အခန်း (၁၀၀၁-၁၀၀၅)
Vol. 67 Ch. 1001-1005
အခန်း ၁၀၀၁ ချင်းကုန်း?
ကုနင်းစီးနင်းလာသည့် ကိုယ်ပိုင်အပျော်စီးလှေက နတ်ဆိုးကျင့်ကြံသူရှိနေသည့် အပျော်စီးလှေနားနီးကပ်လာချိန်မှာတော့ ကုနင်းက ဘေးတိုက်အပြိုင်မောင်းရန် လင်ရှောင်းထင်ကိုပြောလိုက်သည်။
“ဆာရ်၊ ကျွန်မတို့အေးအေးဆေးဆေးစကားပြောလို့ရအောင် ကျွန်မလှေပေါ်တက်လာခဲ့ရင်မကောင်းဘူးလား?” ကုနင်းက နတ်ဆိုးကျင့်ကြံရေးသမားကိုလှမ်းပြောလိုက်ခြင်းပင်။
လင်ရှောင်းထင်လဲ ထိုတော့မှ ကုနင်းက ထိုလူနှင့်တွေ့ဖို့ရည်ရွယ်ထားကြောင်း သတိသွားခဲ့ကာ ထိုလူကိုမြင်လိုက်သည်နှင့် မှတ်မိသွားခဲ့သည်။ ထိုလူ၏ယင်စွမ်းအားမှာ အမှန်ကိုသိသာလှသည်။ သာမာန်လူများဆိုလျှင် ခံစားသိရှိနိုင်မည်မဟုတ်သော်လည်း လင်ရှောင်းထင်ကတော့ ခံစားနိုင်ခဲ့သည်။
ကုနင်းက သူ့ကြောင့်နဲ့တမင် ဒီကိုလာမှန်း နတ်ဆိုးကျင့်ကြံသူသိနေသော်လည်း သူကိုယ်တိုင်ကလဲ ကုနင်းကိုရှာနေခြင်းဖြစ်တာကြောင့် ကုနင်း၏ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။
“ရတာပေါ့!” ထိုလူကပြောပြီးသည်နှင့် ကုနင်း၏လှေပေါ်သို့ချက်ချင်းခုန်တက်လိုက်သည်။
ထိုအချင်းအရာကိုကြည့်နေကြသူများမှာတော့ ထိတ်လန့်အံ့ဩသွားကြသည်။
“ဘုရားရေ၊ အဲ့လူ ဟိုဘက်လှေပေါ်ဒီအတိုင်းလေး ခုန်ကူးသွားတယ်ပေါ့!”
“အဲ့ဒါ ချင်းကုန်းလား?” (ချင်းကုန်း-ကိုယ်ဖော့ပညာ)
အမှန်ကို ချင်းကုန်းပင်။
အနာဂါတ်တွင် နတ်ဘုရားများဖြစ်ဖို့ရန် မျှော်မှန်းရင်း စိတ်စွမ်းအားလေ့ကျင့်သူတွေရှိလာတော့မှာဖြစ်သည်။ ဒါ့အပြင် နတ်ဘုရားတွေပျံသန်းနိုင်တာကတော့ ပြောနေစရာပင်လိုတော့မည်မဟုတ်ပေ။
နတ်ဆိုးကျင့်ကြံသူ၏ စိတ်စွမ်းအင်လေ့ကျင့်မှုသည် အလုံးစုံပြီးမြောက်ခြင်းမရှိသေးသော်လည်း သူ့လက်ရှိအဆင့်တွင် ချင်းကုန်းကိုကောင်းကောင်းလုပ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း အမြင့်ကြီးတော့မပျံနိုင်သေးဘဲ ၂ပြ၃ပြလောက်အမြင့်သာရသည်။
သာမာန်လူများအနေနဲ့တော့ အခုလိုချင်းကုန်းကို ကိုယ်တွေ့မမြင်ဖူးကြတာကြောင့် မယုံနိုင်ဖြစ်နေကြသည်။
လင်ရှောင်းထင်ကတော့ ထိုလူကို ကုနင်းဖမ်းဖို့လုပ်နေမှန်း နားလည်တာကြောင့် အပြစ်မဲ့သည့်လူများမထိခိုက်စေရေးအတွက် လှေကိုပြန်ခွာလိုက်သည်။
“မင်း ငါ့ကြောင့်ရောက်လာတာလား?” နတ်ဆိုးကျင့်ကြံသူသည် အဖြေရှိပြီးသားမေးခွန်းကိုမေးလာသည်။
“ဟုတ်တယ်။”
“မင်းဘယ်လိုလုပ် ငါ့ကိုရှာတွေ့သွားတာလဲ?” ဤတစ်ကြိမ်ကတော့ တကယ်သိချင်လို့မေးလိုက်တာပင်။
“ရှင့်ကို အာရုံခံမိလို့လေ။” ကုနင်းဖုံးကွယ်မနေခဲ့ပေ။
“မင်းဘယ်သူလဲ? ဘာရည်ရွယ်ချက်နဲ့လိုက်နေတာလဲ?”
“ကျွန်မက သာမာန်လူတစ်ယောက်ပါ၊ ရှင်က ဘေးဒုက္ခအရမ်းများလို့ ရှင့်ကိုဖျက်ဆီးပစ်ချင်တာပဲရှိတယ်။” ကုနင်း သူမကိုယ်သူမ ကယ်တင်ရှင်ကြီးအဖြစ် မမှတ်ယူသော်လည်း နတ်ဆိုးကျင့်ကြံရေးသမားကို တွေ့ပြီးမှတော့ ဘေးထွက်ရပ်နေလိမ့်မည်မဟုတ်ပေ။
သူမကိုယ်တိုင်ကလဲ နောက်တစ်ကြိမ်အတွက် အပြစ်မဲ့ခံရသူဖြစ်သွားနိုင်သည်။ သူမဘက်က ထိုလူများနှင့်ဝေးဝေးနေရင်တောင် ထိုလူတွေကတော့ သူမ၏မှော်စွမ်းအားကြောင့် ချဉ်းကပ်လာကြဦးမှာပင်။
ဒါကလဲ သူမပြန်လည်ဝင်စားလာခြင်း၏အကြောင်းအရင်းဖြစ်နိုင်ပေမည့် တကယ့်အကြောင်းအရင်းကိုတော့ သူမလဲသေချာမသိပေ။
သူမပြန်လည်ဝင်စားပြီးကတည်းက သူမကိုယ်တိုင်တောင်မယုံကြည်နိုင်ဖြစ်ရသည့် အထူးအဆန်းများစွာနှင့်ကြုံတွေ့ခဲ့ရတာကြောင့် ဒါတွေက သူမအနာဂါတ်တွင် ပါဝင်လာမည့်အခြေအနေများအတွက် အရိပ်အမြွက်ပြနေခြင်းဟု တွေးမိသည်။ ဒါ့အပြင် နတ်ဆိုးကျင့်ကြံရေးသမားများနှင့် သူမတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လိမ့်ဦးမည်ဟုလဲ အာရုံရနေသည်။
သူမ၏ကြိုတင်သိမြင်မှုများသည် အမြဲတမ်းမှန်ကန်နေတာကြောင့် ပေါ့ပေါ့မနေရဲဘဲ သူမကိုယ်သူမကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားချင်သည်။
“ဒါမင်းကိစ္စမဟုတ်ဘူး။” နတ်ဆိုးကျင့်ကြံသူက ပြန်ပြောလိုက်သည်။ အစကတည်းက သူ့ပစ်မှတ်က ကုနင်းမဟုတ်ခဲ့သော်လည်း ကုနင်းကတော့ သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဝင်နှောင့်ယှက်နေသည်။
“ဟုတ်ပါတယ်၊ အရင်ကဆိုရင်တော့ ဒါကျွန်မနဲ့ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် အခု ရှင်က ကျွန်မမှော်စွမ်းအားကိုလိုချင်နေပြီဆိုတော့ ကွာခြားသွားပြီလေ။” ကုနင်းကပြောပြီးသည်နှင့် သူမမှော်စွမ်းအားကို ပြန်သိုဝှက်ထားလိုက်တာကြောင့် နတ်ဆိုးကျင့်ကြံသူ အံ့ဩသွားရတော့သည်။
အံ့ဩမှုက သိပ်မကြာလိုက်ပါဘဲ သူမ၏မှော်စွမ်းအားကို သိမ်းနိုင်ထုတ်နိုင်တာကြောင့် အရင်ရက်တွေက သူမကိုရှာမတွေ့ခြင်းမှန်း သဘောပေါက်သွားတော့သည်။
ဒါ့အပြင် နတ်ဆိုးကျင့်ကြံသူသည် အလိုလောဘများပြည့်နှက်နေသည့်အကြည့်ဖြင့် မျက်လုံးပင့်လိုက်သည်။
“မင်းပြောတာမှန်တယ်၊ ငါက မင်းခန္ဓာကိုယ်မှာလှည့်ပတ်နေတဲ့မှော်စွမ်းအားကိုလိုချင်နေတာ၊ ဒီတော့ ငါ့ကိုအခုချက်ချင်းပေးလိုက်တော့။” နတ်ဆိုးကျင့်ကြံသူက ပြောပြီးသည်နှင့် ချက်ချင်းပင် ကုနင်းကိုတိုက်ခိုက်တော့သည်။
ကုနင်းနှင့်ရင်ဆိုင်တိုက်ခိုက်ရလျှင် အနိုင်ရပါ့မလား မသေချာရင်တောင် လောလောဆယ်တော့ သူ့မှာရွေးချယ်စရာမရှိတော့ပေ။
လင်ရှောင်းထင်မှာ ကုနင်းကိုစိုးရိမ်သွားသော်လည်း ထိုလူက ချက်ချင်းကြီးတော့ ကုနင်းကိုထိခိုက်အောင်လုပ်နိုင်မည်မဟုတ်မှန်း သိနေတာကြောင့် တိုက်ပွဲထဲဝင်မပါသေးဘဲ လှေကိုသာ တခြားလှေများနှင့်ဝေးရာသို့ မောင်းနှင်သွားခဲ့သည်။
ကုနင်းသည်လဲ ရုတ်တရက်တိုက်ခိုက်ခံရသည့်အတွက် ကြောင်အမသွားဘဲ မှော်စွမ်းအားကိုသုံးကာ သူမခွန်အားကိုတိုးမြှင့်လိုက်သည်။ ဒါကြောင့် အချိန်တိုလေးအတွင်းမှာပဲ အခြေအနေက သူမထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားလေသည်။
နတ်ဆိုးကျင့်ကြံရေးသမားအတွက်လဲ တိုက်ပွဲတွင် ပိုလို့ခက်ခဲလာရသည်။
သူတို့တိုက်ပွဲက ပြင်းထန်လွန်းတာကြောင့် အပျော်စီးလှေမှာ လူးလွန့်နေသည်။ ကံကောင်းစွာဖြင့် အခုဆို တခြားလှေများနှင့်ဝေးကွာသွားပြီဖြစ်တာကြောင့် ဘယ်သူမှ သူမတို့လှေအခြေအနေကို မမြင်နိုင်တော့ပေ။
နတ်ဆိုးကျင့်ကြံရေးသမားသည်တော့ ကုနင်းက သူ့ထက်ပိုသာနေ၍ အလွန်ဒေါသထွက်နေကာ ကုနင်းကို သာမာန်မိန်းကလေးတစ်ယောက်ပါဟု မယုံနိုင်တော့ပေ။
ကုနင်းတွင် မှော်စွမ်းအားရှိနေသလို တိုက်ခိုက်ရည်က သူမတူအောင်ကောင်းမွန်နေပေမည့် တခြားကျင့်ကြံသူများလိုခံစားချက်မျိုးလဲ မရပေ။
နတ်ဆိုးကျင့်ကြံသူမှာ စိတ်ရှုပ်ထွေးနေမိသော်လည်း အခုက ထိုအကြောင်းအေးအေးဆေးဆေးတွေးနေဖို့ အချိန်ကောင်းမဟုတ်မှန်းလဲသိသည်။
သူက ရေကူးကျွမ်းကျင်တာကြောင့် သူနိုင်ဖို့လုံးဝမဖြစ်နိုင်မှန်း သိလိုက်သည်နှင့် ချက်ချင်းပင် မြစ်ထဲသို့ခုန်ချသွားတော့သည်။
သို့ပေမည့် ကုနင်းကတော့ သူ့ကိုဒီအတိုင်းလွှတ်ပေးလိုက်မည်မဟုတ်ပေ။
သူမသည် ရေထဲတွင်အသက်ရှူနိုင်သလို စကားလဲပြောနိုင်သူဖြစ်တာကြောင့် နတ်ဆိုးကျင့်ကြံသူရေထဲခုန်ချသည်နှင့် သူမလဲချက်ချင်းခုန်ဆင်းလိုက်သည်။
လင်ရှောင်းထင်မှာ ကုနင်းတွင်မှော်စွမ်းအားရှိမှန်းမသိတာကြောင့် သူမမြစ်ထဲခုန်ချသွားသည်ကိုမြင်လိုက်သည်နှင့် အလွန်စိုးရိမ်ပူပန်သွားကာ သူပါလိုက်ခုန်ချလိုက်သည်။
လင်ရှောင်းထင် ရေထဲလိုက်ပါခုန်ချသည်ကို ကုနင်းမမြင်ခဲ့သော်လည်း အသံတော့ကြားနိုင်သည်။ လင်ရှောင်းထင်ရေကူးကျွမ်းမှန်း သူမသိသော်လည်း သူက သာမာန်လူသားဖြစ်နေတုန်းပင်။
ကုနင်းမှာ လင်ရှောင်းထင်အတွက် စိုးရိမ်မိသွားသော်လည်း အဓိကအချက်ကိုတော့ အာရုံစိုက်နိုင်သေးသည်။
ညဘက်ရေအောက်သည် အလွန်မှောင်မိုက်လှတာကြောင့် ကုနင်းနှင့်နတ်ဆိုးကျင့်ကြံသူကို လင်ရှောင်းထင် ကောင်းကောင်းမမြင်နိုင်သလို ကုနင်းနားရောက်ဖို့ရန်လဲ လျင်မြန်စွာကူးခတ်နိုင်ခြင်းမရှိပေ။
***
အခန်း ၂၀၀၂ ကျင့်ကြံခြင်းအဆင့်များ
နတ်ဆိုးကျင့်ကြံသူသည် သာမာန်လူသားလုံးဝမဟုတ်တာကြောင့် လင်ရှောင်းထင်ထက် ပိုသာလွန်စွာ ကုနင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဒါ့အပြင် လင်ရှောင်းထင်ထက်လဲ ပိုမြန်မြန်ကူးခတ်နိုင်သည်။ ကုနင်းသည်လဲ ကျောက်စိမ်းမျက်ဝန်းအကူအညီကြောင့် ထိုလူကိုကောင်းကောင်းမြင်နိုင်သလို ရေထဲတွင်ငါးတစ်ကောင်လို လွတ်လပ်စွာကူးခတ်နိုင်သေးသည်။
ကုနင်း ထိုလူကိုလိုက်မှီသွားချိန်မှာတော့ လင်ရှောင်းထင်နှင့် ခပ်ဝေးဝေးသို့ရောက်ရှိနေပြီဖြစ်သည်။
လင်ရှောင်းထင်မှာ စိုးရိမ်နေမိသော်လည်း ကုနင်းကို ဘယ်လိုမှအမှီမလိုက်နိုင်ပေ။
နတ်ဆိုးကျင့်ကြံသူသည်လဲ ကုနင်း၏လျင်မြန်ဖျတ်လတ်မှုကြောင့် လွန်စွာအံ့ဩနေခဲ့သည်။ ရေထဲမှာသာဆို သူ ကုနင်းကိုအလွယ်လေးအနိုင်ယူနိုင်တော့မည်ဟု တွေးထားခဲ့တာပင်။ ဒါကြောင့် သူ့အတွေးနှင့်ဆန့်ကျင်ဘက်ဖြစ်နေချိန်တွင် မအံ့ဩမိဘဲမနေတော့ပေ။
ကုနင်းကို သူပေါ့ပေါ့တွေးခဲ့မိမှန်း နားလည်သွားကာ ထိုမိန်းကလေးသည် သူ့တွေးခေါ်နိုင်စွမ်းကိုပင် ကျော်လွန်နေကြောင်း သိသွားတော့သည်။
သုံးဦးသား ရေထဲတွင်အချိန်အတော်ကြာရှိနေခဲ့ကြသည်။
လင်ရှောင်းထင် အသက်အန္တရာယ်ရှိမည်ကို ကုနင်းစိုးရိမ်မိတာကြောင့် နတ်ဆိုးကျောင်းကို ထုတ်လွှတ်ကာ အမိန့်ပေးလိုက်တော့သည်။ “အဲ့လူကို သွားဖမ်းခဲ့။”
“ကောင်းပြီ။” နတ်ဆိုးကျောင်းက ပြောပြီးသည်နှင့် ချက်ချင်းပင် နတ်ဆိုးကျင့်ကြံသူကိုတိုက်ခိုက်တော့သည်။ ကုနင်းကတော့ ထိုအချိန်မှာပဲ လင်ရှောင်းထင်ရှိရာသို့ ပြန်ကူးခတ်သွားသည်။
နတ်ဆိုးကျင့်ကြံသူမှာ နတ်ဆိုးကျောင်းကိုမြင်ပြီး ရုတ်တရက်မှင်သက်နေခဲ့သည်။ နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနှင့် သရဲများ မကောင်းဆိုးဝါးများ အမှန်တကယ်တည်ရှိသည်ကို သိရှိထားပေမည့် ကောင်မလေး၏ဘေးမှ ရုတ်တရက်ကြီးကျောင်းတစ်ကောင်ပေါ်လာချိန်မှာတော့ အံ့ဩမိရစဲပင်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နတ်ဆိုးကျင့်ကြံသူမှာ ကြံရာမရတော့ပေ။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ ရေထဲတွင်ဆုံသွားကြသည်။ လင်ရှောင်းထင်မှာ ကုနင်းကိုစမိးမိသွားကာမှ အနည်းငယ်စိတ်အေးသွားသော်လည်း လုံးဝစိတ်သက်သာရာမရသေးတာကြောင့် သူမကိုဆွဲဖက်ထားလိုက်သည်။
လင်ရှောင်းထင် သူမကိုအလွန်စိုးရိမ်နေကြောင်း ကုနင်းနားလည်တာကြောင့် သူ့ကိုချက်ချင်းတွန်းထုတ်ပစ်ခြင်းမရှိပေ။
လင်ရှောင်းထင်မှာ အောက်ဆီဂျင်ပြတ်လတ်ခါနီးနေပြီဖြစ်ကာ ကုနင်းလဲ အသက်မရှူနိုင်ဖြစ်သွားမည်ကို စိုးရိမ်တာကြောင့် ကုနင်းကိုဆွဲကာ အပေါ်ဘက်သို့ကူးခတ်သွားသည်။
နှစ်ယောက်သားရေပေါ်ပြန်ပေါ်လာသည်နှင့် လှေပေါ်ပြန်မတက်ရသေးတာတောင် လင်ရှောင်းထင်က ထပ်ပြီး ကုနင်းကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ပြန်သည်။ “နင်းနင်း၊ အဆင်ပြေရဲ့လား?”
“စိတ်မပူပါနဲ့၊ ကျွန်မအဆင်ပြေပါတယ်။”
“တကယ်ကော ဟုတ်ရဲ့လား?” လင်ရှောင်းထင် စိုးရိမ်မှုဖြင့်ထပ်မေးလိုက်ပြန်သည်။
“စိတ်အေးအေးထားပါ၊ ကျွန်မတကယ်အဆင်ပြေတယ်။”
“ဒါဆို ကောင်းတယ်၊ ကောင်းတယ်။”
ရေထဲမှာတော့ ကျောင်းနှင့်နတ်ဆိုးကျင့်ကြံသူတို့ တိုက်ခိုက်နေကြတာကြောင့် လှိုင်းကြမ်းများဖြစ်ပေါ်လာကာ ကုနင်းနှင့်လင်ရှောင်းထင်တို့ကို မီတာအတော်ဝေးဝေးဆီ ပုတ်ထုတ်မိသွားသည်။ ဒီလိုသာဆက်သွားလျှင် အပြစ်မဲ့သည့်ပြည်သူများကိုပါ ထိခိုက်လာစေနိုင်သည်။
အဓိကပြဿနာအနေနဲ့ နတ်ဆိုးကျောင်းသည် အဖျက်စွမ်းအားကြီးမားတာကြောင့် ၎င်း၏ခွန်အားအလုံးစုံကို ထုတ်သုံးလိုက်ပါက ဆူနာမီတောင်ဖြစ်သွားနိုင်သည်။
ဒါကြောင့် ကုနင်းလဲ လင်ရှောင်းထင်ကို တွန်းထုတ်လိုက်ရသည်။ “ရှောင်းထင်၊ ကျွန်မကိုယုံပေးပြီး လှေဆီပြန်တော့။ ကျွန်မဒါကိုကိုင်တွယ်မှဖြစ်မယ်၊ မဟုတ်ရင် ထိန်းမနိုင်သိမ်းမရတွေဖြစ်ကုန်လိမ့်မယ်။”
“ကိုယ်ပါမင်းနဲ့လိုက်မယ်လေ။”
“မဖြစ်ဘူး။ ရှောင်းထင်၊ ကျွန်မအခု ရှင့်ကိုပြောမပြနိုင်တာတွေရှိသေးတယ်၊ ဒါပေမယ့် ကျွန်မသေချာပေါက်အဆင်ပြေမှာပါ။”
ကုနင်းကို ဘယ်လောက်ပဲတစ်ယောက်တည်းပြန်မလွှတ်ချင်ပါစေ နောက်ဆုံးတော့ လင်ရှောင်းထင်သဘောတူပေးလိုက်ရစဲသာ။ ဒါကြောင့် သူမကိုအနမ်းပေးလိုက်ပြီး၊ “ဂရုစိုက်နော်။” ဟုသာ ပြောလိုက်ရသည်။
“ဟုတ်ပါပြီ။” ထို့နောက် ကုနင်း ရေထဲတဖန်ပြန်ငုပ်သွားသည်။ သူမက နတ်ဆိုးကျင့်ကြံသူနှင့်ကျောင်းရှိရာသို့ ကူးသွားချိန် လင်ရှောင်းထင်ကတော့ သူမစကားနားထောင်ကာ အပျော်စီးလှေရှိရာသို့ ပြန်သွားလေသည်။
…….
တကယ်တော့ နတ်ဆိုးကျင့်ကြံသူ၏ကျင့်ကြံရေးအဆင့်သည် အဆင့်လေးသာရှိသေးတာကြောင့် ကုနင်းစိုးရိမ်နေဖို့မလိုအပ်ပေ။
အဆင့်၄ဆိုသည်က ကျင့်ကြံသူတစ်ယောက်အတွက် အလယ်အလတ်အဆင့်ကိုဆိုလိုသည်။
ကျင့်ကြံသူများ၏အဆင့်ကို လေးပိုင်းခွဲခြားထားကာ တစ်ပိုင်းတွင် အဆင့်သုံး ဆင့်ပါဝင်သည်။
အားလုံးပေါင်းကတော့ အဆင့်၁၂ဆင့်ရှိသည်။ အဆင့်၁မှအဆင့်၃အထိကို ဂျူနီယာအဆင့်၊ အဆင့်၄မှ အဆင့်၆အထိကို အလယ်အလတ်အဆင့်၊ အဆင့်၇မှအဆင့်၉အထိကို စီနီယာအဆင့်နှင့် အဆင့်၁၀မှအဆင့်၁၂အထိကိုတော့ ထိပ်တန်းအဆင့်ဟု သတ်မှတ်သည်။
အဆင့်၁၂သို့သာရောက်ပါက နတ်ဘုရားဖြစ်လာနိုင်သည်။
သို့သော်လည်း ယခုခေတ်တွင် မှော်စွမ်းအားအလွန်ရှားပါးလွန်းတာကြောင့် အဆင့်တက်ဖို့ဆိုတာက လွန်စွာခက်ခဲပေသည်။
ထိုအဆင့်သတ်မှတ်ချက်များကို ကုနင်း အင်တာနက်ပေါ်မှဖတ်ဖူးခြင်းဖြစ်ကာ မှန်လားမမှန်လားမသေချာပေ။ ဒါကြောင့် လက်တွေ့ဘဝတွင် ထိုအကြောင်းပိုသိဖို့ကြိုးစားရဦးမည်ဖြစ်သည်။
ကျင့်ကြံသူများသည် သာမာန်လူသားများနှင့်လုံးဝကွာခြားကာ သာမာန်လူသားများကို အလွယ်တကူအနိုင်ယူနိုင်စွမ်းရှိသည်။
သူတို့ရဲ့ခွန်အားက ရုပ်ခွန်အားပေါ်ကိုဘဲ မှီခိုနေတော့တာမဟုတ်ပေ။
ယခုနတ်ဆိုးကျင့်ကြံသူ၏အဆင့်က၄ဆိုမှတော့ နတ်ဆိုးကျောင်းမပြောနှင့် ကုနင်းကိုတောင် အနိုင်မယူနိုင်ပေ။
ကုနင်းဆိုလျှင်လဲ သူမမှာကျောက်စိမ်းမျက်ဝန်းရှိမနေပါက နတ်ဆိုးကျောင်းကိုထိန်းချုပ်နိုင်ပါမည်ဟု ယုံကြည်ချက်မရှိပေ။
ဒါကြောင့် နတ်ဆိုးကျောင်းသည် နတ်ဆိုးကျင့်ကြံသူ၏ဘေးပတ်လည်တွင် ရစ်ဝဲနေခဲ့သည်။
ထိုလူ၏ကျင့်ကြံမှုကို နတ်ဆိုးကျောင်းမှာ လောဘတကြီးစုပ်ယူပစ်လိုသော်လည်း ကုနင်းသူ့ကိုအမိန့်မပေးခင်မှာတော့ အလောတကြီး မြိုမချပစ်ရဲပေ။
…….
နတ်ဆိုးကျင့်ကြံသူမှာ ရေထဲတွင်၁၀မိနစ်ကျော်နေပြီးတာတောင်မှ သူ့အတွက်သက်ရောက်မှုမရှိသေးတာကြောင့် သူ၏ရေကူးနိုင်စွမ်းမှာ အလွန်ကောင်းသည်ဟု ပြောနိုင်သည်။
***
အခန်း ၁၀၀၃ အဲ့လူကိုဖမ်း
နတ်ဆိုးကျင့်ကြံသူများသည် သူတို့ရှာနိုင်သမျှ ယင်စွမ်းအင် ဒါမှမဟုတ် ဘယ်မှော်စွမ်းအင်ကိုမဆို ဆုပ်ယူနိုင်သည်။
ယင်စွမ်းအင်၏အကူအညီဖြင့် ထိုလူသည် ရေထဲတွင် နာမည်ဝက်လောက်အထိကို နေနိုင်ပေသည်။
“သခင်မလေး၊ ငါဘာဆက်လုပ်ရမလဲ?” ကုနင်း အနားရောက်လာသည်နှင့် နတ်ဆိုးကျောင်းကမေးလိုက်သည်။
“ငါသူ့ကိုခေါ်သွားပြီး နည်းနည်းပါးပါးမေးချင်သေးတယ်။”
“အိုး…” နတ်ဆိုးကျောင်းမှာ အနည်းငယ်စိတ်ပျက်သွားသော်လည်း သိပ်မကြာပေ။
နတ်ဆိုးကျင့်ကြံသူ၏ ကျင့်ကြံမှုသည် သိပ်မဆိုးဘူးဆိုရင်တောင် ကုနင်း၏မှော်စွမ်းအားက အဆများစွာပိုကောင်းသည်။ ဒီလူက ကုနင်းအတွက်အသုံးဝင်တယ်ဆိုမှတော့ နတ်ဆိုးကျောင်းအနေနဲ့ ထိုလူကိုခိုးယူနေတော့မည်မဟုတ်ပေ။
ကုနင်းနှင့်နတ်ဆိုးကျောင်းတို့ စကားပြောနေသည်ကိုမြင်ပြီး နတ်ဆိုးကျင့်ကြံသူများထိတ်လန့်သွားတော့သည်။ ကုနင်းသည် သာမာန်လူမဖြစ်နိုင်ကြောင်း သူသိထားပြီးဖြစ်သော်လည်း သူမ၏အထူးကျွမ်းကျင်မှုများကြောင့် ထိတ်လန့်အံ့ဩမိတုန်းပင်။
သူမက ရေထဲမှာလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရုံတင်မဘူး တိရိစ္ဆာန်နဲ့တောင် စကားပြောနိုင်တယ်တဲ့လား။
ကုနင်းခနလောက်တွေးပြီးနောက် ထပ်ပြောလိုက်သည်။ “သူထွက်ပြေးနိုင်လို့ သူ့ရဲ့ကျင့်ကြံမှုကိုတော့ စုပ်ယူထားလို့ရတယ်။”
နတ်ဆိုးကျောင်းက သူ့ကျင့်စဉ်တိုးတက်ရေးအတွက် ထိုလူ၏ကျင့်ကြံမှုကိုစုပ်ယူလိုမှန်း ကုနင်းနားလည်ကာ သူမကလဲ ထိုလူကိုကိုယ်တိုင်မသတ်လိုပေ။ သူမအရင်က လူပေါင်းများစွာကိုသတ်ခဲ့ဖူးပေမည့် ထိုသို့သတ်ဖြတ်ရသည်က ပျော်စရာကောင်းနေသည်တော့မဟုတ်ပေ။
နတ်ဆိုးကျောင်းသာ ထိုလူ၏ကျင့်ကြံမှုကိုစုပ်ယူလိုက်ပါက သူမအနေနဲ့လဲ ထိုလူကိုထိန်းချုပ်ရပိုလွယ်သွားပေလိမ့်မည်။
“ကျေးဇူးပါ!” နတ်ဆိုးကျောင်းသဘောကျသွားကာ ချက်ချင်းပင်လုပ်ငန်းစတော့သည်။
နတ်ဆိုးကျင့်ကြံသူမှာ ဘယ်လောက်ပဲကြောက်လန့်နေပါစေ ရုန်းကန်နိုင်စွမ်းမရှိခဲ့ပေ။
မကြာလိုက်ပါဘဲ နတ်ဆိုးကျောင်းက ထိုလူ၏ကျင့်ကြံမှုတစ်ဝက်ကိုစုပ်ယူလိုက်ကာ ထိုလူလဲ အားနည်းသွားတော့သည်။
တစ်ချိန်တည်းမှာပဲ ကုနင်းက ကြိုးတစ်ချောင်းထုတ်ကာ ထိုလူကိုချည်နှောင်လိုက်ပေသည်။ နောက်တော့ နတ်ဆိုးကျောင်းကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ကာ နတ်ဆိုးကျင့်ကြံသူကို ရေမျက်နှာပြင်ပေါ်သို့ ပြန်ဆွဲခေါ်သွားတော့သည်။
နတ်ဆိုးကျင့်ကြံသူသည်တော့ ရေမျက်နှာပြင်ပေါ်မရောက်မချင်း စကားမပြောနိုင်ခဲ့ပေ။ “မင်း ငါ့ဆီကဘာတွေသိချင်နေမှန်း ငါသိတယ်၊ ဒါပေမယ့် ငါပြောပြမှာမဟုတ်ဘူး။ မင်းငါ့ကိုသတ်သာသတ်လိုက်!”
ကုနင်းက နတ်ဆိုးကျင့်ကြံရေးအဖွဲ့ကိုဖျက်ဆီးလိုခြင်းမှန်း နတ်ဆိုးကျင့်ကြံသူနားလည်တာကြောင့် သူမသိချင်တာကို သူပြောပြလိုက်လျှင်တောင်မှ သူ့ကိုလွှတ်ပေးဖို့မဖြစ်နိုင်မှန်း နားလည်သည်။
ကုနင်း လတ်တလော ထိုလူနှင့်စကားများချင်စိတ်မရှိဘဲ လှေပေါ်သို့သာမြန်မြန်လေးပြန်သွားလိုနေသည်။
လင်ရှောင်းထင် တစ်ချိန်လုံးရေမျက်နှာပြင်ကိုစောင့်ကြည့်နေခဲ့တာကြောင့် ကုနင်းပြန်ပေါ်လာသည်နှင့် ချက်ချင်းပင် ကုနင်းအနားသို့လှေကိုမောင်းသွားကာ ဘေးမှာရပ်လိုက်သည်။
“နင်းနင်း!” လင်ရှောင်းထင် လက်ဆန့်ထုတ်ကာ ကုနင်းကိုဆွဲတင်လိုက်ပြီး နတ်ဆိုးကျင့်ကြံသူကိုလဲ ချန်မထားခဲ့ပေ။
လင်ရှောင်းထင်အနေနှင့် ထိုလူကိုအာရုံစိုက်ဖို့ရန် အချိန်မရသေးဘဲ ကုနင်းအဆင်ပြေလားဆိုသည်ကိုသာ တစ်ကိုယ်လုံးလှည့်ပတ်စစ်ဆေးနေသည်။ “နင်းနင်း၊ အဆင်ပြေတာဟုတ်ရဲ့လား?”
ကုနင်းလဲ ပြန်ပြုံးပြလိုက်ပြီး၊ “ပြေပါတယ်။” ဟုဖြေလိုက်သည်။
ကုနင်း၏ခန္ဓာကိုယ်ပေါ်တွင် ဘာဒဏ်ရာဒဏ်ချက်မှမတွေ့ခါမှ လင်ရှောင်းထင် သက်ပြင်းမောချနိုင်သွားတော့သည်။ နောက်ချက်ချင်းဆိုသလို သူ့အကြည့်များက မုန်းတီးမှုအပြည့်နှင့် နတ်ဆိုးကျင့်ကြံသူပေါ်သို့ကျရောက်သွားလေသည်။ ထိုလူကြောင့်သာမဟုတ်လျှင် ကုနင်းအနေနဲ့ အေးစက်စက်မြစ်ရေထဲ အချိန်အကြာကြီးရှိနေခဲ့ရမည်မဟုတ်ပေ။
လင်ရှောင်းထင်၏ သတ်တော့ဖြတ်တော့မလိုအကြည့်ကြောင့် နတ်ဆိုးကျင့်ကြံသူပင်ထိတ်လန့်ခဲ့ရသည်။ လင်ရှောင်းထင်၏ခန္ဓာကိုယ်မှ သူရင်းနှီးနေသည့်တစ်စုံတစ်ရာကို အာရုံခံမိနေသော်လည်း ချက်ချင်းတော့ မမှတ်မိနိုင်ခဲ့ပေ။
ဒါကြောင့် လင်ရှောင်းထင်သည်လဲ သာမာန်လူသားမဖြစ်နိုင်ဟုသာ တွေးလိုက်ရတော့သည်။
“နင်းနင်း၊ ဒီလူကိုဘာလုပ်မလို့လဲ?”
မလိုလားအပ်သည့် ထိတ်လန့်စရာအခြေအနေမျိုးမဖြစ်သွားစေရန်အတွက် ထိုလူကို အစိုးရလက်ထဲအပ်လိုက်ဖို့ကလဲမဖြစ်နိုင်ပေ။ ဒီလိုပုံမှန်မဟုတ်သည့်သတင်းမျိုးသာ ပြန့်သွားပါက သာမာန်နိုင်ငံသူနိုင်ငံသားတွေ ကြောက်ရွံ့ကုန်ကြလိမ့်မည်။
“အရင်ဆုံး ကျင့်ကြံသူတွေအကြောင်းပိုသိချင်တယ်၊ နောက်ပြီးမှပဲ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားတော့မယ်။”
လင်ရှောင်းထင်ကို နတ်ဆိုးကျောင်းအကြောင်း ထိုလူပြောပြလိုက်မည်အား ကုနင်းအနည်းငယ်စိုးရိမ်လို့နေသည်။
သူသာ တကယ်ထုတ်ပြောလိုက်လျှင်လဲ ကုနင်းအနေနဲ့ သူမနတ်ဆိုးကျောင်းကိုဘယ်လိုရခဲ့ကြောင်း လင်ရှောင်းထင်ကိုပြောပြရပေတော့မည်။
လင်ရှောင်းထင်သည် ကုနင်း၏ဆုံးဖြတ်ချက်များအပေါ် အမြဲအလေးထားတာကြောင့် ထပ်ပြီးမေးမြန်းခြင်းမရှိပေ။
“ကိုယ်မင်းကိုကူညီပေးမယ်၊ အခုတော့ ရေနွေးနွေးလေးနဲ့ ရေသွားချိုးလိုက်ဦး၊ အအေးမိနေဦးမယ်။”
“ကျွန်မကိုယ်ခံအားက အကောင်းကြီးပါ၊ လောလောဆယ် ဒီပြဿနာကိုအရင်ဖြေရှင်းမှဖြစ်မယ်။” ကုနင်း အချိန်ဆွဲမနေချင်တာကြောင့် လင်ရှောင်းထင်၏အပြောကိုငြင်းလိုက်သည်။
“ဟုတ်ပါပြီ။” ကုနင်းကို စိတ်ပူနေသော်လည်း သူမလုပ်ချင်တာကို လင်ရှောင်းထင်အနေနှင့် မဟန့်တားလိုပေ။ လင်ရှောင်းထင်သည် ချစ်သူမိန်းကလေးအပေါ် လေးစားမှုရှိကာ သူမစကားဆိုလျှင် နားထောင်ပေးတတ်သည့် ချစ်သူကောင်လေးကောင်းတစ်ယောက်ပင်။
တချို့ယောက်ျားလေးများဆိုလျှင် သူတို့ချစ်သူကောင်မလေးဘက်မှ သဘောထားကို လေးစားသမှုမရှိ နားထောင်ပေးခြင်းမရှိဘဲ သူတို့စိတ်တိုင်းကျ အမိန့်ဆန်ဆန်သဘောထားသာ ထုတ်ပြတတ်သည်။
“မင်းတို့ဘာလုပ်လုပ် အသုံးမဝင်ဘူး။ ငါဘာတစ်ခုမှပြောပြမှာမဟုတ်ဘူး။” ကုနင်းတို့စကားဝိုင်းထဲ နတ်ဆိုးကျင့်ကြံသူကပါ အော်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက သေရမယ့်လူပဲမဟုတ်လား။
“တကယ်လား? ရှင့်ကိုမသတ်ဘဲ ဆက်တိုက်နှိပ်စက်နေမယ်ဆိုရင်ရော?” ကုနင်း မျက်ခုံးပင့်လိုက်သည်။
“မင်း…” နတ်ဆိုးကျင့်ကြံသူမှာ လွန်စွာဒေါသထွက်သွားတော့သည်။ ဘယ်သူကမှ သေဆုံးခြင်းမဟုတ်ပါဘဲ အဆုံးမရှိသည့်နှိပ်စက်မှုမျိုးကို ခံချင်မည်မဟုတ်ပေ။ သို့သော် ထိုလူကတော့ အလျှော့မပေးလိုတုန်းပင်။
“ရှင် ပြောမှာလား မပြောဘူးလား?” ကုနင်း၏အသံက ပိုအေးစက်လို့လာခဲ့သည်။
ထိုလူက ဆက်လက်တိတ်ဆိတ်နေစဲ။ ကုနင်း သူမလိုချင်သည့်အဖြေမရခင် သူ့ကိုသတ်လိုက်မလားဆိုသည်ကို အလောင်းအစားလုပ်နေခြင်းပင်။
“ရှင့်ကိုပြောလိုက်မယ်၊ ကျွန်မက စိတ်ရှည်တဲ့လူစားမျိုးတော့မဟုတ်ဘူးနော်။ ရှင် ဆက်ပြီးငြင်းနေဦးမယ်ဆိုရင် ကျွန်မမှာ နောက်ထပ်နည်းလမ်းတွေရှိတယ်။ ကျွန်မမှာရှိတဲ့အရာကို နတ်ဆိုးကျင့်ကြံသူတွေအားလုံး သေလောက်အောင် လိုချင်ကြမှန်း ရှင်လဲသိတယ်မဟုတ်လား။”
***
အခန်း ၁၀၀၄ နတ်ဆိုးကျင့်ကြံသူ နောက်ဆုံးဘာဖြစ်သွားမှာလဲ?
ထိုလူက ကုနင်းကြားချင်တာကို မပြောချင်မှတော့ ကုနင်းကလဲ သူ့တစ်ယောက်အတွက်နှင့် အချိန်တွေထပ်ဖြုန်းနေမှာမဟုတ်ပေ။ တခြားနတ်ဆိုးကျင့်ကြံသူတွေရှိနေသ၍ ကုနင်းအတွက် ထိုလူများကိုဆွဲဆောင်ဖို့အချိန်တွေအများကြီးရှိနေဦးမှာပင်။
သူမခန္ဓာကိုယ်မှာရှိနေသည့်မှော်စွမ်းအားဆိုသည်က နတ်ဆိုးကျင့်ကြံသူတွေအလိုချင်ဆုံးအရာပဲမဟုတ်လား။
ကုနင်း၏အပြောကြောင့် လင်ရှောင်းထင်နှင့် နတ်ဆိုးကျင့်ကြံသူနှစ်ယောက်လုံး အံ့ဩမိသွားလေသည်။ လင်ရှောင်းထင်ကတော့ ကုနင်း၏လုံခြုံရေးအတွက်ပါ တစ်ဆက်တည်းစိုးရိမ်မိသွားသည်။
သို့ပေမည့် နတ်ဆိုးကျင့်ကြံသူကတော့ လက်ရှိသူ့ဘဝက အသက်အန္တရာယ်ရှိနေကြောင်း သိရှိသွားပေပြီ။ ကုနင်းမှာ နတ်ဆိုးကျင့်ကြံသူတွေလိုချင်တဲ့အရာရှိတာက အမှန်တရားဖြစ်ကာ သိပ်မကြာခင်မှာပဲ သူမအကြောင်းသိရှိသွားကြတော့မည်ဖြစ်သည်။
ထိုအကြောင်းတွေးမိသည်နှင့် နတ်ဆိုးကျင့်ကြံသူစိတ်ထဲ အကြံတစ်ခုထွက်ပေါ်လာတော့သည်။ သူသေရမယ်ဆိုရင်တောင် တစ်ယောက်တည်းတော့မသေနိုင်ပေ။
တကယ်တမ်း သူတို့လိုကျင့်ကြံသူများသည် အချင်းချင်းပြိုင်ဘက်များအဖြစ်သာသတ်မှတ်ထားကြသလို အချင်းချင်းကြားမှာလဲ ရန်ငြှိုးရန်စများက ရှိနေကြသည်။
ထိုလူတွင်လဲ အဓိကရန်သူကြီးတစ်ယောက်ရှိကာ သူတို့နှစ်ဦးသည် နှစ်ပေါင်းတစ်ရာကျော် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပေမည့် အနိုင်အရှုံးမသဲကွဲခဲ့ပေ။
ကုနင်းက သူ့ကိုဖမ်းနိုင်တယ်ဆိုမှတော့ သူ့ရန်သူကိုဖမ်းမိဖို့လဲ ခက်ခဲလိမ့်မည်မဟုတ်ပေ။ ဒါကြောင့် သူ့အဓိကရန်သူတော်ကြီးကို ချေမှုန်းဖို့ရန် ဒီအခွင့်အရေးကိုဖမ်းဆုပ်ရပေမည်။
“ကောင်းပြီလေ၊ မင်းသိချင်တာကို ငါပြောပြပေးနိုင်တယ်။”
ထိုလူအမှန်အတိုင်းပြောလိမ့်မယ်လို့ ကုနင်းမယုံကြည်သော်လည်း နည်းနည်းပါးပါးနားထောင်ပေးဖို့တော့ ဆန္ဒရှိသေးသည်။
“ဒီကမ္ဘာပေါ်မှာ ကျင့်ကြံသူတွေဘယ်လောက်များလဲ?”
“အရမ်းလဲမများဘူး နည်းနည်းလေးလဲမဟုတ်ဘူး။ ရာဂဏန်းလောက်ဖြစ်မယ်ထင်တယ်၊ အများစုကတော့ အနိမ့်ပိုင်းအဆင့်တွေပဲ။”
“သူတို့ အခုဘယ်မှာနေကြလဲ?”ကုနင်းဆက်မေးလိုက်သည်။
“ကိုယ်ပိုင်နယ်မြေတွေမှာနေတယ်၊ သာမာန်လူသားတွေနဲ့ဝေးဝေးမှာပေါ့။ သူတို့နေတဲ့နေတဲ့နေရာက ရွာကြီးတစ်ရွာလောက်ကြီးတဲ့ အပြိုင်ကမ္ဘာတစ်ခုမှာပဲ။ အလယ်အလတ်အဆင့်ကိုရောက်တဲ့လူတွေသာ ဒီကမ္ဘာကိုလာနိုင်တာ၊ သာမာန်လူသားတွေကလဲ သူတို့နေတဲ့အပြိုင်ကမ္ဘာကို မသွားနိုင်ဘူး။”
ကုနင်း ထိုသို့သောအကြောင်းအရာများကို ဝတ္ထုများထဲတွင်ဖတ်ဖူးပေသည်။ ထိုလူပြောတာတွေက အမှန်လားဆိုသည်ကို မသေချာသော်လည်း အမှန်အတိုင်းပြောနေဖို့ဖြစ်နိုင်ချေကတော့ မြင့်လှသည်။
လင်ရှောင်းထင်မှာ ပထမတော့ မယုံနိုင်ဖြစ်နေသော်လည်း သိပ်မကြာလိုက်ပါဘဲ လက်ခံသွားနိုင်ပေသည်။ နတ်ဆိုးကျင့်ကြံသူတွေ အမှန်တကယ်တည်ရှိနေတယ်ဆိုမှတော့ သူတို့နေထိုင်ရာ ကမ္ဘာလဲရှိသင့်တာပေါ့။
ထိုလူက ဆက်ပြီး၊ “ကျင့်ကြံသူတွေက တခါတလေလဲ ဒီကမ္ဘာပေါ် ပြောင်းလာတတ်ကြတယ်။ သူတို့ဒီကိုလာတယ်ဆိုရင်တောင် မှော်စွမ်းအားရှိမယ့် တောင်တွေပေါ်မှာသီးခြားခွဲနေကြတာ။ ငါကြားသလောက်တော့ မြန်မာပြည်ကတောင်ပေါ်ဒေသတစ်ခုမှာ နောက်ထပ် နတ်ဆိုးကျင့်ကြံသူယောက်ျားလေးတစ်ယောက်ရှိနေတယ်။ အဲ့ဒီနေရာမှာ ရတနာမုဆိုးတွေအများကြီးအသတ်ခံခဲ့ရလို့ ယင်စွမ်းအင်တွေရှိတယ်လို့ပြောတယ်။ မင်းငါ့ကိုတောင် အနံ့ခံပြီးရှာနိုင်မှတော့ သူ့ကိုရှာဖို့လဲ အလွယ်လေးဖြစ်မှာပါ။”
နတ်ဆိုးကျင့်ကြံသူက သူ့ရန်သူကို သူမလက်ကိုငှားကာ ချေမှုန်းလိုမှန်း ကုနင်းနားလည်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နတ်ဆိုးကျောင်းက သူမကိုကူညီနိုင်တာကြောင့် ကုနင်းစိတ်ထဲထားမနေပေ။ ထိုအစား နတ်ဆိုးကျင့်ကြံသူ သူမကိုသာမာန်ကာလျှံကာဖြေနေမှာမျိုးဖြစ်မှာကိုသာ စိုးရိမ်မိသည်။
နောက်လဝက်နေလျှင် မြန်မာပြည်တွင် ကျောက်စိမ်းလေလံပွဲရှိတာကြောင့် သူမလဲ သွားဖို့စီစဉ်ထားပြီးသားဖြစ်သည်။
“နင်းနင်း၊ မင်းတကယ်သွားမယ်ဆို ကိုယ်လဲလိုက်ခဲ့မယ်။” ကုနင်းစိတ်ကိုတော့ ပြောအောင်လုပ်လို့ရမည်မဟုတ်မှန်း လင်ရှောင်းထင်သိတာကြောင့် သူမကိုကာကွယ်ရန် အနည်းဆုံးသူတော့လိုက်သွားဖို့ စိတ်ကူးလိုက်သည်။
“လဝက်နေရင် မြန်မာမှာ ကျောက်စိမ်းလေလံပွဲကျင်းပဖို့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကသွားရမှာ။ အဲ့ဒီအချိန် ရှင်အားတယ်ဆိုရင် လိုက်ခဲ့လေ၊ မဟုတ်လို့ အလုပ်များနေတယ်ဆိုလဲ ကျွန်မနဲ့လိုက်ပေးဖို့မလိုပါဘူး။”
“ကောင်းပြီလေ။” ကုနင်းက သူ့အလုပ်ကိုအနှောင့်အယှက်မပေးလိုခြင်းဖြစ်မှန်း လင်ရှောင်းထင်နားလည်သည်။
“ဟုတ်ပြီ၊ သွားကြရအောင်!”
ကုနင်း ဒီလူကိုအပြစ်ပေးမည်မှန်း လင်ရှောင်းထင်သိသည်။ ကုနင်း ထိုလူကိုဘာပဲလုပ်လုပ် သူဝင်ပါမည်မဟုတ်ပေ။
ထိုလူသည် မကောင်းသည့်လူဖြစ်တာကြောင့် လင်ရှောင်းထင်အနေနှင့် ထိုလူကိုသနားစိတ်ဝင်မည်မဟုတ်ပေ။
“ဂရုစိုက်နော်။” ကုနင်းကို သတိပေးပြီးသည်နှင့် လှေကိုစထွက်လိုက်သည်။
ကုနင်းက နတ်ဆိုးကျင့်ကြံသူကို မြစ်ထဲပစ်ချလိုက်ကာ နတ်ဆိုးကျောင်းကို မြိုချခိုင်းလိုက်သည်။
သူမကတော့ လင်ရှောင်းထင်အနားပြန်သွားလိုက်ကာ၊ “ကျွန်မ သူ့ကိုမြစ်ထဲပစ်ချလိုက်ပြီ။”
ကုနင်း၏စကားကို လင်ရှောင်းထင် ခေါင်းညိတ်ရုံညိတ်ပြပြီး ဘာမှပြန်မပြောခဲ့ပေ။
ထိုလူကိုမပစ်ချခင် ကြိုးတွေကလဲချည်ထားတာကြောင့် မြစ်ထဲမှလွတ်မြောက်နိုင်ချေမရှိပေ။
“ရှောင်းထင်၊ ကျွန်မအရမ်းရက်စက်ရာကျတယ်လို့ထင်လား?” ကုနင်းမနေနိုင်ဘဲ မေးလိုက်မိသည်။
“မဖြစ်ပါဘူး။ သူနဲ့ထိုက်လို့ပဲကို။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ “တကယ်လို့ အနာဂါတ်မှာ မင်းတစ်ယောက်ယောက်ကိုသတ်ချင်ရင် ကိုယ်အစားလုပ်ပေးမယ်။”
တစ်ယောက်ယောက်က လူတွေအများကြီးကိုသတ်နေလျှင် ကံဆိုးမှုက ထိုလူထံသို့စွဲကပ်လာနိုင်သည်။
ဒါမျိုးက အယူသည်းရာရောက်ပေမယ့် လင်ရှောင်းထင်ကတော့ ကုနင်းအစားထိုကံကြမ္မာကိုလက္ခံဖို့ဆန္ဒရှိနေတုန်းပင်။
ကုနင်းပြုံးလိုက်ပြီး ဘာမှမပြောခဲ့ပေ။ လင်ရှောင်းထင်က သူမကိုအတတ်နိုင်ဆုံးကာကွယ်ပေးချင်တာဖြစ်မှန်း နားလည်သည့်အတွက် ရင်ထဲထိသွားသော်လည်း သူမဘက်ကလဲ သူ့ကိုကံဆိုးမှုများမဖြစ်စေလိုပေ။
“နင်းနင်း၊ ဆံပင်ခြောက်ပြီး အဝတ်တွေလဲတော့၊ တခြားလူတွေ သတိထားမိသွားဦးမယ်။”
“ဟုတ်ပါပြီ၊” ကုနင်းပြောပြီးသည်နှင့် ဆံပင်ခြောက်ဖို့ဝင်သွားတော့သည်။
သူတို့ရှိနေသည့်နေရာက သီးသန့်အပျော်စီးလှေဖြစ်တာကြောင့် အိမ်လိုပင် နေ့စဉ်သုံးပစ္စည်းများအပြည့်အစုံရှိသည်။
ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲတွင် ခြောက်သွေ့သည့်အဝတ်အစားများရှိသော်လည်း လင်ရှောင်းထင်ရှိနေတာကြောင့် ထုတ်လဲလို့မဖြစ်ပေ။
ကံကောင်းစွာဖြင့် အခုတော့ တော်တော်လေးနွေးနေပြီဖြစ်ကာ သူမဝတ်ထားတာကလဲ အပါးလေးဖြစ်တာကြောင့် လွယ်လွယ်ကူကူခြောက်၍ရသည်။
***
အခန်း ၁၀၀၅ တရားဝင်ဇနီးမောင်နှံဖြစ်ပြီ
“ရှောင်းထင်၊ ရှင်လဲ အဝတ်အစားတွေခြောက်အောင် လုပ်လိုက်ဦးလေ။”
“အွန်း၊ မင်းလှေမောင်းထိန်းထားလိုက်ဦး။” လင်ရှောင်းထင်ပြောပြီးသည်နှင့် လှေပဲ့ထိန်းကို ကုနင်းထံလွှဲပေးလိုက်သည်။
သိပ်မကြာလိုက်ပါဘဲ လင်ရှောင်းထင်လဲ သူ့အဝတ်အစားတွေက ခြောက်ပြီးသွားခဲ့သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ကမ်းပြန်မကပ်ခင် နတ်ဆိုးကျောင်းက ပြန်လာတာကြောင့် လင်ရှောင်းထင် သူမဘက်အာရုံမရှိခင် စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်လိုက်သည်။
နတ်ဆိုးကျောင်းအတွက် မြစ်ထဲမှာကျင့်ကြံနေတာကပိုကောင်းသော်လည်း ၎င်း၏မှော်စွမ်းအားများက ကုန်ဆုံးသွားပြီဖြစ်တာကြောင့် မှော်စွမ်းအားတွေအများကြီးစုပ်ယူဖို့လိုအပ်သည်။
ခဏအကြာမှာပဲ ကမ်းသို့ပြန်ကပ်ခဲ့ကာ ချောင်ဝမ်ရှင်းတို့အကြာကြီးမစောင့်ရအောင် အဝတ်အစားတွေကိုဝယ်ဖို့သာသွားလိုက်သည်။
ည၁၁နာရီထိုးခါနီးတာတောင် တချို့ဆိုင်တွေကတော့ ဖွင့်နေတုန်းပင်။
အဝတ်အစားများလဲလှယ်ပြီးနောက်မှာတော့ သူငယ်ချင်းများရှိရာ ဘားသို့သွားခဲ့သည်။ ဘားနှင့် သူမတို့ရောက်နေသည့်နေရာက သိပ်မဝေးတာကြောင့် မိနစ်အနည်းငယ်အတွင်းမှာပဲ ရောက်ရှိသွားလေသည်။
သူငယ်ချင်းများနှင့်ဆုံချိန်မှာတော့ စကားပြောရင်း သောက်ကြစားကြသည်။
…….
တစ်ချိန်တည်းမှာပဲ ထန်အိမ်တော်ဘက်မှာတော့ ထန်မိသားစုများအိပ်ရာဝင်ချိန်ရောက်ပြီဖြစ်သည်။
အခုဆို ကုမန့်နှင့်ထန်ယွင်ဖန်းတို့ လက်ထပ်ပြီးမြောက်သွားပြီဖြစ်တာကြောင့် ကုမန့်လဲ ထန်ယွင်ဖန်းနှင့် အိပ်ခန်းတစ်ခန်းတည်းမျှသုံးရပေပြီ။
ထန်ယွင်ဖန်းမှာ ယခုလို ကုမန့်နှင့်နှစ်ကိုယ်တည်း သီးသန့်အတူရှိရမည့်အချိန်လေးကို အတော်ကြာစောင့်နေခဲ့တာပင်။
နှစ်ဦးသား အိပ်ခန်းဆီသို့ပြန်ရောက်ချိန်မှာတော့ ကုမန့်ကအရင် ရေချိုးခဲ့သည်။
ယနေ့ညအဖို့ နောက်ဖြစ်လာမည့်အခြေအနေများကိုတွေးကြည့်မိရင်း ကုမန့်တစ်ယောက် ရှက်သွေးဖြာကာ စိုးရိမ်ပူပန်စိတ်များလဲရှိလို့နေသည်။
သူမ ရေချိုးခန်းထဲတွင် အချိန်အတော်ကြာဖြုန်းခဲ့ကာ အဆုံးမှာတော့ ညအိပ်ဂါဝန်တစ်ထည်ဝတ်လိုက်သည်။
သို့သော်လည်း သူမကိုယ်သူမမှန်ထဲပြန်ကြည့်မိချိန်မှာတော့ မျက်နှာတစ်ပြင်လုံးခရမ်းချဉ်သီးသဖွယ်နီရဲလာပြန်သည်။
သူမလက်ရှိဝတ်ထားသည့် ညအိပ်ဂါဝန်သည် တစ်ဝက်မျှဖောက်ထွင်းမြင်ရသည့်ပုံစံမျိုးဖြစ်ကာ အရိုင်းဆန်ဆန်ဆွဲဆောင်မှုရှိလို့နေသည်။
ကုမန့်ခဗျာ ကိုယ့်ဘာသာမှန်ကြည့်ရင်း ရေချိုးခန်းထဲမှမထွက်ရဲတော့ပေ။
ထန်ယွင်ဖန်းသည် တုံးအသူမဟုတ်တာကြောင့် ကုမန့် ရေချိုးခန်းထဲ အချိန်အကြာကြီးနေနေခြင်းက သူမအတော်လေး စိတ်လှုပ်ရှားကာ ကြောက်နေမိခြင်းကြောင့်ဖြစ်မှန်း နားလည်သည်။ တကယ်ဆို သူလဲ အလွန်စိတ်လှုပ်ရှားနေမိသည်။ ယနေ့လိုအချိန်မျိုးအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်မဟုတ်လား!
သို့သော်လည်း ယောက်ျားတစ်ယောက်အနေနှင့် သူ၏စွမ်းဆောင်ရည်ကို ပြသချင်နေတုန်းပင်။
“မန့်၊ အဆင်သင့်ဖြစ်ပြီလား?” နောက်ဆုံး ထန်ယွင်ဖန်း ရေချိုးခန်းတံခါးနားလျှောက်သွားကာ မေးလိုက်တော့သည်။
ထန်ယွင်ဖန်း၏အသံကြောင့် ကုမန့် အနည်းငယ်ပင်ထိတ်လန့်သွားလေသည်။ “အမ်၊ ပြီးပါပြီ။”
ထို့နောက် ရေချိုးခန်းတံခါးက ဖြည်းညှင်းစွာပွင့်ဟလာခဲ့သည်။
ကုမန့်ကိုမြင်လိုက်ရသည်နှင့် ထန်ယွင်ဖန်း သူ့အကြည့်များကို ကုမန့်ရှိရာမှမခွာနိုင်တော့ပေ။
“အွန်၊ ရှင်ရေသွားချိုးလိုက်ဦးလေ။”
ကုမန့်ပြောပြီးသည်နှင့် ရေချိုးခန်းထဲမှလျှိုထွက်သွားတော့သည်။
ထန်ယွင်ဖန်းမှာ ကုမန့်ကိုလှမ်းဖမ်းလိုက်လျှင်ရသော်လည်း သူလဲ ရေချိုးပြင်ဆင်ဖို့လိုအပ်တာကြောင့် မလုပ်ခဲ့ပေ။
ကုမန့်ချက်ချင်းပင် အိပ်ရာပေါ်သို့တက်သွားကာ သူမတစ်ကိုယ်လုံးကို စောင်ဖြင့်လုံးထားလိုက်သည်။ ယနေ့ညအခြေအနေကို သူမရှောင်လွှဲချင်သော်လည်း ရှောင်လို့မရမှန်းလဲသိနေသည်။
ဒါ့အပြင် သူတို့နှစ်ဦးသည် အခုဆို အကြင်လင်မယားဖြစ်နေပြီဖြစ်တာကြောင့် ချစ်ခြင်းပုံဖော်ခြင်းသည် သာမာန်ဇနီးမောင်နှံများ အထူးသဖြင့် အသစ်စက်စက်ဇနီးမောင်နှံနှစ်ဦးအတွက်တော့ ပုံမှန်အခြေအနေသာဖြစ်သည်။
ကုမန့်နှင့်ယှဉ်လျှင် ထန်ယွင်ဖန်း ရေချိုးတာက စက္ကန့်ပိုင်းလောက်နှင့်တောင် ပြီးသွားသလိုပင်။
သူကတော့ အဝတ်အစားလဲမနေတော့ဘဲ ရေချိုးခန်းဝတ်စုံနှင့်ပင်ထွက်လာခဲ့သည်။
ရေချိုးခန်းတံခါးဖွင့်သံကိုကြားရသည်နှင့် ကုမန့်ထပ်ပြီးစိုးရိမ်စိတ်ဝင်လာခဲ့ပြန်သည်။
သို့ပေမည့် ထန်ယွင်ဖန်းကတော့ ကုမန့် စောင်ထဲလုံးနေသည်ကိုမြင်ပြီး ရယ်သာရယ်ချင်သွားတော့သည်။
အိပ်ခန်းထဲမှမီးရောင်မှာ အလွန်လင်းထိန်နေတာကြောင့် ထန်ယွင်ဖန်းတောင် အနည်းငယ်မျက်နှာပူမိ၍ အလင်းရောင်ကိုလျှော့ကာ ညအိပ်မီးသာဖွင့်လိုက်သည်။
ထို့နောက်မှာတော့ အိပ်ရာဘက်သို့ အသာလေးလျှောက်လာခဲ့သည်။
ထန်ယွင်ဖန်း၏ခြေသံများနီးကပ်လာလေ ကုမန့်၏နှလုံးမှာ အပြင်သို့ခုန်ထွက်တော့မလို ခုန်ပေါက်လာလေပင်။
ထန်ယွင်ဖန်း အိပ်ရာပေါ်သို့ရောက်သည်နှင့် ကုမန့်ကို သူ့ရင်ခွင်ထဲ တစ်ခါတည်းဆွဲသွင်းလိုက်တော့သည်။
ကုမန့်၏ကိုယ်က အနည်းငယ်တုန်ရီနေသော်လည်း ငြင်းဆန်ခြင်းတော့မပြုဘဲ ထန်ယွင်ဖန်း၏ပွေ့ဖက်မှုအောက်တွင် စိတ်ပင်လှုပ်ရှားလာခဲ့သည်။
“မန့်၊ အခု ကိုယ်တို့က တရားဝင်ဇနီးမောင်နှံဖြစ်ပြီသွားပြီ၊ ဒီညက ကိုယ်တို့မင်္ဂလာဦးညပဲ။”