← Chapters

အခန်း (၁၀၂၁-၁၀၂၅)

Vol. 69 Ch. 1021-1025

အခန်း (၁၀၂၁-၁၀၂၅)

Vol. 69 Ch. 1021-1025

အခန်း ၁၀၂၁ အလုပ်အကိုင်အတွက် မိသားစုကိုစွန့်ပစ်ခြင်း

မူရွှီရှင်းကို ချန်စန်းယိလဲ သိတာကြောင့် မူရွှီရှင်းကိုမြင်လိုက်သည်နှင့် ဒေါသထွက်လာတော့သည်။ မူရွှီရှင်းသည် မူယဲ့၏အမေကိုသေစေခဲ့သူဖြစ်ကာ မူယဲ့ကိုလဲ နှစ်ပေါင်းများစွာ နာကျင်ခံစားစေခဲ့သူဖြစ်သည်။ မူမိသားစု ပျက်စီးကိန်းဆိုက်နေသည်ကိုမြင်ရခြင်းအပေါ် ချန်စန်းယိလဲ အလွန်သဘောကျနေခဲ့သည်။ သို့သော်လည်း မူရွှီရှင်းက မူယဲ့ကို သူတို့ချင်းအရင်ကတွေ့ဖူးခဲ့သလိုမျိုး စကားလာပြောနေတာကြောင့် သူမအံ့ဩမိဘဲမနေနိုင်တော့ပေ။

လုကျန်းနှင့်လုရှောင်းကတော့ မူရွှီရှင်းကို မသိကြပေမယ့် မူရွှီရှင်းနှင့်ကေ၏ ဆင်တူလှသည့်ရုပ်ရည်ကို သတိထားမိတာကြောင့် သူတို့ကြားမှ ဆက်နွယ်မှုမှာ မရိုးရှင်းလှမှန်း သိသာနေသည်။ ကေ၏မူရွှီရှင်းအပေါ် ဆက်ဆံပုံအရကြည့်လျှင်တော့ သူတို့ချင်း မရင်းနှီးကြလောက်ပေ။

“မူယဲ့၊ ငါ့ကို အချိန်ငါးမိနစ်ပဲပေး။ ခဏလောက်စကားပြောကြရအောင်လား?” မူရွှီရှင်း အလေးအနက်ပြောလိုက်သည်။ ငါးမိနစ်လောက်ဆိုလျှင်တော့ ကေက သူ့ကိုအချိန်ပေးလောက်မည်ဟု ယုံကြည်ချက်ရှိနေပုံပင်။

မူရွှီရှင်း အလေးအနက်ပြောနေပုံကြောင့် သူဘာအကြောင်းပြောလိုလဲ ကေသိလိုက်ပြီဖြစ်သည်။ “ကောင်းပြီလေ၊ ငါးမိနစ်ပေါ့။”

ထို့နောက် ကုနင်းဘက်လှည့်ကာ၊ “ဘော့စ်၊ ငါမပါဘဲသွားနှင့်လိုက်ပါ၊ ပြီးမှ ကိုယ့်ဘာသာလိုက်ခဲ့မယ်။”

“ရတယ်လေ။” ကုနင်းလဲ တခြားသူများနှင့်အတူ ထွက်သွားလိုက်တော့သည်။

သူတို့ စားသောက်ဆိုင်ထဲမှမထွက်လာကြခင် ချန်စန်းယိက ကေနှင့်မူရွှီရှင်းတို့ကို တစ်ချက်ကြည့်သွားသေးသည်။ တကယ်တော့ ကေ မူရွှီရှင်းကို ဘယ်လောက်တောင်မုန်းတီးကြောင်း သိနေ၍ သူ့စိတ်ကိုမထိန်းချုပ်နိုင်ဘဲ မပြောသင့်တာပြောမိသွားမည်ကို စိုးရိမ်နေမိတာဖြစ်သည်။

ချန်စန်းယိ၏အကြည့်ကို မူရွှီရှင်း သတိထားမိသော်လည်း အာရုံစိုက်မနေပေ။

“ဘော့စ်၊ သူတို့ တွေ့ဖူးပြီးထားကြပြီလား?” အပြင်ဘက်သို့ရောက်သည်နှင့် ချန်စန်းယိမေးမိတော့သည်။

“ဟုတ်တယ်။”

“မူယဲ့ ဘာပြောလိုက်သေးလဲ? တစ်ခုခုကောလုပ်လိုက်သေးလား?”

“အမ်… သူအဆင်ပြေပါတယ်၊ ဒါပေမယ့် မူရွှီရှင်းကတော့ သူ့ကြောင့် ဒေါသထွက်သွားသေးတယ်။”

ထိုစကားကြောင့် ချန်စန်းယိစိတ်ချသွားတော့သည်။

မူရွှီရှင်း? မူယဲ့?

ထိုနာမည်များကြောင့် သူတို့ကြားမှဆက်နွယ်မှုကို လုကျန်းနှင့်လုရှောင်းတို့ ရိပ်မိသွားကြသော်လည်း ဘာမှတော့မပြောပေ။

……….

ခန်းမထဲမှ လက်ဖက်ရည်စားပွဲဆီ မူရွှီရှင်းနောက်မှ ကေလိုက်ပါသွားလိုက်သည်။ မူရွှီရှင်းက ကေ့ကို မီနူးကဒ်လှမ်းပေးသော်လည်း ကေကတော့မယူလိုက်ပေ။ “ဘာမှမသောက်ချင်တော့ဘူး။”

ကေက မသောက်ချင်ဘူးဆိုမှတော့ မူရွှီရှင်းလဲ ကဒ်ကိုချကာ သူပြောချင်တာသာ တိုက်ရိုက်ပြောလိုက်တော့သည်။ “မူယဲ့၊ မင်း ငါ့ကိုသဘောမကျမှန်းသိတယ်။ ငါလဲ မင်းတို့အပေါ် လုပ်ခဲ့မိတာအတွက် အမြဲအပြစ်ရှိသလိုခံစားနေမိတာ။ အခု မင်းအပေါ် အမှားပြင်ဆင်နိုင်ဖို့ အခွင့်အရေးတစ်ခုလောက်ပေးလို့ရမလား?”

“ဘယ်လိုများလဲ?”

“မင်း မူမိသားစုထဲဝင်လာခဲ့ပြီး ငါတို့မိသားစုစီးပွားရေးကို ဆက်ခံလိုက်။” မူရွှီရှင်း အလွန်ယုံကြည်ချက်ရှိနေသည်။

“မူမိသားစု? အဲ့ဒါ ကျူးမိသားစုဖြစ်သင့်တာမဟုတ်လား၊ ခင်ဗျားကမှ ကျူးမိသားစုထဲ လက်ထပ်ဝင်သွားတာလေ။”

“မင်း…” မူရွှီရှင်း ရုတ်တရက်ကြောင်သွားပြီး ဒေါသထွက်လာတော့သည်။ ကေပြောလိုက်သည့်အချက်က သူ့ကိုအရှက်ခွဲဖို့ကွက်တိဖြစ်သွားသည်ပင်။

“ထားပါ၊ ခင်ဗျားဦးဆောင်နေတာဆိုတော့ မူမိသားစုပေါ့! အဲ့ဒါက မူမိသားစုရဲ့စီးပွားရေးဆိုရင်တောင် အခု ဒေဝါလီခံရခါနီးဖြစ်နေပြီမဟုတ်ဘူးလား?” ကေ ထပ်မံထေ့ငေါ့လိုက်ပြန်သည်။

“မင်းဘယ်လိုလုပ်…” မူရွှီရှင်း အလွန်ထိတ်လန့်သွားသည်။

“ထားပါ၊ မင်းကြားပြီးနေပြီဆိုမှတော့ အမှန်အတိုင်းပဲပြောတော့မယ်။ အခု မူမိသားစု အခက်အခဲဖြစ်နေတာအမှန်ပဲ ဒါပေမယ့် ဆာလောင်နေတဲ့ကုလားအုတ်က မြင်းတစ်ကောင်ထက်တော့ ပိုကြီးသေးတာပဲမဟုတ်လား။ (ဆင်ပိန် ကျွဲလောက်) မင်း ကုနင်းနဲ့အရမ်းရင်းနှီးတာသိတယ်၊ မင်းသာ မူမိသားစုစီးပွားရေးကိုဆက်ခံလိုက်ရင် သူက မင်းကိုကူညီပေးမှာပဲ။ ဒီအခက်အခဲထဲကနေ ကုနင်း မင်းကိုမကယ်ထုတ်နိုင်ရင်တောင် သူ့မှာ ထန်မိသားစုနောက်ခံရှိနေသေးတယ်။ Bမြို့မှာ ထန်မိသားစုမလုပ်နိုင်တာ ဘာမှမရှိဘူး။”

မူရွှီရှင်းက သဘောထားကြီးသလိုလိုပြောနေသော်လည်း မူယဲ့နားထဲမှာတော့ ဟာသနားထောင်နေရသလိုသာ။

“အနာဂါတ်မှာ ခင်ဗျားဇနီးနဲ့သားက ခင်ဗျားကိုဆန့်ကျင်လာကြမှာမကြောက်ဘူးလား?”

“အခုချိန်မှာ ငါကမူမိသားစုခေါင်းဆောင်ပဲ၊ သူတို့မှာဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘူး။”

မူယဲ့အခုလို အသေးစိတ်မေးနေတာက သူ့ကမ်းလှမ်းချက်ကို လက်ခံတာကြောင့်ဟု သေချာပေါက်ထင်နေလေသည်။

“ကျွန်တော်က ငွေကြေးနဲ့ကျော်ကြားမှုထက် လွတ်လပ်မှုကို ပိုမြတ်နိုးတယ်။”

“ငွေနဲ့ကျော်ကြားမှုမရှိဘဲ မင်းဘဝကိုရှင်သန်လို့မရနိုင်ဘူး။ မင်းလဲ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပဲ မင်းရဲ့အလုပ်အကိုင်ကိုသာ ဦးစားပေးသင့်တယ်!” မူရွှီရှင်းက ကေ့ကိုအပြစ်တင်လိုက်သည်။ ထိုအခိုက်အတန့်မှာ သူနှင့်မူယဲ့ကြားက ဆက်ဆံရေးက ဘယ်လောက်တောင်ဆိုးဝါးနေတယ်ဆိုတာကို မေ့သွားပြီး သူက မူယဲ့၏အဖေတစ်ယောက် အနေနဲ့ မူယဲ့ကိုအပြစ်တင်ကြိမ်းမောင်းနိုင်သည်ဟုတောင် တွေးနေလေသည်။

“ဒါက အလုပ်အကိုင်အတွက် မိသားစုကိုတောင်စွန့်ပစ်နိုင်ရမယ်ဆိုပြီး ခင်ဗျားဆီက နည်းလမ်းကိုသင့်ယူသင့်တယ်လို့ ပြောချင်တာလား?” ကေ နောက်ဆုံးတော့ ဒေါသထွက်လာပေပြီ။

အမျိုးသားတွေက သူတို့အလုပ်အကိုင်အခွင့်အလမ်းအပေါ် ပိုအလေးပေးသင့်သည်ဆိုသော်လည်း ထိုစကားကို မူရွှီရှင်းပြောလာချိန်မှာတော့ ဘဝင်ကျစရာကောင်းမနေတော့ပေ။ တကယ်ယောက်ျားကောင်းဆိုတာ သူ့အနာဂါတ်ကို သူ့ကိုယ်ပိုင်စွမ်းရည်ဖြင့် တိုက်ခိုက်ပုံဖော်ရမည်ဖြစ်ပေမယ့် မူရွှီရှင်းကတော့ အရှက်မဲ့ပြီး တစ်ကိုယ်ကောင်းဆန်စွာနှင့် ချမ်းသာတဲ့မိန်းကလေးတစ်ယောက်အတွက် မိသားစုကိုစွန့်ပစ်သွားသည်။

ဒါ့အပြင် သူက ကိုယ့်ကျင့်တရားမရှိတဲ့ အရိုင်းအစိုင်းလဲဖြစ်သေးသည်။

“မင်း…” မူယဲ့က သူ့ကိုလှောင်ထေ့နေတာကြောင့် မူရွှီရှင်းအလွန်ဒေါသထွက်လာသော်လည်း ထိုစကားတွေ အမှန်ဆိုတာကိုတော့ လက်ခံရပေမည်။ ဒါတွေက အမှန်တရားဆိုရင်တောင်မှ သူကတော့ နောင်တလုံးဝမရပေ။ သူသာ ထိုသို့မလုပ်ခဲ့ပါက အောင်မြင်မှုဆိုတာလဲ ဘယ်တော့မှရလာနိုင်မည်မဟုတ်ပေ။ ဒါ့အပြင် သူက မူယဲ့နှင့်မူယဲ့၏မိခင်ကိုလဲ လျှို့ဝှက်စွာ ထောက်ပံ့ပေးခဲ့သည်မဟုတ်လား။

သူ၏ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းအကြောင်းသာ မပေါ်သွားခဲ့ပါလျှင် မူယဲ့တက္ကသိုလ်တက်သည့်အချိန်အထိ သူထောက်ပံ့ပေးခဲ့ပေလိမ့်မည်။

မူရွှီရှင်းကတော့ သူလုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးခဲ့သည်ဟုတွေးနေသော်လည်း မူယဲ့အတွက်တော့ ဘယ်လိုမှလက်ခံပေးနိုင်စရာရှိမနေပေ။

***

အခန်း ၁၀၂၂ ခင်ဗျားကို ဒုက္ခရောက်အောင်လုပ်တာ ကျွန်တော်ပဲ

“ဒါနဲ့ စကားမစပ်၊ မိန်းကလေးကုက ကျွန်တော်ရဲ့လစာကိုရက်ရက်ရောရောပေးထားတာဆိုတော့ ကျွန်တော့်မှာ ငွေလဲမပြတ်ဘူး။ ကျွန်တော့်ရဲ့တစ်နှစ်တာဝင်ငွေက ယွမ်သန်းဒါဇင်ကျော်တဲ့အပြင် အလုပ်ကလဲမပင်ပန်းဘူး။ လက်ရှိ ကျွန်တော့်ဘဝက အရမ်းကိုကောင်းပြီး ပျော်စရာအပြည့်ပဲ။ ဒီအခြေအနေကို‌ ပြောင်းလဲပစ်မှာမဟုတ်ဘူး။” ကေ ပြန်ပြောလိုက်သည်။ သူက လွတ်လပ်မှုကိုမြတ်နိုးသော်လည်း အဓိပ္ပါယ်ရှိသည့်တစ်စုံတစ်ရာကိုလဲလုပ်ချင်သလို အခုဆို သူ့မှာ အလုပ်ကောင်းတစ်ခုနှင့် ပျော်စရာကောင်းသည့်ဘဝရှိနေပြီဖြစ်သည်။

ကေနှစ်တိုင်းရသည့်လစာအကြောင်းကြားပြီး မူရွှီရှင်းပင်လန့်သွားရသည်။ ဒါက လစာသက်သက်တော့မဖြစ်နိုင်ဘူး။ ကေကလဲ ရှယ်ယာရှင်တစ်ယောက်ပဲဖြစ်ရမယ်။

တကယ်လဲ ကေက ရှန်းနဉ်၏ရှယ်ယာရှင်ဆိုတာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း မူမိသားစုမှာက ယွမ်၁ဘီလီယံကျော်ရှိတာကြောင့် ယွမ်သန်းကျော်လောက်နှင့် ယွမ်၁ဘီလီယံကို မူယဲ့လက်လွှတ်ချင်လိမ့်မည်ဟု မူရွှီရှင်းမထင်ပေ။

“မူယဲ့၊ မင်း မူမိသားစုစီးပွားရေးကို မဆက်ခံချင်ဘူးဆိုတာသေချာလား? ယွမ်သန်းဒါဇင်ကျော်လောက်အတွက်နဲ့ ယွမ်၁ဘီလီယံကိုလက်လျှော့တော့မယ်ပေါ့?” မူရွှီရှင်းထပ်မေးလိုက်သည်။

တကယ်သာဆို မူရွှီရှင်း၏အမြင်တွင် မူယဲ့သည်ငတုံးတစ်ယောက်ဖြစ်သွားပေတော့မည်။

တကယ်တော့ ငွေတစ်ခုတည်းနဲ့ သွေးဆောင်ဖျားယောင်းလို့မရသည့် လူပေါင်းများစွာရှိနေတုန်းပင်။

“ခင်ဗျား ကျွန်တော့်ကို ဆွဲခေါ်ဖို့ကြိုးစားနေတာ မိန်းကလေးကုသိသွားရင် မူမိသားစုကို ဆန့်ကျင်လာမှာ မစိုးရိမ်ဘူးလား?”

“ဒါ…” မူရွှီရှင်း တစ်စက္ကန့်မျှ မှင်သေသွားရသည်။ သူအဲ့လောက်အထိ မတွေးခဲ့ဘဲ ကုနင်းက မူယဲ့မျက်နှာကိုထောက်ကာ သူ့ကိုကူညီပေးလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

မူယဲ့နှင့်ကုနင်း၏ ရင်းနှီးပုံအရ သူသာအကူအညီလိုလျှင် ကုနင်းက သေချာပေါက်ကူညီပေးပေလိမ့်မည်။ မူယဲ့ကလဲ ဒါကိုနားလည်ထားပေမယ့် အခုချိန်မှာ သူအကူအညီမလိုအပ်နေသေးပေ။

“ဟုတ်ပြီ၊ အချိန်ပြည့်သွားပြီ၊ ကျွန်တော်သွားတော့မယ်။” ကေ အချိန်ကိုကြည့်လိုက်ပြီးနောက် ထရပ်လိုက်သည်။

“ခဏနေဦး!” မူရွှီရှင်း ချက်ချင်းပင် လှမ်းတားလိုက်သည်။ “မူယဲ့၊ သေချာစဉ်းစားဦး၊ မင်း မူမိသားစုရဲ့ဆက်ခံသူဖြစ်နိုင်မှာနော်!”

“လူကြီးမင်းမူ၊ ဒီအကြောင်းမေ့လိုက်ပါတော့။ တကယ်လို့ ကျွန်တော် မူမိသားစုလုပ်ငန်းကို တာဝန်ယူလိုက်ရင်တောင် ကုနင်းရော ထန်မိသားစုကပါ ကျွန်တော့်ကိုကူညီကြမှာမဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် မူမိသားစုကိုဖျက်ဆီးဖို့လုပ်နေတဲ့လူကို ကျွန်တော်တောင်မှ ဟန့်တားမှာမဟုတ်ဘူး။” ကေ၏လေသံက ပြတ်သားလို့နေကာ မူမိသားစုပျက်စီးသွားမည်ကို အမြန်ဆုံးတွေ့ချင်နေသလိုပုံတောင်ပေါက်သည်။

တစ်နည်းပြောရရင် မူယဲ့သာ မူမိသားစုစီးပွားရေးကိုယူလိုက်မည်ဆိုလျှင် မူရွှီရှင်းကိုအရင် ကုန်းကောက်စရာမရှိအောင် လုပ်ပစ်မည့်ပုံပင်။

ပြောရရင် မူရွှီရှင်းသည် မူယဲ့၏ရန်သူဖြစ်ကာ ဘယ်တော့မှပြောင်းလဲသွားမည်လဲမဟုတ်ပေ။

နောက်ဆုံးတော့ မူယဲ့က မူမိသားစုဒုက္ခရောက်နေသည်ကိုမြင်ရတာ သဘောကျနေကြောင်း မူရွှီရှင်း နားလည်သွားတော့သည်။

“မူယဲ့၊ မင်း…” မူရွှီရှင်း မူယဲ့ကိုလက်ညှိုးတထိုးထိုးနှင့် ရှေ့မဆက်နိုင်ဖြစ်နေသည်။

“အမှန်ပဲ၊ မူမိသားစုဒုက္ခတွေ့နေတာကိုမြင်ရတာ အရမ်းဝမ်းသာတယ်။” ကေလဲ မူမိသားစုအပေါ် သူဘယ်လောက်မုန်းတီးကြောင်း ဖုံးကွယ်မနေတော့ပေ။ “မူရွှီရှင်း၊ ခင်ဗျား ကျွန်တော့်အမေကိုဘယ်လိုသစ္စာဖောက်သွားပြီး အမေ ဘယ်လိုဆုံးပါးသွားခဲ့ရသလဲဆိုတာ ကျွန်တော်ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ။”

“မင်း…” မူယဲ့ ဒေါသတွေပေါက်ကွဲလာတာကြောင့် မူရွှီရှင်း အနည်းငယ်ထိတ်လန့်သွားသည်။ မူရွှီရှင်း သူ့ကိုအရမ်းမုန်းတီးနေကြောင်းသိလိုက်ရ၍လဲ အလွန်အံ့ဩနေမိသည်။ သို့သော်လည်း မူယဲ့က သူ့မိသားစုကို အခုလိုဒုက္ခရောက်အောင်လုပ်သည့်လူပါလို့တော့ သူမဆက်စပ်မိသေးပေ။

မူယဲ့မှာသာ အင်တာနက်ချိတ်ထားသည့် ကွန်ပျူတာတစ်လုံးရှိနေသ၍ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်စွမ်းရှိသည်။

“ကဲပါ၊ ခင်ဗျားလဲ အမှန်တရားကိုသိသင့်တဲ့အချိန်ရောက်နေပါပြီ။ မူမိသားစု ဒုက္ခရောက်အောင်လုပ်နေတဲ့လူက တကယ်တော့ ကျွန်တော်ပဲ၊ ဒါကို ရပ်တန့်ပစ်မှာလဲမဟုတ်ဘူး။” ကေ နောက်ဆုံးတော့ ဂုဏ်ယူဝမ်းသာနေဟန်ဖြင့် ထုတ်ပြောလိုက်တော့သည်။

“ဘာ? မင်းလုပ်တာလဲ?” မူရွှီရှင်း ထိတ်လန့်သွားတော့သည်။ မူမိသားစု အခုလို ဒုက္ခပင်လယ်ဝေနေအောင်လုပ်သူက မူယဲ့ဆိုသည်အား မယုံကြည်နိုင်ဖြစ်နေသည်။

အဓိကကတော့ မူယဲ့မှာ ထိုသို့အရည်အချင်းမျိုးရှိနေ၍ အံ့ဩရခြင်းပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

သို့ပေမယ့် မူယဲ့ကတော့ မူရွှီရှင်းကိုကော သူ့အမေးကိုပါ လျစ်လျူရှုကာ ထွက်သွားပြီဖြစ်သည်။ မူရွှီရှင်းလဲ ထိတ်လန့်မှုကြောင့် အားပြတ်နေကာ မူယဲ့နောက်လိုက်မသွားနိုင်တော့ပေ။ နောက်ဆုံး သူ့ရင်ထဲ အလွန်ခံစားရခက်လာကာ သွေးတစ်ပွက်အန်ထုတ်ပြီး သတိလစ်သွားတော့သည်။

ခန်းမထဲမှ တစ်ယောက်ယောက် သူသတိလစ်သွားသည်ကို သတိထားမိပြီး ချက်ချင်းပင် လူနာတင်ယာဉ်ဖုန်းဆက်ခေါ်တော့သည်။

……..

ထိုအခြေအနေကို ကေမမြင်လိုက်သော်လည်း သူ့နောက်ဘက်မှ ဆူညံနေသံများကိုတော့ ကြားနိုင်သေးသည်။ မူရွှီရှင်း တစ်ခုခုဖြစ်သွားမှန်း သူခန့်မှန်းမိပေမယ့် သနားစာနာစိတ်တော့ လုံးဝမဝင်ဘဲ ထိုအစား ကျေနပ်ပြုံးတစ်ခုကတော့ သူ့မျက်နှာထက်ထင်ဟပ်လာသည်။

မူရွှီရှင်းနဲ့ ထိုက်တန်တဲ့ရလဒ်ပဲ ပြီးတော့ ဒီလောက်နဲ့လဲ မပြီးသေးဘူး။

……..

ကုနင်းနှင့်ချန်စန်းယိတို့ ရုံးချုပ်ကိုတစ်ပတ်,ပတ်ကြည့်ကာ ကုနင်းမပြန်ခင် စုန့်မန်နီနှင့်လဲ စကားပြောသွားခဲ့သေးသည်။

သူမရှေးဟောင်းလမ်းသို့ ထွက်လာချိန်မှာပဲ ကေလဲ စီအီးအိုရုံးခန်းသို့ ပြန်ရောက်လာခဲ့သည်။

ချန်စန်းယိမှာ ကေ မူရွှီရှင်းနှင့်ရန်ဖြစ်နေမည်စိုး၍ တစ်လျှောက်လုံးစိုးရိမ်နေခဲ့ရသည်။

“ဘယ်လိုဖြစ်သွားလဲ?” ကေရောက်လာချင်းမှာပဲ စိုးရိမ်စိတ်နှင့်မေးလိုက်သည်။

ကေက ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်ကာ၊ “သူက ငါ့ကို မူမိသားစုစီးပွားရေးလွှဲပေးဖို့ ကြံနေတာလေ၊ ဒီလိုဆို ကုနင်းနဲ့ထန်မိသားစုက မူမိသားစုကို အကျပ်အတည်းထဲက ဆွဲထုတ်နိုင်မယ်ဆိုပြီးတော့ပေါ့။”

ကေပြောရင်းဖြင့် ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ပေ။ “ရယ်စရာမကောင်းဘူးလား!”

“ဒါနဲ့ ငါလဲ သူ့မိသားကို အခုလိုဒုက္ခရောက်အောင်လုပ်တဲ့လူက ငါပါလို့ပြောလိုက်ရော သွေးအန်ပြီး မေ့လဲသွားတာပဲ။” ကေ့ကြည့်ရတာ ထိုအဖြစ်အပျက်ကြောင့် အခုထိ စိတ်လှုပ်ရှားနေသေးပုံပင်။ ချန်စန်းယိသည်လဲ ကေဝမ်းသာနေပုံကြောင့် သူပါပျော်ရွှင်မိသည်။

*** 

အခန်း ၁၀၂၃ ကျိုးပဲ့သွားသော ရီရှင်းမြေလက်ဖက်ရည်အိုး

ကုနင်း စိတ်စွမ်းအင်အာကာပြင်ထဲမှ ရှေးဟောင်းပစ္စည်းအစစ် တစ်သေတ္တာကိုထုတ်ကာ ရှေးဟောင်းလမ်းထဲသို့ဝင်ခဲ့သည်။

သူမလမ်းထဲသို့ဝင်လာရင်း ခပ်လှမ်းလှမ်းမှ ကောင်လေးတစ်ယောက်ငိုသံကိုကြားလိုက်ရသည်။ ဒါကြောင့် သူမအသံလာရာကို လှည့်ပတ်ရှာကြည့်လိုက်ချိန် ၁၂နှစ်အရွယ်ကောင်လေးတစ်ယောက်က မြေပေါ်ထိုင်ချကာ သက်လတ်ပို်ငးအရွယ်အမျိုးသားတစ်ယောက်၏ခြေထောက်ကို ဖက်ရင်းငိုနေကြောင်း တွေ့လိုက်ရသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားကလဲ ကောင်လေးလက်ထဲမှရုန်းထွက်ဖို့ကြိုးစားနေပေမည့် မရုန်းနိုင်ဖြစ်နေသည်။

“ဦးလေးကြီး သားရဲ့ရီရှင်းမြေလက်ဖက်ရည်အိုးအတွက် လျော်ကြေးပေးရမယ်!” ကောင်လေးက ကျယ်ကျယ်လောင်လောင်ငိုကြွေးရင်းပြောလိုက်သည်။

“ငါ့ကိုလွှတ်စမ်း! မင်းဘာသာ ခွဲလိုက်တာလေ၊ ငါကဘာကိစ္စလျော်ပေးရမှာတုန်း?” သက်လတ်ပိုင်းလူကြီးက ဒေါသတကြီးပြန်ပြောလာသည်။

“မဟုတ်ဘူး၊ သားခွဲတာမဟုတ်ဘူး။ ဦးလေးကြီးခွဲလိုက်တာ။ ဦးလေးကြီးခွဲတာလို့!” ကောင်လေးဘက်ကလဲ အသေအချာကိုပြန်ငြင်းနေသည်။

“ဘယ်သူမြင်လိုက်လို့လဲ? သက်သေခံပေးနိုင်တဲ့လူရှိလား? ငါ့ကိုလွှတ်စမ်း မဟုတ်ရင် မင်းအကျိုးဆက်ကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူးနော်!” သက်လတ်ပိုင်းအရွယ်အမျိုးသားက အတော်လေးဒေါသထွက်လာပုံပေါ်ကာ ကောင်လေးကို ခြိမ်းခြောက်လိုက်သည်။

သူတို့အနားတွင်တော့ ဇာတ်လမ်းတစ်ပုဒ်ကြည့်နေသလိုမျိုး လူများဝိုင်းအုံနေသည်။ ထိုသက်လတ်ပိုင်းလူက ရီရှင်းမြေလက်ဖက်ရည်အိုးကို ခွဲလိုက်တာမှန်း သူတို့သိနေတာတောင်မှ ကောင်လေးဘက်က ဘယ်သူမှမရပ်တည်ပေးကြပေ။

သက်လတ်ပိုင်းလူကလဲ သူခွဲလိုက်မိတာဖြစ်ပေမယ့် ဝန်မခံသလို လျော်ကြေးလဲမပေးပေ။ ဒါကိုကြည့်ခြင်းအားဖြင့် ထိုလူက လမ်းထဲတွင် အတော်အသင့်အာဏာရှိမှန်းသိသာနေသည်။

“မလွှတ်ဘူး၊ ရီရှင်းမြေလက်ဖက်ရည်အိုးအတွက် ဦးလေးကြီး လျော်ကိုလျော်ပေးရမယ်။ ဒါက သားအဖိုးအကြိုက်ဆုံး ရှေးဟောင်းပစ္စည်းပဲ။ ဦးလေးကြီးခွဲလိုက်တာဆိုမှတော့ လျော်ပေးရမှာပေါ့။ သားအဖိုးရဲ့အသက်ကိုကယ်ဖို့အတွက် ငွေလိုပါတယ်ဆို!”

“လွှတ်စမ်း!!” သက်လတ်ပိုင်းလူ စိတ်မရှည်တော့ဘဲ သူ့ခြေထောက်ကိုမြှောက်ကာ ကောင်လေးကိုကန်ဖို့လုပ်လိုက်ပေမည့် ဘယ်သူကမှဝင်မတားကြပေ။

ထိုအခိုက်မှာပဲ နောက်ထပ်ခြေထောက်တစ်ဖက်က သူတို့ကြားထဲဝင်လာကာ ထိုလူ၏ခြေထောက်ကိုဟန့်တားလိုက်သည်။ သက်လတ်ပိုင်းလူမှာ ကျောက်တုံးတစ်တုံးကိုကန်လိုက်မိသလို နာကျင်သွားရပြီး အကျယ်ကြီးအော်ဟစ်တော့သည်။

လူတိုင်းလဲ ထိုအခြေအနေကြောင့် အံ့ဩသွားရသည်။

သက်လတ်ပိုင်းလူ အလွန်ဒေါသထွက်သွားကာ ကုနင်းကိုလှည့်ကြည့်လိုက်ပေမယ့် ကုနင်းသည် လှပသည့်မိန်းမငယ်လေးဖြစ်မှန်းသိသွားကာ မျက်လုံးအရောင်များလက်လာတော့သည်။

“မိန်းမလှလေးပါလား!” ကုနင်းကို ရိသဲ့သဲ့စကားစလိုက်သည်။

ကုနင်းပြုံးလိုက်ပြီး ညင်ညင်သာသာပဲမေးလိုက်သည်။ “ရှင် ရီရှင်းမြေလက်ဖက်ရည်အိုးကိုခွဲခဲ့တာလား?”

ကုနင်းက သူမအလှနှင့်ထိုလူကို ထောင်ချောက်ဆင်လိုက်ခြင်းပင်။

“ဟုတ်တယ်။” သက်လတ်ပိုင်းလူမှာ ရုတ်တရက် ပြောထွက်မိသွားကာ အနားရှိလူတွေကလဲ သူ့ကိုသဘောမကျသည့်အကြည့်များဖြင့် စိုက်ကြည့်လာကြတော့သည်။ ထိုတော့မှ သက်လတ်ပိုင်းလူလဲ သူမပြောသင့်တာပြောလိုက်မိပြီမှန်း အသိဝင်သွားကာ ချက်ချင်းပင် သူ့စကားကိုပြောင်းပြောတော့သည်။ “မဟုတ်ပါဘူး။ ငါမခွဲဘူး။ အဲ့ကောင်လေး သူ့ဘာသာခွဲပစ်တာ။”

“သားမဟုတ်ဘူး။ ဦးလေးကြီးလုပ်တာ!” မြေပေါ်မှာထိုင်နေစဲကောင်လေးက ဒေါသတကြီး ပြန်ပြောလာသည်။

“ကောင်လေး၊ မတ်တပ်ရပ်လိုက်၊ ငါမင်းကိုကူညီပေးမယ်။” ကုနင်း ကောင်လေးကိုပြောလိုက်သည်။

ကုနင်းကသာ သူ့ဘက်မှာရပ်တည်ပေးဖို့သတ္တိရှိသည့် ပထမဆုံးလူဖြစ်တာကြောင့် ကောင်လေးလဲသူမကိုယုံကြည်သွားကာ မတ်တပ်ပြန်ရပ်လိုက်သည်။

ထို့နောက် ကုနင်းက သက်လတ်ပိုင်းလူကြီးဘက်လှည့်ကာ အေးစက်စက်မျက်နှာထားဖြင့်၊ “ရှင်မလုပ်ခဲ့ဘူးပေါ့? ဒါပေမယ့် ရှင်ကိုယ်တိုင် လုပ်ခဲ့ပါတယ်လို့ပြောတာကို အားလုံးလဲ ကြားကြလောက်မယ်ထင်တယ်။”

ကောင်လေးက အမှန်အတိုင်းပြောနေတာဖြစ်ပြီး သက်လတ်ပိုင်းလူကြီးကသာ ရီရှင်းမြေလက်ဖက်ရည်အိုးကိုခွဲခဲ့သူဖြစ်ပေမယ့် ထိုလူကို ဘယ်သူကမှ အနှောင့်အယှက်မပေးရဲကြခြင်းဖြစ်မှန်း ကုနင်းနားလည်သည်။

ကြည့်ရတာ ဒီလူက လမ်းထဲကဘယ်သူမှသွားမရှုပ်ရဲလောက်အောင် အာဏာရှိလောက်မှန်း သေချာသလောက်ပင်။

ရီရှင်းမြေလက်ဖက်ရည်အိုးကသာ အတုဆိုပါက ကိစ္စကြီးတစ်ခုမဟုတ်သော်လည်း ဒါက အစစ်ဖြစ်နေသလို ကောင်လေးရဲ့အဖိုးအသက်ကိုကယ်တင်ဖို့အတွက် ငွေဖော်ရန်လဲဖြစ်နေသေးသည်! ဒါကြောင့်ပဲ ကုနင်း ဝင်ကူညီပေးသင့်သည်ဟု ခံစားမိတာပင်။

အနားရှိလူတွေကလဲ သက်လတ်ပိုင်းလူကြီး၏အမှားမှန်း သိနေကြတာကြောင့် နောက်ဆုံးရလဒ်ကိုသာ ဆက်စောင့်ကြည့်နေကြသည်။

“အဲ့တော့ဘာဖြစ်လဲ? ဒါ အတုကြီးပဲကို ဘာမှတန်ဖိုးမရှိဘူး။” သက်လတ်ပိုင်းလူကြီး၏ပုံစံက အတော်လေးမောက်မာလှသည်။

“မဟုတ်ဘူး။ ဒါအတုမဟုတ်ဘူး!” ကောင်လေးက ငြင်းသည်။

ဒီရီရှင်းမြေလက်ဖက်ရည်အိုးက သူ့အဖိုးရဲ့အကြိုက်ဆုံးပစ္စည်းဖြစ်ကာ သူ့အဖိုးက ဒါကို ယွမ်သိန်းကျော်တန်ဖိုးရှိသည်ဟု ပြောပြဖူးသည်။

“မင်းလို လက်တောက်လောက်လေးက ရှေးဟောင်းပစ္စည်းတွေအကြောင်းဘယ်လိုလုပ်သိမှာလဲ။ ဒါအတုကြီးပဲ!”

တကယ်တော့ ထိုရီရှင်းမြေလက်ဖက်ရည်အိုးက အတုမဟုတ်ကြောင်း ထိုလူလဲသိတာကြောင့် သူခွဲခဲ့ခြင်းမဟုတ်ဟု အကြောက်အကန်ငြင်းနေတာဖြစ်သည်။ တကယ်တမ်း သူက ထိုလက်ဖက်ရည်အိုးကို ဝယ်ချင်တာဖြစ်သော်လည်း မတော်တဆခွဲမိသွားတာပင်။ သူခွဲတာမဟုတ်ဟု သေချာပေါက်ငြင်းမှ မဟုတ်ရင် ကောင်လေးကို ငွေတွေအများကြီး ပြန်လျော်ပေးနေရပေမည်။

သူ့မှာပြန်လျော်ဖို့ငွေမရှိတာမဟုတ်သော်လည်း ဒီလက်ဖက်ရည်အိုးက အပိုင်းပိုင်းအစစကွဲသွားပြီးဖြစ်သည်။ သူသာ ဒီအတွက်လျော်လိုက်ရပါက အလကားသက်သက်ငွေဖြုန်းသလိုသာဖြစ်နေမည်။

“အစစ်ဟုတ်မဟုတ် သိချင်ရင် ကျွမ်းကျင်သူဆီသွားမေးလို့ရတာပဲ။” ကုနင်း ဝင်ပြောလိုက်သည်။

အလွယ်လေးပဲမဟုတ်ဘူးလား။

“ရတယ်လေ။” သက်လတ်ပိုင်းလူက အေးအေးဆေးဆေးပင် သဘောတူလိုက်သည်။ “ငါအခုပဲ ဖုန်းဆက်လိုက်မယ်။”

ပြောရင်းဖြင့် သူ့ဖုန်းကိုထုတ်ကာ တစ်ယောက်ယောက်ကို ဖုန်းဆက်ဖို့ပြင်သည်။

သူ့မှာ အကူအညီတောင်းစရာတစ်ယောက်ယောက်ရှိနေတာကြောင့်သာ ကုနင်းကိုသဘောတူလိုက်ခြင်းဖြစ်သော်လည်း ကုနင်းကလဲ တုံးအနေသူမဟုတ်နေပေ။

“ခဏနေဦး။” ကုနင်း ချက်ချင်းတားလိုက်သည်။ “ရှင်လှမ်းခေါ်မယ့်လူကို ကျွန်မမယုံဘူး။ ကျွန်မတို့နှစ်ယောက်လုံး ကျွမ်းကျင်သူခေါ်ကြရင်ကော?”

သက်လတ်ပိုင်းလူကြီးမှာ ကြောင်အသွားရသည်။ ကုနင်းသာ ရှေးဟောင်းကျွမ်းကျင်ပညာရှင်တစ်ယောက်ကို သတိနေရင် သူ့အလိမ်အညာတွေ ပေါ်ထွက်ကုန်တော့မှာပေါ့။

ထိုသို့တွေးမိသည်နှင့် သက်လတ်ပိုင်းလူ ထိတ်လန့်သွားတော့သည်။ “မင်း ဘယ်ကျွမ်းကျင်ပညာရှင်ကို ခေါ်မှာလဲ?” ကုနင်းကိုမေးလိုက်သည်။ ကုနင်း ဤနယ်ပယ်ထဲက အထူးပုဂ္ဂိုလ်တစ်ယောက်ယောက်ကိုများ ခေါ်မလားဆိုတာ သူသိချင်နေမိသည်။

“အွန်… ပိုယုံကြည်ရတဲ့ ရှေးဟောင်းအဖွဲ့အစည်းက အဖွဲ့ဝင်တစ်ယောက်ကို ကျွန်မခေါ်လိုက်မယ်လေ၊ မကောင်းဘူးလား?”

ကုနင်း၏စကားကြောင့် သက်လတ်ပိုင်းလူကြီး နောင်တရလာမိတော့သည်။

***

အခန်း ၁၀၂၄ လျော်ကြေးပေးခြင်း

“ရှေးဟောင်းအဖွဲ့အစည်းက ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်ကိုလဲ မင်းသိတာပဲလား?” သက်လတ်ပိုင်းလူကြီးက အတည်ပြုချင်ဟန်ဖြင့် ကုနင်းကိုထပ်မေးလိုက်သည်။

“ဟုတ်တယ်လေ။” တကယ်တော့ ထိုလူကြီးသာ ပြဿနာမရှာဘဲ လျော်ကြေးကို လိုလိုလားလားပေးလာလျှင် ကုနင်းလဲ အလုပ်ရှုပ်ခံကာ ကျွမ်းကျင်သူကိုခေါ်နေမည်မဟုတ်ပေ။

သက်လတ်ပိုင်းလူကြီး တွန့်ဆုတ်နေပုံကြောင့် အားလုံးလဲ သူ့မူမမှန်ပုံကိုသတိထားမိသွားကာ ရီရှင်းမြေလက်ဖက်ရည်အိုးက အစစ်လို့စတင်ယုံကြည်လာကြသည်။

“ဒီလက်ဖက်ရည်အိုးက အစစ်ဖြစ်ပြီး ဒီလူက သူခွဲခဲ့တာကို ငြင်းနေတာဆိုရင် ကောင်လေးနဲ့သူအဖိုးကမှ နစ်နာသူတွေပေါ့။”

“ဟုတ်တယ်၊ ဒီလူ တော်တော်ဆိုးတာပဲ။”

“ဟေ့ တိုးတိုးပြော။ သူက ကျွီရှန့်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ရဲ့ ယောက်ဖ။ သူ့ကိုသွားရှုပ်လို့မရဘူး!”

“ဘာ? ကျွီရှန့်ဆိုင်ပိုင်ရှင်က သူ့ယောက်ဖလား? ဒီလောက် မောက်မာနေတာ မအံ့တော့ပါဘူး!”

“ဒီကောင်မလေးသာ ရှေးဟောင်းအဖွဲ့အစည်းက တစ်ယောက်ယောက်ကိုသိနေရင်တော့ ကျွီရှန့်ဆိုင်ဆိုရင်တောင် ငြင်းနိုင်တော့မှာမဟုတ်ဘူး။”

“ဒီသနားစရာကလေးကို ကောင်မလေး တကယ်ကယ်တင်လိုက်နိုင်ဖို့ပဲ မျှော်လင့်တော့တယ်။”

“…..”

ကျွီရှန့်ဆိုင်အကြောင်း ကုနင်းကြားဖူးထားကာ ထိုဆိုင်က သူမ၏ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုတော့ ဘယ်လိုမှမယှဉ်နိုင်ပေ။

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာက ရှေးဟောင်းအဖွဲ့အစည်း၏ခေါင်းဆောင်ဟောင်းဖြစ်သော ကျန်းကျုံးယွီနောက်ခံရှိတာကြောင့် ဘယ်သူကမှ ရှန်းယွင်ကိုပြဿနာရှာရဲမည်မဟုတ်ပေ။

တကယ်လို့လိုအပ်လာလျှင် ကုနင်း ကျန်းကျုံးယွီ၏အကူအညီကို တောင်းခံမည်ဖြစ်သည်။

သက်လတ်ပိုင်းလူကြီးမှာ ဆုံးဖြတ်ဖို့တုံ့ဆိုင်းနေသည်။

“ဆာရ်၊ ဘာလို့တုံ့ဆိုင်းနေတာလဲ? မြန်မြန်လေး ဖုန်းဆက်လိုက်လေ။ ကျွန်မတို့တွေ စောင့်နေတယ်။” ကုနင်း လောလိုက်သည်။

“မင်း…” သက်လတ်ပိုင်းလူကြီး စိုးရိမ်ပူပန်လာကာ ရုတ်တရက်ဆိုသလို ကောင်လေးကို ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်ပြီး၊ “မင်းကိစ္စမဟုတ်ဘူး!”

ထို့နောက် သူ့ကို ဘေးလူတွေမတားရဲမှန်း သေချာနေတာကြောင့် ထွက်ပြေးဖို့ကြိုးစားတော့တယ်။ သို့သော်လည်း သူတစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကုနင်းက သူ့ကိုခြေထိုးခံကာ လဲကျသွားစေသည်။

မြေပေါ်သို့လဲကျသွားသည်က အတော်လေးကျယ်လှသလို ထိုလူ၏အော်သံက ပိုလို့တောင် နားစူးစရာကောင်းလှသည်။

သူ့အော်သံကြီးကြောင့် လူအများစုမှထိတ်လန့်သွားကြကာ တချို့ကတော့ ကျိတ်ရယ်နေကြသည်။

သက်လတ်ပိုင်းလူကြီးမှာ လူကြားထဲ အရှက်ကွဲရတာကြောင့် ကုနင်းကိုကြည့်ကာ ဒေါသများထွက်လာပြီး၊ “မင်းကများ!!”

“ဘာဖြစ်လဲ?”

“မင်း…” သက်လတ်ပိုင်းလူကြီး ဘာမှဆက်မပြောနိုင်ဖြစ်နေသည်။

“လျော်ကြေးပေးရင်ပေး မဟုတ်ရင် ရဲခေါ်လိုက်တော့မယ်။” ကုနင်း နောက်ဆုံး စိတ်မရှည်နိုင်တော့ပေ။

“ငါက ကျွီရှန့်ဆိုင်ပိုင်ရှင်ရဲ့ယောက်ဖပဲ။ သူ.. သူ မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး!” ထိုလူက ကျွီရှန့်ဆိုင်နာမည်ကိုသုံးကာ ကုနင်းကိုခြိမ်းခြောက်လိုက်သည်။

“ရှင့်မှာ ဦးဏှောက်မရှိဘူးလား? ကျွန်မသာ ကျွီရှန့်ဆိုင်ကို ကြောက်နေရင် ရှင်နဲ့ကျွီရှန့်ဆိုင်ရဲ့ ဆက်နွယ်မှုအကြောင်း သိပြီးတာတောင် ရှင်ထွက်ပြေးတာကို တားမတဲ့လား။”

ကုနင်း၏စကားကြောင့် သူမ၏နောက်ခံနှင့်ပတ်သတ်ပြီး လူများသိချင်လာကြသည်။ သူမက ကျွီရှန့်ကိုတောင် မကြောက်ဘူးဆိုမှတော့ သူမမိသားစုက ပိုတောင်အင်အားကြီးတဲ့ထဲပါပေလိမ့်မည်။

“မင်း…”

“မင်း ဘယ်သူလဲ?”

“ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင် ကုနင်း။”

ရှေးဟောင်းလမ်းသို့လာရောက်လည်ပတ်လေ့ရှိသည့် လူအများစုသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်အကြောင်း ကြားဖူးကြသည်။ ထိုဆိုင်ရဲ့ဘော့စ်က ကုနင်းလို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ကြောင်း သူတို့သိကြပေမယ့် သူမကိုအပြင်မှာမြင်ဖူးတဲ့သူကတော့ သိပ်မများပေ။ ဒါကြောင့် အခုတော့ အားလုံး ကုနင်းကိုထိတ်လန့်တကြားဝိုင်းကြည့်နေကြတော့သည်။

ဘာပြောလိုက်တာ? သူက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ဘော့စ် ကုနင်းလား?

သူတို့ရှိနေသည့်ရှေးဟောင်းလမ်းကနေက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ဆိုတာ သိပ်မဝေးတာကြောင့် သူမညာနေသည်ဟုတော့ ဘယ်သူမှမထင်ကြပေ။

“သူက ရှန်းယွင်ရဲ့ဘော့စ်ပေါ့?”

“အရမ်းလှတာပဲ၊ ငယ်လဲငယ်သေးတယ်!”

“သူသာ ရှန်းယွင်ရဲ့ဘော့စ်ဆို ဒီလူတော့ သွားပြီပဲ။”

“မှန်တယ်၊ မှန်တယ်။ ငါကြားဖူးတာတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာ သခင်ကြီးကျန်းနဲ့ သခင်ကြီးရှုတို့ နောက်ခံရှိတယ်တဲ့!”

“ဟ-ဟ၊ ဒီလူတော့ တကယ်သွားပြီ။”

“သူလျော်ရတော့မယ်။”

“……”

အားလုံးက သူ့အကြောင်းပြောနေကြတာကြောင့် ထိုလူ လုံးဝသတိလွတ်နေတော့သည်။

“ကျွန်မ နောက်ဆုံးတစ်ခေါက်မေးမယ်။ ရှင်လျော်မှာလား၊ ရဲကိုဖုန်းဆက်လိုက်ရမလား?” ကုနင်းထပ်မေးလိုက်သည်။

“ငါ-ငါ လျော်ပေးပါ့မယ်။” နောက်ဆုံး ထိုလူလဲ အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်ရသည်။

“ကောင်းတယ်၊ ဒါဆို ရှင်ဘယ်လောက်လျော်သင့်လဲ သိရအောင် ရာဖြတ်စင်တာကို သွားကြတာပေါ့။”

“ကောင်းပါပြီ။” သူ့မှ ရွေးချယ်စရာမရှိတော့တာကြောင့် ခန္ဓာကိုယ်မှ နာကျင်မှုကို တောင့်ခံကာ မတတ်တပ်ထရပ်လိုက်သည်။

“လာ၊ ရာဖြတ်စင်တာကို သွားကြရအောင်။” ကုနင်း ကောင်လေးကိုပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်!” ကောင်လေးလဲ ရီရှင်းမြေလက်ဖက်ရည်အိုးအကွဲများကို အိတ်တစ်အိတ်ထဲထည့်ကာ ကုနင်းနောက်မှလိုက်သွားသည်။

သက်လတ်ပိုင်းလူကြီးသည်လဲ ကုနင်းတို့နောက်မှနေပြီး ရာဖြတ်စင်တာသို့လိုက်သွားရသည်။

အစောပိုင်းက ခပ်ပြင်းပြင်းလဲကျထားတာကြောင့် သူဖြည်းဖြည်းချင်းသာလျှောက်နိုင်သော်လည်း ကုနင်းက လောမနေတော့ပေ။

“သားကို ကူညီပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါစေ။” ကောင်လေးက လမ်းလျှောက်နေရင်း ကုနင်းကိုထပ်ပြောလိုက်သည်။

“ရပါတယ်။” ကုနင်းပြုံးလိုက်သည်။ ကောင်လေးနှင့်ဆိုလျှင်တော့ သူမ၏ပုံစံမှာ အလွန်ကြင်နာတတ်နေသလိုပင်။

သူတို့လျှောက်လာရင်း ရှန်းယွင်ဆိုင်နားသို့ရောက်လာကာ တံခါးနားတွင် ဟိုကြည့်ဒီကြည့်လုပ်နေသည့် ချန်တရုန်ကို လှမ်းမြင်လိုက်ရသည်။

“ဟိုင်း၊ ဘော့စ်!” ကုနင်းကိုမြင်သည်နှင့် ချန်တရုန် ချက်ချင်းပင်လှမ်းနှုတ်ဆက်လိုက်လေသည်။

***

အခန်း ၁၀၂၅ သခင်ကြီးလင် မနာလိုဖြစ်ခြင်း

ကုနင်း ရှေးဟောင်းလမ်းသို့ ဝင်မလာခင်ကတည်းက သူမရှေးဟောင်းပစ္စည်းအစစ်တချို့ ယူလာမည်ဖြစ်ကြောင်း ချန်တရုန်ကိုပြောထားတာဖြစ်၍ သူမကိုမြင်ရချိန်တွင် ချန်တရုန် မအံ့ဩသွားခြင်းဖြစ်သည်။ ထိုအစား သူမကိုတွေ့သည်နှင့် သူ့အကြည့်က ရှေးဟောင်းပစ္စည်းသေတ္တာဆီရောက်သွားသည်။ သို့သော်လည်း သေတ္တာထဲတွင် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများစွာရှိနေတာကြောင့် ချက်ချင်းတော့ မယူလိုက်ပေ။ သူသာ တစ်ခုခုကို မတော်တဆခွဲမိသွားရုံ ဆုံးရှုံးမှုကြီးလှသည်။

“ဟိုင်း၊ ဦးလေးချန်၊ ဒီသေတ္တာလေးအရင်ယူထားပါဦး။ ကျွန်မ လုပ်စရာလေးရှိသေးလို့။” ကုနင်း သေတ္တာကိုကောင်တာပေါ်တင်လိုက်သည်။

“ရတာပေါ့။”

“ဒါ နည်းနည်းတော့လေးတယ်နော်၊ တခြားတစ်ယောက်ကိုပါခေါ်ပြီးမှ အထဲကိုသွားလိုက်ပါ။”

“ကောင်းပါပြီ။” ချန်တရုန်ပြန်ဖြေလိုက်သည်။

ထို့နောက် ကုနင်းလဲ ကောင်လေးနှင့်သက်လတ်ပိုင်းလူကိုခေါ်ကာ ပြန်ထွက်သွားသည်။

ထိုသက်လတ်ပိုင်းလူကို ချန်တရုန်မြင်လိုက်ကတည်းက မှတ်မိနေပေမယ့် ဘာမေးခွန်းမှမေးမလာပေ။

ကုနင်းထွက်သွားသည်နှင့် ချန်တရုန် ဝန်ထမ်းတစ်ယောက်ကိုခေါ်ကာ သေတ္တာကို အတွင်းခန်းထဲရွှေ့ဖို့လုပ်သည်။

သေတ္တာကို တကယ်ပဲ အရမ်းကိုလေးကာ တစ်ယောက်တည်းသယ်ဖို့ခက်ခဲလှသည်။

“မန်နေဂျာချန်၊ ကျွန်တော်တို့ဘော့စ်က တော်တော်သန်မာတာပဲ!” ဝန်ထမ်းလေးမှာ မနေနိုင်ဘဲ ထုတ်ပြောမိတော့သည်။

“ဟုတ်တယ်။” ချန်တရုန်လဲ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

သေတ္တာကိုအခန်းထဲထည့်ပြီးသည်နှင့် ဝန်ထမ်းကထွက်သွားကာ ချန်တရုန်ကတော့ ရှေးဟောင်းပစ္စည်းများကို စစ်ဆေးဖို့ရန် နေခဲ့သည်။ သေတ္တာကိုဖွင့်ကြည့်လိုက်ချိန်မှာတော့ ချန်တရုန် အလွန်အံ့ဩမိသွားလေသည်။

ဒါနဲ့ တစ်စက္ကန့်တောင် အချိန်ဆွဲမနေတော့ဘဲ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော ရှေးဟောင်းပစ္စည်းစုဆောင်းသူများနှင့် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်လိုက်သည်။ ထိုလူတွေအားလုံးက ရှန်းယွင်တွင် ရှေးဟောင်းပစ္စည်းအစစ် အသစ်ရောက်သည်နှင့် သူတို့ကိုချက်ချင်းလှမ်းအကြောင်းကြားရန် ကြိုပြောထားသူများဖြစ်သည်။

ကျန်းကျုံးယွီသည်လဲ ချန်တရုန်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပေသည်။

ချန်တရုန် သူ့ကိုဖုန်းဆက်လာချိန်တွင် သူက လင်အိမ်တော်တွင် သခင်ကြီးရှု၊ သခင်ကြီးလင်တို့နှင့်အတူ စစ်တုရင်ကစားနေတာဖြစ်သည်။

“ဘာ? ကောင်မလေးကု အခုမြို့တော်ကိုရောက်နေတာလား?”

သတင်းကောင်းကိုကြားလိုက်သည်နှင့် ကျန်းကျုံးယွီ စိတ်လှုပ်ရှားသွားကာ သခင်ကြီးလင်နှင့်သခင်ကြီးရှုတို့လဲ အံ့ဩသွားကြသည်။

“ကောင်မလေးကု ရောက်နေတာလား?” သခင်ကြီးလင် ပျော်ရွှင်မှုဖြင့်မေးလိုက်သည်။ သူ့မြေးချွေးမလောင်းလေးကို အရမ်းတွေ့ချင်လှပေပြီ။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ဘော့စ် ဒီကိုရောက်နေပါတယ်။” ချန်တရုန်က ဖုန်းထဲကနေ ကျန်းကျုံးယွီကို ပြန်ဖြေလိုက်သည်။

“သူအခုဘယ်မှာလဲ?” ကျန်းကျုံးယွီ ထပ်မေးလိုက်သည်။

“အမ်.. အခုတော့ အရင်လုပ်စရာလေးရှိလို့ဆိုပြီးထွက်သွားတယ်၊ ခဏနေတော့ ပြန်ရောက်မှာပါ။”

“ကောင်းတယ်၊ ငါ့ကိုစောင့်နေဖို့ သူ့ကိုပြောထားလိုက်ဦး။ ငါအခုပဲထွက်လာပြီ!”

“ဟုတ်ကဲ့၊ ကျွန်တော် ဘော့စ်ကိုပြောလိုက်ပါ့မယ်။”

ဖုန်းချပြီးသည်နှင့် ကျန်းကျုံးယွီ ချက်ချင်းထရပ်လိုက်ကာ၊ “ကောင်မလေးကုကိုတွေ့ဖို့ ရှေးဟောင်းလမ်းကို သွားကြရအောင်!”

“ငါတို့က ငါ့မြေးချွေးမလောင်းလေးကိုသွားတွေ့မှာလဲ? မင်းတို့ကဘာကိစ္စ ဒီလောက်စိတ်လှုပ်ရှားနေကြတာတုန်း?” သခင်ကြီးလင်ပြောလိုက်သည်။ တကယ်တော့ သူ့မြေးချွေးမလေး မြို့တော်သို့ရောက်နေသည့်အကြောင်းကို တခြားတစ်ယောက်ဆီကကြားရ၍ သခင်ကြီးလင် အနည်းငယ်မပျော်မရွှင်ဖြစ်နေတာဖြစ်သည်။ ကုနင်းက သူ့မြေးချွေးမလောင်းဖြစ်မှတော့ သူ့ကိုအရင် ဖုန်းဆက်သင့်တာမဟုတ်ဘူးလား။

ဒါတွေအားလုံး ကုနင်း မြို့တော်တက္ကသိုလ်မှာကျောင်းလာမတက်ခင် သူနဲ့မတွေ့ပေးဘူးဆိုသည့် လင်ရှောင်းထင်ကိုသာ အပြစ်တင်ရတော့မည်။ ဒါကြောင့် သူကိုယ်တိုင်ပဲ ကုနင်းကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ဟ-ဟ၊ လောင်လင်၊ မင်း ငါ့ကိုမနာလိုဖြစ်နေတာလဲ? ဒါများ မင်းက ရှောင်းထင်ရဲ့အဖိုးပါဆိုပြီး ကောင်မလေးကုကိုပြောလိုက်ပါတော့လား? ဒါဆို သူမြို့တော်ကိုလာတဲ့အခါ မင်းဆီဖုန်းဆက်ရအောင် ဖုန်းနံပါတ်လေးဘာလေးလဲလို့ရသွားတာပေါ့။” ကျန်းကျုံးယွီပြောလိုက်သည်။ သခင်ကြီးလင်၏သူငယ်ချင်းတစ်ယောက်အနေနှင့် သူ့သူငယ်ချင်းကြီးမပျော်မရွှင်ဖြစ်နေတာကို ကျန်းကျုံးယွီ မမြင်လိုပေ။

“ငါပြီးရင် မိတ်ဆက်လိုက်မယ်!” သခင်ကြီးလင် လုံးဝစိတ်ပိုင်းဖြတ်လိုက်ကာ အားလုံး ရှေးဟောင်းလမ်းသို့ ထွက်လာကြတော့သည်။

………

တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာတော့ ကုနင်းသည် ရာဖြတ်စင်တာသို့ရောက်သွားပြီဖြစ်သည်။

ရီရှင်းမြေလက်ဖက်ရည်အိုးသည် အစစ်အမှန်ဖြစ်သည်က ငြင်းမရနိုင်သည့်အမှန်တရားဖြစ်သလို အရည်အသွေးကလဲ မြင့်နေသေးတာကြောင့် ယွမ်ငါးသိန်းလောက်တန်နေသည်။ ဒါကြောင့် သက်လတ်ပိုင်းလူကြီးက လျော်ကြေးယွမ်၅သိန်းပေးခဲ့ရသည်။

သို့သော်လည်း ကောင်လေးမှာက အိုင်ဒီကဒ်ရော ဘဏ်ကဒ်ပါမရှိတာကြောင့် ချက်လက်မှတ်ပဲရ၍ သိပ်မလုံခြုံပေ။

သူတို့လာတဲ့လမ်းမှာကတည်းက ကောင်လေး၏မိဘတွေက သူငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကာ သူက သူ့အဖိုးနဲ့သာကြီးခဲ့ရခြင်းမှန်း ကုနင်းသိထားပြီးဖြစ်သည်။

ဒါကြောင့် ကုနင်းလဲ ကောင်လေးကိုစောင့်ရှောက်ပေးနေဖို့အချိန်မရှိ၍ ရဲကိုသာအကူအညီလှမ်းတောင်းလိုက်ရတော့သည်။ ရဲတွေရောက်သည်နှင့် ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ကာ သူမက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ကြောင်းလဲ ပြောလိုက်သည်။

ရှေးဟောင်းလမ်းမှ ရဲတွေက ကုနင်း၏နာမည်ကိုကြားဖူးထားကြတာကြောင့် သူတို့သေချာဖြေရှင်းပေးပါမည်ဟု ကတိပေးလာကြသည်။

ထို့နောက် ကုနင်း ကောင်လေး၏အဖိုးကို ကုသပေးဖို့အတွက် စွမ်းအင်သလင်းကျောက်များပါသည့် ဆေးတစ်ပုလင်းကို ထုတ်ကာ ရဲလက်ထဲအပ်လိုက်သည်။

ကောင်လေး၏အဖိုး ဘာရောဂါဖြစ်နေလဲ ကုနင်းမသိပေမယ့် စွမ်းအင်သလင်းကျောက်နှင့်သာဆို အထောက်အကူဖြစ်မည်မှန်း ကုနင်းယုံကြည်ချက်ရှိသည်။

ဒါ့အပြင် ယွမ်၅သိန်းကလဲ ကောင်လေး၏အဖိုး နေပြန်ကောင်းရန်ကုသဖို့ လုံလောက်နေသေးသည်။

***

All Chapters