← Chapters

အခန်း (၂၃၇၁-၂၃၇၅)

Vol. 95 Ch. 2371-2375

အခန်း (၂၃၇၁-၂၃၇၅)

Vol. 95 Ch. 2371-2375

အပိုင်း (၂၃၇၁)

ရန်ကိုင်သည် မြေပုံပေါ်ရှိ ကျွန်းဆီသို့ ပျံသန်းသွားနေရင်း လင်းယင်ချင်း ပေးခဲ့သော ကျောက်စိမ်းပြားကို လေ့လာနေခဲ့လေသည်။

ကျောက်စိမ်းပြားထဲတွင် သန့်စင်ရေးအစီအရင်အား မည်ကဲ့သို့ ခင်းကျင်းရမလဲ ဆိုသည်ကို အသေးစိတ်ကျကျ ရှင်းပြထားပေသည်။ ထို့အပြင် ဖတ်ရသည်မှာလည်း လွယ်ကူပေသည်။

ခေတ္တခဏခန့် ကြာပြီးသည့်နောက်တွင် မိုင်ငါးရာခန့်အကွာတွင် ရှိနေသော ကျွန်းဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ဤကဲ့သို့ ကြာနေရခြင်းမှာလည်း ကျောက်စိမ်းပြားကို လေ့လာရန်အတွက် တမင်သက်သက် သူ့အရှိန်ကို နှေးထားခဲ့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် တည်နေရာခုန်ကူးလိုက်ရုံဖြင့် ဤနေရာသို့ အသက်သုံးရှိုက်စာအတွင်း ရောက်လာနိုင်ပေသည်။

လှမ်းမျှော်ကြည့်လိုက်ရာ ဤနေရာတွင် အမှန်တကယ်ကို ကျွန်းငယ်လေးတစ်ကျွန်း ရှိနေကြောင်း‌ တွေ့လိုက်ရလေသည်။ ကျွန်းတစ်ကျွန်းလုံးမှာ အလွန်ကိုမှ ခေါင်လှသည်။ ကျွန်းပေါ်တွင် ဘာဆိုဘာမှကို မတွေ့ရပေ။ ထို့အပြင် ကျွန်းအရွယ်အစားမှာလည်း မီတာတစ်ထောင်ခန့်လောက်သာ အရှည်ရှိပေသည်။ ရှင်းရှင်းပြောရလျှင် ဤကျွန်းသည် ကျောက်တုံးကြီးတစ်တုံးနှင့် ဘာမှမခြားချေ။ ကောင်းကင်မှာတော့ ကြည်လင်နေပြီး ပင်လယ်ရေပြင်မှာလည်း ငြိမ်သက်နေခဲ့လေသည်။

ရန်ကိုင်သည် ကျွန်းပေါ်သို့ အမြန်ဆင်း၍ ကျောက်စိမ်းပြားတွင် ပြောထားသည့်အတိုင်း အစီအရင်ကို စတင်ခင်းကျင်းလိုက်လေသည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် အစီအရင်ကို ခင်းကျင်းလို့ ပြီးသွားခဲ့လေ၏။ အလင်းစက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ထိုအစီအရင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုးမြေစွမ်းအင် သိပ်သည်းဆမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့လေသည်။

အဆင့်မြင့်သန့်စင်ရေးအစီအရင်တစ်ခုသည်ပင်လျှင် မိုးမြေစွမ်းအင်များကို လွတ်လွတ်လပ်လပ် မစီးဆင်းစေနိုင်ပေ။ ကြည့်ကြည့်ရသလောက် ထိပ်တန်းအဆင့်သန့်စင်ရေး အစီအရင်တစ်ခုသည်ပင်လျှင် ထိုမျှ အကျိုးထူးလိမ့်မည် မဟုတ်လောက်ချေ။

ရန်ကိုင့်တွင် အချိန်သိပ်ရှိမနေခဲ့။ ထို့အတွက်ကြောင့် အစီအရင်တွင် မည်သည့်ပြဿနာ ရှိမရှိ စစ်ဆေးလိုက်ပြီးသည့်နောက် ကျန်းရို့ရှီအား ကမ္ဘာငယ်လေးထဲမှ ထုတ်ယူလိုက်လေသည်။ “ဆရာ… ဆရာ့ကို ဒုက္ခရောက်အောင် ထပ်လုပ်မိပြန်ပြီ…” ကျန်းရို့ရှီကို ကြည့်ရသလောက် သူမ၏ကျင့်ကြံခြင်းအား ထိန်းထားရန် အတော်လေးကိုမှ ကြိုးစားနေရသည့်ပုံပင်။ သူမကိုယ်ပတ်လည်တွင် ဖြာထွက်နေသော ချီစွမ်းအင်များသည်ပင်လျှင် ဆူပွက်နေသည့် ရေများနှယ် ကသောင်းကနင်းဖြစ်နေလေသည်။ အပြင်သို့ ပေါ်လာလာချင်းမှာပင် ကျန်းရို့ရှီသည် အပြစ်မကင်းသည့် အမူအယာဖြင့် ရန်ကိုင့်အား တောင်းပန်လိုက်လေ၏။

လက်ရှိရန်ကိုင်၏အခြေအနေ မည်ကဲ့သို့ ရှိနေသလဲ ဆိုသည်ကို သူမ ကောင်းကောင်းသိပေသည်။

ရန်ကိုင်က လက်ဝှေ့ယမ်း၍သာ ပြန်ပြောလိုက်လေ၏။ “အခြား ဘာကိုမှ တွေးမနေနဲ့ နင့်ကိုနင်သာ သေချာ အာရုံစိုက်ထား… အခုချိန်မှာ အဆင့်ချိုးဖြတ်နိုင်ဖို့က အရေးကြီးဆုံးပဲ… ငါနင့်ကို ကာကွယ်ပေးထားမယ်… ဒီ‌တော့ အခြား ဘာကိုမှ အာရုံမစိုက်နဲ့…”

ကျန်းရို့ရှီသည် ခေါင်းငြိတ်လိုက်ပြီး မျက်လုံးပိတ်၍ လက်ကွက်များကို စတင် ဖန်တီးလေသည်။

ချက်ချင်းဆိုသလို သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အရှိန်အဝါမှာ ပို၍ ကြမ်းကြုတ်ခက်ထန်လာခဲ့ပြီး သူမသွေးကြောများထဲ စီးဆင်းနေသော အရင်းအမြစ်ချီများပင်လျှင် ပို၍ ကြမ်းတမ်းလာခဲ့လေသည်။

အနီးအနားတွင် ရှိနေသော မိုးမြေစွမ်းအင်များမှာလည်း အသက်ဝင်လာသည့်အလား ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲသို့ စတင် စီးဝင်လာကုန်ကြလေ၏။

သို့သော်ငြား သန့်စင်ရေးအစီအရင်၏ တားဆီးမှုကြောင့် မိုးမြေစွမ်းအင်များမှာ သူမဆီသို့ လွတ်လွတ်လပ်လပ် စီးဝင်မလာနိုင်ချေ။ လက်ရှိ သန့်စင်ရေးအစီအရင်ကိုဖြတ်၍ စီးဝင်လာနေသော မိုးမြေစွမ်းအင်များမှာ ကျန်းရို့ရှီ၏ လိုအပ်မှုကို မဖြည့်ဆည်းပေးနိုင်ပေ။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များကိုထုတ်ကာ ထုချေပေးလိုက်လေသည်။ ချက်ချင်းဆိုသလို ကျွန်းငယ်လေးပေါ်ရှိ မိုးမြေစွမ်းအင်များမှာ အဆပေါင်းများစွာ သိပ်သည်းလာခဲ့လေ၏။

ထိုအရင်းအမြစ်ကျောက်များ၏ အကူအညီကို ရပြီးသည့်နောက်တွင် မှုန်ကုပ်နေသော ကျန်းရို့ရှီ၏အမူအယာ တဖြည်းဖြည်းပြေလျော့သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့တွင် ကျန်ရှိနေသော အရင်းအမြစ်ကျောက်များကို ထပ်ထုတ်၍ ထပ်မံ ထုချေပေးလိုက်လေသည်။ ဤသို့ဖြင့် ကျွန်းငယ်လေးပေါ်ရှိ မိုးမြေစွမ်းအင်များမှာ အဆပေါင်းများစွာ သိပ်သည်းလာခဲ့ရာ မြူခိုးအနေအထားသို့ပင် ရောက်လုမတတ် ဖြစ်သွားခဲ့ရလေသည်။ ကျန်းရို့ရှီနှင့် ဆယ်မီတာခန့်အကွာတွင် ရပ်နေသော ရန်ကိုင်သည်လျှင် သိပ်သည်းလှသော မိုးမြေစွမ်းအင်များ၏ ကာဆီးထားမှုကြောင့် ကျန်းရို့ရှီ၏ခန္ဓာကိုယ်ကို သေသေချာချာ မမြင်ရတော့ချေ။

ဤမျှလောက်ဆိုလျှင် အဆင်ပြေပြီဟု တွေးမိလိုက်သော် ရန်ကိုင်လည်း ရပ်လိုက်လေ၏။

သွေးမျိုးဆက်နိုးထလာပြီးသည့်နောက်ပိုင်း ကျန်းရို့ရှီမှာ လူသစ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသလိုပင်။ သူမ၏အရည်အချင်းမှာ ပြောမပြနိုင်လောက်အောင်ကို ကောင်းမွန်လွန်းလှပေသည်။ သူမကျင့်ကြံတိုင်း ကျင့်ကြံတိုင်း အခြားသူများကဲ့သို့ မိုးမြေစွမ်းအင်များကို ဖြည်းဖြည်းချင်းစုပ်ယူနေခြင်းမရှိဘဲ ရေသောက်သည့်အလား တရဟော စုပ်ယူပစ်လေသည်။ ထို့ကြောင့်သာလျှင် သူမ၏ကျင့်ကြံခြင်းမှာ ဤမျှ လျင်မြန်စွာ တိုးတက်လာနေရခြင်း ဖြစ်လေ၏။

ကျန်းမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်ခဲ့သော ကျန်းကောင်းရှန်သည် ငါးရောင်ခြယ်ရတနာဘုရားထဲတွင် တာအိုအရင်းအမြစ်အသီးတစ်လုံးကို ရရှိခဲ့ပေသည်။ သို့သော်ငြား ထိုအသီးကို ရပြီးသည့်နောက် အခြားလူတစ်ဦး၏ လုပ်ကြံခြင်း ခံရကာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့လေ၏။ သူမသေခင်တွင် ရန်ကိုင့်အား ကျန်းမိသားစုဆီသို့ သွားပြီး ထိုအရင်းအမြစ်အသီးကို ဆေးဖော်စပ်ရာမှ ရလာသည့် တာအိုအရင်းအမြစ် ဆေးလုံးတစ်လုံးကို ကျန်းမိသားစုမျိုးဆက်များအတွက် ချန်ထားပေးခဲ့ရန် ပြောခဲ့ပေသည်။

ရန်ကိုင်လည်း ကျန်းကောင်းရှန်ပြောသည့်အတိုင်း ကျန်းမိသားစုဆီသို့ သွားခဲ့လေ၏။ ထိုစဉ်က ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းမှာ သူတော်စင်ဘုရင်အဆင့်တွင်သာ ရှိပေသေးသည်။ ယခု နှစ်အနည်းငယ်ခန့်သာ ကြာသေးသော်ငြား ကျန်းရို့ရှီသည် တာအိုသခင်အဆင့်သို့ ချိုးဖြတ်ရန် ကြိုးစားနေခဲ့လေပြီ။

ရန်ကိုင့်တွင် ကျန်းရို့ရှီအတွက် ပြင်ဆင်ပေးထားသော တာအိုအရင်းအမြစ်ဆေးလုံးတစ်လုံး ရှိနေပေသေးသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ကျန်းရို့ရှီသည် ထိုဆေးလုံးကို လုံးဝ မလိုအပ်သည့်ပုံပင်။ လွန်ခဲ့သော နှစ်များအတွင်း ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော မိန်းမငယ်လေးသည် ကျော့ရှင်းသည့် မိန်းမပျိုလေးတစ်ဦးအသွင်သို့ ကြီးပြင်းလာခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲ စိတ်ခံစားချက်မျိုးစုံ ရောပြွမ်းလာခဲ့လေသည်။

တဝီဝီမြည်သံနှင့်အတူ ကျန်းရို့ရှီသည် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား အနီးပတ်ဝန်းကျင်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို အဆက်မပြတ် စုပ်ယူပစ်နေခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် သိပ်သည်းလှသော မိုးမြေစွမ်းအင်ထုကြီးမှာ တမုဟုတ်ချည်း ပါးလျလာခဲ့လေ၏။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း နောက်ထပ် အရင်းအမြစ်ကျောက်များကို ထုချေပစ်လိုက်ရလေသည်။

ထိုကဲ့သို့ သုံးကြိမ်သုံးခါခန့် လုပ်ပြီးသည့်နောက်တွင် အရင်းအမြစ်ကျောက် အနည်းဆုံး ဆယ်သန်းခန့် ကုန်ဆုံးသွားခဲ့ရလေ၏။ ထိုအခိုက်အတန့်တွင် ကျန်းရို့ရှီဆီမှ ညီးသံသဲ့သဲ့ ထွက်ပေါ်လာခဲ့လေသည်။ ထိုညီးသံနှင့်အတူ ဖော်ပြရခက်ခဲလှသော အရှိန်အဝါတို့ သူမဆီမှ ဖြာထွက်လာခဲ့လေ၏။

ကျန်းရို့ရှီ အဆင့်ချိုးဖြတ်ပေတော့မည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်လည်း ထိုနေရာတွင် ဆက်မနေရဲတော့ပဲ ကျွန်းမှ ခပ်လှမ်းလှမ်းအကွာသို့ ဆုတ်သွားလိုက်လေ၏။ သူ လက်ရှိ ရှိနေသည့် နေရာသည် လုံးဝကို သင့်တော်ပေသည်။ ဤနေရာမှဆိုလျှင် ကျန်းရို့ရှီ အဆင့်ချိုးဖြတ်နေသည်ကို ဝင်နှောင့်ယှက်သလို မဖြစ်သွားတော့သလို ကျန်းရို့ရှီ အန္တရာယ်တစ်ခုခုနှင့် ကြုံရပါကလည်း ချက်ချင်း သွားကယ်ပေးနိုင်ပေသည်။

လက်ရှိကြည့်ရသလောက် ကျန်းရို့ရှီ အဆင့်ချိုးဖြတ်ခြင်းဖြစ်စဉ် ချောချောမွေ့မွေ့နှင့် ဖြစ်နေရခြင်းမှာ ရန်ကိုင် ထုတ်ယူလာပေးခဲ့သည့် အရင်းအမြစ်ကျောက် ဆယ်သန်းကြောင့်ပင် ဖြစ်လေသည်။ သို့သော်ငြား တကယ့်ပြဿနာကြီးမှာ မစလာသေးမှန်းကို သူသိနေခဲ့သည်။

ကျန်းရို့ရှီအတွက် အခက်အခဲဆုံးအပိုင်းမှာ မိုးမြေကောင်းချီးပင် ဖြစ်လေသည်။ ဤနေရာရှိ မိုးမြေကောင်းချီးထဲတွင် အဖျက်စွမ်းအင်များ ရောနှောပါဝင်နေခဲ့လေသည်။ ထိုစွမ်းအင်များသာ သူမကိုယ်ထဲသို့ ရောက်သွားပါက နောက်ဘာဖြစ်လို့ ဖြစ်လာမည်မှန်းကို မည်သူမျှ မပြောနိုင်ကြပေ။

သူမသာ ထိုအဖျက်စွမ်းအားများကို မစုပ်ယူဘူးဆိုလျှင်လည်း တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ တကယ်ကို ခေါင်းကိုက်စရာပင်။

“ဝုန်း ဝုန်း ဝုန်း…”

တဝုန်းဝုန်းမြည်သံများနှင့်အတူ တိမ်ကင်းစင်နေသော ကောင်းကင်ပြင်ထက်တွင် အနက်ရောင်တိမ်စိုင်တိမ်တိုက်များ စုဝေးလာခဲ့လေသည်။ ထိုအနက်ရောင်တိမ်စိုက်တိမ်တိုက်များသည် တဖြည်းဖြည်း စုဝေးလာပြီးသည့်နောက် ဧရာမဝဲကတော့ကြီးတစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ ထို့နောက်တွင် လျှပ်ပန်းလျှပ်နွယ်များ မိုးခြိမ်းသံများ စတင် ထွက်ပေါ်လာခဲ့လေတော့သည်။

ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း ရန်ကိုင် စတင်၍ စိတ်ပူလာခဲ့လေ၏။

တစ်ချိန်တည်းတွင် မိုင်ငါးရာခန့်အကွာတွင် ရှိနေသော သင်္ဘောပေါ်၌ ကျင့်ကြံသူတစ်အုပ်သည် သူတို့ဆီသို့ လက်ညှိုးတထိုးထိုး လုပ်နေကြလေသည်။ သူတို့အားလုံးထင်နေသည်မှာ ထိုကောင်းကင်ဖြစ်စဉ်သည် ရန်ကိုင့်ကြောင့် ဖြစ်လာသည်ဟူ၍ပင်။ သို့သော်ငြား တကယ့်တရားခံသည် အခြားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားကြလိမ့်မည် မဟုတ်ချေ။

လင်းယင်ချင်းသည် သူမအခန်းထဲရှိ ပြတင်းပေါက်တံခါးဘောင်ကိုမှီရင်း လှမ်းကြည့်နေခဲ့လေသည်။ ကောင်းကင်ဖြစ်စဉ်ကို မြင်ပြီးသည့်‌နောက် အံ့ဩတကြီးအမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ကောင်းကင်ဖြစ်စဉ်ပေါ်လာတာလား…”

ကောင်းကင်ဖြစ်စဉ်ပေါ်လာခြင်းမှာ မကြာခင်တွင် တစ်စုံတစ်ဦးသည် မိုးမြေကောင်းချီးအား ခံယူရတော့မည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ ဆိုလိုသည်မှာ ရန်ကိုင့်အနေဖြင့် ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်နိုင်ချေ ရှိပေသေးသည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။

ရန်ကိုင့်အား အထင်သေးမိလိုက်သည်ဟု လင်းယွင်ချင်း ရုတ်တရက် ခံစားလိုက်ရလေသည်။ ရန့်ကိုင်တွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေ အလွန်ကိုမှ နည်းပါးသည်ဟု ထင်ခဲ့သော်ငြား ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက်တွင် ရန်ကိုင် ဘာကြောင့် သူ့ကိုယ်သူ ထိုမျှ ယုံကြည်နေမှန်းကို သူမ နားလည်သွားရတော့လေသည်။

သို့သော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ လင်းယင်ချင်းအား နားမလည်နိုင်အောင် ဖြစ်စေသည့် ကိစ္စတစ်ရပ်တစ်ခု ရှိနေခဲ့လေသည်။ ထိုအရာမှာ ကောင်းကင်ဖြစ်စဉ်တစ်ခုသာ ဖြစ်သော်ငြား ထိုကောင်းကင်ဖြစ်စဉ်သည် သိပ်၍ အားမပါသလို ခံစားနေရပေသည်။ အဝေးမှကြည့်နေသည့် သူမသည်ပင်လျှင် ထိုကောင်းကင်ဖြစ်စဉ်မှာ အတော်လေးကိုမှ သေးငယ်လှမှန်း ပြောနိုင်သည်။ လင်းယွင်ချင်းအနေဖြင့် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သည်ကို မမြင်ဖူးသော်ငြား ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်ဖြစ်စဉ်သည် ဤမျှလောက် မသေးသင့်ပေ။

လျို့ရှန်းယွင်သည်လည်း သူမ၏အခန်းထဲတွင် နေရင်း ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ဖြစ်စဉ်အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေခဲ့လေသည်။ သို့သော်ငြား ထိုနေရာသို့ ပြေးသွား၍ မရသည့် အတွက်ကြောင့် လက်ကလေးနှစ်ဖက်ဆုပ်၍ ရန်ကိုင့်အတွက် ဆုတောင်းပေးနေရုံသာ တတ်နိုင်ခဲ့လေသည်။

တစ်ချိန်တည်းတွင် မိုင်တစ်သောင်းခန့်အကွာ၌ သင်္ဘောတစ်စင်းသည် ပင်လယ်ပြင်ထက် ဖြည်းဖြည်းချင်း ရွက်လွင့်နေခဲ့လေသည်။ သင်္ဘောမှာ မိုင်တစ်သောင်းအကွာတွင် ရှိနေသော်ငြား ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော ကောင်းကင်ဖြစ်စဉ်ကိုတော့ လှမ်းမြင်နိုင်ကြပေသည်။

ခဏအကြာတွင် သင်္ဘောသည် ချက်ချင်း ဦးတည်ချက်ပြောင်းကာ ကောင်းကင်ဖြစ်စဉ် ထွက်ပေါ်နေသော ကျွန်းရှိနေသည့် နေရာဆီသို့ ထွက်လာခဲ့လိုက်လေသည်။

ကျွန်းလေးထက်ရှိ ကောင်းကင်ထက်တွင် အနက်ရောင်တိမ်စိုင်တိမ်တိုက်များ သိပ်သည်းကာ စုဝေးနေကြပြီး မိုးခြိမ်းသံများကလည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့လေသည်။

ရုတ်တရက်ဆိုသလို အလွန်ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် ကောင်းကင်ယံထက်မှနေ၍ ကျွန်းတည့်တည့်သို့ ရေတံခွန်စီးကျသည့်နှယ် တရဟော ကျဆင်းလာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ရန်ကိုင့်မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကျန်းရို့ရှီအား ပြေးကာကွယ်ပေးချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

“ဘုန်း….”

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အလွန်ပြင်းထန်သည့် စွမ်းအားသည် ကျွန်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။ ထိုစွမ်းအားကြောင့် ရန်ကိုင်ခင်းကျင်းထားခဲ့သော သန့်စင်ရေးအစီအရင်မှာလည်း ပျက်စီးသွားခဲ့ရလေသည်။ ပုန်းအောင်းတည်ရှိနေသော အစီအရင်အလံတိုင်များမှာ ထိခိုက်သွားကုန်ကြပြီး ကျွန်းတစ်ခုလုံးကို ဖုံးကွယ်ထားသော အလင်းစက်ကွင်းမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

အဆင့်မြင့်သန့်စင်ရေးအစီအရင်သည် ထိုနည်းဖြင့် ဖျက်ဆီးခံလိုက်ရလေ၏။

မိုးမြေစွမ်းအင် ကျန်းရို့ရှီ၏ခေါင်းပေါ်သို့ ကျမလာသေးခင်မှာပင် သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး ဧရာမပုံရိပ်ယောင်ကြီးတစ်ခု သူမ၏ကျောဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

ထိုပုံရိပ်ကြီးကို ကြည့်ရင်း ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

သူ့အနေဖြင့် ထိုပုံရိပ်ကို မြင်ဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။ ထိုဧရာမပုံရိပ်ကြီးသည် ကျန်းရို့ရှီ ဥတုလေးမျိုးနယ်မြေထဲ၌ အဆင့်ချိုးဖြတ်စဉ်ကလည်း ပေါ်လာခဲ့ဖူးပေသည်။ ယခုတစ်ကြိမ်ပေါ်လာသည့် အခါတွင်တော့ ပုံရိပ်ကြီးမှာ ပို၍ သိပ်သည်းကျစ်လျစ်လာသလို ရန်ကိုင် ခံစားလိုက်ရလေသည်။

သို့သော်ငြား ရန်ကိုင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည့် တစ်ချက်မှာ သူမည်ကဲ့သို့ ကြည့်နေပါစေ ထိုပုံရိပ်အား ထင်ထင်ရှားရှား မမြင်နိုင်ခြင်းပင်။ ပုံရိပ်ကြီးသည် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ဖြစ်သည်ဟူ၍သာ သူပြောနိုင်လေ၏။ ပုံရိပ်၏အမြင့်မှာ အနည်းဆုံး မီတာနှစ်ရာသုံးရာခန့် ရှိလေရာ ရှောင်ရှောင်အသွင်ပြောင်းသွားသည့်ပုံစံထက်ပင် ပိုကြီးနေခဲ့လေသည်။ ထိုအမျိုးသမီးသည် ဓါးသွားကြီးတစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ဆွဲထားပြီး ခေါင်းကိုမြင့်မြင့်မော့လျက် မြေပြင်ပေါ်တွင် အခိုင်အမာ ရပ်နေခဲ့လေသည်။

အမျိုးသမီးမှာ ဧရာမလူကြီးတစ်ဦးနှင့် ဆင်တူသော်ငြား ရုပ်ဆိုးလှသည်တော့မဟုတ်ချေ။ သူမ၏ခန္ဓာကိုယ်မှာ လုံးဝကို အပြစ်ဆိုရက်စရာမရှိ။ အလွန်ကိုမှ ပြီးပြည့်စုံနေခဲ့လေသည်။ မည်သို့ပင်ကြည့်နေပါစေ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် မိန်းမတစ်ဦး ရှိသင့်ရှိထိုက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် လုံးဝကို ကွက်တိဖြစ်နေလေ၏။

မိုးမြေစွမ်းအင်များ သူမ၏ခန္ဓာကိုယ်ကို သွားရောက်ရိုက်ခတ်သည့်အခါ ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်အလား လှိုင်းတွန့်လေးပင် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

ချက်ချင်းဆိုသလို ဧရာမပုံရိပ်ကြီးသည် ကောင်းကင်ပေါ်သို့မော့၍ သူမ၏ပါးစပ်ကိုဟကာ အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။

ကောင်းကင်ထက်တွင် စုဝေးနေသော စွမ်းအင်အားလုံးမှာ သူမပါးစပ်ထဲသို့ စီးဝင်သွားခဲ့လေရာ အသက်သုံးရှိုက်စာအတွင်း တိမ်စိုင်တိမ်တိုက်များဖြင့် အုံ့ဆိုင်းနေသော ကောင်းကင်တစ်ခုလုံးသည် ချက်ချင်းဆိုသလို ပြန်လည်ကြည်လင်လာခဲ့လေသည်။ ပင်လယ်ပြင်မှာလည်း ယခင်ကကဲ့သို့ လှိုင်းထန်နေခြင်း မရှိတော့ချေ။

ထိုမြင်ကွင်းကို တစ်ကြိမ်မက မြင်ဖူးခဲ့သော်ငြား မြင်ဖူးလိုက်သည့်အကြိမ်တိုင်း ရန်ကိုင့်အနေဖြင့် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။

ကျင့်ကြံသူတစ်ဦး အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖြတ်ဝင်ရောက်သည့်အခါ မိုးမြေစွမ်းအင်၏ ကောင်းချီးပေးခြင်း ခံရသည်မှာ သဘာဝသာ ဖြစ်လေသည်။ ထိုအရာသည် မည်သူမျှ ရှောင်လွဲ၍မရသည့် အရာတစ်ခု။ မိုးမြေကောင်းချီးကြောင့်ပင်လျှင် ကျင့်ကြံသူတစ်ဦးသည် သူချိုးဖြတ်ဝင်ရောက်မည့် အဆင့်ကြီး၏ နက်နဲဆန်းကြယ်မှုများကို သိမြင်နိုင်ခြင်း ဖြစ်လေသည်။ မိုးမြေကောင်းချီးကို မခံယူနိုင်ပါက သေလျှင်သေ မသေလျှင် ဒုက္ခိတ ဖြစ်သွားရပေလိမ့်မည်။

ဤသည်မှာ ရန်ကိုင်နေထိုင်သည့် လောကထဲတွင် ရှိနေသော ကျင့်ကြံရေးလမ်းစဉ်သာ ဖြစ်လေသည်

သို့သော်ငြား ကျန်းရို့ရှီ၏ အဆင့်ချိုးဖြတ်ခြင်းနှင့် ယှဉ်လိုက်သော် သူ၏အဆင့်ချိုးဖြတ်မှုမှာ အလွန်ကိုမှ အားနည်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင့်စိတ်ထဲ ထိုကဲ့သို့ အတွေးများ ဖြတ်ပြေးနေစဉ် ကျန်းရို့ရှီ၏ နောက်ကျောဘက်တွင် ပေါ်လာသော ဧရာမပုံရိပ်ကြီးမှာ သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တိုးဝင်သွားခဲ့လေသည်။ ထို့နောက်တွင် တာအိုသခင်အဆင့် အရှိန်အဝါသည် ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ဆီ ဖြာထွက်လာလေတော့၏။

ရန်ကိုင်ကမူ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် အတော်လေးကိုမှ စိုးရိမ်နေခဲ့ရလေသည်။ ဧရာမပုံရိပ်ကြီးမှ ဤလောကကြီးထဲရှိ မိုးမြေစွမ်းအင်များကို စုပ်ယူလိုက်ခြင်းမှာ ကျန်းရို့ရှီအတွက် ပြဿနာဖြစ်စေမလားဟု တွေးရင်း ရန်ကိုင့်မှာ စိတ်ငြိမ်ငြိမ် မထားနိုင်တော့ချေ။ တကယ်တော့ ဤလောကကြီး၏ မိုးမြေစွမ်းအင်များထဲတွင် အဖျက်စွမ်းအားတို့ ရောယှက်ပါဝင်နေသည် မဟုတ်ပေလော။

ရန်ကိုင်သည် ကျန်းရို့ရှီ၏ တုံ့ပြန်မှုများကို သေချာ အာရုံစိုက်နေခဲ့လေသည်။ တစ်ခုခုစိုးရိမ်စရာသာ ဖြစ်လာမည်ဆိုပါက သူမအား ကမ္ဘာငယ်လေးထဲသို့ ချက်ချင်းခေါ်သွင်းရန် စဉ်းစားထားလေ၏။

သို့သော်ငြား သူမည်သို့ပင် စောင့်ကြည့်နေစေကာမူ ကျန်းရို့ရှီမှာတော့ လုံးဝ မသက်မသာဖြစ်နေသည့် ပုံစံမျိုးမပြပေ။ ထို့အစား သူမ၏အဆင့်ချိုးဖြတ်မှုနှင့်ပတ်သက်၍ ဝမ်းသာနေသည့်အလား ကျေနပ်ပီတိပင် ဖြစ်နေသေးသည်။ မူလပုံစံအတိုင်း တင်ပလင်ခွေထိုင်ကာ လက်ကွက်များကိုပင် ဖန်တီးနေသေးသည့်အတွက်‌ကြောင့် ရန်ကိုင့်မှာ လုံးဝကို ဇဝေဇဝါဖြစ်နေရတော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၇၂)

မိုင်ငါးရာခန့်အကွာတွင် ရှိနေသော လင်းယင်ချင်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်လေ၏။ “ထင်တဲ့အတိုင်းပဲ သူ ကျရှုံးသွားတာပဲ…”

အလွန်ကိုမှ အားကောင်းလှသော ကောင်းကင်ဖြစ်စဉ်သည် ပေါ်လာပြီးပြီးချင်း တစ်ခဏအတွင်းမှာပင် သဲလွန်စမကျန် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထိုတစ်ချက်နှင့်ပင်လျှင် ရန်ကိုင်၏ အဆင့်ချိုးဖြတ်မှု မအောင်မြင်ကြောင်း ပြောနိုင်ပေသည်။ ယခု သူမတို့အနေဖြင့် စိတ်ပူစရာ ရှိတော့သည်မှာ ရန်ကိုင် အသက်ရှင်နေသေးလား သေသွားပြီလား ဆိုသည်ကိုပင်။ သူမသည် ရန်ကိုင်နှင့် မရင်းနှီးသော်ငြား သိုင်းတာအိုလမ်းစဉ်ကို လျှောက်လမ်းနေသော ကျင့်ကြံသူတစ်ဦး သေသွားသည်ကို မြင်ရသည်မှာ သူမအတွက် အနည်းငယ် ဝမ်းနည်းစရာ ကောင်းနေခဲ့လေသည်။

သူမ၏အခန်းထဲတွင် လက်ဖဝါးနှစ်ဖက်ဆုပ်၍ ကြိတ်ကာ ဆုတောင်းနေသော လျို့ရှန်းယွင်မှာလည်း ထိုမြင်ကွင်းကို မြင်လိုက်သည့်နောက် မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားပြီး ခြေထောက်များ ပျော့ခွေသွားခဲ့လေသည်။

အတော်ကြာသွားသည့်အခါမှသာ မတ်တပ်ပြန်ရပ်လာနိုင်ပြီး အံကိုကြိတ်၍ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

ရန်ကိုင် သေလားရှင်လား ဆိုသည်ကို သိရလေအောင် သွားစစ်ဆေးကြည့်ရပေလိမ့်မည်။ ရန်ကိုင်သာ အသက်ရှင်နေဦးမည်ဆိုပါက လူကိုမြင်ချင်ပေသည်။ သေသွားပြီဆိုလျှင်လည်း သူ့အလောင်းကို မြင်ချင်ပေသေးသည်။ သူမကြောင့်သာမဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ချေ။ ရန်ကိုင့်၏ပါရမီအရည်အချင်းအရ ကြယ်တာရာအစုအဝေးထဲတွင် ခေါင်းမော့ရင်ကော့၍ သွားလာနိုင်ပြီး နာမည်တစ်လုံးကို အနှေးနှင့်အမြန်ဆိုသလို တည်ဆောက်နိုင်မည့် လူစားမျိုးဖြစ်ပေသည်။

လျို့ရှန်းယွင်မှာ သင်္ဘောကုန်းပတ်ပေါ်သို့ ပြေးပြီးသွားရုံပင်ရှိသေး တဖြည်းဖြည်းနီးကပ်လာနေသော ဧရာမသင်္ဘောကြီးတစ်စင်းကို မြင်တွေ့လိုက်ရလေသည်။ ထိုသင်္ဘောကြီးမှာ လင်းယွင်ချင်းနှင့် သူမတို့အဖွဲ့သားများ၏ သင်္ဘောထက်ပင် ပို၍ ကြီးပေသေးသည်။ သို့သော်ငြား ထိုသင်္ဘောကြီး ရောက်လာသည်ကို မည်သူမျှ သတိမထားလိုက်ချေ။ သတိထားမိလိုက်သည့်အချိန်တွင် သင်္ဘောနှစ်စင်းကြားရှိ အကွာအဝေးမှာ အတော်လေးကို ကျဉ်းမြောင်းနေခဲ့လေပြီ။

လှမ်းကြည့်လိုက်ရာ သူတို့ဆီသို့ ချည်းကပ်လာနေသော သင်္ဘောပေါ်တွင် ကျင့်ကြံသူပေါင်းများစွာ ရှိနေပြီး ထိုကျင့်ကြံသူများကို ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် လူတစ်ဦးမှ ဦးဆောင်လာကြောင်း တွေ့လိုက်ရလေသည်။ ထိုလူသည် ကျားတစ်ကောင်မှ ၎င်း၏သားကောင်အား စိုက်ကြည့်နေသည့်နှယ် သူတို့အား စူးရဲစွာ စိုက်ကြည့်နေကြောင်း လျို့ရှန်းယွင် တွေ့လိုက်ရလေသည်။

လင်းယင်ချင်းနှင့် သူမတို့အဖွဲ့သားများမှာလည်း သင်္ဘောကုန်းပတ်သို့ ရောက်နေကြလေသည်။ သူမတို့ဆီသို့ ချည်းကပ်လာနေသော သင်္ဘော၏ အလံကိုမြင်သော် အကုန်လုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။

လျို့ရှန်းယွင်သည် ရန်ကိုင် သေလားရှင်လားဆိုသည်ကိုသာ သိချင်စိတ်ဖြစ်မိနေသည့် အတွက်ကြောင့် တစ်ဖက်သင်္ဘောအား အာရုံစိုက်နေချိန် မရှိခဲ့ပေ။ ထို့အတွက်ကြောင့် သင်္ဘောပေါ်မှ ပျံထွက်သွားတော့မည်အပြု တစ်ဖက်သင်္ဘောပေါ်တွင် ရှိနေသော ခရမ်းရောင်ဝတ်ရုံဖြင့် လူ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို ဝှေ့ယမ်း၍ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။

ရန်ကိုင်သည် ကျန်းရို့ရှီ မျက်လုံးပြန်ဖွင့်လာသည်အထိ စောင့်နေလိုက်ပြီးနောက် သူမဆီသို့ ပျံသန်းသွားကာ စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ “နင်အဆင်ပြေရဲ့လား…”

“ပြေတယ်…” ကျန်းရို့ရှီက ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် ချစ်စဖွယ်ကောင်းစွာ ပြောလိုက်လေ၏။ “ဆရာ… ကျွန်မ တာအိုသခင်အဆင့်ကို ချိုးဖြတ်သွားနိုင်ပြီ…”

လွန်ခဲ့သောနှစ်များစွာခန့်က သူမအနေဖြင့် တစ်နေ့နေ့တွင် တာအိုသခင်အဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ တကယ်တော့ ထိုစဉ်က ကျန်းမိသားစုတွင် ရှိနေခဲ့သည့် အားအကောင်းဆုံး ပညာရှင်သည်ပင်လျှင် တန်ခိုးရှင်ဘုရင် တတိယအဆင့်တွင်သာ ရှိနေသည် မဟုတ်ပေလော။ သူမတို့ ကျန်းမိသားစုအနေဖြင့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအား မမွေးထုတ်ပေးနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ သို့သော်ငြား ရန်ကိုင်မှ သူမအား ကျန်းမိသားစုမှ ခေါ်လာသည့် အချိန်မှစ၍ သူမ၏ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့ရလေသည်။ ယခုဆိုလျှင် နှစ်အနည်းငယ်အတွင်း ကျန်းမိသားစုထဲရှိ မည်သူမျှ မရောက်နိုင်ခဲ့သော အဆင့်သို့ပင် ရောက်လာခဲ့လေသည်။

ဤကျင့်ကြံခြင်းနှင့်ဆိုပါက မေပယ်မြို့ထဲရှိ မည်သူမျှ သူမအား ရန်လာစရဲတော့လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ကျန်းရို့ရှီမှာ ရန်ကိုင့်အား အလွန်ကိုမှ ကျေးဇူးတင်မိခဲ့လေသည်။

ရန်ကိုင်သာ သူမအား ဤကဲ့သို့ ကောင်းမွန်လှသော ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုကို မပေးခဲ့ပါက သူမအနေဖြင့် ဤကဲ့သို့ လုပ်နိုင်လောက်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သာ သူမ၏သွေးမျိုးဆက်ကို နိုးထအောင် မလုပ်ပေးနိုင်ခဲ့လျှင်လည်း သူမအနေဖြင့် တစ်သက်လုံး ကျင့်ကြံမည်ဆိုလျှင်ပင် တာအိုသခင်အဆင့်သို့ ရောက်နိုင်လိမ့်မည်မဟုတ်မှန်း ကျန်းရို့ရှီ သိနေခဲ့သည်။

သို့သော်ငြား ယခုမူ အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ် အရွယ်လေးဖြင့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ရလေသည်။ ကျန်းရို့ရှီတွင် အသက်ရှင်ရန် နှစ်ပေါင်းများစွာ ကျန်ရစ်နေပေသေးသည်။ ထို့အတွက်ကြောင့် သူမတွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေ ရှိနေပေသေးသည်။ ထိုအကြောင်းများကိုတွေးရင်း ကျန်းရို့ရှီ စိတ်လှုပ်ရှားလာခဲ့လေသည်။

“နင့်လက် ငါ့ကို ခဏပေး…” သူမဘေးသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ ကျန်းရို့ရှီနှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမှ မတွေ့ရသော်ငြား ရန်ကိုင့်အနေဖြင့် ကိုယ်တိုင်မစစ်ဆေးရသေးသရွေ့ စိတ်အေးနိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရို့ရှီက ရှက်ရှက်ဖြင့် သူမ၏လက်ကလေးကို ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်လည်း ကျန်းရို့ရှီလက်ကိုကိုင်၍ သူ၏အရင်းအမြစ်ချီ အမျှင်တစ်မျှင်ကို ထုတ်လွှတ်ကာ ကျန်းရို့ရှီ၏ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။

တစ်ခဏအကြာတွင် ရန်ကိုင့်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ကျန်းရို့ရှီအား အံ့အားသင့်တကြီး ကြည့်၍ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

“ဘာဖြစ်လို့လဲဆရာ… ရို့ရှီနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား…” ရန်ကိုင့်၏ ထိတ်လန့်တုန်လှုပ်သွားသည့် အမူအယာကိုမြင်သော် ကျန်းရို့ရှီလည်း ဘာကြောင့်မှန်းမသိ စတင်၍ စိတ်ပူလာခဲ့လေသည်။

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး…” ရန်ကိုင်က အလျင်စလို ခေါင်းခါပြလိုက်လေသည်။ သို့သော်ငြား သူ့မျက်ခုံးများမှာတော့ ပိုပို၍ ကျုံ့လာခဲ့ပြီး သူ့မျက်နှာမှာလည်း အံ့အားသင့်နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။

ကျန်းရို့ရှီမှာ မလှုပ်ရှားခဲ့သော်ငြား ရန်ကိုင့်၏အရင်းအမြစ်ချီ သူမကိုယ်ထဲတွင် လှည့်ပတ်သွားလာနေသည်ကိုတော့ ခံစားမိပေသည်။ ရန်ကိုင်မှာ သူ၏အရင်းအမြစ်ချီကို သေချာထိန်းချုပ်ထားသော်ငြား ထိုခံစားချက်ကြောင့် ကျန်းရို့ရှီမှာ ရှက်သွေးဖြာသွားကာ အမြန် ခေါင်းငုံ့လိုက်လေသည်။

ရန်ကိုင်သည် သူမ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနေခြင်းသာ ဖြစ်ပြီး သူမအပေါ်တွင် မည်သည့်ရည်ရွယ်ချက်မျှ မရှိကြောင်းကို သူမသိပေသည်။ ထို့ကြောင့်သာလျှင် မဟုတ်တရုတ်အကြောင်းများကို လျှောက်တွေးနေမိသည့် သူမကိုယ်သူမ ရှက်နေခြင်း ဖြစ်လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်သည် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ကျန်းရို့ရှီအား ထူးထူးဆန်းဆန်း အမူအယာဖြင့် ကြည့်လိုက်လေသည်။

“ဆရာ… ရို့ရှီဘာဖြစ်လို့လဲ…” ကျန်းရို့ရှီက‌ မေးလိုက်လေသည်။

“ဘာမှမဖြစ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဘာမှမဖြစ်တဲ့အပြင် ကောင်းတောင်ကောင်းနေသေးတယ်… အရမ်းကိုကောင်းတာ….”

တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက် သွားပြီးသည့်နောက်တွင် ကျန်းရို့ရှီသည် အဖျက်စွမ်းအားများကြောင့် ဒုက္ခရောက်ရလိမ့်မည်ဟု ထင်ခဲ့ပေသည်။ ထို့အတွက်ကြောင့် သူမအား ကုသပေးရန်အတွက် ကမ္ဘာငယ်လေးထဲသို့ပင် ခေါ်သွားရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် သေချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကျန်းရို့ရှီ၏ခန္ဓာကိုယ်ထဲ မည်သည့်အဖျက်စွမ်းအားကိုမှ မတွေ့ရကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤလောကကြီးထဲတွင် ပြည့်နှက်နေသော အဆုံးမဲ့အောင် များပြားလှသည့် အဖျက်စွမ်းအားများသည် ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးသည့်နောက် အငွေ့ပျံသွားကုန်သည့်အလား ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုအချက်ကပင်လျှင် သူ့အား စိတ်အေးသွားစေခဲ့ရလေသည်။

ရန်ကိုင် ပို၍ အံ့အားသင့်သွားရသည့် အချက်မှာ ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် သူတော်စင်ချီကိုမှ ရှိမနေခဲ့ဘဲ အလွန်ကိုမှ သိပ်သည်းလှသည့် အရင်းအမြစ်ချီများသာ ရှိနေခြင်းပင်။

ကျင့်ကြံသူတစ်ဦး တာအိုသခင်အဆင့်သို့ ချိုးဖြတ်မဝင်ရောက်ခင် သူတို့ကိုယ်ထဲရှိ သူတော်စင်ချီများကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။ ရန်ကိုင့်အနေဖြင့် သူ့ကိုယ်ထဲရှိ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပစ်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ထိုသို့ မြန်ဆန်နေရခြင်းမှာ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးများ၏ အကူအညီကြောင့်လည်း ပါပေသည်။

အရင်းအမြစ်ချီပြောင်းလဲသည့် ဖြစ်စဉ်သည် အလွန်ကိုမှ ရှည်ကြာသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ တာအိုသခင်အဆင့်သို့ ချိုးဖြတ်လိုသည့် ကျင့်ကြံသူတိုင်း ပြောင်းလဲခြင်းဖြစ်စဉ် ပြီးမြောက်ရန်အတွက် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်ခန့် အချိန်ယူကြရလေသည်။ ထိုကြာချိန်မှာ အတော်လေးကိုမှ ပါရမီကောင်းမွန်လှသည့် ကျင့်ကြံသူများအတွက် ဖြစ်ပေသည်။ ပါရမီသိပ်မပါသည့် ကျင့်ကြံသူများဆိုလျှင် ရှစ်နှစ်မှ ဆယ်နှစ်အထိပင် အချိန်ယူရနိုင်ပေသည်။

ကျင့်ကြံသူတစ်ဦး၏ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပြီးသည့် နောက်မှသာ တာအိုသခင်အဆင့်အတွက် အုတ်မြစ်တစ်ခု အခြေတည်သွားပေလိမ့်မည်။ ထိုအခါမှသာလျှင် ကျင့်ကြံသူများအနေဖြင့် တာအိုသခင်ဒုတိယအဆင့်သို့ ချိုးဖြတ်ရန် စဉ်းစားနိုင်ကြပေလိမ့်မည်။

ရန်ကိုင်သည် ကျန်းရို့ရှီအဆင့်ချိုးဖြတ်သည်ကို ကိုယ်တိုင်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။ ကျန်းရို့ရှီ ဤကျွန်းပေါ်သို့ ရောက်သည်မှာ မည်မျှများ ကြာသေးလို့နည်း။ သို့သော်ငြား ကျန်းရို့ရှီသည် သာမန်ကျင့်ကြံသူတစ်ဦး နှစ်ပေါင်းများစွာ အချိန်ယူပြီးမှသာ ပြီးမြောက်နိုင်သည့်အရာကို တစ်ခဏအတွင်း ပြီးမြောက်အောင် လုပ်ပြသွားခဲ့လေသည်။

သူမ၏ကိုယ်ထဲတွင် မည်သည့်သူတော်စင်ချီကိုမှ မတွေ့ရချေ။ သူမ၏သွေးကြောများထဲ စီးဆင်းနေသည့် စွမ်းအားအားလုံးမှာ အရင်းအမြစ်ချီများသာ ဖြစ်ကြလေသည်။

တစ်နည်းဆိုရသော် ကျန်းရို့ရှီ၏ အရင်းအမြစ်ချီပြောင်းလဲခြင်း ဖြစ်စဉ်သည် သူမအဆင့် ချိုးဖြတ်ပြီးသွားသည့် အချိန်မှစ၍ ပြီးမြောက်သွားခဲ့ခြင်း ဖြစ်လေသည်။

ထိုကဲ့သို့ ထူးဆန်းလွန်းလှသည့် ဖြစ်စဉ်တစ်ခု မည်ကဲ့သို့ ဖြစ်နိုင်သလဲဆိုသည်ကို ရန်ကိုင် မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။

ကံကောင်းစွာဖြင့် ကျန်းရို့ရှီနှင့် ပတ်သက်၍ ဤကဲ့သို့သော ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့ခြင်းပင်။ နောက်ဆုံးတွင် ဤကဲ့သို့ဖြစ်ရခြင်းမှာ သူမ၏သွေးမျိုးဆက်ကြောင့်သာ ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

ရန်ကိုင်သည် ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့်ပြဿနာများ ရှိနေသေးသလဲ ဆိုသည်ကို သေသေချာချာ ဆက်လက်စစ်ဆေးကြည့်နေပေသေးသည်။လုံးဝ မည်သည့်ပြဿနာမှ မရှိတော့မှန်း သေချာသွားသည့်နောက်မှသာ သူမအား ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်ပြီး လျို့ယန်နှင့် ဟွာချင်းစီတို့အား တာအိုသခင်အဆင့်နှင့် ပတ်သက်သည့်အကြောင်းအရာများကို သွားမေးမြန်းရန် ပြောလိုက်လေသည်။

ကျွန်းလေးမှာတော့ ယခင်အတိုင်းသာ ရှိနေသေးသော်ငြား သူယူလာသည့် အဆင့်မြင့်သန့်စင်ရေးအစီအရင်မှာ‌တော့ ထိခိုက်သွားခဲ့ရလေပြီ။

ရန်ကိုင်သည် ခါးသက်သက်အမူအယာဖြင့် အစီအရင်အလံတိုင်များကို ပြန်ကောက်ယူလိုက်လေ၏။

ဤကိစ္စနှင့်ပတ်သက်၍ လင်းယွင်ချင်းအား မည်ကဲ့သို့ ရှင်းပြရမလဲဆိုသည်ကို မစဉ်းစားရသေးပေ။ ဤအဆင့်မြင့်သန့်စင်ရေးအစီအရင်သည် လင်းယွင်ချင်းအတွက် အလွန်ကိုမှ အဖိုးတန်ပေသည်။ ယခုမူ ထိုအစီအရင်မှာ သူ့ကြောင့် ပျက်စီးသွားခဲ့ရလေပြီ။ ပြန်ရောက်လျှင် လင်းယွင်ချင်း မည်ကဲ့သို့ ပြောမလဲ ရန်ကိုင် မစဉ်းစားတတ်တော့ပေ။

အစီအရင်အလံတိုင်များကို စစ်ဆေးကြည့်ပြီးသည့်နောက် အလံတိုင်များမှာ လုံးဝကို ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း တွေ့လိုက်ရသည့်အခိုက် ရန်ကိုင် ပို၍ပင် မျက်မှောင်ကျုံ့သွားခဲ့ရလေသည်။

နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလျက် အားလုံးကိုသိမ်းကာ သင်္ဘောဆီသို့ ပြန်လာခဲ့လေသည်။

သို့သော်ငြား ရောက်လာပြီးသည့်နောက် သင်္ဘောနှစ်စင်းကို မြင်လိုက်ချိန် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားတော့လေသည်။

သင်္ဘောတစ်စင်းမှာ လင်းယင်ချင်းတို့၏ သင်္ဘောဖြစ်ပြီး အခြားတစ်စင်းကိုတော့ သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဤကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် သင်္ဘောနှစ်စင်း တွေ့နိုင်ချေမှာ အလွန်ကိုမှ နည်းပါးလှပေသည်။ ထိုသင်္ဘော ဤနေရာသို့ ရောက်လာရခြင်းမှာ ကျန်းရို့ရှီ အဆင့်ချိုးဖြတ်ရာမှ ထွက်ပေါ်လာသည့် ကောင်းကင်ဖြစ်စဉ်ကြောင့် ဖြစ်နေနိုင်လောက်သည်။

ထို့အပြင် သင်္ဘောဦးတည်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်မည်ဆိုပါကလည်း ယခုလေးတင် ထွက်ခွာလာသည့် ကျွန်းဘက်သို့ ဖြစ်နေကြောင်းကို မြင်တွေ့နိုင်ပေသည်။

အသစ်ပေါ်လာသည့် သင်္ဘောသည် လင်းယွင်ချင်းတို့သင်္ဘောထက် နှစ်ဆသုံးဆခန့် ပိုကြီးပေသည်။ သင်္ဘောနှစ်စင်း ဘေးချဉ်းယှဉ်ရပ်နေသည်မှာ အဘိုးနှင့်မြေး ဘေးချင်းယှဉ်ရပ်နေသလိုပင်။

အနားသို့ မရောက်သေးခင်မှာပင်လျှင် ရုတ်ရုတ် ရုတ်ရုတ် အုတ်အုတ်ကျက်ကျက် အသံများကို ရန်ကိုင် ကြားလိုက်ရလေသည်။ ထို့အတွက်ကြောင့် မျက်နှာပျက်သွားခဲ့ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ချက်ချင်း တည်နေရာ ခုန်ကူးသွားခဲ့လေသည်။

လှမ်းကြည့်လိုက်ရာ လင်းယင်ချင်းနှင့် သူမ၏အဖွဲ့သားများသည် သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်၍ မကျေမနပ်ဖြစ်နေသည့် အမူအယာများဖြင့် အခြားသင်္ဘောပေါ်ရှိ လူများကို ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား တစ်ဖက်လူမှာတော့ လင်းယွင်ချင်းတို့အဖွဲ့အား မျက်လုံးထဲမထည့်သည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေ၏။

လျို့ရှန်းယွင်သည် လင်းယင်ချင်းတို့ သင်္ဘောသားများ၏ နောက်ဘက်တွင် ရှိနေခဲ့လေသည်။ ထို့အပြင် သူမမျက်နှာပေါ်၌ လက်ဝါးရာတစ်ခု ရှိနေကြောင်းကိုလည်း ရန်ကိုင် မြင်လိုက်ရလေသည်။ သူမပါးစပ်မှပင်လျှင် သွေးများစီးကျနေသေးသည်။ ထိုသွေးများသည် ခြောက်ပင် မခြောက်သေးချေ။

ရန်ကိုင် မျက်နှာ ပျက်သွားတော့လေသည်။

သူမရှိစဉ်အတောအတွင်း ဘာတွေဖြစ်လို့ ဖြစ်သွားမှန်း သူမသိချေ။ သို့သော်ငြား အသစ်ရောက်လာသည့် သင်္ဘောပေါ်ရှိလူများ လျို့ရှန်းယွင်အား တိုက်ခိုက်ထားသည်မှာတော့ သေချာသလောက် ရှိပေသည်။

ရန်ကိုင် ရုတ်တရက် ပြန်ပေါ်လာသည့် အတွက်ကြောင့် တစ်ဖက်နှင့် တစ်ဖက် ရင်ဆိုင်နေကြသည့် သင်္ဘောပေါ်ရှိ ကျင့်ကြံသူအားလုံး နိုးနိုးကြားကြား ဖြစ်သွားကြလေသည်။

လျို့ရှန်းယွင်မှာ ပထမဦးဆုံး လှည့်ကြည့်လာခဲ့သူဖြစ်သည်။ ရန်ကိုင့်ကိုမြင်သော် သူမအခြေအနေကိုပင်လျှင် သတိမရတော့ဘဲ ကတုန်ကယင်လေသံဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။ “စီနီယာအစ်ကို…”

ရန်ကိုင့်ကိုမြင်လိုက်သည်နှင့် လျို့ရှန်းယွင်သည် ရန်ကိုင့်အား ခေါင်းအစ ခြေအဆုံး သေသေချာချာ စစ်ဆေးကြည့်လေသည်။ ရန်ကိုင် မည်သည့်ဒဏ်ရာမှ မရဘဲ အဆင်ပြေပြေနှင့်သာ ရှိနေကြောင်း အတည်ပြုပြီးသည့်အခါမှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

“နင် တကယ်ကြီး အဆင်ပြေနေတာလား…” လင်းယင်ချင်း အံ့အားသင့်သွားခဲ့လေသည်။

ရန်ကိုင်သည် ကောင်းကင်ဖြစ်စဉ်ကို အသက်သွင်းခဲ့သူ ဖြစ်လေသည်။ ကောင်းကင်ဖြစ်စဉ်ကို မိုင်ငါးရာခန့်အကွာကပင်လျှင် သူမ သေသေချာချာ မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား ထိုကောင်းကင်ဖြစ်စဉ်မှာ အသက်ငါးရှိုက်စာခန့်မျှသာ ကြာမြင့်ခဲ့ပြီး ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင် အဆင့်ချိုးဖြတ်ခြင်းဖြစ်စဉ် ကျရှုံးသွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ခြင်း မရှိလေရာ ဘေးထွက်ဆိုးကျိုးဒဏ်မှ မည်ကဲ့သို့များ အသက်ရှင်နေခဲ့လေသနည်း။ ပုံမှန်အားဖြင့် အဆင့်ချိုးဖြတ်ခြင်း မအောင်မြင်သည့် ကျင့်ကြံသူများသည် သေလျှင်သေ မသေလျှင် ဒုက္ခတိဖြစ်သွားကြသူများသာ ဖြစ်ကြပေသည်။ ရန်ကိုင်ကဲ့သို့ အကောင်းအတိုင်း ပြန်ထွက်လာနိုင်သည့် လူတစ်ဦးတစ်ယောက်မျှ မရှိပေ။

လင်းယင်ချင်းသည် ရန်ကိုင့်၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ပေသည်။ ရန်ကိုင် အကောင်းအတိုင်း ရှိနေသေးမှန်း သိလိုက်ရပြီးသည့်နောက် သူမစိတ်ထဲ အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား သူမ၏အမူအယာ ပြောင်းလဲသွားတော့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၇၃)

ရန်ကိုင်ဟုခေါ်သော ဤလူငယ်လေးသည် သူ့ကျင့်ကြံခြင်းကို သူပြန်ပိတ်ဆို့လိုက်ခြင်း ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်လျှင် အကောင်းအတိုင်း ရှိနေစရာအကြောင်း မရှိချေ။

ကိုယ့်ကျင့်ကြံခြင်းတက်လမ်းကို ကိုယ်ပြန်ပိတ်ခြင်း... ထိုကဲ့သို့ တွေးမိလိုက်သော် လင်းယင်ချင်း ရန်ကိုင်အတွက်တွေးကာ သက်ပြင်းတစ်ချက် ချမိလိုက်လေသည်။

ထိုလူသည် တကယ်ကို ကံမကောင်းပါချေ။ ဟင်းလင်းပြင်ကမ္ဘာထဲသို့ ရောက်သည်မှာ ဘယ်လောက်မှ မကြာသေးပါသော်ငြား ဤကဲ့သို့သော အဖြစ်အပျက်နှင့် လာတိုး၏။ သူ၏ အဆင့်တက်ခြင်းဖြစ်စဉ်သာ နှစ်လလောက် နောက်ကျနေခဲ့မည်ဆိုလျှင် သူတို့ အနေဖြင့် ကောင်းကင်ကျွန်းသို့ အရောက်သွားနိုင်မည်ဖြစ်ကာ ရန်ကိုင်သည်လည်း ကောင်းကင်ကျွန်းတွင် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနိုင်ပေသည်။

“ရောင်းရင်းရန်... မင်းအဆင့်တက်တာ မအောင်မြင်လိုက်ဘူးလား” ကျောင်းရီက မေးလိုက်လေသည်။

ကျောင်းရီသည် အရမ်းကြီး စဉ်းစားနေခြင်း မရှိခဲ့ချေ။ ဤကဲ့သို့ မေးလိုက်ရခြင်းမှာလည်း ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခြင်း မရှိသည့် အတွက်ကြောင့် ဖြစ်ပေသည်။

သို့သော်ငြား ကျောင်းရီမှ ထိုကဲ့သို့ မေးလိုက်သည်နှင့် လင်းယင်ချင်း သူ့အား ထကန်တော့လေ၏။ ထိုအခါမှသာ မမေးသင့်သည့် မေးခွန်းကို မေးလိုက်မိပြီးမှန်း ကျောင်းရီ နားလည်သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်တော့၏။

ပုံမှန်အားဖြင့် သူသည် ရန်ကိုင်အား စိတ်ပူ၍ မေးလိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့မေးခွန်းသည် ဘာမှလွန်ရာမကျချေ။ သို့သော်ငြား လက်ရှိအချိန်တွင် သူတို့ရှေ့၌ ရန်သူများ ရှိနေခဲ့သည်။ ကျောင်းရီ၏ မေးခွန်းသည် ရန်ကိုင် အခြေအနေ မကောင်းကြောင်းကို ရန်သူများအား ထုတ်ပြောလိုက်သလို ဖြစ်သွားစေသည်။

“ဟုတ်တယ်။ မအောင်မြင်လိုက်ဘူး” ရန်ကိုင်က စိတ်ပျက်ခြင်းအလျင်မရှိသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

“အဆင့်ချိုးဖျက်တာလား” ထိုစကားကိုကြားသော် ခရမ်းရောင်ဝတ်ရုံနှင့် မျက်ခုံးပင့်သွားပြီး ချက်ချင်းပဲ ရန်ကိုင်ဘက်သို့လှည့်၍ “ဒီတော့ ခုနတုန်းက ကောင်းကင်ဖြစ်စဉ်က မင်းကြောင့် ဖြစ်တာပေါ့”

“ခင်ဗျား ဘယ်သူလဲ” ရန်ကိုင်က လှမ်းမေးလိုက်လေသည်။

လင်းယင်ချင်းက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရှင်းပြလိုက်၏ “တိမ်တိုက်စံအိမ်ရဲ့ ဒုစံအိမ်သခင် ယန်ယောင်ရှီပဲ။ တိမ်တိုက်စံအိမ်က ကောင်းကင်ကျွန်းမှာ တော်တော်လေး ဩဇာညောင်းတယ်။ စံအိမ်သခင်က ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ပဲ။ အခု ဘာမှမပြောနဲ့၊ တိတ်တိတ်ပဲနေ၊ ငါရှင်းလိုက်မယ်”

ကျောင်းရီနှင့် စကားပြောရင်းမှ ကောင်းကင်ကျွန်းတွင် အင်အားစုများစွာရှိကြောင်း ရန်ကိုင် ကြားသိခဲ့ရပြီးသားပင်။ ဤနေရာတွင် အသက်ရှင်နိုင်ရန်အတွက် ကျင့်ကြံသူများသည် အတူတကွ ပူးပေါင်းလုပ်ကြရပေသည်။ ထို့ကဲ့သို့ အဖွဲ့လိုက် ပူးပေါင်းရင်းမှ အဖွဲ့ကြီး၊ အဖွဲ့ငယ်များ ဖြစ်ပေါ်လာပြီး အဆုံးတွင် အင်အားစုများ ဖြစ်တည်လာကြရပေသည်။ လင်းယင်ချင်းတို့သည်လည်း ထိုကဲ့သို့ အဖွဲ့မျိုးဖြစ်ပြီး အခြားသူများကြား နာမည်မကြီးချင်းသာ ဖြစ်ပေသည်။

ကောင်းကင်ကျွန်းတွင် ဧကရာဇ်အဆင့် ပညာရှင် အတော်များများ ရှိကြပေသည်။ ထိုဧကရာဇ်အဆင့် ပညာရှင်များ၏ လက်အောက်ငယ်သားများသည် ကောင်းကင်ကျွန်း၏ အာဏာအရှိဆုံးလူများ ဖြစ်ကြသည်။ သူတို့အား မည်သူမှ သွားရန်မစရဲကြချေ။ တိမ်တိုက်စံအိမ်သည် ထိုကဲသို့သော အင်အားစုတစ်ခုဖြစ်ပေသည်။

ဤပင်လယ်ပြင်ကြီးထဲတွင် ထိုကဲ့သို့သော အင်အားစုတစ်ခုနှင့် လာတိုးရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ထိုစဉ် ‌ယန်ယောင်ရှီ ဘေးနားတွင် ရပ်နေသောလူသည် သူ့နားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ ယန်ယောင်ရှီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ရန်ကိုင်အား အဓိပ္ပါယ်ပါပါကြည့်ရင်း မေးလိုက်လေသည် “ကောင်လေး၊ မင်းလည်း အဲ့မိန်းမလိုပဲ လူသစ်လား။ မင်းကိုငါ မမြင်ဖူးသလိုပဲ”

ထိုစကားကိုကြားသည့်အခါ လင်းယင်ချင်း ရင်ထိတ်သွားခဲ့လေသည်။ သူမ၏ အဖွဲ့သည် လူသစ်များကို ခေါ်ယူလေ့မရှိချေ။ ထို့ကြောင့် တစ်ဖက်လူသည် ရန်ကိုင်ကဲ့သို့သော မျက်နှာစိမ်းကို မြင်သည်နှင့် လူသစ်မှန်း တန်းသိသွားတော့လေသည်။

လင်းယင်ချင်းက အမြန် ပြန်ပြောလိုက်လေ၏ “ရောင်းရင်းယန်၊ အဲ့နှစ်ယောက်က ကျွန်မတို့လူတွေပဲ။ လူသစ်တွေမဟုတ်ဘူး။ ရှင်အထင်မှားတာ နေလိမ့်မယ်”

ယန်ယောင်ရှီ မျက်နှာမဲ့သွားပြီး ပြန်အော်ပြောလိုက်လေ၏ “ကောင်မ၊ နင့်က ဘာအဆင့်ရှိလို့ ငါ့ကို ရောင်းရင်းယန်လို့ လာခေါ်နေရတာလဲ”

သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သာ ဖြစ်သော်ငြား လင်းယင်ချင်း သူ့အား သွားဖက်ပြိုင်မပြောရဲချေ။ ယန်ယောင်ချင်းကို နောက်ခံပေးထားသည့်လူမှာ ဧကရာဇ်အဆင့် ပညာရှင် ဖြစ်သည့်အတွက်ကြောင့် သူ့အဆင့်အတန်းမှာ လင်းယင်ချင်းထက် အများကြီး ပိုမြင့်ပေသည်။ ထို့ကြောင့် လင်းယင်ချင်းမှ သူ့အား ရောင်းရင်းဟု ခေါ်ဝေါ်လာသည်ကိုမြင်သော် ယန်ယောင်ချင်း ဒေါသထွက်သွားလေတော့၏။

လင်းယင်ချင်း မျက်နှာပျက်သွားလေ၏။ သို့သော်ငြား တစ်ဖက်လူ၏ နောက်ခံကြောင့် ငြိမ်၍သာ နေလိုက်ရလေသည် “ဒုစံအိမ်သခင်ယန်၊ ကျွန်မ စကားမှားသွားတာအတွက် သည်းခံပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

သူမ ဤနေရာတွင် နေရာသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ထို့ကြောင့် မည်သူသည် ရန်စသင့်သည် လူမဟုတ်ကြောင်းကို ကောင်းကောင်းသိ၏။ လက်ရှိ အခြေအနေနှင့် ပက်သက်၍ သူမစိတ်ထဲ အတော်လေးကို မကျေမနပ် ဖြစ်မိသော်ငြား ပြဿနာ မတက်စေရန်အလို့ငှာ ဒေါသကို မြိုသိပ်ထားရန်သာ တတ်နိုင်ခဲ့သည်။

ကျောင်းရီနှင့် အခြားအဖွဲ့သားများမှာတော့ အံကိုကြိတ်ရင်း လက်သီးကို တင်းတင်း ဆုပ်ထားလိုက်ကြလေသည်။

“ဟန့်” ယန်ယောင်ရှီဿည် လင်းယင်ချင်းအား ကြည့်လျက် “ဒါနောက်ဆုံးအကြိမ် ဖြစ်ပါစေ၊ နောက်တစ်ကြိမ်ဆိုရင်တော့ ငါ့ကို အဆိုးမဆိုနဲ့”

“ကျေးဇူးအများကြီးတင်ပါတယ် ဒုစံအိမ်သခင်ယန်” လင်းယင်ချင်းက အံကြိတ်၍ ပြန်ပြောလိုက်လေသည်။

“ဟိုနှစ်ယောက်...” ယန်ယောင်ချင်းသည် လျို့ရှန်းယွင်နှင့် ရန်ကိုင်ကို လက်ညိုးထိုးရင်း “မင်းတို့နှစ်ယောက်ကို လူသစ်မှန်း ငါမပြောနိုင်ဘူး ထင်နေတာလား။ ဒီနေရာမှာ နေတာ ကြာတဲ့လူတိုင်းမှာ ပင်လယ်အနံ့အသက်တွေ ကပ်နေပြီးသား။ မင်းတို့ နှစ်ယောက်မှာ အဲ့လို အနံ့မျိုး ဘာမှမရှိဘူး။ ဒါနဲ့များ ဒီဘုရင်ကို လာလိမ်ရဲတယ်ဟုတ်လား၊ လင်းယင်ချင်း”

ငြင်း၍ ရတော့မည် မဟုတ်မှန်း သိလိုက်သည့်နောက် လင်းယင်ချင်း မျက်နှာပျက်သွားလေ၏။ ဤကိစ္စကို မည်ကဲသို့ ဖြေရှင်းလျှင်ကောင်းမလဲ တွေးရင်း ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့အား လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ကံတရားမှ သူမတို့ဘက်တွင် ရှိမနေမှန်း သိနေခဲ့လေသည်။

ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့သည်လည်း ‌ယန်ယောင်ချင် သူတို့အား မိသွားပြီးနောက်တွင် ထိတ်လန့်သွားလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား လှမ်းကြည့်မိလိုက်သည့်အခါမှသာ နှစ်ဦးစလုံးမှာ ကြောက်ရွံ့ခြင်းမရှိသည့် အမူအရာဖြင့် သူတို့ဘာသာ တိုးတိုးလေး စကားစမြည် ပြောနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သည် လျှို့ရှန်းယွင် မျက်နှာပေါ်ရှိ လက်ဝါးရာကို မည်ကဲ့သို့ ရလိုက်ကြောင်း မေးနေသည့်ပုံပင်။ လျို့ရှန်းယွင်ကတော့ ခေါင်းသာ ခါပြနေခဲ့လေသည်။

“အဲ့နှစ်ယောက်နဲ့ မင်းတို့ရလာတာ တစ်ဝက် ငါတို့ကိုပေး။ အဲ့ဒါဆို ဒီဘုရင် ဒီတစ်ကြိမ်ကို ချွင်းချက် ထားပေးလိုက်မယ်” ယန်ယောင်ရှီသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ကို လက်ညိုးထိုးရင်း အထက်စီးမှ ပြောလိုက်လေသည်။

“တစ်ဝက်” ကျောင်းရီသည် အစကတည်းက စိတ်ကြီးသူ ဖြစ်လေသည်။ ထို့ကြောင့် ယန်ယောင်ရှီ၏ စကားကိုကြားသည့်အခါ ဒေါသတကြီး ခြေဆောင့်လျက် ပြန်ထအော်လေ၏ “သတ္တိရှိရင် မင်းကိုယ်တိုင် လာလုယူလိုက်ပါလား”

ယန်ယောင်ရှီ မျက်နှာပျက်သွားပြီး ချက်ချင်း ပြန်ပြောလေ၏ “ဒါ နင့်လက်အောက်ငယ်သားတွေကို သင်ထားပေးတဲ့ပုံစံလား လင်းယင်ချင်း။ ဒီဘုရင်ကို လာရန်စရင် ဘာဖြစ်မလဲ နင်သိတယ်နော်”

လင်းယင်ချင်းသည် ကျောင်းရီအား တစ်ချက် စိုက်ကြည့်ကာ ပြောလိုက်၏ "ပြဿနာမရှာနဲ့”

လင်းယင်ချင်း ကိုယ်တိုင်က ပြောလာသဖြင့် ကျောင်းရီလည်း မကျေနပ်သည့်တိုင် ဘာမှဆက်မပြောတော့ချေ။ သူတို့ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရလာသည့်အရာကို ယန်ယောင်ချင်းမှ အလကားသက်သက် တစ်ဝက်တိတိ ဖြတ်ယူသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဤတစ်ဝက်မှာ ပေါ့သေးသေးလည်းမဟုတ်။ သူတို့အားလုံး တစ်နှစ်၊ နှစ်နှစ်လောက် လုပ်မှ ရလာနိုင်မည့် ပမာဏဖြစ်သည်။ ထိုသို့ဖြစ်ရာ မည်သူကများ သူတို့ ပိုင်ဆိုင်မှု တစ်ဝက်တိတိကို အခြားသူလက်ထဲသို့ အလကား ပေးချင်ပါမည်နည်း။

လင်းယင်ချင်းက လက်သီးဆုပ်၍ ပြန်ပြော၏ “ဒုစံအိမ်သခင်ယန်၊ ဒီနှစ်ယောက်က ကျွန်မ သင်္ဘောပေါ်မှာ ရှိနေတာဆိုတော့ ကျွန်မတို့ သင်္ဘောရဲ့ အစိတ်အပိုင်းလို့ ပြောလို့ရတယ်။ သူတို့ရဲ့ လုံခြုံရေးက ကျွန်မတာဝန်ပဲ။ ဒီလို လုပ်ရင် အဆင်ပြေမလား။ ဒီတစ်ကြိမ် ကျွန်မတို့ တော်တော်လေး ရလာလိုက်တယ်။ အဲ့ဒါတွေ အကုန်လုံးကို ဒုစံအိမ်သခင်ယန် ယူသွားလိုက်လေ။ သူတို့နှစ်ယောက်ကိုတော့ လွှတ်ပေးလိုက်ပေါ့”

“ငါ့ကို ဈေးလာစစ်နေတာလား” ယန်ယောင်ရှီသည် ခက်ထန်သည့် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။

လင်းယင်ချင်းက ရှင်ပြလိုက်၏ “ဒီတစ်ကြိမ် ကျွန်မတို့ မီးခိုရောင် ငှက်မွှေးသန္တာကျောက် အတုံး တစ်သိန်းကျော်နဲ့ မီးရေသင်းခွေချပ်လင်းပိုင်ရဲ့ ခန္ဓာကိုယ်ပါ ရလာတယ်။ ကျွန်မ ကမ်းလှမ်းတာ အဆင်ပြေမလား”

“ဘယ်လို” ယန်ယောင်ရှီ ကြောင်သွားခဲ့လေသည် “မီးခိုရောင်ငှက်မွှေးသန္တာကျောက် တစ်သိန်းကျော်နဲ့ မီးရေသင်းခွေချပ်လင်းပိုင်ရဲ့ ခန္ဓာကိုယ် ဟုတ်လား”

သူသည် တိမ်တိုက်စံအိမ်၏ ဒုစံအိမ်သခင် ဖြစ်သော်ငြား သူပင်လယ်ထဲ ထွက်သည့် အခါတိုင်း ယခုလောက် တစ်ခါမှ မမြတ်ဖူးချေ။

မီးခိုးရောင်ငှက်မွှေးသန္တာကျောက် အတုံး တစ်သိန်းကျော်ကပင်လျှင် အလွန်ကိုမှ များပြားလွန်းနေပြီ ဖြစ်သည်ကို အဆင့်တစ်ဆယ့်နှစ် မွန်စတားသားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကိုပါ ထပ်ရထားသေးသည်။

ဤဟင်းလင်းပြင်ကမ္ဘာထဲတွင် ဆေးလုံးများစွာကို ပင်လယ်နေသားရဲများ၏ အမြူတေကို သုံး၍ ဖော်စပ်ကြခြင်း ဖြစ်သည်။ အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်၏ အမြူတေကို ဧကရာဇ်အဆင့် ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ယန်ယောင်ရှီ အလွန် စိတ်လှုပ်ရှားသွားလေ၏။

သို့သော်ငြား ယန်ယောင်ရှီကမူ ပြန်၍ ပြောလိုက်လေသည် “ဒီဘုရင်ကို လာလှည့်စားချင်တယ် ဟုတ်လား လင်းယင်ချင်း။ မီးရေသခင်းခွေချပ်လင်းပိုင်က အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်ပဲ။ နင်တို့ ခွန်အားနဲ့ အဲ့လို ကောင်မျိုးကို ဘယ်လို သတ်နိုင်မှာလဲ။ ငါ့ကို သုံးနှစ်သားကလေးများ မှတ်နေတာလား”

လင်းယင်ချင်းက ပြန်ပြောလိုက်သည် “အဲ့ကောင်က သေပြီးသား။ မီးခိုးရောင် ငှက်မွှေးသန္တာကျောက်က သူ့ပိုင်နက်ထဲမှာ ရှိနေတာ။ ကျွန်မတို့က သူ့ခန္ဓာကိုယ်ကို ဒီအတိုင်း ကောက်လာရုံပဲ”

ထိုစကားကို ကြားသည့်အခါ ယန်ယောင်ရှီက ရယ်မောလျက် “နင်တို့တွေက တကယ် ကံကောင်းကြတာပဲ”

လင်းယင်ချင်းက မေးလိုက်လေသည် “ဒါဆို ဒုစံအိမ်သခင် ကျွန်မ ကမ်းလှမ်းတာကို သဘောတူရဲ့လား”

ယန်ယောင်ရှီက ခေါင်းညိတ်လျက် “တူတာပေါ့။ ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းမှုကို ဘာလို့ သဘောမတူရမှာလဲ။ ဒီဘုရင် သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် သူတို့ရဲ့ သိုလှောင်လက်စွပ်တွေကိုတော့ ငါ့ဆီ အပ်ရမယ်”

သူရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ကို ခေါ်သွားလိုခြင်းမှာ သူတို့ သိုလှောင်လက်စွပ်ကို လိုချင်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

လင်းယင်ချင်းက မျက်မှောင်ကြုတ်လျက် “အဲ့ဒါကိုတော့ ကျွန်မ မဆုံးဖြတ်နိုင်ဘူး”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား ကူကယ်ရာမဲ့နေဟန်ဖြင့် လှမ်းကြည့်လိုက်၏။

သူမ လုပ်ပေးနိုင်သလောက်ကို လုပ်ပေးပြီးသွားလေပြီ။ လက်ကျန်ကိစ္စကိုတော့ ရန်ကိုင်အနေဖြင့် သူတို့ဘာသာ ရှင်းရပေတော့မည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “တကယ်ကို သောက်ရှက်လည်းမရှိ၊ လေးစားမှုလည်း မရှိတာပဲ။ မင်းက ငါမြင်ဖူးတဲ့လူတွေထဲမှာ တကယ့်ကို စံနမူနာသစ်ဖြစ်သွားပြီ”

လင်းယင်ချင်းနှင့် ယန်ယောင်ရှီကို ဆွေးနွေးနေစဉ် ကျောင်းရီတို့ တစ်ချက်ကလေးပင် ဖြတ်မပြောရဲချေ။ လင်းယင်ချင်းသည် ရန်ကိုင်တို့အတွက် သူတို့ ရလာသည့် ပစ္စည်း အားလုံးကို စွန့်လွှတ်ပေးမည်ဟု ပြောလိုက်သည့်တိုင် သင်္ဘောသားအားလုံးမှာ ငြိမ်နေကြသည်။

ထိုမှတစ်ဆင့် သင်္ဘောသားအားလုံး လင်းယင်ချင်းကို မည်မျှ အလေးထားကြောင်း တွေ့လိုက်ရလေသည်။ သူတို့သည် လင်းယင်ချင်းတို့နှင့် ဘာမှ မပက်သက်သည့်တိုင် လင်းယင်ချင်းကတော့ သူတို့အား အဖွဲ့သားအဖြစ် သဘောထားခဲ့သည်။ ရန်ကိုင်တို့ လုပ်ပေးခဲ့သည်ဆို၍ သင်္ဘောစီးခနှင့် အခန်းခ ပေးရုံသာ ရှိလေသည်။ အခြားလူသာ ဆိုလျှင်တော့ သူတို့အား ယန်ယောင်ရှီ လက်ထဲသို့ ထည့်ပေးလိုက်မည်မှာ မလွဲမသွေပင်။

လင်းယင်ချင်း သူ့အား မျက်စပစ်ပြနေသည်ကိုလည်း ရန်ကိုင် မြင်ပေသည်။ လင်းယင်ချင်းသည် ယန်ယောင်ရှီ တောင်းဆိုသည့်အတိုင်း လုပ်ပေးလိုက်ရန် အချက်ပြနေခြင်း ဖြစ်သည်။

ရန်ကိုင်သည် အဆင့်တက်ရာတွင် ကျရှုံးသွားခဲ့သည့် အတွက်ကြောင့် အားနည်းနေလိမ့်မည်ဟု ထင်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား တကယ့် တကယ်တွင်တော့ ရန်ကိုင်သည် ထိုလူအားလုံးကို လုံးဝ ဂရုမစိုက်ပါချေ။

ထို့ကြောင့် ရန်ကိုင်စကားကိုကြားသော်ငြား လင်းယင်ချင်း၏ အမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် လှမ်းသတိပေးလိုက်လေသည် “ရန်ကိုင်၊ အခုအချိန်ထိမှာ စိတ်ကိုထိန်းတာ အကောင်းဆုံးပဲနော်”

ရန်ကိုင်က သက်ပြင်းချလျက် “အစ်မလင်း၊ ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ဖောက်ရတာ။ အဲ့လို ကိုယ့်လမ်းကိုယ်ဖောက်နေတဲ့အချိန် ပြဿနာတွေနဲ့က ကြုံရမှာပဲ။ ဒီတော့ အမြဲတမ်း ခေါင်းငုံ့ခံပြီး အရှုံးပေးတာ မကောင်းဘူး။ အထူးသဖြင့် သူတို့လို လူမျိုးတွေပဲ… ကိုယ့်ဘက်က တစ်လှမ်းဆုတ်ပေးလိုက်ရင် သူတို့က ကိုယ့်ခေါင်းကိုတောင် နင်းချသွားမယ့်လူတွေ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၇၄)

လင်းယင်ချင်း မှင်သက်သွားခဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်ကလည်း လူတစ်ဦးသည် သူမအား ဤကဲ့သို့ ပြောဖူးပေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီ ဖြစ်သည့်တိုင် ထိုလူ၏ အပြုံးနှင့် ဟန်ပန်အမူအရာကို မှတ်မိနေဆဲပင်။ ရန်ကိုင်၏ စကားကို ကြာပြီးနောက်တွင် ထိုလူပုံရိပ်ကို လင်းယင်ချင်း ရုတ်တရက် မြင်ယောင်ကြည့်မိသွားခဲ့လေသည်။

“ပြောတာကတော့ ရွှေမန်းပဲ။ ဒါပေမယ့် အပြောထက် အလုပ်နဲ့သက်သေပြဖို့က ပိုလိုတယ်ကွ” ယန်ယောင်ရှီက ပြန်ပြောလိုက်သည် “မင်းလမ်းကို မင်းဘယ်လို ဖောက်မလဲ ဒီဘုရင် မြင်ချင်သေးတယ်။ သတ္တိရှိရင် လာလိုက်စမ်းပါ”

“ငါ့ဂျူနီယာညီမကို ရိုက်တာ မင်းလား” ရန်ကိုင်က မေးလိုက်သည်။

“ဟုတ်တယ်။ ငါပဲ” ယန်ယောင်ရှီက အထင်အမြင်တသေးဖြင့် “ဒီဘုရင်ကိုတောင် လာပြီး မခန့်လေးစားလုပ်ရဲတယ်။ ပါးရိုက်ခံတာ ပေါ့ပေါ့လေးပဲ ရှိသေးတယ်။ မင်းသာဆက်ပြီး...”

ရန်ကိုင်အား ဆက်ပြီး ခြိမ်းခြောက်ရန် လုပ်နေသော်ငြား စကားကို ဆုံးအောင်ပင် မပြောရသေးခင်မှာဘဲ ရန်ကိုင်သည် သူ့ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ရန်ကိုင်အား ပြန်မြင်လိုက်ရချိန် ရန်ကိုင်သည် သူ့ရှေ့ တစ်မီတာခန့်အကွာသို့ ရောက်နေလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုမြှောက်လျက် ယန်ယောင်ရှီ၏ ပါးကို ရိုက်ချလိုက်လေသည်။

ယန်ယောင်ရှီမှာ မသိစိတ်အလိုအရ ဘေးဘက်သို့ တိမ်းရှောင်လိုက်ချင်သော်ငြား ရန်ကိုင်၏ လက်ဝါးချက်သည် သူ့တုန်ပြန်နိုင်စွမ်းထက်ကို ပိုမြန်နေခဲ့သည်။ သူ မလှုပ်နိုင်သေးခင်မှာပင် ရန်ကိုင်၏ လက်ဝါးချက် သူ့ပါးပေါ်သို့ ကျလာခဲ့လေပြီ။

ဖြန်း... ဟူသော အသံနှင့်အတူ ယန်ယောင်ကျင်း၏ သွားများ ကျွတ်ထွက်သွားပြီး သွေးအပွက်ပွက်အန်ရင်း လွင့်စင်ထွက်သွားခဲ့လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကုန်လေပြီ။

ကျိယောင်နှင့် အခြားသူများသည် ထိုမြင်ကွင်းအား မှင်သက်နေသည့် အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။ လင်းယင်ချင်းသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့်နေ၏။ သူမ ရန်ကိုင်ကို သိသည်မှာ မကြာသေးသော်ငြား ရန်ကိုင်သည် သွေးဆူလွယ်သည့် လူစားမျိုးမဟုတ်မှန်း သိသည်။ ရန်ကိုင်သည် အတော်လေးကိုမှ တည်ငြိမ်ရင့်ကျက်သည့် လူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ပြဿနာဖြစ်သည်နှင့် ယန်ယောင်ရှီအား ချက်ချင်း သွားတိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

(ငါတို့ ဘာလုပ်ရတော့မှာလဲ)

လင်းယင်ချင်းမှာ ဖြစ်နိုင်လျှင် ယနေ့ကိစ္စကို အေးအေးဆေးဆေးသာ ပြီးသွားချင်သည်။ သို့သော်ငြား ယခုမူ ထိုကဲ့သို့ မဖြစ်နိုင်တော့ချေ။

(နေပါဦး... သူ့ကျင့်ကြံခြင်းကို သူ့ဘာသာ ဖြတ်တောက်ပစ်လိုက်တာဆို သူ့အရှိန်အဝါက အားနည်းနေရမှာ မဟုတ်ဘူးလား... သူ့ဘက်က အလစ်ချောင်းတိုက်တာမို့လို့ ဆိုရင်တောင် ယန်ယောင်ရှီလို တာအိုသခင်တတိယအဆင့်တစ်ယောက်က သူ့လက်ဝါးချက်ကို မရှောင်နိုင်စရာအကြောင်း မရှိဘူး... တစ်ခုခုတော့ မှားနေပြီ)

သေချာ စစ်ဆေးကြည့်လိုက်ချိန်တွင် ရန်ကိုင်၏ အရှိန်အဝါသည် လုံးဝကို အားနည်းနေခြင်း မရှိကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါပင် ဖြစ်လေသည်။

(ဟိုမှာ ဘာတွေဖြစ်သွားတာလဲ) လင်းယင်ချင်း နားမလည်နိုင် ဖြစ်နေသည်။

တိမ်တိုက်စံအိမ်မှ လူများမှာလည်း ကြောင်နေကြသည်။ ဤဟင်းလင်းပြင်ကမ္ဘာကြီးထဲ၌ သူတို့ အဖွဲ့အစည်းသည် အားအကောင်းဆုံးသော အင်အားစုများထဲ တစ်ခု အပါအဝင် ဖြစ်၏။ ထို့ကြောင့် ရန်ကိုင် သူတို့အား တကယ်ကြီး တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူတို့၏ ဒုစံအိမ်သခင် ပါးရိုက်ခံလိုက်ရသည်ကို မြင်ပြီးနောက် တိမ်တိုက်စံအိမ် အဖွဲ့သားအားလုံး အာစေးမိသွားသည့်နှယ် မှင်သက်ကုန်ကြလေသည်။

“မင်း... မင်းငါ့ပါးကို ရိုက်ရဲတယ်ဟုတ်လား” ယန်ယောင်ရှီသည် လဲကျနေရာမှ ပြန်ထလာခဲ့သည်။ ရန်ကိုင်၏ ရိုက်ချက်ကြောင့် သူ့ပါးတစ်ပြင်လုံး ရောင်ကိုင်းနေခဲ့ရလေပြီ။ သွေးတစ်ပွက် ထိုးအန်လိုက်ရင်းမှ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လျက် ပြောလိုက်လေ၏ “ဒီဘုရင် ဘယ်သူလဲ မင်းမသိတာလားကွ။ ငါ့ကိုတောင် ပါးရိုက်ရဲတာ”

ရန်ကိုင်က ပြန်၍ ပြောလေသည် “ကျုပ်လို သခင်လေးရှေ့မှာ မခန့်လေးစား လာလုပ်တဲ့အတွက် ပါးတစ်ချက် အရိုက်ခံရတာ သက်သာသွားတယ်မှတ်။ ခင်ဗျား နောက်ထပ် ဟောင်ဖွာဟောင်ဖွာ လုပ်နေဦးမယ်ဆိုရင်တော့ အခုလိုမျိုး ပါးရိုက်ခံရတာနဲ့ ပြီးသွားတော့မှာ မဟုတ်ဘူးနော်”

ယန်ယောင်ရှီ ကြောင်သွားလေသည်။ ထို့နောက် ဒေါသတကြီး အော်ရယ်မောရင်း သူ့သင်္ဘောသားများကို အမိန့်ပေးလိုက်လေသည် “အဲ့ကောင်တွေ အကုန်လုံးကို သတ်ပစ်ကွာ။ ယောကျာ်းတွေ အကုန်လုံးကို သတ်ပစ်လိုက်။ မိန်းမတွေကို ကျွန်အဖြစ် ပြန်ရောင်းစားပစ်ရမယ်”

ထိုစကားကို ကြားသည့်အခါ လင်းယင်ချင်း၏ အမူအရာ ပြောင်းလဲသွားပြီး ပြန်အော်ဟစ် တောင်းဆိုလိုက်လေ၏ “ဒုစံအိမ်သခင် ကျေးဇူးပြုပြီး ညှာတာပေးပါနော်”

သူမ သင်္ဘောပေါ်ရှိ ကျင့်ကြံသူများအနက် တစ်ဝက်လောက်သည်သာ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ကျန်လူအားလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြ၏။ သို့သော်ငြား ယန်ယောင်ရှီ၏ သင်္ဘောပေါ်တွင် အနည်းဆုံး တာအိုသခင်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်လောက် ပါပေသည်။ မည်သို့ပင်ဖြစ်စေကာမူ တိုက်ပွဲသာ ဖြစ်ပါက သူတို့ နိုင်နိုင်စရာ လုံးဝ မရှိချေ။

ယန်ယောင်ရှီက ပြန်အော်ပြောလေ၏ “နောက်ကျသွားပြီ လင်းယင်ချင်း။ အခုမှတော့ လာတောင်းပန်မနေနဲ့တော့။ ငါနင့်ကို ကိုယ်တုံးလုံးချွတ်ပြီး မြို့ဂိတ်ပေါက်မှာ ချိတ်ဆွဲထားပစ်မှာ”

ရန်ကိုင်၏ ရန်စခြင်း ခံလိုက်ရပြီးနောက် ယန်ယောင်ရှီသည် သူ့ဒေါသကို လင်းယင်ချင်းပေါ် ပုံချတော့လေသည်။ ယန်ယောင်ရှီ၏ စကားကို ကြာပြီးနောက်တွင် လင်းယင်ချင်း မျက်နှာပျက်သွားလေ၏။

ဒုန်း... ဒုန်း... ဒုန်း..

တိမ်တိုက်စံအိမ်မှ ကျင့်ကြံသူပေါင်းများစွာသည် သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ယူလျက် လင်းယင်ချင်းတို့ဆီသို့ ပြေးဝင်လာကုန်ကြလေပြီ။

ထိုအချင်းအရာကိုမြင်သော် လင်းယင်ချင်းလည်း ဆက်၍ တုန့်နှေးမနေတော့ဘဲ အံကြိတ်၍ အမိန့်ပေးလိုက်လေသည် “တိုက်ကြတော့”

ကျောင်းရီတို့ အဖွဲ့သားများ၏ အမူအရာ ခက်ထန်သွားကြပြီး မှော်ရတနာ အသီးသီးကို ထုတ်ယူ၍ တိုက်ခိုက်ရန် ပြင်လိုက်ကြလေသည်။

ထိုစဉ် ရန်ကိုင်သည် ကျောင်းရီနှင့် အခြားသူများရှေ့တွင် ချက်ချင်း ပြန်ပေါ်လာလေ၏။

“စီနီယာအစ်ကိုသတိထား” လျို့ရှန်းယွင်သည် သူမ၏ မှော်ရတနာကိုထုတ်ရင်း လှမ်းအော်ပြောလိုက်လေသည်။

“နင့်ကိုယ်နင်သာဂရုစိုက်” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် ဓါးတစ်ချောင်းကို ထုတ်ယူလိုက်လေ၏။

“အဲ့ကောင်ရဲ့ ခြေလက်တွေကို ဖြတ်ပစ်ကွာ။ ဒီကောင့် ကျင့်ကြံခြင်းကိုပါ ဖျက်စီးပစ်လိုက်။ ငါ့ကိုများ လာရန်စရဲတယ်... ငါ့အကြောင်းကောင်းကောင်း သိသွားအောင် လုပ်ပေးရသေးတာပေါ့” ယန်ယောင်ရှီသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း သူ့လက်အောက်ငယ်သားများကို အော်ပြောလိုက်လေသည်။

သူတကယ်ကို ဒေါသထွက်နေခဲ့လေပြီ။ သူ့ဘဝတွင် ယခုကဲ့သို့ ပါးရိုက်ခံရဖို့ မဆိုထားနှင့် မည်သူမှ သူ့အား ရင့်ရင့်သီးသီး မပြောရဲချေ။ ရန်ကိုင်သာ ထိုအစဉ်အလာကို ပထမဆုံး ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်ယောင်ရှီသည် ရန်ကိုင်အား ခါးခါးသီးသီး မုန်းတီးနေလေသည်။ ရန်ကိုင်အား ရက်ရက်စက်စက် မနှိပ်စက်ရလျှင် သူ့စိတ်ထဲရှိ ဒေါသကို မည်သို့မှ ဖြေဖျောက်နိုင်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် သူ့ရှေ့သို့ ပြေးဝင်လာနေသော လူများကို ဝေ့ကြည့်လိုက်လေသည်။ ထို့နောက်သို့ သူ့ဓါးကို ဝှေ့ရမ်းချလိုက်လေ၏။

“အနန္တဓါးပညာရပ်... မဟာတိမ်ဖုံးဓါးချက်”

ဓါးစွမ်းအင်လှိုင်းများ ရေလှိုင်းလုံးများနှယ် တစ်လှိုင်းပြီးတစ်လှိုင်း ဖြာထွက်လာလေ၏။

ဘုန်း... ဘုန်း... ဘုန်း...

ထိုဓါးချက်နှင့်အတူ ရှေ့ဆုံးမှ ပြေးဝင်လာသော ကျင့်ကြံသူ ခုနှစ်ဦး၊ ရှစ်ဦး အတုံးတုံးအရုံးရုံး လဲကျသွားကုန်ကြလေသည်။ ထိုကျင့်ကြံသူများမှာ သူတို့ကိုယ်သူတို့ အရင်းအမြစ်ချီ၊ အကာအကွယ်မှော်ရတနာများသုံး၍ ကာကွယ်ထားသည့်တိုင် ရန်ကိုင်၏ ဓါးချက်ကို မတားဆီးနိုင်ခဲ့ချေ။ ရန်ကိုင်၏ ဓါးချက်နှင့်အတွေ့တွင် သူတို့၏ အကာအကွယ်အားလုံး ပျက်စီးသွားကုန်ရပြီး တစ်ခါတည်း တမလွန်ဘဝသို့ ကူးပြောင်းသွားခဲ့ရလေ၏။

နောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများမှာအား ဓါးလှိုင်းကြောင့် သေသွားခြင်း မရှိကြသည့်တိုင် ဆိုးဆိုးရွားရွား ဒဏ်ရာရကုန်ကြလေသည်။

ထိုအခြင်းအရာကိုမြင်သော် တိမ်တိုက်စံအိမ်၏ အခြားသော ကျင့်ကြံသူများ ရှေ့သို့ ဆက်တိုးမလာရဲကြတော့ဘဲ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့်သာ ကြည့်နေကြတော့လေသည်။

“ဧကရာဇ်အရှိန်အဝါ... ဧကရာဇ်မှော်ရတနာလား” ယန်ယောင်ရှီသည် ရန်ကိုင် လက်ထဲရှိဓါးအား မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်လုံးထဲ လောဘအရိပ်အယောင်တို့လည်း ဖြတ်ပြေးသွားခဲ့၏။

ရန်ကိုင် တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ယန်ယောင်ရှီသည် မှော်ရတနာ၏ အရှိန်အဝါကို ခံစားမိလိုက်၏။ ဤသည်မှာ လုံးဝကို ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်သည်။ သူသာ ထိုဧကရာဇ်မှော်ရတနာကို ရလိုက်လျှင် မှော်ရတနာ၏ စွမ်းအားကို ငှားရမ်းလျက် ဧကရာဇ်အဆင့်၏ နက်နဲဆန်းကြယ်မှုများကို ထိုးထွင်းသိမြင်နိုင်၏။

(ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ။ ဘယ်လိုလုပ်ပြီး သူ့မှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိနေတာလဲ)

လင်းယင်ချင်းနှင့် အခြားသူများလည်း မှင်သက်ကုန်ကြလေသည်။

သူတို့မှာတော့ ဒုက္ခရောက်ပြီဟုတွေးရင် အသည်းအသန် ပြန်တိုက်ခိုက်ရန် တွေးထားကြခြင်းဖြစ်သည်။ သို့သော်သူတို့ မတိုက်ခိုက်ရသေးခင်မှာပင် ရန်ကိုင်ကြောင့် ရန်သူများစွာ တစ်မုဟုတ်ချည်း သေသွားခဲ့ရသည်။ ထို့အပြင် ရန်ကိုင်သည် ဓါးချက် တစ်ချက်ကိုသာ ထုတ်သုံးရပေသေးသည်။

ဘာတွေဖြစ်နေလေသနည်း...

လင်းယင်ချင်းမှာ ရန်ကိုင်ကိုသာ ကြောင်ကြည့်နေမိတော့လေသည် (သူ့ကျင့်ကြံခြင်းကို သူ့ဘာသာ ဖြတ်တောက်ပစ်လိုက်တာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်တောင် အားကောင်းနေရသေးတာလဲ... သူထုတ်သုံးသွားတဲ့ တိုက်ကွက်ကြီး... နေပါဦး အဲ့မှော်ရတနာက ဧကရာဇ်အဆင့် မှော်ရတနာကြီးလား)

(ဟုတ်တယ်၊ ဧကရာဇ်အဆင့် မှော်ရတနာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး) ဧကရာဇ်အဆင့် မှော်ရတနာများ အလွန် အစွမ်းထက်ကြောင်း လင်းယင်ချင်း ကြားဖူးပေသည်။ သို့သော်ငြား ဧကရာဇ်အဆင့် မှော်ရတနာများကို အသုံးပြုရသည်မှာ အလွန်ကိုမှ ဝန်ပိလှသည်။ ရန်ကိုင် အနေဖြင့် နောက်ထပ် ဓါးချက်တစ်ချက် ထပ်ထုတ်နိုင်တော့လောက်မည် မဟုတ်ချေ။

“မင်းတို့ ဘာစောင့်နေကြတာလဲ။ ဒီကောင် အဆင့်တက်တာ ကျရှုံးထားတာ၊ ခွန်အား အများကြီး ကျန်တော့တာမဟုတ်ဘူး။ တစ်ချက်လောက် တိုက်ခိုက်ပြီးရင် အားကုန်နေလောက်ပြီ” ယန်ယောင်ရှီသည်လည်း လင်းယင်ချင်းကဲ့သို့ တွေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့လက်အောက်ငယ်သားများ ကြောက်ကြောက်လန့်လန့် ဖြစ်သွားကိုမြင်သော် ဒေါသတကြီး ထအော်တော့လေသည်။

ထိုအခါမှသာ တိမ်တိုက်စံအိမ်မှ ကျင့်ကြံသူများ အသိပြန်ဝင်လာပြီး စတင် လှုပ်ရှားကြတော့လေသည်။ ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးလျက် သူ့လက်ကို ဝှေ့ရမ်းကာ လဓါးသွားကြီး နှစ်စင်းကို ပစ်လွှတ်လိုက်လေသည်။

ချက်ချင်းဆိုသလို စူးစူးဝါးဝါး အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။ လဓါးသွားများ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ရှိနေသော ကျင့်ကြံသူ အားလုံး တစ်ချက်ကလေးပင် မခုခံနိုင်ဘဲ နှစ်ပိုင်း ပြန်ထွက်ကုန်ကြရလေသည်။

“အသက်ရှင်ခွင့်ရှိပေမယ့် မင်းတို့က သေလမ်းကိုပဲ သွားချင်နေကြတာဆိုတော့လည်း ငါလည်း မင်းတို့ကို ယမမင်းဆီ ပို့ပေးရသေးတာပေါ့” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် လဓါးသွားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်တော့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် နှင့် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်သိုက်ကများ သူ့အား လာတိုက်ခိုက်ချင်နေသေးသည်။ ထိုလူအုပ်ကို သူ့လက်ရှိခွန်အားဖြင့် အသာလေး ဖိချေပစ်လိုက်၍ ရပေသည်။

အသက်သုံးရှိုက်စာအတွင်း တိမ်တိုက်စံအိမ် သင်္ဘောနှင့်အတူ ပါလာသည့် ကျင့်ကြံသူ အယောက် သုံးဆယ်ကျော်အနက် ဆယ်ယောက်ကျော်လောက်သာ အသက်ရှင် ကျန်ရစ်တော့လေသည်။

“ပြေးတော့” မည်သူမှ ထအော်လို့ အော်လိုက်မှန်းမသိ၊ ချက်ချင်းဆိုသလို လူတစ်ဦးသည် ပင်လယ်ထဲသို့ စတင် ထွက်ပြေးလေသည်။ လူတစ်ယောက် စပြေးသည်နှင့် တစ်ပြိုင်နက် ကျန်လူများလည်း ဆက်မနေရဲတော့ဘဲ အသီးသီး ထွက်ပြေးကုန်ကြလေသည်။

ထိုအခြင်းအရာကိုမြင်သော် လင်းယင်ချင်း၏ အမူအရာ ပြောင်းလဲသွားပြီး အော်ပြောလိုက်လေသည် “သူတို့နောက်ကိုလိုက်ကြ၊ တစ်ယောက်မှ မလွတ်စေနဲ့”

တိုက်ပွဲမှာ အလွန်မြန်လွန်းသဖြင့် သူမပင် မသိလိုက်သေးခင်မှာပင် တိုက်ပွဲကား ပြီးနေခဲ့လေပြီ။ သို့သော်ငြား တိမ်တိုက်စံအိမ်မှ ကျင့်ကြံသူများ ထွက်ပြေးသွားသည်ကို မြင်သော် သူမ အနေဖြင့် ဆက်၍ ရပ်ကြည့်မနေနိုင်တော့ချေ။ ထိုလူများကို လိုက်သတ်ရန် သူမလူများကို အမိန့်ပေးလိုက်လေသည်။ ထိုလူများသာ လွတ်သွားပြီး ယနေ့ကိစ္စသာ တိမ်တိုက်စံအိမ်သခင်နားထဲသို့ ရောက်သွားလျှင် သူမတို့ ဒုက္ခလှလှနှင့် တွေ့ရပေလိမ့်မည်။

လင်းယင်ချင်းမှ အမိန့်ပေးလိုက်သည်နှင့် ကျောင်းရီတို့အားလုံး ချက်ချင်း ပြေးလိုက်ကြလေတော့သည်။

ပင်လယ်လေအေးသည် သင်္ဘောကုန်းပတ်ကို ဖြတ်၍ တဖြူးဖြူး တိုက်ခတ်နေလေ၏။ လေပြေလေးညင်းနှင့်အတူ သွေးညှီနံ့များလည်း မျောပါသွားကုန်ကြလေသည်။

ယန်ယောင်ရှီ ခေါင်းအစခြေအဆုံး တုန်ရီနေ၏။ ယခု ရန်ကိုင်ကို သူအလွန် ကြောက်နေမိလေပြီ။ အဆင့်တက်ခြင်းဖြစ်စဉ် မအောင်မြင်လိုက်သော လူတစ်ဦးသည် ဘာကြောင့်များ ဤမျှ အားကောင်းနေရသလဲ ဆိုသည်ကို သူလုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူတို့ဘက်တွင် လူသုံးဆယ်ကျော်ရှိသော်ငြား ထိုလူငယ်လေးသည် သူ့လူတစ်ဝက်လောက်ကို အသက်ဆယ်ရှိုက်စာအတွင် သတ်ပစ်သွားခဲ့သည်။ အကုန်လုံး ကြောက်ကြောက်ဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးကုန်ရာ ယခုဆိုလျှင် သူတစ်ယောက်သာ ကျန်တော့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၇၅)

ရန်ကိုင့်၏ အေးစက်စက်အကြည့်ကို သတိပြုမိလိုက်သော် ယန်ယောင်ရှီ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။ ယခုမှသာလျှင် ရန်ကိုင့်အား သွားရန်မစမိလိုက်လျှင် အကောင်းသားဟု တွေးကာ နောင်တရနေတော့လေ၏။

ယနေ့ ရန်ကိုင့်လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်ပင် ဆုံးရှုံးသွားခဲ့သည့် အရာများအတွက် စံအိမ်သခင်သည် သူ့အား တာဝန်ခံခိုင်းပေလိမ့်မည်။

“ကျုပ်ကို ပြောပါဦး… ကျုပ် ခင်ဗျားကို ဖြည်းဖြည်းချင်းသတ်သင့်လား… ဒါမှမဟုတ် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သင့်လား…” ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးရင်း မေးလိုက်လေသည်။

ရန်ကိုင့်၏အမေးကို ကြားသော် ယန်ယောင်ရှီ တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်သွားလေ၏။ ထို့နောက် ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောလေသည်။ “မင်း ငါ့ကို သတ်လို့မရဘူး… ငါက တိမ်တိုက်စံအိမ်ရဲ့ ဒုစံအိမ်သခင်ပဲ… ငါက ဆရာမီထျန်းရှင်းရဲ့ လက်အောက်ငယ်သားပဲ… မင်း ငါ့ကို သတ်လိုက်ရင် သူ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…”

“မီထျန်းရှင်း…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် “မင်းကိုကာကွယ်ပေးနေတဲ့ ဧကရာဇ်ပထမအဆင့် ပညာရှင်ဆိုတဲ့လူလား…”

“ဟုတ်တယ်… စံအိမ်သခင်က ငါ့ကို တန်ဖိုးထားတာ…” ယန်ယောင်ရှီက အလျင်အမြန် ထပ်ပေါင်းပြောလိုက်လေသည်။

ရန်ကိုင်က အထင်အမြင်တသေးဖြင့် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ယောက်က ဘာမို့လို့လဲ… သူတို့လိုလူတွေကို ငါ တစ်ယောက်မက သတ်ဖူးပြီးသွားပြီ…”

ထိုစကားကိုကြားသော် ယန်ယောင်ရှီ. ပထမဦးဆုံး တွေးလိုက်သည်မှာ ရန်ကိုင် မဟုတ်တရုတ်များကို လျှောက်ပြောနေသည်ဟူ၍ပင်။ ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးကို ထိုမျှ အလွယ်တကူ သတ်နိုင်မည်လား။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိသေး၏။ ထိုကျင့်ကြံခြင်းလေးဖြင့် ဧကရာဇ်ပထမအဆင့် ပညာရှင်တစ်ဦးကို မည်ကဲ့သို့များ သတ်နိုင်ပါမည်နည်း။

သို့ရာတွင် ပြန်မပြောရဲသည့် အတွက်ကြောင့် ပြန်၍သာ ပြောလိုက်လေသည်။ “ငါ့ကို လွှတ်ပေးလိုက်… အဲ့ဒါဆို ငါမင်းကို လျော်ကြေးပြန်ပေးမယ်… ဒါပေမဲ့ မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် ကောင်းကင်ကျွန်းမှာ နေဖို့ လွယ်ကူတော့မှာမဟုတ်ဘူးနော်…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် “သေရတော့မှာကိုတောင် ငါ့ကို လာခြိမ်းခြောက်ရဲသေးတယ်ပေါ့ ဟုတ်လား…”

“ခြိမ်းခြောက်နေတာမဟုတ်ဘူး…အမှန်အတိုင်းကို ပြောနေတာ… ပြီးတော့ မင်းအခုအရည်အချင်းနဲ့ ငါ့ကိုသတ်ဖို့ ဒီလောက်လွယ်မှာမဟုတ်ဘူး… ငါသာ ပြန်တိုက်ခိုက်ရင် နှစ်ဖက်စလုံး ခံစားသွားရမှာ… ဘာလို့ အေးအေးဆေးဆေးထိုင်ပြီး မဆွေးနွေးချင်ရတာလဲ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဆွေးနွေးဖို့ဆိုတာ နှစ်ဖက်စလုံးက ညီတူမျှတူ ဖြစ်နေမှလေ… အခုချိန်မှာက ငါ့လက်ဖျောက်တစ်ချက်နဲ့တင် မင်းအသက်ကိုချွေယူပစ်နိုင်တယ်… အဲ့ဒါကို ငါနဲ့ဘာတွေ လာဆွေးနွေးချင်နေတာလဲ…”

“ဒီဘုရင်ကို လာအထင်မသေးနဲ့ကွ…”

“မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ယန်ယောင်ရှီအား အနန္တဓါးဖြင့် ခုတ်ချလိုက်လေသည်။

ယန်ယောင်ရှီမျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေ၏။ သူ့ဘက်မှ မည်သို့ပင် ပြောနေစေကာမူ ဤလူငယ်လေး သူ့အား တိုက်ခိုက်လာလိမ့်ဦးမည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းဆိုသလို ယန်ယောင်ရှီမှာ ဒေါသလည်းထွက် စိုးလည်းစိုးရိမ်လာမိလေ၏။ ထိုကြောင့် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ပဲ ဒိုင်းကာကဲ့သို့သော မှော်ရတနာတစ်ခုကို အမြန် ကောက်ထုတ်ယူကာ သူ့အရှေ့တွင် ကာကွယ်ထားလိုက်လေသည်။

“ခရက်…”

အက်သံနှင့်အတူ ယန်ယောင်ရှီး ထုတ်ယူလိုက်သည့် အကာအကွယ်မှော်ရတနာမှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင့်၏ဓါးချက်သည် ယန်ယောင်ရှီဆီသို့ ဆက်လက်တိုးဝင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်သွားခဲ့လေသည်။

(ဒီကောင် လူရော ဟုတ်သေးရဲ့လား…) သေသွားသည့်တိုင် တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် သူနှင့်အဆင့်တူကျင့်ကြံသူတစ်ဦးကိုသာမက အခြားသော ကျင့်ကြံသူပေါင်းများစွာကိုပါ အလွယ်တကူ သတ်ပစ်နိုင်သည်ဟူသော အချက်အပေါ် ယန်ယောင်ရှီး မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သူတို့ကြားရှိ ခွန်အားကွာခြားချက် ဤမျှ ကြီးမားမည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ရန်ကိုင့်အား သွား၍ မတိုက်ခိုက်ခဲ့ပါချေ။ အစောကြီးတည်းက ထွက်ပြေးသွားခဲ့သည်။ ထိုသို့ထွက်ပြေးမည်ဆိုလျှင် အသက်ရှင်နိုင်ချေ ရှိပေသေးသည်။

မကြာခင်တွင် သင်္ဘောကုန်းပတ်တစ်ခုလုံးပေါ်၌ အသက်ရှင်ကျန်ရစ်သူဆို၍ ရန်ကိုင်တစ်ဦးသာ ရှိတော့ပေသည်။ လျို့ရှန်းယွင်နှင့် ကျောင်းရီတို့မှာ ထွက်ပြေးသွားသည့် ရန်သူများနောက်သို့ ပြေးလိုက်သွားကုန်ကြလေသည်။

ရန်ကိုင်သည် သေဆုံးသွားသည့် ကျင့်ကြံသူများ၏ သိုလှောင်လက်စွပ်ကို ချွတ်၍ စစ်ဆေးကြည့်လေသည်။ ထို့သို့ စစ်ဆေးကြည့်ပြီးသည့်နောက် အထင်အမြင်တသေးဖြင့် လွှင့်ပစ်လိုက်လေ၏။

ထိုကျင့်ကြံသူများ ဟင်းလင်းပြင်ကမ္ဘာထဲတွင် နေနေသည်မှာ အလွန်ကြာပြီဖြစ်သည့်အတွက်ကြောင့် သူတို့သိုလှောင်လက်စွပ်ထဲ ပစ္စည်းမျိုးစုံ ရှိနေသော်ငြား ထိုပစ္စည်းအားလုံးမှာ ရန်ကိုင့်အတွက် အသုံးမဝင်သည့် ပစ္စည်းများသာ ဖြစ်နေပေသည်။

ပစ္စည်းများအနက် ယန်ယောင်ရှီးထုတ်သုံးလိုက်သည့် ဒိုင်းကာမှော်ရတနာတစ်ခုသည်သာ ရန်ကိုင့်၏ စံသတ်မှတ်ချက်နှင့် ပြည့်မှီရုံလေးသာ။ သို့သော်ငြား အနန္တဓါးကြောင့် ထိုဒိုင်းကာမှာ ပျက်စီးသွားခဲ့ပြီဖြစ်လေရာ ရန်ကိုင့်အတွက် အသုံးမဝင်တော့ချေ။

ရန်ကိုင်သည် ထိုလူများ၏ သိုလှောင်လက်စွပ်များကို ဂရုစိုက်မနေတော့ဘဲ သင်္ဘောကြီးဘက်သို့သာ အာရုံလှည့်လိုက်လေသည်။

ဤသင်္ဘောကို ယန်ယောင်ရှီးနှင့် သူ့အဖွဲ့သားများမှ မောင်းနှင်လာခြင်း ဖြစ်ပေသည်။ ဟင်းလင်းပြင်ကမ္ဘာထဲရှိ ကျင့်ကြံသူများသည် ဤကဲ့သို့သော မှော်ရတနာများကိုသုံး၍ ပင်လယ်ပြင်ထဲသို့ ထွက်လေ့ရှိကြပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်သည်လည်း ဤနေရာတွင် နေရမည်ဆိုပါက ပင်လယ်ထဲသို့ ထွက်ရန် လိုလာပေလိမ့်မည်။ ထိုသို့လိုလာသည့်အခါ ဤကဲ့သို့သော သင်္ဘောတစ်စင်း ရှိထားခြင်းသည် အကောင်းဆုံးသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ သင်္ဘောဆီသို့ ပျံသန်းသွားပြီး ဝမ်းတွင်းပိုင်းထဲသို့ ဝင်ကာ သင်္ဘောအား ထိန်းချုပ်သည့်အရာကို စတင် ရှာဖွေတော့လေသည်။ ထို့နောက် ထိုအရာကို သန့်စင်တော့လေ၏။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးသည့်နောက်တွင် လင်းယင်ချင်းတို့အဖွဲ့ ပြန်ရောက်လာခဲ့လေသည်။ အနည်းငယ်လောက်သည်သာ ဒဏ်ရာရထားကြပြီး အကုန်လုံးမှာ အကောင်းအတိုင်း ရှိနေကြလေ၏။

အကုန်လုံး လူစုံသွားကြပြီး တစ်ဦးကိုတစ်ဦး မေးမြန်းကြည့်ပြီးသည့်နောက်မှသာ လင်းယင်ချင်း သက်ပြင်းချလိုက်နိုင်ပေသည်။

တိမ်တိုက်စံအိမ်မှ မည်သူမျှ လွတ်မသွားခဲ့ချေ။ အကုန်လုံး အသတ်ခံလိုက်ရလေသည်။ ထို့အတွက်ကြောင့် ယနေ့ဖြစ်သွားသည့်ကိစ္စ သတင်းပျံ့သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

သူတို့၏သင်္ဘောပေါ်ရှိ လူအားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည့်အပေါ် တိမ်တိုက်စံအိမ်သည် လင်းယင်ချင်းနှင့် သူမတို့အဖွဲ့သားများကို သံသယဝင်လိမ့်မည်မဟုတ်ချေ။ သံသယဝင်မည်ဆိုလျှင်ပင် သူတို့၌ သက်သေအထောက်အထားမရှိ။ ထို့ကြောင့် ဘာမှ စိတ်ပူနေစရာ မလိုပေ။

သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် လင်းယင်ချင်းသည် တစ်ခုခုအား မှတ်မိသွားပြီး ချက်ချင်းပဲ သင်္ဘောပေါ်ရှိ အလောင်းများကို ပင်လယ်ထဲသို့ တွန်းချရန် သင်္ဘောကို ဆေးကြောပစ်ရန် အဖွဲ့သားများကို အမိန့်ပေးလေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်နောက် ရန်ကိုင်သည် တိမ်တိုက်စံအိမ်၏ သင်္ဘောအား သန့်စင်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် သူ့အား သွားနှောင့်မယှက်တော့ဘဲ လျို့ရှန်းယွင်ကိုခေါ်၍သာ တိုးတိုးလေးမေးလိုက်လေ၏။ “နင့်စီနီယာအစ်ကို ဘာဖြစ်သွားတာလဲ…”

ရန်ကိုင့်ကြောင့်သာမဟုတ်လျှင် ဤကဲ့သို့သော ပြဿနာမျိုးနှင့် သူတို့ကြုံခဲ့ရလိမ့်မည် မဟုတ်ချေ။ ထို့နည်းတူစွာပင် ရန်ကိုင့်ကြောင့်သာမဟုတ်ပါက သူတို့ရထားသည့် အကျိုးအမြတ်အားလုံးကို ယန်ယောင်ရှီမှ ယူသွားပေလိမ့်မည်။

ထို့အတွက်ကြောင့် လင်းယင်ချင်းမှာ ရန်ကိုင့်အား ကျေးဇူးတင်နေမိပေသည်။ သို့သော်ငြား ရန်ကိုင်သည် တိမ်တိုက်စံအိမ်မှ လူအယောက်သုံးဆယ်ကျော်ကို မည်ကဲ့သို့များ အလွယ်တကူသတ်နိုင်ရလဲ ဆိုသည်နှင့်ပတ်သက်၍ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

ဧကရာဇ်အဆင့်မှ ကျင့်ကြံသူတစ်ဦးသည်သာ ထိုကဲ့သို့ လုပ်နိုင်ပေလိမ့်မည်။

ကျောင်းရီနှင့် အခြားသူများကို ရန်ကိုင်တို့အား ပြဿနာမရှာရန် တားမိခဲ့လိုက်သည့်အပေါ် လင်းယင်ချင်း ပိုပို၍ ကျေနပ်မိလာခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်ပါက သူမတို့တစ်ဖွဲ့လုံး တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။

လင်းယင်ချင်းသည် သူမ၏မေးခွန်းကို သေချာမမေးလိုက်သော်ငြား လျို့ရှန်းယွင်ကတော့ သူမ ဘာမေးနေချင်သလဲ ဆိုသည်ကို ခန့်မှန်းမိပေသည်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရှင်းပြလိုက်လေ၏။ “စီနီယာအစ်ကိုက အစတည်းက အဲ့လိုမျိုး အားကောင်းတာ… လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်မတို့နောက်ကို ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး လိုက်ဖမ်းနေတာ… ဒါပေမဲ့ စီနီယာအစ်ကိုကြောင့်ပဲ အခုလိုမျိုး လွတ်လာနိုင်ခဲ့တာ…”

“ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး လိုက်ဖမ်းတာတောင် အသက်ရှင်နေသေးတာလား…” လင်းယင်ချင်း ထိတ်လန့်သွားခဲ့လေသည်။

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူမ မသိသော်ငြား တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်းတော့ သူမသိပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ မဖြစ် ဖြစ်အောင်ကို လုပ်ပြသွားခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူသည် သာမန်တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးမဟုတ်မှန်း သိနိုင်ပေလိမ့်မည်။

“စီနီယာအစ်ကိုက အရမ်းအံ့ဩဖို့ကောင်းတာ… အဲ့ဧကရာဇ်တတိယအဆင့် ပညာရှင်လက်ကနေ လွတ်ရုံတင်မဟုတ်ဘူး… အဲ့ဧကရာဇ်တတိယအဆင့် ပညာရှင်ကိုပါ ဒဏ်ရာရသွားအောင် လုပ်လိုက်သေးတယ်…” လျို့ရှန်းယွင်က ထပ်ပြောလိုက်လေသည်။

“ဒဏ်ရာရအောင် လုပ်လိုက်တယ်….” လင်းယင်ချင်း လုံးဝကို မင်သက်သွားလေတော့သည်။ သူမအနေဖြင့် လျို့ရှန်းယွင်ပြောသည်ကို ကြားပြီးသည့်နောက် သူမဦးနှောက်သည်ပင်လျှင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ချေ။ သူမကြားလိုက်သည့် အရာအားလုံးမှာ သူမနားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့လေသည်။

“ဒါပေမဲ့ အလစ်ချောင်း တိုက်ခိုက်လိုက်တာပေါ့… ပြီးတော့ အဲ့ဧကရာဇ်တတိယအဆင့် ပညာရှင်က အစတည်းက ဒဏ်ရာ ရထားတဲ့ပုံပဲ…” လျို့ရှန်းယွင်မှာ ထိုကဲ့သို့ ပြောလိုက်သော်ငြား လင်းယင်ချင်း၏စိတ်မှာတော့ ကောင်းကောင်း မလည်ပတ်နိုင်တော့ချေ။ လျို့ရှန်းယွင်ပြောနေသည့်အရာများကို ကောင်းကောင်းပင်မစဉ်းစားနိုင်တော့ဘဲ သူမ၏ရှေ့ဘက်တွင်ရှိနေသော လှေသင်္ဘောကြီးကိုသာ ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။

“အစ်မလင်း… ဒီကောင်တွေဆီမှာ ပစ္စည်းကောင်းတွေ အများကြီးပါတယ်… ယန်ယောင်ရှီဆီမှာဆိုရင် အရင်းအမြစ်ကျောက်နှစ်သိန်းကျော်ပါလာသေးတယ်… ကျုပ်တို့တော့ ပွပြီ…” ကျောင်းရီသည် ဝမ်းသာအားရ အမူအယာဖြင့် လမ်းလျှောက်လာရင်း သိုလှောင်လက်စွပ်တစ်ကွင်းကို လင်းယင်ချင်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ထိုအခါမှသာ လင်းယင်ချင်း အသိပြန်ဝင်လာခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “အဲ့ဒါတွေကို နင်တို့ဘာသာခွဲယူလိုက်… ဒါပေမဲ့ အခြားသူတွေ သတိပြုမိလောက်မဲ့ပစ္စည်းတွေ သူတို့ရဲ့မှော်ရတနာတွေအကုန်လုံးကို ပင်လယ်ထဲ လွှင့်ပစ်လိုက်နော်… ကောင်းကင်ကျွန်းဆီ လုံးဝ ပြန်ယူသွားဖို့ မလုပ်နဲ့…”

သူတို့သာ အခြားလူများ မှတ်မိလောက်မည့် မှော်ရတနာများကို ပြန်ယူသွားပါက တိမ်တိုက်စံအိမ်၏သင်္ဘော ပင်လယ်ထဲတွင် ပျောက်ဆုံးသွားကြရခြင်းမှာ သူတို့ကြောင့်မှန်း အခြားလူများ သိသွားကြပေလိမ့်မည်။ လင်းယင်ချင်းအနေဖြင့် မည်သည့်နည်းနှင့်မျှ ထိုကဲ့သို့ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။

ထိုပစ္စည်းများကို လွှင့်ပစ်ရသည်မှာ နှမြောစရာကောင်းသည်ဟု တွေးမိလိုက်သော်ငြား အစ်မလင်းပြောသည်မှာ မှန်ကန်မှန်း ကျောင်းရီသိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ သူမပြောသည့်အတိုင်း လုပ်လိုက်လေ၏။

မကြာမီ သင်္ဘောကုန်းပတ်တစ်ခုလုံး ရှင်းလင်းသွားခဲ့လေသည်။ အလောင်းများအားလုံးကို ပင်လယ်ထဲသို့ ပစ်ချပြီးသွားပြီဖြစ်သလို သွေးများကိုလည်း ရှင်းလင်းပစ်ပြီးသွားလေပြီ။

သို့သော်ငြား ရန်ကိုင်မှာ ပြန်ရောက်မလာသေးသည့် အတွက်ကြောင့် လင်းယင်ချင်းအနေဖြင့် ဆက်၍သာ စောင့်နေရလေ၏။

တစ်ရက်ကြာပြီးသည့်နောက်တွင် သူတို့၏ရှေ့ဘက်တွင် ရှိနေသော ရုတ်တရက် တဝီဝီမြည်လာပြီး စတင်၍ တုန်ခါလာခဲ့လေသည်။ ထို့နောက်တွင် ထိုသင်္ဘောသည် ဖျတ်ခနဲဆိုသလို အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး သင်္ဘောနေရာတွင် ရန်ကိုင် ပြန်ပေါ်လာခဲ့လေ၏။

ရန်ကိုင့်ကြည့်ရသည်မှာ အတော်လေးကို ပင်ပန်းနေသည့်ပုံပင်။ သူ့မျက်နှာသည်ပင် အနည်းငယ် ဖြူလျော်နေလေ၏။ သို့သော်ငြား သူ့လက်ထဲတွင် မူလအရွယ်အစားထက် အဆပေါင်းများစွာ သေးငယ်လှသော တိမ်တိုက်စံအိမ်၏သင်္ဘော ရှိနေခဲ့လေသည်။

“မြန်လိုက်တာ…” ရန်ကိုင် မည်မျှ အားကောင်းသလဲ ဆိုသည်ကို လင်းယင်ချင်း သိထားပြီး ဖြစ်သော်ငြား လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ အံ့အားသင့်မိသွားဆဲပင်။

ရန်ကိုင့်အနေဖြင့် သင်္ဘောကို သန့်စင်ပစ်ရန် တစ်ရက်သာ အချိန်ယူခဲ့လေသည်။ အခြားတစ်ယောက်ယောက်သာ ဤအကြောင်းကို သူမအား လာပြောပါက လင်းယင်ချင်းအနေဖြင့် လုံးဝယုံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ထိုအဖြစ်အပျက်သည် သူမရှေ့တည့်တည့်တွင်သာ ဖြစ်ပျက်သွားခြင်း ဖြစ်လေရာ သူမအနေဖြင့် မယုံချင်လျှင်ပင် ယုံရပေတော့မည်။

(သူဘယ်လောက်တောင် အားကောင်းတာလဲ…)

လင်းယင်ချင်းမှာ ရန်ကိုင့်၏ခွန်အားကို အတော်လေးကို အထင်ကြီးထားသည့်တိုင် ယခုမှသာ သူ့အား အထင်သေးမိနေသေးမှန်း သဘောပေါက်သွားခဲ့လေသည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ထိုသင်္ဘောအား တစ်ရက်အတွင်း မသန့်စင်နိုင်ပေ။ ရန်ကိုင်မှ ထိုသင်္ဘောအား ပြီးအောင် သန့်စင်ရန်အတွက် တစ်လနှစ်လလောက် အချိန်ယူရလိမ့်မည်ဟု လင်းယင်ချင်းထင်ခဲ့သည်။ သို့သော် လက်တွေ့မှာ သူမထင်ထားသလို မဟုတ်ခဲ့ပေ။

သူမအတွေးထဲနစ်မြောနေစဉ်အတွင်း ရန်ကိုင်မှာ‌တော့ သင်္ဘောအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လို့ပြီး၍ ကုန်းပတ်ဆီသို့ပင် ပြန်ရောက်နေခဲ့လေသည်။

သင်္ဘောပေါ်ရှိ အဖွဲ့သားများမှာ ရန်ကိုင့်အား အံ့ဩတကြီးဖြင့် ကြည့်နေလေသည်။ ကျောင်းရီမှာ တစ်ခုခုပြောချင်နေသည့်အလား ပါးစပ်ဟလိုက်သော်ငြား သူ့ဆီမှ မည်သည့်စကားလုံးမှ ထွက်မလာခဲ့ပေ။ ရန်ကိုင် ထုတ်ပြသွားသည့်ခွန်အားကို မြင်ပြီးသည့်နောက် ကျောင်းရီသည် ရန်ကိုင့်အား ရောင်းရင်းဟု ဆက်၍ မခေါ်ရဲတော့သည်ပုံပင်။

“အကုန်လုံးကို ပြဿနာတက်အောင် လုပ်မိလိုက်လို့ တောင်းပန်ပါတယ်…” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။

တိမ်တိုက်စံအိမ်မှလူများ လင်းယင်ချင်းတို့အဖွဲ့အား ဘာကြောင့် တွေ့သွားသလဲဆိုသည်ကို သူသိပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျန်းရို့ရှီ အဆင့်ချိုးဖြတ်ရာမှ ထွက်ပေါ်လာသည့် ကောင်းကင်ဖြစ်စဉ်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့်သာ အလွန်ကိုမှ ဝေးကွာနေသော သင်္ဘောနှစ်စီးသည် ဤပင်လယ်ပြင်ထဲတွင် အချင်းချင်း တွေ့ဆုံသွားရခြင်း ဖြစ်ပေသည်။

ထို့အတွက်ကြောင့် ယနေ့ပြဿနာသည် ရန်ကိုင်နှင့် ပတ်သက်နေသည်ဟု ပြော၍ရပေသည်။

ရန်ကိုင် ထိုကဲ့သို့ ပြောလာသည်ကိုမြင်သော် သင်္ဘောပေါ်ရှိ လူများမှာ သူတို့၏လက်များကို ဝှေ့ယမ်းပြရင်း ခေါင်းခါပြလိုက်ကြလေ၏။

ရန်ကိုင်မှ တိမ်တိုက်စံအိမ်၏ သင်္ဘောသားများအား ခဏအတွင်း သတ်ပြသွားသည်ကို မြင်ပြီးသည့်နောက် မည်သူမျှ သူ့အား ပေါ့သေးသေး မမှတ်ရဲကြတော့ချေ။

ထိုလူများကိုကြည့်ရင်း ထိုလူအားလုံး သူ့အား ကြောက်နေပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။

“ရောင်းရင်းရန်… ကျွန်မတို့သာ ရှင့်ကို ကျေးဇူးတင်ရမှာ… ရှင်ကျွန်မတို့အသက်ကို ကယ်ပေးခဲ့တာလေ…” လင်းယင်ချင်းက ပြောလိုက်လေ၏။

ဤအမျိုးသမီးနှင့် ပတ်သက်၍ ရန်ကိုင် မည်ကဲ့သို့ ပြောရမှန်းမသိ။ သူမသည် သူနှင့် လျို့ရှန်းယွင်တို့ အသက်ရှင်ဖို့အတွက် သူမတို့ရလာသမျှ ပစ္စည်းများအားလုံးကို ပေးပစ်ရန် ဝန်လေးမနေခဲ့ပေ။ ထိုမြင်ကွင်းကို ရန်ကိုင်ကိုယ်တိုင် မြင်ခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြား ယန်ယောင်ရှီးသည် ကမ်းလှမ်းချက်ကို သဘောမတူခဲ့ပဲ ထို့ထက်ပို၍ လောဘကြီးခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် အဆုံး၌ ဘာမျှမရလိုက်ဘဲ ယမမင်းနှင့်သာ သွားတွေ့ခဲ့ရလေသည်။

“ဘယ်ကသာ အစ်မလင်းရာ… ကျုပ်ကြောင့်သာ အခုလိုမျိုး ပြဿနာတွေဖြစ်ရတာ…” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ ဖြစ်ပျက်သွားသည့် ကိစ္စများနှင့် ပတ်သက်၍ လင်းယင်ချင်းအား မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိတော့ချေ။ ရှင်းပြဖို့ရာလည်း မလွယ်ကူသဖြင့် ယခုကဲ့သို့သာ ပြန်ပြောလိုက်နိုင်တော့လေ၏။

“ရောင်းရင်းရန်… ရှင့် အခုအခြေအနေ ဘယ်လိုရှိလဲ…” လင်းယင်ချင်းက မျက်မှောင်ကျုံ့လျက် မေးလိုက်လေသည်။ ရန်ကိုင်သည် အောင်မြင်စွာ အဆင့်မတက်လိုက်နိုင်ခဲ့ပဲ သူ့ကျင့်ကြံခြင်းကို သူကိုယ်တိုင် ပြန်လည် ဖြတ်တောက်ပစ်ခဲ့ရသည်။ ထို့အပြင် တိုက်ပွဲကြီးတစ်ပွဲကိုလည်း တိုက်ခိုက်ခဲ့ရသေးသည်။ ထို့နောက်တွင် သင်္ဘောကို သန့်စင်ရန်အတွက် သူ့ခွန်အားများစွာကို ထပ်မံသုံးစွဲခဲ့ရလေသည်။ သူမအမြင်တွင် ရန်ကိုင့်လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင် ဖြစ်လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “ရှင် အနားယူသင့်တယ်နော်…”

All Chapters