← Chapters

အခန်း (၁၀၁၁-၁၀၁၅)

Vol. 68 Ch. 1011-1015

အခန်း (၁၀၁၁-၁၀၁၅)

Vol. 68 Ch. 1011-1015

အခန်း ၁၀၁၁ အရေထူတယ်လား?

ကုနင်း၏ဆေးက ပြင်းထန်သည့်ရောဂါများကိုပါကုသနိုင်ကြောင်းပါ သူတို့သိသွားကြလျှင် အရမ်းကိုအံ့ဩနေမိကြလိမ့်မည်။

ကျန်းကျီကျန့်၏ဒဏ်ရာက မပြင်းထန်သလို ကုနင်း၏ဆေးစွမ်းအောက်တွင် အတော်များများကိုကုသပေးနိုင်ခဲ့တာကြောင့် အားလုံးကပြန်ဖို့လုပ်ကြတော့သည်။

ကျန်းကျီကျန့်က သူ့မိသားစုကိုဖုန်းဆက်ပြီး လူနာစောင့်ဖို့ခေါ်ချင်ပေမယ့် ကုနင်းက၊ “နင် မနက်ဖြန်ဆိုဆေးရုံက ဆင်းရတော့မှာပဲ နင်ဒဏ်ရာရတဲ့အကြောင်းသိရင် မိသားစုဝင်တွေ စိုးရိမ်နေရလိမ့်မယ်။ ဒီညကို အပြင်မှာအိပ်ဖြစ်မယ်ဆိုပြီး အကြောင်းပြချက်တစ်ခုခုပေးပြီး မနက်ဖြန်မှအိမ်ပြန်လိုက်ရင်မကောင်းဘူးလား?”

ကုနင်းက ကျူးယွမ်ကျန်းနှင့်ကျန်းကျီကျန့်တို့အတွက် သီးသန့်အချိန်လေးရအောင် တမင်ခွင်ဖန်ပေးခြင်းမဟုတ်ဘဲ တကယ်ကိုအရေးကြီးကိစ္စမဟု မထင်မိခြင်းသာဖြစ်သည်။ သူမအကြံကို လက်ခံတာမခံတာကတော့ ကျန်းကျီကျန့်အပိုင်းပင်။

“ဟုတ်သား၊ ငါတို့အားလုံးလဲ ဒီနေ့အလုပ်တွေများနေတာ။ ဒီည ကျီကျန့်ကိုဂရုစိုက်ပေးဖို့ ဘယ်သူနေခဲ့လို့ရမလဲပဲ?” ကောင်းချန်ယွင်က ကုနင်း၏စကားကိုအထင်လွဲကာ အောင်သွယ်တော်လုပ်တော့သည်။ တကယ်တမ်း ဒီနေ့ည သူတို့အားလုံးအားလပ်နေကြတာပင်။

ကျန်းကျီကျန့်တောင်မှ ကုနင်း၏စကားကိုအထင်လွဲသွားခဲ့သည်။ ဒါပေမယ့် ကျူးယွမ်ကျန်းနဲ့ ဘယ်လိုခရီးဆက်သင့်သလဲ သူကိုယ်တိုင်တောင် မသေချာတာကြောင့် ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသည်။

“ကျီကျန့်၊ နင်စိတ်မရှိဘူးဆို ငါနေခဲ့ပြီး ဂရုစိုက်ပေးမယ်လေ။ ဒီည ငါအားတယ်။” ကျူးယွမ်ကျန်းက အရင်ပြောလာခဲ့သည်။ သူမသဘောကျရသည့်အမျိုးသားနဲ့အတူရှိနေနိုင်မည်ဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားနေမိသော်လည်း အပြင်ပိုင်းအမူအရာကတော့ တည်ငြိမ်လို့နေသည်။

“သူက ဘာကိစ္စစိတ်ရှိရမှာတုန်း? အားလုံးက သူငယ်ချင်းတွေပဲကို မဟုတ်ဘူးလား? နင်းနင်းနဲ့ငါက အခု ထန်အိမ်တော်ကိုပြန်ရမှာ၊ သူ့မိဘတွေက လက်ထပ်ကာစဆိုတော့ မနက်ဖြန် ပျားရည်ဆမ်းခရီးထွက်ကြမှာလေ။ ဒီညသာ အိမ်မပြန်ရင် သူ့မိဘတွေကို အချိန်အကြာကြီးတွေ့ခွင့်ရမှာမဟုတ်ဘူး။” ချောင်ဝမ်ရှင်းကပြောပြီးသည်နှင့် ကုနင်းလက်မောင်းမှကိုင်ကာ ဆွဲထုတ်သွားပြီး ကောင်းချန်ယွင်နှင့်အန်းယန်ကိုလဲ အသိပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သေးသည်။

“ဟုတ်သားပဲ၊ ငါ အလုပ်အပ်သူနဲ့သွားတွေ့ရဦးမှာ။ အလုပ်အပ်တဲ့သူကို စောင့်ခိုင်းတာမကောင်းဘူးလေ။” ကောင်းချန်ယွင်ပြောပြီးသည်နှင့် ချက်ချင်းရှောင်ထွက်လာသည်။

“ဒီနေ့ ငါ့ဝမ်းကွဲလာမှာ အခုမှသတိရတယ်။ ဘယ်လိုလုပ်မလဲ ငါလဲသွားမှရတော့မယ်။” အန်းယန်လဲ အကြောင်းပြချက်ပေးကာ ထွက်လာခဲ့သည်။

အဆုံးမှာတော့ လူနာဆောင်ထဲတွင် ကျူးယွမ်ကျန်းနှင့် ကျန်းကျီကျန့်သာ ကျန်ခဲ့တော့သည်။

“အမ်.. ကျေးဇူးပါပဲ။” ကျန်းကျီကျန့် အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့်ပြောလိုက်သည်။

“မလိုပါဘူး။ နင်ညစာဘာစားချင်လဲ? ငါသွားဝယ်ပေးမယ်လေ။”

“ကြိုက်တာဝယ်ခဲ့ပါ၊ ငါအစားမရွေးဘူး။” ကျန်းကျီကျန့်ထိုသို့ပြောလိုက်ပေမည့် ကျူးယွမ်ကျန်းက သူဘာကိုကြိုက်တယ် ဘာကိုတော့မကြိုက်မှန်းအားလုံးသိထားပြီးဖြစ်ကြောင်း သိနေပေသည်။

“ဟုတ်ပါပြီ။”

……..

“နင်းနင်း၊ နင်တမင်အခွင့်အရေးပေးလိုက်တာမဟုတ်လား?” အားလုံးအပြင်သို့ထွက်လာသည်နှင့် ချောင်ဝမ်ရှင်းကမေးလိုက်သည်။

“မဟုတ်ပါဘူး။ သူ မနက်ဖြန်ဆိုဆေးရုံက ဆင်းနိုင်မှာပဲမို့လို့ တကယ်ကို ရိုးရိုးရှင်းရှင်းနဲ့ အရေးကြီးကိစ္စမဟုတ်ဘူးလို့ တွေးမိတာပါ။”

ကုနင်းက အကြံတချို့ပေးရုံသာဖြစ်ပြီး ကျန်းကျီကျန့်ကိုယ်တိုင် ဆုံးဖြတ်ရတာဖြစ်သည်။

“ဟ-ဟ၊ ငါက နင်တမင် သူတို့အတွက် ကိုယ်ပိုင်အချိန်လေးရှိအောင် ခွင်ဖန်ပေးတယ်ထင်လိုက်တာ!” ချောင်ဝမ်ရှင်း တကယ်ကိုအံ့ဩမိသွားသည်။

အန်းယန်ကလဲ၊ “သူတို့တစ်ယောက်စိတ်တစ်ယောက်ပိုသိနိုင်ဖို့ အခွင့်ကောင်းပဲ။”

“အဲ့လိုဖြစ်သွားဖို့မျှော်လင့်ပါတယ်။ တကယ်ဆို ကျီကျန့်လဲ ယွမ်ကျန်းအပေါ် အမြင်ကောင်းတွေရှိပါတယ်။ ဒါပေမယ့် သူက တချိန်လုံး ဝမ်ရှင်းကိုပဲတမ်းတမ်းစွဲနေခဲ့တာဆိုတော့ ယွမ်ကျန်းကို သတိမထားမိခဲ့တာ။ အခု ဝမ်ရှင်းလဲ ချစ်သူရသွားပြီဆိုတော့ ယွမ်ကျန်း သူ့အပေါ်အရမ်းဂရုစိုက်မှန်း စပြီးသတိထားမိလာပြီလေ။ ဒါပေမယ့် ယွမ်ကျန်းက သူ့အတွက်အရံအစီအစဉ်လိုပုံဖြစ်သွားတော့ ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာ။” ကောင်းချန်ယွင် ရှင်းပြလိုက်သည်။ ကျန်းကျီကျန့်က သူ့ခံစားချက်တွေအားလုံးကို သူငယ်ချင်းဖြစ်သူအားပြောပြထားပေမည့် တခြားလူတွေကိုပြန်မပြောဖို့လဲ မှာထားသည်။

သို့ပေမည့် ကျန်းကျီကျန့်၏သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူကတော့ တစ်ခုခုကူညီပေးသင့်သည်ဟု တွေးနေခြင်းပင်။

“ယွမ်ကျန်းအပေါ် သူအမြင်ကောင်းရှိတယ်ဆိုမှတော့ သူတို့တွဲဖြစ်နိုင်ချေတော်တော်မြင့်နေပြီပဲ။” အန်းယန်၏စကားကို ချောင်ဝမ်ရှင်းလဲ ခေါင်းညိတ်ထောက်ခံမိသည်။

ဒီတော့မှာ မပြောသင့်တာကိုပြောမိပြီမှန်း ကောင်းချန်ယွင်သတိရသွားတော့သည်။ “သူက ငါ့ကိုသူခံစားချက်တွေအကြောင်း ဘယ်သူ့ကိုမှပြန်မပြောဖို့မှာထားတာ။ မင်းတို့ကို ငါပြောပြထားတာ သူမသိသွားစေနဲ့နော်။”

“အေးပါဟာ၊ ငါတို့လျှို့ဝှက်ထားပါ့မယ်။”

အားလုံးက သူငယ်ချင်းကောင်းတွေဖြစ်ကြကာ သူငယ်ချင်းကောင်းဆိုသည်က အချင်းချင်းရိုင်းပင်းကူညီကြရပေမည်။

………

ဆေးရုံမှထွက်လာပြီးသည်နှင့် အားလုံးလမ်းခွဲကာ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ကတော့ ထန်အိမ်တော်သို့ပြန်လာခဲ့သည်။

ထန်အိမ်တော်သို့ရောက်ပြီးမကြာခင်မှာပဲ ကုနင်း၏ဖုန်းကမြည်လာကာ ခေါ်ဆိုသူကတော့ လင်ရှောင်းထင်ပင်။ နောက်တစ်စက္ကန့်တွင်ပဲ ချောင်ဝမ်ရှင်းကိုလဲ ရှင်းပိုင်ကဖုန်းခေါ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး မြို့တော်လေဆိပ်သို့ဆိုက်ရောက်တာကြောင့်ပင်။

စုံတွဲနှစ်တွဲသည် ညကျလျှင်လဲ အချိန်အကြာကြီးစကားပြောကြမည်ဖြစ်တာကြောင့် အခုတော့ ဖုန်းမချခင် အချိန်ခဏတာစကားပြောဖြစ်ကြသည်။

ထန်ဟိုင်ဖုန်းနှင့် ကျန်မိသားစုဝင်များသည် ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ တစ်ချိန်တည်းလိုလို ဖုန်းပြောနေသည်ကိုမြင်ပြီး လင်ရှောင်းထင်နှင့် ရှင်းပိုင်တို့ဆက်မှန်းသိလိုက်တာကြောင့် အားလုံးကပြုံးကာ ကြည့်နေကြတော့သည်။

ကုနင်းကတော့ အကြည့်တွေကိုစိတ်ထဲမထားပေမယ့် ချောင်ဝမ်ရှင်းကတော့ အနည်းငယ်နေရခက်လာတာကြောင့် အကြောင်းပြချက်ပေးကာ ရေချိုးခန်းထဲပြေးဝင်သွားတော့သည်။

“ဝမ်ရှင်း၊ ရှက်သွားတာလား? နင်းနင်းကိုပဲကြည့်၊ သူဆို ဘယ်လိုမှတောင်မနေဘူး။” ထန်ဟိုင်ဖုန်းက ချောင်ဝမ်ရှင်းကြားလောက်အောင် အသံကျယ်ကျယ်ဖြင့်စနောက်လိုက်သည်။

အားလုံးက သဘောကျကာ ရယ်မောနေကြပြီး ချောင်ဝမ်ရှင်းကတော့ ပိုတောင်ရှက်လာသည်။ သို့ပေမည့် ကုနင်းကတော့ စိတ်ဆိုးဟန်ဆောင်ကာ၊ “အဖိုး၊ အဖိုးအမြင်မှာ သမီးကအရမ်းအရေထူနေလို့လား?”

ထန်ဟိုင်ဖုန်း ရုတ်တရက်ကြောင်သွားပြီးမှ ဟက်ဟက်ပက်ပက်ရယ်မောပစ်ကာ၊ “အဖိုးပြောမိလို့လား၊ နားထောင်ကြည့်တော့လဲ သမီးပြောတာ မှန်သားပဲ။”

ထိုစကားအရ ကုနင်းအရေထူသည်ဟု လက်ခံလိုက်ပုံပင်။

အားလုံးက ထပ်ပြီးရယ်မောနေကြကာ ကုနင်းသည်လဲ ရယ်သာရယ်နေမိတော့သည်။

မကြာခင်မှာပဲ ညစာအဆင်သင့်ဖြစ်ကာ စားသောက်ပြီးနောက် အားလုံး ကိုယ့်အခန်းကိုယ်ပြန်ကြသည်။

ကုနင်းက သူမထန်အိမ်တော်မှာ မနေဘူးဟု ပြောထားသော်လည်း ထန်မိသားစုကတော့ သူမအတွက် အခန်းသီးသန့်စီစဉ်ပေးထားတုန်းပင်။

***

အခန်း ၁၀၁၂ လင်ရှောက်မင်၏ မိုက်မဲသောအမေနှင့်ညီမ

ကုနင်းသည်သာမာန်ကလေးမဟုတ်ဘဲ မိသားစု၏အကာအကွယ်ပေးမှုကိုမလိုအပ်ကြောင်း ထန်မိသားစုဝင်များသိထားသည်။ သူမတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အလုပ်အကိုင်လမ်းကြောင်းလဲရှိတာကြောင့် ထန်အိမ်တော်တွင်နေဖို့ မသင့်တော်ပေ။ သို့သော်လည်း ကုနင်း ဘယ်လောက်ပဲထူးချွန်ကာ အောင်မြင်နေပါစေ သူမမိသားစုကတော့ သူမကိုအရမ်းဂရုစိုက်နေတုန်းပင်။

ကုနင်း တချို့နှင့်အတူ ဟွားဖုတောင်ကုန်းသို့ပြန်လာခဲ့သည်။ သူမ ရေချိုးအဝတ်အစားလဲပြီး အိပ်ရာထဲသို့ရောက်သည်နှင့် လင်ရှောင်းထင်ကို ဖုန်းဆက်လိုက်သည်။

ထိုအချိန်တွင် လင်ရှောင်းထင်သည် လင်အိမ်တော်၌ သူ့အဖိုးဖြစ်သူနှင့်စကားပြောနေတာပင်။ ကုနင်းဖုန်းဆက်လာသည်ကိုမြင်သည်နှင့် ချက်ချင်းပင်ထရပ်ကာ အဖိုးကိုချန်ထားခဲ့ပြီး ဖုန်းဖြေဖို့ထွက်သွားတော့သည်။

“ဟေ့ ကောင်လေး!” သခင်ကြီးလင် ထပ်ပြီးလျစ်လျူရှုခံရပြန်တာကြောင့် မကျေမနပ်ဖြစ်သွားတော့သည်။

“နင်းနင်း၊ ဘာတွေလုပ်နေလဲ?” လင်ရှောင်းထင်မေးလိုက်သည်။

“အခုပဲ ရေချိုးပြီးလို့ အိပ်ရာထဲရောက်နေပြီ။”

လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့် အရေးကြီးကိစ္စတချို့ပြောရဦးမည်ဖြစ်တာကြောင့် ကုနင်းနှင့်အကြာကြီးစကားမပြောခဲ့ဘဲ ၁၀မိနစ်နေသည်နှင့် ဖုန်းချကာ သခင်ကြီးလင်၏စာကြည့်ခန်းထဲပြန်သွားခဲ့သည်။

…….

လင်အိမ်တော် ဧည့်ခန်းထဲတွင်

ကျန်းရှူးယွမ်၊ လင်ရှောက်မင်နှင့် လင်ရှောက်ကျားတို့ တီဗီကြည့်နေကျပေမည့် ကျန်းရှူးယွမ်နှင့်လင်ရှောက်ကျားကတော့ မလိုမုန်းတီးမှုအပြည့်ဖြင့် သခင်ကြီးလင်၏စာကြည့်ခန်းတံခါးကို မျက်စောင်းထိုးနေကြသည်။

လင်ရှောင်းထင် အိမ်ပြန်ရောက်သည်နှင့် သခင်ကြီးလင်က စကားပြောရန် စာကြည့်ခန်းထဲသို့ခေါ်သွားကာ အချိန်အတော်ကြာသည်အထိ ထွက်မလာကြသေးပေ။ လင်ရှောက်မင်လဲ အိမ်ပြန်လာခဲပေမယ့် သခင်ကြီးလင်က သူ့ကိုတော့ တစ်ယောက်တည်းခေါ်စကားပြောလေ့မရှိပေ။ ဒါလုံးဝမတရားဘူး!

လင်ရှောက်မင်သည် ထိုကိစ္စအပေါ် ဂရုမထားဟန်ဆောင်နေသော်လည်း သူ့နှလုံးသားထဲမှာတော့ လင်ရှောင်းထင်ကို အတော်လေးမနာလိုဖြစ်နေမိသည်။ သို့သော်လည်း သူ လင်ရှောင်းထင်ကို မကျော်နိုင်မှန်းသိတာကြောင့် အထွန့်မတက်ခဲ့ပေ။

လင်မိသားစုလို ဩဇာအာဏာကြီးမားသည့် မိသားစုအတွက် အရည်အချင်းကသာ အရေးအပါဆုံးဖြစ်သည်။ လင်ရှောက်မင်အနေနှင့် သူ့အဖိုး၏အာရုံစိုက်မှုကိုရရှိစေရန် ပိုကြိုးစားဖို့သာလိုသည်။

ဒါ့အပြင် သူ့အဖိုးက မောင်နှမဝမ်းကွဲတွေအချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်သည်ကို မမြင်ချင်မှန်း သူသေချာသိသည်။ သူ့မကျေနပ်ချက်တွေကိုသာ ပေါ်တင်ထုတ်ပြလိုက်ပါက သူ့အဖိုးက သူ့ကိုပို၍သာ သဘောမကျဖြစ်သွားပေမည်။ အထူးသဖြင့် လင်ရှောင်းထင်က ပြဿနာတွေကို ရှောင်နေပြီး သူ့ဘက်ကကြီး လိုက်တိုက်ခိုက်နေရင်ပေါ့။

လင်ရှောင်းထင်သည် ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရကာ သူတို့အဖိုးကပဲ စောင့်ရှောက်ပေးခဲ့တာဖြစ်လို့ အဖိုးက သူ့ကိုဆိုပိုဂရုစိုက်ပေးတာက နားလည်ပေး၍ရသည်။

ကျန်းရှူးယွမ်နှင့်လင်ရှောက်ကျားကတော့ ထိုသို့သောအခြေအနေတွေကို နားလည်မှုမရှိပေ။ လင်ရှောင်းထင်ကို အပြစ်မမြင်နေဖို့ရန် လင်ရှောက်မင် သူတို့ကိုအကြိမ်ပေါင်းမနည်း သတိပေးခဲ့သော်လည်း သူတို့ကတော့ နားမထောင်သည့်အပြင် သူ့ကိုတောင် ပြန်အပြစ်တင်ကြသည်။

သူကိုယ်၌မှာလဲ လင်ရှောင်းထင်ကိုယှဉ်ပြိုင်လိုစိတ်ရှိပေမည့် သူကတော့ ပါးပါးနပ်နပ်နှင့်အကောင်အထည်ဖော်မည်ဖြစ်သည်။ ပြိုင်ဘက်နှင့် အဓိပ္ပါယ်မဲ့စကားများနေလို့ အသုံးမဝင်ပေ။ အထူးချွန်ဆုံးသူသည်သာ လင်မိသားစု၏ဆက်ခံသူဖြစ်လာလိမ့်မည်။

……

“ဘာလို့များ အဖိုးက လင်ရှောင်းထင်ပြန်လာတိုင်း သီးသန့်စကားခေါ်ပြောရတာလဲ? လုံးဝမတရားဘူး!” လင်ရှောက်ကျား မကျေနပ်မှုအပြည့်ဖြင့်ပြောလိုက်သည်။

“ရှောက်မင်ကိုကျတော့ နည်းနည်းလေးတောင် ဂရုတစိုက်မရှိပေးနိုင်ဘူးလားဘဲ? ရှောင်မင်လဲ အိမ်ပြန်လာခဲတာကို!” ကျန်းရှူးယွမ်လဲ မကျေနပ်ချက်များကို ထုတ်ပြောလသည်။

“တော်ကြပါတော့၊ အဖိုးသာကြားသွားရင် စိတ်ဆိုးသွားလိမ့်မယ်။” လင်ရှောက်မင် စိတ်မရှည်စွာဝင်ပြောတော့သည်။

“ရှောက်မင် အမေတို့က မင်းက မင်းဘက်ကပြောပေးနေတာလေ!”

“အမေ့ကို ကျွန်တော့်ကိစ္စတွေထဲဝင်မပါဖို့ အခါခါပြောထားပြီးပြီ။ အဖိုးက ဝမ်းကွဲတွေအချင်းချင်း ပြိုင်ဆိုင်နေတာကို မမြင်ချင်တာ အမေမသိလို့လား? အမေသာ ဆက်ပြီးဒီအတိုင်းပဲလုပ်နေမယ်ဆို အဖိုးက ကျွန်တော်တို့ကိုပိုတောင် မုန်းသွားဦးမယ်။” လင်ရှောက်မင် စိတ်ညစ်လာရသည်။ သူ့အမေရော ညီမရောက တကယ်ကိုမိုက်မဲတုံးအကြတာပဲ။

“ရှောက်မင်၊ အဖိုး လင်ရှောင်းထင်ဆီပဲအာရုံရောက်နေအောင် ထား,ထားလို့မဖြစ်ဘူးလေ!” လင်ရှောက်ကျားကလဲ ပြောလသည်။ သူမမှာတော့ လင်မိသားစုအမွေကိုဆက်ခံဖို့ရည်ရွယ်ချက်မရှိသော်လည်း သူမအစ်ကို,ကိုတော့ ရသွားဖို့မျှော်လင့်မိသည်။

“တော်တော့!” လင်ရှောက်မင် ဟန့်လိုက်ကာ သူ့အခန်းသို့ ပြန်သွားတော့သည်။

“အမေ့!” လင်ရှောက်ကျားလဲ သူမအမေဘက်လှည့်ကာ စစ်ကူတောင်းရတော့သည်။

“သူ့ကိုလွှတ်သာထားလိုက်တော့! အမြဲ ဒီအတိုင်းချည်းပဲ။” လင်ရှောက်မင်၏အကျင့်ကို ကျန်းရှူးယွမ် သဘောမကျသော်လည်း သူမသမီးထက်တော့ သားကိုပိုတန်ဖိုးထားတာကြောင့် လင်ရှောက်မင်ဘက်သာလိုက်ပေးသည်။

လင်ရှောက်ကျားကတော့ အများကြီးမစဉ်းစားဘဲ သူမအမေက သူမထက် သူမအစ်ကို,ကိုပိုဂရုစိုက်သည်လောက်သာ တွေးမိသည်။

ထိုအချိန်မှာပဲ လင်ရှောက်ကျား၏ သူငယ်ချင်းကဖုန်းဆက်လာကာ တစ်ခွက်လောက်သွားသောက်ဖို့ပြောလာသည်။

လင်ရှောက်ကျားလဲ စိတ်အခြေအနေမကောင်းတာကြောင့် နည်းနည်းပါးပါး စိတ်ဖြေလို၍ သဘောတူလိုက်သည်။

လင်ရှောက်ကျားသည် ကလေးလဲမဟုတ်တော့သလို သူမအပေါင်းအသင်းနှင့်သူမရှိတာကြောင့် ကျန်းရှူးယွမ်ကလဲ တားမနေဘဲ ဂရုစိုက်ဖို့ရန်သာ သတိပေးလိုက်သည်။

လင်ရှောက်ကျားကိုဖုန်းဆက်သည့် သူငယ်ချင်းဆိုသူက သူမ၏ချစ်သူ စမစ်ဖြစ်သည်။ ဒါကြောင့် လင်ရှောက်ကျားက ဒီညသူမကိုယ်ပိုင်တိုက်ခန်းမှာသာ နေလိုက်မည်ဖြစ်ကြောင်း ကျန်းရှူးယွမ်ကိုပြောလိုက်သည်။ ကျန်းရှူးယွမ်ကလဲ မေးမြန်းခြင်းမရှိဘဲ သူမသဘောကျလွှတ်ပေးထားသည်။

……..

လင်ရှောင်းထင်နှင့်ဖုန်းပြောပြီးမှပဲ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ကို သွားရဦးမည်မှန်း ကုနင်းသတိရသွားကာ ချက်ချင်းအဝတ်အစားလဲပြီး အိမ်မှထွက်လာခဲ့သည်။

ကုချင်နှင့်သူမဆွေမျိုးတွေကလဲ သူမကိုယ်သူမစောင့်ရှောက်နိုင်မှန်း သိတာကြောင့် တားမြစ်ခြင်းမရှိပေ။

ဒါ့အပြင် အခုမှည၉နာရီကျော်ရုံသာရှိသေးတာကြောင့် သိပ်လဲနောက်မကျသေးပေ။ လူငယ်တွေဆိုတာ ဒီလိုညဘက်တွေမှာ အပြင်ထွက်ပျော်ပါးတတ်ကြသည်ပဲလေ။

……..

မြို့တော်တွင်

ချိန်းဆိုထားရာ ကလပ်မှသီးသန့်ခန်းထဲသို့ လင်ရှောက်ကျားဝင်သွားချိန်တွင် အထဲ၌ စမစ်တစ်ယောက်သာရှိနေသည်။

လင်ရှောက်ကျား ရောက်လာသည်နှင့် စမစ်က သူမကိုပွတ်သီးပွတ်သပ်လုပ်လာတာကြောင့် လင်ရှောက်ကျားလဲ သူ့ကိုတွန်းထုတ်လိုက်ကာ၊ “မလုပ်စမ်းပါနဲ့။ စားပွဲထိုးဝင်လာရင်ဘယ်လိုလုပ်မလဲ?”

“စိတ်မပူပါနဲ့ကွာ၊ သူမဝင်ခင် တံခါးခေါက်မှာပေါ့။” စမစ် ထိုသို့ပြန်ပြောလိုက်သော်လည်း လင်ရှောက်ကျားကို ဖိအားမပေးပေ။ ဘာပဲဖြစ်ဖြစ် ခဏနေဆို သူလိုချင်တာရမှာပဲမဟုတ်လား။

***

အခန်း ၁၀၁၃ သရဲမ

စမစ်က လင်ရှောက်ကျားကိုဖက်ထားရင်း ဆိုဖာပေါ်တွင် ထိုင်နေလေသည်။ သူမအတွက်လဲ သောက်စရာတစ်ခွက်ငှဲ့ပေးလိုက်ကာ ခွက်ချင်းတိုက်လိုက်ကြသည်။

“ဘာဖြစ်လို့လဲ? စိတ်အခြေအနေမကောင်းဘူးလား?” လင်ရှောက်ကျား အရက်ကိုဆက်တိုက်တစ်ခွက်ပြီးတစ်ခွက်သောက်နေတာကြောင့် စမစ်မေးလိုက်ရသည်။

လင်ရှောက်ကျားကတော့ သူ့စကားကိုလျစ်လျူရှုကာ ဆက်သောက်နေတုန်းပင်။

သူမသောက်ချင်နေမှတော့ စမစ်ကလဲ တားမနေပေ။

“ငါမစောင့်နိုင်တော့ဘူး၊ သွားကြရအောင်!” လင်ရှောက်ကျား တော်တော်များများသောက်ပြီးသွားသည်နှင့် စမစ်ဆွဲခေါ်သွားတော့သည်။ လင်ရှောက်ကျားကို ကြည့်မလေ သူ့စိတ်ဆန္ဒတွေက ပေါက်ကွဲလာတော့မလိုပင်။

သူတို့ကလပ်ထဲမှထွက်လာချိန်မှာတော့ လင်ရှောက်ကျား သူမသိနေသည့်တစ်စုံတစ်ယောက်နှင့် ဆုံသွားသည်။

ထန်ယရှင်းက တခြားအမျိုးသမီးတစ်ယောက်နှင့်အတူ ကလပ်သို့လာခြင်းဖြစ်ကာ ချီကျီယွဲ့ကတော့ ပါမလာခဲ့ပေ။

ထန်ယရှင်းသည် အပျော်အပါးမက်သူဖြစ်ပြီး ချီကျီယွဲ့အနားမှာရှိမနေလျှင် သူမသူငယ်ချင်းများနှင့် နောက်ကျသည်အထိလည်တတ်သည်။ ထန်ယရှင်းသည် သူမဘဝကို ဇိမ်ကျကျနှင့် နေချင်သလိုနေတက်ပေမည့် ချီကျီယွဲ့ကိုတော့ တကယ်သဘောကျတာကြောင့် သူနှင့်သာအတူရှိနေလျှင် ထိန်းထိန်းသိမ်းသိမ်းရှိသည်။

“ဟိုင်း၊ မိန်းကလေးလင်!” လင်ရှောက်ကျား၏မိသားစုသည် ထန်မိသားစုထက် ပို၍အင်အာကြီးတာကြောင့် လင်ရှောက်ကျားနှင့်တွေ့ချိန်တွင် ထန်ယရှင်း၏ပုံစံမှာ ယဉ်ကျေးသွားသည်။

“ဟိုင်း၊ မိန်းကလေးထန်၊” လင်ရှောက်ကျားလဲ ပြန်နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ဦးက သာမာန်အသိမိတ်ဆွေမျှသာဖြစ်တာကြောင့် နှုတ်ဆက်ပြီးသည်နှင့် ကိုယ့်လမ်းကိုဆက်သွားကြသည်။ နှစ်ယောက်လုံးက ဒီကိုပျော်ပါးဖို့အတွက်လာကြခြင်းဖြစ်တာကြောင့် လင်ရှောက်ကျားဘေးမှယောက်ျားကို ထန်ယရှင်း အာရုံထားမနေပေ။

နောက်တော့ ထန်ယရှင်းလဲ သူမသူငယ်ချင်းနှင့်အတူ ကလပ်ထဲမှ သီးသန့်ခန်းတစ်ခုထဲဝင်သွားခဲ့သည်။

အခန်းထဲတွင် အမျိုးသားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိနေကာ အားလုံးက သူမသူငယ်ချင်းတွေပင်ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံးသည် ထန်ယရှင်း၏ သူငယ်ချင်းအစစ်အမှန်များမဟုတ်ကြဘဲ အကျိုးအမြတ်အတွက်ပေါင်းသင်းကြသူများသာဖြစ်သည်။ သူတို့အတူတူ အပြင်ထွက်လည်သလို အိပ်ရာပေါ်မှာလဲ အတူတူအချိန်ဖြုန်းတတ်ကြသည်။

ထန်ယရှင်းဝင်လာသည်နှင့် အမျိုးသားနှစ်ယောက်က မတ်တပ်ထရပ်လာကြသည်။

“မင်းတို့ ရောက်လာပြီပေါ့! အကြာကြီးစောင့်လိုက်ရတာ၊ နောက်ကျတဲ့အတွက် တစ်ခွက်သောက်ရမယ်။” အမျိုးသားတစ်ယောက်က ထန်ယရှင်းကို ဖက်လိုက်ရင်း သူမဆီအရက်တစ်ခွက်ကမ်းပေးလိုက်သည်။

ထန်ယရှင်းလဲ ဘာမှပြောမနေဘဲ ချက်ချင်းပင်မော့ချလိုက်သည်။

ထန်ယရှင်း အရက်ကိုသောက်နေချိန် ထိုအမျိုးသားက သူမတင်ပါးကိုကိုင်လိုက်သော်လည်း ထန်ယရှင်းကတော့ ဘာမှမပြောသလို ဖယ်ခွာသွားခြင်းလဲမရှိပေ။

ဒီလိုအထက်တန်းလွှာလူချမ်းသာအများစုသည် အရက်နှင့်လိင်ဆက်ဆံခြင်းကို ပျော်မွေ့ကြသူများဖြစ်ပေမည့် အပြင်လူတွေကတော့ လုံးဝမသိပေ။ ချီကျီယွဲ့တောင်မှ ထန်ယရှင်းအကြောင်းကို နည်းနည်းပါးပါးပဲသိထားသည်။ သူမကို သူငယ်ချင်းများနှင့် ရိုးရိုးတန်းတန်းအပြင်ထွက်လည်ပတ်သည်ဟုပဲ တွေးထားတာဖြစ်ပြီး ယောက်ျားပေါင်းများစွာနှင့်အိပ်လိမ့်မည်လို့တောင် နည်းနည်းလေးတောင် မထင်ခဲ့ပေ။

အားလုံး ထိုင်ခုံကိုပြန်ရောက်သည်နှင့် ထန်ယရှင်းက သူမအပေါ်ထပ်ကုတ်ကိုချွတ်လိုက်ကာ သူမဘေးမှအမျိုးသားပေါ် မှီတွယ်လိုက်သည်။

“ယရှင်း၊ မင်းလူ ချီကျီယွဲ့ရော?” ထိုလူက မေးလာသည်။

“နိုင်ငံခြားသွားတယ်လေ၊ နောက်ရက်ပိုင်းလောက် ပြန်လာဦးမှာမဟုတ်ဘူး။”

“ဒါဆို မင်းဒီနေ့အားတယ်လို့ဆိုလိုတာပေါ့?”

“အွန်းလေ.. မဟုတ်ရင် ငါထွက်လာပါ့မလား။”

ထန်ယရှင်းစကားကိုကြားသည်နှင့် ထိုလူက ထန်ယရှင်းနား,နားကိုကပ်ကာ ဩရှရှလေသံခပ်တိုးတိုးနှင့်၊ “ဒါဆို ဒီည ငါ့အိမ်သွားကြရင်မကောင်းဘူးလား?”

“သွားတာပေါ့…” ထန်ယရှင်း၏ ညုတုတုပြန်ဖြေသံကြောင့် ထိုလူက ပျော်ရွှင်မှုအပြည့်ဖြင့် ရယ်မောလာသည်။

နောက်တော့ သူတို့ သောက်စားရင်း ကစားကြသည်။

“ငါတို့အားလုံးသဘောကျတဲ့ကစားနည်းပဲ ကစားကြရအောင်လား?” မိန်းကလေးတစ်ယောက်က အကြံပေးလိုက်သည်။

“ကောင်းတာပေါ့! အပြစ်ပေးတာကိုလဲ အရင်အတိုင်းပဲလုပ်ကြမယ်။”

…….

Bမြို့တွင်…

ကုနင်း ရှေးဟောင်းလမ်းသို့ရောက်သွားချိန်တွင် လမ်းမှာ နေ့ခင်းဘက်မြင်ရသည်နှင့် လုံးဝကွာခြားလို့နေသည်။

ရှေးဟောင်းလမ်းမှ အဆောက်အဦးအများစုသည် အိုဟောင်းနေပြီဖြစ်သော်လည်း လည်ပတ်သူအနည်းငယ်ရှိနေတာကြောင့် မြင်ကွင်းမှာ အတော်လေးဆွဲဆောင်မှုရှိနေတုန်းပင်။

ကုနင်း ကားရပ်ထားပြီဖြစ်သော်လည်း သူမကို တခြားလူတွေမှတ်မိမသွားစေချင်တာကြောင့် ချက်ချင်းကားထဲမှမထွက်သေးပေ။ ကားထဲမှမထွက်ခင် သူမကိုယ်သူမ ထန်အိုက်နင်းအဖြစ်ရုပ်ဖျက်လိုက်ပြီးမှ ထွက်လာခဲ့သည်။

သူမက ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်သို့ တန်းလာခဲ့ကာ အနေအထားမှာ အစောပိုင်းကလိုပဲ စစ်ဆေးရေးလုပ်နေစဲဖြစ်တာကြောင့် ဘာကိုမှမရှင်းလင်းထားသေးပေ။

နေရောင်မရှိတော့တာကြောင့် ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုသည် ပိုလို့တောင် ကြောက်စရာကောင်းလာကာ ယင်ဓာတ်ကလဲ ပိုမိုပြင်းထန်လာသည်။ ဒါတင်မကသေး အပျက်အစီးပုံကြားတွင် အနီရောင်ပုံရိပ်တစ်ခုကိုတောင် ကုနင်းမြင်လိုက်ရသေးသည်။ သူမမြင်ကွင်းက မရှင်းတာကြောင့် သေချာမမြင်ရ၍ ကျောက်စိမ်းမျက်ဝန်းကိုဖွင့်လိုက်သည်။

ထိုနေရာတွင် အမှန်ကိုပဲ ပုံရိပ်တစ်ခု တနည်းအားဖြင့် သရဲတစ်ကောင်ရှိနေတာပင်။ တိတိကျကျပြောရရင် သရဲတစ်ကောင်ဖြစ်သည်။ ထိုသရဲမက အနီရောင်မန်ချူးဝတ်စုံကိုဝတ်ဆင်ထားကာ အဆင့်အတန်းမြင့်အဆင်တန်ဆာများနှင့်လဲ အလှဆင်ထားတာကြောင့် ချင်ခေတ်မှ အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်ပုံရသည်။

သရဲမက မြေပြင်ပေါ်မှ ပျက်စီးပြန့်ကျဲနေသည့် ပန်းချီအပိုင်းအစများကို စိုက်ကြည့်နေသည်။

၎င်း၏အကြည့်ထဲတွင် ဒေါသအရိပ်အယောင်များပါဝင်နေကြောင်း ကုနင်းပင်လျှင် ခံစားမိနိုင်သည်။

သရဲမလဲ သူ့ကိုတစ်ယောက်ယောက်ကြည့်နေကြောင်း ခံစားမိကာ လှည့်ရှာလိုက်ချိန်တွင် ကုနင်းကိုတွေ့ရှိသွားသည်။ ကုနင်းကိုမြင်သွားသည်နှင့် ကုနင်းက သူ့ကိုကြည့်နေတာကြောင့် မှင်သက်သွားရသည်။

ကုနင်းကတော့ သူနှင့်အကြည့်မဆုံအောင်ရှောင်ပြီး တစ်နေရာတည်းကိုသာ စိုက်ကြည့်နေလိုက်သည်။ သူမ သရဲကိုမြင်နိုင်ကြောင်း သရဲမ, မသိသွားအောင် တမင်လုပ်နေခြင်းပင်။

သရဲမကတော့ လူသားတစ်ယောက်က သူမကိုမြင်နိုင်ပါ့မလားဟုတွေးရင်း အံ့ဩနေသလို စိတ်လဲရှုပ်ထွေးနေရသည်။ သူက တစ်နေရာတည်းတွင် တိတ်တဆိတ်ဆက်ရပ်နေကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်။

ညမှောင်မှောင် လူသားတစ်ယောက်နှင့်သရဲမတစ်ကောင်တို့ အချင်းချင်းစိုက်ကြည့်နေကြသည့်မြင်ကွင်းကို မြင်ယောင်ကြည့်ကြပါဆို့!

မကြာခင်မှာပဲ ကုနင်း သရဲမဆီမှ အကြည့်လွှဲလိုက်လိုက်ကာ အနားပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး အနားတွင် ဘယ်သူမှမရှိကြောင်း သေချာသည်နှင့် အပျက်အစီးပုံထဲ ပြေးဝင်သွားတော့သည်။

သရဲမမှာတော့ ကုနင်း ရုတ်တရက်ကြီးပြေးလာတာကြောင့် လန့်တောင်လန့်သွားရသည်။

***

အခန်း ၁၀၁၄ ဘာလို့ငါ့ကိုကူညီတာလဲ?

သရဲမ သတိလက်လွတ်နှင့်နောက်သို့ ခြေလှမ်းအနည်းငယ်မျှဆုတ်လိုက်မိသည်။ ကုနင်းကို ကြောက်သွားတာကြောင့်တော့မဟုတ်ဘဲ သတိကပ်လိုက်ခြင်းသာ။ ကုနင်းကလဲ သရဲမနှင့်နှစ်မီတာလောက်အကွာသာဝေးတော့သည်အထိ ဆက်ပြေးလာခဲ့သည်။ “ဒီနေရာကိုပြိုကျအောင် ရှင်လုပ်လိုက်တာလား?”

ထိုမေးခွန်းကိုမေးလိုက်သော်လည်း အဖြေကတော့ သူမမှာရှိပြီးသားပင်။ အဆောက်အဦးပြိုကျရခြင်၏အကြောင်းအရင်းက သရဲမသာဖြစ်ပေလိမ့်မည်။ ဒါ့အပြင် ဒီဆိုင်၏နောက်ကွယ်မှာ ဖုံးကွယ်ထားသည့်အကြောင်းအရာတစ်ခုခုလဲ သေချာပေါက်ရှိရမည်။

ကုနင်း စကားပြောလာတာကြောင့် သရဲမအလွန်အံ့ဩသွားတော့သည်။ လူသားတွေက သူ့ကိုမြင်နိုင်တယ်ပေါ့။

သရဲမ သတိအနေအထားနှင့်ပြန်မေးလိုက်သည်။ “အဲ့တော့ ဘာဖြစ်လဲ? မင်းက ဘယ်သူလဲ? ငါ့ကိုဘယ်လိုလုပ်မြင်နိုင်တာလဲ?”

“ဘာလို့ ပြိုကျအောင်လုပ်ခဲ့တာလဲ?” ကုနင်းပြန်မဖြေဘဲ အမေးနှင့်သာတုံ့ပြန်လိုက်သည်။

ထိုမေးခွန်းကြောင့် သရဲမဒေါသထွက်သွားတာ သိသာလှစွာ ရုတ်တရက်ဆိုသလိုပဲ ဒေါသတကြီးအော်ဟစ်တော့သည်။ “သူတို့က ငါ့ပန်းချီကားကို ဆုတ်ဖြဲပစ်တာလေ! ပန်းချီကားသာမရှိရင် ငါ့မှာနေစရာမရှိတော့ဘူး။ ငါ့ခင်ပွန်းကိုလဲ ဘယ်တော့မှထပ်တွေ့နိုင်တော့မှာမဟုတ်ဘူး!”

နောက်ဆုံးစကားနားရောက်ချိန်တွင် သရဲမထံမှ လူသတ်လိုသည့်အငွေ့အသက်များ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာတော့သည်။

အရင်ညက ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဆီ ရှေးဟောင်းပစ္စည်းတစ်သုတ်ရောက်လာကာ ထိုထဲတွင် ပန်းချီကားတစ်ချပ်လဲပါဝင်သည်။ ထိုပန်းကျီကားထဲမှာတော့ သရဲမ၏ရုပ်ပုံရှိနေခဲ့သည်။

တကယ်တော့ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်မှာ အပြစ်မရှိဘဲ တကယ်တမ်း ပန်းချီကိုဖြဲပစ်ခဲ့သူမှာ ဝန်ထမ်းတစ်ယောက်သာဖြစ်သည်။

ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းတို့သည် ပန်းချီကားထဲမှ လှပသည့်အမျိုးသမီးကိုမြင်ကာ သူမ၏အလှကြောင့် မှင်သက်မိသွားခဲ့ကြသည်။ သို့သော်လည်း ဝန်ထမ်းကတော့ အလုပ်မှာရှိနေသည့်တလျှောက် ပန်းချီကားထဲမှအမျိုးသမီးကိုသာ ဆက်တိုက် ဆက်ကြည့်နေခဲ့မိသည်။

ရုတ်တရက်ဆိုသလိုပဲ ထိုလှပသည့်အမျိုးသမီးက သရဲတစ်ကောင်အဖြစ်ပြောင်းသွားကာ သူ့မျက်စိရှေ့ပေါ်လာတာကြောင့် ကြောက်လန့်သွားပြီး ပန်းချီကိုဆွဲဖြဲပစ်ခဲ့ခြင်းပင်။

ရလဒ်အနေနဲ့ကတော့ သရဲမမှာ ဘုံပျောက်သွားရဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်ကို ဖြိုချပစ်တော့သည်။ သရဲတစ်ကောင်၏မယုံနိုင်စရာစွမ်းအားကြောင့် အဆောက်အဦးငယ်လေးတစ်ခုကို ဖြိုချရသည်မှာ အလွန်လွယ်ကူသည့်ကိစ္စရပ်ပင်။

ဝန်ထမ်းကတော့ အရမ်းကိုကံကောင်းပြီး ထိုမတော်တဆမှုတွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်။

ထိုဝန်ထမ်းအသက်ဘေးကလွတ်သွားခဲ့လျှင်တောင် ဒီလိုပြိုကျရတာက သူ့အမှားကြောင့်ဖြစ်၍ ကုနင်းကတော့ မသနားမိပေ။

ဝန်ထမ်းကတော့ သူအမှားလုပ်ခဲ့မိသည်ဟု မထင်သော်လည်း တကယ်တမ်း ပန်းချီကို ဒီလိုမျိုးဆုတ်ဖြဲမပစ်ခဲ့သင့်ပေ။

ဘာပဲဖြစ်ဖြစ် သရဲမအနေနဲ့ ဒီကမ္ဘာပေါ်မှာ ဆက်လက်တည်ရှိနေဖို့ မသင့်တော်တာကြောင့် ကုနင်းကတော့ နည်းလမ်းကောင်းတစ်ခုစဉ်းစားကာ ဖြေရှင်းမှရမည်။ ဒါ့အပြင် သူမခင်ပွန်းက ဘယ်သူဆိုတာကိုလဲ ကုနင်း သိချင်မိသည်။

ထိုခင်ပွန်းဆိုသူကလဲ ပန်းချီကားနှင့်တစ်ခုခုပတ်သတ်မှုရှိလောက်မည်မှန်းတော့ ကုနင်း ခန့်မှန်းမိပေသည်။

“ပန်းချီကားမရှိတော့ရင် ရှင်ဘယ်လိုဖြစ်သွားမှာလဲ?”

သရဲမက အတော်လေးကြောက်စရာကောင်းလှသည့်ပုံစံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း စကားပြောလာချိန်မှာတော့ သူမအသံက အရမ်းဝမ်းနည်းနေပုံပင်။ “ပန်းချီကားသာမရှိရင် ငါဒီနေရာမှာပဲ တစ်သက်လုံးပိတ်မိနေတော့မှာ။”

“ငါသာ ဒီနေရာကထွက်မသွားနိုင်ရင် ဒီနေရာက အခုချိန်ကစပြီး သရဲခြောက်တဲ့နေရာဖြစ်သွားမှာ။ ဒီနားကိုဘယ်သူပဲ ဖြတ်လျှောက်လျှောက် အသတ်ခံရတာ မဟုတ်ရင်တောင် ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်လိမ့်မယ်။” သရဲမက အေးစက်ကာကြောက်စရာကောင်းလှသည့်အသံဖြင့် ထပ်ပေါင်းပြောလာပြန်သည်။

ထိုသရဲမ၏ အမုန်းတရားမှာ အခုတောင်အတော်လေးပြင်းထန်လှတာကြောင့် သူနောက်နေခြင်းမဟုတ်မှန်း ကုနင်းသိသည်။ သရဲမက သူမဒေါသကို သာမာန်လူသားတွေအပေါ် ပုံချဖြေဖျောက်ရင်တောင် အံ့ဩစရာမဟုတ်ပေ။

“ပန်းချီကလွဲပြီး၊ တခြားနေနိုင်တဲ့နေရာမရှိဘူးလား?”

သူက သရဲတစ်ကောင်ဆိုရင်တောင် ဒီနေရာမှာ အခုချက်ချင်းကြီး ရှင်းထုတ်ပစ်ဖို့က မသင့်တော်လှပေ။

“မင်းကို ဘာကိစ္စပြောပြရမှာလဲ?”

သရဲမဒေါသထွက်လာသည်ကိုမြင်တော့ ကုနင်းလဲ အလွန်ကြင်နာတတ်သည့်ဟန်ပန်မျိုးဖြင့် ပြုံးပြလိုက်ကာ၊ “ကျွန်မ ရှင့်ကိုကူညီနိုင်လို့ပေါ့။”

“မင်းက ငါ့ကိုကူညီမယ်?” သရဲမ မယုံနိုင်ဖြစ်သွားသည်။ “မင်းဘယ်သူလဲ? ဘာလို့ငါ့ကိုမြင်နိုင်တာလဲ? ငါ့ကိုမကြောက်ဘူးလား?”

“အမ်… ကျွန်မက သာမာန်လူပါပဲ။ ဒါပေမယ့် သာမာန်ထက်နည်းနည်းလေးတော့ ပိုထူးခြားတယ်။ ကျွန်မမှာ တခြားသူတွေမမြင်နိုင်တာကို မြင်ရတဲ့မျက်လုံးတွေရှိတယ်လေ။ အရင်ကလဲ သရဲတွေအများကြီး မြင်ဖူးထားပြီးသားဆိုတော့ ရှင့်ကိုကြောက်နေစရာမှမရှိတော့တာ။”

“မင်းအရင်ကလဲ သရဲတွေအများကြီးမြင်ဖူးတယ်လား?” သရဲမ အမှန်ကိုအံ့ဩသွားတော့သည်။

“ဟုတ်တယ်။”

“မင်း ဘာလို့ငါ့ကိုကူညီချင်တာလဲ?”

“ဒီနေရာမှာ ထပ်ပြီးပြဿနာတွေ မဖြစ်စေချင်တော့လို့ပဲ။”

ဒီသရဲမက မကောင်းတဲ့သရဲမ မဟုတ်ဘဲ ဒုက္ခရောက်နေသည့်သရဲမဖြစ်ကြောင်း ကုနင်းမြင်နိုင်နေတာကြောင့် လှည့်ဖျားနေဖို့မလိုတော့ပေ။ ဒီပြဿနာကို အေးအေးဆေးဆေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ရင် ပိုကောင်းတယ်မဟုတ်ဘူးလား။

သရဲမ ခဏတာတုံ့ဆိုင်းနေမိသည်။ ပန်းချီကားကိုပြန်ရလိုလျှင် တစ်ယောက်ယောက်ကူညီပေးမှရမည်ဖြစ်ကာ ကုနင်းကလဲ သူ့ကိုကူညီနိုင်လောက်သည်ဟန်ပေါ်နေသည်။

“မင်းသာ ပန်းချီကားကို ပြန်ပြင်နိုင်ရင် ငါလဲ ပန်းချီထဲပြန်ဝင်သွားလို့ရတယ်။” သရဲမက မြေပေါ်မှာပြန့်ကျဲနေသည့် ပန်းချီကားအပိုင်းအစများကို ညွှန်ပြရင်းပြောလိုက်သည်။

ကုနင်း ပန်းချီကားကိုကြည့်လိုက်ရာ လှပသည့်နောင်ရှုခင်းနောက်ခံနှင့်အတူ လှပသည့်အမျိုးသမီးတစ်ဦးအပြင် အမျိုးသားတစ်ဦးလဲပါဝင်ကြောင်း တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် ခပ်ဝေးဝေးတွင် ဓါးသိုင်းကျင့်နေပုံရတာကြောင့် သူ့မျက်နှာကိုတော့ သေချာမမြင်ရပေ။ သရဲမဖြစ်သည့် လှပသည့်အမျိုးသမီးကတော့ ဗျတ်စောင်းကိုတီးနေကာ အနီရောင်ဝတ်စုံနဲ့တော့မဟုတ်ပေ။

ဒီလှပသည့်အမျိုးသမီးက ပန်းချီကား၏အဓိကဇာတ်ဆောင်ဖြစ်တာကြောင့် သူမမျက်နှာကိုတော့ အသေးစိတ်ရှင်းရှင်းလင်းလင်းရေးဆွဲလို့ထားသည်။

***

အခန်း ၁၀၁၅ သရဲမနှင့်သဘောတူညီချက်

ပန်းချီကားထဲမှ အမျိုးသားသည် သရဲမ၏ခင်ပွန်းဆိုသူဖြစ်လောက်မှန်း ကုနင်းသိလိုက်သည်။ “ကျွန်မ အားလုံးကိုကော်နဲ့ပြန်ကပ်ရင်တောင် ပန်းချီက အရင်အတိုင်းတစ်ပုံစံတည်း ပြန်ဖြစ်တော့မှာမဟုတ်လောက်ဘူး။”

“ပန်းချီတစ်ခုလုံးအပြည့်အစုံရှိနေသ၍ အဆင်ပြေတယ်။” သရဲမပြန်ပြောလိုက်သည်။

“ဟုတ်ပြီလေ၊ ဒါဆို အလွယ်လေးပါ ကျွန်မအခုချက်ချင်းလုပ်ပေးလို့တောင်ရတယ်။” ကုနင်းပြောပြီး နောက်တစ်စက္ကန့်မှာပဲ သူမလက်ထဲ ကော်ဗူးတစ်ဗူးရောက်လာတာကြောင့် သရဲမအံ့ဩသွားရပြန်သည်။

ကုနင်း မှော်ပညာသုံးနိုင်သည်ဟု သရဲမမှတ်ယူသွားခဲ့သည်။

ကုနင်းသည် သာမာန်လူသားများရှေ့မှာတော့ သူမ၏မှော်စွမ်းအားကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားပေမည့် သရဲများရှေ့တွင်တော့ လွတ်လပ်စွာအသုံးပြုတတ်သည်။

သာမာန်လူသားတွေက သရဲတွေကို မမြင်တွေ့နိုင်တာကြောင့် ဒီသတင်းကို လျှောက်ဖွပစ်မည်အား စိုးရိမ်နေဖို့မလိုပေ။ ဒါ့အပြင် သရဲမ သူမကိုကြောက်ရွံ့သွားစေရန်အလို့ငှာ သူမစွမ်းရည်တွေကို ထုတ်ပြထားမှဖြစ်ပေမည်။

“မင်းပြောတော့ သာမာန်လူသားဆို? ဘယ်လိုလုပ် မှော်ပညာသုံးနိုင်နေတာလဲ?” သရဲမ မနေနိုင်တော့ဘဲ မေးမိတော့သည်။

“ဒါကတော့ လျှို့ဝှက်ချက်လေ။ စိတ်မပူပါနဲ့၊ ရှင်သာ ကျွန်မနဲ့သေချာပူးပေါင်းပေးနေသ၍ ဒီမှော်စွမ်းအားက ရှင့်အတွက်ဆိုးကျိုးဖြစ်လာမှာမဟုတ်ဘူး။”

ကုနင်းက သာမာန်မဟုတ်တာကြောင့် သရဲမလဲ သူမကိုရန်မစရဲတော့ဘဲ ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။

သိပ်မကြာလိုက်ပါဘဲ ပန်းချီအပိုင်းအစအားလုံးကို ကုနင်းပြန်ကပ်ပြီးသွားပေမယ့် ပန်းချီကနဂိုအတိုင်းမဖြစ်တော့ဘဲ အက်ကြောင်းများစွာရှိနေသည်။

ပန်းချီပုံမှန်အတိုင်းပြန်ဖြစ်သွားသည်နှင့် သရဲမ၏မျက်နှာက ဝင်းလက်သွားသော်လည်း ထိုပျော်ရွှင်သည့်ဟန်ပန်က ဖြူဖျော့နေသည့်အသားအရေနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ လွန်စွာကြောက်စရာကောင်းသွားသည်။

“ခဏလေးနေဦး၊ ငါအထဲမှာနေလို့ရလား သွားစစ်ကြည့်လိုက်ဦးမယ်။”

“ကောင်းပြီလေ။”

ထို့နောက် သရဲမက အနီရောင်အလင်းတန်းလေးအဖြစ်ပြောင်းသွားကာ ပန်းချီကားထဲသို့ဝင်သွားခဲ့သည်။

သရဲမသည် ပန်းချီကား၏တစ်စိတ်တစ်ပိုင်းဖြစ်သွားခြင်းမဟုတ်ဘဲ ပန်းချီကားထဲတွင် တည်ရှိနေသည့်ပုံရိပ်ယောင်ကမ္ဘာကို ကြည့်ရှုနိုင်ရုံသာဖြစ်သည်။

ပုံရိပ်ယောင်ကမ္ဘာထဲတွင် တောင်များ၊ အိမ်များ၊ သစ်ပင်ပန်းမန်များအားလုံးသည် အစစ်အမှန်များဖြစ်ကာ အမျိုးသားက ဓားရေးပြနေပြီး အမျိုးသမီးကတော့ ဗျတ်စောင်းတီးလို့နေသည်။

အရာအားလုံးက သရဲမ၏ရှေ့တွင် ရုပ်ရှင်တစ်ကားလိုမျိုး ပြသနေကာ ထိတွေ့ကိုင်တွယ်လို့မရသော်လည်း သူ့အတွက်တော့ ဘေးမှကြည့်နေနိုင်ရုံနှင့်ကို အလွန်စိတ်ကျေနပ်စရာကောင်းသည်။

သရဲမ သူ့ခင်ပွန်းဖြစ်သူကိုပြန်မြင်လိုက်ရတာကြောင့် ပျော်ရွှင်ကြည်နူးနေတော့သည်။

ကုနင်း သူ့ကိုပန်းချီကားအပြင်ဘက်တွင် စောင့်နေသေးတာကိုလဲ မမေ့တာကြောင့် သိပ်မကြာခင်မှာပဲ ပန်းချီကားထဲမှပြန်ထွက်လာကာ လေးနက်သည့်အမူအရာဖြင့် ကုနင်းကိုပြောလိုက်သည်။ “မင်း ငါ့ကိုပြဿနာထပ်မရှာစေချင်ရင် ဒီပန်းချီကားကို ထပ်မပြဲစေဘဲ သေချာဂရုစိုက်ရမယ်။ ပန်းချီကားက ဆိုးဆိုးရွားရွားပျက်စီးသွားမယ်ဆိုရင်တော့ ပြန်ပြင်နေလို့လဲအလကားပဲ။”

သရဲမသည် သူ့ခင်ပွန်းဖြစ်သူနှင့်ထပ်မံမခွဲခွာလို၍ ကုနင်းကိုခြိမ်းခြောက်လိုက်သည်။

သရဲမ ပြဿနာမရှာတော့ဘူးဆိုတာကပင် ကုနင်းလိုချင်သည့်ရလဒ်ဖြစ်တာကြောင့် သူ့ခြိမ်းခြောက်စကားကို ကုနင်းစိတ်ထဲထားမနေပေ။

“ကိစ္စမရှိဘူး။ ကျွန်မသေချာထိန်းသိမ်းထားမယ်။”

“ကောင်းတယ်။” သရဲမကျေနပ်သွားကာ ပန်းချီကားထဲသို့ ပြန်ဝင်မည်အလုပ်တွင် ကုနင်းက တားလိုက်ပြန်သည်။ “ခဏလေးနေပါဦး။”

“ဘာလဲ?”

“ဒီပန်းချီကားကို အရင်ကဘယ်မှာသိမ်းထားခဲ့တာလဲ ပြောပြလို့ရမလား?” ရှန်းဟယ်ရှေးဟောင်းပစ္စည်းဆိုင်သို့ အခုမှရောက်ထားသည့် ရှေးဟောင်းပစ္စည်းတစ်သုတ်သည် သင်္ချိုင်းဂူတစ်ခုတည်းမှ ထုတ်ယူထားခြင်းဖြစ်မှန်း ကုနင်းသိသလို ဈေးကွက်ထဲတွင် ပစ္စည်းတွေအများကြီး ကျန်နေလောက်သေးသည်။

သရဲမ ရုတ်တရက်ကြောင်အသွားသလို ဝမ်းနည်းသွားဟန်လဲပေါ်ကာ သတိထားပြီး ပြန်မေးလာသည်။ “မင်းဘာလို့သိချင်တာလဲ?”

“ရှင့်ပန်းချီကားက ဒီနေရာမှာရှိနေတယ်ဆိုမှတော့ ဒါကို အရင်ကထိန်းသိမ်းထားတဲ့နေရာက တစ်ယောက်ယောက်ဖောက်ထွင်းတာ ခံလိုက်ရပြီလို့ဆိုလိုတာပဲလေ။ အဲ့ဒီရှေးဟောင်းပစ္စည်းတွေအားလုံးမှာ ယင်ဓာတ်တွေရှိနေတယ်။ ယင်ဓာတ်က သာမာန်လူသားတွေကို အန္တရာယ်ဖြစ်စေမှန်း ရှင်လဲသိတာပဲ။ ဒါကြောင့် ကျွန်မတစ်ခုခုလုပ်မှဖြစ်မယ်။”

ကုနင်း လက်ပိုက်ကာ ဘေးထွက်ရပ်ကြည့်မနေနိုင်ပေ။ ကမ္ဘာပေါ်တွင် ကျောက်စိမ်းမျက်ဝန်းဖြင့် သရဲတွေ မကောင်းဆိုးဝါးတွေကိုမြင်နိုင်တာ သူမတစ်ယောက်ပဲရှိကာ သူမပြန်လည်မွေးဖွားလာကတည်းက ထူးခြားဆန်းပြားသည့်အရာများစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ ဒီလိုတွေမြင်လာရပြီးမှတော့ သူမရရှိထားသည့်စွမ်းရည်ကိုကောင်းကောင်းအသုံးချကာ စုံစမ်းစစ်ဆေးမှုများလုပ်ဖို့ တာဝန်ရှိသွားပေပြီ။

ရုတ်တရက် သရဲမ တစ်ခုခုကိုတွေးမိသွားပုံပေါ်ကာ သူ့ရှေ့က မိန်းကလေးဆိုလျှင် အကူအညီပေးနိုင်လောက်မည်ဟု ယုံကြည်မိသွားသည်။

ဒါကြောင့်၊ “ငါမင်းကိုပြောပြပေးလို့ရတယ်။ ဒါပေမယ့် မင်းဘက်ကလဲ ငါ့ကိုတစ်ခု ပြန်ကူညီပေးရမယ်။”

“ဘာများလဲ?” ကုနင်း ချက်ချင်းသဘောမတူလိုက်ဘဲ သူမလုပ်နိုင်သည့်အရာ ဟုတ်မဟုတ်သေချာအောင် ပြန်မေးလိုက်သည်။

ကုနင်းသည် မလုပ်နိုင်တာဘာမှမရှိသလိုထင်ရလောက်အောင် အင်အားကြီးပုံပေါက်သော်လည်း ပြဿနာတိုင်းကိုဖြေရှင်းနိုင်စွမ်းရှိသည်ဟုတော့ မဆိုလိုပေ။

“တခြားသူတွေ ထပ်လာမဖျက်ဆီးနိုင်အောင် အဓိကခေါင်းတလားကို နေရာပြောင်းပေးပါ။ ပြီးတော့ ငါ့ပန်းချီကိုလဲ အဲ့ဒီခေါင်းတလားထဲ ထည့်ပေးလိုက်ပါ။”

“ရတယ်လေ၊ အလွယ်လေးပါ။”

ထို့နောက် သရဲမက ဂူသင်္ချိုင်း၏တည်နေရာကို ကုနင်းအားပြောပြတော့သည်။

“ငါသေဆုံးသွားတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲမသိတော့ ဂူသင်္ချိုင်းရဲ့တည်နေရာ အသေးစိတ်ကို မပြောပြနိုင်လောက်တော့ဘူး။ ငါက ၁၉၈၁မှာမွေးပြီး ၁၆၉၇မှာသေသွားတာ။ ငါဆုံးသွားတဲ့နှစ်တုန်းက အသက်၁၆နှစ်ပဲရှိသေးတဲ့၊ အဲ့နေ့က ငါ့ရဲ့မင်္ဂလာပွဲနေ့လဲဟုတ်တယ်…”

သရဲမက သူသေဆုံးခဲ့ရသည့်နောက်ကွယ်က ဝမ်းနည်းဖွယ်ဇာတ်လမ်းကြောင်းကို စတင်ပြောပြတော့သည်။

“ငါက ဝန်ကြီးတစ်ယောက်ရဲ့သမီး၊ မြို့စားရဲ့သားဖြစ်သူနဲ့အတူကြီးပြင်းလာခဲ့တယ်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ငါတို့ချစ်သူတွေဖြစ်ခဲ့ကြပြီး နောက်ဆုံး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တော့မယ်လို့တွေးခဲ့ကြတယ်။ ဒါပေမယ့် ငါတို့မင်္ဂလာပွဲနေ့မှာပဲ ငါ့ခင်ပွန်းကရုတ်တရက်ကြီးဆုံးပါးသွားပြီး ငါ့ကိုလူတွေက ဝိုင်းအပြစ်တင်ကြတယ်။ နှုတ်နဲ့စော်ကားညှဉ်းပန်းမှုတွေ အရှက်ခွဲမှုတွေအားလုံးကို ငါကြံကြံခံခဲ့ပေမယ့် အဆုံးမှာတော့ ငါ့ခင်ပွန်းရဲ့မိခင်က ငါ့ကိုမီးရှို့သတ်ခဲ့တယ်။ လူတွေကိုတော့ ငါက အပြစ်ရှိစိတ်ကြောင့် ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လို့ ယုံသွားအောင်တောင် သူကလုပ်ခဲ့သေးတယ်။”

All Chapters