အခန်း (၄၇၉)
Vol. 33 Ch. 479
ဘုန်း ….။
ရှေးမီးအိမ်ကြီးသည် ကောင်းကင်ယံမှ အောက်သို့ ကျဆင်းလာခဲ့၏။ ကျဆင်လာခဲ့သည့် လမ်းတစ်လျှောက် လေဟာနယ်တစ်ခုလုံးသည် တစ်လက်မတိုင်း ပျက်စီးနေ၏။ ကြောက်မက်စရာ ကောင်းလှသည့် အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပြန့်နှံ့လျက် ရှိ၏။ မီးအိမ်မှ ထွက်ပေါ်နေသည့် မီးညွှန့်များသည် သာမန်မီးများနှင့် ခြားနားစွာ အရာအားလုံးကို လောင်ကျွမ်းစေခဲ့၏။
"ဒီမီးက သာမန်ထက် ထူးခြားတာပဲ"
လွင့်မျောတိမ်တောင်၏ အကြီးအကဲသည် မျက်မှောင်ကုတ်လိုက်မိ၏။ သို့ပေမဲ့ သူသည် စိတ်သက်သောင့်သက်သာ ဖြစ်မိနေ၏။ မည်မျှထူးခြားထူးခြား ဘာဖြစ်နိုင်မည်နည်း။ မုန့်ရှင်းကျီအနေဖြင့် မည်မျှအားထုတ်ပါစေ တောင်ကာကွယ်ခြင်း အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။
လွင့်မျောတိမ်တောင်၏ သခင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည့် အချိန်မှာပဲ အသံတစ်ခုက ထွက်ပေါ်လာ၏။ ထိုအသံသည် အထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါတို့၏ နားထဲသို့ ရောက်ရှိလာခဲ့လေ၏။ ၎င်းတို့သည် လှမ်းကာကြည့်ရှုမည်ဆိုလျှင် လွင့်မျောတိမ်တောင်၏ အထက်တွင် သင်္ကေတတစ်ခုက ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် ထိုသင်္ကေတများသည် ဆင့်ပွားကာဖြင့် ရေတွက်၍မရသော သင်္ကေတများ အဖြစ် ပွားများလာခဲ့၏။ ထိုအရာကြီးသည် လွင့်မျောတိမ်တောင်၏ တောင်အကာအကွယ် အစီအရင်ကို ဖုံးလွှမ်းသွားလေသည်။ ပြီးသည့်နောက် ထိုချိန်းကြိုးကြီးသည် အောက်သို့ ကျဆင်းလာခဲ့ပြီး လွင့်မျောတိမ်တောင် တစ်ခုလုံးကို နှစ်ပိုင်းပိုင်းဖြတ်၏။
တောင်သခင်၏ မျက်နှာပေါ်တွင် ရှိနေသည့် စိတ်အေးသက်သာမှုသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ ဘာတွေဖြစ်နေသနည်း။ သူတို့ဘိုးဘေးချန်ခဲ့သည့် အစီအရင်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်လား။ ထိုအတွေးများပေါ်လာသည့် အချိန်မှာပဲ လွင့်မျောတိမ်တောင် တစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ အော်သံများနှင့် ပြည့်နှက်သွားခဲ့၏။ လူပေါင်းများစွာတို့သည် ထိတ်လန့်စွာ အော်ဟစ်လျက် ရှိနေ၏။ ကျိန်းသေပေါက် ကမ္ဘာပျက်သကဲ့သို့ မြင်ကွင်းမျိုးပင်။
"ကောင်းကင်ဘုံ အကာအကွယ် အစီအရင်ကြီးက ဖျက်ဆီးခံလိုက်ရပြီ။ ပြေးပြေး။ အစစ်အမှန်အင်မော်တယ် တစ်ယောက်ရဲ့ စွမ်းအင်တွေကို လုံးဝတားဆီးလို့ မရနိုင်ဘူး။"
"ဘယ်လိုဖြစ်ရတာလဲ …. လွင့်မျောတိမ်တောင်ရဲ့ တောင်အကာအကွယ် အစီအရင်က နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့တာ။ ဘယ်သူမှဒါကို မချိုးဖျက်နိုင်ခဲ့ဘူး။ အခုမှ ဘယ်လိုလုပ်ပြီး ဒါကချိုးဖျက်ခံလိုက်ရလဲ"
ထိုအချိန်မှာတော့ လွင့်မျောတိမ်တောင် တစ်ခုလုံးသည် အော်ဟစ်သံများနှင့် ပြည့်နှက်လျက် ရှိနေ၏။ သို့ပေမဲ့ လူပေါင်းများစွာတို့သည် ကျယ်ကျယ်ပင် မအော်လိုက်ရချေ။ မည်သည်အခါကမှ မရှိခဲ့သလို တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်ကုန်ကြ၏။
အစစ်အမှန် မီးတောင်များသည် အရာအားလုံးကို ကျွမ်းလောင်လျက် ရှိနေလေ၏။ တစ်ယောက်ချင်းစီတိုင်းသည် ထိုမီးညွှန့်၏ အောက်တွင် ပျောက်ဆုံးကုန်ခဲ့ကြ၏။ အထဲတွင် ရှိနေကြသည့် သစ်ပင်များ၊ နတ်ဘုရားတောင်ထွတ်များ အရာအားလုံးတို့သည် ပျက်စီးသွားခဲ့၏။ ထိုကဲ့သို့သော မီးများသည် ငြိမ်းသက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သာမန်မျက်စိနှင့် မြင်နိုင်စွမ်း ရှိလျှင်တောင်မှ ထိတွေ့၍ မရသောကြောင့်ပင်။
အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိနေသော မီးညွှန့်ကြီးကဲ့သို့ပင်။ ၎င်းတို့သည် ရှိရှိသမျှသော လူပေါင်းများစွာတို့၏ ဝိညာဉ်များကိုပင် ကျွမ်းလောင်စေခဲ့၏။ တော်ဝင်အင်ပါယာအဆင့်တွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူဆိုလျှင်တောင်မှ ထိုအရာကို ရဲရဲဝံ့ဝံ့ မရင်ဆိုင်ရဲကြချေ။
"မဖြစ်နိုင်ဘူး။ မုန့်ရှင်းကျီက လွင့်မျောတိမ်တောင်ရဲ့ တောင်အစီအရင်ကို ဘယ်လိုလုပ်ပြီး ချိုးဖျက်လိုက်ရတာလဲ"
လွင့်မျောတိမ်တောင်၏ သခင်သည် မတ်မတ်ရပ်လျက် ရှိနေတုန်းပင်။ သူ၏ မျက်လုံးများထဲတွင် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်နေ၏။ ဘာပဲဖြစ်ဖြစ် သူ၏ရှေ့တွင် ဖြစ်ပျက်နေသမျှသည် မယုံကြည်နိုင်ဖွယ်ရာပင်။
အစီအရင်ကြီး တစ်ခုသည် များပြားလှသည့် တိုက်ခိုက်ချက်များ အားလုံးကို ခုခံနိုင်ခဲ့သည် ဆိုသော်လည်း အဘယ့်ကြောင့် နောက်ဆုံးအကြိမ်မှ ပျက်စီးသွားရသနည်း။ ထို့ပြင် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အစီအရင်မှာ သာမန်လူများ ဖျက်ဆီးနိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်မော်တယ်တစ်ယောက် ရောက်ရှိလာလျှင်တောင်မှ အချိန်အတော်ကြာ အားစိုက်ရမှာ ဖြစ်၏။ မုန့်ရှင်းကျီသည် အင်ပါယာလေး တစ်ယောက်မျှသာ ဖြစ်၏။ အဘယ့်ကြောင့် ဤကဲ့သို့ ကိစ္စရပ်မျိုးကို ပြုလုပ်နိုင်ရသနည်း။
"တစ်စုံတစ်ခု လွဲနေပြီ"
လွင့်မျောတိမ်တောင်၏ သခင်သည် လေးနက်သည့် အသံဖြင့် ပြောဆိုလိုက်၏။ "ဖြစ်နိုင်တာ"
တစ်စုံတစ်ခုကို စဉ်းစားပြီးနောက် လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများသည် စူးရှသွားခဲ့၏။ သူသည် ကောင်းကင်မူလလောကကြီး တည်ရှိရာကို လှမ်းကြည့်ပြီးနောက် စကားလုံးတစ်ချို့ကို လေးလေးနက်နက် ပြောလိုက်မိသည်။ " ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်လား"
လက်ရှိအချိန်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သာလျှင် ဤကဲ့သို့သော ကိစ္စများကို ပြုလုပ်နိုင်သည်။ မဟုတ်ပါက အင်မော်တယ်လက်နက်ကို ကိုင်ဆောင်ထားလျှင်တောင်မှ ၎င်းတို့၏ အစီအရင်ကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ မုန့်ရှင်းကျီသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် နှင့် ပူးပေါင်းလိုက်သောကြောင့်သာ လွင့်မျောတိမ်တောင်ကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
အတိတ်တုန်းက မုန့်ရှင်းကျီသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ လမ်းညွှန်မှုဖြင့် ရောင်စဉ်အလင်းနတ်နယ်မြေကို ဖျက်ဆီးကာ အရင်းအမြစ်ပေါင်း များစွာတို့ကို သိမ်းပိုက်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာခဲ့ခြင်း ဖြစ်၏။
"ဖြစ်နိုင်တယ်"
လွင့်မျောတိမ်တောင်၏ သခင်သည် လေလျော့သွားသော ပူဖောင်းကြီးကဲ့သို့ပင် ဖြည်းဖြည်းခြင်း ထိုင်ချလိုက်မိ၏။ သူသည် မြင်နေရသည့် အရာများကို မယုံကြည်နိုင်ဖွယ် ဖြစ်မိနေ၏။ မုန့်ရှင်းကျီ၏ လက်ထဲတွင် ရှိနေသည့် အင်မော်တယ် လက်နက်ဆိုသည်မှာပင် ကောင်းကင်လျှို့ဝှက် နန်းဆောင် ပေအပ်ထားသည့် အရာဖြစ်နေသည်လား။ ထိုသို့ဆိုလျှင် လွင့်မျောတိမ်တောင်၏ တောင်အကာအကွယ် အစီအရင် ပျက်စီးသွားခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
"မြန်မြန် နောက်ဆုတ်ကြရအောင်"
လွင့်မျောတိမ်တောင်၏ အကြီးအကဲတစ်ယောက်သည် စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်၏။ လွင့်မျောတိမ်တောင်၏ အကာအကွယ် အစီအရင်သည် ပျက်စီးသွားပြီး အင်မော်တယ် စွမ်းအင်များသည် အထဲသို့ စိမ့်ဝင်လာကြ၏။ လွင့်မျောတိမ်တောင်သည် ကြီးမားလှသည့် ဆုံးရှုံးမှုကို ဖြစ်ပေါ်နေ၏။ လက်ရှ်အချိန်တွင် မထွက်ခွာပါက နောက်ကျလျှင် ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။
"ဘယ်ကိုသွားရမှာလဲ"
လွင့်မျောတိမ်တောင်၏ သခင်သည် ကောင်းကင်ကို မော့ကြည့်ကာဖြင့် ရေရွတ်နေ၏။ လွင့်မျောတိမ်တောင်၏ အပြင်ဖက် အပေါ်တွင် အမဲရောင်ဝတ် လူတစ်ယောက်က မတ်မတ်ရပ်လျက် ရှိ၏။ ၎င်း၏ ငြိမ်သက်၍ မရသော နတ်ဘုရားမီးပုံးကြီးကဲ့သို့ပင် သွေးစွမ်းအင်များကလည်း အရှိန်တငြီးငြီးနှင့် တောက်လောင်လျက် ရှိနေ၏။
လူပေါင်းများစွာတို့သည် ၎င်းဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုပြီး တုန်ယင်သွားခဲ့ကြ၏။ ဤလူသည် မုန့်ရှင်းကျီပင် ဖြစ်လေ၏။ မုန့်ရှင်းကျီ၏ အနောက်ဖက်တွင် လူနှစ်ယောက် တည်ရှိနေပြီး တစ်ယောက်သည် လူငယ်တစ်ယောက်ဖြစ်ကာ တစ်ယောက်မှာတော့ အဘွားအိုတစ်ယောက် ဖြစ်၏။ ဖန်းကလန်များ၏ အကြွင်းအကျန်မှ မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
“ဖန်းကလန်ရဲ့အကြွင်းအကျန်တွေပေါ့။”
လွင့်မျောတိမ်တောင်၏ သခင်သည် အံကိုကြိတ်လိုက်၏။ သူ၏ မျက်လုံးများ၌ မီးများ ၀င်း၀င်းတောက်လျက ရှိနေ၏။ အစောပိုင်းတုန်းက ဖန်းဟန်၏ အော်ရာကို သူက အာရုံခံမိ၏။ သို့ပေမဲ့ ဖန်းကလန်မှာ တခြားသော အဖွဲ့၀င်များ ဖြစ်လိမ့်မည်ဟု သူကထင်မှတ်ခဲ့၏။ အထူးသဖြင့် ဖန်းဟန်သည် တော်၀င် သဲကန္တာရမြို့ ထဲတွင်တည်ရှိနေပြီး အပြင်ဘက်တွင် အင်ပါယာရန်မိုက စောင့်လျက်ရှိနေသောကြောင့်ပင်။ ထို့အပြင် အားလုံး၏ မျက်လုံးထဲတွင်တော့ ဖန်းဟန်ဆိုသည်မှာ အတောင်ချိုး ခံလိုက်ရသည့် ငှက်တစ်ကောင်ကဲ့သို့ပင်ဖြစ်၏။ မည်သို့မျှ အပြင်သို့ ထွက်နိုင်လိမ့်မည်မဟုတ်ချေ။
မည်သူကထင်မှတ်လိမ့်မည်နည်း။ တော်၀င်သဲကန္တရာမြို့ထဲတွင်ရှိနေသည့် ဖန်းဟန်သည် အပြင်ဘက်သို့ ထွက်လာနိုင်ရုံ သာမက လွင့်မျောတိမ်တောင်သို့ပင် ရောက်ရှိလျက်ရှိနေသည်။
လက်ရှိအချိန်တွင်တော့ အင်ပါယာရန်မိုသည် ရူးကြောင်ကြောင်နှင့် တော်၀င်သဲကန္တရမြို့၏ အပြင်ဘက်၌ ဖန်းဟန်ကို စောင့်လျက်ရှိနေ၏။ ဖန်းဟန်တစ်ယောက်ထွက်လာမည်ဟု မျှော်လင့်တကြီးနှင့်ပင်။
“ခွေးကောင်”
လွင့်မျောတိမ်တောင်သခင်သည် ဒေါသတစ်ကြီးဖြင့်အော်ဟစ်လိုက်၏။ သူသည် ဖန်းဟန်နှင့်မုန့်ရှင်းကျီကို အငြိုးကြီးသော အကြည့်ဖြင့် လှမ်းကာ ကြည့်ရှု၏။ သူသည် မျက်လုံးပင် မမှိတ်ခဲ့ချေ။ စူးစိုက်၍ ကြည့်ကာဖြင့် အော်ဟစ်လိုက်၏။ “ဒီနန်းတော်ကနေထွက်သွားရအောင်”
ဤစကားစုကိုပြောဆိုပြီးသည့်နောက် လွင့်မျောတိမ်တောင်၏ ဂုဏ်သိက္ခာတစ်ခုလုံးသည် ပျက်စီးသွားပြီ ဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။ လောကများကြား ပဋိပက္ခတိုက်ပွဲ များကြားတွင် စဉီး၀င်ရောက် တိုက်ခိုက်ခဲ့ကြသည်မှာ သူတို့ပင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေနေတွင် ဠာနေစွန့်ခွာရမည်မှာ သူတို့ဖြစ်လို့နေသည်။ မြေအင်မော်တယ်လောကထဲမှာ ရှိနေ သည့်အင်အားစုများအားလုံးသည် သူတို့ကိုမည်ကဲ့သို့မြင်မည်နည်း။
ထို့အပြင် ဤကပ်ဘေးကြီးပြီးသည့်နောက် လွင့်မျောတိမ်တောင်သည် ကြီးမားသည့် တန်ပြန်မှုကို ခံယူရပေတော့မည်။ အနာဂတ်တွင် ပြန်လည်တည်ဆောက်နိုင်သည်ဆိုရင်တောင်မှအစစ်အမှန် အင်မော်တယ် အဆင့် အစီအရင်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သောကြောင့် သူတို့၏ အတိတ်က ရခဲ့သည့် အောင်မြင်မှုများနှင့် နှိုင်းယှဉ်၍ ရတော့မည်မဟုတ်ပေ။
“နောက်ကိုဆုတ်မယ်”
အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။ ထိုအသံသည်လွင့်မျောတိမ်တောင်၏ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ လွင့်မျောတိမ်တောင်ထဲရှိ အသက်ရှင်ကျန်ရှိနေသော တပည့်အားလုံးတို့သည် အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံဆီသို့ ပျံသန်းလာကြ၏။ ၄င်းတို့သည် ပျက်စီးလျက်ရှိနေသော တည်နေရာမှသည် ထွက်ခွာသွားရန်ပြင်ဆင်လျက်ရှိနေ၏။
“လွတ်မှာ မဟုတ်တော့ဘူး”
မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ သူသည် ရှေးမီးအိမ်ကို ထပ်ပြီးမြှောက်လိုက်၏။ ပြီးနောက် လက်ကျန်စွမ်းအင် အားလုံးကို အသက်သွင်းလိုက်သည်။
“ဘုန်း”
ရှေးမီးအိမ်ကြီးသည် ထပ်မံကာ ကျဆင်းလာခဲ့၏။ ရောင်စဉ်ရောင်ဝါများသည် ကောင်းကင်ယံတစ်ခုလုံးကို ထွန်းလင်းသွားခဲ့၏။ မြေတည်နေရာ တစ်ခုချင်းစီတိုင်းက တုန်ခါနေခဲ့၏။ ကြမ်းတမ်းလွန်း လှသည့် ငလျင်ကြီးတစ်ခု လှုပ်ခါနေသကဲ့သို့ပင်။
အစစ်အမှန်အင်မော်တယ်၏ စိတ်ဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး အစိမ်းရင့်ရောင် မီးတောက်များသည် မီးပင်လယ်ကြီးတစ်ခုအဖြစ် ဖန်တီးကာ တည်နေရာတစ်ခုလုံးကို ကျွမ်းလောင်နေ၏။ လက်ရှိအခြေနေမှာတော့ ရှေးမီးအိမ်ကြီးသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးတွင် ထိုအရာကြီး တစ်ခုတည်းသာ တည်ရှိနေသကဲ့သို့ ထင်းထင်းကြီး ရှိနေသည်။
လွင့်မျောတိမ်တောင်၏ တစ်ချိန်ကရှိခဲ့သည့် ဂုဏ်သိက္ခာအားလုံးကို ထိုမီးများက လောင်မြိုက်နေခဲ့သည်။ တောက်လောင်လျက် ရှိနေသော ကောင်းကင်ယံ၏ လေဟာနယ်ကြီးသည် တွန့်လိမ်လျက် ရှိနေ၏။ မည်သူမှသည် အထဲတွင် ဖြစ်နေသည့် အရာများကို မမြင်ရခဲ့ချေ။
ထို့ကြောင့် တစ်စုံတစ်ယောက် လွတ်မြောက်သွားသည်ကိုလည်း မမြင်ရချေ။ အကန့်အသတ်မဲ့ မီးညွန့်များက သည်သာ ထိုနေရာတွင်ကခုန်လျက်ရှိနေ၏။ ထိုမီးများသည် အားလုံးတို့၏ ဝိညာဉ်များကို ကျွမ်းလောင်နေသည်။