အခန်း (၁၀၀၆-၁၀၁၀)
Vol. 68 Ch. 1006-1010
အခန်း ၁၀၀၆ လက်ထပ်ပြီးပထမရက်
ကုမန့်နှင့်ထန်ယွင်ဖန်းတို့ ဝေးကွာခဲ့ရသည်မှာ ၁၉နှစ်တာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အချိန်ခဏလေးအတွင်း ပြန်လည်ရင်းနှီးမှုရှိသွားကြသည်။
ထန်ယွင်ဖန်း၏အိပ်ရာမှာ အလွန်ကောင်းမွန်လှတာကြောင့် သူတို့နှစ်ဦးဘယ်လောက်ပဲ လှုပ်ရှားနေပါစေ အသံမြည်ခြင်းမရှိပေ။
ဒါတင်မကသေး ထန်မိသားစုအိမ်တော်မှ အခန်းတိုင်းသည် အသံလုံစနစ်ကောင်းမွန်လှတာကြောင့် တခြားအခန်းများဆီသို့ အသံမပေါက်နိုင်ဘဲ စိတ်တိုင်းကျပျော်မွေ့နိုင်ပေသည်။
……..
ည၁၂နာရီထိုးပြီးချိန်အထိ ကလပ်မှာပျော်ခဲ့ကြကာ ထန်ကျားခိုင်ကစပြီး ညလယ်စာမုန့်ထွက်စားဖို့ အကြံပေးလာခဲ့သည်။ တစ်ဖွဲ့လုံးကလဲ ထိုအကြံကိုသဘောတူကြတာကြောင့် ညဈေးတန်းသို့သွားကာ စားသောက်ခဲ့ကြသည်။
အားလုံးစားသောက်ပြီးချိန်မှာတော့ မနက်၂နာရီပင်ထိုးနှင့်ပေပြီ။ ယနေ့ညမှာလဲ ကုနင်း၏အိမ်တွင် သူမဆွေမျိုးများတည်းခိုနေစဲဖြစ်တာကြောင့် လင်ရှောင်းထင်ကို အိမ်ခေါ်သွားလို့မရ၍ အပြင်မှာသာတစ်ညအိပ်လိုက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။
ထန်ကျားခိုင်နှင့်ထန်ကျားယန်က ထန်အိမ်တော်သို့ပြန်သွားစဉ် ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည်တော့ ချောင်ဝမ်ရှင်း၏အိမ်သို့သွားခဲ့ပြီး ဟောင်ရန်တို့အဖွဲ့သည်တော့ ဟွမ်းဒင်ဟိုတယ်သို့ အသီးသီးပြန်ခဲ့ကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ ယနေ့အတွက် တစ်ညတာကို ရှန်းရှစ်ဟိုတယ်တွင်ကုန်ဆုံးဖို့ရန် သွားခဲ့သည်။
ဟိုတယ်သို့ရောက်ပြီး သူတို့ပထမဆုံးလုပ်ဖြစ်သည့်အရာကတော့ ရေချိုးဖို့ပင်။ ဒီနေ့က တော်တော်လေးရှည်ကြာခဲ့ပေသည်။
“နင်းနင်း၊ ကိုယ်တို့ ရေအတူချိုးကြရင်မကောင်းဘူးလား?”
ပုံမှန်အားဖြင့် ရေချိုးမည်ဆိုလျှင် ဒါဇင်မိနစ်လောက်နှင့်ပြီးလောက်သော်လည်း ကုနင်းနှင့်လင်ရှောင်းထင်တို့အတွက်တော့ တစ်နာရီမျှကြာမြင့်သွားခဲ့သည်။ ဒါ့အပြင် ရေချိုးခန်းထဲမှ လုပ်ဆောင်ချက်သည် ထိုမျှနှင့်မပြီးဆုံးသွားခဲ့ဘဲ အိပ်ရာထက်သို့ပြောင်းရွှေ့ကာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အာရုံတက်ချိန်လောက်မှသာ အိပ်ပျော်သွားကြသည်။
…….
နောက်တစ်နေ့မနက် ၇နာရီမှာပဲ ကုမန့် နိုးလာခဲ့သည်။ သူမမျက်လုံးတွေကို ဖွင့်လိုက်လျှင်ဖွင့်လိုက်ခြင်း ထန်ယွင်ဖန်း၏ အပြုံးတစ်ပွင့်ဖြင့် သူမကိုကြည့်နေသည်အား အရင်ဦးစွာတွေ့မြင်လိုက်ရတာကြောင့် မျက်နှာတစ်ပြင်လုံးနီရဲသွားကာ ချက်ချင်းပင် ခေါင်းကိုလှည့်လိုက်တော့သည်။
“ဘာဖြစ်လို့လဲ? ရှက်နေတာလား?” ထန်ယွင်ဖန်း အပြုံးလေးဖြင့် စနောက်လေသည်။
ကုမန့်မှာ ထန်ယွင်ဖန်း၏စနောက်မှုကြောင့် ပိုလို့ပင်ရှက်လာမိကာ စောင်အောက်ထဲတိုးဝင်သွားတော့သည်။
ကုမန့်အရမ်းရှက်နေတာကြောင့် ထန်ယွင်ဖန်းလဲ သူမကိုဆက်စမနေတော့ဘဲ၊ “ဟုတ်ပြီ၊ ဟုတ်ပြီ၊ နည်းနည်းလောက် ထပ်အိပ်လိုက်ဦး။ မင်းအတွက် အာဟာရရှိတာလေးတွေချက်ပေးဖို့ စားဖိုးဆောင်ကို ကိုယ်သွားပြောလိုက်ဦးမယ်။”
ညက မင်္ဂလာဦးညဖြစ်၍ သူတို့တစ်ညလုံးနီးပါးချစ်ခဲ့ကြတာကြောင့် ကုမန့် ပင်ပန်းနေလောက်ပြီမှန်း ထန်ယွင်ဖန်းသိလေသည်။
“မဟုတ်တာ၊” ကုမန့် ချက်ချင်းပင် စောင်ထဲမှပြန်ထွက်လိုက်သည်။ “အခုတောင် နောက်ကျနေပြီ၊ ထရမှာပေါ့။”
ကုမန့်သည် ထန်မိသားစုဝင်များ သူမအပေါ်အမြင်မကြည်ဖြစ်သွားမည်ကို မလိုချင်ပေ။
“မင်းအခုကောင်းကောင်းအနားယူဖို့လိုတယ်လေ။ ကျန်တာတွေ စိတ်မပူပါနဲ့။ မင်းအကြာကြီးအိပ်နေရင်တောင် ဘယ်သူမှအပြစ်တင်မှာမဟုတ်ပါဘူး။”
ကုမန့်သည် ညကအဖြစ်အပျက်များကို ပြန်တွေးမိသွားကာ နေရပိုခက်လာမိတော့သည်။ “ကျွန်မအဆင်ပြေပါတယ်။ ထနိုင်နေပြီ။”
ပြောရင်းဖြင့် ကုမန့်က ထလာခဲ့ပြီဖြစ်တာကြောင့် ထန်ယွင်ဖန်းလဲ ဆက်တားမနေတော့ပေ။ “တကယ်အဆင်ပြေနေတယ်ပေါ့? ကြည့်ရတာ ညက ကိုယ့်ရဲ့ကြိုးစားမှုက မလုံလောက်သွားပုံပဲ။” ထန်ယွင်ဖန်းက လူငယ်လေးတစ်ဦးနှယ် ထပ်ပြီးစနောက်လာပြန်သည်။
ကုမန့် ချက်ချင်းနားမလည်နိုင်ခဲ့သော်လည်း ခဏနေသည်နှင့်ချက်ချင်းရှက်သွားတော့သည်။ “တော်လိုက်တော့!”
“ဘာကိုတော်ရမှာလဲ?” ထန်ယွင်ဖန်းကတော့ နားမလည်သလိုဟန်ဆောင်နေသည်။
သို့ပေမည့် ကုမန့်ကတော့ သူ့ကိုလျစ်လျူရှုကာ ရေချိုးခန်းထဲပြေးဝင်သွားတော့သည်။
ထန်ယွင်ဖန်းသည်တော့ ကုမန့် ထွက်ပြေးသွားသည်ကို ရယ်မော၍သာကြည့်နေခဲ့သည်။ သူဒီလိုမျိုးမပျော်ရွှင်ရသည်က အချိန်အတော်ကြာခဲ့ပေပြီ။
ကုမန့်ရေချိုးပြီးထွက်လာသည်နှင့် ထန်ယွင်ဖန်းက ချက်ချင်းပိတ်ရပ်လိုက်တာကြောင့်၊ “ဘာလုပ်တာလဲ?”
“ကိုယ်လဲ ရေချိုးခန်းသုံးမလို့လေ။”
“အို..” ကုမန့်က သူဝင်လို့ရရန် ရှောင်ပေးလိုက်သော်လည်း ထန်ယွင်ဖန်းက ချက်ချင်းလှမ်းဖမ်းထားခဲ့သည်။
“မန့်၊ မင်းအရမ်းလှတာပဲ!” ထန်ယွင်ဖန်း၏ ဩရှရှအသံက ကုမန့်၏နားစည်အတွင်းဝင်ရောက်သွားကာ ရှက်သွေးဖြာရပြန်သည်။
ထို့နောက် ကုမန့်လဲ ချက်ချင်းပင် အဝတ်လဲခန်းထဲပြေးဝင်သွားခဲ့ပြီး ထန်ယွင်ဖန်းသည်တော့ ရယ်မောကာ ကုမန့်ကိုဆက်စမနေတော့ဘဲ ရေချိုးခန်းထဲဝင်သွားတော့သည်။
ကုမန့် အဝတ်အစားလဲပြီးသွားချိန်မှာပဲ ထန်ယွင်ဖန်း ပြန်ထွက်လာခဲ့ပေမည့် သူကတော့ အောက်ပိုင်းကိုသာ တဘက်တစ်ထည်တည်းပတ်ထားခဲ့သည်။
ထန်ယွင်ဖန်းသည် လေ့ကျင့်ကောင်းကောင်းလုပ်ထားသူဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်၏ကြွက်သားများက ပုံပေါ်လှပကာ ကုမန့်ပင် ငေးကြည့်သွားရသည်။
ကုမန့်၏တုံ့ပြန်ချက်ကြောင့် ထန်ယွင်ဖန်းစိတ်ကျေနပ်သွားကာ၊ “ဘယ်လိုလဲ? ကိုယ့်ခန္ဓာကိုယ်ကို သဘောကျရဲ့လား?”
ကုမန့်ရှက်သွားပြီး သူ့မေးခွန်းကိုပြန်မဖြေခဲ့ပေ။
သို့ပေမည့် ထန်ယွင်ဖန်းကတော့ ကုမန့်ကိုလွယ်လွယ်အလွတ်ပေးဖို့ ရည်ရွယ်ချက်မရှိစွာဘဲ အဝတ်ဘီရိုနံရံနှင့်ဖိကပ်ထားလိုက်ကာ၊ “ပြောပါဦး၊ ကြိုက်ရဲ့လားလို့?”
“အွန်၊” ကုမန့် အမှန်အတိုင်းပင်ပြန်ဖြေလိုက်သည်။
ညက သူတို့အတူနေပြီးခဲ့ကြပြီဖြစ်သော်လည်း ညအိပ်မီးမှိန်မှိန်အောက်တွင်ဖြစ်တာကြောင့် တဖက်လူကိုရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။ အခုမှဘဲ ထန်ယွင်ဖန်း၏ခန္ဓာကိုယ်သဏ္ဍာန်ကို သူမသေချာမြင်နိုင်တာဖြစ်သည်။
“ဘယ်လောက်တောင်ကြိုက်လဲ?” ထန်ယွင်ဖန်းထပ်မေးခဲ့ပြန်သည်။
ထန်ယွင်ဖန်း၏စနောက်မှုများကြောင့် ကုမန့်ထွက်ပြေးလာချင်တော့သည်။ သူမအရမ်းသဘောကျသော်လည်း ရှက်နေတာကြောင့် စကားလမ်းကြောင်းလွှဲပစ်ဖို့ ကြိုးစားလိုက်သည်။ “အမ်… အဝတ်အစားလေးဘာလေးဝတ်ပါဦးလား? တော်ကြာ အအေးမိနေဦးမယ်။”
ပြောရင်းဖြင့် ထန်ယွင်ဖန်းကိုတွန်းထုတ်ဖို့ကြိုးစားတော့သည်။ သို့သော်လည်း သူမ၏အားလေးဖြင့် ထန်ယွင်ဖန်းကိုတွန်းထုတ်နိုင်ဖို့ဆိုသည်က ဘယ်လိုမှမဖြစ်နိုင်ပေ။
***
အခန်း ၁၀၀၇ အိမ်ပြန်ချိန်
“ကိုယ်မေးတာမဖြေဘူးဆို လွှတ်မပေးဘူးနော်။”
ထန်ယွင်ဖန်း၏ကလေးဆန်မှုကြောင့် ကုမန့်ရယ်ချင်သွားကာ သူ့စိတ်အလိုအတိုင်းဖြေပေးလိုက်တော့သည်။ “အရမ်း အရမ်းကို ကြိုက်တယ်၊ ရပြီလား။”
“ဟ-ဟ၊ ဒီလိုဆိုမှတော့ မင်းသဘောကျထိကြည့်လို့ရပါတယ်။”
ကုမန့်ရယ်ချင်နေပေမယ့် ဘာမှထပ်ပြောမနေတော့ပေ။
…….
အဝတ်အစားလဲပြီးနောက် နှစ်ယောက်လုံး အောက်ထပ်သို့အတူတူဆင်းလာခဲ့ကြသည်။
ဒီနေ့က တနင်္ဂနွေနေ့လဲဖြစ်တာကြောင့် တခြားမိသားစုဝင်များလဲ အိပ်ရာမှနိုးခါစပင်။ ထန်ဟိုင်ဖုန်းသည် အသက်ကြီးပြီဖြစ်တာကြောင့် ညဘက်သိပ်မအိပ်ဖြစ်တော့ဘဲ စောစောနိုးနေခဲ့သည်။
ဧည့်ခန်းထဲတွင် တခြားထန်မိသားစုဝင်များရှိနေသည်ကိုတွေ့လိုက်ရတော့ ကုမန့်မှာ သူမတော့အိပ်ရာထနောက်ပြီဟုတွေးကာ အနည်းငယ်နေရခက်သွားခဲ့သည်။ သို့သော်လည်း ကျန်းလီဟွာကတော့ သူမကိုအံ့ဩတကြီးမေးလာလေသည်။ “မန့်၊ ဘယ်လိုလုပ် ဒီလောက်အစောကြီးနိုးနေတာလဲ?”
ကျန်းလီဟွာ ညကဘာအသံမှမကြားခဲ့သော်လည်း အသစ်စက်စက်ဇနီးမောင်နှံအနေနှင့် မင်္ဂလာဦးညတွင် ဘာလုပ်ကြမည်လဲ သူမသိပေသည်။
ချက်ချင်းပင် ကျန်းလီဟွာ၏အကြည့်က ထန်ယွင်ဖန်းရှိရာသို့ရောက်သွားပြန်သည်။ “ဘာလို့ ဒီနေ့နည်းနည်းလောက် ပိုမအိပ်ကြတာလဲ?”
သူမက ထန်ယွင်ဖန်းကို သူ့ဇနီးအား ကောင်းကောင်းဂရုမစိုက်သည့်အတွက် အပြစ်တင်နေလိုခြင်းပင်။
တကယ်တော့ ထန်ယွင်ဖန်းသည် နှစ်ပေါင်းများစွာတစ်ကိုယ်တည်းနေခဲ့တာကြောင့် ကုမန့်အပေါ် ကောင်းကောင်းဂရုစိုက်မပေးနိုင်မည်အား သူမအမှန်တကယ်စိုးရိမ်နေခဲ့သည်။
“သူက အတင်းထချက်နေတာပါ။” ထန်ယွင်ဖန်းမှာ မတရားစွပ်စွဲခံလိုက်ရသည်။
“အမ်.. အရမ်းလဲမစောတော့ဘူးဆိုတော့ ကျွန်မတို့ဆက်မအိပ်နိုင်တော့လို့ပါ။”
ကုမန့် ရှက်နေတာကြောင့် ကျန်းလီဟွာလဲ ထိုအကြောင်းဆက်မပြောတော့ပေ။ “မန့်၊ ငါတို့မိသားစုထဲမှာ အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ ဘယ်သူမှ မင်းကိုအပြစ်တင်မှာမဟုတ်ဘူး။ မင်းပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ပဲ မျှော်လင့်တာ။”
“ကျေးဇူးပါ၊ ကျွန်မနားလည်ပါပြီ။”
ထို့နောက် ကုမန့်က ထန်ဟိုင်ဖုန်းကိုနှုတ်ဆက်ဖို့သွားခဲ့သည်။
ထန်ဟိုင်ဖုန်းသည်လဲ ကုမန့်ကိုမြင်သည်နှင့် ဘာလို့အစောကြီးထလာလဲပဲမေးပြန်တာကြောင့် ကုမန့် တစ်ချိန်လုံးရှက်နေရတော့သည်။
…….
မနက်၉နာရီတွင်တော့ ကုနင်းကို ထန်ယွင်ဖန်း ဖုန်းဆက်လာခဲ့သည်။ အကြောင်းကတော့ ကုချင်အပါအဝင်သူမဆွေမျိုးတွေ ဒီနေ့ပြန်ကြတော့မည်ဖြစ်တာကြောင့် ထန်မိသားစုအိမ်ကို နေ့လည်စာပြန်လာစားရန် ခေါ်ခြင်းပင်။
သို့ပေမည့် ကုနင်းက သူမသူငယ်ချင်းတွေလဲ ဒီနေ့ပဲ Fမြို့သို့ပြန်မည်ဖြစ်၍ သူတို့နှင့်အတူစားရမည်ဖြစ်ကြောင်းပြန်ပြောခဲ့သည်။
ဒါကြောင့် ထန်ယွင်ဖန်းက သူမသူငယ်ချင်းတွေကိုပါ ထန်အိမ်တော်တွင်အတူ နေ့လည်စာလာစားဖို့ဖိတ်လိုက်ကာ ထိုသို့ဆိုလျှင် သူတို့ကို လေဆိပ်သို့တစ်ခါတည်း လိုက်ပို့နိုင်ပေမည်။
ဘေးမှာရပ်နေသည့် ကုမန့်က သူမသူငယ်ချင်းများလဲ ယနေ့ပဲ Bမြို့မှပြန်တော့မည်ဖြစ်ကြောင်း သိရ၍ ထန်ယွင်ဖန်းက သူမသူငယ်ချင်းတွေကိုပါ ဖိတ်ခိုင်းလိုက်သည်။
ဖုန်းချပြီးနောက် ကုနင်းက ဟောင်ရန်တို့သူငယ်ချင်းတွေကို အဆင်သင့်လုပ်ထားကြရန်ပြောလိုက်သည်။
ဟောင်ရန်ကလဲ သူ့အမေကို ခဏနေ ထန်အိမ်တော်တွင် နေ့လည်စာသွားစားရမည့်အကြောင်း အကြောင်းကြားလိုက်သည်။
၉နာရီခွဲမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ချူးဖေ့ဟန်တို့ကိုခေါ်ဖို့ရန် ဟွမ်းဒင်ဟိုတယ်သို့သွားခဲ့သည်။
ချူးဖေ့ဟန်တို့ကလဲ ဟိုတယ်ဧည့်ခန်းမတွင် အဆင်သင့်စောင့်နေကြပြီဖြစ်တာကြောင့် တစ်ခါတည်း ထန်အိမ်တော်သို့သွားရုံပင်။
အမျိုးသမီးဟောင်တို့အဖွဲ့သည်တော့ ထန်အိမ်တော်သို့မရောက်ဖူးသော်လည်း ဟောင်ရန်ကတော့ ရောက်ဖူးပြီးဖြစ်တာကြောင့် ထန်အိမ်တော်က ဘယ်လောက်တောင်ကြီးမားပြီး ခမ်းနားလှကြောင်း သူ့အမေကိုပြောပြထားပြီးဖြစ်သည်။
ထန်အိမ်တော်သည် Bမြို့မှ အချမ်းသာဆုံးမိသားစုဖြစ်ကြောင်း သိထားပြီးဖြစ်တာကြောင့် အိမ်တော်ခြံဝန်းကိုမြင်ပြီး အံ့အားသင့်မိကြစဲပင်။
ထန်အိမ်တော်သည် သူတို့မြင်ဖူးသမျှတွင် အကြီးဆုံးနှင့်အလှပဆုံးအိမ်တော်ကြီးပင်!
တကယ်တော့ ထန်မိသားစုလောက်မချမ်းသာတဲ့မိသားစုတွေတောင်မှ ဤကဲ့သို့ဇိမ်ခံအိမ်ကြီးမျိုးတွင်နေကြသည်သာ။
အချမ်းသာဆုံးလူမှ အကောင်းဆုံးဇိမ်ခံအိမ်တော်နှင့်နေရမည်မဟုတ်ဘဲ တချို့သော လူချမ်းသာများသည်လဲ ဘဝကိုသက်သောင့်သက်သာနေဖို့ရန် ငွေကိုအသုံးပြုလေ့ရှိကြသည်။ ထန်အိမ်တော်သည် ရှေးကျသလိုထင်ရပေသော်လည်း ခေတ်အဆက်ဆက်ပိုင်ဆိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
တချို့သော သာမာန်လူချမ်းသာများဆိုလျှင် အိမ်အတွက်နှင့် သူတို့ပိုင်ဆိုင်မှုထက်ဝက်လောက်ကို အသုံးပြုကြကာ တချို့ကတော့ သူတို့ဘယ်လိုနေရာမှနေရသည်ဖြစ်စေ ဂရုမစိုက်ကြပေ။
ပြောရလျှင် လူတစ်ယောက်က ပိုချမ်းသာလာလေ ရုပ်ဝတ္ထုပစ္စည်းတွေအကြောင်း ပိုဂရုမစိုက်တော့လေဖြစ်သည်။
…..
ဟောင်ကတော်တို့အဖွဲ့သည် ကုမန့် အခုလို အလွန်ကောင်းမွန်သည့်မိသားစုနှင့် လက်ထပ်နိုင်ခဲ့၍ အားကျမိကြသော်လည်း ကုမန့်နှင့်ထန်ယွင်ဖန်းသည် အလွန်လိုက်ဖက်ညီသည့်ဇနီးမောင်နှံဖြစ်တာကြောင့် မနာလိုခြင်းတော့မရှိပေ။ သူတို့နှစ်ယောက်၏အချစ်က နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာမဟုတ်လား။
ကုနင်းတို့ရောက်ရှိသွားချိန်မှာတော့ ကုချင်တို့ဆွေမျိုးအဖွဲ့က ရောက်နှင့်လို့နေပေပြီ။
ချောင်ဝမ်ရှင်း၏မိသားစုနှင့်ရှင်းပိုင်သည်လဲ ရှိနေကြပြီဖြစ်သည်။ ချောင်ဝမ်ရှင်း၏မိဘများက ရှင်းပိုင်ကိုသဘောကျတာကြောင့် သူ့ကိုပါဖိတ်ထားခြင်းပင်။
အားလုံးက လိုက်လျောညီထွေစွာ ပျော်ပျော်ရွှင်ရွှင်စားသောက်ခဲ့ကြသည်။
ထန်မိသားစုဝင်များသည် အချိန်အတော်ကြာ သူတို့ဘဝတွင် ကျေနပ်နှစ်သိမ့်စရာမရှိခဲ့ကြသော်လည်း ကုမန့်နှင့်ကုနင်းတို့က သူတို့ကို တန်ဖိုးမဖြတ်နိုင်ဖွယ်ပျော်ရွှင်မှုများ ဆောင်ကျဉ်းပေးလာခဲ့သည်။
နေ့လည်စာစားပြီးနောက်မှာတော့ အားလုံးလက်ဖက်ရည်သောက်ရင်း စကားပြောဖြစ်ကြပြီး နာရီဝက်အကြာမှာတော့ လေဆိပ်ဆင်းခဲ့ကြသည်။
……
လင်ရှောင်းထင်နှင့်ရှင်းပိုင်၏ လေယာဉ်ကတူတာကြောင့် တစ်ကားတည်းစီးကာ ဟောင်ရန်တို့ကတော့ ကားအကြီးကိုသုံးကြသည်။
လေဆိပ်သို့ရောက်ချိန်မှာတော့ ဘယ်သူကမှမပြန်ချင်ကြ၍ ဝမ်းနည်းဖွယ်အငွေ့အသက်ကြီးလွှမ်းခြုံလို့နေတော့သည်။
***
အခန်း ၁၀၀၈ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်
ကုနင်းက ဟောင်ရန်နှင့်သူမသူငယ်ချင်းများအတွက် လေယာဉ်လက်မှတ်ကြိုတင်မှာပေးထားသလို ထန်ယွင်ဖန်းကလဲ ဟောင်ကတော်တို့အတွက် မှာပေးထားသည်။
အားလုံး၏လေယာဉ်ချိန်က အတူတူပင်။
…….
ဟောင်ရန်တို့က နေ့လည်၂:၁၀နာရီလေယာဉ်ဖြင့်သွားမည်ဖြစ်ကာ လင်ရှောင်းထင်နှင့်ရှင်းပိုင်သည်တော့ ၂:၄၀နာရီမှပင်။
ဒါကြောင့် ဟောင်ရန်တို့အဖွဲ့ လေယာဉ်လက်မှတ်ယူပြီးသည်နှင့် နားနေဆောင်သို့ထွက်သွားကာ လင်ရှောင်းထင်နှင့်ရှင်းပိုင်သည်တော့ စားသောက်ဆိုင်တစ်ဆိုင်တွင် ခေတ္တနေလေသည်။
လင်ရှောင်းထင်နှင့်ရှင်းပိုင်သည် လေယာဉ်ချိန်မတိုင်မှီ နာရီဝက်ကြိုဝင်ရမည့် ၁:၅၀နာရီမတိုင်ခင်အထိ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့အနားမှမခွာခဲ့ကြပေ။
အားလုံးနှုတ်ဆက်ရမည့်အချိန်ရောက်ချိန်မှာတော့ အချိန်တွေရပ်တန့်သွားဖို့တောင် မျှော်လင့်နေမိကြသည်။
…….
“နင်းနင်း၊ အခုဘယ်ဆက်သွားမှာလဲ?” လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့ထွက်သွားသည်နှင့် ချောင်ဝမ်ရှင်းက ကုနင်းကိုမေးလာသည်။
“ငါက ရှေးဟောင်းလမ်းကို၊ နင်ကရော?”
ကုနင်း ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်အတွက် ရှေးဟောင်းပစ္စည်းအစစ်အချို့ပို့ပေးဖို့ ကြံစည်နေခြင်းပင်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီး ရောင်းထွက်သွားခဲ့ပြီဟု တုလဲ့ဖုန်းက အကြောင်းကြားလာခဲ့သည်။
သူမ မြန်မာနိုင်ငံသို့မသွားခင် မြို့တော်ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ရှေးဟောင်းပစ္စည်းအစစ်တချို့တလေလောက် ပို့ချင်သေးသည်။
မြို့တော်ရှိ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် သမိုင်းကြောင်းကြာရှည်သည့် နာမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်တာကြောင့် Bမြို့ကထက် ပိုလို့အောင်မြင်သည်။
အခုချိန်မှာတော့ နှစ်ဆိုင်လုံးရောင်းစရာရှေးဟောင်းပစ္စည်းအစစ်တွေကုန်ပြီဖြစ်တာကြောင့် ကုနင်း ပစ္စည်းအသစ်များထပ်မံပို့ဆောင်ပေးဖို့လိုအပ်သည်။
“အမ်.. ငါလဲ ဘာမှထွေထွေထူးထူးလုပ်စရာမရှိဘူးဆိုတော့ နင်နဲ့လိုက်ခဲ့မယ်လေ။”
“ရတာပေါ့!” ကုနင်းပြောလိုက်ကာ နှစ်ယောက်သား ရှေးဟောင်းလမ်းသို့ ထွက်လာခဲ့ကြသည်။
……..
သွားနေရင်းလမ်း၎င်း ချောင်ဝမ်ရှင်းက ဖုန်းကကြည့်နေရင်း သတင်းများဖတ်လာသည်။
နောက်ဆုံးရသတင်းတစ်ပုဒ်ကို သူမတွေ့မိချိန်မှာတော့ အံ့ဩတကြီးဖြစ်သွားတော့သည်။ “ဘုရားရေ! ရှေးဟောင်းလမ်းမှာ ဒီမနက်ပဲ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင် ရုတ်တရက်ကြီးပြိုကျလို့ ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီး ကွဲကုန်တဲ့တယ်။ ဆိုင်ပိုင်ရှင်က ယွမ်သန်းသုံးဆယ်ဖိုးလောက်ဆုံးရှုံးသွားတယ်ဆိုပဲ!”
ထိုသတင်းကြောင့် ကုနင်း မျက်ခုံးကိုတွန့်ချိုးလိုက်မိသည်။ “ဆိုင်နာမည်က ဘာတဲ့လဲ?”
“ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်တဲ့!”
ထိုဆိုင်အကြောင်း တုလဲ့ဖုန်းပြောတာကို ကုနင်းကြားဖူးထားသည်။ သူပြောတာတော့ ထိုဆိုင်က အမြဲတမ်း သင်္ချိုင်းမှရှေးဟောင်းပစ္စည်းတွေအများကြီး စုလေ့ရှိတာကြောင့် ကြည့်ရတာ ကြက်သီးထစရာကောင်းလွန်းတယ်ဟုပင်။
ကုနင်း ရုတ်တရက်အတွေးတစ်ခုဝင်သွားသည်။ ဆိုင်ပိုင်ရှင်က သင်္ချိုင်းကရှေးဟောင်းပစ္စည်းတွေအများကြီးကို စုဆောင်းထားတယ်ဆိုမှတော့ အဲ့ဒီရှေးဟောင်းပစ္စည်းဆိုင်ထဲမှာ ယင်စွမ်းအင်တွေနဲ့ပြည့်နေမှာပေါ့၊ ဒါကြောင့်ပဲ ရုတ်တရက် ပြိုကျမှုဖြစ်သွားတာပဲဖြစ်ရမယ်။
ထိုသို့ဖြစ်နိုင်ချေရှိသော်လည်း တခြားအကြောင်းအရင်းကြောင့်လဲ ဖြစ်နိုင်သေးသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းကတော့ ကိုယ်တိုင်တစ်ခေါက်လောက်သွားကြည့်ချင်ကာ ထိုဆိုမှရှေးဟောင်းပစ္စည်းများ၏ မူလဇစ်မြစ်ကိုလဲ သိချင်မိသည်။
“အိုး၊ ဒီမှတ်ချက်ကိုလဲကြည့်ပါဦး၊ သူပြောထားတာတော့ အဲ့ဒီဆိုင်မှာ ယင်စွမ်းအင်တွေအရမ်းများနေလို့ ပြိုကျသွားတာတဲ့။”
ချောင်ဝမ်ရှင်းသည် ယင်စွမ်းအင်ရှိသည်ကို လုံးဝအယုံအကြည်မရှိထားသူဖြစ်တာကြောင့် ထိုမှတ်ချက်ကိုဖတ်ပြီး ရယ်ချင်နေသည်။
သို့ပေမည့် ကုနင်းကတော့ ရုတ်တရက်မှင်သက်သွားခဲ့သည်။ သူမလဲ ထိုသို့အတွေးမျိုးရှိခဲ့တာကြောင့် အခုဆို ဖြစ်နိုင်ချေကပိုမြင့်လာခဲ့ပေပြီ။
“နောက်ထပ်တစ်ခုရှိသေးတယ်၊ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ကဝယ်တဲ့ ရှေးဟောင်းပစ္စည်းအစစ်တွေက လူသားတွေရဲ့ခန္ဓာကိုယ်ကို ဘေးဥပါဒ်ဖြစ်စေတယ်တဲ့!”
ထိုအချက်များက တကယ့်အမှန်တရားပုံပေါက်နေသော်လည်း ချောင်ဝမ်ရှင်းကတော့ မယုံနိုင်ပေ။
“အွန်း… အဆောက်အဦးက ဟောင်းနေလို့ဆိုပြီး ယုံကြည်တဲ့လူကတော့ ပိုများတယ်၊ တချို့ကလဲ ဆိုင်ရှင်ရဲ့ရန်သူတွေက လုပ်တာဆိုပြီး ပြောနေသေးတယ်။”
ရှေးဟောင်းလမ်းနားသို့ရောက်ခါနီးမှာပဲ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့၏ဖုန်းတွေက တပြိုင်တည်းမြည်လာကြသည်။ ခေါ်ဆိုသူနာမည်ကိုကြည့်နေစရာပင်မလိုဘဲ လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့ဖြစ်မှန်း တန်းသိနေသည်။
ကုနင်းက ကားမောင်းနေရတာကြောင့် ဘလူးတုနားကြပ်ကိုသာတပ်ပြီး ပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်နှင့် ရှင်းပိုင်တို့က သူတို့လေယာဉ်ပေါ်ရောက်နေပြီဖြစ်ကြောင်း နောက်အားလပ်ရက်ရလျှင် ထပ်လာခဲ့မည်ဖြစ်ကြောင်း စသည်ဖြင့် ခဏတဖြုတ်စကားပြောပြီး ဖုန်းချခဲ့ကြသည်။
…….
လင်ရှောင်းထင်နှင့်ရှင်းပိုင်၏ ထိုင်ခုံနေရာသည် ပထမတန်း၏ ဘယ်ဘက်အခြမ်းမှဒုတိယတန်းတွင်ဖြစ်သည်။
လင်ရှောင်းထင်က ပြတင်းပေါက်ဘက်တွင်ထိုင်ကာ ရှင်းပိုင်ကတော့ လျှောက်လမ်းဘက်မှာပင်။
နှစ်ယောက်လုံးသည် အရပ်ရှည်ကာ ခန့်ညားချောမောလွန်းသည့် လူရွယ်များဖြစ်တာကြောင့် လေယာဉ်စတက်သည်နှင့် လေယာဉ်မယ်များ ဆွဲဆောင်ခံနေရတော့သည်။
သူတို့နှစ်ဦးကတော့ ထိုသို့အခြေအနေမျိုးနှင့် နေသားကျနေပြီဖြစ်တာကြောင့် လေယာဉ်မယ်များကို လျစ်လျူသာရှုထားကြ၍ လေယာဉ်မယ်များ ရင်ကွဲရပေသည်။ လေယာဉ်မယ်လေးများသည် သူတို့လို ချမ်းသာက ခန့်ညားငယ်ရွယ်သည့်ကောင်လေးများနှင့်တွေ့နိုင်ဖို့ ဆုတောင်းနေကြကာ ဒီလူငယ်လေးနှစ်ယောက်ကလဲ ဘယ်လိုမိန်းကလေးမျိုးနှင့်ဖူးစာဆုံနိုင်မလဲ သိချင်မိကြသည်။
တကယ်တော့ လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့၏စိတ်ထဲတွင် သူတို့မှာချစ်သူရှိနေပြီးသားဖြစ်နေတာကို အတော်လေးကံကောင်းသည်ဟု တွေးနေခဲ့ကြသည်။
လင်ရှောင်းထင်ရော ရှင်းပိုင်သည်ပါ သူတို့၏ခန့်ညားသည့်ရုပ်ရည်သွင်ပြင်ကြောင့်နှင့် မိန်းကလေးတွေ သဘောကျခံရသင့်သည်ဟု မတွေးမိဘဲ အခုလို မိန်းကလေးတိုင်း၏အာရုံကို ဆွဲဆောင်နေမိတာကိုက စိတ်မသက်မသာဖြစ်နေကြသည်။ နှစ်ယောက်လုံးသည် သူတို့ချစ်သူမိန်းကလေးများအပေါ် သစ္စာရှိသူများဖြစ်တာကြောင့် တခြားမိန်းကလေးများနှင့် အချိန်ကုန်ခံကလူနေမည်မဟုတ်ပေ။
လေယာဉ်မယ်လေးများမှာ သူတို့ထိုနှစ်ယောက်ကို မဆွဲဆောင်နိုင်မှန်းသိသော်လည်း ဆက်ကြိုးစားနေကြကာ နောက်ဆုံးမှာတော့ ရှုံးနိမ့်တာက ရှုံးနိမ့်တာပင်။
……..
ကုနင်း ရှေးဟောင်းလမ်း၏ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက် ရေနှစ်ဘူးဝယ်ပေးရန် ချောင်ဝမ်ရှင်းကိုပြောလိုက်သည်။
ထို့နောက် သူမကတော့ ကားနောက်ခန်းထဲမှ ပစ္စည်းတစ်ခုခုထုတ်သလိုဟန်ဆောင်ရင်း တကယ်တမ်း စိတ်စွမ်းအင်အာကာပြင်ထဲမှ ရှေးဟောင်းပစ္စည်းအစစ်ဆယ်ခုလောက်ပါသည့် သစ်သားသေတ္တာကိုထုတ်နေခြင်းပင်။
ချောင်ဝမ်ရှင်းပြန်လာချိန်မှာတော့ ကုနင်းလက်ထဲမှသစ်သားသေတ္တာကိုတွေ့သွားပြီး သိချင်စွာမေးလိုက်သည်။ “နင်းနင်း၊ ဒီလောက်ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီး နင်ဘယ်ကရတာလဲ?”
***
အခန်း ၁၀၀၉ ရှေးဟောင်းပစ္စည်းတစ်သုတ်
“မတော်တဆ ရှာတွေ့ခဲ့တာ။” ကုနင်း သာမာန်ကာလျှံကာသာပြန်ဖြေလိုက်သည်။ “လာ၊ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို သွားကြရအောင်။”
သူမ ရှေးဟောင်းဂူသင်္ချိုးတွေတူးခဲ့လို့ ဒါမှမဟုတ် နစ်မြုပ်နေသည့်ရတနာတွေကို ခိုးခဲ့တာပါလို့ ချောင်ဝမ်ရှင်းကို မပြောပြနိုင်ပေ။ ချောင်ဝမ်ရှင်းကတော့ သူမအတွက် လျှို့ဝှက်ပေးထားမည်ဖြစ်ရင်တောင်မှ လူနည်းနည်းပဲသိလေပိုကောင်းလေဖြစ်သည်။
ဂူသင်္ချိုင်းဖောက်ထွင်းတယ်ဆိုတာ ဥပဒေနဲ့ညီနေတာမှမဟုတ်ဘဲ။
သင်္ချိုင်းတွေကနေ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေခိုးထုတ်နေသူက အစိုးရက သေချာပေါက်ဖမ်းဆီးပေလိမ့်မည်။
ကုနင်းကတော့ သူမနောက်တွင် လင်မိသားစုနှင့်ထန်မိသားစုတို့ရှိနေတာကြောင့် သူမ၏ရှေးဟောင်းပစ္စည်းအစစ်များကို အစိုးရဘက်က ယူဆောင်သွားမည်အား မစိုးရိမ်မိပေ။
ဘယ်သူကမှ သူမကိုဆန့်ကျင့်ကြမှာမှမဟုတ်ဘဲ။
“တကယ်လား? နင်တော်တော်ကံကောင်းတာပဲ!” ချောင်ဝမ်ရှင်း၏အံ့ဩနေပုံကို ကုနင်းပြုံး၍သာ ကြည့်နေလိုက်သည်။
……..
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်ပွဲပြီးနောက် လမ်းထဲမှ ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်အများစုသည် ကုနင်းကိုသိနေကြပြီဖြစ်ကာ သူမကိုမြင်သည်နှင့် အားလုံးနှုတ်ဆက်ကြသည်။
“မတွေ့တာကြာပြီနော်၊ မိန်းကလေးကု!”
“မင်္ဂလာပါ။” ကုနင်းလဲ အားလုံးကို ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်သည်။
ထန်မိသားစု၏မင်္ဂလာပွဲသတင်းက အရမ်းမပြန့်သွားသေးတာကြောင့် သူမသည် ထန်ဟိုင်ဖုန်း၏မြေးအရင်းဖြစ်မှန်း သိထားသူသိပ်မများသေးပေ။
သူတို့သာ ကုနင်း၏မိသားစုနောက်ခံကိုသိသွားလျှင် သေချာပေါက်အံ့အားသင့်နေကြတော့မည်။
……..
အခုဆို တုကျီရှေးဟောင်းပစ္စည်းဆိုင်သည် အရင်းပြုတ်တော့မလိုဖြစ်နေပြီး တုလဲ့ဖုန်း၏မိထွေး လီဖုန့်ရှာတစ်ယောက် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ပိုပိုပြီးသာ မနာလိုစိတ်ပွားနေမိတော့သည်။ သို့သော်လည်း ကုနင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပိုင်ရှင်ဖြစ်နေတာကြောင့် သူမဘာမှမလုပ်ရဲပေ။
“တုလဲ့ဖုန်း ဘာလို့များဒီလောက်တောင် ကံကောင်းနေရတာလဲ?” လီဖုန့်ရှာ သူမဘာသာရေရွတ်နေသည်။ “အဲ့ကောင်မလေးသာ ငါ့ဆိုင်ကိုဝယ်ခဲ့ရင် ငါလဲငွေတွေအများကြီးရှာနိုင်နေပြီ!”
လီဖုန့်ရှာသည် ငွေတစ်ခုတည်းကိုအရေးစိုက်သူဖြစ်သည်။
ထိုအခိုက်အတန့်မှာပဲ ကုနင်းဖြတ်လျှောက်သွားသည်ကို မြင်လိုက်ရတာကြောင့် အလွန်ကြောက်လန့်သွားတော့သည်။ သူမ၏မလုံမလဲစိတ်ကြောင့် ကုနင်းများ သူမရေရွတ်နေတာတွေကြားသွားလောက်သည်ဟုတွေးကာ ထိတ်လန့်နေတော့သည်။
တကယ်လဲ ကုနင်းကြားခဲ့ပေမည့် အာရုံထားမနေပေ။
ကုနင်း သူမကိုလျစ်လျူရှုကာ သူ့လမ်းကိုဆက်ထွက်သွားသည်ကိုမြင်မှ လီဖုန့်ရှာလဲ သက်ပြင်းချနိုင်တော့သည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် တုကျီရှေးဟောင်းပစ္စည်းဆိုင်နှင့် ဆယ်မီတာသာကွာဝေးတာကြောင့် မကြာခင်မှာပဲ ကုနင်း သူမလိုရာခရီးသို့ရောက်ရှိသွားခဲ့သည်။ သူမဆိုင်ထဲသို့ဝင်လိုက်ချိန်တွင် အထဲမှာဝယ်သူအနည်းငယ်ရှိနေသည်။
“ဟိုင်း၊ ဘော့စ်!” ကုနင်းကိုမြင်သည်နှင့် ချက်ချင်းပင် တုလဲ့ဖုန်း ကြိုဆိုလိုက်သည်။
တုလဲ့ဖုန်း၏ ကုနင်းကိုနှုတ်ဆက်သံကိုကြားသည်နှင့် ဝယ်သူတိုင်းကလှည့်ကြည့်လာကြကာ “ဟိုင်း၊ မိန်းကလေးကု!” ဟု နှုတ်ဆက်ကြသည်။
“အားလုံးပဲ စိတ်တိုင်းကျ ကြည့်ကြပါ။” ကုနင်းအပြုံးနှင့်နှုတ်ဆက်လိုက်သည်။
အစကတော့ အားလုံးက ကြည့်ရုံသက်သက်လာကြခြင်းဖြစ်သော်လည်း ကုနင်းနှင့်တွေ့ပြီးနောက်မှာတော့ တစ်ခုခုဝယ်သွားမှဖြစ်မည်ဟု တွေးမိကြသည်။
“ကျွန်မ ကိစ္စရှိလို့လာခဲ့တာ။” ကုနင်းပြောရင်း လက်ဟန်ဖြင့် ရုံးခန်းထဲသို့သွားရန် တုလဲ့ဖုန်းကိုအချက်ပြလိုက်သည်။ တုလဲ့ဖုန်းမှာ အနည်းငယ်နားမလည်နိုင်ဖြစ်သွားသော်လည်း ကုနင်းနောက်မှ ချက်ချင်းလိုက်သွားပေသည်။
ကုနင်းတော့ ရှေးဟောင်းပစ္စည်းအစစ်တွေယူလာလောက်မည်မှန်း စိတ်ထဲတွင် နားလည်နေပေမည့် ကိုယ်တိုင်မြင်တွေ့ရချိန်တွင် အံ့ဩနေမိတုန်းပင်။
ထိုရှေးဟောင်းပစ္စည်းများ၏ဇစ်မြစ်ကို တုလဲ့ဖုန်းသိချင်နေပေမည့် ထုတ်မေးခြင်းတော့မပြုပေ။
မနေ့က ထန်မိသားစုမှမင်္ဂလာပွဲကို တုလဲ့ဖုန်းလဲ တက်ရောက်ခဲ့တာကြောင့် ကုနင်းသည် ထန်မိသားစုဝင်ဖြစ်ကြောင်း သူလဲသိထားပေပြီ။
ဒါကြောင့် ဒီရှေးဟောင်းပစ္စည်းတွေက တရားမဝင်ဘူးဆိုရင်တောင် ကုနင်းကတော့ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်နေသည်။
“ဒါနဲ့၊ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ သတင်းဆိုးကိုကြားခဲ့တယ်။ မင်းအသေးစိတ်သိထားလား?” ရုတ်တရက် ရှန်းဟယ်အကြောင်း ကုနင်းမေးလိုက်သည်။
“ကျွန်တော် ဒီမနက်ပဲသွားကြည့်ခဲ့သေးတယ်။ ကျွမ်းကျင်ပညာရှင်ရဲ့ ရာဖြတ်ပြီးပေးထားလို့ အဲ့ဒီရှေးဟောင်းပစ္စည်းတစ်သုတ်က အစစ်တွေမှန်းတော့သိတယ်။ ပြောတာတော့ အဲ့ဒီပစ္စည်းတွေမှာ ယင်စွမ်းအင်ဖုံးလွှမ်းနေလို့ ပြိုကျတာလို့ပြောတယ်။ ဒါပေမယ့် အဆောက်အဦးက အရမ်းဟောင်းနေလို့ ပြိုကျတာဆိုတဲ့ဘက်ကိုယုံတဲ့လူကတော့ ပိုများတယ်။”
သာမာန်လူများအတွက် ယင်စွမ်းအင်အကြောင်းကြားရတာက ယုံကြည်ဖို့ခက်လှသည်။ တုလဲ့ဖုန်းတောင်မှ သံသယရှိနေတုန်းပင်။
ထိုစကားများကြောင့် ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်၏ ထိုရှေးဟောင်းပစ္စည်းများတွင် တစ်စုံတစ်ခုဖြစ်နေလို့ ပြိုကျခြင်းဖြစ်ကြောင်း ကုနင်းပိုသေချာသွားပေမယ့် ထပ်ပြီးစုံစမ်းဖို့တော့လိုနေတုန်းပင်။ ဒါကြောင့် သစ်သားသေတ္တာကို တုလဲ့ဖုန်းလက်ထဲထည့်ခဲ့ကာ ချောင်ဝမ်ရှင်းနှင့်အတူ ပြန်ထွက်လာခဲ့သည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ရှေးဟောင်းလမ်း၏အတွင်းပိုင်းတွင်ရှိတာကြောင့် သူမတို့ခဏတာလမ်းလျှောက်သွားဖို့လိုသည်။
လမ်းတွင်တော့ လူတော်တော်များများက ကုနင်းကိုမှတ်မိကာ နှုတ်ဆက်နေကြပြီး ကုနင်းလဲ ပြန်ပြုံးပြခဲ့သည်။
တကယ်တော့ တချို့တွေက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို မနာလိုဖြစ်နေကြတာဖြစ်သော်လည်း ဘယ်သူကမှတော့ ကုနင်းကိုမဆန့်ကျင်ရဲကြပေ။
ကုနင်းကို သူတို့သွားရှုပ်လို့မရနိုင်မှတော့ သူမနှင့်ကောင်းမွန်သည့်ဆက်ဆံရေးသာ တည်ဆောက်လိုက်သင့်သည်ဟု စိတ်ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
***
အခန်း ၁၀၁၀ ကျူးယွမ်ကျန်း နှင့် ကျန်းကျီကျန့်
ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်နားသို့ နီးလာသည်နှင့် ပြင်းထန်သည့်ယင်စွမ်းအင်ကို ခံစားမိလာသည်။
ဆိုင်နားသို့နီးလာလေ ယင်ဓာတ်ကပိုပြင်းထန်လာလေပင်။ နောက်ဆုံး ကုနင်း အဆောက်အဦးရှေ့သို့ရောက်သွားချိန်မှာတော့ ယင်ဓာတ်သိပ်သည်းမှုက အမြင့်ဆုံးအခြေအနေဖြစ်သွားတော့သည်။
ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်သည် နှစ်ထပ်ပါသည့်အဆောက်အဦးဟောင်းတစ်ခုပင်။ ၎င်းသည် တကယ်ပဲ အရမ်းဟောင်းနေပြီဖြစ်ပေမည့် ချက်ချင်းကြီး ပြိုကျဖို့အထိတော့ ဟောင်းနွမ်းနေသည်မဟုတ်ပေ။ ကုနင်းလဲ ယင်စွမ်းအင်ကို ခံစားမိလိုက်ကတည်းက အဆောက်အဦးပြဿနာကြောင့်မဟုတ်မှန်း သေချာသွားပြီးဖြစ်သည်။
ထိုနေရာကို အဝါရောင်သတိပေးတိပ်များဖြင့် တန်းထားကာ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ကတော့ အနီးအနားရှိရဲစခန်းသို့ရောက်နေတာဖြစ်သည်။
ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့်ကြည့်လိုက်ချိန်တွင် အဆောက်အဦးနေရာတစ်ခုလုံး ယင်စွမ်းအင်များဖြင့် လုံးဝဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။ သာမာန်လူသာ ဤနေရာကို ဖြတ်လျှောက်မိပါက အေးစိမ့်စိမ့်နှင့် နေမထိထိုင်မသာခံစားချက်မျိုးရရှိလိမ့်မည်။
အဝါရောင်သတိပေးတိပ်များကို ကျေးဇူးတင်ရမည်။ ဒါကြောင့်သာ လူတွေ ဒီနားသို့မလာကြခြင်းပင်။
ဤနေရာမှ ယင်ဓာတ်ကို ကုနင်းဖြေရှင်းနိုင်သော်လည်း နေ့ခင်းကြောင်တောင်လုပ်၍မရတာကြောင့် ညဘက်မှသာပြန်လာဖို့ဆုံးဖြတ်လိုက်သည်။
…….
နောက်တော့ ချောင်ဝမ်ရှင်းနှင့်အတူ ထန်အိမ်တော်သို့ပြန်လာခဲ့သည်။
သို့သော်လည်း အိမ်ပြန်လမ်းတွင် ချောင်ဝမ်ရှင်းထံသို့ ကျူးယွမ်ကျန်းဖုန်းဆက်လာကာ လမ်းလယ်ကကလေးတစ်ယောက်ကို ကျန်းကျီကျန့်က ပြေးဝင်ကယ်လိုက်၍ ကားတိုက်ခံလိုက်ရကြောင်းပြောလာသည်။ အခုတော့ တပ်ဆေးရုံသို့ပို့ဆောင်ခံထားရသည်။
ကျူးယွမ်ကျန်းမှာ ဖုန်းထဲတွင် တောက်လျှောက်ငိုနေတာကြောင့် ချောင်ဝမ်ရှင်းကို အများကြီးမပြောပြနိုင်ခဲ့ပေ။ ချောင်ဝမ်ရှင်းလဲ ထိတ်လန့်သွားတာကြောင့် ချက်ချင်းပင် လမ်းကြောင်းကို တပ်ဆေးရုံဘက်သို့ပြောင်းလိုက်ရသည်။
ကုနင်းလဲ သူမသူငယ်ချင်းက မတော်တဆမှုဆိုးဆိုးရွားရွားဖြစ်သွားသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ပေ။ ကျန်းကျီကျန့်နှင့်သူမသည် သာမာန်အသိမိတ်ဆွေအဆင့်ပဲဆိုလျှင်တောင် ချောင်ဝမ်ရှင်း၏သူငယ်ချင်းဖြစ်နေသေးသည်။
ကုနင်း ကားအရှိန်တင်ကာ တပ်ဆေးရုံသို့အမြန်ဆုံးမောင်းနှင်ခဲ့သည်။
မိနစ်၂၀ကြာပြီးနောက်မှာပဲ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ ဆေးရုံသို့ရောက်သွားကြကာ ကောင်းချန်ယွင်နှင့်တခြားလူများကတော့ ကျန်းကျီကျန့်၏လူနာဆောင်ထဲတွင် ရောက်နေကြပြီဖြစ်သည်။
ကျန်းကျီကျန့်၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေကာ သူ့ညာဘက်လက်မောင်းနှင့် ညာဘက်ခြေထောက်ကို ပတ်တီးများအပြည့်စည်းထားခံရပေမယ့် သတိရနေကာ အခြေအနေမဆိုးပုံပင်။
“ကျန်းကျီကျန့်၊ နင်ဘယ်လိုနေသေးလဲ?” ချောင်ဝမ်ရှင်း စိုးရိမ်ပူပန်စွာမေးလိုက်သည်။
ကျန်းကျီကျန့်က ပြန်ပင်ပြုံးပြလာကာ၊ “ဘာမှမဖြစ်ပါဘူး။ စိတ်မပူနဲ့။ ငါ့လက်မောင်းမှာ ပွန်းပဲ့ဒဏ်ရာနည်းနည်းပါးပါးဖြစ်ပြီး ခြေထောက်က ခြေကျင်းဝတ်လည်သွားရုံပဲ။”
ကျန်းကျီကျန့်၏အသက်ရှူသံက ပုံမှန်ပင်ဖြစ်တာကြောင့် တကယ်အဆင်ပြေနေတာပင်။
“ဘာပြောလိုက်တယ်? ဒီဒဏ်ရာကိုတောင် မဆိုးသေးဘူးထင်နေတာလဲ?” ကျူးယွမ်ကျန်းက အချိန်အတော်ကြာငိုထား၍ နီရဲနေသည့်မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်လာတော့သည်။
ကျန်းကျီကျန့်တစ်ယောက် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
ကျူးယွမ်ကျန်းက သူ့ကိုအရမ်းဂရုစိုက်သလို မတော်တဆမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာကြောင့် အလွန်ထိတ်လန့်ကာ စိုးရိမ်နေတာပင်။ အဓိကအကြောင်းကတော့ ကျူးယွမ်ကျန်းက ကျန်းကျီကျန့်ကို သဘောကျနေတာကြောင့်လဲဖြစ်သည်။
သူ့လက်မှာ ပွန်းပဲ့ဒဏ်ရာရပြီး ခြေကျင်းဝတ်လိမ်သွားရုံဆိုလျှင်တောင် သူမကတော့ အရမ်းပြင်းထန်သည့်ဒဏ်ရာရထားသည်ဟုသာ တွေးနေသည်။
ကျူးယွမ်ကျန်း သူ့အပေါ်ဘယ်လိုခံစားချက်ရှိလဲ ကျန်းကျီကျန့်သိနေတာကြောင့် သူမပိုဒေါသမထွက်သွားစေရန် အပြိုင်ငြင်းမနေတော့ပေ။
တကယ်ဆို သူလဲ ကျူးယွမ်ကျန်းအပေါ် အမြင်ကောင်းရှိခဲ့ပေမည့် ချောင်ဝမ်ရှင်းကသာ အမြဲတမ်းသူချစ်ရသူဖြစ်နေခဲ့တာကြောင့် ကျူးယွမ်ကျန်းကို အလိုအလျောက်ပဲ လျစ်လျူရှုထားခဲ့တာဖြစ်သည်။ ဒါပေမယ့်လဲ အခုတော့ ချောင်ဝမ်ရှင်းမှာချစ်သူရှိနေပြီဖြစ်၍ သူ့မှာအခွင့်အရေးမရှိတော့ကြောင်း နားလည်၍ လက်လျော့လိုက်ပြီဖြစ်ကာ သူ့အပေါ် ကျူးယွမ်ကျန်း၏ဂရုစိုက်မှုများအပေါ် ရင်ထဲထိသွားခဲ့သည်။
ချောင်ဝမ်ရှင်းမှာ ချစ်သူရှိပြီးကာမှ ကျူးယွမ်ကျန်းဘက်လှည့်လာတာကြောင့် သူမက အရံအစီအစဉ်သဘောမျိုးဖြစ်သွားကာ သိပ်တော့မတရားရာပုံပေါက်သည်။
ကျန်းကျီကျန့်လဲ အပြစ်ရှိသလိုခံစားမိပေမည့် သူနှင့်ချောင်ဝမ်ရှင်းတို့က တချိန်လုံး သူငယ်ချင်းဆက်ဆံရေးသာရှိခဲ့ကြတာကြောင့် ကျူးယွမ်ကျန်းကတော့ စိတ်ထဲမထားပေ။
သူမ ကျန်းကျီကျန့်ကို ဘယ်လောက်ပဲ သဘောကျနေခဲ့ပါစေ သူမကိုပြန်ကြိုက်ဖို့ရန် တွန်းအားပေးခြင်းလဲမရှိပေ။ ကိုယ့်ကိုမချစ်တဲ့လူကို အနားခေါ်ထားရတာက ထိုလူနဲ့ခပ်ဝေးဝေးနေရတာထက် ပိုနာကျင်ရတာကြောင့်ပင်။ မဟုတ်ရင် သူတို့နှစ်ယောက် တစ်ချိန်ချိန်မှာ လမ်းခွဲခဲ့ပါက သူငယ်ချင်းတောင် ပြန်မဖြစ်နိုင်ဖြစ်သွားပေလိမ့်မည်။
………
ကုနင်း ဆေးတစ်ပုလင်းထုတ်ကာ ကျူးယွမ်ကျန်းကိုပေးလိုက်ပြီး၊ “သူ့ဒဏ်ရာတွေကို ဒီဆေးလိမ်းပေးလိုက်၊ ကောင်းသွားလိမ့်မယ်။”
“တကယ်လား?”
ကျူးယွမ်ကျန်း၏မျက်လုံးများ လက်သွားတော့သည်။
“အမ်.. သူ့ဒဏ်ရာတွေက စည်းထားတာတာလေ။ ငါအခုချက်ချင်းကြီး သူ့ဒဏ်ရာကို ဆေးထည့်ပေးလိုက်လို့ရလား?” ကျူးယွမ်ကျန်း အနည်းငယ်စိုးရိမ်နေသေးသည်။ ကျန်းကျီကျန့်ထက်တောင်မှ သူမကို သူ့ကိုပိုဂရုစိုက်နေသေးသည်။
“ရတာပေါ့။”
“ကျေးဇူးပါပဲ!” ကျူးယွမ်ကျန်း ချက်ချင်းပင် ဆေးပုလင်းကိုယူလိုက်ကာ ကျန်းကျီကျန့်၏ဒဏ်ရာမှ ပတ်တီးများကိုဖြည်တော့သည်။
ကျန်းကျီကျန့်သည်လဲ ကုနင်းကို ယုံကြည်တာကြောင့် စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ မိန်းကလေးကု။”
“ရပါတယ်။”
ကျူးယွမ်ကျန်းက ကျန်းကျီကျန့်နာသွားမည်စိုး၍ လက်မောင်းနှင့်ခြေထောက်မှ ပတ်တီးများကို အသာလေးဖြည်ပေးနေသည်။
ကျူးယွမ်ကျန်း၏ ဂရုစိုက်မှုများကိုမြင်ပြီး ကျန်းကျီကျန်း စိတ်ခံစားချက်များရှုပ်ထွေးလာရသည်။
ကျူးယွမ်ကျန်း ပတ်တီးကိုဖြည်ပြီးလို့ ဒဏ်ရာတွေကိုမြင်လိုက်ရချိန်မှာတော့ ငိုချင်လာပြန်ကာ မျက်ရည်များပြည့်လာပြန်သည်။ သို့သော်လည်း မျက်ရည်တွေကြောင့် မြင်ကွင်းကိုပိတ်ဆို့သလိုဖြစ်သွားမည်စိုး၍ အမြန်စိတ်ထိန်းကာ ဆေးထည့်ပေးခဲ့သည်။
သူမ၏ပုံစံကြောင့် ကျန်းကျီကျန့်ပင် ရင်နာလာရသည်။
ကုနင်းက ချောင်ဝမ်ရှင်းကိုတစ်ချက်ကြည့်ကာ ထွက်သွားလိုက်သည်။ ချောင်ဝမ်ရှင်းကလဲ ကောင်းချန်ယွင်နှင့်အန်းယန်တို့ကိုကြည့်ကာ အပြင်သို့ခေါ်ထုတ်သွားသည်။
ကျန်းကျီကျန့်ကတော့ သူ့သူငယ်ချင်းတွေရဲ့အကြံကိုသိနေပေမယ့် ဘာမှပြောမနေပေ။
“ကြည့်ရတာ သူတို့နှစ်ယောက်လုံးချစ်မိနေကြပြီထင်တယ်!” အခန်းပြင်သို့ရောက်သည်နှင့် အန်းယန်ကပြောလိုက်သည်။
သူတို့နှစ်ယောက်တွဲဖြစ်သွားလို့လဲ မကောင်းတာမရှိပေ။
“အွန်… အားလုံးက ကျန်းကျီကျန့်ပေါ်ပဲမူတည်တာပါ။” ကျန်းကျီကျန့်ကို ကျူးယွမ်ကျန်းသဘောကျနေသည်က သူငယ်ချင်းတွေကြားတွင် လျှို့ဝှက်ချက်တစ်ခုဟုတ်မနေပေ။
………
ကုနင်း၏ဆေးက ဒဏ်ရာပေါ်ထိတွေ့လာချိန် အေးမြမှုကာ သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရတာကြောင့် ကျန်းကျီကျန့်အံ့ဩသွားရသည်။
“ကျေးဇူးပါပဲ။” ကျူးယွမ်ကျန်း ဆေးထည့်ပြီးသွားသည်နှင့် ကျန်းကျီကျန့်ကျေးဇူးတင်စကားပြောလိုက်သည်။
***