← Chapters

အခန်း (၁၀၃၉-၁၀၄၄)

Vol. 70 Ch. 1039-1044

အခန်း (၁၀၃၉-၁၀၄၄)

Vol. 70 Ch. 1039-1044

အခန်း ၁၀၃၉ ထွက်ပြေးသွားကြပြီ

“ဘာဖြစ်လို့လဲ?” ကုနင်းလဲ ရပ်လိုက်ကာ အဖိုးကြီးနှင့်လူငယ်ကို စိုက်ကြည့်လိုက်သည်။ သူတို့လန့်နေကြပြီဖြစ်ကြောင်း ကုနင်းသိသော်လည်း သူမကိုတားဖို့ ဘယ်လိုအကြံတွေထုတ်လာမလဲဆိုတာကိုတော့ သိချင်မိသေးသည်။

“အလုပ်ရှုပ်အောင်လုပ်မနေပါနဲ့။ ရဲတွေဆိုတာ နေ့တိုင်းနေ့တိုင်း အရမ်းအလုပ်များကြတဲ့လူတွေ။ အဖိုးအိုရဲ့ဒဏ်ရာကလဲ အရမ်းပြင်းထန်နေတာမဟုတ်ပါဘူး။ ယွမ်ရာကျော်လောက် လျော်ကြေးပေးလိုက်ရင် ပိုမကောင်းဘူးလား?” လူငယ်က ကုနင်းကိုကူညီပေးသလိုလိုနှင့် ဖျန်ဖြေပေးလာသည်။

ဒါလုံးဝအလိမ်အညာစကားပဲ။

“ဒါအလုပ်ရှုပ်ရာကျတယ်လို့မထင်ပါဘူး။ ပြီးတော့ ကျွန်မက ဘာလို့သူ့ကိုလျော်ကြေးပေးရမှာလဲ? ကျွန်မဘက်က ဘာအမှားမှမလုပ်ထားဘူး။ ဒဏ်ရာရသလိုဟန်ဆောင်တယ်ဆိုတာကသာ ဥပဒေနဲ့မညီတာလေ။” ကုနင်း၏အသံက အေးစက်လာသည်။

လူငယ်နှင့်အဖိုးအိုကတော့ သူတို့လှည့်ဖို့ကြိုးစားသည့်ကောင်မလေးက သန်မာသူဖြစ်နေမည်ဟု ထင်မှတ်မထားကြပေ။

ရဲသာရောက်လာရင် သူတို့တွေအဖမ်းခံရပြီး ရက်ပိုင်းလောက် အချုပ်ချခံရနိုင်သည်။ ထိုသို့တွေးမိသည်နှင့် နှစ်ယောက်သား အပြန်အလှန်အချက်ပေးကြည့်ကာ ထွက်ပြေးသွားကြတော့သည်။

ဒီလိုထွက်ပြေးသွားတာကပဲ သူတို့လူလိမ်တွေမှန်း ပိုသိသာသွားစေခဲ့သည်။

“လူလိမ်တွေပဲ!”

“အရှက်မရှိလိုက်ကြတာ!”

“ဒီလိုလူမျိုးတွေ အမှန်တကယ် ကားတိုက်ပြီးသေသွားသင့်တာ။”

“….”

သူတို့ထွက်ပြေးသွားပြီဆိုမှတော့ ကုနင်းလဲ ဘာမှဆုံးရှုံးမှုမရှိထား၍ လွှတ်ပေးလိုက်တော့သည်။

ဘေးလူများကတော့ လူငယ်နှင့်အဖိုးအိုကို ဆက်ပြီးအပြစ်တင်ဝေဖန်နေကြသေးပေမယ့် ကုနင်းကတော့ စိတ်ရှုပ်ခံမနေဘဲ ကားထဲသို့ပြန်ဝင်ကာ ချက်ချင်းမောင်းထွက်သွားသည်။

ကုနင်းထွက်သွားသည်နှင့် ဝိုင်းအုံနေသည့်လူများလဲ ပြန်ခွဲသွားကြတော့သည်။

……

ကိုလိန်းစက်ရုံသို့ ကုနင်းရောက်သွားသည်နှင့် နဉ်ချန်းခိုင်က သူ့ကို သူမပေးထားသည့်ဆေးပုလင်းက ကုန်ခါနီးနေပြီဖြစ်ကြောင်း သတိပေးလာခဲ့သည်။

ဒါနဲ့ ကုနင်းလဲ နောက်ထပ်ဆေးလုံးတစ်ရာကျော်ပါသည့် ပုလင်းတစ်လုံးကို ထပ်ပေးလိုက်သည်။

ဆေးလုံးတစ်ရာပါဝင်သည့် ဆေးတစ်ပုလင်းကတင် ယွမ်သန်း၈၀လောက် အမြတ်ငွေရနိုင်တာကြောင့် စွမ်းအင်သလင်းကျောက်များ သီးသန့်ရောင်းခြင်းထက်တောင် ပိုလို့အမြတ်များသေးသည်။

သို့သော်လည်း ကုနင်းကတော့ စွမ်းအင်သလင်းကျောက်ဖြင့်လဲ လူပေါင်းများစွာကို ကုသပေးနိုင်တာကြောင့် ရောင်းဖို့ဆန္ဒရှိနေတုန်းပင်။

………..

ညနေ၄နာရီကျော်သည်နှင့် ကုနင်း ဆေးဝါးစက်ရုံမှပြန်ထွက်လာခဲ့ကာ ရှုချင်ယင်းနှင့်တခြားလူများကို ဖုန်းဆက်ဖို့တွေးလိုက်သည်။ သူမဒီအချိန်လောက် ဖုန်းဆက်လိုက်မည်ဆိုလျှင် ၅နာရီလောက်ဆို သူတို့အတူတွေ့ဆုံစားသောက်နိုင်ပေလိမ့်မည်။

ကုနင်း ဖုန်းဆက်လိုက်သည်နှင့် ချက်ချင်းဆိုသလို ရှုချင်ယင်း ဖုန်းကိုင်လာခဲ့ကာ သူမတောင် ဘာမှမပြောနိုင်ခင် တစ်ဖက်မှ ရန်တွေ့လာတော့သည်။ “ကုနင်း၊ ငါ့မှာ နင့်ဖုန်းကို တစ်နေ့လုံးစောင့်နေလိုက်ရတာ!”

တကယ်တော့ ရှုချင်ယင်းသည် သူမကို နေ့လည်အစောပိုင်းလောက်တော့ ကုနင်းဖုန်းဆက်လာလောက်မည်ဟု တွေးထားခဲ့ခြင်းဖြစ်ပေမယ့် အခုမှသာ ဖုန်းဆက်လာတော့သည်။ ကူအန်းနာတောင်မှ ထိုသို့တွေးကာ စောင့်နေခြင်းဖြစ်သည်။

မိန်းကလေးနှစ်ယောက်လုံးက ကုနင်းနှင့်စောစောတွေ့ရဖို့ မျှော်လင့်နေခဲ့ကြတာပင်။

ကူအန်းနာသည်လဲ ယနေ့ သူမအိုင်ဒေါကို တွေ့ခွင့်ရမှာဖြစ်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေသည်။

ကုနင်း အလုပ်များနေလို့ဖြစ်လောက်မည်မှန်း ရှုချင်ယင်း နားလည်တာကြောင့် သူမကို ဖုန်းဆက်ကာ အနှောင့်အယှက်မပေးခဲ့ပေ။ ပြောရရင် ကုနင်းသည် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ဒါကြောင့် သူမမှာ တစ်နေ့တစ်နေ့ လုပ်ဆောင်ရမည့်တာဝန်များစွာ ရှိနေမည်သာ။

ဆန့်ကျင်ဘက်ဖြစ်စွာပဲ ရှုချင်ယင်းကတော့ နေ့တိုင်းအားလပ်နေကာ အချိန်ဖြုန်းနေခဲ့သည်။ သူမအဖိုးဆိုလဲ သူမကို ကုနင်းလိုမျိုး ကိုယ်ပိုင်လမ်းကြောင်းတစ်ခုလောက် ရှာဖွေဖို့ အဆက်မပြတ် တိုက်တွန်းနေသည်။

သူမအဖိုးသာ သူမကိုတခြားမိန်းကလေးတစ်ယောက်နှင့် နှိုင်းယှဉ်နေမည်ဆိုလျှင် သူမဒေါသထွက်မှာဖြစ်သော်လည်း ကုနင်းဖြစ်နေသောအခါ သူမဘာမှပြန်မပြောတော့ပေ။ ကုနင်းဆိုတာ သူမမြင်တွေ့ဖူးသမျှထဲမှာ အထူးချွန်ဆုံးမိန်းကလေးတစ်ယောက်ပဲ မဟုတ်လား။

သူမ ကုနင်းကို ဘယ်လိုမှမကျော်တက်နိုင်မှန်း သူမသိနေတာကြောင့် လေးစားစိတ်သာရှိတော့သည်။ ကုနင်းကို လေးစားနေပြီဆိုမှတော့ မနာလိုဝန်တိုဖြစ်စရာအကြောင်းလဲ ရှိမနေတော့ပေ။

“ငါအခုမှပဲ အားလို့ ချက်ချင်း ဖုန်းဆက်လိုက်တာ။ နင်တို့ဘယ်မှာသွားစားချင်လဲ?”

ကုနင်းက ဝယ်ကျွေးမည့်သူဖြစ်တာကြောင့် သူတို့ကိုသာ ရွေးချယ်ခွင့်ပေးလိုက်သည်။

“အမ်… ငါတို့ အစားအသောက်တန်းဘက်သွားကြရင်မကောင်းဘူးလား? အဲ့ဘက်မရောက်တာ တော်တော်ကြာနေပြီ။” ရှုချင်ယင်း စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။

ရှုချင်ယင်းတို့ သူငယ်ချင်းအများကြီးလဲမရှိသလို အတူဆုံဖြစ်တိုင်းလဲ ဖန်စီစားသောက်ဆိုင်မျိုးတွင်သာ ထိုင်လေ့ရှိတာကြောင့် ထိုဆိုင်မျိုးတွေ မထိုင်ချင်တော့ပေ။ တစ်ခါတစ်လေလဲ ရိုးရှင်းပြီး အရသာရှိသည့်ဆိုင်မျိုးတွင် ပိုစားချင်မိသည်။

“ရတယ်လေ၊ ငါ နင်တို့ကိုလာကြိုပေးရမလား?” ကုနင်းပြန်မေးလိုက်သည်။

“ငါ့ကားနဲ့ပဲ အန်းနာကိုသွားကြိုခဲ့လိုက်မယ်။ ဒီလိုဆို ငါတို့အပြန်ကျ ပိုပြီးအဆင်ပြေလိမ့်မယ်။”

“ကောင်းပြီလေ၊ ခဏနေတွေ့ကြတာပေါ့။” ကုနင်း ညှိနှိုင်းပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။

ထို့နောက် ရှုချင်ယင်းကတော့ ကူအန်းနာကို ချက်ချင်းဖုန်းဆက်ခဲ့ကာ ကူအန်းနာကတော့ သူမကိုမြန်မြန်လာခေါ်ဖို့ လောနေတော့သည်။

ကူအန်းနာ၏ကားက မနေ့ကဘဲ ပျက်သွားတာကြောင့် ရှုချင်ယင်း လာကြိုပေးမည်ကိုသာ စောင့်ဖို့ဖြစ်လာသည်။ ဖြစ်နိုင်မည်ဆိုလျှင် ကုနင်းကို အမြန်ဆုံးသွားတွေ့ချင်နေမိပေပြီ။

ရှုချင်ယင်း သူမမိသားစုနေထိုင်ရာအိမ်ထဲမှ ထွက်လာချိန်မှာပဲ သူမအစ်ကို ရှုကျင်းလင်နှင့် ဆုံသွားသည်။ ရှုကျင်းလင်ကတော့ သူ့ညီမ အတော်လေးပျော်ရွှင်နေပုံပေါ်တာကြောင့် အကြောင်းအရင်းကို သိချင်သွားတော့သည်။ “ချင်ယင်း၊ ဘာလို့ဒီလောက်ပျော်နေတာလဲ?”

***

အခန်း ၁၀၄၀ ငါလဲဖက်ချင်တယ်လေ

“ညီမ ကုနင်းနဲ့ညစာသွားစားမလို့။” ရှုချင်ယင်း ပြုံးနေလျက်ပင် ပြန်ဖြေလိုက်သည်။

“ကုနင်း? ရှောင်းထင်ရဲ့ကောင်မလေးလား?” ရှုကျင်းလင် ထပ်မေးလိုက်သည်။

“ဟုတ်တယ်လေ။”

ကုနင်းအကြောင်းတွေးမိကာမှ အရင်တစ်ခေါက် HKတွင်ဖြစ်သွားသည့်ကိစ္စအကြောင်း အမှတ်ရသွားတော့သည်။ သူမရှုပ်သင့်သည်လူကို သွားမရှုခဲ့မိသည့်အတွက် အတော်လေးကံကောင်းသွားသည်ဟု အခုတိုင်ခံစားမိတုန်းပင်။

ရှုချင်ယင်းလဲ အချိန်ဆွဲမနေဘဲ ကူအန်းနာကိုကြိုဖို့ထွက်သွားတော့သည်။

ကူအန်းနာ၏အိမ်က သိပ်မဝေးတာကြောင့် မိနစ်၂၀လောက်သာ မောင်းရပေသည်။

“ဘာလို့ ဒီလောက်ကြာနေတာလဲ?” ရှုချင်ယင်းကိုမြင်သည်နှင့် ကူအန်းနာ မကျေမနပ်ပြောတော့သည်။

“မြို့တော်က လမ်းတွေဘယ်လောက်ကြပ်မှန်း နင်မသိတာလဲမဟုတ်ဘဲနဲ့။ မြန်မြန်လာစမ်းပါ။” ရှုချင်ယင်း မျက်လုံးသာလှန်ပြလိုက်တော့သည်။

“ဟုတ်ပါပြီ။ သွားကြရအောင်!” ကူအန်းနာလဲ ဘာမှပြောမနေတော့ဘဲ ကားပေါ်အမြန်တက်လိုက်သည်။

ထို့နောက် အစားအသောက်တန်းသို့ ထွက်ခဲ့ကြရာ ကံမကောင်းစွာဘဲ လမ်းတစ်ဝက်မှာတင် ရှုချင်ယင်း၏ကားကပါ ပျက်သွားခဲ့သည်။

“သေစမ်း!” ကူအန်းနာ စိတ်ညစ်သွားတော့သည်။

“ကုနင်း အကြာကြီးစောင့်မနေရအောင် အရင်ဖုန်းဆက်ထားကြတာပေါ့။” ရှုချင်ယင်းလဲ မတတ်နိုင်သည့်အဆုံး လုပ်သင့်တာကိုအရင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကားဖြင့် နောက်၁၀မိနစ်လောက်သွားလိုက်ရုံဖြင့် အစားအသောက်တန်းကိုရောက်မှာဆိုသော်လည်း ကားပြင်ဖို့ဆိုလျှင် အချိန်အတော်ကြာပေဦးမည်။

ရှုချင်ယင်းထံမှ ဖုန်းဝင်လာချိန်တွင် ကုနင်းသည်လဲ အစားအသောက်တန်းသို့ရောက်ရုံသာရှိသေးသည်။

“ကုနင်း၊ နင်ရောက်သွားပြီလား? ငါ xxလမ်းမှာကားပျက်သွားလို့။ နင်တော်တော်ကြာစောင့်ပေးရမှာစိုးရတယ်။” ရှုချင်ယင်းပြောလိုက်သည်။

“ကားပြင်ဖို့လူခေါ်ထားလိုက်။ ငါနင်တို့ကို အခုလာကြိုပေးမယ်။”

“ရပါတယ်၊ အလုပ်ရှုပ်ခံမနေနဲ့။”

“မရှုပ်ပါဘူး။ ငါလာနေပြီ၊ ဒါပဲ။”

ရှုချင်ယင်းတို့ကားက ဆက်သွားလို့မရဖြစ်နေသည်ဆိုတော့ ကုနင်းလဲ တစ်ချက်လောက်သွားကြည့်ပေးသင့်သည်ဟု တွေးမိသည်။

ကုနင်းလဲ သူတို့နဲ့သိပ်မဝေးတာကြောင့် ရှုချင်ယင်းသဘောတူလိုက်ရသည်။

ကုနင်းကို ဖုန်းဆက်ပြီးနောက် ကားပြင်ဖို့ လူခေါ်လိုက်သည်။

၁၀မိနစ်လောက်အကြာမှာတော့ ကားပြင်သူများထက်အရင် ကုနင်းရောက်လာခဲ့သည်။

“အိုး၊ ငါ့ရဲ့ကုနတ်ဘုရားမလေး၊ ငါ့ကိုဖက်ပေးပါဦး၊ နင့်ကိုအရမ်းလွမ်းနေတာ!” ကုနင်းကိုမြင်သည်နှင့် ကူအန်းနာချက်ချင်း ပွေ့ဖက်လိုက်တော့သည်။

ကုနင်းလဲ ရယ်မောကာ ပြန်လည်ပွေ့ဖက်ပေးလိုက်ပေသည်။ “မတွေ့တာကြာပြီနော်!”

“ငါလဲ ဖက်ချင်တာပေါ့။” ရှုချင်ယင်းကပါ ကုနင်းဆီသို့ပြေးလာပြန်သည်။ ကူအန်းနာနှင့်ယှဉ်လျှင် သူမက ကုနင်းနှင့်ပိုရင်းနှီးသည်ဟု ရှုချင်ယင်းတွေးတာကြောင့် သူမကိုလဲ ကူအန်းနာကိုအတူတူအခွင့်အရေးပေးသင့်သည်ဟု ယူဆသည်။

ကုနင်းကတော့ ရှုချင်ယင်း၏ကလေးဆန်မှုအပေါ် ရယ်ချင်နေသော်လည်း ပြန်ဖက်ပေးလိုက်လေသည်။

“ကားက ဘာဖြစ်သွားတာလဲ?” ကုနင်း၏အမေးကြောင့် ရှုချင်ယင်းလဲ “ငါလဲမသိပါဘူး။ စက်က သူ့ဘာသာရပ်သွားတာ။” ဟု ပြန်ဖြေလိုက်သည်။

ကုနင်း ကားစက်တွေကိုစစ်ကြည့်လိုက်ပေမယ့် ပြဿနာကိုရှာမတွေ့တာကြောင့် ထားလိုက်တော့သည်။ နောက်ထပ်မိနစ်၂၀ကျော်ကြာပြီးကာမှ ကားပြင်သူများရောက်လာတော့သည်။ ကံကောင်းစွာဘဲ လမ်းပေါ်တွင် ကားသိပ်ရှုပ်မနေတာကြောင့်သာ သူမတို့ကားကြောင့် တခြားလူများ လမ်းပိတ်မနေခြင်းဖြစ်သည်။

ရှုချင်ယင်းလဲ ကားကို ကားပြင်သူများလက်ထဲထည့်ခဲ့ကာ ကုနင်း၏ကားထဲ ဝင်သွားတော့သည်။

…….

အစားအသောက်တန်းသို့ရောက်ရှိကြချိန်တွင်တော့ ညနေ၆နာရီပင်ကျော်ပြီဖြစ်သော်လည်း အခုချိန်ကပဲ ညစာစားဖို့ အချိန်ကွက်တိဖြစ်နေသည်။

သူတို့အခုထိ ဘာစားရမလဲ မစဉ်းစားရသေးတာကြောင့် လမ်းတစ်လျှောက်အရင်ဆုံး ပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြသည်။

အစားအသောက်တန်းလမ်းထဲသို့ ယာဉ်များဝင်လို့မရတာကြောင့် လမ်းလျှောက်သွားလို့သာရပေမည်။ သို့သော်လည်း ကားပါကင်သို့ရောက်သည်နှင့် ရင်းနှီးနေသည့်ကားတစ်စီးကို ကုနင်းရုတ်တရက်လှမ်းမြင်လိုက်ရသည်။ ထိုကားမှာ ထန်ယရှင်း၏ကားပင်။

ကုနင်းအကြံတစ်ခုပေါ်လာကာ ထန်ယရှင်း၏ကားနှင့်ဘေးချင်းကပ်ကာ သူမကားကိုရပ်လိုက်သည်။

ထို့နောက် ရှုချင်ယင်း၊ ကူအန်းနာတို့နှင့်အတူ လမ်းလျှောက် ထွက်လာခဲ့သည်။ သို့သော်လည်း အတော်အသင့်ဝေးဝေးရောက်ပြီးချိန်မှာတော့ ကုနင်း သူမဖုန်းကားထဲကျန်ခဲ့သည်ဟု အကြောင်းပြကာ ရှုချင်ယင်းနှင့် ကူအန်းနာတို့ကို ခဏစောင့်နေခိုင်းလိုက်သည်။

တကယ်တော့ ကားပါကင်သို့ ပြန်သွားချင်၍ တမင်အကြောင်းပြချက်ပေးလိုက်တာပင်။

ကုနင်း ကားဆီသို့ပြန်ရောက်လာကာ ကားတံခါးကိုဖွင့်လိုက်ပြီး စိတ်စွမ်းအင်အာကာပြင်ထဲမှ သံနှစ်ချောင်းကိုထုတ်ကာ အလင်းအလျင်တမျှရွေ့လျားပြီး ထန်ယရှင်း၏ကားဘီးကို သွားဖောက်လိုက်တော့သည်။ သူမ၏လုပ်ရှားမှုက အလွန်မြန်ဆန်လှတာကြောင့် လုံခြုံရေးကင်မရာကပင် မဖမ်းယူနိုင်ခဲ့ပေ။ ဒါ့အပြင် ကုနင်းက ထန်ယရှင်း၏ကားအနားသို့ ပုံမှန်အရှိန်နှင့် ချဉ်းကပ်သွားခြင်းမျိုးမရှိထားတာကြောင့် သူမကိုသံသယဝင်ကြလိမ့်မည်မဟုတ်ပေ။

ကားဘီးပေါက်သွားသော်လည်း အသံကသိပ်မကျယ်လှပေ။

ထို့နောက် ကုနင်း ဖုန်းကိုယူကာ ကားတံခါးကိုပိတ်လိုက်ပြီး ရှုချင်ယင်းတို့ရှိရာသို့ ပြန်လာခဲ့သည်။

ထန်ယရှင်းကို ဒီလောက်တော့ သင်ခန်းစာပေးရမှာပေါ့!

…..

ကုနင်း၊ ရှုချင်ယင်းနှင့် ကူအန်းနာတို့အားလုံးသည့် မိန်းမလှလေးများဖြစ်တာကြောင့် သူမတို့ အစားအသောက်တန်းထဲဝင်လိုက်သည်နှင့် အာရုံစိုက်ခံကြရသည်။

“ဟေး၊ အလှလေးတွေ၊ ဖုန်းနံပါတ်လေး မပေးချင်ဘူးလား?” လူငယ်တစ်ယောက်က သူတို့ကို လှမ်းအော်လိုက်သော်လည်း သူတို့ကတော့ လျစ်လျူရှုထားကာ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှုချင်ယင်းရွေးလိုက်သော စားသောက်ဆိုင်တွင် ထန်ယရှင်းကိုတွေ့လိုက်ရသည်။

ထန်ယရှင်းသည်လဲ မိန်းကလေးသူငယ်ချင်းနှစ်ယောက်နှင့်အတူ ဤဆိုင်တွင် ညစာလာစားပုံပင်။

ကုနင်းကိုမြင်လိုက်သည်နှင့် ထန်ယရှင်း မျက်မှောင်ကြုတ်သွားတော့သည်။ ကုနင်းသည် ပြီးခဲ့သည့်လေလံပွဲတွင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဝယ်သွားခဲ့သည့် မိန်းကလေးဖြစ်ကြောင်း သူမမှတ်မိနေသေးသည်။ သူမက ရှေးဟောင်းပစ္စည်းတွေကို စိတ်မဝင်စားတာကြောင့် အခုဆို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆို ဘယ်လောက်တောင် နာမည်ကြီးနေပြီလဲ သူမ,မသိပေ။

တကယ်ဆို ကုနင်းနှင့် သူမကြားတွင် ဘာရန်ငြှိုးမှရှိမထားသော်လည်း သူမကတော့ အလိုလိုပဲ ကုနင်းကိုအလွန်မုန်းနေမိသည်။

***

အခန်း ၁၀၄၁ ဒေါသထွက်နေသော ထန်ယရှင်း

ကုနင်းကို ထန်ယရှင်းသဘောမကျသော်လည်း ရှုချင်ယင်းနှင့်ကူအန်းနာတို့ကိုတော့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြဖို့လိုတာကြောင့် အပြုံးလေးနှင့် ကုနင်းတို့အနားသွားခဲ့သည်။ “ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးရှု၊ မိန်းကလေးကူ!” သူတို့အားလုံးသည် အထက်တန်းလွှာမိသားစုဝင်များဖြစ်ကြတာကြောင့် ပါတီများတွင် အချင်းချင်းဆုံဖူးကြသည်။ ရှုချင်ယင်းနှင့်ကူအန်းနာတို့ကိုသာ ထန်ယရှင်း နှုတ်ဆက်ရခြင်းမှာ သူတို့မိသားစုသည် သူမထက်ပိုပြီးအင်အားကြီးတာကြောင့်ဖြစ်သည်။

တကယ်တော့ ရှုချင်ယင်းနှင့်ကူအန်းနာတို့၏ နောက်ခံမိသားစုတောင့်ခြင်းအပေါ် ထန်ယရှင်း မနာလိုဖြစ်မိသည်။ ထန်မိသားစုသည်လဲ မြို့တော်တွင် လွှမ်းမိုးမှုများစွာရှိသည်ဆိုလျှင်တောင်မှ သူမကတော့ မကျေနပ်နိုင်သေးဘဲ ထိပ်ဆုံးရောက်ချင်နေတုန်းပင်။ သူမသာ အားလုံးရဲ့အမြင့်မှာမရှိနေနိုင်လျှင် အခုလိုပဲ သူမထက်သာသည့်အထက်တန်းလွှာများကို မျက်နှာလိုမျက်နှာရလုပ်နေရဦးမှာပင်။

“မင်္ဂလာပါ၊ မိန်းကလေးထန်!” ရှုချင်ယင်းကတော့ ထန်ယရှင်း ကုနင်းကို မုန်းနေသည်အား မသိတာကြောင့် ကောင်းကောင်းမွန်မွန်ပင် ပြန်နှုတ်ဆက်ခဲ့သည်။

တကယ်တော့ သူမလဲ ထန်ယရရှင်းကို သဘောမကျပေ။ ထန်ယရှင်းရဲ့အမေက မယားငယ်တစ်ယောက်မဟုတ်လား။ လူအများစုကတော့ ဒီလိုမယားငယ်ရဲ့သမီးမျိုးကို နှစ်သက်ပေးဖို့ ခက်ခဲနေကြတုန်းပင်။

“စားသောက်ဆိုင်ထဲမှာ သီးသန့်ခန်းတစ်ခန်းပဲကျန်တော့တာ။ ကျွန်မတို့အတူ တစ်ဝိုင်းတည်းစားကြမလား?” ထန်ယရှင်းက စောရောက်နေတာကြောင့် နောက်ဆုံးကျန်သည့် သီးသန့်ခန်းကိုယူလိုက်ပြီးဖြစ်သည်။ ထန်ယရှင်းက သူမမိသားစု အကျိုးအမြတ်ရဖို့ရန်အတွက် ရှုချင်ယင်းတို့ ကူအန်းနာတို့နှင့် ရင်းနှီးလိုနေခြင်းပင်။

“ကျေးဇူးပါပဲ။ ဒါပေမယ့် အခန်းလွတ်မကျန်မှတော့ ကျွန်မတို့ တခြားတစ်ဆိုင်မှာပဲ သွားစားလိုက်ပါတော့မယ်။” ရှုချင်ယင်း ငြင်းလိုက်တာကြောင့် ထန်ယရှင်းလဲ အတင်းမတိုက်တွန်းနေတော့ပေ။

ရှုချင်ယင်း၊ ကုနင်းနှင့် ကူအန်းနာတို့ ဆိုင်ထဲမှပြန်ထွက်သွားကာ ထန်ယရှင်းတို့အဖွဲ့ကတော့ နောက်ဆုံးကျန်သည့် သီးသန့်ခန်းထဲဝင်သွားကြသည်။

ခဏတာလမ်းဆက်လျှောက်ပြီးချိန်မှာတော့ စားသောက်ဆိုင်ကောင်းတစ်ဆိုင်ကို ရှုချင်ယင်းတွေ့သွားကာ ထိုဆိုင်မှာပဲ စားကြဖို့ဆုံးဖြတ်လိုက်သည်။

………

ထန်ယရှင်းတို့ကတော့ စောစောစားပြီးသွားတာကြောင့် စောစောပဲ ပြန်ထွက်လာခဲ့ကြသည်။ ကားပါကင်သို့ရောက်ချိန်တွင် သူမကားဘီးပြားနေသည်ကို မြင်လိုက်ရသည်နှင့် ဒေါသများဆူပွက်လာတော့သည်။ သူမသွားစစ်ကြည့်လိုက်ပြီးနောက်မှာတော့ သံနှစ်ချောင်းတွေ့လိုက်ရသည်။

“ဘယ်သူလုပ်သွားတာလဲ?” ထန်ယရှင်း ဒေါသထွက်ထွက်နှင့်အော်တော့သည်။

“ယရှင်း၊ ငါတို့ လုံခြုံရေးကင်မရာတွေ ပြန်သွားစစ်ကြည့်ရအောင်။” သူမသူငယ်ချင်းတစ်ယောက်က ပြောလိုက်တာကြောင့် လုံခြုံရေးရုံးခန်းထဲသွားခဲ့ကြသည်။

ရုံးထဲရှိဝန်ထမ်းတစ်ဦးက လုံခြုံရေးကင်မရာများကို ချက်ချင်းစစ်ဆေးပေးခဲ့သော်လည်း ထန်ယရှင်းထွက်သွားကတည်းက ဘယ်သူမှသူမကားနားကို မကပ်ထားခဲ့ပေ။

ကုနင်းတော့ ကားရပ်ခဲ့ပြီး ခဏကြာကာမှ ပြန်ရောက်လာခဲ့သော်လည်း ထန်ယရှင်း၏ကားနားသို့ နည်းနည်းလေးတောင် မကပ်ခဲ့ပေ။

ထန်ယရှင်း၏ကားနားသို့လာတဲ့လူ တစ်ယောက်မှမရှိဘူးဆို ဒီသံနှစ်ချောင်းက ဘယ်ကနေခြေထောက်ပေါက်ပြီး ရောက်လာရတာတုန်း?

လုံခြုံရေးကင်မရာမှဗီဒီယိုများကို ဖြတ်ညှပ်ကပ်ထားသည်များ မတွေ့ရတာကြောင့် ဒါက ကားပါကင်ကိုတာဝန်ယူထားသူများဘက်က အမှားဟုတ်မနေတော့ပေ။

ထနယရှင်းကတော့ လောလောဆယ် လက်လျှော့လိုက်သော်လည်း တရားခံကို သေချာပေါက်ရှာမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ အခုအဖြစ်အပျက်က ဘယ်လိုမှမတော်တဆမှုမဟုတ်နေတာကြောင့် တရားခံကိုလုံးဝအလွတ်မပေးနိုင်ပေ။

…….

ကုနင်းနှင့်သူမသူငယ်ချင်းများကတော့ ည၈နာရီလောက်တွင် ညစာစားလို့ပြီးသွားကြသည်။

ရှုချင်ယင်းက စောစောစီးစီး အိမ်မပြန်လိုသေးတာကြောင့် စုန့်နန်ဘားသွားကြဖို့ တောင်းဆိုလာသည်။ ဘားသွားပြီဆိုမှတော့ အရက်သောက်ဖြစ်ကြမည်ဖြစ်၍ ကားမောင်းပြန်လို့မရနိုင်တာကြောင့် ရှုချင်ယင်းက သူတို့ကို အိမ်ပြန်ပို့ဖို့ရန် သူမအစ်ကို ဒါမှမဟုတ် အငှားယာဉ်မောင်းခေါ်လို့ရနိုင်ကြောင်းပါ ပြောလာသည်။

ရှုချင်ယင်းရော ကူအန်းနာတို့ပါ ဘားသွားချင်နေကြတာကြောင့် ကုနင်းလဲ သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေ မဆုံဖြစ်တာ အတော်လေးကြာနေပြီမဟုတ်လား။

လမ်းတွင် ရှုချင်ယင်းက စုန့်နန်ကိုဖုန်းဆက်ကာ သူတို့အတွက် ခုံအားသေးလားမေးလိုက်သည်။

စုန့်နန်သည်ဘားသည် နာမည်ကြီးကာ အတော်များများက ကြိုတင်နေရာမှာထားကြတာကြောင့် ပုံမှန်လိုပဲ ယနေ့လဲ နေရာကောင်းမှာ ခုံမလွတ်နေပေ။

ဒါကြောင့် စုန့်နန်က၊ “မိန်းကလေးရှုတို့အတွက်ဆိုမှတော့ ကျွန်တော်မျိုးက နေရာကောင်းစီစဉ်ပေးရမှာပေါ့။”

စုန့်နန်သည် သူ့သူငယ်ချင်းများအတွက်ဆိုကာ နေရာကောင်းအမြဲချန်ထားတတ်တာကြောင့် လိုအပ်လျှင်အသုံးပြု၍ရသည်။

ရှုချင်ယင်း၊ ကုနင်းနှင့်ကူအန်းနာတို့ ကားပါကင်သို့ရောက်ချိန်မှာတော့ ထန်ယရှင်းတို့ထွက်သွားကြပြီဖြစ်သည်။ သို့ပေမယ့် သူမကားကိုတော့ ပြင်ဖို့ရန် ထားခဲ့လေသည်။ ချီကျီယွဲ့မှာလဲ သူမကားသော့ရှိတာကြောင့် ထန်ယရှင်းက သူ့ကိုသာကြည့်ရှင်းခိုင်းထားသည်။

ကားဘီးပြားနေသည်အားတွေ့ပြီး ထန်ယရှင်းဘယ်လောက်တောင် ဒေါသပုန်ထသွားမလဲ ကုနင်းမှန်းကြည့်နိုင်သည်။

“ကြည့်ပါဦး၊ ဒီကားကို၊ ဘီးကပြားနေတာပဲ။” ရုတ်တရက် ရှုချင်ယင်းက ကားဘီးကိုတွေ့သွားကာ ပြောလိုက်သည်။

“ထားလိုက်ပါ။” ကုနင်းကတော့ စိတ်ကောင်းဝင်နေ၍ ဂရုစိုက်မနေချင်တော့ပေ။

ဘယ်သူကမှ ထိုကားအကြောင်းစိတ်မဝင်စားကြတော့တာကြောင့် စုန့်နန်၏ဘားသို့သာ ထွက်လာခဲ့ကြတော့သည်။

“ဒါနဲ့၊ ကုနင်း၊ နင်မနေ့က အဖိုးလင်နဲ့တွေ့တော့ ဘယ်လိုခံစားရလဲ?” ရှုချင်ယင်း၏ သိလိုစိတ်များနိုးထလာပေပြီ။

“စတွေ့တုန်းကတော့ အရမ်းစိတ်လှုပ်ရှားနေပေမယ့် တဖြည်းဖြည်း အဆင်ပြေသွားတယ်။”

“နင်ကတော့ တကယ့်ကိုမယုံနိုင်စရာကောင်းတာပဲ! ငါ အဖိုးလင်နဲ့သိလာတာ အနှစ်၂၀နီးပါးလောက်ရှိနေပြီ အခုထိ သူ့ကိုတွေ့တိုင်း ငါ့မှာလန့်နေရတုန်း။”

“ငါရောပဲ!” ရှုချင်ယင်း၏စကားကို ကူအန်းနာကပါ ထောက်ခံလိုက်သည်။

***

အခန်း ၁၀၄၂ 1 VS 10

ကူအန်းနာဆိုလျှင် သူမမိသားစုထဲမှ လူကြီးများကိုမကြောက်သော်လည်း သခင်ကြီးလင်နှင့်တွေ့တိုင်းတော့ ကြွက်က ကြောင်ကိုတွေ့လိုက်ရသလို ငြိမ်သွားမြဲသာ။

ကုနင်း ခပ်ဟဟရယ်လိုက်သော်လည်း သူမတောင် သခင်ကြီးလင်ကို ကြောက်ရွံ့ရိုသေမိတာကြောင့် သူတို့ခံစားချက်ကို နားလည်ပေသည်။ သခင်ကြီးလင်က သူမကို အနာဂါတ်မြေးချွေးမလောင်းအဖြစ်အသိအမှတ်ပြုထားပြီးတာကြောင့် သူမအပေါ် ကြင်ကြင်နာနာ နူးနူးညံ့ညံ့ဆက်ဆံပေးနေတာဖြစ်လို့ သူ့ရှေ့တွင် ကုနင်းစိတ်အေးသက်သာနေနိုင်ခြင်းဖြစ်သည်။

ကုနင်း၊ ကူအန်းနာနှင့် ရှုချင်ယင်းတို့ ဘားထဲသို့ဝင်လိုက်ချိန်မှာပဲ အထဲမှ ဆူဆူညံညံရန်ဖြစ်သံများကို ကြားလိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲပဲ?” ရှုချင်ယင်း ပြောပြောဆိုဆိုနှင့် အထဲသို့ပြေးဝင်ဖို့လုပ်နေတာကြောင့် ကုနင်းလှမ်းတားလိုက်ရသည်။ “အပြင်မှာထွက်နေကြ၊ ငါအရင်သွားကြည့်လိုက်ဦးမယ်။”

ရှုချင်ယင်းရော ကူအန်းနာသည်ပါ အားနွဲ့သည့်မိန်းကလေးများဖြစ်တာကြောင့် သူတို့ထိခိုက်ဒဏ်ရာရသွားမည်ကို ကုနင်းစိုးရိမ်မိသည်။

ကုနင်းကတော့ အားနွဲ့သည့်မိန်းကလေးမဟုတ်မှန်း ရှုချင်ယင်းနှင့်ကူအန်းနာတို့သိကြတာကြောင့် ကုနင်းစကားကိုနားထောင်ကာ ဘားထဲမှပြန်ထွက်သွားကြသည်။ ထွက်မသွားခင်လဲ ကုနင်းကို ဂရုစိုက်ဖို့ မှာသွားကြသေးသည်။

ရှုချင်ယင်းနှင့်ကူအန်းနာတို့ ထွက်သွားသည်ကိုအတည်ပြုပြီးကာမှ ကုနင်းလဲ ရန်ဖြစ်နေသည့်နေရာသို့ ဝင်သွားလိုက်သည်။

အထဲတွင် လူနှစ်စု အချင်းချင်းတိုက်ခိုက်နေကြတာဖြစ်သည်။

စုန့်နန်က သူတို့ကိုတားဖို့ကြိုးစားလိုက်ပေမယ့် နောက်ဆုံး ဘီယာပုလင်းနဲ့သာ ခေါင်းရိုက်ခွဲခံလိုက်ရပြီး သွေးများထွက်လာပေမယ့် အရမ်းတော့ မပြင်းထန်လှပေ။

ကုနင်းလဲ စုန့်နန်ကိုကူညီကာ ဘေးထွက်လို့ရအောင်ကူလိုက်ပြီးနောက် အလင်းအလျင်ဖြင့် ရန်ပွဲကြားထဲတိုးဝင်သွားလိုက်သည်။ သူမ၏လှုပ်ရှားမှုတွေက အလွန်လျင်မြန်လွန်းနာကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ နှစ်ဖက်လုံးကိုအလဲသိပ်နိုင်လိုက်သည်။

ဘေးလူများကတော့ အလင်းတဖြတ်ကိုသာတွေ့လိုက်ရပြီးနောက် ရန်ဖြစ်နေသည့်နှစ်ဖွဲ့လုံး ကြမ်းပေါ်လဲသွားသည်ကိုသာ မြင်နိုင်တော့သည်။ ပြင်းထန်လှသည့်ရန်ပွဲကြီးက အခုတော့ အချိန်အနည်းငယ်နှင့်အဆုံးသတ်သွားပေပြီ။

ထိုလူအားလုံးကို အလဲထိုးခဲ့သည်က မိန်းမငယ်လေးတစ်ဦးမှန်းတွေ့လိုက်ရချိန်မှာတော့ အားလုံးမအံ့ဩမိဘဲမနေကြပေ။

“ဘုရားရေ၊ အံ့ဩစရာကောင်းလိုက်တာ!”

“စက္ကန့်ပိုင်းလေးအတွင်း တစ်ယောက်တည်းနဲ့ လူ၁၀ယောက်ကို အနိုင်ယူလိုက်တာပေါ့!”

“စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ!”

“…..”

“မိန်း-မိန်းကလေးကု…” စုန့်နန်သည်လဲ အံ့ဩထိတ်လန့်နေသူများတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။

ကုနင်းရောက်နေပြီဆိုမှတော့ ရှုချင်ယင်းတို့လဲ ရောက်နေလောက်ပေပြီ။

“မင်းတို့တွေ ထပ်တိုက်ခိုက်ချင်ကြသေးလား၊ ငါအဖော်ပြုပေးနိုင်တယ်နော်။” ကုနင်း အေးစက်စက်လေသံနှင့် ကြမ်းပေါ်လဲနေကြသည့်လူများကိုပြောလိုက်သည်။

နှစ်ဖွဲ့လုံးမှာတော့ ကုနင်း၏အလျင်နှင့်အင်အားကို ကြောက်လန့်နေကြပေပြီ။

“မတိုက်ချင်တော့ဘူးဆိုလဲ လျော်ကြေးပေးလိုက်ကြတော့။” ကုနင်းထိုသို့ပြောလိုက်ပေမည့် သူမစကားကို ဆန့်ကျင်ရဲသည့်လူမရှိတော့ပေ။ ထို့နောက် ကုနင်း စုန့်နန်ဆီသို့သွားကာ မှော်စွမ်းအင်အရည်ပါသည့်ဆေးတစ်ပုလင်းပေးလိုက်ပြီး၊ “လူကြီးမင်းစုန့်၊ ရှင့်ဒဏ်ရာပေါ် ဒီဆေးလိမ်းပြီး အပျက်အစီးတွေကိုတွက်ချက်ဖို့ တစ်ယောက်ယောက်ကို ပြောလိုက်ဦး။ သူတို့တွေ လျော်ကြေးမပေးရသေးဘဲနဲ့ ထွက်မသွားစေနဲ့။”

“ကျေးဇူးတင်ပါတယ်၊ မိန်းကလေးကု။”

ဘားထဲမှကာစတန်မာတွေကတော့ ရန်ပွဲနှင့်မဆိုင်သူများဖြစ်တာကြောင့် စုန့်နန် ကုန်ကျစားရိတ်ကိုတောင် မတောင်းဘဲ ထွက်သွားခိုင်းလိုက်သည်။

မကြာခင်မှာပဲ ဘားထဲတွင် ဝန်ထမ်းများနှင့် ရန်ဖြစ်သူ့လူအုပ်စုနှစ်စုသာ ကျန်ရစ်တော့သည်။

ထိုနှစ်ဖွဲ့လုံး ဒဏ်ရာမျိုးစုံရထားကြပေမယ့် ဒဏ်ရာပြင်းထန်သည့်လူမရှိတာကြောင့် သူတို့တွေလျော်ကြေးမပေးရသေးခင် ဘယ်သူမှလူနာတင်ယာဉ်မခေါ်ပေးကြပေ။

ထို့နောက် ရှုချင်ယင်းနှင့်ကူအန်းနာတို့လဲ ဘားထဲပြန်ဝင်လာကြသည်။ စုန့်နန်၏ခေါင်းမှသွေးများထွက်နေသည်ကိုမြင်လိုက်ရသည်နှင့် နှစ်ယောက်လုံးအနည်းငယ်ထိတ်လန့်သွားကြတော့သည်။ “စုန့်နန်၊ အဆင်ပြေရဲ့လား?”

“ပြေပါတယ်။” စုန့်နန် ပြုံးကာပြန်ဖြေလိုက်သည်။

“ဘာအဆင်ပြေတာလဲ? ဒီလောက်သွေးတွေ ထွက်နေတာကို!” ရှုချင်ယင်း မျက်လုံးကိုသာ လှန်လိုက်တော့သည်။

“ဒါဆိုလဲ မင်းမြင်နေတာကို ထပ်မေးမနေနဲ့တော့လေ။”

“နင်…” ရှုချင်ယင်း ဆွံ့အသွားတော့သည်။

“ဟုတ်ပါပြီ၊ နင်တို့တွေ ခဏလောက် စကားမများပဲနေလို့မရဘူးလား? နင်အရင်ဆုံး ဒဏ်ရာကို တစ်ခုခုလုပ်သင့်တယ်။” ကူအန်းနာကပဲ ကြားဝင်ကာ စုန့်နန်ကိုပြောလိုက်သည်။

“အိုး၊ ဟုတ်သားပဲ၊ ငါ့ကိုခဏစောင့်ကြဦး။ ဒဏ်ရာကို ဆေးသွားထည့်လိုက်ဦးမယ်။” စုန့်နန်ပြောပြီးသည်နှင့် မှန်ရှိသည့်သန့်စင်ခန်းထဲသို့ ဝင်သွားခဲ့သည်။

“ဘာတွေဖြစ်သွားတာလဲ?” ကြမ်းပေါ်တွင်လဲနေသည့်လူများကို ရှုချင်ယင်းကြည့်ပြီး ကုနင်းကိုမေးလိုက်သည်။

“သေချာမသိဘူး။ အရက်သောက်လွန်ပြီး ပြဿနာဖြစ်ကြတာနေမှာပေါ့။”

ခဏကြာပြီးနောက် စုန့်နန်ပြန်ရောက်လာကာ ကုနင်းကို စိတ်လှုပ်ရှားနေသည့်အမူအရာနှင့်ကြည့်လိုက်ပြီး၊ “မိန်းကလေးကု၊ ဒီဆေးက အရမ်းကိုအစွမ်းထက်တာပဲ! နည်းနည်းလိမ်းလိုက်တာနဲ့ သွေးတိတ်သွားတာ၊ အခုဆို နာတောင်မနာတော့ဘူး။”

စုန့်နန်၏ခေါင်းက ဒဏ်ရာက သိပ်မပြင်းတာကြောင့် တစ်ညလောက်နားပြီးသည်နှင့် ပြန်ကောင်းသွားမှာဖြစ်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် ကုနင်းထက်အရင် ရှုချင်ယင်းကဝင်ပြောလာသည်။ “ဒါပေါ့၊ ကိုလိန်းကထုတ်တဲ့ဆေးဆိုမှတော့ အစွမ်းထက်တာပေါ့။ ကိုလိန်းက ကုနင်းရဲ့ကုမ္ပဏီဆိုတာ နင်မသိသေးဘူးလား?”

ရှုချင်ယင်းရောကူအန်းနာပါ ကိုလိန်းကိုကြားဖူးကြပြီးဖြစ်တာကြောင့် ဆေးစွမ်းထိရောက်မှုအပေါ် မအံ့ဩသွားကြပေ။

“ဘာ? ကိုလိန်းက ကုနင်းရဲ့ကုမ္ပဏီလား?”

စုန့်နန်ကတော့ အံ့ဩသွားရသည်။ ကိုလိန်း၏ဂုဏ်သတင်းကောင်းများကို သူကြားဖူးထားကာ သူ့အိမ်မှာဆိုလဲ ကိုလိန်းမှထုတ်လုပ်သည့်ဆေးများစွာရှိနေပေမည့် ကိုလိန်းကို ကုနင်းပိုင်မှန်းတော့ မသိခဲ့ပေ။

စုန့်နန်သည် ကုနင်းနှင့်သိပ်မရင်းနှီးတာကြောင့် သူမအကြောင်း သိပ်မသိသေးပေ။ သူကိုယ်တိုင်ကလဲ သတင်းဖတ်တာရှာတာကြောင့် ကုနင်း၏အံ့ဖွယ်လုပ်ဆောင်ချက်များကို လွတ်သွားခဲ့သည်။

“ထိုင်ကြရအောင်။ ဒီနေ့ငါ့ဘားပိတ်ပြီဆိုတော့ မင်းတို့စိတ်ကြိုက်သာ ပျော်ကြတော့။” ပြောပြီးသည်နှင့် သူတို့နှင့်နီးသည့်စားပွဲတစ်ခုမှာပဲ ဝင်ထိုင်လိုက်ကြသည်။

***

အခန်း ၁၀၄၃ အကြီးကိုကျိန်ဆဲတယ်?

အဆုံးမှာတော့ ရန်ဖြစ်ခဲ့သည့်လူနှစ်စုက အပျက်အစီးနှင့်ဆုံးရှုံးမှုအတွက် ယွမ်၆သောင်းပေးလျော်လိုက်ရသည်။ စုန့်နန်၏ဘားက တစ်နေ့တစ်နေ့ကို ယွမ်၁သိန်းကျော်လောက်ဝင်နေတာဖြစ်၍ အခုလျော်ကြေးက အရမ်းကိုမျှတမှုရှိသည်။

နှစ်ဖွဲ့က လျော်ကြေးကို တစ်ဝက်ဆီပေးလျော်ကြသည်။ နှစ်ဖက်လုံးက ဆင်းရဲသူများလဲမဟုတ်တာကြောင့် ဒီလောက်ငွေက မပြောပလောက်ပေ။ ဒါ့အပြင် ကုနင်းကိုလဲ ကြောက်ကြတာကြောင့် ထွက်မပြေးရဲဘဲ လျော်ကြေးပေးပြီးကာမှ ဆေးရုံသို့သွားနိုင်ကြသည်။

…….

ည၁၀နာရီလောက်မှာတော့ စုန့်နန်၏ဘားသို့ ကျန်းယွေ့ချင်ရောက်လာခဲ့သည်။

ကျန်းယွေ့ချင်ကတော့ ဒီအတိုင်းလမ်းကြုံသွားတာကြောင့် ခဏဝင်ဖို့ကြံရွယ်လိုက်ခြင်းပင်။ စုန့်နန်ကိုလဲ သူလာမည့်အကြောင်းမပြောထားတာကြောင့် ဘားထဲမှကုနင်းရှိနေမှန်းလဲ မသိပေ။

ဘားထဲမှာမီးများဖွင့်ထားသော်လည်း တံခါးကိုတော့ပိတ်ထားတာကြောင့် ကျန်းယွေ့ချင် နားမလည်နိုင်စွာနဲ့ပဲ တံခါးကိုတွန်းဖွင့်ရင်း အထဲသို့ဝင်သွားလိုက်သည်။ ဘားထဲတွင် သီချင်းများဖွင့်ထားပေမယ့် လူတွေစကားပြောနေသည့်အသံကိုတော့ မကြားရပြန်ပေ။

သူက ဒီဘားကိုမကြာခဏလာလေ့ရှိသူတဖြစ်တာကြောင့် အဖျော်ဆရာက မှတ်မိနေတာကြောင့် သူ့ကိုတားမနေခဲ့ပေ။

“ဘာဖြစ်သွားလို့လဲ?” ကျန်းယွေ့ချင် အဖျော်ဆရာကိုသာမေးလိုက်သည်။

“ဒီနေ့ လူတချို့ ဒီမှာရန်ပွဲလာလုပ်သွားလို့လေ၊ ဘော့စ်လဲ ညပိုင်းကိုပိတ်လိုက်တာ။ အခု အထဲမှာ သူ့သူငယ်ချင်းတွေနဲ့ သောက်နေကြတယ်။” အဖျော်ဆရာက ဘာထဲတစ်နေရာကိုပါ ညွှန်ပြလိုက်သည်။

ရန်ပွဲဖြစ်သွားတယ်တဲ့လား?

ကျန်းယွေ့ချင် မျက်မှောင်ကြုတ်ရင်း အဖျော်ဆရာညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအချိန်မှာပဲ ကုနင်းက သူ့ကိုအရင်သတိပြုမိသွားကာ တခြားလူတွေကို အသိပေးလိုက်သည်။ “ယွေ့ချင်ရောက်နေတယ်။”

ကုနင်း၏စကားကြောင့် အားလုံး ကျန်းယွေ့ချင်ရှိရာသို့ လှည့်ကြည့်လာကြသည်။

စုန့်နန်ကတော့ ကျန်းယွေ့ချင်ကိုတွေ့သည်နှင့် ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ၊ “ယွေ့ချင်၊ မင်းလာမယ်ဆိုတာ ဘာလို့ငါ့ကိုမပြောတာလဲ?”

“ဒီအတိုင်း လမ်းကြုံတာနဲ့ဝင်ဖြစ်သွားလို့။”

“လာ၊ လာ၊ ထိုင်ဦး။”

ကျန်းယွေ့ချင်လဲ ပြုံးရင်း စုန့်နန်တို့ဝိုင်းသို့လျှောက်သွားလိုက်ကာ အနားရောက်ကာမှ ကုနင်းကိုမြင်ပြီး အံ့ဩသွားတော့သည်။

“အိုး၊ ဟိုင်း၊ မင်းမြို့တော်ကို ဘယ်တုန်းကရောက်နေတာလဲ? တစ်ခွက်လောက်အတူသောက်ရအောင် ငါ့ကိုဖုန်းဆက်လိုက်တာမဟုတ်ဘူး။” ကျန်းယွေ့ချင် စိတ်မကောင်းဖြစ်သလိုဟန်ဆောင်ပြလိုက်ပေမယ့် တကယ်တမ်းတော့ ကုနင်းကိုသဘောကျနေသည့်စိတ်ကြောင့် အမှန်ကိုဝမ်းနည်းနေတာဖြစ်သည်။ တချိန်တည်းမှာပဲ ကုနင်းကို ထပ်တွေ့ခွင့်ရသည့်အတွက်လဲ ပျော်ရွှင်နေမိသေးသည်။

“ကျွန်မ မနေ့ကပဲရောက်တာ၊ ဒီနေ့လည်လောက်အထိ အလုပ်တွေလဲများနေလို့။” ကုနင်းရှင်းပြလိုက်သည်။

ကျန်းယွေ့ချင် ခုံမှာဝင်ထိုင်ပြီးသည်နှင့် စုန့်နန်က သူ့အတွက်အရက်တစ်ခွက်ငှဲ့ပေးလေသည်။

တကယ်တော့ ကျန်းယွေ့ချင်က ကားပြန်မောင်းရဦးမည်ဖြစ်၍ ဒီညမသောက်ဖို့စိတ်ကူးထားခြင်းဖြစ်သော်လည်း ကုနင်းရောက်နေသည်ကိုမြင်လိုက်သည်နှင့် အစောပိုင်းကအတွေးတွေအားလုံး မေ့ပျောက်သွားတော့သည်။

စုန့်နန်ကတော့ သူ့ခေါင်းကဒဏ်ရာကြောင့် သောက်လို့မရဘဲ အားလုံးနှင့်စကားသာပြောပေးနေသည်။

သူတို့တွေ ဘားမှာအကြာကြီးဆက်မနေခဲ့ကြဘဲ ည၁၁နာရီလောက်မှာပဲ ပြန်ခဲ့ကြသည်။ အားလုံးနည်းနည်းပါးပါးသောက်ထားကြတာကြောင့် ရှုချင်ယင်းက အငှားယာဉ်မောင်းခေါ်ထားလေသည်။

စုန့်နန်က မသောက်ထားတာကြောင့် သူတို့ကိုအိမ်ပြန်လိုက်ပို့ပေးချင်သော်လည်း ကုနင်းကတော့ သူ့ဒဏ်ရာနှင့်အဆင်မပြေမှာစိုး၍ ငြင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် အငှားယာဉ်မောင်းကိုလဲ ခေါ်ထားပြီးနေပေပြီ။

ကျန်းယွေ့ချင်လဲ သောက်ထားတာကြောင့် ကားမမောင်းနိုင်တော့၍ သူ့ကားကို စုန့်နန်၏ဘားတွင် ထားခဲ့ကာ ကုနင်း၏ကားထဲလိုက်ဝင်သွားသည်။ သူနှင့်ကုနင်းတို့နေသည့်နေရာက တူနေသည်ပဲ။

ကုနင်းနှင့်ပေါင်းဖက်ခွင့်မရနိုင်လောက်မှန်း ကျန်းယွေ့ချင် သိနေတာတောင်မှ သူမနှင့်နီးကပ်ခွင့်ရမည့်အခွင့်အရေးတစ်ခုကိုတောင် လက်မလွှတ်ချင်သေးပေ။ ဒါကြောင့် အိမ်ကိုပြန်ဖို့ တက္ကစီမငှားပါဘဲ ကုနင်း၏ကားနှင့်သာ အတူလိုက်ပါခဲ့သည်။

ကုနင်းနှင့်ကျန်းယွေ့ချင်တို့နေထိုင်ရာ အိမ်ရာဝန်းသို့မပြန်ခင် အရင်ဆုံး ကူအန်းနာနှင့် ရှုချင်ယင်းတို့ကို အိမ်ပြန်ပို့ပေးခဲ့သည်။

အိမ်ရာဝန်းအပြင်ဘက်သို့ရောက်ချိန်မှာတော့ ကုနင်းက အငှားယာဉ်မောင်းပြန်လွှတ်လိုက်ကာ သူမကိုယ်တိုင်မောင်းပြီး ဝင်ခဲ့သည်။ သူမလဲ အများကြီးသောက်ထားခဲ့မိပေမည့် မှော်စွမ်းအားရှိနေတာကြောင့် မူးမနေပေ။

ကျန်းယွေ့ချင်ကို သူ့အိမ်တိုင်ရာရောက် ပြန်လိုက်ပို့ပြီးကာမှ လင်ရှောင်းထင်အိမ်သို့ ကုနင်းပြန်ခဲ့သည်။

အိမ်ပြန်ရောက်ချိန်တွင် ည၁၂ခွဲပြီးနေပြီဖြစ်တာကြောင့် သူမဘေးကင်းကင်းပြန်ရောက်ကြောင်း ရှုချင်ယင်းနှင့်ကူအန်းနာတို့ဆီ စာသာပို့လိုက်တော့သည်။

သူမတို့လူစုမခွဲခင်တုန်းက ကုနင်းကို သူတို့ဆီစာပို့ပေးဖို့ ပြောထားကြခြင်းကြောင့်ပင်။

ကုနင်းသည် အားနွဲ့သည့်မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုလျှင်တောင်မှ သူမတို့ကတော့ ကုနင်း၏သူငယ်ချင်းများအနေနှင့် ကုနင်းကိုစိုးရိမ်မိကြတုန်းပင်။

ကုနင်းဆီက စာကိုရရှိကာမှ ကူအန်းနာနှင့်ရှုချင်ယင်းတို့လဲ စိတ်ချလက်ချ အိပ်ရာဝင်နိုင်တော့သည်။

……..

ကုနင်းသည်လဲ ရေမိုးချိုးကာ အိပ်ရာဝင်ခဲ့သည်။

နောက်တစ်နေ့မနက် မနက်စောစောမှာပဲ ကုနင်းအိပ်ရာထကာ မနက်ပိုင်းအပြေးထွက်ခဲ့သည်။

နာရီဝက်မျှပြေးပြီးနောက်မှာတော့ သူမရှေ့ သိပ်မဝေးသည့်နေရာတွင် အဖိုးအိုတစ်ဦး ရုတ်တရက်လဲကျသွားသည်အား မြင်လိုက်ရသည်။ ထိုအဖိုး၏ဘေးမှ နောက်ထပ်အဖိုးကြီးနှစ်ဦးကလဲ ချက်ချင်းရပ်သွားကာ အဖိုးကြီး၏အခြေအနေကို စမ်းသပ်နေကြသည်။

ထိုအချင်းအရာကြောင့် ကုနင်းအချိန်ဆွဲမနေဘဲ ချက်ချင်းပင် ထိုနေရာသို့ပြေးသွားလိုက်တော့သည်။

သတိလစ်သွားသည့်လူမှာ အသက်၆၀လောက်ရှိမည့်အဖိုးကြီးဖြစ်ကာ အခုထိအသက်ရှူနေသေးသည်ကို ကုနင်းခံစားမိပေမည့် အသက်ရှူနှုန်းက အရမ်းကိုဖျော့တော့နေသည်။ ချက်ချင်းသာကုသမှုမခံယူပါက အသက်ဆုံးရှုံးသွားနိုင်သည့် အခြေအနေမျိုးပင်။

ကုနင်းလဲ စွမ်းအင်သလင်းကျောက်တစ်လုံးကိုထုတ်ယူကာ အဖိုးကြီးကို ဆေးတိုက်ဖို့ရန် ဆောင့်ကြောင့်ထိုင်ကာ လက်လှမ်းလိုက်သည်။ သို့သော်လည်း သူမလက်က အဖိုးကြီးနားရောက်ခါနီးမှာပဲ ဘေးနားမှကျန်အဖိုးကြီးနှစ်ဦးက ဝင်တားလာတော့သည်။

“မင်းဘာလုပ်တာလဲ?” အဖိုးကြီးတစ်ဦးက ခက်ခက်ထန်ထန်ပဲ သူမကိုမေးလိုက်သည်။

“ကျွန်မသူကို ကယ်ပေးနေတာ။ ဖယ်နေပါ၊ မဟုတ်ရင် သူအသက်ရှူရပ်သွားလိမ့်မယ်။”

ထိုအဖိုးကြီး ခဏတာကြောင်အသွားလိုက်ပေမယ့် ကုနင်း၏အမူအရာကိုကြည့်ကာ သူမစကားကို ယုံကြည်ခဲ့သည်။

သို့သော်လည်း ကျန်အဖိုးကြီးတစ်ယောက်ကတော့ ကုနင်းကို အပြစ်တင်နေတုန်းပင်။ “မင်းအကြီးတစ်ယောက်ကိုတောင် ကျိန်ဆဲရဲတယ်ပေါ့? လောင်ချောင်က အကောင်းကြီးပဲ!”

ကုနင်း နှာခေါင်းရှုံ့လိုက်ကာ၊ “တကယ်ကောင်းလို့လား? သူအခုပဲ ရုတ်တရက်ကြီး သတိလစ်သွားတာကိုလေ?”

***

အခန်း ၁၀၄၄ အဖိုးကြီးရှ

“မင်း…” ကုနင်းပြောနေတာအမှန်ဖြစ်မှန်း အဖိုးကြီးနားလည်နေတာတောင်မှ လုံးဝမဖယ်ပေးပေ။ ထိုအစား ကုနင်းကိုသာ မေးခွန်းတွေဆက်ထုတ်နေခဲ့သည်။ “သူ့ကို မင်းကဘယ်သူများကူညီနိုင်မှာလဲ? မင်းလက်ထဲမှ သူသေသွားဘယ်နှယ့်လုပ်မလဲ?”

သူထိုစကားကို ပြောနေစဉ် အပြစ်ရှိစိတ်တစ်စုံတစ်ရာကြောင့် အနည်းငယ်ကြောက်လန့်နေရိပ်‌ဖြတ်ပြေးသွားသော်လည်း သိပ်မကြာလိုက်ပါဘဲ မြေပေါ်လဲကျနေသည့်အဖိုးကြီးကို ကုနင်းမကပ်အောင်လုပ်ဖို့ စိတ်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ထိုအဖိုးကြီး၏ပုံစံကိုကြည့်ခြင်းအားဖြင့် ထိုသူက သတိလစ်နေသည့်အဖိုးကြီးချောင်ဒုက္ခရောက်ဖို့ မျှော်လင့်နေခြင်းဖြစ်မှန်း ကုနင်းသိလိုက်ရသည်။

သူမအထင်အတိုင်းပင်။ အဖိုးကြီးရှသည် အဖိုးကြီးချောင်ကို ကူညီပေးလိုစိတ်လုံးဝရှိမနေပေ။ ပိုပြီးသေချာပြောရလျှင်တောင် အဖိုးကြီးချောင် အခုလိုရုတ်တရက်ကြီးလဲကျသွားရတာက သူနဲ့သက်ဆိုင်မှုတစ်ခုခုရှိနေတာပင်!

ထိုလူနှစ်ယောက်ထဲက ဘယ်ဘက်က လူကောင်းမှန်း ကုနင်းမသိသလို အဖိုးကြီးရှက ဘာကြောင့် အဖိုးကြီးချောင်ကို မကူညီပေးချင်မှန်းလဲ ကုနင်းမသိပေမယ့် ဒီပြဿနာထဲ သူမဝင်ပါပြီးနေပြီဆိုမှတော့ သူမရှေ့မှာလူတစ်ယောက်သေသွားတာကို ရပ်ကြည့်မနေနိုင်ပေ။

အဖိုးကြီးချောင်က မကောင်းသည့်လူဖြစ်နေလျှင်တောင်မှ သူ့ကိုတရားဥပဒေအရ အပြစ်ပေးနိုင်သည်။ အဖိုးကြီးချောင်သာ လူဆိုးတစ်ယောက်မဟုတ်လျှင် အခုလို သေဆုံးခွင့်ပြုလိုက်ရခြင်းက အရှက်ရဖွယ်ကိစ္စတစ်ရပ်ဖြစ်သွားပေမည်။

“ဘယ်လိုဆိုးဝါးတဲ့ကိစ္စဖြစ်လာပါစေ ကျွန်မတာဝန်ယူပေးနိုင်တယ်။” ကုနင်း ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်သည်။

“မင်းက တာဝန်ယူပေးနိုင်တယ်? မင်းကိုမင်း ဘာများထင်နေလဲ၊ လောင်ချောင်က ဘယ်သူမှန်းရော မင်းသိလို့လား?” အဖိုးကြီးရှက အထင်သေးစွာဖြင့် ပြန်ပြောလိုက်သည်။

“လောင်ရှ၊ ကောင်မလေးဘာများလုပ်ပေးနိုင်မလဲ ကြည့်လိုက်ကြရအောင်။ သူတကယ်ပဲ လောင်ချောင်ကို ကယ်ပေးနိုင်တာလဲဖြစ်နိုင်တယ်လေ။” အဖိုးကြီးသိက ဝင်ပြောလာသည်။

ကုနင်းပုံစံက အရမ်းယုံကြည်ချက်ရှိနေပုံရတာကြောင့် သူမတစ်နည်းနည်းနှင့် လောင်ချောင်ကို ကူညီပေးနိုင်ဖို့ အဖိုးကြီးသိ မျှော်လင့်နေသည်။

“လောင်သိ၊ မင်းသူ့ကိုတကယ်ကြီးယုံနေတာလား? ငါကတော့ မယုံဘူး။ ငါတို့ လူနာတင်ယာဉ်ပဲမြန်မြန်ခေါ်သင့်တယ်။”

လူနာတင်ယာဉ် ဒီနေရာကိုရောက်လာဖို့ဆို အနည်းဆုံး၅မိနစ်လောက်ကြမည်ဖြစ်ကာ အဖိုးကြီးချောင်ကတော့ ထိုမတိုင်ခင် သေသွားနိုင်သည်။

“ဒါ…” ကုနင်းကကျ လုံးဝသူစိမ်းတစ်ယောက်ဖြစ်နေတာကြောင့် အဖိုးကြီးသိတုံ့ဆိုင်းသွားရသည်။

သို့ပေမည့် ကုနင်းကတော့ အဖိုးကြီးနှစ်ယောက်နှင့်စကားများကာ အချိန်ဖြုန်းမနေနိုင်ပေ။ သူမရှေ့ပိတ်နေကြသည့် အဖိုးကြီးရှနှင့်အဖိုးကြီးသိတို့ကို တိုက်ရိုက်သာတွန်းဖယ်လိုက်ပြီး အဖိုးကြီးချောင်၏ပါးစပ်ထဲ စွမ်းအင်သလင်းကျောက်ကို အမြန်ဆုံးထည့်ပေးလိုက်တော့သည်။ တပြိုင်တည်း သူမ၏မှော်စွမ်းအားတွေကိုပါ အဖိုးကြီးချောင်၏လက်ကောက်ဝတ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ တိုက်ရိုက်ကူးပြောင်းပေးနေလိုက်သည်။

အဖိုးကြီးချောင်၏အခြေအနေက ဆိုးနေတာကြောင့် စွမ်းအင်သလင်းကျောက်တစ်မျိုးတည်းနှင့် သူ့အသက်ကိုမကယ်တင်နိုင်ပေ။

ကျန်အဖိုးကြီးနှစ်ယောက်မှာ ကုနင်းကိုတားမြစ်နိုင်လောက်သည်အထိ မသန်စွမ်းကြတာကြောင့် ဘာမှမတတ်နိုင်ဘဲ ဒေါသသာ ထွက်နေကြတော့သည်။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ?” အဖိုးကြီးရှ အမှန်ကိုဒေါကန်နေပေသည်။ “အကြီးတွေကို ဘယ်လိုတောင်ရိုင်းပြရတာလဲ? မင်းမှာကျင့်ဝတ်မရှိဘူးလား?”

“လောင်ရှ၊ ထားလိုက်ပါတော့။” အဖိုးကြီးသိက ကုနင်းဘာကြောင့် အခုလိုလုပ်ခဲ့မှန်း နားလည်နိုင်သည်။ သူမက အဖိုးကြီးချောင်ကို ကူညီချင်ရုံသက်သက်သာဖြစ်သည်။ လူတစ်ယောက်အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် အချိန်က အရေးအကြီးဆုံးပင်။

“ဘာလို့လဲ? ဒီကောင်မလေး အရမ်းရိုင်းစိုင်းလွန်းတယ်။ သူ လောင်ချောင်ရဲ့ပါးစပ်ထဲ ဘာထည့်လိုက်မှန်း ငါတို့သိတာတောင်မဟုတ်ဘူး!”

အဖိုးကြီးရှက ကုနင်းကိုလုံးဝခွင့်မလွှတ်နိုင်ပေ။ တကယ်တော့ သူ ကုနင်းကိုတားနေရခြင်းမှာ ကုနင်းတွင် အဖိုးကြီးချောင်အားကယ်တင်ပေးနိုင်မည့်အရည်အချင်း အမှန်တကယ်ရှိနေလောက်မှန်း ထင်နေတာကြောင့်ဖြစ်သည်။ အဖိုးကြီးချောင် ပြန်ကောင်းသွားမည့်အဖြစ်ကို ဒီကမ္ဘာပေါ်တွင် သူမမြင်ချင်ဆုံးပင်။

အဖိုးကြီးသိကတော့ လောင်ချောင်အတွက် စိုးရိမ်နေပေမယ့် ကုနင်းက အရမ်းယုံကြည်ချက်ရှိနေတာကြောင့် ယုံကြည်ပေးချင်စိတ်ရှိသည်။

“မဖြစ်ဘူး၊ ငါတို့ရဲကိုအကြောင်းကြားရမယ်။” အဖိုးကြီးရှက ချက်ချင်းဖုန်းကိုထုတ်လိုက်တော့သည်။ ‘ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်မလေးကိုတော့ သေချာပေါက် အပြစ်ပေးရမယ်။’ သို့သော်လည်း သူဖုန်းမဆက်နိုင်ခင်မှာပဲ အဖိုးကြီးသိ၏ စိတ်လှုပ်ရှားသည့်အသံက ဝင်နှောင့်ယှက်လာတော့သည်။

“လောင်ချောင် မျက်လုံးပွင့်လာပြီ! သူသတိရလာပြီ!” အဖိုးကြီးသိက အမှန်ကိုဝမ်းသာနေခြင်းပင်။

“ဘာ?” အဖိုးကြီးသိ၏စကားကြောင့် အဖိုးကြီးရှအံ့ဩသွားသလို စိတ်လဲပျက်သွားတော့သည်။

ဘာလို့လဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာပဲ? ဒီကောင်မလေး လောင်ချောင်ကိုဘယ်လိုဆေးများတိုက်လိုက်တာလဲ? ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး သတိရလာရတာလဲ?

အဖိုးကြီးရှ၏မျက်လုံးများထဲမှ စိတ်ပျက်သွားသည့်အရိပ်အယောင်ကို ကုနင်းအမိအရဖမ်းမိလိုက်သော်လည်း ဘာမှတော့မပြောခဲ့ပေ။ အဖိုးကြီးချောင်နိုးလာသည်နှင့် သူမဘေးဖယ်လေးလိုက်တော့သည်။

အဖိုးကြီးချောင်ကတော့ မူးဝေနေဟဖြင့် သူဘာတွေဖြစ်သွားလဲ မသိခဲ့ပေ။

အဖိုးကြီးချောင် ပြန်သတိရလာသည်နှင့် အဖိုးကြီးရှက ချက်ချင်းကို ဝမ်းသာပျော်ရွှင်သွားသလို ဟန်ဆောင်လိုက်ကာ၊ “လောင်ချောင်၊ မင်းအဆင်ပြေရဲ့လား?”

အဖြစ်အပျက်တွေက သူမျှော်မှန်းထားသလို မဖြစ်သွားတာကြောင့် ကုနင်းကို အရမ်းမုန်းတီးနေတော့သည်။ ‘သူမကြောင့်သာမဟုတ်ရင် အဖိုးကြီးချောင်သေနေလောက်ပြီ!’ ဘာပဲဖြစ်ဖြစ် သူ့ခံစားချက်အစစ်အမှန်ကိုတော့ အဖိုးကြီးရှ ထုတ်ဖော်မပြသရဲပေ။

“လောင်ချောင်? လောင်ချောင်?” အဖိုးကြီးသိက အဖိုးကြီးချောင်ကို ခေါ်ရင်း ထလို့ရအောင် ကူညီပေးနေသည်။

အဖိုးကြီးရှနှင့်အဖိုးကြီးသိတို့၏အသံကိုကြားကာမှ အဖိုးကြီးချောင် အသိစိတ်ပြန်ကပ်နိုင်တော့သည်။ “ဘာ-ဘာတွေဖြစ်သွားတာလဲ?”

‘သူအစောကတင် ပြေးနေခဲ့တာကိုမှတ်မိပါသေးတယ်။’

“မင်းရုတ်တရက်ကြီး မေ့လဲကျသွားတာလေ။”

မေ့လဲကျသွားတယ်? ရုတ်တရက်ကြီးလေ? ဘာလို့လဲ?

အဖိုးကြီးချောင် နားမလည်နိုင်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်အခြေအနေက အမြဲတမ်းကောင်းမွန်နေကာ မနက်ပိုင်းဆို မကြာခဏပြေးလေ့ရှိပြီး ကျန်းမာသန်စွမ်းသူဖြစ်သည်။ ဒါကို ဘယ်လိုကြောင့် ရုတ်တရက်ကြီး မေ့လဲကျသွားရတာလဲ?

“အိုး၊ ဒီမိန်းကလေးက မင်းအသက်ကိုကယ်ပေးခဲ့တာ!” အဖိုးကြီးသိက ကုနင်းကိုညွှန်ပြရင်းပြောလိုက်သည်။

အဖိုးကြီးချောင်လဲ ချက်ချင်းပင် ကုနင်းကိုလှည့်ကြည့်လိုက်ကာ ကျေးဇူးတင်စကားဆိုတော့သည်။

All Chapters