← Chapters

အခန်း (၂၃၅၆-၂၃၆၀)

Vol. 95 Ch. 2356-2360

အခန်း (၂၃၅၆-၂၃၆၀)

Vol. 95 Ch. 2356-2360

အပိုင်း (၂၃၅၆)

“အဆုံးမဲ့ရတနာစံအိမ်မှာ ပြဿနာရှားသွားတာ မင်းတို့နှစ်ယောက်လား” ပန်းကွမ်သည် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့အား တည့်တိုး မေးခွန်းထုတ်လိုက်လေသည်။

ထိုအမေးကိုကြားသော် လျို့ရှန်းယွင်၏ မျက်နှာ ဖြူလျော်သွားပြီး ဆိတ်ဆိတ်သာ နေလိုက်လေသည်။

သူမသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသည်။ ထို့အပြင် ဤအဆင့်သို့ ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် သိပ်၍ အခြေ မခိုင်သေးချေ။ ထို့ကြောင့် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဖိအား ခံစားရသည်မှာ သဘာဝသာ ဖြစ်လေသည်။

သို့ရာတွင် ရန်ကိုင်ကတော့ ပန်းကယွမ်၏ အရှိန်အဝါကို မှုပင်မမှုဘဲ စောင့်ငဲ့၍သာ တစ်ချက် ပြန်ကြည့်လိုက်သည်။

ချိုကျဲနှင့်ယှဉ်လိုက်သော် ပန်းကွမ်၏ အရှိန်အဝါမှာ မေးစရာမလိုအောင်ပင် ပို၍ အားကောင်းပေသည်။ ပန်းကွမ်မှာ ချိုကျဲထက် ပိုအားကောင်းသော်ငြား သူ့ခွန်အားသည် အကန့်အသတ်ရှိသည်။ ရန်ကိုင်၏ လက်ရှိ ခွန်အားအရ ပန်းကွမ်အား ကြောက်နေစရာ မလိုချေ။

နှစ်ယော်စလုံး ပြန်မဖြေကြသည်ကို မြင်သော် ပန်းကွမ်က ထအော်တော့လေ၏ “ဒီဘုရင် မေးနေတာတောင် မင်းတို့ ပြန်မဖြေဘဲ နေရာတာလား”

ထို့နောက်တွင် ပန်းကွမ်၏ ဧကရာဇ်အဆင့် အရှိန်အဝါသည် ရေနွေးကြမ်းအိမ်တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ပန်းကွမ်၏ ဖိအား သူတို့အပေါ်သို့ လွှမ်းခြုံလာသည့် အတွက်ကြောင့် ရေနွေးကြမ်းသောက်နေကြသည့် ကျင့်ကြံသူများ တောင့်တင်းသွားကုန်ကြလေသည်။ ပန်းကွမ်ဆီမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုစိတ်ကြောင့် အကုန်လုံးမှာ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြ၏။ အကုန်လုံးမှာ မြို့သခင်ရှေ့တွင်ပင် ဆရာကြီးကဲ့သို့ လုပ်နေသည့် ကိုယ့်အကြောင်း ကိုယ်မသိသော ရန်ကိုင်အား စတင်၍ မေတ္တာပို့ကြပါလေတော့သည်။

ရန်ကိုင်သည် သူ့လက်အား အသာအယာ ဝှေ့ရမ်းလျက် သူနှင့်လျို့ရှန်းယွင်တို့အပေါ် လွှမ်းခြုံထားသော ဧကရာဇ်ဖိအားကို အလွယ်တကူ ဖယ်ရှားပစ်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်ပြီးနောက် ပန်းကွမ် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား သေချာ ပြန်စစ်ဆေးကြည့်တော့လေသည်။

ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။ ထိုသို့ဖြစ်လေရာ မည်သို့များ သူ၏ ဧကရာဇ်ဖိအားကို လက်ဝှေ့ရမ်းလျက် ဖယ်ရှားပစ်နိုင်ရသနည်း။ ထိုသို့ ဖြစ်ပြီးနောက်တွင် ပန်းကွမ်သည် ရန်ကိုင်အား ဆက်၍ အထင်မသေးရဲတော့ချေ။

(ဒီကောင် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကနေများ လာတာလား။ မဟုတ်ရင် ဘာလို့ ဒီအဆင့်လေးနဲ့ ဘာလို့ ဒီလောက်တောင် အားကောင်းနေရမှာလဲ)

ထိပ်သီးဂိုဏ်းမှ လက်ရွေးစင်တပည့်များသည် သူတို့ထက် ပိုအဆင့်မြင့်သည့် ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်ကြောင်း ပန်းကွမ် ကြားဖူးပေသည်။ ဤကောင်လေးသည် ထိပ်သီးဂိုဏ်းတစ်ခုခုမှ လာသည်ဆိုပါက သူ့အတွက် ပြဿနာတော့ များပေးပြီ။

ရုတ်တရက် ပန်းကွမ်စိတ်ထဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ သူ့ကဲ့သို့ မြို့သခင်ကိုယ်တိုင် တည်ထောင်ထားသည့် စံအိမ်ထဲသို့ ဝင်မွှေချင်သလို မွှေးသွားသည့်အပြင် သူ့လက်အောက်ငယ်သားများကိုပါ သတ်သွားသည့်လူအား ဘာမှမလုပ်ဘဲ ဤအတိုင်း ရပ်ကြည့်နေသည်ဆိုပါက မည်သည့် မျက်နှာဖြင့် လူရှေ့ ထွက်ရတော့မည်နည်း။

သို့ရာတွင် ဤကောင်လေးတွင်သာ နောက်ခံကြီးကြီးမားမား ရှိသည်ဆိုပါက သူ့အနေဖြင့် တစ်ဖက်လူကို သွားရန်စ၍လည်း မဖြစ်ပြန်။ ပန်းကွမ်သည် မေပယ်မြို့၏ မြို့သခင် ဖြစ်လိမ့်မည် ဖြစ်သော်ငြား ထိပ်သီးဂိုဏ်းများ၏ အမြင်တွင်တော့ သူသည် ဘာဆိုဘာမှ မဟုတ်ချေ။ တစ်ခုခုသာ ဖြစ်သွားလျှင် ထိုဂိုဏ်းများမှ အကြီးအကဲတစ်ဦးလောက်ကို စေလွှတ်လိုက်ရုံဖြင့် သူ့အား ကြိမ်ဖန်များစွာ သတ်ပစ်နိုင်ပေလိမ့်မည်။

ယနေ့ကိစ္စကို မည်ကဲ့သို့ ဖြေရှင်းလျှင်ကောင်းမလဲ စဉ်းစားနေစဉ်မှာပင် သူ့အနီးနားဆီမှ ထူးခြားသည့် အရာတစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။

အထိတ်ထိတ် အလန့်လန့်ဖြင့် လှည့်ကြည့်လိုက်ရာ လူအိုကြီးတစ်ဦး သူ့ဘေးနားတွင် မည်သည့်အချိန်ကတည်းက ရောက်လို့ရောက်မှန်းမသိ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူအိုကြီး၏ တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ပြည့်နေခဲ့သည်။ ထို့အပြင် မီးခိုရောင် ဖျင်ကြမ်းဝတ်ရုံကိုလည်း ဝတ်ထားပေသည်။

(ဒီသက်ကြားအိုကြီး ဘယ်ကတည်းက ငါ့ဘေး ရောက်နေတာလဲ)

ပန်းကွမ် အံ့အားသင့်သွားခဲ့သည်။ သူသည် တစ်ချိန်လုံး ရန်ကိုင်အကြောင်းကိုသာ စဉ်းစားနေသည့်အတွက် လူအိုကြီး သူ့ဘေး ရောက်နေသည်ကို လုံးဝ သတိမပြုမိခဲ့ပေ။ ထို့အပြင် ဤလူအိုကြီးကိုလည်း သူတစ်ခါမှ မမြင်ဖူးချေ။

ရန်ကိုင်သည်လည်း ရုတ်တရက် ပေါ်လာသည့် လူအိုကြီးကြောင့် အံ့အားသ့င်နေခဲ့သည်။

ပန်းကွမ်သည် သတိလက်လွတ် ဖြစ်နေသည့်အတွက်ကြောင့် လူအိုကြီး ရုတ်တရက် ပေါ်လာသည်ကို သတိမပြုမိလိုက်သော်ငြား ရန်ကိုင်ကမူ ဖြစ်ကြောင်းကုန်စင်ကို မြင်တွေ့လိုက်ရလေသည်။

လူအိုကြီးသည် သတိမပေးဘာမပေးနှင့် လေထဲမှ ဗြုန်းစားကြီး ပေါ်လာခြင်း ဖြစ်သည်။

ရန်ကိုင်သည် သူ့ကိုယ်သူ အာရုံမပြန့်အောင်ထိန်းရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လူအိုကြီး၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံမှာ အဆုံးမဲ့ သမုဒ္ဒရာထဲသို့ ရောက်သွားသည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ဤလူအိုကြီးသည်... ပန်းကွမ်ထက်ပင် ပို၍ အားကောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလေသည်။ အနည်းဆုံး လူအိုကြီးသည် ဧကရာဇ်ဒုတိယအဆင့် ဖြစ်ရလိမ့်မည်။ ဧကရာဇ်တတိယအဆင့်ပင် ပိုဖြစ်နိုင်သေးသည်။

ထိုကဲ့သို့သော ပညာရှင်တစ်ဦး စိမ့်တော့မြို့တွင် ရှိနေသည်လား။ ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားလေတော့သည်။ ထို့နောက် ပန်းကွမ်အား တစ်ချက် လှမ်းကြည့်လိုက်၏။ ပန်းကွမ်နှင့် လူအိုကြီးသာ တစ်ဖွဲ့တည်းဆိုပါက သူ့အတွက် ပြဿနာ များပေပြီ။ အစကတော့ စိမ့်တော့မြို့ထဲတွင် အားကောင်းသည့်လူဆို၍ ပန်းကွမ် တစ်ယောက်သာ ရှိသည်ဟုတွေးကာ မည်သူ့ကိုမှ မကြောက်သလို လုပ်နေခြင်း ဖြစ်သည်။ သို့သော်ငြား ပို၍ ပန်းကွမ်ထက်ပင် ပိုအားကောင်းသည့် လူအိုကြီး ပေါ်လာပြီးနောက် ဤနေရာမှ အန္တရာယ်ကင်းကင်းနှင့် မည်ကဲ့သို့ ထွက်သွားရမလဲ ရန်ကိုင် စတင် စဉ်းစားရလေတော့သည်။

သို့သော်ငြား ပန်းကွမ်အား လှမ်းကြည့်ပြီးနောက် အနည်းငယ် စိတ်အေးသွားခဲ့လေသည်။ အကြောင်းမှာ ပန်းကွမ်ကိုယ်တိုင်သည်လည်း မယုံသင်္ကာ ဖြစ်နေသည့် အတွက်ကြောင့်ပင်။ ပန်းကွမ် ထိုလူအိုကြီးကို မသိသည်မှာ သေချာပေသည်။

မြို့သခင်ကိုယ်တိုင်ပင်လျှင် သူ့ပိုင်နက်ထဲ မည်ကဲ့သို့သောလူများ ရှိနေကြောင်းကို မသိချေ။ တကယ်ကို အသုံးမကျသည့် မြို့သခင်ပင်။

လူအိုကြီးသည် စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုခုကို ရှာတွေ့သွားသည့်အလား ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြုံးလျက် ပြောလိုက်လေသည် “ဒီလူအိုကြီးက ဒီရေးနွေးကြမ်းဆိုင်ပိုင်ရှင် ယောင်ချန်ကျွင်းပဲ။ ဒီက ညီငယ်လေးကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

လူအိုကြီးသည် ပြောရဆိုရလွယ်ကူသည့် လူတစ်ဦးပုံစံ ရန်ကိုင်အား ဖော်ဖော်ရွေရွေဖြင့် ဆက်ဆံပြနေလေသည်။ သို့သော်ငြား လူအိုကြီးဆီမှ အန္တရာယ်များသည့် အရှိန်အဝါ တစ်ရပ်ကို ရန်ကိုင် ခံစားနေရလေ၏။

ရန်ကိုင်ဘာမှ ပြန်မပြောရသေးခင်မှာပင် ပန်းကွမ်က အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်လေသည် “ဒီမြို့သခင် ဒီလူငယ်လေးနဲ့ ပြောစရာရှိသေးတယ်။ မဆိုင်တဲ့လူတွေ ဘေးဖယ်နေရင် ကောင်းလိမ့်မယ်”

သူ့စကား ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ မျက်နှာ ထူးဆန်းသွားခဲ့လေသည်။

သို့သော်ငြား မကြာမီတွင် နားလည်သွားခဲ့လေသည်။ ပန်းကွမ်သည် လူအိုကြီး မည်မျှ အားကောင်းသလဲ ဆိုသည်ကို မသိသေးလောက်ချေ။ သိသာသိလျှင် ဤကဲ့သို့ ပြောရဲလိမ့်မည်မဟုတ်။ ရန်ကိုင်မှ သူ့အား တစ်ချက်ကလေးမှပင် အဖက်မလုပ်သည်ကို ပန်းကွမ် ဒေါသထွက်နေခြင်း ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်၏ နောက်ခံကို တွေးပူရင်း မဆင်မခြင် မလှုပ်ရှားရဲ ဖြစ်နေလေသည်။ ထိုအခြေအနေတွင် ဘယ်ကမှန်းမသိသည့် လူအိုကြီးသည် သူ့အား အဖက်မလုပ်ဘဲ ရန်ကိုင်နှင့် စကားလာလုပြောလေသည်။ ပန်းကွမ် ဒေါသမထွက်တော့ဘဲ ဘယ်နေနိုင်မည်နည်း။ ထို့ကြောင့် ရန်ကိုင်အပေါ် မပုံချရသေးသည့် ဒေါသများကို လူအိုကြီးပေါ်သို့ ပုံချလိုက်လေတော့သည်။

သူ့နောက်ခံကြောင့် ရန်ကိုင် သူ့အား အဖက်မလုပ်သည်ကို လျစ်လျူရှု၍ ရသေးသည်။ သို့သော်ငြား ဘာမဟုတ်သည့် ရေးနွေးကြမ်းဆိုင်ပိုင်ရှင်လေးသည် မည်ကဲ့သို့များ သူ့အား မလေးစားရဲရလေသနည်း။ မြို့သခင်တစ်ဦး ဖြစ်သည့်အလျောက် ပန်းကွမ်သည် လူအိုကြီး၏ လုပ်ရပ်ကို မည်သို့မှ သည်းခံလိမ့်မည် မဟုတ်ချေ။

“မင်းက ဒီလူအိုကြီးကို ဘေးဖယ်နေစေချင်တာလား” ယန်ချောင်ကျွင်းသည် ပန်းကွမ်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လျက် ပြန်မေးလိုက်လေသည် “မင်းသေချာလား”

ယခုမှသာ တစ်ခုခုမှားယွင်းနေမှန်း ပန်းကွမ် သတိထားမိသွားပြီး ချက်ချင်းပဲ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ယန်ချောင်ကျွင်း၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်ငြား သူနောက်ကျသွားခဲ့လေပြီ။ လူအိုကြီးမှာ သူ့အား လက်ဝါးဖြင့် ရိုက်ချလာနေခဲ့လေပြီ “ဘာမှမဟုတ်တဲ့ ဧကရာဇ်ပထအဆင့်လေးကများ ဒီလူအိုကြီးရှေ့မှာ လာမောက်မာနေရဲတယ်။ ထွက်သွားစမ်း”

ပန်းကွမ်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ယခုအချိန်မှတော့ ရန်မစသင့်သည့် လူတစ်ဦးအား သွားရန်စမိလိုက်မိပြီမှန်း ပန်းကွမ် သိသွားခဲ့လေပြီ။ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ဆုတ်ရင် အမြန် အော်ပြောလိုက်လေသည် “စီနီယာ၊ ချမ်းသာပေးပါ”

သို့သော်ငြား သူမည်သို့ပင် တောင်းဆိုပါစေ၊ ရှောင်ရှားနေပါစေ၊ လူအိုကြီး၏ လက်ဝါးချက်သည် သူ့ရင်ဘတ်တည့်တည့်ကို လာရောက်ထိမှန်လေသည်။ ဘုန်းဟူသော မြည်သံကြီးနှင့်အတူ ပန်းကွမ်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားလေသည်။ နံရံများသည်လည်း တောက်လျှောက် ကျိုးကြေကုန်၏။ နံရံပေါင်းများစွာကို ဝင်ဆောင့်ပြီးသည့်နောက်မှသာလျှင် ပန်းကွမ်၏ ခန္ဓာကိုယ်သည် အရှိန်ကုန်ကာ မြေပြင်ပေါ်သို့ အမှိုက်အိတ်တစ်ထုပ်နှယ် ပြုတ်ကျသွားခဲ့လေသည်။ ထို့နောက် သွေးအပွက်ပွက် ထိုးအန်တော့လေသည်။

ရေနွေးကြမ်းဆိုင်၏ တတိယအလွှာတစ်ခုလုံး ငြိမ်ကျသွားခဲ့လေသည်။ အကုန်လုံးမှာ ထိုမြင်ကွင်းမှာ မျက်လုံးကျွတ်ထွက်လုမတတ် စိုက်ကြည့်နေကြလေသည်။

စိမ့်တော့မြို့၏ မြို့သခင်ဖြစ်သော ဧကရာဇ်ပထမအဆင့် ပန်းကွမ်သည် အမည်မသိရသော လူအိုကြီးတစ်ဦးကြောင့် လွင့်စင်ထွက်သွားခဲ့ရလေသည်။ ထို့အပြင် ထိုလူအိုကြီးသည် ရေနွေးကြမ်းဆိုင်၏ ပိုင်ရှင် ဖြစ်နေခဲ့သည်။ ဤကိစ္စကို သူတို့ကိုယ်တိုင် မြင်လိုက်ရသည့်အတွက်ကြောင့်သာ မဟုတ်လျှင် မည်သူလာပြောပြော ယုံနိုင်လိမ့်မည် မဟုတ်ချေ။

စိမ့်တော့မြို့၏ တကယ့်ပညာရှင်သည် မြို့သခင်မဟုတ်ဘဲ ရေနွေးကြမ်းဆိုင်ပိုင်ရှင် ဖြစ်နေခဲ့သည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ကျင့်ကြံခြင်း မည်မျှ မြင့်မားနေ၍များ ဧကရာဇ်ပထမအဆင့်ဖြစ်သော ပန်းကွမ်းအား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်ရလေသနည်း။

အကုန်လုံးမှာ စကားပင် မပြောနိုင်တော့အောင် ဆွံ့အနေကုန်ကြလေ၏။ သူတို့ ရေနွေးကြမ်းဆိုင်ဝန်ထမ်းများအား ပြဿနာရှာခဲ့သည့်အကြောင်း၊ ဆိုင်ထဲ သောင်းကျန်းခဲ့သည့်အကြောင်းများကို ပြန်စဉ်းစားကြည့်မိလိုက်သော် အကုန်လုံး ဇောချွေးပျံသွားကုန်ကြလေသည်။

ယခုမှသာ ရေနွေးကြမ်းဆိုင်သည် သူတို့ သောင်းကျန်းချင်တိုင်း သောင်းကျန်း၍ မရသည့် နေရာတစ်ခုမှန်း အကုန်လုံး နားလည်သွားကြတော့ချေ။ ယခုအချိန်ထိ သူတို့ အသက်ရှင်နေရခြင်းမှာ ဆိုင်ပိုင်ရှင်သည် သူတို့ ပြဿနာရှာသည်ကို အရေး မလုပ်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

(နောက်တစ်ကြိမ် ဒီမှာ ပြဿနာ ရှာလို့ မဖြစ်တော့ဘူး) ကျင့်ကြံသူအားလုံး တွေးလိုက်ကြလေသည်။

“အခု ငါတို့ စကားပြောလို့ရပြီ” ပန်းကွမ်အား ရိုက်ထုတ်လိုက်ပြီးသည့်နောက်တွင် ယောင်ချန်ကျွင်းသည် ပြုံးလျက် ရန်ကိုင်ရှေ့တွင် ထိုင်ချလိုက်လေသည်။

လျိုရှန်းယွင်မှာ လုံးဝကို မှင်သက်နေခဲ့လေသည်။ သူမ မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်နှယ် ဖြူလျော်နေကာ သွားများပင်လျှင် တဆတ်ဆတ် တုန်ရီနေ၏။ ပန်းကွမ်အား ရန်စမိလိုက်ပြီဟု ထင်နေခဲ့သော်ငြား ပို၍ အားကောင်းသည့် ပညာရှင် တစ်ဦးနှင့် ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“စီနီယာ ဘာများပြောချင်တာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။ ကြည့်ရသလောက်တော့ ယောင်ချန်ကျွင်းသည် ထင်ရသလောက် ဖော်ရွေသည့်ပုံမပေါ်။ သူ့ကြည့်ရသည်မှာ စိတ်ခံစားချက်အမျိုးမျိုး ပြောင်းလဲနေသည့် မွန်းစတားအိုကြီး တစ်ကောင်နှင့်ပင် တူနေသေးသည်။ ထိုကဲ့သို့သော လူမျိုးကို ရန်ကိုင် ပေါ့သေးသေး သွားမမှတ်ရဲချေ။

ပြောနေရင်း ရန်ကိုင်သည် ကျောက်စိမ်းသေတ္တာကို ဝတ်ရုံထဲ မသိမသာလေး ထည့်လိုက်လေသည်။

သို့သော်ငြား ရန်ကိုင် လုပ်နေသည်ကို ယောင်ချန်ကျွင်း အကုန်မြင်နေရ၏။ သူ့လက်ကို ဆန့်ထုတ်၍ ရန်ကိုင်လက်ထဲကို ကျောက်စိမ်းသေတ္တာကို ချက်ချင်း လှမ်းဆွဲယူလိုက်လေသည်။

ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ကျောက်စိမ်းသေတ္တာထဲရှိ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို ယောင်ချန်ကျွင်း အာရုံခံမိသွားပြီမှန်း ရန်ကိုင် သိလိုက်လေသည်။ ထို့ကြောင့် ဤနေရာတွင် ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် ကျောက်စိမ်းသေတ္တာအား ဤနေရာတွင် ဖွင့်မကြည့်ခဲ့ပါချေ။ သို့သော်ငြား ရေနွေးကြမ်းဆိုင်ထဲတွင် ဤကဲ့သို့သော ပညာရှင်ကြီးတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ရန်ကိုင် သက်ပြင်းသာ ချလိုက်လေတော့သည်။ ယန်ချောင်ကျွင်း မဟာကောင်းကင်ဝိဥာဉ်ကြာပန်း အကြောင်း မသိပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေရတော့၏။

“ဒီအကြောင်း ပြောရအောင်” ယန်ချောင်ကျွင်းက ‘ငါ့ရှေ့မှာ အရူးကွက် လာမနင်းနဲ့နော်’ ဟူသော အကြည့်မျိုးဖြင့် ကြည့်ရင်း အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်လေသည်။ ချက်ချင်းဆိုသလို ပြုံးနေသော သူ့မျက်နှာ အမူအရာ တည်ကြည်သွားခဲ့လေသည်။

ကျောက်စိမ်းထဲရှိ အရာကို မြင်ပြီးနောက် ယန်ချောင်ကျွင်း၏မျက်နှာ ပြုံးဖြီးသွားလေ၏။

ယောင်ချန်ကျွင်း ပြောနေသည့်ပုံကို ကြည့်ကတည်းက တစ်ဖက်လူသည် မဟာကောင်းကင်ဝိဥာဉ်ကြာပန်းအကြောင်း သိနေပြီဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေပါတော့မည်နည်း။ ထို့အပြင် ထိုလူအိုကြီးသည် သူရေနွေးကြမ်းဆိုင်ပိုင်ရှင် ဖြစ်သည်ဟူသော အချက်ကို မည်သူမှမသိအောင် ဖုံးကွယ်ထားခဲ့ပါလျက်နှင့် ဤကြာပန်းလေးအတွက်ကြောင့် လူလုံးထွက်ပြလာခဲ့သည်။

“ကောင်လေး၊ မင်းဒီဟာကို ဘယ်ကနေ ရှာတွေံလာခဲ့တာလဲ” ကျောက်စိမ်းသေတ္တာထဲရှိ အရာသည် မဟာကောင်းကင်ဝိဥာဉ်ကြာပန်းမှန်း အတည်ပြုပြီးနောက်တွင် ယန်ချောင်ကျွင်း စိတ်လှုပ်ရှားလာခဲ့လေသည်။ သူ့လေသံသည်ပင်လျှင် အစောပိုင်းကကဲ့သို့ ဖော်ရွေနေခြင်း မရှိတော့ဘဲ အနည်းငယ် အေးစက်စက်၊ ခြောက်ကပ်ကပ် ဖြစ်လာခဲ့လေသည်။ ရန်ကိုင်သာ အမှန်အတိုင်း မပြောဘဲ ညှာမည်မဟုတ်ဟု ပြောနေသည့်အလား။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၅၇)

“စီနီယာ၊ အဲ့ဒါကို ကျွန်မ မတော်တဆ ရှာတွေ့ခဲ့တာပါ။ ကျွန်မ စီနီယာအစ်ကိုနဲ့ ဘာမှမဆိုင်ပါဘူး” လျိုရှန်းယွင်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။

လျို့ရှန်းယွင်သည် သူမ၏ ပြဿနာထဲ ရန်ကိုင်ကို ဝင်မပါစေလိုခြင်း ဖြစ်သည်။

“ဒါကို ရှာတွေ့ခဲ့တာနင်လား” ထိုစကားကိုကြားသော် ယောင်ချန်ကျွင်းသည် ရန်ကိုင်အား လျစ်လျူရှုလျက် လျိုယွင်းဘက်သို့ လှည့်လိုက်လေသည်။

ယောင်ချန်ကျွင်း၏ အကြည့်ကြောင့် လျိုရှန်းယွင် ရင်တုန်သွားခဲ့သည်။ သို့သော် စိတ်ကိုတင်း၍ ပြန်ဖြေလိုက်လေသည် “ဟုတ်ပါတယ်”

“ဘယ်နေရာမှာတွေ့တာလဲ” ယောင်ချန်ကျွင်းက ထပ်မေးလိုက်လေသည်။

လျိုရှန်းယွင် တိတ်သွားခဲ့ပြီး ရန်ကိုင်ဆီသို့သာ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်သည်။ ဤအကြောင်းကို ခုနတုန်းက ရန်ကိုင်ကို ပြောပြခဲ့ပေသည်။ သို့သော် သူမ မဖြေရသေးခင်မှာပင် ပန်းကွမ်က လာရောက်နှောင့်ယှတ်သွားခဲ့သည်။ ဤကြာပန်းကို ခူးလာခဲ့သည့် နေရာတွင် အခြားသော ရတနာများ တကယ်ကြီး ရှိနေသည်လား။ မဟုတ်လျှင် ရန်ကိုင်ကော၊ ယောင်ချန်ကျွင်းကော ထိုမေးခွန်းကို ဘာကြောင့် မေးနေမည်နည်း။

သူမစိတ်ထဲ နားမလည်နိုင် ဖြစ်နေသော်ငြား နှောင့်နှေးမနေရဲသည့်အတွက် အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည် “ဟင်းလင်းပြင်တောင်တန်းရဲ့ အတွင်းပိုင်းမှာ ရှာတွေ့ခဲ့တာပါ”

“ဟင်းလင်းပြင်တောင်တန်းလား... ထင်ထားတဲ့အတိုင်းပဲ” ယောင်ချန်ကျွင်းက ရေရွတ်လိုက်လေသည်။ သူ့အမူအရာသည် တစ်ခဏမျှ ပြောင်းလဲနေပြီးနောက်တွင် အလေးအနက်အမူအရာဖြင့် ထပ်မေးလိုက်လေလေသည် “နင့်ကို အဲ့နေရာဆီ နောက်တစ်ကြိမ် သွားခိုင်းဦးမယ်ဆို သွားတတ်ဦးမှာလား”

လျိုရှန်းယွင်က ပြန်ဖြေလိုက်လေ၏ “ကျွန်မ လမ်းကိုတော့ သေချာ မမှတ်မိတော့ဘူး”

“အသုံးမကျလိုက်တာ” လျိုရှန်းယွင်၏ အဖြေကိုကြားသော် ယောင်ချန်ကျွင်း ဒေါသထွက်သွားခဲ့လေသည်။ သူ့ဆီမှ ဧကရာဇ်ဖိအားတို့ အတိုင်းအဆမဲ့ ဖြာထွက်လာရာ လျိုရှန်းယွင်၏ မျက်နှာ နီရဲတက်လာပြီး သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

ထိုစဉ်က ရန်ကိုင်က ရုတ်တရက် လှုပ်ရှားလိုက်လေ၏။

ဤမွန်းစတားအိုကြီး ယောင်ချန်ကျွင်းသည် ရင်ဆိုင်ရ မလွယ်ကူချေ။ ထို့အပြင် သူသည် အမြဲတစေ စိတ်ပြောင်းလဲနေတတ်ကာ သူ၏ မြင့်မှားလှသော ကျင့်ကြံခြင်းကြောင့်လည်း မည်သူသေသေရှင်ရှင်ကို ဂရုမစိုက်သည့် လူစားမျိုးမှန်းလည်း တစ်ချက်ကြည့်ရုံဖြင့် ရန်ကိုင် ပြောနိုင်သည်။ လျိုရှန်းယွင်အား မဟာကောင်းကင်ဝိဥာဉ်ကြာပန်းအား မည်သည့်နေရာတွင် ရှာတွေ့ခဲ့သလဲ ဆိုသည်ကို မေးချင်မေးလို့ရပေသည်။ သူမအား ကြာပန်းကို ရှာတွေ့ခဲ့သည့် နေရာဆီသို့ ခေါ်သွားပါဆိုလျှင်ပင် ခေါ်သွားလို့ ရနိုင်ပေသေးသည်။ သို့သော်ငြား နောက်ဆက်တွဲ ပြဿနာတစ်ခုတော့ ရှိပေသည်။ ဤလူအိုကြီး၏ စရိုက်အရ ကြာပန်းပေါက်သည့် နေရာဆီသို့ ခေါ်သွားပေးပြီးနောက် သူတို့အား နှုတ်ပိတ်မသတ်ပစ်ပါဟု မည်သူမှ မပြောနိုင်ချေ။

ထို့ကြောင့် လူအိုကြီး ဒေါသထွက်လာသည်ကို မြင်သော် အခွင့်အရေး ရောက်လာပြီမှန်း ရန်ကိုင် သိလိုက်လေသည်။

လေဟာနယ်နိယာမစွမ်းအားကို ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ တစ်မုဟုတ်ချည်း အေးခဲသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လူအိုကြီးဆီသို့ လေဓါးသွားများကို တစ်မုဟုတ်ချည်း ပစ်လွှတ်လိုက်လေသည်။

ယောင်ချန်ကျွင်းမှာ ဒေါသထွက်ကောင်းနေဆဲ။ ထို့ကြောင့် ရန်ကိုင် သူ့အား ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် သူ့ကဲ့သို့ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူအား တိုက်ခိုက်ရဲသည့် ရန်ကိုင်ကို မြင်ပြီးနောက် လူအိုကြီး အနည်းငယ်ပင် အံ့အားသင့်သွားခဲ့သေးသည်။

လဓါးသွားများသည် ယောင်ချန်ကျွင်းဆီသို့ အလျင်အမြန် ရောက်ရှိလာ၏။

သို့သော်ငြား ယောင်ချန်ကျွင်းကမူ တုန်လှုပ်သွားခြင်းမရှိဘဲ အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လျက် “ကောင်လေး၊ မင်းသေချင်နေတာပဲ”

ထိုသို့ ပြောပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်၍ လဓါးသွားများကို လှမ်းဖမ်းလိုက်လေသည်။ ထို့နောက် သူ့လက်ကို ညစ်ချလိုက်ရာ လဓါးသွားများအားလုံး တစ်စစီ ပျက်စီးကုန်လေသည်။ တစ်ချိန်တည်းတွင် အေးခဲနေသော ဟင်းလင်းပြင်မှာလည်း ယောင်ချန်ကျွင်း၏ ဧကရာဇ်ဖိအားကြောင့် ယခင်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

“လေဟာနယ်နိယာမစွမ်းအားတွေလား” ယောင်ချန်ကျွင်း အံ့အားသင့်သွားခဲ့လေ၏ “စိတ်ဝင်စားစရာပဲ။ မင်းနဲ့လီဝူရီ ဘာတော်လဲ ကောင်လေး”

“ခင်ဗျား အဖေတော်တယ်” ထိုသို့ အော်ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်း၍ အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်ကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။

ရန်ကိုင် သူ့အား ဝိဥာဉ်ပညာရပ်သုံး၍ တိုက်ခိုက်လာလိမ့်မည်ဟု ယောင်ချန်ကျွင်း မထင်ထားခဲ့ချေ။ သူတို့ကြားရှိ ခါန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားနေသည် မဟုတ်ပေလော။ ယေဘုယျအားဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်သည့်လူသည် သူ့ထက်ပို၍ ကျင့်ကြံခြင်းမြင့်မားသည့်လူအား စိတ်စွမ်းအင်ဖြင့် သွားရောက် တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်လိုက်သည့်လူသာ ပြန်လည် ထိခိုက်သွားရပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုအကြောင်းကို သိလျက်နှင့် ထိုကဲ့သို့ လုပ်ခဲ့ပေသည်။

ယောင်ချန်ကျွင်း စိုးရိမ်သွားရသည်မှာလည်း ထိုအရာသည် လက်ရှိအချိန်တွင် သူ၏ အားနည်းချက်ကြီးတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်ကိုယ်တိုင်သည် ထိုအကြောင်းကို သိထားလောက်သည်။ ထို့ကြောင့်ပင်လျှင် အနည်းငယ်မျှ စိုးရိမ်နေခြင်းမရှိဘဲ သူ့အား အလွန်အားကောင်းသည့် ဝိဥာဉ်ပညာရပ် သုံး၍ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်၏ စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ယောင်ချန်ကျွင်းသည် သူ့ခေါင်းကိုကိုင်၍ နာကျင်စွာ ထအော်တော့လေသည်။ ယောင်ချန်ကျွင်း ကိုယ်ထဲရှိ ချီစွမ်းအင်တို့မှာလည်း အဘက်ဘက်သို့ ထိန်းမရသိမ်းမရအောင် ဖြာထွက်လာလေတော့သည်။

“ပြေးပေတော့” ယောင်ချန်ကျွင်းအား တိုက်ခိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ယောင်ချန်ကျွင်း လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ပြန်လုယူလျက် ငေးကြောင်နေသော လျိုရှန်းယွင်ကို ဆွဲခေါ်ကာ တည်နေရာ ခုန်ကူးသွားလေ၏။

ဘုန်း...

သူတို့နှစ်ဦး ထွက်သွားပြီးပြီးချင်းမှာပင် ရေးနွေးကြမ်းဆိုင်တစ်ဆိုင်လုံး ပြိုကျသွားလေသည်။

ယောင်ချန်ကျွမ်း၏ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ချီစွမ်းအင်တို့သည် နဂါများ၊ ကျားများအသွင်သို့ ပြောင်းလျက် အနီးနားတွင်ရှိနေသော ကျင့်ကြံသူအားလုံးကို သတ်ပစ်လေသည်။ ထို့အတွက်ကြောင့် အနားတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူများသာ အသတ်ခံခဲ့ရရုံမက အဆောက်အဦးများပါ ပြိုကျပျက်စီးကုန်ရလေသည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသော ပန်းကွမ်သည် မြေပြင်ပေါ်မှ ကုန်းထရင်း အံ့အားသင့်တကြီး ရေရွတ်လိုက်လေသည် “ဧကရာဇ်တတိယအဆင့်”

အစောပိုင်းက လူအိုကြီး၏ ကျင့်ကြံခြင်းကို မမြင်နိုင်သော်ငြား ယခု ယောင်ချန်ကျွင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ချီစွမ်းအားကို အာရုံခံမိလိုက်သည့်နောက် တစ်ဖက်လူ၏ ကျင့်ကြံခြင်းကို သတိပြုမိသွားခဲ့လေသည်။

(ရေနွေးကြမ်းဆိုင်ပိုင်ရှင်က တကယ်ကြီး ဧကရာဇ်တတိယအဆင့်ပညာရှင် ဖြစ်နေတာလား) ပန်းကွမ် မှင်သက်သွားခဲ့လေသည်။

သူသည် စိမ့်တောမြို့၏ မြို့သခင် ဖြစ်လင့်ကစား သူ့မြို့ထဲတွင် ဤမျှ အားကောင်းသည် ပညာရှင်တစ်ဦး ပုန်းအောင်းနေသည်ကို မသိခဲ့ချေ။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ ကြောက်လန့်သွားမိသလို ထိုပညာရှင်အား သွားရန်မစိမိလိုက်သည်ကိုလည်း ဝမ်းသာနေမိသည်။

သို့သော်ငြား ပန်းကွမ် ပို၍ မယုံကြည်နိုင် ဖြစ်နေသည်မှာ ယောင်ချန်ကျွင်း ဒဏ်ရာရသွားသည်ကိုပင်။ မည်သူ့ကများ သူ့ဒဏ်အား ဒဏ်ရာရအောင် လုပ်လိုက်လေသနည်း။ သူအော်ဟစ်နေပုံကို ကြည့်ရသလောက် တော်တော် ဆိုးဆိုးရွားရွား ထိခိုက်သွားသည့်ပုံပင်။

(ဟိုကောင်လေးများ ဖြစ်နေမလား) ဖြစ်တော့လည်း မဖြစ်နိုင်ချေ။ ထိုလူငယ်လေးသည် တာအိုသခင်တတိယအဆင့်သာ ရှိသေးရာ ယောင်ချန်ကျွင်းအား မည်သို့မှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

(စိမ့်တော့မြို့ထဲမှာ နောက်ထပ် ဧကရာဇ်တတိယအဆင့်တစ်ယောက် ထပ်ရှိနေသေးတာလား) ထိုသို့ တွေးမိလိုက်သည့်အခိုက် ပန်းကွမ်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

“ခွေးကောင်လေး၊ မင်းငါ့ကို အလစ်ချောင်းတိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား၊ မင်းသေဖို့သာ ပြင်ထားပေးတော့” ရေနွေးကြမ်းဆိုင်၏ အပျက်အစီးများကြားဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့သည် ယောင်ချန်ကျွင်းဆီမှ ဒီရေလှိုင်းလုံးနှယ် ဖြာထွက်လေ၏။ သူ့ဝိဥာဉ် နာကျင်သွားသည်ကို သက်သာသွားစေရန်အတွက် အတော်လေး အချိန်ယူလိုက်ရပေသည်။ ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်ကို အလျင်အမြန် ရှာဖွေပြီးနောက်တွင် လျှပ်စီးတန်းတစ်ခုနှယ် ပြေးလိုက်သွားလေ၏။

သူသာ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား ရန်ကိုင်၏ အလစ်ချောင်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ဤအကြောင်းသာ ပျံ့သွားမည်ဆိုပါက သူသည် အများလှောင်ရယ်စရာ ဖြစ်သွားရပေလိမ့်မည်။ ရန်ကိုင်အား ဖမ်းမိပါသွားပါက အဆိုးတကားအဆိုးဆုံးနည်းလမ်းဖြင့် နှိပ်စက်ပေးရမည်ဟု ယောင်ချန်းကျွင်း ကြိတ်၍ ကြုံးဝါးလိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ယောင်ချန်ကျွင်း ပျောက်သွားလေ၏။

ပန်းကွမ်သည် မှုန်ကုတ်ကုတ် အမူအရာဖြင့် တစ်ခဏမျှ ရပ်နေပြီးနောက် မြို့ပြင်ဘက်သို့ ပျံသန်းထွက်သွားလေသည်။

ပန်းကွမ်ကို ကြည့်ရသည်မှာ ယောင်ချန်ကျွင်းနှင့် ရန်ကိုင်တို့နောက်သို့ လိုက်သွားသည့်ပုံပင်။ ဘာကြောင့် လိုက်သွားသလဲ ဆိုသည်ကိုတော့ မည်သူမှ မသိကြချေ။

ရန်ကိုင်သည် လေဟာနယ်နိယာမများကို ထိန်းချုပ်ရင်း တစ်နေရာမှ တစ်နေရာသို့ တည်နေရာခုန်ကူးနေခဲ့သည်။ သူ့လက်ထဲတွင် ရှိနေသော လျိုရှန်းယွင်မှာတော့ ယခု အချိန်ထိတိုင် အသိပြန်မဝင်လာသေးချေ။

ရန်ကိုင်သည် စိတ်စွမ်းအင်ကိုသုံးလျက် ယောင်ချန်ကျွင်းအား ဒဏ်ရာရသွားအောင် လုပ်ခဲ့သည်။ သူမည်ကဲ့သို့များ လုပ်လိုက်လေသနည်း။ ယနေ့ မြင်လိုက်ရသည့် အရာသည် သူမ နားလည်ထားသည့် အရာအားလုံးကို အထက်အောက်ပြောင်းပြန် လှန်သွားစေခဲ့လေသည်။ လျိုရှန်းယွင်သည် သူမကိုယ်သူမ အိမ်မက်များ မက်နေသလားဟုပင် ခံစားနေရလေသည်။

“ဟင်းလင်းပြင်တောင်တန်းက ဘယ်မှာလဲ” နီးကပ်လာနေသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသော် ရန်ကိုင်က အဆောတလျင် ကောက်မေးလိုက်လေသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသော်ငြား လျိုရှန်းယွင်ကိုခေါ်၍ တစ်နေရာမှ တစ်နေရာသို့ တည်နေရာခုန်ကူးရန်အတွက် အတော်လေး အားစိုက်ရပေသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ယောင်ချန်ကျွင်း သူ့အား မှီသွားပေလိမ့်မည်။ ယောင်ချန်ကျွင်းသာ သူတို့အား မှီသွားပါက ရန်ကိုင်တို့ မည်သို့မှ ပြန်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရန်ကိုင်သည် ဟင်းလင်းပြင်တောင်တန်းထဲသို့ ထွက်ပြေးကာ ယောင်ချန်ကျွင်းကို မျက်ခြေဖြတ်ပစ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ ဟင်းလင်းပြင်တောင်းတန်း၏ အတွင်းပိုင်းသည် အလွန်အန္တရာယ်များသည်ဟု လျိုရှန်းယွင် ပြောသည်ကို သူကြားဖူးပေသည်။

“အဲ့ဘက်မှာ” ရန်ကိုင်၏ အမေးကိုကြားသော် လျိုရှန်းယွင်းသည် တစ်ဖက်ဆီသို့ ညွှန်ပြလိုက်လေသည်။ ရန်ကိုင်သည် သူမ ညွှန်ပြသည့်ဘက်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေ၏။

“စီနီယာအစ်ကို...” လျိုရှန်းယွင်သည် ရန်ကိုင်၏ လက်ထဲတွင် ရှိနေသော်ငြား သူမတစ်ကိုယ်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။ အကြောင်းမှာ တဖြည်းဖြည်း နီးကပ်လာနေသည့် သတ်ဖြတ်လိုစိတ်ကြောင့်ပင် ဖြစ်လေသည်။ “ကိုယ့်ဘာသာပဲ ထွက်ပြေးလိုက်ပါလား။ ကျွန်မကို ဂရုစိုက်မနေပါနဲ့တော့”

“ငါသူ့ကို ထိခိုက်အောင်လုပ်လိုက်တာ ငါ့ကို လွှတ်ပေးမယ် ထင်နေတာလား” ရန်ကိုင်က ပြန်ပြောလိုက်လေသည် “နင်ငါ့ကို စီနီယာအစ်ကိုလို ခေါ်နေမှတော့ ငါနင့်ကို ဘယ်လိုလုပ်ပြီး ပစ်ထားရက်ခဲ့မှာလဲ။ စိတ်မပူနဲ့။ ထွက်ပြေးတဲ့နေရာမှာ ငါက ဆရာကြီးပဲ”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည်ကိုမြင်သော် လျိုရှန်းယွင်သည် မဲ့ပြုံးပသာ ပြုံးလိုက်လေသည်။ ရန်ကိုင်နှင့် စတွေ့စဉ်က သူတို့နှစ်ဦးသည် လုံးဝကို သူစိမ်းများ ဖြစ်ကြလေသည်။ ငှက်မွှေးပြာဂိုဏ်း၌ အတူရှိခဲ့သည်မှာ အချိန်သိပ်မကြာခဲ့သော်ငြား သူတို့ လမ်းခွဲချိန် ရန်ကိုင်သည် သူ့တွင်ရှိနေသော ပစ္စည်းတော်တော်များများကို သူမအား ပေးခဲ့ပေသည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် သူမအား ထပ်ကူညီပေးပြန်လေသည်။

တစပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲတွင်ပင် မည်သူမှ သူမအား ဤမျှကောင်းမွန်စွာ မဆက်ဆံခဲ့ချေ။ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာပြီးနောက် သူမအား ဤမျှ ကောင်းမွန်စွာ ဆက်ဆံပေးသည့်လူနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ရန်ကိုင်နှင့် အတူရှိနေသည့်အခိုက် နောက်ဘက်ဆီမှ ထပ်ကြပ်မခွာ လိုက်ပါလာသော အေးစက်စက် သတ်ဖြတ်လိုစိတ်သည်ပင်လျှင် မအေးတော့သလို ခံစားလိုက်ရသည်။ ထို့အစား ရန်ကိုင်ကိုယ်၏ အနွေးဓါတ်ကိုသာ ခံစားနေရတော့လေသည်။

ရုတ်တရက် ဆိုသလို လျိုရှန်းယွင်သည် အတွေးများနေရာမှ ပြန်အသိဝင်လာပြီး မေးလိုက်လေသည် “စီနီယာအစ်ကို၊ အဲ့ယောင်ချန်ကျွင်းက တကယ်ကြီး ဧကရာဇ်တတိယအဆင့်လား”

“ဟုတ်တယ်”

“ဒါဆို စီနီယာအစ်ကို သူ့ကို ဘယ်လိုထိခိုက်အောင် လုပ်လိုက်တာလဲ” ထိုအချက်ကို လျိုရှန်းယွင် လုံးဝ နားမလည်နိုင်ခြင်းဖြစ်သည်။ ယေဘုယျကျကျ ပြောရလျှင် ရန်ကိုင် မည်သို့သော ဝှက်ဖဲကို ထုတ်သုံးပါစေ၊ ယောင်ချန်ကျွင်းကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား အစောပိုင်းက ယောင်ချန်ကျွင်း၏ အော်ဟစ်သံမှာ ဟန်ဆောင်လုပ်အော်သည်နှင့် လုံးဝ မတူချေ။

“သူ့အသိစိတ်ပင်လယ်က အက်နေတယ်လေ” ရန်ကိုင်က ရှင်းပြလိုက်လေ၏ “ဒီမတိုင် သူ့ဝိဥာဉ်က လုံးဝ ဆိုးဆိုးရွားရွားကို ထိခိုက်ထားတာ။ အဲ့ဒါကြောင့်ပဲ အခုလိုတွေ ဖြစ်ကုန်တာ။ သူသာ အကောင်းပကတိဆိုရင်တော့ ထိခိုက်မယ့်လူက သူမဟုတ်ဘဲ ငါပဲ ဖြစ်သွားလိမ့်မယ်”

“သူ့ဝိဥာဉ်ဒဏ်ရာရထားမှန်း စီနီယာအစ်ကို ဘယ်လိုသိတာလဲ” လျိုရှန်းယွင် အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်သည် ယောင်ချန်ကျွင်းနှင့် တစ်ခါမှ မတွေ့ဖူးချေ။ ထိုသို့ဖြစ်လေရာ ယောင်ချန်ကျွင်း၏ ဝိဥာဉ် ဒဏ်ရာရထားသည်ကို သူမည်ကဲ့သို့ သိနေလေသနည်း။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည် “သူ့ပုံစံကို ကြည့်တာလေ။ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို သူဒီလောက် လိုချင်နေတာ သူ့အသိစိတ်ပင်လယ်ကို ပြန်ပြင်ချင်လို့ပဲ နေမှာပေါ့”

လျိုရှန်းယွင် အံ့အားသင့်သွားပြန်၏ “ဒီတော့ အဲ့ကြာပန်းကို မဟာကောင်းကင်ဝိဥာဉ်ကြာပန်းလို့ ခေါ်တာလား။ အဲ့ကြာပန်းက အသိစိတ်ပင်လယ်ကို ပြန်ပြင်ပေးနိုင်တာလား”

“မဟုတ်ဘူး။ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းမှာ အဲ့လိုအာနိသင်မရှိဘူး” တစ်ခဏမျှ စဉ်းစားပြီးနောက် ရန်ကိုင်က ရှင်းပြလိုက်လေသည် “နင်တွေ့ခဲ့တဲ့ ဆေးပင်ကိုသာ ဆေးဖော်စပ်လိုက်မယ်ဆိုရင် မဟာကောင်းကင်ဝိဥာဉ်ဆေးလုံးကို ရလာလိမ့်မယ်။ အဲ့ဆေးလုံးက ပျက်စီးနေတဲ့ သွေးကြောတွေနဲ့ ဒန်တန်တွေကို ပြန်ပြင်ပေးနိုင်တယ်။ ဒါကြောင့် ကျင့်ကြံခြင်း ဖျက်စီးထားခံရတဲ့ ကျင့်ကြံသူတွေအတွက် အဲ့ဆေးလုံးက အရမ်းကို အသုံးဝင်တယ်။ ဒါပေမယ့် မဟာကောင်းကင်ဝိဥာဉ်ကြာပန်းမှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ အမွှာဝိဥာဉ်ကြာပန်းတဲ့။ အဲ့ကြာပန်း ပွင့်လာရင် အမြဲတမ်း အမွှာလိုက်ပွင့်တယ်။ တစ်ခုအဖြူ၊ တစ်ခုအမဲ။ နှစ်ခုစလုံးကို ရပြီဆိုရင် အမွှာဝိဥာဉ်ဆေးလုံးကို ဖော်စပ်လို့ရပြီ။ အဲ့ဆေးလုံးက မဟာကောင်းကင်ဝိဥာဉ် ဆေးလုံးထက် ပိုပြီး တစ်ဆင့်မြင့်တယ်။ အဲ့ဆေးလုံးက သွေးကြောတွေနဲ့ ဒန်တန်တွေကို ပြန်ကုသပေးနိုင်ရုံတင်မဟုတ်ဘူး၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိဥာဉ်ကို ပြန်ကုပေးနိုင်ပြီး အသိစိတ်ပင်လယ်ကိုလည်း ပိုကျယ်လာအောင် လုပ်ပေးနိုင်တယ်။ အဲ့ဆေးလုံးက ကျင့်ကြံသူတွေကို နိယာမစွမ်းအားကို ပိုပြီး လွယ်လွယ်ကူကူနဲ့ ခံစားနိုင်အောင်တောင် လုပ်ပေးနိုင်သေးတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၅၈)

“အမြွှာလိုက်ပွင့်တာလား…” လျို့ရှန်းယွင် အံ့အားသင့်သွားခဲ့လေသည်။ “အဲ့တာကြောင့်မလို့ ဒီကြာပန်းကို ဘယ်နေရာမှာတွေ့တာလဲလို့ စီနီယာအစ်ကို ကျွန်မကို မေးနေတာကိုး… ကြည့်ရတာ ယောင်ချန်ကျွင်းကလည်း ဒီမဟာကောင်းကင်ဝိဉာဉ်ကြာပန်းက အမြွှာလိုက်ပွင့်တယ်ဆိုတာကို သိထားတဲ့ပုံပဲ…”

“ဒီကြာပန်းရဲ့ အရှိန်အဝါကို ခံစားမိလိုက်ရုံနဲ့တင် ကြာပန်းကိုသိသွားတာဆိုတော့ သူ ဒီကြာပန်းအကြောင်း သေသေချာချာ သုတေသန လုပ်ထားတာ ဖြစ်ရလိမ့်မယ်…” ရန်ကိုင်က မျက်ခုံးပင့်လျက် ဆက်ပြောလိုက်လေသည်။ “ပြီးတော့ သူပြောသွားတဲ့ပုံကို ကြည့်ရတာ ဒီဟင်းလင်းပြင်တောင်တန်းမှာ မဟာကောင်းကင်ဝိဉာဉ်ကြာပန်း ပေါ်လာခဲ့ဖူးတဲ့ပုံပဲ… အဲ့တာကြောင့်ပဲ သူ ဒီမှာ နှစ်နှစ်ရာလောက်ကြာအောင် ထိုင်စောင့်နေတာ…”

“ဒါပေမဲ့ စီနီယာအစ်ကို… ကျွန်မ ဒီပန်းကို ရှာတွေ့တုန်းက တစ်ပွင့်ပဲတွေ့တာလေ…” လျို့ရှန်းယွင် နားမလည်နိုင် ဖြစ်နေလေသည်။

လျို့ရှန်းယွင်သည် ဤမဟာကောင်းကင်ဝိဉာဉ်ကြာပန်းကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်း ဖြစ်သော်ငြား ဤကြာပန်းကို ရှာတွေ့ပြီးသည့်နောက်တွင် အနီးအနား၌ အခြားသော အဖိုးတန်ရတနာများ ရှိသေးမရှိသေး သိရလေအောင် ပတ်ဝန်းကျင်ကို သေသေချာချာ နှံ့နှံ့စပ်စပ် လိုက်ရှာကြည့်ပေသည်။ ဤမဟာကောင်းကင်ဝိဉာဉ်ကြာပန်းသည်သာ အဖြူတစ်ပွင့် အမည်းတစ်ပွင့် နှစ်ပွင့်အတူ ပွင့်သည်ဆိုပါက သူမအနေဖြင့် အမည်းတစ်ပွင့်ကို မတွေ့လိုက်စရာ အကြောင်း မရှိချေ။

“အခြားတစ်ယောက်ယောက် ယူသွားတာလဲ ဖြစ်နိုင်တယ်… မဟုတ်ရင်တော့ နင်သတိမထားမိတာပဲ ဖြစ်ရလိမ့်မယ်… ဒါပေမဲ့ အဲ့ကိစ္စကို အခု စဉ်းစားမနေနဲ့ဦး… လောလောဆယ် ငါတို့စဉ်းစားရမှာက အဲ့မွန်းစတားအိုကြီးကို ဘယ်လို ရှင်းထုတ်ပစ်ရမလဲ ဆိုတာပဲ…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် စကားဆက်ပြောမနေတော့ဘဲ တည်နေရာအနေအထားကို လေ့လာကြည့်လိုက်လေသည်။

ဟင်းလင်းပြင်တောင်တန်းသည် အရိုင်းဆန်သည့် တောအုပ်နေရာတစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် စိမ့်တောမြို့အနီးတွင် ရှိနေကြသော ကျင့်ကြံသူပေါင်းများစွာတို့သည် ဤနေရာ၌ လာရောက်လေ့ကျင့်လေ့ ရှိကြ၏။ ထူးခြားသောပတ်ဝန်းကျင်ကြောင့် အဖိုးတန်သော မွန်းစတားသားရဲများစွာနှင့် ဆေးပင်များစွာတို့သည် ဤဟင်းလင်းပြင်တောင်တန်းတွင် ပေါ်လာလေ့ရှိကြပေသည်။ ကျင့်ကြံရန်လိုအပ်သော အရင်းအမြစ်များကို ရှာဖွေရန်အတွက် စိမ့်တောမြို့မှ ကျင့်ကြံသူများသည် တစ်ကိုယ်တည်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဤနေရာသို့ လာရောက်လေ့ရှိကြသည်။

လျို့ရှန်းယွင်ကိုယ်တိုင်သည်လည်း ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသည့်အတွက်ကြောင့် ဟင်းလင်းပြင်တောင်တန်းအကြောင်းကို အတော်လေးကိုသိနေသည်ဟု ပြော၍ရပေသည်။

သူမ၏ လမ်းညွှန်ပေးမှုဖြင့် ရန်ကိုင်သည် ဟင်းလင်းပြင်တောင်တန်းထဲသို့ တစ်နာရီအတွင်း ဝင်လာနိုင်ခဲ့လေသည်။

အထဲသို့ရောက်ပြီး ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါတစ်ရပ်ကို ရန်ကိုင်ခံစားလိုက်ရလေသည်။ ဤဟင်းလင်းပြင်တောင်တန်းထဲတွင် သူ့ကိုပင်လျှင် အန္တရာယ်ပေးနိုင်သည့် အရာတစ်ခုခုရှိနေသည်ဟု ရန်ကိုင် ခံစားနေခဲ့ရသည်။ လျို့ရှန်းယွင်ပြောပုံအရ သူမသည် ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဘက်အဖျားတွင်သာ အမြဲတစေ လေ့ကျင့်လေ့ရှိသည်။ အထဲသို့ ဝင်သွားလေ့မရှိချေ။ အကြောင်းမှာ အထဲသို့ဝင်သွားလေ ပို၍အန္တရာယ်များလာလေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ တစ်ခါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိကာ ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းထဲသို့ ဝင်သွားခဲ့လေသည်။ သို့သော်ငြား ဘယ်တော့မှ ပြန်မထွက်လာနိုင်ခဲ့ပေ။

လျို့ရှန်းယွင်ကိုယ်တိုင်သည်လည်း မွန်းစတားသားရဲတစ်ကောင် လိုက်၍ ထွက်ပြေးသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းထဲသို့ လုံးဝ ဝင်သွားလိမ့်မည် မဟုတ်ချေ။ အဆုံးတွင် သူမအနေဖြင့် တောင်အတွင်းပိုင်းဆီမှ ပြန်ထွက်လာနိုင်ခဲ့သော်ငြား ထိုကဲ့သို့ ပြန်ထွက်လာနိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့် အတွက်ကြောင့်သက်သက်သာ ဖြစ်ပေသည်။

သို့သော်ငြား တောင်အတွင်းပိုင်းထဲတွင် ပို၍ အဖိုးတန်သော ရတနာများ၊ ဆေးပင်များကို ရှာတွေ့နိုင်ပေသည်။ ထို့အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာသည်လည်း အန္တရာယ်ရှိနေမှန်း သိသည့်တိုင် တောင်အတွင်းပိုင်းထဲသို့ ဝင်သွားလေ့ ရှိကြပေ၏။

ထို့အတွက်ကြောင့်ပင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဟင်းလင်းပြင်တောင်တန်းထဲတွင် နှစ်စဉ်နှစ်တိုင်း ပျောက်ဆုံးသွားကြခြင်း ဖြစ်သည်။

သို့သော်ငြား ဤလောကကြီး၌ တရားသေဟူ၍ မရှိချေ။ တစ်ခါတစ်ရံ အလွန်ကိုမှ အဖိုးတန်သည့် ရတနာများကိုလည်း ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် တွေ့ရလေ့ရှိပေသည်။ တစ်ခါကဆိုလျှင် ကျင့်ကြံသူတစ်ဦးသည် ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် ဧကရာဇ်အဆင့် ဆေးပင်များစွာကို ရှာတွေ့ခဲ့လေသည်။

ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြောလိုက်လေသည်။ “ကျင့်ကြံသူတွေအများကြီးက ဒီအပြင်ဖျားဘက်ပိုင်းမှာ လာပြီးလေ့ကျင့်နေကြတာ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အဖိုးတန်ရတနာတွေ ကျန်နေရသေးတာလဲ…”

လျို့ရှန်းယွင်က ပြန်ပြောလိုက်လေ၏။ “ကျွန်မလည်း အဲ့ဒါနဲ့ ပတ်သက်ပြီး သေချာတော့မသိဘူး… ဒါပေမဲ့ ကျွန်မ ဒီကို လာတိုင်းလာတိုင်း ဒီကပတ်ဝန်းကျင်က လုံးဝပြောင်းသွားလေ့ရှိတယ်… ပထမတစ်ခါလာပြီး နောက်တစ်ခါပြန်လာလို့ရှိရင် ကျွန်မ အရင်တစ်ခါက မြင်ခဲ့ရတဲ့လမ်းတွေရော ပတ်ဝန်းကျင်ရေ တစ်ခုမှ မတွေ့ရတော့ဘူး… အရင်နေရာမှာ ပတ်ဝန်းကျင်အသစ်တွေက ရောက်နေရော…”

“နင်တကယ်ပြောနေတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

ထိုမေးခွန်းကို မေးပြီးသည့်နောက်တွင် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် သူ၏ အရင်းအမြစ်ချီကို လှည့်ပတ်လျက် မိုင်တစ်ရာခန့်အကွာသို့ တမုဟုတ်ချည်း တည်နေရာခုန်ကူးလိုက်လေ၏။ ထိုမှသာလျှင် သူနှင့် ယောင်ချန်ကျွင်းကြားရှိ အကွာအဝေးမှာ တစ်ဖန်ပြန်လည် ကြီးမားသွားခဲ့ရလေသည်။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဆိုသည့်အတိုင်း ယောင်ချန်ကျွင်း၏ ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ထိခိုက်နေသည့်တိုင် သူ့ခွန်အားသည် ရန်ကိုင် တုပယှဉ်ပြိုင်နိုင်သည့်အရာမျိုး ဟုတ်မနေခဲ့ပေ။ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်သော်ငြား ထိုလူအိုကြီးအား မျက်ခြေ ဖြတ်မပစ်နိုင်ခဲ့ပေ။

တည်နေရာခုန်ကူးရသည်မှာ ရန်ကိုင့်အတွက် အတော်လေးကိုမှ အားကုန်လှပေသည်။ ကြယ်တာရာအစုအဝေး၏ လောကနိယာမများမှာ အလွန်ကိုမှ အားကောင်းလှသည်။ ထို့အတွက်ကြောင့် တစ်ခါတစ်ခါ တည်နေရာခုန်ကူးရန်အတွက် အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်များစွာ လိုအပ်ပေသည်။ ထို့အပြင် ထိုသို့တည်နေရာခုန်ကူးနေစဉ် အတောအတွင်း ရန်ကိုင့်အနေဖြင့် လျို့ရှန်းယွင်အား ကသောင်းကနင်းဖြစ်နေသော လေဟာနယ်နိယာမများမှ ကာကွယ်ပေးထားရသေးသည်။ ထို့အတွက်ကြောင့် ပို၍ကို အားကုန်ရပေသည်။

သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းတွင် အားအားယားယားဖြင့် ဖော်စပ်ထားခဲ့သော ဆေးလုံးများ ရှိနေခဲ့ပေသည်။ ယခု ထိုဆေးလုံးများမှာ တိုက်တိုက်ဆိုင်ဆိုင်ကို အသုံးဝင်လာတော့လေသည်။ ထို့အတွက်ကြောင့် လတ်တလောအနေဖြင့် ရန်ကိုင့်အဖို့ အားကုန်သွားမည်ကို စိုးရိမ်နေစရာ မလိုသေးချေ။ သို့သော်ငြား ဤအရာမှာ ရေရှည်အဖြေတစ်ခုတော့ မဟုတ်ချေ။

ဟင်းလင်းပြင်တောင်တန်းသည် အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ပေသည်။ တောင်တန်းထဲတွင် အလွန်ကိုမှ အားကောင်း ရက်စက်ကြမ်းကြုတ်လှသော မွန်းစတားသားရဲများစွာ ရှိနေရုံတင်မက သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဟင်းလင်းပြင်အစီအရင်များစွာလည်း ရှိပေသေးသည်။ ထို့အတွက်ကြောင့် ထိုတောင်ထဲတွင် သွားလာနေစဉ်အတောအတွင်း ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံနှင့်တကွ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အမြဲတစေ ဖြန့်ကျက် အသက်သွင်းထားရပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရန်ကိုင်တို့နောက်သို့ လိုက်လာနေသော ယောင်ချန်ကျွင်းမှာတော့ သူ့ကောင်းကင်စိတ်အာရုံကို ထုတ်မသုံးရဲသည့် အတွက်ကြောင့်လားမသိ အစီအရင်များထဲ မကြာခဏ ကျကျသွားလေ့ရှိပေသည်။ သို့သော်ငြား သူ၏ မြင့်မားလှသောခွန်အားကြောင့် မွန်းစတားသားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရသလို အစီအရင်များထဲ ပြုတ်ကျသွားသည့်တိုင် တစ်ခဏလောက်သာ အချိန်ယူပြီး ထိုအန္တရာယ်များထဲမှ ပြန်လည် လွတ်မြောက်လာနိုင်ခဲ့ပေသည်။

ထို့အပြင် ယောင်ချန်ကျွင်းသည် ရန်ကိုင့်ထက် ဟင်းလင်းပြင်တောင်တန်းအကြောင်းကို ပိုသိပေသည်။ တကယ်တော့ သူ ဤနေရာတွင် နေလာခဲ့သည်မှာ နှစ်ပေါင်း၂၀၀ခန့်ပင် ရှိနေသည်မဟုတ်ပေလော။ ယောင်ချန်ကျွင်းသည် စိမ့်တောမြို့ထဲတွင်သာ အချိန်ဖြုန်းပြီး ထိုင်နေခြင်းမဟုတ်။ မကြာခဏဆိုသလို အမြွှာဝိဥာဉ်ကြာပန်းအား တွေ့လို့တွေ့ငြား ဟင်းလင်းပြင်တောင်တန်းထဲ လာရောက်စူးစမ်းလေ့ ရှိပေသည်။

အစကထင်ထားခဲ့သည်မှာ သူတို့နှစ်ဦးကြားရှိ ကြီးမားလှသော ခွန်အားကွာခြားချက်ကြောင့် ရန်ကိုင်သည် သူ့လက်မှ လွတ်နိုင်လိမ့်မည်မဟုတ်ဟူ၍ပင်။ သို့သော်ငြား ယခုမှသာလျှင် သူအမှားကြီး မှားယွင်းနေခဲ့မှန်း ယောင်ချန်ကျွင်း နားလည်သွားခဲ့လေသည်။

အစမှ အဆုံးထိ ယောင်ချန်ကျွင်းသည် သူနှင့် ရန်ကိုင့်ကြားရှိ အကွာအဝေးကို ကျဉ်းမြောင်းအောင် မလုပ်နိုင်ခဲ့ပေ။ သူ့ဘက်မှ ပညာရပ်တစ်ခုခုကို ထုတ်သုံး၍ ရန်ကိုင့်အနားသို့ တိုးကပ်သွားတိုင်း ရန်ကိုင်သည် ရုတ်တရက်ဆိုသလို အဝေးတစ်နေရာသို့ ရောက်ရောက်သွားလေသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်သဖြင့် ယောင်ချန်ကျွင်းမှာ အလွန်ကိုမှ ဒေါသထွက်နေရတော့လေသည်။

လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ကျင့်ကြံသူများမှာ ဖမ်းရအခက်ဆုံးဆိုသည်မှာ အလကားသက်သက် ပြောနေခြင်း မဟုတ်ချေ။ ယောင်ချန်ကျွင်းကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုကို ကျင့်ကြံထားသည့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ဖူးပေသည်။ သို့သော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကို အလွန်ကိုမှ အဆင့်မြင့်မြင့် ကျွမ်းကျင်ထားခြင်း ဖြစ်ပေသည်။ သူသိထားသည့် လူတစ်ယောက်လောက် မကျွမ်းကျင်လျှင်ပင် ရန်ကိုင်တတ်ကျွမ်းထားပုံသည် ဂျူနီယာတစ်ဦး တတ်ကျွမ်းထားသည့် ပုံစံမျိုးမဟုတ်ချေ။ လက်ရှိ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ကျွမ်းကျင်မှုသည် စီနီယာအဆင့်သို့ပင်လျှင် ရောက်နေခဲ့လေပြီ။

(ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ…) ယောင်ချန်ကျွင်း လုံးဝ မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ထိုကောင်လေးသည် ကြယ်တာရာအစုအဝေးထဲတွင် လေဟာနယ်တာအိုကို အကျွမ်းကျင်ဆုံးသော ပညာရှင်ဖြစ်သည့် ရီဝူယီ၏ တပည့်တစ်ယောက်များ ဖြစ်နေလေမလား။

ရန်ကိုင့်အား လိုက်ဖမ်းနေသည်မှာ ငါးရက်ကြာသွားပြီဖြစ်သော်ငြား ယောင်ချန်ကျွင်းကမူ ရန်ကိုင့်၏ အင်္ကျီစကိုပင်လျှင် မထိနိုင်သေးပေ။

တကယ်တော့ ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားလျှင်ပင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလက်မှ မလွတ်မြောက်နိုင်ပေ။ သူ့ဝိဉာဉ်ဒဏ်ရာရထားသည့် အတွက်ကြောင့်သာမဟုတ်လျှင် ယောင်ချန်ကျွင်းအနေဖြင့် ရန်ကိုင်မှ လေဟာနယ်နိယာမစွမ်းအားကို လုံးဝထုတ်မသုံးနိုင်အောင် လုပ်ပစ်နိုင်ပေသည်။ သို့သော်ငြား သူ့ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ထိခိုက်ထားသည့် အတွက်ကြောင့် ယောင်ချန်ကျွင်းမှာ သူ့ခွန်အားအကုန်အစင်ကို မထုတ်သုံးနိုင်ခဲ့ပေ။

ရန်ကိုင့်ကိုသာမိလျှင် မသေမချင်း ထိုင်နှိပ်စက်ပစ်ရမည်ဟု ဒေါသတကြီးဖြင့် ယောင်ချန်ကျွင်းစိတ်ထဲ ကြုံးဝါးနေစဉ်မှာပင် ရုတ်တရက် မြင်လိုက်သည့် အဖြစ်အပျက်ကြောင့် ယောင်ချန်ကျွင်း ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားခဲ့လေသည်။

အကြောင်းမှာ ရန်ကိုင် ရုတ်တရက်ရပ်လိုက်သည်ကို မြင်လိုက်သည့် အတွက်ကြောင့်ပင်လျှင်။ ရန်ကိုင် ဘာကြောင့်ရပ်လိုက်သလဲ။ အစီအရင်တစ်ခုခုထဲ ပိတ်မိသွား၍များ ရပ်လိုက်သလား သူမသိချေ။ သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ရပ်လိုက်သည်မှာ ယောင်ချန်ကျွင်းအတွက်တော့ သတင်းကောင်းတစ်ခုသာ ဖြစ်လေသည်။

ချက်ချင်းပဲ သူ၏ ပျံသန်းရေးမှော်ရတနာကို အရှိန်ကုန်တင်ကာ ရန်ကိုင့်ဆီသို့ ပြေးသွားလေ၏။

“စီနီယာအစ်ကို… ဘာဖြစ်လို့လဲ…” လျို့ရှန်းယွင်သည် ရန်ကိုင့်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

ယခု ရန်ကိုင်သည် ရုတ်တရက် ရပ်လိုက်ပြီး သူ့အမူအယာမှာလည်း ဘာကြောင့်မှန်းမသိ တောက်လျှောက်ကို ပြောင်းလဲနေခဲ့လေသည်။

“ငါတုံးလိုက်တာကွာ…” ရန်ကိုင်က အံကြိတ်၍ ရေရွတ်လိုက်လေသည်။

“ဘာဖြစ်လို့လဲ…” လျို့ရှန်းယွင်မှာတော့ ရန်ကိုင်ဘာဖြစ်လို့ ဤကဲ့သို့ပြောလိုက်မှန်းကို နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“ခဏစောင့်နေ… ငါအခုပဲ ပြန်လာခဲ့မယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လျို့ရှန်းယွင်ကို ခဏချ၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ သင့်လျော်သောနေရာတစ်ခုဆီသို့ ပြေးထွက်သွားလေသည်။

ခဏအကြာတွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့လိုက်လေ၏။

ယောင်ချန်ကျွင်း သူ့နောက်သို့ တောက်လျှောက်လိုက်လာနိုင်သည့်အပေါ် ရန်ကိုင်မှာ အတော်လေးကိုမှ အံ့အားသင့်နေမိခဲ့လေသည်။ သူ့ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ထိခိုက်ထားသည့် အတွက်ကြောင့် ယောင်ချန်ကျွင်းအနေဖြင့် ကောင်းကင်စိတ်အာရုံကိုသုံး၍ ရန်ကိုင့်အား ပစ်မှတ်မထားနိုင်ပေ။ ထိုသို့ဖြစ်လေရာ ယောင်ချန်ကျွင်းအနေဖြင့် အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင်တို့အား မျက်ခြေပြတ်သွားရပေလိမ့်မည်။ သို့သော်ငြား တကယ့်တကယ်တွင်မူ ထိုကဲ့သို့ ဖြစ်မသွားခဲ့ဘဲ ယောင်ချန်ကျွင်းသည် ငါးရက်လုံးလုံး ရန်ကိုင့်နောက်သို့ မျက်ခြေမပြတ်တမ်း လိုက်လာနိုင်ခဲ့ပေသည်။

ကောင်းကင်စိတ်အာရုံကိုသုံး၍ သူတို့အား ပစ်မှတ်ထား၍ မရလျှင် ယောင်ချန်ကျွင်းသည် သူတို့၏တည်နေရာကို အာရုံခံနိုင်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ထွက်ပြေးနေစဉ်အတောအတွင်း ရန်ကိုင်သည် အကြိမ်ပေါင်းများစွာ တည်နေရာခုန်ကူးခဲ့သည်။ သူ့မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားသည့်နောက် ယောင်ချန်ကျွင်းအနေဖြင့် ကောင်းကင်စိတ်အာရုံကိုသာ ထုတ်မသုံးပါက ရန်ကိုင့်၏တည်နေရာကို အာရုံခံနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထိုသို့ဖြစ်လေရာ ယောင်ချန်ကျွင်းသည် ရန်ကိုင်တို့၏တည်နေရာကို မည်သို့များ အာရုံခံနိုင်နေသနည်း။ ရှင်းပြချက်တစ်ခုသာ ရှိတော့ပေသည်။ ယောင်ချန်ကျွင်းသည် သူနှင့် လျို့ရှန်းယွင်တို့အပေါ်တွင် အမှတ်အသားတစ်ခုခု ချန်ထားခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုအမှတ်အသားမှတစ်ဆင့် သူတို့၏တည်နေရာကို အာရုံခံနိုင်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့စဉ်းစားမိလိုက်သော် လွန်ခဲ့သည့်ငါးရက်အတွင်း သူအလွန်ကိုမှ သတိလက်လွတ်ဖြစ်သွားကြောင်း ရန်ကိုင် သိလိုက်လေ၏။ ထိုအချက်ကိုသာ အစောကြီးကတည်းက သတိပြုမိလိုက်မည်ဆိုပါက ထိုမွန်းစတားအိုကြီးအား မျက်ခြေဖြတ်ပစ်နိုင်လောက်ပေသည်။

ကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင့်၏အာရုံခံနိုင်စွမ်းမှာ အဆပေါင်းများစွာ မြင့်တက်သွားခဲ့လေသည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမစွမ်းအားကိုသုံး၍ သူ့ခန္ဓာကိုယ်အား ပိုက်စိပ်တိုက် စစ်ဆေးကြည့်တော့လေ၏။

ယောင်ချန်ကျွင်း ချန်ထားရစ်ခဲ့သည့် အမှတ်အသားသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေပါစေဟုသာ ဆုတောင်းနေရပေတော့သည်။ လျို့ရှန်းယွင်အပေါ်တွင်သာ ရှိနေမည်ဆိုပါက ထိုအမှတ်အသားကိုဖယ်ရှားရန်အတွက် လျို့ရှန်းယွင်ကိုပါ ကမ္ဘာငယ်လေးထဲသို့ ခေါ်လာရပေလိမ့်မည်။

အသက်ငါးရှိုက်စာခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲရှိ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းထည့်ထားသော ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်လေသည်။ ထုတ်ယူလိုက်ပြီးသည့်နောက် သေတ္တာကို လျို့ယန်ဆီသို့ ပစ်ပေးကာ ပြောလိုက်လေ၏။ “ဒီသေတ္တာပေါ်မှာ အခြားပညာရှင်တစ်ယောက်ရဲ့ အမှတ်အသားရှိနေတယ်… အဲ့ဒါကို မြန်မြန်ဖျက်ပစ်လိုက်ပါလား…”

လျို့ယန်သည် ကျောက်စိမ်းသေတ္တာကို ယူပြီးရုံပင်ရှိသေး ဘာဆိုဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

လျို့ရှန်းယွင်သည် ဟင်းလင်းပြင်တောင်တန်းထဲ တစ်ကိုယ်တည်းရပ်နေရင်း ရင်းနှီးနေခြင်းမရှိသည့် ပတ်ဝန်းကျင်အား အထိတ်ထိတ်အလန့်လန့်ဖြင့် ကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် ရုတ်တရက်ကြီး အနီးအနားတွင်ရှိနေသော တောင်ပူစာဆီသို့ ထွက်သွားလေ၏။ သူဘာလုပ်ချင်လို့ လုပ်နေမှန်း သူမ မသိ။ သို့သော်ငြား ရုတ်တရက်ဆိုသလို သူ့အရှိန်အဝါနှင့် အသက်စွမ်းအင်မှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့မိတ်ဆွေများအား အန္တရာယ်တွင်းထဲ ပစ်ထားခဲ့တတ်သည့် လူစားမျိုးမဟုတ်မှန်း သူမ သိသော်ငြား လျို့ရှန်းယွင်မှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်ကို တွေးမိနေဆဲပင်။ ရန်ကိုင်များ သူမအား ဤနေရာတွင် ထားပြီး တစ်ကိုယ်တည်းများ ထွက်ပြေးသွားလေသလားဟုလည်း တွေးမိလေသည်။

“မဟုတ်ဘူး… အဲ့လိုတော့ ဖြစ်မှာမဟုတ်ဘူး…” လျို့ရှန်းယွင် ခေါင်းခါလိုက်လေသည်။ ရန်ကိုင်သာ ထိုကဲ့သို့သော လူစားမျိုးဆိုပါက ငှက်မွေးပြာဂိုဏ်းမှ ထွက်ပြေးလာချိန်တွင် သူမကိုပါ ခေါ်လာခဲ့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လမ်းခွဲသည့်အခါတွင်လည်း သူရထားသည့် ရတနာများကို သူမအား တစ်ဝက်ခွဲပေးခဲ့လိမ့်မည်မဟုတ်။ ရန်ကိုင်သာ ထိုကဲ့သို့သော လူစားမျိုးဖြစ်ပါက ဧကရာဇ်တတိယအဆင့် ပညာရှင်ဖြစ်သော ယောင်ချန်ကျွင်းအား လုံးဝ ရန်စခဲ့လိမ့်မည် မဟုတ်ချေ။

(စီနီယာအစ်ကို အရေးကြီးတဲ့ကိစ္စတစ်ခုခု လုပ်နေတာပဲ ဖြစ်ရလိမ့်မယ်…) လျို့ရှန်းယွင် သူမကိုယ်သူမ နှစ်သိမ့်ပေးလိုက်လေသည်။

ထိုကဲ့သို့ တွေးမိပြီး မကြာခင်မှာပင် ရန်ကိုင့်၏အရှိန်အဝါသည် ရုတ်တရက်ကြီး ဆန်းဆန်းကြယ်ကြယ် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် တောင်ပူစာဆီမှ သူမဆီသို့ ပြန်ပြေးလာလေ၏။

“စီနီယာအစ်ကို…” ရန်ကိုင့်ကို မြင်လိုက်သည့်အခါမှသာ လျို့ရှန်းယွင် သူမရင်ထဲ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ရလေသည်။

ရန်ကိုင်သည် သူမအနားသို့ ပြေးလာပြီး သူမအား သူ့လက်ဖြင့် ဖက်လျှက် စကားတစ်ခွန်းပင်မပြောဘဲ လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းကာ တည်နေရာခုန်ကူးလိုက်လေသည်။

ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် မိုင်တစ်ထောင်ခန့်အကွာသို့ ရောက်လာကြလေ၏။ ထိုအခါမှသာလျှင် ရန်ကိုင်သည် သူ၏ လှေသင်္ဘောလေးကိုထုတ်လျက် လျို့ရှန်းယွင်ကို သင်္ဘောပေါ်သို့တင်ရင်း ပြောလိုက်လေသည်။ “နင့်အဝတ်တွေကို မြန်မြန်ချွတ်လိုက်…”

“ဟမ်…” ထိုစကားကိုကြားသော် လျို့ရှန်းယွင်၏ မျက်နှာ နီမြန်းသွားခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၅၉)

တောအုပ်အလယ်ကြီးထဲတွင် ရန်ကိုင်သည် သူမ၏အဝတ်များကို ချွတ်ရန် ပြောလာခဲ့လေသည်။ ထို့အပြင် သူပြောသည့်ပုံစံမှာ အမိန့်ပေးနေသည့် ပုံစံမျိုးနှင့်ဖြစ်သည်။ ထို့အတွက်ကြောင့် လျို့ရှန်းယွင်မှာ အထင်မှားသွားခဲ့ပြီး ဒေါသလည်း ထွက်မိသလို ရှက်လည်းရှက်သွားခဲ့လေသည်။

ရန်ကိုင်က ပြောလိုက်လေ၏။ “ယောင်ချန်ကျွင်းက ငါတို့တည်နေရာကို အာရုံခံလို့ရအောင် ကျောက်စိမ်းသေတ္တာပေါ် အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့တယ်… ဒီတော့ နင့်အဝတ်အစားတွေပေါ်မှာလည်း အမှတ်အသားတွေချန်ခဲ့လား ငါမပြောနိုင်ဘူး… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိဘူး… နင် မြန်မြန် အဝတ်လဲလိုက်တာ ကောင်းလိမ့်မယ်…”

ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်အခါမှသာ ရန်ကိုင်ဘာကြောင့် သူမအဝတ်များအား ချွတ်ခိုင်းနေသလဲဆိုသည်ကို လျို့ရှန်းယွင် နားလည်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် တွေးမိတွေးရာ လျှောက်တွေးမိလိုက်သည့်အပေါ် ရှက်သွားခဲ့လေ၏။ သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ အချိန်ကုန်ခံမနေဘဲ ချက်ချင်းပဲ အဝတ်အစားများကို လဲတော့လေသည်။

မိုင်သုံးထောင်ခန့်အကွာတွင် ရှိနေသော ယောင်ချန်ကျွင်း၏ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ သူ့မျက်နှာမှာလည်း မှုန်ကုတ်နေခဲ့လေသည်။ အကြောင်းမှာ သူချန်ထားရစ်ခဲ့သည့် အမှတ်အသား ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပင်။

ရေနွေးကြမ်းဆိုင်တွင်ရှိစဉ်က ယောင်ချန်ကျွင်းသည် ရန်ကိုင့်ဆီမှ ကျောက်စိမ်းသေတ္တာကို လုယူလိုက်ပြီးသည့်နောက်တွင် ထိုကျောက်စိမ်းသေတ္တာပေါ်၌ အမှတ်အသားတစ်ခု ချန်ထားရစ်ခဲ့ပေသည်။ ထိုကဲ့သို့လုပ်ရခြင်းမှာ နောက်ဘာဖြစ်မလဲဆိုသည်ကို ကြိုသိနေသည့် အတွက်ကြောင့်မဟုတ်ဘဲ ပို၍ သတိထားလိုက်ခြင်းသာ ဖြစ်ပေသည်။ နှစ်၂၀၀ခန့် စောင့်ပြီးသည့်နောက်မှသာ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းအား ရှာတွေ့ခြင်းဖြစ်လေရာ ယောင်ချန်ကျွင်းအနေဖြင့် ဤကဲ့သို့ သတိထားသည်မှာလည်း အထူးအဆန်းတော့မဟုတ်။

သူသတိထားခဲ့သည့် အတွက်ကြောင့်သာလျှင် ရန်ကိုင့်နောက်သို့ မျက်ခြေမပြတ်ဘဲ ငါးရက်တိုင်တိုင် လိုက်နေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ယခုမူ ထိုအမှတ်အသားမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုကဲ့သို့ဖြစ်ပြီးသည့်နောက် သူ့အမှတ်အသားကို ရန်ကိုင်ရှာတွေ့သွားပြီမှန်း ယောင်ချန်းကျွင်းမသိဘဲ ဘယ်နေမည်နည်း။ သို့ရာတွင် သူနားမလည်နိုင်သည်မှာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်သည် သူချန်ထားရစ်ခဲ့သည့် အမှတ်အသားအား မည်ကဲ့သို့ ရှာတွေ့သွားသလဲ ဆိုသည်ကိုပင်။

သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ အစစ်အမှန်ဖြစ်ပေသည်။

ယောင်ချန်ကျွင်းမှာ စိတ်လည်း စိတ်ပူ ဒေါသလည်း ထွက်လာမိကာ ကောင်းကင်ပေါ်သို့ မော့၍ အော်ဟစ်လိုက်တော့လေ၏။ “ကောင်စုတ်လေး… ဘာပဲပေးဆပ်ရ ပေးဆပ်ရ ဒီဘုရင် မင်းကို ရအောင်ရှာပြီး ဖမ်းမယ်ကွ…”

ရန်ကိုင့်နောက်သို့ ခြေရာခံလိုက်နိုင်သည့် အမှတ်အသား မရှိတော့သော်ငြား ယောင်ချန်ကျွင်းမှာမူ လက်မလျှော့ချင်သေးပေ။ မဟာကောင်းကင်ဝိဉာဉ်ကြာပန်းသည် သူ အလွယ်တကူရှာတွေ့နိုင်သည့် အရာမျိုးမဟုတ်ချေ။ ယခုကြာပန်းအား ရှာတွေ့သည်မှာပင် အတော်လေးကံကောင်းနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ယခုအခွင့်အရေးကိုသာ လွဲချော်လိုက်ရမည်ဆိုပါက နောက်ထပ်ကြာပန်းတစ်ပွင့်ကို ထပ်တွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။

ဟင်းလင်းပြင်တောင်တန်းထဲတွင် ရှိနေသော ရန်ကိုင့်၏မျက်နှာကြီးမှာ မှုန်ကုပ်နေခဲ့လေသည်။ ယောင်ချန်ကျွင်း၏အမှတ်အသားကို ဖယ်ရှားပြီးသည့်နောက်တွင် တစ်ဖက်လူအား မျက်ခြေဖြတ်ပစ်လိုက်နိုင်ခဲ့သော်ငြား သူကိုယ်တိုင်သည်လည်း အခြေအနေကောင်းတွင် ရှိမနေခဲ့ချေ။ အကြောင်းမှာ ဤအစုတ်အပြတ်နေရာကြီးထဲတွင် လမ်းပျောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

လျို့ရှန်းယွင်ကို မေးကြည့်လိုက်သော်ငြား သူမကိုယ်တိုင်သည်လည်း ဤနေရာမှ မည်ကဲ့သို့ ပြန်ထွက်ရမလဲဆိုသည်ကို မသိချေ။ လျို့ရှန်းယွင်သည် ဤအတွင်းပိုင်းထဲသို့ တစ်ကြိမ်သာ ရောက်ဖူးခြင်းဖြစ်လေသည်။ ထိုတစ်ကြိမ်တွင်ပင်လျှင် အပြင်သို့ ပြန်ထွက်လာနိုင်ခြင်းမှာ ကံကောင်းသွားသည့် အတွက်ကြောင့်သာ ဖြစ်၏။

ရန်ကိုင်သည် သူ စက်ဝိုင်းပုံစံအတိုင်း လျှောက်လို့လျှောက်နေမှန်းပင် မသိဘဲ နေ့တစ်ဝက်ကြာအောင် ခြေဦးတည့်ရာ လျှောက်သွားနေမိလေသည်။ ဆန်းကြယ်သော စွမ်းအားတစ်မျိုးမျိုး၏ ဖိနှိပ်ထားခံရသည့် အတွက်ကြောင့်လားမသိ သူ့ကောင်းကင်စိတ်အာရုံကိုပင်လျှင် ခပ်လှမ်းလှမ်းသို့ရောက်အောင် မဖြန့်ကျက်နိုင်ပေ။ တစ်ခုသောနေရာသို့ရောက်သော် ရန်ကိုင်သည် မှုန်ကုပ်ကုပ်အမူအယာဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ရပ်လိုက်လေသည်။

“ဘာဖြစ်လို့လဲ စီနီယာအစ်ကို…” လျို့ရှန်းယွင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“မြေပြင်တွေလှုပ်နေတာကို နင် သတိထားမိလား…” ရန်ကိုင်က မေးလိုက်လေသည်။

ထိုစကားကိုကြားလိုက်သည့်အခိုက် လျို့ရှန်းယွင်တစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့လေ၏။ ရန်ကိုင့်၏လေသံမှာ တည်ငြိမ်နေသော်ငြား သူ့စကားကိုကြားပြီးသည့်နောက် လျို့ရှန်းယွင် အလွန်ကိုမှ စိတ်ပူသွားတော့လေသည်။

“ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ နေမှာပါ…” ရန်ကိုင်က သူ့ဘာသူ ရေရွတ်လိုက်လေ၏။

လျို့ရှန်းယွင်က တံထွေးတစ်လုပ် မျိုချလျက် “စီနီယာအစ်ကို… ဟင်းလင်းပြင်တောင်တန်းနဲ့ ပက်သတ်ပြီး ကောလဟာလတစ်ခု ရှိတယ်…”

“ဘာကောလဟာလလဲ…”

“အချို့လူတွေ ပြောကြတာတော့ ဟင်းလင်းပြင်တောင်တန်းက အသက်ရှိနေတယ်တဲ့…” လျို့ရှန်းယွင်၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

“အသက်ရှိနေတယ်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

“ဟုတ်တယ်…” လျို့ရှန်းယွင်က ခေါင်းညိတ်လိုက်လေ၏။ “ဟင်းလင်းပြင်တောင်တန်းရဲ့ တည်နေရာအနေအထားက အမြဲတစေပြောင်းလဲနေတာ… ဒါကြောင့် ဒီဟင်းလင်းပြင်တောင်တန်း ဘယ်လိုရှိသလဲဆိုတာကို ဘယ်သူမှ မြေပုံမဆွဲနိုင်ကြဘူး… တစ်ခါတစ်လေကြရင် တည်နေရာအနေအထားက သူ့ဘာသာသူ ဖြည်းဖြည်းချင်း ပြောင်းလဲနေပေမဲ့ တစ်ခါတစ်လေကျရင်တော့ အရမ်းကြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနေတာ… အခုလိုတွေဖြစ်နေတာ ဟင်းလင်းပြင်တောင်တန်းက အသက်ရှိနေလို့ဆိုပြီး လူတော်တော်များများက ပြောတယ်…”

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား သူ့မျက်လုံးများမှာ ရုတ်တရက် တောက်ပလာခဲ့လေ၏။ “အဲ့လိုမဖြစ်နိုင်ပေမယ့်လည်း ဖြစ်တော့လည်း ဖြစ်နိုင်သေးတာပဲ…”

“စီနီယာအစ်ကို ဘာပြောချင်နေတာလဲ…” လျို့ရှန်းယွင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်က ပြောလိုက်လေ၏။ “ဂျူနီယာညီမ… နင် ဟင်းလင်းပြင်တောင်တန်းရဲ့ အပြင်မှာပဲ လှုပ်ရှားနေတာမလား… အဲ့မှာ ပစ္စည်းကောင်းတွေ ရှာတွေ့လား…”

“တွေ့တယ်…” လျို့ရှန်းယွင်က ပြန်ပြောလိုက်လေ၏။ “ကျွန်မတစ်ယောက်တည်းတင် တွေ့တာမဟုတ်ဘူး… စိမ့်တောမြို့က အခြားလူတော်တော်များလည်း ဟင်းလင်းပြင်တောင်တန်းအပြင်ပိုင်းကနေ ပစ္စည်းကောင်းတွေအများကြီး တွေ့တယ်…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ရှင်းရှင်းပြောရလို့ရှိရင် ဟင်းလင်းပြင်တောင်တန်းရဲ့ အပြင်ပိုင်းမှာပဲ လူတော်တော်များများက လှုပ်ရှားနေကြတာ… ဒီတော့ အဲ့အပြင်ပိုင်းမှာ အဖိုးတန်ရတနာတွေ အများကြီး ရှိနေမယ်ဆိုရင်တောင် အခြားသူတွေ ယူသွားလို့ ကုန်လောက်ပြီ… ဒါပေမဲ့ အခုကြတော့ ကုန်လား… မကုန်ဘူး… အသစ်အသစ်တွေက ဘာကြောင့်မှန်းကိုမသိဘူး ထပ် ထပ်ပြီး ထွက်လာနေတယ်… ဒီတော့…”

“ကျွန်မလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားနေတာ…” လျို့ရှန်းယွင်က ခေါင်းညိတ်လိုက်လေသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို သူမကိုယ်တိုင်လည်း မသိချေ။ ဟင်းလင်းပြင်တောင်တန်းဆီသို့ အကြိမ်ပေါင်းများစွာ ရောက်လာပြီးသည့်နောက်တွင် မည်သည့်အဖိုးတန်ရတနာမှ ရှာမတွေ့ခဲ့သည့် အချိန်အချို့မှလွဲ၍ အကြိမ်တိုင်းလိုလို သူမ၏ ကျင့်ကြံခြင်းအတွက် အသုံးဝင်သည့် ပစ္စည်းများကို ရှာတွေ့ခဲ့ပေသည်။

သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါက ထိုကိစ္စသည် လုံးဝ ယုတ္တိမရှိချေ။

“စီနီယာအစ်ကို ပြောချင်တာက…”

ရန်ကိုင်က ပြောလိုက်လေသည်။ “ဟင်းလင်းပြင်တောင်တန်းက လှုပ်ရှားနေတာပဲ… သူ့အချိန်ရောက်လာလို့ရှိရင် တောင်အတွင်းပိုင်းထဲမှာ ရှိနေတဲ့ မြေသားတွေက အပြင်ကို ရွေ့လာလိမ့်မယ်… အဲ့လို ရွေ့လာတဲ့အတွက်ကြောင့်ပဲ တောင်အတွင်းပိုင်းထဲမှာ ရှိတဲ့ ဆေးပင်တွေက အပြင်ဘက်ကို ရောက်ချလာတာ… အဲ့ဒါကြောင့်ပဲ အဖိုးတန်ဆေးပင်တွေ ရတနာတွေကို အပြင်မှာ တောက်လျှောက် ရှာတွေ့နေနိုင်တာ…”

“စီနီယာအစ်ကို ဘယ်လိုလုပ်ပြီး သိတာလဲ…” တုရှန်းယွင် အံ့အားသင့်သွားခဲ့လေသည်။ သူမ ဟင်းလင်းပြင်တောင်တန်းအနားတွင် နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်ငြား ထိုကဲ့သို့ တစ်ခါမှ မစဉ်းစားဖူးချေ။ သို့သော်ငြား ရန်ကိုင်ကမူ ဤနေရာသို့ ရောက်သည်မှာ မကြာသေးသည့်တိုင် ထိုကဲ့သို့ စဉ်းစားနိုင်ခဲ့သည်။

ရန်ကိုင်က ပြုံးလျက် “ငါ့အထင်သက်သက်ပဲ… မှန်မမှန်တော့ ငါလည်း သေချာမသိသေးဘူး…”

သို့သော်ငြား သူ့ခန့်မှန်းချက်မှာ အတော်လေး မှန်နိုင်ခြေများပေသည်။ အကြောင်းမှာ ရန်ကိုင့်၏သုံးသပ်ချက်သည် ဟင်းလင်းပြင်တောင်တန်း၏ အပြင်ပိုင်းတွင် အဖိုးတန်ရတနာများစွာကို ဘာကြောင့် အမြဲလိုလို တွေ့နေရသလဲ ဆိုသည်ကို ကောင်းကောင်း ရှင်းပြသွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သို့ရာတွင် ဟင်းလင်းပြင်တောင်တန်းနား၌ နေနေကြသော ကျင့်ကြံသူများမှာ တောင်အတွင်းပိုင်းထဲရှိ မြေမှာ အပြင်သို့ ထွက်လာကြောင်းကို သတိမပြုမိကြပေ။ ဟင်းလင်းပြင်တောင်တန်း မည်ကဲ့သို့ ပြောင်းလဲနေသလဲ ဆိုသည်ကိုပင် အနည်းငယ်မျှ သတိမထားမိကြချေ။

ထိုစဉ် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာခဲ့လေသည်။ ထို့အပြင် တောင်အတွင်းပိုင်းထဲ ရှိနေသော ငှက်များမှာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် အော်မြည်ကာ ပျံသန်းထွက်လာကုန်ကြလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မြေပေါ်တွင် ရှိနေသော သားရဲများမှာလည်း ခေါင်းမပါသည့် ယင်ကောင်များနှယ် ခြေဦးတည့်ရာ ထွက်ပြေးလာကုန်ကြလေသည်။

အသက်သုံးရှိုက်စာအတွင်း ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံး စတင် တုန်ခါလာခဲ့လေ၏။

“ဘာဖြစ်တာလဲ…” လျို့ရှန်းယွင် ထိတ်လန့်သွားခဲ့လေသည်။

ရန်ကိုင်သည်လည်း နားမလည်နိုင် ဖြစ်သွား၏။ သို့သော်ငြား ချက်ချင်းဆိုသလို သူ့အမူအယာမှာ ပြောင်းလဲသွားခဲ့လေသည်။ အကြောင်းမှာ ရုတ်တရက် လေပေါ်သို့ ပျံတက်သွားကြသော ငှက်အားလုံးမှာ လေထဲတွင်ပင် ရပ်တန့်သွားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ငှက်များမှာ သူတို့၏ အတောင်ပံများကို မည်သို့ပင် ခတ်နေစေကာမူ ရှေ့သို့ ဆက်မသွားနိုင်ကြတော့ချေ။

မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ထိုငှက်များအား ရှေ့သို့ မသွားနိုင်အောင် ဆွဲထားနေသည့်အလား။

ပျံသန်းနေသည့် ငှက်များထဲတွင် အဆင့်ဆယ့်တစ် မွန်းစတားသားရဲများစွာ ပါဝင်ပေသည်။ ဧကရာဇ်အဆင့်နှင့် တူညီသော အဆင့်ဆယ့်နှစ်မွန်းစတားသားရဲ တစ်ကောင်ကိုပင်လျှင် ရန်ကိုင် မြင်လိုက်သေးသည်။

သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေစဉ်မှာပင် ရန်ကိုင့်၏ ခြေထောက်အောက်ရှိ မြေပြင်မှာ လျင်မြန်စွာ စတင် လှုပ်ရှားလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ခြေခိုင်ခိုင်ပင်လျှင် မရပ်နိုင်တော့ချေ။ အလွန်လျင်မြန်စွာ လှုပ်ရှားနေသည့် မြေသားထုကြောင့် ရန်ကိုင်မှာ ခြေပစ်လက်ပစ် လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် အလွန်ကိုမှ ပြင်းထန်လှသည့် ဆွဲအားတစ်ရပ်သည် ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုဆွဲအားသည် ရန်ကိုင့်၏ခန္ဓာကိုယ်အား စတင် ဆွဲယူတော့လေ၏။

ထိုအချင်းအရာကို သတိပြုမိလိုက်သော် ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ ထို့နောက်တွင် တစ်ချက်ကလေးမှ တုံ့ဆိုင်းမနေတော့ဘဲ သူ၏အရင်းအမြစ်ချီနှင့် လျို့ရှန်းယွင်ကို ရစ်ပတ်လျက် ထိုနေရာမှ တည်နေရာခုန်ကူးကာ ထွက်ပြေးရန် ကြိုးစားတော့လေသည်။

သို့သော်ငြား လေဟာနယ်နိယာမ စွမ်းအားများကို အသက်သွင်းလိုက်သည့်တိုင် နေရာသစ်တစ်ခုသို့ ရောက်မသွားဘဲ မူလရပ်နေသည့် နေရာတွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရလေသည်။

ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင်က အလန့်တကြားဆိုလိုက်လေ၏။ “လောကနိယာမစွမ်းအားတွေ ပျက်စီးကုန်ပြီ…” ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ဟင်းလင်းပြင်တောင်တန်းထဲတွင် ရှိနေသော လောကနိယာမစွမ်းအားများ ပျက်စီးသွားကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ဤနေရာတွင် ရှိနေသော လေဟာနယ်နိယာမစွမ်းအားများကို အသုံးမပြုနိုင်တော့ချေ။ ထိုအချိန်အတောအတွင်း ရန်ကိုင့်ခြေထောက်အောက်ရှိ မြေပြင်မှာ ပို၍ လျင်မြန်စွာ လည်ပတ်လာလေတော့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ခေါင်းမူးလာမိသလို လျို့ရှန်းယွင်မှာလည်း ဒုက္ခလှလှနှင့် တွေ့နေရတော့လေသည်။ သူမအနေဖြင့် ခြေခိုင်ခိုင်ပင်လျှင် မရပ်နိုင်တော့သည့် အတွက်ကြောင့် မတ်တပ်ရပ်နိုင်ရန်အတွက် ရန်ကိုင့်ခန္ဓာကိုယ်အား မှီထားရလေ၏။

တစ်ချိန်တည်းတွင် တောင်အတွင်းပိုင်းဆီမှ ထွက်ပေါ်နေသော ဆွဲအားမှာလည်း ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့လေသည်။ သူ့လက်ရှိ ကျင့်ကြံခြင်းအရ ရန်ကိုင်သည် မည်သို့ပင် ကြိုးစားနေစေကာမူ ထိုဆွဲအားကို မခုခံနိုင်ခဲ့ပေ။ ထွက်ပြေးရန် ကြိုးစားနေသော မွန်းစတားသားရဲများနှင့် ငှက်များမှာလည်း ထိုဆွဲအား၏ စုပ်ယူခြင်း ခံလိုက်ရကာ ရန်ကိုင့်၏မြင်ကွင်းမှ ပျောက်ကွယ်သွားကုန်ကြလေသည်။ အားနည်းသည့် သားရဲများဆိုလျှင်တော့ ခန္ဓာကိုယ်များပင်လျှင် ပေါက်ကွဲထွက်ကုန်ကြလေ၏။

ထိုအချိန်အတောအတွင်း သားရဲများမှာ ဟိန်းဟောက်နေသလို ငှက်များမှာ စူးရှစွာ အော်မြည်နေသဖြင့် ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံးမှာ အလွန်ကိုမှ ဆူညံလာတော့လေသည်။

မိုင်သုံးထောင်ခန့်အကွာတွင် ရှိနေသော ယောင်ချန်ကျွင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ ဧကရာဇ်ချီကို လှည့်ပတ်၍ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားခဲ့ပါသော်ငြား မအောင်မြင်ခဲ့ချေ။ သူလုပ်နိုင်သည့် အရာဆို၍ သူ့ခန္ဓာကိုယ် အထဲသို့ ပါမသွားလေအောင် အားတင်း၍ ခုခံထားရုံသာ ရှိတော့လေသည်။

“ဟင်းလင်းပြင်ဝဲကတော့ကြီး…” ယောင်ချန်ကျွင်း၏ အမူအယာ ပျက်ယွင်းသွားခဲ့လေ၏။ ကျောက်စိုက်ကျောက်သားမျှ ခိုင်မာသော သူ့စိတ်သည်ပင်လျှင် စိုးရိမ်ကြောင့်ကြမှုကြောင့် စတင်၍ တုန်ရီလာတော့လေသည်။

ဤနေရာသို့ ရောက်သည်မှာ မကြာသေးသည့် ရန်ကိုင်၊ လျို့ရှန်းယွင်တို့နှင့် ယှဉ်လိုက်သော် ယောင်ချန်ကျွင်းသည် ဟင်းလင်းပြင်တောင်တန်းအကြောင်းကို ကောင်းကောင်းလေ့လာထားသူတစ်ဦး ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဤတောင်တန်းသည် အေးအေးချမ်းချမ်းဖြင့် ရှိနေတတ်သော်ငြား ၎င်းဆီမှ တစ်ခါတစ်ရံ ပေါက်ကွဲထွက်လာသည့် စွမ်းအားသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ခုခံနိုင်သည့် အရာမဟုတ်မှန်း ယောင်ချန်ကျွင်း ကောင်းကောင်း သိနေပေသည်။

ထိုကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်လာသည့် အချိန်မျိုးသည် ဟင်းလင်းပြင်ဝဲကတော့ကြီး ထွက်ပေါ်လာသည့် အချိန်မျိုးသာ ဖြစ်လေသည်။

ထိုဟင်းလင်းပြင်ဝဲကတော့မှာ ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံး၏ မြေနေရာအနေအထားကို လုံးဝ ပြောင်းလဲပစ်နိုင်သည့် သဘာဝ ဘေးအန္တရာယ်ကြီး တစ်ခုလည်း ဖြစ်ပေသည်။

ဟင်းလင်းပြင်တောင်တန်း၏ မြေနေရာအနေအထားမှာ အဆက်မပြတ် ပြောင်းလဲနေသည့် အတွက်ကြောင့် ကျင့်ကြံသူများအနေဖြင့် ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် ပစ္စည်းကောင်းများအား မကြာခဏ ရှာတွေ့ရတတ်သည်ဟူသော ရန်ကိုင့်၏သုံးသပ်ချက်မှာ အတော်လေးကို မှန်ကန်ပေသည်။

သို့သော်ငြား ထိုကဲ့သို့ မြေသားထု ရွေ့လျားနေပုံမှာ အတော်လေးကိုမှ နှေးကွေးလွန်းသည့် အတွက်ကြောင့် ဤဟင်းလင်းပြင်တောင်တန်းသို့ လာရောက်ကြသည့် ကျင့်ကြံသူများမှာ ထိုအချက်ကို သတိမပြုမိကြသလို သူတို့အတွက်လည်း အန္တရာယ်မရှိပေ။ ထိုကဲ့သို့ သတိမပြုမိရင်းမှ မြေသားထုမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ရာ သူတို့ သတိပြုမိသွားသည့် အချိန်တွင် ဟင်းလင်းပြင်တောင်တန်း၏ မြေနေရာပုံစံသည် လုံးဝကို ပြောင်းလဲသွားလေတော့သည်။

သို့သော်ငြား ထိုကဲ့သို့ ပြောင်းလဲမှုသည် အကန့်အသတ်တစ်ခုသို့ ရောက်သွားသည့်အခါတွင် ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံးမှာ ဂျင်တစ်လုံးနှယ် အဆက်မပြတ်ကို ဝှီခါနေအောင် လည်လာလေတော့သည်။ ထိုသို့ဖြစ်လာသည့်နောက်တွင် ဟင်းလင်းပြင်တောင်တန်း၏ မြေနေရာပုံစံမှာ လုံးဝကို ပြောင်းလဲသွားလေ၏။ ထိုကဲ့သို့ ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံး ဝှီခါနေအောင် လည်လာခြင်းကို ဟင်းလင်းပြင်ဝဲကတော့ကြီး ပေါ်လာခြင်းဟု ပြောလေ့ရှိကြသည်။

ဟင်းလင်းပြင်တောင်တန်း ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကို မည်သူမျှ မသိကြပေ။ ဤလောကကြီးမှာ အလွန်တရာကိုမှ ဆန်းကြယ်လှသည် မဟုတ်ပေလော။ ယောင်ချန်ကျွင်းကိုယ်တိုင်သည် ဟင်းလင်းပြင်တောင်တန်းသို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသော်ငြား ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို ယခုထိတိုင် နားမလည်သေးချေ။ သို့သော်ငြား ဟင်းလင်းပြင်ဝဲကတော့ကြီး တစ်ခါတစ်ခါ ပေါ်လာဖို့ရာ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပေသည်။ ပုံမှန်အားဖြင့် ဟင်းလင်းပြင်ဝဲကတော့တစ်ခု ပေါ်လာဖို့ရာ နှစ် ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကြာမြင့်တတ်ပေ၏။ ယခင်တစ်ကြိမ် ဟင်းလင်းပြင်ဝဲကတော့ ပေါ်သွားခဲ့သည်မှာ လွန်ခဲ့သော နှစ်၆၀၀ခန့်က ဖြစ်ပေသည်။ ထိုစဉ်က ဟင်းလင်းပြင်တောင်တန်းထဲတွင် ရှိနေသော မရေမတွက်နိုင်အောင် များပြားလှသည့် ကျင့်ကြံသူများမှာ တောင်အတွင်းပိုင်းထဲသို့ ဆွဲခေါ်သွားခံရပြီး လုံးဝ ပြန်ပေါ်လာခြင်း မရှိကြတော့ချေ။ ယခုတစ်ကြိမ်သည်လည်း ချွင်းချက်မဟုတ်။

ကံမည်မျှ ကောင်းသလဲ ဆိုလျှင် ယခုတစ်ကြိမ်တွင် သူပါ ဤဟင်းလင်းပြင်ဝဲကတော့ထဲသို့ ပါသွားရပေတော့မည်။

ထို့အတွက်ကြောင့် ယောင်ချန်ကျွင်းမှာ ရန်ကိုင့်အား ပို၍ပင် မုန်းတီးလာလေတော့သည်။ ရန်ကိုင်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် ဟင်းလင်းပြင်တောင်တန်းသို့ ဝင်လာခဲ့မိလိမ့်မည်မဟုတ်သလို ဤသဘာဝဘေးအန္တရာယ်ကြီးနှင့်လည်း ကြုံခဲ့ရလိမ့်မည် မဟုတ်ပေ။

သူသာ ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် ရှိနေမည်ဆိုပါက သူ့ခွန်အားအရ ထိုဟင်းလင်းပြင်ဝဲကတော့ကြီး၏လက်မှ လွတ်အောက် ထွက်ပြေးနိုင်လိမ့်မည်ဟု ယောင်ချန်ကျွင်း အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။ သို့သော်ငြား ရန်ကိုင့်အား လိုက်ဖမ်းရန်အလို့ငှာ ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်။ ဟင်းလင်းပြင်ဝဲကတော့ကြီး ပေါ်လာသည့်အခါ တောင်အတွင်းပိုင်းနေရာသည် ပို၍ ဆွဲအားပြင်းထန်လေ့ရှိပြီး အဖျားပိုင်းမှာတော့ ဆွဲအားပျော့သွားလေ့ရှိပေသည်။ လက်ရှိ ယောင်ချန်ကျွင်းရောက်နေသည့် နေရာမှာ တောင်အတွင်းပိုင်းဆီမှ မိုင်တစ်ထောင်လောင်ပင် မကွာတော့ချေ။ လက်ရှိ သူရှိနေသည့်နေရာမှ ဟင်းလင်းပြင်တောင်တန်း၏ အဖျားပိုင်းဆီသို့ ထွက်ပြေးဖို့ရာ လုံးဝ မဖြစ်နိုင်လောက်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၆၀)

ယခုနေသာ ဟင်းလင်းပြင်တောင်တန်းအား အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုပါက ဟင်းလင်းပြင်တောင်တန်းတစ်ခုလုံးသည် ဝဲကတော့တစ်ခုနှယ် အဆက်မပြတ် လည်ပတ်နေကြောင်းကို တွေ့ရပေလိမ့်မည်။ ထိုဝဲကတော့ကြီး၏ အလယ်တွင်တော့ ဖန်ပြွန်ချောင်းကဲ့သို့သော အရာလေးတစ်ခု ရှိနေပေလိမ့်မည်။ အလွန်ကိုမှ ပြင်းထန်လှသည့် ဆွဲအားသည် ထိုဖန်ပြွန်ချောင်းကဲ့သို့သော နေရာဆီမှ ထွက်ပေါ်လာနေခြင်း ဖြစ်ပေသည်။

မရေမတွက်နိုင်သော ထွက်ပြေးရန် ကြိုးစားနေကြသည့် ငှက်များနှင့် သားရဲများမှာ ထိုဖန်ပြွန်ချောင်းကဲ့သို့သော ဝဲကတော့ထဲသို့ ဆွဲယူခြင်း ခံလိုက်ရကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကုန်ကြလေသည်။ ထိုအချိန်အတောအတွင်း ဟင်းလင်းပြင်တောင်တန်းထဲတွင် လေ့ကျင့်နေကြသည့် ကျင့်ကြံသူများနှင့် အခြားသော သားရဲများမှာ အထဲသို့ပင် ရောက်သွားခြင်းမရှိဘဲ ဆွဲယူခြင်းခံနေရရာမှ ပေါက်ကွဲထွက်ကုန်ကြလေသည်။

ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် လှုပ်ရှားနေကြသည့် ကျင့်ကြံသူများမှာတော့ ကံကောင်းသွားခဲ့လေသည်။ ထိုကျင့်ကြံသူများမှာ မြေပြင်တစ်ခုလုံး စတင်တုန်ခါလာချိန် အပြင်သို့ ထွက်ပြေးရန် အချိန်ရခဲ့လေသည်။ သို့သော်ငြား အပြင်သို့ ရောက်လာပြီး နောက်သို့ ပြန်လှည့်ကြည့်မိလိုက်သည့်အခိုက် သူတို့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရလေသည်။

လူတော်တော်များများ ဘာဖြစ်လို့ ဖြစ်နေကြမှန်း မသိကြချေ။ သို့သော်ငြား အချို့မှာတော့ ဟင်းလင်းပြင်ဝဲကတော့ကြီး ပေါ်လာပြီမှန်း သိနေကြသည်။ တစ်ယောက်စကားမှ တစ်ယောက်နားသို့ ပျံ့သွားခဲ့ရာ မကြာမီတွင် ပရမ်းပတာအဖြစ်အပျက်ကြီးအကြောင်းကို လူတိုင်း သိသွားကြလေတော့သည်။ တဝီဝီမြည်အောင် လည်ပတ်နေသော ဟင်းလင်းပြင်တောင်တန်းကြီးကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်မိသော်ငြား တစ်ချိန်တည်းတွင်လည်း စိတ်လှုပ်ရှားနေမိကြလေသည်။

အကြောင်းမှာ ဟင်းလင်းပြင်တောင်တန်း ဤကဲ့သို့ပြောင်းလဲသွားလိုက်သည့် အချိန်တိုင်း ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းတွင် ရှိနေသော အဖိုးတန်ရတနာများ အပြင်သို့ ထွက်လာသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

တစ်နည်းဆိုရသော် ဟင်းလင်းပြင်တောင်တန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် များပြားလှသော အဖိုးတန်ရတနာများ အပြင်ဘက်တွင် ပေါ်လာကြပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။

“ခုနတုန်းက မြို့သခင် ဟင်းလင်းပြင်တောင်တန်း အတွင်းပိုင်းထဲကို ဝင်သွားတာ ငါတွေ့လိုက်သလိုပဲ… ငါပဲ အထင်မှားနေတာများလား…”

“မဟုတ်ဘူး… မင်းမှန်တယ်… ငါလည်း တွေ့လိုက်တယ်… မြို့သခင်ကို ကြည့်ရတာ တစ်ယောက်ယောက်ကို အပြင်းလိုက်နေတဲ့ပုံပဲ…”

“အဲ့ဒါဆိုရင်တော့ သူပြဿနာတက်ပြီ… မြို့သခင် အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလားတောင် မသိဘူး…”

“ပြန်ထွက်လာနိုင်ချေကတော့ နည်းသွားပြီ… ဟင်းလင်းပြင်တောင်တန်း အတွင်းပိုင်းက အရမ်း အန္တရာယ်များတာ… မြို့သခင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဆိုရင်တောင် အတွင်းပိုင်းထဲကို ဝင်သွားမယ်ဆိုရင် အန္တရာယ်ကင်းမှာ မဟုတ်ဘူး… ပြီးတော့ အခုလိုမျိုး ဟင်းလင်းပြင်ဝဲကတော့ကြီးနဲ့ပါ သွားတိုးတာဆိုတော့ သူ့အတွက်တော့ အခြေအနေ သိပ်မကောင်းလောက်ဘူး…”

ကျင့်ကြံသူပေါင်းများစွာသည် ဟင်းလင်းပြင်တောင်တန်း၏ အပြင်ဖျားပိုင်းတွင် စုဝေးလျက် စကားဖောင်ဖွဲ့ နေကြလေသည်။ ပန်းကွမ်သာ ဟင်းလင်းပြင်တောင်တန်းထဲ ပျောက်သွားမည်ဆိုပါက စိမ့်တောမြို့ထဲ လှိုင်းဂယက်များ ထလာပေတော့မည်။ ပန်းကွမ် ပျောက်သွားခြင်းသည် လူပေါင်းများစွာ အတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်ပေသည်။

ထိုအချိန်အတောအတွင်း ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းထဲ၌ ရန်ကိုင်သည် လျို့ရှန်းယွင်အား ကာကွယ်ပေးထားရင်း ဝဲကတော့ဆီမှ ထွက်ပေါ်လာနေသော ကြောက်မက်ဖွယ်ရာကောင်းသည့် ဆွဲအားကို ခုခံရန် ကြိုးစားနေခဲ့လေသည်။ ဆွဲအားမှာ ပြင်းထန်လွန်းလှသည့် အတွက်ကြောင့် သူ့အဝတ်အစားများပင်လျှင် တစ်စစီစုတ်ပြဲကုန်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးချင်းနီနေလေ၏။

ထိုဆွဲအား မည်သည့်နေရာမှ ထွက်ပေါ်လာနေသလဲ မည်သည့်အရာကများ ထိုဆွဲအားကို ဖန်တီးနေသလဲ ဆိုသည်ကို သူမသိသော်ငြား သူ့ဘက်မှ ပို၍ ကြိုးစားခုခံလေ ထိုဆွဲအားမှာ ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာလေပင်။ ရန်ကိုင် ခုခံနေရသည့်စွမ်းအားမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ အားကောင်းလာသလို ပိုပို၍လည်း ပြင်းထန်လာခဲ့လေသည်။

မာကြောကြံ့ခိုင်လွန်းလှသည့် သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ထိုဆွဲအားကြောင့် ရန်ကိုင်သည် အချို့သော သားရဲများ ကျင့်ကြံသူများကဲ့သို့ပင် တစ်စစီ ပေါက်ကွဲထွက်သွားပြီးနောက်လောက်ပေပြီ။

“စီနီယာအစ်ကို… ကျွန်မကို စိတ်ပူမနေနဲ့… ထွက်သာပြေးလိုက်တော့…” လျို့ရှန်းယွင်လည်း ရုန်းကန်နေရလေသည်။ သို့သော်ငြား ရန်ကိုင်မှ ကာကွယ်ပေးထားသည့် အတွက်ကြောင့် သူမမှာ ရန်ကိုင်ထက်ပို၍ အခြေအနေကောင်းနေခဲ့လေ၏။ သူမကြောင့် ရန်ကိုင် ဒုက္ခရောက်နေသည်ကို မြင်သော် သူမစိတ်ထဲ လိပ်ပြာမလုံသလို ဖြစ်မိသွားလေသည်။

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဆီမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည့်အလား သူမ၏ခြေထောက်ကို မြေပေါ်သို့ ချရန် ကြိုးစားလိုက်လေ၏။

သို့သော်ငြား ရန်ကိုင်က သူမအား လက်ဖြင့် ဖမ်းဆွဲထားလျက် ခေါင်းခါပြလိုက်လေသည်။ “စိတ်မပူနဲ့… ငါ ဆက်မထိန်းထားနိုင်တော့အချိန် နင့်ကို ပြောမယ်…”

သေခြင်းရှင်ခြင်း အချိန်မျိုးတွင်ပင်လျှင် သူမအား တစ်ယောက်တည်းမထားခဲ့သော ရန်ကိုင့်ကိုကြည့်ရင်း လျို့ရှန်းယွင်၏ရင်ထဲ အလွန်ကိုမှ နွေးထွေးသွားခဲ့ရလေသည်။ မည်သည့်ဘေးအန္တရာယ်နှင့် ကြုံရပါစေ ထားမသွားခဲ့ဘဲ အတူတကွ ရင်ဆိုင်ရဲသည့် ဤကဲ့သို့သော မိတ်ဆွေတစ်ဦးကို ရှာတွေ့ရန်မှာ တကယ်ကို မလွယ်ကူပေ။

ရန်ကိုင်နှင့် သိကျွမ်းခွင့် ရခဲ့သည်မှာ သူမဘဝတွင် အကောင်းဆုံးအရာပါလားဟု လျို့ရှန်းယွင် ခံစားမိသွားလေသည်။

လျို့ရှန်းယွင်မှာတော့ လုံးဝကို လက်လျှော့လိုက်လေပြီ။ ထို့အတွက်ကြောင့် ဝမ်းနည်းစွာပြုံးလျက် ပြောလိုက်လေ၏။ “စီနီယာအစ်ကို… နောက်ပိုင်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော်…”

“နင်ဘာလုပ်နေတာလဲ…” ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ လျို့ရှန်းယွင်ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သတိပြုမိလိုက်သော် အလျင်အမြန် လှမ်းအော်ပြောလိုက်လေ၏။ “လက်မလျှော့နိုင်ဘူး… ငါ့မှာ အခြားနည်းလမ်းတစ်ခု ရှိသေးတယ်…”

လျို့ရှန်းယွင်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါပြလိုက်သည်။

ရန်ကိုင် မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် ဖြစ်လာခဲ့လေသည်။ လျို့ရှန်းယွင်သည် သူ့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သည့် အတွက်ကြောင့် ဆက်၍ မခုခံနေတော့မှန်း ရန်ကိုင်သိပေသည်။ ရန်ကိုင့်စိတ်ထဲ လျို့ရှန်းယွင်အား ကမ္ဘာငယ်လေးထဲသို့ ခေါ်သွင်းလိုက်တော့မည့်အပြု လျို့ရှန်းယွင်၏ အမူအယာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ သူမ၏အမူအယာမှာ တစ်စုံတစ်ခုအား လုံးဝကို နားမလည်နိုင် ဖြစ်နေသည့် ပုံစံမျိုးပင်။

ထို့နောက်တွင် အလန့်တကြား ဆိုလိုက်လေ၏။ “စီနီယာအစ်ကို… ခုခံမနေတော့နဲ့… ခုခံမနေဘူးဆိုရင် ဘာအန္တရာယ်မှ မရှိဘူး…”

သူမ၏စကားကို ကြားသော် ရန်ကိုင်လည်း လျို့ရှန်းယွင်အား သေချာဂရုစိုက် စစ်ဆေးကြည့်လိုက်လေ၏။ သူမပြောသည့်အတိုင်းပင် လျို့ရှန်းယွင်သည် လုံးဝ ထိခိုက်ထားခြင်း မရှိကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်သည်လည်း ဆက်၍ ခုခံမနေတော့ဘဲ ထိုကြောက်မက်ဖွယ်ရာ စွမ်းအားအား သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားစေလိုက်လေသည်။

သူ့အား ဖိနှိပ်၍ သူ့ခန္ဓာကိုယ်အား ထိခိုက်အောင်လုပ်နေသော စွမ်းအားမှာ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေ၏။

လျို့ရှန်းယွင်ပြောသည်မှာ တကယ်မှန်ပေသည်။ ကိုယ့်ဘက်ကပိုခုခံလေ ပို၍ ထိခိုက်ရလေ။

သို့သော်ငြား သာမန်လူတစ်ဦးသာ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက မခုခံပဲ နေသည့်လူ မည်သူရှိပါမည်နည်း။ အကုန်လုံးသည် ဤဝဲကတော့ကြီးလက်မှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ကြိုးစားကြပေလိမ့်မည်။ သူတို့ဘက်မှ စတင်၍ ရုန်းကန်လိုက်သည်နှင့် တစ်ပြိုင်နက် သေခြင်းတရားသည် သူတို့ဆီသို့ တဖြည်းဖြည်း နီးကပ်လာပေလိမ့်မည်။

ရန်ကိုင်တို့ဘက်မှ လက်လျှော့လိုက်သည်နှင့် တစ်ပြိုင်နက် အားကောင်းလှသော စွမ်းအားသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့အား ဟင်းလင်းပြင်တောင်တန်း၏ အတွင်းပိုင်းထဲဆီသို့ အလျင်အမြန် ဆွဲခေါ်သွားလေသည်။ ထိုကသောင်းကနင်း စွမ်းအားများသည် ရန်ကိုင့်အား မုန်တိုင်းထဲသို့ ရောက်နေသော လှေငယ်လေးတစ်စင်းပေါ်တွင် ရှိနေသလို ခံစားလိုက်ရလေသည်။

“စီနီယာအစ်ကို… ကြည့်…” ရန်ကိုင်မှ တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားသော လျို့ရှန်းယွင်သည် ရုတ်တရက် အလန့်တကြား ထအော်လေ၏။

လျို့ရှန်းယွင်ပြောသည့်အတိုင်း ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ တမုဟုတ်ချည်း မျက်နှာပျက်သွားခဲ့ရလေသည်။ လက်ရှိ သူတို့ရှေ့တည့်တည့်တွင် အလွန်ပြင်းထန်သည့်စွမ်းအားများ ထွက်ပေါ်နေသော ဧရာမအနက်ရောင်ဖန်ပြွန်ပုံစံ ဝဲကတော့ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုဖန်ပြွန်ပုံစံ ဝဲကတော့ကြီး၏ အနီးတစ်ဝိုက်တွင် မြေသားများမှာ စဉ်ဆက်မပြတ် လည်ပတ်နေခဲ့ပြီး မရေမတွက်နိုင်သော သားရဲများမှာလည်း အထဲသို့ ဆွဲယူခံနေရသည်။

သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အထဲရှိ အခြေအနေကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်ပါသော်ငြား သူ့ကောင်းကင်စိတ်အာရုံမှာ ခန္ဓာကိုယ်ထဲမှ ထွက်ထွက်ခြင်း တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ့အသိစိတ်ပင်လယ်မှာ အနည်းငယ် ထိခိုက်သွားခဲ့ရလေ၏။ ထိုကဲ့သို့ဖြစ်ပြီးသည့်နောက်ပိုင်း ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံအား ခန္ဓာကိုယ်အပြင်ဘက်သို့ လုံးဝ မထုတ်လွှတ်ရဲတော့ပေ။

လျို့ရှန်းယွင်မှာလည်း ပိုပို၍ စိတ်ပူလာနေခဲ့လေ၏။ သူမ၏ခန္ဓာကိုယ်လေးမှာ အလွန်အေးစက်သည့် နှင်းထုထဲသို့ ရောက်နေသည့်အလား တုန်တုန်ယင်ယင် ဖြစ်နေလေ၏။ ထိုအနက်ရောင်ဖန်ပြွန်ပုံစံ ဝဲကတော့ကြီးထဲသို့ ဆွဲယူခံလိုက်ရပြီးသည့်နောက်ပိုင်း သူတို့၏ကံကြမ္မာ မည်ကဲ့သို့ ဖြစ်သွားမလဲ သူမ မသိချေ။ ကြယ်တာရာအစုအဝေးသို့ ရောက်သည်မှာ မကြာသေးသည့် အတွက်ကြောင့် လျို့ရှန်းယွင်အနေဖြင့် ဤကဲ့သို့ မသေချင်သေးပေ။

သူမဘေးသို့ လှမ်းကြည့်လိုက်သည့်အခါ ရန်ကိုင်သည် မျက်စိပျက်မျက်နှာပျက် ဖြစ်နေသည့်တိုင် အနည်းငယ်မျှပင်လျှင် ထိတ်လန့်တုန်လှုပ်နေခြင်း မရှိကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင့်၏အမူအယာကို မြင်ပြီးသည့်နောက် သူမစိတ်ထဲ အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့လေ၏။ သူမသေရမည်ဆိုလျှင်ပင် ရန်ကိုင်နှင့် အတူတကွ သေခွင့်ရသည်မှာ မဆိုးလှဟု ခံစားရလေသည်။ ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် သူမတစ်ကိုယ်လုံး မမြင်နိုင်သော အချုပ်အနှောင်တစ်ခုခုမှ လွတ်မြောက်သွားသည့်အလား လွတ်လွတ်လပ်လပ် ဖြစ်သွားခဲ့လေသည်။

“နင့်ကိုယ်နင် ကာကွယ်ထား…” ရန်ကိုင်က ရုတ်တရက် လျို့ရှန်းယွင်၏ကျောကို ပုတ်လိုက်လေ၏။

ရန်ကိုင်မှ ထိုကဲ့သို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူနှင့် လျို့ရှန်းယွင်တို့နှစ်ဦးစလုံး ဖန်ပြွန်ပုံစံ ဝဲကတော့ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။ ရုတ်တရက်ဆိုသလို ရန်ကိုင်ခေါင်း မူးဝေသွားခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံးမှာလည်း မှောင်မိုက်သွားခဲ့လေသည်။

ရန်ကိုင့်၏ခန္ဓာကိုယ်မှာ ဂျင်တစ်လုံးနှယ် တဝီဝီမြည်အောင် လည်ပတ်နေရင်း အဆုံးမဲ့ဝဲကတော့ထဲသို့ ဆွဲသွားခြင်း ခံနေခဲ့ရလေသည်။

ထိုအချိန်အတောအတွင်း လျို့ရှန်ယွင်းမှာ ရန်ကိုင့်အား ပို၍ တင်းတင်းကြပ်ကြပ်ပင် ဖက်ထားခဲ့လေ၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သစ်သားတုံးနှယ် တောင့်တင်းနေခဲ့လေသည်။

အချိန်မည်မျှ ကြာလို့ကြာသွားမှန်းမသိ ရုတ်တရက် သူ့မြင်ကွင်းထဲ အလင်းတစ်စက်ကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။ သို့သော်ငြား ဝဲကတော့၏ စွမ်းအားကြောင့် ရန်ကိုင့်မှာ သူ့ရှေ့တည့်တည့်ရှိ အခြေအနေကို သေသေချာချာ မစစ်ဆေးနိုင် ဖြစ်နေခဲ့လေသည်။

“ဘုန်း…”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ သူ့တစ်ကိုယ်လုံး နာကျင်သွားခဲ့ရလေသည်။ မသိလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စုံတစ်ခုမှ ကိုင်၍ ဆောင့်ချလိုက်သည့်အလား။ မကြာခင် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သူတို့မှာ မြေပြင်တစ်ခုပေါ်သို့ ရောက်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ရစ်ပတ်ထားသော ဘာမှန်းမသိရသည့် ဝဲကတော့၏ စွမ်းအားမှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ခဏအကြာတွင် လေခွင်းသံများစွာကိုလည်း ရန်ကိုင် ကြားလိုက်ရလေ၏။

“ဘုန်း ဘုန်း ဘုန်း…”

မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့လေသည်။ တချို့ဆိုလျှင် သူတို့မျက်နှာကိုပင်လျှင် လာစင်သေး၏။ အနံ့များကို ရှူရှိုက်ကြည့်ရသလောက် ထိုအရာများသည် သစ်တောထဲ ပေါက်ကွဲထွက်သွားသော သားရဲများ၏ အသားစများနှင့် သွေးစများ ဖြစ်နေကြလေ၏။

ရန်ကိုင်သည် ဆိုးဆိုးရွားရွားတစ်ခုခု ဖြစ်ပျက်လာမည် ဆိုးသည့်အတွက်ကြောင့် မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။ လျို့ရှန်းယွင်နှင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ၏ အရင်းအမြစ်ချီကို သေသေချာချာ လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာခင်မှာပင်လျှင် သူ့အရင်းအမြစ်ချီအား လွတ်လွတ်လပ်လပ် လှည့်ပတ်နိုင်ကြောင်းကို တွေ့ရှိလိုက်ရလေသည်။

လျို့ရှန်းယွင်မှာတော့ သတိလစ်နေသည့်အလား တစ်ချက်ကလေးပင် မလှုပ်ခဲ့ပေ။ သို့သော်ငြား သူမ၏အရှိန်အဝါမှာ တည်ငြိမ်နေသလို လျို့ရှန်းယွင်ကိုယ်တိုင်ကလည်း ကောင်းကောင်းမွန်မွန် အသက်ရှူနေသေး၏။ ထို့အတွက်ကြောင့် သူမ ဒဏ်ရာဆိုးဆိုးရွားရွား ရမထားသည်မှာ သေချာပေသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင့်၏ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားခဲ့လေသည်။ မည်သည့်အန္တရာယ်မှာ မရှိတော့မှန်း သေချာအောင် အတည်ပြုပြီးမှသာလျှင် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ သူတို့ခန္ဓာကိုယ်အား ဖုံးအုပ်ထားသော ရွှံ့စရွှံ့နများ၊ အပျက်အစီးစများ၊ အသားစများကို ဖယ်ထုတ်ပစ်လိုက်လေသည်။

ထို့နောက် ကုန်းပေါ်သို့ တက်၍ လျို့ရှန်းယွင်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်လေ၏။ လျို့ရှန်းယွင် အကောင်းအတိုင်း ရှိနေသေးပြီး သတိလစ်နေခြင်းသာဖြစ်ကြောင်း အတည်ပြုပြီးမှသာလျှင် ပတ်ဝန်းကျင်အား စတင်စစ်ဆေးကြည့်လိုက်လေသည်။

သို့သော်ငြား ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်မိမိချင်းမှာပင် ရန်ကိုင်မင်သက်သွားခဲ့လေသည်။ အကြောင်းမှာ သူနှင့် လျို့ရှန်းယွင်သည် ကျွန်းတစ်ခုပေါ်သို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။

ဤကျွန်းမှာ သိပ်မကြီးလှ။ မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းပေသည်။ ထို့အပြင် ကျွန်း၏မြေသားထုနှင့် ကျွန်းပေါ်ရှိ အပျက်အစီးများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဤကျွန်းသည် ယခုလေးတင်မှ ဖြစ်ပေါ်လာသည့် ကျွန်းတစ်ခုမှန်း ရန်ကိုင်သိသွားခဲ့သည်။ အကြောင်းမှာ ဤကျွန်းပေါ်ရှိ မြေသားထုမှာ ဟင်းလင်းပြင်တောင်တန်းအတွင်းပိုင်းထဲရှိ မြေသားထုနှင့် အတူတူသာ ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထို့အပြင် အမျိုးမျိုးသော သက်ရှိများ၏ အသားစများ သွေးစများကိုလည်း ကျွန်းအနှံ့ တွေ့နေရသည်။ ထိုအရာများကြောင့် ကျွန်းတစ်ခုလုံးမှာ နီစွေးစွေး ဖြစ်နေလေ၏။

ဝဲကတော့ကဲ့သို့သော ဖန်ပြွန်ကြီးသည် ဟင်းလင်းပြင်တောင်တန်း အတွင်းပိုင်းထဲရှိ မြေသားထုများ၊ သစ်ပင်များ၊ သက်ရှိများအားလုံးကို ဆွဲယူလျက် ဤနေရာတွင် ကျွန်းတစ်ခု ဖန်တီးလိုက်ခြင်းပင် ဖြစ်လေသည်။

ဤကျွန်းပတ်ပတ်လည်တွင်တော့ အလွန်တရာကိုမှ ဆန်းကြယ်လှသော အဆုံးမဲ့ပင်လယ်ကြီး ရှိနေခဲ့လေ၏။

သို့ရာတွင် ရန်ကိုင့်အား ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ ပင်လယ်မျက်နှာပြင်ပေါ်တွင် တွေ့ရသော ရေပန်းများပင် ဖြစ်လေသည်။ ပင်လယ်ပြင်ထဲမှ မကြာခဏ ထွက်ပေါ်လာလေ့ရှိသော ရေပန်းများသည် ကောင်းကင်ယံထိတိုင် ရောက်ရှိလို့ နေခဲ့၏။

ရေပန်းများမှာလည်း တစ်ခုနှင့်တစ်ခု အရွယ်အစား တူညီခြင်း မရှိကြချေ။ သို့သော်ငြား ရေပန်းတစ်ခုစီတိုင်းသည် အလွန်ကိုမှ အန္တရာယ်များသည့် ပြင်းထန်လွန်းလှသော ဆွဲအားကို ထုတ်လွှတ်နေခဲ့လေသည်။

ထို့အပြင် ထိုရေပန်းများမှာ တစ်နေရာထဲတွင် ငြိမ်နေခြင်းမရှိ။ တောက်လျှောက်ကို ရွေ့လျားနေခဲ့လေသည်။ သူတို့ ရွေ့လျားနေသည့်နှုန်းမှာလည်း ရေပန်းတစ်ခုနှင့်တစ်ခု တူညီခြင်း မရှိကြချေ။ တချို့ရေပန်းများဆိုလျှင် လျှပ်စီးတမျှ အမြန်နှုန်းဖြင့်ပင် ရွေ့လျားနေကြလေသည်။ ထိုရေပန်းများ ဖြတ်သန်းရာမှ ရေလှိုင်းလုံးကြီးများလည်း အဆက်မပြတ်ကို ဖြစ်ပေါ်လာနေခဲ့လေ၏။

ထို့အပြင် သူ့ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ သိပ်သည်းလှကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။ သို့သော်ငြား ဤနေရာရှိ မိုးမြေစွမ်းအင်သည် သူယခင် ရောက်ရှိခဲ့ဖူးသော နေရာများရှိ မိုးမြေစွမ်းအင်နှင့် ကွာခြားနေသလို ခံစားရလေသည်။ မည်ကဲ့သို့ ကွာခြားသလဲဆိုသည်ကိုတော့ ရန်ကိုင် မပြောနိုင်ပေ။

ဤနေရာသည် ဘယ်နေရာနည်း။ ဟင်းလင်းပြင်တောင်တန်း၏ ဟင်းလင်းပြင်ဝဲကတော့ထဲသို့ ရောက်ပြီးသည့်နောက် မည်ကဲ့သို့များ ဤနေရာသို့ ရောက်ရှိလာရလေသနည်း။

ဤနေရာသည် ဟင်းလင်းပြင်တောင်တန်း၏ မြေအောက်ထဲတွင် ရှိနေခြင်းပင်လော။ သို့သော်ငြား ဤကျွန်းနှင့် ကျယ်ပြန့်လှသော ပင်လယ်ကြီးသည် မည်ကဲ့သို့များ ဟင်းလင်းပြင်တောင်တန်း၏ မြေအောက်ထဲတွင် ရှိနေနိုင်ခြင်း ဖြစ်ရမည်နည်း။

ဖြစ်နိုင်သည်မှာ ဤနေရာသည် သီးခြားကမ္ဘာငယ်လေးတစ်ခုများလေလော။ ရန်ကိုင် ထိတ်လန့်နေခဲ့လေသည်။

သို့သော်ငြား တွေးကြည့်လေ တွေးကြည့်လေ ဤနေရာသည် ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်ဟူသော အချက်မှာ ပို၍ ဖြစ်လာနိုင်လေပေ။ ဝဲကတော့ထဲသို့ ဆွဲယူခြင်း ခံလိုက်ရစဉ်က လေဟာနယ်နိယာမစွမ်းအားအချို့ကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်လေသည်။ ထိုဖန်ပြွန်ပုံစံဝဲကတော့ကြီးသည် ကမ္ဘာငယ်လေးဆီသို့ ဦးတည်နေသော ဝင်ပေါက်တစ်ခုသာ ဖြစ်ရပေလိမ့်မည်။

ဤနေရာသာ ကမ္ဘာငယ်လေးတစ်ခု ဆိုလျှင်တော့ ပြဿနာတော့ များပေပြီ။ သူ့အနေဖြင့် ဤကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲ ကမ္ဘာငယ်လေးထဲမှ အပြင်သို့ထွက်နိုင်သည့် ထွက်ပေါက်ကို မည်ကဲ့သို့များ လိုက်ရှာရမည်နည်း။

All Chapters