အခန်း (၁၀၁၆-၁၀၂၀)
Vol. 68 Ch. 1016-1020
အခန်း ၁၀၁၆ ဝမ်းနည်းဖွယ်ဇာတ်လမ်း
“ငါသရဲဖြစ်သွားပြီး ရက်ပိုင်းလောက် သူ့အခန်းထဲရှိမနေခဲ့ခင်အထိ ဘာကြောင့် ငါ့ကိုဒီလိုတွေလုပ်ခဲ့မှန်း ငါနားမလည်နိုင်ခဲ့ဘူး။”
“နောက်တော့ ငါ့ခင်ပွန်းက သူ့သားအရင်းဟုတ်မနေတာကြောင့်မှန်း သိလိုက်ရတယ်။ သူက တခြားအမျိုးသမီးတစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ချိန်တူခဲ့ပြီး မင်းသားက သားယောက်ျားလေးမွေးတဲ့ဘယ်သူ့ကိုမဆို သူ့တရားဝင်ဇနီးအဖြစ်ထားမယ်လို့ပြောခဲ့တယ်။ သူက သူ့ဗိုက်ထဲက ကလေးကို မိန်းကလေးဖြစ်နေမှာစိုးပြီး ကလေးချင်းလဲလို့ရအောင် သားယောက်ျားလေးတစ်ယောက်ကိုပါ ပြင်ဆင်ထားခဲ့တယ်။ သူကလေးမွေးလာရင် အဲ့ကောင်လေးနဲ့အစားထိုးမယ်ပေါ့။ နောက်ဆုံး သူခန့်မှန်းထားသလိုပဲ သူက သမီးမိန်းကလေးမွေးလာလို့ အစီအစဉ်အတိုင်း သူ့သမီးအရင်းကို ကြိုပြင်ဆင်ထားတဲ့ကောင်လေးနဲ့လဲလိုက်တယ်။ အဲ့ကောင်လေးကတော့ ငါ့ခင်ပွန်းပဲ။ ဒီလိုနဲ့ ငါ့ခင်ပွန်းက မြို့စားမင်းသားရဲ့သားဖြစ်လာပြီး သူကလဲ မြို့စားကတော်ဖြစ်သွားတယ်။”
“ဒါပေမယ့် နောက်သုံးနှစ်လောက်နေတော့ သူ့မှာကိုယ်ဝန်ထပ်ရှိပြီး ဒီတစ်ခါတော့ သားယောက်ျားလေးရလာခဲ့တယ်။ ဒီလိုကနေပဲ ငါ့ခင်ပွန်းနဲ့ခပ်ခွာခွာနေတော့တယ်။ မြို့စားကတော့ ငါ့ခင်ပွန်းအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အပြင် ဆက်ခံသူအဖြစ်တောင်ရွေးချယ်ခဲ့လို့ မြို့စားကတော် ဘယ်လိုမှလက်မခံနိုင်တော့ဘူးလေ။ ဒါကြောင့်ပဲ ငါတို့မင်္ဂလာပွဲနေ့မှာ ငါ့ခင်ပွန်းကို သူလုပ်ကြံခဲ့တာ။”
ထိုဇာတ်လမ်းကြောင်းကိုကြားပြီး သရဲမ၏မိသားစုက အာဏာရှိမှန်း ကုနင်းအံ့အားသင့်စွာသိလိုက်ရသည်။ အဲ့ဒါက မြို့စားသားရဲ့အုတ်ဂူသာဆို တန်ဖိုးကြီးပစ္စည်းတွေလဲအများကြီးရှိနေမှာပေါ့။ အားလုံးသာ တူးထုတ်ခံလိုက်ရရင် လူတွေအများကြီး ယင်စွမ်းအင်သက်ရောက်မှုကို ခံရတော့မှာပဲ။
“ငါ့ခင်ပွန်းဆုံးပါးသွားတယ်ဆိုရင်တောင် မြို့စားရဲ့သားတစ်ယောက်ဖြစ်နေတုန်းပဲ။ မြို့စားကတော်က သူ့လုပ်ရပ်တွေပေါ်သွားမှာစိုးလို့ ငါ့ခင်ပွန်းရဲ့ဇစ်မြစ်ကို ဆက်ပြီးဖုံးကွယ်ထားတယ်လေ။ ဒါကြောင့် ငါ့ခင်ပွန်းရဲ့ဈာပနပွဲကို မြို့တော်နဲ့မဝေးတဲ့ ကျူးလုံတောင်မှာ ခမ်းခမ်းနားနားလုပ်ပေးခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျူးလုံတောင်ကဘယ်နေရာမှာရှိမှန်း ငါမသိတော့ဘူး။”
“ကျူးလုံတောင်က အခုထိရှိသေးတယ်။ ကျွန်မအဲ့နေရာကို အရင်ကကြားဖူးတယ်။”
ကျူးလုံတောင်ကို ကုနင်းကြားဖူးနေရခြင်းမှာ တောင်ခြေတွင် ကျူးလုံတောင်ဗီလာရှိနေခြင်းကြောင့်ဖြစ်သည်။ ကျူးလုံတောင်ဗီလာသည် အဆင့်မြင့်သီးသန့်ကလပ်တစ်ခုဖြစ်ကာ ထိုနေရာသို့ ချမ်းသာသော အာဏာရှိသောသူများသာ ထမင်းတစ်နပ်အတွက် ဒါမှမဟုတ် အပန်းဖြေဖို့အတွက် သွားလေ့ရှိသည်။
သူမ၏အရင်ဘဝတုန်းက တာဝန်ထမ်းဆောင်ဖို့အတွက် ထိုနေရာသို့အကြိမ်အနည်းငယ်ရောက်ဖူးခဲ့သည်။
“ကောင်းလိုက်တာ၊ ဒါဆို မင်းကျူးလုံတောင်ကိုရောက်ရင် ငါ့ကိုခေါ်ထုတ်လိုက်။ ငါမင်းကိုရှေ့ဆက်လမ်းပြပေးမယ်။” သရဲမ၏နဂိုစိုးရိမ်စိတ်များပျောက်သွားကာ စိတ်လှုပ်ရှားနေတော့သည်။
“ကျွန်မ နောက်ရက်ပိုင်းအတွင်း အလုပ်ကိစ္စနဲ့မြို့တော်ကိုသွားဖို့ရှိတယ်။ ရှင်စောင့်နေဦးပေါ့။”
“ဟုတ်ပြီ။”
“ကျွန်မ ရှင့်ကိုခေါ်သွားလို့ရအောင် ပန်းချီကားထဲပြန်ဝင်နေလိုက်ဦး။”
သရဲမလဲ အနီရောင်အလင်းတန်းလေးအဖြစ်ပြောင်းကာ ပန်းချီကားထဲသို့ပြန်ဝင်သွားသည်နှင့် ကုနင်းလဲ ပန်းချီကားကိုပြန်လိပ်ကာ စိတ်စွမ်းအင်အာကာပြင်ထဲထည့်သိမ်းလိုက်သည်။
ထို့နောက် ကုနင်း နတ်ဆိုးကျောင်းကိုထုတ်ကာ ဤနေရာမှ ယင်စွမ်းအင်များကို စုယူလို့ရနိုင်လားမေးလိုက်သည်။ အကယ်၍ စုပ်ယူလို့မရလဲ သူမ၏ညလင်းပုလဲကျောက်နဲ့ သန့်ရှင်းအောင်လုပ်နိုင်ပေသည်။
နတ်ဆိုးကျောင်းက ခေါင်းညိတ်လိုက်ကာ အဆောက်အဦးနေရာမှ ယင်စွမ်းအင်များကို စုပ်ယူပေးလိုက်တာကြောင့် အဆောက်အဦးလဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ထို့နောက် ကုနင်း ခပ်မြန်မြန်ပဲ နတ်ဆိုးကျောင်းကို ပြန်ထည့်ကာ ထွက်လာခဲ့တော့သည်။
…….
မြို့တော်တွင်တော့ လင်ရှောက်ကျားနှင့်စမစ်က ဟိုတယ်တစ်ခုထဲဝင်သွားကာ ထန်ယရှင်းကတော့ သူမကတိပေးထားသည့်အမျိုးသား၏နေအိမ်သို့လိုက်သွားသည်။
ကမ္ဘာပေါ်တွင် လူအမျိုးမျိုးရှိကာ တချို့က တည်ငြိမ်အေးချမ်းသည့်ဘဝတွင်ပျော်မွေ့ကြပြီး တချို့ကတော့ စိတ်လှုပ်ရှားစရာများပြည့်နှက်နေသည့် ဘဝမျိုးကိုနှစ်သက်ကြသည်။
လင်ရှောက်ကျားသည် အစကတည်းက စင်ဂယ်ဖြစ်တာကြောင့် သူမကြိုက်ရာယောက်ျားလေးနှင့်အိပ်ရင်တောင် မှားတယ်လို့မရှိသော်လည်း ထန်ယရှင်းကတော့မတူပေ။ သူမတွင် စေ့စပ်ထားသည့်ခင်ပွန်းလောင်းရှိနေပြီဖြစ်တာကြောင့် တခြားယောက်ျားတစ်ယောက်နှင့် အိပ်ခြင်းက ကျင့်ဝတ်ဖောက်ပြားရာရောက်သွားသည်။
တကယ်တမ်း ချီကျီယွဲ့လဲ ထိုသို့သောလူစားမျိုးသာဖြစ်သည်။ သူသည်လဲ ထန်ယရှင်းအနားမှာမရှိလျှင် ငွေနှင့်မိန်းကလေးများခေါ်ယူတတ်သလို အဆင်သင့်ရာမိန်းကလေးလဲခေါ်အိပ်တတ်သေးပေမည့် သူလဲ ထန်ယရှင်းမသိအောင် လျှို့ဝှက်ထားသည်။ ဒါကြောင့် ချီကျီယွဲ့ကတော့ သူမအပေါ်သစ္စာရှိသည်ဟု ထန်ယရှင်းယုံကြည်နေခဲ့သည်။
ဒါ့အပြင် ချီကျီယွဲ့၏ယနေ့ရရှိထားသမျှ လူမှုအဆင့်အတန်းမှန်သမျှသည် သူမကြောင့်ဟု ထန်ယရှင်းယုံကြည်ထားတာကြောင့် သူကတော့ သူမကိုသစ္စာမဖောက်ရဲဟုထင်နေသည်။ ချီကျီယွဲ့သာ သူမကိုသစ္စာဖောက်ရဲပါက သူ့မှာလက်ရှိ,ရှိနေသမျှအရာရာတိုင်းကို သူပြန်လည်သိမ်းယူနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် သူမ သူ့အပေါ်တစ်ချိန်လုံးဖောက်ပြန်နေခဲ့သည်အား ချီကျီယွဲ့သိသွားလျှင်တောင် သူ့အနေနှင့် သူမကိုခွင့်လွှတ်ပေးရန်သာရှိပေသည်။
ထန်ယရှင်း၏ သူမကိုယ်သူမယုံကြည်ချက်က အတော်လေးမြင့်လှသည်။
တကယ်တမ်း လက်ရှိလူမှုအသိုင်းအဝိုင်းတွင် ယောက်ျား မိန်းမ တန်းတူညီမှုမရှိပေ။ အကြောင်းကတော့ ယောက်ျားတွေက သူတို့လက်တွဲဖော်အပေါ် ဖောက်ပြန်ကြလျှင် ဒါကပုံမှန်သာဖြစ်သည် လူအများကတွေးကြပေမည့် အမျိုးသမီးတွေကတော့ ထိုသို့မလုပ်နိုင်ပေ။
အမျိုးသားတစ်ယောက်က သူ့လက်တွဲဖော်အပေါ်ဖောက်ပြန်ခဲ့လျှင် ယောက်ျားတိုင်းလုပ်ကြသည့်ကိစ္စရပ်ဖြစ်တာကြောင့် နားလည်ပေး၍ရသည်ဟု လူတွေကပြောကြမည်ဖြစ်သည်။ သို့သော်လည်း အမျိုးသမီးဘက်ကသာ ဖောက်ပြန်ခဲ့ပါက သူမအပေါ် ပြင်းထန်သည့်ဝေဖန်ပြစ်တင်မှုများကျရောက်လာပေလိမ့်မည်။
…….
ပြောရရင်တော့ လူမှုအသိုင်းအဝိုင်းတွင် ဘယ်လောက်ပဲ ယောက်ျားမိန်းမတန်းတူညီမှုရှိသည်ဆိုဆို ယောက်ျားတွေက မိန်းတွေထက် အလိုလိုနေရင်း အမြင့်ရောက်နေကြသည်သာ။
…….
နောက်တစ်နေ့မနက်တွင် လင်ရှောင်းထင်က ကုနင်းကိုဖုန်းဆက်လာကာ သူတပ်ထဲသို့ပြန်သွားရမည်ဖြစ်ကြောင်းပြောခဲ့သည်။ ပုံမှန်လေ့ကျင့်ရေးလုပ်ရမည်ဖြစ်၍ နောက်လေးရက်လောက်အနည်းဆုံး ဖုန်းပိတ်ထားနိုင်သည်။ လေ့ကျင့်ရေးပြီးလျှင်တော့ သူအားသွားပြီဖြစ်ကာ သူမနှင့်အတူ မြန်မာသို့လိုက်ပေးလိမ့်မည်။
မနက်၈နာရီခွဲတွင်တော့ ကုချင်တို့ကိုလေဆိပ်သို့လိုက်ပို့ရန် ကုမန့်ရောက်လာခဲ့သည်။ ၉နာရီခွဲတွင် လေဆိပ်သို့ရောက်ခဲ့ကာ လေယာဉ်ပေါ်မတက်ခင် ကုမန့်က သူမသူငယ်ချင်းများ ဆွေမျိုးများနှင့် စကားအနည်းငယ်ပြောခဲ့သည်။
ပြီးလျှင်တော့ နေ့လည်စာစားဖို့ရန် ကုနင်းနှင့်ကုမန့်တို့ ထန်အိမ်တော်သို့ပြန်လာကာ စားပြီးသည်နှင့် ကုနင်းပြန်ခဲ့သည်။
ညနေဘက်တွင် ကုမန့်နှင့်ထန်ယွင်ဖန်းတို့၏ ဟန်းနီးမွန်းအတွက် လေဆိပ်သို့သွားကြမည်ဖြစ်ကာ ထန်ယွင်ဖန်းမှာ လုပ်ငန်းစုကြီးတစ်ခုကိုဦးဆောင်ဖို့လဲရှိနေသေးတာကြောင့် တစ်ပတ်နေလျှင် ပြန်လာဖြစ်ကြမည်။
…….
ကုမန့်၏မင်္ဂလာပွဲပြီးနောက် များစွာသောအဆင့်အတန်းမြင့်အမျိုးသမီးများ လူချမ်းသာအမျိုးသမီးများသည် Charmမှဂါဝန်များကို စိတ်ဝင်စားသွားကြတာကြောင့် အခုရက်ပိုင်းအတွင်း ယုကျီအတော်လေးအလုပ်များနေခဲ့သည်။
ယန်ကျီချင်ကတော့ စိတ်ထဲတွင် မကျေနပ်ချက်များပေါက်ကွဲနေသော်လည်း ဒါကပဲ ယုကျီ၏အလုပ်အကိုင်ဖြစ်နေတာကြောင့် ထုတ်မပြောနိုင်ခဲ့ပေ။
***
အခန်း ၁၀၁၇ ဂိမ်းကုမ္ပဏီစာရင်းသွင်းခြင်း
ယုကျီကတော့ ယန်ကျီချင်ကို တစ်ခါတစ်လေလှမ်းခေါ်တတ်ပေမည့် သူတို့ချင်းတွေ့ရချိန်က သိပ်မများပေ။
……..
မင်္ဂလာပွဲပြီးသည့်နောက် Kameiအလှပြင်ဆိုင်သည်လဲ ပိုလို့ကျော်ကြားလာခဲ့သည်။
အမျိုးသမီးများစွာကလဲ ခိုကျီမှထုတ်လုပ်သည့်အသားအရေထိန်းထုတ်ကုန်များကို စမ်းသုံးကြည့်ကြဖို့ အကြံပေးတာကြောင့် နောက်ထပ်ဝယ်သူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒါကြောင့်အချိန်တိုလေးအတွင်းမှာပဲ လူချမ်းသာအမျိုးသမီးအများစုကြားတွင် ခိုကျီသည် အလွန်နာမည်ကြီးလာတော့သည်။
ဗီအိုင်ပီအဖွဲ့ဝင်များစွာ တိုးလာခြင်းကြောင့် Bမြို့တွင် Kameiအလှပြင်ဆိုင်၏ ဒုတိယမြောက်ဆိုင်ခွဲဖွင့်ဖို့ လိုနေပြီဖြစ်သည်။
မန်နေဂျာတင်းလဲ ကုမန့်ကိုဖုန်းဆက်ကာ ထိုအကြောင်း ဆွေးနွေးခဲ့ပြီး ကုမန့်လဲ ထိုအကြံကိုလက်ခံခဲ့သည်။ သို့သော်လည်း ဆိုင်ခွဲဖွင့်ဖို့ကိစ္စနှင့်ပတ်သတ်၍ ကုမန့်သိပ်မသိတာကြောင့် ထန်ယွင်ဖန်းကိုသာ အကူအညီတောင်းလိုက်တော့သည်။
အစကတော့ ကုနင်းဆီဖုန်းဆက်ကာ အကြံဉာဏ်လေးဘာလေးတောင်းဖို့ စိတ်ကူးခဲ့သော်လည်း သူမက အခုဆိုလက်လဲထပ်ပြီးသွားပြီဖြစ်တာကြောင့် ဒီလိုပြဿနာမျိုးလေးတွေဖြေရှင်းဖို့လောက်က သူမခင်ပွန်းကိုသာပြောသင့်သည်ဟု ပြန်တွေးမိသွားသည်။ ဒါ့အပြင် Bမြို့တွင် ထန်မိသားစု၏အာဏာသက်ရောက်မှုမှာ များပြားလှတာကြောင့် ဒီလိုကိစ္စမျိုးက ထန်ယွင်ဖန်းအတွက် အလွန်လွယ်ကူလှသည်။
ထန်ယွင်ဖန်းကလဲ ကုမန့်အတွက်ဆိုလျှင် ပြောနေစရာမလိုအောင် ကူညီပေးချင်ပြီးသားပင်။
Bမြို့တွင် ဖန်ရှန်းဈေးဝယ်စင်တာပေါင်းများစွာရှိသည်။ Kameiအလှပြင်ဆိုင်၏ပထမဆိုင်သည် မြို့လယ်ခေါင်မှာတည်ရှိတာကြောင့် နောက်ဆိုင်ခွဲတွေကို Bမြို့၏တခြားမြို့နယ်များတွင် ဖွင့်လျှင်အဆင်ပြေမည်ဟု ထန်ယွင်ဖန်းတွေးမိသည်။
မြို့လယ်ကဖန်ရှန်းဈေးဝယ်စင်တာသည် လူဝင်မှုအများဆုံးဖြစ်သော်လည်း Bမြို့၏တခြားမြို့နယ်များမှ ဖန်ရှန်းဈေးဝယ်စင်တာတိုင်းသည်လဲ နေ့စဉ်လူများစွာဝင်နေတာဖြစ်သည်။
ပုံမှန်အားဖြင့် တခြားမြို့တွေကအလည်အပတ်လာသူတွေကပါ မြို့လယ်ဖန်ရှန်းစင်တာတွင် ဈေးဝယ်လေ့ရှိတာကြောင့် မြို့လယ်စင်တာက ပိုလို့လူများနေတာဖြစ်သည်။
ထန်ယွင်ဖန်းက ကုမန့်အတွက် တခြားစင်တာများတွင် ဆိုင်ကောင်းတစ်ဆိုင်ရှာဖွေပေးလိုက်ဖို့ရန် ချွမ်မင်ခိုင်ကိုပြောလိုက်သည်။ တကယ်တမ်း အခုခေတ်မှာ အမြတ်အစွန်းရသည့်စီးပွားရေးတစ်ခုလည်ပတ်ရသည်က လွယ်ကူလှသည်မဟုတ်ပေ။ ဖန်ရှန်းဈေးဝင်စင်တာသို့ လူဝင်မှုများသော်လည်း ဆိုင်တွေက တစ်ဝက်လောက်ကသာ နာမည်ကြီးကာ အတော်များများကတော့ ပိတ်လိုက်ရမည့်အခြေအနေများဖြစ်သည်။
ဒါကြောင့် သိပ်မကြာလိုက်ပါဘဲ အလှပြင်ဆိုင်ဖွင့်ဖို့ရန်သင့်တော်သည့်ဆိုင်ခန်းတစ်ခန်းကို ချွမ်မင်ခိုင်ရှာတွေ့သွားခဲ့သည်။ ဒါနဲ့ပဲ ထန်ယွင်ဖန်းက ထိုဆိုင်ကိုငှားကာ Kameiအလှပြင်ဆိုင်၏ပုံစံအတိုင်း တစ်ခါတည်းအလှဆင်လိုက်ဖို့ရန်ပါ ပြောလိုက်သည်။
ပြောသင့်သည်များပြောပြီးနောက် ကုမန့်က မန်နေဂျာတင်းကို နောက်ထပ်လူများငှားပြီး ဆိုင်ခွဲအသစ်အတွက် အခုထဲက လေ့ကျင့်ပေးထားဖို့ပြောလိုက်သည်။
အခုတော့ အချိန်ကုန်သက်သာစေရန်အတွက် ကျွမ်းကျင်မှုမရှိသူများထက် အတွေ့အကြုံရှိပြီးသားအလှဖန်တီးရှင်များကို ပိုလိုအပ်ပေသည်။
ညနေ၄နာရီမှာတော့ ကုမန့်နှင့်ထန်ယွင်ဖန်းတို့ လေဆိပ်သို့ထွက်လာကြကာ ၆နာရီတွင် Yနိုင်ငံသို့သွားမည့်လေယာဉ်ကို စီးကြမည်ဖြစ်သည်။
Yနိုင်ငံတွင်လဲ ထန်မိသားစုပိုင်စီးပွားရေးလုပ်ငန်းများရှိတာကြောင့် ဟန်းနီးမွန်းထွက်ရင်း ထိုနေရာမှလုပ်ငန်းများကိုလဲ တစ်ခါတည်း စစ်ဆေးနိုင်ပေသည်။
……….
နောက်ရက်တွင် ကုနင်းအားနေတာကြောင့် ထန်အိမ်တော်သို့သွားခဲ့သည်။ ကုမန့်နှင့်ထန်ယွင်ဖန်းတို့ ဟန်းနီးမွန်းထွက်သွားကြပြီဆိုရင်တောင် ထန်ဟိုင်ဖုန်းက တစ်နေကုန်အိမ်မှာပဲရှိနေသေးတာကြောင့် သူမအဖိုးဆီသွားလည်သင့်သည်ဟု တွေးမိခြင်းကြောင့်ပင်။
ပြီးတော့ သူမလဲ မနက်ဖြန်ဆို မြို့တော်သို့သွားမည်ဖြစ်ကာ နောက်ရက်ပိုင်းအတွင်း မြန်မာကိုလဲသွားရဦးမည်ဖြစ်တာကြောင့် အခုချိန်လေးအတွင်း ထန်ဟိုင်ဖုန်းနှင့် အချိန်များများဖြုန်းပေးသင့်သည်။
အခုဆို မူမိသားစုအကျပ်အတည်းထဲရောက်နေပြီဖြစ်ကြောင်း ထန်ဟိုင်ဖုန်းကြားထားတာကြောင့် ကေ၏လုပ်ဆောင်ချက်လားဟု ကုနင်းကိုမေးခဲ့သည်။
ကေနှင့်မူမိသားစု၏ဆက်ဆံရေးကို ထန်ဟိုင်ဖုန်းကိုပြောပြထားပြီးဖြစ်၍ မူမိသားစု ပြဿနာအကြီးကြီးတက်သည်နှင့် ထန်ဟိုင်ဖုန်းလဲ ချက်ချင်းကေကိုမြင်ယောင်သွားတာဖြစ်သည်။
ကုနင်း ဖုံးကွယ်မနေဘဲ ချက်ချင်းပင်ဝန်ခံလိုက်သည်။
မူမိသားစုက သူတို့လုပ်ရပ်အတွက်သူတို့ပြန်ခံစားရခြင်းဖြစ်တာကြောင့် ကုနင်းကို ထန်ဟိုင်ဖုန်းအပြစ်မတင်ပေ။ မူရွှီရှင်းသာ သူ့ဇနီးဟောင်းကို ဆိုးဆိုးဝါးဝါးမဆက်ဆံခဲ့ပါက သူ့သားကလဲ သူ့ကိုပြန်လက်စားချေလာစရာအကြောင်းမရှိပေ။ ထန်ဟိုင်ဖုန်းအနေနှင့် မူမိသားစုကို မသနားမိတာက အမှန်ပင်။
ထန်ဟိုင်ဖုန်းသည် သူ့မိသားစုဝင်များအမြင်တွင်တော့ ကြင်နာကာ ကောင်းမွန်သည့်အဖိုးတစ်ယောက် ဖခင်တစ်ယောက်ဖြစ်သော်လည်း သူ့ရန်သူများ မကောင်းသည့်လူများနှင့်ဆိုလျှင်တော့ အလွန်ရက်စက်နိုင်သူဖြစ်သည်။
ထန်မိသားစုနှင့်မူမိသားစုကြား စီးပွားရေးပူးပေါင်းမှုများရှိလျှင်တောင်မှ ထန်ဟိုင်ဖုန်းအမြင်တွင်တော့ မူရွှီရှင်းသည် လူကောင်းတစ်ယောက်ဟုတ်မနေတော့ပေ။ ဒါ့အပြင် ကုနင်းကလဲ ဒီတစ်ခေါက်တော့ ဘေးထွက်နေပေးဖို့ပြောထားတာကြောင့် သူသေချာပေါက် ပြဿနာထဲဝင်ပါလိမ့်မည်မဟုတ်ပေ။
……
နောက်ရက်မှာတော့ ကုနင်း မြို့တော်သို့လာခဲ့ကာ ၁၀:၂၀တွင် မြို့တော်သို့ လေယာဉ်ဆိုက်မည်ဖြစ်သည်။
ကုနင်း မြို့တော်သို့မလာခင် ကေ့ကို သူမအားလာကြိုပေးဖို့ ဖုန်းဆက်ခဲ့သေးသည်။
ကုနင်း မြို့တော်ကိုလာတော့မည်အားကြားသည်နှင့် ကေစိတ်လှုပ်ရှားသွားတော့။ “ဒါပေါ့၊ ငါအားတယ်။ မင်း မြို့တော်ကိုလာတော့မှာဆိုတော့ ဂိမ်းကုမ္ပဏီကိုကော ဘယ်အချိန်စာရင်းသွင်းမှာလဲ?”
ကေ သူတီထွင်ထားသည့်ဂိမ်းကို အပြီးသတ်ရေးဆွဲပြီးသလို နောက်ဆုံးစစ်ဆေးမှုလဲလုပ်ဆောင်ပြီးပြီဖြစ်၍ ချက်ချင်းဖြန့်ဖြူးချင်နေပေပြီ။ ထိုသို့ဖြန့်ဖြူးဖို့ဆိုလျှင် ကုမ္ပဏီတစ်ခုကိုလဲ စာရင်းသွင်းမှဖြစ်မည်။
ကေ အရမ်းလောနေတာကြောင့် ကုနင်းရယ်ချင်နေပေမယ့် သူ့ခံစားချက်ကိုတော့ နားလည်နိုင်သည်။ “ကျွန်မမြို့တော်ကို ၁၀:၂၀နာရီလောက်ရောက်မှာ မြို့ထဲကိုပြန်သွားဖို့ဆို မိနစ်၄၀လောက်ကြာမယ်။ ဒီတော့ နေ့လည်စာမစားခင် လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်ကြတာပေါ့။”
“ကောင်းလိုက်တာ!” ကေ အလွန်ပျော်ရွှင်သွားတော့သည်။
……
တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့တော်လေဆိပ်တွင် လေယာဉ်ပေါ်မှဆင်းလာသည့် ချီကျီယွဲ့နှင့် ကုနင်းထိပ်တိုက်ဆုံသွားသည်။ ကုနင်းကတော့ သူ့ကိုမမြင်ချင်ယောင်ဆောင်လိုက်သော်လည်း ချီကျီယွဲ့ကတော့ ကုနင်းလိုအလွန်လှပသည့်မိန်းကလေးကို မမြင်ဖို့ဆိုတာက မဖြစ်နိုင်ပေ။
ဟိုးအစတုန်းကတော့ ကုနင်းနှင့်ရှုမိသားစု၏ဆက်ဆံရေးကြောင့် သူအာရုံထားမိတာဖြစ်သော်လည်း အခုတော့ သူမက အရမ်းထူးခြားသလိုခံစားနေမိပြီဖြစ်သည်။ သူမဘယ်က ဘယ်လိုပဲခပ်ခွာခွာနေပါစေ သူမ၏အလှနှင့်ဆွဲဆောင်မှုကတော့ ဘယ်လိုမှလျစ်လျူရှုထားလို့မရနိုင်အောင်ပင်။
ဒါကြောင့် ချီကျီယွဲ့ကပဲအရင် ကုနင်းနားသို့သွားကာ နှုတ်ဆက်လိုက်သည်။ “ဟိုင်း၊ တိုက်ဆိုင်လိုက်တာ!”
“ဟိုင်း၊” ကုနင်း သာမာန်ကာလျှံကာသာပြန်ဖြေကာ အပြုံးလေးတောင် မစွန့်ကျဲဘဲ ချက်ချင်းထွက်သွားခဲ့သည်။
***
အခန်း ၁၀၁၈ အဖေဖြစ်သူနှင့်တွေ့ဆုံခြင်း
လျစ်လျူရှုခံလိုက်ရတာကြောင့် ချီကျီယွဲ့ နည်းနည်းမကျေမနပ်ဖြစ်သွားသော်လည်း သူတို့က သာမာန်အသိမိတ်ဆွေအဆင့်သာဖြစ်တာကြောင့် အရမ်းတော့ စိတ်ထဲထားမနေပေ။ ချီကျီယွဲ့ ချက်ချင်းကို ကုနင်းနောက်ထပ်လိုက်သွားပြန်ကာ၊ “မင်းနာမည်သိခွင့်ရှိမလား?”
ယောက်ျားတွေအားလုံးက အတူတူသာဖြစ်သည်။ မိန်းကလေးတစ်ယောက်က သူ့ကိုစိတ်ဝင်စားနေလျှင် သူမကို အာရုံမထားမယ့်အပြင် စိတ်ရှုပ်စရာကောင်းတယ်လို့တောင် တွေးမည်ဖြစ်သည်။ သို့သော်လည်း တစ်ဖက်မိန်းကလေးက သူနှင့်ခပ်ခွာခွာနေကာ လျစ်လျူပါရှုထားမည်ဆိုလျှင်တောင် ထိုမိန်းကလေး၏အာရုံကိုဆွဲဆောင်လိုစိတ်များ တောက်လာလာပေလိမ့်မည်။
ချီကျီယွဲ့သည် အရင်က ဘယ်မိန်းကလေးရဲ့လျစ်လျူရှုခြင်းကိုမှမခံခဲ့ရတာကြောင့် ကုနင်း၏အပြုအမူက သူ့စိတ်ဝင်စားမှုကိုမြင်တက်လာစေသည်။ ဒါ့အပြင် ကုနင်း၏ပုံစံက သူ့အကြိုက်ပင်။
“ကျွန်မမျိုးရိုးက ကုပါ။” ကုနင်း သူ့ကိုပြန်တောင်မကြည့်ဘဲ ဖြေလိုက်သည်။
ချီကျီယွဲ့ကို သူမအရမ်းမုန်းသော်လည်း ထုတ်ဖော်ပြလို့တော့မဖြစ်ပေ။ ချီကျီယွဲ့သာ သူမ သူ့ကိုမုန်းတီးနေသည်အား ခံစားသိရှိသွားလျှင် သတိအနေအထားနှင့် သူမကိုပိုအာရုံထားနေမည်ဖြစ်ပြီး မလိုလားအပ်သည့်ပြဿနာများဖြစ်လာစေနိုင်သည်။
“မိန်းကလေးကု၊ ကျွန်တော် လိုက်ပို့ပေးရမလား?”
“ကျေးဇူးပါ၊ ကျွန်မသူငယ်ချင်း လာကြိုပါလိမ့်မယ်။”
“ဟုတ်ပါပြီ။” ချီကျီယွဲ့လဲ အတင်းအကျပ်ပြောမနေတော့ဘဲ ကုနင်းကားထဲဝင်သွားသည်ကိုသာ ရပ်ကြည့်နေကာ ကုနင်းထွက်သွားတော့မှ သူလဲ ကားပါကင်မှ သူ့ကားရှိရာသို့သွားခဲ့သည်။
…….
ကေက ကုနင်းကို စက်မူနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။
“လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန် ပြင်ဆင်ခဲ့ပြီးပြီလား?”
“ဒါပေါ့၊ စန်းယိကိုယ်တိုင် အားလုံးစစ်ပေးလိုက်သေးတယ်။” ကေ၏ သကြားလုံးရသည့်ကောင်လေးတစ်ယောက်လို့ ပျော်မြူးနေဟန်ဖြင့် ကုနင်းသဘောကျကာ ပြုံးလိုက်မိသည်။
ထို့နောက် ကုနင်းလဲ ချန်စန်းယိကိုဖုန်းဆက်ကာ နေ့လည်စာစားဖို့ အခန်းတစ်ခန်းမှာထားရန်ပြောလိုက်သည်။ လုကျန်းနှင့်လုရှောင်းတို့ကိုပါ အတူခေါ်မည်ဖြစ်သည်။ သူတို့အားလုံးမဆုံဖြစ်ကြသည်က အတော်လေးကြာနေပေပြီ။
ကုနင်းလာနေမှန်းသိရတော့ လုကျန်း ပျော်သွားကာ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’နှင့်ပတ်သတ်သည့် သတင်းကောင်းများကိုမျှဝေဖို့ မအောင့်နိုင်တော့ပေ။
အစိုးရဌာနသို့ရောက်သည်နှင့် ကုနင်းနှင့်ကေတို့ တချို့အချက်အလက်များကို ဖြည့်လိုက်ကြသည်။ လိုအပ်သည့်စာရွက်စာတမ်းများကိုပေးပြီးနောက်မှာတော့ သူတို့အနေနှင့်စောင့်ဆိုင်းဖို့သာရှိတော့သည်။
……..
ချိန်းထားသည့်စားသောက်ဆိုင်သို့ရောက်ချိန်မှာတော့ နေ့လည်၁၂နာရီပင်ထိုးခါနီးပေပြီ။
ချန်စန်းယိနှင့်ကျန်လူများက သီးသန့်ခန်းထဲရောက်နေပြီဖြစ်ကာ အစားအသောက်များလဲမှာထားပြီဖြစ်ပြီး ကုနင်းနှင့်ကေတို့ရောက်သည်နှင့် အားလုံးစားပွဲပေါ်တွင် တည်ခင်းပြီးဖြစ်လိမ့်မည်။
သို့သော်လည်း ကုနင်းနှင့်ကေတို့ ဆိုင်ခန်းမထဲဝင်လိုက်ခြင်းမှာပဲ ရင်းနှီးနေသည့်လူတစ်ယောက်နှင့်တွေ့လိုက်ရသည်။ ထိုလူကတော့ ကေ၏အဖေရင်းတစ်ဖြစ်လဲ ရန်သူတော်ကြီးဖြစ်သည့် မူရွှီရှင်းပင်။
မူရွှီရှင်းကိုမြင်လိုက်သည်နှင့် ကေ၏အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။
မူရွှီရှင်းသည် ကေနှင့်မတွေ့ခဲ့သည်က နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တာကြောင့် ကေကိုမမှတ်မိဘဲ ကုနင်းကိုသာအရင်နှုတ်ဆက်လိုက်သည်။
“မိန်းကလေးကု၊ တိုက်ဆိုင်လိုက်တာ! တွေ့ရတာဝမ်းသာလိုက်ပါတယ်!” မူရွှီရှင်း ယဉ်ယဉ်ကျေးကျေးပင်နှုတ်ဆက်လာသည်။ တကယ်တော့ မူမိသားစုမှာ အရှုပ်အထွေးတွေကြားထဲကျရောက်နေတာကြောင့် သူ့သွင်ပြင်က သိပ်ကြည့်ကောင်းမနေပေ။
ကုနင်းဆီမှာအလုပ်လုပ်ပေးနေသည့် ကေနှင့်မူမိသားစုကြားတွင် ရှည်ကြာသည့်ရန်ငြှိုးများရှိသည်ဆိုသော်လည်း ထန်မိသားစုသည်တော့ မူမိသားစုအတွက် အရေးကြီးစီးပွားဖက်ဖြစ်နေသေးတာကြောင့် ထန်ယွင်ဖန်းနှင့်ကုမန့်၏မင်္ဂလာပွဲကို မူမိသားစုလဲ ဖိတ်ကြားခံရသည်။
ထိုပွဲမှာ ထန်ယွင်ဖန်းနှင့်ကုမန့်တို့ဇာတ်ကြောင်းကို သူကြားခဲ့ရကာ ကုနင်းက ထန်ယွင်ဖန်း၏သမီးရင်းဖြစ်ကြောင်းလဲ သိခဲ့ရသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းမူ။” ကုနင်းပြန်ပြုံးပြလိုက်သည်။
ကေ့ကို မူရွှီရှင်းမမှတ်မိဘူးဆိုရင်တောင် ကေ့ကိုကြည့်ရတာ တော်တော်လေးရင်းနှီးနေပုံပေါ်သော်လည်း ဘယ်တုန်းကတွေ့ဖူးမှန်း ဘယ်လိုမှမမှတ်မိဖြစ်နေသည်။
“လူကြီးမင်းမူ မင်္ဂလာပါ။” ထိုအချိန်မှာပဲ ကေကအရင်နှုတ်ဆက်လာခဲ့သည်။
မူရွှီရှင်းနှင့် စကားမပြောချင်လောက်အောင် မုန်းတီးသော်လည်း ဒီနေ့တော့မတူပေ။ အခုဆို မူရွှီရှင်းလဲ သူဖြစ်စေချင်သည့်အတိုင်း ဒုက္ခကြီးကြီးတွေ့နေပြီဖြစ်သည်။ ဒါကြောင့် ဒီအခွင့်အရေးကိုအရယူကာ မူရွှီရှင်းကို လှောင်ပြောင်လိုက်ချင်သည်။
“မင်း… မင်းက…” မူရွှီရှင်း အလွန်လန့်သွားသည်။ ဤရက်များအတွင်း သူအရမ်းအလုပ်ရှုပ်နေခဲ့ရတာကြောင့် ကေ့ကိုမှတ်မိဖို့ အချိန်အတော်ယူလိုက်ရသည်။ နောက်ဆုံးမှတ်မိသွားချိန်မှာတော့ သူ့သားအသက်ရှင်နေသေးကြောင်း သတိရသွားတော့သည်။
“ခင်ဗျား ကျွန်တော့်ကိုမှတ်မိနေတဲ့အတွက် အရမ်းတောင်ဂုဏ်ယူသွားပြီ။”
“ငါ…” မူရွှီရှင်း အလွန်လန့်နေကာ ကေ၏အကြည့်များကိုရှောင်ဖယ်နေတော့သည်။
“ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က အခုဆို သူစိမ်းသာသာပဲကို။” ကေ အမှန်တရားကိုပြောနေသလို အေးအေးသာသာပြောလိုက်သည်။ မူရွှီရှင်း က သူ့ရန်သူဖြစ်တာကြောင့် သူကိုမှတ်မိတာ မမှတ်မိတာတွေ ဂရုစိုက်နေမည်မဟုတ်ပေ။
သို့ပေမည့် မူရွှီရှင်းကတော့ အတော်လေးနေရက်ခက်နေသည်။
“အိုး… တောင်းပန်ပါတယ်။ ငါအခုတလော အရမ်းအလုပ်များနေလို့။ မင်းရော ဘယ်လိုနေလဲ?” မူရွှီရှင်း မသက်မသာနှင့်မေးလိုက်သည်။
“ကျွန်တော်လား? ကောင်းတာပေါ့၊ အရမ်းကောင်းတယ်။ အထူးသဖြင့် အခုတလော အရမ်းအရမ်းကိုနေလို့ကောင်းနေတယ်။” ကေ၏အပြုံးက ပိုလို့ထင်ရှားလာခဲ့သည်။
***
အခန်း ၁၀၁၉ ဒေါသထွက်စရာ မူရွှီရှင်း
မူမိသားစု ဒုက္ခကြီးကြီးတွေ့နေ၍ ကေအလွန်ကျေနပ်နေသော်လည်း မူရွှီရှင်းကတော့ ပြဿနာ၏မူရင်းအစက ကေဖြစ်ကြောင်း မသိပေ။
“မင်းအဆင်ပြေတယ်ကြားလို့ ဝမ်းသာပါတယ်။ အာ.. တကယ်တော့ မင်းကို တစ်ချိန်လုံးငါလိုက်ရှာနေခဲ့တာ။ ဒါပေမယ့် ဘယ်မှာမှရှာမတွေ့ခဲ့ဘူးလေ။”
မူဝမ်ချီထောင်ထဲရောက်သွားပြီဖြစ်တာကြောင့် သူ့အနာဂါတ်ကလဲ ပျက်စီးသွားတော့မည်မှန်း မူရွှီရှင်းတွေးမိတာကြောင့် သူ့ရဲ့နောက်သားတစ်ယောက်ကို သူ့အနားပြန်ခေါ်ထားသည်က မဆိုးလှဟုတွေးမိသည်။
သို့သော်လည်း ကေကတော့ သူ့ကိုအဖေတစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်မဟုတ်ဘဲ ရန်သူအဖြစ်တောင် သတ်မှတ်ထားပြီဖြစ်သည်။ သူတို့ချင်း သွေးသားဆက်နွယ်သေးတယ်ဆိုရင်တောင် သူ့မိခင်ဖြတ်ကျော်ခဲ့ရသည့်အခက်အခဲများကို ကေဘယ်တော့မှမေ့သွားမည်မဟုတ်ပေ။
ထိုမနှစ်မြို့ဖွယ်မှတ်ဉာဏ်ဟောင်းများကို ကျော်လွှားနိုင်ဖို့ သူအချိန်အတော်ကြာခဲ့ကာ မူမိသားစုကို ပျက်စီးမည်ကို စောင့်ကြည့်ချင်နေပေပြီ။
“တကယ်ကြီးလား?” ကေ မယုံမှန်းသိသာလှသည်။ “လူကြီးမင်းမူ၊ ကျွန်တော်က မနေ့တစ်နေ့ကမှမွေးလာတဲ့ ချာတိတ်ကလေးမဟုတ်ဘူးနော်။ မူမိသားစုရဲ့လွှမ်းမိုးမှုအရ ကလေးတစ်ယောက်ကိုရှာဖို့ဆိုတာ အရမ်းလွယ်ကူလွန်းနေသင့်တယ်မဟုတ်ဘူးလား။”
“ခင်ဗျား ကျွန်တော့်ကိုရှာဖို့စိတ်ကူးရှိတာ မရှိတာတွေ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် အခုဟာကြီးကတော့ အရမ်းရယ်ရနေသလားလို့။”
မူရွှီရှင်း ရှက်ရွံ့သွားသလို ဒေါသလဲထွက်သွားရသည်။ မူယဲ့က လူကြားထဲ သူ့ကိုမျက်နှာပျက်အောင်လုပ်ရဲတယ်ပေါ့။
ကံကောင်းစွာပဲ ကုနင်းတစ်ယောက်သာ သူတို့နားမှာရပ်နေတာဖြစ်ပြီး ကျန်လူများက အလှမ်းဝေးကြသည်။
မူယဲ့နှင့်သူ့အမေကို မစွန့်ပစ်ခဲ့သင့်မှန်း မူရွှီရှင်းနားလည်ပေမယ့် မူယဲ့အပြစ်တင်သမျှကို ခံယူပေးမယ်လို့တော့မဆိုလိုပေ။ ပြောရရင် မူရွှီရှင်းသည် တစ်ကိုယ်ကောင်းသမားဖြစ်ကာ ထိုစိတ်ဓာတ်ကလဲ ဘယ်တော့မှပြောင်းလဲသွားမည်မဟုတ်ပေ။
မူရွှီရှင်းသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူ့ပထမဇနီးနှင့်သားကို ကြွယ်ဝမှုအတွက် စွန့်ပစ်ခဲ့သလို အခုချိန်မှာ ထပ်ရွေးရမည်ဆိုလဲ ပြောင်းလဲသွားမည်မဟုတ်ပေ။
……
ကုနင်းသည် ဘာပဲဖြစ်ဖြစ် အပြင်လူတစ်ယောက်ဖြစ်ကာ သူတို့စကားများသည်ကို နားထောင်နေဖို့မသင့်တော်လှ၍ နေရခက်လာသည်။ “အမ်.. တခြားသူတွေနဲ့တွေ့ဖို့ ကျွန်မပဲအရင်သွားလိုက်တာကောင်းမယ်။ ရှင်ပြီးမှလိုက်လာခဲ့လိုက်လေ။”
“မဟုတ်တာ၊ မင်းက ငါ့ဘော့စ်လေ။ မင်းကိုစောင့်ခိုင်းလို့ဘယ်ဖြစ်မလဲ။ ငါလဲ သူနဲ့ပြောစရာဘာအကြောင်းမှမရှိဘူး။ သွားကြတာပေါ့!”
“သူက မင်းဘော့စ်လား?” မူရွှီရှင်း အံ့အားသင့်သွားသည်။
“ဟုတ်တယ်လေ၊ မိန်းကလေးကုက ကျွန်တော့်ဘော့စ်ပဲ။ ကျွန်တော်အခု သူ့ဆီမှာအလုပ်လုပ်နေတာ။”
“လူကြီးမင်းမူ၊ ကျွန်မတို့သွားလိုက်ပါဦးမယ်။” ကုနင်းပြောပြီးသည်နှင့် မူရွှီရှင်းကိုချန်ကာ ထွက်ခဲ့တော့သည်။
မူယဲ့နှင့်သူက အခုပဲစကားအချေအတင်ဖြစ်ခဲ့သလို သူ့မှာလဲ မူယဲ့ကိုပြောစရာဆိုလို့ ရေရေရာရာမရှိတာကြောင့် သူတို့ထွက်သွားတာကိုသာ ရပ်ကြည့်နေနိုင်တော့သည်။
ကုနင်းတို့ထွက်သွားတာကိုကြည့်ရင်း မူရွှီရှင်း အကြံတစ်ခုပေါ်လာခဲ့သည်။
မူယဲ့က ကုနင်းအတွက်အလုပ်လုပ်ပေးနေတာဆိုမှတော့ မူယဲ့သာ မူမိသားစုစီးပွားရေးကိုယူလိုက်လျှင် ကုနင်းကလဲ မူမိသားစုကို ကူညီပေးပေလိမ့်မည်။ ဒါ့အပြင် ကုနင်းမှာက ထန်မိသားစုနောက်ခံလဲရှိနေသေးတာဆိုတော့ သူတို့ကိုကူညီဖို့ဆိုတာ အလွယ်လေးပဲ။
သူ့မိသားစုကို အခုလိုဒုက္ခပင်လယ်ဝေအောင်လုပ်နေတာက ဘယ်သူမှန်း မူရွှီရှင်းမသိသော်လည်း ထန်မိသားစုကတော့ ဒီပြဿနာလောက်ကို အလွယ်လေးဖြေရှင်းပေးနိုင်စွမ်းရှိမှန်း သိပေသည်။
ဒီတစ်ခေါက်ပြဿနာကြောင့် မူမိသားစုအတော်လေးဆုံးရှုံးသွားနှင့်ပြီးဖြစ်သည်။ ဒီပြဿနာကိုအမြန်ဆုံးအဆုံးမသတ်နိုင်ပါက သူတို့မိသားစုစီးပွားရေးမှာ သိပ်မကြာခင်အချိန်အတွင်း ဒေဝါလီခံရပေတော့မည်။ ဒါတင်မကသေး မူဝမ်ချီကလဲ ထောင်ထဲရောက်သွားပြီဖြစ်တာကြောင့် မူမိသားစုစီးပွားရေးကို ဆက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။
မူယဲ့သာ မူမိသားစုထဲဝင်ဖို့ဆန္ဒရှိလျှင် သူ့ကို မူမိသားစုစီးပွားရေးလက်လွှဲပေးဖို့ မူရွှီရှင်းမှာစိတ်ကူးရှိသည်။ ဒီလိုသာဆို သူလဲ ချမ်းချမ်းသာသာဘဝမှာ ဆက်နေနိုင်သွားမည်ဖြစ်သည်။
အကျိုးဆက်များကို တွက်ချက်ပြီးနောက် မူယဲ့နှင့်စကားပြောကြည့်ဖို့ မူရွှီရှင်း စိတ်ဆုံးဖြတ်လိုက်သည်။ ဒီလိုရက်ရောလှသည့်ကမ်းလှမ်းမှုကို မူယဲ့ငြင်းနိုင်လိမ့်မည်လို့တော့ သူမထင်ပေ။ သူ့စိတ်ထဲမှာတော့ ကြွယ်ဝချမ်းသာမည့်အခွင့်အရေးကို ဘယ်လိုလူကမှ ငြင်းနိုင်စွမ်းမရှိဟုထင်နေသည်။
ယနေ့အဖို့ မူရွှီရှင်းလဲ တခြားအလုပ်ကိစ္စမရှိတော့တာကြောင့် မူယဲ့ပြန်အလာကို ခန်းမထဲကနေသာစောင့်နေလိုက်တော့သည်။
……..
ကုနင်း သီးသန့်ခန်းထဲဝင်လာသည်နှင့် ချန်စန်းယိနှင့်တခြားလူများက ချက်ချင်းမတ်တပ်ထရပ်ကာ နှုတ်ဆက်ကြသည်။
“ဟိုင်း၊ ဘော့စ်!” အားလုံးက ကုနင်းကိုလေးစားကြသလို သူမနှင့် မိတ်ဆွေသူငယ်ချင်းများသဖွယ်ပေါင်းသင်းကြသည်။ ကုနင်းကလဲ သူတို့အပေါ် တင်းကြပ်ထားခြင်းမရှိပေ။
သူတို့အားလုံး ကုနင်းနှင့်အလုပ်တွဲလုပ်ဖြစ်သည်က သူမ၏ထူးချွန်ပြောင်မြောက်သော အရည်အချင်းများကြောင့်သာဖြစ်၍ သူမကိုအထင်သေးစရာအကြောင်းမရှိပေ။
လုရှောင်းသည် ကုနင်းအတွက် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို ခဏတာစီမံပေးနေရုံဖြစ်ပြီး အနာဂါတ်တွင် ထွက်သွားမှာဖြစ်သော်လည်း ကုနင်းကို လောလောဆယ်မှာတော့ သူ့ဘော့စ်အဖြစ်မှတ်ယူထားသေးသည်။ ဒါ့အပြင် ကုနင်း၏အောင်မြင်မှုများကိုကြည့်ပြီး သူလဲသဘောကျမိသည်။
“အားလုံးပဲ ထိုင်ကြပါ။”
အားလုံး နေရာတွင်ထိုင်ပြီးနောက် လုကျန်းကစပြီး၊ “ဘော့စ်၊ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ရဲ့ လက်မှတ်ရောင်းအားက ငါမျှော်လင့်ထားတာထက်ကို ကျော်လွန်သွားသေးတယ်။ အရမ်းကိုအောင်မြင်သွားတာပဲ! ဒါရိုက်တာမူရဲ့ အရည်အချင်းကတော့ တကယ့်အံ့ဖွယ်ပဲ ဇာတ်လမ်းကို ပေါက်ကွဲထွက်သွားအောင်ကို လုပ်ပစ်လိုက်တာ!”
“ဟ-ဟ၊ ကျေးဇူးပါ!” မူယဲ့ ခပ်ဟဟရယ်မောလိုက်သည်။
***
အခန်း ၁၀၂၀ ကေ့ကိုခေါ်ချင်သူတွေများတယ်
“ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ပေါက်သွားကတည်းက ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တွေက တည်းဖြတ်သူဘယ်သူလဲဆိုတာ လာမေးနေကြတာ။ သူတို့တွေ ဒါရိုက်တာမူနားချဉ်းကပ်ချင်နေကြတာ အသိသာကြီးပဲ။ ငါကလဲ ငတုံးမှမဟုတ်တာ! သူတို့ကိုပြောပြစရာလား။” လုကျန်း ဆက်ပြောလိုက်သည်။ မူယဲ့ကို သူ့အားခေါ်ယူချင်သူတွေအများကြီးရှိနေကြောင်း တစ်ခါတည်းသတိပေးလိုက်တာဖြစ်သည်။
ကေလဲ နားလည်ပေမယ့် ကုနင်း၏ကုမ္ပဏီမှ ထွက်သွားမည်မဟုတ်ပေ။
“မစိုးရိမ်ပါနဲ့၊ ငွေအတွက်နဲ့ ကျွန်တော်တို့အဖွဲ့ကို ထားသွားမှာမဟုတ်ပါဘူး။” ဤတစ်ကြိမ်တော့ ကေ၏အမူအရာက လေးနက်နေသည်။
ကေ့မှာ ငွေမရှိတာလဲမဟုတ်သလို သူကိုယ်တိုင်ကလဲ ငွေကြေးကိုဂရုစိုက်သူမဟုတ်ပေ။ ကုနင်း သူ့ခြေထောက်ကို ကုသပေးခဲ့တာနဲ့ကို အမြဲတမ်း ကျေးဇူးတင်နေမှာဖြစ်သည်။
ကေက ငွေကြောင့်နှင့်သူတို့ကိုချန်ထားခဲ့မည်မဟုတ်ကြောင်း သေချာသွားမှ လုကျန်း စိတ်အေးသွားရသည်။
ကုနင်းကတော့ ကေလိုချင်သမျှအကုန် သူမဘက်ကကမ်းလှမ်းပေးနိုင်တာကြောင့် ငွေတစ်ခုတည်းအတွက်နှင့် ကေ သူမကုမ္ပဏီမှထွက်သွားမည်မဟုတ်ကြောင်း ယုံကြည်ချက်ရှိသည်။ ကုနင်း၏ကုမ္ပဏီမှာဆိုလျှင် သူ့အတွက် လွတ်လပ်ခွင့်ရော သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်ဖို့အတွက် လုံလောက်သည့်ရန်ပုံငွေပါရှိထားပြီးဖြစ်သည်။
ဂိမ်းကုမ္ပဏီကိုပဲ ဥပမာအဖြစ်ထားကြပေါ့၊ ကေက ဂိမ်းတစ်ခုထုတ်ချင်တာနဲ့ ကုနင်းက ဂိမ်းကုမ္ပဏီတစ်ခုစာရင်းသွင်းပေးလိုက်သည်။
ကုနင်းက ကေ့ကိုယုံကြည်သည်။ တကယ်လို့များ ဂိမ်းက ကျရှုံးသွားမယ် ဒါမှမဟုတ် အမြတ်ပြန်မရနိုင်ဘူးဆိုလျှင်တောင်မှ ကုနင်း တတ်နိုင်သည့်အတိုင်းအတာသာဖြစ်သည်။
သို့သော်လည်း တခြားကုမ္ပဏီများတွင်ဆိုလျှင်တော့ အခုလိုအထောက်အပံ့မျိုး ကေရရှိလိမ့်မည်မဟုတ်ပေ။ စီးပွားရေးသမားတွေအတွက် အမြတ်အစွန်းကသာအဓိကဖြစ်ပြီး အများစုက မရေရာသည့်လုပ်ငန်းမျိုးအတွက် အရင်းအနှီးမထုတ်လိုကြပေ။
ဒါကပဲ ကုမ္ပဏီအများစု အချိန်အကြာကြီးနေတာတောင်မှ တိုးတက်မှုနှေးကွေးနေရသည့် အကြောင်းအရင်းဖြစ်သည်။
“နောင်ရော ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ထုတ်လုပ်မယ့် ဇာတ်ကားတွေ တီဗီအစီအစဉ်တွေအားလုံးအတွက် တည်းဖြတ်မှုအပိုင်းကို ဒါရိုက်တာမူကပဲ တာဝန်ယူပေးမှာလား?” လုကျန်း မျှော်လင့်မှုအပြည့်နှင့်မေးလိုက်သည်။
ကေ၏ထူးချွန်ပြောင်မြောက်လှသော တည်းဖြတ်မှုစွမ်းရည်ကို လုကျန်းတွေ့ပြီးကတည်းက တခြားထုတ်လုပ်ရေးအဖွဲ့တွေကို စိတ်မဝင်စားနိုင်တော့ပေ။ သို့သော်လည်း ဆုံးဖြတ်ချက်ကတော့ ကေနှင့်ကုနင်းအပေါ်သာ မူတည်ပေသည်။
“ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ်ပိုင်အလုပ်တွေမရှိတဲ့အချိန်မှပဲ လုပ်ပေးနိုင်လောက်မယ်။”
ကေ့အတွက် ဇာတ်ကားတစ်ကားကိုတည်းဖြတ်ရသည်က လွယ်ကူလှသလို ဇာတ်ကားတွေကလဲ တစ်နှစ်နေလို့ တစ်ကားနှစ်ကားလောက်သာ ထွက်မည်ဖြစ်သည်။ ဒါ့အပြင် ဖုန့်ဟွာဆိုတာ ကုနင်း၏ပိုင်ဆိုင်မှုထဲမှတစ်ခုပဲမဟုတ်လား။
“ဒါနဲ့ ဒီနယ်ပယ်ထဲမှာအလုပ်လုပ်တဲ့ တခြားသူငယ်ချင်းတွေရောရှိသေးလား?” ရုတ်တရက် ကေ့ကို ကုနင်းမေးလိုက်သည်။ နောက်ထပ်အရည်အချင်းရှိသူများ ထပ်ခန့်ဖို့ သူမအကြံရသွားခြင်းပင်။
ကုနင်း ဘာကိုရည်ရွယ်လဲ ကေသိနေတာကြောင့်၊ “ဒီနယ်ပယ်ကလူတော်တော်များများကိုတော့ သိတယ်၊ ဒါပေမယ့် ငါ့သူငယ်ချင်းတွေတော့မဟုတ်ဘူး။ မင်းလိုအပ်ရင် သူတို့ကိုဆက်သွယ်လိုက်မယ်လေ။”
“ကျေးဇူးပဲ၊ ဒါပေမယ့် သူတို့ကို ကျွန်မဆီမှာအလုပ်လုပ်ဖို့ဆိုပြီး အတင်းတော့ဖိအားမပေးနဲ့နော်။” ကုနင်း တကယ်ကို အရည်အချင်းရှိပြီးသားဝန်ထမ်းတွေ လိုအပ်တယ်ဆိုပေမယ့် သူမဆီမှာအလုပ်လုပ်ပေးဖို့ဆိုပြီး သူတို့ကိုဖိအားပေးခေါ်ယူမည်တော့မဟုတ်ပေ။
“ငါနားလည်ပါတယ်။”
“ဘော့စ်၊ ငါ သွမ့်လီရှင်းရဲ့ နန်းတွင်းဝတ္ထုအတွက် ဇာတ်ညွှန်းတွေပြင်နေပြီ၊ ခေါင်းဆောင်မင်းသမီးနေရာက ထန်ရှောင်ရှောင်နဲ့ဆို သင့်တော်တယ်။ သူက အေအဆင့်မင်းသမီးတစ်လက်လဲဖြစ်သေးတယ်။ စုထုံနျိုလဲ ဇာတ်လမ်းထဲမှာပါသင့်တာဆိုတော့ သူနဲ့က အမျိုးသမီးစစ်သူကြီးဇာတ်ကောင်နဲ့လိုက်ဖက်တယ်။ ငါ စုထုံနျိုနဲ့စကားပြောကြည့်ပြီး အစမ်းသရုပ်ဆောင်ကြည့်ခိုင်းလိုက်တာ သူအဲ့ဒီဇာတ်ကောင်နေရာ ရသွားပြီ။ ကျန်တဲ့ဇာတ်ကောင်နေရာတွေကိုတော့ လူရွေးပွဲလုပ်ပြီးခေါ်မယ်။ ဟန်လန်ရွှမ်နဲ့ပိုင်လင်းကိုလဲ လူရွေးပွဲဖြေဖို့ ဖိတ်စာပို့ထားသေးတယ်။” လုကျန်း အလုပ်အကြောင်းပြောပြလာသည်။
ဟန်လန်ရွှမ်နှင့်ပိုင်လင်းတို့သည်လဲ အနာဂါတ်တွင် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီသို့ ဝင်မည်မှန်း လုကျန်းလဲသိထားပြီးဖြစ်သည်။
ကုနင်းကလဲ သူတို့ကိုအလုပ်ခန့်ပို့သဘောတူထားပြီးဖြစ်သလို သူတို့နှစ်ယောက်က သရုပ်ဆောင်ကောင်းတွေလို့လဲ လုကျန်းထင်သည်။ သူတို့အတွက် နာမည်ပိုကြီးလာရန် သူတို့နှင့်သင့်တော်သည့်ဇာတ်ကောင်ရရှိဖို့သာ လိုအပ်နေရုံဖြစ်သည်။
“ဒါရိုက်တာလု စိတ်တိုင်းကျ ဆုံးဖြတ်လိုက်ပါ။ ကျွန်မ ဒါရိုက်တာလုကိုယုံတယ်။”
“ကျေးဇူးပါပဲ၊ မင်းကို စိတ်မပျက်စေရဘူး။” လုကျန်း ယုံကြည်ချက်အပြည့်နှင့်ပြန်ပြောလိုက်သည်။
သူတို့ရဲ့ပထမဆုံးဇာတ်ကားအောင်မြင်မှုကြီးရသွားကတည်းက လုကျန်း၏ မျှော်လင့်ချက်များပြန်လည်ရှင်သန်လာတာဖြစ်သည်။
ချန်စန်းယိကလဲ၊ “ဘော့စ်၊ ရုံးချုပ်ဆောက်လုပ်ရေးက အပြီးသတ်နေပြီ၊ တစ်ပတ်လောက် လေသလပ်ခံပြီးတာနဲ့ အဲ့ဒီကိုရုံးခန်းတွေရွှေ့လို့ရပြီ။”
ရုံးချုပ်ဆောက်လုပ်ရေးပရောဂျက်ကို ချန်စန်းယိတာဝန်ယူထားကတည်းက အရှိန်မြှင့်ဖို့ရန်လူပိုငှားခဲ့ကာ သုံးလအတွင်း အပြီးသတ်စေခဲ့သည်။
အဆောက်အဦးက ၁၈ထပ်ပါတာကြောင့် အတော်လေးရှုပ်ထွေးသည့် ပရောဂျက်တစ်ခုဖြစ်သည်။ အခုဆို ၈၀ရာခိုင်နှုန်းလောက်ပြီးသွားပြီဖြစ်ကာ တစ်ပတ်လောက် လေသလပ်ခံရပေမည်။
“ကောင်းတယ်၊ ဆက်ပြီး တာဝန်ယူလိုက်ပါဦး။”
“ဟုတ်ကဲ့ပါ။”
……..
နေ့လည်စာစားပြီးနောက် ကုနင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ရှေးဟောင်းပစ္စည်းတချို့သွားပို့ရန်အတွက် ရှေးဟောင်းလမ်းသို့သွားမည်ဖြစ်သည်။
“ဘော့စ်၊ ငါလိုက်ပို့ပေးမယ်!” ကေက အရင်ပြောလိုက်သည်။
“ရတယ်၊ ကျွန်မ ရှင်တို့နဲ့အတူ ရုံးချုပ်ကိုအရင်သွားမယ်။ ပြီးမှ ကိုယ့်ဘာသာပဲပြန်ထွက်လိုက်တော့မယ်။” ကေသာ အနားမှာရှိနေလျှင် သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှ ရှေးဟောင်းပစ္စည်းများ ထုတ်ယူဖို့ အဆင်မပြေလှပေ။
“ကောင်းပြီလေ။”
ထို့နောက် အားလုံးအတူတကွ ရုံးချုပ်သို့ ပြန်ကြသည်။ သို့သော်လည်း စားသောက်ဆိုင်ခန်းမသို့ရောက်လျှင်ရောက်ချင်းမှာပဲ ကေ့ကို မူရွှီရှင်းက တားလာခဲ့သည်။
“ဟိုင်း၊ မိန်းကလေးကု၊ ငါ မူယဲ့နဲ့ ခဏလောက် သီးသန့်စကားပြောလို့ရမလား?” မူရွှီရှင်းက ကုနင်းကိုခွင့်တောင်းလိုက်သည်။
ကုနင်းက မူယဲ့၏ဘော့စ်ဆိုမှတော့ ကုနင်း၏ခွင့်ပြုချက်ကို တောင်းသင့်ပေသည်။ သူ့ကိုအံ့ဩသွားစေသည်ကတော့ ကုနင်းဘာမှပြန်မပြောလာခင် ကေကအရင် ဝင်ပြောလာခြင်းပင်။ “ကျွန်တော်တို့ စကားပြောစရာအကြောင်းမရှိဘူးထင်တယ်နော်။”