလေးကလဲ သူ့ဘာသာကြောက်ပြီး ငါ့ရင်ခွင်ထဲဝင်လာဦးမှ။”

“ဒါတော့ စမ်းသာကြည့်လိုက်၊ အဲ့ဒါမှပဲသိရမှာ။”

“ဟ-ဟ-ဟ-ဟ။”

……

အပေါ်ရှိမှတ်ချက်များကိုဖတ်ရင်း ဟောင်ရန်တို့မှာ ကားထဲရယ်ပွဲကျနေကြတော့သည်။

“ဘုရားရေ၊ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား။ ငါတော့ ကြည့်ရဲမယ့်သတ္တိမရှိလောက်ဘူး။” ယွီမီရှီပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ငါတို့အားလုံးရှိနေတာပဲ။ မင်းကြောက်ရင် နားနဲ့မျက်လုံးတွေကို အုပ်ထားလိုက်။” မုခယ်က သူမကိုနှစ်သိမ့်ပေးလေသည်။

တကယ်တော့ မုခယ်က သူရှိနေပေးမှာပါဟု ပြောလိုက်ချင်တာပေမယ့် ရှက်နေတာကြောင့် အားလုံးကိုဆွဲထည့်လိုက်တာပင်။

အခုဆိုလျှင် မုခယ်နှင့်ယွီမီရှီတို့၏ဆက်ဆံရေးမှာ မရှင်းမရှင်းဖြစ်လို့နေပေပြီ။ မုခယ်ဘက်က ယွီမီရှီကို အထူးအလေးပေးဆက်ဆံပေမည့် အခုထိတော့ သူ့ခံစားချက်များကို တရားဝင်ဖွင့်ဟဝန်ခံထားခြင်းမရှိသေးပေ။

သို့သော်လည်း သူထုတ်မပြောသေးလျှင်တောင် ယွီမီရှီလဲ ခံစားသိရှိနိုင်နေစဲပင်။ သူမလဲ မုခယ်၏သူမအပေါ်ခံစားချက်ကို သဘောကျပေမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရောက်ဖို့က မလိုတော့တာကြောင့် ဟန်ဆောင်နေခြင်းပင်။

စာမေးပွဲပြီးမှသာ ထိုအကြောင်းတရားဝင်ထုတ်ပြောကြမည့် နှစ်ဦးသားကြားမှ ဖွင့်ဟပြောစရာမလိုသည့် နားလည်မှုမျိုးရှိနေကြတာပင်။

ဟောင်ရန်တို့သည်လဲ သူတို့အတွက်သီးသန့်အချိန်လေးများ ပေးထားပေးကြသည်။

…….

ကုနင်းသည်လဲ ထိုမှတ်ချက်များကိုဖတ်နေခဲ့ကာ ဇာတ်ကား၏အရည်အသွေးနှင့် ကျော်ကြားမှုအပေါ် ကျေနပ်အားရလို့နေသည်။

ထိုဇာတ်ကားသည် သူမ၏ဖျော်ဖြေရေးကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်သည့်ဇာတ်ကားဖြစ်ကာ အရမ်းလဲအောင်မြင်နေခဲ့သည်။

အင်တာနက်အသုံးပြုသူများစွာက သူမWeiboအကောင့်ကို မန်းရှင်းခေါ်ကာ ဇာတ်ကားကိုသဘောကျသည့်မှတ်ချက်များပေးကြသည်။

ဇာတ်ကားထဲတွင် ကုနင်းပါဝင်ရိုက်ကူးထားခြင်းမရှိသော်လည်း သူမက ရင်းနှီးမြှုပ်နှံသူဖြစ်တာကြောင့် လူများစွာက သူမကိုချီးကျူးလို့နေသည်။

ဇာတ်ကားနာမည်ကြီးသွားတာကြောင့် ဇာတ်ကားတွင်ပါဝင်သည့် အဓိကသရုပ်ဆောင်များသည်လဲ အောင်မြင်မှုများစွာရရှိခဲ့သည်။ အားလုံးသည် အရည်အချင်းရှိသရုပ်ဆောင်များဖြစ်တာကြောင့် ပရိသတ်များအဖို့ အမြင်ကောင်းများကျန်ရှိစေသည်။

သရုပ်ဆောင်ကောင်းက သူနှင့်သင့်တော်သည့်ဇာတ်ကောင်နှင့်ကွက်တိကျသွားချိန်မှာတော့ လူများ၏သဘောကျနှစ်သက်မှုကို ရဖို့မခက်ခဲတော့ပေ။ တချို့သရုပ်ဆောင်များဆိုလျှင် ရုပ်ရည်အလွန်ကြည့်ကောင်းကာ လူထုအာရုံစိုက်မှုရအောင် ထိုရုပ်ရည်ကိုပဲအားကိုးကြတာကြောင့် အောင်မြင်မှုက ကြာရှည်မခံပေ။

ဒါ့အပြင် လူများက သူတို့အပေါ် အမြင်ကောင်းများမကျန်ရှိခဲ့တာကြောင့် သူတို့၏အနာဂါတ်အလုပ်အကိုင်အပေါ် ဆိုးကျိုးများဖြစ်စေသည်။

သို့ပေမည့် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’မှ အဓိကဇာတ်ဆောင်အားလုံးသည် ရုပ်ရည်ဗန်းပြကာ လူထုစိတ်ဝင်စားမှုကို ဆွဲဆောင်နေကြသူများမဟုတ်သလို ဖျော်ဖြေရေးလောကမှ ထုတ်မပြောသည့်စည်းမျဉ်းများကိုတောင် ဆန့်ကျင်ခဲ့ကြသူများဖြစ်နေသေးသည်။

***

အခန်း ၉၉၇ လက်မှတ်ရောင်းအားက အတုကြီးလား?

ဟန်လန်ရွှယ်နှင့်ပိုင်လင်းတို့အလုပ်လုပ်သည့် ဖျော်ဖြေရေးကုမ္ပဏီများသည် သူတို့ကို စွန့်ပစ်ခါနီးဖြစ်ကာ သူတို့အဖို့ ဇာတ်လမ်းတွဲများတွင် ဇာတ်ရံနေရာမျှသာ ရတော့သည်။ ဒါ့အပြင် ဇာတ်လမ်းတွဲများတွင် ပါဝင်နိုင်ခွင့်ကလဲ သိပ်မရှိလှတာကြောင့် သိပ်မကြာခင် ပရိသတ်များ၏အမေ့ပျောက်ခံများဖြစ်လာကြတော့မည်သာ။

သို့သော်လည်း ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’နာမည်ကြီးလာသည်နှင့် ပိုင်လင်းနှင့်ဟန်လန်ရွှယ်တို့လဲ နာမည်ကြီးလာကြကာ သူတို့အေးဂျင့်များကလဲ သူတို့ကိုထပ်ပြီး လျစ်လျူမရှုထားတော့ပေ။

အေးဂျင့်အားလုံးသည် ဤနယ်ပယ်တွင် အတွေ့အကြုံရှိသူများသာဖြစ်သည်။ ဇာတ်ကားတစ်ကားတည်းနှင့်တော့ ပိုင်လင်းနှင့်ဟန်လန်ရွှယ်တို့ကို အေအဆင့်သရုပ်ဆောင်များ မဖြစ်သွားစေပေမည့် သူတို့အနာဂါတ်ကတော့ တောက်ပလာပေပြီ။

သူတို့သာ လူထု၏အားပေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက သူတို့အလုပ်လုပ်ပေးနေသည့် ဖျော်ဖြေရေးကုမ္ပဏီများဘက်ကလဲ သူတို့ကိုချောင်ထိုးကြတော့မည်မဟုတ်ပေ။

……

စုထုံနျိုသည်တော့ ဇာတ်ကားရုံမတင်ခင်ကတည်းက Charmနှင့်JadeBeauty၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့တာကြောင့် ပိုလင်းနှင့်ဟန်လန်ရွှယ်တို့ထက် များစွာပိုအောင်မြင်နေပြီဖြစ်သည်။ ဇာတ်ကားထဲမှ သူမ၏ဇာတ်ကောင်သည်လဲ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

စုထုံနျို၏ကံကောင်းမှုအပေါ် ပိုင်လင်းရော ဟန်လန်ရွှယ်ပါ မနာလိုဖြစ်မိရသည်အထိပင်။ သူမသည် ကုနင်းနှင့်စာချုပ်ချုပ်နိုင်ခဲ့တာကြောင့် ယခုအချိန်က သူမအောင်မြင်မှု၏လမ်းစရုံသာရှိသေးသည်။

ဖျော်ဖြေရေးလောကတွင်လုပ်ကိုင်နေသူအားလုံးသည် အောင်မြင်ကျော်ကြားမှုကို အသည်းအသန်လိုချင်နေကြပေမည့် သူတို့စည်းနှင့်သူတို့ရှိကာ အောင်မြင်မှုအတွက် သူတို့ခန္ဓာနှင့်ဝိညာဉ်ကိုမရောင်းချကြပေ။

ကံမကောင်းစွာဘဲ ဖျော်ဖြေရေးလောကတွင် ရပ်တည်နိုင်ဖို့က သူတို့တွေးထားတာထက် ပိုမိုရှုပ်ထွေးလှသည်။ အင်အားကြီးအဆက်အသွယ်များမရှိပါဘဲ ကိုယ်ပိုင်အရည်အချင်းတစ်ခုတည်းအပေါ်မှီခိုကာ အောင်မြင်လာသူက လူနည်းစုထဲမှလူနည်းစုလောက်သာရှိသည်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကတော့ လက်ရှိတွင် လက်မလွှတ်နိုင်စရာ အခွင့်အရေးကောင်းကြီးပင်။

အခုဆို ကုနင်း၏ကုမ္ပဏီကိုဝင်နိုင်ရေးအတွက် သူတို့လက်ရှိစာချုပ်ချုပ်ထားသည် ကုမ္ပဏီများနှင့် စာချုပ်ကိုအဆုံးသတ်ဖို့ပြင်ဆင်နေကြပြီဖြစ်သည်။

ကုနင်းတွင် သရုပ်ဆောင်များနှင့်ပတ်သတ်၍ စံသတ်မှတ်ချက်မြင့်မှန်း သူတို့နားလည်ကြတာကြောင့် အရင်ဆုံး ကုနင်းနှင့်စကားပြောကြည့်ဖို့ စဉ်းစားထားကြသည်။

သူတို့ဘက်က စနောက်သလိုနှင့် ကုနင်း၏ကုမ္ပဏီကိုဝင်လို့ရမလားဟု ကုနင်းကိုမေးခဲ့ကြသော်လည်း ကုနင်းကတော့ လေးနက်စွာသဘောတူခဲ့သည်။

ကုနင်းက သူတို့နှစ်ယောက်လုံးကို လက်ခံပေးခဲ့သည်။ သူမ၏ပထမဆုံးဇာတ်ကားတွင် သူတို့ကိုသရုပ်ဆောင်ခိုင်းဖို့ ထောက်ခံပေးခဲ့သူမှာ လုကျန်းဖြစ်တာကြောင့် သူတို့လုပ်ကိုင်နိုင်စွမ်းက ကောင်းသည်ဟု ကုနင်းတွေးတာကြောင့်ပင်။

သူတို့နှစ်ယောက်လုံးက သရုပ်ဆောင်ကောင်းတွေဖြစ်နေမှတော့ ကုနင်းအဖို့ သူတို့အဆိုကို ငြင်းဆန်စရာအကြောင်းရှိမနေပေ။

ပိုင်လင်းနှင့်ဟန်လန်ရွှယ်တို့မှာ ကုနင်းက သူတို့နှင့်လက်မှတ်ထိုးချင်သည်ဆို၍ စိတ်လှုပ်ရှားနေကြပြီး အလုပ်ကြိုးစားပါ့မည်ဟု ကတိအထပ်ထပ်ပေးနေတော့သည်။

ဖျော်ဖြေရေးလောကတွင် ယှဉ်ပြိုင်မှုတွေက ပြင်းထန်ကြမ်းတမ်းလွန်းသည်မဟုတ်လား။ သူတို့သာ လူထုအာရုံစိုက်မှုကို ကြိုးကြိုးစားစား မထိန်းသိမ်းနေပါက မကြာခင်မှာပဲ သူတို့နေရာကို အစားထိုးခံလိုက်ရမည်ဖြစ်သည်။

………

ပိုင်လင်း၏လက်ရှိအလုပ်လုပ်နေသည့် ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်သက်တမ်းကုန်ဖို့ နှစ်ဝက်လိုသေးကာ ဟန်လန်ရွှယ်သည်တော့ တစ်နှစ်တောင်လိုသေးသည်။

စာချုပ်မကုန်ခင်အထိ သူတို့နှစ်ယောက်လုံး သူတို့ပုံမှန်အလုပ်များကို ဆက်လုပ်နေကြရမှာဖြစ်ကာ သူတို့အေးဂျင့်များက သူတို့၏အချိန်ဇယားများကို ကိုင်တွယ်ပေးဖို့တာဝန်ရှိနေတုန်းပင်။

ဇာတ်ကားမှအဓိကသရုပ်ဆောင်များကတော့ မနေ့ကပဲ အားလုံးအတူစုကာ ရုပ်ရှင်ကိုကြည့်ပြီးကြပြီဖြစ်ကာ တည်းဖြတ်ထားမှုအပေါ် အလွန်ကျေနပ်အားရလို့နေကြသည်။

ရုပ်ရှင်ရုံတော်တော်များများမှာ ပုံမှန်နေ့ရက်များထက် လူပိုများနေကာ အများစုက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို လာကြည့်ကြတာဖြစ်သည်။

‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏လက်မှတ်ရောင်းအားကလဲ ဆက်တိုက်တိုးများနေကာ ဤကာလအတွင်း အကျော်ကြားဆုံးရုပ်ရှင်ဖြစ်နေပုံပင်။

‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကြောင့် တခြားရုပ်ရှင်များကို ရုပ်ရှင်ရုံတွင်လာရောက်ကြည့်ရှုသူ နည်းပါးလာကာ ထိုရုပ်ရှင်များ၏ထုတ်လုပ်သူများမှာ အလွန်မနာလိုဖြစ်နေကြတော့သည်။ အထူးသဖြင့် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏ များပြားလှစွာစော မှတ်ချက်ကောင်းများကို ဖတ်ပြီးနောက်တွင် သူတို့အားလုံး ဖျက်လိုဖျက်ဆီးလုပ်ချင်စိတ်များ တပွားပွားဖြစ်နေမိတော့သည်။

သူတို့ထုတ်လုပ်ထားသည့်ရုပ်ရှင်များက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’အောက်တွင် နှစ်မြုပ်သွားကာ အမြတ်အစွန်းမရရှိနိုင်တော့မှတော့ အခြေအနေပြောင်းပစ်ဖို့ နည်းလမ်းရှာရတော့မှာပေါ့။

မကြာလိုက်ပါဘဲ အင်တာနက်ပေါ်တွင် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏လက်မှတ်ရောင်းအားက အတုသာဖြစ်သည်ဟူသော သတင်းတစ်ပုဒ်တက်လာခဲ့သည်။

မိနစ်ပိုင်းအတွင်းမှာပဲ ထိုသတင်းက လှုပ်ခတ်မှုဖြစ်သွားခဲ့သည်။

တချို့လူများက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏လက်မှတ်ရောင်းအားက အတုဆိုသည်ကိုယုံကြည်ကြကာ တချို့ကတော့ မှန်ကန်ကြောင်းယုံကြည်ကြသည်။

ရုပ်ရှင်တစ်ကား၏လက်မှတ်ရောင်းအားက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ ပြောရခက်လှသည်။ အကြောင်းကတော့ ဇာတ်ကားသစ်တစ်ပုဒ်အတွက် ပထမဆုံးရုံတင်ပွဲမှလက်မှတ်ရောင်းအား အများဆုံးဖြစ်နေဖို့တာကိုကြည့်ရသည်က ထုတ်ဖော်မပြောထားသည့် သတ်မှတ်ချက်တစ်ခုဖြစ်နေတာကြောင့်ပင်။

ဇာတ်ကားသစ်တစ်ကားအတွက် လူအာရုံစိုက်မှုရှိဖို့လိုသလို ပရိသတ်များအတွက်လဲ လမ်းညွှန်တစ်ခုရှိဖို့လိုသည်။ ဇာတ်ကားသစ်၏ပထမဆုံးလက်မှတ်ရောင်းအားက များနေသည်ကို လူတွေသတိထားမိခဲ့လျှင် အားလုံးက စိတ်ဝင်စားဖို့ကောင်းလောက်မည်ဟုတွေးကာ ထိုကားအတွက်လက်မှတ်ဝယ်ယူကြပေလိမ့်မည်။ တခါတလေ ဇာတ်ကားသစ်မှာအရမ်းကောင်းနေနိုင်သော်လည်း လူအာရုံစိုက်မှုမရခဲ့တာကြောင့် ထိုကားကိုရုပ်ရှင်ရုံမှာလာကြည့်ဖို့ လက်မှတ်ဝယ်သူသိပ်မများတတ်ပေ။

ဇာတ်ကားသစ်က အရမ်းဆိုးရွားနေသော်လည်း လက်မှတ်ရောင်းအားအတုထုတ်ကာ လူအများကိုလက်မှတ်ဝယ်ဖို့ဆွဲဆောင်တာကလဲ မကြုံဖူးတာတော့မဟုတ်ပေ။ သို့သော်လည်း ထိုသို့ဖြစ်ပြီးနောက် မကောင်းသည့်မှတ်ချက်များနှင့် ပြစ်တင်ဝေဖန်မှုများခံရမြဲသာ။

ဒါကြောင့် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏လက်မှတ်ရောင်းအားက ပုံမှန်နှင့်မတူစွာအရမ်းကောင်းနေ၍ တချို့လူများအနေဖြင့် ရောင်းအားအတုပြထားခြင်းဟု သံသယဝင်သည်က နားလည်၍ရသည်။ ထို့အပြင် လက်မှတ်ရောင်းအားက တည်တည်ငြိမ်ငြိမ်နဲ့ကိုဆက်လက်မြင့်တက်နေသေးပေသည်။

‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို ကြည့်ပြီးသွားသူများကတော့ ဇာတ်ကားဘယ်လောက်ကောင်းကြောင်းသိပြီးဖြစ်၍ လက်မှတ်ရောင်းအားက အစစ်အမှန်ဖြစ်သင့်သည်ဟု တွေးကြသည်။ ဒါ့အပြင် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကိုပြသည့် ရုံတိုင်းခုံအလွတ်ကိုမရှိဖြစ်ရသည်မဟုတ်လား။

လူများစွာက လက်မှတ်ရောင်းအားအမှန်ဖြစ်ကြောင်း သက်သေပြဖို့အတွက် သူတို့၏ရုပ်ရှင်လက်မှတ်များကို ဓါတ်ပုံရိုက်ကာ တင်ပေးကြသည်။

“ဇာတ်လမ်းက ဒီလောက်ကောင်းတာ လက်မှတ်ရောင်းကဘယ်လိုလုပ် အတုဖြစ်ပါ့မလဲ။”

“ငါလဲ သူငယ်ချင်းတွေအများကြီးနဲ့သွားကြည့်ခဲ့တာ ငါတို့အားလုံး မကြိုက်တဲ့လူကိုမရှိဘူး။”

အင်တာနက်အသုံးပြုသူအများစုကတော့ လက်မှတ်ရောင်းအားအတုဖြစ်ကြောင်းပြောထားသည့် သတင်းကိုမယုံကြည်ကြပေ။ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို တမင်အသေရေဖျက်ဖို့လုပ်သည့် တချို့လူတွေကလဲရှိနေတုန်းပင်။

လူတိုင်းကတော့ သတင်းကိုမယုံသော်လည်း ယုံသူကတော့ရှိနေစဲပင်။

***

အခန်း ၉၉၈ ရုပ်ရှင်ရုံမှာတွေ့ခဲ့တယ်

“ဒီသတင်းက လုပ်ကြံထားတာပဲ။ ငါသိသလောက်တော့ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’အတွက် လက်မှတ်တွေက ပြီးခဲ့တဲ့နှစ်ရက်ကတည်းက ရောင်းကုန်သွားပြီ။”

“ဟုတ်တယ်၊ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’က ဇာတ်ကားကောင်းလေ၊ ငါတောင် ထပ်သွားကြည့်ဦးမလို့။”

“ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’က စောင့်ရကျိုးနပ်တဲ့ဇာတ်ကားကောင်းပဲ။”

“ရုပ်ရှင်ဝေဖန်ရေးသမားတွေတောင် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို အညွှန်းကောင်းပေးကြတာ၊ ပြောတာတော့ အခုချိန်ထိ ထွက်ထားသမျှသည်းထိတ်ရင်ဖိုကားထဲမှာ အကောင်းဆုံးပဲတဲ့။”

“ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို တည်းဖြတ်တဲ့လူက ဘယ်သူများလဲသိချင်လိုက်တာ။ တစ်ယောက်ယောက် သူ့နာမည်ကိုသိကြလား?”

“ငါလဲ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ရဲ့ ပရိသတ်ပဲ!”

“တူတူပဲ!”

“ပြီးခဲ့တဲ့နှစ်ရက်ကတည်းက Bမြို့က ရုပ်ရှင်ရုံတော်တော်များများမှာတော့ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကြောင့် ရုံလုံးပြည့်ပဲ။”

“မြို့တော်မှာလဲ အတူတူပဲ!”

ရုပ်ရှင်ရုံများတွင် တချိန်တည်းဆိုသလို ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’တင်မကဘဲ တခြားသောဇာတ်ကားများလဲ တင်ထားတာဖြစ်သည်။

ရုပ်ရှင်ရုံများ၏ရုံတင်ချိန်ကို ပြောင်းလဲပစ်ဖို့ခက်တာကြောင့် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ပရိသတ်များမှာ လွန်ခဲ့တဲ့၂ရက်ကတည်းက လက်မှတ်ရောင်းကုန်သွား၍ စောင့်နေကြရသည်။

တခါတရံ ဇာတ်ကားသစ်များက သိပ်နာမည်မကြီးပါက အချိန်ဇယားကိုရွှေ့လိုက်နိုင်ပေသည်။

“ဒီကားကို ပြသချိန်များများထားပေးနိုင်ဖို့ မျှော်လင့်တယ်!”

“……”

‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို ကာကွယ်ပြောဆိုပေးကြသည့် အင်တာနက်အသုံးပြုသူများစွာရှိနေတာကြောင့် လက်မှတ်ရောင်းအားအပေါ် သံသယဝင်နေကြသည့် အင်တာနက်အသုံးပြုသူများမှာ အမှန်တရားကိုသိချင်လာကြတော့သည်။

ဒါကြောင့် နောက်ထပ်လူပေါင်းများစွာက လက်မှတ်တွေကိုဝယ်လာခဲ့တာကြောင့် ကောလဟာလဖြန့်ခဲ့သူများ ပိုလို့မနာလိုဖြစ်ကြရတော့သည်။

ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်မှလူများသည်လဲ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’အကြောင်း စိတ်ဝင်စားလာကြသည်။

ဒါကြောင့် သူတို့လဲ သွားကြည့်ကြရာ အလွန်သဘောကျသွားကြပြီး အမှန်တကယ်ကိုအရည်အသွေးမြင့်ကြောင်း လက်ခံခဲ့ကြသည်။ တည်းဖြတ်သည့်အပိုင်းနှင့် အထူးပြုလုပ်ချက်များထည့်သည့်အပိုင်းသည် တကယ်ကိုစိတ်ဝင်စားစရာကောင်းလှသည်။

ဒါကြောင့် ဇာတ်ကားတည်းဖြတ်ရေးအပိုင်းကို ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ကများ တာဝန်ယူခဲ့သလဲဆိုသည်ကလဲ ဆွေးနွေးမှုများသည့်ခေါင်းစဉ်တစ်ရပ်ဖြစ်လို့လာသည်။

မူယဲ့အကြောင်းကိုတော့ သူတို့တစ်ခါမှမကြားဖူးသော်လည်း သူတစ်ယောက်တည်းနှင့် ဇာတ်ကားတစ်ကားလုံးကို တည်းဖြတ်သွားတာကတော့ တကယ်ကိုမယုံနိုင်စရာကောင်းသည်ဟု တွေးမိနေကြသည်။

ဘာပဲဖြစ်ဖြစ် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို ထပ်ပြီးနာမည်မဖျက်ရဲကြပေမည့် မနာလိုဖြစ်စိတ်ကတော့ ရပ်တန့်နိုင်သည့်အရာမဟုတ်ပေ။

ဒါတင်မကသေး ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏ အစစ်အမှန်လက်မှတ်ရောင်းအားသည် သူတို့ဇာတ်ကားများ၏လက်မှတ်ရောင်းအားအတုထက်ပင် အများကြီးပိုသာနေသေးသည်။

သူတို့ကတော့ ကိုယ့်ရုပ်ရှင်လက်မှတ်ကို ထုတ်မရောင်းနိုင်ခဲ့တာကြောင့် လက်မှတ်ရောင်းအားအတုလုပ်ဖို့တောင် အခက်ကြုံနေရသည်။

…….

ကုနင်းတို့အဖွဲ့ ရုပ်ရှင်ရုံထဲဝင်လာသည်နှင့် အနားမှလူများ၏အာရုံစိုက်ခြင်းကို ချက်ချင်းခံလိုက်ကြရသည်။

လူတော်တော်များများမှာ ကုနင်းကို ချက်ချင်းမှတ်မိသွားခဲ့သည်။

“အဲ့ဒါ ကုနတ်ဘုရားမ မဟုတ်လား?”

“ဟမ်? ဘယ်မှာလဲ?”

“အရမ်းလှတာပဲ!”

“ဓါတ်ပုံတွေထဲမှာထက်တောင် ပိုလှသေးတယ်!”

“ဟိုင်း၊ ကုနတ်ဘုရားမရေ!”

ရုပ်ရှင်ရုံထဲရှိလူများမှာ ချက်ချင်းစိတ်လှုပ်ရှားကုန်ပြီး သူတို့ဖုန်းများကိုထုတ်ကာ မှတ်တမ်းတင်နေကြသည်မှာ အနုပညာရှင်တစ်ယောက် ရောက်လာသလားပင်ထင်မှတ်ရသည်။

ကုနင်းကလဲ အခုဆိုနာမည်ကြီးကြယ်ပွင့်တစ်ယောက်ဖြစ်နေပြီဖြစ်ကာ သူမတွင်အမာခံပရိသတ်များစွာလဲရှိနေပြီဖြစ်တာကြောင့် အနုပညာရှင်နှင့်သိပ်မကွာတော့ပေ။

တချို့မှာ ကုနင်းနှင့်အတူဓါတ်ပုံတွဲရိုက်ချင်ကြသော်လည်း သူမအနားတွင်လူအများကြီးရှိနေတာကြောင့် အနားမကပ်ရဲကြပေ။

ကုနင်းကတော့ သူမနာမည်ကို လူများခေါ်နေချိန် ပြုံး၍ပြန်နှုတ်ဆက်လေသည်။

“ကြည့်လိုက်၊ ကုနတ်ဘုရားမရေဲ့ဘေးက အမျိုးသားက အရမ်းခန့်ညားတာပဲ!”

“ဘုရားရေ၊ အဲ့လူက ငါတွေ့ဖူးသမျှထဲမှာ အချောဆုံးပဲ။”

“သူက ကုနတ်ဘုရားမရဲ့ချစ်သူများလား?”

“ဟုတ်မယ်ထင်တယ်။”

“အိုး၊ ကုနတ်ဘုရားမရဲ့ သူငယ်ချင်းတွေကလဲ ကြည့်ကောင်းကြတာချည်းပဲ။”

“ဟေ့၊ အဲ့ဒါ ထန်မိသားစုက ညီအစ်ကိုမဟုတ်လား?”

“ဘယ်ထန်မိသားစုလဲ?”

“Bမြို့ရဲ့အချမ်းသာဆုံး ထန်မိသားစုပေါ့၊”

“ဘာ? ဒါဆို အထက်တန်းလွှာအမွေဆက်ခံသူတွေပေါ့!”

“ဒါပေါ့!”

“……..”

ကုနင်းတို့အဖွဲ့ ဗီအိုင်ပီရုံထဲဝင်သွားကြသည်နှင့် လူအုပ်ကြီးလဲကွဲသွားကာ သူတို့ရိုက်ကူးထားသမျှ ဓါတ်ပုံများကို အင်တာနက်ပေါ်တင်ကြတော့သည်။

ဗီအိုင်ပီရုံသည် ပုံမှန်ရုံလောက်မကြီးသော်လည်း ကုနင်းတို့အဖွဲ့နေဖို့တော့ လုံလုံလောက်လောက်ကျယ်ဝန်းပေသည်။

ဇာတ်ကားစတင်သည်နှင့် ကုနင်း ဓါတ်ပုံတစ်ပုံရိုက်ကာ သူမWeiboပေါ်တွင် တင်လိုက်သည်။

ကုနင်း : ဒီနေ့အလုပ်အရမ်းများတဲ့နေ့ပဲ၊ အခုမှပဲ လာကြည့်ဖို့အချိန်ရှိတော့တယ်။ [ဓါတ်ပုံနှင့်တကွ]

ပုံထဲတွင် သူမ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကြည့်နေကြောင်းပြထားသည်။

ထိုပို့စ်တင်လိုက်ပြီးသည်နှင့် လူပေါင်းများစွာက ပြန်လည်မျှဝေမှုခြင်းကိုခံရကာ မှတ်ချက်များလဲပါရှိသည်။

လူတော်တော်များများက ကုနင်းအခုဘယ်ရုပ်ရှင်ရုံတွင်ရှိနေလဲမေးနေကာ ကုနင်းကလဲ သူမဖန်ရှန်းဈေးဝယ်စင်တာတွင်ရှိကြောင်း ပြန်ဖြေခဲ့သည်။

သို့ပေမည့် ဖန်ရှန်းဈေးဝယ်စင်တာမှာရှိနေကြသူများကတော့ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ကို စတင်မပြသသေးကြောင်း ပြန်ပြောကြသည်။

***

အခန်း ၉၉၉ အနာဂါတ်ကိုကြိုမြင်ခြင်း

တချို့ကတော့ ကုနင်း အခုဘယ်ရုံအခန်းထဲမှာရှိနေလဲမေးထားကြပေမည့် ကုနင်းကတော့ လျှို့ဝှက်ချက်ဟုသာ ပြန်ဖြေတာကြောင့် သူမပရိသတ်များစိတ်ပျက်သွားရသည်။ သူမပရိသတ်များမှာ ကုနင်းနှင့်အပြင်တွင်တွေ့ဆုံခွင့်မရတော့၍ ဝမ်းနည်းနေကြသော်လည်း ကုနင်းကတော့ ဂရုစိုက်မနေခဲ့ပေ။

ကုနင်း ရုပ်ရှင်ရုံထဲဝင်ကာစက ဓါတ်ပုံရိုက်ထားခဲ့သူများကတော့ ဂုဏ်ယူကာ ကျေနပ်လို့နေကြသည်။ သူတို့အားလုံးက ကုနင်း၏အလှနှင့်သူမသူငယ်ချင်းများ၏ ထင်ရှားလှသည့်ရုပ်ရည်သွင်ပြင်အပေါ် ချီးကျူးလို့နေကြလေသည်။

…….

ကုနင်း ဖုန်းကိုအသံပိတ်လိုက်ကာ ရုပ်ရှင်ကိုပဲ အာရုံစိုက်လိုက်သည်။

ရုပ်ရှင်စလိုက်သည်နှင့် ဗီအိုင်ပီရုံတစ်ခန်းလုံး အော်သံတစ်သံနှင့်ပြည့်နှက်သွားတော့သည်။

“ဘုရားရေ၊ ငါအသက်တောင် မရှူနိုင်တော့ဘူး။” ရုတ်တရက် ကျန်းကျီဟန်အော်ကာ ပြောလိုက်သည့်စကားကြောင့် ရုပ်ရှင်မှာအခုမှစရုံရှိသေး၍ သူ့သူငယ်ချင်းများမှာ မျက်လုံးကိုသာ လှန်လိုက်မိကြသည်။ သူတို့လဲ ကျန်းကျီဟန့်လိုခံစားချက်မျိုးရှိနေကြပြီဖြစ်ပေမည့် ဘယ်သူကမှတော့ သူ့လိုအော်ကြီးဟစ်ကျယ်ထုတ်မပြောကြပေ။

ကျန်းကျီဟန့် နည်းနည်းတော့စိတ်ညစ်လာခဲ့သည်။ သူကိုယ်တိုင်က သည်းထိတ်ရင်ဖို့ဇာတ်ကားပရိသတ်ဟုတ်မနေပေ။ သို့သော်လည်း အခုချိန်မှာ သူစကားမပြောသင့်တော့မှန်းသိတာကြောင့် ပါးစပ်ပိတ်ထားလိုက်တော့သည်။

မိနစ်အနည်းငယ်ကုန်လွန်ပြီးနောက်မှာတော့ သူတို့ထဲမှအများစု ကြောက်လန့်လာကြပြီဖြစ်ပေမည့် ဘယ်သူမှဝန်မခံကြသေးပေ။

သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်သော်လည်း ဇာတ်လမ်းအစမှအဆုံးထိ အားလုံးကြောက်ဖို့ကောင်းနေတာမဟုတ်ဘဲ ထိတ်လန့်စရာဇာတ်ဝင်ခန်းများမှာသာ အရမ်းကြောက်စရာကောင်းသွားတာဖြစ်သည်။

ကျန်းကျီဟန့်မှာတော့ အတတ်နိုင်ဆုံးအသံမထွက်အောင်နေ,နေသော်လည်း တခြားလူများ အထူးသဖြင့်မိန်းကလေးများသည်တော့ မထိန်းနိုင်ဘဲအော်ဟစ်ကုန်ကြတော့သည်။

ကုနင်း၊ လင်ရှောင်းထင် နှင့် ရှင်းပိုင်ကလွဲ၍ ကျန်လူအားလုံး ကြောက်လန့်နေကြခြင်းဖြစ်သည်။

ကျူးယွမ်ကျန်းနှင့်အန်းယန်မှာတော့ ကြောက်လွန်း၍ မျက်နှာများပင်ဖြူစုပ်လို့နေပေပြီ။ ချောင်ဝမ်ရှင်းနှင့်ချူးဖေ့ဟန်ကတော့ ဟန်မပျက်ရှိနေကြကာ စုအန်းယာနှင့်ယွီမီရှီသည်တော့ ကြောက်လန့်တုန်ရီနေကြသည်။

စုအန်းယာသည် ယွီမီရှီ၏ဘယ်ဘက်တွင်ထိုင်ကာ နှစ်ယောက်သား သတိလက်လွတ်နှင့် တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကြမိသည်အထိပင်။ ယွီမီရှီ၏ညာဘက်တွင် ကုနင်းထိုင်နေတာကြောင့် သူမက ယွီမီရှီ၏လက်ကိုဆွဲကာ ယွီမီရှီနှင့်စုအန်းယာတို့ဆီ မှော်စွမ်းအားများပို့လွှတ်ပေးနေခဲ့သည်။

ကုနင်း၏မှော်စွမ်းအားကြောင့် ယွီမီရှီနှင့်စုအန်းယာတို့ တဖြည်းဖြည်းပြန်လည်တည်ငြိမ်သွားကြသည်။ သို့သော်လည်း သူတို့ပုံမှန်အခြေအနေအတိုင်းပြန်ရောက်ဖို့ရာကတော့ အချိန်တစ်ခုလိုအပ်နေတုန်းပင်။

“သေရော၊ လန့်လိုက်တာ!” ရုတ်တရက် ဟောင်ရန်၏အော်သံထွက်လာခဲ့သည်။ “ငါသရုပ်ဆောင်တုန်းက ဘယ်လိုလုပ်သတိမထားခဲ့မိတာလဲ?”

“အရူး၊ ဒါက သီချင်းနောက်ခံနဲ့တည်းဖြတ်ပြီးမှ ကြောက်စရာကောင်းသွားတာလေ။” ချူးဖေ့ဟန်မှာတော့ ဟောင်ရန်၏တုံးအမှုကြောင့် မျက်လုံးသာလှန်လိုက်တော့သည်။

ဇာတ်ကားအများစုသည် နောက်ခံတီးလုံးနှင့်အထူးပြုလုပ်ချက်များအပေါ် မှီခိုထားတာဖြစ်သည်။

“သာမာန်သည်းထိတ်ရင်ဖိုဇာတ်ကားလို့ထင်ခဲ့တာ၊ ငါတွေးထားတာထက် အဆပေါင်းများစွာပိုကြောက်ဖို့ကောင်းတာပဲ။” အန်းယန် တုန်တုန်ရီရီနှင့်ဝန်ခံရတော့သည်။

“အစောက ဇာတ်ကားမကြည့်ခင်တုန်းက ငါ့ကိုသတ္တိကြောင်တဲ့လို့ ဘယ်သူတွေပြောခဲ့တာလဲ?” ဤတစ်ကြိမ်မှာတော့ ကျန်းကျီကျန့်လှောင်ရသည့်အလှည့်ရောက်သွားသည်။

ကျန်လူများမှာ သူ့စကားကိုငြင်းဆန်လိုကြပေမည့် ငြင်းနိုင်စွမ်းမရှိကြတော့ပေ။ ဤဇာတ်ကားကိုကြည့်ဖို့ သူတို့အားလုံးတကယ်ပဲ စိတ်ကိုပြင်ဆင်မထားမိကြပေ။

ကျူးယွမ်ကျန်းသည်လဲ ကြောက်နေတာကြောင့် ဘာမှမပြောနိုင်ခဲ့ပေ။

“ဒီကားကို နှလုံးရောဂါရှိတဲ့လူတွေမကြည့်သင့်တာ ငါလက်ခံသွားပြီ။” ကောင်းချန်ယွင်အတွက်လဲ ဤဇာတ်ကားသည် သူကြည့်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး သည်းထိတ်ရင်ဖိုကားမှန်း လက်ခံသွားပေပြီ။

ထန်ကျားယန်ကလဲ “နင်းနင်း၊ မင်းကုမ္ပဏီရဲ့ထုတ်လုပ်ရေးအဖွဲ့က တကယ်ကိုကောင်းတာပဲ! ငါတို့မိသားစုကုမ္ပဏီကအဖွဲ့တောင်မှ မင်းလောက်မကောင်းဘူးထင်တယ်။”

ထန်မိသားစုဖျော်ဖြေရေးကုမ္ပဏီ၏ ထုတ်လုပ်ရေးအဖွဲ့သည်လဲ နိုင်ငံတကာနှင့်ယှဉ်ကာ နာမည်ကြီးပေမည့် ထန်ကျားယန်ကတော့ ကုနင်း၏အဖွဲ့လို လုပ်နိုင်စွမ်းရှိမည်ဟု မထင်တော့ပေ။

ကုနင်းသည် သူမကိုကူညီဖို့ရန်အတွက် ထန်မိသားစု၏ထုတ်လုပ်ရေးအဖွဲ့ကိုငှားခဲ့ရင်တောင် ဇာတ်ကားက ဤမျှဆွဲဆောင်မှုရှိလိမ့်မည်မဟုတ်ပေ။

ထန်မိသားစုသည် ဖျော်ဖြေရေးနယ်ပယ်ကိုသိပ်အာရုံမထားတာကြောင့် ၎င်းတို့ပိုင်ဖျော်ဖြေရေးကုမ္ပဏီသည် သူ့နယ်ပယ်တွင်ထိပ်တန်းဖြစ်မနေတာဖြစ်သည်။

……

ထန်မိသားစုသည် နယ်ပယ်ပေါင်းများစွာတွင်ပါဝင်နေရာယူထားသော်လည်း နယ်ပယ်ရပ်တိုင်းထိပ်တန်းဖြစ်နေတာတော့မဟုတ်ပေ။ ၎င်းက အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့်ဈေးဝယ်စင်တာများကိုသာ အဓိကအာရုံထားတာဖြစ်သည်။

“ဒါကိုအဖွဲ့လိုက်လုပ်တာမဟုတ်ဘူး၊ တစ်ယောက်တည်းလုပ်တာ။”

“ဘာ? တစ်ယောက်တည်း?”

ကုနင်း၏စကားကြောင့် အားလုံးအလွန်အံ့ဩသွားကြတော့သည်။

ဇာတ်ကားတစ်ကားကိုတည်းဖြတ်ဖို့ဆိုတာ အရမ်းကိုရှုပ်ထွေးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် အလုပ်တစ်ခုပြီးမြောက်ဖို့ရန် လူဆယ်ယောက်မကပါဝင်သောအဖွဲ့တစ်ဖွဲ့လိုအပ်တာပင်။

‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’၏ထုတ်လုပ်ရေးအပိုင်းသည် ပြီးပြည့်စုံလုနီးပါးကောင်းမွန်လှတာကြောင့် တစ်ယောက်တည်းကလုပ်ဆောင်ခဲ့သည်ဆိုခြင်းက သူတို့ကိုမယုံကြည်နိုင်ဖြစ်စေသည်။

“ဟုတ်တယ်၊” ကုနင်းအတည်ပြုပေးလိုက်သည်။

“အဲ့လူက တကယ့်ဉာဏ်ကြီးရှင်ပဲဖြစ်ရမယ်!”

သူတို့ဘယ်လောက်ပဲ ထိုဉာဏ်ကြီးရှင်အကြောင်းသိချင်နေပါစေ ကုနင်းကတော့ ထိုလူအကြောင်းအသေးစိတ်ပြောပြလိမ့်မည်မဟုတ်ပေ။

“ငါတို့ဘယ်ဆက်သွားကြမလဲ?” နောက်တစ်နေရာအတွက် ချောင်ဝမ်ရှင်းမေးလိုက်သည်။

“နင်တို့ဘယ်သွားချင်လဲ?” ကုနင်းက ဟောင်ရန်တို့ကိုပြန်မေးလိုက်သည်။

“မင်းပဲ ဆုံးဖြတ်လိုက်တာမကောင်းဘူးလား?”

“အွန်၊ ငါတို့ ဘား၊ ဒါမှမဟုတ် ကလပ်ကိုသွားလို့ရတယ်၊ မဟုတ်လဲ အပျော်စီးလှေငှားပြီးပျော်ကြရင်ရော။” ထန်ကျားခိုင်ကပဲ အကြံဉာဏ်ပေးလာခဲ့သည်။

အပျော်စီးလှေဆိုသည့်စကားကိုကြားလိုက်ရသည်နှင့် ရုတ်ချည်းဆိုသလို ကုနင်း၏အမြင်အာရုံထဲ ပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့သည်။ လူအများကြီးမပါသည့် အပျော်စီးလှေတစ်စင်း၏သန့်စင်ခန်းထဲသို့ ကောင်မလေးတစ်ယောက်ဝင်သွားကာ သူမနောက်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်လိုက်သွားပြီး ရုတ်တရက်ဆိုသလို သူမပါးစပ်ကိုအုပ်လိုက်သည့်မြင်ကွင်းကို ကုနင်းမြင်လိုက်ရခြင်းပင်။

***

အခန်း ၁၀၀၀ နတ်ဆိုးလေ့ကျင့်ရေးသမားနှင့်ထပ်မံတွေ့ဆုံခြင်း

ကုနင်း သိပ်တွေးတောနေလိုက်စရာပင်မလိုဘဲ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားကို မှတ်မိသွားခဲ့တာကြောင့် ဘာတွေဖြစ်နေလဲ ခန့်မှန်းမိသွားသည်။ ထိုအမျိုးသားသည် နတ်ဆိုးလေ့ကျင့်ရေးမှလူပင်ဖြစ်သည်။ သူမရုတ်တရက်ထရပ်လိုက်တာကြောင့် သူမသူငယ်ချင်းများမှာ အံ့ဩသွားရကာ၊ “နင်းနင်း၊ ဘာဖြစ်လို့လဲ?” လင်ရှောင်းထင်က ဦးစွာမေးလာခဲ့သည်။

“အာ… ငါအခုချက်ချင်းလုပ်မှရမယ့်ကိစ္စတစ်ခုကို အမှတ်ရသွားလို့။ ရှောင်းထင်က ကျွန်မနဲ့လိုက်ခဲ့လိုက်ပါလား၊ ကျန်တဲ့လူတွေ သူတို့ဘာသာပျော်ကြပါစေ။” ကုနင်းအသေးစိတ်ကိုတော့မပြောခဲ့ပေ။

ကုနင်း အရေးကြီးကိစ္စလုပ်စရာရှိနေသည်ဆိုမှတော့ အားလုံးကလဲ မတားကြပေ။

ဒါကြောင့် ကုနင်းနှင့်လင်ရှောင်းထင်ပဲ အလျင်စလိုထွက်သွားခဲ့ကြသည်။

ကားပါကင်သို့ရောက်သည်နှင့် ကုနင်းက ချွမ်မင်ခိုင်ကိုဖုန်းဆက်ကာ ဆိပ်ကမ်းနံပါတ်၃မှာ သီးသန့်အပျော်စီးလှေတစ်စီးပြင်ဆင်ပေးထားဖို့ပြောလိုက်သည်။ အကြောင်းပြချက်အနေနဲ့ကတော့ သူမမြစ်ထဲအပန်းဖြေချင်၍ဟုသာ။

ချွမ်မင်ခိုင်ကလဲ ကုနင်း၏တောင်းဆိုချက်ကိုကြားသည်နှင့် အချိန်ဆွဲမနေဘဲ ချက်ချင်းပင်ဆောင်ရွက်ပေးလေသည်။

လင်ရှောင်းထင်ကတော့ မြစ်ဘေးရှိဆိပ်ကမ်းနံပါတ်၃သို့သာ အမြန်ဆုံးရောက်အောင် မောင်းနှင်နေကာ ကုနင်းကို အကြောင်းအရင်းမေးမနေခဲ့ပေ။ ကုနင်းဘက်ကသာ လိုအပ်သည်ထင်လျှင် သူ့ကိုပြောပြလာပေလိမ့်မည်။

ကုနင်းကတော့ ရှင်းပြရင်းအချိန်မဖြုန်းချင်တာကြောင့် တိတ်ဆိတ်နေခဲ့သည်။ လင်ရှောင်းထင်သာ သူမကိုမေးမြန်းလာခဲ့ပါလျှင်လဲ လိမ်ညာမှုတစ်ခုသာ အမြန်ဆုံးဇာတ်လမ်းဆင်ပြောပြဖြစ်မည်သာ။

ဆယ်မိနစ်ကျော်မျှမောင်းနှင်ပြီးနောက်တွင်တော့ ဆိပ်ကမ်းနံပါတ်၃သို့ရောက်ရှိသွားခဲ့သည်။

ကားရပ်,ရပ်ချင်းမှာပဲ နှစ်ယောက်သား ဝင်ပေါက်သို့အမြန်ဦးတည်သွားခဲ့သည်။

အခုချိန်က သိပ်လဲမစောတော့တာကြောင့် အပျော်စီးလှေအားလုံး နောက်နာရီဝက်အတွင်း ပြန်ကမ်းကပ်ကြတော့မည်ဖြစ်ကာ မြစ်၏ခပ်လှမ်းလှမ်းတစ်နေရာတွင်သာ တစ်စီးတည်းကျန်ရှိနေသည်။

ချွမ်မင်ခိုင်က ကုနင်းရောက်သည်နှင့် သူမဆီသို့ဝန်ဆောင်မှုပေးမည့် အမျိုးသားတစ်ယောက်လွှတ်ပေးမည်ဟု ပြောထား၍ ကုနင်းလဲ ကားပေါ်မှဆင်းသည်နှင့် ဖုန်းဆက်ထားခဲ့သည်။

ချွမ်မင်ခိုင် စီစဉ်ပေးထားသည့်အမျိုးသားက သူမတို့ကိုအဝင်ပေါက်တွင် စောင့်နှင့်နေပေပြီ။ ကုနင်းရောက်လာသည်ကိုမြင်သည်နှင့် ထိုလူကလဲ သူမဆီအမြန်ပြေးလာခဲ့သည်။

ချွမ်မင်ခိုင်ကိုယ်တိုင်အမိန့်ပေးထားခြင်းဖြစ်တာကြောင့် သူ့ဘက်က ကုနင်းကိုအလွန်ယဉ်ယဉ်ကျေးကျေးပင်ဆက်ဆံခဲ့သည်။

လင်ရှောင်းထင်လို အထူးတပ်ဖွဲ့မှထိပ်တန်းစစ်သားတစ်ယောက်အနေနှင့် လှေတစ်စီးကိုရွက်လွှင်ဖို့ဆိုသည်က အလွန်လွယ်ကူသည့်ကိစ္စရပ်ပင်။

လက်ရှိအချိန်တွင် မြစ်ထဲ၌ အပျော်စီးလှေ ၄-၅စီးသာရှိနေတာကြောင့် ကုနင်းလဲ စက္ကန့်ပိုင်းအတွင်း သူမပစ်မှတ်ကိုရှာတွေ့သွားကာ ထိုနေရာသို့သွားဖို့ရန် လင်ရှောင်းထင်ကိုပြောလိုက်သည်။

သူတို့စီးနင်းသည့်လှေက ကိုယ်ပိုင်အပျော်စီးလှေဖြစ်တာကြောင့် ပိုသေးကာ ပိုလဲမြန်မြန်ရွေ့လျားနိုင်သည်။

ကုနင်းကုန်းပတ်သို့ထွက်လိုက်ပြီး အပျော်စီးသင်္ဘောနှင့်ဘေးတိုက်အနေအထားနေလိုက်သည်။ သူမ၏ကျောက်စိမ်းမျက်ဝန်းကိုတော့ တချိန်လုံးဖွင့်ထားကာ ပစ်မှတ်လှေသို့သာ အာရုံစိုက်ထားသည်။

ပစ်မှတ်လှေနှင့်သူမလှေကြားတွင် မီတာငါးရာကျော်ခြားနေသေးတာကြောင့် ကုနင်းရှင်းရှင်းလင်းလင်းမမြင်နိုင်ပေမယ့် အောက်ဘက်တွင် နတ်ဆိုးကျောင်းကူးခတ်နေသည်ကိုတော့ သတိထားမိသည်။

နတ်ဆိုးကျောင်းလဲ နတ်ဆိုးကျင့်ကြံရေးသမားအနံ့ကိုခံမိတာကြောင့် လှေအောက်ကနေ လိုက်နေမှန်းသိသာလှသည်။

နတ်ဆိုးကျောင်းသည်လဲ နတ်ဆိုးသာဖြစ်တာကြောင့် နတ်ဆိုးကျင့်ကြံရေးမှလူဆီက ယင်စွမ်းအင်ကိုစုပ်ယူနိုင်ကာ ၎င်း၏ကျင့်ကြံရေးအတွက်ကောင်းပေသည်။ သို့သော်လည်း နတ်ဆိုးကျောင်းက ကုနင်း၏စကားများကိုမှတ်မိနေတာကြောင့် အပြစ်မဲ့သူများထိခိုက်မှုမဖြစ်စေရန်အတွက် အသာလေးနောက်မှသာလိုက်နေခြင်းဖြစ်သည်။

အခု ကုနင်းလဲရောက်နေပြီဆိုမှတော့ နတ်ဆိုးကျင့်ကြံရေးမှလူ မိန်းမငယ်လေးကိုထိခိုက်အောင်လုပ်မည်အား လက်ပိုက်ကြည့်နေတော့မည်မဟုတ်ပေ။ ဒါကြောင့် ထိုလူ၏အာရုံကိုဆွဲဆောင်ဖို့ရန် သူမ၏မှော်စွမ်းအားများကိုထုတ်လွှတ်လိုက်သည်။

တပြိုင်တည်းမှာပဲ နတ်ဆိုးကျောင်းကိုပါ ခေါ်လိုက်ခြင်းပင်။

သို့သော်လည်း သူတို့ကြားမှအကွာအဝေးက တော်တော်လေးဝေးတာကြောင့် ချက်ချင်းကြီးတော့ အာရုံမခံမိခဲ့ကြပေ။

အပျော်စီးလှေနီးစင်း နီးကပ်လာချိန်မှာတော့ ကုနင်းလဲ ပစ်မှတ်လှေပေါ်မှအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်သွားနိုင်သည်။ နတ်ဆိုးကျင့်ကြံသူက ကောင်မလေးကိုမျက်စိဒေါက်ထောက်ကြည့်နေကာ ကောင်မလေးကတော့ သန့်စင်ခန်းသို့သွားဖို့ပြင်နေသည်။

ထိုအချိန်မှာပဲ နတ်ဆိုးကျင့်ကြံသူရော နတ်ဆိုးကျောင်းပါ ကုနင်း၏မှော်စွမ်းအားကို အာရုံခံမိသွားကြသည်။

နတ်ဆိုးကျင့်ကြံသူမှာ အံ့ဩသွားပုံရပေမည့် ကုနင်းနှင့်ရင်ဆိုင်ရမည်ဖြစ်၍ မကျေမနပ်ဖြစ်သွားပုံပင်။

ကုနင်းကလဲ သူ့ပစ်မှတ်ပဲဖြစ်ပေမည့် သူမကတော့ အားနည်းသူဟုတ်မနေပေ။ သူမကိုရဖို့ဆိုတာက သူ့အတွက်တောင်ခက်ခဲပေသည်။ ကုနင်းနှင့်ထိပ်တိုက်တွေ့ဖို့ကို သူမကြောက်သော်လည်း အခုချိန်တော့မတွေ့လိုသေးပေ။

သူ့မှာ လနှစ်တွင်မွေးသည့်အပျိုစင်မိန်းကလေးတစ်ယောက်ကို အချိန်အတော်ကြာလိုက်ရှာခဲ့ရပြီး အခုဆို သွေးစုပ်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဒီလိုအခွင့်ရေးကြီးကို နောက်တစ်ကြိမ်ထပ်လက်လွှတ်ရမည်က သည်းမခံနိုင်စရာပင်။ ကံကောင်းစွာဖြင့် ကုနင်းက ပေါ်လာခဲ့ပြန်သည်။

သူသာ ကောင်မလေးနားကပ်ဖို့ကြိုးစားပါက ကုနင်းက သေချာပေါက် သူ့ကိုဝင်တားလိမ့်မည်မှန်း သိနေခဲ့သည်။

ကုနင်းသည် သူ့ထက်အတိုက်အခိုက်သာလွန်လှကာ သူ့ဘက်က ဘာမှမပြင်ဆင်ရသေးခင် သူမသာ တကယ်ဝင်တိုက်လာပါက သူသာ ဒဏ်ရာရရင်ရ မဟုတ်ရင် တခါတည်းအဖမ်းခံလိုက်ရနိုင်သည်။ အဖမ်းကတော့ ဘယ်လိုမှမခံချင်တာကြောင့် ကောင်မလေးကိုလက်လွှတ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

တကယ်တော့ ကုနင်း ဒီလိုအချိန်ကောင်းကြီးပေါ်လာခဲ့တာကြောင့် သူတော်တော်ဒေါသထွက်နေပေပြီ။

ဒါကြောင့် ပုန်းနိုင်ဖို့နေရာတစ်နေရာကိုရှာကာ မှော်စွမ်းအားလားရာကို ရှာဖွေကြည့်လိုက်ပေမည့် သူတို့ဘက်သို့လာနေသည့်လှေပေါ်တွင် ဘယ်သူ့ကိုမှမတွေ့ခဲ့ပေ။

ကုနင်းက ကုန်းပတ်ပေါ်တွင်ဒူးထောက်ထိုင်နေတာကြောင့် ထိုလူ သူမကိုမမြင်နိုင်တာပင်။

ကုနင်း ဒူးထောက်ထိုင်နေရတာကလဲ နတ်ဆိုးကျောင်း မှော်စွမ်းအားလားရာအတိုင်း ကူးခတ်လာနိုင်စေရန်ဖြစ်သည်။

လှေက ကိုယ်ပိုင်အပျော်စီးလှေဖြစ်တာကြောင့် ကုန်းပတ်အစွန်းနှင့်ရေမျက်နှာပြင်က သိပ်မကွာလှပေ။

ကုနင်း သူမလက်ကို ရေထဲသို့ဆန့်ထုတ်ထားခဲ့သည်။ နတ်ဆိုးကျောင်းက သူမလက်ချောင်းတွေကိုထိလာသည်နှင့် ချက်ချင်းပင် စိတ်စွမ်းအင်အာကာပြင်ထဲထည့်သွင်းလိုက်တော့သည်။

ကုနင်း ပြန်ပြီးမတ်တပ်ရပ်လာမှသာ ထိုလူမှာမြင်နိုင်တော့သော်လည်း ကုနင်းက မှော်စွမ်းအားများလွှမ်းခြုံနေသည့်မိန်းကလေးဖြစ်ကြောင်း သေချာသိနေသည်။

ကုနင်းက ထိုလူ၏အကြည့်များကို ရှောင်ရှားနေခြင်းမရှိဘဲ တည့်တည့်ပင်ပြန်စိုက်ကြည့်လိုက်သည်။ အကြောင်းကတော့ သူမ သူ့ကိုစောင့်ကြည့်နေ၍ အပြစ်မဲ့သည့်ကောင်မလေးကို ထိခိုက်အောင်မလုပ်ဖို့ သတိပေးနေခြင်းပင်။

ထိုလူမှာ ရုတ်တရက်ကြောင်အနေမိကာ ကုနင်း သူ့ကြောင့်ရောက်လာခြင်းဖြစ်မှန်း နားလည်သွားခဲ့သည်။

ကုနင်း သူ့ကိုရှာတွေ့သွားပြီဆိုမှတော့ သူလဲဆက်ပုန်းမနေတော့ဘဲ ကုနင်းနှင့်မျက်နှာချင်းဆိုင်တွေ့ရန် ထွက်လာလိုက်တော့သည်။

သူအခုဘာဆက်လုပ်ရင်ကောင်းမလဲ? သူတကယ်ကိုမတွေးတတ်တော့ပေ။

All Chapters