အခန်း (၁၀၄၅-၁၀၄၉)
Vol. 70 Ch. 1045-1049
အခန်း ၁၀၄၅ အဆိပ်
အဖိုးကြီးချောင်၏ကျေးဇူးတင်မှုကို ကုနင်းယဉ်ယဉ်ကျေးကျေးပင် ငြင်းပယ်လိုက်ကာ သူ့လက်ရှိအခြေအနေကိုသာ မေးမြန်းလိုက်သည်။ “လူကြီးမင်းချောင်၊ ရှင့်ရဲ့ကျန်းမာရေးက ပုံမှန်ဆို ဘယ်လိုအခြေအနေရှိလဲပြောပြလို့ရမလား? ရောဂါတစ်ခုခုများရှိလား?”
“မရှိဘူး။ ငါ့ခန္ဓာကိုယ်အခြေအနေက ပုံမှန်ဆို အကောင်းပဲ။ လေ့ကျင့်ခန်းလဲမှန်မှန်လုပ်တယ်၊ ဘာရောဂါမှလဲမရှိဘူး။”
“အွန်… လူကြီးမင်းချောင် မေ့လဲကျသွားတဲ့အချိန်တုန်းက မူမမှန်တဲ့အခြေအနေတချို့ကို ကျွန်မသတိထားမိလိုက်တယ်။ သတိလစ်နေတဲ့အချိန်အတွင်း အသက်ရှူနှုန်းက မြန်မြန်ဆန်ဆန်ပဲကျဆင်းသွားခဲ့တယ်။ ကျွန်မအထင်တော့ ဒီလက္ခဏာမျိုးက အဆိပ်မိလို့ပဲ။”
ထိုစကားကြောင့် အဖိုးကြီးရှ အနည်းငယ်ကြောင်လန့်သွားတော့သည်။ သူ့ရှေ့ကမိန်းကလေး ဒီလောက်ဉာဏ်ထက်လိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။ သို့သော်လည်း ကုနင်းအမှန်တရားကိုပြောနေတယ်ဆိုရင်တောင်မှ အဖိုးကြီးချောင် ဘာသက်သေမှရှာတွေ့လိမ့်မည်ဟုတော့ သူမထင်ပေ။ ဒါကြောင့် သူမကောင်းကြံစည်ခဲ့တာတွေ ပေါ်သွားလိမ့်မည်ကို စိုးရိမ်မနေတော့ပေ။
“အမ်… ကြည့်ရတာ အစာအဆိပ်သင့်တာနဲ့တူတယ်။ လောင်ချောင်၊ ငါတို့ ဆေးရုံကိုသွားပြီး သေချာဆေးစစ်ကြည့်လိုက်တာ ပိုကောင်းမယ်နော်။” အဖိုးကြီးသိက ပြောလိုက်သည်။
တကယ်ပဲ အစာအဆိပ်သင့်ရုံဆိုလျှင်တော့ သာမာန်မတော်တဆမှုမျိုးဖြစ်၍ ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သူတို့တွေ ဘယ်လောက်ပဲသတိကြီးကြီးထားနေပါစေ ဒါမျိုးက ဖြစ်တတ်သေးတာပဲ။ ဒါပေမယ့် တကယ်ရော အစာအဆိပ်သင့်တာဟုတ်ရဲ့လား?
အဖိုးကြီးချောင်၏အတွေးကတော့ မတူပေ။ ဒါကြောင့် စိတ်ထဲမတင်မကျနှင့် ဒေါသထွက်လာမိသော်လည်း ချက်ချင်းတော့ သူ့စိတ်ကိုထုတ်ဖော်မပြခဲ့ပေ။
အဖိုးကြီးချောင်က တုံးအသူမဟုတ်တာကြောင့် ကုနင်း၏ရှင်းပြချက်ကိုနားထောင်ပြီး ဒါက ထင်သလောက် မရိုးရှင်းမှန်း နားလည်နိုင်သည်။ တစ်စုံတစ်ယောက်က သူ့ကိုဆွဲချကာ သူမိသားစုပိုင်ဆိုင်မှုတွေကို လုယူချင်နေမှန်း သူသိထားပြီးဖြစ်သည်။ သို့သော်လည်း ထိုလူဘက်က အခုလို သူ့ကိုတိုက်ရိုက်အဆိပ်ခက်ခဲ့လိမ့်မည်ဟုတော့ မမျှော်မှန်းထားခဲ့ပေ။
လောလောဆယ် သူဘာမှမပြောနိုင်သေးလျှင်တောင်မှ နောက်ကွယ်ကလူကိုသေချာပေါက် ဖော်ထုတ်ဖို့ ဆုံးဖြတ်ထားပေပြီ။
ကုနင်းကတော့ ပြောသင့်တာပြောပြီးပြီဖြစ်၍ ခွင့်တောင်းကာ ထွက်သွားတော့သည်။
ကုနင်းတော်တော်ဝေးဝေးကိုရောက်သွားသည်ကိုကြည့်ရင်း အဖိုးကြီးရှကတော့ သူမကိုပညာပေးရန် စိတ်ထဲတေးမှတ်နေတော့သည်။
……..
ယနေ့မနက်ပိုင်း ကုနင်းအားနေတာကြောင့် အိမ်မှာပဲနေ့လည်စာစားပြီး မွန်းလွဲပိုင်းမှ လုပ်ငန်းစုရုံးချုပ်သို့ သွားကြည့်ဖို့စိတ်ကူးထားသည်။
မနက်စာစားပြီးနောက် အိပ်ခန်းထဲမှာပဲ စာအုပ်ဖတ်ရင်း အနားယူနေခဲ့သည်။
မနက်၉နာရီလောက်မှာတော့ တစ်ယောက်ယောက် အိမ်တံခါးဖွင့်ဝင်လာသည်ကို ကုနင်းကြားလိုက်ရကာ အံ့ဩမိသွားပြီး လင်ရှောင်းထင်များ ပြန်ရောက်လာတာလားဟု တွေးမိသွားတော့သည်။
သို့သော်လည်း သူမအိပ်ခန်းထဲမှထွက်လာချိန်မှာပဲ အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်စကားသံကို ကြားလိုက်ရသည်။
“ဝါး၊ အိမ်ကြီးက ကြီးလိုက်တာ အရမ်းလဲလှတယ်! ငါ့အိမ်ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ!” အမျိုးသမီးတစ်ဦးက ပထမထပ်မှဧည့်ခန်းထဲတွင်ရှိနေကာ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောနေသည်။
ကုနင်းအသံလာရာအတိုင်းလျှောက်သွားကာ အောက်ထပ်သို့ငုံ့ကြည့်လိုက်သည်။
ဧည့်ခန်းထဲတွင် လူသုံးယောက်ရှိလို့နေကာ တစ်ယောက်ကတော့ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားသည့် ငယ်ရွယ်သောအမျိုးသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်ကာ ကျန်တစ်ယောက်သည်တော့ အစောကစကားပြောလိုက်သည့် အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးပင်။
အမျိုးသမီးနှစ်ယောက်လုံးက သန့်ရှင်းရေးဝန်ထမ်းဝတ်စုံများဝတ်ဆင်ထားတာကြောင့် သူတို့တွေ အိမ်သန့်ရှင်းရေးလုပ်ဖို့လာကြမှန်း ကုနင်းသိလိုက်ရသည်။
ဒီနေ့က လင်ရှောင်းထင်၏အိမ်ကို သန့်ရှင်းရေးလုပ်မည့်ရက်ဖြစ်ပုံပဲ။
“မစ္စတာဘန်၊ ဒီအိမ်ကိုဘယ်သူများပိုင်တာလဲ?” အမျိုးသမီးငယ်က အမျိုးသားငယ်ကို သိချင်စိတ်ဖြင့်မေးလိုက်သည်။
“မေးခွန်းတွေမမေးနဲ့။ မင်းအလုပ်ကိုသာ မင်းလုပ်။” မစ္စတာဘန်ဆိုသူကတော့ ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။
အမျိုးသမီးငယ်မှာ ကြောက်ရွံ့သွားကာ ထပ်မမေးရဲတော့သော်လည်း ခပ်တိုးတိုးနှင့်မကျေမနပ်ရေရွတ်လိုက်သေးသည်။ “ရိုင်းလိုက်တာ!”
ထိုအချိန်မှာပဲ ကုနင်းက အောက်ထပ်ကိုဆင်းလာခဲ့တာကြောင့် အားလုံး သူမကိုရှိရာကိုကြည့်လာကြသည်။
သက်လတ်ပိုင်းအမျိုးသမီးသည် ပုံမှန်အတိုင်းသာပြုမူသော်လည်း အမျိုးသမီးငယ်ကတော့ စိတ်ပျက်သွားပုံပင်။ ဒီအိမ်ပိုင်ရှင်ကသာ အမျိုးသားတစ်ဦးဆိုလျှင် ထိုလူကို သူမဆွဲဆောင်ကာ ဒီလှပသည့်အိမ်ကြီးထဲ သူမနေခွင့်ရနိုင်မည်ဖြစ်သည်။
ထိုအမျိုးသမီးငယ် ဤအိမ်သို့ရောက်လာခြင်းမှာ အကြံအစည်အပြည့်နှင့်ပင်။ တကယ်တော့ သူမက လင်ရှောင်းထင်၏အိမ်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးရသူမဟုတ်ဘဲ ပုံမှန်သန့်ရှင်းရေးလုပ်ပေးသည့်လူက ယနေ့အစာအိမ်နာနေတာကြောင့် သူမကကိုယ်စားလာခဲ့တာဖြစ်သည်။
“မစ္စကု၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က သခင်လေးလင်အတွက်အလုပ်လုပ်ပေးနေတဲ့ ဘန်ရှို့ဟန်လို့ခေါ်ပါတယ်။” ကုနင်း၏အလှကြောင့် ဘန်ရှို့ဟန် အံ့ဩသွားခဲ့သော်လည်း သိပ်မကြာလိုက်ဘဲ လေးလေးစားစားနှုတ်ဆက်လာသည်။
ဘန်ရှို့ဟန်သည် အိမ်ကိုထိန်းသိမ်းဖို့တာဝန်ကျသူဖြစ်တာကြောင့် ကုနင်း ဒီမှာလာနေဖြစ်မည့်အကြောင်း လင်ရှောင်းထင်က သူ့ကိုကြိုပြောထားခြင်းဖြစ်သည်။
“မစ္စကု နှောင့်ယှက်မိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ပြန်ထွက်သွားပေးလို့ရပါတယ်၊ မစ္စကု လာစေချင်တဲ့အချိန်မှပြန်ခေါ်လိုက်ပါ။”
“အဆင်ပြေပါတယ်။ ကျွန်မလဲ အိပ်နေတာမှမဟုတ်ဘဲ။”
ဘန်ရှို့ဟန်က သူမကိုသိနေသည့်အတွက် ကုနင်းမအံ့ဩသွားပေ။ သူမဒီမှာလာနေဖြစ်မည့်အကြောင်း လင်ရှောင်းထင်ပြောပြထားခြင်းဖြစ်လောက်မှန်း သိပေသည်။
“ကျေးဇူးတင်ပါတယ်။” ဘန်ရှို့ဟန် ကျေးဇူးတင်လိုက်ကာ သန့်ရှင်းရေးသမားနှစ်ယောက်ကို တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ဖို့ရန် ပြောလိုက်သည်။
ကုနင်းကတော့ အိပ်ခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။ အဓိကအိပ်ခန်းနှင့်စာကြည့်ခန်းကလွဲပြီး ကျန်အခန်းအားလုံးကို သန့်ရှင်းရေးလုပ်နေကြသည်။ သန့်ရှင်းရေးအဖွဲ့က တစ်ပတ်လျှင်တစ်ကြိမ်လာသန့်ရှင်းပေးနေတာကြောင့် အိမ်က အမြဲတမ်း အဆင်သင့်နေလို့ရအောင် သန့်ရှင်းသပ်ရပ်နေတာပင်။
နှစ်နာရီကြာပြီးနောက်မှာတော့ သန့်ရှင်းရေးလုပ်လို့ပြီးကာ ပြန်ထွက်သွားကြသည်။
……..
နေ့လည်၁၂ခွဲမှာတော့ ကုနင်းနေ့လည်စာစားပြီးနောက် ရုံးချုပ်သို့ထွက်လာခဲ့သည်။
လင်ရှောင်းထင်၏အိမ်မှ ရုံးချုပ်သို့သွားဖို့ လမ်းနှစ်လမ်းရှိကာ တစ်လမ်းကတော့ ထန်လုပ်ငန်းစုရှေ့မှဖြတ်သွားရမည်ဖြစ်ပြီး ကုနင်းကလဲ ထိုလမ်းကိုရွေးချယ်ခဲ့သည်။
ထန်လုပ်ငန်း၏အဆောက်အဦးအပြင်ဘက်တွင် ကုနင်း ကားကိုရပ်လိုက်ကာ ကျောက်စိမ်းမျက်ဝန်းဖြင့် အထဲမှအခြေအနေကို ကြည့်ခဲ့သည်။ အဆောက်အဦးအတွင်းပိုင်းကတော့ အရင်အတိုင်းပင်ဖြစ်ကာ မြင်ရုံနှင့်ပင် သူမ၏အမုန်းတရားတွေ ပြန်လည်တောက်လောက်လာစေသည်။
သူမ၏အရင်ဘဝကဆိုလျှင် ဒီလုပ်ငန်းစုကြီးအတွက် သူမတတ်စွမ်းသမျှ အားကုန်စိုက်ထုတ်ကာ လုပ်ဆောင်ပေးခဲ့ရသည်။
ခဏတာကြည့်နေပြီးနောက် ရင်းနှီးနေသည့်လူတစ်ယောက်ကို ကုနင်းမြင်လိုက်ရသည်။ ထိုလူကတော့ ထန်ယရှင်း၏အမေ ကျီယီကျင်းပင်။
ကျီယီကျင်းကိုမြင်လိုက်ရသည်နှင့် သူမ၏မုန်းတီးမှုများပိုမိုပြင်းထန်လာကာ သူတို့တွေကို သေချာပေါက် ပြန်ပေးဆပ်ရအောင်လုပ်မည်ဟု သူမကိုယ်သူမထပ်ခါသတိပေးလိုက်သည်။
***
အခန်း ၁၀၄၆ ယာဉ်ထိန်းရဲတွေလိုက်လာပြီ
ကျီယီကျင်း ကားထဲသို့ဝင်ကာ ထန်လုပ်ငန်းစုကနေထွက်လာတာကြောင့် ကုနင်းလဲ ကျီယီကျင်းကို သင်ခန်းစာပေးလိုက်၍ သူမကားနောက်က လိုက်သွားခဲ့သည်။
သို့သော်လည်း မိနစ်အနည်းငယ်မျှ လိုက်ပြီးနောက်မှာတော့ ကုနင်း၏အာရုံထဲ ပုံရိပ်တစ်ခု ရုတ်တရက်ဝင်လာခဲ့သည်။ ပြိုင်ကားအဖြူလေးတစ်စီးက ဆောက်လုပ်စဲအဆောက်အဦးတစ်ခု၏ အပြင်ဘက်တွင် ရပ်ထားသည်ကိုမြင်လိုက်ရသည်။ ထိုအချိန်မှာပဲ သံသေတ္တာကြီးတစ်လုံး ရုတ်တရက်ပြုတ်ကျလာကာ ပြိုင်ကားအဖြူလေး၏ယာဉ်မောင်းထိုင်ခုံနေရာကို ကျိုးကြေသွားစေခဲ့သည်။
ယာဉ်မောင်းနေရာမှလူ၏မျက်နှာကို ကုနင်းမမြင်လိုက်ရသော်လည်း သေချာပေါက်သေသွားလောက်မှန်းတော့ သိနေသည်။
ကုနင်း၏အာရုံထဲပေါ်လာသမျှ မြင်ကွင်းများသည် အပြင်လောကတွင် အမှန်တကယ်ဖြစ်လာတတ်မြဲဖြစ်တာကြောင့် ဒီတစ်ကြိမ်မြင်ကွင်းကိုလဲ ကုနင်းလျစ်လျူမရှုထားရဲပေ။ ဒါကြောင့် သူမ ကျီယီကျင်းကို ထားခဲ့ကာ ထိုအဆောက်အဦးရှိရာသို့ အမြန်မောင်းလာတော့သည်။
ကံကောင်းစွာပဲ လမ်းတွင်ကားလဲမများခဲ့ပေ။ ကုနင်း ကားကိုတတ်နိုင်သမျှအမြန်ဆုံးမောင်းခဲ့တာကြောင့် လူများ၏ထိတ်လန့်အံ့ဩမှုနှင့် ပြစ်တင်စကားသံများက လမ်းတစ်လျှောက်ကျန်ရစ်ခဲ့တော့သည်။ သိပ်မကြာလိုက်ပါဘဲ သူမကားနောက်သို့ ယာဉ်ထိန်းရဲများလိုက်လာကြတော့သည်။ သို့သော်လည်း ယာဉ်ထိန်းရဲတွေက သူမကားကိုအမှီမလိုက်နိုင်ကြပေ။
သူတို့ဘယ်လောက်ပဲ ဥဩဆွဲနေကြပါစေ ကုနင်းကတော့ အရှိန်ကိုလုံးဝမလျှော့ခဲ့ပေ။
ယာဉ်ထိန်းရဲများမှာ ကုနင်း၏ကားမောင်းစွမ်းရည်အပေါ် တအံ့တဩဖြစ်နေကြပေမည့် ကုနင်း၏မောင်းနှင်ပုံက အလွန်အန္တရာယ်များလှတာကြောင့် ဒေါသလဲထွက်နေကြသည်။
လေးမိနစ်မျှကြာပြီးနောက်တွင်တော့ ကုနင်း သူမအာရုံထဲမှ အဆောက်အဦးရှိရာသို့ ရောက်ရှိသွားကာ အပြင်ဘက်တွင် ရပ်ထားသည့် ပြိုင်ကားဖြူလေးကိုပါ တွေ့လိုက်ရသည်။ ကားထဲမှာတော့ လူငယ်နှစ်ယောက် စကားထိုင်ပြောလို့နေကြသည်။ ကြည့်ရတာ တစ်ယောက်ယောက်ကို စောင့်နေကြသည့်ပုံပင်။
နောက်ထပ်ကားတစ်စီးကလဲ ရပ်ဖို့ကြံနေကာ လွတ်နေသည့်ကားပါကင်ဆီသို့ သွားနေသည်။ ကုနင်းလဲ သူ့လမ်းကြောင်းကို မပိတ်လိုတာကြောင့် ဘေးတွင်သာ ကားကိုချရပ်လိုက်တော့သည်။
သူမရပ်လိုက်သောနေရာတွင် ကားရပ်ခွင့်မပေးထားကာ ဒီလိုရပ်လိုက်တာကာ လမ်းပိတ်သလိုဖြစ်သွားမည်ဆိုသော်လည်း သံသေတ္တာကြီးက အဆောက်အဦးပေါ်ကနေ ကျတော့မလိုဖြစ်နေပြီဖြစ်၍ ကုနင်းအချိန်မရှိတော့ပေ။ ကားရပ်ပြီးသည်နှင့် ကုနင်း ပြိုင်ကားဖြူလေးရှိရာသို့ပြေးသွားကာ ဗန်ပါကိုလက်ဖြင့်ဖိကိုင်လိုက်သည်။
သူမ၏ရုတ်တရက်အပြုအမူကြောင့် ကားထဲမှလူငယ်လေးနှစ်ယောက်မှာ အံ့ဩသွားကြသည်။
“ဟေ့၊ မင်းဘာလုပ်…”
လူငယ်တစ်ယောက်က သူမကိုမေးဖို့လုပ်နေတုန်းမှာပဲ ကားက ရွေ့သွားတာကြောင့် ထိတ်လန့်သွားကြတော့သည်။
ဘုရားရေ၊ သူ(မ)တကယ်ကြီး သူ(မ)လက်နဲ့ ကားကိုရွေ့နေတာလား?
ငါးစက္ကန့်အတွင်းမှာပဲ ပြိုင်ကားဖြူလေးကို နောက်ဖက်နှစ်မီတာလောက်အထိ ကုနင်းရွှေ့လိုက်ကာ သူမလဲ ဘေးကိုကပ်လိုက်သည်။
ကားထဲမှာထိုင်နေစဲဖြစ်သည့် လူငယ်လေးနှစ်ယောက်ကတော့ ကုနင်းဘာကြောင့် ဒီလိုလုပ်လိုက်မှန်း နားမလည်နိုင်ကြသေးပေ။
ထိုအခိုက်အတန့်မှာပဲ အဆောက်အဦး၏၁၀လွှာမှနေ၍ ကြီးမားသည့် သံသေတ္တာကြီးတစ်လုံးပြုတ်ကျလာတော့သည်။ ပြုတ်ကျလာသည့်အရှိန်မှာ အလွန်မြန်ဆန်လှကာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ မြေပြင်နှင့်ထိခတ်သွားပြီး ကျယ်လောင်သံအသံကြီးပေါ်ထွက်လာတော့သည်။
ရုတ်တရက်အသံကျယ်ကြီးကြောင့် အဆောက်အဦးနားမှလူအားလုံး ထိတ်လန့်သွားကြရသည်။
အားလုံးကြည့်လိုက်ချိန် မြေပေါ်ပြန့်ကျဲနေသည့် သံသေတ္တာအပိုင်းအစများကို မြင်လိုက်ရတာကြောင့် အံ့ဩတကြီးဖြင့်နေကြသည်။
ထိုသေတ္တာကြီးက အစောပိုင်းလေးကရှိတင်ရှိနေခဲ့သည့် ပြိုင်ကားဖြူလေး၏ယာဉ်မောင်းနေရာသို့ ကျသွားခဲ့ခြင်းပင်။ အဲ့ဒီကားသာ နောက်ကိုမရွေ့သွားပါက ယာဉ်မောင်းနေရာမှာထိုင်နေတဲ့လူ သေချာပေါက်အစိတ်စိတ်အမွှာမွှာဖြစ်သွားပေမည်။
ဒီလိုနဲ့လူတိုင်း၏အာရုံက ကုနင်းဆီသို့ရောက်ရှိသွားတော့သည်။
ကုနင်းက ဒီလိုတွေဖြစ်လာမှာကိုကြိုသိနေလို့ ဒီလူနှစ်ယောက်ကို လာကယ်ပေးနေသလိုပဲ။
ပြိုင်ကားထဲမှာ လူငယ်နှစ်ယောက်သည်တော့ ကြောက်လန့်လွန်း၍ တုန်ရီနေကြသည်။ ကုနင်းသာ သူတို့ကားကို မရွှေ့ပေးခဲ့ရင် သူတို့တွေ သေသွားနိုင်သည်။
ထိုအချိန်မှာပဲ ကုနင်းနောက်လိုက်နေသည့် ယာဉ်ထိန်းရဲကားများရောက်လာကာ သူမကိုဝိုင်းထားလိုက်ကြတော့သည်။ “မစ္စ၊ မင်းအရှိန်လွန်မောင်းတဲ့အပြင် ရပ်ဖို့အချက်ပြတာကိုလဲ လုံးဝမရပ်ပေးခဲ့ဘူး။ ငါတို့နဲ့ ယာဉ်ထိန်းရဲစခန်းကိုလိုက်ခဲ့ပေးပါ။”
ယာဉ်ထိန်းရဲ၏စကားကြောင့် အနားတွင်ရပ်နေသည့်အမျိုးသားတစ်ယောက်က သူတို့ဆီသို့လျှောက်ကာ ရှင်းပြပေးခဲ့သည်။ “အရာရှိကြီး၊ ကျွန်တော့်အထင် ဒီမိန်းကလေး အခုလိုလုပ်ရတာ အကြောင်းအရင်းရှိလောက်ပါတယ်။ ဟိုးက ကျိုးပဲ့နေတဲ့သံသေတ္တာကြီးကိုတွေ့လား? အဲ့ဒါကြီးက အခုပဲ အဆောက်အဦးပေါ်ကနေပြုတ်ကျလာခဲ့တာ။ ကံကောင်းလို့ ဒီမိန်းကလေးက ဟိုကားဖြူလေးကို ရွှေ့ပေးလိုက်လို့သာ ကားထဲက လူငယ်လေးနှစ်ယောက်အသက်ကို ကယ်လိုက်နိုင်တာ။”
အရေးပေါ်အခြေအနေကြောင့်ဆိုလျှင် ကုနင်း၏အပြစ်ဒဏ်က လျော့သွားနိုင်ပေသည်။
ဘာ? ဒီမိန်းကလေးက ကားကိုရွှေ့ပစ်လိုက်တယ်?
ထိုစကားကြောင့် ရဲအရာရှိ အံ့ဩသွားတော့သည်။ သူကိုယ်တိုင်မြင်လိုက်ခြင်းမဟုတ်တာကြောင့် မယုံနိုင်ကာ သံသယဖြင့်ကြည့်နေတော့သည်။
ထိုအချိန်မှာပဲ ကားထဲမှလူငယ်နှစ်ယောက်လဲ ချက်ချင်းထွက်လာကာ ယာဉ်ထိန်းရဲအနားသို့လျှောက်လာကြသည်။
ကုနင်းက သူတို့အသက်ကိုကယ်တင်ပေးမှတော့ သူတို့ရဲ့အသက်သခင်ဖြစ်သွားပြီဖြစ်၍ သူမကိုပြန်ကူညီပေးသင့်သည်။
လူငယ်နှစ်ယောက်လုံးသည် အသက်နှစ်ဆယ်ကျော်လေးတွေဖြစ်ကြပေမယ့် ကုနင်းကတော့ သူတို့ကိုမသိပေ။
တကယ်တော့ ထိုလူငယ်လေးနှစ်ယောက်ထဲက တစ်ယောက်သည် လင်ရှောင်းထင်၏ ဝမ်းကွဲညီ လင်ရှောက်ရွှမ်းဖြစ်ကာ ကျန်တစ်ယောက်ကတော့ ကျန်းကျုံးယွီ၏မြေး၊ ကျန်းယွေ့ချင်၏ညီ ကျန်းယွေ့နဉ်ဖြစ်သည်။
လင်ရှောက်ရွှမ်းက အစောက ယာဉ်မောင်းနေရာတွင် ရှိနေခဲ့သူပင်။ ကုနင်းသာ သူတို့ကို မကူညီပေးခဲ့လျှင် သူတို့သေသွားနိုင်လောက်သည်။
“ရဲအရာရှိကြီး၊ ကျွန်တော်တို့ သီးသန့်စကားပြောလို့ရမလား?” လင်ရှောက်ရွှမ်းက ယာဉ်ထိန်းရဲအဖွဲ့က ခေါင်းဆောင်ဖြစ်သူကိုပြောလိုက်သည်။ သူရဲ့အရှိန်အဝါကိုက ပုံမှန်အတိုင်းနေလျှင်တောင် မြင့်မားနေတာကြောင့် ယာဉ်ထိန်းရဲက သူ့စကားကိုလျစ်လျူမရှုထားရဲပေ။ ဒါ့အပြင် လင်ရှောက်ရွှမ်းမောင်းသည့် ပြိုင်ကားက ယွမ်သန်းပေါင်းများစွာတန်တာကြောင့် သေချာပေါက် အရမ်းချမ်းသာကာ အင်အားကြီးသည့် မိသားစုမျိုးကဖြစ်နိုင်သည်။ ဒါကြောင့် ရဲအရာရှိကာ သူ့အလိုအတိုင်း သူနှင့်တစ်ဖက်သို့လျှောက်သွားပေးသည်။
လင်ရှောက်ရွှမ်း ဘာလုပ်ချင်နေမှန်း သူနားလည်ပြီးသားပင်။ လင်ရှောက်ရွှမ်းသာ တကယ်ပဲ အာဏာရှိသူဆိုလျှင် သူ့မျက်နှာကိုထောက်ကာ သေချာပေါက် သဘောတူပေးရပေမည်။
***
အခန်း ၁၀၄၇ တစ်ပွဲလောက်အပျော်နွှဲကြမလား?
ယာဉ်ထိန်းရဲများဘက်က လင်ရှောက်ရွှမ်းကို မျက်နှာမပေးချင်ဘူးဆိုလျှင်တောင် သူတို့မှာ ငြင်းဆန်ပိုင်ခွင့်မရှိပေ။ လင်ရှောက်ရွှမ်းက သူတို့ခေါင်းဆောင်ကိုတောင် သူအလိုရှိသလို အမိန့်ပေးနိုင်စွမ်းရှိသည်။
ယာဉ်ထိန်းရဲအရာရှိနှင့် လင်ရှောက်ရွှမ်းတို့အတူထွက်သွားချိန် ကျန်းယွေ့နဉ်က ကုနင်းကို စိတ်ရင်းစိတ်မှန်နှင့် ကျေးဇူးတင်စကားပြောနေခဲ့သည်။ “တွေ့ရတာဝမ်းသာပါတယ် မစ္စ၊ ကျွန်တော်က ကျန်းယွေ့နဉ်လို့ခေါ်ပါတယ်။ အခုလို ကျွန်တော်တို့အသက်ကိုကယ်တင်ပေးခဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။ မစ္စရဲ့နာမည်ကို သိခွင့်ရှိမလား?”
“စိတ်ထဲမထားပါနဲ့။ ကျွန်မတို့ကသူစိမ်းတွေပဲ။ ကျွန်မနာမည်သိထားဖို့ မလိုအပ်ပါဘူး။”
“ဒါဆို အမည်မသိကျေးဇူးရှင်ဖြစ်သွားမှာပေါ့?” ကျန်းယွေ့နဉ် ခပ်ဟဟရယ်ကာပြောလိုက်တာကြောင့် ကုနင်းပြုံးရုံသာ ပြန်ပြုံးပြပြီး ဘာမှမပြောတော့ပေ။
သူနှင့်ခပ်လှမ်းလှမ်းတွင်တော့ လင်ရှောက်ရွှမ်းက ယာဉ်ထိန်းရဲအရာရှိကို သူ့အိုင်ဒီကဒ်ထုတ်ပြလိုက်ကာ “ကျွန်တော့်မိသားစုက မြို့တော်မှာဩဇာရှိတဲ့လင်မိသားစုပါ။ ဒီမိန်းကလေးရဲ့မောင်းနှင်ပုံက မသင့်တော်မှန်း ကျွန်တော်လဲ နားလည်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်အသက်ကိုကယ်တင်ပေးဖို့ အခုလိုလုပ်ခဲ့တာဖြစ်လို့ သူ့ကိုလွှတ်ပေးလိုက်ပါလား။”
လင်ရှောက်ရွှမ်း၏အိုင်ဒီတစ်ခုနှင့်ကို အရာရာဖြေရှင်းနိုင်စွမ်းရှိသည်။
ရဲအရာရှိသည်တော့ အိုင်ဒီကဒ်ကိုမြင်မြင်ချင်း အံ့အားသင့်သွားတော့သည်။ ဒီနေ့ဒီအချိန်ကြီး လင်မိသားစု၏အဓိကမိသားစုဝင်တစ်ယောက်နှင့် တွေ့ခွင့်ရနိုင်လိမ့်မည်ဟု သူတစ်ခါမှမမျှော်မှန်းထားဖူးပေ။ လင်ရှောက်ရွှမ်းကိုယ်တိုင် ဒီပြဿထဲပါဝင်ဖြေရှင်းပေးနေမှတော့ သူ့ဆန္ဒကို ငြင်းဆန်ဖို့မရဲတော့ပေ။
“ဒါပေါ့၊ ရတာပေါ့။” ယာဉ်ထိန်းရဲအရာရှိ ချက်ချင်းပင် သဘောတူပေးလိုက်သည်။
လင်ရှောက်ရွှမ်းသည် အခုမှ အသက်၂၀ကျော်ရုံသာရှိသေးကာ အရာရှိကြီးကတော့ အသက်၃၀ကျော်နေပြီဆိုသော်လည်း လင်ရှောက်ရွှမ်းရှေ့ရှိနေရချိန်မှာတော့ သူအလွန်ရင်တုန်နေမိတုန်းပင်။
“ကျေးဇူးတင်ပါတယ်။” လင်ရှောက်ရွှမ်းသည် ယာဉ်ထိန်းရဲအရာရှိကြီးကို သူ့နောက်ခံသုံးကာ ဖိအားမပေးချင်ပေမယ့် အခုတစ်ကြိမ်ကတော့ ကွာခြားလှသည်။ ကုနင်းဆိုသည်က လောလောဆယ်မှာ သူ့အသက်သခင်ဖြစ်ထားသူပင်။
“မပြောပလောက်ပါဘူး။ သခင်လေးလင်။” အရာရှိကြီးက လေးလေးစားစားပင် ပြန်ဖြေလေသည်။
ထို့နောက် ယာဉ်ထိန်းရဲများထွက်သွားကာ အနားရှိဖြတ်လျှောက်များသည်လဲ လင်ရှောက်ရွှမ်း သာမာန်လူတစ်ယောက်မဟုတ်မှန်း ချက်ချင်းသိသွားကြတော့သည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက သူတို့အသက်ကို အခုလေးတင်ကယ်တင်ပေးခဲ့ခြင်းဖြစ်တာကြောင့် အခုလို သူမအပြစ်ဒဏ်မခံ၇အောင်လုပ်ပေးလိုက်တာက နားလည်ပေးလို့ရသည်။ သူမဘက်ကလဲ ထိခိုက်ပျက်စီးအောင် ပြုလုပ်ထားခြင်းမရှိပေ။
“မစ္စ၊ မင်း ငါတို့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါ့နာမည်က လင်ရှောက်ရွှမ်းပါ၊ မင်းနာမည်ကိုသိခွင့်ရှိမလား?” ဤတစ်ကြိမ်တွင်တော့ လင်ရှောက်ရွှမ်း မေးလာခြင်းဖြစ်သည်။
“ကျွန်မက ကုနင်းပါ။”
လင်ရှောက်ရွှမ်းနှင့် ယာဉ်ထိန်းရဲအရာရှိတို့စကားပြောနေသည်ကို သူမကြားခဲ့ကာ ထိုလူငယ်က လင်ရှောင်းထင်၏ညီဝမ်းကွဲဖြစ်နေတာကြောင့် အံ့ဩသွားရသေးသည်။
လင်ရှောက်ရွှမ်းသည် လင်ယွမ်ကျန်း၏သားဖြစ်မှန်းလဲ ကုနင်းသိပေသည်။ လင်ယွမ်ကျန်းနှင့် လင်ရှောင်းထင်တို့ မရင်းနှီးကြပေမယ့် အဆင်တော့ပြေကြသည်။ ဒါ့အပြင် လင်ရှောက်ရွှမ်းတစ်ဦးကသာ လင်ရှောင်းထင် သူ့မိသားစုအဖြစ် အသိအမှတ်ပြုချင်သည့် ဝမ်းကွဲညီဖြစ်နေသေးသည်။ ဒါကြောင့် ကုနင်းလဲ သူ့ကိုသူစိမ်းတစ်ယောက်လို သဘောထားမနေတော့ပေ။ သူမ လင်မိသားစုနှင့်တရားဝင်တွေ့ဆုံဖို့ကလဲ သိပ်မှမလိုတော့ပဲ။
သို့သော် ကျန်းယွေ့နဉ်ကတော့ သူကိုတော့ ကုနင်းက နာမည်မပြောပြဘဲနေတာကြောင့် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။ ‘ဘာလဲ? လင်ရှောက်ရွှမ်းက သူ့ထက်ပိုချောနေလို့လား?’
ကုနင်း၏နာမည်ကိုကြားလိုက်ရချိန် လင်ရှောင်ရွှမ်း ရင်းရင်းနှီးနှီးသိနေသည်ဟု ခံစားမိပေမည့် ဘယ်လိုမှတွေးမရဘဲ နောက်ဆုံး ကုနင်းဘယ်သူမှန်း မသိခဲ့ပေ။
“မစ္စကု၊ ငါတို့နဲ့လက်ဖက်ရည်တစ်ခွက်လောက် လိုက်သောက်ဖို့အချိန်ရမလား?” လင်ရှောက်ရွှမ်းဘက်က ကမ်းလှမ်းလိုက်သည်။
လင်ရှောက်ရွှမ်း ကုနင်းကို အခုလိုဖိတ်ခေါ်တာက သူမ၏မယုံနိုင်စရာသတ္တိနှင့်ခွန်အားတို့ကို အမှန်တကယ်လေးစားမိခြင်းကြောင့်ဖြစ်ကာ သူမအကြောင်း ပိုသိချင်မိတာလဲပါသည်။
လင်ရှောက်ရွှမ်းသည် ကွန်ဖူးချစ်သူတစ်ယောက်ဖြစ်ကာ လင်ရှောင်းထင် အိမ်ပြန်လာတိုင်းလဲ သူနှင့်လက်ရည်စမ်းဖို့အမြဲတောင်းဆိုနေတတ်သူဖြစ်သည်။
လင်ရှောက်ရွှမ်း၏မျှော်လင့်ချက်အပြည့်ဖြင့်တောင်းဆိုပုံကြောင့် ကုနင်းလဲ သူမဘာမှထွေထွေထူးထူးလုပ်စရာမရှိသည်ကို တွေးမိကာ သဘောတူလိုက်သည်။ “ရတာပေါ့။”
ကုနင်း သဘောတူလိုက်တာကြောင့် လင်ရှောက်ရွှမ်း ပျော်ရွှင်သွားတော့သည်။ “ဒါဆို ထန်ယွင်လက်ဖက်ရည်အိမ်တော်ကို သွားကြတာပေါ့။”
ထန်ယွင်လက်ဖက်ရည်အိမ်တော်အကြောင်း ကုနင်းလဲကြားဖူးသည်။ ထိုနေရာသည် အေးချမ်းသာယာသည့်ပတ်ဝန်းကျင်နှင် အဆင့်အတန်းမြင့်သည့် လက်ဖက်ရည်အိမ်တော်တစ်ခုပင်။
ထန်ယွင်လက်ဖက်ရည်အိမ်တော်ကိုသွားဖို့ရန်အတွက် နှစ်ဖက်လုံး ကိုယ့်ကားထဲကိုယ်ပြန်ဝင်လိုက်ကြသည်။
ကားထဲရောက်ကြချိန်မှာတော့ ရုတ်တရက် ကျန်းယွေ့နဉ်တစ်စုံတစ်ခုကို အမှတ်ရသွားကာ လင်ရှောက်ရွှမ်းကို မေးလာခဲ့သည်။ “ရှောက်ရွှမ်း၊ ငါတို့ မင်းရဲ့ဝမ်းကွဲကျောက်လင်ကို မစောင့်သင့်ဘူးလား?”
“မစောင့်ဘူး။ သူ့ကို ကိုယ့်ဘာသာတက္ကစီငှားပြန်လို့ ဖုန်းဆက်ပြောလိုက်။”
ကျန်းယွေ့နဉ်လဲ မတတ်နိုင်စွာပဲ လင်ရှောက်ရွှမ်းသဘောအတိုင်း လင်ရှောက်ရွှမ်း၏အစ်ကိုဝမ်းကွဲ ယွီကျောက်လင်ကို ဖုန်းဆက်လိုက်ရတော့သည်။
ယွီကျောက်လင် ကျန်းယွေ့နဉ်ဆီမှ ဖုန်းလက်ခံရချိန် သူ့အလုပ်ကိစ္စတွေက မပြီးပြတ်သေးသလို အစောကတင် အပြင်မှာစောင့်နေပေးကြသည့်နှစ်ယောက်က ဘာလို့များ ရုတ်တရက်ကြီး သူ့ကိုထားသွားကြလဲဆိုတာကိုပါ စဉ်းစားမရတော့ပေ။
မကြာခင်မှာပဲ ထန်ယွင်လက်ဖက်ရည်အိမ်တော်သို့ ရောက်ရှိလာကြသည်။
ထန်ယွင်လက်ဖက်ရည်အိမ်တော်သည် အလွယ်ကျယ်ဝန်းကာ ဥယျာဉ်ကြီးတစ်ခု အလယ်တွင်ခြားပြီး အဆောက်အဦးကြီးနှစ်ခုပါဝင်သည့် အနေအထားပင်။
လင်ရှောက်ရွှမ်းက သီးသန့်ခန်းမငှားခဲ့သော်လည်း ရှုခင်းကြည့်အဆောက်အဦးငယ်တစ်ခုတွင် လက်ဖက်ရည်သောက်ဖို့ ရွေးခဲ့တာကြောင့် လှပသည့်ရှုမြင်ကွင်းကို ရှုစားကာ လတ်ဆတ်သောလေကို ရှူရှိုက်နိုင်ပေသည်။
လက်ဖက်ရည်မှာပြီးနောက် လင်ရှောက်ရွှမ်းက စကားစလာသည်။ “မစ္စကု၊ မင်းကို ကုနင်းလို့ပဲခေါ်လို့ရလား?”
“ရပါတယ်။”
“ကုနင်း၊ မင်းသိုင်းပညာလေ့ကျင့်တာ တော်တော်ကြာနေပြီလား? ဘယ်လိုလုပ်များ ဒီလောက်လေးတဲ့ကားကြီးကို ရွှေ့နိုင်ရတာလဲ?” လင်ရှောက်ရွှမ်း လေးစားစိတ်ရောသိချင်စိတ်ဖြင့်ပါ မေးလိုက်သည်။
“အွန်၊ သိုင်းပညာလေ့ကျင့်ဖြစ်တာတော့ တော်တော်ကြာနေပြီ။” ကုနင်းပြန်ဖြေလိုက်သည်နှင့် လင်ရှောက်ရွှမ်း၏နောက်မေးခွန်းက အသင့်စောင့်နေပြန်သည်။ “ဒါဆို ငါတို့အပျော်တစ်ပွဲလောက်ပြိုင်လို့ရလား?”
အခုတော့ သူ့ရည်ရွယ်ချက်အစစ်အမှန်ကိုပြောဖို့ အချိန်ဆွဲမနေတော့ပေ။
“ရတယ်လေ။”
ကိုယ်ခံပညာရပ်ကျွမ်းကျင်မှုအရဆိုလျှင် လင်ရှောက်ရွှမ်းသည် ကုနင်းကို ဘယ်လိုမှမယှဉ်နိုင်တာကြောင့် တကယ်ပဲအပျော်ကစားရုံသာရမည်။ တကယ်တော့ လင်ရှောက်ရွှမ်းသာ ကုနင်းထက်ပိုတော်နေလျှင် ကုနင်း၏အင်အားအပေါ် အခုလိုအံ့ဩမိနေမည်မဟုတ်ပေ။ ကုနင်းအတွက် ပြိုင်ဘက်မဖြစ်နိုင်သည့် ရှုကျင်းချန်တောင်မှ ကားတစ်စီးကိုတွန်းနိုင်သေးသည်။
ဒါကြောင့် လင်ရှောက်ရွှမ်းသည် ရှုကျင်းချန်ကိုတောင်မှ မယှဉ်နိုင်ဟု ပြော၍ရသည်။
***
အခန်း ၁၀၄၈ အပျော်သဘောလား? အစစ်အမှန်ပြိုင်ပွဲလား?
လင်ရှောက်ရွှမ်းကို ကုနင်းအထင်သေးခြင်းမဟုတ်သော်လည်း သူမအမြင်မှာတော့ လင်ရှောက်ရွှမ်းသည် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်သေးပေ။
ကုနင်း၏သဘောတူညီမှုကိုရလိုက်သည်နှင့် လင်ရှောက်ရွှမ်း ချက်ချင်းပင် မတ်တပ်ထရပ်လာတော့သည်။
သူတို့အနားတွင် မြေပြင်လွတ်တစ်နေရာရှိတာကြောင့် သူတို့တွေ အပျော်သဘော တစ်ပွဲလောက်တော့ ပြိုင်နိုင်ပေသည်။
“ညှာတာပေးဖို့လိုသေးလား?” ကုနင်း လင်ရှောက်ရွှမ်းနှင့် မီတာများစွာဝေးသည့်နေရာ ခြားလိုက်ပြီးနောက် မေးလိုက်ခြင်းပင်။
“လုံးဝမလိုဘူး!” ကုနင်း၏အစောပိုင်းကလုပ်ဆောင်ချက်ကြောင့် အားနွဲ့သည့်မိန်းကလေးတစ်ယောက်မဟုတ်မှန်း လင်ရှောက်ရွှမ်းသိသော်လည်း မိန်းကလေးတစ်ယောက်ရှေ့မှာတော့ သူပျော့ညံ့သည့်ပုံစံမျိုးမပြချင်ပေ။
သူတို့တွေ ပြိုင်ပွဲလုပ်မယ်ဆိုမှတော့ အကောင်းဆုံးသာကြိုးစားသင့်သည်။
“ကောင်းပြီလေ။” ကုနင်းပြန်ဖြေလိုက်ပြီးနောက် ပြိုင်ပွဲစတင်တော့သည်။
ကုနင်းသန်မာကြောင်း လင်ရှောက်ရွှမ်းသိတာကြောင့် သူမနှင့်ယှဉ်ပြိုင်ရာတွင် ညင်သာပေးဖို့ရည်ရွယ်ချက်မရှိပေ။
ကုနင်းသည်လဲ လင်ရှောက်ရွှမ်းကို မထိခိုက်စေသ၍ အားနည်းသလိုဟန်ဆောင်ပြမည်မဟုတ်ပေ။
ပြိုင်ပွဲစသည်နှင့် ချက်ချင်းဆိုသလို လင်ရှောက်ရွှမ်း၏လက်သီးချက်က ဝဲပျံလာပေမည့် သူတစ်ချက်လှုပ်ရှားလိုက်သည်နှင့် ကုနင်းက သူ့လက်သီးကို လှမ်းဖမ်းလိုက်နိုင်တာကြောင့် ထိတ်လန့်သွားမိတော့သည်။ အဆိုးဆုံးကတော့ သူ့လက်သီးကို ပြန်တောင်ဆွဲမထုတ်နိုင်ခြင်းပင်။
လင်ရှောက်ရွှမ်းလဲ နောက်ထပ်လက်သီးတစ်ဖက်နှင့် ကုနင်းကို ထပ်ထိုးလိုက်ပြန်ပေမယ့် ထိုလက်သီးသည်လဲ အဖမ်းခံလိုက်ရပြန်သည်။
ဘေးမှာရပ်ကြည့်နေသည့် ကျန်းယွေ့နဉ်သည်တော့ မျက်လုံးအပြူးသားဖြင့် ရှိနေတော့သည်။
လင်ရှောက်ရွှမ်း၏လက်နှစ်ဖက်စလုံးကို ကုနင်းဖမ်းမိသွားပြီဖြစ်၍ သူလဲ ခြေထောက်ကိုသုံးလာကာ ထိုခြေကန်ချက်တွေကို ကုနင်းက တားဆီးနေနိုင်စဲပင်။ ဒါ့အပြင် ကုနင်း၏ခြေထောက်ကို သူကန်မိသွားချိန်မှာတော့ သံတုံးကြီးတစ်တုံးကို ကန်လိုက်မိသလို သူ့ခြေထောက်သာ နာသွားရပြန်သည်။
တကယ်တော့ ကုနင်းအနေနှင့် သူ့ကိုစက္ကန့်ပိုင်းအတွင်း အလဲသိပ်နိုင်သော်လည်း မလုပ်ခဲ့ဘဲ သူကို ပြန်,ပြန်လွှတ်ပေးကာ ဆက်တိုက်ပေးနေခြင်းဖြစ်သည်။
တစ်ပွဲပြီးသည့်နောက် သူနှင့်ကုနင်းကြားမှ ကွာဟချက်မည်မျှကြီးမားကြောင်း လင်ရှောက်ရွှမ်း သိလိုက်ရကာ ကုနင်း၏ကွန်ဖူးပညာက သူ့ထက်များစွာသာလွန်မှန်း နားလည်သွားတော့သည်။
သူ ကုနင်းကိုဘယ်လိုပဲတိုက်ခိုက်ပါစေ ကုနင်းကတော့ သူ့ကိုအမြဲတားဆီးနိုင်နေတာကြောင့် အတော်လေးစိတ်ဓါတ်ကျလာပေမယ့် ဆက်ကြိုးစားကြည့်နေမိတုန်းပင်။
သူတို့တိုက်ခိုက်နေကြသည်ကို ဝန်ထမ်းတစ်ယောက်က သတိထားမိသွားသည်နှင့် သူတို့ကိုတားဖို့ရန် အမြန်ပြေးလာတာကြောင့် သူတို့တွေ အပျော်တမ်းကစားနေကြခြင်းဖြစ်ကြောင်း ကျန်းယွေ့နဉ်ဝင်ရှင်းပြရတော့သည်။
လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့သည် သာမာန်လူများမဟုတ်ကြတာကြောင့် ရန်ဖြစ်နေခြင်းမဟုတ်မှန်း သိကာမှ ဝန်ထမ်းလေးလဲ သက်ပြင်းချနိုင်တော့သည်။
လက်ဖက်ရည်အိမ်တော်ထဲမှ တခြားဧည့်သည်များသည်လဲ သူတို့ပြိုင်ပွဲကို စိတ်ဝင်စားလာကြကာ ကုနင်း၏ကျွမ်းကျင်မှုအပေါ် အံ့ဩမှင်သက်နေမိကြသည်။ တချို့ဆိုလျှင် ပြိုင်ပွဲကိုဗီဒီယိုပင် ရိုက်နေကြသေးသည်။
……..
ပြိုင်ပွဲနေရာနှင့်သိပ်မဝေးသည့် သီးသန့်ခန်းတစ်ခန်းမှာတော့ အမျိုးသားသုံးယောက်ရှိနေကာ မှန်ပြတင်းပေါက်မှတဆင့် လင်ရှောက်ရွှမ်းနှင့်ကုနင်းတို့ကို ကြည့်နေကြသည်။ ထိုအမျိုးသားသုံးယောက်ထဲမှ နှစ်ယောက်သည်က အသက်၄၀လောက်ရှိပြီဖြစ်ကာ ကျန်တစ်ယောက်သည်တော့ ၂၇နှစ်လောက်ရှိပေပြီ။
“ဒီကောင်မလေးရဲ့အရည်အချင်းက မယုံနိုင်စရာပဲ! ဟိုဘက်ကကောင်လေးက လင်မိသားစုကမဟုတ်လား၊ သူလဲ အတိုက်အခိုက်ကောင်းသားပဲ။ ဒါပေမယ့် ကောင်မလေးရဲ့ပြိုင်ဘက်တော့မဟုတ်သေးဘူး။ ငါ့အထင် ဒီကောင်မလေးရဲ့အင်အားက အထူးတပ်ဖွဲ့က စစ်သားတစ်ယောက်လောက်တောင် ရှိလိမ့်မယ်။” မီးခိုးရောင်ရှပ်အင်္ကျီနှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားက ပြောလာသည်။
ထိုလူက လင်ရှောက်ရွှမ်းကို မှတ်မိနေပုံပင်။
“မင်း သူ(မ)နဲ့စကားသွားပြောကြည့်ပါလား? မင်းအဖွဲ့ဝင်အဖြစ် ခေါ်ရင်ခေါ်နိုင်နေမှာ!” နောက်ထပ် သက်လတ်ပိုင်းအရွယ် နက်ပြာရောင်တီရှပ်နှင့်အမျိုးသားက ပြန်ပြောလိုက်သည်။
ထိုအကြံက အတော်လေးကောင်းမှန်း ပထမအမျိုးသားခံစားမိသွားတော့သည်။ “ရနိုင်လောက်တယ်!”
ပြောရင်းဆိုရင် ချက်ချင်းထရပ်ကာ အပြင်သို့ထွက်သွားတာကြောင့် ကျန်သက်လတ်ပိုင်းအမျိုးသားနှင့်လူငယ်တို့လဲ နောက်မှလိုက်ထွက်လာကြသည်။
……
ထိုအချိန် အပြင်ဘက်တွင်တော့ လင်ရှောက်ရွှမ်း အားကုန်သွားကာ အရှုံးပေးလိုက်ပြီဖြစ်သည်။
“ကု-ကုနင်း… မင်း ငါ့ထက်သာပါတယ်။” လင်ရှောက်ရွှမ်း အသက်မနည်းရှူကာ ပြတ်တောင်းပြတ်တောင်းသာပြောနိုင်တော့သည်။ “မင်း ကလေးကတည်းကများ ကွန်ဖူးလေ့ကျင့်ခဲ့တာလား?”
“ဟုတ်တယ်လေ။”
“ဝါး၊ အရမ်းမိုက်တာပဲ၊ ငါတကယ်အံ့ဩသွားတာ!” ကျန်းယွေ့နဉ်ကလဲ သူတို့ဆီပြေးလာခဲ့သည်။
ထိုအချိန်မှာပဲ ကုနင်း၏နောက်မှနေ အမျိုးသားသုံးယောက် သူတို့ဘက်သို့လျှောက်လာသည်ကို လင်ရှောက်ရွှမ်းမြင်လိုက်ရတာကြောင့် ချက်ချင်းပင် လေးလေးစားစားနှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ၊ ဦးလေးဖန်း၊ ဦးလေးလျို့။”
“ဦးလေးဖန်း.. ဦးလေးလျို့…” ကျန်းယွေ့နဉ်လဲ ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။
ကုနင်းလဲ လှည့်ကြည့်လိုက်ကာ သူတို့ကိုမြင်ပြီး အံ့ဩသွားတော့သည်။ “တွေ့ရတာဝမ်းသာပါတယ်။ ဗိုလ်ချုပ်ဖန်း၊ အတွင်းရေးမှူးလျို့။”
ဦးဆောင်လာသည့် ပထမသက်လတ်ပိုင်းအမျိုးသားသည် မြို့တော်အထွေထွေတပ်ရင်း၏ဦးဆောင်သူ ဗိုလ်ချုပ်ကြီး ဖန်းယွင်လုံပင်။
ဒုတိယသက်လတ်ပိုင်းအရွယ်အမျိုးသားသည်တော့ စည်းကမ်းထိန်းသိမ်းရေးဗဟိုကောင်မရှင်၏ဦးဆောင်သူ လျို့ကျန်းဟွာဖြစ်သည်။
“မင်း ငါတို့ကိုသိတာလား?” ကုနင်းက သူတို့ကိုနှုတ်ဆက်လာတာကြောင့် ဖန်းယွင်လုံနှင့်လျို့ကျန်းဟွာတို့ အနည်းငယ်အံ့ဩသွားသော်လည်း သူတို့ဆိုသည်က နိုင်ငံရေးသတင်းဖန်သားပြင်ပေါ်တွင် မကြာမကြာပေါ်လာလေ့ရှိသူများဖြစ်တာကြောင့် အရမ်းတော့ မအံ့ဩမိပေ။
“တီဗီထဲမှမြင်ဖူးရုံပါ။” ကုနင်းပြန်ဖြေလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ?” ဖန်းယွင်လုံက မေးလာခဲ့သည်။ သူ့အရာရှိအဆင့်အတန်းကြောင့် သဘာဝအလျောက်အရှိန်အဝါရှိနေကာ သာမာန်နိုင်ငံသားများ သူနှင့်ရင်ဆိုင်ရလျှင် ဖိအားများကာ ထိတ်လန့်နေကြရမြဲဖြစ်သည်။ လင်ရှောက်ရွှမ်းနှင့် ကျန်းယွေ့နဉ်ပင်လျှင် သူနှင့်မျက်နှာချင်းဆိုင်ရချိန် အနည်းငယ်စိတ်မသက်မသာဖြစ်ရသည်။ သို့ပေမည့် ကုနင်းကတော့ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေခဲ့သည်။ “ကျွန်မနာမည်က ကုနင်းပါ။”
“မင်းအစောက ရှောက်ရွှမ်းနဲ့ ကွန်ဖူးပြိုင်နေတာ ငါတွေ့လိုက်တယ်။ မင်းစိတ်မရှိဘူးဆို ငါနဲ့လဲ တစ်ပွဲလောက်ပြိုင်ပါလား?” ဖန်းယွင်လုံမေးလိုက်သည်။ ဖန်းယွင်လုံသည် အသက်၄၀ပြည့်ပြီးသားဖြစ်သော်လည်း လေ့ကျင့်ပေးခံထားရသည့်စစ်သားတစ်ဦးဖြစ်နေတုန်းပင်။
“ရတာပေါ့!” ကုနင်းသဘောတူလိုက်သည်။ ဒါက သူမအတွက် လေ့ကျင့်ဖို့အခွင့်ကောင်းပဲမဟုတ်လား။
ဖန်းယွင်လုံနှင့်ကုနင်းတို့ လွတ်လွတ်လပ်လပ်ပြိုင်နိုင်စေရန် တခြားလူတွေက ဘေးကိုခွာပေးကြသည်။
“ဗိုလ်ချုပ်ကြီးဖန်း၊ ဒီပွဲကို အပျော်ပဲတိုက်ချင်လား? အစစ်အမှန်တိုက်ချင်လား?”
ဖန်းယွင်လုံသည် သာမာန်စစ်သားတစ်ဦးမဟုတ်တာကြောင့် ကုနင်းကတော့ ထိုလူနှင့် အစစ်အမှန်ပြိုင်ပွဲတစ်ခုသာ ပြုလုပ်ချင်မိသည်။
***
အခန်း ၁၀၄၉ တိုင်းပြည်အတွက် တာဝန်မထမ်းဆောင်ပေးချင်ဘူးလား?
“သေချာပေါက် အစစ်အမှန်တိုက်ရမှာပေါ့။” ဖန်းယွင်လုံ ထိုသို့ပြောလိုက်ပေမည့် ကုနင်းကို သူ့ထက်မသာနိုင်လောက်ဟု တွေးမိတာကြောင့် ပြိုင်ပွဲမှာ သူ့ဘက်က ညှာတာပေးဖို့ ဆုံးဖြတ်ထားတုန်းပင်။
“ဒါဆိုလဲ အဆင်ပြေပါတယ်။” ကုနင်းပြန်ဖြေလိုက်ပြီးနောက် နှစ်ဖက်လုံး တစ်ချိန်တည်း စတင်တိုက်ခိုက်တော့သည်။
နှစ်ဖက်လုံးသည် အတိုက်ခိုက်တွင် ကျွမ်းကျင်သူများဖြစ်တာကြောင့် ကုနင်းနှင့်လင်ရှောက်ရွှမ်းတို့ ပြိုင်တုန်းကနှင့် ပွဲအခြေအနေက လုံးဝကွာခြားသွားခဲ့သည်။
သူတို့တစ်ဖက်နှင့်တစ်ဖက် စတင်တိုက်ခိုက်လိုက်သည်နှင့် ဖန်းယွင်လုံက အားအပြည့်ထည့်မသုံးထားကြောင်း ကုနင်းသတိထားမိသွားကာ ဖန်းယွင်လုံက သူမကို မထိခိုက်စေလိုခြင်းကြောင့် အလျှော့ပေးထားမှန်းလဲ နားလည်လိုက်သည်။
တကယ်တော့ ကုနင်းလဲ အားလျှောေ့းထားတာဖြစ်သည်။ အကြောင်းကတော့ သူမ၏စွမ်းရည်အစစ်ကို မသိသွားစေချင်တာကြောင့်ပင်။
ပြိုင်ပွဲတွင် ဘယ်သူကမှ အောင်နိုင်သူဖြစ်မလာခဲ့ပေ။
အချိန်ကုန်လာသည်နှင့် နှစ်ဖက်တိုက်ခိုက်မှုများသည် အားပိုသုံးလာကြတော့သည်။ တိုက်ပွဲဆိုသည်က ပြင်းထန်လေ ပိုစိတ်လှုပ်ရှားဖို့ကောင်းသည့်အမျိုးဖြစ်သည်။ ဘေးမှရပ်ကြည့်နေကြသူများသည်လဲ အားပေးအားမြှောက်လုပ်နေကြကာ တချို့ကတော့ ဗီဒီယိုမှတ်တမ်းရိုက်ကူးနေကြသည်။
အချိန်အတော်ကြာလာသည်အထိ ကုနင်းကို မထိန်းချုပ်နိုင်သေးတာကြောင့် အဆုံးမှာတော့ ကုနင်းက သူ့ထက်ပိုသာနေသည့်အချက်ကို ဖန်းယွင်လုံ အံ့ဩဖွယ်သိရှိသွားတော့သည်။
ကုနင်းသည် သူ့အမြင်မှာတော့ အလွန်ငယ်ရွယ်သည့် ဉာဏ်ကြီးရှင်တစ်ယောက်လိုပင်။
ဘေးလူများကတော့ ကုနင်း အခုလို ကိုယ်ခံပညာပြိုင်ပွဲတွင် ဖန်းယွင်လုံကိုတောင် အကျောမပေးဘဲ အချိန်အကြာကြီး အပြိုင်တိုက်ခိုက်နိုင်သည်အထိ သန်မာလိမ့်မည်ဟု မမျှော်လင့်ထားကြဘဲ အခုတော့ သူမကိုအလွန်အထင်ကြီးနေကြတော့သည်။
“ရှောက်ရွှမ်း၊ ဘယ်သူနိုင်လိမ့်မယ်လို့ မင်းထင်လဲ?” ကျန်းယွေ့နဉ် သိချင်စိတ်ဖြင့်မေးလိုက်သည်။
“မပြောတတ်ဘူး။” တကယ်ကိုပြောရခက်တာကြောင့် လင်ရှောက်ရွှမ်းလဲ မဖြေနိုင်ပေ။
လျို့ကျန်းဟွာသည်လဲ သူ့ဘေးတွင် ရပ်နေသည့် လူငယ်လေးကိုမေးလာခဲ့သည်။ “လေ့ထင်၊ မင်းရောဘယ်လိုထင်လဲ?”
“ပြိုင်ပွဲမပြီးမချင် ရလဒ်ကိုမသိနိုင်ပါဘူး။” လေ့ထင် ပြန်ဖြေလိုက်သည်။ တကယ်တမ်း သူ့စိတ်ထဲမှာတော့ ကုနင်းဘက်က ပိုပြီးအနိုင်ရနိုင်ချေပိုများသည်ဟု တွေးထားတာပင်။
ဖန်းယွင်လုံနားရှိနေနိုင်မှတော့ လေ့ထင်သည် သာမာန်လူတစ်ယောက်ဟုတ်မနေတော့ဘဲ အထူးတပ်ဖွဲ့မှ ထိပ်တန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေသည်။ ဒါကြောင့် ကုနင်းဘယ်လောက် ကျွမ်းကျင်ပြီး အင်အားကောင်းလဲ သူမြင်နိုင်နေခြင်းဖြစ်သည်။
လေ့ထင်သည် အတိုက်ခိုက်တွင် ဖန်းယွင်လုံထက် အနည်းငယ်မျှပိုကောင်းသော်လည်း သူတောင် ကုနင်းကို အနိုင်ယူနိုင်ပါမည်ဟု ယုံကြည်ချက်မရှိပေ။
ဘေးမှကြည့်နေကြသည့် လူအုပ်ထဲမှ လူတချို့သည် ဖန်းယွင်လုံနှင့် လျို့ကျန်းဟွာကို မှတ်မိနေကြသည်။ ဖန်းယွင်လုံသည် စစ်တပ်ထဲမှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်မှန်းသိတာကြောင့် သူ့ဘေးတွင် လေးလေးစားစားနှင့် ရပ်ကြည့်နေခဲ့ကြခြင်းပင်။ သို့ပေမယ့် အခုတော့ ကိုယ်ခံပညာပြိုင်ပွဲတွင် ကုနင်းက ဖန်းယွင်လုံနှင့်တောင် ယှဉ်ပြိုင်တိုက်ခိုက်နေနိုင်တာကြောင့် သူတို့အားလုံး မအံ့ဩမိဘဲမနေနိုင်တော့ပေ။
“ဒီမိန်းကလေး အံ့ဩဖို့ကောင်းလိုက်တာ!”
“ဘာပဲဖြစ်ဖြစ် မိန်းကလေးငယ်လေးပဲကို။ ဗိုလ်ကြီးဖန်းက အတော်လေးညင်သာပေးထားတာပဲဖြစ်မယ်။”
“ဟုတ်လောက်တယ်။”
နောက်ဆုံး ဖန်းယွင်လုံ ဘယ်လောက်ပဲအကောင်းဆုံးကြိုးစားပါစေ အနိုင်ရနိုင်နေချမရှိဘဲဖြစ်နေတာကြောင့် ကုနင်း သူ့ထက်ပိုသာမှန်း လက်ခံသွားတော့သည်။
တဖက်က ကုနင်းသည်လဲ ဖန်းယွင်လုံ၏စွမ်းရည်အပေါ် သေချာနားလည်သွားခဲ့သည်။ ဖန်းယွင်လုံသည် ရှုကျင်းချန်နှင့် အဆင့်အတူတူပင်ဖြစ်ကာ သူမအတွက် ပြိုင်ဘက်မဟုတ်ပေ။
ဖန်းယွင်လုံ အရှက်ရသွားမည်စိုးတာကြောင့် ကုနင်း သူမ၏တကယ့်အင်အားအပြည့်ကို ထုတ်မသုံးခဲ့ပေ။
ဘေးလူများအမြင်တွင်တော့ ဘယ်သူကပိုသာမှန်းမမြင်နိုင်သော်လည်း လေ့ထင်ကတော့ မြင်နိုင်တာကြောင့် ကုနင်း၏ကျွမ်းကျင်မှုအပေါ် ထိတ်လန့်အံ့ဩနေတော့သည်။
ဒါ့အပြင် ကုနင်းက ဖန်းယွင်လုံ၏ဂုဏ်သိက္ခာကိုထောက်ထားကာ အင်အားအပြည့်မသုံးထားကြောင်းလဲ သူတစ်နည်းတစ်ဖုံဖြင့် ခံစားနေမိသည်။
ဖန်းယွင်လုံ အနိုင်မရရှိခဲ့တာတောင်မှ စိတ်မဆိုးဘဲ ကုနင်းကိုပိုတောင် သဘောကျမိသွားကာ ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလောက်အရည်အချင်းရှိနေသည့်အပေါ်လဲ အံ့ဩမနေမိသည်။
ယှဉ်ပြိုင်တာလုံလောက်ပြီဟု ကုနင်းထင်မိသည်နှင့် ပွဲကိုရပ်လိုက်တော့သည်။
တကယ်တော့ ဖန်းယွင်လုံသည် ရှုံးနိမ့်သွားမည်ကို အနည်းငယ်စိတ်ထဲထားနေသော်လည်း လက်ခံနိုင်စွမ်းရှိပေမည့် ကုနင်းက သူမစိတ်သူမသဘောနှင့် အရင်ဦးစွာ ပြိုင်ပွဲကိုအဆုံးသတ်ပေးလာတော့လဲ သူ့စိတ်ကိုပိုသက်သာစေတာပေါ့။
“မင်းကောင်းကောင်းလုပ်ခဲ့တာပဲ၊ ကောင်မလေး!” ဖန်းယွင်လုံ ကုနင်းကို ချီးကျူးလိုက်သည်။
“ကျေးဇူးတင်ပါတယ်။” ကုနင်းပြုံးပြလိုက်ပေမည့် စိတ်လှုပ်ရှားနေခြင်းတော့မရှိပေ။
“ကုနင်း၊ မင်းစစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ချင်လား? ငါတို့တွေက မင်းလိုလူမျိုးကို လိုအပ်နေတာ။ မင်းသာ တပ်ထဲရောက်ရင် အောင်မြင်မှုတွေအများကြီးရနိုင်မယ်လို့ ငါတော့ယုံကြည်တယ်။” ရုတ်တရက်ဆိုသလို ထိုစကားစပြောလိုက်သည်နှင့် ဖန်းယွင်လုံ၏အမူအရာက တည်ကြည်လေးနက်သွားသည်။
ဖန်းယွင်လုံ၏စကားကြောင့် ကုနင်းမအံ့ဩသွားသော်လည်း လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့ကတော့ အတော်လေးအံ့ဩသွားကြသည်။ ဖန်းယွင်လုံ၏သဘောကျမှုကိုခံရတဲ့ဘယ်သူမဆို သူတို့၏တပ်ထဲမှအနာဂါတ်မှာ မှေးမှိန်သွားတော့မည်မဟုတ်ပေ။ သို့သော်လည်း ကုနင်း၏အဖြေက သူတို့ကိုပိုတောင် ထိတ်လန့်သွားစေခဲ့သည်။
“စိတ်မကောင်းပေမယ့် ကျွန်မတပ်ထဲဝင်ဖို့စိတ်မဝင်စားပါဘူး။ ကျွန်မက စီးပွားရေးလုပ်ရတာကို ပိုသဘောကျတယ်၊ ပြီးတော့ ကျွန်မက အခုမှ အထက်တန်းကျောင်းသူပါ။” ကုနင်းက ချက်ချင်းပင် ဖန်းယွင်လုံ၏ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်လေသည်။
ကုနင်း၏ငြင်းဆိုချက်ကြောင့် ဖန်းယွင်လုံလဲ အံ့ဩသွားရသည်။ ကုနင်း အခုမှအထက်တန်းကျောင်းသူသာဖြစ်နေဦးမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူမက အတော်လေးငယ်နေသေးပေမယ့် သူမရဲ့အပြုအမူတွေကတော့ အရွယ်ရောက်ပြီးရင့်ကျက်သည့်အမျိုးသမီးတစ်ဦးအတိုင်းပင်။
ကုနင်း သူ့ကိုငြင်းလိုက်သော်လည်း ဖန်းယွင်လုံကတော့ လက်မလျှော့ချင်သေးပေ။ “မင်းစစ်တပ်ထဲဝင်ပြီး ငါတို့တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ပေးလို့ရတယ်လေ။ ဘာလို့မလုပ်ချင်ရတာလဲ?”
ထိုသို့ဖိအားပေးလာမှုအတွက် ကုနင်းထိတ်လန့်သွားခြင်းမရှိဘဲ ပြန်လည်ငြင်းဆိုနိုင်တုန်းပင်။ “အခုက စစ်ပွဲကာလလဲမဟုတ်ဘူး။ ပြီးတော့ ကျွန်မတို့တိုင်းပြည်အတွက် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်လဲ တာဝန်ထမ်းဆောင်နိုင်ပါတယ်။”
“ဒီအကြံကမကောင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တပ်အင်အားပိုပြီးအရေးပါတယ်။”
ကုနင်းလဲ ထိုစကားကိုတော့ လက်ခံသည်။ လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသူနိုင်ငံသားများနှင့် အကြမ်းဖက်မှုမဖြစ်ပွားစေရန် ကာကွယ်ပေးဖို့ သန်မာအားကောင်းသည့်တပ်အင်အားလိုအပ်သည်။
“ဗိုလ်ကြီးဖန်း၊ ကျွန်မကို တပ်ထဲဝင်ဖို့ဖိအားပေးနေတာလား?” ကုနင်း၏မျက်နှာက တည်ငြိမ်သွားသလို ဖန်းယွင်လုံကိုဖိအားပေးဖို့ရန် သူမ၏မှော်စွမ်းအားကိုပါ ထုတ်သုံးလိုက်သည်။
ကုနင်း၏အရှိန်အဝါကြောင့် လူတိုင်းအံ့ဩသွားကြတော့သည်။
“တကယ်လို့ ငါဖိအားပေးနေတာဆိုရင်ရော?” ဖန်းယွင်လုံ ပြန်မေးလိုက်သည်။
“ဒါဆိုလဲ တစ်စုံတစ်ယောက်ခွင့်ပြုပေးဖို့ မေးကြည့်လိုက်ပါ။” ကုနင်း၏အပြုံးက ပြန်ပေါ်လာခဲ့သည်။
“ဘယ်သူ့ဆီကလဲ?”
***