အခန်း (၂၃၆၁-၂၃၆၅)
Vol. 95 Ch. 2361-2365
အပိုင်း (၂၃၆၁)
ရန်ကိုင် သူ့ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးကြည့်နေစဉ်မှာပင် သူနှင့် မလှမ်းမကမ်းဆီသို့ လူတစ်ယောက် ပြုတ်ကျလာခဲ့လေသည်။
ထိုလူကို မြင်လိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လျို့ရှန်းယွင်ကို သယ်၍ အလျင်အမြန် နောက်သို့ ဆုတ်လိုက်လေ၏။
ထိုလူသည် အခြားမဟုတ်၊ ယောင်ချန်ကျွင်းသာ ဖြစ်လေသည်။
ယောင်ချန်ကျွင်းသည်လည်း သူနှင့်အတူ ဟင်းလင်းပြင်ဝဲကတော့ကြီးထဲသို့ ဆွဲခေါ်ခံလိုက်ရမည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား လက်ရှိ ယောင်ချန်ကျွင်း ပုံစံမှာ အတော်လေးကို စုတ်စုတ်ပြတ်ပြတ် ဖြစ်နေခဲ့သည်။ အဝတ်အစားများ စုတ်ပြဲနေပြီး တစ်ကိုယ်လုံးမှာလည်း သွေးချင်းနီနေခဲ့လေသည်။ သူ့အရှိန်အဝါသည်ပင်လျှင် မတည်မငြိမ် ဖြစ်နေလေ၏။ ကြည့်ရသလောက် ယောင်ချန်ကျွင်းသည် ဝဲကတော့၏ ဆွဲအားကို ရသလောက် ခုခံခဲ့သည့်ပုံပင်။
ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် လျို့ရှန်းယွင်၏ အကြံပေးချက်ကြောင့် ထိုကဲ့သို့ မဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။ ယောင်ချန်ကျွင်းနှင့် ယှဉ်လိုက်သော် ရန်ကိုင်က အများကြီး ပိုအခြေအနေ ကောင်းပေသည်။
(ဒီလူ တကယ်ကြီး အသက်ရှင်နေသေးတာပဲ) ဧကရာဇ်တတိယအဆင့် ပညာရှင်များသည် တကယ်ကို သတ်ရ မလွယ်ကူချေ။ ဝိဥာဉ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့်တိုင် ယောင်ချန်ကျွင်းကို သတ်ရန် မလွယ်ကူပေ။
“မင်းပဲ၊ ခွေးကောင်လေး” ရန်ကိုင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ယောင်ချန်ကျွင်း၏ အမူအရာ အေးစက်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာလေ၏။
ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ဟင်းလင်းပြင်တောင်တန်းထဲသို့ ဝင်လာမိလိမ့်မည် မဟုတ်သလို ဟင်းလင်းပြင်ဝဲကတော့ထဲသို့လည်း ဆွဲခေါ်ခံရလိမ့်မည် မဟုတ်ချေ။ သူယခုကဲ့သို့ ဖြစ်သွားရခြင်း၏ အဓိက တရားခံသည် သူ့ရှေ့တည့်တည့်တွင် ရှိနေခဲ့လေသည်။
သူ့စိတ်ထဲ ရန်ကိုင်အား တိုက်ခိုက်ရန် ကြံနေစဉ်မှာပင် ခပ်လှမ်းလှမ်းတစ်နေရာဆီသို့ နောက်ထပ်လူတစ်ယောက် ပြုတ်ကျလာခဲ့လေသည်။
နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြပြီး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။ သို့သော် ပြုတ်ကျလာသည့် လူကို မြင်ပြီးနောက် နှစ်ဦးစလုံး စိတ်သက်သာရာ ရသွားခဲ့ကြလေသည်။
ရောက်လာသည့်လူမှာ အခြားမဟုတ်ဘဲ စိမ့်တောမြို့၏ မြို့သခင် ပန်းကွမ် ဖြစ်နေခဲ့သည်။
ပန်းကွမ် သူ့နောက်မှ လိုက်လာမှန်းကို ယောင်ချန်ကျွင်း အစောကြီးကတည်းက သတိထားမိသားပင်။ သူ့စိတ်အာရုံအလုံးစုံသည် ရန်ကိုင်ပေါ်သို့သာ ရောက်နေသည့် အတွက်ကြောင့် ပန်းကွမ်ကို ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပန်းကွမ်သည် သူ့ထက် ပိုအခြေအနေကောင်းကြောင်းကို မြင်ပြီးနောက် ယောင်ချန်ကျွင်း အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ ပန်းကွမ်သည် မည်သည့် ဒဏ်ရာမှ မရထားဘဲ သူ့အဝတ်အစားများသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေခြင်း ဖြစ်သည်။
“မင်းတို့နှစ်ယောက်စလုံး အဆင်ပြေကြတာလား” မျက်နှာချင်းဆိုင်နေကြသည့် ရန်ကိုင်နှင့် ယောင်ချန်ကျွင်းတို့ကို မြင်လိုက်သည့်နောက် ပန်းကွမ်က ပြောလိုက်လေသည်။
ယောင်ချန်ကျွင်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည် “မင်းက ငါ့ကို သေစေချင်နေတာလား”
ပန်းကွမ်၏ပုံစံကို မြင်ပြီးနောက် ပန်းကွမ်တွင် ဝဲကတော့၏ဆွဲအားဆီမှ မည်သည့် ဒဏ်ရာမှမရဘဲ ရှောင်ထွက်လာနိုင်သည့်နည်းလမ်းရှိမှန်း ယောင်ချန်ကျွင်း သိလိုက်၏။ သို့သော်ငြား စိမ့်တောမြို့တွင် နှစ်ပေါင်းနှစ်ရာခန့်ကြာအောင် နေလာသော သူ့မှာတော့ ဤကဲ့သို့ ဖြစ်နေရသည်ဟူသည့် အကြောင်းကိုတွေးရင်း ယောင်ချန်ကျွင်း ဒေါသထွက်ချင်လာခဲ့လေသည်။
ယောင်ချန်ကျွင်း၏ လက်စာ မိထားဖူးသည့်အတွက်ကြောင့် ပန်းကွမ်သည် ယောင်ချန်ကျွင်းရှေ့တွင် မဆင်မခြင် မနေရဲတော့ချေ။ ရှက်ရှက်ဖြင့် ပြုံးကာ ပြန်ပြောလိုက်လေ၏ “မဟုတ်ပါဘူး။ ဒီပန်းက ဒီအတိုင်း မေးလိုက်ရုံပါပဲ”
ရန်ကိုင်က ပြန်ပြောလိုက်လေသည် “မြို့သခင်ပန်းက တကယ်ကို မယုံရတာပဲနော်။ ဝဲကတော့ထဲက အန္တရာယ်ကို ရှောင်နိုင်တဲ့ နည်းလမ်းကို သိထားရဲ့သားနဲ့ ဘာလို့ စီနီယာယောင်ကို မပြောပြလိုက်တာလဲ။ မြို့သခင်ပန်း စီနီယာယောင်ကို စောစော သေစေချင်နေတာမလား။ စီနီယာယောင်၊ ကျုပ်သာ ခင်ဗျား နေရာမှာဆို ဒီကောင့်ကို ကောင်းကောင်း ဆုံးမပေးပစ်လိုက်ပြီ”
ရန်ကိုင်၏ စကားကိုကြားသော် ပန်းကွမ် မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်း ယောင်ချန်ကျွင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။ ယောင်ချန်ကျွင်းမှာ ထူးမခြားနားဟန်ဖြင့်သာ ရှိနေသည်ကို မြင်ပြီးနောက် စိတ်သက်သာရာရသွားပြီး ချက်ချင်း ပြန်အော်ပြောလိုက်လေ၏ “မင်းပါးစပ်ကိုပိတ်ထားစမ်း ကောင်လေး၊ ဒီဘုရင် မင်းနဲ့ အခုထိ စာရင်းရှင်းရသေးတာမဟုတ်ဘူး။ စီနီယာယောင်လို လူတစ်ယောက်က မင်းမြှောက်ထိုးပင့်ကော် လုပ်ပေးလိုက်ရုံတဲ့ မင်းပြောတဲ့အတိုင်း လိုက်လုပ်မယ် ထင်နေတာလား”
ထိုသို့ပြောပြီးနောက်တွင် ယောင်ချန်ကျွင်းဘက်သို့လှည့်၍ လက်သီးဆုပ်လျက် ပြောလိုက်လေသည် “စီနီယာ၊ ကျုပ်နဲ့ ဒီကောင်လေးကြားမှာလည်း ရန်ကြွေး ရှိပါတယ်။ ဒါပေမယ့် ရန်ကြွေးက အဲ့လောက်ကြီးတာမဟုတ်တော့ စီနီယာရန် သူ့ကို သတ်ချင်တယ် ဆိုရင် ဒီဂျူနီယာ ဝင်မရှုပ်ဘဲ ဒီအတိုင်းပဲ ရပ်ကြည့်နေပေးပါ့မယ်”
ယောင်ချန်ကျွင်းသည် ပန်းကွမ်ကိုကြည့်လျက် ပြန်ပြောလိုက်လေသည် “မင်းဒီလူအိုကြီးနောက်ကို တောက်လျှောက် လိုက်နေတာ၊ အဲ့လို ရပ်ကြည့်ဖို့ သက်သက်အတွက်လား”
ပန်းကွမ်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာပြီး ချက်ချင်း ပြန်၍ ပြောလိုက်လေသည် “စီနီယာ နားလည်မှုလွဲနေပြီ ထင်ပါတယ်။ ဒီပန်း ဟင်းလင်းပြင်တောင်တန်းထဲ ဝင်လာတာ လုပ်စရာကိစ္စတစ်ခုရှိလို့ပါ။ စီနီယာနောက်ကို တမင်သက်သက် လိုက်လာတာ မဟုတ်ပါဘူး”
ယောင်ချန်ကျွင်းသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ဟင်းလင်းပြင်ဝဲကတော့ထဲသို့ ဆွဲခေါ်ခံလိုက်ရစဉ်က ဒဏ်ရာရထားခဲ့သော်ငြား သူ့လက်ရှိခွန်အားအရ ပန်းကွမ်နှင့် ရန်ကိုင်တို့နှစ်ဦးစလုံးကို ဂရုကိုမစိုက်ချေ။ အစောပိုင်းက ရေနွေးကြမ်းဆိုင်တွင် ရန်ကိုင်၏ လက်စာ မိသွားခဲ့ရခြင်းမှာ သတိလက်လွတ် ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
သို့သော်ငြား လက်ရှိ အခြေအနေအရ ပန်းကွမ်နှင့် ပြဿနာ မဖြစ်သည်မှာ အကောင်းဆုံး ဖြစ်သည်။ တကယ်တော့ သူ့ဝိဥာဉ်သည် ဆိုးဆိုးရွားရွား ထိခိုက်ထားသလို ပန်းကွမ် ကိုယ်တိုင်ကလည်း ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ နောက်ဆုံး တိုက်ပွဲဖြစ်လာခဲ့၍ ပန်းကွမ်းကို သတ်လိုက်နိုင်မည်ဆိုလျှင်ပင် သူသည်လည်း တန်ရာတန်ကြေးတစ်ခု ပြန်ပေးဆပ်ရပေလိမ့်မည်။
“စီနီယာက ဒီနေရာက ဒဏ္ဏာရီထဲမှာပဲရှိတဲ့ ဟင်းလင်းပြင်ကမ္ဘာလား” ယောင်ချန်ကျွင်း တိတ်နေသည်ကိုမြင်သော် ပန်းကွမ် စိတ်ပူလာပြီး ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်လေသည်။
“ဟင်းလင်းပြင်ကမ္ဘာလား” ရန်ကိုင် မျက်ခုံးပင့်သွားလေ၏။
ယခု သူတို့ မည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို ရန်ကိုင် အသိချင်ဆုံးပင်။ ရန်ကိုင်သည် ပန်းကွမ်နှင့် ယောင်ချန်ကျွင်းတို့ကဲ့သို့ မဟုတ်ဘဲ စိမ့်တော့မြို့က လတ်တလောကမှ ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဤနေရာနှင့် ပက်သက်သည့် ကောလဟာလများအကြောင်းကို သူ့ထက် ထိုနှစ်ဦး ပိုသိရပေလိမ့်မည်။
“သိရင် ဒီလူအိုကြီးကို ဘာလို့ လာမေးနေသေးတာလဲ’
ပန်းကွမ်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည် “ဟင်းလင်းပြင်ကမ္ဘာကြီး တကယ် ရှိလိမ့်မယ်လို့ ဒီပန်း မထင်ထားလို့ပါ။ ဒီပန်း မြို့သခင်ဖြစ်တာ နှစ်နဲ့ချီနေပြီ။ ဒါပေမယ့် ဒီဟင်းလင်းပြင်ကမ္ဘာကြီးကို မျက်စိတပ်အပ် မြင်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး”
“ဟင်းလင်းပြင်ကမ္ဘာက ဘာကြီးလဲ။ ဒီကနေကော ဘယ်လိုထွက်သွားရမှာလဲ” ရန်ကိုင်က ကောက်မေးလိုက်လေသည်။
ပန်းကွမ်က ပြန်အော်ပြောလေ၏ “မင်းမေးတိုင်း ဖြေရအောင် မင်းက ဘာကောင်မို့လို့လဲ။ စကားမများဘဲ ကိုယ့်ဘာသာ သေမှာကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေစမ်းပါကွာ”
ရန်ကိုင် မျက်နှာကြီး မှုန်ကုတ်သွားခဲ့လေ၏ “မြို့သခင်ပန်း၊ အရင်က ကျုပ်တို့ကြားမှာ ဘယ်လိုရန်ကြွေးပဲရှိရှိ အခု ကျုပ်တို့အားလုံးက တစ်လှေတည်း စီးနေကြတဲ့ လူတွေနော်။ ခင်ဗျားတစ်ခုခု သိထားရင် ပြောပြလိုက်တာ ပိုမကောင်းသွားဘူးလား။ ပြီးတော့ ကျုပ်က ခင်ဗျား အဖေကို သတ်တာလဲမဟုတ်၊ ခင်ဗျား မိန်းမကို ခိုးတာလဲမဟုတ်ဘူး။ အဲ့လောက်ကြီး သဘောထား မသေးသိမ်စမ်းပါနဲ့ဗျာ”
ပန်းကွမ်က ပြန်ပြောလေသည် “မင်းနဲ့ငါက လမ်းတူတာမဟုတ်ဘူး။ ဒီတော့ ငါမင်းကို ဘာမှ ပြောပြမှာမဟုတ်ဘူး။ သိချင်ရင် စီနီယာယောင်လက်ကနေ အရင်ဆုံး အသက်ရှင်အောင်လုပ်လိုက်”
ရန်ကိုင်မှ ယောင်ချန်ကျွင်းအား ရန်စလိုက်သည့် အချိန်မှစ၍ ပန်းကွမ်သည် ရန်ကိုင်ကို သေလူအဖြစ် သတ်မှတ်ထားလိုက်လေပြီ။ ထို့ကြောင့် ရန်ကိုင်နှင့် အချိန်ကုန်ခံကာ စကား မပြောချင်တော့ချေ။ ထိုသို့ ပြောပြီးနောက်တွင် ပန်းကွမ်သည် ယောင်ချန်ကျွင်းဘက်သို့ လှည့်၍ ပြုံးလျက် ပြောလိုက်လေသည် “စီနီယာက ကျုပ်က ဒီဟင်းလင်းပြင်ကမ္ဘာ အကြောင်းကို ကောလဟာလတွေထဲမှာပဲ ကြားဖူးတာဆိုတော့ ဒီနေရာအကြောင်း သိပ်မသိဘူး။ ဒီနေရာနဲ့ ပက်သက်ပြီး စီနီယာမှာ အကြံလေးဘာလေးများ ရှိမလား မသိဘူး”
ထိုအခြင်းအရာကို မြင်သည့်အခါက ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေ၏ “ဒီတော့ ခင်ဗျားလည်း မသိဘူးပေါ့”
ပန်းကွမ်က ပြန်ပြောလေသည် “မင်းက ဘာရယ်စရာပါလို့ ရယ်နေတာလဲ”
ထိုသို့ ပြောနေရင်းမှ ပန်းကွမ် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး နှာခေါင်း တရှုံ့ရှုံ့ လုပ်လိုက်လေသည်။ ထို့နောက် သင်္ကာမကင်း လေသံဖြင့် “ဘာအနံ့ကြီးလဲ”
ထူးဆန်းသော အနှံ့တစ်နံ့ လေထဲ ပျံ့နှံ့လာခဲ့လေသည်။
ရန်ကိုင်နှင့် ယောင်ချန်ကျွင်းတို့ နှစ်ဦးစလုံး ထိုအနံ့ကို ရလိုက်ကြလေသည်။ ထိုအနံ့ကို ရလိုက်သည်နှင့် နှစ်ယောက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် တစ်ပြိုင်တည်း ထအော်လိုက်ကြလေသည် “မဟာကောင်းကင်ဝိဥာဉ်ကြာပန်း”
ထိုသို့ အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်စလုံး အသံကြားရာဆီသို့ ပြေးထွက်သွဦးကြလေသည်။
ပန်းကွမ်းမှာတော့ ကြောင်နေခဲ့လေသည်။ မဟာကောင်းကင်ဝိဥာဉ်ကြာပန်း ဟူသော စကားကို ကြားမှသာ အသိဝင်လာပြီး ရန်ကိုင်တို့နောက်သို့ အမြန် ပြေးလိုက်လေ၏။
ပန်းကွမ်နှင့် ယောင်ချန်ကျွင်းတို့မှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသော်ငြား သူတို့ နှစ်ယောက်စလုံးသည် ရန်ကိုင်လောက် မမြန်ကြချေ။ တစ်ခဏအတွင်း ရန်ကိုင်သည် အနံ့ထွက်ပေါ်ရာဆီသို့ ရောက်လာခဲ့လေသည်။
လက်ရှိ သူ့ရှေ့တွင်ရှိနေသော ရွှံ့ပုံကြီးသည် ဟင်းလင်းပြင်တောင်တန်းထဲမှ ရောက်လာသည့် ရွံ့ပုံကြီးဖြစ်သည်။
ရန်ကိုင်သည် ရွှံ့ပုံထဲသို့ လက်ထိုးနှိုက်လိုက်လေသည်။ သူရှာနေသည့် အရာကို တွေ့သွားသော် သူ့လက်ကို ပြန်ဆွဲယူ၍ ရွံ့ပုံထဲမှ ရလာသည့်အရာကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းတော့မည်အပြု...
“မင်းသေချင်နေတာလား ကောင်လေး” ယောင်ချန်ကျွင်းသည် အော်ဟစ်ရင်းမှ ရန်ကိုင်ဆီသို့ လက်ဝါးတ်စချက် ရိုက်ထုတ်လိုက်လေသည်။
တိုက်ခိုက်ရာတွင်လည်း ကြာပန်းအား ထိခိုက်သွားမည် စိုးသည့်အတွက်ကြောင့် အားကုန်သုံး၍ မတိုက်ခိုက်ရဲခဲ့ပေ။ သို့သော်ငြား ထိုလက်ဝါးချက်သည်ကပင်လျှင် ရန်ကိုင် ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
ရန်ကိုင်သည် ချက်ချင်း တည်နေရာ ခုန်ကူးလိုက်လေသည်။
ဘုန်း...
ယောင်ချန်ကျွင်း၏ လက်ဝါးချက် ထိမှန်သွားသည့် နေရာတွင် ဧရာမအက်ရာကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သူ့လက်ဝါးချက်ကြောင့်ပင်လျှင် ဖြစ်ပေါ်ကာ ကျွန်းလေးမှာ ပျက်စီးတော့မည့်အလား လှုပ်ခါသွားခဲ့လေသည်။
ယောင်ချန်ကျွင်းသည် မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။
ပန်းကွမ်သည်လည်း မယုံကြည်နိုင်ဟန်ဖြင့် ရပ်လိုက်လေသည်။ ရန်ကိုင်သည် ယောင်ချန်ကျွင်း၏ တိုက်ကွက်ကို တကယ်ကို ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။ သူသာဆိုလျှင် ထိုတိုက်ကွက်ကို ရှောင်နိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာ ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ” ရန်ကိုင်သည် ကြာပန်းပေါ်တွင် ကပ်ပေနေသော ရွံ့များကို ခါထုတ်လိုက်ရင်းမှ ပြောလိုက်လေသည်။
ဤကြာပန်းသည် လုံးဝကို မဟာကောင်းကင်ဝိဥာဉ်ကြာပန်းဖြစ်ပေသည်။ ကြာပန်း ပုံစံသည် လျို့ရှန်းယွင် ခူးလာခဲ့သည့် ကြာပန်းနှင့် တစ်ပုံစံတည်းပင်။ မတူသည့်အရာဆို၍ အရောင်သာ ရှိလေသည်။ လျို့ရှန်းယွင် ခူးလားသည့် ကြာပန်းသည် အဖြူရောင်ဖြစ်ပြီး ဤကြာပန်းမှာတော့ အနက်ရောင် ဖြစ်ပေသည်။
မဟာကောင်းကင်ဝိဥာဉ်ကြာပန်းသည် အမြဲတမ်း အစုံလိုက် ပွင့်ပေသည်။
ရန်ကိုင်လက်ထဲရှိ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို ကြည့်ရင်း ယောင်ချန်ကျွင်း အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေသည်။
စိမ့်တော့မြို့တွင် နှစ်နှစ်ရာတိုင်တိုင် သူထိုင်စောင့်နေရခြင်းမှာ ဘာကြောင့်နည်း။ ဤကြာပန်းများအတွက်သာ ဖြစ်လေသည်။ သူသာ ဤကြာပန်းနှစ်ပွင့်ကို ဆေးလုံးအဖြစ် ဖော်စပ်လိုက်နိုင်မည်ဆိုပါက သူ့ဒဏ်ရာကို ပြန်ကုနိုင်မည်ဖြစ်ကာ ယခင်စွမ်းအားကို ပြန်ရနိုင်ပေလိမ့်မည်။ ထိုအခါ သူ့အား ဒုက္ခရောက်အောင် လုပ်ခဲ့သော လူများကို ပြန်လက်စားချေနိုင်ပေလိမ့်မည်။
သို့သော်ငြား နှစ်နှစ်ရာကြာအောင် စောင့်နေပြီးနောက် ကြာပန်းမှာ ပေါ်လာသည့်တိုင်း ရန်ကိုင်လက်ထဲသို့သာ ရောက်သွားခဲ့ရလေသည်။ ယောင်ချန်ကျွင်းမှာ အလွန်ကိုမှ ဒွေသပုန်ထနေတော့လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်ပြီးနောက်ပိုင်း သူ့ဘဝ၌ တစ်ခါမှ ဤမျှ အရှုံးကြီး မရှုံးဖူးချေ။ ထို့အပြင် သူ့အား ဤသို့ ထပ်တလဲလဲ စိတ်ပျက်ရအောင် လုပ်သွားသည့်လူမှာ အခြားမဟုတ်ဘဲ တာအိုသခင်အဆင့်သာ ရှိသေးသည့် ကောင်လေးတစ်ယောက် ဖြစ်နေခဲ့သည်။
ရန်ကိုင်မှ သူ့လက်ထဲရှိ ကြာပန်းအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းနေသည်ကို မြင်သော် ယောင်ချန်ကျွင်းက အမြန် ပြောလိုက်လေသည် “ကောင်လေး၊ မင်းသာ မဟာကောင်းကင်ဝိဥာဉ်ကြာပန်းကို ငါ့ကို ပေးမယ်ဆိုရင် ငါအရင်ကိစ္စတွေကို လျော်ပေးရုံတင်မဟုတ်ဘူး မင်းကိုပါ ဒီကနေ ခေါ်ထုတ်သွားပေးမယ်”
ထိုစကားကိုကြားသော် ပန်းကွမ်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားပြီး ချက်ချင်း လှမ်းပြောလိုက်လေသည် “စီနီယာယောင် ကျုပ်ကိုပါ ခေါ်သွားပေးလို့ရမလား”
ယောင်ချန်ကျွင်းသည် ပန်းကွမ်အား ဒေါမာန်တကြီး စိုက်ကြည့်လျက် “မင်းနောက်တစ်ခွန်း ထပ်ပြောရဲရင် ဒီလူအိုကြီး မင်းကို သတ်မှာနော်”
ထို့အတွက်ကြောင့် ပန်းကွမ်မှာ ကြောက်လန့်သွားပြီး တစ်ခွန်းမှ ထပ်မပြောရဲတော့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၂)
“ကျုပ်ကိုသာ ဒီကနေ အရင်ထုတ်ပေး… ကျန်တာတွေကို နောက်မှ ရှင်းလို့ရတယ်…” ရန်ကိုင်သည် ယောင်ချန်ကျွင်းအား ပြုံးကာ ကြည့်လျက် ပြောလိုက်လေသည်။ “မဟုတ်ရင်တော့ ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ကျုပ်ကို ပြောပြပေါ့…”
“ကောင်လေး မင်းငါ့ကို လာအကြပ်ကိုင်ရဲတာလား…” ယောင်ချန်ကျွင်း ဒေါသူပုန်ထသွားလေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဘယ်ကသာ အကြပ်ကိုင်ရမှာလဲ… ကျုပ်ကတောင် စီနီယာ ကျုပ်ကို လှည့်စားသွားမှာကို ကြောက်နေရတာ…”
“မင်း ဒီလူအိုကြီးကို ဘာထင်နေတာလဲကွ… အဲ့လိုအရှက်မဲ့တဲ့လုပ်ရပ်မျိုး ငါလုပ်မှာလား…” ယောင်ချန်ကျွင်းက အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
ရန်ကိုင်က ခေါင်းခါလျက် “ပြောရခက်တယ်လေ… စီနီယာကိုယ်တိုင်လည်း ဒီကထွက်မဲ့လမ်းကို မသိရင် ဘယ်လိုလုပ်မလဲ… အဲ့လိုဆိုရင် ဆေးပင်ကို စီနီယာဆီပေးလိုက်တာ အလကားဖြစ်သွားမှာပေါ့…”
ပန်းကွမ်က ဒေါသထွက်သွားလေ၏။ “ကောင်စုတ်လေး… စီနီယာယောင်က မင်းကို မျက်နှာသာပေးပြီး ဆေးပင်ပေးဖို့ ပြောနေတာကို မင်းက ငြင်းရဲတယ်ပေါ့… မင်း သေချင်နေတာလား…”
ရန်ကိုင်နှင့် ယောင်ချန်ကျွင်းတို့နှစ်ဦးစလုံး ပန်းကွမ်းဘက်သို့ လှည့်၍ အော်ပြောလိုက်ကြလေသည်။ “မင်းသောက်ပူမပါဘူး…”
ပန်းကွမ် အတော်လေး ရှက်သွားလေ၏။ ယောင်ချန်ကျွင်းအား ဖားယားချင်ပါသော်ငြား ယောင်ချန်ကျွင်းသည် ရန်ကိုင်နှင့်ပေါင်း၍ သူ့အား ဤကဲ့သို့ ပြန်အော်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင်သည် ယောင်ချန်ကျွင်းအား ခဏမျှကြာအောင် စောင့်ကြည့်နေပြီးသည့်နောက်တွင် လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။ “ကြည့်ရတာ စီနီယာကိုယ်တိုင်လည်း ဒီကထွက်ရမဲ့လမ်းကို မသိဘူးနဲ့တူတယ်… စီနီယာက ကိုယ့်ဘာသာကိုယ်တောင် မထွက်နိုင်တာကို ဘယ်လိုလုပ်ပြီး ကျုပ်ကို လွတ်အောင် လုပ်ပေးနိုင်တယ်လို့ အရှက်မရှိ လာပြောနေရတာလဲ… တကယ် ရယ်စရာပဲ…”
ယောင်ချန်ကျွင်းပြောနေသည့်ပုံကို ကြည့်ရသလောက် သူကိုယ်တိုင်သည်လည်း ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရမလဲဆိုသည်ကို မသိသည်မှာ သေချာပေသည်။
ယောင်ချန်ကျွင်းသာ သိနေမည်ဆိုပါက အမြွှာဝိဉာဉ်ကြာပန်းနှင့် လဲလိုက်ဖို့ရာ ကိစ္စမရှိပေ။ သို့သော်ငြား အဓိကကျသည့်အချက်မှာ ထိုလူအိုကြီးကိုယ်တိုင်လည်း ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရမလဲ ဆိုသည်ကို မသိနေခြင်းပင်။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် မဆင်မခြင် လဲပေးလိုက်၍ မဖြစ်ချေ။
ရန်ကိုင်မှ သူလိမ်နေသည်ကို မြင်သွားသော်ငြား ယောင်ချန်ကျွင်းကမူ စိတ်ပျက်သွားခြင်းမရှိဘဲ ထူးမခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ငါ့လိုလူတစ်ယောက်ကို ဒီ ဘာမဟုတ်တဲ့ ကမ္ဘာငယ်လေးက ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား… ငါ့ဘာသာငါ ကြိုးစားလိုက်တာနဲ့ ဒီကထွက်မဲ့လမ်းကို သူ့ဘာသာသူ ရှာတွေ့သွားမှာ…”
“အဲ့ဒါဆိုရင်လည်း ထွက်လို့ရမဲ့လမ်းကို ရှာတွေ့တဲ့ထိ စောင့်ကြတာပေါ့…”
“မင်း ပေးမှာလား မပေးဘူးလား…” ယောင်ချန်ကျွင်းမှာ စိတ်မရှည်တော့ချေ။
“ခင်ဗျားဘယ်လိုထင်လဲ…” ရန်ကိုင်ကတော့ စိုးရိမ်ခြင်း မရှိသည့် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
“ကောင်းပြီလေ…” ယောင်ချန်းကျွင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေ၏။ သတ်ဖြတ်လိုစိတ်တို့သည် သူ့ခန္ဓာကိုယ်ဆီမှ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
သို့သော်ငြား ရန်ကိုင့်အား ချက်ချင်း မတိုက်ခိုက်သေးဘဲ ပန်းကွမ်ဘက်သို့ လှည့်လိုက်လေ၏။
ပွဲကြီးပွဲကောင်းကို ရပ်စောင့်ကြည့်နေသော ပန်းကွမ်သည် ယောင်ချန်ကျွင်း၏ အေးစက်စက်အကြည့်ကို သတိပြုမိလိုက်သော် တုန်တက်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “စီနီယာ…”
“ထွက်သွားစမ်း…” ယောင်ချန်ကျွင်းက အော်ပြောလိုက်လေသည်။ “မဟုတ်ရင် ငါ မင်းကိုပါ သတ်ပစ်မှာနော်…”
ယောင်ချန်ကျွင်း၏လေသံသည် လှိုင်းလုံးတစ်ခုနှယ် အသွင်ပြောင်းလျက် ပန်းကွမ်ဆီသို့ တိုးဝင်သွားလေ၏။ ထိုအသံကြောင့် ပန်းကွမ်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ရလေသည်။
“စီနီယာ… ဒီပန်း စီနီယာကိုကူပြီး အဲ့ကောင်လေးကို ဖမ်းပေးလို့ရတယ်လေ…” ပန်းကွမ်က ပြောလိုက်လေ၏။ ဤကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးသည့်နောက်တွင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းဖြင့် သူ့ကိုယ်သူ လုံခြုံသည်ဟု မခံစားရချေ။ ထို့အတွက်ကြောင့် သူ့ထက်ပို၍ အားကောင်းသော ယောင်ချန်ကျွင်းအပေါ် အားကိုးချင်ပေသည်။ သို့သော်ငြား တစ်ဖက်လူသည် သူ့အား တစ်ချက်ကလေးပင် အခွင့်အရေးပေးမလာပေ။ ဤနေရာသို့ ရောက်ရောက်ချင်းမှာပင်လျှင် သူ့အား ထွက်သွားရန် ပြောနေခဲ့လေ၏။
ယောင်ချန်ကျွင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ဒီလူအိုကြီး မင်းအကူအညီကို မလိုဘူး… မင်း အခုနေ မသွားသေးဘူးဆိုရင် ဒီမှာ တစ်သက်လုံး နေသွားရအောင် လုပ်ပေးလိုက်မှာနော်…”
ပန်းကွမ် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင့်အား အံကြိတ်ကာ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ယောင်ချန်ကျွင်းဘက်သို့ ပြန်လှည့်ကြည့်လေ၏။ ထို့နောက် မြေပြင်ကို ခြေထောက်ဖြင့် ကန်ကျောက်၍ ပင်လယ်ပြင်ဘက်ဆီသို့ ပျံထွက်သွားလေသည်။
ယောင်ချန်ကျွင်း ဘာကြောင့် သူ့အား ဤမျှ အစောတလျင် နှင်ထုတ်နေရသလဲ ဆိုသည်ကို ပန်းကွမ်မသိသော်ငြား ထိုလူအိုကြီး စိတ်မရှည်တော့မှန်း သူသိနေပေသည်။ သူသာ လူအိုကြီးအား ဆက်၍ ဒေါသထွက်အောင် လုပ်နေမည်ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။
ယောင်ချန်ကျွင်း၏ ကျင့်ကြံခြင်းအရ ပန်းကွမ်အနေဖြင့် သူ့အား လုံးဝ နိုင်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် လတ်တလောအနေဖြင့် ထွက်ပြေးရုံသာ ရှိတော့လေသည်။
ပင်လယ်ပြင်သည် ကမ်းမမြင် လမ်းမမြင်နိုင်လောက်အောင် ကျယ်ပြောသလို ပင်လယ်ပြင်ကြီးထဲ မည်သည့်အရပ်သို့ ထွက်ပြေးရမှန်း မသိသော်ငြား ဤနေရာတွင်နေ၍ သေရမည်ကို ထိုင်စောင့်နေခြင်းထက်တော့ ပင်လယ်ပြင်ဘက်သို့ ထွက်လာခြင်းက ပို၍ ကောင်းပေသည်။
အသက်ဆယ်ရှိုက်စာအတွင်း ပန်းကွမ် ပျောက်ကွယ်သွားခဲ့လေ၏။
“ပန်းကွမ်ကို ဒီလောက် မြန်မြန်ထွက်သွားအောင် လုပ်နေတာ ခင်ဗျားဝိဉာဉ် ဒဏ်ရာရထားတာကို သူသိသွားမှာကို စိုးရိမ်လို့မလား…” ရန်ကိုင်က ယောင်ချန်ကျွင်းအား ပြုံးကာကြည့်၍ ပြောလိုက်လေသည်။
ယောင်ချန်ကျွင်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အန္တရာယ်များသည့် အရိပ်အယောင်တို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့လေသည်။ “ထင်ထားတဲ့အတိုင်းပဲ… ဒီလူအိုကြီးကို အလစ်ချောင်းတိုက်ခိုက်ခဲ့တာ ထင်ရာမြင်ရာ စွတ်လုပ်တာမဟုတ်ဘဲနဲ့ တမင်တကာကို တိုက်ခိုက်ခဲ့တာကိုး…”
ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “အမြွှာဝိဉာဉ်ကြာပန်းရဲ့ အာနိသင်က ပျက်စီးနေတဲ့ သွေးကြောတွေနဲ့ ဒန်တျန်ကို ပြန်ပြင်ပေးနိုင်တာပဲ… ဒါပေမဲ့ စီနီယာက အကောင်းကြီးပါ… စီနီယာ့ဆီက ဖြာထွက်နေတဲ့ ဧကရာဇ်ချီစွမ်းအင်ကို ကြည့်ရသလောက် စီနီယာရဲ့ သွေးကြောတွေနဲ့ ဒန်တျန်က လုံးဝကို အကောင်းအတိုင်း ရှိနေသေးတယ်ဆိုတာ သေချာတယ်… ဒါပေမဲ့ အဲ့တာကိုတောင် စီနီယာက အမြွှာဝိဉာဉ်ကြာပန်းကို အသည်းအသန်လိုချင်နေတယ်ဆိုတော့ စီနီယာရဲ့ အသိစိတ်ပင်လယ် ထိခိုက်ထားလို့ပဲ ဖြစ်ရမှာပေါ့…”
“မင်း ဆေးပင်တွေအကြောင်းကို အဲ့လောက်တောင် သိတာလား…” ယောင်ချန်ကျွင်း အံ့အားသင့်သွားခဲ့လေသည်။ ထိုမျှသော သဲလွန်စလေးဖြင့် သူ့ဝိဉာဉ်ဒဏ်ရာရနေကြောင်းကို ရန်ကိုင် ကောက်ချက်ချနိုင်လိုက်သည့်အပေါ် ယောင်ချန်ကျွင်း အတော်လေးကိုမှ အံ့အားသင့်သွားရသည်။
“ကျုပ်က အဲ့လောက်ကြီးတော့လည်း မတော်ပါဘူး… ဧကရာဇ်အဆင့် ဆေးပညာရှင်လေးတစ်ယောက် ဖြစ်နေရုံပါပဲ…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။
ယောင်ချန်ကျွင်း၏အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ ထို့နောက် အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည်။ “မင်း ငါ့ကို သုံးနှစ်သားကလေးလို့ လာမှတ်နေတာလား…”
ရန်ကိုင်က မဟုတ်တရုတ် လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ယောင်ချန်ကျွင်း ထင်နေခဲ့လေသည်။
ရန်ကိုင်သည် သိပ်၍ အသက်မကြီးသေးချေ။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်နေလေ၏။ ထိုမျှအသက်ငယ်ငယ်လေးဖြင့် တာအိုသခင် တတိယအဆင့်သို့ ရောက်နေသည်ကိုကြည့်လျှင် သူ့၌ ဆေးပညာဘက်သို့ လှည့်ရန် အချိန်ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟု ပြောခြင်းမှာ မဟုတ်တရုတ် လျှောက်ပြောနေခြင်းသာ ဖြစ်သည်ဟု ယောင်ချန်ကျွင်း ကောက်ချက်ချသွားလိုက်လေသည်။
ရန်ကိုင်သည် ဆေးပညာရှင်တစ်ဦး ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးတော့ လုံးဝ မဖြစ်နိုင်ပေ။ ရန်ကိုင်သည် သူအသတ်မခံရလေအောင် ဤကဲ့သို့ ပြောနေခြင်းဖြစ်သည်ဟုသာ ယောင်ချန်ကျွင်း မှတ်ယူလိုက်၏။ ယောင်ချန်ကျွင်းအနေဖြင့် အမြွှာဝိဉာဉ်ကြာပန်းကို ရသွားမည်ဆိုလျှင်ပင် ထိုကြာပန်းအား ဆေးလုံးအဖြစ် သန့်စင်ပစ်နိုင်ရန်အတွက် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးကို လိုအပ်ပေလိမ့်ဦးမည်။
(ဒီကောင်လေးက တကယ်ကို ဉာဏ်များတာပဲ…) ယောင်ချန်ကျွင်းအား ရန်ကိုင့်အား ပို၍ သတိထားလိုက်လေ၏။
ရန်ကိုင်က ခါးသက်စွာပြုံးလျက် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာ… စီနီယာရဲ့ ဝိဉာဉ်က ထိခိုက်သွားတာဆိုတော့ စီနီယာရဲ့မှတ်ဉာဏ်တွေနဲ့ ဦးနှောက်လည်း ထိခိုက်သွားတော့မှာပဲ… ဒါက လုံးဝကို ကုသရတော့မယ့် ရောဂါတစ်ခုဖြစ်သွားပြီ…”
ရန်ကိုင်မှ အမှန်ကို ပြောနေခဲ့သော်ငြား တစ်ဖက်လူသည် သူ့အား လုံးဝမယုံခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေလေ၏။
“ဒီနေ့ မင်း ဘာပြောပြော အဲ့အမြွှာဝိဉာဉ်ကြာပန်းကို ငါ့ဆီ ကျိန်းသေ ပေးကိုပေးရမယ်…” ယောင်ချန်ကျွင်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ရန်ကိုင့်၏အမူအယာ အေးစက်သွားခဲ့လေ၏။ “ကျုပ် ခင်ဗျားကို ပြောပြီးသွားပြီလေ… ကျုပ်ကို ဒီနေရာကနေ အရင်ထွက်နိုင်အောင် လုပ်ပေး… အဲ့ဒါဆိုရင် အဲ့ဆေးပင်ကို ပေးမယ်… အဲ့လိုမှမလုပ်နိုင်ဘူးဆိုရင်တော့ ဆေးပင်အကြောင်းကို တွေးတောင်မတွေးတော့နဲ့… ခင်ဗျားပေးမဲ့အစား ခွေးပဲကျွေးပစ်လိုက်မယ်…”
“ကောင်လေး မင်း သေချင်နေတာလား… ငါ့သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ ရှိတယ်နော်…” ရန်ကိုင်သည် သူ့အား ခွေးတစ်ကောင်နှင့် နှိုင်းယှဉ်လိုက်သည်ကို မြင်သော် ယောင်ချန်ကျွင်းမှာ လုံးဝကို ဒေါသထွက်သွားခဲ့လေသည်။
ရန်ကိုင်က အေးအေးဆေးဆေး အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားက ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ယောက်ဆိုရင်တောင် ကျုပ် ခင်ဗျားကို မကြောက်ဘူး… ဒီတော့ ကျုပ်ကို လာခြောက်မနေနဲ့… ခင်ဗျား ကျုပ်ကို တွန်းအားပေးလာလို့ရှိရင် ခင်ဗျား ခံစားသွားရအောင် လုပ်ပစ်လိုက်မယ်…”
ယောင်ချန်ကျွင်း မင်သက်သွားခဲ့လေသည်။ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ကောင်စုတ်လေးသည် သူ့ရှေ့တွင် ဤကဲ့သို့ မောက်မာဝံ့ကြွားနေရဲသည်။ ရန်ကိုင်ပြောသည့်ပုံကို ကြည့်ရသလောက် သူကသာ တိုက်ခိုက်မည်ဆိုပါက ထိုကောင်လေးသည် အမှန်တကယ်ကြီး ပြန်တိုက်ခိုက်မည့် ပုံစံမျိုးပင်။
(ဘာတွေဖြစ်နေတာလဲ… ငါနဲ့ ယှဉ်တိုက်နိုင်တယ်လို့ ဒီကောင် တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်… ဒီကောင် ဘာကို အားကိုးချင်နေတာလဲ… လေဟာနယ်နိယာမစွမ်းအားလား… အဲ့ဒါကိုအားကိုးမယ်ဆိုရင်တောင် ထွက်ပြေးလို့ပဲရမှာ… ငါနဲ့ ယှဉ်တိုက်လို့ လုံးဝ ရမှာမဟုတ်ဘူး…)
ယောင်ချန်ကျွင်းစိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားခဲ့လေ၏။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ရှက်ရှက်ဖြင့် ဒေါသထွက်လာမိလေသည်။ “အကောင်းပြောနေလို့ မရမှတော့ ငါလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် မြေပြင်ကို ခြေဆောင့်လျက် ပြေးထွက်သွားလေသည်။ ထို့နောက် ရန်ကိုင့်တည့်တည့်သို့ သူ့လက်ချောင်းကို ညွှန်လိုက်လေ၏။
သူ့လက်ချောင်းထဲ အတိုင်းအသတ်နိုင်အောင် များပြားလှသော ကောင်းကင်နှင့် မြေပြင်တို့၏ စွမ်းအားတို့ ပါဝင်နေခဲ့လေသည်။ လက်ချောင်းဖြင့် ချိန်ထားခံလိုက်ရသူတိုင်း သူတို့အပေါ်သို့ လောကကြီးတစ်ခုလုံးမှ ဖိချလာသလို ခံစားနေရပေလိမ့်မည်။
တကယ်တော့ ယောင်ချန်ကျွင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ သူ့ဝိဉာဉ်မှာ ထိခိုက်ထားသော်ငြား သူ၏ သိုင်းတာအိုအုတ်မြစ်မှာ ကြံ့ခိုင်ကျစ်လျစ်ပေသည်။ သူ့တိုက်ကွက်သည် သာမန်ကာလျှံကာ တိုက်ကွက်တစ်ခု ဖြစ်သော်ငြား ထိုတိုက်ကွက်ထဲ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် သူ၏ထိုးထွင်းနားလည်မှုများ ပါဝင်နေခဲ့လေသည်။
သူ့လက်ချောင်း ရောက်မလာသေးခင်မှာပင်လျှင် ကောင်းကင်တစ်ခုလုံး ပျက်စီးတော့မည့်အလား ဖြစ်လာခဲ့လေသည်။ အနီးအနားပတ်ဝန်းကျင်တွင် ရှိနေသော နိယာမစွမ်းအားတို့သည် ယောင်ချန်ကျွင်း၏လက်ချောင်းတစ်ဝိုက်တွင် ရစ်သိုင်းလာကြလေ၏။ ယောင်ချန်ကျွင်းကိုယ်တိုင်သည် ဤလောကကြီးတစ်ခုလုံးအား စေလိုရာစေခိုင်းနိုင်သည့် ပညာရှင်တစ်ဦးအလား။
ယောင်ချန်ကျွင်း လှုပ်ရှားလာသည်ကို မြင်သော် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ အခြားမည်သည်ကိုမှ ဂရုစိုက်မနေတော့ဘဲ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်လေ၏။ တစ်ချိန်တည်းတွင် သတိလစ်နေသော လျို့ရှန်းယွင်ကို ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းကာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်နှင့် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီတို့ကို ထုတ်ဖော်လိုက်လေသည်။ ထို့နောက်တွင် လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းလျက် တည်နေရာခုန်ကူးရန် ကြိုးစားတော့လေ၏။
“ရွှစ်…”
ထိုအသံနှင့်အတူ ရန်ကိုင်၏ခန္ဓာကိုယ်သည် မိုင်ပေါင်းများစွာအကွာတွင် ပြန်ပေါ်လာခဲ့လေသည်။ သို့သော်ငြား သူ့ပုခုံးထက်တွင် ရွှေရောင်သွေးများ စီးကျနေသည့် အပေါက်တစ်ပေါက် ရှိနေခဲ့လေ၏။ အလွန်ပြင်းထန်သည့် နာကျင်မှုသည် ထိုဒဏ်ရာမှတစ်ဆင့် သူ့ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့လာခဲ့လေသည်။
“ဟမ်…”
ယောင်ချန်ကျွင်း မင်သက်သွားခဲ့လေသည်။
ယောင်ချန်ကျွင်း အံ့အားသင့်သွားရခြင်းမှာ ရန်ကိုင်မှ သူ့တိုက်ကွက်အား ရှောင်သွားသည့် အတွက်ကြောင့်မဟုတ်။ သူ့ရှေ့တွင် ရှိနေသော လျို့ရှန်းယွင် ရုတ်တရက် ပျောက်ကွယ်သွားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
ယောင်ချန်ကျွင်းသည် ရန်ကိုင့်ကိုသာ တစ်ချိန်လုံး သေချာအာရုံစိုက်ထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူကိုင်ထားသည့် သတိလစ်နေသော ကောင်မလေးကို သိပ်၍ အာရုံမစိုက်ခဲ့ပေ။ ယခုမှသာလျှင် ရန်ကိုင်၏လက်ထဲတွင် ရှိနေသော မိန်းကလေးသည် ပျောက်ချင်းမလှ ပျောက်ကွယ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ဤသည်မှာ တကယ်ကို ထူးဆန်းလှသည်။ သူ့ဝိဉာဉ်ထိခိုက်ထားသည့် အတွက်ကြောင့် ကောင်းကင်စိတ်အာရုံကို အသုံးမပြုရဲသည့်တိုင် သူ့အမြင်အာရုံမှာတော့ လူတစ်ဦး ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်ကို မမြင်ရလောက်သည်အထိ ဆိုးရွားမနေသေးချေ။
“ခွေးအိုကြီး… ခင်ဗျားက ဒီသခင်လေးနဲ့ တကယ်ကြီး တိုက်ခိုက်ချင်နေတယ်ပေါ့…” ရန်ကိုင့်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ရုတ်ချည်း ခက်ထန်လာခဲ့လေသည်။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ်တစ်ဝက်လောက်သည် ပုခုံးထက် စီးကျနေသော ရွှေရောင်သွေးများဖြင့် ရွှဲရွှဲစိုနေခဲ့လေ၏။ သို့သော်ငြား ယောင်ချန်ကျွင်း၏တိုက်ကွက်သည် ရန်ကိုင့်အား ကြောက်မသွားစေရုံမက သူ့ကိုပင်လျှင် ပို၍ ကြမ်းကြုတ်ခက်ထန်သွားစေခဲ့လေသည်။
ဘာကြောင့်မှန်းမသိ ယောင်ချန်ကျွင်း ရင်တုန်သွားခဲ့လေသည်။ ထိုကောင်လေးကိုသာ အတင်းအကြပ် တွန်းအားပေးမည်ဆိုပါက မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ထိုခံစားချက်ကို လက်ဆုပ်လက်ကိုင် မပြနိုင်သော်ငြား ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အတော်လေးကိုမှ လန့်သွားခဲ့ရလေသည်။ သို့သော်ငြား ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုးမရှိ။ ရန်ကိုင့်အား ဒဏ်ရာရအောင် လုပ်ပြီးမှဖြင့် သူ့ဘက်က ဘာပြောပြော ဘာမှအသုံးဝင်တော့လိမ့်မည် မဟုတ်ချေ။ သူသာ ရုတ်တရက် ရပ်လိုက်မည်ဆိုပါက ထိုကောင်လေးအား ကြောက်သည်ဟု ဝန်ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်။
“မဆိုးဘူးပဲ… ဒီလူအိုကြီးရဲ့ တိုက်ကွက်ကိုတောင် ရှောင်နိုင်တယ်ဆိုတော့ မင်းက လူငယ်အဆင့်တူတွေကြားမှာ တကယ့်ကို ပါရမီရှင်တစ်ယောက်ဖြစ်နေပြီ… ဒီလူအိုကြီးကိုယ်တိုင်ကလည်း ပါရမီရှင်တွေကို လေးစားတာမလို့ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးလိုက်မယ်… အမြွှာဝိဉာဉ်ကြာပန်းကိုပေးလိုက်… အဲ့ဒါဆိုရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်…”
“အိပ်မက်မက်နေလိုက်…”
“ကောင်းပြီလေ…” ယောင်ချန်ကျွင်း ထပ်၍ ဒေါသထွက်သွားရပြန်လေသည်။ “မင်းက ဒီလောက်တောင် ခေါင်းမာနေမှတေ့ာ ဒီလူအိုကြီးကလည်း လေးစားမှုဆိုတာ ဘယ်လိုလဲဆိုတာကို မင်းကို သင်ပေးရမှာပေါ့…”
ယောင်ချန်ကျွင်းသည် ချက်ချင်းဆိုသလို သူ့လက်ကွက်အနေအထားကို ပြောင်းလဲပစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ဧကရာဇ်ချီစွမ်းအားတို့ သူ့ဆီမှ လှိုင်းလုံးနှယ် ဖြာထွက်လာခဲ့လေ၏။ ရန်ကိုင့်၏လှုပ်ရှားမှုများကို ဖိနှိပ်ထားရင်းမှ အဆုံးမသတ်နိုင်လောက်အောင် များပြားလှသည့် စွမ်းအားတို့ပြည့်နှက်နေသည့် သူ့လက်ဝါးချက်ဖြင့် ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ယောင်ချန်ကျွင်းသည် ရန်ကိုင့်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အသေသတ်ချင်နေသည့်အလား မည်သည့်စွမ်းအားကိုမှ ထိန်ချန်ထားမနေတော့ချေ။
“ဘုန်း…”
ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင် မည်သို့ပင် ခုခံနေစေကာမူ ထိုလက်ဝါးချက်ကြောင့် လွင့်စင်ထွက်သွားခဲ့ရလေ၏။ သူ့ကိုယ်ထဲရှိ အရိုးများ သွင်သွင်ကျိုးကုန်ပြီး မျက်နှာမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေသည်။ ပါးစပ်ဖွင့်ဖွင့်လိုက်ချင်းချင်းမှာပင် သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
“ဟား ဟား ဟား ကောင်လေး… ခုနတုန်းက စကားကြီးစကားကျယ် ပြောနေလိုက်တာ… ဒါပေမဲ့ မင်းမှာ ရှိတာ ဒါအကုန်ပဲလား… မင်း ဒီလူအိုကြီးကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ…” ရန်ကိုင်၏ ပုံပျက်ပန်းပျက် အခြေအနေကိုမြင်သော် သူအတွေးများနေခြင်း ဖြစ်မည်ဟုသာ ယောင်ချန်ကျွင်း အထင်ရောက်သွားခဲ့လေသည်။ ထိုကောင်လေးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေ၏။ ထို့အတွက်ကြောင့် သူ့တွင် ပုံမှန်မဟုတ်သည့် ဝှက်ဖဲများ ရှိနေမည်ဆိုလျှင်ပင် သူ၏ပြိုင်ဘက်တော့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့ကိုယ်သူ ဘာကြောင့် အစောကြီးတည်းက ဤကဲ့သို့ မတိုက်ခိုက်လိုက်ရတာလဲဟုလည်း တွေးနေမိလေသည်။ သူသာ ဤကဲ့သို့ တိုက်ခိုက်လိုက်မည်ဆိုပါက ဤကောင်လေးကို သတ်ပင်သတ်ပစ်နိုင်လောက်ပေသည်။
(ရှက်ဖို့ကောင်းလိုက်တာကွာ… ဒီကောင်က နည်းနည်းလေး ဖြဲခြောက်လိုက်တာနဲ့ ငါ အာရုံပြန့်သွားရတယ်… ဟုတ်လောက်မယ်… ငါ့ဝိဉာဉ် ဒဏ်ရာရသွားလို့ အခုလိုဆိုးကျိုးတွေ ဖြစ်လာတာ ဖြစ်လောက်တယ်…) ယောင်ချန်ကျွင်း သူ့ဘာသာ ကြိတ်၍ တွေးလိုက်လေသည်။
ကံကောင်းစွာဖြင့် သူ့ပြိုင်ဘက်မှာ တာအိုသခင် တတိယအဆင့်သာ ဖြစ်နေ၍ပင်ဖြစ်လေသည်။ ရန်ကိုင်သာ သူ့ကဲ့သို့ အားကောင်းနေပါက ခံစားရမည့်လူမှာ သူသာ ကျိန်းသေ ဖြစ်သွားပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၃)
ယောင်ချန်ကျွင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရန်ကိုင့်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင့်အား လှမ်းဖမ်းကိုင်လိုက်လေ၏။ “မင်းသာ အစောကြီးတည်းက ငါပြောတဲ့အတိုင်း လုပ်လိုက်လို့ရှိရင် ငါမင်းကို အသက်ချမ်းသာပေးကောင်း ပေးဦးမှာ…”
ရန်ကိုင်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ယောင်ချန်ကျွင်းသည် ရန်ကိုင့်အား အတော်လေးကိုမှ အခဲမကြေ ဖြစ်သွားခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင့်အား မည်သို့များ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။
“နိုင်ထက်စီးနင်းလုပ်တဲ့လူတွေရဲ့ အဆုံးသတ်က ဘယ်တော့မှ ကောင်းလေ့မရှိဘူး… ခင်ဗျား ကျုပ်ကို တွန်းအားပေးလိုက်တာပဲ…” ရန်ကိုင်သည် အံကြိတ်၍ ပြောလိုက်လေသည်။ ယောင်ချန်းကျွင်း သူ့အား လှမ်းဖမ်းကိုင်နေသည်ကို လုံးဝ မရှောင်ခဲ့ချေ။ ထို့အစား အလွန်ကိုမှ ထူးဆန်းလှသော လက်ကွက်တစ်ခုကိုသာ ဖန်တီးလိုက်လေသည်။
ရန်ကိုင်မှ ထိုလက်ကွက်ကို ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် အစောပိုင်းက ယောင်ချန်ကျွင်း ခံစားနေရသည့် ခံစားချက် ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ယောင်ချန်ကျွင်း ထိတ်လန့်သွားခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ ရန်ကိုင့်ပုခုံးကို အမြန် လှမ်းဖမ်းကိုင်လိုက်လေ၏။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ရန်ကိုင့်၏အမူအယာ ရုတ်ချည်း တည်ငြိမ်သွားခဲ့လေသည်။ ယောင်ချန်ချွင်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “အမှောင်ထုစည်း ပွင့်လိုက်စမ်း…”
“အမှောင်ထုစည်း… ဘာကြီးလဲ…” ယောင်ချန်ကျွင်း အံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင် ဘာပြောလို့ပြောနေမှန်းကို သူနားမလည်ခဲ့ပေ။ သို့သော်ငြား ချက်ချင်းဆိုသလို ယောင်ချန်ကျွင်းသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ့အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ့မျက်လုံးမှာလည်း ပြူးကျယ်လာခဲ့ပြီး ထူးထူးဆန်းဆန်းအော်ဟစ်ရင်း နောက်သို့ ပြန်ဆုတ်သွားခဲ့လေသည်။
“ဘုန်း…”
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရှင်းပြမရသည့် အရှိန်အဝါတစ်ရပ်သည် ရန်ကိုင့်၏ဒန်တျန်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါသည် လူတစ်ဦးအား အလွန်ကိုမှ မကောင်းသည့် ခံစားချက်များကို ရရှိစေနိုင်ပေသည်။ ဤလောကကြီး၏ မကောင်းဆုံးသော မကောင်းဆိုးရွားအရာများသည် ထိုအရှိန်အဝါထဲတွင် စုပြုံနေသည့်အလား။ ထိုအရှိန်အဝါ မည်မျှဆိုးရွားသလဲဆိုလျှင် ယောင်ချန်ကျွင်းကဲ့သို့သော အားကောင်းသည့် လူသည်ပင်လျှင် ကတုန်ကယင် ဖြစ်လာခဲ့ရလေသည်။
ထိုအနက်ရောင်စွမ်းအားတို့သည် ရန်ကိုင်၏ခန္ဓာကိုယ်အား တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ ထိုအရာများမှာ ကိုယ်ပိုင်အသက်ရှိနေသည့်အလား ရန်ကိုင့်ပတ်လည်တွင် သူ့ဘာသာသူ စီးမျော သွားလာနေကြလေ၏။ ထိုအနက်ရောင်စွမ်းအားများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နက်နဲဆန်းကြယ်သော ပုံစံကွက်များမှာလည်း ရန်ကိုင်၏အရေပြားများပေါ်တွင် ထွက်ပေါ်လာကြလေသည်။
ထိုပုံစံကွက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏အရှိန်အဝါမှာ တဖြည်းဖြည်းကို မြင့်တက်လာလေတော့၏။
ထို့နောက်တွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားတစ်ရပ်သည် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေတော့သည်။
ထိုတစ်ခဏအတွင်း ရန်ကိုင်မှာ ပျောက်ကွယ်သွားခဲ့ပြီး သူ့နေရာတွင် အနက်ရောင်ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ ထိုအနက်ရောင်မှာ အလင်းကိုသာလျှင်မဟုတ်ဘဲ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့်အလား။ ထိုအနက်ရောင်ထဲ မည်သည့်အရာကိုမှ မမြင်ရတော့ဘဲ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသော သွေးနီရောင်မျက်လုံးနှစ်လုံးကိုသာ မြင်ရတော့လေသည်။
“နတ်… နတ်ဆိုးချီ…” ယောင်ချန်ကျွင်းက ကတုန်ကယင်ဖြင့် ပြောလိုက်လေသည်။ သူ့ခမျာ ထိတ်လန့်လွန်းသဖြင့် သူ့လျှာသူပင် ပြန်ကိုက်မိလုမတတ် ဖြစ်သွားခဲ့လေ၏။ သူ့အတွေ့အကြုံအရ လက်ရှိ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသည့် စွမ်းအားမှာ နတ်ဆိုးချီမှန်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။ ထိုနတ်ဆိုးချီမှာ သာမန်နတ်ဆိုးချီသာလျှင် မဟုတ်ဘဲ အသန့်စင်ဆုံးသော ရှေးဟောင်းနတ်ဆိုးချီလည်းဖြစ်နေလေ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ယောင်ချန်ကျွင်း သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူ့ဘဝတွင် ရှေးဟောင်းနတ်ဆိုးချီကို မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။ ထို့အပြင် ထိုနတ်ဆိုးချီကို တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဆီမှ မြင်တွေ့ရလိမ့်မည်ဟု ပို၍ပင် မထင်ထားခဲ့ချေ။
ရှေးဟောင်းနတ်ဆိုးချီမှာ အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှပေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သော သူသည်သာ ထိုရှေးဟောင်းနတ်ဆိုးချီ၏ လွှမ်းခြုံခြင်း ခံလိုက်ရမည်ဆိုပါက အချိန်တိုအတွင်း စိတ်လွတ်ကာ နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။
ထိုသို့ဖြစ်လေရာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်သည် ထိုနတ်ဆိုးချီ၏ လွှမ်းခြုံထားခြင်း ခံနေရသည့်တိုင် ဘာကြောင့်များ စိတ်မလွတ်သွားသေးရလေသနည်း။ ထို့အပြင် ထိုမျှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော နတ်ဆိုးချီများကို သူ့ခန္ဓာကိုယ်ထဲတွင် မည်ကဲ့သို့များ ထည့်သွင်းထားနိုင်ရလေသနည်း။
ရန်ကိုင် အစောပိုင်းက ပြောလိုက်သည့်စကားကို ပြန်သတိရလိုက်သော် ထိုကောင်လေးတွင် ဤနတ်ဆိုးချီအား သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ပစ်နိုင်သည့် နည်းလမ်းအချို့ ရှိနေမှန်း ယောင်ချန်ကျွင်း ရုတ်တရက် နားလည်သွားခဲ့လေသည်။
ထိုကောင်လေးသည် အားကောင်းသည့်ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ နတ်ဆိုးချီအား ချိတ်ပိတ်ထားသည့် စည်းကို ဖြည်၍ တိုက်ခိုက်နိုင်သည့်ပုံပင်။ သို့သော်ငြား ထိုနတ်ဆိုးချီများကို နောက်တစ်ကြိမ် ပြန်ချိတ်ပိတ်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။ သူ့အသိစိတ်အား တိုက်စားသွားပြီး သူ့အား နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံး ပြောင်းလဲပစ်လိုက်မည်ကို ထိုကောင်လေး မကြောက်လေသလော။ ထို့ကြောင့်ပင်လျှင် ထိုကောင်လေးသည် သူ့အား တွန်းအားပေးမလာရန် ထပ်တလဲလဲ ပြောနေခြင်း ဖြစ်သည်ကိုး။ ရန်ကိုင့်တွင် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ဝှက်ဖဲများ တကယ်ကြီး ရှိနေခဲ့ပေသည်။
ယောင်ချန်ကျွင်း အတော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့လေသည်။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ထိုကောင်လေးအား ဤအတိုင်းအတာထိ တွန်းအားမပေးခဲ့ပါချေ။ ယခုမူ ထိုကောင်လေးတစ်ကိုယ်လုံးကို နတ်ဆိုးချီများက လွှမ်းခြုံသွားခဲ့လေသည်။ နတ်ဆိုးချီများထဲ ထိုကောင်လေးသည် ယခင်ကကဲ့သို့ အသိစိတ်ရှိနေသေးသလား မရှိတော့ဘူးလားဆိုသည်ကို ပြောရခက်သွားပေပြီ။ သူ့ဆီမှ အဆက်မပြတ် ဖြာထွက်လာနေသည့် နတ်ဆိုးချီစွမ်းအင်နှင့် ကြောက်မက်ဖွယ်ရာဖိအားသည် ယောင်ချန်ကျွင်းကဲ့သို့သော လူမျိုးကိုပင်လျှင် တိုက်ခိုက်လိုစိတ်ပျောက်အောင် လုပ်နိုင်ပေသည်။
ရန်ကိုင့်၏မျက်လုံးများကို သေသေချာချာ လေ့လာကြည့်ပြီးသည့်နောက်တွင် ထိုသွေးနီရောင်မျက်လုံးများမှာ အလွန်ကိုမှ သွေးဆာနေသော်ငြား ထိုမျက်လုံးများထဲ ရုန်းကန်နေသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရချေ။ ယောင်ချန်ကျွင်းက အလျင်အမြန်ပဲ ပြောလိုက်လေ၏။ “ညီလေး နေပါဦး… ဒီလူအိုကြီး ပြောစရာ ရှိသေးတယ်…”
ထိုစကားကိုကြားသော် ရန်ကိုင်က ယောင်ချန်ကျွင်းအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား ဘာပြောပြော ကျုပ် သောက်ဂရုစိုက်နေမှာမဟုတ်ဘူး…”
ယောင်ချန်ကျွင်း ဒေါသထွက်သွားရပြန်လေသည်။
ယခင်ကသာ ရန်ကိုင်သည် သူ့အား ဤကဲ့သို့ လာပြောရဲမည်ဆိုပါက ရန်ကိုင့်ပါးကို လေးငါးချက်လောက် ဆင့်ရိုက်ပစ်ပြီးလေပြီ။ သို့သော်ငြား လက်ရှိရန်ကိုင်တွင် သူ့အား ဤကဲ့သို့ပြောနိုင်သည့် ခွန်အားမျိုး ရှိနေခဲ့ပေသည်။
အစောပိုင်းက သူ့စိတ်ထဲ ဘာကြောင့် မသက်မသာ ခံစားနေရသလဲ ဆိုသည်ကို ယခုမှသာ ယောင်ချန်ကျွင်း နားလည်သွားတော့လေသည်။
“ကြည့်ရတာ ပိုပြီး အားကောင်းလာတဲ့ပုံပဲ…” ရန်ကိုင်သည် သူ့လက်ချောင်းများကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ရင်း ရေရွတ်လိုက်လေသည်။ သို့သော်ငြား ဤကြီးမားလာသည့်ခွန်အားမှာ သူ့အား အနည်းငယ်မျှပင် မပျော်ရွှင်သွားစေခဲ့ပေ။ ထို့အစား ပို၍ပင် စိတ်ပူသွားစေခဲ့လေသည်။ အကြောင်းမှာ ချိတ်ပိတ်ထားသည့် ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးချီများကို ဖြေလွှတ်လိုက်ပြီးသည့်နောက်တွင် နတ်ဆိုးချီ၏ လွှမ်းမိုးနိုင်စွမ်းမှာ ယခင်တစ်ခါကထက်ပင် ပို၍ ပြင်းထန်လာသည်ကို ခံစားမိနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့ခွန်အားမြင့်မားလာသည့် အတွက်ကြောင့်မဟုတ်။ ထို့အစား သူ့ခန္ဓာကိုယ်သည် ဤနတ်ဆိုးချီနှင့် ပို၍ ပနံသင့်လာသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
ယခင်အကြိမ်က နတ်ဆိုးချီ၏ လွှမ်းမိုးခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ဖြစ်လင့်ကစား ဧကရာဇ်ပထမအဆင့် ပညာရှင်သုံးဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့ပေသည်။ နောက်ဆုံးတွင်လည်း လုံလုံခြုံခြုံဖြင့် အန္တရာယ်ကင်းကင်း ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သေး၏။ ယခုတစ်ကြိမ်တွင် နတ်ဆိုးချီများကို ဖြေလွှတ်လိုက်ပြီးသည့်နောက် ယခင်တစ်ကြိမ်ကထက်ပင်လျှင် ပို၍ အားကောင်းလာသလို ရန်ကိုင်ခံစားလိုက်ရလေသည်။
ရန်ကိုင့်ကို စိတ်ပူစေသည်မှာ ဤအရာသာဖြစ်လေသည်။ အကြောင်းမှာ နတ်ဆိုးချီကို အသုံးပြုပြီးသည့်နောက် သူပို၍ အားကောင်းလာလေ ထိုနတ်ဆိုးချီများကို နောက်တစ်ကြိမ် ပြန်ချိတ်ပိတ်ရန် ပို၍ ခက်ခဲသွားလေ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ နတ်ဆိုးချီများကိုသာ အပြည့်အဝ ချိတ်မပိတ်ပစ်နိုင်ပါက သူသည် နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံး ပြောင်းလဲသွားရပေလိမ့်မည်။
ယောင်ချန်ကျွင်းကမူ ရန်ကိုင် ထိုကိစ္စအား စိတ်ပူနေသည်ကို သတိမထားမိချေ။ သို့သော်ငြား ရန်ကိုင်မှ နတ်ဆိုးချီသည် ပို၍အားကောင်းလာပြီဟု ပြောသည်ကို ကြားသည့်အခါ ထိုကောင်လေး သူ့ရှေ့တွင် ကြွားလုံးထုတ်နေသည်ဟု အထင်ရောက်လျက် ဒေါသထွက်ကာ ပြန်ပြောတော့လေ၏။ “ကောင်လေး… ရန်ညှိုးရန်စတွေဆိုတာ တိုက်ခိုက်ပြီး ဖြေရှင်းတာထက် ပြေရာပြေကြောင်း ဆွေးနွေးပြီး ဖြေရှင်းတာက ပိုကောင်းတယ်ကွ… အခု မင်းနဲ့ငါ နှစ်ယောက်စလုံး ဒုက္ခရောက်နေကြတာ ဘာလို့ အချင်းချင်းတိုက်ခိုက်ပြီး သတ်ဖြတ်ချင်နေရတာလဲ… အခြားနည်းလမ်းတစ်ခု ရှာလိုက်တာ ပိုမကောင်းဘူးလား… ပြီးတော့ မင်း အခုပုံစံက တော်တော်လေးကို အားကောင်းတယ်ထင်ရပေမဲ့ ငါ့ကိုတော့ သတ်နိုင်မှာမဟုတ်ဘူး…”
ရန်ကိုင်သည် ယောင်ချန်ကျွင်းအား အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားသာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးရဲ့ တကယ့်ခွန်အားကို ထုတ်ဖော်နိုင်မယ်ဆိုရင် ဒီသခင်လေး ခင်ဗျားကို သတ်နိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားရဲ့ ဒုက္ခိတဝိဉာဉ်နဲ့ကတော့ ကျုပ်ရှေ့မှာ အခုလိုမျိုး လာပြောနေရဲတယ် ဟုတ်လား…”
“ဒုက္ခတိဝိဉာဉ်…” ယောင်ချန်ကျွင်း မျက်လုံးပြူးသွားခဲ့လေသည်။ ရန်ကိုင်မှ ထိခိုက်ဒဏ်ရာ ရထားသော သူ့ဝိဉာဉ်အား ဤကဲ့သို့ ပြောလိုက်သည့်အပေါ် ယောင်ချန်ကျွင်း အလွန်ကိုမှ ရှက်ရွံ့သွားခဲ့လေသည်။ မည်သူမှ သူ့အား ဤကဲ့သို့ မပြောရဲခဲ့ဖူးချေ။
ရန်ကိုင်က ပြောလိုက်လေ၏။ “ဒီသခင်လေးမှာ အချိန်များများစားစား မရှိဘူး… ဒီတော့ တိုက်ကွက်သုံးကွက်အတွင်း ခင်ဗျားအသက်ကို အဆုံးသတ်ပေးမယ်…”
“ဘာကွ… တိုက်ကွက်သုံးကွက် ဟုတ်လား… ကောင်းပြီလေ… ဒီလူအိုကြီးလည်း မင်း ငါ့ကို တိုက်ကွက်သုံးကွက်အတွင်း ဘယ်လိုအဆုံးသတ်ပေးမလဲ ကြည့်ရတာပေါ့…” ယောင်ချန်ကျွင်း၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။ သူ့စိတ်ထဲ သူ့ထက် အဆင့်နိမ့်သည့် ဂျူနီယာလေးတစ်ဦး၏ အထင်သေးခြင်း ခံလိုက်ရသည့် အတွက်ကြောင့် ယောင်ချန်ကျွင်းမှာ အတော်လေးကိုမှ ဒေါသထွက်နေလေ၏။ ထို့အတွက်ကြောင့် ဤကောင်စုတ်လေးအား ခွေးအိုကြီးတစ်ကောင်ပင်လျှင် ပြန်ကိုက်နိုင်သေးကြောင်းကို သိသွားအောင် သင်ခန်းစာကောင်းကောင်းပေးပစ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ထိုကဲ့သို့ တွေးပြီးပြီးချင်းမှာပင် ရန်ကိုင်သည် ရုတ်တရက် မျက်လုံးမှေးစင်းကာ ရေရွတ်လိုက်လေ၏။ “မျက်လုံးနက်ငရဲခန်း… အဆုံးမဲ့အမှောင်ထု…”
ထိုစကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လောကကြီးတစ်ခုလုံး ရုတ်တရက်ဆိုသလို အမှောင်အတိကျသွားခဲ့လေသည်။ အလင်းရောင်တစ်စွန်းတစ်စကိုပင်လျှင် မမြင်နိုင်တော့။ ယောင်ချန်ကျွင်း ကြည့်လိုက်သည့်နေရာတိုင်း အမှောင်အတိ ကျနေခဲ့လေသည်။ မသိလျှင် သူမျက်လုံးကန်းနေသည့်အလား။ သူ့မြင်ကွင်းတစ်ခုလုံးသာ မှောင်မိုက်သွားခဲ့ခြင်းမဟုတ်။ ပတ်ဝန်းကျင်အပေါ် သူ၏သိမြင်ခံစားနိုင်စွမ်းမှာလည်း အကန့်အသတ်တစ်ခုအထိ ဖိနှိပ်ခံလိုက်ရလေသည်။
ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို ဤကဲ့သို့ အမှောင်ကျသွားစရာ အကြောင်းမရှိချေ။ သူ့အသိစိတ်အာရုံမှာလည်း အကြောင်းအရင်းမရှိဘဲ ဤကဲ့သို့ ဖိနှိပ်ခံလိုက်ရစရာ အကြောင်းမရှိ။ ထို့အတွက်ကြောင့် ဖြစ်နိုင်ချေဆို၍ ရန်ကိုင်မှ အလွန်ကိုမှ ဆန်းကြယ်သော ပညာရပ်တစ်ခုအား ထုတ်သုံးလိုက်ခြင်းသာ ဖြစ်ရပေလိမ့်မည်။
အစောပိုင်းက ရန်ကိုင်၏ ညာဘက်မျက်လုံးဆီမှ ဖြာထွက်လာသည့် အနက်ရောင် အရောင်အဝါကို သတိပြုမိလိုက်သော် ယောင်ချန်ကျွင်း အလန့်တကြားထအော်တော့လေသည်။ “မျက်လုံးပညာရပ်လား…”
ထိုစကားကိုပြောပြီးသွားသည်နှင့် ယောင်ချန်ကျွင်းသည် ဇောချွေးပြန်သွားခဲ့လေသည်။ အကြောင်းမှာ သူ့အသံမှာ အော်ပြောလိုက်သော်ငြား မည်သည့်အသံမှ ထွက်မလာသည့် အတွက်ကြောင့် ဖြစ်လေသည်။ ဤလောကကြီးသည် သူ၏ ရုပ်အလုံးစုံကို ဖြတ်တောက်သွားခဲ့သည့်အလား။ ယောင်ချန်ကျွင်းအနေဖြင့် စကားလည်း မပြောနိုင်သလို မြင်လည်း မမြင်နိုင်ပေ။ ထို့အတွက်ကြောင့် သူ့ကိုယ်သူ အဆုံးမဲ့ အသူတစ်ရာချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားရကာ ယောင်ချန်ကျွင်းမှာ စတင်၍ ကြောက်ရွံ့လာတော့လေ၏။
ယောင်ချန်ကျွင်း ဝိုးတိုးဝါးတား ခံစားမိသည့် တစ်ခုတည်းသော အရာဆို၍ သူ့ခေါင်းထက်တွင် ဝဲနေသည့် တစ်ခုတည်းသော အရာသာ ဖြစ်လေသည်။ ခေါင်းမော့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယောင်ချန်ကျွင်း မင်သက်သွားခဲ့လေသည်။
ပိန်းပိန်းပိတ်မည်းမှောင်နေသော ကောင်းကင်ထက်တွင် သူ့အား စိတ်ခံစားချက်မရှိသည့် ပုံစံဖြင့် အေးစက်စွာ စိုက်ကြည့်နေသော ဧရာမမျက်လုံးကြီးတစ်လုံး ရှိနေခဲ့လေသည်။
မသိသာမသိလျှင် ထိုမျက်လုံးသည် ကောင်းကင်မျက်လုံးနှင့်ပင် တူနေပေသေးသည်။ ထိုအကြည့်အောက်တွင် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်နှယ် သေးနုတ်သွားသလို ယောင်ချန်ကျွင်း ခံစားလိုက်ရလေသည်။ သူ၏ အနှစ်နှစ် အလလ ကြိုးစားကျင့်ကြံခဲ့ရသည့် အရာအားလုံး အချည်းနှီးသာ ဖြစ်သွားသလို သူကိုယ်တိုင်သည်လည်း ထိုမျက်လုံးရှေ့မှောက်တွင် ဖွဲစကွဲနှယ် ဖြစ်သွားသလို ယောင်ချန်ကျွင်း ခံစားလာရလေသည်။
ထိုကဲ့သို့ ခံစားမိလိုက်သည့်အခိုက် ယောင်ချန်ကျွင်း၏ အချိန်အဝါမှာ စတင်၍ မတည်မငြိမ် ဖြစ်လာတော့လေ၏။
ထိုအခိုက်အတန့်တွင် ဧရာမမျက်လုံးကြီးဆီမှ အလင်းတန်းတစ်ခု ရုတ်တရက် ပျံထွက်လာခဲ့လေသည်။ ထို့နောက်တွင် ထိုအလင်းတန်းသည် ဆေဘာဓါးရှည်တစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ ထိုအရာမှာ ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော ဝိဉာဉ်ခွဲဆေဘာဓါးသာ ဖြစ်လေသည်။
ဤဆေဘာဓါးကို သန့်စင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝိဉာဉ်ခွဲဆေဘာဓါးအား စိတ်ကြိုက် အသုံးပြုသွားနိုင်လေပြီ။ လက်ရှိအချိန်တွင် သူ၏ကျင့်ကြံခြင်းကြောင့် ဆေဘာဓါး၏အစွမ်းကုန်ကို ထုတ်မသုံးနိုင်သေးသော်ငြား နတ်ဆိုးချီများ၏ လွှမ်းမိုးထားခြင်း ခံရသည့် လက်ရှိရန်ကိုင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနီးပါး အားကောင်းလှပေသည်။ ထို့အတွက်ကြောင့် ဤပုံစံဖြင့် ရန်ကိုင်မှ ထုတ်သုံးနိုင်သည့် ဆေဘာဓါး၏ စွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ထို့အပြင် ယောင်ချန်ကျွင်းအား အလျင်အမြတ် အဆုံးသတ်ပစ်နိုင်ရန်အတွက် ရန်ကိုင်သည် ကောင်းကင်ခွဲဓါးချက်ဟူသော ပညာရပ်ကိုပင်လျှင် ထုတ်သုံးခဲ့လေသည်။
ရန်ကိုင်သည် ထိုဝိဉာဉ်ပညာရပ်ကို ဧကရာဇ်အဆင့် ဝိဉာဉ်မှော်ရတနာဖြင့် အတူတွဲကာ အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ယောင်ချန်ကျွင်းမှာ ဒဏ်ရာမရထားသည့်တိုင် ထိုတိုက်ကွက်ကို ခုခံနိုင်လိမ့်မည်မဟုတ်။ ဒဏ်ရာရထားပြီးသား သူ့ဝိဉာဉ်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ရန်ကိုင်၏ဓါးချက်သည် ယောင်ချန်ကျွင်း၏ အသိစိတ်ပင်လယ်အား တည့်တည့် သွားရောက်ထိမှန်ကာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေခဲ့လေ၏။
အစောကြီးတည်းက ဒဏ်ရာရထားပြီးဖြစ်သော ယောင်ချန်ကျွင်း၏ အသိစိတ်ပင်လယ်သည် ရန်ကိုင့်၏ဓါးချက်ဖြင့် တိုက်ခိုက်ခံလိုက်ရပြီးသည့်နောက်တွင် လုံးဝကို ပြိုကျသွားတော့လေသည်။
အလွန်ကိုမှ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ယောင်ချန်ကျွင်းသည် မင်သက်နေရာမှ ရုတ်တရက် အသိပြန်ဝင်လာခဲ့လေသည်။ နာကျင်စွာအော်ဟစ်နေရင်းမှ ယောင်ချန်ကျွင်းသည် ငါးရောင်ခြယ်လှံတစ်ချောင်းကို ထုတ်လွှတ်လိုက်လေသည်။ ထိုလှံမှ ဖြာထွက်နေသည့် အရှိန်အဝါအရ ထိုလှံသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်သည်မှာ မေးနေစရာပင် မလိုချေ။
ယောင်ချန်ကျွင်းကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးတွင် ဧကရာဇ်မှော်ရတနာတစ်ခု ရှိနေသည်မှာ အထူးအဆန်းမဟုတ်ချေ။ ရှိမနေမှသာလျှင် ထူးဆန်းနေပေလိမ့်မည်။
နာကျင်စွာ အော်ဟစ်နေရင်းမှ ယောင်ချန်ကျွင်းသည် သူ၏ ဧကရာဇ်ချီများကို ငါးရောင်ခြယ်လှံထဲသို့ အရူးအမူးထည့်သွင်းလိုက်လေသည်။ ဧကရာဇ်ချီများ ဝင်ရောက်လာသည်နှင့်အမျှ ငါးရောင်ခြယ်လှံမှာ တုန်ခါလာပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ချက်ချင်းဆိုသလို ကောင်းကင်ထက်တွင် ရှိနေသော ဧရာမမျက်လုံးကြီးအား ထိုလှံမှ ဖောက်ထွက်သွားခဲ့လေသည်။ ဧရာမမျက်လုံးကြီး ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသော အမှောင်ထုမှာလည်း ပျောက်ကွယ်သွားခဲ့ရလေ၏။
ယောင်ချန်ကျွင်း နောက်ဆုံးထုတ်သွားသည့် တိုက်ကွက်ကြောင့် ကောင်းကင်ထက်တွင် ဧရာမအက်ကြောင်းရာကြီး ဖြစ်ပေါ်လာခဲ့ရလေသည်။
ထိုအက်ကြောင်းရာကြီးမှာ အချိန်အတော်ကြာသည်ထိတိုင် ပျောက်ကွယ်သွားခြင်း မရှိ။
“ကောင်စုတ်လေး မင်း ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့… ငါမင်းကို သတ်မယ်…” ယောင်ချန်ကျွင်းသည် ဒေါသတကြီး ထအော်ဟစ်လေသည်။ သို့သော်ငြား သူ့အသိစိတ်ပင်လယ်မှာ ပျက်စီးခါနီး ဖြစ်နေသည့်အတွက်ကြောင့် သူ့တစ်ကိုယ်လုံး အဆက်မပြတ်ကို တုန်ရီနေခဲ့လေ၏။ မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံံ့မဲ့နေပြီး သူ့ဆီမှ ဖြာထွက်နေသော ဧကရာဇ်ချီစွမ်းအင်များပင်လျှင် အလွန်ကိုမှ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၄)
ရန်ကိုင်၏ မျက်လုံးတစ်ခုလုံး သွေးများဖြင့် စိုရွှဲနေခဲ့လေသည်။ သူ့မျက်လုံးပညာရပ် ပျက်စီးသွားရာမှ ရလိုက်သည့်ဒဏ်ရာကြောင့် သူ့မြင်ကွင်းတစ်ခုလုံး ရွှေရောင် သန်းသွားခဲ့လေ၏။
သို့သော်ငြား သွေးများကို လက်ဖြင့်သုတ်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ကျုပ်ခင်ဗျားကို တမလွန်ဘဝဆီ ပို့ပေးမယ်”
ထို့နောက် လက်နှစ်ဖက်ကို ပူးကပ်လျက် ဧရာမလဓါးသွားတစ်စင်း ဖန်တီးကာ ယောင်ချန်ကျွင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။
လဓါးသွားဆီမှ ဖြာထွက်နေသည့် အန္တရာယ်များသည့် အရှိန်အဝါကို ခံစားမိလိုက်သော် ယောင်ချန်ကျွင်းသည် ခေါင်းကိုက်နေသည်ကို တင်းခံလျက် သူ့လက်ကို မြှောက်လိုက်၏။ ချက်ချင်းဆိုသလို ငါးရောင်ခြယ်လှံတစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာလေသည်။ ထို့နောက်တွင် ရှေ့သို့ခြေတစ်လှမ်းတိုး၍ ထိုလှံကို ပစ်ထည့်လိုက်လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ငါးရောင်ခြယ်အလင်းတန်းနှင့် လဓါးသွားတို့ ထိပ်တိုက်တွေ့ဆုံရာမှ ပြင်းအားသည် လောကတစ်ခုလုံးကိုပင်လျှင် အရောင်မဲ့သွားစေသည့်အလား... အနားအနား တစ်ဝိုက်ရှိ အသစ်စက်စက် ဖြစ်ပေါ်လာသော ကျွန်းအားလုံး ထိုပြင်းအားကြောင့် တစ်မုဟုတ်ချည်း ပျက်စီးသွားကုန်ကြလေသည်။
လဓါးသွားသည် ငါးရောင်ခြယ်အလင်းတန်းနှင့်အတူ တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့လေသည်။ ယောင်ချန်ကျွင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ စတင် လှုပ်ရှားတော့လေသည်။
ရန်ကိုင်က မျက်မှောင်ကြုတ်၍ အော်ပြောလိုက်လေ၏ “ခုခံနေမယ့်အစား ဘာလို့ အေးအေးဆေးဆေး မသေလိုက်တာလဲ”
ယောင်ချန်ကျွင်း ဤမျှ ဒူပေဒဏ်ပေခံနိုင်မည်ဟု သူမထင်ထားခဲ့ချေ။ သူ့အသိစိတ်ပင်လယ်မှာ ပျက်စီးသွားပြီဖြစ်သည့်တိုင် ဤကဲ့သို့ တိုက်ခိုက်နိုင်သေး၏။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ လုပ်နိုင်စွမ်းမှာ ရန်ကိုင် ထင်ထးသည်ထက်ကို ကျော်လွန်နေခဲ့လေသည်။ ယောင်ချန်ကျွင်းသည်သာ အကောင်းအတိုင်း ရှိနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် နတ်ဆိုးချီကို ထုတ်သုံးသည့်တိုင်း ယောင်ချန်ကျွင်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ဧကရာဇ်တတိယအဆင့်သို့ ရောက်လာသော မည်သူမဆို လုံးဝကို ပေါ့သေးသေး မဟုတ်ပါချေ။
“တူ လာစမ်း” ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ တူတစ်ချောင်း သူ့လက်ထဲ၌ ပေါ်လာခဲ့လေသည်။
နတ်ဆိုးတိုက်ပွဲတူပင်...
လက်ရှိအချိန်သည် နတ်ဆိုးတူကို အသုံးပြုရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
နတ်ဆိုးတူ သူ့လက်ထဲသို့ ရောက်လာသည်နှင့် ထူးဆန်းသော ခံစားချက်တစ်ခုကို ရန်ကိုင် ခံစားလိုက်ရလေသည်။
သူ့လက်ထဲရှိ နတ်ဆိုးတူမှာ အသက်ဝင်လာသည့်အလား ဝမ်းသာပျော်ရွှင်နေသည့် အရိပ်အယောင်များကို ထုတ်ပြနေခဲ့သည်။ ရန်ကိုင်ကိုယ်ထဲရှိ နတ်ဆိုးချီနှင့်လည်း အပြည့်အဝ ပဲ့တင်ထပ်နေလေရာ ရန်ကိုင်အနေဖြင့် မသန့်စင်ဘဲနှင့်ပင် နတ်ဆိုးတိုက်ပွဲတူကို အလွယ်တကူ အသုံးပြုနေနိုင်၏။
နတ်ဆိုးတိုက်ပွဲတူကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အားကောင်းလှသော လူအား အင်အားစုများကို တစ်ကိုယ်တည်း ရင်ဆိုင်တိုက်ခိုက်နေသော ထီးထီးမားမား ရပ်နေသော ရှေးဟောင်းနတ်ဆိုးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ အစောပိုင်းက နတ်ဆိုးချီကြောင့် စိတ်ဂနာမငြိမ် ဖြစ်နေသော ရန်ကိုင်သည်ပင်လျှင် ဘာကြောင့်မှန်းမသိ တည်ငြိမ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ သူသည် အများထက် သာလွန်သည့် လူတစ်ဦး ဖြစ်သည်ဟု ခံစားလာရလေသည်။
လက်ရှိ သူ့ဆီသို့ ခုန်ဝင်လာနေသော ယောင်ချန်ကျွင်းသည်ပင်လျှင် ပုရွတ်ဆိတ် တစ်ကောင်နှယ် သေးနုပ်သွားသလို ခံစားလိုက်ရသည်။
ရန်ကိုင်သည် ယောင်ချန်ကျွင်းအား အထင်အမြင်တသေးဖြင့် ငုံ့ကြည့်နေရင်းမှ တိုက်ပွဲတူကို တဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် နက်နဲဆန်းကြယ်သော နိယာမစွမ်းအားတစ်ရပ် တိုက်ပွဲတူတစ်ဝိုက်တွင် စတင် ရစ်သိုင်းလာလေ၏။
ယောင်ချန်ကျွင်း၏ မျက်နှာ ဖြူလျော်သွားလေသည်။
ရန်ကိုင် ဘာဖြစ်လို့ဖြစ်သွားမှန်းကို သူမသိချေ။ သို့သော်ငြား ရန်ကိုင်မှ တိုက်ပွဲတူကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့အရှိန်အဝါနှင့် ဟန်ပန်မှာ လုံးဝကို ပြောင်းလဲသွား၏။
ရန်ကိုင်ကိုယ်တိုင်သည် သူကျော်ဖြတ်မရနိုင်သည့် တောင်တစ်လုံးအသွင်သို့ ပြောင်းလဲသွားသလို ခံစားလာရသည်။ သူမည်သို့ပင် ကြိုးစားနေစေကာမူ ထိုတောင်ကို ကျော်၍ မမြင်နိုင်ခဲ့ပေ။
ရုတ်တရက်ဆိုသလို ယောင်ချန်ကျွင်း ထိတ်လန့်တုန်လှုပ်လာခဲ့လေသည်။
သူ့စိတ်ထဲ ပြန်ဆုတ်ချင်မိသော်ငါး မြှားမှာ ပစ်ပြီးသွားခဲ့လေပြီ။ လက်ရှိ ယောင်ချန်ကျွင်း၏ ခန္ဓာကိုယ်ထဲရှိ ဧကရာဇ်ချီများမှာ ကသောင်းကနင်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် ယခုနေမှ ပြန်ဆုတ်လိုက်မည်ဆိုပါက ရန်ကိုင် ဘာမှမလုပ်လျှင်ပင် သူ၏ တာအိုနှလုံးသားမှာ ပျက်စီးသွားရပေလိမ့်မည်။
ရန်ကိုင်နားသို့ တိုးကပ်သွားနေသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းနေသော သတ်ဖြတ်လိုစိတ်တို့မှာလည်း အစိုင်အခဲပင် ဖြစ်လာတော့လေမလား ထင်မှတ်ရလေအောင် ပိုပို၍ သိပ်သည်းလာခဲ့လေသည်။ ထိုသတ်ဖြတ်လိုစိတ်ကြောင့် သူ့အရေပြားထက် သွေးစီးကြောင်းများပင် ဖြစ်ပေါ်လာရလေ၏။
(ငါသေတော့မယ်... ငါလုံးဝကို သေရတော့မယ်)
တွေးရင်းတွေးရင်း ယောင်ချန်ကျွင်း ပိုပို၍ ထိတ်လန့်လာ၏။ ယခင်ကတည်းက ပျက်စီးခါနီး ဖြစ်နေသော သူ့ဝိဥာဉ်သည်ပင်လျှင် ထိုကြောက်စိတ်ကြောင့် ရုတ်တရက် စတင် အက်ကွဲလာခဲ့လေသည်။
“အား” ယောင်ချန်ကျွင်း ရုတ်တရက် အရူးတစ်ယောက်နှယ် ထအော်လေ၏ “ငါသေမယ်ဆိုရင်တောင် မင်းကိုပါ အပါခေါ်သွားမယ်ကွ”
ထိုသို့ ပြောပြီးသည့်နောက် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီအားလုံးကို ငါးရောင်ခြယ်လှံထဲသို့ ထည့်သွင်းလိုက်ရာ သူ့တစ်ကိုယ်လုံးကိုပါ ငါးရောင်ခြယ်အလင်းက လွှမ်းခြုံသွားခဲ့လေသည်။ ယောင်ချန်ကျွင်း တုန့်ဆိုင်းတွေဝေနေခြင်း မရှိတော့ချေ။ ယခု သူလုံးဝကို စိတ်ပိုင်းဖြတ်လိုက်လေပြီ။
သူ့ခွန်အား အကုန်အစင်ကို တိုက်ကွက်တစ်ခုထဲသို့ ထည့်သွင်းလိုက်ပြီးနောက်တွင် ကြောက်လန့်မှုတို့ဖြင့် တိမ်ဖုံးနေသော ယောင်ချန်ကျွင်း၏ မျက်လုံးများမှာ ရုတ်ချည်းဆိုသလို တောက်ပလာခဲ့လေ၏။
ရန်ကိုင်သည် ခံစားချက်ကင်းမဲ့သည့် အမူအရာဖြင့် တိုက်ပွဲတူအား ထုချလိုက်လေသည်။
ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်နှင့်အတူ ချောက်ခြားဖွယ်ရာကောင်းလှသည့် အဖျက်စွမ်းအားသည် ဒီရေလှိုင်းလုံးနှယ် ယောင်ချန်ကျွင်းအား ရိုက်ခတ်လာခဲ့သည်။
ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ အမည်မဲ့ပင်လယ်တစ်ခုလုံး အမှောင်ဖုံးသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် ကျွန်းတစ်ခုဆီမှ ထိုအမှောင်ထုကို တွန်းလှန်နေသည့် ငါးရောင်ခြယ် အလင်းတစ်ခုလည်း ပေါက်ကွဲထွက်လာခဲ့လေသည်။
မတူညီသည့် အလင်းရောင်နှစ်ခု အားပြိုင်မှုကြောင့် အနားတစ်ဝိုက်တွင် ရှိနေသော ပျက်စီးခါနီး ကျွန်းများအားလုံး တစ်စစီ ဖြစ်ကုန်လေသည်။ ပင်လယ်ပြင်ထက်တွင် ရှိနေသော ရေပန်းများပင်လျှင် ပြင်းထန်လှသည့် အဖျက်စွမ်းအားကြောင့် ပျက်ပြယ်ကုန်ကြရလေ၏။
ချက်ချင်းဆိုသလို ဆူနာမနီလှိုင်း ရိုက်ခတ်လာသည့်အလား အလွန်ကြီးမားသော ရေလှိုင်းလုံးကြီးများ ပင်လယ်ပြင်ထက် ထွက်ပေါ်လာခဲ့လေသည်။ ပင်လယ်ပြင်ထဲ နေထိုင်နေကြသော မွန်းစတားသားရဲများမှာလည်း ထိုပြင်အားကြောင့် အငွေ့ပျံ ပျောက်ကွယ်ကုန်ကြလေ၏။
အားပြိုင်နေသော အလင်းရောင်နှစ်ခုကို ဗဟိုပြုလျက် မီတာထောင်ပေါင်းများစွာ ရှည်လျားသော အက်ကွဲရာကြီးတစ်ခု ပင်လယ်ပြင်တစ်လျှောက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအက်ကွဲရာထဲတွင် ရှိနေသော ရေများအားလုံး တစ်မုဟုတ်ချည်း အငွေ့ပျံသွားခဲ့သည့်ပုံပင်။
အလင်းရောင်နှစ်ခု အားပြိုင်နေသည်မှာ အသက် ဆယ်ရှိုက်စာခန့်မျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် အနက်ရောင်အလင်းသည် ငါးရောင်ခြယ်အလင်းကို အပြည့်အဝ ဝါးမြိုသွားခဲ့လေသည်။
“ဘာကြီးလဲဟ... ငါမသေချင်းသေးဘူးကွ”
တိမ်တိုက်များကြားဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်သံနှင့်အတူ ကသောင်းကနင်းဖြစ်နေသော စွမ်းအင်လှိုင်းတို့မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေ၏။
အားပြိုင်နေကြသော အလင်းရောင်နှစ်ခုလုံး မရှိကြတော့။ ပင်လယ်ပြင်ထက်ရှိ အက်ကွဲရာကြီးမှာလည်း ရေများဖြင့် ပြန်ပြည့်သွားခဲ့လေပြီ။ မိုးရေစက်များဟာလည်း တဖွဲဖွဲ ရွာကျလာခဲ့လေသည်။ အပြည့်အဝ ပျောက်ကွယ်သွားခြင်း မရှိသေးသော စွမ်းအင်လှိုင်း အကြွင်းအကျန်များသည်သာ ဤနေရာတွင် မိုးမြေတုန်လုမတတ် တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့ကြောင်းကို မီးမောင်းထိုးပြနေခဲ့လေ၏။
ယောင်ချန်ကျွင်း ပျောက်ကွယ်သွားခဲ့သလို ရန်ကိုင်ကိုလည်း မတွေ့ရတော့ချေ။ ထို့အစား တောကြက်မောက်အရွယ် အလုံးလေးတစ်လုံးသည်သာ သူတို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာ၌ ကျန်ရစ်ခဲ့လေသည်။
ကမ္ဘာငယ်လေးထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် ဆေးဥယျာဉ်ဆီသို့ အပြေးအလွှား သွားလေ၏။ ယခု သူ့တစ်ကိုယ်လုံး မှင်နှယ် မည်းနက်နေပြီး ရှင်းပြရခက်သော နတ်ဆိုး အမှတ်အသားများမှာ လောက်ကောင်များနှယ် သူ့ခန္ဓာကိုယ်အနှံ့ သွားလာနေကြ၏။
လျို့ယန်သည်လည်း ရန်ကိုင်ဆီသို့ ပြေးလာခဲ့လေသည်။ ရန်ကိုင်၏ အခြေအနေကို မြင်သော် ကြောက်လွန်းသဖြင့် ချက်ချင်း ထွက်ပြေးလေ၏။
သူမ ရန်ကိုင်နားတွင် မနေရဲခြင်းမဟုတ်၊ မနေနိုင်ခြင်း ဖြစ်သည်။
ရန်ကိုင်သည် လုံးဝကြီး စိတ်မလွတ်သေးသော်ငြား သူ့အသိစိတ်ကို မည်သည့် အတိုင်းအတာအထိ ထိန်းထားနိုင်သေးလဲ ဆိုသည်ကို မသိရသေးချေ။ သူမသာ ရန်ကိုင်နားတွင် ဆက်နေပါက ရန်ကိုင်၏ အခြေအနေကိုသာ ပိုမို ဆိုးရွားလာစေပေလိမ့်မည်။
ဆေးဥယျာဉ်နားသို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် နောက်ဆုံးလက်ကျန် အသိစိတ်ကို ထိန်းချုပ်လျက် မိုးကောင်းကင်သစ်ပင်ဆီမှ ရွှေရောင်နှင့်ငွေရောင်ချိတ်စည်းများကို လှမ်းဆွဲယူလေ၏။
မိုးကောင်းကင်သစ်ပင်၏ အကူအညီဖြင့် နတ်ဆိုးချီကို ချိတ်ပိတ်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိသွားခဲ့လေပြီ။ ထိုနှစ်နှစ်အတောအတွင်း မိုးကောင်းကင်သစ်ပင်၏ ချိတ်ပိတ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာစရာအကြောင်း မရှိချေ။ သို့ရာတွင် ဆေးဥယျာဉ်ထဲရှိ မြေလေးနှင့် မြေကမ္ဘာချီကြောမ သလင်းကျောက်ငါးခုကြောင့် မိုးကောင်ကင်သစ်ပင်၏ ချိတ်စည်းများ ခွာယူခံလိုက်ရသည်မှာ နှစ်နှစ်သာ ရှိသေးသည့်တိုင် ယခုအချိန်တွင် ၎င်းအပေါ် နှစ်(၂၀၀)နှင့် ညီမျှသော ချိတ်စည်းများ ပြန်လည် ဖြစ်ပေါ်နေခဲ့လေပြီ။
ထိုနှစ်(၂၀၀)သက်တမ်းရှိသော ချိတ်စည်းများသည် လက်ရှိ နတ်ဆိုးချီကို ချိတ်ပိတ်ပစ်ရန် လုံလောက်လောက်ပေသည်။
ရန်ကိုင်၏ ထိန်းချုပ်မှုအောက်တွင် မိုးကောင်းကင်သစ်ပင်ပေါ်ရှိ ရွှေရောင်နှင့်ငွေရောင် စွမ်းအင်တို့မှာ ရန်ကိုင်ကိုယ်ထဲသို့ စီးဝင်လာလျက် သူ့ကိုယ်ထဲ သောင်းကျန်းနေသော နတ်ဆိုးချီများကို ဖိနှိပ်၊ ချိတ်ပိတ်ပစ်လေသည်။ တစ်ကြိမ် လုပ်ဖူးပြီးသား ဖြစ်သဖြင့် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကို ရန်ကိုင် ကောင်းကောင်း သိနေခဲ့သည်။
အချိန်ကြာလာသည်နှင့် သူ့ကိုယ်ထဲ သောင်းကျန်းနေသော နတ်ဆိုးချီများမှ တစ်စတစ်စ လျော့ပါလားခဲ့လေသည်။ သုံးရက်ကြာပြီးသည့်နောက်တွင် သူ့ကိုယ်ထဲရှိ နတ်ဆိုးချီအားလုံး အလုံးစုံ ချိတ်ပိတ်ပစ်ခံလိုက်ရလေ၏။ ထိုအခါမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။
နတ်ဆိုးချီများကို ချိတ်ပိတ်နေစဉ်အတောအတွင်း တစ်ခုခု မှားယွင်းသွားမည်ကို သူအတော်လေး ကြောက်ရွံ့နေခဲ့ရသည်။ နတ်ဆိုးချီကို ချိတ်ဖြေပေးလိုက်ရာမှ ရရှိလာသည့် စွမ်းအားသည် ယခင်တစ်ကြိမ်နှင့် ယှဉ်လိုက်လျှင် ပိုမို အားကောင်းလာသော်ငြား နတ်ဆိုးချီများကို ပြန်ချိတ်ပိတ်ပစ်ဖို့ရာလည်း ယခင် တစ်ကြိမ်ထက် ပို၍ ခက်ခဲသွားခဲ့လေသည်။ နတ်ဆိုးချီများကို ချိတ်ပိတ်ပစ်ပြီးနောက် သူ့ဒဏ်ရာများကို စတင် စစ်ဆေးကြည့်တော့လေသည်။
ယောင်ချန်ကျွင်းနှင့် တိုက်ပွဲတွင် ရန်ကိုင် အသာရခဲ့သော်ငြား ယောင်ချန်ကျွင်း မသေခင် နောက်ဆုံး ထုတ်သုံးသွားသည့် တိုက်ကွက်ကြောင့် ရန်ကိုင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့လေသည်။
ရန်ကိုင် အရိုးမည်မျှ ကျိုးသွားလဲဆိုသည်ကို မသိရသေးသော်ငြား သူ့ကိုယ်ပေါ်ရှိ သွေးများမှာတော့ ခြောက်သွားကုန်ကြဖြင့် ရန်ကိုင်သည် သွေးဖြင့်လုပ်ထားသော အင်္ကျီတစ်ခုကိုပင် လုပ်ထားသလားဟု ထင်မှတ်ရပေသည်။ သူ့ဒဏ်ရာများအနက် အဆိုးဆုံးဒဏ်ရာမှ ပျက်စီးသွားသည့် သွေးကြောများ ဖြစ်ပေသည်။
ကံကောင်းစွာဖြင့် သူ့တွင် အင်မော်တယ်သစ်ပင် ရှိနေခဲ့သည်။ ဒဏ်ရာများအား ပြန်လည် ကုစားသည့်နေရာတွင် အမွှာဝိဥာဉ်ကြာပန်းသည်ပင်လျှင် အင်မော်တယ်သစ်ပင်ကို မမှီချေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းကလည်း မြင့်မားပြီးသား ဖြစ်သည့်အတွက်ကြောင့် အခြား မည်သည့်ဆေးကိုမှ သောက်နေစရာ မလိုတော့ချေ။
နေ့ဝက်ကြာပြီးနောက်တွင် ရန်ကိုင် ပြန်သက်သာလာခဲ့လေသည်။ ထို့နောက် သွေးစွန်းနေသော အဝတ်အစားများကို ချွတ်လျက် အသစ်စုံ လဲလိုက်လေသည်။
ယောင်ချန်ကျွင်းနှင့် တိုက်ပွဲကို ပြန်စဉ်းစားကြည့်မိလိုက်သည့်အခိုက် ရန်ကိုင် အနည်းငယ် စိတ်ပူလာခဲ့လေသည်။
ယခုတစ်ကြိမ် ထိုမွန်းစတားအိုကြီးကို ရှင်းပစ်နိုင်ရန်အတွက် နတ်ဆိုးချီ၏ အကူအညီကို ရယူနိုင်ခဲ့သည်။ သို့သော်ငြား နောက်တစ်ကြိမ်ဆိုလျှင်ကော။ ယခုတစ်ကြိမ်တွင်ပင်လျှင် နတ်ဆိုးချီစွမ်းအားကို ချိတ်ပိတ်ပစ်နိုင်ရန် မိုးကောင်းသစ်ပင်၏ နှစ်နှစ်ရာစွမ်းအားကို အသုံးပြုခဲ့ရသည်။ နောက်တစ်ကြိမ်သာဆိုလျှင်တော့ ထို့ထက်ကို ပိုလိုပေလိမ့်မည်။ အနည်းဆုံး နှစ်သုံးလေးရာခန့် လိုပေလိမ့်မည်။
ဆိုလိုသည်မှာ ရန်ကိုင်အနေဖြင့် နတ်ဆိုးချီကို နောက်တစ်ကြိမ် ထပ်အသုံးပြုနိုင်ရန် အတွက် အနည်းဆုံး သုံးလေးနှစ်ခန့် ထပ်စောင့်ရပေလိမ့်မည်။ သို့သော်ငြား ထိုသုံးလေးနှစ်အတွင်း အားကောင်းသည့် ရန်သူများနှင့် ရန်ကိုင် မတွေ့နိုင်ဟု မည်သူ ပြောနိုင်မည်နည်း။
သူ့တွင်သာ မဟာနတ်ရေစင်တစ်စက်လောက် ရှိမည်ဆိုပါက ထိုပြဿနာကို စိုးရိမ်နေစရာ မလိုတော့ချေ။ မဟာနတ်ရေစင်တစ်စက်သည် မိုးကောင်းကင်သစ်ပင်အား နှစ်ပေါင်း ထောင်နှင့်ချီသော စွမ်းအားကို ရအောင် လုပ်ပေးနိုင်ပေသည်။
သို့သော် မဟာနတ်ရေစင်ကို ရန်ကိုင် တစ်ကြိမ်သာ မြင်ဖူးလေသည်။ ထိုမြင်ခဲ့ဖူးသည့် မဟာနတ်ရေစင်တစ်စက်ဟာလည်း မုရုန်ရှောင်ရှောင်၏ လက်ထဲသို့ ရောက်သွားခဲ့သည်။
ထိုသို့ဖြင့် မဟာနတ်ရေစင်ကိုသာ မရလျှင် နောက်သုံးလေးနှစ်အတွင်း နတ်ဆိုးချီကို ထပ်အသုံးမပြုတော့ဘူးဟု ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက်တွင် အမွှာဝိဥာဉ်ကြာပန်းနှစ်ပွင့်ကို ဆေးဥယျာဉ်ထဲ စိုက်လိုက်ပြီး ထိုင်ရာမှ ထလိုက်လေ၏။
အမွှာဝိဥာဉ်ကြာပန်းနှစ်ပွင့်မှာ အလွန်ကိုမှ အဖိုးတန်ပေသည်။ လတ်စတော ထိုကြာပန်းနှစ်ပွင့်အား သုံးစရာမလိုသေးသလို လက်ရှိအချိန်ဟာလည်း ဆေးဖော်စပ်ရမည့် အချိန် မဟုတ်သေးသည့်အတွက်ကြောင့် ဆေးဥယျာဉ်ထဲ ခဏ စိုက်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၆၅)
ထိုကိစ္စအားလုံးကို ရှင်းလင်းအောင်လုပ်ပြီးမှသာ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျောက်တုံးရုပ်သေးရုပ်၊ လျို့ယန်နှင့် အခြားသူများရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။
“သခင်… အဆင်ပြေရဲ့လား…” ရန်ကိုင်ပေါ်လာသည်ကို မြင်သော် လျို့ယန်က ဝမ်းသာအားရဖြင့် မေးလိုက်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင် ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည်ကို သတိပြုမိလိုက်သော လျို့ယန်သည် ရန်ကိုင့်၏အခြေအနေကို သွားစစ်ဆေးကြည့်လေသည်။ သို့သော်ငြား ရန်ကိုင့်တစ်ကိုယ်လုံး နတ်ဆိုးချီများဖြင့် လွှမ်းခြုံနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် သူမစိတ်ထဲ ရန်ကိုင့်အား အတော်လေးကို စိတ်ပူနေခြင်း ဖြစ်လေသည်။
ကျောက်တုံးရုပ်သေးရုပ်နှင့် ဟွာချင်းစီတို့မှာလည်း အလားတူ စိတ်ပူနေကြလေ၏။
ယခု ရန်ကိုင် အဆင်ပြေပြေနှင့် ရှိနေသည်ကိုမြင်သော် နတ်ဆိုးချီအား ရှင်းထုတ်ပစ်လိုက်ပြီမှန်း အကုန်လုံး နားလည်လိုက်ကြလေသည်။
“အင်း… အဆင်ပြေတယ် ဘာမှမဖြစ်ဘူး…” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်လေသည်။
ဟွာချင်းစီက အလေးအနက်အမူအယာဖြင့် “တခြား ဘာဘေးထွက်ဆိုးကျိုးမှ မရှိတော့တာ သေချာလား… နင်သတိလက်လွတ် နေလို့ မဖြစ်ဘူးနော်…”
“စိတ်မပူနဲ့ အစ်မဟွာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကိုထုတ်၍ ဟွာချင်းစီအား ပေးလိုက်လေ၏။ “ဒီမှာ ခင်ဗျားအတွက်…”
ဟွာချင်းစီသည် ရန်ကိုင်ပေးသည့်အရာအား မယုံသင်္ကာ အမူအယာဖြင့် လှမ်းယူလိုက်လေသည်။ သို့သော်ငြား ထိုပစ္စည်းကို ကိုင်မိလိုက်သည့်အခိုက် အလန့်တကြား ထအော်လေ၏။ “ဧကရာဇ်အဆင့် မှော်ရတနာ…”
ရန်ကိုင် ဟွာချင်းစီအား ပေးလိုက်သည်မှာ ယောင်ချန်ကျွင်းမှ အသုံးပြုခဲ့သော ငါးရောင်ခြယ်လှံပင်ဖြစ်လေသည်။ ယောင်ချန်ကျွင်း သေသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့လေ၏။ ထိုသို့ဝင်မလာခင် ယောင်ချန်ကျွင်း၏ ဧကရာဇ်အဆင့်မှော်ရတနာနှင့် သိုလှောင်လက်စွပ်ကိုပါ တစ်ပါတည်း ယူခဲ့လေသည်။
လျို့ယန်တွင် သုတ်သင်ခြင်း မိုးကြိုးဓာတ်လုံး ရှိနေခဲ့လေပြီ။ ဟွာချင်းစီသည် သူ့အပေါ် သစ္စာရှိသဖြင့် ရန်ကိုင်လည်း သူမအသုံးပြုနိုင်ရန်အတွက် ဤငါးရောင်ခြယ်လှံကို ပေးပစ်လိုက်တော့လေသည်။
“ဧကရာဇ်အဆင့် မှော်ရတနာတွေက အားကောင်းတာမှန်တယ်… ဒါပေမဲ့ အရေးကြီးဆုံးက ကိုယ့်ရဲ့ကျင့်ကြံခြင်းပဲ… အစ်မဟွာ ဒီဟာတွေအပေါ် အရမ်းအားကိုးလို့ မဖြစ်ဘူးနော်…” ရန်ကိုင်က ပြောလိုက်လေသည်။
ဟွာချင်းစီသည် ငါးရောင်ခြယ်လှံဖြင့် ဆော့ကစားကြည့်နေပြီးသည့်နောက် ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ငါသိတယ်… နင် ငါ့ကို သင်ပေးနေစရာ မလိုဘူး…”
ရန်ကိုင်သည် အဓိပ္ပာယ်ပါပါ ပြုံးလျက် သူ့နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။
သူ့တွင် ယောင်ချန်ကျွင်း၏ သိုလှောင်လက်စွပ်အား စစ်ဆေးရန် အချိန်မရှိခဲ့ပေ။ သို့သော်ငြား ယခု ထုတ်စစ်ဆေးကြည့်လိုက်သည့်နောက်တွင် သိုလှောင်လက်စွပ်ထဲ၌ ပစ္စည်းကောင်းများစွာ ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။
အရင်းအမြစ်ကျောက်သက်သက်နှင့်ပင်လျှင် သိန်းရာနှင့်ချီကာ ရှိနေခဲ့လေ၏။ ထို့အပြင် ထိုအရင်းအမြစ်ကျောက်များမှာ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်များ ဖြစ်ကြလေသည်။ သို့သော်ငြား ဤသည်မှာ ယောင်ချန်ကျွင်းကဲ့သို့သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် ကြွယ်ဝချမ်းသာမှုသာ ဖြစ်လေသည်။
သူ့ကဲ့သို့ လူတစ်ဦးသည် ဘာကြောင့်များ ဆင်းရဲမွဲတေနေရမည်နည်း။
ထိုအရင်းအမြစ်ကျောက်များအပြင် အမျိုးမျိုးသောဆေးလုံးများ မှော်ရတနာများလည်း ရှိနေကြလေသည်။ သို့သော်ငြား ထိုအရာများမှာ ဧကရာဇ်အဆင့်များ မဟုတ်ကြချေ။
တခဏမျှ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုခုအား သတိရသွားခဲ့ပြီး မင်သက်နေသည့် အမူအယာဖြင့် မေးလိုက်လေသည်။ “လျို့ရှန်းယွင်ရော…”
လျို့ရှန်းယွင်မှာ သတိလစ်နေခဲ့၏။ ထို့အတွက်ကြောင့် ယောင်ချန်ကျွင်းနှင့် တိုက်ခိုက်ရာတွင် သူမအား မထိခိုက်စေရန်အတွက် ကမ္ဘာငယ်လေးထဲသို့ ထည့်ထားလိုက်လေသည်။ သို့သော်ငြား ယခုတွင်မူ သူမအား မည်သည့်နေရာတွင်မှ မတွေ့ရချေ။
လျို့ယန်က ရှင်းပြလိုက်လေ၏။ “ကျွန်မ သူ့ကို အိမ်တစ်လုံးထဲမှာ ထားထားလိုက်တာ… အခု ကြည့်ရတာတော့ သူနိုးနေလောက်ပြီ… ဒါပေမဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဇဝေဇဝါ ဖြစ်နေတုန်းပဲနဲ့တူတယ်…”
“နင် သူ့ကို ဘာမှ မရှင်းပြလိုက်ဘူးမလား…”
“မရှင်းပြလိုက်ဘူး…” လျို့ယန်က ခေါင်းခါလိုက်လေသည်။ ရှင်းပြဖို့ရာ မဆိုထားနှင့် လျို့ရှန်းယွင်ရှေ့တွင် လူလုံးပင် ထွက်မပြသေးချေ။
“ငါတစ်ချက် သွားကြည့်လိုက်မယ်…” ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။
လျို့ရှန်းယွင်သည် သူမ၏ ဘေးပတ်ဝန်းကျင်အား အလေးအနက်အမူအယာ၊ အံ့ဩတကြီးအမူအယာဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။
နိုးလာလာချင်း သူမကိုယ်သူမ ဤအိမ်ထဲတွင် ရောက်နေကြောင်း တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ သို့သော်ငြား ဤနေရာသည် မည်သည့်နေရာဖြစ်မှန်းကို စဉ်းစားမရခဲ့ပေ။ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မည်သည့်အန္တရာယ်ကိုမှ အာရုံမခံစားမိသလို မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း မတွေ့ရချေ။ သို့သော်ငြား ဤနေရာရှိ မိုးမြေစွမ်းအင်မှာတော့ ထူးထူးခြားခြားကို သိပ်သည်းလှပေသည်။
ဤမျှ မိုးမြေစွမ်းအင် သိပ်သည်းလှသည့် နေရာမျိုးကို လျို့ရှန်းယွင် တစ်ခါမှ မရောက်ဖူးချေ။ ဤနေရာသည် ကျင့်ကြံသူများအတွက် အလွန်ကိုမှကောင်းမွန်သည့် ကျင့်ကြံရေးသုခဘုံကြီးတစ်ခု ဖြစ်ပေသည်။ သူမသာ ဤနေရာတွင် ကျင့်ကြံခွင့် ရမည်ဆိုပါက အနှေးနှင့်အမြန်ဆိုသလို တာအိုသခင် ဒုတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင့်အား လိုက်ရှာရေးတွင်သာ အာရုံရောက်နေသဖြင့် ကျင့်ကြံချင်စိတ် မရှိသေးချေ။ လက်ရှိအချိန်တွင် သူမအား စိတ်ပူအောင် လုပ်နေသည့်အရာမှာ ရန်ကိုင့်အား မည်သည့်နေရာတွင်မှ ရှာမတွေ့သည်ဟူသော အချက်ပင်။ ရက်ပေါင်းများစွာကြာအောင် ရှာနေပြီးသည့်နောက်တွင် ရန်ကိုင်များ သူမအား စွန့်ပစ်သွားလေသလားဟုပင် တွေးမိလာခဲ့လေသည်။
သူမစိတ်ထဲ အတွေးပေါင်းစုံ ယောက်ယက်ခတ်နေစဉ်မှာပင် ပုံရိပ်တစ်ခုသည် သူမရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။
“စီနီယာအစ်ကို…” ရန်ကိုင်ပေါ်လာသည်ကို မြင်သော် လျို့ရှန်းယွင်သည် သူမ၏အားကိုးရာ တွေ့လိုက်သည့်အလား ရန်ကိုင်ဆီသို့ အမြန်ပြေးထွက်သွားလေသည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “တစ်ခုခုဖြစ်နေလို့ ရက်နည်းနည်းလောက် ပျောက်နေတာပါ…”
“စီနီယာအစ်ကိုအဆင်ပြေနေသရွေ့ ဘာမှမဖြစ်ဘူး…” လျို့ရှန်းယွင်သည် ရန်ကိုင့်အား စစ်ဆေးကြည့်လိုက်လေသည်။ ရန်ကိုင် အဆင်ပြေပြေနှင့်သာ ရှိနေကြောင်း တွေ့လိုက်ရပြီးသည့်နောက်မှသာ သက်ပြင်းချလိုက်နိုင်ပြီး မေးလိုက်လေ၏။ “စီနီယာအစ်ကို… ဒါဘယ်နေရာလဲသိလား… ကျွန်မတို့ ဟိုဝဲကတော့ကြီးထဲကို ရောက်သွားတာ မဟုတ်ဘူးလား…”
သူမစိတ်ထဲ ဟင်းလင်းပြင်တောင်တန်းထဲတွင် ပေါ်လာသော ဟင်းလင်းပြင်ဝဲကတော့ကြီးထဲ ဆွဲခေါ်ခံလိုက်ရသည်ကို ထင်ထင်ရှားရှားကို မှတ်မိနေပေသေးသည်။
“ငါတို့ အဲ့ထဲကို ရောက်သွားတာအမှန်ပဲ… ပြီးတော့ ပင်လယ်ထဲကို ကျလာတာ…”
“ပင်လယ်…” လျို့ရှန်းယွင် ပို၍ပင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ သူမအနေဖြင့် ဘေးပတ်ဝန်းကျင်အား ရက်ပေါင်းများစွာ စူးစမ်းလေ့လာကြည့်နေသည့်တိုင် မည်သည့်ပင်လယ်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့အစား သေသေချာချာ ဆောက်လုပ်ထားသော အဆောက်အဦးများစွာကိုသာ တွေ့ရလေ၏။
(ဒီမှာသာ စီနီယာအစ်ကိုနဲ့ အတူနေလို့ရရင် တကယ်ကောင်းမှာပဲ…)
ရန်ကိုင်လည်း စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကိုကုတ်လိုက်လေသည်။ ဤအခြေအနေကို လျို့ရှန်းယွင်အား မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိသည့် အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေသည်။ “ငါနင့်ကို လိုက်ပြမယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လျို့ရှန်းယွင်နှင့်အတူ ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာခဲ့လိုက်လေသည်။
အပြင်သို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် နှစ်ဦးစလုံး ငါးညှီနံ့တို့ကို ရလိုက်လေသည်။ ထို့နောက်တွင် အဘက်ဘက်ဆီမှ ထွက်ပေါ်လာနေသည့် ထူးဆန်းသော အသံတစ်သံကိုလည်း ကြားလိုက်ရလေ၏။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် သူတို့ မည်သည့်နေရာသို့ ရောက်နေကြောင်းကို ရန်ကိုင် တွေ့ရှိသွားခဲ့ရလေသည်။
အစောပိုင်းက နတ်ဆိုးချီအား ပြန်လည် ချိတ်ပိတ်နိုင်ရေးတွင်သာ အာရုံစိုက်နေသဖြင့် ကမ္ဘာငယ်လေး မည်သည့်နေရာသို့ ရောက်သွားသလဲဆိုသည်ကို ဂရုမစိုက်ခဲ့ချေ။ ထိုသို့ဖြင့် ကမ္ဘာငယ်လေးထဲမှာ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ရလေ၏။ ယခု ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက် သူပစ်ချလိုက်သည့် ကမ္ဘာငယ်လေးသည် မည်သို့များ ဧရာမ ငါးတစ်ကောင်၏ ဗိုက်ထဲသို့ ရောက်သွားခဲ့သလဲ ဆိုသည်ကို မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ကြည့်ရသလောက် ဤငါးကြီးသည် ကမ္ဘာငယ်လေးကို ဝါးမျိုပြီးသည့်နောက် ဘယ်ဆီဘယ်အရပ်မှန်း မသိရသော နေရာတစ်ခုဆီသို့ ကူးခတ်သွားခဲ့သည့်ပုံပင်။
ထိုအချက်ကို နားလည်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်လျက် ရွှေရောင်သွေးမျှင်တစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။ ရွှေရောင်သွေးမျှင်ကို ထိန်းချုပ်၍ ငါး၏ကျောဘက်တွင် အပေါက်တစ်ပေါက် ဖန်တီးလိုက်ပြီးသည့်နောက် လျို့ရှန်းယွင်ကိုခေါ်ကာ အပြင်သို့ ထွက်လာလိုက်လေသည်။
ငါးမှာ အတော်လေးကို ကြီးသော်ငြား အားကောင်းသည့် မွန်းစတားသားရဲတစ်ကောင်တော့ မဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူ့ကျောပေါ်တွင် အပေါက်တစ်ပေါက် ဖောက်သွားသည်ကို မည်သို့မှ မခုခံလိုက်နိုင်ခဲ့။ ပင်လယ်ကြမ်းပြင်ပေါ်တွင် အဆက်မပြတ် လူးလိမ့်နေရင်းဖြင့်သာ နာကျင်စွာ အော်ဟစ်နေခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် လျို့ရှန်းယွင်နှင့်အတူ ပင်လယ်ရေပြင်ပေါ်သို့ ပြန်တက်လာခဲ့လေသည်။ အပေါ်သို့ ရောက်လာပြီးသည့်နောက် လှေပျံလေးကို ထုတ်ယူလျက် လျို့ရှန်းယွင်နှင့်အတူ လှေပျံပေါ်သို့ တက်လိုက်လေ၏။
ပင်လယ်ပြင်ဆီမှ ညှီစို့စို့ ငါးညှီနံ့တို့ ထွက်နေခဲ့လေသည်။ ဘေးပတ်ဝန်းကျင်အနှံ့ အပြာရောင်လှိုင်းလုံးကြီးများနှင့် အပြာရောင်ကောင်းကင်တို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ပင်လယ်ပြင်သည် မျက်စိတဆုံး ကျယ်ပြောလှပြီး မရေမတွက်နိုင်အောင် များပြားလှသော ရေပန်းများမှာလည်း နေရာအနှံ့တွင် ရှိနေခဲ့လေသည်။ အလွန်ကိုမှ အန္တရာယ်များသည်ဟု ထင်မှတ်ရသော ဝဲကတော့ကြီးများကိုပင်လျှင် ပင်လယ်ပြင်ထက် မြင်တွေ့နေရသည်။
လျို့ရှန်းယွင် မင်သက်သွားခဲ့လေသည်။
သူမ ယခင်က မည်သည့်နေရာတွင် ရှိနေခဲ့သလဲ ဆိုသည်ကို လျို့ရှန်းယွင် မသိခဲ့ချေ။ ထို့အတွက်ကြောင့် ပင်လယ်ပြင်ထက်တွင် ရုတ်တရက် ပေါ်လာသည့်အခါ သူမစိတ်ထဲ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရလေသည်။
“ဝဲကတော့ကြီးထဲ ရောက်လာပြီးတဲ့နောက်ပိုင်း ဒီနေရာကို ကျလာတာပဲ…” ဘေးပတ်ဝန်ကျင်အား လှည့်ပတ်ကြည့်လိုက်သော်ငြား မည်သည့်ကုန်းမြေအရိပ်အယောင်ကိုမှ မတွေ့ရသဖြင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့လေသည်။
“ဒါဘယ်နေရာလဲ…” လျို့ရှန်းယွင်က အထိတ်တလန့်ဖြင့် မေးလိုက်လေသည်။
“ယောင်ချန်ကျွင်းနဲ့ ပန်ကွမ်းတို့ပြောတာတော့ ဒီနေရာက ဟင်းလင်းပြင်ကမ္ဘာကြီးတဲ့…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။
“ဟင်းလင်းပြင်ကမ္ဘာကြီး…” လျို့ရှန်းယွင် အံ့အားသင့်သွားခဲ့လေသည်။ သူမကိုကြည့်ရသလောက် ဤနေရာအကြောင်း မသိသည့်ပုံပင်။ လျို့ရှန်းယွင်သည် စိမ့်တောမြို့သို့ ရောက်သည်မှာ နှစ်အနည်းငယ်လောက်သာ ရှိပေသေးသည်။ ထို့ကြောင့် ဤနေရာနှင့်ပတ်သက်သည့် လျို့ဝှက်ချက်များအကြောင်းကို မသိသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။
“ယောင်ချန်ကျွင်းနဲ့ ပန်းကွမ်တို့လည်း ဒီကို ရောက်နေတာလား…” ရန်ကိုင့်စကားကို ကြားပြီးသည့်နောက်တွင် လျို့ရှန်းယွင် ထိတ်လန့်သွားခဲ့လေ၏။
“စိတ်မပူနဲ့… သူတို့ဘယ်မှာလဲ ငါမသိဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ ယောင်ချန်ကျွင်း သေသွားပြီဆိုသည့်အကြောင်းကို လျို့ရှန်းယွင်အား ပြောမပြခဲ့ချေ။ ပန်းကွမ်မှာတော့ ယောင်ချန်ကျွင်း၏ ခြိမ်းခြောက်သည်ကို ကြောက်လန့်ပြီး ထွက်ပြေးသွားသဖြင့် သူမည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကို ရန်ကိုင်မသိချေ။
“အဲ့ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ…”
“အရင်ဆုံးကတော့… ဒီကို ရောက်လာပြီဆိုမှတော့ ဒီမှာပဲ အရင် အခြေချကြတာပေါ့…” ရန်ကိုင်က သက်ပြင်းချလိုက်လေသည်။ “ဒီနားမှာ နေနေတဲ့ အခြားတစ်ယောက်လောက်များ ရှိမလား လိုက်ရှာကြည့်ရမယ်… ပြီးရင် သူတို့ကို သွားမေးရမယ်… အဲ့လိုမှပဲ ဒီနေရာကနေ ထွက်လို့ရမဲ့ နည်းလမ်းကို ရှာလို့ရမှာ…”
“အင်း… အဲ့ဒါဆို စီနီယာအစ်ကိုရဲ့ အကြံအတိုင်း သွားကြတာပေါ့…” လျို့ရှန်းယွင်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိချေ။ ထို့အတွက်ကြောင့် သူမ၏မျှော်လင့်ချက်အားလုံးကို ရန်ကိုင့်အပေါ်တွင်သာ စုပြုံထားလိုက်လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် လမ်းကြောင်းတစ်ခုကို ရွေးချယ်၍ စတင် ပျံသန်းသွားတော့လေသည်။
ပင်လယ်ကြီးမှာ ကမ်းမမြင် လမ်းမမြင်နိုင်အောင်ကို ကျယ်ပြောလှပေသည်။ မည်သည့်အရပ်သည်တောင်ဘက် မည်သည့်အရပ်သည် မြောက်ဘက်မှန်း ရန်ကိုင် မပြောနိုင်။ ထို့အတွက်ကြောင့် လမ်းကြောင်းတစ်ဖက်ထဲသို့သာ ဦးတည်ပြီး ပျံသန်းနေရလေ၏။
သို့ရာတွင် ပင်လယ်ပြင်ထက်တွင် ရှိနေသော ရေပန်းများမှာ ရန်ကိုင့်အား အတော်လေးကိုမှ အနှောင့်အယှက် ပေးနေခဲ့လေသည်။
ထိုရေပန်းများဆီမှ အလွန်ပြင်းထန်သည့် စွမ်းအားတို့ ထွက်ပေါ်နေခဲ့လေ၏။ ရန်ကိုင်သာ ထိုရေပန်းများထဲ ကျသွားမည်ဆိုလျှင် အလွယ်တကူ ပြန်ထွက်လာနိုင်တော့လိမ့်မည် မဟုတ်ချေ။
ထိုရေပန်းများ၏ ဆွဲအားမှ လွတ်မြောက်အောင် ရုန်းထွက်ရန်အတွက် ရန်ကိုင်မှာ အတော်လေးကိုမှ အားအင်ကုန်ခန်းခဲ့ရသည်။
သုံးရက်ကြာသွားသည့်တိုင် သူတို့နှစ်ဦးမှာ ဘာဆိုဘာမှ ရှာမတွေ့သေးချေ။ ဤပင်လယ်ပြင်ကြီးသည် အမှန်တကယ်ကို အဆုံးမဲ့သည့် ပုံပင်။ ရန်ကိုင်ကဲ့သို့သော တည်ငြိမ်သည့် လူပင်လျှင် အနည်းငယ် စိတ်ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။ သူတို့သာ အခြေချလို့ရမည့် နေရာတစ်ခုအား ရှာမတွေ့ပါက နှစ်ယောက်စလုံး ပင်လယ်ပြင်ပေါ်တွင်သာ တောက်လျှောက် ပျံသန်းနေရပေတော့မည်။
ထိုသို့သာ ဖြစ်မည်ဆိုပါက သူတို့နှစ်ဦးစလုံး အနှေးနှင့်အမြန်ဆိုသလို သေကြရပေလိမ့်မည်။ မောလာသည့်အခါတွင် ကမ္ဘာငယ်လေးထဲသို့ ဝင်နား၍ ရသော်ငြား သူတို့သာ ပြန်ထွက်နိုင်မည့်လမ်းကြောင်းကို ရှာမတွေ့ပါက ဤနေရာတွင်သာ တစ်သက်လုံး ပိတ်မိနေရပေတော့မည်။
“ဂျူနီယာညီမ… တစ်ချက်လောက် လာကြည့်ထားပေးပါဦး… ငါ ခဏလောက် နားချင်လို့…” ရန်ကိုင်သည် လျို့ရှန်းယွင်အား လှမ်းခေါ်လိုက်ပြီး သစ်သားလှေငယ်လေးအား ထိန်းချုပ်ရမည့် နည်းလမ်းကို ပြောပြလိုက်လေသည်။
“အင်း…” လျို့ရှန်းယွင်သည် အစောကြီးတည်းက ရန်ကိုင့်အား ကူညီပေးချင်နေခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရန်ကိုင်မှ တောင်းဆိုလာသည့်အခါ ပျော်ပျော်ကြီး လက်ခံလိုက်လေ၏။
“အဲ့ရေပန်းတွေကို သတိထားနော်… အရမ်းကြီးတဲ့ ရေပန်းတွေတွေ့ရင် ရှောင်သာ ရှောင်သွားလိုက်… အတင်းဖြတ်မဝင်နဲ့… အဲ့ကောင်တွေက အန္တရာယ်များတယ်…” ထိုသို့ သတိပေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် အားဖြည့်ဆေးအနည်းငယ်ကို ထုတ်သောက်၍ ကျင့်စဉ်ကို လှည့်ပတ်လိုက်လေ၏။
ဤဟင်းလင်းပြင်ကမ္ဘာကြီးထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ သိပ်သည်းလှပေသည်။ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်လောက် သိပ်သည်းခြင်း မရှိသော်ငြား သာမန်ဂိုဏ်းတစ်ဂိုဏ်း၏ မိုးမြေစွမ်းအင်ထက်တော့ ပို၍ သိပ်သည်းပေ၏။
သူသာ ဆေးလုံးများကို ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာလိမ့်မည်မှန်း သိနေခဲ့လေသည်။
သို့ရာတွင် တစ်ခဏကြာပြီးသည့်နောက် တစ်ခုခုမှားယွင်းနေမှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်များထဲတွင် ရန်ကိုင် အမျိုးအမည်မခွဲခြားနိုင်သော အရာတို့ ရောထွေးပါဝင်နေခဲ့လေသည်။ ထိုထူးဆန်းသော စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာပြီးသည့်နောက်တွင် စူးရှသော အပ်များနှယ် သူ့သွေးကြောများနှင့် ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နေခဲ့လေသည်။
ကျင့်ကြံရင်း ကျင့်ကြံရင်းဖြင့် သူ့ခန္ဓာကိုယ်မှာ ပိုပို၍ နာကျင်လာရလေတော့သည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင် သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
“စီနီယာအစ်ကို ဘာဖြစ်တာလဲ…” လျို့ရှန်းယွင်၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် သူ့ဘာသာ အားပြန်ဖြည့်နေခြင်း ဖြစ်လေရာ မည်ကဲ့သို့များ ရုတ်တရက်ကြီး သွေးတစ်ပွက် ထိုးအန်လေရလေသနည်း။
“ဒီနေရာက မိုးမြေစွမ်းအင်က ထူးဆန်းတယ်… အဲ့ဒါတွေကို သွားစုပ်မယူနဲ့… စုပ်ယူလိုက်လို့ရှိရင် နင့်ကိုယ်နင် ထိခိုက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်…” ရန်ကိုင်က အံကြိတ်ရင်းမှ ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ပြောလိုက်လေသည်။