← Chapters

ငါလုံးဝ မယုံနိုင်ဘူး

Vol. 6 Ch. 572

ငါလုံးဝ မယုံနိုင်ဘူး

Vol. 6 Ch. 572

ဆယ်ရောင်ခြယ်မီးတောက် ပေါ်လာသည့်အခိုက်အတန့်တွင် ဂူတစ်ခုလုံးမှာ တောက်ပသော အလင်းရောင်များဖြင့် လင်းထိန်သွားတော့သည်။ အမှန်တွင် အလင်းက ဂူနံရံများကိုပင် ကျော်ဖြတ်သွားလေရာ တစ်တောင်လုံး ထိန်ထိန်လင်းနေတော့သည်။

မီးတောက်ထံမှ ပြင်းထန်အားကောင်းလှသော ဖိအားတစ်ခု ထွက်ပေါ်လာကာ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြူးကျယ်သွားလေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာ၏။

" ငါလုပ်နိုင်သွားပြီ။ ငါ ဆယ်ရောင်ခြယ်မီးတောက် ဖော်စပ်နိုင်ပြီကွ"

သူသည် ဆေးဖော်စပ်ချိန်ကထက် ရောင်စုံမီးတောက်ဖန်တီးရသည်ကို ပို၍စိတ်လှုပ်ရှားနေတော့သည်။

ပိုင်ရှောင်ချန်းစိတ်လှုပ်ရှားနေသည်နှင့် ဆန့်ကျင်ဘက် ကျိုးရီရှင်းမှာ ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်နေတော့သည်။ သူက ပါးစပ်ဟောင်းသား ရပ်ကြည့်နေပြီး သူ့အတွေးများကို ဆယ်ရောင်ခြယ်မီးတောက်မြင်ကွင်းက ဖယ်ရှားခြင်း ခံလိုက်ရတော့သည်။

သူက ဂယောင်ချောက်ချားမြင်နေသည်ဟု ယုံကြည်ချင်သော်လည်း...ကံဆိုးစွာပင် ထိုနည်းလမ်းဖြင့် သူ့ကိုယ်သူ အရူးလုပ်၍မရပေ။ သူသည် သူ့မျိုးနွယ်စု၏ ဖန်တီးနည်းများကို အသုံးပြု၍ တစ်ရောင်ခြယ်မှ ဆယ်ရောင်ခြယ်အထိ တစ်ပြိုင်နက်ထဲ ဖန်တီးနေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသည်။

၄င်းမှာ သူ့ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေတော့သည်။ အိမ်မှာရှိစဥ်က မြေအောက်လမ်းဆရာများဖြစ်သော ခေါင်းဆောင်ကြီးများပင် ထိုသို့သော အရာမျိုးမပြုလုပ်နိုင်ပေ။

ပို၍အံ့သြစရာကောင်းသည်မှာ ဤအောက်လမ်းဆရာမှာ သူ့မျိုးနွယ်စု၏ ဖန်တီးနည်းများကို စောစောကမှ လေ့လာထားရုံရှိသေးသည်။ သို့တိုင် သူက အောင်မြင်နေဆဲဖြစ်ရာ ကျိုးရီရှင်းမှာ လုံးဝ မျှော်လင့်ချက်များပျက်သုဥ်သွားပြီဟု ခံစားလိုက်ရတော့သည်။

" ဒါ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

သူ၏မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူဆုတ်နေကာ တစ်ယောက်တည်း ရေရွတ်နေတော့သည်။ ၄င်းမှာ သူ့အတွက် ထိုးနှက်ကြီးတစ်ခုဖြစ်သည် မဟုတ်ပါလော။ သူ့ကိုယ်သူ အောက်လမ်းဆရာပိုင်နှင့် ယှဥ်လိုက်သောအခါ အသုံးမကျသူတစ်ယောက်အဖြစ်သာ ခံစားနေရတော့သည်။

" လူမဟုတ်ဘူး။ ဒါ လူစင်စစ် မဖြစ်နိုင်ဘူး"

စောစောက သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေခဲ့သည့် မနာလိုမှုများ ပျောက်ကွယ်သွားပြီး စိတ်ပျက်အားငယ်မှုများ ဝင်ရောက်လာတော့သည်။ သူနှင့် ဤအောက်လမ်းဆရာအကြားရှိ ခြားနားချက်သည် မိုးသားတိမ်တိုက်များနှင့် ၄င်းတို့အောက်ရှိ ရွှံမြေအလားပင်။ သူ မနာလိုနေရန်ပင် အရည်အချင်း မပြည့်မှီပေ။

ဆယ်ရောင်ခြယ်မီးတောက်သည် အောက်လမ်းဆရာသခင်အဆင့်၏ အထွတ်အထိပ်ဖြစ်သည်။ မြေရိုင်းဒေသတွင် ဆယ်ရောင်ခြယ်မီးတောက် ဖန်တီးနိုင်သော အောက်လမ်းဆရာအရေအတွက်မှာ အလွန်ရှားသည်။ ထိုကဲ့သို့ ဖန်တီးနိုင်သည့် မည်သူမဆို ရောက်ရာအရပ်တွင် အလွန်တရာထင်ပေါ်ကျော်ဇာ၏။

အထွတ်အထိပ်အဆင့်ရှိ အောက်လမ်းဆရာသခင်များသည် ဝိညာဥ်ကျင့်ကြံသူနောက်လိုက် အရေအတွက်များစွာ ရနိုင်လေသည်။ ထိုမျှသာမက သူတို့ ဆယ်ရောင်ခြယ်မီးတောက် ဖန်တီးနိုင်သည်ကို ထည့်တွက်ပါက ဝိညာဥ်ဆေးများပြုလုပ်ချိန်တွင် အဆင့် ၁၀ အဆင့်နိမ့် ဝိညာဥ်ဆေးလုံးများဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

အောက်လမ်းဆရာအများစုသည် ဝိညာဥ်ကျင့်ကြံသူများအား ဝမ်းမြောက်ဝမ်းသာလက်ခံလေသည်။ ဆယ်ရောင်ခြယ်မီးတောက်က အမုန်းဝိညာဥ်သုံးသောင်း လိုသည် မဟုတ်ပါလော။ ထိုဝိညာဥ်များအားလုံးကို အောက်လမ်းဆရာတစ်ယောက်တည်း ကိုင်တွယ်ရမည်မှာ အလွန်ဒုက္ခများလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကူညီရန်အတွက် နောက်လိုက်များရှိခြင်းက သဘာဝပင်ဖြစ်သည်။

သို့စေကာမူ အောက်လမ်းဆရာအားလုံး နောက်လိုက်ရှိခြင်းကို ကြိုက်သည်မဟုတ်ချေ။ အနည်းစုက အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် သူတို့ဘာသာသူတို့ လုပ်ရသည်ကို သဘောကျလေသည်။ ဝိညာဥ်များရရန်အတွက်ဆိုလျှင် မြို့တော်အသီးသီး၏ ဘုရင်များ သို့မဟုတ် အောက်လမ်းဆရာမျိုးနွယ်စုများထံသွား၍ သူတို့လိုအပ်သောအရာများနှင့် ဝိညာဥ်များကို လဲလှယ်နိုင်ကြလေသည်။

မည်သို့ပင်ဖြစ်စေ ဆရာသခင်အဆင့်ရောက်သည့် အောက်လမ်းဆရာများမှာ ပုံမှန်အားဖြင့် လူသိများလေသည်။ သူ့ဘက်တွင် ကံတရားသာရှိပါက ကောင်းကင်တုန်ခါ၍ မြေပြင်တို့တုန်လှုပ်စေသည့် မြေအောက်လမ်းဆရာဖြစ်နိုင်လေသည်။ မြေအောက်လမ်းဆရာများက ပို၍ပင် ထင်ပေါ်ကျော်ကြားပြီး အဆင့်အတန်းအရဆိုလျှင် အောက်လမ်းဆရာသခင်များထက် များစွာမြင့်လေသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူပြီး ဆယ်ရောင်ခြယ်မီးတောက်ထံမှ အကြည့်လွှဲကာ ကျိုးရီရှင်းကို လှမ်းကြည့်လိုက်၏။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားသောအခါ ကျိုးရီရှင်း၏ မာန်မာနများနှင့် အာခံခြင်းများမှာ ဆယ်ရောင်ခြယ်မီးတောက်ကြောင့် တစစီကျိုးကြေပျက်စီးသွားလေပြီ။ ခါးသီးစွာ ရေရွတ်ရင်း သူက ပိုင်ရှောင်ချန်းကို ရင်ဆိုင် မကြည့်ရဲတော့ပေ။

ပိုင်ရှောင်ချန်း၏စိတ်နှလုံးမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။ သိသာစွာပင် နောင်ကျလျှင် သူပြောသည့်အတိုင်း ကျိုးရီရှင်းကို လုပ်စေရာတွင် ပိုမိုလွယ်ကူသွားလိမ့်မည်။

" အင်း ငါသူ့ကိုဒီလောက်အထိ ခြောက်လှန့်ပြီးပြီဆိုတော့ ဆက်သွားလိုက်ဦးမယ်။ ငါသာ ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်လို့ကတော့ မြေအောက်လမ်းဆရာဖြစ်လာမယ်။ အဲဒီအခါကျ ကျိုးရီရှင်းတော့ သေလုနီးပါး လန့်သွားလိမ့်မယ်"

မျှော်လင့်ချက်များဖြင့် ပြည့်နေရင်း ပိုင်ရှောင်ချန်းသည် တစ်ယောက်တည်း ကောက်ကျစ်စွာရယ်လိုက်ပြီးနောက် မီးတောက်ဖန်တီးနည်းနှင့်ပတ်သက်သော အချက်အလက်များရှိသည့် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည။ ကျိုးရီရှင်း ရပ်နေစဥ်တွင် သူက ဆယ့်တစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ဖတ်ရှုလိုက်သည်။

ကျိုးရီရှင်းက တခဏမျှ တုံ့ဆိုင်းနေပြီးနောက် တိုးတိုးကလေးပြော၏။

" တာအိုရောင်ရင်းပိုင် ဆယ်ရောင်ခြယ်မီးတောက်နဲ့ ဆယ့်တစ်ရောင်ခြယ်မီးတောက်က တော်တော်လေး ခြားနား "

" မင်းတိတ်တိတ်ကလေးနေပြီး စောင့်သာကြည့်နေလိုက်"

ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာ ကြားဖြတ်ပြောလိုက်သည်။ သူ၏ အစောပိုင်းက ဆယ်ခါအောင်မြင်မှုသည် သူ့ကို အလွန်တရာ ယုံကြည်ချက်ရှိသွားစေလေသည်။ သူပြောနိုင်သည်က မီးတောက်ဖန်တီးခြင်းသည် အလွန်ရိုးရှင်းသောကိစ္စရပ်ဖြစ်သည်ဟူ၍။

ပိုင်ရှောင်ချန်းတုံ့ပြန်လိုက်ပုံကြောင့် ကျိုးရီရှင်းမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ အမှန်တွင် ဆယ့်တစ်ရောင်ခြယ်မီးတောက် ဖန်တီးခြင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်ရလျှင် သူ့အတွက် ကောင်းသောအရာဖြစ်သည်။ အမှန်တကယ်စဥ်းစားကြည့်လျှင် သုံးသွားသော နည်းလမ်းများသည် သူ၏မျိုးနွယ်စုမှဖြစ်ပေသည်။ ကျိုးရီရှင်းအတွက် သူ့မျိုးနွယ်စုခေါင်းဆောင်ကြီးတစ်ယောက်၏ မီးတောက်ဖန်တီးပုံကို ကြည့်နေရသည့်အတိုင်းပင်။

ကျိုးရီရှင်းက အသက်ရှူလိုက်ပြီး ပိုင်ရှောင်ချန်းလက်ကို အာရုံစိုက်ကြည့်နေ၍ ထိုင်ချလိုက်သည်။

ပိုင်ရှောင်ချန်းမှာ ကျိုးရီရှင်း၏ အပြုအမူကို အလွန်ကျေနပ်သွား၏။ သူ့ကိုယ်သူ အလွန်တရာ အထင်ကြီးစရာကောင်းသည့်ပုံပေါ်စေရင်း ဆယ့်တစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ပြန်စဥ်းစားလိုက်ပြီးနောက် သူ့အိတ်ကို ပုတ်ကာ အမုန်းဝိညာဥ် ခြောက်သောင်းထုတ်လိုက်ရာ ဂူထဲတွင် လေပြင်းမုန်တိုင်းသဖွယ် တဝုန်းဝုန်းထွက်ပေါ်လာတော့သည်။ ထို့နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ မီးထဲသို့ ဝိညာဥ်များအား ပို့လွှတ်လိုက်လေသည်။

အသက်ရှူချိန်ဆယ်ကြိမ်ကြာပြီးနောက် သူ၏အမူအရာပြောင်းသွား၏။ ဝိညာဥ်ခြောက်သောင်းကို အတူတကွပေါင်းစပ်ရန် ထိန်းချုပ်နိုင်လိုက်သော်လည်း ဆယ်ရောင်ခြယ်မီးတောက်ထဲထည့်လိုက်စဥ်တွင် မမြင်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာကြောင်း သတိပြုမိလိုက်၏။ မီးတောက်စွမ်းအား၏ ဖိအားမှာ အလွန်ပြင်းထန်လှသည်။ ပိုင်ရှောင်ချန်းမှာ မီးတောက်ဖန်တီးခြင်း၏ အငွေ့အသက်များကို အကျွမ်းတဝင်မရှိသော်လည်း သိသာစွာပင် အာရုံခံနိုင်လေသည်။

"မကောင်းတော့ဘူး"

ပိုင်ရှောင်ချန်းမျက်နှာပျက်သွားလေပြီ။ ဝိညာဥ်တစ်ကောင်လေးပင် မထိန်းချုပ်နိုင်ခြင်းသည် ဆယ်ရောင်ခြယ်မီးတောက်တစ်ခုလုံးကို မထိန်းချုပ်နိုင်တော့ခြင်းပင်ဖြစ်သည်။ ဝိညာဥ်များအားလုံး ရုတ်တရက် မီးထဲတချိန်တည်းရောက်သွားရာ မီးတောက်မှာ အကြမ်းပတမ်းလူးလွန့်လာတော့သည်။ ထို့နောက် တဖျောက်ဖျောက်မြည်သံများကြားလိုက်ရပြီး... မီးငြိမ်းသွားလေတော့သည်။

အစိမ်းရောင်မီးခိုးမျှင်တစ်ကြောင်း ထွက်လာပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ကျိုးရီရှင်းသည်လည်း ထပ်တူ ကြက်သေသေသွားတော့သည်။

ပိုင်ရှောင်ချန်း၏ ဝင်လေထွက်လေမှာ လည်ချောင်းထဲတွင် တစ်ဆို့ကုန်သည်။ စောစောကတင် ကြွားလုံးထုတ်လာပြီး ဟိတ်ကြီးဟန်ကြီးနှင့် ကျရှုံးသွားလေရာ သူ့မျက်နှာမှာ မီးကဲ့သို့ ပူလောင်နေလေပြီ။သူက ဒေါသတကြီးဟိန်းဟောက်လိုက်ရင်း အိတ်ကိုပုတ်ကာ နောက်ထပ်ဝိညာဥ်များစွာ ထုတ်လိုက်ပြန်သည်။ တစ်ရောင်ခြယ်မှ စ၍ ဆယ်ရောင်ခြယ်အထိ အစကနေ ပြန်စတော့သည်။ ထို့နောက် သူက ဆယ်ရောင်ခြယ်မီးတောက်ကို ကြည့်ပြီး လွန်ခဲ့သောအရာများအားလုံးကို သူ ဆန်းစစ်ပြီးနောက် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ထပ်မံကြိုးစားကြည့်လေသည်။ မကြာမီ ထစ်ခြုန်းသံများ ကြားလိုက်ရပြီး..... နောက်တစ်ခါ ရှုံးနိမ့်သွားပြန်သည်။

အရှက်ကွဲခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး ပို၍ပင် ဒေါသထွက်လာကာ ပိုင်ရှောင်ချန်းက ပြော၏။

" ဘာကြည့်နေတာလဲ။ သွား ဝိညာဥ်သွားရှာ။ တစ်သိန်းအနည်းဆုံး ပါမလာရင် ပြန်မလာခဲ့တော့နဲ့"

ကျိုးရီရှင်းကို တစ်ချက်ကြည့်ပြီး သူက အင်္ကျီလက်ကို ခါယမ်းကာ ဂူအပြင်ပျံထွက်သွားစေလိုက်သည်။

အပြင်ရောက်သွားသည်နှင့် ကျိုးရီရှင်းက အောက်လမ်းဆရာပိုင်၏ အထက်စီးဆန်မှုကြောင့် ဒေါသထွက်ကာ အံကြိတ်လိုက်သည်။ သိသာထင်ရှားစွာပင် သူက ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရာတွင် အရည်အချင်းမပြည့်မှီ၍ ကျိုးရီရှင်းက သူ့ကို သတိပေးရန် ကြိုးစားခဲ့သည်။ သူက လျစ်လျူရှုခဲ့ရုံသာမက ကြွားပင်ကြွားလိုက်သေးသည်။ ထို့နောက် သူ မအောင်မြင်သောအခါ ကျိုးရီရှင်းအပေါ် ဒေါသ ပုံချလေသည်။

အေးတိအေးစက်ရယ်ရင်း သူက ပြောသည်။

" ဟွန်း မြေအောက်လမ်းဆရာဖြစ်လာဖို့ ဒီလောက်လွယ်တယ်ထင်နေလား"

ကံဆိုးစွာပင် သူ၏ကျင့်ကြံခြင်းအပေါ်တွင် ပိုင်ရှောင်ချန်း ချုပ်နှောင်ထားသော အတားအဆီးမန္တန်များကြောင့် အမိန့်အတိုင်း ဝိညာဥ်သွားဖမ်းရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ ကိုယ်ပွားသည် အနီးနားရှိ ဝိညာဥ်များကို ဖမ်းပြီးလေရာ သူမည်မျှရှာစေကာမူ တစ်ကောင်တစ်လေမှ မတွေ့ပေ။ အံတင်းတင်းကြိတ်ရင်း သူက နယ်ချဲ့ရှာလိုက်သည်။ သူလမ်းလျှောက်နေစဥ် ညနေပင်စောင်းလာတော့သည်။ တချိန်တည်းမှာပင် တိမ်မည်းတိမ်စိုင်များ ကောင်းကင်တွင် ပြည့်လာပြီး မိုးများ ရွာချလာတော့သည်။ ထိုမိုးသည် ညှော်နံ့ရှိနေပြီး သူအရေအပြားကို ထိသောအခါ နာလေသည်။

ရံဖန်ရံခါ အထက် ကောင်းကင်ယံတွင် အစိမ်းရောင်လျှပ်စီးကြောင်းများ ဂျိန်းခနဲဂျိန်းခနဲ တလက်လက်ထနေတော့သည်။

တခြားအချိန်တွင် ကျိုးရီရှင်းသည် သူ၏ ကျင့်ကြံခြင်းအခြေကို လည်ပတ်၍ မိုးကို လျစ်လျူရှုထားပေမည်။ သို့သော် ကိုးဆယ်ရာခိုင်နှုန်းချုပ်နှောင်ထားရသဖြင့် သူ့အနေဖြင့် နာကျင်မှုကို ကျိန်ဆဲပြီး သည်းခံနေရုံသာရှိတော့သည်။

" ပိုင် နာမည်နဲ့ လူတွေကို မုန်းတယ်။ ငရဲဧကရာဇ်သာ ဖြစ်နေတာတွေ သိလို့ကတော့ ငရဲမိုးကြိုးစေလွှတ်ပြီး ဒီကောင့်ကို မြေပုံပေါ်က ဖျောက်ပစ်လိမ့်မယ်"

ကျိုးရီရှင်းကို ဝိညာဥ်အမဲလိုက်ခိုင်းလိုက်ပြီးနောက် ပိုင်ရှောင်ချန်းသည် သူ၏ကိုယ်ပွားသုံးယောက်ကိုလည်း တောနက်ထဲတွင် ရှာခိုင်းလိုက်လေသည်။

သူ၏ ကိုယ်ပွားများသည် သူ့နည်းတူ ကျင့်ကြံခြင်းအခြေခံများရှိပြီး ဝိညာဥ်စုစည်းဆေးလုံးများလည်း ရှိလေရာ ကျိူးရီရှင်းနှင့်စာလျှင် သူတို့အတွက်ပိုမိုလွယ်ကူ၏။ ပိုင်ရှောင်ချန်းကိုယ်တိုင်မှာမူ သူ၏ယခင်ကအမှားများကိုခွဲဖြာသုံးသပ်ရင်း နောက်ထပ် ဖန်တီးခြင်းများပြုလုပ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေသည်။

တစ်ရက် နှစ်ရက် သုံးရက်.........

မကြာမီ ခုနစ်ရက်ကုန်လွန်သွားပြီး ပိုင်ရှောင်ချန်းသည် ဆယ်ရောင်ခြယ်မီးတောက်ဆယ်ခုထက်ပို၍ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေပြီ။ သို့သော် ဆယ့်တစ်ရောင်ခြယ်အဆင့်ရောက်ရန် နောက်တစ်ခုထပ်မထည့်နိုင်ပေ။ အချိန်တိုင်း ကျရှုံးနေခဲ့သည်။

သူ၏ဒေါသနှင့်အရှက်များ တိုးပွားလာရာ မျက်လုံးများမှာ ပို၍ ရဲရဲနီလာတော့သည်။ သူ၏ ဆံပင်များလည်း ရှုပ်ပွနေပြီး မအောင်မြင်ရသော အကြောင်းပြချက်ကို အရူးပမာကြိုးစားရှာဖွေနေရင်း မိန်းမောနေပုံရလေသည်။ အချိန်များစွာ ထပ်မံကုန်ဆုန်းသွားစဥ် သူသတိပြုမိသော်လည်း ဆယ့်တစ်ရောင်ခြယ်မီးတောက်အတွက် အသုံးပြုနေသော ဖန်တီးနည်းကို ပြောင်းလဲလာတော့သည်။

ပြောင်းလဲမှုများကြောင့် မီးတောက်ဖန်တီးခြင်းရှိ ကျွမ်းကျင်မှုသည် တဖြည်းဖြည်း တိုးတက်လာတော့သည်။ သို့သော် ဆယ်ရောင်နှင့် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကြားရှိ ကြန့်ကြာသော အဆင့်ကြောင့် သူသည် အလှည့်တိုင်း အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်နေရလေသည်။

လူတစ်ယောက်သည် ဖန်တီးနည်းကို ပြောင်းလဲရန် လိုအပ်သည်သာမက ဆယ်ရောင်ခြယ်မီးတောက်ကို ပြီးပြည်စုံစွာ ထိန်းချုပ်နိုင်ရန်လို၏။ ရက်များစွာ ကုန်ဆုံးသွားပြီး ပိုင်ရှောင်ချန်းက အရူးအမူးဖြစ်လာလေတော့သည်။

All Chapters