အခန်း (၂၃၅၁-၂၃၅၅)
Vol. 95 Ch. 2351-2355
အပိုင်း (၂၃၅၁)
ဓါးရှည်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရှေ့တည့်တည့်သို့ တဝီဝီမြည်ကာ တိုးဝင်လာခဲ့လေသည်။
သို့ရာတွင် လော့ပင်းမည်မျှမြန်အောင် ထိုးလိုက်စေကာမူ သူမ၏ဓါးချက်မှာ ရန်ကိုင့်ကို လုံးဝ ထိလိမ့်မည်မဟုတ်ချေ။ သူမ၏ဓါး လေထဲတွင် ရှိနေစဉ်မှာပင် ရန်ကိုင်ကမူ ပျောက်ကွယ်သွားခဲ့လေပြီ။
ရန်ကိုင့်အစား သူ့နေရာတွင် လူထွားကြီးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူထွားကြီးသည် လော့ပင်းအား ရှုပ်ထွေးကရုဏာသက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။
လော့ပင်းမှာ သူမဓါးကို အချိန်မီ ပြန်မရုတ်သိမ်းလိုက်နိုင်သဖြင့် သူမ၏ ဓါးရှည်သည် ထိုလူထွားကြီး၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားခဲ့လေသည်။ ထိုဓါးချက်နှင့်အတူ သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့လေ၏။
လော့ပင်း၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့လေသည်။ သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော လူထွားကြီးကို ကြည့်ရင်း မင်သက်နေသည့် အမူအယာဖြင့် ပြောလိုက်လေ၏။ “အစ်ကိုချိုက်…”
လက်ရှိ သူမရှေ့တွင် ပေါ်လာသည့်လူမှာ ချိုက်ဟူသာ ဖြစ်လေသည်။ သူမ၏ဓါးချက်သည် ချိုက်ဟူ၏ရင်ဘတ်အား သွားရောက်ထိမှန်ခဲ့ခြင်း ဖြစ်နေ၏။
ချိုက်ဟူသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ထိုကျင့်ကြံခြင်းအရ လော့ပင်း၏ဓါးချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်လေသည်။ မရှောင်နိုင်လျင်ပင် အရင်းအမြစ်ချီကို လှည့်ပတ်၍ အလွယ်တကူ တားဆီးလိုက်နိုင်ပေသည်။ သို့ရာတွင် ထိုသို့မလုပ်ခဲ့။ လော့ပင်း၏ဒေါသကို ဖွင့်ထုတ်ခွင့် ပေးလိုက်လေသည်။
သေရန်ဆုံးဖြတ်ထားသော လော့ပင်းမှာ စတင်၍ ထိတ်လန့်လာခဲ့လေသည်။ သူမသည် ဤနေရာသို့ ရန်ကိုင့်အား ခြုံခိုတိုက်ခိုက်ရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ဖို့ရာ မမျှော်လင့်ထားခဲ့ပေ။ သူမအနေဖြင့် ရန်ကိုင့်အား မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ဆက်၍ အသက်မရှင်ချင်တော့ချေ။ သို့မှသာ သေဆုံးသွားသော သူမ၏အဖေနှင့် တမလွန်ဘဝတွင် ပြန်လည်ပေါင်းစည်း နိုင်ပေလိမ့်မည်။
သူမမှာ သေရန် ရောက်လာခဲ့သော်ငြား မသေခဲ့ပဲ ချိုက်ဟူကိုသာ ထိခိုက်သွားအောင် လုပ်မိခဲ့လေသည်။
သွေးများ တောက်လျှောက်စီးထွက်နေလာသည့် အတွက်ကြောင့် မကြာခင်မှာပင် ချိုက်ဟူ၏ ရင်ဘတ်တစ်ခုလုံး သွေးချင်းနီသွားခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း လော့ပင်း၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာလေ၏။
ထို့နောက်တွင် တောင့်တင်းနေသော လော့ပင်း၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီလာပြီး အားမရှိတော့သည့်အလား လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။
ချိုက်ဟူသည် သူမအား ထူမပေးထားလိုက်ပြီး လော့ပင်းအား ညင်သာစွာ ပွေ့ဖက်ပေးလိုက်လေသည်။
လော့ပင်းမှာလည်း လုံးဝ မခုခံနိုင်ခဲ့ချေ။ ချိုက်ဟူသည် သူမအား အသာအယာလေးသာ ပွေ့ဖက်လိုက်သော်ငြား သူမ၏လက်ထဲရှိ ဓါးရှည်အား မလွှတ်ချရသေးသည့်အတွက်ကြောင့် ဓါးရှည်သည် ချိုက်ဟူ၏ရင်ဘတ်ထဲသို့ ပို၍ နစ်ဝင်သွားခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် လော့ပင်း၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။
“အစ်ကိုချိုက်… ရှင် ဘာလုပ်နေတာလဲ.. ရပ်လိုက်တော့…”
သို့ရာတွင် သူမ မည်သို့ပင် ပြောနေစေကာမူ ချိုက်ဟူကတော့ မရပ်လိုက်ချေ။
ထိုအချင်းအရာကိုမြင်သော် ချီယွဲ့နှင့် အခြားသူများ၏ အမူအယာများမှာလည်း ပြောင်းလဲသွားကုန်ကြလေ၏။ ချိုက်ဟူ ဤကဲ့သို့ လုပ်လိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ချေ။ သူတို့ အသိပြန်ဝင်လာချိန်တွင် လော့ပင်း၏ဓါးသည် ချိုက်ဟူ၏ ရင်ထဲသို့ တစ်ဆုံး ဝင်သွားခဲ့လေပြီ။ ထို့နောက်တွင် ချိုက်ဟူသည် လော့ပင်းအား တိုးတိုးလေး ပြောလိုက်လေ၏။ “သခင်လေးရန်က နင့်အဖေကို သတ်လိုက်တယ်… သူ့ဝဋ်ကြွေးကို ငါပြန်ဆပ်ပေးမယ်… ကျေးဇူးပြုပြီး နင့်ဓါးနဲ့ သူ့ကို မရွယ်ပါနဲ့လား…”
“မလုပ်ပါနဲ့… ရပ်လိုက်ပါတော့… ကျွန်မ လက်စားမချေချင်တော့ပါဘူး… ကျွန်မ သူ့ကို ထပ်ပြီး လက်စားချေတော့မှာ မဟုတ်ပါဘူး… ဒါကြောင့် လွှတ်လိုက်ပါတော့နော် အစ်ကိုချိုက်…” လော့ပင်း၏ ပါးပြင်ထက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာခဲ့လေသည်။ လက်ရှိအချိန်တွင် လော့ပင်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသလို တစ်ချိန်တည်းတွင်လည်း သူမကိုယ်သူမ ပြန်၍ အပြစ်တင်နေမိလေ၏။ သူမသာ မဆင်မခြင် မလုပ်ခဲ့လျှင် ချိုက်ဟူ ယခုကဲ့သို့ ခံစားနေရလိမ့်မည် မဟုတ်ချေ။
သူမ ချိုက်ဟူအား သိသည်မှာ မကြာသေးသလို နှစ်ယောက်သားသည်လည်း အရမ်းကြီး ရင်းနှီးခြင်း မရှိသော်ငြား သူမဘဝ၏ အခက်အခဲဆုံး အန္တရာယ်အများဆုံး အချိန်တွင် ချိုက်ဟူပေါ်လာပြီး သူမအား ကယ်တင်ပေးသွားခဲ့လေသည်။ ချိုက်ဟူအနေဖြင့် ထိုကဲ့သို့ ကယ်တင်ပေးရခြင်းမှာ သူ၏တစ်ကိုယ်ကောင်းဆန်သော အကြောင်းပြချက်များကြောင့် ဖြစ်သော်ငြား လော့ပင်းကမူ သူမ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေချိန် ပေါ်လာပြီး ကယ်တင်ပေးသွားခဲ့သော ချိုက်ဟူအား လုံးဝမမေ့နိုင်ပေ။
ထိုအခိုက်အတန့်တွင် အပျိုစင်မိန်းမပျိုလေးတစ်ဦး၏ နှလုံးသားမှာ စတင်၍ လှုပ်ခတ်သွားရလေတော့သည်။ ချိုက်ဟူ၏ပုံရိပ်သည် ယခုဆိုလျှင် သူမ၏နှလုံးသားထဲ စွဲစွဲမြဲမြဲကို ထင်ကျန်ရစ်နေခဲ့လေသည်။
လွန်ခဲ့သော လများအတွင်း လော့ပင်းမှာ ချိုက်ဟူဆီမှ ရရှိခဲ့သော စိတ်လုံခြုံသည့် ခံစားချက်ကို ပို၍ လွမ်းဆွတ်လာခဲ့လေသည်။ လျှောက်ပတ်သွားလာနေရင်းမှ အတိတ်အကြောင်းကို တစိမ့်စိမ့် ပြန်တွေးနေမိလေသည်။ ထိုကဲ့သို့ တွေးမိနေသည်နှင့်အမျှ ချိုက်ဟူ၏ပုံရိပ်မှာလည်း သူမနှလုံးသားထဲ ပိုပို၍ စွဲမြဲကာ ထင်ကျန်ရစ်လာတော့လေသည်။
သို့သော်ငြား ချိုက်ဟူကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရချိန်၌ သူ့ရင်ဘတ်တည့်တည့်ကိုမှ သူမဓါးဖြင့် ထိုးမိလိုက်လေသည်။ သူမလုပ်ရပ်ကြောင့် ချိုက်ဟူမှာ သေခါနီးပင် ဖြစ်ခဲ့ရလေသည်။ နှစ်ပေါင်းများစွာကြာအောင် လွတ်လွတ်လပ်လပ်ဖြင့် အလိုလိုက်ခံရကာ နေလာခဲ့ရသည့် ဘဝကြွေးအတွက် ယခုမှသာလျှင် ပြန်၍ ရင်ကွဲစို့နင့်ကာ ခံစားနေရခြင်းပေလော။
သူမဘဝအား ရိုးရိုးရှင်းရှင်းနှင့် ဖြတ်သန်းရမည် ဆိုလျှင်ပင် ချိုက်ဟူကိုတော့ အန္တရာယ်ကင်းကင်းနှင့် အဆင်ပြေနေစေချင်ပေသေးသည်။
“သူ့ဆီကနေ ဖယ်စမ်း…” ချီယွဲ့သည် လော့ပင်းအား ချိုက်ဟူဆီမှ ဆွဲခွာပစ်လိုက်လေသည်။
ကွေ့ဇူနှင့် အခြားသူများသည်လည်း ချိုက်ဟူ၏ ဒဏ်ရာကို အမြန်စစ်ဆေးကြည့်လိုက်လေ၏။
မြေပြင်ပေါ်သို့ လဲကျသွားပြီးသည့်နောက်တွင် လော့ပင်းသည် သူမအခြေအနေကိုပင်လျှင် ဂရုမစိုက်နိုင်တော့ဘဲ ချိုက်ဟူဆီသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားလိုက်လေသည်။
ခဏအကြာတွင် ကွေ့ဇူက သက်ပြင်းတစ်ချက်ချလျက် “ကံကောင်းသွားတယ်… သူ့နှလုံးကို ထိမသွားဘူး… ဒဏ်ရာက သိပ်ပြီးမဆိုးဘူး…”
ပြောနေရင်းမှ ဆေးလုံးတစ်လုံးကိုထုတ်၍ ချိုက်ဟူပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် အရင်းအမြစ်ချီကို သုံး၍ ဓါးကိုဆွဲထုတ်လိုက်ပြီးသည့်နောက် သူ့အရင်းအမြစ်ချီကိုပင်လျှင် ချိုက်ဟူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ချိုက်ဟူအား ဆေးအာနိသင်များကို ချေဖျက်နိုင်အောင် ကူညီပေးလိုက်လေသည်။
“သူနားလို့ရအောင် ငါ သူ့ကို အရင်ပြန်ခေါ်သွားလိုက်မယ်…” ထို့နောက်တွင် ကွေ့ဇူသည် ချိုက်ဟူကို ထမ်းလျက် ရွက်တစ်ထောင်ဂိုဏ်းဆီသို့ ပျံသန်းသွားလေ၏။
ထွက်မသွားခင် ချိုက်ဟူက ချောင်းဆိုးရင်းမှ ပြောလိုက်လေသည်။ “သူ့ကို အရမ်းကြီး ပြဿနာမရှာပါနဲ့… သူ့မှာလည်း သူ့အခက်အခဲနဲ့ မို့လို့ပါ…”
ချီယွဲ့က သက်ပြင်းချလျက် “ဒီလောက်ထိ လုပ်စရာလိုလို့လား…”
ယနေ့ဖြစ်သွားသည့်ကိစ္စသည် လုံးဝကို ရှင်းပြရခက်ပေသည်။ သို့သော်ငြား တစ်ခုခု မှားယွင်းနေမှန်းကိုတော့ ချီယွဲ့လည်း သတိထားမိသည်။ သူမ၏ လေးယောက်မြောက်အစ်ကိုနှင့် ကောင်းကင်ကြိုးကြာမြို့မှ မင်းသမီးလေးကြားတွင် ကိစ္စတစ်ခုခု ကျိန်းသေ ရှိနေရပေလိမ့်မည်။
ခဏအကြာတွင် အကုန်လုံး ထွက်သွားခဲ့လေရာ ချီယွဲ့တစ်ယောက်သည်သာ မျက်မှောင်ကြီးကျုံ့လျက် ကျန်ခဲ့လေ၏။
ထိုအချိန်အတောအတွင်း လော့ပင်းမှာတော့ မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ချိုက်ဟူထွက်သွားသည့်ဘက်သို့ လှမ်းကြည့်နေခဲ့လေ၏။ တရှုံ့ရှုံ့ငိုကြွေးနေရင်းမှ မပီကလာ ပီကလာဖြင့် ရေရွတ်လိုက်လေသည်။ “ကျွန်မ လက်စားမချေတော့ပါဘူး အစ်ကိုချိုက်… ကျေးဇူးပြုပြီး မသေပါနဲ့…”
လော့ပင်းမှာ ရင်ကွဲနာကျနေသည့် ကောင်မလေးတစ်ဦးနှယ် အဆက်မပြတ် အော်ငိုကြွေးနေရင်းမှ ထိုစကားလုံးများကို ထပ်တလဲလဲ ရေရွတ်နေခဲ့လေသည်။
သူ့ပုံစံကိုကြည့်ရင်း ချီယွဲ့လည်း သနားစိတ် ဝင်မိသွားလေ၏။ ထို့နောက် သက်ပြင်းချလျက် ပြောလိုက်လေသည်။ “သူသေမှာမဟုတ်ဘူး… သူ့ဒဏ်ရာက ဒီလောက်မဆိုးဘူး…”
ထိုစကားကိုကြားသော် လော့ပင်းသည် ချီယွဲ့ဘက်သို့ ချက်ချင်း ခေါင်းမော့ကြည့်လာခဲ့ပြီး စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ်… ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုသို့ပြောနေရင်းမှ တစ်ခုခုအား ဆုတောင်းနေဟန်ဖြင့် မျက်လုံးပိတ်ကာ လက်အုပ်ချီ၍ ဘာမှန်းမသိသော စကားများကို ရေရွတ်နေလိုက်လေသည်။
“ဟူး… နင့်ကိစ္စနဲ့ နင်ပဲ…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ချီယွဲ့သည် ချိုက်ဟူနှင့် အခြားသူများနောက်သို့ အမြန်လိုက်သွားခဲ့လေသည်။ လော့ပင်းတစ်ယောက်သည်သာ ဆုတောင်းရင်း ကျန်ရစ်ခဲ့လေသည်။
တစ်လခန့် ကြာပြီးသည့်နောက်တွင် စိမ့်တောမြို့ဟု ခေါ်သည့် နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
ဤမြို့သည် တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေ၏ နယ်စပ်အဖျားတွင် တည်ရှိနေခြင်း ဖြစ်ပေသည်။
ဤနေရာသို့ လာရခြင်းမှာ ရှောင်ရှောင်၏ အကြောင်းကို စုံစမ်းရန်အတွက် မရဏဂိုဏ်းဆီသို့ သွားလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူ့ခန့်မှန်းချက်အရ ကြယ်တာရာလမ်းကြောင်းထဲမှ ထွက်လာပြီးသည့်နောက်တွင် ရှောင်ရှောင်သည် ယင်လဲ့ရှန်းနှင့် တစ်နေရာတည်းကျသွားနိုင်ချေ အတော်လေးများပေသည်။
မည်ကဲ့သို့ရှာရမလဲ ဆိုသည်နှင့်ပတ်သက်၍ တစ်ဆင့်ချင်းသာ သွားရပေလိမ့်မည်။ ယင်လဲ့ရှန်းအား တိုက်ရိုက်ကြီး သွားမေး၍ မဖြစ်ချေ။ တကယ်တော့ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စများ ရှိနေသည် မဟုတ်ပေလော။ ထို့အပြင် သူ့၌ ကြယ်အမြုတေရှိနေကြောင်းကိုလည်း ယင်လဲ့ရှန်း သိထားသည်။
မရဏဂိုဏ်းသည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပေသည်။ ၎င်း၏ခွန်အားမှာ နေမင်းပြာကျောင်းတော်နှင့်ပင်လျှင် ယှဉ်နိုင်ပေသည်။
ထိုအကြောင်းကို ရီဟန်မှ ပြောပြခဲ့ခြင်း ဖြစ်ပေသည်။ တောင်ဘက်နယ်မြေသည် နယ်မြေကြီးလေးခုအနက် အရင်းအမြစ် အရှားပါးဆုံး နေရာတစ်ခုဖြစ်သလို မိုးမြေစွမ်းအင် အပါးလျဆုံး နေရာတစ်ခုလည်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ နိမ့်ကျပေသည်။
သို့သော်ငြား အခြားနယ်မြေကြီးသုံးခုမှာတော့ တောင်ဘက်နယ်မြေထက် ပို၍ စည်ပင်သာယာဝပြောပေသည်။ ထိုနယ်မြေများထဲရှိ ကျင့်ကြံသူများ၏ ယေဘုယျကျင့်ကြံခြင်းမှာ တောင်ဘက်နယ်မြေထဲရှိ ကျင့်ကြံသူများ၏ ယေဘုယျကျင့်ကြံခြင်းထက် ပိုမိုမြင့်မားပေသည်။ အရှေ့ဘက်နယ်မြေထဲတွင် မရဏဂိုဏ်းကဲ့သို့ အားကောင်းလှသောဂိုဏ်း ဆယ်ဂိုဏ်းနီးပါး ရှိနေချိန်တွင် တောင်ဘက်နယ်မြေထဲ၌ နေမင်းပြာကျောင်းတော်ကဲ့သို့ အားကောင်းလှသောဂိုဏ်း လေးဂိုဏ်းသာ ရှိသည်ကို ကြည့်လျှင် အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေ မည်မျှ ကွာခြားသလဲဆိုသည်ကို သိမြင်နိုင်ပေသည်။
အရှေ့ဘက်နယ်မြေတွင်လည်း တောင်ဘက်နယ်မြေထဲရှိ ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော နယ်မြေကြီးတစ်ခုလုံးကို အုပ်စိုးနေသည့် ဂိုဏ်းတစ်ဂိုဏ်းရှိပေသည်။ ထိုဂိုဏ်းမှာ မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော ရှုယဉ်သာမဟာဧကရာဇ်မှ တည်ထောင်ထားသည့် ရှုယဉ်သာဝိဉာဉ်နန်းတော်သာ ဖြစ်လေ၏။
ကောလဟာလများက ပြောကြသည်မှာတော့ နာမည်ကျော် စိတ်ဝိဉာဉ်သားရဲကျွန်းနှင့် နဂါးကျွန်းတို့သည် တောင်ဘက်နယ်မြေထဲရှိ တစ်နေရာရာတွင် ရှိနေသည်ဟူ၍ပင်။ သို့သော်ငြား ထိုကောလဟာလ မှန်မမှန်ကိုတော့ မည်သူမျှ အတည်မပြုနိုင်ကြချေ။
ရှုယဉ်သာမဟာဧကရာဇ်၏ လွှမ်းမိုးခြင်း ခံရသည့်အတွက်ကြောင့်လား မသိ အရှေ့ဘက်နယ်မြေထဲရှိ ဂိုဏ်းများစွာနှင့် ကျင့်ကြံသူများမှာ ဝိဉာဉ်အမျိုးအစားပညာရပ်များ၊ မကောင်းဆိုးဝါးပညာရပ်များကို ကျင့်ကြံလေ့ရှိကြပေသည်။ ဥပမာပြရသော် မရဏဂိုဏ်းပင် ဖြစ်လေ၏။ ထို့အတွက်ကြောင့် အရှေ့ဘက်နယ်မြေ၏ သိုင်းပညာရပ်များသည် တောင်ဘက်နယ်မြေရှိ သိုင်းပညာရပ်များနှင့် အလွန်ကိုမှ ကွာခြားသည်ဟု ပြော၍ရပေသည်။
လွန်ခဲ့သည့်လအတွင်း ရန်ကိုင်သည် မြို့ပေါင်းများစွာသို့ သွားရောက်ကာ ထိုမြို့များတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်များကို အသုံးပြုခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် တောင်ဘက်နယ်မြေ၏ နယ်စပ်တွင် ရှိနေသော စိမ့်တောမြို့ဆီသို့ တစ်လအတွင်း ရောက်လာရန် မဖြစ်နိုင်ပေ။
ဟင်းလင်းပြင်အစီအရင်များကို အသုံးမပြုဘဲ သူ့ဘာသာ ပျံသန်းလာမည်ဆိုပါက လက်ရှိရန်ကိုင်၏ အမြန်နှုန်းနှင့် ကျင့်ကြံခြင်းအရ ဤစိမ့်တောမြို့သို့ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ကြယ်တာရာအစုအဝေးသည် စိတ်ကူးနိုင်သည်ထက်ကို ပိုမိုကျယ်ဝန်းပေသည်။
စိမ့်တောမြို့သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အရှေ့ဘက်နယ်မြေဆီသို့ ချက်ချင်းမသွားသေးဘဲ တည်းခိုခန်းတစ်ခန်းတွင် ခဏ ဝင်နားနေလိုက်လေသည်။
ဤနေရာသည် အရှေ့ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေတို့ ထိစပ်နေသည့် နယ်စပ်ဖြစ်သည့် အတွက်ကြောင့် စိမ့်တောမြို့တွင် တောင်ဘက်နယ်မြေမှ ကျင့်ကြံသူများကိုသာလျှင် မဟုတ်ဘဲ အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများကိုလည်း မြင်တွေ့နိုင်ပေသည်။ ရန်ကိုင် ဤနေရာတွင် ခဏတည်းခိုနေရခြင်းမှာ အရှေ့ဘက်နယ်မြေ၏ အကြမ်းဖျင်းအခြေအနေ အထူးသဖြင့် မရဏဂိုဏ်းအကြောင်းကို စုံစမ်းချင်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
စိမ့်တောမြို့ပေါ်ရှိ လမ်းမထက်တွင် သွားလာနေသည့် ကျင့်ကြံသူများအနက် အတော်များများမှာ ကြမ်းကြုတ်ခက်ထန် မိစ္ဆာဆန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။ သူတို့၏အမူအယာများသည်ကပင်လျှင် ကြောက်မက်ဖွယ်ကောင်းလှလေ၏။ ပြေးကြည့်နေစရာပင်မလို ထိုလူများမှာ အရှေ့ဘက်နယ်မြေမှ ကျင့်ကြံသူများဖြစ်ကြသည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့အပြင် စိမ့်တောမြို့၏ လက်ရှိအခြေအနေမှာ လုံးဝကို ဝရုန်းသုန်းကား ဖြစ်နေခဲ့လေသည်။ မြို့အား စောင့်ကြပ်ပေးနေသည့် မြို့သခင်စံအိမ်နှင့်တကွ ပညာရှင်တစ်ဦး ရှိနေသော်ငြား ဤမြို့ထဲသို့ ရောက်ပြီး တစ်ရက်အတွင်းမှာပင်လျှင် တိုက်ပွဲများစွာကို ရန်ကိုင် မြင်တွေ့ခဲ့ရလေသည်။ ထိုတိုက်ပွဲများကြောင့် လူအချို့ပင်လျှင် သေဆုံးသွားခဲ့ရသည်။
ဤကဲ့သို့သောကိစ္စများသည် တောင်ဘက်နယ်မြေ၏ ချောင်ကျသောနေရာဖြစ်သည့် မေပယ်မြို့တွင်ပင်လျှင် မတွေ့ရချေ။
တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတောအတွင်း ဘေးပတ်ဝန်းကျင်၌ ပညာရှင်ပေါင်းများစွာရှိနေသည်ကို ရန်ကိုင် သတိပြုမိပေသည်။ သို့သော်ငြား မည်သူမျှ ထွက်မတားကြချေ။ ထိုတိုက်ပွဲပြီးသွားသည့်အခါမှသာ ထိုပညာရှင်များ ထွက်လာကြပြီး တိုက်ခိုက်ကြသည့်လူများကို ဆွဲခေါ်သွားကြလေ၏။ ထို့နောက်တွင် ထိုကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်များကို ချွတ်ယူကာ သူတို့၏ခန္ဓာကိုယ်များကို လမ်းမပေါ်တွက် ပစ်ထားခဲ့ကြလေသည်။
ထိုပညာရှင်များမှာ မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ ဖြစ်ကြလေသည်။ မြို့ထဲတွင် ပြဿနာများ ဖြစ်ကြသည်မှာ သူတို့အတွက်တော့ အခွင့်အလမ်းတစ်ခုလို ဖြစ်နေခဲ့လေ၏။ ထိုကျင့်ကြံသူများ ရန်ဖြစ်စကားများ တိုက်ခိုက်ကြလေ သူတို့အတွက် ဖမ်းရန် အကြောင်းပြချက် ရလေပင်။ ထိုနည်းဖြင့် မြို့သခင်စံအိမ်မှ ကျင့်ကြံသူများမှာ အပိုဝင်ငွေ ရှာနေကြတော့လေ၏။
ရန်ကိုင်ကမူ မည်သည့်ပြဿနာမှ မရှာချင်ခဲ့ချေ။ ရေနွေးကြမ်းဆိုင်တစ်ဆိုင်ဖြစ်လျှင်ဖြစ် မဖြစ်လျှင် စားသောက်ဆိုင်တစ်ဆိုင်တွင် ခေတ္တတည်းခိုကာ အရှေ့ဘက်နယ်မြေဆီသို့ ထွက်သွားရန် ဆုံးဖြတ်ထားသည်။ ဤနေရာတွင် လူပေါင်းများစွာ စုဝေးနေကြသဖြင့် သူလိုအပ်နေသော အကြောင်းအရာအချို့ကို ကြားကောင်းကြားရနိုင်ပေသည်။
လှည့်ပတ်မေးမြန်းကြည့်ပြီးသည့်နောက် ရန်ကိုင်သည် စိမ့်တောမြို့ထဲတွင် အကြီးဆုံးဖြစ်သော ရသာစုံရေနွေးကြမ်းဆိုင်ဆီသို့ ထွက်လာခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရေနွေးကြမ်းဆိုင်ရှေ့သို့ ရောက်လာခဲ့လေသည်။ အထပ်ငါးထပ်ကာ ကြီးကျယ်ခမ်းနားလှသည့် ရေနွေးကြမ်းဆိုင်ကြီးကို ကြည့်ရင်း ရေနွေးကြမ်းဆိုင်ပိုင်ရှင်၏ နောက်ခံမှာ အတော်လေးကိုမှ မြင့်မားရလိမ့်မည်ဟု ရန်ကိုင်တွေးလိုက်လေသည်။ ဤရေနွေးကြမ်းဆိုင်သည် မြို့သခင်စံအိမ်နှင့်ပင် ပတ်သက်နေလောက်ပေသည်။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုက်နက် ဆိုင်ဝန်ထမ်းလေးတစ်ဦးက ရန်ကိုင့်အား အားတက်သရောဖြင့် လာရောက်ကြိုဆိုလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၅၂)
ရန်ကိုင်သည် တတိယအလွှာရှိ စားပွဲဝိုင်းတစ်ဝိုင်းတွင် ဝင်ထိုင်ကာ ရေနွေးကြမ်းတစ်အိုး မှာလိုက်လေသည်။ ထို့နောက် ရေနွေးကြမ်းဆိုင်ထဲတွင် ရှိနေသော ဧည့်သည်များ ပြောနေကြသည်ကို ထိုင်နားထောင်လို့နေ၏။
ဆိုင်ထဲတွင်ရောက်နေသော ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းအမျိုးမျိုးကို ပိုင်ဆိုင်ထားကြလေသည်။ သို့သော်ငြား သူတို့အချင်းချင်း ရောက်တက်ရာရာပြောနေသော အကြောင်းအရာများမှာ ရန်ကိုင်သိချင်နေသည့် အကြောင်းအရာများ ဖြစ်နေပေသည်။
ရန်ကိုင်သည် လက်ဖက်ရည်ဆိုင်ထဲတွင် တစ်နေ့လုံးနီးပါး ထိုင်နေခဲ့လေသည်။ ဧည့်သည်အသီးသီးမှာ ဆိုင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေကြသော်ငြား ရန်ကိုင်ကမူ ထိုင်ရာမှ မထခဲ့ချေ။
အသုံးဝင်သည့် အကြောင်းအရာများစွာ လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်းမှ ရန်ကိုင် သိခဲ့ရပေသည်။
ကံမကောင်းစွာဖြင့် မရဏဂိုဏ်းအကြောင်းကို မည်သူမျှ မပြောနေခဲ့ပေ။ ထို့အတွက်ကြောင့် မရဏဂိုဏ်းအကြောင်းကို သိလိုပါက အရှေ့ဘက်နယ်မြေသို့ ကိုယ်တိုင်သွားရန်သာ ရှိတော့သည်ဟု ရန်ကိုင်တွေးမိသွားခဲ့သည်။
ရန်ကိုင် ထွက်သွားရန်လုပ်နေစဉ်မှာပင် လမ်း၏ ခပ်လှမ်းလှမ်းနေရာဆီမှ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေသည်။ တစ်ယောက်ယောက် တိုက်ခိုက်နေသည့်ပုံပင်။
ထို့အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ခြင်း မရှိခဲ့။ စိမ့်တောမြို့သည် နေ့တိုင်း ဤကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။ တိုက်ပွဲများကို မကြာခဏဆိုသလို မြင်တွေ့ရလေ့ရှိသည်။ ထို့အတွက်ကြောင့် မည်သူမျှ သူ့အား လာပစ်မှတ်မထားသရွေ့ ရန်ကိုင်ကလည်း ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
စွမ်းအင်လှိုင်းများမှာလည်း ပေါ်လာပြီး မကြာခင်မှာပင်လျှင် တစ်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ တိုက်ခိုက်ကြသည့် လူနှစ်ဦး၏ ခွန်အားကွာခြားချက်မှာ အတော်လေးကိုမှ ကြီးမားလှသည့်ပုံပင်။ ထို့နောက်တွင် အခြားတစ်ဖက်တွင် ရှိနေသော ဆေးဆိုင်ထဲဆီမှ သေးသွယ်သည့်ပုံရိပ်တစ်ခု လွင့်စင်ထွက်လာခဲ့လေသည်။ ထိုလူသည် လေထဲတွင် သွေးအပွက်ပွက် အန်ထွက်ပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားခဲ့လေ၏။ ထို့နောက်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည့်အလား အချိန်အတော်ကြာသည်အထိတိုင် ပြန်မထလာနိုင်ခဲ့ချေ။
မကြာခင်တွင် ဆေးဆိုင်ထဲမှ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးတစ်ဦး ထွက်လာပြီး အော်ပြောလိုက်လေသည်။ “ခွေးမ… ငါ့ရဲ့အဆုံးမဲ့ရတနာစံအိမ်မှာ လာပြဿနာရှာရဲတယ်… ဒါ ပထမဦးဆုံးအကြိမ်အဖြစ် သတိပေးလိုက်တာပဲ… ငါ နင့်ကို နောက်တစ်ကြိမ် ထပ်မြင်ရမယ်ဆိုရင် ကျိန်းသေသတ်ပစ်မှာ… အခုထွက်သွားစမ်း…”
ထိုသို့ပြောပြီးသည့်နောက်တွင် လူထွားကြီးသည် လမ်းပေါ်တွင်ထိုင်နေသော အမျိုးသမီးအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် ဆိုင်ထဲသို့ ပြန်ဝင်သွားလေသည်။
လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာလုပ်နေကြသော ကျင့်ကြံသူများမှာတော့ ထိုမြင်ကွင်းနှင့်ပတ်သက်၍ အသားကျနေသည့်အလား မည်သူမျှ ထိုအမျိုးသမီးအား သနားမနေခဲ့ကြပေ။
ရန်ကိုင်သည်လည်း အခြားသူများကိစ္စတွင် ဝင်မပါချင်ပေ။ သို့သော်ငြား အမျိုးသမီး၏မျက်နှာကို မြင်ပြီးသည့်နောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ “ရှန်းယွင်လား…”
ထိုအမျိုးသမီးသည် အခြားမဟုတ်ဘဲ လျို့ရှန်းယွင် ဖြစ်နေခဲ့လေသည်။
ရှန်းယွင်မှာ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးမှ ယင်လဲ့ရှန်းနှင့်အတူ ရောက်လာခဲ့သည့် လျို့ရှန်းယွင်သာ ဖြစ်လေသည်။
ယခင်က သူနှင့် လျို့ရှန်းယွင်သည် ငှက်မွေးပြာဂိုဏ်းထဲသို့ မဝင်ချင်ဝင်ချင်ဖြင့် ဝင်ခဲ့ရလေသည်။ အခက်အခဲများကို အတူတကွ ကျော်လွှားခဲ့ရသည့် အတွက်ကြောင့် သူတို့နှစ်ဦးမှာ မိတ်ဆွေများဖြစ်သည်ဟု ပြော၍ရသည်။ ထို့နောက်တွင် နှစ်ဦးအတူတူ ငှက်မွေးပြာဂိုဏ်းမှ ထွက်ပြေးလာခဲ့ကြလေသည်။ ရန်ကိုင်သည် သူ့ပြဿနာများထဲ လျို့ရှန်းယွင်ကိုပါ ဆွဲခေါ်မိမည်စိုးသည့်အတွက်ကြောင့် ငှက်မွေးပြာဂိုဏ်းမှ လွတ်လာပြီးသည့်နောက်တွင် လျို့ရှန်းယွင်နှင့် လမ်းခွဲလိုက်လေသည်။
နှစ်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် လျို့ရှန်းယွင်အား ဤနေရာ၌ ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လက်ရှိ လျို့ရှန်းယွင်အခြေအနေကို ကြည့်ရသလောက် သိပ်ဟန်သည့် ပုံမပေါ်။ သူမ၏ကျင့်ကြံခြင်းမှာလည်း တာအိုသခင် ပထမအဆင့်သာ ရှိသေးသလို သူမ၏အရှိန်အဝါမှာလည်း တည်ငြိမ်နေခြင်း မရှိချေ။ ကြည့်ရသလောက် သူမ တာအိုသခင်ပထမအဆင့်သို့ ရောက်ထားသည်မှာ သိပ်မကြာသေးသည့် ပုံပင်။ ကတုံးပြောင်လူထွားကြီး၏ လက်ချက်ကြောင့် ဒဏ်ရာဆိုးဆိုးရွားရွား ရထားလေရာ လက်ရှိလျို့ရှန်းယွင်မှာ အတော်လေးကိုမှ သနားစဖွယ် ကောင်းနေလေသည်။ သူ၏ အဝတ်အစားများမှာလည်း တောက်တောက်ပြောင်ပြောင်ပင် ရှိမနေတော့ဘဲ သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။
ငှက်မွေးပြာဂိုဏ်းတွင် အတူရှိစဉ်က ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီပေးခဲ့ကြလေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ အရမ်းကြီး ခင်မင်ရင်းနှီးချင်း မရှိသည့်တိုင် အတော်လေးတော့ ရင်းနှီးကြပေ၏။ ယခု လျို့ရှန်းယွင် အနိုင်ကျင့်ခံနေရသည်ကို မြင်သော် ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထိုကဲ့သို့တွေးလိုက်မိသည့်နောက်တွင် ရန်ကိုင်သည် တတိယအလွှာမှ ခုန်ဆင်း၍ လျို့ရှန်းယွင်ဆီသို့ လျှောက်သွားကာ သူ့လက်ကို ဆန့်တမ်းပေးလိုက်လေ၏။
တစ်ယောက်ယောက် သူမဆီသို့ လက်ဆန့်ပေးလာသည်ကို သတိပြုမိလိုက်သည့်အလား လျို့ရှန်းယွင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင့်တည့်တည့်သို့ သူမလက်ဖြင့် ဝှေ့ယမ်းချလိုက်လေသည်။
“ရှန်းယွင်… ငါဟ…” ရန်ကိုင်က အော်ပြောလိုက်လေ၏။
လျို့ရှန်းယွင်၏လက်သည် လေထဲတွင် ရပ်တန့်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာလည်း တသိမ့်သိမ့် တုန်ရီသွားခဲ့လေသည်။ ထို့နောက် အံ့အားသင့်နေသည့် အမူအယာဖြင့် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။ ရန်ကိုင်မှန်းသိလိုက်သော် အံ့အားသင့်သွားခဲ့ပြီး ဝမ်းသာအားရဖြစ်သွားသည့်လေသံဖြင့် “စီနီယာအစ်ကိုရန်လား…”
ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ဒီလောကကြီးက တကယ်ကို ကျဉ်းတာပဲ…”
“စီနီယာအစ်ကိုရန်… ရှင်ဘာလို့ ဒီကို ရောက်နေတာလဲ…” လျို့ရှန်းယွင်မှာ ရန်ကိုင့်ကိုမြင်ပြီးသည့်နောက် လူထွားကြီး၏တိုက်ခိုက်ခြင်း ခံခဲ့ရသည်ကိုပင် သတိမရတော့ဘဲ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။ ရန်ကိုင်နှင့် ပြန်တွေ့ရသည်အပေါ် အမှန်တကယ်ကို ဝမ်းသာနေသည့်ပုံပင်။
ငှက်မွေးပြာဂိုဏ်းတွင် ရှိစဉ်က ရန်ကိုင်သည် သူမအပေါ် အလွန်ကိုမှ ကြင်နာပေးခဲ့လေသည်။ သူရှာထားသည့် အရင်းအမြစ်ကျောက်များစွာကိုလည်း သူမအား ပေးခဲ့၏။ ကံမကောင်းစွာဖြင့် ရန်ကိုင်နှင့် လမ်းခွဲပြီးသည့်နောက်တွင် သူကဲ့သို့ သဘောထားကောင်းသည့် လူတစ်ဦးနှင့် နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ချေ။
လျို့ရှန်းယွင်အတွက်မူ ကြယ်တာရာအစုအဝေးသို့ ရောက်ပြီးသည့်နောက် သူမ၏အကောင်းဆုံးနေ့ရက်များမှာ ငှက်မွေးပြာဂိုဏ်းတွင် ရှိစဉ်က နေ့ရက်များသာ ဖြစ်လေသည်။
“ဒီနေရာကို ဖြတ်သွားရုံပဲ… ဒါပေမဲ့ ဒီအကြောင်းကို နောက်မှ ပြောလို့ရတယ်… အခု နင်ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
လျို့ရှန်းယွင်သည် အတတ်နိုင်ဆုံးပြုံးလျက် “ဘာမှမဖြစ်ပါဘူး စီနီယာအစ်ကို… နေရာတစ်ခုရှာပြီး ထိုင်ပြီးတော့မှ ပြောကြတာပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အခုလို တိုက်ခိုက်ခံထားရတာတောင် ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ဘဲ နေရမှာလဲ…”
“တကယ်ကို ဘာမှမဖြစ်ဘူး… နားလည်မှုလေးလွဲသွားတာ… စိတ်ပူနေစရာမလိုဘူး စီနီယာအစ်ကို…” လျို့ရှန်းယွင်မှာတော့ ထိုအကြောင်းကို ဆက်မပြောချင်သည့်ပုံပင်။ သူမပြဿနာကြားထဲ ရန်ကိုင်ဝင်ပါလာမည်ကို စိုးရိမ်နေသည့်ပုံပင်။ ထို့အတွက်ကြောင့် ဘာမှမဖြစ်ဘူးဟု အတင်းပြန်ငြင်းနေခြင်းပင် ဖြစ်လေသည်။
သူမ စိမ့်တောမြို့သို့ ရောက်သည်မှာ အတော်လေး ကြာနေပြီဖြစ်သည့်အတွက်ကြောင့် မြို့အခြေအနေကို အတော်လေး သိပေသည်။ အဆုံးမဲ့ရတနာစံအိမ်အား ကျောထောက်နောက်ခံပေးထားသည့်လူကိုလည်း သူမသိသည်။ ရန်ကိုင်နှင့် လမ်းခွဲလာစဉ်က သူမနှင့် ရန်ကိုင်တို့နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ပါရမီ မည်မျှပင် ကောင်းစေကာမူ အချိန်တိုအတွင်း အလွန်သန်မာလာနိုင်ရန် မဖြစ်နိုင်ပေ။ လက်ရှိအချိန်တွင် အများဆုံးမှ ရန်ကိုင်၏ကျင့်ကြံခြင်းသည် သူမလောက်သာ ရှိနေပေဦးမည်။ ထို့အတွက်ကြောင့် ဤနေရာ၌ ပြဿနာရှာခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်လေ၏။
ပြောနေရင်း ရန်ကိုင့်အား အခြားတစ်နေရာသို့ ခေါ်သွားချင်သည့်အလား သူ့လက်အား လှမ်းဆွဲလိုက်လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ ခေါင်းမာမာဖြင့်သာ ဆက်ရပ်နေလေ၏။ “နင်ငါ့ကို နင့်ရဲ့ စီနီယာအစ်ကိုအဖြစ် သဘောထားသေးတယ်ဆိုရင် ဘာတွေဖြစ်သွားလဲပြောပြ… နင့်စီနီယာအစ်ကိုရဲ့ မျက်လုံးထဲမှာ ဒီအဆုံးမဲ့ရတနာစံအိမ်လောက်က ဘာမှ မပြောပလောက်ဘူး…”
ရန်ကိုင် ဤစကားကို အခြေအမြစ်မရှိ ပြောနေခြင်းမဟုတ်။ ရေနွေးကြမ်းဆိုင်ထဲတွင် ရေနွေကြမ်းထိုင်သောက်နေစဉ်က စိမ့်တောမြို့ထဲတွင် ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးသာ ရှိကြောင်းကို ကြားသိခဲ့ရလေသည်။ ထိုဧကရာဇ်အဆင့် ပညာရှင်သည် မြို့သခင်စံအိမ်မှ ဖြစ်လေ၏။ ထို့အပြင် ထိုဧကရာဇ်အဆင့် ပညာရှင်မှာလည်း ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ စိမ့်တောမြို့ထဲ၌ ထိုကဲ့သို့သော ပညာရှင်တစ်ဦးသာ ရှိလေရာ ရန်ကိုင့်အနေဖြင့် ဘာကိုမျှ ကြောက်နေစရာမလိုချေ။
အဆုံးမဲ့ရတနာစံအိမ်၏နောက်ခံ မည်သို့ပင်ဖြစ်နေစေကာမူ သူတို့၏နောက်ခံသည် မြို့သခင်စံအိမ်၏ နောက်ခံထက် ပိုမိုအားကောင်းနိုင်မည်လား။
လက်ရှိသူ့ခွန်အားဖြင့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင်လျှင် အနိုင်ယူနိုင်ပေသည်။ ခွန်အားဆိုသည်မှာ လျို့ယန်နှင့် ရှောင်ပိုင်တို့ကို ထည့်မတွက်သေးချေ။ ရှောင်ပိုင်သာ ၎င်း၏ခွန်အားကို ထုတ်ပြလာမည်ဆိုပါက ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင်လျှင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ရန်ကိုင်ကမူ စိမ့်တောမြို့၏မြို့သခင်ကို လျစ်လျူရှုထားရန် ဆုံးဖြတ်ထားခဲ့ပါသော်ငြား မြို့သခင်ကတော့ သူ့အား ပြဿနာလာရှာချင်နေမည်ဆိုပါက ရန်ကိုင်ကလည်း မြို့တစ်ခုလုံးအား အထက်အောက် ပြောင်းပြန်လှန်ပေးလိုက်ဖို့ရာ ဝန်လေးနေလိမ့်မည် မဟုတ်ချေ။
လျို့ရှန်းယွင်သည် မင်သက်နေသည့် အမူအယာဖြင့် ရန်ကိုင့်အား ကြောင်ကြည့်နေမိလေသည်။ ရန်ကိုင်မည်သည့်နေရာမှ ယုံကြည်ချက် ရလာမှန်းကို နားမလည်နိုင်အောင် ဖြစ်လေ၏။ ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်အခါမှသာလျှင် လျို့ရှန်းယွင်လည်း ရန်ကိုင့်၏ကျင့်ကြံခြင်းကို စစ်ဆေးကြည့်မိလိုက်တော့လေသည်။ သို့သော်ငြား သူမ၏ကောင်းကင်စိတ်အာရုံ ရန်ကိုင့်အား လွှမ်းခြုံသွားချိန် ရန်ကိုင့်၏ကျင့်ကြံခြင်းကို အာရုံခံ၍မရကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင်မည်မျှ အားကောင်းမှန်းကို သူမ မပြောနိုင်ပေ။ ထို့အတွက်ကြောင့် လျို့ရှန်းယွင်မှာ လုံးဝကို မင်သက်သွားခဲ့လေသည်။
ရန်ကိုင်နှင့် လမ်းခွဲလာခဲ့စဉ်က သူမတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ အတူတူသာဖြစ်လေသည်။ ယခု နှစ်အနည်းငယ်ခန့်သာ ကြာသေးသော်ငြား သူမအနေဖြင့် ရန်ကိုင့်၏ကျင့်ကြံခြင်းကို အာရုံမခံနိုင်တော့ချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူမနှင့် ရန်ကိုင်ကြား မည်မျှ ကွာခြားချက်ကြီးမားကြောင်းကို မြင်တွေ့နိုင်ပေ၏။
“စိတ်မပူနဲ့… ငါဘာမှ မဆင်မခြင်လုပ်မှာမဟုတ်ဘူး… ဒါပေမဲ့ ဒီတိုင်းပဲ ရပ်ကြည့်နေလို့တော့မဖြစ်ဘူး…” ရန်ကိုင်က ပြုံးကာ ပြောလိုက်လေသည်။
လျို့ရှန်းယွင် ယဲ့ယဲ့လေးပြုံးလိုက်လေ၏။ ရန်ကိုင်၏စကားကို ငြင်းသင့်သည်ဟု စိတ်ထဲခံစားနေရသော်ငြား မငြင်းနိုင်ခဲ့ပဲ ရှင်းပြမိလိုက်လေသည်။ “ဒီကို ပစ္စည်းတစ်ခုကို ရောင်းဖို့လာခဲ့တာ… ဒါပေမဲ့ အဆုံးမဲ့ရတနာစံအိမ်က ပေးတဲ့ဈေးက အရမ်းနည်းလွန်းတယ်… ဒါကြောင့် မရောင်းဘူးလို့ ပြောတာကို သူတို့က မကျေမနပ်ဖြစ်ပြီး အတင်းရောင်းခိုင်းတာ…”
“အဲ့ဒါ နင့်ပစ္စည်းကို လုတာနဲ့ ဘာမှမခြားတော့ဘူးလေ… ဒီကောင်တွေ တကယ်ရဲတင်းနေတာပဲ…” ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး မေးလိုက်လေ၏။ “နင် ဘာကို ရောင်းဖို့ ကြံနေတာလဲ…”
“ကျွန်မလည်း သေချာတော့မသိဘူး… လမ်းမှာ မတော်တဆတွေ့ခဲ့တဲ့ ဆေးပင်တစ်ပင်ကို လာရောင်းတာ…” ထိုစကားကိုပြောပြီးချိန် လျို့ရှန်းယွင် အနည်းငယ်ရှက်သွားခဲ့လေသည်။ သူမ ဘာပစ္စည်းကို ရောင်းလို့ရောင်းနေမှန်းပင် မသိချေ။ သို့သော်ငြား အဆုံးမဲ့ရတနာစံအိမ်မှ ပေးသည့် ဈေးနှုန်းမှာ အလွန်ကိုနည်းသည်ဟု ခံစားနေရပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် မရောင်းလိုခြင်းဖြစ်သည်။ သို့သော်ငြား အဆုံးမဲ့ရတနာစံအိမ်သည် သူမ၏ဆေးပင်ကို ပြန်မပေးရုံမက စကားများကြသည့်အခါ သူမကိုပင် တိုက်ခိုက်ပြီး စံအိမ်ထဲမှ မောင်းထုတ်ပစ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“သူတို့နင့်ကို ဘယ်လောက်ပေးတာလဲ…”
“အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သောင်း…” လျို့ရှန်းယွင်က ပြောလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ငါနဲ့လိုက်ခဲ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် လျို့ရှန်းယွင်ကို အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ခေါ်သွားလေသည်။ ရန်ကိုင်တို့နှစ်ဦး အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဆိုင်ဝန်ထမ်းလေးသည် သူတို့အား အားတက်သရောဖြင့် လာရောက်ကြိုဆိုလေသည်။ သို့သော်ငြား ရန်ကိုင့်ဘေးတွင် ရပ်နေသော လျို့ရှန်းယွင်ကို မြင်ပြီးသည့်နောက် ဆိုင်ဝန်ထမ်း၏မျက်နှာထက်ရှိအပြုံး ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “နင် ပြန်ဝင်လာရဲသေးတာလား…”
ဆိုင်ဝန်ထမ်းလေးမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်လေသည်။ သို့သော်ငြား တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော လျို့ရှန်းယွင်နှင့် ရင်ဆိုင်နေရသည့်တိုင် မည်သည့်ဖိအားကိုမှ ခံစားမနေခဲ့ရပေ။ သူမကိုပင်လျှင် အော်ဟစ်ကြိမ်းမောင်းနေသေး၏။
ထိုသို့အော်ဟစ်ကြိမ်းမောင်းနေပြီးသည့်နောက်တွင် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “ပြီးတော့ မင်း… မင်းလည်း မင်းရဲ့ အရုပ်ကို ဒီဆိုင်ထဲ ခေါ်လာရဲတယ်ပေါ့ ဟုတ်လား… မင်းတို့ တကယ်ကို သေချင်နေတာပဲ…”
“ဖြန်း…”
ဆိုင်ဝန်ထမ်းလေးမှာ စကားပြောပြီးရုံပင်ရှိသေး ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေး၏မျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်လေသည်။ ဆိုင်ဝန်ထမ်းလေး၏ကျင့်ကြံခြင်းလေးဖြင့် ရန်ကိုင့်၏ရိုက်ချက်ကို မည်ကဲ့သို့များ ရှောင်တိမ်းနိုင်ပါမည်နည်း။ ဆိုင်ဝန်ထမ်းလေးမှာ ပါးရိုက်ခံလို့ ရိုက်ခံလိုက်ရမှန်းပင် မသိဘဲ သူ့ပါးတစ်ခြမ်းလုံး စတင်၍ နာကျင်လာသည်ကိုသာ ခံစားမိလိုက်လေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်ထွက်သွားလေ၏။
သူ့ခန္ဓာကိုယ် လေထဲရောက်နေစဉ် အတောအတွင်းမှာပင် နောက်ထပ် ပါးရိုက်သံများ တရစပ် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေး၏နောက်သို့ ပြေးလိုက်သွားကာ တစ်ချက်ပြီးတစ်ချက် ပါးဆင့်ရိုက်နေခြင်း ဖြစ်ပေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤကောင်လေးသည် နောက်ခံအားကိုးဖြင့် အခြားသူများကို အနိုင်ကျင့်ဗိုလ်ကျနေသူမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထိုသို့ဖြစ်လေရာ ဤကဲ့သို့သော လူမျိုးကို ရန်ကိုင့်အနေဖြင့် ဘာကြောင့်များ မျက်နှာသာပေးရဦးမည်နည်း။
ဆယ်ချက် ဆယ့်ငါးချက်ခန့် အရိုက်ခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်မှ သူ့ခွန်အား များများစားစားကို အသုံးမပြုခဲ့သည့်တိုင် ဆိုင်ဝန်ထမ်းလေးမှာတော့ လုံးဝကို မူးနောက်သွားရလေတော့သည်။ ရန်ကိုင့်ရိုက်ချက်ကြောင့် သူ့သွားအားလုံး ကျိုးထွက်ကုန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးသည့်နောက်တွင်လည်း သွေးအပွက်ပွက် အန်ထုတ်လိုက်ရလေသည်။
ရန်ကိုင် ဆိုင်ဝန်ထမ်းလေးအား ပါးတစ်ချက်ပြီးတစ်ချက် ရိုက်နေသည်ကို လမ်းပေါ်မှ ဖြတ်သွားနေကြသော ကျင့်ကြံသူများကလည်း မြင်လိုက်ရပေသည်။ ထိုသို့မြင်လိုက်သည့်အခိုက် အကုန်လုံး မင်သက်သွားကုန်ကြလေ၏။ ထို့နောက်တွင် စိတ်ဝင်တစားဖြင့် ရပ်ကြည့်နေကြတော့လေသည်။
စိတ်ဝင်စားစရာ ကိစ္စတစ်ခုခု ဖြစ်လာလျှင် စုအုံပြီး ကြည့်တတ်ကြသည်မှာ လူ့သဘာဝသာဖြစ်လေသည်။ ထို့အတွက်ကြောင့် မကြာခင်အတောအတွင်း အဆုံးမဲ့ရတနာစံအိမ်၏ တံခါးပေါက်ဝတွင် ကျင့်ကြံသူများ စုပြုံလာကြလေတော့သည်။
လျို့ရှန်းယွင်သည်လည်း မင်သက်နေခဲ့လေသည်။ အဆုံးမဲ့ရတနာစံအိမ်သည် သူ့အတွက် ဘာမှမဟုတ်ဟု ရန်ကိုင်မှ ပြောခဲ့ပါသော်ငြား ရန်ကိုင်၏ခွန်အားသည် ကျိန်းသေ အားကောင်းလိမ့်မည်မှန်း သိထားပါသော်ငြား ရန်ကိုင်သည် ဆိုင်ထဲသို့ ဝင်လာပြီးပြီးချင်း တစ်ဖက်ဆိုင်ဝန်ထမ်းကို ဤကဲ့သို့ ရိုက်နှက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ရန်ကိုင့်အား ဤစံအိမ်ထဲသို့ လုံးဝ ခေါ်မလာခဲ့ပါချေ။
ရန်ကိုင်ရိုက်နှက်လိုက်သည့်လူမှာ ဆိုင်ဝန်ထမ်းလေးတစ်ဦးသာလျင် ဖြစ်လင့်ကစား ဤဆိုင်ဝန်ထမ်းလေးသည် အဆုံးမဲ့ရတနာစံအိမ်တွင် အလုပ်လုပ်နေသည့် လူတစ်ဦးဖြစ်ပေသည်။ ဆိုင်ဝန်ထမ်းလေး၏ပါးကို ရိုက်လိုက်ခြင်းမှာ အဆုံးမဲ့ရတနာစံအိမ်အား ရန်စလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ဤကိစ္စကို အဆုံးမဲ့ရတနာစံအိမ်အနေဖြင့် မည်ကဲ့သို့များ ငြိမ်ခံနေပါမည်နည်း။
ချက်ချင်းဆိုသလို လျို့ရှန်းယွင်သည် မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။ ရန်ကိုင့်ကို သူမ၏ပြဿနာထဲသို့ ဆွဲခေါ်မိလိုက်ပြီဟု ခံစားမိကာ ရန်ကိုင့်အားခေါ်၍ ဤနေရာမှသာ အမြန်ထွက်သွားချင်မိတော့လေသည်။
သူမစိတ်ပူနေသည်ကို သတိပြုမိသည့်အလား ရန်ကိုင်သည် သူမ၏လက်အား အသာအယာ ဆုပ်ကိုင်၍ ပြုံးကာ ပြောလိုက်လေသည်။ “စိတ်မပူနဲ့… ဒီကိစ္စကို စီနီယာအစ်ကို ကိုင်တွယ်လိုက်မယ်…”
ရန်ကိုင့်၏ ယုံကြည်ချက်ရှိသည့်အပြုံးကို မြင်သော် ဘာကြောင့်မှန်းမသိ လျို့ရှန်းယွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၅၃)
“အဆုံးမဲ့ရတနာစံအိမ်မှာ ဘယ်သူပြဿနာ လာရှာရဲတာလဲကွ…” ဟုသော အော်သံဖြင့် လျို့ရှန်းယွင်အား ဒဏ်ရာရအောင် လုပ်ခဲ့သော ခေါင်းပြောင်ပြောင်ဖြင့်လူထွားကြီး ဆိုင်နောက်ဘက်ခန်းဆီမှ ပေါ်လာခဲ့လေသည်။ ရှေးဟောင်းကျောင်းဆောင်ကြီးနှယ် ထွားကျိုင်းလှသော သူ့ခန္ဓာကိုယ်ဆီမှ အလွန်ကိုမှ ခက်ထန်လှသည့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေသည်။
ထိုလူထွားကြီးကို မြင်လိုက်သည်နှင့် ဖူးယောင်ကိုင်းအောင် ရိုက်နှက်ထားခံရသော လူငယ်လေးသည် အားကိုးရာကို တွေ့လိုက်သည့်အလား ချက်ချင်း အပြေးအလွှားသွားလျက် လက်ဖြင့် ပါးကိုကိုင်ရင်း အော်ပြောလိုက်လေသည်။ “ဆရာ… ကျုပ်အတွက် လက်စားပြန်ချေပေးပါဦး… ဒီကောင်က ဆိုင်ထဲဝင်လာပြီးတာနဲ့ ကျုပ်ကို တရစပ်ကြီး လှိမ့်ပိတ်ရိုက်သွားတာ… ကျုပ်က အားနည်းတော့ ဘာမှ ပြန်မလုပ်နိုင်ဘူး… အခု သူရိုက်ထားလို့ သွားတွေတောင် အကုန်ကျွတ်ထွက်ကုန်ပြီ… ဒီမှာကြည့်ပါဆရာ…”
ထိုသို့အော်ပြောနေရင်းမှ ဆိုင်ဝန်ထမ်းလေးသည် တရစပ်ကို ငိုကြွေးနေတော့လေသည်။ သွေးများမှာလည်း သူ့ပါးစပ်မှ တောက်လျှောက်စီးနေကြခဲ့ရာ လူငယ်လေး၏ အသွင်အပြင်မှာ အတော်လေးကို သနားစရာ ကောင်းနေလေ၏။ မသိသာ မသိသူဆိုလျှင် လူငယ်လေးကိုပင် သနားစိတ်ဝင်မိသွားပေလိမ့်မည်။
ဆိုင်ဝန်ထမ်းလေးအား တိုက်ခိုက်ရာတွင် ရန်ကိုင်သည် အားသိပ်မသုံးခဲ့ပေ။ သုံးသာသုံးခဲ့လိုက်မည်ဆိုလျှင်တော့ ယခုအချိန်လောက်ဆိုရင် ဆိုင်ဝန်ထမ်းလေး အသက်ရှင်တော့လိမ့်မည်မဟုတ်။
“ငါ့ရဲ့ အဆုံးမဲ့ရတနာစံအိမ်မှာ လာပြဿနာရှာရဲတယ် ဟုတ်လား ကောင်လေး… မင်းသေချင်နေတာပဲ…” ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင့်ဘေးနား၌ ရပ်နေသော လျို့ရှန်းယွင်ကို မြင်သွားလေ၏။ ထိုအခါမှ တစ်ခုခုအား နားလည်သွားသည့်အလား လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဘာတွေဖြစ်နေလဲ မှတ်နေတာ… ဒီတော့ နင့်အကူလေး ခေါ်လာတာကိုး…”
ထိုသို့ပြောရင်းမှ ရန်ကိုင့်ဘက်သို့ ပြန်လှည့်ကြည့်လျက် “ကောင်လေး… မင်း အဲ့ကောင်မဆီက ဘာအကျိုးအမြတ်တွေ ရထားလို့ ဒီကိစ္စမှာ ဝင်ပါလာလဲဆိုတာကိုတော့ ဒီဘုရင်မသိဘူး… ဒါပေမဲ့ အခုလိုလုပ်လိုက်တာ အမှားကြီးတစ်ခုကို လုပ်လိုက်တာပဲ…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ အဆုံးမဲ့ရတနာစံအိမ်၏ တံခါးပေါက် ဗန်းကနဲ ပိတ်ကျသွားခဲ့လေသည်။ ထို့နောက်တွင် လေးဘက်လေးတန်ဆီမှ တာအိုသခင်အဆင့် ကျင့်ကြံသူလေးဦး ထွက်လာပြီး ရန်ကိုင်နှင့် လျို့ရှန်းယွင်အား ဝိုင်းထားလိုက်ကြလေသည်။
ထိုကိစ္စအားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ တာအိုသခင်အဆင့် ပညာရှင်လေးဦးအားမြင်သော် လျို့ရှန်းယွင်၏မျက်နှာ ဖြူလျော်သွားပြီး အားကိုးရာကို ရှာနေသည့်အလား ရန်ကိုင့်ဆီသို့ အလိုလို တိုးကပ်သွားခဲ့လေသည်။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်သည် ထူးမခြားဟန်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုပေါ်လာသည့် တာအိုသခင်အဆင့် ပညာရှင်လေးဦးကို ရန်ကိုင်သည် လုံးဝကို ဂရုမစိုက်သည့်အလား။
ရန်ကိုင်၏ယုံကြည်ချက်ရှိသည့် အမူအယာကို မြင်ပြီးသည့်နောက် လျို့ရှန်းယွင်လည်း အနည်းငယ်ဆိုသလို တည်ငြိမ်သွားခဲ့လေသည်။
“လူအရေအတွက်သုံးပြီး အနိုင်ကျင့်ချင်နေတာလား…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ ထိုတာအိုသခင်အဆင့် ကျင့်ကြံသူလေးဦးမှာ ပထမအဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရလေသည်။ ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးမှာတော့ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေ၏။
ရန်ကိုင်၏ လှောင်ပြောင်စကားကို ကြားသော် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လျို့ရှန်းယွင်က စိုက်ကြည့်ရင်း “ငါအစတုန်းကတော့ နင့်ကို ဘာမှ မလုပ်တော့မလို့ပဲ… ဒါပေမဲ့ နင်က စေတနာကိုတန်ဖိုးမထားဘဲ ပြန်လာချင်မှတော့ ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့… ဒီဘုရင်လည်း ငါ့ကို လုပ်ကျွေးမယ့် လူတစ်ယောက် လိုနေတာနဲ့အတော်ပဲ… နင့်ရုပ်ရည်ကလည်း မဆိုးဘူးဆိုတော့ ငါ့အစေခံ လုပ်လို့ရတယ်… ဒီဘုရင်ရှေ့မှာ ဒူးထောက်လိုက်စမ်း… ဒါဆိုရင် နင်သိပ်ပြီး နာကျင်ရတော့မှာ မဟုတ်ဘူး…”
လျို့ရှန်းယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာခဲ့ပြီး ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြန်အော်ပြောလိုက်လေသည်။ “အိပ်မက်သာ မက်နေလိုက်…”
ထိုအရှက်မရှိသည့်ကောင်သည် သူမ၏ဆေးပင်ကို လုယူသွားရုံမက သူမကိုပင်လျှင် တိုက်ခိုက်ခဲ့ပေသေးသည်။ ယခုဆိုလျှင်လည်း သူမ၏ခန္ဓာကိုယ်ကို တပ်မက်နေပြန်လေ၏။ လျို့ရှန်းယွင်အနေဖြင့် ထိုကိစ္စကို မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။ သူမသည် တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲ၌ ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက်တွင် သူ၏အဆင့်အတန်းမှာ သိသိသာသာကို နိမ့်ကျသွားခဲ့သော်ငြား သူမတွင် ကိုယ်ပိုင်မာနတော့ ရှိနေပေသေးသည်။
“အကောင်းပြောနေတုန်း မလုပ်ချင်မှတော့လည်း အားသုံးရတော့မှာပေါ့…” ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးမှာ စိတ်ရှည်သည့်ပုံမရ။ လျို့ရှန်းယွင်မှ ငြင်းလိုက်သည်ကို မြင်သော် သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ “အဲ့ကောင်ကိုသတ်ပြီး အမျိုးသမီးကို ဖမ်းထားလိုက်… ငါ့ရဲ့အဆုံးမဲ့ရတနာစံအိမ်မှာများ လာပြီးပြဿနာရှာရဲတယ်… မင်းတို့တွေ ကိုယ့်အခြေအနေကိုယ် မသိတဲ့ ကောင်တွေပဲ…”
လူထွားကြီးမှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ကို ဝိုင်းထားသော တာအိုသခင်အဆင့် ပညာရှင်လေးဦးစလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြလေသည်။ အကုန်လုံးသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူတို့၏ကျင့်စဉ်များကို ထုတ်ဖော်လျက် ရန်ကိုင့်အား တိုက်ခိုက်လိုက်ကြလေသည်။
အဆုံးမဲ့ရတနာစံအိမ်တွင် အားကောင်းသည့်နောက်ခံ ရှိပေသည်။ ထို့အတွက်ကြောင့် လူအနည်းငယ်လောက်ကို သတ်လိုက်၍ ပြဿနာဖြစ်မည်ကို စိုးရိမ်စရာမလို။ စိုးရိမ်မယ့် စိုးရိမ် သူတို့ဆိုင်အား လာပြဿနာရှာသည့် လူငယ်လေးကသာ သူ့ကိုယ်သူ စိုးရိမ်ရပေလိမ့်မည်။
သို့သော်ငြား တစ်ခုခုမှားယွင်းနေမှန်းကို ထိုပညာရှင်လေးဦးစလုံး မကြာမီတွင် နားလည်သွားခဲ့ကြလေသည်။
သူတို့လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လေထုမှာ ရုတ်ချည်းဆိုသလို လေးလံလာသည့်နှယ် ခံစားလိုက်ကြရလေသည်။ တစ်ချိန်တည်းတွင် ရှင်းပြ၍မရသော စွမ်းအားတစ်ရပ်သည် သူတို့အပေါ်သို့ တောင်တစ်လုံးနှယ် ဖိချလာခဲ့လေသည်။
ထိုတာအိုသခင်အဆင့် ပညာရှင်လေးဦးမှာ ခွန်အားကောင်းသည့် လူများ မဟုတ်ကြသော်ငြား တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် နိယာမစွမ်းအားကို အနည်းနှင့်အများတော့ ထိတွေ့ဖူးထားကြသူများ ဖြစ်ကြလေသည်။ ထို့အတွက်ကြောင့် သူတို့အား လှုပ်ရှားရခက်အောင် သူတို့၏ အရင်းအမြစ်ချီကို ကောင်းကောင်းမလှည့်ပတ်နိုင်အောင် လုပ်နေသည့်စွမ်းအားမှာ နိယာမစွမ်းအားသာ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့ကြလေသည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် တာအိုသခင်အဆင့် ပညာရှင်လေးဦးစလုံး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ထိုဖိအားအောက်မှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားကြတော့လေသည်။ သို့သော်ငြား အချည်းအနှီးသည်သာ။
ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ရွှေရောင်သွေးမျှင်တစ်မျှင်ကို ထုတ်လွှတ်လိုက်လေသည်။ ဖျတ်ခနဲဆိုသလို အဆုံးမဲ့ရတနာစံအိမ်ထဲ ရွှေရောင်အလင်းတန်း တဖျတ်ဖျတ် လက်သွားခဲ့လေသည်။
“ရွှစ် ရွှစ် ရွှစ်…”
ထူးဆန်းသည့်အသံနှင့်အတူ ရွှေရောင်အလင်းတန်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ အဆုံးမဲ့ရတနာစံအိမ်တစ်ခုလုံး ပြည့်နေသည့် နိယာမစွမ်းအားမှာလည်း တစ်ချိန်တည်း ပျောက်ကွယ်သွားခဲ့လေ၏။
သို့ရာတွင် ရန်ကိုင့်အား တိုက်ခိုက်ခဲ့ကြသည့် တာအိုသခင်အဆင့် ပညာရှင်လေးဦးစလုံးမှာတော့ ချုပ်နှောင်ထားခံရသည့်နှယ် မလှုပ်မယှက်သာ ရပ်နေကြလေ၏။ သူတို့၏မျက်လုံးများထဲတွင်တော့ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှုတို့ အပြည့်ပင်။
တစ်ခဏအကြာတွင် တာအိုသခင်အဆင့် ပညာရှင်လေးဦးအနက် တစ်ဦး၏ခန္ဓာကိုယ်မှာ ရုတ်တရက် မြေပေါ်သို့ လဲပြိုကျသွားခဲ့လေသည်။ အကောင်းအတိုင်း လဲပြိုကျသွားခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။ ချက်ချင်းဆိုသလို အသားစအသားနများ သွေးစများ ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲသွားကုန်လေ၏။
အခြားသောလူသုံးဦးမှာလည်း ပထမလူကဲ့သို့ပင် အပိုင်းပိုင်းအစစ ဖြစ်ကုန်လေသည်။ ချက်ချင်းဆိုသလို အဆုံးမဲ့ရတနာစံအိမ်ထဲ သွေးနံ့တို့ ထောင်းထွက်လာခဲ့လေ၏။
“ဟမ်…” ရန်ကိုင် ထိုမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု လူထွားကြီးလည်း မထင်ထားခဲ့ချေ။ လျို့ရှန်းယွင်သည် တာအိုသခင် ပထမအဆင့်သာ ဖြစ်သည့်အတွက်ကြောင့် သူ့အား လာကူညီပေးသည်လူသည် အရမ်းကြီး အားကောင်းလိမ့်မည်မဟုတ်ဟု ထင်ခဲ့ပေသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင်ပင် မလှုပ်ရှားခဲ့ပဲ သူ့လက်အောက်ငယ်သားလေးဦးကိုသာ လှုပ်ရှားစေခဲ့လေသည်။ ယခုမှသာလျှင် သူ့အမှားကြီးမှားယွင်းသွားမိကြောင်း နားလည်သွားခဲ့လေ၏။
ထိုတာအိုသခင် ပထမအဆင့် ကျင့်ကြံသူလေးဦးကို ပြုစုပျိုးထောင်ရန်အတွက် သူတို့အဆုံးမဲ့ရတနာစံအိမ်သည် အတော်လေးကို အားစိုက်ထုတ်ခဲ့ရလေသည်။ သို့သော်ငြား သူတို့ ခက်ခက်ခဲခဲ ပျိုးထောင်ထားရသော လူများကို ထိုလူငယ်လေးသည် တိုက်ကွက်တစ်ကွက်အတွင်း သတ်ပစ်သွားခဲ့လေသည်။
ထိုခွန်အားသည် သူသွားယှဉ်ပြိုင်နိုင်သည့် ခွန်အားမျိုး မဟုတ်ချေ။
ဆိုင်ဝန်ထမ်းလေးမှာတော့ ပို၍ပင် အခြေအနေဆိုးနေ၏။ လူထွားကြီးပေါ်လာသည်ကို မြင်ပြီးသည့်နောက် အားကိုးရာ ရပြီအထင်နှင့် မာန်ထောင်ပြခဲ့ပါသော်ငြား ရန်ကိုင်မှ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူလေးဦးအား မျက်စိတစ်မှိတ်အတွင်း သတ်ပစ်ပြသွားသည်ကို မြင်ပြီးသည့်နောက် ထိတ်လန့်လွန်းသဖြင့် မျက်ဖြူစိုက်ကာ တစ်ခါတည်း တန်းသတိလစ်သွားတော့လေသည်။
“မင်း မင်း… မင်း ငါတို့ အဆုံးမဲ့ရတနာစံအိမ်မှာ လူသတ်ရဲတာလား…” လူထွားကြီး၏မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့လေသည်။ သူသည် ရန်ကိုင့်၏ပြိုင်ဘက် မဖြစ်နိုင်မှန်း သိလိုက်သည့်နောက် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေ၏။ ယခင်ကကဲ့သို့လည်း ရန်ကိုင်ရှေ့တွင် မောက်မာဝံ့ကြွားရဲခြင်း မရှိတော့ချေ။
“ခင်ဗျား ကျုပ်ကို လာနောက်နေတာလား… သူတို့က ကျုပ်ကို သတ်ချင်နေတာလေ… ကျုပ်ကလည်း ပြန်သတ်ပစ်ရမှာပေါ့… ဘာဖြစ်လို့ ဒီအတိုင်း ငြိမ်ခံနေရမှာလဲ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် အော်ရယ်မောလျက် လူထွားကြီးအား တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်လေသည်။ “ကဲ… အခု သူတို့သေသွားပြီဆိုတော့ ခင်ဗျားအလှည့်ပဲ…”
ထိုစကားကိုကြားသည့်အခါ အခြေအနေမကောင်းတော့မှန်း လူထွားကြီး နားလည်လိုက်လေ၏။ ချက်ချင်းပဲ လက်ကွက်တစ်ခုကို ကောက်ဖန်တီးလိုက်လေ၏။ ထိုသို့ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် သွေးနီရောင်အလင်းစက်ကွင်းတစ်ခုသည် သူ့အား လွှမ်းခြုံသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် လူထွားကြီးသည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်လေသည်။ ထိုကဲ့သို့ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် လေးကိုင်းမှလွှတ်လိုက်သည့် မြားတစ်စင်းနှယ် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ပြေးရန် ကြိုးစားတော့လေ၏။ ထိုသို့ကြိုးစားနေရင်းမှ အော်ပြောလိုက်သေးသည်။ “ဆိုင်မန်နေဂျာ… ကျုပ်ကို ကယ်ပါဦး…”
“အခုချိန် သိကြားမင်းတောင် ခင်ဗျားကို ဆင်းကယ်နိုင်မှာမဟုတ်ဘူး…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ရပ်နေသည့် သူ့ခန္ဓာကိုယ်မှာ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး လူထွားကြီး၏ရှေ့တွင် ချက်ချင်း ပြန်ပေါ်လာခဲ့လေသည်။
သူ့ရှေ့တွင် ပြန်ပေါ်လာသည့် ရန်ကိုင်ကိုကြည့်ရင်း ခေါင်းပြောင်ပြောင်နှင့်လူထွားကြီး လိပ်ပြာလွင့်လုမတတ် ဖြစ်သွားခဲ့လေသည်။ သူသည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ရန်ကိုင် သူ့ရှေ့တွင် မည်ကဲ့သို့ ပေါ်လာသလဲ ဆိုသည်ကိုပင် မမြင်လိုက်ရချေ။ ရန်ကိုင်နှင့် သူ့ကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်တရာကိုမှ ကြီးမားကြောင်း နားလည်သွားပြီးသည့်နောက် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားကာ စစချင်း၌ ရန်ကိုင့်၏ကျင့်ကြံခြင်းအား မစစ်ဆေးမိခဲ့သည့်အပေါ် နောင်တရသွားခဲ့လေသည်။ ယခုမူ တစ်ဖက်လူအား သွားရန်စမိလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် မနက်ဖြန်နေထွက်သည်ကိုပင်လျှင် မြင်ရပမလား မသေချာတော့ချေ။
“ရပ်လိုက်စမ်း…” ထိုစဉ် နောက်ဘက်ဆီမှ ခက်ထန်သည့် လေသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်ပြောသံနှင့်အတူ တာအိုသခင် အထွဋ်အထိပ်အဆင့် အရှိန်အဝါတစ်ရပ်သည် ရန်ကိုင့်ပေါ်သို့ ဖိချလာခဲ့လေ၏။
ချက်ချင်းဆိုသလို မုတ်ဆိတ်ဖြူဖြူနှင့် လူအိုကြီးတစ်ဦး ရန်ကိုင့်မြင်ကွင်းတွင် ပေါ်လာခဲ့လေသည်။ လူထွားကြီး၏ အော်ဟစ်အကူအညီတောင်းသံကို ကြားပြီးသည့်နောက် ဆိုင်နောက်ဘက်အခန်းဆီမှ ချက်ချင်း အမြန်ပြေးထွက်လာခဲ့သည့်ပုံပင်။
မရောက်လာသေးခင်မှာပင် လူအိုကြီးသည် သူ့လက်ကို ရန်ကိုင့်တည့်တည့်သို့ ဆုပ်ယူလျက် ရန်ကိုင့်အား အနောက်သို့ ဆွဲခေါ်ရန် ကြိုးစားနေခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ လူထွားကြီးမှာ ဝမ်းသာအားရဖြစ်ကာ ပို၍ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်လေ၏။ “ဆိုင်မန်နေဂျာ… ကူညီပေးပါဦး…”
ဆိုင်မန်နေဂျာကိုယ်တိုင် ထွက်လာသည်ကို မြင်ပြီးသည့်နောက် သူအသက်ရှင်ပြီဟု ထင်မိသွားလေသည်။ တကယ်တော့ ဆိုင်မန်နေဂျာသည် တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ယနေ့ သူတို့ဆိုင်တွင် လာပြဿနာရှာသည့် လူငယ်လေးမှာ အားကောင်းသော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးတော့ မဟုတ်ချေ။ ထိုအချက်ကိုတော့ သူသေချာ သတိထားမိပေသည်။ ထို့အတွက်ကြောင့် ဆိုင်မန်နေဂျာ၏ခွန်အားဖြင့် ထိုလူငယ်လေးအား မနိုင်စရာအကြောင်း မရှိချေ။
ရန်ကိုင်သည် လူအိုကြီးအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် လူအိုကြီးတည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။
ထို့နောက်တွင် လေထဲတွင်ပင် ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် လူထွားကြီး၏ ရင်ဘတ်တည့်တည့်သို့ ရိုက်ချလိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် ဝမ်းသာအားရ ဖြစ်နေသော လူထွားကြီး၏မျက်နှာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့ပြီး အထိတ်တလန့်ဖြင့် ထအော်တော့လေသည်။ “မင်း ဘာလုပ်ချင်နေတာလဲ…”
သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ပြင်းထန်သည့် အရင်းအမြစ်ချီစွမ်းအင်တို့ သူ့ကိုယ်ထဲ စီးဝင်လာသည်ကို ခံစားမိလိုက်လေသည်။ ထိုအရင်းအမြစ်ချီများသည် ထက်ရှသည့် ဓါးသွားများနှယ် သူ့သွေးကြောများကို ဖြတ်တောက်ရင်း သူ့ဒန်တျန်ထဲ သောင်းကျန်းတော့လေ၏။ ထိုအလွန်တရာပြင်းထန်လှသည့် နာကျင်မှုကြောင့် လူထွားကြီးမှာ ကြောက်လန့်တကြား ထအော်မိတော့လေသည်။
“ဘုန်း…”
ရန်ကိုင်၏လက်ဝါးချက်သည် လူအိုကြီး၏လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သွားခဲ့လေ၏။ ရန်ကိုင်သည် လူအိုကြီး၏လက်ဝါးချက်မှ စွမ်းအားကို အားပြုလျက် နောက်သို့ ပြန်ဆုတ်လာကာ လျို့ရှန်းယွင်ဘေးတွင် ရပ်လိုက်လေသည်။
ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသော်ငြား လူအိုကြီးကမူ ရန်ကိုင့်လက်ဝါးချက်ထဲရှိ စွမ်းအားကို ခံစားမိလိုက်သည့်နောက် အတော်လေးကို အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင့်လက်ဝါးချက်ထဲရှိ စွမ်းအားကို ဖယ်ရှားပစ်နိုင်ရန်အတွက် သူ့လက်ဝါးချက်ကိုပင်လျှင် ထပ်၍ အားမြှင့်လိုက်ရသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မြေပေါ်သို့ ပြန်ကျပြီးသည့်နောက်တွင်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရလေသည်။
“ဘုန်း…”ဟူသော မြည်သံနှင့်အတူ လူထွားကြီးမှာ လူအိုကြီး၏ ခြေရင်းနားသို့ ရောက်လာလေ၏။
“အဟွတ်…” ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးမှာ သွေးအပွက်ပွက်ကို အန်ထုတ်နေတော့လေ၏။ ထို့နောက်တွင် သူ့မျက်နှာတစ်ခုလုံး မှုန်ကုပ်သွားခဲ့ပြီး ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်လျက် “မင်း ဘယ်လိုလုပ်ပြီး ငါ့ကျင့်ကြံခြင်းကို ဖျက်ဆီးရဲတာလဲ…”
ယခုအချိန်တွင် သူ့ကိုယ်ထဲရှိ သွေးကြောများမှာ ပျက်စီးသွားသလို ဒန်တျန်မှာလည်း ဖျက်ဆီးခံလိုက်ရလေသည်။ သူ အနှစ်နှစ်အလလ အားထုတ်ကျင့်ကြံလာခဲ့သည့် ကျင့်ကြံခြင်းမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုကဲ့သို့သော ဒဏ်ရာမျိုးကို ပြန်လည်ကုစားရန်အတွက် အလွန်တရာကိုမှ အဖိုးထိုက်တန်လှသည့် ရတနာတစ်ခုခုကို လိုအပ်ပေလိမ့်မည်။ ဤကဲ့သို့သော ရတနာများသည် အလွန်တရာရှားပါးသည့်အချက်ကို ထည့်မတွက်လျှင်ပင် သူ့တွင် ထိုရတနာများကို ဝယ်ယူနိုင်သည့်ငွေကြေး ရှိမနေခဲ့ပေ။
“ကျုပ်ဂျူနီယာညီမကို လာပြီး ထိခိုက်အောင် လုပ်ရဲမှတော့ ခင်ဗျားကျင့်ကြံခြင်းကို ဖျက်ဆီးလိုက်တာ ဘာထူးဆန်းလို့လဲ…” ရန်ကိုင်က လူထွားကြီးအား အရူးတစ်ယောက်နှယ် စိုက်ကြည့်နေလေ၏။
“မင်းဘာလို့ ငါ့ကိုမသတ်လိုက်တာလဲ…” လူထွားကြီးက ပြန်၍ အော်ဟစ်လိုက်လေသည်။
ရန်ကိုင်က အေးစက်စက်လေသံဖြင့် အော်ရယ်မောလျက် “အဲ့ဒါဆိုရင် ခင်ဗျားအပေါ် အရမ်း ညှာတာရာ ရောက်သွားမှာပေါ့…”
လူထွားကြီး၏မျက်နှာ ပို၍ပင် ဖြူလျော်သွားခဲ့လေ၏။ ရန်ကိုင်ပြောသည်မှာ အမှန်ပင်ဖြစ်လေသည်။ သူ့အား သတ်ပစ်လိုက်ခြင်းသည် ညှာတာပေးခြင်းသာ ဖြစ်လေ၏။ ကျင့်ကြံသူတစ်ဦးအတွက် မိမိ၏ကျင့်ကြံခြင်း ပျက်စီးသွားခြင်းမှာ သေသည်ထက်ပင် ပို၍ ဆိုးရွားသည့် အရာတစ်ခု ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၅၄)
“လူကြီးမင်းက အခုလိုမျိုး ရက်ရက်စက်စက်တွေ လုပ်နေရအောင် ကျုပ်ရဲ့အဆုံးမဲ့ရတနာစံအိမ်က လူကြီးမင်းကို ဘာတွေလုပ်ခဲ့လို့လဲ…” ဆိုင်မန်နေဂျာမှာလည်း မျက်စိပျက်မျက်နှာပျက် ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် အံကြိတ်၍ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။
ထိုလူငယ်လေးသည် တာအိုသခင်အဆင့် ကျင့်ကြံသူလေးဦးကို သတ်ပစ်ခဲ့ရုံမက ခေါင်းပြောင်ပြောင်နှင့် လူထွားကြီး၏ ကျင့်ကြံခြင်းကိုလည်း ဖျက်ဆီးပစ်ခဲ့လေသည်။ ထို့အတွက်ကြောင့် ယနေ့ကိစ္စသည် အေးအေးချမ်းချမ်းဖြင့် ပြီးသွားတော့လိမ့်မည်မဟုတ်မှန်း ဆိုင်မန်နေဂျာသိနေခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် အားကောင်းသည်ဆိုလျှင်ပင် သူမကြောက်ချေ။ ဤနေရာသည် သူတို့ပိုင်နက်ဖြစ်ပေသည်။ စိမ့်တောမြို့ထဲတွင် ရှိနေသော လူတိုင်းသည် သူတို့၏ အဆုံးမဲ့ရတနာစံအိမ်အား မျက်နှာသာ ပေးရပေလိမ့်မည်။
“ခင်ဗျား ကျုပ်ကို လာရန်စလိုက်တာ မဟုတ်ပါဘူး… ခင်ဗျားတို့ ရန်စလိုက်တာက ကျုပ် ဂျူနီယာညီမပဲ…” ရန်ကိုင်သည် ဆိုင်မန်နေဂျာအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေရင်းမှ ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ဒီအကြောင်းကို ခင်ဗျားမသိဘူးလို့တော့ လာမပြောနဲ့နော်… ခင်ဗျားလုယူထားတာကို ပြန်ပေးလိုက်… မဟုတ်ရင် ခင်ဗျားလည်း သူ့လိုဖြစ်သွားလိမ့်မယ်…” ပြောပြီးသည်နှင့် ရန်ကိုင်သည် ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးအား ညွှန်ပြလိုက်လေသည်။
ဆိုင်မန်နေဂျာ၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ အစကမူ အကူအညီများ ရောက်လာသည်အထိ အချိန်ဆွဲထားနိုင်ရန် စဉ်းစားခဲ့သေးသည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင့်အား သူလုပ်ခဲ့သည့်အရာများအတွက် ပြန်လည်ပေးဆပ်ခိုင်းနိုင်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သည် သူ့အား ထိုအခွင့်အရေးပင်လျှင် ပေးလိမ့်မည်မဟုတ်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင့်၏စကားကို ကြည့်ရသလောက် ရန်ကိုင်သည် သူ့အား တစ်ခဏလေးပင် အချိန်ပေးတော့မည် ပုံမပေါ်။
“အဆုံးမဲ့ရတနာစံအိမ်ဆိုတာ ဘယ်လိုနေရာလဲ… ကျုပ်တို့ကို ဘယ်သူက ကျောထောက်နောက်ခံပေးထားလဲ ဆိုတာကို လူကြီးမင်းသိလား…” ဆိုင်မန်နေဂျာသည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သူတစ်ဦး ဖြစ်သလို တာအိုသခင်အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်၏ စကားနည်းနည်းလောက်ဖြင့် ကြောက်လန့်သွားခြင်း မရှိခဲ့ပေ။
“ကြည့်ရတာ ခင်ဗျား ဆုံးဖြတ်ပြီးသွားပြီနဲ့တူတယ်… အဲ့လိုဆိုမှတော့ ဒီသခင်လေးကို ရက်စက်လို့ဆိုပြီး အပြစ်မတင်တော့နဲ့ပေါ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ လူအိုကြီး ဘာလုပ်ချင်နေသလဲဆိုသည်ကို သူသိပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ နည်းနည်းလေးမှပင်မကြောက်။ ထို့ကြောင့်ပင်လျှင် လေကုန်ခံ၍ စကားမပြောလိုခြင်း ဖြစ်ပေသည်။ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကိုသုံးလျက် လူအိုကြီးဘေးနားသို့ တည်နေရာခုန်ကူးလိုက်လေ၏။ ချက်ချင်းဆိုသလို ရန်ကိုင့်ပတ်ပတ်လည် မီတာပေါင်းများစွာအတွင်းရှိ ဟင်းလင်းပြင်မှာ အေးခဲသွားခဲ့လေသည်။
ဆိုင်မန်နေဂျာမှာလည်း တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး ချွေးသီးချွေးပေါက်တို့ သူ့နဖူးထက် ဝေ့သီလာခဲ့လေ၏။ သူ့ခွန်အားဖြင့်ပင်လျှင် ရန်ကိုင်သူ့ဘေးနား၌ မည်ကဲ့သို့ ပေါ်လာသလဲဆိုသည်ကို သတိမပြုမိလိုက်ပေ။ ယခုတစ်ကြိမ်တွင်တော့ သံပြားကို သွားကန်မိမှန်း ဆိုင်မန်နေဂျာ သိလိုက်လေသည်။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် တဖြည်းဖြည်း တောင့်တင်းလာသည်ကို သတိပြုမိလိုက်သော် အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်လျက် ကြောက်လန့်တကြားဖြင့် အော်ပြောလိုက်လေ၏။ “အဆုံးမဲ့ရတနာစံအိမ်ဆိုတာ မြို့သခင်ရဲ့ ဆိုင်ပဲကွ… မင်း ဒီမှာ လာပြီး ပြဿနာရှာရဲတယ်ဆိုမှတော့ စိမ့်တောမြို့ကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့…”
ယခုကဲ့သို့ဖြစ်လာပြီးသည့်နောက်တွင် ဆိုင်မန်နေဂျာသည် ဆက်၍ တည်ငြိမ်မနေတော့ချေ။ ထို့အတွက်ကြောင့် သူ့ကျောထောက်နောက်ခံကို ချက်ချင်း အော်ပြောပစ်လိုက်လေ၏။ တကယ်တော့ မြို့သခင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ သို့သော်ငြား ရန်ကိုင်ကမူ အနည်းငယ်မျှပင်လျှင် ကြောက်ရွံ့သွားခြင်းမရှိ။ ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုသိထားသည့်အလား သူ့အမူအယာမှာ အကြွင်းမဲ့ တည်ငြိမ်နေခဲ့လေသည်။
(ဒီကောင် ရူးနေတာပဲ…) လူအိုကြီး ကြောက်လန့်သွားခဲ့လေသည်။ ထိုကောင်လေးသည် သူတို့၏ကျောထောက်နောက်ခံမှာ မြို့သခင်ဖြစ်သည်ဆိုသည့်အကြောင်းကို သိထားပြီးသည့်တိုင် ဆက်၍ သောင်းကျန်းနေခဲ့သည်။ မြို့သခင်ကို သူမကြောက်လေလော။
ယခုဆိုလျှင် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ လုံးဝကို တောင့်တင်းသွားဖြင့် လူအိုကြီးမှာ တစ်လက်မပင်လျှင် မလှုပ်ရှားနိုင်တော့ပေ။ သူ့သွေးကြောများမှာ ပိတ်ဆို့ထားခံလိုက်ရသည့်အလား သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီကို လုံးဝ လှည့်ပတ်၍ မရတော့ကြောင်း သတိပြုမိလိုက်လေသည်။ လုပ်မိလုပ်ရာဖြင့် လူအိုကြီးလည်း သူ့လျှာဖျားကိုကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်ကာ ဧရာမရွှေရောင်ဓါးသွားနှစ်ချောင်းကို ဆင့်ခေါ်လျက် ရန်ကိုင့်တည့်တည့်သို့ ခုတ်ချလိုက်လေ၏။
ထိုရွှေရောင်ဓါးသွားနှစ်ချောင်းသည် တာအိုသခင်အဆင့်မြင့် မှော်ရတနာ၏အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။ ထို့အပြင် ထိုဓါးသွား၏နောက်ကွယ်၌ ဆန်းကြယ်သော စွမ်းအားတစ်ရပ်လည်း ပါဝင်နေလေ၏။ ထိုတိုက်ကွက်သည် အေးခဲနေသော ဟင်းလင်းပြင်ကိုပင်လျှင် ထိုးဖောက်၍ ရန်ကိုင့်ဆီသို့ တိုးဝင်လာခဲ့လေသည်။
ယခုမှသာလျှင် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီ ချောချောမွေ့မွေ့ ပြန်လည် လည်ပတ်လာခဲ့ပြီး သူခံစားနေရသည့်ဖိအားမှာလည်း ပျောက်ကွယ်သွားခဲ့ကြောင်း လူအိုကြီး သတိပြုမိလိုက်သည်။ ထိုအခါမှသာလျှင် လူအိုကြီး စိတ်သက်သာရာ ရသွားနိုင်တော့လေသည်။
သို့သော်ငြား သူဘာမှမလုပ်နိုင်သေးခင်မှာပင် သူ့မျက်လုံးထဲ ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့လေ၏။
မသိလိုက်မသိဟန်ဖြင့် ရန်ကိုင့်ဆီသို့ လှမ်းကြည့်မိလိုက်ရာ ရန်ကိုင့်၏ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်တောက်နေကြောင်း တွေ့လိုက်ရလေသည်။ ပို၍ ထူးခြားသည့်အချက်မှာ ရန်ကိုင့်၏ဘယ်ဘက်မျက်လုံးထဲရှိ မျက်ဆံမှာ သာမန်မျက်ဆံများကဲ့သို့ မဟုတ်ဘဲ ဒေါင်လိုက်မျက်ဆံတစ်ခု ဖြစ်နေခဲ့ခြင်းပင် ဖြစ်လေသည်။ အံ့ဩဖွယ်ရာ စွမ်းအားအရှိန်အဝါတို့မှာ ထိုဘယ်ဘက်မျက်လုံးဆီမှ အဆက်မပြတ် ဖြာထွက်နေခဲ့လေ၏။ ထိုမျက်လုံးကို ကြည့်ရင်းဖြင့်ပင်လျှင် လူအိုကြီးမှာ စတင်၍ ထိတ်လန့်လာရတော့လေသည်။
ချက်ချင်းဆိုသလို ထိုဘယ်ဘက်မျက်လုံးဆီမှ ဖူးပွင့်ခါနီးဖြစ်နေသော ကြာဖူးတစ်ဖူး ပျံသန်းထွက်လာခဲ့လေသည်။ ထိုကြာဖူး၏အရောင်အဝါမှာ တစ်စထက်တစ်စ ပို၍ တောက်ပလာခဲ့လေ၏။
လူအိုကြီးသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တောင့်တောင့်ကြီး ဖြစ်နေလေ၏။ ယခုဆိုလျှင် သူ့မြင်ကွင်းထဲ ဘာဆိုဘာမှ မရှိတော့။ တစ်စတစ်စ ဖူးပွင့်နေသော ရွှေရောင်ကြာဖူးတစ်ခုသာ ရှိတော့လေသည်။ ထိုရွှေရောင်ကြာဖူး ဖူးပွင့်နေသည်နှင့်အမျှ သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်မှာလည်း အဆက်မပြတ် လျော့ကျနေသည်ကို သတိပြုမိလိုက်သည်။ စိတ်စွမ်းအင် တောက်လျှောက် လျော့ကျနေသည့်အလျောက် သူ့ဝိဉာဉ်ကို သောင်းပေါင်းများစွာသော ပုရွက်ဆိတ်များက ဝိုင်းကိုက်ခဲနေသည့်အလား သူ့ခေါင်း တဆစ်ဆစ်ကိုက်လာခဲ့လေသည်။
(မကောင်းတော့ဘူး… ဒီကောင် ဝိဉာဉ်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်တာပဲ…) လူအိုကြီးမှာ ချက်ချင်းဆိုသလို အသိပြန်ဝင်လာခဲ့သော်ငြား သူလုပ်နိုင်သည့်အရာ ဘာမျှ ရှိမနေခဲ့ပေ။ လူငယ်လေး၏စိတ်စွမ်းအင်မှာ သူ့ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့်ပုံပင်။ ထိုရှင်းပြမရသော ကြာပန်းပညာရပ်မှာလည်း သူ့စိတ်စွမ်းအင်အများစုကို ဝါးမျိုပစ်ပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် လူအိုကြီး၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာခဲ့လေရာ သူ့တစ်ကိုယ်လုံး ကြောက်စိတ်တို့ဖြင့် ပြည့်နှက်လာခဲ့လေ၏။
စူးရှသည့် နာကျင်မှုတစ်ခုကို လူအိုကြီး ရုတ်တရက် ခံစားလိုက်ရသည်။ ထိုနာကျင်မှုကြောင့် မိန်းမောနေသော လူအိုကြီးမှာ ချက်ချင်း အသိပြန်ဝင်လာခဲ့လေ၏။ ငုံ့ကြည့်လိုက်ရာ သူ့လက်မောင်းတစ်ဖက် ဖြတ်ခံထားရသည်ကို တွေ့လိုက်ရလေ၏။ သွေးစိမ်းရှင်ရှင်တို့သည် ပြတ်ထွက်နေသော လက်မောင်းရင်းနေရာမှ တောက်လျှောက်စီးထွက်နေခဲ့လေ၏။
လူငယ်လေး၏ အမူအယာမှာလည်း လေးနက်သွားခဲ့လေသည်။ သူ့လက်ကို ဆန့်ထုတ်၍ လူအိုကြီး၏ ရင်ဘတ်တည့်တည့်သို့ ဖိချလိုက်လေ၏။
ခေါင်းပြောင်ပြောင်နှင့် လူထွားကြီး ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကို ပြန်သတိရလိုက်သည့်နောက် ရန်ကိုင်ဘာလုပ်နေချင်သလဲ ဆိုသည်ကို လူအိုကြီး ချက်ချင်း နားလည်သွားခဲ့လေသည်။
ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးရန်ကြိုးစားနေခြင်း ဖြစ်လေ၏။
လူအိုကြီး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး အသားကုန် အော်ဟစ်လိုက်လေတော့သည်။ “နေပါဦး… ငါတို့ စကားပြောလို့ ရသေးတယ်နော်… မင်းလိုချင်တာ ဒီလူအိုကြီး ပေးလို့ရတယ်နော်…”
“ဘုန်း…”
ရန်ကိုင့်၏လက်ဝါးချက်သည် လူအိုကြီး၏ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားခဲ့လေသည်။ လူအိုကြီး၏ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့ပြီး သွေးအပွက်ပွက်အန်ထုတ်ကာ နောက်သို့ လွင့်စင်သွားခဲ့လေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးသည့်နောက်တွင် လူအိုကြီးမှာ ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးကဲ့သို့ပင် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ရလေသည်။ ရန်ကိုင်သည် သူ့သွေးကြောနှင့် ဒန်တျန်များကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်လေ၏။
“ကျုပ်ဘက်က လေကုန်ခံပြီး စကားပြောနေတုန်း ခင်ဗျားက စကားမှမပြောချင်တာ… ဒီတော့ အခုမှတော့ လာထပ်ပြောမနေတော့နဲ့…” ရန်ကိုင်သည် လူအိုကြီးအား တစ်ချက်ပင် မကြည့်ဘဲ ပြတ်ထွက်သွားသော သူ့လက်တွင် ဝတ်ထားသည့် သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်လေသည်။ ထို့နောက် လျို့ရှန်းယွင်ဆီသို့ ပစ်ပေးလျှက် “ကြည့်ကြည့်လိုက်… နင်ရှာနေတဲ့ဟာ အဲ့သိုလှောင်လက်စွပ်ထဲမှာ ရှိလား…”
လျို့ရှန်းယွင်မှာ သိုလှောင်လက်စွပ်အား မသိလိုက်မသိဘာသာဖြင့် အလိုလိုလှမ်းဖမ်းမိလိုက်သည်။ သို့သော်ငြား လက်ရှိမြင်နေရသည့်မြင်ကွင်းကြောင့် ထိတ်လန့်နေရာမှ အသိပြန်မဝင်လာနိုင်သေးချေ။ လျို့ရှန်းယွင်မှာ အလွန်တရာကိုမှ အံဩမင်သက်နေမိတော့လေသည်။ နှစ်အနည်းငယ်လေးအတွင်း ရန်ကိုင် မည်ကဲ့သို့များ ဤမျှအားကောင်းလာသလဲ ဆိုသည့်အပေါ် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
တာအိုသခင်ပထမအဆင့် ကျင့်ကြံသူလေးဦး တိုက်ကွက်တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်မှာ အရမ်းကြီး ထူးဆန်းမနေခဲ့ပေ။ သို့သော်ငြား ခေါင်းပြောင်ပြောင်နှင့် လူထွားကြီးနှင့် ဆိုင်မန်နေဂျာမှာ သာမန် တာအိုသခင်အဆင့် ပညာရှင်များ မဟုတ်ကြပေ။ သို့သော်ငြား ထိုလူနှစ်ဦးစလုံးသည် ရန်ကိုင့်ရှေ့တွင် သုံးနှစ်သားကလေးများနှယ် ဖြစ်နေခဲ့ကြလေသည်။ ရန်ကိုင်တိုက်ခိုက်နေသည်ကို တစ်ချက်ကလေးပင် ပြန်မခုခံနိုင်လိုက်ပေ။ ရန်ကိုင့်၏တိုက်ကွက်တစ်ကွက်တည်းဖြင့် သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ ဖျက်ဆီးခံလိုက်ရလေပြီ။
ငှက်မွေးပြာဂိုဏ်းထဲသို့ မဝင်ချင်ဘဲ ဝင်ခဲ့ရသည့်အကြောင်း၊ ပိရန်ယုချင်း၏ ကာကွယ်ပေးမှုကြောင့် အသက်ရှင်ခဲ့ရသည့် အကြောင်းများကို ပြန်စဉ်းစားကြည့်မိလိုက်သော် လက်ရှိ သူမရှေ့တွင် ရှိနေသောလူသည် ထိုစဉ်က သူမနှင့် အတူတူ ရှိနေခဲ့သည့် လူဖြစ်သည် ဆိုသည့်အပေါ် လျို့ရှန်းယွင် မယုံကြည်နိုင် ဖြစ်သွားတော့လေသည်။
“စီနီယာအစ်ကို… ရှင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားတာလား…” လျို့ရှန်းယွင်က မင်သက်နေသည့်လေသံဖြင့် မေးလိုက်လေ၏။
“မချိုးဖြတ်ရသေးဘူး…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။
လျို့ရှန်းယွင် ပို၍ပင် ထိတ်လန့်သွားလေတော့သည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ မရောက်သေးသည့်တိုင် ဤမျှ အားကောင်းနေခဲ့လေရာ ဧကရာဇ်အဆင့်သို့သာ ရောက်သွားမည်ဆိုပါက မည်မျှပင် အားကောင်းလိုက်လေမည်နည်း။
သူမသည် တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲတွင် အလွန်ကိုမှ အားကောင်းသည့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့သလို နှစ်ထောင်ပေါင်းများစွာကြာမှ တွေ့ရလေ့ရှိသည့် ပါရမီရှင်တစ်ဦးလည်း ဖြစ်ခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင်နှင့် ယှဉ်လိုက်သော် သူမ၏ပါရမီမှာ ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ရလေ၏။
“ရှိလား… သိုလှောင်လက်စွပ်ထဲမှာ…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။
ထိုအခါမှသာ လျို့ရှန်းယွင်လည်း သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်မိတော့လေ၏။ ခဏကြာပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလျက် ပြုံးကာ ပြောလိုက်လေသည်။ “ရှိတယ်…”
ထိုကျောက်စိမ်းသေတ္တာသည် သူမယူလာသည့် ဆေးပင်ကို ထည့်ထားသည့် သေတ္တာသာ ဖြစ်လေသည်။ သေတ္တာပေါ်ရှိ ချိတ်စည်းမှာ သူမကိုယ်တိုင် ခတ်ထားသည့် ချိတ်စည်းဖြစ်ပြီး ယခုအချိန်ထိတိုင် မဖယ်ရှားရသေးချေ။ ကြည့်ရသလောက် ဆိုင်မန်နေဂျာသည် သူမ၏ဆေးပင်ကို လုယူပြီးသည့်နောက် ကျောက်စိမ်းသေတ္တာအား ယခုအချိန်ထိတိုင် မဖွင့်ရသေးသည့်ပုံပင်။
“အဲ့သိုလှောင်လက်စွပ်ကိုပါ ယူထားလိုက်တော့… ဆိုင်မန်နေဂျာက လျော်ကြေးအဖြစ် ပေးတယ်လို့ပဲ သဘောထားလိုက်...” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။ “ဆိုင်မန်နေဂျာက အဲ့လောက်ကြီး ကပ်စေးနည်းတဲ့လူ မဟုတ်ပါဘူး…”
ထိုစကားကိုကြားသော် အလွန်ကိုမှ အားနည်းဖျော့တော့နေပြီဖြစ်သော ဆိုင်မန်နေဂျာ၏အရှိန်အဝါမှာ တမုဟုတ်ချည်း ထိုးကျသွားခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် တန်းအသက်ထွက်လုမတတ် ဖြစ်သွားတော့လေသည်။
ဆိုင်မန်နေဂျာ၏ သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းကောင်းများစွာ ရှိနေလေသည်။ ထိုသိုလှောင်လက်စွပ်ထဲတွင် အဆုံးမဲ့ရတနာစံအိမ်မှ ရရှိထားသည့် အဖိုးတန်ရတနာများစွာ ရှိနေသလို မကြာခင်ရောင်းချတော့မည့် ပစ္စည်းများလည်း ရှိနေခဲ့လေသည်။ ပုံမှန်ပစ္စည်းများကဲ့သို့ ဈေးဆိုင်ခင်း၍ ရောင်းမရဘဲ လေလံတင်၍သာ ရောင်းချရသည့် ပစ္စည်းများလည်း ရှိနေသေး၏။ ထို့ကြောင့် ထိုသိုလှောင်လက်စွပ်သည် အတော်လေးကို အဖိုးတန်သည်ဟု ပြောလျှင် မမှားချေ။
လက်ရှိတွင် ရန်ကိုင်သည် ဆိုင်မန်နေဂျာ၏ သိုလှောင်လက်စွပ်ကို စကားတစ်ခွန်းတည်းဖြင့် ဓါးပြတိုက်သွားခဲ့လေသည်။ ဆိုင်မန်နေဂျာမှာ အလွန်ကိုမှ ရင်ကွဲနာကျနေလေ၏။ သို့သော်ငြား သူ့လက်ရှိအခြေအနေရ သူ့သိုလှောင်လက်စွပ်ကို ပြန်ယူချင်လျှင်ပင် ယူနိုင်လိမ့်မည် မဟုတ်ချေ။
“တကယ်… တကယ်ကြီးလား…” လျို့ရှန်းယွင်မှာ ယခင်က ဤကဲ့သို့အလုပ်မျိုး တစ်ခါမှ မလုပ်ဖူးချေ။ ထို့အတွက်ကြောင့် ရန်ကိုင်ပြောသည့်စကားကို အတော်ကြာသည်အထိတိုင် လက်မခံနိုင် ဖြစ်နေခဲ့လေသည်။ သူမ၏ခံယူချက်သည် ထိုကဲ့သို့သော အလုပ်မျိုးကို မလုပ်အောင် တွန်းအားပေးနေသည့်ပုံပင်။
“အဲ့လိုမျိုးလုပ်လိုက်လို့ ဘာမှဖြစ်မသွားဘူး…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့သိုလှောင်လက်စွပ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေကလည်း သမာအာဇီဝကျကျနဲ့ ရလာတဲ့ပစ္စည်းတွေ ဟုတ်ချင်မှဟုတ်ချင်နေမှာ… အကုန်လုံးကို နင့်ဆီကနေ လုယူထားသလိုမျိုး လုယူထားတာမျိုးတောင် ဖြစ်နေနိုင်သေးတယ်… သူတို့တောင် အခြားသူတွေဆီက လုယူနိုင်မှတော့ ငါတို့ကလည်း ဘာလို့ သူတို့ဆီက မလုယူနိုင်ရမှာလဲ…”
“ဟုတ်တာပဲနော်…” လျို့ရှန်းယွင်သည် ဘာမှဆက်မတွေးနေတော့ဘဲ သိုလှောင်လက်စွပ်အား ဝမ်းသာအားရဖြင့် သိမ်းဆည်းလိုက်လေသည်။
ရန်ကိုင်ပြောသည်မှာလည်း ဟုတ်ပေသည်။ သူမသာ ယနေ့တွင် ရန်ကိုင်နှင့် မတွေ့ခဲ့ပါက သူမ၏ဆေးပင်မှာ လုယူခံလိုက်ရပေလိမ့်မည်။ ဆေးပင်သာလျှင် လုယူခံလိုက်ရခြင်းမဟုတ်ဘဲ ခေါင်းပြောင်ပြောင်နှင့် လူထွားကြီး၏ ရိုက်နှက်ခြင်းလည်း ခံခဲ့ရသေးသည်။ အဆုံးမဲ့ရတနာစံအိမ်မှ လူများသည် မြို့သခင်အားကိုးဖြင့် စိမ့်တောမြို့ထဲရှိ အားနည်းသူများကို ကြီးနိုင်ငယ်ညှင်း လုပ်နေကြသည့်လူများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် သူတို့ကဲ့သို့သော လူများဆီမှ ပြန်ဓါးပြတိုက်ရသည့်အပေါ် စိတ်မလုံမလဲဖြစ်နေသည့် ခံစားချက်မျိုး မရှိသင့်ပေ။ သူမသည် ကောင်းကင်ကြီးအစား ဤလောကကြီးအတွက် တရားမျှတမှုကို ဆောင်ကြည်းပေးနေခြင်းသာ ဖြစ်လေသည်။
“ကောင်လေး မင်းက တကယ် သတ္တိရှိတာပဲ… ဒါပေမဲ့ မင်း မနက်ဖြန် နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူးကွ… မြို့သခင်က မင်းကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…” လက်ရှိတွင် သူ့ကျင့်ကြံခြင်းမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ဆိုင်မန်နေဂျာသည် ဘာကိုမှ ကြောက်မနေတော့ချေ။ ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်ရင်း အံကြိတ်၍ အော်ပြောလိုက်လေ၏။ “အဲ့အချိန်ရောက်လာရင် ဒီလူအိုကြီး မင်းရဲ့အသားကို တစ်ကိုက်ချင်းကို ကိုက်စားပစ်မှာ…”
ထိုစကားကိုကြားသော် လျို့ရှန်းယွင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ကတုန်ကယင်လေသံဖြင့် “စီနီယာအစ်ကို… ဒီကနေ မြန်မြန်ထွက်သွားကြရအောင်… မဟုတ်ရင် နောက်ကျသွားလိမ့်မယ်… စိမ့်တောမြို့ရဲ့ မြို့သခင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပဲ… သူက ကျွန်မတို့ သွားရန်စလို့ ရတဲ့ လူမျိုးမဟုတ်ဘူး…”
သို့သော်ငြား ရန်ကိုင်ကမူ လူအိုကြီးအား အထင်တမြင်သေးဖြင့်သာ စိုက်ကြည့်လျက် “အဲ့ပန်းကွမ်က ဒီကိုလာပြီး ကျုပ်ကို လာရန်စမှာမဟုတ်ဘူး… အဲ့လို လာရန်စရဲမယ်ဆိုရင်လည်း ဒီသခင်လေးက သူ့ကို တမလွန်ဘဝရောက်အောင် ပို့ပေးလိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး…”
လူအိုကြီး ကြောင်သွားခဲ့လေသည်။
ရန်ကိုင်ပြောနေသည့် ပန်းကွမ်ဆိုသည့်လူမှာ စိမ့်တောမြို့၏ မြို့သခင်သာ ဖြစ်လေသည်။ သူသည် စိမ့်တောမြို့တွင်ရှိသည့် တစ်ဦးတည်းသော ဧကရာဇ်အဆင့် ပညာရှင်ဖြစ်လေသည်။ ရန်ကိုင် ပန်းကွမ်ကို ကြောက်လိမ့်မည်ဟု လူအိုကြီး ထင်နေပါသော်ငြား ရန်ကိုင်၏လေသံကို ကြားပြီးသည့်နောက် ရန်ကိုင်သည် မြို့သခင်ကိုပင်လျှင် မျက်လုံးထဲထည့်သည့်လူမဟုတ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။
(ဒီကောင်လေး ဘယ်ကနေ ရောက်လာတာလဲ… သူ့ကိုယ်သူ ဘာများမှတ်နေတာလဲ…)
ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် သူ့အတွက် မည်သူမျှ လက်စားပြန်ချေပေးတော့လိမ့်မည်မဟုတ်မှန်း လူအိုကြီး သဘောပေါက်သွားခဲ့လေသည်။ တစ်နည်းဆိုရသော် သူ့ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရခြင်းမှာ အလကားသက်သက်သာ ဖြစ်သွားခဲ့လေပြီ။
ထိုကဲ့သို့တွေးလိုက်မိသည့်အခိုက် လူအိုကြီးမှာ ယူကျုံးမရဖြစ်လွန်းသဖြင့် နောက်ထပ်သွေးတစ်ပွက် ထိုးအန်ချလိုက်ကာ သူ့ခန္ဓာကိုယ်မှာလည်း ယခင်ကထက်ပင်လျှင် ပို၍ အားနည်းသွားခဲ့ရလေသည်။
“သွားကြရအောင်…” ရန်ကိုင်က လျို့ရှန်းယွင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ ထို့နောက် ရှေ့မှဦးဆောင်လျက် ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။ ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဆိုင်ရှေ့တည့်တည့်ရှိ လမ်းမတစ်ခုလုံး ကျင့်ကြံသူပေါင်းများစွာဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေသည်။ အချို့သောကျင့်ကြံသူများဆိုလျှင် ခေါင်မိုးပေါ်သို့ တက်ကာ အဆုံးမဲ့ရတနာစံအိမ်အား စိုက်ကြည့်နေကြလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၅၅)
ရန်ကိုင် လျို့ရှန်းယွင်ကို ခေါ်၍ အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ဝင်သွားသည်ကို လူတိုင်း မြင်လိုက်ရပေသည်။ ထိုကျင့်ကြံသူများတွင် မည်သည့်လုပ်စရာ အရေးကြီးကိစ္စမှ ရှိမနေသည့်အတွက်ကြောင့် စပ်စုလိုစိတ်ဖြင့် လာရောက်ကြည့်ရှုကြလေ၏။ ထိုသို့ကြည့်နေရင်းမှပင်လျှင် ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးသည် ဆိုင်ခန်းတံခါးကို ရုတ်တရက် ပိတ်ချလိုက်လေသည်။ ထို့အတွက်ကြောင့် အထဲတွင် ဘာဖြစ်နေသလဲဆိုသည်ကို ထိုလူများ မမြင်ရတော့ချေ။
အထဲရှိအခြေအနေကို လှမ်းမမြင်နိုင်သော်ငြား တိုက်ခိုက်သံများနှင့် ဖြာထွက်လာသော စွမ်းအင်လှိုင်းများကိုတော့ သူတို့ခံစားနေရပေသေးသည်။
ထိုအချိန်အတောအတွင်း အဆုံးမဲ့ရတနာစံအိမ်အပြင်ဘက်တွင် စုဝေးနေကြသော ကျင့်ကြံသူများမှာ တဖြည်းဖြည်းနှင့် ထောင်နှင့်ချီသွားခဲ့လေ၏။
ရန်ကိုင် အခန်းတံခါးကိုဖွင့်၍ အပြင်သို့ ပြန်ထွက်လာချိန်တွင် ထောင်နှင့်ချီသောမျက်လုံးများက သူ့အား စိုက်ကြည့်လာခဲ့ကြလေသည်။
ထိုလူများမှာလည်း သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြလေ၏။ ရန်ကိုင်သည် ကောင်းကင်နှင့် မြေပြင် မည်မျှကွာခြားသလဲ ဆိုသည်ကို မသိဘဲ စိမ့်တောမြို့ထဲရှိ အဆုံးမဲ့ရတနာစံအိမ်တွင် သွားပြဿနာရှာခဲ့သည်ဟု သူတို့ထင်မိကြလေသည်။ ရန်ကိုင်သည် ကိုယ့်သေတွင်းကိုယ်တူးနေသည့် လူငယ်လေးဖြစ်သည်ဟူ၍လည်း တွေးထင်နေကြသေး၏။ အဆုံးမဲ့ရတနာစံအိမ်၏ ကျောထောက်နောက်ခံဖြစ်သော မြို့သခင်အား ထည့်မတွက်လျှင်ပင် အဆုံးမဲ့ရတနာစံအိမ်ထဲ ရှိနေကြသော ကျင့်ကြံသူများမှာ အလွန်ကိုမှ အားကောင်းကြပေသည်။ ဆိုင်မန်နေဂျာဆိုလျှင် တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်လေသည်။ အသက်ကြီးလာ၍ သွေးကြောနှင့် ခန္ဓာကိုယ်များ မကောင်းတော့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုလူအိုကြီးသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်နေပေလိမ့်မည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ကောင်းကောင်း သင်ခန်းစာပေးခံရပြီဟု သူတို့ထင်နေကြခြင်း ဖြစ်လေသည်။ သို့ရာတွင် လက်တွေ့မှာ သူတို့ထင်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေခဲ့လေသည်။
ရန်ကိုင်သည် အဆုံးမဲ့ရတနာစံအိမ်ထဲမှ မည်သည့်ဒဏ်ရာမှ မပါဘဲ ပြန်လည် ထွက်လာခဲ့လေသည်။ သူ့အဝတ်အစားများပင်လျှင် တွန့်ကြေနေခြင်းမရှိ။ သို့သော်ငြား အဆုံးမဲ့ရတနာစံအိမ်ထဲတွင်တော့ အလောင်းများ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေကာ ကြမ်းပြင်နှင့် နံရံများမှာလည်း သွေးများနှင့် စွန်းထင်းနေကုန်ကြလေသည်။ ခေါင်းပြောင်ပြောင်လူထွားကြီးနှင့် အဆုံးမဲ့ရတနာစံအိမ်၏ ဆိုင်မန်နေဂျာဆိုလျှင် မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်အလား ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူတို့၏အရှိန်အဝါများမှာလည်း အလွန်ကိုမှ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေခဲ့လေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင်လျှင် သူတို့၏ကျင့်ကြံခြင်း ဖျက်ဆီးထားခံရကြောင်းကို သိမြင်နိုင်ပေလိမ့်မည်။
ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် သက်ပြင်းရှိုက်သံများ အဖက်ဖက်မှ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင့်အား ကြည့်နေသည့် ကျင့်ကြံသူများ၏အကြည့်မှာလည်း လုံးဝကို ပြောင်းလဲသွားခဲ့ကြလေသည်။ ဤလူငယ်လေးသည် သူတို့သွားရှုပ်သင့်သည့် လူတစ်ဦးမဟုတ်။ ထိုလူငယ်လေးမှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။
တကယ်တော့ ရန်ကိုင် အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ဝင်သွားသည်မှာ မည်မျှကြာသေးလို့နည်း။ အချိန်တစ်ခဏလေးအတွင်း စံအိမ်တစ်ခုလုံးအား ဤကဲ့သို့ဖြစ်သွားအောင် လုပ်နိုင်သည့် ခွန်အားမှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သင့်သည့် ခွန်အားမျိုးမဟုတ်ချေ။
ရန်ကိုင် အပြင်သို့ ထွက်လာသည့်အခါ ဝင်ပေါက်ဝတွင် ပိတ်ရပ်နေကြသော ကျင့်ကြံသူများအားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ဆုတ်သွားကုန်ကြလေသည်။
ရန်ကိုင်သည် လူအုပ်ကြီးအား အေးစက်စက်အမူအယာဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် နှာခေါင်းရှုံ့ကာ အစောပိုင်းက သူထိုင်နေခဲ့သော လက်ဖက်ရည်ဆိုင်ဆီသို့ ထွက်သွားလေသည်။ ထို့နောက် လျို့ရှန်းယွင်ကို တတိယအထပ်သို့ ခေါ်သွားပြီး မူလထိုင်နေခဲ့သည့်နေရာတွင်ပြန်ထိုင်ကာ နောက်ထပ်ရေနွေးကြမ်းတစ်အိုး မှာလိုက်လေသည်။
ရန်ကိုင်သည် အဆုံးမဲ့ရတနာစံအိမ်တွင် ပြဿနာရှာပြီး ဆိုင်ဝန်ထမ်းများကို ဒဏ်ရာရအောင် လုပ်ကာ သတ်ပစ်ခဲ့လေသည်။ ထိုသို့လုပ်ပြီးသည့်တိုင် ထွက်ပြေးသွားခြင်းမရှိဘဲ လမ်းတစ်ဖက်တွင် ရှိနေသော ရေနွေးကြမ်းဆိုင်သို့ သွားကာ ထိုနေရာတွင် ဇိမ်ပြေနပြေဖြင့် ရေနွေးကြမ်း သွားထိုင်သောက်နေလေသည်။ ရန်ကိုင့်၏လုပ်ရပ်ကို မြင်လိုက်သည့်အခိုက် လမ်းပေါ်တွင် ရှိနေသော ကျင့်ကြံသူအားလုံး မယုံကြည်နိုင် ဖြစ်ကုန်ကြလေ၏။
ရန်ကိုင့်၏ သတ္တိကို သူတို့ လေးစားမိသွားကြလေသည်။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်သည် ပန်းကွမ်ကို မကြောက်ရလောက်အောင် အားကောင်းလျှင်အားကောင်း ထိုသို့အားမကောင်းလျှင် သူ့နောက်ခံသည် ပန်းကွမ်ကို မကြောက်ရလောက်အောင်ထိ အားကောင်းနေခြင်းဖြစ်ရမည်ဟု တွေးမိသွားကုန်ကြလေသည်။
သို့ရာတွင် ထိုလူများမှာ ရန်ကိုင်နှင့် ရင်းနှီးသူများ မဟုတ်ကြသဖြင့် ထိုအချက်များကို အရမ်းဂရုစိုက်မနေခဲ့ချေ။ လက်ရှိအချိန်တွင် သူတို့စိတ်ဝင်စားနေသည့် အရာမှာ အဆုံးမဲ့ရတနာစံအိမ်၏ ပွင့်နေသော တံခါးများပင် ဖြစ်လေသည်။
စိမ့်တောမြို့ထဲရှိ ကျင့်ကြံသူများမှာ အလွန်ကိုမှ တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်ကြသည့် လူများ ဖြစ်လေသည်။ ထို့အတွက်ကြောင့် လက်ရှိကိစ္စတွင် မည်သူမှားမှား မှန်မှန်ကို ဂရုစိုက်နေလိမ့်မည်မဟုတ်။ သို့သော်ငြား အဆုံးမဲ့ရတနာစံအိမ်ထဲရှိ ဆေးပင်များ၊ ဆေးလုံးများနှင့် အခြားသောအဖိုးတန်ရတနာများကို စောင့်ကြပ်ပေးနေသည့်သူ မရှိတော့သည့်အတွက်ကြောင့် လက်ရှိအချိန်သည် ထိုရတနာများကို သွားယူရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
အဆုံးမဲ့ရတနာစံအိမ်သည် ပန်းကွမ်၏ပိုင်ဆိုင်မှု ဖြစ်သော်ငြား လူများသည် ချမ်းသာကြွယ်ဝမှုနောက်လိုက်ရင်း သေကြသလို ငှက်များသည် အစာကြောင့်သေကြရသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် စောင့်ကြပ်ပေးမည့်သူမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေသော ရတနာများကိုကြည့်ရင်း အချို့သူများမှာ ဖင်တကြွကြွ ဖြစ်လာခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် လူအုပ်ကြီးထဲမှ လူတစ်ယောက်သည် အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ရုတ်တရက် ပြေးထွက်သွားပြီး ဆိုင်ထဲရှိ စင်ပေါ်တွင် ရှိနေသော ဆေးပင်များနှင့် ဆေးလုံးများကို သိမ်းကျုံးယူတော့လေသည်။
ထိုအချင်းအရာကိုမြင်သော် အခြားလူများမှာလည်း မည်ကဲ့သို့များ ငြိမ်နေနိုင်ပါဦးမည်နည်း။ အကုန်လုံး အဆုံးမဲ့ရတနာစံအိမ်ထဲသို့ ပြေးဝင်သွားကြပြီး ရတနာများကို အလုအယက် လုယူကြတော့လေသည်။ တစ်ခဏအတွင်းဆိုသလို အဆုံးမဲ့ရတနာစံအိမ်ထဲရှိ အဖိုးတန်ရတနာအားလုံးမှာ ထိုကျင့်ကြံသူများ၏ သိမ်းကျုံးယူသွားခြင်း ခံလိုက်ရလေ၏။ အဖိုးတန်သည့် မည်သည့်ရတနာမှ မကျန်တော့သည့်နောက်တွင် ကျင့်ကြံသူအားလုံး အလျိုလျို ပြန်လည်ထွက်ခွာသွားကုန်ကြလေသည်။
ရန်ကိုင်သည် တတိယမြောက်အလွှာတွင် ထိုင်ရင်းမှ ထိုမြင်ကွင်းအား ထူးမခြားနားဟန်ဖြင့် ကြည့်နေခဲ့လေသည်။ သို့သော်ငြား ယခုအချိန်တွင်မူ စိမ့်တောမြို့ထဲရှိ ကျင့်ကြံသူများ မည်ကဲ့သို့ ပြုမူတတ်သလဲ ဆိုသည်နှင့်ပတ်သက်၍ အနည်းအကျဉ်းတော့ သိသွားခဲ့လေပြီ။
“စီနီယာအစ်ကို…” လျို့ရှန်းယွင်မှာတော့ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်အလား ဖင်ဂနာမငြိမ် ဖြစ်နေခဲ့လေသည်။ “ကျွန်မတို့ သွားရင်ပိုကောင်းမယ်နော်…”
ရန်ကိုင့်၏ခွန်အားကို သူမ ယုံကြည်ချက်မရှိခြင်းမဟုတ်။ ယနေ့ကိစ္စသည် သူမကြောင့် ဖြစ်လာခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အတွက် ပိုမိုအားကောင်းသည့်ရန်သူများကို သူမ သွားရန်မစချင်တော့ပေ။
“မလိုဘူး…” ရန်ကိုင်က ပြုံးလျက် လျို့ရှန်းယွင်အား ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ရင်းမှ ပြောလိုက်လေသည်။ “ဒီနေရာတစ်ခုလုံးက ဒီလောက်တောင် ကယောက်ကယက်တွေဖြစ်နေတာ နင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ…”
သူတို့လမ်းခွဲပြီးနောက်ပိုင်း လျို့ရှန်းယွင် မည်ကဲ့သို့ဖြစ်သွားသလဲဆိုသည်ကို သူသိချင်နေပေသည်။ ငှက်မွေးပြာဂိုဏ်းက ထွက်ပြေးလာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူပိုင်ဆိုင်ထားသမျှ တစ်ဝက်ကျော်ကျော်လောက်ကို လျို့ရှန်းယွင်အား ပေးပစ်ခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် မေပယ်မြို့ဆီသို့ ထွက်သွားခဲ့လေ၏။ ယခု စိမ့်တောမြို့သို့ ဖြတ်သွားချိန် လျို့ရှန်းယွင်နှင့် လာတိုးလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကျွန်မ ဒီကိုရောက်တာ တော်တော်ကြာနေပြီ…” လျို့ရှန်းယွင်က ခါးသက်စွာပြုံးရင်းမှ လွန်ခဲ့သည့်နှစ်များအတွင်း သူမကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အကျဉ်းချုံး ရှင်းပြလိုက်လေသည်။
တကယ်ဆိုလျှင် ရှင်းပြစရာပင် ဘာမှရှိမနေခဲ့ပေ။
ရန်ကိုင်နှင့် လမ်းခွဲပြီးသည့်နောက်တွင် သူမသည် ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်နှယ် တောင်ဘက်နယ်မြေထဲ လှည့်ပတ်သွားလာနေခဲ့လေသည်။ နောက်ဆုံးတွင် စိမ့်တောမြို့သို့ ရောက်လာပြီး ဤမြို့တွင် အခြေချလိုက်လေ၏။ စိမ့်တောမြို့သည် ပရမ်းပတာ ဖြစ်နေသော်ငြား ဤအနီးအနားတွင် သူမလေ့ကျင့်ရန် သင့်တော်သည့် နေရာများစွာ ရှိနေပေသည်။
သူမကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်များကိုပင်လျှင် ထိုနေရာများတွင် ရှာဖွေနိုင်ပေသည်။ နှစ်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် သူမ၏ဘဝမှာ ခက်ခဲကြမ်းတမ်းခဲ့ပါသော်ငြား တာအိုသခင်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့ပေသည်။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဟင်းလင်းပြင်တောင်တန်းဟုခေါ်သော နေရာတစ်ခုဆီမှ ဆေးပင်တစ်ပင်ကို တွေ့ရှိခဲ့ရလေသည်။ ထိုဆေးပင်ကို ခူးလာပြီးသည့်နောက် အရင်းအမြစ်ကျောက်နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်လေသည်။ ဆိုင်များကို လိုက်ရှာကြည့်လိုက်သည့်နောက်တွင် အဆုံးမဲ့ရတနာစံအိမ်သည် သွားရောင်းလို့ကောင်းမည့် နေရာတစ်ခု ဖြစ်သည်ဟု တွေးလိုက်လေ၏။ အဆုံးမဲ့ရတနာစံအိမ်ကို နောက်ခံပေးထားသည့်လူမှာ မြို့သခင်ပင် မဟုတ်လေလော။ သို့သော်ငြား ထိုဆိုင်သည် သူမပေးသည့် ဆေးပင်ကို မြင်ပြီးသည့်နောက် အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သောင်းသာ ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမခူးယူလာသည့်ဆေးပင်မှာ ဘာဆေးပင်မှန်း မသိသလို မည်မျှတန်သလဲ မသိသော်ငြား ထိုဆေးပင်၏တန်ဖိုးမှာ အဆုံးမဲ့ရတနာစံအိမ်မှပေးသည့် တန်ဖိုးထက်တော့ သာလိမ့်မည်မှန်း သိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ထိုဆေးပင်ကို သူမ မရောင်းချင်တော့ချေ။ ဆေးပင်အား မရောင်းတော့ဘူးဟု ပြောလိုက်သည့်အခိုက်တွင် တစ်ဖက်လူမှာ မကျေနပ်ပဲ သူမအား စတင်တိုက်ခိုက်ကာ သူမဆေးပင်ကို လုယူသွားတော့လေ၏။ ထို့နောက်တွင် ရန်ကိုင်ပေါ်လာခြင်း ဖြစ်ပေသည်။
“စီနီယာအစ်ကို… ဒီဆေးပင်ကို ရှင်ယူရင် ယူလိုက်သင့်တယ်နော်… ဒါ ဘာဆေးပင်မှန်း ကျွန်မ သိတာမဟုတ်ဘူး…” ပြောနေရင်းမှ လျို့ရှန်းယွင်သည် ကျောက်စိမ်းသေတ္တာကို ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
“ငါတစ်ချက် ကြည့်ကြည့်ရအောင်…” ရန်ကိုင်သည် ကျောက်စိမ်းသေတ္တာကိုယူ၍ အဖုံးဖွင့်ကြည့်လိုက်လေသည်။
ချက်ချင်းဆိုသလို သင်းပျံ့သည့်ရနံ့တစ်ခု သေတ္တာထဲမှ ထွက်ပေါ်လာလေ၏။ ထိုအနံ့ကို ရှူမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး လန်းဆန်းသွားပြီး သူ့အသိစိတ်ပင်လယ်မှာ ရှင်းသန့်သွားသလို ခံစားလိုက်ရလေသည်။
ချက်ချင်းဆိုသလို ရန်ကိုင်သည် ကျောက်စိမ်းသေတ္တာအဖုံးကို မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ပိတ်ချလိုက်လေ၏။ “ဝိဉာဉ်ကြာပန်းလား…”
ကျောက်စိမ်းသေတ္တာကို ဖွင့်ရုံလေးသာ ဖွင့်လိုက်သော်ငြား သူ့ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ကျောက်စိမ်းသေတ္တာထဲရှိ ပန်းပွင့်မှာ ဝိဉာဉ်ကြာပန်းနှင့် ဆင်တူသည့် ပန်းတစ်ပွင့်ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ဝိဉာဉ်ကြာပန်းနှင့် မတူသည့်အချက်မှာ ကျောက်စိမ်းသေတ္တာထဲရှိပန်းမှာ ရောင်စုံဖြစ်နေခြင်းမဟုတ်ဘဲ အဖြူရောင်သာ ဖြစ်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုပန်းပွင့်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ဝိဉာဉ်ကြာပန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါနှင့် တူနေခဲ့ပေသည်။
မဟုတ်သေးချေ။ ဤပန်းပွင့်သည် ဝိဉာဉ်ကြာပန်း လုံးဝမဖြစ်နိုင်ချေ။ ဤလောကကြီးတွင် ဝိဉာဉ်ကြာပန်းသည် အလွန်ကိုမှ မြင့်မြတ်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ အင်မော်တယ်သစ်ပင်ကဲ့သို့ပင် ဤလောကကြီးထဲ၌ ဝိဉာဉ်ကြာပန်းတစ်ခုသာ ရှိပေသည်။ နောက်တစ်ခုမရှိနိုင်ချေ။
“မဟာကောင်းကင်ဝိဉာဉ်ကြာပန်းလား…” ရုတ်တရက်ဆိုသလို ဆေးလုံးဧကရာဇ်၏ တတိယတပည့်ဖြစ်သော ကုန်းစွန်းမူချန်ရစ်ထားခဲ့သည့် ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများကို ရန်ကိုင် ရုတ်တရက် ပြန်သတိရသွားခဲ့လေသည်။
ဤပန်းပွင့်သည် ဒဏ္ဍာရီလာ မဟာကောင်းကင်ဝိဉာဉ်ကြာပန်း ဖြစ်နေခဲ့လေ၏။
မဟာကောင်းကင်ဝိဉာဉ်ကြာပန်းသည် ဝိဉာဉ်ကြာပန်းလောက် အဖိုးတန်ခြင်း မရှိသော်ငြား ထိုပန်းပွင့်သည် ဒဏ္ဍာရီလာ ရတနာတစ်ခု ဖြစ်နေဆဲ။ ခန္ဓာဖြစ်တည်အသီးကဲ့သို့သော မဟာကောင်းကင်ဝိဉာဉ်ကြာပန်းသည် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော အဖိုးတန်ရတနာတစ်ခု ဖြစ်ပေသည်။
ဤမဟာကောင်းကင်ဝိဉာဉ်ကြာပန်းအား မဟာကောင်းကင်ဝိဉာဉ်ဆေးလုံးကို ဖော်စပ်ရာတွင် အဓိကဆေးအမယ်အဖြစ် အသုံးပြုကြလေ၏။ ထိုဆေးလုံး၏ ကျင့်ကြံသူတစ်ဦး၏ ပျက်စီးသွားသော သွေးကြောများနှင့် ဒန်တျန်အား ပြန်လည်ပြုပြင်ပေးနိုင်ပေသည်။ ထို့အတွက်ကြောင့် ဆေးလုံး၏တန်ဖိုးမှာ အလွန်ကိုမှ အဖိုးအနဂ္ဂထိုက်တန်သည်ဟု ပြော၍ရသည်။
ဥပမာပြရသော် အဆုံးမဲ့ရတနာစံအိမ်ထဲရှိ ခေါင်းပြောင်ပြောင်နှင့်လူထွားကြီးနှင့် ဆိုင်မန်နေဂျာ၏ကျင့်ကြံခြင်းမှာ ရန်ကိုင့်ကြောင့် ပျက်စီးသွားခဲ့သော်ငြား သူတို့သည်သာ မဟာကောင်းကင်ဝိဉာဉ်ဆေးလုံးကို သောက်သုံးလိုက်မည်ဆိုပါက သုံးလအတွင်း ပျက်စီးသွားသော သူတို့၏သွေးကြောများနှင့် ဒန်တျန်တို့သည် အကောင်းပကတိ ပြန်ဖြစ်လာပေလိမ့်မည်။
သို့သော်ငြား ဤပန်းပွင့်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိပြီး လူမြင်ကွင်းတွင် နှစ်ထောင်နှင့်ချီအောင် တစ်ကြိမ်တစ်ခါမှပင်လျှင် ပေါ်လာခဲ့ဖူးခြင်း မရှိပေ။
သို့ရာတွင် အဆုံးမဲ့ရတနာစံအိမ်မှ လူများမှာမူ ဤပန်းပွင့်အား အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သောင်းသာ ပေးခဲ့လေသည်။ အဆင့်နိမ့်အရင်းအမြစ်ကျောက်တစ်သောင်းသည် ဤပန်းအားဝယ်ရန် မဆိုထားနှင့် ဤပန်းအနံ့ကို ရှူရန်ပင် မလုံလောက်ချေ။
အဆုံးမဲ့ရတနာစံအိမ်မှလူများ ကိုယ်တိုင်သည်လည်း ဤပန်းပွင့်အကြောင်းကို မသိကြချေ။ သို့သော်ငြား ဤပန်းပွင့်သည် အတော်လေးကိုမှ အဖိုးတန်သည့် ရတနာတစ်ခုမှန်းတော့ သိကြသည်။ သူတို့သာ တန်ရာတန်ကြေးပေး၍ ဝယ်လိုက်မည်ဆိုပါက သူတို့အတွက် သိပ် အမြတ်ကျန်တော့လိမ့်မည် မဟုတ်။ ထို့အတွက်ကြောင့်သာ လုယူလိုက်ခြင်း ဖြစ်ပေသည်။
မဟာကောင်းကင်ဝိဉာဉ်ဆေးလုံး၏ ဆေးအာနိသင်မှာ သွေးကြောများနှင့် ဒန်တျန်ကို ပြန်ပြင်ပေးနိုင်ရုံသက်သက်သာလျှင် မဟုတ်ဘဲ ၎င်းတွင် အခြားသောအာနိသင်များလည်း ရှိနေပေသေးသည်။
မည်သို့ပင်ဖြစ်နေစေကာမူ မဟာကောင်းကင်ဝိဉာဉ်ဆေးလုံးမှာ အလွန်ကိုမှ အဖိုးတန်လွန်းသည်ဟု ပြော၍ရပေသည်။
လျို့ရှန်းယွင် မတော်တဆ ရလာသည့် ပန်းပွင့်သည် ထိုကဲ့သို့သော ဒဏ္ဍာရီထဲတွင်သာ ရှိသည့် ရတနာတစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ဂျူနီယာညီမ… နင် ဒီပန်းပွင့်ကို ဘယ်ကရလာတာလဲ မှတ်မိသေးလား…” ရန်ကိုင်က လေသံကို နှိမ့်၍ မေးလိုက်လေသည်။
“ဟင်းလင်းပြင်တောင်တန်းရဲ့ အတွင်းပိုင်းထဲမှာ…” ထိုအကြောင်းကို ပြောစဉ် လျို့ရှန်းယွင်၏မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ “အဲ့တုန်းက မွန်းစတားသားရဲတစ်ကောင်လိုက်လို့ ထွက်ပြေးတာ… ကွေ့ပတ်ပြေးပြီးတော့မှပဲ လွတ်သွားတယ်… မဟုတ်ရင် ဒီနေရာထိတောင် ရောက်နေမှာမဟုတ်ဘူး… ကျွန်မကြားတာတော့ အဲ့ဟင်းလင်းပြင်တောင်တန်းရဲ့ အတွင်းပိုင်းထဲကို ဝင်သွားမယ်ဆိုရင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးတောင် လုံလုံခြုံခြုံနဲ့ ပြန်ထွက်လာနိုင်မယ်လို့ အာမခံချက် မရှိဘူးတဲ့… ကျွန်မအခုလို အပြင်ကို ပြန်ထွက်လာနိုင်တာ ကံကောင်းသွားတာလို့ လုံးဝ ပြောလို့ရတယ်…”
“ငါ နင့်ကို အဲ့နေရာဆီ ထပ်သွားခိုင်းမယ်ဆိုရင် နင်လမ်းကို မှတ်မိလောက်လား…”
“အဲ့နေရာဆီ ထပ်သွားဖို့…” လျို့ရှန်းယွင်၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ဘာလုပ်ဖို့လဲ…”
သူမကိုယ်တိုင်ပင်လျှင် ထိုနေရာမှ ကံကောင်းသဖြင့် လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမကိုသာ နောက်တစ်ကြိမ် ထပ်သွားခိုင်းမည်ဆိုပါက ထိုနေရာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မည်ဟု လျို့ရှန်းယွင် သူ့ကိုယ်သူ ယုံကြည်ချက်လုံးဝမရှိချေ။ ရန်ကိုင်ဘာကြောင့် ထိုနေရာသို့ သွားချင်နေမှန်းကို လျို့ရှန်းယွင် နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
“ဘာဖြစ်လို့လဲဆိုတော့…” ရန်ကိုင်က ရှင်းပြတော့မည်အပြု ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး အောက်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ထိုနေရာတွင် သပ်ရပ်သားနားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးတစ်ဦးသည် အဆုံးမဲ့ရတနာစံအိမ်၏ တံခါးပေါက်ရှေ့၌ မှုန်ကုပ်ကုပ်အမူအယာဖြင့် ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူသည် ထူးထူးခြားခြားကိုပင်လျှင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။ ရန်ကိုင့်၏အကြည့်ကို သတိပြုမိသည့်အလား ထိုသက်လတ်ပိုင်းလူကြီးသည် သိမ်းငှက်တစ်ကောင်၏ ထက်ရှသည့် အကြည့်မျိုးဖြင့် ရန်ကိုင့်ဘက်သို့ ပြန်၍ စိုက်ကြည့်လာခဲ့လေသည်။
“ပန်းကွမ်ပဲ…” သက်လတ်ပိုင်းလူကြီးကို မြင်လိုက်သည့်အခိုက် လျို့ရှန်းယွင်အလန့်တကြား ထအော်တော့လေသည်။
စိမ့်တောမြို့တွင် ရောက်နေသည်မှာ အတော်လေးကြာပြီ ဖြစ်သည့်အတွက်ကြောင့် ပန်းကွမ် မည်ကဲ့သို့ပုံမျိုး ရှိသလဲဆိုသည်ကို ကောင်းကောင်းသိပေသည်။ ယခု ပန်းကွမ်ကိုယ်တိုင် ရောက်လာသည်ကိုမြင်သော် သူတို့ ပြဿနာအကြီးကြီးတက်ပြီမှန်း လျို့ရှန်းယွင် နားလည်လိုက်လေသည်။
ရန်ကိုင် မည်ကဲ့သို့သော ယုံကြည်ချက်မျိုးရှိနေ၍များ ဤနေရာတွင် ဆက်နေရသလဲဆိုသည်ကို သူမ မသိသော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် ရန်စလို့ကောင်းသည့် လူတစ်ဦး မဟုတ်မှန်းတော့ သူမသိပေသည်။
ရုတ်တရက်ဆိုသလို ပန်းကွမ်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။ သူပြန်ပေါ်လာသည့်အချိန်တွင် တတိယအလွှာသို့ ရောက်နေပြီး ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ရှေ့၌ ရပ်နေခဲ့လေသည်။
လျို့ရှန်းယွင်မှာ အလွန်ကိုမှ ထိတ်လန့်သွားသည့်အတွက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အလန့်တကြား ထအော်လေသည်။