အခန်း (၁၀၂၆-၁၀၃၀)
Vol. 69 Ch. 1026-1030
အခန်း ၁၀၂၆ ငါ့မြေးချွေးမလောင်းလေး
ကောင်လေးကို ရဲနှစ်ယောက်လက်ထဲအပ်ပြီးသည်နှင့် ကုနင်း ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်လာခဲ့တော့သည်။ သက်လတ်ပိုင်းလူကြီးကတော့ ယွမ်၅သိန်းပေးလိုက်ရ၍ စိတ်အခြေအနေတော်တော်လေးဆိုးနေသည်။
သူ့မှာ ယွမ်သန်းဒါဇင်ကျော်ကြွယ်ဝမှုရှိသော်လည်း ယွမ်၅သိန်းဆိုတာက သူ့အတွက်များပြားလှသည့်ပမာဏဖြစ်နေတုန်းပင်။ အထူးသဖြင့် ယွမ်၅သိန်းကို တန်ဖိုးမရှိသည့် အိုးကွဲတစ်ခုအတွက် ပေးလိုက်ရတာပင်!
ဘာပဲဖြစ်ဖြစ် ရီရှင်းမြေလက်ဖက်ရည်အိုးကွဲသွားရတာက သူ့အမှားပင်။ တကယ်တော့ ရီရှင်းမြေလက်ဖက်ရည်အိုးကိုဝယ်ပေးဖို့ရန် သူ့ယောက်ဖကပြောခဲ့တာဖြစ်သည်။
ကျွီရှန့်ဆိုင်ပိုင်ရှင်သည် ရီရှင်းမြေလက်ဖက်ရည်အိုးက အစစ်ဖြစ်ကြောင်း တွေ့ခဲ့ကာ ဝယ်ယူလိုသော်လည်း သူ့ထက်အရင် သူနှင့်အတူပါလာသည့် ရှေးဟောင်းပစ္စည်းစုဆောင်းသူက ရီရှင်းမြေလက်ဖက်ရည်အိုးကိုတွေ့သွားခဲ့သည်။ စုဆောင်းသူကလဲ လက်ဖက်ရည်အိုးကိုဝယ်ချင်နေပေမယ့် အစစ်ဟုတ်မဟုတ် မသေချာဖြစ်နေသည်။ ဒါ့အပြင် ကောင်လေးက ယွမ်၂သိန်းနဲ့ရောင်းနေခြင်းဖြစ်၍ ဈေးကလဲများတာကြောင့် စုဆောင်းသူက ဝယ်ဖို့မဝယ်ဖို့ မဆုံးဖြတ်နိုင်ဖြစ်နေခဲ့သည်။
စုဆောင်းသူလက်လျှော့လိုက်သည်နှင့် ကျွီရှန့်ဆိုင်ပိုင်ရှင်က ဝယ်လိုက်ဖို့စိတ်ကူးထားသော်လည်း စုဆောင်းသူ တုံ့ဆိုင်းနေရုံသာဖြစ်ပြီး ဝယ်ချင်စိတ်ရှိနေသေးကြောင်း တွေ့ရတာကြောင့် သူလဲ တစ်ဖက်လှည့်နှင့် လက်ဖက်ရည်အိုးက အတုဆိုပြီး စုဆောင်းသူယုံကြည်သွားအောင် လုပ်တော့သည်။ သူကိုယ်တိုင်က လက်ဖက်ရည်အိုးကိုအတုပါလို့ စုဆောင်းသူအားပြောထားတာကြောင့် သူလဲမဝယ်နိုင်တော့ပေ။ ထိုစုဆောင်းသူသည် အာဏာအတန်အသင့်ရှိသူဖြစ်တာကြောင့် သူ့ကိုစိတ်တိုအောင်လုပ်လို့လဲမဖြစ်ပေ။
ဒါကြောင့် သူဆိုင်ပြန်ရောက်ချိန် ယောက်ဖဖြစ်သူကိုတွေ့လိုက်ရသည်နှင့် သူ့အတွက် ရီရှင်းမြေလက်ဖက်ရည်အိုးကို ဝယ်ပေးဖို့ရန်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သူ့ယောက်ဖက မတော်တဆ အိုးကိုခွဲလိုက်မိသလို ယွမ်၅သိန်းတောင်လျော်လိုက်ရသေးသည်။ သူသာဆိုလျှင် ယွမ်၂သိန်းနဲ့တောင် အကောင်းအတိုင်းဝယ်နိုင်ခဲ့မှာကို!
သက်လတ်ပိုင်းလူကြီး ကျွီရှန့်ဆိုင်သို့ပြန်ရောက်သည်နှင့် ဖြစ်ပျက်သမျှအလုံးစုံကို ဆိုင်ပိုင်ရှင်သူ့ယောက်ဖအားပြောပြလိုက်သည်။
အကြောင်းအရာများကိုကြားပြီးနောက် သူ့ယောက်ဖဒေါသထွက်သွားကာ သူ့ကိုပြစ်တင်ကြိမ်းမောင်းတော့သည်။ သို့သော်လည်း အားလုံးက ဖြစ်ပြီးသွားပြီဖြစ်ကာ သက်လတ်ပိုင်းလူကြီး၏အမှားလဲဖြစ်တာကြောင့် သူ့ယောက်ဖလဲ အခြေအနေကိုလက်ခံလိုက်ရသည်။ ဒါ့အပြင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ကိုလဲ သူပြဿနာသွားမရှာရဲပေ။
ကျွီရှန့်ဆိုင်ပိုင်ရှင်က သူလဲတာဝန်ယူပေးသင့်မှန်းနားလည်တာကြောင့် သူ့ယောက်ဖနှင့်အတူ လျော်ကြေးကိုမျှဝေခံပေးသည်။ သို့သော်လည်း သူကတော့ ယွမ်၂သိန်းသာပေးလိုက်ပြီး ကျန်ဆုံးရှုံးခဲ့ရသည့် ယွမ်၃သိန်းကိုတော့ သူ့ယောက်ဖကိုသာပေးစေသည်။
သက်လတ်ပိုင်းလူကြီးကတော့ ထိုဆုံးဖြတ်ချက်ကို ဘယ်လိုမှလက်မခံနိုင်ပေ။ ကွဲသွားပြီးဖြစ်သည့် လက်ဖက်ရည်အိုးအတွက် သူ့ယောက်ဖထက် သူကပိုပြီးလျော်ပေးသင့်သည်ဟု မထင်ချေ။
အဆုံးမှာတော့ ကျွီရှန့်ဆိုင်ပိုင်ရှင်ကပဲ နောက်ထပ်ယွမ်၅သောင်းထပ်ပေးလိုက်ကာ နှစ်ယောက်သား လျော်ကြေးကိုတစ်ယောက်တစ်ဝက်အညီအမျှခွဲခဲ့ကြသည်။
သက်လတ်ပိုင်းလူကြီးလဲ သူဒီထက်ပိုပြီးအထွန့်မတက်နိုင်တော့တာကြောင့် လက်ခံလိုက်ရပေမယ့် သူတို့နှစ်ယောက်၏ရင်းနှီးမှုကတော့ ဒီကနေ့မှာပဲ ဆုံးခန်းတိုင်သွားပေပြီ။
……..
ကုနင်း ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ရောက်ချိန်တွင် သခင်ကြီးလင်တို့ကတော့ မရောက်သေးပေ။ ချန်တရုန်က ကျုံးကျန်းယွီ သူ့ကိုဖုန်းထဲမှာပြောခဲ့သည့်စကားများကို သူမအားပြန်ပြောခဲ့သည်။ “ဘော့စ်၊ သခင်ကြီးကျန်းက ခဏနေလာခဲ့မှာမို့ သူ့ကိုစောင့်ပေးဖို့ပြောထားတယ်။ ဘော့စ်နဲ့ပြောစရာရှိလို့ဆိုပဲ။”
ကျန်းကျုံးယွီလာမယ်ဆိုကတည်းက တစ်ယောက်တည်းလာမှာမဟုတ်ကြောင်း သိနေ၍ ကုနင်းအနည်းငယ်စိတ်လှုပ်ရှားသွားသည်။ ဒါဆို သခင်ကြီးလင်လဲပါလာလောက်မှာပေါ့။ သူမစိတ်လှုပ်ရှားနေရင်တောင်မှ သူတို့ကိုစောင့်ခိုင်းထားပြီး ထွက်သွားဖို့မဖြစ်နိုင်ပေ။
မိနစ်၂၀ကြာပြီးနောက်မှာတော့ သခင်ကြီးလင်တို့ရောက်ရှိလာခဲ့သည်။
သခင်ကြီးသုံးယောက်ရောက်လာသည်နှင့် ကုနင်းချက်ချင်းထွက်ကာ ကြိုဆိုလိုက်သည်။
“ဟိုင်း၊ အဖိုးလင်၊ အဖိုးကျန်း၊ အဖိုးရှု အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်!” ကုနင်း ပြုံးကာနှုတ်ဆက်လိုက်သည်။ သူတို့က သူစိမ်းတွေလဲမဟုတ်ကြတော့တာကြောင့် ကုနင်းအနေနှင့် သူတို့ကို သခင်ကြီးဟုခေါ်နေဖို့မလိုတော့ပေ။
“ငါ့မြေးချွေးမလောင်းလေး မင်းကို တွေ့ရတာအရမ်းဝမ်းသာတယ်!” သခင်ကြီးလင်က ကုနင်းကိုမြင်သည်နှင့် ချက်ချင်းပင် မြေးချွေးမလောင်းလေးဟု တန်းခေါ်လိုက်တော့သည်။
သခင်ကြီးလင် သူမကိုခေါ်ဆိုသည့်ပုံကြောင့် ကုနင်းရှက်သွေးဖြာလို့သွားသည်။ လင်ရှောင်းထင်က သူမ၏စစ်မှန်သောလက်တွဲဖော်ဖြစ်မည်မှန်း ယုံကြည်ပြီးဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် လက်တော့မထပ်ရသေးဘူးမဟုတ်လား။
တကယ်တော့ သခင်ကြီးလင် ထိုသို့ခေါ်ဝေါ်လိုက်တာက သူမကိုအသိအမှတ်ပြုကြောင်း ဖော်ပြသည့်ပုံစံဖြစ်သည်။
“လောင်လင်၊ မင်းအဲ့လိုခေါ်ဖို့ အရမ်းစောနေသေးတယ်နော်။” သခင်ကြီးရှုက ဝင်ပြောလိုက်သည်။
“စောစရာလား။ ငါ့မြေးချွေးမလေးကရော ဘယ်လိုထင်လဲ?” သခင်ကြီးလင်က ကုနင်းကိုသဘောထားကို ပြန်လှည့်မေးလိုက်သည်။
“အဆင်ပြေပါတယ်။” ကုနင်း ချက်ချင်းလက်ခံလိုက်သည်။ ဘယ်လိုခေါ်ခေါ် ကိစ္စမရှိတာကြောင့် သခင်ကြီးလင်ကိုအတိုက်အခံလုပ်နေစရမလိုပေ။
“တွေ့လား? ငါ့မြေးချွေးမလောင်းလေးကတောင် အဆင်ပြေတယ်တဲ့။”
ကုနင်း အရင်က သခင်ကြီးလင်နှင့်တွေ့ခဲ့စဉ်တွင် သခင်ကြီးလင်နှင့်စကားပြောရသည့်အတွက် အနည်းငယ်စိတ်ဖိစီးခဲ့ရသည်။ သခင်ကြီးလင်သည် မြို့တော်တွင်တော့ အကြွယ်ဝဆုံးနှင့်အာဏာအရှိဆုံးမိသားစုကြီး၏အကြီးအကဲဖြစ်တာကြောင့် သူ့အရှိန်အဝါက အလိုလိုနေရင်း လူတွေကိုဖိအားပေးနိုင်စွမ်းရှိသည်။ သို့သော်လည်း အခုတော့ သူက ဘေးအိမ်က အဖိုးတစ်ယောက်လို အရမ်းကြင်နာကာ သဘောကောင်းသည့်ပုံပေါက်နေပေသည်။
သခင်ကြီးလင်၏ ပြောင်းလဲမှုကြောင့် ကုနင်းပင်အံ့အားသင့်ရသည်။
“လာပါဦး၊ ငါ့မြေးချွေးမလေးကို အနီးကပ်ကြည့်,ကြည့်ရအောင်။” သခင်ကြီးလင်က ကုနင်းကို လက်ယက်ခေါ်လိုက်တာကြောင့် ကုနင်း ချက်ချင်းပင် အနားကပ်သွားပေးလိုက်သည်။ ထို့နောက် သခင်ကြီးလင်က သူမလက်ကိုကိုင်ကာ ချီးမွမ်းပြောဆိုနေတော့သည်။ “ငါ့မြေးရဲ့ချစ်သူကိုကြည့်စမ်း! ဘယ်လောက်တောင် လှပြီး ဉာဏ်ထက်လိုက်သလဲ!”
***
အခန်း ၁၀၂၇ ကျွန်မကသာ ကံကောင်းသူပါ
သခင်ကြီးလင်က လင်ရှောင်းထင်ကိုနှိမ့်ချလိုက်ခြင်းမဟုတ်ဘဲ ကုနင်းက တကယ်ကို ရှာမှရှားသည့်မိန်းကလေးမျိုးဖြစ်တာကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ အဓိကကတော့ လင်ရှောင်းထင်က သူမကိုအမှန်တကယ်ချစ်မြတ်နိုးနေခြင်းပင်။ ဒါကြောင့် သခင်ကြီးလင်၏အမြင်တွင် ချစ်ရသည့်မိန်းကလေးက သူ့ကိုပြန်ချစ်ပေးတာက လင်ရှောင်းထင်အတွက်ကံကောင်းမှုပဲဟု ထင်နေခြင်းဖြစ်သည်။
“အဖိုးလင်၊ တကယ်တော့ ရှောင်းထင်နဲ့တွေ့ဆုံခွင့်ရတာကသာ ကျွန်မအတွက် ကံကောင်းမှုပါ။” ကုနင်းပြုံးကာပြန်ပြောလိုက်သည်။
လင်ရှောင်းထင်သည်လဲ ကိုယ့်တွဲဖက်အပေါ်သစ္စာရှိသော ရှာမှရှားသည့် ငယ်ရွယ်ချမ်းသာသောလူငယ်တစ်ယောက်ဖြစ်သည်။
“ဟ-ဟ၊ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ!” သခင်ကြီးလင် စစ်မှန်သည့်ပျော်ရွှင်ခြင်းများဖြင့် ရယ်မောမိသည်။ သူ့မြေးလေးက လက်ကျန်ဘဝသက်တမ်းတစ်လျှောက် အတူကုန်ဆုံးပေးမည့် မိန်းမကောင်းလေးတစ်ယောက်ရှာတွေ့သွားသည့်အတွက် အမှန်ကိုကျေနပ်မိပေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပဲ သခင်ကြီးလင်၏အကြည့်က အနည်းငယ်စိုးရိမ်သည့်ဘက်သို့ပြောင်းသွားကာ၊ “အမ်.. ကောင်မလေးကု၊ အခုချိန် လက်ထပ်ဖို့က မင်းအရမ်းငယ်နေသေးမှန်း ငါနားလည်ပါတယ်၊ ဒီတော့ အရင်ဆုံးရှောင်းထင်နဲ့စေ့စပ်ထားလိုက်ပါလား?”
အနာဂါတ်မှာ အပြောင်းအလဲတွေဖြစ်သွားမည်စိုးတာကြောင့် ကုနင်းကို လင်မိသားစုဝင်တစ်ယောက်အဖြစ် မြန်မြန်လေးအသိအမှတ်ပြုလိုက်ချင်နေသည်။
လင်ရှောင်းထင်ကတော့ သူတို့တစ်နေ့မှာလက်ထပ်ကြမယ်လို့ပြေထားပေမယ့် သူကတော့ စိုးရိမ်မိတုန်းပင်။ အနာဂါတ်အကြောင်း ကြိုပြောလို့ရတာမှမဟုတ်ဘဲ။
ကုနင်း အံ့ဩသွားရသည်။
“လောင်လင်၊ ကောင်မလေးကုကို မခြောက်နဲ့လေ။ မင်း သူနဲ့အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးတာကို!” သခင်ကြီးရှုမနေနိုင်ဘဲ ဝင်တားရတော့သည်။
သခင်ကြီးလင်လဲပြုံးလိုက်ကာ၊ “ဟုတ်ပါပြီ၊ ဒီအကြောင်း ထားလိုက်ပါတော့။ ကောင်မလေးကို စိတ်မခုဘူးမလား။ မင်းကို ငါဖိအားမပေးပါဘူး။”
“ရပါတယ်၊ အဖိုးလင်၊ ဒါပေမယ့် ဒီအကြောင်း ကျွန်မမိဘတွေနဲ့အဖိုးကို အရင်ပြောဖို့လိုသေးတယ်။” တကယ်တော့ သူတို့လက်မထပ်ဖြစ်သေးခင် အရင်စေ့စပ်ထားသည်က အတော်လေးကောင်းကြောင်း ထန်ဟိုင်ဖုန်းလဲ ထင်မိသည်။ ဒါက အင်အားကြီးမိသားစုကြီးနှစ်စု မဟာမိတ်တွေဖြစ်သွားဖို့အခွင့်ကောင်းပဲမဟုတ်လား။
လင်ရှောင်းထင်နှင့်ကုနင်းသည်လဲ သူတို့အချစ်ကိုယုံကြည်ကြကာ တစ်နေ့နေ့တော့ တရားဝင်လက်ထပ်ဖြစ်မည်မှန်းလဲ သိနေသည်။
“ကိစ္စမရှိဘူး၊ ငါ သွားလိုက်မယ်၊ မင်းရဲ့….” သခင်ကြီးလင်ပြောရင်း ရုတ်တရက်ရပ်သွားသည်။ “မင်းမိဘတွေနဲ့အဖိုးလို့ပြောလိုက်တာလား?”
ရှောင်းထင်ပြောတော့ သူက အမေတစ်ယောက်တည်းနဲ့ကြီးပြင်းလာရတာဆို? ဘယ်လိုလုပ် မိဘတွေနဲ့အဖိုးရှိသွားတာလဲ? ပထွေးရသွားတာလား?
ကုနင်းသည် ထန်ဟိုင်ဖုန်း၏မြေးအရင်းဖြစ်ကြောင်း သခင်ကြီးလင်ကို လင်ရှောင်းထင်မပြောပြထားတာကြောင့် ကုနင်း၏မိသားစုနောက်ခံအကြောင်း သခင်ကြီးလင်မသိသေးပေ။
“အမ်… ကျွန်မအဖိုးကို အဖိုးလင်ကြားဖူးလောက်မှာပါ။ ထန်ဟိုင်ဖုန်းလို့ခေါ်ပါတယ်၊ ကျွန်မအဖေကတော့ ထန်ယွင်ဖန်းပါ။”
“ဘာ? ထန်ဟိုင်ဖုန်းက မင်းအဖိုးလား?”
သခင်ကြီးလင်တင်မကဘဲ သခင်ကြီးရှုနှင့် ကျန်းကျုံးယွီလဲ အံ့ဩသွားရသည်။
“မင်းပြောတာ Bမြို့ထန်မိသားစုရဲ့ခေါင်းဆောင် ထန်ဟိုင်ဖုန်းလား?” သခင်ကြီးရှု မယုံနိုင်စွာပြန်မေးလိုက်သည်။
သို့သော်လည်း ကုနင်းက အမေက ထန်မိသားစုထဲလက်ထပ်ဝင်သွားသည်ဟုသာ တွေးမိပြီး သူတို့ကြားမှ ဆက်နွယ်မှုအစစ်အမှန်ကိုတော့ မသိပေ။
“ဟုတ်ပါတယ်၊ Bမြို့က ထန်မိသားစုပါ။”
“ဒါဆို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထန်ယွင်ဖန်းလက်ထပ်လိုက်တဲ့အမျိုးသမီးက မင်းအမေပေါ့?” သခင်ကြီးလင် ပြန်မေးလိုက်သည်။
သခင်ကြီးလင်သည် ထန်ဟိုင်ဖုန်းနှင့်အရမ်းမရင်းနှီးသော်လည်း မင်္ဂလာပွဲတက်ရောက်ဖို့တော့ အဖိတ်ခံရသေးသည်။ ကံမကောင်းစွာဘဲ သူက ခရီးဝေးထွက်ဖို့ရာ အသက်ကြီးလွန်းနေပြီဖြစ်တာကြောင့် လင်ရှောင်းထင်ကိုသာ သူ့အစားတက်ရောက်ပေးဖို့ပြောခဲ့သည်။
သို့ပေမယ့် လင်ရှောင်းထင်ကတော့ ကုနင်းနှင့်ထန်မိသားစုကြားမှ ဆက်နွယ်မှုကို သခင်ကြီးလင်အား ကွယ်ဝှက်ထားခဲ့သည်။
ထန်မိသားစုသည် လူသိများသည့် အလွန်ချမ်းသာသောမိသားစုကြီးတစ်ခုဖြစ်တာကြောင့် သူတို့သတင်းတွေက သိပ်မကြာလိုက်ဘဲ ပြန့်သွားသည်သာ။
အတော်များများကတော့ ထန်ယွင်ဖန်းလက်ထပ်သွားခဲ့ပြီး သတို့သမီးက သူလွန်ခဲ့သည့်၁၉နှစ်ကတည်းက ချစ်မြတ်နိုးခဲ့ရသူဖြစ်ကြောင်း သိကြသည်။ သူတို့မှာ သမီးတစ်ယောက်ရှိသော်လည်း ထိုမိန်းကလေးက ကုနင်းမှန်း သိကြသူကတော့ သိပ်မများပေ။
ကုနင်းကိုယ်တိုင် ပြောလာမှတော့ သူက ထန်မိသားစုဝင်ဖြစ်ကြောင်း သခင်ကြီးများနားလည်သွားကြတော့သည်။
“ဘာလို့စောစောကတည်းက မပြောတာလဲ? ဒီလိုဆို မင်္ဂလာပွဲကို ငါသေချာပေါက် တက်ပေးသင့်တာကို!” ကုနင်း၏မိဘများ မင်္ဂလာပွဲကို ပျက်ကွက်ခဲ့မိသည့်အတွက် သခင်ကြီးလင်မျက်နှာပူလာရသည်။ သူသာ ကုနင်းက ထန်ဟိုင်ဖုန်း၏မြေးအရင်းမှန်း နည်းနည်းလောက်စောပြီးသိရပါက မင်္ဂလာပွဲကို မဖြစ်မနေတက်ရောက်ပေးမှာဖြစ်သည်။
ဒီလိုသာဆို ကုနင်းနှင့်လင်ရှောင်းထင်တို့ကို စေ့စပ်ပေးဖို့အကြောင်း ထန်ဟိုင်ဖုန်းကို ကိုယ်တိုင်ပြောနိုင်ပေလိမ့်မည်။
ထိုအကြောင်းတွေးမိလေ လင်ရှောင်းထင်ကိုသာ အပြစ်တင်မိလေပင်။ “ဒီလိုကိစ္စကို ရှောင်းထင် ဘာလို့များလျှို့ဝှက်ထားရတာလဲ? ငါက သူ့အတွက် အရေးတောင်မပါတော့ဘူးလား။”
တကယ်တော့ ကုနင်းက သိုသိုသိပ်သိပ်သာနေလိုတာကြောင့် လင်ရှောင်းထင်က မပြောပြခဲ့တာဖြစ်သည်။ ဒါ့အပြင် ကုနင်းက ထန်မိသားစုဝင်ဖြစ်ကြောင်း ပေါ်သွားလျှင်တောင် သူမ၏စီးပွားရေးအင်ပါယာကို သူမကိုယ်ပိုင်အင်အားဖြင့်တည်ထောင်ထားခြင်းမှာ အမှန်တရားပင်ဖြစ်နေသေးကာ ဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။
ကုနင်း၏ဉာဏ်ရည်ထက်မြက်မှု၊ လှပမှုနှင့် သိမ်မွေ့မှုတို့ကြောင့် လင်ရှောင်းထင် သူမကို လေးစားမြတ်နိုးခြင်းဖြစ်ကာ သူမ၏မိသားစုနောက်ခံကြောင့်မဟုတ်ပေ။
“ဟုတ်ပါပြီ၊ ဒါတွေ နောက်မှပြောလဲရတယ်။ အရင်ဆုံး ရှေးဟောင်းပစ္စည်းတွေ ကြည့်ကြရအောင်!” ကျုံးကျန်းယွီ စိတ်မရှည်နိုင်တော့ဘဲ စကားစကိုဖြတ်ရတော့သည်။
“အိုး၊ ဟုတ်သားပဲ၊ အထဲဝင်ကြပါ!” ကုနင်း ပြောလိုက်ကာ၊ “ကျွန်မတို့ ညနေစာအတူစားကြရင်မကောင်းဘူးလား? ကျွန်မဧည့်ခံပါရစေ။”
“ကောင်းတာပေါ့!” ကုနင်းက သူတို့ကိုဖိတ်မလာရင်တောင် သူတို့ဘက်က ဖိတ်ဖို့စိတ်ကူးထားကြပြီးသားဖြစ်သည်။
ထို့နောက် ကုနင်း သူတို့ကို အတွင်းခန်းထဲသို့ခေါ်သွားလိုက်သည်။
ရှေးဟောင်းပစ္စည်းများကိုတွေ့ချိန်မှာတော့ အားလုံးမအံ့ဩမိဘဲမနေကြပေ။
***
အခန်း ၁၀၂၈ သခင်ကြီးရှု ဝမ်းနည်းသွားတယ်
“ကောင်မလေးကု၊ မင်းဒါတွေအားလုံး မတော်တဆရှာတွေ့ခဲ့တာလား?” သခင်ကြီးလင် မေးသာမေးလိုက်တာ သူ့စကားကို သူတောင်မယုံကြည်ပေ။
ရှေးဟောင်းပစ္စည်းအစစ်တစ်ခုရဖို့ကတောင် အလွန်ခက်ခဲလှပေမယ့် ကုနင်းကတော့ အချိန်တိုလေးအတွင်း အများကြီးရှာတွေ့ခဲ့တာက တကယ်ကိုမယုံနိုင်စရာကောင်းလှသည်။ ဒါကြောင့် ထိုရှေးဟောင်းပစ္စည်းအစစ်များ၏မူရင်းဇစ်မြစ်ကို သခင်ကြီးလင် မသင်္ကာဖြစ်လာတော့သည်။
သူမသင်္ကာဖြစ်တယ်ဆိုရင်တောင် အဆိုးဘက်ကတွေးနေတာမဟုတ်ပေ။ ကုနင်း ဒါတွေကို တစ်နေရာရာကနေခိုးလာတာ လုလာတာမဟုတ်သ၍ အဆင်ပြေသည်။
သို့သော်လည်း ထိုထဲမှပစ္စည်းတချို့ကို ကုနင်းခိုးလာခဲ့တာဖြစ်နေသည်။
ကျန်းကျုံးယွီနှင့်သခင်ကြီးရှုတို့လဲ ကုနင်းကိုသံသယဖြင့်ကြည့်လာကြသည်။ သူတို့လဲ သခင်ကြီးလင်နှင့် အတွေးတူကြပေမယ့် ဘယ်သူမှထုတ်မပြောကြပေ။
သူမ ရှေးဟောင်းပစ္စည်းအစစ်တွေအားလုံးကို မတော်တဆကံကောင်းလို့တွေ့လာခြင်းဟု သူတို့ယုံကြည်ဖို့မလွဘယ်မှန်း ကုနင်းလဲ နားလည်သည်။
“အမ်၊ တချို့ကတော့ မတော်တဆရှာတွေ့ခဲ့တာ၊ တချို့ကိုတွေ့ သင်္ချိုင်းဖောက်ထွင်းသူတွေဆီကနေ ဝယ်လာတာပါ။ ကျွန်မ မကြာသေးခင်က HKကိုသွားတုန်းက အဲ့က တောင်တစ်လုံးမှာ လှိုဏ်ဂူကြီးတစ်ခုတွေ့ခဲ့တယ်။ အဲ့ဒီနေရာက ပင်လယ်ဓါးပြတွေရဲ့စခန်းဖြစ်ခဲ့ပုံပဲ၊ တန်ဖိုးကြီးပစ္စည်းတွေအများကြီး လှိုဏ်ဂူထဲမှကျန်နေခဲ့တာနဲ့ ကျွန်မလဲ ယူလာလိုက်တာ။”
ကုနင်း၏စကားကြောင့် သခင်ကြီးများ ခေါင်းညိတ်လိုက်ကြသည်။
“မင်း HKကိုရှောင်းထင်နဲ့အတူသွားတာလား?” သခင်ကြီးလင် ထပ်မေးလာသည်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လင်ရှောင်းထင် HKကိုသွားတာ သူမှတ်မိနေပါသေးတယ်။ ဒါပေမယ့် လင်ရှောင်းထင်က HKမှာတာဝန်တစ်ခုထမ်းဆောင်ဖို့သွားခြင်းဖြစ်တာကြောင့် ကုနင်းနှင့်အတူရှိနေလိမ့်မည်ဟု မထင်ပေ။
“ဟုတ်ပါတယ်၊ ကျွန်မ HKမှာလုပ်စရာလေးရှိလို့သွားတာ၊ ရှောင်းထင်က ကျွန်မကိုကာကွယ်ပေးဖို့ဆိုပြီး လိုက်ခဲ့ပေးတယ်လေ။”
ထိုစကားကြောင့် သခင်ကြီးလင် မှင်သက်သွားရသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သိပ်မကြာခင်တုန်းက HKမှာ ထန်အိုက်နင်းလို့ခေါ်တဲ့အမျိုးသမီးက ဟဲဟုန်ယွမ်နဲ့ လောင်းကစားပြိုင်ပွဲလုပ်ခဲ့တယ်ဆိုတဲ့ သတင်း ငါဖတ်ရတယ်။ ရှောင်းထင်ကလဲ အဲ့ဒီအမျိုးသမီးကိုကာကွယ်ပေးဖို့သွားတာလို့ ငါ့ကိုပြောခဲ့တာလေ!”
ပြောရင်းနဲ့မှပဲ လင်ရှောင်းထင် သူ့ကိုညာထားမှန်း သခင်ကြီးလင် သိသွားတော့သည်။
ကုနင်းမှာ အတော်လေးရှက်သွားပေသည်။ သခင်ကြီးလင်က ထိုသတင်းကိုဖတ်ထားပြီး လင်ရှောင်းထင်ကသူ့ကိုလိမ်ပြောထားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။
“အမ်… တကယ်တော့ ထန်အိုက်နင်းဆိုတာ ကျွန်မသူငယ်ချင်းပါ၊ သူနဲ့ဟဲမိသားစုကြားက ကိစ္စက တော်တော်လေးအန္တရာယ်များလို့ ကျွန်မက သူ့ကိုသွားကာကွယ်ပေးတာ။ ရှောင်းထင်ကလဲ ကျွန်မလုံခြုံရေးကို စိတ်မချတာနဲ့ သူပါ HKကိုလိုက်လာခဲ့တာ။” ကုနင်းကပါ နှစ်ထပ်ကွမ်းညာလိုက်ရသည်။
သခင်ကြီးလင်ကတော့ ခေါင်းတညိတ်ညိတ်နဲ့ သူမရှင်းပြချက်ကို ယုံကြည်သွားခဲ့သည်။
ထို့နောက်မှာတော့ ကျန်းကျုံးယွီနှင့်သခင်ကြီးရှုတို့က ရှေးဟောင်းပစ္စည်းအစစ်အပုံကြီးအပေါ် အပြည့်အဝအာရုံစိုက် ကြည့်ရှုနေခဲ့ကာ သခင်ကြီးလင်ကတော့ ပန်းချီတွေကိုပိုစိတ်ဝင်စား၍ ရှေးဟောင်းပစ္စည်းဘက်အာရုံမရောက်ဘဲ ကုနင်းနှင့်သာစကားပြောရင်း အချိန်ဖြုန်းနေခဲ့သည်။
ကုနင်း သူမကိုယ်သူမ လင်ရှောင်းထင်၏ချစ်သူပါလို့ တရားဝင်မိတ်ဆက်ပြီးမှတော့ သခင်ကြီးလင်ကို ပထမအကြိမ်တွေ့ဆုံခြင်းအတွက် လက်ဆောင်ပေးသင့်ပေသည်။ ဒါကြောင့် သူမခွင့်တောင်းလိုက်ကာ အပြင်ထွက်သွားပြီး မကြာခင်မှာပဲ ပန်းချီလိပ်တစ်လိပ်ကိုင်ကာ ပြန်ဝင်လာခဲ့သည်။
“ဒါဘာများလဲ?” ကုနင်းလက်ထဲက ပစ္စည်းက သေချာပေါက် အရည်အသွေးမြင့်ပန်းချီကားတစ်ချပ်ဖြစ်လောက်မှန်း သခင်ကြီးလင်သိနေ၍ မျက်လုံးအရောင်များလက်လာခဲ့သည်။
ကျန်းကျုံးယွီနှင့်သခင်ကြီးရှုတို့လဲ စိတ်ဝင်စားသွားကြသည်။
“အဖိုးလင်အတွက် လက်ဆောင်ပါ၊ အဖိုးကြိုက်မယ်လို့မျှော်လင့်ပါတယ်။” ကုနင်းပြောရင်း ပန်းချီကားကို သခင်ကြီးလင်ထံပေးလိုက်သည်။
“ဒါပေါ့၊ ကြိုက်တာပေါ့!” ဒါ သူ့မြေးချွေးမလောင်းလေးက ပေးလာတဲ့လက်ဆောင်ပဲလေ!
သခင်ကြီးလင် ပန်းချီကားကိုယူလိုက်ကာ အလိပ်ကိုဖြည်လိုက်သည်။ အထဲမှပန်းချီကားကိုမြင်သည်နှင့် သခင်ကြီးလင်အတော်လေးအံ့ဩမိသွားပေသည်။
“ဒါ-ဒါက ထန်ယင်ရဲ့ရေဖြင့်ဖွဲ့တည်သောနှင်းဆီ မဟုတ်လား?” သခင်ကြီးလင် သူ့မျက်လုံးများကိုတောင် မယုံနိုင်တော့ပေ။
“ထန်ယင်ရဲ့ရေဖြင့်ဖွဲ့တည်သောနှင်းဆီ?” သခင်ကြီးရှုနှင့်ကျန်းကျုံးယွီတို့လဲ အလွန်အံ့ဩသွားကြသည်။
“ဒါအစစ်လား?” သခင်ကြီးရှုမေးလိုက်သည်။ သူ ကုနင်းကိုသံသယဝင်တာမဟုတ်ဘဲ ဈေးကွက်ထဲမှာ အတုတွေအများကြီးပေါ်နေတာကြောင့် သခင်ကြီးလင်ကို စိတ်မပျက်သွားစေလိုခြင်းသာဖြစ်သည်။
သခင်ကြီးလင်လဲ ထိုတော့မှ ပန်းချီကို စေ့စေ့စပ်စပ်လေ့လာသုံးသပ်တော့သည်။
ရှေးဟောင်းပစ္စည်းတစ်ခု အစစ်ဟုတ်မဟုတ်သေချာအောင် သေချာပေါက်ရာဖြတ်ပေးဖို့လိုတာကြောင့် ကုနင်းစိတ်ထဲမထားပေ။
သေချာစစ်ဆေးပြီးနောက်မှာတော့ ထိုပန်းချီကအစစ်ဖြစ်ကြောင်း သခင်ကြီးလင် သေချာသွားတော့သည်။
“ဒါအစစ်ပဲ!”
“ငါ့မြေးချွေးမလောင်းလေး၊ ဒီလိုလက်ဆောင်မျိုးပေးတဲ့အတွက် အရမ်းကျေးဇူးတင်တာပဲ!” သခင်ကြီးလင် အလွန်ပျော်ရွှင်နေကာ ကုနင်းကိုချီးကျူးနေတော့သည်။
“အမ်… ငါတော့ မင်းကိုနည်းနည်းတောင်မနာလိုဖြစ်လာပြီ။ ငါ့မြေးလဲ ဘယ်တော့များမှ ကောင်မလေးကုလို ချစ်သူကောင်းတစ်ယောက်ခေါ်လာမလဲနော်?” သခင်ကြီးရှုလဲ သခင်ကြီးလင်လို ပျော်ရွှင်ချင်လာမိသည်။
“လောင်ရှု၊ စိုးရိမ်မနေနဲ့။ မကြာခင်ဖြစ်လာမှာပါ။” သခင်ကြီးလင် သခင်ကြီးရှုကို နှစ်သိမ့်ပေးနေသော်လည်း သူ့အသံထဲက ဂုဏ်ယူနေဟန်ကတော့ မပျောက်သွားပေ။
“ဒါပေါ့၊ သိပ်မကြာခင်ဖြစ်လာတော့မှာ! ကျင်းချန်ကလဲ ငယ်ရွယ်တဲ့လူကောင်းလေးပဲလေ။ သူလဲ မိန်းမကောင်းလေးတစ်ယောက် ရှာလာနိုင်မှာပါ။”
ရှုကျင်းချန်နှင့်လင်ရှောင်းထင်တို့သည် အရမ်းရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကာ မကြာကြာ တွဲသွားတွဲလာလုပ်လေ့ရှိတာကြောင့် သခင်ကြီးရှုက သူတို့နှစ်ယောက်ကို အမြဲနှိုင်းယှဉ်လေ့ရှိသည်။
လင်ရှောင်းထင်က အခုဆို ချစ်သူကောင်မလေးရသွားကာ စေ့စပ်ထားဖို့ပင်ပြင်နေပြီဖြစ်ပေမယ့် ရှုကျင်းချန်ကတော့ အခုထိစင်ဂယ်ဘဝကမကျွတ်တာကြောင့် သခင်ကြီးရှု ဝမ်းနည်းရသည်။
***
အခန်း ၁၀၂၉ လက်ဆောင်ယူသွားပါ
အမှန်တော့ ကုနင်းသည် ရှုကျင်းချန်၏ချစ်သူပိုဖြစ်သင့်သည်ဟု သခင်ကြီးရှုတွေးနေမိတာဖြစ်သည်။ သူ့အမြင်မှာတော့ လင်ရှောင်းထင်ထက်စာလျှင် ရှုကျင်းလင်က ပိုကောင်းမွန်သည့်ရွေးချယ်မှုပင်။ အဲ့လိုဆိုတိုင်း ကုနင်းနှင့်လင်ရှောင်းထင်တို့က လိုက်ဖက်မှုလုံးဝရှိမနေဘူးလို့ တွေးနောမျိုးမဟုတ်ဘဲ သူလဲ ထိုကဲ့သို့ထူးချွန်သည့်မြေးချွေးမလေးတစ်ယောက်လောက် ရချင်ရုံသာဖြစ်သည်။
ကုနင်းသာ သူ့မြေးချွေးမလောင်းလေးများဖြစ်နိုင်ရင် သူဂုဏ်ယူလို့ဆုံးနိုင်တော့မည်မဟုတ်ပေ။
အခုဆို ရှုကျင်းချန်လဲ လက်ထပ်သင့်တဲ့အရွယ်ရောက်နေပြီဖြစ်တာကြောင့် သူ့အတွက် သခင်ကြီးရှု အနည်းငယ်စိုးရိမ်လာမိပေပြီ။
“အဖိုးကျန်း၊ အဖိုးရှုတို့လဲ၊ ဒီထဲမှာကြိုက်တာတစ်ခုခုတွေ့ရင် လက်ဆောင်အဖြစ်ယူလို့ရပါတယ်။” သခင်ကြီးလင်ကို အားလုံးရှေ့မှာ ထန်ယင်ရဲ့ရေဖြင့်ဖွဲ့တည်သောနှင်းဆီကို ပေးလိုက်မှတော့ ကျန်သခင်ကြီးများကိုလဲ လက်ဆောင်ပေးသင့်သွားပေပြီ။
“အလကားမယူနိုင်ပါဘူး။ ဒါတွေက အရမ်းအဖိုးတန်တာကို။ ငါတို့ငွေချေပါ့မယ်။” ကျန်းကျုံးယွီ ချက်ချင်းငြင်းဆိုလိုက်သည်။ ကုနင်း သူတို့ကိုလက်ဆောင်ပေးချင်စိတ်ရှိရုံနဲ့ကို ကြည်နူးရပြီဖြစ်ကာ အလကားယူလိုက်ဖို့တော့ စိတ်ကူးမရှိပေ။
“ဟုတ်တယ်!” သခင်ကြီးရှုလဲ လက်ခံသည်။
“ဟုတ်သား၊ မင်းရဲ့ဆေးနဲ့ ငါ့ရောဂါကိုကုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရဦးမယ်။” ကျန်းကျုံးယွီပြောလိုက်တဲ့စကားကြောင့် ကုနင်းတဖန်ပြန်ချက်ချင်းငြင်းရပြန်သည်။
“အဖိုးကျန်းကို ဆေးပေးလိုက်တာ အဖိုးလင်ပါ ကျွန်မကိုကျေးဇူးတင်ဖို့မလိုအပ်ပါဘူး။”
“ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးကို တကယ်ကျေးဇူးတင်တယ်။”
“ကောင်းပါပြီ၊ ဒါပေမယ့် ဒီနေ့ အဖိုးတို့နှစ်ယောက်လုံးကို ကျွန်မလက်ဆောင်တစ်ခုဆီပေးပါရစေ။ အဖိုးတို့က အဖိုးလင်ရဲ့သူငယ်ချင်းဟောင်းတွေဆိုတော့ ကျွန်မကလဲ အဖိုးတို့ရဲ့မြေးမပဲပေါ့။ တန်ကြေးက အရေးမပါ,ပါဘူး။”
ကုနင်း သူတို့ကို တကယ်လက်ဆောင်ပေးချင်နေတာဖြစ်၍ လက်ခံပေးကြဖို့ မျှော်လင့်နေသည်။
“ဟ-ဟ၊ ဟ-ဟ။” ကျန်းကျုံးယွီရော သခင်ကြီးရှုပါ ကျေနပ်ပျော်ရွှင်ကာ ရယ်မောကြတော့သည်။
“ယူလိုက်ကြစမ်းပါ။ ငါ့မြေးချွေးမလေးရဲ့စေတနားကို အလကားမဖြစ်စေနဲ့။ မင်းတို့တွေ ငြင်းလို့မရဘူးနော်။” သခင်ကြီးလင်ကပါ ကုနင်းဘက်မှဝင်ကူပေးသည်။ ကုနင်းစေတနာကောင်းပြီး ရက်ရောတတ်ပုံကို သခင်ကြီးလင်လဲ သိနေပြီဖြစ်သည်။
သခင်ကြီးလင်ပါကပြောလာပြီဖြစ်တာကြောင့် သခင်ကြီးရှုနှင့်ကျန်းကျုံးယွီတို့လဲ ဝမ်းမြောက်ဝမ်းသာပဲ လက်ဆောင်ကိုလက်ခံလိုက်ကြသည်။
နှစ်ယောက်လုံး သူတို့သဘောကျသည့်ရှေးဟောင်းပစ္စည်းတစ်မျိုးကိုရွေးကာ ကုနင်းကိုထပ်ပြီး ကျေးဇူးတင်လိုက်ကြပြန်သည်။
ခဏအကြာတွင်တော့ ရှေးဟောင်းပစ္စည်းစုဆောင်းသူအချို့ရောက်လာကာ သခင်ကြီးရှုနှင့်ကျန်းကျုံးယွီတို့ကိုက သိထားကြပြီးသားဖြစ်၍ မအံ့ဩသွားကြသော်လည်း လင်ဝေ့ဟွာကတော့ အပြင်တွင်မြင်ဖူးဖို့ မလွယ်ကူလှတာကြောင့် သူ့ကိုမြင်လိုက်သည်နှင့် စိတ်လှုပ်ရှားလာကြသည်။
……..
ညနေ၄နာရီခွဲလောက်မှာတော့ ညနေစာစားဖို့ ကုနင်းတို့ထွက်လာကြသည်။
ကုနင်းက သူတို့ဘယ်နေရာမှာညနေစာစားချင်လဲဆိုတာကိုပါ မေးထားပေသည်။
သခင်ကြီးတွေက အမြင်ကောင်းပြီး အရသာဆိုးလှသည့် ဟိုတယ်စာများကို သဘောမကျကြပေ။ သူတို့က မြေအောက်စားသောက်ဆိုင်တစ်ဆိုင်က တချို့သောအမှန်တကယ်အရသာရှိသည့် ဟင်းလျာများကို ပိုသဘောကျကြသည်။
ဒါကြောင့် ကုနင်းလဲ မြို့တော်နှင့်နီးသည့်မြို့စွန်တစ်နေရာတွင် တည်ရှိသော မြေအောက်စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားလိုက်သည်။ ထိုနေရာက ရှေးဟောင်းလမ်းနှင့်ဆို ဝေးသော်လည်း သခင်ကြီးတွေရဲ့အိမ်နဲ့တော့ နီးသည်။ ဒါကြောင့် ညစာစားပြီးတာနဲ့ သူတို့တွေအိမ်ပြန်ဖို့လမ်းသင့်ပေလိမ့်မည်။
၅နာရီလောက်ဆို သူတို့မြေအောက်စားသောက်ဆိုင်သို့ရောက်မည်ဖြစ်ကာ ဟင်းလျာများပြင်ဆင်ပြီးဖို့ဆိုလျှင် နောက်ထပ်နာရီဝက်ကြာပေဦးမည်။ သူတို့ထွက်မလာကြခင်ကတည်းက စားသောက်ဆိုင်သို့ဖုန်းဆက်ကာ သီးသန့်ခန်းတစ်ခန်းကြိုတင်ငှားထားခဲ့သည်။
သခင်ကြီးလင်က ကုနင်းကို သူ့ကားနှင့်အတူလိုက်စေပြီး ကုနင်း၏ကားကိုတော့ သူ့သက်တော်စောင့်တစ်ယောက်ကို မောင်းခိုင်းလိုက်သည်။
လမ်းတစ်လျှောက် သခင်ကြီးလင်က ကုနင်းနှင့်ဆက်တိုက်စကားပြောလာကာ သူတို့အသက်အရွယ်ကွာဟချက်ကြောင့်နှင့် အဆင်မပြေတာမျိုးမဖြစ်ခဲ့ပေ။
နာရီဝက်ကြာပြီးနောက် စားသောက်ဆိုင်သို့ရောက်ရှိခဲ့သည်။ မြေအောက်စားသောက်ဆိုင်သည် အလွန်ကြီးမားသော်လည်း သီးသန့်ခန်းအနည်းငယ်သာထား,ထားတာကြောင့် လူအများစားသောက်ဖို့ နေရာကျယ်ကျယ်ရပေသည်။
သူတို့ရောက်ရှိချိန်တွင် မြေအောက်စားသောက်ဆိုင်ပိုင်ရှင်ကိုယ်တိုင် အပြင်မှာထွက်စောင့်နေသည်အား တွေ့လိုက်ရသည်။
စားသောက်ဆိုင်သူဌေးက အသက်၄၀လောက်ရှိပြီဖြစ်ကာ သူတို့ဝင်လာသည်ကိုမြင်သည်နှင့် ချက်ချင်းလာရောက်နှုတ်ဆက်ခဲ့သည်။ “သခင်ကြီးကျန်း၊ သခင်ကြီးလင်၊ သခင်ကြီးရှု ကြိုဆိုခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”
သခင်ကြီးများသည် ဤစားသောက်ဆိုင်သို့ မကြာမကြာလာလေ့ရှိသော်လည်း မြေအောက်စားသောက်ဆိုင်သူဌေးကတော့ သူတို့လာသည့်အကြိမ်တိုင်း ကိုယ်တိုင်ထွက်ကာ ကြိုဆိုလေ့ရှိသည်။
“ဒီနေ့ စီးပွားရေးကောင်းလား?” သခင်ကြီးရှုက မိတ်ဆွေဟောင်းများလို ဖော်ဖော်ရွေရွေပင် ပြန်ပြုံးပြလေသည်။
“မဆိုလှပါဘူး။” သူဌေးကလဲပြုံးလိုက်ကာ အားလုံးကိုအထဲသို့လမ်းပြပေးသည်။
သူတို့စားသောက်ဆိုင်ထဲသို့ဝင်လိုက်ချိန်မှာပဲ ရှန်းယန်ဖန့်နှင့်တွေ့လိုက်ရသည်။ (လင်ဝေ့ဟွာ၏ဇနီးဘက်မှတော်စပ်သူ)
ရှန်းယန်ဖန့်ကလဲ သူ့သူငယ်ချင်းများနှင့်အတူ ဤနေရာတွင် ညနေစာလာစားခြင်းဖြစ်သည်။
ရှန်ယန်ဖန့်ကိုမြင်လိုက်သည်နှင့် သခင်ကြီးလင်၏အပြုံးများ ပျောက်ကွယ်သွားတော့သည်။ သူ ရှန်းယန်ဖန့်ကို လျစ်လျူရှုထားလိုက်ချင်သော်လည်း ရှန်းယန်ဖန့်ကတော့ သူ့ဆီတည့်တည့်မတ်မတ်ကိုလျှောက်လာခဲ့သည်။ “ဟိုင်း၊ တွေ့ရတာဝမ်းသာလိုက်တာ!”
“ဟိုင်း။” သခင်ကြီးလင်ကတော့ ရှန်းယန်ဖန့်နှင့် ရှည်ရှည်ဝေးဝေးစကားပြန်ပြောဖို့ ရည်ရွယ်ချက်ရှိမနေပေ။
***
အခန်း ၁၀၃၀ လင်ရှောက်ကျားက ကုနင်းကိုသဘောမကျနေဘူး
ရှန်းမိသားစု၏လုပ်ရပ်ကြောင့် သခင်ကြီးလင်စိတ်ထဲနာကျင်ရကာ သူတို့နဲ့ခပ်ခွာခွာနေခဲ့ပေမယ့် ရှန်းမိသားစု၏မကောင်းမှုများကို တရားဝင်မထုတ်ဖော်ခင် သူ့ခံစားချက်အမှန်ကိုထုတ်ပြလိုက်မိ၍မဖြစ်ပေ။ “ဒီမိန်းကလေးက ဘယ်သူများလဲ?” ကုနင်းကိုမြင်လိုက်ရတာကြောင့် ရှန်းယန်ဖန့် အနည်းငယ်အံ့ဩသွားသည်။
“ဒါက ငါ့မြေးချွေးမလောင်း၊ ရှောင်းထင်ရဲ့စေ့စပ်ထားသူပဲ။”
“ဘာ? ရှောင်းထင်ရဲ့ဇနီးလောင်းလား?” ရှန်းယန်ဖန့် အမှန်ကိုအံ့ဩမိသွားသည်။
ချစ်သူကောင်မလေးကနေ ဘယ်လိုလုပ် ဒီလောက်မြန်မြန် စေ့စပ်ထားတဲ့သူဖြစ်သွားတာလဲ? ဒီကောင်မလေးက တော်တော်တော့လှတယ်။ သူ့ကို ငါ့သမီးအနိုင်ရဖို့မဖြစ်နိုင်တော့ဘူး။
“ဘာလဲ တစ်ခုခုမှားနေလို့လား?” သခင်ကြီးလင် စိတ်မကြည်တော့ပေ။
“မဟုတ်တာ၊ မဟုတ်တာ၊ ဘာမှမမှားပါဘူး။”
“ကောင်းပြီ၊ ငါတို့သွားတော့မယ်။”
သခင်ကြီးလင်ပြောလာပြီဖြစ်တာကြောင့် ရှန်းယန်ဖန့်လဲ လမ်းဖယ်ပေးလိုက်သည်။
အစမှအဆုံးထိ သခင်ကြီးလင်၏သူ့အပေါ်ဆက်ဆံပုံပြောင်းလဲသွားတာကို ရှန်းယန်ဖန့် လုံးဝသတိမထားခဲ့မိပေ။
ကျန်းကျုံးယွီနှင့်သခင်ကြီးရှုတို့ကတော့ ရှန်းမိသားစု သခင်ကြီးလင်နောက်ကွယ်တွင် ဘာတွေလုပ်ခဲ့မှန်းမသိကြသလို သခင်ကြီးလင်ကတော့ သူတို့ကိုပြောပြဖို့ရည်ရွယ်ချက်မရှိပေ။ ဘာပဲဖြစ်ဖြစ် လူသိနည်းလေပိုကောင်းလေပင်။
သူတို့သီးသန့်ခန်းထဲဝင်သွားပြီးသည်နှင့် ဟင်းလျာများမှာယူကာ စကားပြောခဲ့ကြသည်။
၇နာရီလောက်မှာတော့ ညနေစာစားသောက်ပြီးစီးသွားကာ ကိုယ့်အိမ်ကိုပြန်ချိန်ရောက်ပေပြီ။
“ကောင်မလေးကု မင်းမြို့တော်ရောက်တော့ ဘယ်မှာနေလဲ?” သခင်ကြီးလင်မေးလိုက်သည်။
“ကျွန်မ ရှောင်းထင်ရဲ့အိမ်မှာပဲနေပါတယ်။” ကုနင်း ထိုသို့ပြောရသည်က မသင့်တော်ဟုမထင်ပေ။
“ကောင်းတယ်!” သခင်ကြီးလင် စိတ်ကျေနပ်စွာပြုံးလိုက်ပြီး၊ “မင်းအခုချက်ချင်းတော့ လင်မိသားစုမှာလိုက်နေမှာမဟုတ်မှန်းသိလို့ ငါနဲ့လိုက်ခဲ့ဖို့ မခေါ်နေတော့ဘူး။ ဒါပေမယ့် ရှောင်းထင်ပြန်လာရင်တော့ လင်မိသားစုမှ ထမင်းတစ်နပ်လောက်လာစားရမယ်၊ ဟုတ်ပြီလား?”
“ဟုတ်ကဲ့ပါ၊ ရှောင်းထင်ပြန်လာတာနဲ့ ကျွန်မလာလည်ပါ့မယ်။”
“ကောင်မလေးကု၊ မင်းအားရင် ငါ့ဆီလာလည်လို့လဲရတယ်နော်! ချင်ယင်းက မင်းကိုအရမ်းတွေ့ချင်နေတာ။”
“လာခဲ့ပါ့မယ်။” ကုနင်းပြုံးလိုက်မိသည်။ သူမ မြို့တော်သို့ရောက်ကတည်းက သူမသူငယ်ချင်းများဖြစ်သည့် ရှုချင်ယင်းနှင့်အခြားသူများကို ဆက်သွယ်ဖို့တွေးထားပြီးဖြစ်သည်။ သို့သော်လည်း ဒီနေ့တော့ သူမအလုပ်ရှုပ်နေရတာကြောင့် မနက်ဖြန်မှ အတူတူစားသောက်နိုင်မှာဖြစ်သည်။
“ငါ့ဆီလာလည်ဖို့လဲ မေ့မနေနဲ့ဦး!” ကျန်းကျုံးယွီကပါ ဖိတ်လာပြန်သည်။
“ဟ-ဟ၊ မမေ့စေရပါဘူး။”
ထို့နောက် အားလုံးလမ်းခွဲလိုက်ကြသည်။
လင်ရှောင်းထင်၏ဖုန်းက လောလောဆယ်ပိတ်ထားရတာကြောင့် သခင်ကြီးလင် သူ့ဆီဖုန်းဆက်ကာ ကုနင်းနှင့်တွေ့ခဲ့ကြောင်း ကြွားလို့မရသေးပေ။
ကုနင်း လင်ရှောင်းထင်၏အိမ်သို့ ချက်ချင်းမပြန်ခဲ့ဘဲ ကျူးလုံတောင်ရှိရာသို့ထွက်ခဲ့သည်။ သရဲမနှင့်သဘောတူထားသည့်ကိစ္စကို အမြန်ဆုံးလုပ်လိုက်ဖို့လိုအပ်နေသည်။
……..
လင်မိသားစုအိမ်တော်တွင်…
လင်ရှောင်းထင်နှင့်လင်ရှောက်မင်တို့သာ မရှိနေတာဖြစ်သည်။ လင်ယွမ်ချန်နှင့်လင်ယွမ်ကျန်းတို့က သူတို့ကိုယ်ပိုင်စာကြည့်ခန်းများတွင်ရှိနေသည်။ ကျန်းရှူးယွမ်နှင့်လင်ရှောက်ကျား၊ ယွီယင်နှင့်လင်ရှောက်ရွှမ်း၊ လင်ရှောက်ရှီနှင့်သူမအမေတို့ကတော့ ဧည့်ခန်းထဲမှာပင်။
ကျန်းရှူးယွမ်နှင့်ယွီယင်တို့ဆက်ဆံရေးက မကောင်းလှသော်လည်း အဆင်ပြေပြေ ငြိမ်းငြိမ်းချမ်းချမ်းနေကြတုန်းပင်။
သို့ပေမယ့် လင်ရှောက်ရွှမ်းကတော့ လင်ရှောက်ကျားနှင့် အမြဲလိုလိုရန်ဖြစ်နေကာ အားလုံးကလဲ ကျင့်သားရနေကြပြီဖြစ်သည်။
သခင်ကြီးလင်တစ်ချိန်လုံးပျော်ရွှင်ကာ စိတ်လှုပ်ရှားနေပုံပေါ်တာကြောင့် အားလုံးသိချင်လာကြသည်။
“အဖိုး၊ ဘာဖြစ်လာတာလဲ? အရမ်းပျော်နေသလိုပဲ?” လင်ရှောက်ရွှမ်းကစမေးလိုက်သည်။
လင်ရှောင်းထင်ကလွဲ လင်ရှောက်ရွှမ်းကသာ သခင်ကြီးလင်နှင့်အနီးကပ်ဆုံးဖြစ်ပြီး ကျန်လူများကတော့ သခင်ကြီးလင်ကို ကြောက်ရွံ့ရိုသေကြသည်။
“မှန်းကြည့်လေ။” သခင်ကြီးလင်ပြုံးနေစဲပင်။
လင်ရှောက်ရွှမ်း၏အကြည့်က သခင်ကြီးလင်လက်ထဲမှပန်းချီလိပ်ရှိရာသို့ရောက်သွားပြီး၊ “ကြည့်ရတာ၊ အဖိုး နာမည်ကြီးအနုပညာရှင်ရဲ့ ပန်းချီကောင်းတစ်ခုရလာတာပဲဖြစ်ရမယ်။”
“ဟ-ဟ၊ မှန်တယ်။ ဒါ ထန်ယင်ရဲ့ရေဖြင့်ဖွဲ့တည်သောနှင်းဆီ ပန်းချီကားပဲ။ အထူးသဖြင့် ဒီပန်းချီကို ပေးလိုက်တဲ့လူက အရမ်းထူးခြားတာပဲ။”
“ဘယ်သူများလဲ?” လင်ရှောက်ရွှမ်းအလျင်စလိုမေးလိုက်သလို တခြားလူများကလဲ နားမလည်နိုင်သည့်အကြည့်များဖြင့် ကြည့်လာကြသည်။
“ရှောင်းထင်ရဲ့ချစ်သူ ငါ့မြေးချွေးမလောင်းလေးပဲ!” သခင်ကြီးလင် ပြောရင်းဖြင့် ကျေနပ်နေမှုကိုမထိန်းနိုင်စွာ ရယ်မိပြန်သည်။
ထိုစကားကြောင့် အားလုံးအံ့ဩသွားကြရသည်။
မြေးချွေးမလောင်း?
အားလုံး လင်ရှောင်းထင်၏ချစ်သူကောင်မလေးအကြောင်း သိချင်လာကြတော့သည်။
“အဖိုး ရှောင်းထင်ရဲ့ကောင်မလေးနဲ့တွေ့ခဲ့တာလား? ဘယ်လိုနေလဲ? လှလား?” လင်ရှောက်ရွှမ်း မေးခွန်းတွေတရစပ်မေးတော့သည်။ လင်ရှောင်းထင်၏ကောင်မလေးအကြောင်း သူအရမ်းသိချင်နေတာဖြစ်ပေမယ့် လင်ရှောင်းထင်က သူ့ကိုသေချာလေးတစ်ခါမှမပြောပြပေ။
“အရမ်းကိုဆွဲဆောင်မှုရှိတယ်။ သူကတော်တော်လေးငယ်ပေမယ့် အောင်မြင်မှုတွေအများကြီး ရထားပြီးနေပြီ။” သခင်ကြီးလင် သူကုနင်းကိုလက်ခံသည့်အကြောင်း လုံးဝဖုံးကွယ်မနေပေ။
“တကယ်ကြီးလား?” လင်ရှောက်ကျား မနာလိုဖြစ်လာတော့သည်။ လှပသည့်မိန်းမငယ်လေးတစ်ဦးက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေအများကြီး ရထားလိမ့်မယ်လို့ သူမ မယုံကြည်နိုင်ပေ။
တကယ်တမ်း သူမအဖိုးက ကောင်မလေးတစ်ယောက်ကို အကြောင်းမရှိဘဲချီးကျူးနေမည်မဟုတ်မှန်း လင်ရှောက်ကျားစိတ်ထဲက နားလည်ထားပြီးသားဖြစ်ကာ ဒီအတိုင်း လင်ရှောင်းထင်၏ချစ်သူကို သူမအဖိုးက အရမ်းမြင့်မြင့်တွေးလွန်းနေတာကြောင့် နေမထိထိုင်မသာခံစားနေရရုံဖြစ်သည်။ သူမ လင်ရှောင်းထင်ကိုမုန်းသလို လင်ရှောင်းထင်နှင့်ရင်းနှီးသည့်လူတိုင်းကိုလဲ မုန်းသည်။
လင်ရှောက်ကျား၏ ကုနင်းအပေါ်မုန်းတီးမှုကို သခင်ကြီးလင်ခံစားမိတာကြောင့် သဘောမကျဖြစ်သွားတော့သည်။ “ရှင်းရှင်းပဲပြောလိုက်မယ်။ ရှောင်းထင်နဲ့သူ့ကောင်မလေးတို့ မကြာခင်စေ့စပ်ကြတော့မှာ။ နောက်ရက်နည်းနည်းနေလို့ ရှောင်းထင်ပြန်လာရင် သူလဲလာလည်လိမ့်မယ်။ ကြင်ကြင်နာနာနဲ့ ယဉ်ယဉ်ကျေးကျေးဆက်ဆံကြ။ သူက သာမာန်ကောင်မလေးမျိုးမဟုတ်သလို ပျော့ညံတဲ့လူမျိုးလဲမဟုတ်ဘူး။ မင်း သူ့ကိုသွားမရှုပ်တာပိုကောင်းမယ်။”
ထိုစကားကိုပြောပြီးသည်နှင့် သခင်ကြီးလင် လှည့်ထွက်သွားတော့သည်။