အခန်း (၁၀၅၀-၁၀၅၆)
Vol. 70 Ch. 1050-1056
အခန်း ၁၀၅၀ ကုနင်း၏စီးပွားရေးအင်ပါယာ
ထိုအချိန်မှာပဲ ကုနင်းဘာမှပြန်မပြောရသေးခင် သူမဖုန်းက တိုက်တိုက်ဆိုင်ဆိုင် မြည်လာခဲ့သည်။ ဖုန်းသံက လင်ရှောင်းထင်အတွက် သီးသန့်ထည့်သွင်းထားသည့်အသံဖြစ်နေတာကြောင့် ဖုန်းသံကြားရုံနှင့် ဘယ်သူခေါ်မှန်း ကုနင်းသိလိုက်သည်။ ဖန်းယွင်လုံ ခွင့်ပြုချက်တောင်းရမယ့်လူကတော့ လင်ရှောင်းထင်ပင်ဖြစ်သည်။
“တိုက်ဆိုင်လိုက်တာ! သူဖုန်းဆက်လာပြီ။ ဖုန်းဖြေခွင့်ပြုပါဦးနော်။”
“ရတာပေါ့။” ဖန်းယွင်လုံလဲ တစ်ဖက်လူက ဘယ်သူလဲသိချင်နေတာကြောင့် ချက်ချင်းသဘောတူလိုက်သည်။
ကုနင်း ဖုန်းကိုင်လိုက်ပြီးသည်နှင့်၊ “ဟိုင်း၊ တာဝန်ပြီးသွားပြီလား?”
“အွန်း၊ မင်းအခုဘယ်မှာလဲ?” လင်ရှောင်းထင်မေးလိုက်သည်။
ကုနင်း အခု မြို့တော်ရောက်နေကြောင်း လင်ရှောင်းထင်ကို စာပို့ပြောထားပြီးဖြစ်တာကြောင့် လင်ရှောင်းထင် လေယာဉ်ပေါ်က ဆင်းသည်နှင့် ထိုစာကိုဖတ်ခဲ့တာဖြစ်သည်။
“ကျွန်မအခု ထန်ယွင်လက်ဖက်ရည်အိမ်တော်မှာ။ ရှင်ရော?”
“ကိုယ် မိနစ်၂၀လောက်နေရင် အရောက်လာခဲ့မယ်။” လင်ရှောင်းထင်ရောက်နေသည့်နေရာက ထန်ယွင်လက်ဖက်ရည်အိမ်တော်နှင့်သိပ်မဝေးပေ။
“ကောင်းပြီလေ။” ကုနင်းပြန်ဖြေလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
ထို့နောက် ဖန်းယွင်လုံဘက်ကို ပြန်လှည့်သွားကာ၊ “ဗိုလ်ကြီးဖန်းခွင့်ပြုချက်တောင်းဖို့လိုတဲ့လူက အခုလာနေပြီ။ သူ့ကိုစောင့်ပေးချင်လား?”
“ကိစ္စမရှိဘူး၊ စောင့်နိုင်တယ်။” ဖန်းယွင်လုံ သဘောတူလိုက်သည်။ သူလဲ အခုချက်ချင်းလုပ်ရမည့် ကိစ္စထွေထွေထူးထူးမှ ရှိမနေဘဲ။
ဖန်းယွင်လုံက သူငှားထားသည့် သီးသန့်ခန်းမှာလာထိုင်ကြရန် ကုနင်းနှင့်တခြားလူများကို ဖိတ်လိုက်သည်။
လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့မှာ မသက်မသာဖြစ်နေသော်လည်း ကုနင်းကတော့ ပုံမှန်လို အေးအေးဆေးဆေးပင်။
တကယ်တော့ လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့လဲ ကုနင်းပြောသည့်လူက ဘယ်သူလဲ အရမ်းသိချင်နေကြပေမယ့် အခုလိုချိန်မှာ သွားပေးဖို့က မသင့်တော်လှပေ။
…..
ကုနင်းနှင့်ဖုန်းပြောပြီးသည်နှင့် သခင်ကြီးလင်ကို လင်ရှောင်းထင် ဖုန်းဆက်ခေါ်လိုက်သည်။
“ဟိုင်း၊ အဖိုး။”
“မင်းအခုမြို့တော်ကိုပြန်ရောက်နေပြီလား?”
“ဟုတ်ကဲ့။”
“ကောင်းတယ်။ ညနေကျရင် ကောင်မလေးကုကိုခေါ်ပြီး အိမ်မှာညစာလာစားကြ။”
“ကျွန်တော် သူ့ကိုအရင်မေးကြည့်လိုက်ဦးမယ်။”
“သူကိုယ်တိုင် ငါ့ဆီလာလည်ပါမယ်လို့ကတိပေးထားပြီးသား၊ ဒီတော့ ဒီညနေ ငါနဲ့ညစာစားဖို့ သေချာပေါက်လာခဲ့!”
“ဘာပဲဖြစ်ဖြစ် သူ့အမြင်ကို ကျွန်တော်အရင်မေးကြည့်ရဦးမယ်။ ညနေပိုင်း သူအလုပ်များနေရင်ဘယ်လိုလုပ်မလဲ?” လင်ရှောင်းထင်ကတော့ အလျှော့မပေးပေ။
ထိုစကားကြားကာမှ ကုနင်းသည် အောင်မြင်နေသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သခင်ကြီးလင်အမှတ်ရသွားကာ သူ့ဘက်ကပဲ အလျှော့ပေးလိုက်ရတော့သည်။ “ကောင်းပြီ။ ညနေပိုင်း သူ့မှာအချိန်ရှိလားလို့ သွားမေးလိုက်။”
“မေးလိုက်ပါ့မယ်။” လင်ရှောင်းထင်ပြန်ဖြေကာ ဖုန်းချလိုက်သည်။
………
သီးသန့်ခန်းထဲရောက်သည်နှင့် ဖန်းယွင်လုံက ကုနင်းကိုမေးခွန်းတွေစမေးနေတော့သည်။ “ကုနင်း၊ မင်းက စီးပွားရေးလုပ်ရတာ သဘောကျတယ်လို့ ပြောတယ်မလား? အဲ့ဒီအကြောင်း မင်းဘယ်လောက်သိထားလဲ? အမြတ်ကောင်းကောင်းရတဲ့ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ဆိုတာ မလွယ်ဘူးနော်။ မင်းမှာ အဆက်အသွယ်ကောင်းတွေရှိထားမှရမှာ။”
ကုနင်းသည် အထက်တန်းကျောင်းသူလေးသာဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို သူမ မဦးစီးနိုင်လောက်ဟု ဖန်းယွင်လုံတွေးနေခြင်းပင်။
အခန်းထဲမှ တခြားလူများပင်လဲ ထိုသို့အတွေးမျိုးရှိနေကြသည်။
ဘာပဲဖြစ်ဖြစ် ဖန်းယွင်လုံပြောလိုက်တာက အမှန်တရားပဲ။
ကုနင်းပြုံးသာပြုံးလိုက်ကာ၊ “ဒါပေါ့၊ စီးပွားရေးတစ်ခုကို ဘယ်လိုဦးစီးရမလဲဆိုတာနဲ့ပတ်သတ်ပြီး ကျွန်မနည်းနည်းပါးပါးပဲသိပါတယ်။ ဒါပေမယ့် ကျွန်မက ဘော့စ် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူအဖြစ်နေပြီး ကျွန်မအတွက် အလုပ်လုပ်ပေးနိုင်မယ့် အရည်အချင်းရှိသူတွေကို ငှားနိုင်သေးတယ်လေ။”
“သူတို့တွေ အကောင်းဆုံးလုပ်ကိုင်ပေးပြီး မင်းအပေါ် သစ္စာရှိပါ့မယ်လို့ ဘယ်လိုလုပ်သေချာပြောနိုင်နေတာလဲ?”
“တကယ်တော့ ကျွန်မလဲ ဗိုလ်ကြီးကို ဒီမေးခွန်းပဲမေးချင်နေတာ။ ကျွန်မ ဗိုလ်ကြီးအပေါ် သစ္စာမရှိနိုင်မှာ မစိုးရိမ်ဘူးလား?”
ဖန်းယွင်လုံ တစ်စက္ကန့်မျှကြောင်အသွားကာ ဘယ်လိုပြန်ပြောရမလဲ မသိတော့ပေ။ ကုနင်းမှာ ဒီလိုတစ်ဖက်လူကို ပြန်ချောင်ပိတ်နိုင်တဲ့အရည်အချင်းမျိုးရှိနေတာကြောင့် အံ့ဩသွားရသည်။
ဖန်းယွင်လုံ၏အမူအရာကြောင့် လျို့ကျန်းဟွာတောင် ရယ်ချင်သွားတော့သည်။
သူလဲပဲ ဒီလိုထူးချွန်လှတဲ့မိန်းကလေးကို အထူးတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ် ဖန်းယွင်လုံ သွင်းနိုင်ဖို့မျှော်လင့်ပေမယ့် ကုနင်းကို အတင်းအကျပ်တော့ တပ်ထဲမဝင်စေလိုပေ။
“မင်း ဒီလိုချောင်ပိတ်နိုင်စွမ်းရှိမယ်မှန်း မသိလိုက်ဘူး!” နောက်ဆုံး ဖန်းယွင်လုံ ဒီစကားကိုသာ တုံ့ပြန်နိုင်တော့သည်။
“ဟ-ဟ၊” ကုနင်း ခပ်ဟဟသာရယ်လိုက်သည်။
ဖန်းယွင်လုံလဲ ခေါင်းတငြိမ်ငြိမ်နှင့် စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။
“ကောင်မလေးကု၊ မင်းဘယ်လိုနယ်ပယ်ထဲဝင်ချင်လဲ?” လျို့ကျန်းဟွာမေးလိုက်ခြင်းပင်။
“လက်ဝတ်ရတနာ၊ ရှေးဟောင်းပစ္စည်းလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်၊ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာ၊ ဖျော်ဖြေရေးလုပ်ငန်း၊ အသားအရေထိန်းအလှကုန်လုပ်ငန်း၊ အဲ့လိုမျိုးတွေပေါ့။ အဲ့လိုနယ်ပယ်တွေကိုသဘောကျတယ်။”
အခုချိန်မှာ ထိုထဲမှတချို့သောနယ်ပယ်တွေကို ကုနင်းဝင်ရောက်ပြီးဖြစ်သော်လည်း သူတို့ကတော့ သူမရည်မှန်းချက်ကိုပြောနေသည်ဟုသာ သတ်မှတ်ကြသည်။
“မင်းတကယ်ကိုရည်ရွယ်ချက်ကြီးတာပဲ! အားလုံးကို စီမံနိုင်ပါ့မလား? မင်းတစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကိုရိုက်ချဖို့ကြံနေသလိုပဲနော်။” ဖန်းယွင်လုံပြောလိုက်ခြင်းပင်။
ကုနင်းသည် ကိုယ်ခံပညာတွင် အမှန်တကယ်ကိုအရည်အချင်းရှိသော်လည်း စီးပွားရေးကိုပါ ကောင်းမွန်စွာလုပ်ကိုင်နိုင်စွမ်းရှိမည်ဟုတော့ သူမထင်မိပေ။
“ကျွန်မနားလည်ပါတယ်။ တကယ်တော့ အဲ့ဒီနယ်ပယ်တွေအားလုံးကို ကျွန်မဖောက်ဝင်ပြီးသားပါ။” ကုနင်းအပြုံးလေးဖြင့်သာ ပြန်ဖြေလေသည်။
“ဘာပြောလိုက်တယ်?”
ထိုစကားကြောင့် အားလုံးထိတ်လန့်သွားကြတော့သည်။
“အားလုံးကြားကြတဲ့အတိုင်းပါပဲ။”
သို့ပေမယ့် ဘယ်သူကမှ သူတို့ကြားလိုက်တာအစစ်အမှန်ဟု မယုံနိုင်ကြပေ။
ဒါသာ တကယ်အမှန်တရားဆို ကုနင်းအရမ်းချမ်းသာတာပေါ့!
“မင်းကုမ္ပဏီတွေရဲ့နာမည်ကဘာတွေလဲ?” ဖန်းယွင်လုံ ပြန်မေးလိုက်သည်။
“JadBeautyလက်ဝတ်ရတနာလုပ်ငန်း၊ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၊ ခိုကျီ၊ ကိုလိန်း နဲ့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းတွေကတော့ မြို့တော်မှာရှိတဲ့ ကျွန်မရဲ့နာမည်ကြီးကုမ္ပဏီတေါပဲ၊ တချို့ကတော့ တခြားမြို့တွေမှာ။”
“မင်းက ဒီလုပ်ငန်းတွေအားလုံးရဲ့ဘော့စ်ပေါ့?” ထိုကုမ္ပဏီများသည် ဤရက်များအတွင်း မြို့တော်တွင် နာမည်ကြီးကာ အောင်မြင်နေသည့်ကုမ္ပဏီများဖြစ်တာကြောင့် လျို့ကျန်းဟွာ အလွန်အံ့ဩသွားတော့သည်။
ဖန်းယွင်လုံကတော့ ထိုကုမ္ပဏီများအကြောင်း များများစားစားမသိသော်လည်း လျို့ကျန်းဟွာ၏အမူအရာကိုမြင်ရုံဖြင့် အလွန်လွှမ်းမိုးမှုရှိလောက်မည်မှန်း သိလိုက်သည်။
***
အခန်း ၁၀၅၁ အဲ့လူက လင်ရှောင်းထင်ဖြစ်နေတယ်
“ကုနင်း၊ ကုနင်း၊ ဒီနာမည်ကြားပြီး တော်တော်လေးရင်းနှီးသလိုခံစားနေရတာ မဆန်းတော့ပါဘူး! မင်းက JadeBeautyလက်ဝတ်ရတနာ၊ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၊ ကိုလိန်း၊ ခိုကျီနဲ့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ ပိုင်ရှင်ပဲ!” လင်ရှောက်ရွှမ်း အံ့ဩတကြီးဖြင့်အမှတ်ရသွားတော့သည်။ ကျန်းယွေ့နဉ်သည်လဲ ကုနင်း၏ကုမ္ပဏီများကိုသိပြီး အလွန်အံ့ဩနေတော့သည်။
ဒါတောင် အင်တာနက်ပေါ်မှာပျံ့နေသည့် ကုနင်းအကြောင်းများကို မကြားရသေးတာကြောင့်ပေါ့ မဟုတ်လို့ကတော့ ဒီထက်တောင် ပိုထိတ်လန့်သွားကြဦးမယ်။
“ဟုတ်ပါတယ်၊ ဒီကုမ္ပဏီတွေအားလုံးကို ကျွန်မပိုင်တာပါ။ ဗိုလ်ကြီးဖန်း ဒါတွေအကြောင်း သိပ်မသိရင် ကျွန်မစီးပွားရေးလုပ်တာကောင်းမကောင်း အတွင်းရေးမှူးလျို့ကိုမေးကြည့်လို့ရတယ်။”
ကုနင်း၏ယုံကြည်ချက်အပြည့်ဖြင့်ပြောဟန်ကြောင့် ဖန်းယွင်လုံ ချက်ချင်းကို လျို့ကျန်းဟွာကိုကြည့်လိုက်ကာ လျို့ကျန်းဟွာကတော့ ကုနင်းကိုသာ ပြန်ဖြေလေသည်။ “မင်းက စီးပွားရေးမှာ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ!”
“စီးပွားရေးဉာဏ်ကြီးရှင်?” ဖန်းယွင်လုံ ပင့်သက်ရှိုက်မိတော့သည်။ ဖန်းယွင်လုံကိုယ်တိုင်ချီးကျူးတယ်ဆိုတော့….
ထို့နောက် လျို့ကျန်းဟွာက ကုမ္ပဏီအကြောင်း တချို့သောအသေးစိတ်အကြောင်းအရာများကို ဖန်းယွင်လုံအားပြောပြခဲ့ကာ ဖန်းယွင်လုံ အဆက်မပြတ်အံ့အားသင့်နေရတော့သည်။ ကုနင်းက တကယ်ကိုစီးပွားရေးဉာဏ်ကြီးရှင်ပဲ!
“ဒါတွေအားလုံး မင်းကိုယ်တိုင်တည်ထောင်ထားတာလား?” ဖန်းယွင်လုံ ယုံကြည်ဖို့ခက်ခဲနေမိတုန်းပင်။
ဖန်းယွင်လုံ၏သံသယစကားကြောင့် ကုနင်း မကျေမနပ်မဖြစ်သွားပေ။ ဘာပဲဖြစ်ဖြစ် သူမက ဒီလိုတွေအောင်မြင်နေဖို့ အရမ်းငယ်လွန်းသေးမှန်းလဲ သူမကိုယ်တိုင်သိသည်။
“ဟုတ်ပါတယ်။ ကျွန်မ ရင်းနှီးမြှုပ်နှံမှုလေးတွေလုပ်ပြီး ကျွန်မရဲ့အင်အားကြီးအဆက်သွယ်တွေနဲ့ တည်ထောင်ထားပေမယ့် ဒါတွေကအောင်မြင်မယ်လို့တော့ ယုံကြည်ချက်ရှိတယ်။”
သူမကုမ္ပဏီတွေကိုတည်ထောင်ဖို့ တခြားသူတွေဆီကအကူအညီယူခဲ့သည်က ရှက်စရာကိစ္စမဟုတ်ပေ။
ဖန်းယွင်လုံ မှင်သက်နေကာ ဘာမှမပြောနိုင်တော့ပေ။
ထိုအချိန်မှာပဲ ကုနင်း၏ဖုန်းကမြည်လာပြန်ကာ လင်ရှောက်ထင်က သူလက်ဖက်ရည်အိမ်တော်ကို ရောက်နေပြီဖြစ်သည့်အကြောင်း ပြောလာခဲ့သည်။
ကုနင်းလဲ သူတို့ရှိနေသည့် သီးသန့်ခန်းနံပါတ်ကို ပြန်ပြောလိုက်သည်။
“အဲ့လူက ဘယ်သူလဲ?” ဖန်းယွင်လုံ မနေနိုင်စွာမေးတော့သည်။
“ကျွန်မချစ်သူပါ။” ကုနင်း ပျော်ရွှင်စွာပြုံးရယ်လိုက်သည်။
“ဆုံးဖြတ်ချက်ချဖို့ မင်းချစ်သူကောင်လေးရဲ့ခွင့်ပြုချက်က ဘာလို့လိုရတာတုန်း?” ဖန်းယွင်လုံ ထပ်မေးလိုက်သည်။
ဖန်းယွင်လုံ အခုထိလက်မလျှော့နိုင်သေးဘဲ ကုနင်းကို စစ်တပ်ထဲသွင်းဖို့ ကြိုးစားနေတုန်းပင်။
“အမ်… ကျွန်မတို့က အနာဂါတ်မှာလက်ထပ်ဖြစ်ကြမှာဆိုတော့ သူ့အမြင်ကလဲ အရေးကြီးတာပေါ့။”
ဖန်းယွင်လုံ ထပ်ပြီးအံ့ဩသွားရပြန်သည်။
သိပ်မကြာလိုက်ပါဘဲ အခန်းတံခါးခေါက်သံပေါ်လာကာ ဖန်းယွင်လုံက ပြောလိုက်သည်။ “ဝင်ခဲ့ပါ။”
ထိုအသံကြောင့် လင်ရှောင်းထင် အံ့ဩသွားတော့သည်။ အကြောင်းကတော့ အသံပိုင်ရှင်ကိုမှတ်မိနေတာကြောင့်ပင်။
ဘာလို့ သူက နင်းနင်းနဲ့ရှိနေတာလဲ?
သူသာ ကုနင်းပြောလိုက်သည့် သီးသန့်ခန်းနံပါတ်ကို ရှင်းရှင်းလင်းလင်း မမှတ်မိနေဘူးဆို အခန်းမှားပြီး တံခါးခေါက်မိသည်ဟုတောင် တွေးမိလောက်ပြီ။
တံခါးဖွင့်သံခပ်တိုးတိုးနှင့်အတူ တံခါးက တွန်းဖွင့်ခံလိုက်ရာက နောက်မှာတော့ လင်ရှောင်းထင်ပေါ်လာခဲ့သည်။
“ရှောင်းထင်?”
လင်ရှောက်ရွှမ်း အံ့ဩတကြီးထရပ်လိုက်သလို ကျန်းယွေ့နဉ်လဲ အတူတူပင်။ လင်ရှောင်းထင်က ကုနင်း၏ချစ်သူကောင်လေးဖြစ်နေကြောင်းသိလိုက်ရ၍ အလွန်အံ့ဩနေကြတော့သည်။
ဖန်းယွင်လုံနှင့်လျို့ကျန်းဟွာလဲ အလွန်အံ့ဩနေကြကာ နောက်တော့မှ ကုနင်းပြောသည့် ချစ်သူကောင်းလေးဆိုသည်က လင်ရှောင်းထင်ကိုပြောလောက်မှန်း သိသွားကြသည်။
ဒီတော့ ကုနင်းနဲ့လင်ရှောင်းထင်က နောင်တစ်ချိန် လက်ထပ်ဖြစ်ကြမှာပေါ့။
ဒါတော်တော်လေးထူးတဲ့သတင်းပဲ!
ဖန်းယွင်လုံကို လင်ရှောင်းထင်မြင်လိုက်သည်နှင့် ချက်ချင်းပင် လေးစားမှုအပြည့်ဖြင့် အလေးပြုနှုတ်ဆက်တော့သည်။ “မင်္ဂလာပါ၊ ဗိုလ်ချုပ်ကြီးဖန်း!”
ထို့နောက် လျို့ကျန်းဟွာဘက်ကိုလဲလှည့်ကာ၊ “မင်္ဂလာပါ၊ အတွင်းရေးမှူးလျို့။”
“ဝင်ခဲ့၊ ဝင်ခဲ့၊ ထိုင်ဦး!” ဖန်းယွင်လုံပြောလိုက်သည်။ သူက တပ်ထဲတွင် လင်ရှောင်းထင်ထက် ရာထူးပိုမြင့်သော်လည်း ပေါင်းသင်းရလွယ်ကူသူဖြစ်သည်။
တကယ်တော့ အရည်အချင်းတွေကိုနှိုင်းယှဉ်ကြည့်လျှင် လင်ရှောင်းထင်က သူ့ထက်တောင် ပိုသာသေးသည်။ လင်ရှောင်းထင်က ငယ်နေသေးတာကြောင့် ဗိုလ်ချုပ်အဆင့်သာဖြစ်နေခြင်းဖြစ်ကာ မဟုတ်လို့ကတော့ သူ့အောင်မြင်မှုတွေနဲ့ဆိုရင် သမိုင်းမှာ အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေလောက်ပြီ!
အရေးအကြီးဆုံးအချက်ကတော့ လင်ရှောင်းထင်သည် သူ့အောင်မြင်မှုအားလုံးကို မိသားစုနောက်ခံအပေါ်မမှီခိုဘဲ ကိုယ်တိုင်ကြိုးစားအောင်မြင်ခဲ့ခြင်းဖြစ်သည်။
လင်ရှောင်းထင်က ဝင်လာပြီးသည်နှင့် ကုနင်းဘေးတွင်ဝင်ထိုင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့သည်တော့ မျက်လုံးအပြူးသားဖြင့် ကြောင်ငေးနေမိတော့သည်။
“ကုနင်းက တကယ်ကြီး ရှောင်းထင်ရဲ့ချစ်သူပေါ့!”
အခန်းထဲရှိလူတိုင်းထက် လင်ရှောက်ရွှမ်းက ပိုတောင်အံ့ဩထိတ်လန့်မိသေးသည်။ အကြောင်းကတော့ သခင်ကြီးလင်က လင်ရှောင်းထင်၏ချစ်သူကောင်မလေးအကြောင်း သူတို့ရှေ့တွင် အမြဲတမ်းချီးကျူးနေတတ်တာကြောင့်ပင်။
အခုတော့ သူ့အဖိုး ကုနင်းကို ဘာလို့ဒီလောက်သဘောကျမှန်း သူသိသွားပေပြီ။
“ကုနင်း၊ မင်းက ငါ့မရီးဖြစ်လာမှာပေါ့!” လင်ရှောက်ရွှမ်း ထအော်လိုက်တာကြောင့် လင်ရှောင်းထင် သူ့ကိုတစ်ချက်ကြည့်ပေးလိုက်သည်။ လင်ရှောက်ရွှမ်း အနည်းငယ်ကြောက်ရွံ့သွားသော်လည်း သူပြောတာအမှားပါသည်ဟုတော့ မထင်မိပေ။ ဘာပဲဖြစ်ဖြစ်အခုတော့ ကြောင်ကိုမြင်သည့်ကြွက်လို ငြိမ်သွားတော့သည်။
“မင်းက ဘာလို့ဒီကိုရောက်နေတာလဲ?” လင်ရှောင်းထင်မေးလိုက်သည်။
“ငါက ကုနင်းကို ဒီမှာလက်ဖက်ရည်သောက်ဖို့ ဖိတ်ထားတာ၊ နောက်တော့ ဦးလေးဖန်းနဲ့ဦးလေးလျို့တို့နဲ့ပါ တွေ့သွားလို့လေ။” လင်ရှောက်ရွှမ်း ပြန်ဖြေလိုက်သည်။
“မင်းတို့ဘယ်တုန်းကတွေ့ဖူးသွားတာလဲ?” လင်ရှောင်းထင် ထပ်မေးလိုက်ပြန်သည်။
“အစောပိုင်းကလေးတင်၊ ယွေ့နဉ်နဲ့ငါ ဝမ်းကွဲကျောက်လင်ကို အဆောက်အဦးတစ်ခုအောက်မှာ စောင့်နေတုန်း ရုတ်တရက်ကြီး သံသေတ္တာအလေးကြီးတစ်ခုပြုတ်ကျလာတယ်လေ။ ကံကောင်းလို့ ကုနင်းက ငါတို့ကားကို အရင်တွန်းဖယ်လို့လို့ပေါ့၊ ငါတို့တွေအသက်ရှင်တာ။ ဒါနဲ့ပဲ သူ့ကိုကျေးဇူးတင်ဖို့ဆိုပြီး ဒီမှာလက်ဖက်ရည်လာသောက်ကြတာ။” ထိုမတော်တဆမှုအကြောင်းပြန်တွေးမိသည်နှင့် လင်ရှောက်ရွှမ်းရော ကျန်းယွေ့နဉ်ပါ ထိတ်လန့်နေမိကြတုန်းပင်။
***
အခန်း ၁၀၅၂ သဘောမတူဘူး
လင်ရှောင်းထင် ခေါင်းကိုသာ အသာညိတ်လိုက်သော်လည်း ကုနင်း၏စွမ်းရည်အကြောင်း ကောင်းကောင်းသိထားပြီးဖြစ်တာကြောင့် ဘာမှပြန်မပြောခဲ့ပေ။ လင်ရှောင်းထင်နှင့်ဆန့်ကျင်စွာဘဲ ဖန်းယွင်လုံသည်တော့ ကုနင်း၏ရဲရင့်လှသည့်လုပ်ရပ်ကြောင့် အံ့ဩသွားခဲ့သည်။ ကားတစ်စီးရဲ့အလေးချိန်က ဘယ်လောက်တောင်မှလဲ၊ လွယ်လွယ်လေးတွန်းဖယ်လိုက်လို့ရတဲ့အရာလဲမဟုတ်ဘူး။
“ရှောင်းထင်၊ ဗိုလ်ကြီးဖန်းက ရှင်နဲ့ပြောစရာလေးရှိတယ်တဲ့။” ရုတ်တရက် ကုနင်းဘက်ကအရင်စကားစလိုက်သည်။
လင်ရှောင်းထင်လဲ ချက်ချင်းဆိုသလို ဗိုလ်ချုပ်ကြီးဖန်းကို လေးနက်သည့်အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ “ဗိုလ်ကြီးဖန်း၊ ကျွန်တော်ဘာများလုပ်ပေးရမလဲ?”
ကုနင်း၏ချစ်သူကောင်လေးသည် လင်ရှောင်းထင်ဖြစ်မှန်း ဖန်းယွင်လုံသိလိုက်ပြီးဖြစ်သော်လည်း အခုထိ လက်မလျှော့ချင်သေးတာကြောင့် အစောပိုင်းကရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။ “အကြောင်းကတော့ ကုနင်းက တကယ်ကိုတွေ့ရခဲတဲ့မိန်းကလေးပဲ၊ ဒီတော့ သူ ငါတို့တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နိုင်အောင် တပ်ထဲဝင်ဖို့မျှော်လင့်တယ်။ မင်းရောဘယ်လိုထင်လဲ?”
တကယ်တမ်း ကုနင်း သူ့ကိုငြင်းလိုက်ပြီးဖြစ်ကြောင်းကိုတော့ လင်ရှောင်းထင်အားမပြောခဲ့ပေ။ လင်ရှောင်းထင်သာသဘောတူလိုက်လျှင် ကုနင်းက လင်ရှောင်းထင်စကားကိုနားထောင်ပေးလောက်ဖို့ မျှော်လင့်နေခဲ့သည်။
သို့သော်လည်း လင်ရှောင်းထင်ကတော့ ထိုအကြောင်းအရာကိုကြားလိုက်ရသည်နှင့် သူ့မိဘနှစ်ပါး၏သေဆုံးမှုအကြောင်း ပြန်အမှတ်ရသွားကာ ကုနင်းကို စစ်ထဲမဝင်စေချင်တော့ပေ။ အထူးသဖြင့် အထူးတပ်ဖွဲ့လိုနေရာမျိုးကိုပေါ့။ ကုနင်း အန္တရာယ်ကြီးကြီးမားမားနှင့်ရင်ဆိုင်ကြုံတွေ့နေရမည်မျိုးကို သူမမြင်ချင်ပေ။
ကုနင်းကသာ သူမစိတ်သူမသဘောနှင့် တပ်ထဲဝင်ချင်သည်ဆိုလျှင်တောင် သူသဘောမတူချင်ရင်တောင်မှ တားမှာတော့မဟုတ်ပေ။ တကယ်လို့ ကုနင်းသာ ဆန္ဒမရှိလျှင် ဒီလိုအန္တရာယ်များသည့်နေရာကနေ သူမကိုအဝေးဆုံးမှာထားဖို့ သူအကောင်းဆုံးထောက်ပံ့ပေးသွားမှာဖြစ်သည်။
“ဗိုလ်ကြီးဖန်းက ကျွန်မကို ဒီအကြောင်းပြောခဲ့တာပဲ။ ကျွန်မငြင်းလိုက်ပေမယ့် ဗိုလ်ကြီးဖန်းက အတင်းထပ်ပြောနေလို့ ရှင့်ကိုအကြောင်းပြချက်အနေနဲ့သုံးလိုက်တာ။” လင်ရှောင်းထင် ဘာမှမမေးသေးခင်မှာပဲ ကုနင်းကရှင်းပြလိုက်သည်။
ထိုစကားကြောင့် လင်ရှောင်းထင် အမှန်ကိုစိတ်အေးသွားရသည်။ “ဗိုလ်ချုပ်ကြီးဖန်း၊ စိတ်မကောင်းပေမယ့် ကျွန်တော်လဲ ဒီကိစ္စကိုသဘောမတူနိုင်ပါဘူး။”
“ကောင်းပြီလေ၊ ဒါဆိုလဲ ငါဒီအကြောင်းထပ်မပြောတော့ဘူး။” ဖန်းယွင်လုံ စိတ်ပျက်သွားတော့သည်။ သို့သော်လည်း လင်ရှောင်းထင်ကိုတော့ သူ့စိတ်အလိုအတိုင်းလိုက်ပေးဖို့ ဖိအားမပေးနိုင်ပေ။
“စကားမစပ် မင်းရဲ့ကောင်မလေးက တကယ်ကိုထူးချွန်တဲ့သူပဲ။” ဖန်းယွင်လုံ ထပ်ပြောလိုက်သည်။
လင်ရှောင်းထင် ပြုံးလိုက်ကာ၊ “ကျေးဇူးတင်ပါတယ်၊ ဗိုလ်ချုပ်ကြီးဖန်း။”
လင်ရှောင်းထင် အခုလိုပြုံးလိုက်တာမျိုးမြင်ရဖို့ဆိုတာ သူတို့အတွက်တော့ မလွယ်ကူလှပေ။
ခဏကြာပြီးနောက် လင်ရှောင်းထင်နှင့်ကုနင်းတို့ ပြန်ခွင့်တောင်းလိုက်ကြပြီး လင်ရှောက်ရွှမ်းနှင့် ကျန်းယွေ့နဉ်တို့လဲ အတူတူ လက်ဖက်ရည်အိမ်တော်မှ ထွက်ခဲ့ကြသည်။
“ရှောင်းထင်၊ အစ်ကိုဘယ်သွားမှာလဲ?” လက်ဖက်ရည်အိမ်တော်အပြင်ရောက်သည်နှင့် လင်ရှောက်ရွှမ်းက မေးလိုက်သည်။
“အလုပ်ကိစ္စတစ်ခုသွားရမယ်။”
လင်ရှောင်းထင်က သူ့ကိုအသေးစိတ်မပြောပြတာကြောင့် လင်ရှောက်ရွှမ်းလဲ ထပ်မမေးတော့ပေ။ “ဒီနေ့အိမ်လာခဲ့မှာလား?”
“အခြေအနေအရပဲ။”
“ဟုတ်ပါပြီ။” လင်ရှောက်ရွှမ်း ဘာမှမပြောနိုင်တော့ပေ။
ထို့နောက် လင်ရှောင်းထင်နှင့် ကုနင်းတို့အတူထွက်သွားကြသည်။
“ကိုယ့်ကို ကားသော့ပေး။” ကားပါကင်သို့ရောက်သည်နှင့် လင်ရှောင်းထင်ပြောလိုက်သည်။
ကုနင်းလဲ ကားသော့ကိုထုတ်ကာ လင်ရှောင်းထင်ကိုပေးလိုက်သည်။ လင်ရှောင်းထင်က အရင်ဆုံး ခရီးသည်ထိုင်ခံဘက်သွားကာ ကုနင်းအတွက် တံခါးဖွင့်ပေးပြီး ကုနင်းဝင်ထိုင်ပြီးလို့ တံခါးပြန်ပိတ်ပေးပြီးသွားမှသာ မောင်းသူထိုင်ခုံဘက်သို့ပြန်သွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်နေကြသည့် လင်ရှောက်ရွှမ်းနှင့်ကျန်းယွေ့နဉ်တို့ကတော့ လင်ရှောင်းထင်တစ်ယောက် အချစ်နှင့်တွေ့ပြီးကာမှ အများကြီးပြောင်းလဲသွားကြောင်း မျက်မြင်ကိုယ်တွေ့ လက်ခံသွားကြတော့သည်။
……….
“မင်းနေ့လည်ပိုင်းအလုပ်များလား?” လင်ရှောင်းထင် ကားစက်နှိုးလိုက်ရင်း ကုနင်းကိုမေးလိုက်သည်။
လင်ရှောင်းထင်၏အမေးကိုကြားသည်နှင့် သခင်ကြီးလင်က သူမနှင့်တွေ့ဖို့ရန် လင်အိမ်တော်သို့ခေါ်လာခိုင်းခြင်းဖြစ်လောက်မှန်း ကုနင်းသိလိုက်သည်။
ဒါကြောင့် သူမပြုံးလိုက်ကာ “မများဘူး။” ဟု ပြန်ဖြေလိုက်သည်။
“ကိုယ့်အဖိုးက မင်းကိုတွေ့ချင်နေတယ်။”
“ရတယ်လေ၊ တွေ့တာပေါ့။”
“ဒါဆို ဒီညနေပဲသွားတွေ့ကြရင်ရော?” လင်ရှောင်းထင်ထပ်မေးလိုက်သည်။ တကယ်တော့ အရင်ကတည်းက ကုနင်းကို သူ့အဖိုးနှင့်တရားဝင်တွေ့ဆုံပေးဖို့ အရမ်းခေါ်သွားချင်နေခဲ့တာပင်။
“ကိစ္စမရှိဘူး။”
လင်ရှောင်းထင်က သူ့အဖိုးနှင့် သူမကို အရမ်းတွေ့ပေးချင်နေကြောင်း သိသော်လည်း သူမက တက္ကသိုလ်မရောက်ခင်အထိ စောင့်ပေးဖို့ပြောထားခဲ့သည်။
အခုတော့ လင်ရှောင်းထင် အလွန်ပျော်ရွှင်သွားကာ၊ “ဒါဆို အခုကိုယ့်အိမ်ကိုအရင်ပြန်တာပေါ့၊ ခဏလောက်နားပြီးမှ အဖိုးဆီသွားကြမယ်။”
သူက အခုမှမြို့တော်သို့ပြန်ရောက်လာခြင်းဖြစ်၍ လင်အိမ်တော်သို့မသွားခင် ရေချိုးသန့်စင်သွားရဦးမည်။
“ကောင်းပြီလေ။”
“ဒါနဲ့၊ ရှောက်ရွှမ်းပြောတာတော့ မင်းက သူ့အသက်ကိုကယ်ပေးခဲ့တာဆို။ ကျေးဇူးပါပဲ။”
“ကျွန်မကိုကျေးဇူးတင်ဖို့မလိုပါဘူး!”
“မင်းလုပ်ပေးခဲ့တဲ့ကိစ္စက ဒီလောက်ကြီးမားတာ ကိုယ်ကျေးဇူးတင်သင့်တာပေါ့။”
ကုနင်းပြုံးသာပြုံးလိုက်ပြီး ထိုအကြောင်းဆက်ပြောမနေတော့ပေ။
……
လင်ရှောင်းထင်နှင့်ကုနင်းတို့ ပြန်သွားသည်နှင့် လင်ရှောက်ရွှမ်းတစ်ယောက် သခင်ကြီးလင်ကိုဖုန်းဆက်ကာ သူဒီနေ့ကြုံတွေ့ခဲ့ရသမျှ ပြန်လည်မျှဝေနေတော့သည်။
သခင်ကြီးလင်ကတော့ လင်ရှောက်ရွှမ်း၏စကားများကိုနားထောင်ရင်း ရယ်မောနေကာ ကုနင်းကို ပိုလို့တောင်သဘောကျနေတော့သည်။
“ပြီးတော့ ကျွန်တော်တို့ ထန်ယွင်လက်ဖက်ရည်အိမ်တော်ကိုလဲရောက်ရော ကုနင်းနဲ့ဗိုလ်ကြီးဖန်းတို့ တစ်ပွဲချကြသေးတယ်။ ဘယ်သူမှတော့မနိုင်သွားပေမယ့် ဗိုလ်ကြီးဖန်းက ကုနင်းကို စစ်တပ်ထဲဝင်စေချင်…”
“ဘာ?” လင်ရှောက်ရွှမ်း၏စကားမဆုံးလိုက်ခင်မှာပဲ သခင်ကြီးလင်၏အော်သံကထွက်ပေါ်လာတော့သည်။
ကုနင်း ဘယ်လောက်ပဲ မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်နေပါစေ သခင်ကြီးလင်ကတော့ သူမကိုစစ်ထပ်ထဲမပို့ချင်ပေ။
***
အခန်း ၁၀၅၃ ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံခြင်းအတွက် သခင်ကြီးလင်၏လက်ဆောင်
“စိတ်လျှော့ပါ၊ အဖိုးရယ်။ ကုနင်းရော ရှောင်းထင်ရော သဘောမတူလိုက်ပါဘူး။ ဒါနဲ့ ဗိုလ်ကြီးဖန်းလဲ လက်လျှော့သွားတယ်။” လင်ရှောက်ရွှမ်း အမြန်ရှင်းပြလိုက်ကာမှ သခင်ကြီးလင်လဲ ပြန်စိတ်အေးသွားတော့သည်။
ဖန်းယွင်လုံ လက်လျှော့သွားပြီဆိုမှတော့ သူကိုယ်တိုင်ဖုန်းဆက်ကာ စကားပြောနေဖို့မလိုတော့ပေ။
……
ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်ပြန်ရောက်ကြသည်နှင့် မတွေ့ခဲ့ရသည့်နေ့ရက်များအတွင်း လွမ်းဆွတ်ခဲ့ရမှုများကို ဖြေဖျောက်ခဲ့ကြသည်။
ထိုအချိန်မှာပဲ အင်တာနက်ပေါ်တွင်တော့ ကုနင်းနှင့်ဖန်းယွင်လုံတို့ ပြိုင်ကြသည့်ဗီဒီယိုက အတင်ခံလိုက်ရကာ သိပ်မကြာလိုက်ပါဘဲ လူပေါင်းများစွာဆီ ပျံ့နှံ့သွားခဲ့သည်။
ဗီဒီယိုတင်သည့်လူကတော့ သူဗီဒီယိုရိုက်ခဲ့သည့်လူနှစ်ယောက်အကြောင်း မသိသော်လည်း တချို့လူတွေကတော့ သူတို့ကိုမှတ်မိသွားကြသည်။
ကောင်မလေးက နာမည်ကျော်ကုနတ်ဘုရားမဖြစ်ကာ အမျိုးသားကတော့ ဗိုလ်ချုပ်ကြီးဖန်းပင်။
ဖန်းယွင်လုံက တစ်ခါတရံ တီဗီတွင်ပေါ်လာတတ်တာကြောင့် လူတော်တော်များများက သူ့ရုပ်နှင့်မစိမ်းပေ။
ကုနင်းက မြို့တော် အထွေထွေတပ်ရင်းမှ ဗိုလ်ချုပ်ကြီးဖြစ်သည့် ဖန်းယွင်လုံနှင့်တောင် မိတ်ဖွဲ့နိုင်ကြောင်းသိလိုက်ရ၍ လူတိုင်းအံ့ဩသွားကြတော့သည်။
သူတို့ပုံစံကြည့်ရုံနှင့် သူစိမ်းများမဟုတ်ကြောင်း သိသာနေသည်။
ဗီဒီယိုအဆုံးတွင် ဖန်းယွင်လုံနှင့်ကုနင်းတို့ အေးအေးဆေးဆေးစကားပြောနေကြဟန်ပါ, ပါတာကြောင့် သူတို့တွေ တကယ်ရန်ဖြစ်နေတာမဟုတ်ဘဲ အပျော်သဘော ယှဉ်ပြိုင်နေကြောင်း သိလိုက်ကြသည်။
ဒါကြောင့် လူတိုင်းက ကုနင်းကို ဖန်းယွင်လုံ၏မိတ်ဆွေဟု ထင်သွားကြခြင်းပင်။
“ကုနတ်ဘုရားမကတော့ အံ့ဖွယ်ပဲ! ဗိုလ်ကြီးဖန်းနဲ့တောင်မှ မိတ်ဆွေဖွဲ့နိုင်သေးတယ်။”
“ဗိုလ်ကြီးဖန်းနဲ့ယှဉ်တိုက်ရတာတောင် မရှုံးသွားဘူး!”
…….
ညနေ၅နာရီထိုးခါနီးမှာတော့ လင်ရှောင်းထင် ရေချိုးအဝတ်အစားလဲကာ လင်မိသားစုအိမ်တော်သို့ ထွက်လာခဲ့ကြသည်။
ကုနင်းက ဒါက သူမအတွက် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခြင်းဖြစ်တာကြောင့် လင်အိမ်တော်ဆီမသွားခင် လင်မိသားစုဝင်များအတွက် လက်ဆောင်များပြင်ဆင်သွားချင်ခဲ့သည်။
လင်ရှောင်းထင်ကတော့ သူ့အဖိုးတစ်ယောက်တည်းကိုသာ သူဂရုစိုက်ကြောင်း ပြောထားသော်လည်း ကုနင်းကတော့ လင်ရှောင်းထင်၏ချစ်သူအနေနှင့် ကျင့်ဝတ်ထုံးတမ်းကိုလိုက်နာသင့်သေးသည်။ သူမသာ ဘာလက်ဆောင်မှမယူသွားပါက လင်မိသားစုဝင်များ သူမအပေါ် အမြင်မကြည်ဖြစ်သွားနိုင်သည်။
အဆုံးမှာတော့ လင်ရှောင်းထင်လဲ သဘောတူလိုက်ရတော့သည်။
တကယ်တော့ သူကိုယ်တိုင်လဲ အကောင်းစားလက်ဖက်ခြောက်တချို့နှင့် လက်ဆောင်များပြင်ဆင်ထားခဲ့ပြီးသားပင်။
ကုနင်းက သူမဘာသာလဲ လက်ဆောင်ပစ္စည်းတချို့ဝင်ချင်နေသေးပေမယ့် လင်ရှောင်းထင်က သူဝယ်ထားသည့် သောက်စရာလက်ဆောင်များနှင့်ပင် လုံလောက်ပြီဖြစ်ပြောလာတာကြောင့် ကုနင်းသာ အလျှော့ပေးလိုက်ရသည်။
အရင်ကလဲ သခင်ကြီးလင်နှင့် ကုနင်းတွေ့ထားခဲ့ပြီးဖြစ်တာကြောင့် အခုတစ်ကြိမ်မှာတော့ သူမစိတ်လှုပ်ရှားမနေတော့ပေ။
……
သူမတို့နှစ်ဦး လင်အိမ်တော်သို့ရောက်ချိန်တွင် ညနေ၅နာရီခွဲပြီဖြစ်ကာ မီးဖိုခန်းထဲမှာတော့ ညစာအတွက်ပြင်ဆင်ရင်း အလုပ်များနေကြသည်။ လင်ယွမ်ကျန်း၊ လင်ယွမ်ချန်နှင့် ဇနီးဖြစ်သူတို့ကတော့ အခုထိ အလုပ်မှာပဲရှိသေးတာကြောင့် လောလောဆယ် ညစာစားကြဦးမည်မဟုတ်ပေ။
လောလောဆယ် လင်အိမ်တော်တွင် သခင်ကြီးလင်နှင့်လင်ရှောက်ရွှမ်းတို့ နှစ်ဦးသာရှိနေခဲ့သည်။
ကုနင်းရောက်လာသည်နှင့် သခင်ကြီးလင်က သူမနှင့်သာစကားပြောနေကာ လင်ရှောင်းထင်ကိုတော့ လျစ်လျူရှုထားခဲ့သည်။
“ကောင်မလေးကု၊ ဒီလောက်လက်ဆောင်တွေအများကြီး ယူလာဖို့မလိုပါဘူး!” သခင်ကြီးလင်က ကုနင်းကို သူ့မိသားစုဝင်အဖြစ်သတ်မှတ်ထားပြီးဖြစ်တာကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကုနင်းက အရင်ကလည်း သူ့ကိုအဖိုးတန်လက်ဆောင်တွေအများကြီး ပို့ပြီးသားမဟုတ်လား။
ဒါကြောင့် ကုနင်းကို လက်ဆောင်တွေအများကြီးပေးဖို့အတွက် ငွေမဖြုန်းစေချင်တော့ပေ။
“ဒါက ကျွန်မတို့ပထမဆုံးအကြိမ်တရားဝင်တွေ့ဆုံခြင်းလေ။ သေချာပေါက် လက်ဆောင်နည်းနည်းပါးပါး ယူလာသင့်တာပေါ့။ မဟုတ်ရင် ကျွန်မက ယဉ်ကျေးမှုမရှိဘူးလို့ တခြားသူတွေထင်သွားလိမ့်မယ်။”
သခင်ကြီးလင် ရယ်လိုက်ကာ “ဟုတ်ပါပြီ၊ ဒါပေမယ့် နောက်တစ်ခါတော့ မဝယ်ခဲ့နဲ့တော့။”
“ဟုတ်ကဲ့ပါ။”
ထို့နောက် သခင်ကြီးလင်က သေးငယ်က သေသပ်လှပသည့်သေတ္တာလေးတစ်လုံး ကုနင်းကိုပေးလိုက်သည်။ “ကောင်မလေးကု၊ ဒါ မင်းအတွက်လက်ဆောင်ငယ်လေးပဲ။ မင်းငါ့ကိုပို့ပေးတဲ့ လက်ဆောင်တွေလောက်တော့ အဖိုးမတန်ဘူးပေါ့။ စိတ်မပျက်သွားနဲ့နော်။”
“ဒါပေါ့၊ စိတ်ပျက်စရာလား! ကျွန်မသဘောကျပါတယ်။ ကျေးဇူးတင်ပါတယ်။ ဖိုးဖိုး။”
ကုနင်း တောက်ပစွာပြုံးကာ လက်ဆောင်ကိုလက်ခံလိုက်သည်။ သခင်ကြီးလင်က သူတို့ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံခြင်းအတွက် လက်ဆောင်ပေးခြင်းဖြစ်တာကြောင့် လက်မခံစရာအကြောင်းမရှိပေ။
ကုနင်းက လက်ဆောင်ကိုသဘောကျသည်ဟုပြောတာကြောင့် သခင်ကြီးလင်လဲ စိတ်ချမ်းသာသွားသည်။
ကုနင်း သေတ္တာငယ်လေးကိုဖွင့်လိုက်သည်နှင့် အထဲတွင်အဖြူရောင်ကျောက်စိမ်းလက်ကောက်တစ်ကွင်းရှိနေကြောင်း တွေ့လိုက်ရသည်။ ၎င်းက အတော်လေးရှေးကျ သိပ်သည်းသည့်မှော်စွမ်းအားများ သိပ်သည်းလို့နေသည်။
“ဒါက လင်မိသားစုဝင်တွေ လက်ဆင့်ကမ်းလာတဲ့မိသားစုအမွေပစ္စည်းပဲ၊ အရင်ကတော့ ရှောင်းထင်ရဲ့အဖွားပိုင်ခဲ့တာ။ အရမ်းဈေးမကြီးဘူးဆိုပေမယ့် အဓိပ္ပါယ်ရှိတဲ့ပစ္စည်းလေးပဲ။ ဒါကြောင့် မင်းကို ဒီနေ့ပေးရတာ။ မင်းနဲ့ရှောင်းထင် ပျော်ပျော်ရွှင်ရွှင်ပေါးဖက်နိုင်ဖို့ ဆုတောင်းပေးတယ်။” ထိုကျောက်စိမ်းလက်ကောက်လေးကြောင့် သူ့ဇနီးဖြစ်သူကိုပင် သခင်ကြီးလင်အမှတ်ရသွားမိသည်။
“ဖိုးဖိုး၊ ကျွန်မ ဒါကိုသေချာသိမ်းထားပြီး ရှောင်းထင်နဲ့ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ့မယ်လို့ ကတိပေးပါတယ်။”
“ကောင်းတယ်- သိပ်ကောင်းတယ်။” သခင်ကြီးလင် ကုနင်း၏ကတိပေးစကားကိုကြားပြီး ငိုမိတော့မတတ် ပျော်ရွှင်နေတော့သည်။
…….
ညနေ၆နာရီမှာတော့ လင်ရှောက်ရှီ ကျောင်းမှပြန်ရောက်လာကာ သခင်ကြီးလင်နှင့်လင်ရှောင်းထင်တို့ကို နှုတ်ဆက်လာသည်။
သို့သော်လည်း လင်ရှောက်ရှီ၏အကြည့်က ကုနင်းကိုမြင်သွားသည်နှင့် သူမမျက်လုံးတွေက လင်းလက်တောက်ပသွားကာ၊ “ကု-ကုနတ်ဘုရားမ မဟုတ်လား?”
လင်ရှောက်ရှီသည်လဲ ကုနင်း၏ပရိသတ်ဖြစ်တာကြောင့် ချက်ချင်းမှတ်မိသွားခဲ့သည်။
လင်ရှောက်ရွှမ်းကတော့ နားမလည်နိုင်စွာဖြင့် မေးလာခဲ့သည်။ “ကုနတ်ဘုရားမ? မင်း ကုနင်းကိုပြောတာလား?”
သူ အင်တာနက်ပေါ်မှ ကုနင်းနှင့်ပတ်သတ်သည့်အကြောင်းအရာ များများစားစားမဖတ်ရသေးတာကြောင့် လင်ရှောက်ရှီ ဘာအကြောင်းပြောနေလဲ နားမလည်နိုင်ခဲ့ပေ။
***
အခန်း ၁၀၅၄ မင်းအပြုအမူကိုထိန်းစမ်း!
ကုနင်း အရမ်းလှလွန်းတာကြောင့် သူမကို ကုနတ်ဘုရားမဟုခေါ်ခြင်းဆိုလျှင်က နားလည်ပေးနိုင်သော်လည်း လင်ရှောက်ရှီကပါ သူမကို ထိုနည်းအတိုင်းခေါ်လာပြန်တာကြောင့် လင်ရှောက်ရွှမ်း အကြောင်းအရင်းအစစ်အမှန်ကို သိချင်လာမိတော့သည်။ သို့သော်လည်း လင်ရှောက်ရှီကတော့ ကုနင်းနှင့်တွေ့ရ၍ အလွန်စိတ်လှုပ်ရှားနေတာကြောင့် လင်ရှောက်ရွှမ်း၏အမေးကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူမသည် အင်တာနက်သုံးရတာကိုနှစ်သက်သူဖြစ်တာကြောင့် ကုနင်းနှင့်ပတ်သတ်သည့်အကြောင်းအရာများစွာကို ကြားဖူးထားသူဖြစ်သည်။
ကုနင်းလဲ မတ်တပ်ထရပ်လိုက်ကာ လင်ရှောက်ရှီကို ပြုံးပြလိုက်သည်။ “မင်းက ရှောက်ရွှမ်း၏ရဲ့ညီမ ရှောက်ရှီပဲဖြစ်မယ်?”
လင်မိသားစုတွင် မြေးမနှစ်ယောက်ရှိကာ တစ်ယောက်ကတော့ သူမအရင်ကတွေ့ခဲ့ဖူးပြီဖြစ်သည့် လင်ရှောက်ကျားဖြစ်တာကြောင့် ဒီတစ်ယောက်က လင်ရှောက်ရှီပဲဖြစ်ရမယ်။
“ဟုတ်တယ်၊ ငါပါ!” လင်ရှောက်ရှီ ချက်ချင်းကို ကုနင်းဆီပြေးသွားတော့သည်။ “ကုနတ်ဘုရားမ၊ နင် ဒီကိုဘာလာလုပ်တာလဲဟင်?”
“ကုနင်းက ရှောင်းထင်ရဲ့ချစ်သူလေ။” လင်ရှောက်ရွှမ်းက အစားဝင်ဖြေပေးခဲ့သည်။
“တကယ်လား?” လင်ရှောက်ရှီ အတော်ကိုအံ့ဩသွားတော့သည်။ “အိုးမိုင်ဂေါ့ဒ်၊ နင်က ငါ့ယောက်မပေါ့၊ ပျော်လိုက်တာ!”
လင်ရှောက်ရှီ၏ စစ်မှန်သည့်အမူအရာကြောင့် ကုနင်းရယ်လိုက်ကာ သူမအပေါ်လဲ အမြင်ကောင်းရှိသွားတော့သည်။
လင်ရှောင်းထင်သည် လင်ယွမ်ကျန်းတို့မိသားစုနှင့်လဲ အရင်းနှီးကြီးမဟုတ်ပေမယ့် သူတို့ကိုမုန်းတော့မမုန်းတာကြောင့် ကုနင်းလဲ သူတို့မိသားစုနှင့် စည်းတားထားဖို့မလိုပေ။
သို့ပေမယ့် ကျန်သည့်လင်မိသားစုဝင်များအတွက်တော့ သူတို့နှင့် ခပ်ခွာခွာနေထားရင် ပိုကောင်းမည်ဟု ကုနင်းတွေးမိသည်။
“ရှောက်ရှီ၊ နင် ဘယ်လိုလုပ် ကုနင်းကိုသိတာလဲ?” လင်ရှောက်ရွှမ်း၏သိချင်စိတ်က တဖက်ကမဖြေရုံနှင့် လက်မလျှော့သွားခဲ့ပေ။
“အင်တာနက်ပေါ်ကနေပေါ့! သူက အခုတလော နာမည်အကြီးဆုံးမိန်းကလေးပဲ! နင့်ဘာသာ သူ့နာမည်ကိုရိုက်ရှာကြည့်လိုက်ပါလား?” လင်ရှောက်ရှီ နောက်ဆုံးတော့ စိတ်မရှည်စွာဖြင့် ပြန်ဖြေပေးခဲ့လေသည်။
လင်ရှောက်ရွှမ်းလဲ ချက်ချင်းကို သူ့ဖုန်းကိုထုတ်လိုက်တော့သည်။
ကုနင်းနှင့်ပတ်သတ်သမျှ သတင်းအကျဉ်းချုပ်ကိုဖတ်ကြည့်ပြီးနောက်မှာတော့ နေ့လည်ကထက်ပင် ပို၍ အံ့အားသင့်နေတော့သည်။ ကုနင်းက သူခန့်မှန်းထားသည်ထက်ပင် ပို၍ထူးချွန်ထက်မြက်နေလိမ့်မည်ဟု သူလုံးဝမထင်ထားပေ။
“ကုနင်း၊ ငါတော့ ဘာပြောရမလဲတောင် မသိတော့ဘူး။”
ကုနင်းပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။
ထိုအချိန်မှာပဲ လင်ယွမ်ကျန်းနှင့်ယွီယင်းတို့ အိမ်ပြန်ရောက်လာကြကာ ကုနင်းကိုမြင်ပြီး အံ့ဩသွားကြသည်။
“မင်းတို့ရောက်မှတော့ မိတ်ဆက်ပေးရဦးမယ်။ ဒါက ရှောင်းထင်ရဲ့ချစ်သူ ကုနင်းပဲ။” သခင်ကြီးလင်က မိတ်ဆက်ပေးလာသည်။ “သူတို့က မင်းရဲ့ ဦးလေးယွမ်ကျန်းနဲ့ အန်တီယင်းပဲ။”
သခင်ကြီးလင်က ကုနင်းကို သူ့မြေးချွေးမလေးအဖြစ် အသိအမှတ်ပြုထားပြီဆိုမှတော့ သူမကို လင်မိသားစုဝင်အားလုံးနှင့် အမြန်ဆုံးရင်းနှီးသွားစေဖို့ မျှော်လင့်မိသည်။
ကုနင်း ချက်ချင်းထလိုက်ကာ ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။ “တွေ့ရတာဝမ်းသာပါတယ်။ ဦးလေးယွမ်ကျန်း၊ အန်တီယင်း။”
လင်ယွမ်ကျန်းနှင့်ယွီယင်းတို့သည်တော့ ကုနင်း၏မျက်နှာကိုမြင်ပြီး သူမအလှကြောင့် မှင်သက်နေကြသည်။
“တွေ့ရတာဝမ်းသာပါတယ်။”
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် လင်ယွမ်ချန်နှင့်ကျန်းရှူးယွမ်တို့လဲ အိမ်ပြန်ရောက်လာခဲ့ကြသည်။
သူတို့ဘာမှမမေးနိုင်သေးခင်မှာပဲ သခင်ကြီးလင်၏စပြောလာပြန်ကာ ဒီတစ်ကြိမ်ကတော့ အစောကနှင့်မတူပဲ အသံကအေးစက်လို့နေသည်။ “ဒါက ရှောင်းထင်ရဲ့ချစ်သူ ကုနင်း။”
ထို့နောက် ကုနင်းဘက်သို့ပြန်လှည့်ကာ၊ “ဒီဘက်က ဦးလေးယွမ်ချန်နဲ့ အန်တီရှူးယွမ်ပဲ။”
“တွေ့ရတာဝမ်းသာပါတယ်၊ ဦးလေးယွမ်ချန်၊ အန်တီရှူးယွမ်” သူတို့ကိုလဲ ကုနင်းယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်ခဲ့သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု။” လင်ယွမ်ချန်က ပြန်နှုတ်ဆက်လိုက်ပေမည့် ကျန်းရှူးယွမ်ကတော့ အထင်သေးနေသည့်အမူအရာအထင်းသားနှင့် နှုတ်ဆိတ်နေသည်။
ထိုအမူအရာကြောင့် သခင်ကြီးလင် ဒေါသထွက်သွားကာ ကျန်းရှူးယွမ်ကို အေးစက်စက်ကြည့်လိုက်တော့သည်။
ကျန်းရှူးယွမ် အနည်းငယ်ထိတ်လန့်သွားမိသော်လည်း ကုနင်းကို နှုတ်ဆက်ဖို့ကိုတော့ ငြင်းဆန်နေတုန်းပင်။
“ရှောက်ကျား ဘယ်မလဲ? ငါတို့နဲ့အတူ ညစာစားမှာလား? မစားရင်လဲ ငါတို့ပဲ အရင်စားနှင့်မယ်။” သခင်ကြီးလင်ပြောလိုက်သည်။
လင်ရှောက်ကျား ဘွဲ့ရထားသည်မှာ အတော်လေးကြာနေပြီဖြစ်သော်လည်း အခုထိ အလုပ်လက်မဲ့အနေအထားနှင့် တစ်နေကုန်တစ်နေခမ်း လျှောက်သွားနေခဲ့သည်။ လင်မိသားစုက ကြွယ်ဝသည်ဆိုသော်လည်း ဘယ်သူကမှတော့ အလုပ်မရှိအပျင်းတစ်နေသူကို သဘောမကျပေ။
တကယ်တော့ လင်ရှောက်ကျားသည် အခုဆို သူမသင်ယူထားသည့်ဘာသာရပ်ဖြစ်သည့် အဝတ်အစားဒီဇိုင်းဆွဲခြင်းဘက်ကို အာရုံအပြည့်စိုက်ထားသည်သည်ဆိုသော်လည်း ဘာအောင်မြင်မှုကိုမှတော့ မရရှိသေးပေ။
လင်ရှောက်ကျားအပေါ် သခင်ကြီးလင်၏သဘောထားကို ကျန်းရှူးယွမ်မကျေမနပ်ဖြစ်မိသော်လည်း ထုတ်မပြောရဲပေ။
“အဖေ၊ ရှောက်ကျားက နောက်ငါးမိနစ်လောက်ဆို အိမ်ပြန်ရောက်မှာပါ။” ကျန်းရှူးယွမ် ချက်ချင်းပင် လင်ရှောက်ကျားကို ဖုန်းဆက်ပြီးနောက် သခင်ကြီးလင်ကို ပြန်ပြောပြလိုက်သည်။
“ကောင်းပြီလေ၊ ငါတို့ ငါမိနစ်စောင့်ကြတာပေါ့။ ငါးမိနစ်နေလို့မှ သူမပေါ်လာရင်တော့ ငါတို့ဘာသာပဲ စားကြမယ်။” သခင်ကြီးလင် ကျန်းရှူးယွမ်ကို ပြန်ပြောလိုက်ပြီးနောက် ကုနင်းကိုတောင်းပန်လိုက်သည်။ “ကောင်မလေးကု၊ မင်းခဏလောက်တော့ ဆက်စောင့်ပေးရဦးမယ်။”
“အဆင်ပြေပါတယ်၊ အဖိုး။”
သခင်ကြီးလင်က ကုနင်းကိုတော့ ကြင်နာမှုအပြည့်ဖြင့် ပြောဆိုဆက်ဆံနေတာကြောင့် ကျန်းရှူးယွမ်၏မကျေနပ်စိတ်များ ပိုလို့တောင် ကြီးထွားလာတော့သည်။
တကယ်တမ်း လင်ရှောက်ကျားသည်သာ သခင်ကြီးလင်၏မြေးအရင်းဖြစ်ပေမယ့် သခင်ကြီးလင်ကတော့ သူမကိုဆို ဘယ်တုန်းကမှ ကြင်ကြင်နာနာ မပြောဆိုဖူးပေ။
နောက်၄မိနစ်လောက်နေသည်နှင့် လင်ရှောက်ကျား ပြန်ရောက်လာခဲ့သော်လည်း ကုနင်းကိုမြင်သည်နှင့် အံတင်းတင်းကြိတ်လိုက်ကာ၊ “နင်က ဘာကိစ္စဒီကိုရောက်နေတာလဲ?”
သူမ၏ရိုင်းပြမှုကြောင့် လင်ရှောင်းထင်ရော သခင်ကြီးလင်ပါ စိတ်တိုသွားကြတော့သည်။ သူမတို့နှစ်ယောက်ကြား ပြဿနာဖြစ်ဖူးသည်က ထင်ရှားလှသည်။
“ကုနင်းက ရှောင်းထင်ရဲ့ချစ်သူပဲ။ အခု ငါတို့နဲ့ ညစာစားဖို့လာတာ။” လင်ရှောက်ရွှမ်းကအရင် ကုနင်းဘက်မှ ကာကွယ်ပေးလိုက်သည်။
“သူက လင်ရှောင်းထင်ရဲ့ချစ်သူ?” လင်ရှောက်ကျား အံ့ဩသွားကာ ကုနင်းကို ပိုမုန်းလာမိတော့သည်။
“ရှောက်ကျား၊ ဘာဖြစ်ခဲ့လို့လဲ?” ကျန်းရှူးယွမ်ကတော့ သေချာပေါက် သူ့သမီးဘက်ကသာ ရပ်တည်ပေးသည်။
“သူပေါ့၊ အရင်တစ်ခေါက်တုန်းက စားသောက်ဆိုင်မှ သမီးတို့စားပွဲကိုလုသွားတာ!” လင်ရှောက်ကျားကတော့ တစ်ဖက်သတ် အပြစ်တင်သည့်ကစားပွဲကို စတင်နေပေပြီ။
“ဘာ? တော်တော်ရိုင်းတာပဲ!” ကျန်းရှူးယွမ်က ပိုပိုသာသာပင် အသံကိုကျယ်လိုက်သည်။
“ပါးစပ်ပိတ်ထား၊ မင်းအပြုအမူကိုထိန်းစမ်း!” သခင်ကြီးလင်က ချက်ချင်းဝင်ပြောလိုက်သည်။
***
အခန်း ၁၀၅၅ တောင်းပန်ပါတယ်
“အမှန်ပြောနေတာပဲကို!” လင်ရှောက်ကျား ချက်ချင်းပြန်ခံပြောလိုက်သော်လည်း အသံကတော့ တိုးလျလို့နေသည်။
သူမအသံက သိပ်မကျယ်သော်လည်း အခန်းထဲရှိလူတိုင်းကြားဖို့တော့ လုံလောက်နေစဲဖြစ်ကာ သခင်ကြီးလင်လဲ ထပ်ပြီးစိတ်ပျက်မိရပြန်သည်။ လင်ယွမ်ချန်ကလဲ သူ့သမီးကိုချက်ချင်းဆူလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ်ထိန်းစမ်း!”
ကျန်းရှူးယွမ် မကျေမနပ်ဖြစ်နေသော်လည်း တစ်ခွန်းမှဝင်မပြောရဲပေ။
“မစ္စလင်၊ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်နော်။ စားသောက်ဆိုင်မှာ လုံခြုံရေးကင်မရာတွေလဲအများကြီး ဘယ်သူက ဘယ်သူ့ထိုင်ခုံလုလဲဆိုတာ အလွယ်လေးစုံစမ်းလို့ရတယ်။” ကုနင်း စိတ်မဆိုးသော်လည်း ဒီလိုအဓိပ္ပါယ်မဲ့အပြစ်ဖို့ခံရတာကိုတော့ လက်ခံဖို့ဆန္ဒမရှိပေ။
“နင်…” လင်ရှောက်ကျား ပထမ ကြောင်အသွားပြီး အတော်လေးလဲ ထိတ်လန့်သွားသည်။
သူမအမူအရာကိုမြင်လိုက်သည်နှင့် သခင်ကြီးလင်၊ လင်ရှောင်းထင်၊ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှိတို့အားလုံး စိတ်တိုသွားကြကာ လင်ယွမ်ကျန်းနှင့်ယွီယင်းပင် မျက်မှောင်ကြုတ်မိသည်။
လင်ယွမ်ချန်ဆိုသည်မှာလဲ သခင်ကြီးလင်ရှေ့တွင် လင်ရှောက်ကျား၏လုပ်ရပ်ကြောင့် အရှက်ကွဲရ၍ စိတ်တိုသွားသည်။
လင်ရှောက်ကျား သူမကိုယ်သူမအပြစ်ကင်းကြောင်း သက်သေမပြနိုင်နေတာတောင်မှ ကုနင်းကို အပြစ်တင်ဖို့ လက်မလျှော့သွားသေးပေ။ “နင်က လင်ရှောင်းထင်ရဲ့ချစ်သူဆိုမှတော့ ဘာလို့ ကျန်းယွေ့ချင်နဲ့ညနက်တဲ့အထိ အတူနေတာလဲ? ဘာလဲ ကျန်းယွေ့ချင်ကိုကျ ပလန်ဘီအဖြစ် စဉ်ထားတာလား? နင်ဘယ်…”
“တော်လောက်ပြီ!” သခင်ကြီးလင် ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ဖြတ်အော်လိုက်တော့သည်။
ကုနင်းမှာ မိတ်ဆွေအပေါင်းအသင်းများကြောင်း သူနားလည်တာသလို လူတစ်ယောက်မှာ ဆန့်ကျင်ဘက်လိင်အပေါင်းအသင်းများစွာရှိတာကလဲ ပုံမှန်သာဖြစ်သည်။ ဒါတင်မကဘူး၊ ကုနင်းသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ကာ လူအမျိုးမျိုးနှင့် အထူးသဖြင့် သူမကိုအကူအညီပေးနိုင်မည့်လူများနှင့် ပေါင်းသင်းဆက်ဆံဖို့လိုအပ်သည်။
ကျန်းယွေ့ချင်သည် အင်အားကြီးမိသားစုမှဖြစ်တာကြောင့် ကုနင်း သူနဲ့မိတ်ဆွေဖြစ်ထားတာက ကောင်းသည့်အရာသာဖြစ်သည်။
“မစ္စလင်၊ ရှင့်မှာရော ယောက်ျားလေးသူငယ်ချင်းမရှိဘူးလား? ရှင်ရော ရှင့်ယောက်ျားလေးသူငယ်ချင်းတိုင်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေနေပြီး ချစ်ကြိုက်နေတာပဲလား?” ကုနင်း လင်ရှောက်ကျားကို ပြန်လှောင်လိုက်သည်။
“အဓိပ္ပါယ်မရှိတာ၊ ငါအဲ့လိုအရှက်မမဲ့ဘူး!” လင်ရှောက်ကျား ဒေါသတကြီးပြန်အော်တော့သည်။
“ဒါဆိုလဲ ကျွန်မကျတော့ အရှက်မဲ့ပါတယ်ဆိုပြီး ရှင်က ဘာလို့ဒီလောက်သေချာနေတာလဲ?” ကုနင်း လင်ရှောက်ကျားကို တည့်တည့်ဆိုက်ကြည့်လိုက်သည်။
“နင်…” ကုနင်းကို နေရင်းထိုင်ရင်း သဘောမတွေ့ဖြစ်နေခြင်းသာဖြစ်၍ လင်ရှောက်ကျား ဘာမှပြန်မပြောနိုင်တော့ပေ။
တစ်ချိန်တည်းမှာပဲ ကုနင်း သူမကို အတင်းဖိအားပေးနေသည်ဟုခံစားရတာကြောင့် ဒေါသထွက်လာတော့သည်။
“လူတိုင်းကို မင်းစိတ်နဲ့လိုက်နှိုင်းမနေနဲ့၊ လင်ရှောက်ကျား!” လင်ရှောက်ရွှမ်းကပါ ဝင်ပြောကာ ကုနင်းဘက်မှကာကွယ်ပေးလိုက်သည်။
“နင်နဲ့ဘာမှမဆိုင်ဘူး!” လင်ရှောက်ကျား၏ဒေါသတွေက လင်ရှောက်ရွှမ်းအပေါ် ပုံကျသွားတော့သည်။
“ငါအမှန်တရားကိုပြောနေတာ မင်းလဲသိပါတယ်။” လင်ရှောက်ကျားသည် ဗိုင်းကောင်းကျောက်ဖိ သိမ်မွေ့နာခံသည့်မိန်းကလေးတစ်ယောက်မဟုတ်မှန်း လင်ရှောက်ရွှမ်း သိထားပြီးသားပင်။
လင်ရှောက်ကျားလဲ လင်ရှောက်ရွှမ်းကိုစိုက်ကြည့်ကာ စကားမဆက်နိုင်တော့ပေ။
“လင်ရှောက်ကျား၊ မင်း ထပ်ပြီး နင်းနင်းကို အခက်တွေ့စေမဲ့တစ်ခုခုပြောရဲပြောကြည့်။ သေချာပေါက် နောင်တရသွားစေရမယ်။” လင်ရှောင်းထင်ကပါ အေးစက်စက်နှင့် လင်ရှောက်ကျားကို ခြိမ်းခြောက်လာပြန်သည်။
သူ့ရှေ့တည့်တည့်မှာကို ကုနင်းအား လင်ရှောက်ကျား အရှက်ခွဲနေသည်ကို ထိုင်ကြည့်မနေနိုင်ပေ။
လင်ရှောင်းထင်၏ခြိမ်းခြောက်စကားကြောင့် လင်ရှောက်ကျား ပါးစပ်ပိတ်သွားတော့သည်။ သူမ လင်ရှောင်းထင်ကို အလွန်မုန်းကာ အမြဲတမ်းဆန့်ကျင်ဘက်တွေချည်းလုပ်လေ့ရှိပေမယ့် သူ့ကိုကြောက်တာကိုတော့ ဝန်ခံရမည်။
သခင်ကြီးလင်ကလဲ “လင်ရှောက်ကျား၊ မင်း ငါသတိပေးထားတာကိုမေ့သွားတာလား? ငါတို့မိသားစုကို ဖျက်ဆီးချင်နေတာလား? မင်းဒီမှာနေရတာ မပျော်မှာတော့ နောက်ဘယ်တော့မှ ပြန်မလာနဲ့တော့။”
လင်ရှောက်ကျား ထိတ်လန့်အံ့ဩသွားတော့သည်။ သူမအဖိုးဖြစ်သူက ကုနင်းဘက်လိုက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း သူမဘာမှပြန်မပြောနိုင်ခင်မှာပဲ လင်ယွမ်ချန်ကပါ အမိန့်ပေးလာခဲ့သည်။ “ရှောက်ကျား၊ အခုချက်ချင်း မစ္စကုကို ပြန်တောင်းပန်လိုက်။”
လင်ယွမ်ချန်သည် သူ့မျက်နှာနှင့်ဂုဏ်သိက္ခာကို အမြဲအလေးထားတာကြောင့် အခုကိစ္စက လင်ရှောက်ကျားအမှားဖြစ်၍ သူမကိုတောင်းပန်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
ကျန်းရှူးယွမ်လဲ လင်ရှောက်ကျားဘက်က ကူညီပေးချင်ပေမယ့် ဘာမှမပြောနိုင်ခဲ့ပေ။
“သမီး…” လင်ရှောက်ကျား ဘယ်လိုမှမတောင်းပန်ချင်ပေ။
“တောင်းပန်လိုက်!”
သခင်ကြီးလင်နှင့်ကျန်လူအားလုံးကလဲ လင်ရှောက်ကျားကို စိုက်ကြည့်နေကြကာ သူမသာ မတောင်းပန်လျှင် ဒီအတိုင်းလွှတ်ပေးကြမည့်ပုံမပေါ်ပေ။
ကုနင်းတောင်မှ လင်ရှောင်းကျားကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။ လင်ရှောက်ကျားသာ ပြန်မတောင်းပန်ဘူးဆို သူမကိုသင်ခန်းစာကောင်းကောင်းပေးပစ်ဖို့ ကြံရွယ်ထားသည်။
လင်ရှောက်ကျား ဘယ်လောက်ပဲစိတ်မပါ,ပါစေ အံတင်းတင်းကြိတ်ကာ ပြောလိုက်ရတော့သည်။ “ငါတောင်းပန်တယ်။”
သူမအသံက အတော်လေးတိုးလျနေသည်။ ကုနင်းကတော့ သေချာပေါက်ကြားနိုင်ပေမယ့် တမင်ကို၊ “မစ္စလင်၊ ဘာပြောလိုက်တာလဲ? ကျယ်ကျယ်လေးပြန်ပြောပေးပါလား?”
“နင်…” လင်ရှောက်ကျား ပေါက်ကွဲတော့မလိုခံစားလိုက်ရသည်။
ထိုအခိုက်မှာတော့ ကျန်းရှူးယွမ် ဝင်ပါလာခဲ့ပေပြီ။ “ငါတို့အားလုံးကြားလိုက်တယ်လေ။ နင်တမင်လုပ်နေတာမဟုတ်လား?”
“စိတ်မကောင်းလိုက်တာ၊ ကျွန်မအကြားအာရုံက သိပ်မကောင်းဘူးလေ။” ကုနင်း ထင်သာသည့်အလိမ်အညာကိုကောက်ပြောလိုက်သည်။
ကျန်းရှူးယွမ် ဒေါသထွက်နေသော်လည်း လင်ယွမ်ချန်က သူမကိုမျက်စောင်းထိုးကြည့်လာတာကြောင့် ဆက်မပြောရဲတော့ပေ။
လင်ရှောင်းထင်က ကုနင်းဘက်မှနေပေးကာ သခင်ကြီးလင်ကလဲ အလိုလိုပါလာပြီး နှစ်ယောက်လုံးက လင်ရှောက်ကျား၏အသံက သေချာကြားနိုင်လောက်သည်အထိ မကျယ်ဟုတွေးကြသည်။
လင်ရှောက်ကျား စိတ်ရင်းဖြင့်တောင်းပန်ခြင်းမဟုတ်လျှင်တောင် သေချာပေါက် ကျယ်ကျယ်လေးပြောရမည်။
“ငါတောင်းပန်တယ်။” လင်ရှောက်ကျား အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်ပြီးသည်နှင့် တချိုးတည်းအပေါ်ထက်သို့ပြေးတက်သွားတော့သည်။ သူမအခုချိန်မှာ ဒေါသထွက်လွန်း၍ ညစာစားချင်စိတ်ပျောက်သွားပေပြီ။
သူမကို ဘယ်သူမှမတားခဲ့ကြပေ။ ညစာစားပွဲဝိုင်းမှာ သူမမရှိသည်က ပိုတောင်းကောင်းနေပေဦးမည်။
ကျန်းရှူးယွမ်ကတော့ အမုန်းမီးများတောက်လောင်နေသည့်မျက်လုံးတို့ဖြင့် ကုနင်းကိုစိုက်ကြည့်နေခဲ့ပေမယ့် တစ်ခုခုမပြောရဲသလို ကိုယ်ထိလက်ရောက်လဲ မလုပ်ရဲခဲ့ပေ။
သူမနောက်ဆုံးတော့ သခင်ကြီးလင်က ကုနင်းသည် လုံးဝအားမနည်းဟု ဘာလို့ပြောခဲ့မှန်း သိသွားရတော့သည်။
ဒီနေ့သင်ခန်းစာကနေ လင်ရှောက်ကျား ကောင်းကောင်းပညာရသွားလောက်ပါတယ်လေ….
***
အခန်း ၁၀၅၆ မစ္စကျန်း
လင်ရှောက်ကျား ပြဿနာရှင်းသွားပြီးနောက်မှာတော့ အားလုံးပျော်ပျော်ရွှင်ရွှင် ညစာစစားခဲ့ကြသည်။ ထမင်းဝိုင်းတွင် စိတ်ကြိုက်ဝင်ထိုင်လို့ရသော်လည်း ထိပ်ဆုံးမှအိမ်ထောင်ဦးစီးထိုင်ခံမှာတော့ သခင်ကြီးလင်တစ်ယောက်သာ ထိုင်နိုင်သည်။
သခင်ကြီးလင်က ကုနင်းကိုဆွဲခေါ်သွားကာ သူ့ညာဘက်တွင်ထိုင်စေပြီး လင်ရှောင်းထင်ကတော့ ကုနင်း၏ညာဘက်တွင်ထိုင်လိုက်သည်။
အစောပိုင်းကအဖြစ်အပျက်များကြောင့် ကျန်းရှူးယွမ်နှင့်လင်ယွမ်ချန်တို စားချင်စိတ်မရှိတော့သော်လည်း ကျန်လူများကတော့ စိတ်အခြေအနေကောင်းနေကြသည်။
သခင်ကြီးလင်က ညစာစားနေစဉ်တစ်လျှောက် ကုနင်း၏ပန်းကန်ထဲ ဟင်းများဆက်တိုက်ခပ်ထည့်ပေးနေကာ ကံကောင်းလို့သာ ကုနင်းက ဘယ်လောက်များများစားနိုင်နေတာကြောင့် တော်သေးသည်။
သခင်ကြီးလင်၏အမြင်တွင် ကုနင်းသည် သူ့မိသားစုဝင်ဖြစ်နေပြီဖြစ်တာကြောင့် သူမကို ဘယ်လိုကြည့်ကြည့် ပို၍ပို၍သာ ကျေနပ်သဘောကျနေမိတော့သည်။
…….
လင်ရှောက်ကျားသည်တော့ သူမအခန်းထဲပြန်ရောက်သည်နှင့် ခေါင်းဦးတွေအပေါ် ဒေါသပုံချကာ အားလုံးကိုပစ်ပေါက်နေလေသည်။
“သေလိုက်၊ ကုနင်း! နင်လဲ တစ်နေ့ လင်ရှောင်းထင်စွန့်ပစ်တာ ခံရဦးမှာ။ r*peခံရပြီးသေမဲ့ဟာလေး!” လင်ရှောက်ကျား ဆက်တိုက်ကို ကုနင်းအားကျိန်စဲနေတော့သည်။
ကျန်းရှူးယွမ်သည်လဲ ကုနင်းကိုဒေါသထွက်နေစဲဖြစ်တာကြောင့် အပြစ်မရှိအပြစ်လိုက်ရှာနေလေသည်။ “မစ္စကု၊ မင်းကဘယ်မြို့ကလဲ ပြောပြလို့ရလား?” သူမအသံက အတော်လေးယဉ်ကျေးနေသည်ဆိုလျှင်တောင် မကောင်းသည့်ရည်ရွယ်ချက်ကိုတော့ မဖုံးကွယ်နိုင်ပေ။ “Fမြို့။” ကုနင်းလိုရင်းသာဖြေလိုက်သည်။
“Fမြို့? အဲ့ဒါ တတိယတန်းစားမြို့လေးမဟုတ်လား? မစ္စကုရဲ့မိသားစုက ဘာများလုပ်လဲ?” ကျန်းရှူးယွမ် ဒီတစ်ကြိမ်တော့ အထင်သေးနေမှုကို လုံးဝဖျောက်မထားတော့ပေ။
“မင်း တစ်ခါလောက်လေး တိတ်တိတ်နေလို့မရဘူးလား?” သခင်ကြီးလင် စိတ်ရှုပ်လာတော့သည်။
“အဖိုးလင်၊ အဆင်ပြေပါတယ်။ မစ္စကျန်းက ကျွန်မအကြောင်းသိချင်နေမှတော့ နည်းနည်းပါးပါးပြောပြပေးရမှာပေါ့။” ကုနင်းအေးအေးဆေးဆေးပင် သခင်ကြီးလင်ကို ပြန်ပြောလိုက်သည်။ အခုတော့ ကျန်းရှူးယွမ်ကို အန်တီရှူးယွမ်ဟုတောင် သူမ မခေါ်တော့ဘဲ ကျန်းရှူးယွမ်နှင့်မရင်းနှီးလိုကြောင်းပြသည့် သဘောဖြင့် မစ္စကျန်းဟုသာ ခေါ်လိုက်လေသည်။
ကုနင်း ကောင်းကောင်းဖြေရှင်းနိုင်မည်မှန်းသိနေ၍ သခင်ကြီးလင်လဲ ဘာမှဝင်မပြောတော့ပေ။
“ကျွန်မအမေက အလှပြင်ဆိုင်တစ်ဆိုင်ပိုင်တယ်။” ကျန်းရှူးယွမ်၏အမေးကို ကုနင်းပြန်ဖြေလိုက်သည်။
“ဒါဆို မင်းအဖေကရော?” ကျန်းရှူးယွမ် ချက်ချင်းထပ်မေးလိုက်သည်။
“ကျွန်မအဖေက လုပ်ငန်းတော်တော်များများမှာ ပါဝင်ထားတဲ့သူပါ။” ကုနင်း အသေးစိတ်တော့မပြောပေ။
“အိုး၊ ကောင်းသားပဲ၊ မင်းအဖေရဲ့ကုမ္ပဏီနာမည်က ဘယ်လိုခေါ်လဲ?”
“စိတ်မကောင်းပေမယ့် ဒီလောက်အသေးစိတ်တော့ မပြောပြနိုင်ပါဘူး။” ကျန်းရှူးယွမ်က သူမပြိုင်ဘက်မဖြစ်နိုင်တာကြောင့် လောလောဆယ် ထန်မိသားစု၏အရှိန်အဝါကို ထုတ်မသုံးလိုပေ။
သို့သော်လည်း ကျန်းရှူးယွမ်ကတော့ ကုနင်းတို့မိသားစုစီးပွားရေးက ထုတ်ပြောဖို့တောင် အလွန်သေးငယ်လွန်းတာကြောင့်ဟု မှတ်ယူသွားသည်။
“ထားပါလေ၊ ငါကလဲ အကျော်ကြားဆုံးနဲ့အကြီးဆုံးလုပ်ငန်းတွေအကြောင်းပဲ ကြားဖူးနေကျဆိုတော့ မင်းတို့မိသားစုလုပ်ငန်းကို မကြားဖူးလောက်ပါဘူး။”
“ကုနင်းရဲ့စီးပွားရေးအင်ပါယာတစ်ခုတည်းကတင် အန်တီကို ထိတ်လန့်စေဖို့လုံလောက်နေတာဆိုတော့ သူ့မိသားစုလုပ်ငန်းအကြောင်း အသေးစိတ်ပြောဖို့ ဘယ်လိုပါတော့မလဲ။” ကျန်းရှူးယွမ်၏ အထင်အမြင်သေးသည့်အမူအရာတွေကို လင်ရှောက်ရွှမ်းဆက်သည်းမခံနိုင်တော့တာကြောင့် ဝင်ပြောလိုက်သည်။
“မစ္စကုရဲ့စီးပွားရေးအင်ပါယာ?”
ကျန်းရှူးယွမ်အပါအဝင်ကျန်လူများလဲ အလွန်အံ့ဩသွားကြသည်။ ကုနင်း ဒီလောက်ငယ်ငယ်လေးနဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခုကို ဦးဆောင်တည်ထောင်နိုင်လိမ့်မည်ဟု သူတို့မယုံနိုင်ကြပေ။
“အန်တီ JadeBeautyလက်ဝတ်ရတနာဆိုင်က လက်ဝတ်ရတနာတွေ မဝယ်ဖူးဘူးလား? အဲ့ဆိုင်က ကုနင်းပိုင်တာလေ။ ပြီးတော့ အန်တီ ခိုကျီကထုတ်တဲ့အသားအရေထိန်းအလှကုန်တွေလဲ သုံးသေးတယ်မလား? အဲ့ဒါလဲ ကုနင်းအပိုင်ပဲ၊ နောက်ထပ်သူပိုင်တဲ့ နာမည်ကြီးကုမ္ပဏီတွေအများကြီး ရှိသေးတယ်။” လင်ရှောက်ရွှမ်း ဂုဏ်ယူစွာဖြင့် ထုတ်ဖော်ပြောလိုက်သည်။
သူကိုယ်တိုင်ကိုက ထိုကုမ္ပဏီများ၏ပိုင်ရှင်လို့တောင် ထင်ရလောက်အောင် ဂုဏ်ယူပြနေလေသည်။
“ဘာ? JadeBeautyနဲ့ခိုကျီက သူပိုင်တာလား?”
ကျန်းရှူးယွမ် အလွန်ထိတ်လန့်သွားသည်။
တကယ်တော့ ကျန်းရှူးယွမ်ရော ယွီယင်းသည်ပါ JadeBeautyလက်ဝတ်ရတနာ၏ဖန်များဖြစ်ကြကာ ခိုကျီကိုလဲ အလွန်သဘောကျကြသည်။ သို့သော်လည်း ထိုဘရန်းနှစ်ခု၏တည်ထောင်သူအကြောင်းကိုတော့ သူတို့အာရုံမထားခဲ့ကြပေ။
အံ့ဩစရာကောင်းသည်က JadBeautyရော ခိုကျီကိုပါ ကုနင်းပိုင်နေခြင်းပင်။
“ဟုတ်တယ်၊ ကျွန်မက JadeBeautyနဲ့ခိုကျီရဲ့ပိုင်ရှင်ပါ။” ကုနင်း အေးဆေးတည်ငြိမ်စွာအဖြေပေးလိုက်သည်။ “မစ္စကျန်းကလဲ ကျွန်မကုမ္ပဏီကထုတ်ကုန်တွေကို သဘောကျတယ်ဆိုတာ သိရတော့အံ့ဩသွားတာပဲ။ ရှင်က ရှောင်းထင်ရဲ့အဒေါ်ဆိုမှတော့ နောက်တစ်ကြိမ်ဆိုင်ကိုလာရင် ၂၀ရာခိုင်နှုန်းလျှော့ဈေးပေးပါ့မယ်။”
ကုနင်း ရိုးရိုးရှင်းရှင်းပင် ကျန်းရှူးယွမ်အား ဟာသလုပ်လိုဟန်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
ကျန်းရှူးယွမ် သူမကိုဒီလောက်မုန်းနေမှတော့ JadeBeautyနဲ့ခိုကျီကို ဆက်ပြီးဝယ်တော့လိမ့်မည်မဟုတ်ပေ။
သူမဝယ်လို့လဲ ကုနင်းအတွက်ဘာမှမထူးခြားသွားပေ။ မဟုတ်လို့ လျှော့ဈေးကို တပျော်တပါးကြီးလက်ခံလိုက်မယ်ဆိုရင်လဲ ကုနင်းစိတ်ထဲထားမည်မဟုတ်ပေ။
“မလိုအပ်ပါဘူး။ JadeBeautyနဲ့ခိုကျီဆိုတာ ကောင်းတဲ့ဘရန်းတွေလိုလဲမထင်ပါဘူး။ ငါထပ်မဝယ်တော့ဘူး။” ကျန်းရှူးယွမ် မနှစ်သက်စွာပြောလိုက်သည်။ ထိုပစ္စည်းတွေက ကုနင်း၏ကုမ္ပဏီကဆိုမှတော့ သူမထပ်မဝယ်ချင်တော့ပေ။
သို့သော်လည်း ထိုသို့ဆုံးဖြတ်လိုက်ရသည်က အလွန်နာကျင်ရသည်။
ချက်ချင်းပင် ထိုစကားကိုအကျယ်ကြီးထုတ်ပြောလိုက်မိသည့်အတွက် ကျန်းရှူးယွမ် နောင်တရမိသွားသည်။ အကြောင်းကတော့ သူမ JadeBeautyကိုရော ခိုကျီကိုပါ အလွန်သဘောကျတာကြောင့်ပင်။
ခိုကျီကြောင့် သူမအသားအရေကပိုကောင်းမွန်လာကာ ခိုကျီကိုမသုံးဘဲနေရတော့မည်ဆုံးဖြတ်ချက်က သူမကိုပိုလို့တောင် နာကျင်စေသည်။ သို့သော်လည်း သူမအားလုံးကြားအောင်ထုတ်ပြောပြီးနေမှတော့ သူမစကားကိုပြန်ရုတ်သိမ်းဖို့မဖြစ်နိုင်တော့ပေ။
“ကောင်းတာပေါ့။” ကုနင်း ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။
ထို့နောက် သူမ ယွီယင်းဘက်လှည့်ကာ၊ “အန်တီယင်းရော ဘယ်လိုအလှကုန်တံဆိပ်ကိုသုံးလဲ?”
“ငါလဲခိုကျီပဲသုံးတယ်၊ ပြီးတော့ အဲ့ဒါက အရမ်းထိရောက်မှုရှိတယ်လို့ထင်တယ်!” ယွီယင်းသည် ခိုကျီ၏အမာခံပရိသတ်ပင်။