ဧည့်သည် (၂)
Vol. 3 Ch. 146
အနက်ရောင်ဝတ်ရုံနဲ့ ဘုန်းတော်ကြီးအန်တိုနီ ရောက်လာတာနဲ့ အခန်းထဲမှာရှိနေတဲ့ လေထုက ပြောင်းလဲသွားခဲ့ပါတယ်။ သိပ်ကို တင်းကြပ်နေသလိုပါပဲ။ ဘုန်းတော်ကြီးအန်တိုနီက စားပွဲဝိုင်းမှာ လာထိုင်ခဲ့ပေမဲ့ သူ့ပုံစံက သိပ်ကိုအေးစက်လွန်းပြီး ကျွန်မတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအပေါ် လုံးဝဂရုမစိုက်သလိုပဲ။
“မင်းက မင်းအမေရဲ့မျက်လုံးတွေနဲ့ မင်းအဖေရဲ့ရုပ်ရည်မျိုး ရှိနေတာပဲ။”
အန်တိုနီက နက်ဆန်ကိုကြည့်ပြီး ပြောလိုက်တယ်။ သူ့က အခန်းထဲမှာရှိနေတဲ့ ကျွန်မတို့တွေအားလုံးကို သေသေချာချာ အကဲခတ်နေတာပါ။ ကျွန်မသတိထားမိသလောက် သူ့မျက်လုံးတွေက အခန်းထဲကိုဝင်လာကတည်းက မော်လီအပေါ်က ဖယ်ခွာချင်းမရှိခဲ့ဘူး။ နောက်တော့ သူက ပါစီဗယ်ကိုကြည့်လိုက်တယ်။ ပြီးတဲ့နောက် အိုလီရာနာနဲ့ နာတာရှာကိုကြည့်ပါတယ်။ မိုနီကာကိုတွေ့တော့ သူက မျက်မှောင်ကုတ်လိုက်ပြီး မနှစ်မျို့တဲ့ပုံစံမျိုးဖြစ်သွားလေရဲ့။ ပြီးတဲ့နောက်တော့ သူ့အကြည့်တွေက ကျွန်မဆီကိုရောက်လာပြီး အလွန်အံ့ဩနေပုံနဲ့ ပါးစပ်ကိုဟလိုက်တယ်။ ဒါပေမဲ့အဲဒီ အပြုအမူက တစ်ခဏလေးသာဖြစ်ပြီးတော့ သူက နက်ဆန်ကို တည့်တည့်ကြည့်လိုက်ခြင်းနဲ့အတူ လူကဲခတ်ခြင်းကို အဆုံးသတ်လိုက်ပါတယ်။
“အထင်ကြီးစရာ လူစာရင်းပဲ နက်ဆန်၊ ဘုရင်အဆင့် ဖုတ်ကောင်နဲ့ တစ္ဆေ၊ နတ်တစ်ပိုင်းဖြစ်ခဲ့ဖူးတဲ့ ဖုတ်ကောင်မှော်ဆရာ၊ စကူးဘတ် မင်းသမီး၊ ပျက်စီးသွားတဲ့ သစ်သားကျောင်းတော်ရဲ့မင်းသမီးနဲ့ နတ်ဘုရားတစ်ပါးကိုပါ မင်းလူတွေအဖြစ်ရထားတာပဲ။”
နတ်... နတ်ဘုရားတစ်ပါး...
သေချာပေါက် သူက ကျွန်မကို ရည်ညွန်းပြီးပြောနေတာ။ ကျွန်မကို နက်ဆန်ကလည်း နတ်ဘုရားတစ်ပါးလို့ ညွန်းဆိုခဲ့ဖူးပါတယ်။ နက်ဆန်ကလည်း နည်းနည်းပြုံးလိုက်တာ ကျွန်မမြင်ပါတယ်။ ဒါပေမဲ့ နွေးထွေးတဲ့အပြုံးတော့မဟုတ်ဘူး၊ အဲဒီအစား တစ်ဖက်သူရဲ့ဉာဏ်ပညာကို လေးစားတဲ့သဘောနဲ့ ပြုံးခဲ့တာပါ။
“ဘုန်းတော်ကြီးအန်တိုနီက ဉာဏ်ပညာနဲ့ပြည့်စုံတယ်လို့ ကြားဖူးနေတာကြာပြီ။ ဒါပေမဲ့ အကြည့်တစ်ချက်တည်းနဲ့ ကျုပ်သိရဖို့ လနဲ့ချီကြိုးစားခဲ့ရတဲ့အရာတစ်ခုကို ဖော်ထုတ် နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။”
နက်ဆန်က ချီးကျူးသလိုပြောလိုက်ပေမဲ့ ဘုန်းတော်ကြီး အန်တိုနီက မြောက်သွားတဲ့ပုံမပေါ်ဘူး။ အဲဒီအစား သူက နက်ဆန်ကို အခုလိုမျိုး ရိုက်ချလိုက်ပါတယ်။
“ဘုရားကျောင်းပိုင်နက်နယ်ထဲကို တခြားနတ်ဘုရားတစ်ပါး ခေါ်လာတဲ့ကိစ္စက အရင်ခေတ်တွေကဆိုရင် ချက်ချင်းကွပ်မျက် ခံရမယ့်ကိစ္စမျိုးပဲ။ အခုဘုရားကျောင်းက ကြားနေအဖြစ် နေဖို့ရွေးချယ်လိုက်တာ ကံကောင်းတယ်လို့ မင်းမှတ်ထားလိုက်။ ဒါပေမဲ့...”
ရုတ်တရက် ကျွန်မတို့အခန်းထဲက လေထုဖိအားက သိပ်သည်း လာသလိုပဲ။ ဒီလိုဖိအားမျိုးကို အရင်က ကျွန်မ ရော့ဝဲလ်နဲ့ရင်ဆိုင် ခဲ့ရတုန်းကပဲ ရခဲ့ဖူးတာ။ ခန္ဓာကိုယ်တစ်ခုလုံး အလိုလိုတုန်ယင် လာပြီးတော့ ကျောချမ်းစရာကောင်းတဲ့ ခံစားချက်မျိုး။ ကျား တစ်ကောင် ခြင်္သေ့တစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေရသလိုပဲ။
“ဘုရားကျောင်းပိုင်နက်ထဲကို ဝင်လာပြီးတော့ မင်းရဲ့တခြား ရန်သူတွေရန်ကနေ အကာအကွယ်ယူဖို့လုပ်တာ ခွင့်လွှတ်လို့ ရတဲ့ကိစ္စလို့ စဥ်းစားလို့မရဘူး။ ငါတို့မင်းကို မောင်းမထုတ်ဘူးလို့ ထင်နေတာလား။”
နက်ဆန်က အန်တိုနီခြိမ်းခြောက်တာကို နည်းနည်းလေးမှ ကြောက်တဲ့ပုံမပြပါဘူး။ အဲဒီအစား သူကမော်လီကို လှည့်ကြည့် လိုက်ပါတယ်။
“မော်လီရေ၊ နေ့လယ်ပိုင်းဆိုတော့ လန်းဆန်းသွားအောင်လို့ စံပယ်ပန်းလက်ဖက်ရည် ပြင်ဆင်ပေးသင့်တယ်လို့ မထင်ဘူးလား။”
မော်လီက နက်ဆန်ရဲ့အမိန့်ကိုရတာနဲ့ ညင်သာစွာခေါင်းကို ညိတ်လိုက်တယ်။ အန်တိုနီရဲ့မောက်မာတဲ့စကားတွေ ကြောင့်လားမသိပေမဲ့ မော်လီရဲ့ကိုယ်ကနေ အေးစက်တဲ့ အငွေ့အသက်တွေထွက်ပေါ်နေပြီး သူပါးစပ်ဟလိုက်တိုင်း အအေးငွေ့တွေထွက်လာနေတယ်။ အခန်းရဲ့အပူချိန်လည်း သိသိသာသာကျဆင်းလာတယ်။
ဒါပေမဲ့ သူက ကိုယ်ထိလက်ရောက်ဘာမှမလုပ်ဘဲ မီးခိုချောင်ထဲ ကြော့ကြော့မော့မော့ဝင်သွားပြီး ဗီဒိုတံခါးကိုဖွင့်ကာ လစ်ဘတန် စံပယ်လက်ဖက်ခြောက်ထုပ်တချို့ထုတ်ယူလိုက်တယ်။ ပြီးနောက် ဖန်ရေနွေးခရားထဲ ရေနွေးနဲ့လက်ဖက်ခြောက်ထုပ်တွေထည့်ပြီး ပြန်လာပါတယ်။
“သုံးဆောင်ပါ...”
မော်လီက အင်္ကျီလက်ကိုမလိုက်ပြီး နက်ဆန်ရှေ့က ရေနွေးခွက်ထဲ ရေနွေးဖြည့်ပေးတယ်။ လက်က လက်ဖျံအထိအသားပေါ်နေတဲ့ အတွက်ကြောင့် သူ့ရဲ့သာမန်ထက်ဖြူစွတ်ပြီး အပြာရောင်သန်းတဲ့ ပြစ်ချက်မရှိအသားအရေကို ကျွန်မအတိုင်းသား မြင်နေရတယ်။
နက်ဆန်ကတော့ ရေနွေးကို တစ်ငုံသောက်လိုက်ရင်း အန်တိုနီကို ထူးမခြားနားစွာ ကြည့်လိုက်တယ်။
“စူပါရီရာဂျင်နရယ် အန်တိုနီ၊ ဒီကိစ္စမှာ ခင်ဗျားက ကြားနေဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ သေချာရဲ့လား။”
အန်တိုနီကလည်း နက်ဆန်ရဲ့အမေးကို ခနဲ့တဲ့တဲ့အပြုံးနဲ့ပဲ ပြန်ပြီးတော့ ဖြေလိုက်ပါတယ်။
“မင်းရန်ရှာထားတဲ့သူက ရိုမြူလက်ဘုရားကျောင်း တစ်ခုတည်း မဟုတ်ဘူး။ EUOCက တပ်မှူးတစ်ယောက်လည်း မြို့ထဲမှာ ရောက်နေတယ်။”
သူက EUOC တပ်မှူးအကြောင်းပြောရင်းနဲ့ နာတာရှာ့ကို ကြည့်လိုက်တယ်။ တွေးကြည့်မှ EUOCက နာတာရှာရဲ့သေဆုံးမှုကို စုံစမ်းနေတာပဲ။ ဒါပေမဲ့ အန်တိုနီက ကိစ္စမပြီးသေးတဲ့ပုံစံနဲ့ ကျွန်မဘက်ကို လှည့်ကြည့်လာတယ်။
“ပြီးတော့ ငါတို့ရဲ့ကြီးမြတ်တဲ့ နတ်ဘုရားမလေးက မီးလျှံ ဘုရားကျောင်းကိုရန်စထားတဲ့ပုံပဲ။ ဆိုင်ကယ်လူမိုက်ဂိုဏ်း တစ်ခုက မီလန်မြို့ဆီကို ချီတက်လာနေတယ်။”
“.....” ဒီတစ်ခါတော့ အငိုက်မိသွားတဲ့သူက ကျွန်မပါ။ နက်ဆန့် နောက်ကိုရန်သူတွေလိုက်နေတာနဲ့ ကျွန်မလုပ်ခဲ့မိတဲ့ကိစ္စတွေကို ကျွန်မမေ့နေခဲ့တာ။
အခုတော့ အခန်းထဲမှာရှိနေတဲ့ လူတွေအားလုံးက ကျွန်မကို ဝိုင်းကြည့်နေကြပြီ။ နာတာရှာက အရင်ဆုံးမေးခွန်းမေးတဲ့သူပါ။
“ တွေးကြည့်ခါမှ ဆယ်ဗီကို ငါတို့တွေနှင်ထုတ်လိုက်ပြီးတဲ့နောက် ဘာတွေဖြစ်ခဲ့တာလဲ။ ရုတ်တရက်ကြီး စွမ်းအားကြီးမာစတာ တစ်ယောက်ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တဲ့စွမ်းအားမျိုး ပိုင်ဆိုင်လာတာ ကြောက်ဖို့ကောင်းလွန်းတယ်။”
ဒါကြောင့် ကျွန်မလည်း ဖုံးကွယ်ထားဖို့အတွက် မတတ်နိုင်တော့ဘဲ အဖြစ်မှန်ကို ရှင်းပြဖြစ်ခဲ့ပါတယ်။ ရထားပေါ်မှာ ရိုစယ်လီယာနဲ့ တွေ့ပြီးတော့ ပြန်ပေးဆွဲခံလိုက်ရတဲ့ကိစ္စနဲ့ ဆီနိတ်တာကိုသတ်ပြီး ထွက်ပြေးလာတဲ့ကိစ္စတွေရောပေါ့။
နာတာရှာက ကျွန်မကို စိတ်ဝင်တစားနဲ့ကြည့်လိုက်တယ်။ “ငါတို့ရဲ့ ကြွက်တစ်ကောင်ကိုတောင်မသတ်ရက်တဲ့ သူနာပြုမလေးက မီးလျှံကျောင်းတော်ရဲ့ဆီနိတ်တာကို သတ်လာတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲသိလား။”
ကျွန်မ ခေါင်းခါလိုက်တယ်။ အဲဒီတုန်းက ကျွန်မတွေးခဲ့မိတာက ကျွန်မ နက်ဆန်ဆီကိုပြန်ချင်တယ်။ မီးလျှံကျောင်းတော်က ကျွန်မနဲ့ နက်ဆန်ကြားမှာ ဝင်ရှုပ်နေတယ်။ အဲဒါပါပဲ။
“ဆယ်ဗီ၊ မီးလျှံကျောင်းတော်က လောလောဆယ် ကျောင်းကြီး ခြောက်ကျောင်းလုံးထဲမှာ စွမ်းအားအမြင့်ဆုံးပဲ။ သူတို့တွေရဲ့ လက်ရှိအယ်ဒါက သုံးစားမရအောင် အားနည်းတယ်ဆိုရင်တောင်မှ အခြေခံခိုင်မာမှုက တခြားကျောင်းတော်တွေထက် ပိုသာနေတယ်။”
နက်ဆန်က ကျွန်မကို အရိပ်အမြွက်ပြောပြတယ်။ နာတာရှာကတော့ သူ့ရှေ့က ဝက်အူချောင်းဌာပနာဟင်းကို ခက်ရင်းနဲ့ထိုးကာ မျက်လုံးရှေ့ ထောင်ကြည့်လိုက်ရင်းနဲ့ ဖြည့်ပြောလိုက်တယ်။
“ အမှောင်ကျောင်းတော်နဲ့မတူဘဲ မီးလျှံကျောင်းတော်မှာက ဆီနိတ်တာခုနစ်ယောက် အစုံရှိတယ်။ အခုနင်က တစ်ယောက်ကို သတ်လိုက်တယ်ဆိုတော့ ခြောက်ယောက်ကျန်မယ်။ အခုငါတို့ကို ရိုမြူလက်ဘုရားကျောင်းသူတော်စင် လေးယောက်နဲ့ EUOC တပ်မှူးတစ်ယောက်လိုက်နေတာ။ သူတို့ခြောက်ယောက်နဲ့ ရိုစယ်လီယာကိုပါ ပေါင်းလိုက်ရင် စုစုပေါင်း ရန်သူတော် ၁၂ ပါးဖြစ်သွားပြီ။”
“.....” ပြောရရင် ကျွန်မရှာခဲ့တဲ့ရန်သူအရေအတွက်က နက်ဆန်တို့ တစ်အုပ်စုလုံး ရှာထားတာထက် ပိုများနေတာပေါ့။
ကျွန်မဆွံအသွားတယ်။ ဘုန်းတော်ကြီး အန်တိုနီကတော့ ကျွန်မကို ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိ သူ့နှုတ်ခမ်းတွေက အလိုလို တွန့်လိပ်သွားတယ်။ သူ့ကြည့်ရတာ တစ်ခုခုပြောချင်ပုံပေါ်ပေမဲ့ ပြောမကောင်းလို့ စိတ်ကိုထိန်းထားရတဲ့ပုံ။
ဒါကြောင့် အလိုလိုနေရင်း ကျွန်မမျက်နှာကိုယ်ကျွန်မ ဆုပ်ကိုင် ထားလိုက်မိတော့တာပဲ။
“ ကျေးဇူးပြုပြီး ကျွန်မကို ပြဿနာအိုးလိုမျိုး မဆက်ဆံကြပါနဲ့။”
....
တစ်ယောက်နဲ့တစ်ယောက် အော်တာဟစ်တာပြီးသွားတဲ့နောက် စကားကို အတည်ပြန်စပြောကြပြီ။ နက်ဆန်ရဲ့ရှေ့က ဗလာခွက်ထဲ မော်လီက ရေနွေးထပ်ငှဲ့ပေးလိုက်တယ်။ ကျွန်မသိရသလောက် အခုနေ့လယ်စာစားပွဲက သာမန်မဟုတ်ပါဘူး။ အဲဒီအစား ဆွေးနွေးပွဲ တစ်ခုလို့တောင်ပြောနိုင်ပါတယ်။ ဒါကြောင့် နက်ဆန်မှာ ဝှက်ဖဲတစ်ခုခုရှိနေမှာပဲ။
“ဘုန်းတော်ကြီး အန်တိုနီ... ခင်ဗျားတို့နယ်မြေက ကြားနေဆိုပေမဲ့ ကြားနေအမူအကျင့်နဲ့ မသက်ဆိုင်တဲ့အပြုအမူတချို့ ခင်ဗျား ကိုယ်တိုင်လုပ်ခဲ့တာ ကျုပ်သတိထားမိတယ်။”
နက်ဆန်က ပြောပြောဆိုဆိုနဲ့ နာတာရှာကို ကြည့်လိုက်ပါတယ်။ နာတာရှာကလည်း အန်တိုနီကို ပြုံးပြီးတော့ ကြည့်လိုက်ပါပြီ။
“ကျွန်မက EUOCရဲ့အဖွဲ့ဝင်မဟုတ်တော့ဘူးဆိုပေမဲ့ ဟိုနားဒီနား အဆက်ဟောင်းလေးဘာလေးတော့ ရှိနေသေးတယ်။ ကျွန်မ သိခဲ့ရသလောက်တော့ ရှင်က ဓားသူတော်စင် ဆားဗီးရပ်နဲ့ သံသယဖြစ်စရာ တွေ့ဆုံမှုတစ်ခု လုပ်ခဲ့တယ်လို့ပြောတယ်။”
“.....” ဒီစကားကြောင့် အန်တိုနီရဲ့မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားတယ်။ သူက မငြင်းပါဘူး။ ဘုန်းတော်ကြီး တစ်ယောက်အနေနဲ့ လိမ်ညာခြင်းကို ပြုမူဖို့ခက်ခဲလှပါတယ်။ ကက်သလစ်ချက်ကျောင်းမှာက ဘုန်းတော်ကြီးတစ်ပါး မုသားစကားပြောခြင်းဟာ အလွန်တရာမှာကြီးလေးတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ရုံးတင်စစ်ဆေးခံရနိုင်တယ်လေ။
“ကျုပ်သူနဲ့ လမ်းမှာဆုံခဲ့မိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သိပ်ပြီး ကြီးကြီးမားမားတော့ မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့သမ္မာကျမ်းစာအုပ် နည်းနည်းထိခိုက်သွားလို့ အစားထိုးပြန်ပေးခဲ့ရုံလေးတင်ပါ။”
ဘုန်းတော်ကြီး အန်တိုနီက အမှန်အတိုင်းပြောနေတယ်လို့ ကျွန်မခံစားရတယ်။ အနည်းဆုံးတော့ ကျွန်မရှုထောင့်အရဆို သူတို့နှစ်ယောက်လုံးက ခရစ်ယာန်တွေဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စက သာမန်ပဲဖြစ်သင့်တာ။ ကျွန်မဆေးရုံမှာ အလုပ်သင် ဆင်းတုန်းကတောင် ပရိုတက်စတင့်ဂိုဏ်းတချို့ ဆေးရုံလာပြီး သမ္မာကျမ်းစာဝေတာမျိုး တွေ့ဖူးတယ်။
ဒါပေမဲ့ နက်ဆန်မှာတော့ တခြားအတွေးအမြင်မျိုး ရှိနေပုံပါပဲ။
“စူပါရီရာဂျင်နရယ် အန်တိုနီ၊ ရိုမြူလက် ဘုရားကျောင်းက သာမန်ခရစ်ယာန်ဂိုဏ်းကွဲတစ်ခု မဟုတ်ဘူးဆိုတာ ခင်ဗျားသိတယ် မဟုတ်လား။ သူတို့က သီးခြားဘာသာရေးတစ်ခုဖြစ်လုနီးနီးပဲ။ သူတို့ ကိုင်ဆောင်ထားတဲ့ကျမ်းစာက သမ္မာကျမ်းဆိုပေမဲ့ သူတို့ကိုယ်တိုင် ပြန်ရေးထားတာ။ တခြားဂိုဏ်းတွေမှာရှိနေတဲ့ဟာနဲ့ မတူညီသလို တခြားဂိုဏ်းရဲ့သမ္မာကျမ်းကိုကိုင်ရင် သူတော်စင်တွေကိုတောင်မှ အယူလွဲ ဒိဋ္ဌိအဖြစ်သတ်မှတ်ပြီး ချေမှုန်းပစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။”
အန်တိုနီက ပြုံးလိုက်တယ်။ နက်ဆန်သိထားတဲ့ ကျယ်ပြန့်လှတဲ့ အချက်အလက်တွေကြောင့် နည်းနည်းအခက်တွေ့သွားပုံပေါ်ပေမဲ့ တည်ငြိမ်နေဆဲပါပဲ။
“အဲဒီသေးငယ်တဲ့ အကူအညီလေးနဲ့ ကျုပ်တို့ဘုရားကျောင်းရဲ့ ရပ်တည်ချက်က ဘာများသက်ဆိုင်လို့လဲ။”
“ခင်ဗျားက ဆားဗီးရပ်ကို သူတို့ဂိုဏ်းရဲ့ဒိဋ္ဌိဖြစ်သွားအောင် လှည့်စားခဲ့တယ်။ ဒီလူသာ တကယ် ကျုပ်ကိုသတ်ချင်တယ်ဆိုရင် အရင်ရက်တွေကတည်းက ကျုပ်ကိုလိုက်မီနေလောက်ပြီ။ ခင်ဗျားက ကျုပ်ရဲ့အင်အားအကြီးဆုံးရန်သူကို အနုနည်းနဲ့ အစွယ်ချိုးခဲ့တာပဲ။”
အန်တိုနီက တည်ငြိမ်စွာနဲ့ဆက်ရှိနေတယ်။ နက်ဆန်ကတော့ ခွက်ထဲက လက်ဖက်ရည်ကို လက်စသတ်လိုက်ရင်းနဲ့ ပြုံးလိုက် ပါပြီ။
“လက်ရှိ ရိုမန်ကက်သလစ်ကျောင်းတော်ရဲ့သုံးဆင့်သရဖူကို စောင်းထားတဲ့ကိုယ်တော်က နှစ်ထောင်ချီကတည်းက ရှိနေခဲ့တဲ့ ‘ကျမ်းစာကို အသုံးချတဲ့ မိစ္ဆာဂိုဏ်း'ကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။”
အန်တိုနီရဲ့တည်ငြိမ်မှုက အနည်းငယ်ပျက်ပြားသွားတယ်။ အဲဒီအစား သူက အားရပါးရရယ်လိုက်တယ်။ ဂျေဇူးဝပ်တွေရဲ့ စူပါရီရာဂျင်နရယ်က ပုပ်ရဟန်းမင်းတစ်ယောက်ကိုပဲ နာခံစရာ လိုအပ်သူပါ။ သူဟာ ကာဒီနယ်တွေနဲ့အဆင့်အတူတူပါပဲ။ ဒါပေမဲ့ ကာဒီနယ်တွေက နိုင်ငံ ဒါမှမဟုတ် ဒေသတစ်ခုချင်းစီရဲ့ ကက်သလစ် ခေါင်းဆောင်တွေသာဖြစ်ပြီး ဒီဘုန်းတော်ကြီးက နိုင်ငံအနှံအပြားမှာ အဖွဲ့ဝင်တွေအများကြီးရှိနေတဲ့ အမိန့်တော် တစ်ခုကိုဦးဆောင်ရတာမလို့ သူက သာမန်ကာဒီနယ်တွေထက် ပိုဩဇာသက်ရောက်မှုရှိနေတယ်။
“ဖြေရှင်းတယ်လို့ ပြောတာထက်၊ ကျုပ်တို့က အမှားကိုကျင့်သုံးတဲ့ လူတွေကို အမှန်ကိုမြင်စေချင်ရုံပါ။ ပုပ်ရဟန်းမင်းကြီးက အခုအချိန်ဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တာလဲပါတယ်။”
“ဘာကြောင့်လဲ....”
“ကြယ်နှစ်လုံးရဲ့ဗျာတိတ်တော် ဖြစ်လာတော့မယ့်အချိန်မလို့ပေါ့။ နတ်ဘုရားတွေအားလုံးရဲ့အဆုံးသတ်၊ လောကကြီးနဲ့ သက်ရှိအားလုံးရဲ့ အဆုံးသတ်။ ကမ္ဘာကြီးအဆုံးသတ်ခါနီးတဲ့အထိ ရိုမြူလက် ဘုရားကျောင်းကို မဖြေရှင်းနိုင်ရင် လူတွေကိုလမ်းပြပေးရမယ့် ကျုပ်တို့က ဘာအတွက်ရှိနေတာပါလဲ။”
“ဒါမှမဟုတ် အနိုင်ရသူရဲ့ကမ္ဘာသစ်မှာ ခင်ဗျားတို့တွေပဲ ပါဝင်ချင်တာများလား။”
သူတို့ပြောတာနားထောင်နေရင်းနဲ့ ဒယ်ဖိုင်နတ်ဆရာမရဲ့ ဟောကိန်းကို ကျွန်မပြန်စဥ်းစားကြည့်တယ်။ ‘နိုင်သူကြယ်က ကမ္ဘာ့စည်းမျဥ်းကို ဆုံးဖြတ်ပေးလိမ့်မယ်။' ဆိုတော့ သူတို့တွေက ကြယ်နှစ်လုံးထဲက တစ်လုံးကိုရွေးချယ် ထောက်ပံတော့မှာလား။
ဒါပေမဲ့ အမှောင်ကြယ်ဖြစ်တဲ့နက်ဆန်က ဒီလူကြီးရှေ့မှာလေ။ အခုထိ သူ့ဆီက ထောက်ပံတဲ့အရိပ်အယောက်မျိုး ရှိမနေပါဘူး။
“ညမင်းသားနက်ဆန်၊ မင်းရဲ့ထောက်လှမ်းရေးမှူးက တော်တော့ တော်ပါပေတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုတော့ ရှိမနေသေးဘူး။”
အန်တိုနီက နာတာရှာကို ကြည့်လိုက်တယ်။ နောက်တော့ နက်ဆန်ကို ပြန်ကြည့်လိုက်ပြီး “မင်း နောက်ထပ်ကြယ်တစ်လုံးက ဘယ်မှာလဲ သိရဲ့လား။”
နက်ဆန်က ခေါင်းခါပြလိုက်တယ်။ ကျွန်မသိထားသလောက် အမှောင်ကျောင်းတော်က နောက်ကြယ်တစ်လုံးရှိတယ်ဆိုတာပဲ သိထားတာပါ။ အန်တိုနီက ဝှက်ဖဲတစ်ခုအနိုင်ကိုင်ထားပြီဆိုတဲ့ ပုံစံနဲ့ ကိုယ်ကိုမတ်မတ်ထိုင်ရင်း...
“အဲဒါက ရိုမြူလက် ဘုရားကျောင်းမှာရှိနေတယ်။ ရိုမြူလက် ဘုရားကျောင်းက လွန်ခဲ့တဲ့ဆယ်နှစ် မင်းအမေကိုဖမ်းခေါ် လာတုန်းက ကလေးတစ်ယောက်လဲပါတယ်။ သေချာပေါက် မင်းရဲ့အမြွှာပဲ။ စုန်းမကို မီးတင်ရှို့ခဲ့ပေမဲ့ ကလေးကို ခရစ်တော် ဆန့်ကျင်သူဆိုပြီး မြေမမြှုပ်ခဲ့ဘူးဆိုတော့....”
တဖြည်းဖြည်းနဲ့ အန်တိုနီရဲ့လေသံက ကြောက်စရာကောင်းလာ ခဲ့ပါတယ်။ “ သူတို့က အဲဒီကြယ်ကိုထောက်ပံဖို့ ဆုံးဖြတ်ထားပြီး လျှို့ဝှက် ပျိုးထောင်ပေးနေနိုင်တယ် ဆိုတာပဲ။”
“ဆိုလိုတာက....”
“ နောက်ကြယ်တစ်လုံးက ဘုရားကျောင်းထဲက ဘယ်သူမဆို ဖြစ်နိုင်တယ်။ ငါတို့က ရိုမြူလက်ဘုရားကျောင်းကို သဘော မကျဘူး။ သူတို့ထောက်ပံပေးထားတဲ့ကြယ် နိုင်သွားရင် ဒီကမ္ဘာပေါ်က ကျမ်းစာတွေအကုန်လုံးကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်။ ဒီတော့ ငါတို့အနေနဲ့ အဲဒီကြယ်ကို ရှာပြီးဖျက်ဆီးရမယ်။ အေး၊ ကြွက်ကိုမရှာနိုင်ရင်တော့ စပါးကျီကို မီးနဲ့တို့ရတော့မှာပေါ့။”
“ဒါပေမဲ့ ခင်ဗျားတို့က ဘာလို့ကျုပ်လို နတ်ကိုးကွယ်သူ ကြယ်ကိုမှ ထောက်ပံချင်ရတာလဲ။ ကျုပ်ကရော နိုင်ပြီးရင် ခင်ဗျားတို့ကို အမြစ်လှန်မပစ်ဘူးလို့ ထင်လို့လား။ ရောမအင်ပါယာဟောင်း နယ်နိမိတ် တစ်ခုလုံးကို နတ်ကိုးကွယ်မှု ပြန်လွှမ်းမိုးအောင်လုပ်တာတို့ ဘာတို့ပေါ့။”
နက်ဆန်ရဲ့စကားကိုကြားတော့ အန်တိုနီက လက်နှစ်ချောင်းကို ထောက်ပြလိုက်တယ်။
“နံပါတ်တစ်၊ ငါတို့မင်းလုပ်ခဲ့သမျှကို ပြန်ကြည့်ခဲ့ပြီးပြီ။ ညနတ်ဘုရားမကို ကိုးကွယ်နေတာကလွဲလို့ ဘုရားကျောင်း ဆုံးဖြတ်ချက်ကို မင်းဆန့်ကျင်မထားဘူး။ ဒီတော့ အဲဒီလို ရည်မှန်းချက်မျိုး မင်းမှာမရှိတာသေချာတယ်။”
“နံပါတ်နှစ်၊ မင်းက အားနည်းပြီး မင်းမှာကာကွယ်ပေးရမယ့် လူတွေအများကြီးရှိနေတယ်။ တစ်နည်းအားဖြင့် ငါတို့အကူအညီကို မင်းလိုတယ်။ မဟုတ်ရင် မင်းဟာ ရိုမြူလက်ဘုရားကျောင်းကို ရှုံးလိမ့်မယ်။”
နောက်တော့ သူတို့နှစ်ယောက် တိတ်ဆိတ်သွားကြတယ်။ ဒါပေမဲ့ အဲဒီတိတ်ဆိတ်မှုကပဲ သူတို့နှစ်ယောက်ရဲ့ဆွေးနွေးမှုကို ပိုပြီး ပြင်းထန်လာစေတယ်လို့ ခံစားရတယ်။
“ဒီတော့ ပူးပေါင်းမှုအတွက် ပထမဆုံး ခြေလှမ်းက ဘာဖြစ်မလဲ။”
နက်ဆန်က မေးလိုက်တော့ အန်တိုနီက ရယ်မောလိုက်ပါတယ်။ “ကြားနေက ကြားနေတာဝန်ကို ဖြည့်ဆည်းပေးရမှာပေါ့။ သူတို့က ငါ့ကို မင်းကိုထုတ်ပေးဖို့ ဖိအားပေးနေကြပေမဲ့ ငါက ဆက်ပြီးတော့ လစ်လျူရှုထားပေးမယ်။
မင်း မီလန်မှာ နေချင်သလောက် နေလို့ရမယ်။ မင်းကိုတိုက်ခိုက်ဖို့ ကြိုးစားသူမှန်သမျှကို ငါတို့ဝင်ဟန့်မယ်။ မင်းကိုတိုက်ရိုက်တော့ မကူညီဘူး။ သူတို့ထဲကတစ်ယောက်ယောက် စိတ်မရှည်တော့ဘဲ အတင့်ရဲလာရင်တော့ ငါတို့ကလည်း မီလန်မြို့နေပြည်သူတွေကို ကာကွယ်ဖို့ ဝင်ပါရတော့မှာပေါ့။
ဒါပေမဲ့ ဒီကိစ္စမှာ ငါတို့ပူးပေါင်းတိုင်း အနိုင်ရချင်မှ အနိုင်ရနိုင်မှာ။ ရန်သူအင်အားက များလွန်းတယ်။ ဒီတော့ မင်းအနေနဲ့ ရန်သူတွေအားလျော့အောင် လှုပ်ရှားပေးရမယ်။”
“သဘောတူတယ်။” နောက်တော့ သူတို့နှစ်ယောက်က တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။